ကောင်းကင်တရားရုံး၏ စွမ်းအား၊ လူ့လောကမှ ပရမ်းပတာဖြစ်ရပ်များ
Vol. 29 Ch. 408
ဖုန်းယွီ အလွန်တရာ စိတ်လှုပ်ရှားနေသော်လည်း အိမ်သို့ ပြန်၍ သူ့မောင်နှမများကို ပြောပြရန် မလောခဲ့ပေ။ ထိုအစား ထိုနေရာတွင် နောက်ထပ် လေးနာရီခန့် ဆက်နေလိုက်သည်။ ညဉ့်နက်မှသာ သူ စိတ်အေးလက်အေး ဖြစ်သွားခဲ့သည်။
တကယ့်ကို ကြီးမားတဲ့ အခွင့်အရေးကြီးပဲ...
ယခုအချိန်တွင် သူ့ရုပ်ခန္ဓာက လေထုထဲမှ သိုင်းပညာ ဝိညာဉ်စွမ်းအင်များကို အလိုအလျောက် စုပ်ယူ၍ ခန္ဓာကိုယ်ကို သန့်စင်ပေးနေသည်။ ဤအကျိုးသက်ရောက်မှုက စဉ်ဆက်မပြတ် ဖြစ်ပေါ်နေပြီး အားနည်းသွားခြင်း မရှိသေးပေ။
သ်ို့ပါသောကြောင့် စိတ်ဓာတ်ခွန်အားများ မြင့်တက်လာပြီး ချက်ချင်း မတ်တတ်ရပ်ကာ အဝေးမှ တောင်တန်းတောအုပ်ဆီသို့ လျှောက်သွားလိုက်သည်။
သူတို့ တည်ဆောက်ထားသော ခြံဝင်းထဲသို့ ပြန်ရောက်သောအခါ ဖုန်းယွီက သူ့မောင်နှမများကို ပြောပြချင်သော်လည်း မီးပုံဘေးတွင် ထိုင်နေကြသော မောင်နှမများကို မြင်လိုက်ရချိန်၌ ရပ်တန့်လိုက်သည်။
ဤကံကောင်းသော အခွင့်အရေး၏ ဇာစ်မြစ်ကို သူ မသိသေးသလို မည်မျှကြာကြာ ခံမည်ကိုလည်း မသိပေ။ မသိရသေးသော အန္တရာယ်များထဲသို့ သူ့မောင်နှမများကို မဆွဲထည့်ချင်ချေ။
"ငါ ဒီစွမ်းအားကို ကောင်းကောင်း အသုံးချပြီး အမြန်ဆုံး သန်မာလာအောင် လုပ်ရမယ်..."
ဖုန်းယွီ တိတ်တဆိတ် တွေးလိုက်ပြီး သူ့မျက်ဝန်းများ တည်ကြည်သွားသည်။
သူ သန်မာလာမည့် အရေးကို မည်သူမျှ တားဆီးနိုင်မည် မဟုတ်ပေ။ သူသည် လက်စားချေလိုပြီး သူ့မောင်နှမများကို ကာကွယ်ပေးချင်သည်။
"ဒီစွမ်းအားကို ငါ့ဆီ ဘယ်သူပဲ ပေးသနားခဲ့ပါစေ... ငါ သန်မာလာစေသရွေ့ သူတို့က ငါ့ကျေးဇူးရှင်ပဲ... ငါ လက်လွတ်ခံလို့ မဖြစ်ဘူး..."
