သတ္တမဉာဏ်ပညာဘုရင်
Vol. 29 Ch. 411
ကျန်းချန်ရှန်း၏ အကန့်အသတ်မဲ့ ကောင်းကင်နှင့်မြေပြင် အမြင်အာရုံ ဖုန်းယွီအပေါ်သို့ ကျရောက်သွားသောအခါ ဖုန်းယွီ ကောင်းကင်လှေ တစ်စင်းပေါ်တွင် ရောက်ရှိနေကြောင်း သတိပြုမိလိုက်သည်။ ဤကောင်းကင်လှေများက သိုင်းနတ်ဘုရားနယ်မြေ၏ သင်္ကေတ ဖြစ်သည်။ ၎င်းတို့က မြန်ဆန်ပြီး ကမ္ဘာတစ်ခုလုံးကို သယ်ဆောင်နိုင်စွမ်း ရှိသည်။ ထို့အပြင် ၎င်းတို့တွင် ပြီးပြည့်စုံသော နိယာမ စွမ်းအားများ ပါဝင်သဖြင့် ၎င်းတို့အပေါ်ရှိ ကမ္ဘာများ၏ ဂေဟစနစ်ကို ထိန်းသိမ်းထားနိုင်ပေသည်။
ဖုန်းယွီ စီးနင်းလိုက်ပါလာသောကောင်းကင်လှေက လုရှန်ကျိုး၏ လှေထက် ပိုကြီးပြီး လှေပေါ်တွင် လူများစွာ ရှိနေသော်လည်း ဖုန်းယွီကတော့ သူတို့ကြားတွင် ထင်ရှားခြင်း မရှိပေ။
ယခုအချိန်တွင် ဖုန်းယွီသည် ကောင်းကင်လှေ အထက်ရှိ တောင်တန်းများကြားမှ တောင်ကြားတစ်ခုတွင် သိုင်းပညာရှင် ထောင်ပေါင်းများစွာနှင့်အတူ ရပ်နေသည်။ အံ့သြစရာ ကောင်းသည်မှာ သိုင်းပညာရှင် အများစုက အလွန် ငယ်ရွယ်ပုံရ၏။
ရွှမ်ဟွမ်းကမ္ဘာကြီးတွင် သိုင်းပညာရှင်များ၏ နယ်ပယ် မြင့်မားလာသည်နှင့်အမျှ အိုမင်းခြင်း လုပ်ငန်းစဉ် နှေးကွေးသွားလေ့ ရှိသည်။ ဤသိုင်းပညာရှင်များ အလွန် ငယ်ရွယ်ပုံရသဖြင့် သူတို့ အများစုက ပါရမီရှင်များ ဖြစ်ကြပေမည်။
ဖုန်းယွီ၏ မောင်နှမများကတော့ သူ့နောက် လိုက်မလာခဲ့ကြပေ။ သူသည် လက်ရှိတွင် ကောင်းကင်လှေပေါ်ရှိ အခြားသူများကို လေ့လာနေသည်။ စိတ်ဓာတ်ခွန်အား မြင့်မားပြီး ကျော့ရှင်းလှပသော ထိုပါရမီရှင်များနှင့် ယှဉ်လျှင် ဖုန်းယွီ၏ပုံစံက အလွန် နှိမ့်ချနေပုံရပြီး လူအများအပြားက သူ့ကို အာရုံမစိုက်ကြပေ။
နှစ်များစွာ ကြာပြီးနောက် သူ့ခန္ဓာကိုယ်ထဲမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို ဖုန်းယွီ ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။
ဖုန်းယွီ ကြီးပြင်းသန်မာလာဖို့ ကျန်းချန်ရှန်း မျှော်လင့်ထားသော်လည်း သိုင်းနတ်ဘုရားနယ်မြေ၏ ရွေးချယ်ခြင်းကို ဤမျှ စောစီးစွာ ခံရလိမ့်မည်ဟု မထင်ထားခဲ့ချေ။
အကန့်အသတ်မဲ့ ကောင်းကင်နှင့်မြေပြင်အမြင်အာရုံစွမ်းရည်က စကားပြောသံများကို မကြားနိုင်သော်လည်း သူတို့၏ နှုတ်ခမ်းလှုပ်ရှားမှုများမှ တဆင့် သူတို့၏ စကားဝိုင်းကို နားလည်နိုင်သည်။
တုနှိုင်းမဲ့ခွန်းလွန်က ပါရမီရှင်များကို ရွေးချယ်ပြီး အထူးတလည် ပျိုးထောင်ပေးချင်နေတာပဲ...
