ဖန်ဆင်းရှင်သိုင်းနယ်ပယ်၊ အခွင့်အရေးကြီးတခု ကောက်ရခြင်း….
Vol. 29 Ch. 407
"သခင်... ဒီကိစ္စကို ဖုံးဖိထားသင့်သလား..."
အနက်ရောင်ဝတ်ရုံနှင့် လူက သတိထားပြီး မေးလိုက်ပြီးနောက် ခေတ္တမျှ ရပ်တန့်လိုက်ပြီး ဆက်ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် သခင် ရင်ဆိုင်နေရတာက..."
တုနှိုင်းမဲ့ခွန်းလွန်က ခေါင်းခါလိုက်ပြီး….
"ဖုံးဖိထားစရာ မလိုဘူး... ငါတို့က ဒါကို လူသိရှင်ကြား ကြေညာပြီး သိုင်းနတ်ဘုရားနယ်မြေကို လှုံ့ဆော်မှု တစ်ခုခုတောင် ပေးသင့်တယ်... ကမ္ဘာ ၃၀၀၀ က သိုင်းနတ်ဘုရားနယ်မြေ လက်ထဲမှာ မရှိတော့ဘူးဆိုတာနဲ့ ပြည်တွင်းစစ်ကို အမြန်ဆုံး အဆုံးသတ်သင့်တယ် ဆိုတာ သူတို့ကို သိစေလိုက်..."
အနက်ရောင်ဝတ်ရုံနှင့် လူက တစ်စုံတစ်ခု ပြောချင်သော်လည်း တွန့်ဆုတ်နေသည်။
တုနှိုင်းမဲ့ခွန်းလွန်က တဖက်လှည့်ထွက်လိုက်ပြီး တာအိုဘုရားကျောင်းဆီသို့ လျှောက်သွားကာ စကားအနည်းငယ် ချန်ထားခဲ့သည်။
"သူနဲ့ ငါ့ရဲ့ တိုက်ပွဲက အဆုံးသတ်သွားပြီ... နယ်ပယ်အရှင် လိုအပ်တာက ပဋိပက္ခကို ရပ်တန့်ဖို့ အကြောင်းပြချက် တစ်ခုပဲ..."
တုနှိုင်းမဲ့ခွန်းလွန် တာအိုဘုရားကျောင်းထဲသို့ ဝင်သွားသည်ကို ကြည့်ပြီးနောက် အနက်ရောင်ဝတ်ရုံနှင့် လူသည် မတ်တတ်ရပ်လိုက်ပြီး မူလနေရာမှ ပျောက်ကွယ်သွားကာ လေဟာနယ်ရှိ အနက်ရောင် အက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားသည်။
ခြံဝင်းထဲမှ ပန်းပင်များနှင့် အပင်များ အနည်းငယ် လှုပ်ခါသွားပြီး မြေပြင်ထဲမှ အညွန့်လေးများ အလွန် လျင်မြန်သော အရှိန်ဖြင့် ကြီးထွားလာကာ ပန်းများနှင့် အပင်များကို ထူထပ်လာစေသည်။
တာအိုဘိုးဘေးနှင့် သိုင်းနတ်ဘုရားနယ်မြေ ကြားမှ တိုက်ပွဲအကြောင်း စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေ တစ်လျှောက် ပြန့်နှံ့လာသည်။ မီးတောက်အရှင်နှင့် ယန်ကလန်မှ ယုံကြည်သူများ ဤအကြောင်း သိလိုက်ရသောအခါ အထူးတလည် စိတ်လှုပ်ရှား သွားကြသည်။
သိုင်းအရှင် ဘွဲ့ထူးက သူတို့ကို များစွာ တုန်လှုပ်သွားစေသည်။ သူတို့အားလုံး ယန်ကလန်၏ အထက်ပိုင်း ခေါင်းဆောင်များကိုလည်း ဤကိစ္စအား ဖွင့်ဟခဲ့သဖြင့် တုန်လှုပ်သွားစေခဲ့သည်။
တုံ့ဆိုင်းနေသော ယန်ကလန်သားများကလည်း နောက်ဆုံးတွင် ခွန်းလွန်လွင်ပြင်နှင့် ပူးပေါင်းရန် ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း မပူးပေါင်းမီ သူတို့၏ ဈေးစစ်နိုင်စွမ်းကို မြှင့်တင်ရန် အင်အားစု ပိုများများကို စည်းရုံးရမည် ဖြစ်သည်။
