ဉာဏ်ပညာမျိုးနွယ်စု၏ ဒေါသ……
Vol. 29 Ch. 412
ကျန်းချန်ရှန်း၏ မှော်စွမ်းအင်များက သတ္တမဉာဏ်ပညာဘုရင်၏ ခန္ဓာကိုယ်ထဲတွင် သောင်းကျန်းနေပြီး သူ့သိုင်းမူလစွမ်းအင်ကို ပိတ်ဆို့ကာ ထိုသူအသုံးပြုနေသော အဆုံးစွန်သော နည်းစနစ်ကို ရပ်တန့်စေပြီး မူလအခြေအနေသို့ ပြန်လည် ရောက်ရှိစေလိုက်သည်။
"ဘယ်လို ဖြစ်နိုင်မှာလဲ..."
သတ္တမဉာဏ်ပညာဘုရင်၏ အသံ တုန်ရီနေပြီ သွေးများ ဆူပွက်လာသဖြင့် သူ့ရင်ဘတ်ကို ငုံ့ကြည့်လိုက်မိသည်။
တာအိုနှလုံးသား ကိုယ်ပွားက လက်ကို မြှောက်လိုက်ပြီး သတ္တမဉာဏ်ပညာဘုရင်ကို သူ့လက်ဝါးထဲသို့ စုပ်ယူလိုက်သည်။ ၎င်းမှာ နတ်ဘုရားစွမ်းအားတခုဖြစ်သောစကြဝဠာလက်ဝါး ဖြစ်သည်။
ထို့နောက် သူ လှည့်ထွက်ပြီး လုရှန်ကျိုးကို ဖမ်းဆွဲကာ လေဟာနယ်၏ နက်ရှိုင်းသော နေရာသို့ လျင်မြန်စွာ ဝင်ရောက် ပျောက်ကွယ်သွားလေသည်။
သူတို့ နှစ်ယောက် တိုက်ပွဲက ပြင်းထန်လွန်းလှသဖြင့် သိုင်းနတ်ဘုရားနယ်မြေ ရှာတွေ့သွားမည်ကို ကျန်းချန်ရှန်း စိုးရိမ်သဖြင့် တိုက်ပွဲကို အလျင်အမြန် အဆုံးသတ်ပြီး သူတို့နှစ်ယောက်ကို ခေါ်ထုတ်လာခဲ့ခြင်း ဖြစ်သည်။
တာအိုနှလုံးသား ကိုယ်ပွားအတွက် သတ္တမဉာဏ်ပညာဘုရင်ကို ကိုင်တွယ်ရန် မှော်စွမ်းအင် များစွာ မကုန်ဆုံးခဲ့ပေ။ သူသည် အဆုံးမဲ့လေဟာနယ်ထဲတွင် လမ်းကြောင်းများကို လျင်မြန်စွာ ပြောင်းလဲနေသဖြင့် လုရှန်ကျိုးပင် ခေါင်းမူးသွားသည်။
အချိန်မည်မျှ ကြာသွားသည် မသိ၊ လုရှန်ကျိုး သတိပြန်ဝင်လာသောအခါ ကောင်းကင်မြစ်ဆီသို့ ပြန်ရောက်နေကြောင်း တွေ့ရှိလိုက်ရသည်။ အဝေးမှ ပေ ၁၀,၀၀၀ မြင့်မားသော ကောင်းကင်မူလဝိညာဉ်သန္ဓေသား၏ ပုံရိပ်က တောင်ကြီးတစ်လုံးကဲ့သို့ ထီးထီးမားမားတည်ရှိနေသည်။
လုရှန်ကျိုး အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့မျက်နှာ တဖြည်းဖြည်း နီရဲလာသည်။
တာအိုဘိုးဘေး၏ ခွန်အားက သူ့ကို စိတ်လှုပ်ရှားစေသော်လည်း ဤလုပ်ငန်းစဉ်အတွင်း သူ အရှက်ကွဲခဲ့ရသည်ဟု ခံစားမိသည်။ထို့အပြင် တာအိုဘိုးဘေးနှင့် စကားပြောရန် အချိန်ပင် မရလိုက်ပေ။
"ဟူး... ထားလိုက်ပါတော့..."
