← Chapters

ပါရမီရှင်တစ်ယောက်ကို ဖမ်းဆီးမယ်

Vol. 29 Ch. 409

ပါရမီရှင်တစ်ယောက်ကို ဖမ်းဆီးမယ်

Vol. 29 Ch. 409

မူလင်းလော့နှင့် ပိုင်ချီတို့၏ ရှင်းပြချက်များကို နားထောင်ပြီးနောက် ကျန်းချန်ရှန်း အကြောင်းရင်းကို နောက်ဆုံးတွင် နားလည်သွားသော်လည်း သူ သိပ်ဂရုမစိုက်ပေ။

သူ စိတ်မလှုပ်ရှားသည်ကို မြင်သောအခါ မူလင်းလော့က သိချင်စိတ်ကြောင့်မေးလိုက်လေသည်။

"ရှင် ဂရုစိုက်စရာ မလိုဘူးဆိုတာ သေချာလား... ဇီယုနဲ့ သူသာ..."

ကျန်းရှုက သူမ၏ မြေးအရင်း ဖြစ်သော်လည်း သူမက သူ့ကို သားရင်းကဲ့သို့ သဘောထားသည်။ သားအဖနှစ်ယောက် သဘောထားကွဲလွဲခြင်း သို့မဟုတ် အကျိုးစီးပွားအတွက် ရန်သူများ ဖြစ်သွားခြင်းကို သူမ သေချာပေါက် ဆန္ဒမရှိပေ။

ကျန်းချန်ရှန်းက ခေါင်းခါပြီး…

"မင်းရဲ့ စိတ်နေသဘောထားကို ပြုပြင်ဖို့ သင်ယူရမယ်... ငါတို့ရဲ့ မျိုးဆက်တွေမှာ သူတို့ရဲ့ ကိုယ်ပိုင် ကံတရားတွေ ရှိတယ်... ကျန်းရှု တကယ်ပဲ ရက်စက်ယုတ်မာမှုတွေ ကျူးလွန်ရင် ကောင်းကင်တရားရုံးက သူ့ကို အပြစ်ပေးလိမ့်မယ်... ဇီယုက သူ့ကို ဖျောင်းဖျရုံပဲ လုပ်တယ် ဆိုတော့ တကယ့် ပြဿနာ မရှိဘူးလို့ သူ ယူဆလို့ပဲ... ဟုတ်တယ်... မင်း ဝင်ပါချင်ရင် ရပါတယ်... ဒါပေမဲ့ ငါကတော့ ဝင်ပါမှာ မဟုတ်ဘူး..."

သူ့တာဝန်များ ပေါ့ပါးစေရန် ကောင်းကင်တရားရုံးကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ကျန်းရှုဘက်က သူ မကြိုက်နှစ်သက်သော အရာကို မလုပ်သရွေ့ သူ ကြိုက်သလို လုပ်နိုင်သည်။

"သေချာတာပေါ့... ကျွန်မလည်း ဝင်မပါချင်ပါဘူး... သူတို့ သားအဖ ဆက်ဆံရေးအတွက် စိုးရိမ်လို့ပါ..."

မူမိသားစုတွင် သားအဖကြား၊ လင်မယားကြားတွင်ပင် ပဋိပက္ခများ ဖြစ်ပွားတတ်သည်။ ထိုပဋိပက္ခများကြောင့် ဆက်ဆံရေးများ ဝေးကွာသွားတတ်သည်၊ သို့မဟုတ် အကျိုးစီးပွားအတွက် ရန်သူများပင် ဖြစ်လာတတ်ကြသည်။

လူ့သဘာဝဟူသည် ခန့်မှန်းရ အခက်ခဲဆုံး ဖြစ်သည်။ ယနေ့ခေတ်တွင် ကျန်းမိသားစု၌ အာဏာနှင့် အကျိုးမြတ်အတွက် ပဋိပက္ခများ စတင် ပေါ်ပေါက်လာပြီ ဖြစ်သည်။

"သူတို့ကိုယ်တိုင် ဆက်ဆံရေးကို ဒီလို ဖြစ်အောင် ရွေးချယ်ခဲ့ကြတာ... သူတို့က ကလေးတွေ မဟုတ်တော့ဘူး..."