အဆုံးမဲ့လေဟာနယ်တွင် ကောင်းကင်လှေ တစ်စင်း ရှေ့သို့ ရွေ့လျားလျှက်ရှိနေသည်။
လုရှန်ကျိုး ခန်းမတစ်ခုထဲသို့ ဝင်လာတော့ ကောင်းကင်အရှင်ပိုင်၊ ကျန်းထျန်းမင်၊ တိုင်ရှီးချန်နှင့် အခြားသူများက တာအိုဘိုးဘေးနှင့် သိုင်းအရှင်တို့၏ တိုက်ပွဲအကြောင်း ဆွေးနွေးနေကြသည်။
လုရှန်ကျိုးက 'သိုင်းအရှင်' ဟူသော စကားလုံးကို ကြားလိုက်ရသဖြင့် အထူးတလည် ရောက်လာခြင်း ဖြစ်သည်။
သူ ကောင်းကင်တရားရုံးသို့ ဝင်ရောက်ခဲ့သည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ကာ ကောင်းကင်တရားရုံးမှ အင်မော်တယ်နတ်ဘုရားများတွင် သတင်းအချက်အလက် ဖလှယ်သော အထူးနည်းလမ်းတစ်ခု ရှိကြောင်း သူ သိရှိလိုက်ရသည်။ လောလောဆယ်တွင် သူတို့ကို အကဲမခတ်နိုင် ဖြစ်နေသည်။ ယခုလိုပင် ဤလူများက ခွန်းလွန်လွင်ပြင်သို့ ပြန်မရောက်သေးသော်လည်း ထိုနေရာတွင် ဘာဖြစ်ပျက်ခဲ့သည်ကို သူတို့ သိမြင်နေကြသည်။
သူ ဤအကြောင်းနှင့် ပတ်သက်ပြီး ကောင်းကင်အရှင်ပိုင်ကို တစ်ကြိမ် မေးဖူးသော်လည်း ပြုံးရုံသာ ပြုံးပြပြီး ဘာမှ မပြောခဲ့ပေ။ ဘာတွေဖြစ်ပျက်နေသည်ကို စဉ်းစားမရသဖြင့် သိချင်စိတ်ကိုသာ ထိန်းချုပ်ထားရသည်။
လုရှန်ကျိုးကို မြင်လိုက်ရသောအခါ လူတိုင်း ပါးစပ်ပိတ်သွားကြတော့လုရှန်ကျိုးက မေးလိုက်သည်။
"တုကူးထောင် သေသွားပြီလား... ဘာတွေ ဖြစ်ခဲ့တာလဲ... ပြောပါဦး... ဒီလူက ကျုပ်နဲ့ အငြိုးရှိတယ်... သူသေတာကို ကျုပ် သေချာပေါက် လိုချင်တာပေါ့..."
ဤသည်ကို ကြားလိုက်ရသောအခါ ကောင်းကင်အရှင်ပိုင်က စဉ်းစားလိုက်ပြီး….
"တုကူးထောင်က နတ်ဘုရား ၇၂ ပါးနဲ့အတူ ကောင်းကင်တရားရုံးကို တိုက်ခိုက်ခဲ့တယ်..ဒါပေမယ့် တာအိုဘိုးဘေးရဲ့ လက်ချက်နဲ့ သေသွားတယ်... သူ့အလောင်းကို ကောင်းကင်တရားရုံးက သိမ်းထားလိုက်ပြီ..."
"ဘာ... နတ်ဘုရား ၇၂ ပါး..."
လုရှန်ကျိုး တုန်လှုပ်သွားပြီး အလန့်တကြားမေးလိုက်မိသည်။
ကျန်းထျန်းမင်ကလည်း စူးစမ်းချင်စိတ်ဖြင့် မေးလိုက်သည်။
"နတ်ဘုရား ၇၂ ပါးက စွမ်းအားကြီးသလား..."
တိုင်ရှီးချန်က ရွှမ်ဟွမ်းကမ္ဘာကြီးတွင် မွေးဖွားခဲ့သော်လည်း ရာထူး မမြင့်မားသဖြင့် နတ်ဘုရား ၇၂ ပါးအကြောင်း တစ်ခါမှ မကြားဖူးခဲ့ချေ။
လုရှန်ကျိုးက အသက်ပြင်းပြင်း ရှူလိုက်ပြီး ….
"နတ်ဘုရားလိုဏ်ဂူ ၇၂ ယောက်လုံးက အားလုံးက သိုင်းတာအိုစိတ်ဝိဉာဉ်နယ်ပယ် ကျွမ်းကျင်သူတွေ ဖြစ်ပြီး တုနှိုင်းမဲ့ခွန်းလွန် လက်အောက်က ထိပ်သီးတွေပဲ... သူတို့ သေသွားရင် တုနှိုင်းမဲ့ခွန်းလွန် သေချာပေါက် ဒေါသထွက်လိမ့်မယ်..."
"တုနှိုင်းမဲ့ခွန်းလွန်..."