ဖုန်းယွီသည် ဤနှစ်များ တစ်လျှောက်လုံး သန်မာလာရန် နည်းလမ်းများကို တွေးတောခဲ့သော်လည်း လက်တွေ့တွင် သူ့ပါရမီမှာ အလွန် သာမန်ကျလွန်းနေသည်။သို့သော်လည်း စိတ်ဓာတ်ခွန်အားရှိသဖြင့် ယခင်ကထက် လေ့ကျင့်ရေးတွင် အားစိုက်ထုတ်ခဲ့သော်လည်း အကျိုးကျေးဇူးမှာ အနည်းငယ်မျှသာ ရရှိခဲ့သည်။ ရှေးဟောင်းဂိုဏ်းများကို ဖြိုလှဲရန်မှာ သူ့အတွက် မဖြစ်နိုင်သလောက်ပင်။
ဒီနေ့ကို သူ ဘယ်တော့မှ မေ့နိုင်မည်မဟုတ်ပေ။
ဖုန်းယွီ စိတ်တည်ငြိမ်သွားသည်ကို ကျန်းချန်ရှန်း မြင်လိုက်ရသောအခါ ကျေနပ်စွာ ပြုံးလိုက်သည်။ ကံကောင်းသော တွေ့ဆုံမှုများကို လူတိုင်း လျှို့ဝှက်ထားသင့်ပေသည်။ ဤစွမ်းအားကို မိသားစုနှင့် မျှဝေနိုင်ခြင်း မရှိလျှင် အဘယ်ကြောင့် ထုတ်ပြောနေမည်နည်း။ အနာဂတ်တွင် သူတို့၏ စွမ်းအားကို အသုံးပြု၍ မိသားစုကို အကျိုးပြုနိုင်ပေသည်။ အကယ်၍ ထုတ်ပြောလိုက်လျှင် မလိုအပ်သော ပြဿနာများကိုသာ ဖိတ်ခေါ်ရာ ရောက်လိမ့်မည်။
"မင်းရဲ့ အနာဂတ်ကို ငါ မျှော်လင့်နေသလို ငါ့ရှေ့ကို လမ်းလျှောက်လာနိုင်မယ့် နေ့ကိုလည်း စောင့်မျှော်နေမယ်... ဒါကြောင့် တောင်တက်တဲ့ လမ်းခရီးမှာ မသေဆုံးသွားပါစေနဲ့ ကံကောင်းတဲ့ ကလေးလေး..."
ကျန်းချန်ရှန်း တိုးညှင်းစွာ ရယ်မောလိုက်ပြီး ကျင့်ကြံရန် မျက်လုံးမှိတ်လိုက်သည်။
ပိုင်ချီနှင့် ပိုင်လုံတို့မှာ အိပ်မောကျနေဆဲ ဖြစ်ပြီး သူ တစ်ယောက်တည်း စကားပြောနေသည်ကို မကြားလိုက်ကြချေ။
ဤကိစ္စက လျှို့ဝှက်ချက် တစ်ခု ဖြစ်လာပြီး အချိန်အကြာကြီး မည်သူ့ကိုမျှ ပြောပြမည် မဟုတ်ပေ။
ကျန်းချန်ရှန်း တံခါးပိတ် ကျင့်ကြံပြီးနောက် အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြန်သည်။
ဆယ်စုနှစ် တစ်ခုကျော် ကြာပြီးနောက် ကောင်းကင်အရှင်ပိုင်၊ လုရှန်ကျိုးနှင့် အခြားသူများ ကောင်းကင်လှေဖြင့် ပြန်ရောက်လာကြသည်။ ပြန်လာသည့် ခရီးစဉ်က သွားသည့် အချိန်ထက် ပိုမြန်သည်။ အဘယ်ကြောင့်ဆိုသော် သွားစဉ်က မသိရသေးသော ကမ္ဘာတစ်ခုသို့ သွားခြင်း ဖြစ်၍ အရှိန်အကုန် မမောင်းနှင်ရဲခဲ့ကြပေ။ ပြန်လာသည့် လမ်းခရီးတွင်မူ အရှိန်ကုန် မောင်းနှင်ရန် စိုးရိမ်စရာ မရှိတော့ချေ။
လင်းရှောင်နန်းတော်၌….
ကောင်းကင်အရှင်ပိုင်က သံတမန်ရေးရာ အခြေအနေများကို တင်ပြနေပြီး ဤခရီးစဉ်တွင် လိုက်ပါသွားသော တရားဝင် နတ်ဘုရားများ အားလုံး အနောက်ဘက်တွင် ရပ်နေကြသည်။ ကောင်းကင်စစ်သည်များ အနက် လုရှန်ကျိုး တစ်ယောက်သာ ရှိနေသည်။သူသည် များစွာသော အကျိုးပြုမှုများကို လုပ်ဆောင်ခဲ့သဖြင့် မပါဝင်၍ မဖြစ်ပေ။
"ဒီခရီးစဉ်ကနေ နှစ်ဖက် ကုန်သွယ်ရေးကို အတည်ပြုနိုင်ခဲ့ပါပြီ... အနာဂတ်မှာ ကမ္ဘာနှစ်ခုက နေရာကူးပြောင်းရေး အစီအရင် တည်ဆောက်ဖို့ နည်းလမ်း ရှာကြပါလိမ့်မယ်... ဝိညာဉ်စွမ်းအင်ကမ္ဘာက သူတို့ရဲ့ ဝိညာဉ်စွမ်းအင်ရေကန်ကို ပေးအပ်ဖို့ ဆန္ဒရှိနေတုန်းပါပဲ... ဒီရေကန်က ဘာပေးဆပ်မှုမှ မရှိဘဲ လူတစ်ယောက်ရဲ့ အလားအလာကို အသုံးပြုနိုင်ပါတယ်... ဒါပေမဲ့ ဝိညာဉ်စွမ်းအင်ကမ္ဘာကလည်း ကောင်းကင်တရားရုံးဘက်က သူတို့ကို ကာကွယ်ပေးဖို့ မျှော်လင့်နေပါတယ်..."