ရောက်ရှိနေသော ပါရမီရှင် အများစုမှာ မင်းမျိုးမင်းနွယ် ကလန်များမှ ဖြစ်ကြပြီး ဖုန်းယွီလို လှည့်လည်သွားလာနေသော သိုင်းပညာရှင်မျိုးကတော့ အလွန် ရှားပါးသည်။ ထိုအုပ်စုက အလွန် နှုတ်ဆိတ်နေကြပြီး မင်းမျိုးမင်းနွယ် ကလန်များမှ သားစဉ်မြေးဆက်များ၏ ပျော်ရွှင်မြူးထူးမှုများနှင့် ယှဉ်လျှင် ကွဲပြားခြားနားသော ကမ္ဘာနှစ်ခုကဲ့သို့ ဖြစ်နေသည်။
တုနှိုင်းမဲ့ခွန်းလွန်က နောက်ထပ် နတ်ဘုရား ၇၂ ပါးကို ထပ်မံ ပျိုးထောင်ချင်နေသည်ဟု ကျန်းချန်ရှန်း ခန့်မှန်းလိုက်သည်။
ဒါက ကောင်းတဲ့ ကိစ္စပဲ... ဖုန်းယွီသာ နတ်ဘုရား ၇၂ ပါး အသစ်ထဲက တစ်ယောက် ဖြစ်လာနိုင်ရင် စစ်တုရင်နယ်ရုပ် အနေနဲ့ ပိုအသုံးဝင်လိမ့်မယ်... သူ နိယာမ စွမ်းအားတွေနဲ့ ထိတွေ့ခွင့် ပိုရလေလေ ဖရိုဖရဲကနဦး နတ်ဘုရားအဆောင် ပိုမြန်မြန် သန်မာလာလေလေပဲ...
ကျန်းချန်ရှန်း သူ့ကို ခေတ္တမျှ ကြည့်ပြီးနောက် အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။
ထို့နောက် လူ့လောကနှင့် သူ ဖန်ဆင်းထားသော ခွန်းလွန်လွင်ပြင်ကို ကြည့်လိုက်၏။
ခွန်းလွန်လွင်ပြင်တွင် လူများစွာ ရှိသည်။ နယ်မြေ ကျယ်ဝန်းပြီး လူသားမျိုးနွယ်၏ ကံတရားမင်းဆက်က စတုရန်းမီတာ ၁၀၀,၀၀၀ အောက် မနည်းပေ။ ထျန်းကျင်းတွင် ကောင်းကင်တရားရုံး၏ ကျောထောက်နောက်ခံ ရှိသော်လည်း နှစ်ထောင်ချီ လက်ဆင့်ကမ်းလာခဲ့သော ထိုမြင့်မြတ်သော မင်းဆက်များနှင့် အလှမ်းကွာဝေးနေသေးသည်။
ကျန်းချန်ရှန်း၏ အကြည့်က လူ့လောက တစ်ခွင် ဖြတ်သန်းသွားပြီး လူထုကို ငုံ့ကြည့်ရင်း တာအိုနည်းစနစ်ကို နားလည်သဘောပေါက်ရန် ကြိုးစားလိုက်သည်။
အောင်မြင်မှု တိုးတက်လာသည်နှင့်အမျှ တာအိုအသီးနှင့် သူ့ဝိညာဉ်ကြား ချိတ်ဆက်မှု နက်ရှိုင်းလာပြီးနောက် သူ့ဝိညာဉ်ကလည်း နက်ရှိုင်းသော နေရာရှိ တာအိုကမ္ဘာနှင့် ချိတ်ဆက်သွားခဲ့ပြီဖြစ်သည်။
တာအိုကမ္ဘာ တည်ထောင်ပြီးကတည်းက ထိုနေရာရှိ ကောင်းကင်နှင့် မြေပြင်ကြား အကွာအဝေး တိုးများလာခဲ့ပြီး ကမ္ဘာ၏ စည်းမျဉ်းများသည်လည်း သူ့အလိုလို ရင့်ကျက်လာနေသည်။ ဒီနှစ်တွင် ကျန်းချန်ရှန်း၏ အသက်က ၁,၂၀၀ သာ ရှိသေးသည်။ ကမ္ဘာတစ်ခုအတွက် နှစ် ၁၂၀၀ ဆိုသည်မှာ ထည့်ပြောစရာ မလိုပေ။ ရံဖန်ရံခါ တာအိုကမ္ဘာတွင် အသ်ဉာဏ်ပညာ ပေါက်ဖွားလာသော ဝိညာဉ်ဆေးပင်များနှင့် ပန်းများ ရှိတတ်သော်လည်း မကြာမီ ပျောက်ကွယ်သွားပြီး စစ်မှန်သော သက်ရှိများ မဖြစ်လာနိုင်ကြချေ။
တာအိုအသီးကို တာအိုကမ္ဘာနှင့် ပေါင်းစည်းခြင်းက မှန်ကန်သော လမ်းကြောင်း ဟုတ်မဟုတ် ကျန်းချန်ရှန်း တွေးတောနေမိသည်။
တာအိုအသီးက ဖန်ဆင်းခြင်း နိယာမများ၏ နက်နဲမှုကို ပိုင်ဆိုင်ထားသော မှော်စွမ်းအင်များကို အဆုံးမရှိ ထုတ်လုပ်ပေးနိုင်သည်။