တိုင်ရှီးချန် တုန်လှုပ်သွားပြီး အခြားသူများလည်း ထိုနည်းလည်းကောင်းပင်။
တိုင်ရှီးချန်၊ ချန်ကလန်၊ လုရှန်ကျိုးနှင့် ပြင်ပကမ္ဘာမှ အခြားလူများ ပေါင်းစည်းလာမှုကြောင့် တုနှိုင်းမဲ့ခွန်းလွန်၏ အမည်နာမသည်လည်း ကောင်းကင်တရားရုံး တစ်လျှောက် ပျံ့နှံ့နေပြီဖြစ်သည်။ တုနှိုင်းမဲ့ခွန်းလွန်ဆိုသည်က သိုင်းတာအို၏ အထွတ်အထိပ် ပါရမီကို ကိုယ်စားပြုသောကြောင့် ယခုအချိန်အထိ သူ့ကို မည်သူမျှ မကျော်ဖြတ်နိုင်ကြသေးပေ။ လုရှန်ကျိုးသည်လည်း တုနှိုင်းမဲ့ခွန်းလွန်ကို ကျော်ဖြတ်ရန် ကြိုးစားနေသော်လည်း သူ့ကို မယှဉ်နိုင်ကြောင်း သိထားပေသည်။
ယခုအချိန်တွင် တုနှိုင်းမဲ့ခွန်းလွန်၏ အဆင့်အတန်းက သိုင်းနတ်ဘုရားနယ်မြေတွင် အလွန် မြင့်မားလှသည်။ ရှေးဟောင်း ဖြစ်တည်မှုများကို ထည့်မတွက်ဘဲ ကမ္ဘာ ၃၀၀၀ ရှိ လူတိုင်း၏ မျက်လုံးထဲတွင် တုနှိုင်းမဲ့ခွန်းလွန်သည် နံပါတ်တစ် သိုင်းပညာရှင် ဖြစ်သည်။
"ဒါပေမဲ့ တာအိုဘိုးဘေးက တုကူးထောင်နဲ့ နတ်ဘုရား ၇၂ ပါးကို အလွယ်တကူ သတ်နိုင်ခဲ့တယ်... သူ့ခွန်အားက ကြောက်စရာကောင်းတဲ့ အဆင့်ကို ရောက်နေပြီ... သိုင်းနတ်ဘုရားနယ်မြေက တုနှိုင်းမဲ့ခွန်းလွန်ကို မဆင်မခြင် လွှတ်ရဲမယ် မထင်ဘူး... တုနှိုင်းမဲ့လေဟာနယ်နယ်ပယ်ကို ရောက်နေတဲ့ သူတစ်ယောက်ကို သတ်ဖို့ ခက်ခဲတယ်... သိုင်းတာအိုစိတ်ဝိဉာဉ်နယ်ပယ်ဆိုရင် ပြောစရာတောင် မလိုတော့ဘူး... သိုင်းတာအိုစိတ်ဝိဉာဉ်နယ်ပယ် ကျွမ်းကျင်သူတွေ အများကြီး ရှိပေမဲ့ တစ်ယောက်မှ မလွတ်မြောက်ခဲ့ဘူး... သူတို့ရဲ့ ခွန်အား ကွာခြားချက်က စိတ်ကူးကြည့်လို့တောင် မရနိုင်ဘူး..."
လုရှန်ကျိုး သက်ပြင်းချလိုက်မိသည်။ သူသည် သိုင်းတာအိုစိတ်ဝိဉာဉ်နယ်ပယ်ရှိ မည်သူ့ကိုမဆို အနိုင်ယူနိုင်သည်ဟု ယုံကြည်သော်လည်း သိုင်းတာအိုစိတ်ဝိဉာဉ်နယ်ပယ် ကျွမ်းကျင်သူ တစ်ယောက်ကို သတ်ဖြတ်ရန် အလွန် ခက်ခဲပေသည်။
သိုင်းတာအိုစိတ်ဝိဉာဉ်နယ်ပယ် ကျွမ်းကျင်သူ တစ်ယောက်သာ ထွက်ပြေးချင်လျှင် ခြုံခိုတိုက်ခိုက်မှု မလုပ်ဘဲ လုပ်ဆောင်ရန် ခက်ခဲလိမ့်မည်။
ကျန်းထျန်းမင်က စူးစမ်းချင်စိတ်ဖြင့် မေးလိုက်သေးသည်။
"တုနှိုင်းမဲ့ခွန်းလွန်က သိုင်းနတ်ဘုရားနယ်မြေမှာ အသန်မာဆုံး ကျွမ်းကျင်သူလား... သိုင်းတာအိုစိတ်ဝိဉာဉ်နယ်ပယ် အထက်မှာ ဘယ်နယ်ပယ် ရှိသေးလဲ..."