ကျန်းချန်ရှန်း ပခုံးတွန့်လိုက်သည်။ မူလင်းလော့က သူတို့ ဤသို့ ဖြစ်နေသည်ကို မကြည့်ရက်သော်လည်း မှန်ကန်သည်ဟု သူမ ခံစားမိသည်။ သူမသာ ဆိုလျှင်လည်း လူကြီးများ၏ ထိန်းချုပ်မှုကို မခံချင်ပေ။

ပိုင်ချီက သက်ပြင်းချလိုက်ပြီး…

"အဲဒါတော့ မှန်တယ်... ကောင်းကင်ဧကရာဇ်ပလ္လင်က တစ်ခုတည်း ရှိတာ... ဘယ်သူ့ကိုမှ ကူညီတာ မကောင်းဘူး... ကျန်းရှုကို သူ့စွမ်းရည်တွေ ထုတ်ပြခိုင်းပြီး လူသားဧကရာဇ် ဖြစ်လာအောင် ဘာလို့ ခွင့်မပြုရမှာလဲ..."

မူလင်းလော့ ခေါင်းညိတ်လိုက်ပြီး ဤကိစ္စကို ဆက်မတွေးတော့ပေ။

ထို့နောက် ကျန်းချန်ရှန်းက သူမ၏ လေ့ကျင့်ရေးကို စတင် ဂရုစိုက်ပေးခဲ့သည်။ မူလင်းလော့က မကြာခဏ အပြင်ထွက်သော်လည်း ရှုခင်းကြည့်ရန် ထွက်ခြင်း မဟုတ်ပေ။ ထိုအစား စွန့်စားခန်းများ ဖွင့်ပြီး တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် သူမ၏ ခွန်အားများ တည်ငြိမ်စွာ တိုးတက်နေသည်။

လောလောဆယ်တွင် ကျန်းချန်ရှန်း၏ အမြင်၌ မူလကောင်းကင်အဓိပတိနယ်ပယ် အောက်ရှိ နယ်ပယ်များက သာမန်လူများနှင့် မခြားပေ။ ထို့ကြောင့် မူလင်းလော့ ပိုမို သန်မာလာစေရန် မျှော်လင့်ပြီး သူမ၏ လေ့ကျင့်ရေးတွင်တွေ့ကြုံနေရသော ရှုပ်ထွေးမှုများကို လမ်းညွှန်ပေးခဲ့သည်။

ပိုင်ချီ သူတို့ကို မနှောင့်ယှက်ပေ။ သူမသည်လည်း ဘေးဘက်သို့ လျှောက်သွားပြီး စတင် လေ့ကျင့်တော့သည်။

ထျန်းကျင်းရှိ နန်းတွင်းစာကြည့်ဆောင်တွင်….

ကျန်းရှုက လောလောဆယ်တွင် ကောင်းကင်ဆရာကြီး လေးပါးအနက် တစ်ပါးဖြစ်သော ချီယွမ်နှင့် တွေ့ဆုံနေသည်။

နှစ်ပေါင်းရာချီ ကောင်းကင်သို့ တက်လှမ်းပြီးနောက်၌ပင် ချီယွမ်၏ ဂုဏ်သတင်းက လူ့လောကတွင် အလွန် ကြီးမားနေဆဲ ဖြစ်သည်။ သူတော်စင်ချီသည် သိုင်းကံတရား တာအိုကို တည်ထောင်ခဲ့ပြီး သမိုင်းတွင် အမည်တွင်ကျန်ရစ်ခဲ့သူ ဖြစ်သည်။သူတော်စင်ချီ၏ ရှေ့တွင် ကျန်းရှုသည်ပင် အလွန် ယဉ်ကျေးနေသည်။

"အရှင်မင်းကြီး ရှင်းလင်းလိုက်တဲ့ နယ်စားဘုရင် အများအပြားက ကောင်းကင်တရားရုံးက အင်မော်တယ်နတ်ဘုရားတွေနဲ့ ဆက်နွယ်နေပါတယ်... ဒီကိစ္စက အရမ်း လောလွန်းအားကြီးပြီး မကျေနပ်မှုတွေ အများကြီး ဖြစ်စေခဲ့ပါတယ်... ကောင်းကင်ဧကရာဇ်မင်းမြတ်တောင်မှ သူတို့ကို ရှင်းပြချက် ပေးဖို့ ရွေးချယ်စရာ မရှိတော့ပါဘူး... ဒါပေမဲ့ ထျန်းကျင်းနဲ့ ကောင်းကင်တရားရုံး ကြားက ဆက်ဆံရေးက ထူးခြားပြီး နှစ်ဖက်စလုံးရဲ့ သဟဇာတဖြစ်မှုက အရမ်း အရေးကြီးပါတယ်... အရှင်မင်းကြီး အနေနဲ့ အရမ်း မလောဘဲ ရာထူးချခံထားရတဲ့ နန်းတွင်း ဆွေမျိုးတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ မျှော်လင့်ပါတယ်..."ဟု ချီယွမ် တိုးညှင်းစွာ ပြောလိုက်သည်။

သူ့လေသံတွင် အားကိုးရာမဲ့မှုများ ပါဝင်နေသည်။ဤကိစ္စတွင် ပါဝင်ပတ်သက်ရသည်မှာ အမှန်တကယ် ပြဿနာတက်သော်လည်း သူ လာရောက်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိပေ။