ကျန်းချန်ရှန်း ထိုတွေးများကို ချက်ချင်း မလိုက်နာပေ။ ထိုအစား ကမ္ဘာကြီးကိုသာ ဆက်လက် ကြည့်ရှုနေလိုက်သည်။
သူ့အကြည့်က မြင်ကွင်းများစွာကို မြင်တွေ့ခွင့် ရစေသည်။ မိသားစု ပျော်ရွှင်မှုများ ရှိသလို ရှင်ကွဲ ကွဲခြင်းနှင့် သေကွဲ ကွဲခြင်းများလည်း ရှိသည်။ ကောင်းကင်တရားရုံးမှ လူများ မကောင်းမှု ကျူးလွန်သည်ကိုပင် သူ မြင်တွေ့ရသည်။ သူ့ယုံကြည်သူများ မကောင်းမှု ကျူးလွန်သည်ကိုလည်း မြင်ရသည်။ အချို့ အင်မော်တယ်နတ်ဘုရားများကို နတ်ဆိုးများက လိုက်လံ ဖမ်းဆီးနေသဖြင့် ပုန်းအောင်းနေရသည်ကိုလည်း မြင်ရသည်။ အချို့ ယုံကြည်သူများ အနိုင်ကျင့်ခံနေရသည်ကိုလည်း မြင်ရသည်။
ဤအရာများ အားလုံးက သူ့ကို မလှုပ်ရှားစေနိုင်ပေ။
သူ့မျက်လုံးထဲတွင် ထင်ဟပ်နေသော အခြေအနေ အမျိုးမျိုး တဖြည်းဖြည်း စုစည်းသွားပြီး စကားလုံး တစ်လုံး ဖြစ်လာသည်။
ကံတရား...
သဘာဝနည်းစနစ်၏ ၁၁ ဆင့်မြောက် အလွှာသည် ကံတရား ပြုစုပျိုးထောင်ခြင်းကို စတင်နေပြီ ဖြစ်သည်။ ဖြစ်နိုင်သည်မှာ သူ အဆင့်မတက်နိုင်ရခြင်း အကြောင်းရင်းမှာ ကံတရားအပေါ် သုတေသန ပြုလုပ်မှု အားနည်းနေသောကြောင့် ဖြစ်ပေလိမ့်မည်။
ကျန်းချန်ရှန်း စဉ်းစားရင်း သူ့ကိုယ်သူ မေးခွန်းထုတ်လိုက်သည်။
…………………
ကျယ်ပြောလှသော ကြယ်တာရာ ကောင်းကင်၏ အစွန်းတစ်ဖက်တွင် တစ်ဖက်၌ အဆုံးမဲ့ အမှောင်ထု ရှိပြီး အခြားတစ်ဖက်တွင် တောက်ပသော ကြယ်တာရာ ကောင်းကင် ရှိသည်။ အရွယ်အစား အမျိုးမျိုးသော ဥက္ကာခဲ အမြောက်အမြား ထိုနေရာတွင် ပျံဝဲနေပြီး မည်သူမျှ ၎င်းတို့၏ အဆုံးသတ်ကို မမြင်နိုင်ကြပေ။
လခြမ်းပုံသဏ္ဌာန်နှင့် တူညီသော ဥက္ကာခဲ တစ်ခုပေါ်တွင် အနီရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသား တစ်ဦး တရားထိုင်နေကာ လက်နှစ်ဖက်ကို ဒူးပေါ်တင်ထားပြီး လက်ဝါးများကို ဖြန့်ထားသည်။
သူ့မျက်နှာက ဖြူဖွေးပြီး အရောင်အဆင်း ကင်းမဲ့နေသော်လည်း ပန်းချီကားထဲမှ ထွက်လာသကဲ့သို့ ချောမောလှပသည်။ သူ့ဆံပင်ရှည်များကို ဖန်သားရောင် ကျောက်စိမ်းဝါ သရဖူအောက်တွင် ထုံးဖွဲ့ထားပြီး မျက်နှာ ဘေးတစ်ဖက်တစ်ချက်ရှိ ဆံနွယ်များက အနည်းငယ် လှုပ်ခတ်နေသည်။
"နောက်ဆုံးတော့ မင်း ရောက်လာပြီပဲ... မင်း တာအိုဘိုးဘေး လက်ချက်နဲ့ သေသွားပြီလို့ ငါ ထင်နေတာ..."ဟု အနီရောင်ဝတ်ရုံနှင့် လူက မျက်လုံးမဖွင့်ဘဲ ပြောလိုက်သည်။
သူ့အသံ ဆုံးသည်နှင့် ပတ်ဝန်းကျင်ရှိ လေဟာနယ်မှာ ကမ်းခြေမှ လှိုင်းများကဲ့သို့ ပြင်းထန်စွာ လိမ်တွန့်သွားပြီး ဥက္ကာခဲများပင် လိမ်တွန့်နေသည်။
ပြင်းထန်သော အလင်းတန်း တစ်ခု အရှိန်ဖြင့် ရောက်လာပြီး ရပ်တန့်လိုက်သောအခါ ပတ်ဝန်းကျင်ရှိ လေဟာနယ်မှာ ပုံမှန် အတိုင်း လျင်မြန်စွာ ပြန်ဖြစ်သွားသည်။
၎င်းမှာ လုရှန်ကျိုး ဖြစ်သည်...