ကောင်းကင်အရှင်ပိုင်က မမောမပန်း ပြောကြားနေပြီး သူ့မျက်နှာပေါ်မှ အပြုံးမှာ ပျောက်ကွယ်သွားခြင်း မရှိပေ။
ကျန်းဇီယုက ဂရုတစိုက် နားထောင်နေပြီး ချန်းလီနှင့် ယန်ကျန့်တို့က ရံဖန်ရံခါ ခေါင်းညိတ်နေကြသည်။ ကောင်းကင်အရှင် သုံးပါးစလုံးက တယောက်၏၏ စွမ်းရည်ကို တစ်ယောက်က အသိအမှတ်ပြုကြသော်လည်း ကောင်းကင်အရှင်ပိုင်က သူတို့ထက် အသက်ရှည်ရှည် နေခဲ့ရပြီး လက်ရှိတွင် သူတို့ထက် ပိုမို သန်မာသည်။ ထို့ကြောင့် သူတို့တွေ သူ့ထံမှ နှိမ့်ချစွာ သင်ယူရန် လိုအပ်ပေသည်။
လုရှန်ကျိုးက ခေါင်းမော့၍ ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေပြီး ကောင်းကင်ဧကရာဇ်၏ ချီးကျူးစကားကို စောင့်မျှော်နေသည်။
ကောင်းကင်အရှင်ပိုင် ပြောပြီးသွားသောအခါ ကျန်းဇီယုက ….
"ကောင်းတယ်... လုပ်တာ ကောင်းတယ်... ဒါက ခွန်းလွန်လွင်ပြင်ကို အဆုံးမဲ့လေဟာနယ်ထဲမှာ နယ်မြေချဲ့ထွင်ဖို့ ကူညီပေးလိမ့်မယ်..."
ထို့နောက် လုရှန်ကျိုးကို တောက်လောင်နေသော အကြည့်ဖြင့် ကြည့်လိုက်ပြီး ပြောလိုက်သည်။
"လုရှန်ကျိုး... နားထောင်... ဒီနေ့ကစပြီး အသင်က တရားဝင် နတ်ဘုရား တစ်ပါး ဖြစ်လာပြီး ကောင်းကင်မြစ် စောင့်ရှောက်ရေး မဟာဗိုလ်ချုပ် အဖြစ် ရာထူးတိုးမြှင့်လိုက်တယ်..."
လုရှန်ကျိုး ထိုစကားကြားလိုက်ရသောအခါ အလွန် ဝမ်းသာသွားပြီး ကျေးဇူးတင်ကြောင်း ချက်ချင်း ဦးညွှတ်လိုက်သည်။
တိုင်ရှီးချန်ကတော့ အလွန် မနာလို ဖြစ်နေသည်။ သို့သော်လည်း လုရှန်ကျိုး၏ စွမ်းဆောင်ရည်မှာ အမှန်တကယ် ကြီးမားပြီး သူ မလုပ်နိုင်သော အရာများကို လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် သူ မနာလို ဖြစ်ရုံသာ တတ်နိုင်သည်။
ကျန်းဇီယုက အခြားသူများကိုလည်း ဆုချခဲ့ရာ အများစုမှာ လောကီ ရတနာများ ဖြစ်သဖြင့် ဤခရီးစဉ်တွင် ပါဝင်သူ အားလုံး ကျေနပ်သွားကြသည်။
"လုရှန်ကျိုး... အသင် လုပ်ပေးရမယ့် ကိစ္စတစ်ခု ရှိတယ်..." ကျန်းဇီယုက လုရှန်ကျိုးကို ကြည့်ပြီး ပြုံးလျက် ပြောလိုက်သည်။
လုရှန်ကျိုး မည်သို့ ငြင်းဆန်ရဲမည်နည်း။ သေချာပေါက် သဘောတူလိုက်ရပေသည်။
"အနာဂတ်မှာ ယဲ့ကျန်း ကိုယ်တော့်နောက် လိုက်တဲ့အခါ သူ့ကို လမ်းညွှန်မှု ပိုပေးလိုက်ပါ..."