ကျန်းရှုက…"ကျင်းထျန်းကျုံး နန်းတက်ခဲ့တာ နှစ်ပေါင်း တစ်ထောင် ရှိပြီ... ပြီးတော့ နှစ် ၂၀ တိုင်းမှာ နယ်စားဘုရင် တစ်ပါး ရှိတတ်တယ်... နယ်စားဘုရင်တွေက သူတို့ရဲ့ သားသမီးတွေကို နယ်မြေတွေ ခွဲဝေပေးကြတယ်... သူတော်စင်ချီ... ထျန်းကျင်းမှာ နယ်စားဘုရင် ဘယ်နှစ်ပါးရှိလဲ ဆိုတာ ခင်ဗျား သိလား..."

ချီယွမ် တိတ်ဆိတ်နေသည်။

"ကိုယ်တော် ပြတ်ပြတ်သားသား လုပ်ဆောင်ပြီးနောက်မှာတောင် နယ်စားဘုရင် ၃၀၀ ကျော် ကျန်နေသေးတယ်... ပြီးတော့ ဒီနယ်စားဘုရင်တွေမှာ သားစဉ်မြေးဆက် ၁၀,၀၀၀ ကျော် ရှိတယ်... လူအများကြီးက သူတို့ရဲ့ သားသမီးတွေ အကျိုးအတွက် သူတို့ရဲ့ အသက်အရွယ်နဲ့ လုပ်ဆောင်ချက်တွေကို အားကိုးနေကြတယ်... ကမ္ဘာကြီးက ကျန်းမိသားစုရဲ့ လက်အောက်မှာ ရှိနေပေမဲ့ ငါတို့ လွန်လွန်ကဲကဲ မလုပ်သင့်ဘူး မဟုတ်လား... ပြည်သူတွေ ဘယ်လို အသက်ရှင်ကြမလဲ... နှစ်စဉ် အခွန်ငွေရဲ့ ၇၀ ရာခိုင်နှုန်းကို ကျန်းမိသားစုကို မျိုချခွင့် ပေးလိုက်ရင် ငါ တိုင်းပြည်ကို ဘယ်လို အုပ်ချုပ်ရမလဲ... ပြည်သူတွေကို ငြိမ်းချမ်းစွာ နေထိုင်လုပ်ကိုင်ခွင့် ဘယ်လို ပေးရမလဲ..."

"သူတို့က ရာထူးကြီးတွေ ယူထားရုံနဲ့ ငါ သူတို့ကို မထိနိုင်ဘူးလို့ထင်နေကြတာ.."

ကျန်းရှု နှာခေါင်းရှုံ့လိုက်ကာ ချီယွမ်ကို စိုက်ကြည့်ပြီး ဆက်ပြောလိုက်သည်။

"ကိုယ်တော် အချိန်ဆွဲနေရင် ဘယ်လောက်ကြာကြာ စောင့်ရဦးမှာလဲ... ကိုယ်တော် မကြောက်ဘူး...ကိုယ်တော်က နှစ်ပေါင်း တစ်ထောင် ဒါမှမဟုတ် တစ်သောင်း နေနိုင်တယ်... ဒါပေမဲ့ ပြည်သူတွေကရော... သူတို့ ဘယ်နှစ်နှစ် စောင့်ရဦးမှာလဲ..."

ချီယွမ်က သက်ပြင်းချပြီး….

"အရှင်မင်းကြီးရဲ့ အခက်အခဲတွေကို ကျွန်တော် နားလည်ပါတယ်... ဒါပေမဲ့ အရှင်မင်းကြီးရဲ့ နည်းလမ်းတွေက သိမ်မွေ့မှု မရှိဘူး... ရာထူးချခံရတဲ့ နယ်စားဘုရင်တွေနဲ့ အသတ်ခံလိုက်ရတဲ့ နယ်စားဘုရင်တွေရဲ့ ဘိုးဘေးတွေ အားလုံးက ကောင်းကင်တရားရုံးက တရားဝင် နတ်ဘုရားတွေကို တိုင်ကြားနိုင်ပါတယ်... ကောင်းကင်ဧကရာဇ်မင်းမြတ်က သူတို့ရဲ့ ဒေါသကို ဘယ်လို ဖြေသိမ့်ပေးနိုင်မလဲ..."