အခြားသူများလည်း လုရှန်ကျိုး၏ အဖြေကို မျှော်လင့်နေကြသည်။
လုရှန်ကျိုးကလည်း ဘာမှ ဖုံးကွယ်မထားဘဲ ဖြေလိုက်သည်။
"တုနှိုင်းမဲ့ခွန်းလွန်က သိုင်းနတ်ဘုရားနယ်မြေမှာ အသန်မာဆုံး ကျွမ်းကျင်သူတော့ မဟုတ်ဘူး... သိုင်းနတ်ဘုရားနယ်မြေရဲ့ ကြောက်စရာ ကောင်းတဲ့ အချက်က သိုင်းနတ်ဘုရားနယ်မြေ ဘယ်လောက် စွမ်းအားကြီးလဲဆိုတာနဲ့ ရှေးဟောင်း ဖြစ်တည်မှု ဘယ်နှစ်ယောက် အသက်ရှင်နေသေးလဲဆိုတာ ဘယ်သူမှ မသိတာပဲ... တုနှိုင်းမဲ့ခွန်းလွန်တောင် မသိဘူး... သိုင်းတာအိုစိတ်ဝိဉာဉ်နယ်ပယ် အထက်မှာ ဖန်ဆင်းရှင်သိုင်းနယ်ပယ် ရှိတယ်... ဒီနယ်ပယ်က သိုင်းတာအို အခွဲတစ်ခုကို ဖန်ဆင်းနိုင်ပြီး သိုင်းတာအို နိယာမတွေရဲ့ အသိအမှတ်ပြုခြင်းကို ခံရတယ်... သိုင်းအရှင် အားလုံးက ဒီနယ်ပယ်မှာ ရှိကြတယ်..."
"သိုင်းတာအို နိယာမတွေရဲ့ အသိအမှတ်ပြုခြင်းကို ခံရရင် မိုင် ၃၀၀၀ အတွင်းမှာ ရှိတဲ့ ကောင်းကင်နဲ့မြေပြင် စွမ်းအားကို လွတ်လပ်စွာ ထိန်းချုပ်နိုင်တယ်... ဒီနယ်ပယ်မှာ ရွှမ်ဟွမ်းကမ္ဘာကြီးထဲ ရှိနေသရွေ့ မင်းကို သတ်ဖို့ မဖြစ်နိုင်သလောက်ပဲ... သိုင်းနတ်ဘုရားနယ်မြေက တုကူးထောင် အသတ်ခံရမယ်လို့ ဘယ်တုန်းကမှ မျှော်လင့်ထားမယ် မထင်ဘူး... သိုင်းနတ်ဘုရားနယ်မြေက တာအိုဘိုးဘေးကို အထူးတလည် အလေးထားပြီး ကြောက်ရွံ့နေပြီ... ကံမကောင်းတာက အင်မော်တယ်တာအိုက သိုင်းတာအို အထက်မှာ ရှိနေတာပဲ..."
ဖန်ဆင်းရှင်သိုင်းနယ်ပယ်...
လူတိုင်း ထိုသဘောတရားကို စိတ်ဝင်စားသွားကြသည်။
လုရှန်ကျိုးသည်လည်း စိတ်ဝင်စားနေသော်လည်း သူ တောင့်တသည်မှာ အင်မော်တယ်တာအိုပင်ဖြစ်သည်။
လူတိုင်း ပို၍ သိချင်လာကြပြီး လုရှန်ကျိုးကို မေးခွန်းများ ဆက်တိုက် မေးနေကြကာ လုရှန်ကျိုးကလည်း သူ သိသမျှ အားလုံးကို ပြောပြလိုက်သည်။
အချိန်အတော်ကြာပြီးနောက် လုရှန်ကျိုးက မနေနိုင်ဘဲ မေးလိုက်သည်။
"မင်းတို့ ဒါကို ဘယ်လို သိကြတာလဲ... ကျုပ်က ကောင်းကင်တရားရုံးကို ဝိဉာဉ်စွမ်းအင်ကမ္ဘာ ဖိနှိပ်ရာမှာ ကူညီပေးခဲ့ပြီးပြီ... ဒါပေမဲ့ ကျုပ်က မင်းတို့ထဲက တစ်ယောက် ဖြစ်တယ်ဆိုတာ သက်သေပြလို့ မရသေးဘူးလား..."
ဤမေးခွန်းက သူ့နှလုံးသားကို ဆွဲကိုင်ထားသည်။ သူ ရှင်းရှင်းလင်းလင်း မေးမြန်းရန် ဤအခွင့်အရေးကို အမိအရယူရမည်။
"ဟားဟား... အရှင်လု... ကျုပ်တို့က ခင်ဗျားကို ဖုံးကွယ်ချင်တာ မဟုတ်ပါဘူး... ဒါပေမဲ့ ခင်ဗျားက လုံလောက်အောင် ရိုးသားမှု မရှိသေးတာပါ... ခင်ဗျားသာ တာအိုဘိုးဘေးအပေါ် သစ္စာရှိသရွေ့ သူက ခင်ဗျားကို သေချာပေါက် ကာကွယ်ပေးပါလိမ့်မယ်... တာအိုဘိုးဘေးက ကျုပ်တို့ရဲ့ နှလုံးသားတွေကို မြင်နိုင်ပါတယ်..."