"ယဲ့ကျန်း..."
လုရှန်ကျိုး အံ့သြသွားသည်။ သူ တစ်စုံတစ်ခုကို တွေးမိပြီး မေးလိုက်သည်က…
"သူက ယဲ့ရှန်ခုန်းရဲ့ ညီလား..."
"ဟုတ်တယ်..."
"သေချာပေါက် ပြဿနာ မရှိပါဘူး..."
လုရှန်ကျိုးက မကောင်းသော ရည်ရွယ်ချက်ဖြင့် ထူးဆန်းသော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။
တိုင်ရှီးချန် ထိုအပြုံးကို မြင်လိုက်ရသောအခါ လုရှန်ကျိုးနှင့် ယဲ့ရှန်ခုန်းတို့ ဆက်ဆံရေး ရှိခဲ့ဖူးသည်ဟူသော ဒဏ္ဍာရီကို ရုတ်တရက် သတိရသွားခဲ့သည်။ ထို့အပြင် ကောလာဟလများက သိပ် နားထောင်ကောင်းလှသည်တော့ မဟုတ်ချေ။
သူသည် ယဲ့ကျန်းအတွက် ဝမ်းနည်းမနေဘဲ မနေနိုင်သော်လည်း ယဲ့ကျန်းက လက်ရှိတွင် သူ့ထက်ပင် ပို၍ မောက်မာနေသဖြင့် ယဲ့ကျန်းအတွက် ကောင်းပေလိမ့်မည်။ ယဲ့ကျန်း အဆင့်တက်ပြီးကတည်းက သူတို့နှစ်ယောက် စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေတွင် တွေ့ဆုံခဲ့ကြပြီး ယဲ့ကျန်းက သူ့ကို ချက်ချင်း စိန်ခေါ်ခဲ့သည်။
တိုင်ရှီးချန် မည်သို့ စိန်ခေါ်မှုကို လက်ခံရဲမည်နည်း။ သူသည် တုနှိုင်းမဲ့လေဟာနယ်နယ်ပယ်သို့ပင် မရောက်ရှိသေးပေ။
ဂျူနီယာ တစ်ယောက်ရဲ့ ကျော်တက်ခြင်းကို ခံရပြီး ရန်စတာတောင် ခံလိုက်ရသေးတယ်... တကယ့်ကို စိတ်ပျက်စရာ ကောင်းလိုက်တာ...
ဤအကြောင်း တွေးမိလိုက်သောအခါ တိုင်ရှီးချန်၏ နှလုံးသားထဲတွင် မီးတောက်တစ်ခု တောက်လောင်လာသလို ခံစားလိုက်ရသည်။
အခြားတစ်ဖက်တွင်…..
ယဲ့ကျန်းတယောက် ကောင်းကင်တရားရုံးတွင် မနေဘဲ အဆုံးမဲ့သမုဒ္ဒရာသို့ ရောက်လာခဲ့သည်။
သူသည် တိုက်ကြီးတစ်ခုထဲသို့ ပျံသန်းဝင်ရောက်ပြီး တောင်တန်းတောအုပ် တစ်ခုတွင် ဆင်းသက်လိုက်သည်။ အစီအရင် အလွှာပေါင်းများစွာကို ဖြတ်ကျော်ပြီးနောက် တောင်ကြားတစ်ခုသို့ ရောက်ရှိလာသည်။
တောင်ကြားထဲတွင် အဖြူရောင် မြူခိုးများ ပြည့်နှက်နေပြီး တိတ်ဆိတ် ခြောက်သွေ့နေကာ ပတ်ဝန်းကျင်ရှိ တောင်တန်းများကလည်း မီးခိုးရောင် မြူခိုးများကြားတွင် နတ်ဆိုးနတ်ဘုရားများသဖွယ် ကြောက်မက်ဖွယ် ကောင်းပြီး ခမ်းနားထည်ဝါနေသည်။
ယဲ့ကျန်း ဝင်ရောက်လာသည်နှင့် နေ့မှ ညသို့ ကူးပြောင်းသွားသကဲ့သို့ ချက်ချင်းပြောင်းလာသွားကာ ပုံရိပ်တစ်ခု သူ့ထံသို့ အလျင်အမြန် ပြေးဝင်လာသည်။ ထိုလူသည် ရွှံ့များ ဖုံးလွှမ်းနေပုံရပြီး မျက်နှာကို သေချာ မမြင်ရပေ။ ကျန်ရှိနေသည်မှာ သွေးရောင်လွှမ်းနေသော မျက်လုံးတစ်စုံသာ ဖြစ်သည်။
"မင်း ဒေါသထွက်နေပုံပဲ... မင်းရဲ့ ဒေါသကို ပြေစေနိုင်မယ့် သတင်းတစ်ခု ပြောပြမယ်... မင်း ပိတ်လှောင်ခံထားရတာ နှစ်ရာချီနေပြီ... ငါလည်း အတူတူပဲ... ငါလည်း တာအိုဘိုးဘေးရဲ့ ဖိနှိပ်မှုကြောင့် တောင်ခြေမှာ နေခဲ့ရပြီး မရေမတွက်နိုင်တဲ့ လူတွေရဲ့ ဆဲဆိုမှုကို ခံခဲ့ရတာ..."