ကျန်းမိသားစုက နတ်ဘုရားအဖြစ် တင်မြှောက်ခြင်း နှစ်ကြိမ်စလုံးတွင် ပါဝင်ခဲ့ကြသဖြင့် ကျန်းဇီယု ခေါင်းကိုက်ရခြင်း ဖြစ်သည်။ သူတို့အားလုံးက မိသားစုဝင်တွေ ဖြစ်ပြီး ဆိုးဆိုးရွားရွား သဘောထားကွဲလွဲခဲ့ကြသည်။ မကျေနပ်သော ကျန်းမိသားစု အင်မော်တယ်များကို ဖိနှိပ်ရန် သူ့တွင် အကြောင်းပြချက် မရှိပေ။

"ဒါက ကောင်းကင်နဲ့ အောက်ဘုံမှာ ကပ်ဘေးတစ်ခုတောင် ဖြစ်စေနိုင်ပါတယ်... အရှင်မင်းကြီးနဲ့ ကောင်းကင်ဧကရာဇ်မင်းမြတ်က ဒါမျိုး ဖြစ်လာဖို့ ဆန္ဒမရှိရင်တောင် ကိစ္စကြီးလာပြီး တစ်ယောက်ယောက်က မီးလောင်ရာ လေပင့် လုပ်လိုက်ရင် အခြေအနေက ကျွန်တော်တို့ထိန်းချုပ်န်ုင်တာထက် ကျော်လွန်သွားပါလိမ့်မယ်..."

ကျန်းရှု မျက်မှောင်ကြုတ်လိုက်မိသည်။ ဤစကားများက ခြိမ်းခြောက်နေသော်လည်း ချီယွမ်ကို သူ သိသည်။ ချီယွမ်က စစ်ဆန့်ကျင်ရေး အုပ်ချုပ်မှုကို အမြဲ ထောက်ခံခဲ့သူ ဖြစ်သည်။ ဤသည်မှာ ချီယွမ် ကိုယ်တိုင် လာရောက်ရသည့် အကြောင်းရင်း ဖြစ်ပေလိမ့်မည်။

သို့သော်လာ်း အလကား ခြောက်လှန့်နေခြင်း မဟုတ်ကြောင်း ခံစားမိသည်။ မြင့်မားသော နေရာတွင် ရပ်တည်မှသာ ထိန်းချုပ်မှု မရှိခြင်းက ဘာကို ဆိုလိုသည်ကို နားလည်နိုင်မည် ဖြစ်သည်။ အချို့အရာများကို တစ်ဦးတစ်ယောက်၏ စကားဖြင့် ဆုံးဖြတ်၍ မရနိုင်ပေ။

ထျန်းကျင်း၏ အင်အားဖြင့် ကောင်းကင်တရားရုံးကို တိုက်ခိုက်မည် ဆိုပါက သေချာပေါက် တစ်ဖက်သတ် အသတ်အဖြတ်ခံရမည့်ပွဲ ဖြစ်လိမ့်မည်။

ကျန်းရှု ရုတ်တရက် အားလျော့သွားသလို ခံစားလိုက်ရသည်။

"တကယ်တော့ ဖြေရှင်းနည်း မရှိတာ မဟုတ်ပါဘူး... အရှင်မင်းကြီး အနေနဲ့ ရာထူးချခံထားရတဲ့ ဆွေမျိုးတွေကို အားကိုးရာ တစ်ခု စီစဉ်ပေးပြီး သေဆုံးသွားတဲ့ ဆွေမျိုးတွေကို ကောင်းမွန်တဲ့ ဝင်စားခြင်း ရအောင် လုပ်ပေးနိုင်ရင် ကောင်းကင်ဧကရာဇ်မင်းမြတ်က အထက်လူကြီးတွေရဲ့ ဒေါသကို သဘာဝကျကျ ဖြေသိမ့်ပေးနိုင်မှာပါ... ဒါပေမဲ့ ငရဲဘုရင်က ဖြောင့်မတ်ပြီး တင်းကျပ်တယ်... ငရဲက ကောင်းကင်တရားရုံးရဲ့ စကားကို နားထောင်ပုံရပေမဲ့ ငရဲဘုရင်မှာ တာအိုဘိုးဘေးရဲ့ အမိန့် ရှိထားတော့ ကောင်းကင်ဧကရာဇ်မင်းမြတ် အနေနဲ့ ငရဲကိစ္စတွေကို တိုက်ရိုက် ဝင်ရောက်စွက်ဖက်ဖို့ ခက်ခဲပါလိမ့်မယ်..."