တိုင်ရှီးချန်က အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။ သူ့စကားများက လုရှန်ကျိုးကို တာအိုဘိုးဘေးအား ပိုမို လေးစားသွားစေခဲ့သည်။
ကြည့်ရတာ ကောင်းကင်တရားရုံးကို အုပ်ချုပ်တဲ့ တာအိုဘိုးဘေးရဲ့ နည်းလမ်းက ထူးခြားပုံရသည်။ တာအိုဘိုးဘေး သူတို့ကို အသက်ရှင်ခွင့် ပေးရဲခြင်းမှာ ထိုလျှို့ဝှက်ဆန်းကြယ်သော နည်းလမ်းကြောင့် ဖြစ်ပေလိမ့်မည်။
လုရှန်ကျိုး၏ သိချင်စိတ်များက ထိန်းချုပ်၍ မရနိုင်သော တောမီးကဲ့သို့ ကြီးထွားလာသည်။
အခြားသူများက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ရယ်မောကာ ခေါင်းစဉ် ပြောင်းလိုက်ကြသည်။ စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေ တည်ရှိမှုကို ပြင်ပလူများအား ထုတ်ဖော်၍ မရပေ။ စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေသို့ ဝင်ရောက်မှသာ သူတို့ထဲက တစ်ယောက်အဖြစ် သတ်မှတ်နိုင်မည် ဖြစ်သည်။
တာအိုဘိုးဘေးက သစ္စာစောင့်သိမှုကို ဘယ်လို ဆုံးဖြတ်သလဲ ဆိုတာ သူတို့ မသိကြသော်လည်း သူ့ကို ယုံကြည်ရန် ရွေးချယ်လိုက်ကြသည်။
ဖရိုဖရဲကနဦး နတ်ဘုရားအဆောင် အတွက် ကျန်းချန်ရှန်း၏ အသိစိတ်က ရွှမ်ဟွမ်းကမ္ဘာကြီး တစ်ဝိုက်တွင် နှစ်ပေါင်းများစွာ လှည့်လည်သွားလာခဲ့သော်လည်း သင့်လျော်သော လူကို မတွေ့ရှိသေးပေ။ သူ မျှော်လင့်ထားသည်နှင့် ကိုက်ညီသော လူတစ်ယောက် ရှိသော်လည်း သဘောမကျသဖြင့် ဤကိစ္စ ကြန့်ကြာနေခဲ့သည်။
ကိုးနှစ် ကြာပြီးနောက် ကောင်းကင်အမွေခံခေါတ်၏ ၂၇၆ ခုနှစ် ရောက်မှသာ နောက်ဆုံးတွင် သင့်လျော်သော ပစ်မှတ်ကို ရှာတွေ့ခဲ့သည်။ ထိုသူ၏အမည်မှာ ဖုန်းယွီ ဖြစ်ပြီး ကလန်ငယ်လေး တစ်ခုတွင် မွေးဖွားခဲ့သူဖြစ်သည်။ ဖုန်းကလန်ကို ရှေးဟောင်းဂိုဏ်းများက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သောကြောင့် သူနှင့် သူ့မောင်နှမ လေးယောက်သာ အသက်ရှင် ကျန်ရစ်ခဲ့သည်။ ရှေးဟောင်းဂိုဏ်းများ ပြန်ဆုတ်ခွာသွားသည့်တိုင် သိုင်းနတ်ဘုရားနယ်မြေက မဆင်းသက်လာခဲ့သဖြင့် သူတို့တွေ သိုင်းနတ်ဘုရားနယ်မြေကို မုန်းတီးနေကြသည်။
ဖုန်းယွီက သိုင်းနတ်ဘုရားနယ်မြေကို မုန်းတီးသော်လည်း လက်စားချေရန် ပစ်မှတ်အဖြစ် အသုံးမပြုခဲ့ပေ။ ဖုန်းကလန်ကို ရှေးဟောင်းဂိုဏ်းများက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သဖြင့် သူတို့အားလုံးကို သတ်ဖြတ်ရန် ဆုံးဖြတ်ထားသည်။
ဖုန်းယွီသာ ဖရိုဖရဲကနဦး နတ်ဘုရားအဆောင်၏ စွမ်းအားကို ရရှိပြီး အောင်မြင်မှု အချို့ ရရှိခဲ့လျှင် သိုင်းနတ်ဘုရားနယ်မြေက သူ့ကို လက်ခံရန် အလားအလာ များသည်။ ဖုန်းယွီက ကျန်းချန်ရှန်း၏ စစ်တုရင်နယ်ရုပ် ဖြစ်ရန် အလွန် သင့်လျော်နေသည်။