လုရှန်ကျိုးက ကောင်းကင်ဗိုလ်ချုပ် တစ်ဦး၏ ငွေရောင် သံချပ်ကာကို ဝတ်ဆင်မထားပေ။ ထိုအစား သူသည် သိုင်းနတ်ဘုရားနယ်မြေမှ ဝတ်စုံကို လဲလှယ်ဝတ်ဆင်ထားသည်။ လုရှန်ကျိုးကလည်း အနီရောင်ဝတ်ရုံနှင့် လူကို အကဲခတ်ကြည့်ပြီး နှုတ်ဆိတ်နေသည်။
အနီရောင်ဝတ်ရုံနှင့် လူ မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်ကာ…
"မင်းရဲ့ ကံတရား အရှိန်အဝါ ပြောင်းလဲသွားပြီ... မင်း သိုင်းနတ်ဘုရားနယ်မြေကို စွန့်ပစ်လိုက်ပြီလား..."
လုရှန်ကျိုးက ပြုံးလိုက်ပြီး…..
"သိုင်းနတ်ဘုရားနယ်မြေကို စွန့်ပစ်ဖို့ အကြောင်းပြချက် မရှိပါဘူး... ကျွန်တော် တုကူးထောင်ရဲ့ အကျယ်ချုပ်ချတာ ခံခဲ့ရတယ်... ခင်ဗျားကို တိုက်ခိုက်ဖို့အတွက် ကျွန်တော် ဖိအားတွေ အများကြီး ခံစားနေရတယ်... ဒါကြောင့် တခြားသူတွေ ကျွန်တော့်ကို ဝေဖန်နိုင်ပေမဲ့ ခင်ဗျားကတော့ မရဘူး..."
အနီရောင်ဝတ်ရုံနှင့် လူ မျက်ခုံးပင့်လိုက်ပြီး ….
"ရယ်စရာ ကောင်းတယ်လို့ ထင်ရပေမဲ့ ဒါက မင်း လုပ်ရမယ့် အရာနဲ့ တူပါတယ်... သိုင်းနတ်ဘုရားနယ်မြေကို မထိဖို့ ငါ မင်းကို ပြောခဲ့သားပဲ... မင်း သိုင်းနတ်ဘုရားနယ်မြေကို ဝင်လိုက်တာနဲ့ မင်း ထွက်ချင်တိုင်းထွက်လို့ ရမှာ မဟုတ်ဘူး..."
လုရှန်ကျိုးက လက်ဝှေ့ယမ်းလိုက်ပြီး…..
"သတ္တမဉာဏ်ပညာဘုရင်... ခင်ဗျားက ဘာလို့ တုကူဝမ်ထျန်း လောက် နှေးကွေးနေရတာလဲ..."
သတ္တမဉာဏ်ပညာဘုရင် အမည်ရှိသော အနီရောင်ဝတ်ရုံနှင့် လူသည် တုကူဝမ်ထျန်းဟူသော နာမည်ကို မကြားချင်သကဲ့သို့ နှာခေါင်းရှုံ့လိုက်သည်။
သတ္တမဉာဏ်ပညာဘုရင် မတ်တတ်ရပ်လိုက်တော့ သူ့အနီရောင် ဝတ်ရုံများ လေထဲတွင် လွင့်ပျံနေသည်။
"ငါတို့ နောက်ဆုံး တိုက်ခိုက်ခဲ့တာ နှစ်ထောင်ချီ ရှိပြီပဲ... ဒီနေ့ ဘယ်သူ ပိုကောင်းမလဲ ကြည့်ကြတာပေါ့..."