ကျန်းရှု အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ဒါက တကယ်ပဲ ဖြေရှင်းနည်း တစ်ခု ဖြစ်သည်ဟု ခံစားလိုက်ရသည်။

"လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သူတော်စင်ချီ... ကိုယ်တော် သေချာ စဉ်းစားပါ့မယ်..." ဟု ကျန်းရှုက ပြောလိုက်သည်။

ချီယွမ် ထိုစကားကြားလိုက်ရသောအခါ ပြုံးလိုက်မိသည်။ကျန်းရှု လုပ်နိုင်မည်ဟုလည်း သူ ယုံကြည်သည်။

သူတို့နှစ်ယောက် ခေတ္တမျှ စကားစမြည် ပြောပြီးနောက် ချီယွမ် ထွက်ခွာသွားသည်။

ကျန်းရှုက စားပွဲပေါ်ရှိ ဒယ်အိုးငယ်လေးကို ကြည့်လိုက်သည်။ ၎င်းမှာ ကျန်းမိသားစု ဧကရာဇ်များ မျိုးဆက်တစ်ခုပြီး တစ်ခု လက်ဆင့်ကမ်းလာခဲ့သော ကောင်းကင်နှင့်မြေပြင် ရတနာဖားပြုတ် ဖြစ်သည်။

"လူသားတွေက အင်မော်တယ်တွေကို တကယ် မနိုင်ဘူးလား..."

ချီယွမ်က သူ့အကျိုးအတွက် လုပ်ဆောင်ပေးခြင်း ဖြစ်သော်လည်း သူ့စကားများက ကျန်းရှုကို နက်ရှိုင်းစွာ လှုံ့ဆော်ပေးခဲ့သည်။

ထျန်းကျင်းနှင့် ကောင်းကင်တရားရုံးက တန်းတူညီမျှ မရှိကြောင်း ပေါ်လွင်နေသည်။

ကောင်းကင်နှင့်မြေပြင် ရတနာဖားပြုတ် တုန်ခါသွားပြီး သူ့မေးခွန်းကို ပြန်မဖြေခဲ့ပေ။

ကျန်းရှု ခေါင်းခါပြီး ရယ်မောလိုက်သည်။ တာအိုဘိုးဘေးနှင့် ကောင်းကင်တရားရုံး ပါဝင်ပတ်သက်နေသရွေ့ ဤဖားပြုတ်က နေမကောင်းသလိုသာ ပြုမူတတ်သည်။ ဤသည်က တာအိုဘိုးဘေး မည်မျှ စွမ်းအားကြီးကြောင်း ပြသနေပေသည်။

သူ ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်ရင်း သူ့မျက်ဝန်းများ ဝေဝါးနေသည်။

"အဘိုး... အဘိုးက ဘယ်လို ဖြစ်တည်မှုမျိုးလဲ... ပြီးတော့ ဘယ်လောက်တောင် သန်မာတာလဲ..."

ကျန်းချန်ရှန်း နိုးလာသောအခါ ချက်ချင်း တံခါးပိတ် မကျင့်ကြံသေးပေ။ ထိုအစား ဆေးလုံးများ စတင် သန့်စင်လိုက်သည်။ မဟာဆေးပညာတာအိုကို လေ့လာရာတွင် သူ နောက်ကျကျန်ရစ်၍ မဖြစ်ပေ။ ဆေးလုံးများက သူ့လက်အောက်ငယ်သားများ အတွက်သာ အထောက်အကူ ပြုသည် မဟုတ်ဘဲ သူ့ဆေးပညာ တာအို သန်မာလာသရွေ့ ဆေးလုံးများက သူ့ကို ကူညီပေးနိုင်သည်။

တစ်နှစ်ကြာပြီးနောက်….

မီးတောက်အရှင်က စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေရှိ ကျန်းချန်ရှန်းထံ အလည်လာသည်။

လက်ရှိတွင် စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေသို့ ဝင်ရောက်လာသော ယန်ကလန်သား တစ်သောင်းကျော် ရှိနေပြီ ဖြစ်ပြီး သူတို့၏ အရေအတွက်မှာ နှစ်စဉ် ပိုမို လျင်မြန်စွာ တိုးပွားလာနေသည်။ ယုံကြည်သူ ပိုများလာပြီး မီးတောက်အရှင်ကို အခြားသူများအား စည်းရုံးရာတွင် ကူညီပေးလာသည်နှင့်အမျှ အကျိုးသက်ရောက်မှုမှာ သဘာဝကျစွာ ပိုမို အားကောင်းလာသည်။

မီးတောက်အရှင်က အချိန်အကြာကြီး စောင့်ဆိုင်းပြီးနောက် တာအိုဘိုးဘေး၏ အသံကို ကြားလိုက်ရသည်။

"ဘာကိစ္စလဲ..."