လုရှန်ကျိုး လူ့လောကထဲသို့ ခုန်ဆင်းလိုက်ပြီး တိမ်ပင်လယ်များကြားတွင် ပျောက်ကွယ်သွားသည်။
ခရမ်းရောင်တိမ်တိုက်နန်းတော် အတွင်း၌……
ကျန်းချန်ရှန်းက တာအိုနှလုံးသား ကိုယ်ပွားထံမှ သတ္တမဉာဏ်ပညာဘုရင်ကို လွှဲပြောင်းယူလိုက်ပြီး စကြဝဠာလက်ဝါးကို ထိန်းသိမ်းထားရန် သူ့မှော်စွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။
သူသည် သတ္တမဉာဏ်ပညာဘုရင်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး အခြားလက်ဖြင့် ရွှေရောင်ကွင်းတစ်ခုကို စတင် စုစည်းလိုက်သည်။
တာအိုနှလုံးသား ကိုယ်ပွား ထိုနေရာတွင်ပင် ပျောက်ကွယ်သွားပြီး သူ့မှော်စွမ်းအင်များက မီးခိုးငွေ့ကဲ့သို့ ကျန်းချန်ရှန်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
ပိုင်ချီ မျက်လုံးဖွင့်လိုက်ပြီး စူးစမ်းချင်စိတ်ဖြင့် ကျန်းချန်ရှန်း၏ ဘေးနားသို့ တိုးသွားခဲ့သည်။ မူလင်းလော့က အမျိုးသမီး အင်မော်တယ် အချို့ကို ရွေးချယ်ပြီး လေ့ကျင့်ပေးရန် ထွက်သွားသဖြင့် နန်းတော်ထဲတွင် သူနှင့် ပိုင်လုံသာ ရှိသည်။
"ဆရာသခင်... ဘာလုပ်နေတာလဲ..."
ပိုင်ချီ ဂရုတစိုက် မေးလိုက်သည်ပြီး သူမ၏ အကြည့်က ကျန်းချန်ရှန်း၏ ညာဘက်လက်ဝါးပေါ်သို့ ကျရောက်သွားပြီး သေးငယ်သော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
ထိုအချိန်တွင် သတ္တမဉာဏ်ပညာဘုရင်ကတော့ သူ့မှော်စွမ်းအင်များ ပျက်စီးခြင်းကို ခံစားနေရဆဲ ဖြစ်သည်။ သူ ပိုင်ချီကို မြင်လိုက်ရပြီး သူ့ရှုထောင့်မှ ကြည့်လျှင် ကျန်းချန်ရှန်း၏ မျက်နှာကို သေချာ မမြင်ရဘဲ ပိုင်ချီကိုသာ မြင်နေရသည်။ သူ မည်ကဲ့သို့ ဤအရွယ်အစားထိ သေးငယ်သွားသည်ကို နားမလည်နိုင် ဖြစ်နေသည်။
"မင်းက ဘယ်သူလဲ..."
သတ္တမဉာဏ်ပညာဘုရင် မော့ကြည့်ပြီး အံကြိတ်ကာ အားနည်းသော အသံဖြင့် မေးလိုက်သည်။
ကျန်းချန်ရှန်းက သူ့ကို လျစ်လျူရှုပြီး ရွှေရောင်ကွင်း စုစည်းခြင်းကိုသာ အာရုံစိုက်လိုက်သည်။ ကန့်သတ်ချက်များနှင့် ကျုံ့သွားစေသော ဂါထာ၏ ကျိန်စာများကို ရွှေရောင်ကွင်းတွင် တွဲစပ်ထားရသဖြင့် ရွှေရောင်ကွင်း ဖန်တီးရန်မှာ ထင်သလောက် မလွယ်ကူပေ။
ပိုင်ချီက သတ္တမဉာဏ်ပညာဘုရင်နှင့် စကားစမြည် စပြောခဲ့ပြီး ကျန်းချန်ရှန်း၏ အထောက်အထားကို မဖော်ပြဘဲ သတ္တမဉာဏ်ပညာဘုရင်၏ နောက်ခံကိုသာ ဆက်တိုက် မေးမြန်းနေသည်။
"နင့်နာမည် ဘယ်လိုခေါ်လဲ..."