ယဲ့ကျန်း သူ့ရှေ့မှ လူကို မကြောက်ပေ။
သူ့စကားကို ကြားလိုက်ရသောအခါ လျှို့ဝှက်ဆန်းကြယ်သော လူ၏ မျက်လုံးထဲမှ ရက်စက်မှုများ လျော့နည်းသွားပြီး တည်ငြိမ်သွားပုံရသည်။
ယဲ့ကျန်းက နှာခေါင်းရှုံ့လိုက်ပြီး …
"လင်းဟုန်ချန်... မင်း ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲမှုတွေကို အာရုံခံစားမိမှာပါ... မင်းနဲ့ငါက မွေးရာပါ ရန်သူတွေ ဖြစ်ပေမဲ့ ငါ မင်းကို ဒီအခွင့်အရေး ပေးနိုင်တာကို မင်း ကျေးဇူးတင်သင့်တယ်... အခု ငါ့အတွက် အလုပ်လုပ်ပေးဖို့ မင်းကို လိုအပ်တယ်... ဒီလို လုပ်ခြင်းအားဖြင့် မင်း လွတ်လပ်မှု ရမယ်... အရင်ကထက် ပိုကြီးမားတဲ့ စွမ်းအားကို ရမယ်... မင်း ငါ့အတွက် အလုပ်လုပ်ပေးဖို့ ဆန္ဒရှိလား..."
ဤလျှို့ဝှက်ဆန်းကြယ်သော လူမှာ ကွမ်ထျန်း ကောင်းကင်မြို့စား လင်းဟုန်ချန် ဖြစ်သည်...
လင်းဟုန်ချန်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားကာ ခေတ္တမျှ ရုန်းကန်ပြီးနောက် နောက်ဆုံးတွင် ယဲ့ကျန်းရှေ့၌ ဒူးထောက်လိုက်သည်။ သူသည် ယဲ့ကျန်းရှေ့ မြေပြင်ပေါ်သို့ နဖူးနှင့် ထိကပ်လိုက်ပြီး အံကြိတ်ကာ …
"သခင့်ကို အလုပ်အကျွေး ပြုဖို့ ဆန္ဒရှိပါတယ်..."
ယဲ့ကျန်းပ ပြုံးလိုက်ပြီး …
"အပြင်ကမ္ဘာကြီးက အများကြီး ပြောင်းလဲသွားပြီ... ဒါပေမဲ့ မင်းက အကောင်းဆုံး လမ်းကြောင်းကို ရွေးချယ်လိုက်တာပဲ... မင်းရဲ့ အနာဂတ်က မင်း စိတ်ကူးထားတာထက် ကျော်လွန်လိမ့်မယ်... ငါ မင်းကို နောက်ထပ် မင်းဆက်တစ်ခုတောင် တည်ထောင်ခွင့် ပေးနိုင်တယ်..."