ဤလျစ်လျူရှုသော အသံကို ကြားလိုက်ရသောအခါ မီးတောက်အရှင်၏ နှလုံးသား တည်ငြိမ်သွားပြီး စိတ်အခြေအနေ ကြည်နူးသွားသည်။ တာအိုဘိုးဘေး သူ့ကို ဂရုစိုက်ရန် ဆန္ဒရှိနေသရွေ့ သူ တန်ဖိုးရှိနေသေးဆိုသော သဘောပင်။

တာအိုဘိုးဘေးက သိုင်းအရှင် တစ်ပါးနှင့် နတ်ဘုရား ၇၂ ပါးကို သတ်လိုက်ကြောင်း ကြားလိုက်ရသောအခါ သူ ကြောက်လွန်း၍ သေလုနီးပါး ဖြစ်ခဲ့ရသည်။

သိုင်းအရှင် တစ်ပါးသည် မဟာကောင်းကင်အရှင် အဆင့်ထက် ကျော်လွန်သော ဖြစ်တည်မှု တစ်ခု ဖြစ်သည်။ သူသည် သေချာပေါက် အရေးပါသော ပုဂ္ဂိုလ် တစ်ဦး ဖြစ်သည်။ ယန်ကလန် အတွက်မူ သူသည် သူတို့ ချဉ်းကပ်၍ မရနိုင်သော သာလွန်ထူးကဲသည့် ဖြစ်တည်မှု တစ်ခု ဖြစ်သည်။

ဤကိစ္စက ရွှမ်ဟွမ်းကမ္ဘာကြီး တစ်ခုလုံးသို့ ပျံ့နှံ့မသွားသော်လည်း ယန်ကလန် တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။ ဤသည်က ယန်ကလန်ကို တာအိုဘိုးဘေးနှင့် ပိုမို ဝေးကွာနေသလို ခံစားရစေသည်။သို့သော်လည်း ဤအကွာအဝေးက သူတို့ကို လက်လျှော့သွားစေခြင်း မရှိပေ။ ထိုအစား သူတို့ ပို၍ စိတ်အားထက်သန်လာကြသည်။

"သိုင်းနတ်ဘုရားနယ်မြေက ရှေးဟောင်းဂိုဏ်းတွေကို ဝိုင်းရံဖိနှိပ်ဖို့ အင်အားတွေ ပိုစေလွှတ်လိုက်ပါပြီ... ပုန်ကန်တဲ့ ကံတရားမင်းဆက်တွေလည်း ငြိမ်သက်သွားပါပြီ... နတ်ဘုရားအပြစ်ပေးခြင်း စစ်တပ် အရေအတွက်က အရင်ကထက် ဆယ်ဆကျော် ပိုများလာပါတယ်... တခြား စစ်တပ်တွေလည်း ရှိပါသေးတယ်... သိုင်းနတ်ဘုရားနယ်မြေရဲ့ ပြည်တွင်းစစ် ပြီးဆုံးသွားပြီ ထင်ပါတယ်..."

မီးတောက်အရှင် အလျင်အမြန်တင်ပြလိုက်သည်။ သူ့အမြင်အရ သိုင်းနတ်ဘုရားနယ်မြေဘက်က တာအိုဘိုးဘေးကြောင့် လှုံ့ဆော်ခံလိုက်ရခြင်း ဖြစ်ပေလိမ့်မည်။

သိုင်းအရှင် တစ်ပါးကို မဆိုထားနှင့် သိုင်းတာအိုစိတ်ဝိဉာဉ်နယ်ပယ် ကျွမ်းကျင်သူများကို မဆိုထားနှင့် တုနှိုင်းမဲ့လေဟာနယ်နယ်ပယ် ကျွမ်းကျင်သူများသည်ပင် လူအများစု၏ မျက်လုံးထဲတွင် မသေနိုင်သော ဖြစ်တည်မှုများ ဖြစ်ကြသည်။ တာအိုဘိုးဘေး၏ ဟန့်တားမှုက ရှေးဟောင်းဂိုဏ်းများကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ကျန်းချန်ရှန်း ထိုစကားကြားလိုက်ရသောအခါ အံ့သြခြင်း မရှိပေ။ သူ ဤအခြေအနေကို မျှော်လင့်ထားပြီး ဖြစ်သော်လည်း ထိတ်လန့်ခြင်း မရှိချေ။ သိုင်းနတ်ဘုရားနယ်မြေဘက်က တိုက်ခိုက်လာပါက သူ အနန္တကမ္ဘာမုခ်ဦးကို ပိတ်လိုက်ရုံသာ ရှိသည်။ လောလောဆယ်တွင် ခွန်းလွန်လွင်ပြင်ကို ဖော်ထုတ်ခြင်း မရှိသေးသော်လည်း အနန္တကမ္ဘာမုခ်ဦးက မတူညီသော ကမ္ဘာများဆီသို့ ဦးတည်သွားစေလိမ့်မည်။