"နှစ်တစ်ထောင်မှ တစ်ကြိမ် တိုက်ခိုက်တာ ဆိုတော့ နည်းနည်းလောက် ပျော်စရာ မကောင်းဘူးလား..."
"ဘာ ပျော်စရာလဲ..."
"ခင်ဗျား ရှုံးရင် ကျွန်တော်နဲ့အတူ တစ်နေရာကို လိုက်ခဲ့... ကျွန်တော် ရှုံးရင် ကျွန်တော့်ကို ဖမ်းပြီး သိုင်းနတ်ဘုရားနယ်မြေကို ပို့ဖို့ ခွင့်ပြုမယ်... ဒါဆို ခင်ဗျား ကလန်အတွက် အကျိုးပြုနိုင်မှာပေါ့..."
"ကောင်းပြီ..."
သတ္တမဉာဏ်ပညာဘုရင် ချက်ချင်း သဘောတူလိုက်သည်။ သူ့ခန္ဓာကိုယ် လှုပ်ခါသွားပြီး ကိုယ်ပွား ခြောက်ခု ခွဲထွက်လာရာ အားလုံးက တူညီသော ပုံပန်းသဏ္ဌာန်နှင့် အရှိန်အဝါ ရှိကြသည်။
"နှစ်တစ်ထောင် ကြာပြီးနောက် ငါ့ရဲ့ အဆုံးစွန်သော ခုနစ်ပါး မူလလေးလံခြင်းနည်းစနစ်က အောင်မြင်မှုကြီး ရရှိခဲ့ပြီ... မင်းရဲ့ နတ်ဘုရားစွမ်းအားက မှီနိုင်မလား ကြည့်ကြတာပေါ့..."
သတ္တမဉာဏ်ပညာဘုရင်က မျက်နှာသေဖြင့် ပြောလိုက်ရင်း ချက်ချင်းပင် ပုံရိပ် ခုနစ်ခုလုံးထံမှ ကြောက်မက်ဖွယ် အရှိန်အဟုန် တစ်ခု တစ်ပြိုင်နက် ပေါက်ကွဲထွက်လာသဖြင့် ကြောက်မက်ဖွယ် ရိုက်ခတ်မှုတစ်ခု ကြယ်တာရာ ကောင်းကင်ကို ဖြတ်သန်းသွားပြီး ဥက္ကာခဲများကို ဖုန်မှုန့်အဖြစ် ချေမွပစ်လိုက်သည်။
တိုက်ပွဲကြီး တစ်ခု တရားဝင် စတင်လေပြီ…
……………………………..
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး ကောင်းကင်အမွေခံခေါတ် စတင်ခဲ့သည်မှာ ၄၁၂ နှစ် ရှိပြီ ဖြစ်သည်။
ထျန်းကျင်းသည်လည်း တဖန်ပြန်လည် ငြိမ်းချမ်းနေချေပြီ။ ဧကရာဇ်က နယ်စားဘုရင်များကို ရှင်းလင်းသည့် ကိစ္စလည်း ပြေလည်သွားခဲ့သည်။ ဆယ်စုနှစ်များစွာ ကြာပြီးနောက် သာမန်ပြည်သူများ ထိုကိစ္စကို မေ့လျော့သွားကြပြီး ကောင်းကင်တရားရုံးဘက်ကလည မည်သူ့ကိုမျှ တာဝန်ယူခိုင်းခြင်း မရှိတော့ပေ။
ဒီနှစ်တွင် တာအိုကို နားလည်သဘောပေါက်ရန် တံခါးပိတ်ကျင့်ကြံနေသော ကျန်းချန်ရှန်း အနှောင့်အယှက် ခံလိုက်ရသည်။ သူ မျက်လုံးဖွင့်လိုက်ရာ နဖူးပေါ်ရှိ မဟာတာအိုမျက်လုံး ပျောက်ကွယ်သွားခဲ့သည်။
မဟာတာအို အသွင်ပြောင်းလဲခြင်း ပုံစံဖြင့် ရှိနေသော ဆံပင်တစ်မျှင်ကို အသုံးပြုလိုက်သည်ကို သူ ခံစားလိုက်ရသည်။ သူ သေချာ အာရုံခံကြည့်လိုက်ရာ လုရှန်ကျိုးထံမှ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
လုရှန်ကျိုး အသက်အန္တရာယ် ရှိနေပြီ…ဒီကောင့်ကို သိုင်းနတ်ဘုရားနယ်မြေက လိုက်လံ ဖမ်းဆီးခြင်းနေတာလား...