လင်ဟုန်ချန် ထိုစကားကြားလိုက်ရသောအခါ တုန်လှုပ်သွားသည်။ သူသည် ပြင်ပကမ္ဘာကို မျှော်လင့်နေသော်လည်း ကြောက်ရွံ့မှုလည်း ရှိနေသည်။
အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ ကမ္ဘာကြီး၏ အခြေအနေမှာလည်း အတက်အကျ ရှိနေသည်။ ကောင်းကင်တရားရုံးကို နဝမမြောက် ကောင်းကင်သို့ ပြောင်းရွှေ့ခဲ့ပြီး လူ့လောက၏ ကံတရားမှာ အဆုံးမရှိ ဖြစ်နေခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း ခွန်းလွန်လွင်ပြင်၏ အင်အားသည်လာ်း ပေါက်ကွဲထွက်မတတ် တိုးတက်လာသည်။ စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေ ရှိနေမှုကြောင့် အဆုံးစွန်သော နည်းစနစ်များ လျင်မြန်စွာ ပြန့်နှံ့သွားခဲ့သည်။
လူတိုင်း၏ နှလုံးသားထဲတွင် ကောင်းကင်တရားရုံး၏ အဆင့်အတန်းမှာ ပို၍ မြင့်မားလာသည်။ အင်မော်တယ်နတ်ဘုရားများသည်လည်း ကိုယ်ကျိုးအတွက် လူ့လောကတွင် သူတို့၏ သြဇာအာဏာကို တိတ်တဆိတ် ပျိုးထောင်ကြသည်။ သာမန် ကောင်းကင်စစ်သည် တစ်ဦးနှင့် နတ်ဘုရားအစေခံ တစ်ဦးပင်လျှင် လူ့လောကသို့ ရောက်ရှိလာပါက မင်းဆက်များ၏ အမြင့်ဆုံးသော ဧည့်ခံမှုကို ရရှိကြသည်။ အခြား မျိုးနွယ်စုများထံ သွားရောက်လည်ပတ်ရာတွင်လည်း ထိုနည်းလည်းကောင်းပင်။
အာဏာ ကျယ်ပြန့်လာသည်နှင့်အမျှ ကောင်းကင်တရားရုံး၏ ပြည်တွင်း ပြဿနာများလည်း သဘာဝကျစွာ တိုးပွားလာသည်။ ကောင်းကင်အကျဉ်းထောင်သည်ပင် ယခင်ကကဲ့သို့ ခြောက်ကပ်မနေတော့ပေ။
တစ်နေ့တွင်…
ကောင်းကင်အကျဉ်းထောင်၌…
ဘုန်း...
အကျဉ်းခန်းတံခါး ပိတ်လိုက်ပြီးနောက် ကောင်းကင်စစ်သည်က ဆူပူကြိမ်းမောင်းလိုက်သည်။
"မင်း ဒီမှာပဲ ကောင်းကောင်းနေ... မင်းက ကောင်းကင်တရားရုံးကို တကယ် အရှက်ရစေတာပဲ..."
လေ့ကျင့်နေသော လီချန်းဟိုင် မျက်လုံးဖွင့် ကြည့်လိုက်တော့ မျက်နှာချင်းဆိုင် အကျဉ်းခန်းထဲတွင် နတ်ဘုရားအစေခံ တစ်ဦးကို တွေ့လိုက်ရသည်။ ထိုသူမှာ အပြစ်ပေးခံထားရကြောင်း သိသာပြီး သွေးများ ဖုံးလွှမ်းနေကာ တီကောင်တစ်ကောင်ကဲ့သို့ မြေပြင်ပေါ်တွင် လဲလျောင်းနေသည်။
လီချန်းဟိုင်က…"ညီအစ်ကိုဟန်... သူ ဘာပြစ်မှု ကျူးလွန်ခဲ့လို့လဲ..."
သူ့ကို လုရှန်ကျိုး ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ပြီး သူ့နယ်ပယ်မှာလည်း မြင့်မားသဖြင့် စစ်သည်များက သူ့ကို လစ်လျူရှုမထားရဲကြပေ။ သူသည် မကြာမီ အင်မော်တယ် အဆင့်အတန်း ဝင်လာတော့မည် ဖြစ်ကြောင်း သူတို့အားလုံး သိကြပြီး မျက်နှာလိုမျက်နှာရ လုပ်ထားရမည့်သူ ဖြစ်သည်။
ကောင်းကင်စစ်သည်တဉီးက သူ့ကို လှည့်ကြည့်လိုက်ပြီး…
"ဒီကောင်က အောက်ဘုံကို ဆင်းပြီး ငွေတွေ၊ မိန်းမတွေကို လိမ်လည်ခဲ့တာ... သူက သူ့ကို ဖျော်ဖြေရင် ကောင်းကင်တရားရုံးရဲ့ ကောင်းချီးတွေ ရလိမ့်မယ်လို့ ပြောခဲ့တယ်... သူ ဒီလို လုပ်ခဲ့တာ အကြိမ်ကြိမ်ပဲ... အမှန်တရား ပေါ်လာတော့ အရှင်လီက သူ့ကို ထောင်ဒဏ် နှစ် ၅၀၀၀ ချမှတ်လိုက်တယ်... သူ့ရဲ့ လက်ရှိ နယ်ပယ်နဲ့ဆိုရင် ကောင်းကင်အကျဉ်းထောင်ထဲမှာပဲ သေရမှာ..."