တုကူးထောင်နှင့် တိုက်ပွဲ ပြီးဆုံးပြီးနောက် အနန္တကမ္ဘာမုခ်ဦးတွင် ပုန်းအောင်းရန် ကိုယ်ပွားတစ်ခုကိုပင် အထူးတလည် စေလွှတ်ထားသည်။ ဝင်ရောက်လာသော စွမ်းအားကြီးသည့် အရှိန်အဝါ ရှိသည့် နေရာတိုင်းတွင် ကိုယ်ပွားက အနန္တကမ္ဘာမုခ်ဦးကို ပထမဆုံး အချိန်တွင် ပိတ်ပစ်လိမ့်မည်။

မီးတောက်အရှင်က အခြား အခြေအနေများကို တင်ပြခဲ့ရာ အများစုမှာ ကမ္ဘာ ၃၀၀၀ ရှိ အဓိက ဖြစ်ရပ်များ အကြောင်း ဖြစ်သည်။

ထို့အပြင် ယန်ကလန်ဘက်က ယဲ့ကလန်သား ဒါဇင်ပေါင်းများစွာကို ရှာတွေ့ထားပြီ ဖြစ်သည်။ သို့သော်လည်း ယန်ကလန်သားများကအရေအတွက် များလွန်းပြီး အာရုံစိုက်ခံရလွယ်သောကြောင့် ရွှမ်ဟွမ်းကမ္ဘာကြီးမှ မဆင်မခြင် ထွက်ခွာရန် မရဲကြပေ။ သူတို့အားလုံး တာအိုဘိုးဘေး လာခေါ်မည့် အချိန်ကိုသာ စောင့်ဆိုင်းနေရသည်။

"နောက်ထပ် နည်းနည်းလောက် ထပ်စောင့်ပါ... မင်းရဲ့ လက်ရှိ တာဝန်က အင်အား စုဆောင်းဖို့နဲ့ ကိုယ့်လုံခြုံရေးကို အာမခံဖို့ပဲ... ဘယ်သူလျှိုမှ မပေါ်လာပါစေနဲ့... တစ်နေ့ကျရင် ငါ ကိုယ်တိုင် မင်းတို့ကို လာခေါ်မယ်... အဲဒီအချိန်ကျရင် သိုင်းနတ်ဘုရားနယ်မြေက ငါ့ကို တားဆီးနိုင်မှာ မဟုတ်ဘူး..."

တာအိုဘိုးဘေး၏ အဖြေကို ကြားလိုက်ရသောအခါ မီးတောက်အရှင် အလွန် စိတ်လှုပ်ရှားသွားပြီး အလျင်အမြန် ကျေးဇူးတင်စကား ပြောလိုက်သည်။

ခေတ္တမျှ ကြာပြီးနောက် မီးတောက်အရှင် ထွက်ခွာသွားပြီး ကျန်းချန်ရှန်း၏ အသိစိတ်သည်လည်း လက်တွေ့ဘဝသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

အတန်ကြာ စဉ်းစားပြီးနောက် ကျန်းဇီယုထံ အသံပေးပို့ပြီး အင်မော်တယ်နတ်ဘုရား အားလုံးကို ပြန်ခေါ်ရန် ပြောလိုက်သည်။ သူသည် အနန္တကမ္ဘာမုခ်ဦးကို ယာယီ ပိတ်ထားရန် ဆုံးဖြတ်လိုက်ပြီး ခေတ္တမျှ ငြိမ်နေလိုက်သည်။

သိုင်းနတ်ဘုရားနယ်မြေက ရှေးဟောင်းဂိုဏ်းများကို ရှင်းလင်းပြီးသွားသောအခါ သူတို့ သေချာပေါက် သူ့ကို တိုက်ခိုက်လာလိမ့်မည်။

ကောင်းကင်တရားရုံးက ကောင်းကင်တရားရုံး သီးသန့် ဆက်သွယ်ရေး ရတနာတစ်ခုကို ဖန်တီးထားသည်။ထိုရတနာကိုသုံး၍ ကျန်းဇီယုက အပြင်ထွက်နေသော အင်မော်တယ်နတ်ဘုရား အားလုံးကို အမိန့်ပေးနိုင်သည်။

သုံးလ မပြည့်မီ ပင်းအန်းမှလွဲ၍ အားလုံး ပြန်ရောက်လာကြသည်။

သူတို့ ပြန်ရောက်ပြီးနောက် အနန္တကမ္ဘာမုခ်ဦး ပိတ်သွားသဖြင့် အတော်လေး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

တစ်နေ့တွင် လုရှန်ကျိုး ကျန်းချန်ရှန်းထံ အလည်လာရာ ကျန်းဇီယုက ကိုယ်တိုင် ခေါ်ဆောင်လာခဲ့သည်။

"ဘာကိစ္စလဲ..."