ချက်ချင်းပင် လုရှန်ကျိုး၏ ဝင်စားခြင်း အမှတ်အသားကို အာရုံခံလိုက်ပြီး အကန့်အသတ်မဲ့ ကောင်းကင်နှင့်မြေပြင်အမြင်အာရုံကို ထုတ်သုံးလိုက်သည်။
ရွှမ်ဟွမ်းကမ္ဘာကြီး၏ အစွန်းရှိ လေဟာနယ်တွင် ပုံရိပ်နှစ်ခု တိုက်ခိုက်နေကြသည်။ထိုသူတို့မှာ လုရှန်ကျိုးနှင့် သတ္တမဉာဏ်ပညာဘုရင်တို့ပင် ဖြစ်ကြသည်။
ထိုအခိုက်၌ လုရှန်ကျိုးပုံစံက အလွန် သနားစရာကောင်းသော အခြေအနေတွင် ရှိနေသည်။ သူ့တကိုယ်လုံး သွေးများ ဖုံးလွှမ်းနေပြီး သတ္တမဉာဏ်ပညာဘုရင်ကလည်း သူ့ကိုယ်ပွားများနှင့် ပေါင်းစည်းထားပြီဖြစ်သည်။ နောက်ပိုင်းတွင် သူ့ထံ၌ လက်မောင်း ၁၄ ဖက်နှင့် ခေါင်း ၃ လုံး ရှိနေသည်မှာ အလွန် ထူးဆန်းသော မြင်ကွင်း တစ်ခု ဖြစ်နေသည်။ သူ့လက် တစ်ဖက်စီတွင် နတ်ဘုရားလက်နက် ပုံရိပ်များ စုစည်းနေသည်။ ထိုနတ်ဘုရားလက်နက်များက ပုံစံအမျိုးမျိုး ရှိပြီး အနီရင့်ရောင် အရောင်ဆင်းဖြင့် အားလုံးက ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်နေကြသည်။
"လုရှန်ကျိုး... မင်း ဘယ်ကို ပြေးနေတာလဲ... ကျော်ကြားလှတဲ့ လုရှန်ကျိုးသာ ဒီလို သနားစရာ အခြေအနေ ဖြစ်နေတာကို လူတွေ သိရင် လှောင်ပြောင်နေကြတော့မှာပဲ..."
သတ္တမဉာဏ်ပညာဘုရင် ရူးသွပ်စွာ ရယ်မောလိုက်သည်။ အလယ်ခေါင်း၏ မျက်နှာထားမှာ လျစ်လျူရှုထားပုံရပြီး ညာဘက်ခေါင်းက ဒေါသများ ပြည့်နှက်နေပြီး ဘယ်ဘက်ခေါင်းကတော့ အေးစက်၍ လှောင်ပြောင်သော အမူအရာ ပြည့်နှက်နေသည်။
လှောင်ပြောင်သရော်သံကိုကြားလိုက်ရသောအခါ လုရှန်ကျိုးက ဒေါသတကြီးဖြင့်….
"မင်းရဲ့ ချီစွမ်းအင်တွေ လမ်းလွဲနေပြီ... မကြာခင် သိုင်းနတ်ဘုရားနယ်မြေက မင်းကိုသတ်လိမ့်မယ်..."
သူ ဆဲဆိုနေသော်လည်း သူ့အရှိန်မှာ အလွန် မြန်ဆန်လှသည်။ အမှောင်ထုထဲတွင် မည်သူမျှ သူတို့နှစ်ယောက်ကို မမြင်နိုင်ကြပေ။ အမှန်တကယ်တွင် သူတို့၏ အရှိန်အဟုန်က စိတ်ကူးကြည့်၍ မရနိုင်သော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
"ငါ့ရဲ့ ချီစွမ်းအင်တွေ လမ်းလွဲနေတယ်တဲ့လား…..ဒါက ရှေးဟောင်းနည်းလမ်းကွ... မင်း ဒါတွေကို ဘယ်နားလည်ပါ့မလဲ... မင်း ငါ့ရဲ့ စစ်မှန်တဲ့ ခန္ဓာကိုယ်ကို မြင်ပြီးပြီ ဆိုတော့ မင်း သေရမယ်... မင်းကို သိုင်းနတ်ဘုရားနယ်မြေဆီ ထွက်ပြေးခွင့် ဘယ်တော့မှ ပေးမှာ မဟုတ်ဘူး..."