ဖုန်းယွီက သိုင်းနတ်ဘုရားနယ်မြေကို မုန်းတီးသော်လည်း ခွန်အားကို အတောင့်တဆုံး ဖြစ်သည်။ သိုင်းနတ်ဘုရားနယ်မြေကသာ သူ့ကို ပျိုးထောင်ပေးချင်လျှင် သူ့ဘက်ကလည်း ငြင်းဆန်မည် မဟုတ်ပေ။
သူ့အကြောင်း ပေါ်သွားလျှင်ပင် ကျန်းချန်ရှန်း မကြောက်ပေ။ ဖရိုဖရဲကနဦး နတ်ဘုရားအဆောင်တွင် ပိုင်ရှင် ရှိပြီးသား ဖြစ်ပြီး ၎င်းကို ရရှိပြီးနောက် မည်သူမျှ အပြည့်အဝ ထိန်းချုပ်နိုင်မည် မဟုတ်ချေ။
ကျန်းချန်ရှန်း၏ အသိစိတ် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်လည် ရောက်ရှိလာပြီးနောက် မျက်လုံးဖွင့်လိုက်ကာ ဖရိုဖရဲကနဦး နတ်ဘုရားအဆောင်ကို ထုတ်ယူပြီး ကောင်းကင်သို့ ပစ်တင်လိုက်လေသည်။
ဖုန်းယွီဆီသို့ ပျံသန်းရန် အကန့်အသတ်မဲ့ ကောင်းကင်နှင့်မြေပြင် မျက်လုံးများနှင့် အတူပါသွားနိုင်သည့် ကျန်းချန်ရှန်း၏စိတ်ဆန္ဒ အငွေ့အသက် တစ်ခု အဆောင်ထဲတွင် ပါရှိသည်။
သူသည် တိုက်ဆိုင်မှု တစ်ခု ဖန်တီးချင်ပြီး ဖုန်းယွီကို မတော်တဆ ရရှိစေချင်သည်။
"ဟွန့်... ဒီလို အကြံအစည်မျိုးကြံစည်နေရတော့ ငါ့အဖြစ်က တကယ့် ဗီလိန်ကြီး တစ်ယောက်နဲ့ တူနေတာပဲ..."
ကျန်းချန်ရှန်း သူ့စိတ်ထဲတွင် မြည်တမ်းလိုက်သော်လည်း နောက်ပြောင်နေခြင်းသာ ဖြစ်ပြီး မည်သည့် စိတ်ဖိစီးမှုမှ မခံစားရပေ။ ဖရိုဖရဲကနဦး နတ်ဘုရားအဆောင် မရှိဘဲ ဖုန်းယွီ လက်စားချေရန် လုံးဝ မဖြစ်နိုင်သလောက်ပင်။ တိုင်ရှီးချန်နှင့် ယှဉ်လျှင် သူတို့နှစ်ဦး၌ ပါရမီကွာခြားချက်က အလွန် ကြီးမားနေပြီး ယဲ့ကျန်းနှင့် လုရှန်ကျိုး ဆိုလျှင် ပြောစရာပင် မလိုတော့ချေ။ ကျန်းချန်ရှန်းဘက်က အမှန်တကယ်ပင် ဖုန်းယွီကို အခွင့်အရေး တစ်ခု ပေးလိုက်ခြင်း ဖြစ်သည်။
သူသည် သူ့လုပ်ရပ်များကို ဘယ်တုန်းကမှ အထူးတလည် ဂရုမစိုက်ခဲ့ပေ။ ပိုမို ကောင်းမွန်သော အကျိုးကျေးဇူးများ ရရှိနိုင်သရွေ့ ကောင်းမွန်သည်။
တရားမျှတမှု ဆိုသည်ကို သူ ဂရုစိုက်သော လူများနှင့် သူ ကာကွယ်ပေးချင်သော လူများအတွက်သာ ချန်ထားလိုက်သည်။
ရိုးရာဓလေ့များကြားမှ တိုက်ပွဲများကို ရှောင်လွှဲ၍ မရနိုင်ပေ။ ဤအခြေအနေထိ ရောက်လာပြီ ဖြစ်သဖြင့် သိုင်းနတ်ဘုရားနယ်မြေကို သူ့ဘက်က မကြံစည်လျှင်တောင် သူတို့က သူ့ကို လွှတ်ပေးမည် မဟုတ်ချေ။
သူသည် အမြဲတမ်း ခံစစ်အနေအထားတွင် ရှိနေခဲ့သော်လည်း ဒီတစ်ကြိမ်တွင် စတင် လှုပ်ရှားသူ ဖြစ်ခဲ့ချေပြီ။
ဖရိုဖရဲကနဦး နတ်ဘုရားအဆောင်က ရွှမ်ဟွမ်းကမ္ဘာကြီးတွင် မည်သို့သော လှိုင်းဂယက်များ ဖြစ်ပေါ်စေနိုင်မလဲ ဆိုတာ သူ ကြည့်ချင်သည်...