ကျန်းချန်ရှန်း၏ အသံ ခရမ်းရောင်တိမ်တိုက်နန်းတော်မှ ထွက်ပေါ်လာသော်လည်း တံခါး ပွင့်မလာပေ။

လုရှန်ကျိုးက တံခါးရှေ့တွင် ဒူးထောက်ပြီး …ယ

"တာအိုဘိုးဘေး... အခု အနန္တကမ္ဘာမုခ်ဦး ပိတ်သွားပြီ ဆိုတော့ သိုင်းနတ်ဘုရားနယ်မြေကို ခင်ဗျား ကြောက်နေတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်... ခင်ဗျား စွမ်းအားကြီးပေမဲ့ ကောင်းကင်တရားရုံးက တကယ် အားနည်းနေပါတယ်... တိုက်ဆိုင်စွာနဲ့ ကျွန်တော် ပါရမီရှင်တစ်ယောက်နဲ့ ချိန်းထားတာ ရှိတယ်... အချိန်လည်း နီးနေပြီ ဆိုတော့ ကျွန်တော့်ကို သွားပြီး တိုက်ခိုက်ခွင့် မပေးနိုင်ဘူးလား... အချိန်တန်ရင် ကောင်းကင်တရားရုံးရဲ့ အင်အားကို တိုးမြှင့်နိုင်အောင် သူ့ကို ဖမ်းခေါ်လာခဲ့ပါ့မယ်..."

"သိုင်းနတ်ဘုရားနယ်မြေက ကျွန်တော့်ရဲ့ ဘက်ပြောင်းမှုကို ဘယ်တော့မှ လူသိရှင်ကြား ထုတ်ပြောမှာ မဟုတ်ပါဘူး... သိုင်းနတ်ဘုရားနယ်မြေက ပါရမီရှင်တွေကို အရမ်း အလေးထားပါတယ်... အရင်က ယဲ့ရှန်ခုန်းရဲ့ ဖြစ်ရပ်က သိုင်းနတ်ဘုရားနယ်မြေရဲ့ ဂုဏ်သိက္ခာကို အများကြီး ကျဆင်းစေခဲ့ပါတယ်... အခုဆိုရင် ယဲ့ရှန်ခုန်းရဲ့ နာမည်က သိုင်းနတ်ဘုရားနယ်မြေမှာ တားမြစ်ချက် ဖြစ်နေပြီး ထည့်ပြောလို့ မရပါဘူး... သူတို့က ကျွန်တော့်ရဲ့ ဘက်ပြောင်းမှုကို ဘယ်လိုလုပ် ဖွင့်ချနိုင်မှာလဲ... ဒါကြောင့် ကျွန်တော် အပြင်ထွက်တာ သိပ်အန္တရာယ် ရှိမှာ မဟုတ်ပါဘူး..."

ကျန်းဇီယု ထိုစကားကြားလိုက်ရသောအခါ မျှော်လင့်တကြီး ဖြစ်သွားသည်။ လုရှန်ကျိုးဆိုသူက အလွန် အသုံးဝင်သည်။

"ကောင်းပြီ..."

ကျန်းချန်ရှန်း၏ အသံကို ကြားလိုက်ရသောအခါ လုရှန်ကျိုး ဝမ်းသာသွားသည်။

ထိုအခိုက်၌ ဆံပင်တစ်မျှင် သူ့ရှေ့သို့ ကျဆင်းလာပြီး တာအိုဘိုးဘေး၏ အသံ ထွက်ပေါ်လာပြန်သည်။

"ငါ့ဆံပင်ကို ကောင်းကောင်း သိမ်းထား... အရေးကြီးတဲ့ အချိန်ကျရင် မင်းအသက်ကို ကယ်နိုင်တယ်..."

လုရှန်ကျိုး အလျင်အမြန် လက်ခံလိုက်ပြီး တာအိုဘိုးဘေးကို ကျေးဇူးတင်စကား ပြောလိုက်သည်။

ထို့နောက် ကျန်းချန်ရှန်းက သူ့ကို ခွန်းလွန်လွင်ပြင်မှ ရွှေ့ပြောင်းပေးလိုက်ပြီး ကျန်းဇီယုလည်း ထွက်ခွာသွားသည်။

လုရှန်ကျိုးတယောက် စိတ်ဓာတ်ခွန်အား အပြည့်ဖြင့် ရွှမ်ဟွမ်းကမ္ဘာကြီးဆီသို့ ပျံသန်းသွားစဉ် ကျန်းချန်ရှန်းကတော့ လုရှန်ကျိုး အဖမ်းခံရပါက ခွန်းလွန်လွင်ပြင်၏ တည်နေရာကို မဖွင့်ချနိုင်စေရန် ခွန်းလွန်လွင်ပြင်ကို စတင် ရွှေ့ပြောင်းလိုက်လေသည်။

All Chapters