သတ္တမဉာဏ်ပညာဘုရင်က စကားဆုံးသည်နှင့် လက်မောင်း လေးဖက်ကို ဝှေ့ယမ်းလိုက်ရာ နတ်ဘုရားလက်နက် ပုံရိပ်များ ပစ်လွှတ်လိုက်သည်။ ထို့နောက် လက်နက်များက လျင်မြန်စွာ ကြီးမားလာပြီး ကြီးမားသော ကမ္ဘာတစ်ခု ဖိချလိုက်သကဲ့သို့ ဖြစ်လာသည်။
လုရှန်ကျိုးက သတ္တမဉာဏ်ပညာဘုရင်၏ တိုက်ခိုက်မှုကို ပိတ်ဆို့ရန် ကြိုးပမ်းသည့်အနေနှင့် သူ့နောက်ကျောဘက်ရှိ လေဟာနယ်ကို စုစည်းရန် အထက်တန်းစား မူလနတ်ဘုရားစွမ်းအားကို အသုံးပြုလိုက်သည်။ ရလဒ်အနေဖြင့် လေဟာနယ် တိုက်ရိုက် ကွဲအက်သွားပြီး သတ္တမဉာဏ်ပညာဘုရင်ကလည်း အရှိန်ထပ်တင်လိုက်သည်။
သူ့နောက်ကျောဘက်မှ ရိုက်ခတ်မှုကြောင့် လုရှန်ကျိုး သွေးထပ်အန်သွားသည်။ သို့သော်လည်း ဒဏ်ရာများကို ဂရုမစိုက်နိုင်တော့ဘဲ စိတ်ထဲတွင် တာအိုဘိုးဘေးကိုသာ တသသ ခေါ်နေမိသည်။
ဒီတိုက်ပွဲမှာ သူတို့ မျက်နှာ အများကြီး ပျက်ခဲ့ရပြီ...
ဒါပေမဲ့ ဒီတိုက်ပွဲကနေ အသက်ရှင်လွတ်မြောက်တာနဲ့ ယှဉ်ရင် မျက်နှာပျက်ရတယ်ဆိုတာ ဘာမို့လို့လဲ...
ထိုအခိုက်၌ ပုံမှန်မဟုတ်သော စွမ်းအားကြီးသည့် ဖိအားတစ်ခု ရောက်ရှိလာသဖြင့် လုရှန်ကျိုး လှည့်ကြည့်လိုက်ရာ မျက်နှာထား ပြောင်းလဲသွားလေသည်။
သတ္တမဉာဏ်ပညာဘုရင်က ဘုန်းကြီးများ လက်အုပ်ချီသကဲ့သို့ သူ့လက်မောင်း ၁၄ ဖက်ကို စုစည်းလိုက်ပြီး လက်မောင်း ခုနစ်စုံစလုံးကို သူ့ရှေ့တွင် ထားရှိလိုက်သည်။ထိုအခါ ချက်ချင်းပင် အနီရောင် အလင်းတန်းတစ်ခု သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး လုရှန်ကျိုး နောက်သို့ လိုက်နေသော နတ်ဆိုးနတ်ဘုရား တစ်ပါးကဲ့သို့ ကြောက်မက်ဖွယ် ပုံရိပ်ယောင် တစ်ခု ဖြစ်ပေါ်လာသည်။
"အဲဒါ ဘာလဲ..."
လုရှန်ကျိုး စိတ်ထဲတွင် ဆဲဆိုလိုက်သည်။ ဤအရာဆီကနေ သူ မလွတ်မြောက်နိုင်ကြောင်း ကြိုတင် ခံစားမိလိုက်သည်။ထိုအချက်ကို စိတ်ထဲစွဲမှတ်လျက် သူ ချက်ချင်း လှည့်လိုက်ပြီး သေသည်အထိ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
သူ့ခန္ဓာကိုယ်ထဲမှ အထက်တန်းစား မူလနတ်ဘုရားစွမ်းအားကို စုစည်းပြီး အားကောင်းသော တန်ပြန်တိုက်စစ် ဆင်နွှဲရန် လက်ဝါးထဲတွင် စုစည်းလိုက်လေသည်။
ထိုအချိန်တွင် လက်တစ်ဖက်က သူ့ပခုံးကို ဖိပြီး နောက်သို့ ဆွဲလိုက်သဖြင့် မသိစိတ်ဖြင့် လှမ်းကြည့်လိုက်ရာ သေချာ မမြင်ရသော အပြာရောင် အရိပ်တစ်ခုကို တွေ့လိုက်ရသည်။ အကွာအဝေး ကျယ်ပြန့်လာသည်နှင့်အမျှ တစ်ဖက်လူ၏ ပုံရိပ်ကို မြင်လိုက်ရသောအခါ သူ အံ့သြဝမ်းသာဖြစ်ခဲ့ရသည်။
တာအိုဘိုးဘေး...