ဖရိုဖရဲကနဦး နတ်ဘုရားအဆောင်က အင်မော်တယ်သတ်ဖြတ်ခြင်း ပျံလွှားဓားမြှောင်နှင့် တာအိုနှလုံးသား ကိုယ်ပွားတို့ထက် ပို၍ လျှို့ဝှက်သည်။ ၎င်း၏ အရှိန်အဝါက မရှိသလောက်ပင် ပါးလျသည်။ ရွှမ်ဟွမ်းကမ္ဘာကြီးထဲသို့ ဝင်ရောက်ပြီးနောက် ၎င်းကို မည်သည့် လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်သူကမှ ပစ်မှတ်မထားခဲ့ကြသလို လမ်းတစ်လျှောက်တွင် မည်သည့် အတားအဆီးမှ မကြုံတွေ့ခဲ့ရပေ။
ရွှမ်ဟွမ်းကမ္ဘာကြီးက ဖရိုဖရဲ ဖြစ်နေပြီး နေရာတိုင်းတွင် စစ်ပွဲများ ဖြစ်ပွားနေဆဲပင်။
နတ်ဘုရားအပြစ်ပေးခြင်း စစ်တပ်က နေရာတိုင်းတွင် ရှေးဟောင်းဂိုဏ်းများကို လိုက်လံ ဖမ်းဆီးနေသဖြင့် အခွင့်ကောင်းယူပြီး နယ်မြေချဲ့ထွင်သော အင်အားစုများကို ဖိနှိပ်ရန် သူတို့တွင် အချိန်မရှိပေ။ ကြယ်တာရာ ကောင်းကင်တိုင်း၌ သတ်ဖြတ်ခြင်းများဖြင့် ပြည့်နှက်နေသည်။
ကျန်းချန်ရှန်းစိတ်ထဲ၌ ထိုဖြစ်ရပ်က ကျိုးကြောင်းဆီလျော်မှု မရှိသလို ခံစားရသည်။ နတ်ဘုရားအပြစ်ပေးခြင်း စစ်တပ်က သိုင်းနတ်ဘုရားနယ်မြေ၏ တစ်ခုတည်းသော အင်အားစု မဖြစ်သင့်ပေ။ ဆိုလိုသည်မှာ သိုင်းနတ်ဘုရားနယ်မြေ အတွင်း၌ ပြည်တွင်းပဋိပက္ခများ အလွန် ပြင်းထန်နေသဖြင့် သူတို့၏ အင်အားစု အများစုကို မလှုပ်ရှားနိုင်စေခြင်း ဖြစ်ပေလိမ့်မည်။
ဖြစ်နိုင်သည်မှာ ၎င်းက ရှေးဟောင်းဂိုဏ်းများ ပြဿနာရှာရဲသည့် အကြောင်းရင်းအမှန် ဖြစ်လောက်သည်။ ရှေးဟောင်းဂိုဏ်းများက သိုင်းနတ်ဘုရားနယ်မြေ အတွင်းတွင် သူလျှိုများ ထည့်ထားသည်ဟုလည်း ဆိုလိုနိုင်သည်။
နှစ်အနည်းငယ် ကြာပြီးနောက်...
ဖရိုဖရဲကနဦး နတ်ဘုရားအဆောင် ဖုန်းယွီ၏ အနီးသို့ ရောက်ရှိလာသည်။ ဖုန်းယွီ၏ မောင်နှမများက တောင်ပေါ်တွင် လေ့ကျင့်နေကြပြီး ဖုန်းယွီ ကိုယ်တိုင်ကတော့ မြစ်ဘေးတွင် ထိုင်နေသည်။ထိုစဉ် ပလုံ ဟူသော အသံကို ကြားလိုက်ရသောအခါ သူ မနေနိုင်ဘဲ မျက်လုံးဖွင့် ကြည့်လိုက်သည်။
နေဝင်ရီတရော အချိန် ဖြစ်ပြီး မြစ်ရေပြင်တွင် နေဝင်ချိန်ဆည်းဆာပုံရိပ့ ရောင်ပြန်ဟပ်နေသည်။ ဖုန်းယွီ ကြည့်လိုက်ရာ ဖျော့တော့သော အလင်းရောင် ထုတ်လွှတ်နေသည့် ကျောက်စိမ်းအဆောင် တစ်ခု မြစ်ရေပြင်ပေါ်တွင် ပေါ်နေသည်ကို တွေ့လိုက်ရသည်။
ပထမ အကြည့်မှာပင် သူသည် ဖရိုဖရဲကနဦး နတ်ဘုရားအဆောင်ကို စိတ်ဝင်စားသွားသည်။ သူ ချက်ချင်း ညာလက်ကို မြှောက်လိုက်ပြီး စုပ်ယူရန် စစ်မှန်သော ချီစွမ်းအင်ကို အသုံးပြုလိုက်လေရာ ဖရိုဖရဲကနဦး နတ်ဘုရားအဆောင် သူ့ လက်ထဲသို့ ရောက်ရှိလာသည်။ သူ အဆောင်ကို ကိုင်လိုက်သည်နှင့် လန်းဆန်းသော ခံစားမှုတစ်ခု သူ့ လက်ဝါးထဲသို့ တိုးဝင်လာပြီး သူ့ရဲ့ စိတ်လိုက်မာန်ပါ နိုင်သော နှလုံးသားကို တည်ငြိမ်စေသည်။