လီချန်းဟိုင် ခေါင်းညိတ်လိုက်ပြီး စကားပြောရန် ပြင်လိုက်စဉ် နောက်တစ်ယောက် ရောက်လာပြန်သည်။ ဒီတစ်ကြိမ်တွင် ကောင်းကင်စစ်သည် နှစ်ဦးက ချမ်းသာကြွယ်ဝပုံရသော လူတစ်ယောက်ကို ဖမ်းခေါ်လာသည်။
သူ့ကို မြင်လိုက်ရသောအခါ ကောင်းကင်စစ်သည်က အကျဉ်းခန်းတံခါးနားသို့ တိုးကပ်လာပြီး တိုးတိုးတိတ်တိတ် ပြောပြလိုက်သည်။
"သူက မယုံကြည်နိုင်လောက်အောင် မြင့်မားတဲ့ အဆင့်အတန်း ရှိတဲ့သူပဲ... သူက ကောင်းကင်ဧကရာဇ်မင်းမြတ်ရဲ့ သားတော် ဖြစ်ပြီး တာအိုဘိုးဘေးရဲ့ မြေးတော်နဲ့အဆင့်တူတယ်... ဒါပေမဲ့ သူလည်း ထောင်ထဲ အထည့်ခံရတာပဲ... တွေ့လား... ငါတို့ ကောင်းကင်တရားရုံးက မျက်နှာမလိုက်ဘူး..."
လီချန်းဟိုင် ခေါင်းညိတ်လိုက်ပြီး စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။
ဤကဲ့သို့သော အာဏာရှိသည့် နေရာမျိုးက သူ တောင့်တသော နေရာပင်ဖြစ်သည်။ သိုင်းနတ်ဘုရားနယ်မြေက ဤသို့ မလုပ်နိုင်ကြောင်း သူ ကောင်းကောင်း သိထား၏။ သူသည် တစ်ချိန်က သိုင်းနတ်ဘုရားနယ်မြေသို့ ဝင်ရောက်ချင်ခဲ့သော်လည်း အမှောင်ခြမ်းများကို မြင်တွေ့ခဲ့ရသောကြောင့် စမ်းသပ်မှု ကာလအတွင်း မိမိဆန္ဒအလျောက် နှုတ်ထွက်ခဲ့သည်။
သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး ….
"ညီအစ်ကိုဟန်... ကျွန်တော့်အတွက် အရှင်လီကျွင်းကို ခေါ်ပေးလို့ ရမလား..."
စစ်သည်က ထိုစကားကြားလိုက်ရသောအခါ ချက်ချင်း ဝမ်းသာသွားပြီး …
"ကောင်းပြီ... ကောင်းပြီ... ခဏလေး စောင့်..."
ဤသည်မှာ သူ့အတွက် ကုသိုလ်ရမည့် အခွင့်အရေး ဖြစ်သဖြင့် သဘာဝကျစွာ စိတ်လှုပ်ရှားနေပေသည်။
အခြားတစ်ဖက်တွင်မူ လီချန်းဟိုင်မှာ စိတ်မသက်မသာ ဖြစ်နေသည်။ သူ ခေါင်းငုံ့ပြီး ထွက်သွားနိုင်မလား မသိသော်လည်း စိတ်မသက်မသာ ဖြစ်နေဆဲပင်။
တာအိုဘိုးဘေးကြောင့် မဟုတ်ဘဲ သူ့စိတ်ထဲမှ ညီမလေးကြောင့် ဖြစ်သည်...