လုရှန်ကျိုးကို သူ့နောက်သို့ ပေါ့ပေါ့ပါးပါး ဆွဲလိုက်ပြီးနောက် တာအိုနှလုံးသား ကိုယ်ပွား လှုပ်ရှားလိုက်တော့သည်။
ဇီဝေ့အကျဉ်းထောင်ကောင်းကင်နတ်ဘုရားတာအိုလက်ဝါး...
မှော်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ကြီးမားသော ခရမ်းရောင် လက်ဝါးအရိပ်တစ်ခု ရိုက်ခတ်သွားကာ သတ္တမဉာဏ်ပညာဘုရင်နှင့် ဝင်တိုက်မိသွားသည်။
ဘုန်း...
လေဟာနယ်ထဲရှိ သိုင်းပညာ ဝိညာဉ်စွမ်းအင်များ လှုပ်ခတ်သွားကာ စွမ်းအားနှစ်ခု ဝင်တိုက်မိခြင်းက အရပ်မျက်နှာ အသီးသီးသို့ လွင့်ပျံသွားသော မှော်စွမ်းအင်နှင့် သိုင်းမူလစွမ်းအင်များသည်လည်း လှိုင်းများအဖြစ် ပြောင်းလဲသွားခဲ့သည်။
သတ္တမဉာဏ်ပညာဘုရင် ရှေ့သို့ပြေးနေသည့်အရှိန်ကို အတင်းအဓမ္မ မရပ်တန့်နိုင်မီ ပြင်းထန်သော အလင်းရောင်ထဲတွင် နစ်မြုပ်သွားသည်။
ခရမ်းရောင် အလင်းတန်းတစ်ခု လုရှန်ကျိုး၏ သွေးများပေကျံနေသော မျက်နှာပေါ်ဖြာကျလာပြီး သူ မျက်လုံးပြူးသွားကာ သူ့မျက်ဝန်းထဲတွင် တာအိုနှလုံးသား ကိုယ်ပွား၏ ကျောပြင်သာ ရှိတော့သည်။
ဘယ်လောက် လွှမ်းမိုးထားတဲ့ စွမ်းအားလဲ...
တာအိုဘိုးဘေးက သူ့လက်ကို ပေါ့ပေါ့ပါးပါး လှုပ်ရှားလိုက်ရုံသာ ရှိသေးသော်လည်း သတ္တမဉာဏ်ပညာဘုရင်၏ အရှိန်အဝါကို အတင်းအဓမ္မ ဖိနှိပ်လိုက်သည်ကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
အရမ်း စွမ်းအားကြီးတာပဲ...
ထိုပေါ့ပါးသော လှုပ်ရှားမှုက သူ အောက်ဘုံသို့ ပထမဆုံး ရောက်လာသည့်နေ့သို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ပြင်းထန်သော အလင်းရောင် ပျောက်ကွယ်သွားသောအခါ သွေးများ ဖုံးလွှမ်းနေသော သတ္တမဉာဏ်ပညာဘုရင်က ကျန်းချန်ရှန်းဆီသို့ ပြေးဝင်လာသည်။ ထိုအချိန်တွင် သတ္တမဉာဏ်ပညာဘုရင်၏ လက်မောင်း ရှစ်ဖက် ကျိုးပဲ့နေပြီး သရဖူ ကွဲအက်နေကာ ဆံပင်ရှည်များ ရှုပ်ပွနေပြီး အနီရောင် ဝတ်ရုံသည်လည်း အပိုင်းပိုင်း စုတ်ပြဲနေချေပြီ။
သူ့ခေါင်း သုံးလုံးစလုံး ဒေါသထွက်နေသော အမူအရာများ ဖော်ပြလျက် ကျန်းချန်ရှန်းဆီသို့ တားဆီး၍ မရနိုင်သော အရှိန်အဟုန်ဖြင့် ပြေးဝင်လာနေသည်မှာ ရန်သူများကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်ချင်သော ရှေးဟောင်း ဒဏ္ဍာရီလာ နတ်ဆိုးများနှင့် တူနေပေသည်။
တုံ့ပြန်မှု အနေဖြင့် ကျန်းချန်ရှန်းက လက်မြှောက်ပြီး လက်ညှိုးထိုးလိုက်ကာ မှော်စွမ်းအင် ပစ်လွှတ်လိုက်ပြီး သတ္တမဉာဏ်ပညာဘုရင်၏ ရင်ဘတ်ကို ဖောက်ထွက်သွားလေသည်။ သတ္တမဉာဏ်ပညာဘုရင် ချက်ချင်း ရပ်တန့်သွားပြီး တုန်ခါသွားသည်။ သူ့ခေါင်း သုံးလုံးစလုံး တုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်လာနေလေတော့သည်။