ကျောက်စိမ်းအဆောင်ကို ဂရုတစိုက် ကိုင်တွယ်ကြည့်လိုက်ရာ ရုတ်တရက် ကျောက်စိမ်းအဆောင်က ရေခဲကဲ့သို့ အရည်ပျော်သွားပြီး သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ သူ ထိတ်လန့်သွားပြီး ခုခံရန် စစ်မှန်သော ချီစွမ်းအင်ကို အလျင်အမြန် ထုတ်သုံးလိုက်သော်လည်း သူ့ရဲ့ စစ်မှန်သော ချီစွမ်းအင်များက ကျောက်စိမ်းအဆောင် ဝင်ရောက်လာမှုကို မတားဆီးနိုင်ခဲ့ပေ။ အေးစက်မှုသောခံစားချက် တစ်ခု သူ့ခန္ဓာကိုယ်ထဲတွင် သောင်းကျန်းနေသည်ကိုသာ ခံစားလိုက်ရသဖြင့် အလွန် စိုးရိမ်သွားသည်။
သူ ဘာလုပ်လုပ် ဤအေးစက်မှု ပျောက်ကွယ်သွားအောင် မလုပ်ဆောင်နိုင်ပေ။
ဘုန်း...
ဖုန်းယွီ၏ ဝတ်ရုံ လှုပ်ခတ်သွားပြီး မြက်စများ နေရာအနှံ့ လွင့်ပျံသွားကာ မြစ်ရေပြင်တွင် လှိုင်းများ ဖြစ်ပေါ်စေသည်။
သူ ထိတ်လန့်တကြား သူ့လက်များကို ကြည့်လိုက်လေရာ သိုင်းပညာ ဝိညာဉ်စွမ်းအင် အမြောက်အမြား သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး သူ့ရုပ်ခန္ဓာကို သန့်စင်ရန် ကူညီပေးနေသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ သူသည် စစ်မှန်သော ချီစွမ်းအင်ကို လှည့်ပတ်ခြင်းပင် မပြုလုပ်ရသေးပေ။
ဤခန္ဓာကိုယ် သန့်စင်ခြင်း လုပ်ငန်းစဉ်က သူ ကိုယ်တိုင် လေ့ကျင့်သည်ထက် ပိုမို သက်တောင့်သက်သာ ရှိလှသည်။ ယခင်က ခန္ဓာကိုယ် သန့်စင်ချိန်တွင် ဤကဲ့သို့ သက်တောင့်သက်သာ ရှိသော ခံစားချက်မျိုး တစ်ခါမှ မခံစားခဲ့ရဖူးပေ။ ထို့အပြင် ဤခန္ဓာကိုယ် သန့်စင်ခြင်း၏ အကျိုးသက်ရောက်မှုက သူ့ကလန်၏ သိုင်းပညာ နည်းစနစ်များထက် များစွာ သာလွန်နေသည်။
"ရတနာပဲ... ငါ အခွင့်အရေးကြီး တစ်ခု ကောက်ရလိုက်တာပဲ..."
ရွှမ်ဟွမ်းကမ္ဘာကြီးတွင် ကံကောင်းသော တွေ့ဆုံမှုများနှင့် ဒဏ္ဍာရီ အမျိုးမျိုး ရှိကြောင်း ဖုန်းယွီ စိတ်လှုပ်ရှားစွာ တွေးလိုက်မိသည်။ ခေတ်တိုင်းတွင် တုနှိုင်းမဲ့ ရတနာ သို့မဟုတ် ပြိုင်ဘက်ကင်း နတ်ဘုရား နည်းစနစ်ကို ကောက်ရပြီး ထိုမှတဆင့် ကောင်းကင်သို့ ပျံတက်သွားသည့် ပါရမီရှင် တစ်ယောက် အမြဲ ရှိတတ်စမြဲ ဖြစ်သည်။
အထူးသဖြင့် သူ့ကလန် ပျက်စီးသွားပြီးနောက်ပိုင်း ထိုကဲ့သို့ ကံကောင်းသော တွေ့ဆုံမှုမျိုး ကြုံရဖို့ သူ စိတ်ကူးယဉ်ခဲ့ဖူးသည်။
သူ့အိပ်မက် တကယ် ဖြစ်လာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့မိပေ…