သူ ကောင်းကင်အကျဉ်းထောင်ထဲ ရောက်နေကတည်းက စီမေ့ သူ့ကို လာမတွေ့ခဲ့ပေ။ သူမက ကောင်းကင်တရားရုံးကို မဆန့်ကျင်ရန် သတိပေးဖို့ ချန်ကလန်မှ လူတစ်ယောက်ကိုသာ စေလွှတ်ခဲ့သည်။
ခရမ်းရောင်တိမ်တိုက်နန်းတော် အတွင်း၌….
ကျန်းချန်ရှန်း ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ရာ မလှမ်းမကမ်းတွင် ပိုင်ချီနှင့် မူလင်းလော့တို့ တိုးတိုးတိတ်တိတ် စကားပြောနေကြသည်ကို တွေ့လိုက်ရသည်။
သူ လည်ပင်းကို ချိုးလိုက်ပြီး အကြောဆန့်လိုက်သေးသည်။
ဒီတံခါးပိတ်ကျင့်ကြံမှုက တကယ်ကို လန်းဆန်းစေတာပဲ...
သူ့ကျင့်ကြံမှု နယ်ပယ်က အတော်လေး တိုးတက်လာပြီး အဆင့်တက်ဖို့ ပိုနီးစပ်လာပြီ...
သူ လူ့လောကကို ကြည့်လိုက်ရာ ကောင်းကင်အမွေခံခေါတ် စတင်ခဲ့သည်မှာ နှစ်ပေါင်း ၃၄၀ ရှိပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ ဆိုလိုသည်မှာ သူ တံခါးပိတ်ကျင့်ကြံနေသည်မှာ ၆၄ နှစ် ရှိပြီ ဖြစ်သည်။
သိပ်မကြာသလို သိပ်လည်း မတိုတောင်းပေ။
ကျန်းချန်ရှန်း နိုးလာသည်ကို မြင်လိုက်ရသောအခါ မူလင်းလော့နှင့် ပိုင်ချီ သူ့ထံလျှောက်လာကြသည်။
မူလင်းလော့က …
"ထျန်းကျင်းမှာ ပရမ်းပတာ ဖြစ်နေတယ်..."
"ဘာတွေ ဖြစ်နေလို့လဲ..."
ပိုင်ချီက…
"ကျန်းရှုက နယ်စားဘုရင် အများအပြားရဲ့ အိမ်တွေကို ဝင်ရောက်စီးနင်းပြီး နယ်စားဘုရင် အရေအတွက်ကို သုံးပုံနှစ်ပုံ လျှော့ချလိုက်တယ်... တချို့ သေကုန်ပြီး တချို့ ရာထူးချခံလိုက်ရတယ်... ကျန်းရှုကို အာဏာရှင်လို့ ခေါ်နေကြပြီး ကပ်ဘေးတွေ အများကြီး ဖြစ်နေတယ်..."
နယ်စားဘုရင် အားလုံးက ကျန်းမိသားစုဝင်များ ဖြစ်ကြသည်။ ထို့ကြောင့် ကျန်းရှု၏ လုပ်ရပ်များကို ရက်စက်သည်ဟု သမုတ်ကြခြင်းဖြစ်သည်။ လူများစွာက သူ့ကို မိဘမောင်နှမအပေါ် မသိတတ်သူဟု ဆဲဆိုချင်ကြသော်လည်း ကျန်းရှု၏ အဆင့်အတန်းကို တွေးမိသောအခါ ပြန်ထိန်းလိုက်ကြသည်။ ထျန်းကျင်းက တာ့ကျင်း၏ အာဏာကို ဆက်ခံထားသော်လည်း တာအိုဘိုးဘေး၏ ဝါရင့်မှုမှာ အလွန် မြင့်မားလှသည်။ တာအိုဘိုးဘေး၏ဝါစဉ်ကို တာ့ကျင်း၏ ဒုတိယမျိုးဆက် နန်းတွင်းမိသားစုအထိ ပြန်လည် ရေတွက်နိုင်သည်။ ကျန်းမိသားစုတွင် တာအိုဘိုးဘေးထက် ဝါရင့်သူများ အားလုံး သေဆုံးကုန်ပြီ ဖြစ်၍ မျိုးဆက်သစ် လူငယ်များသာ ကျန်ရှိတော့သည်။
မူလင်းလော့က….
"ဇီယုကလည်း ကျန်းရှုကို ဖျောင်းဖျဖို့ ကြိုးစားခဲ့တယ်... ဒါပေမဲ့ သားအဖနှစ်ယောက် သဘောထားကွဲလွဲပြီး သူတို့ ဆက်ဆံရေး ဆိုးရွားသွားတယ်..."