"နင်က သနားစရာလေးပဲ... ငါ့ဆရာသခင်ကို ဘယ်လိုလုပ် တိုက်ခိုက်ရဲတာလဲ..."
"နင် ဦးညွှတ်ပြီး ငါ့ဆရာသခင်ကို တောင်းပန်သရွေ့ အသက်ရှင်ခွင့် ရကောင်း ရနိုင်ပါတယ်..."
"လူငယ်လေး... အရမ်း မမောက်မာနဲ့... တစ်ခါတလေ ခေါင်းငုံ့လိုက်ရင် အခွင့်အရေးကြီး တစ်ခု ရနိုင်တယ်..."
"အဲဒီတုန်းက ငါ..."
သတ္တမဉာဏ်ပညာဘုရင် နားထောင်လေလေ ပိုစိတ်ဆိုးလေလေ ဖြစ်လာသည်။ သူ ဤအမျိုးသမီးကို သတ်ပစ်ချင်သော်လည်း မသေချင်သဖြင့် သည်းခံနေရသည်။
ပိုင်ချီက စည်းကမ်းမရှိပုံ ပေါက်သော်လည်း အမှန်တကယ်တွင် ကျန်းချန်ရှန်း၏ သဘောထားကို နားလည်ပြီး ဖြစ်သည်။ အကယ်၍ ဤလူသာ သေသင့်သူ ဖြစ်လျှင် ဟိုးအရင်ကတည်းက သေသွားလောက်ပြီ ဖြစ်သည်။
သူမ၏ ဆရာသခင်က ရန်သူများကို သတ်ဖြတ်ရာတွင် ညှာတာလေ့ မရှိပေ။ ဤလူကို ခေါ်လာသည် ဆိုလျှင် ဤလူသည် နောက်ထပ် လုရှန်ကျိုး ဖြစ်လာနိုင်ပေသည်။
ကျန်းချန်ရှန်းက ဤအပြန်အလှန် ပြောဆိုမှုကို စိတ်ဝင်စားစရာ ကောင်းသည်ဟု ထင်သဖြင့် ပိုင်ချီကို မတားဆီးပေ။ ပိုင်ချီကလည်း သူ့ထံမှ တိတ်တဆိတ် ခွင့်ပြုချက် ရလိုက်သောအခါ ပို၍ တက်ကြွလာပြီး ကခုန်လိုက်သေးသည်။
အချိန်အကြာကြီး ကြာပြီးနောက်….
ရွှေရောင်ကွင်းကို သန့်စင်ပြီးစီးသွားကာ လျင်မြန်စွာ ကျုံ့သွားသည်။ ထို့နောက် ကျန်းချန်ရှန်း၏ ညာလက်ဝါးထဲသို့ တိုးဝင်သွားပြီး သတ္တမဉာဏ်ပညာဘုရင်၏ ခေါင်းပေါ်တွင် စွပ်ပေးလိုက်သည်။
သတ္တမဉာဏ်ပညာဘုရင်မှာ အငိုက်မိသွားပြီး အဆုံးမဲ့ ကြောက်ရွံ့မှုများ သူ့နှလုံးသားထဲတွင် ပြည့်နှက်သွားသည်။
သူ သိုင်းပညာ စတင် လေ့ကျင့်ကတည်းက ဤကဲ့သို့ အကျပ်အတည်းမျိုး တစ်ခါမှ မကြုံဖူးခဲ့ပေ။ သူ ရှုံးနိမ့်လျှင်ပင် ဤမျှလောက်ထိ သူတပါးပြုသမျှနုရသူ ဘဝသို့ မရောက်ဖူးချေ။
ကျန်းချန်ရှန်း သူ့ကို လွှတ်ပေးလိုက်ရာ သတ္တမဉာဏ်ပညာဘုရင် မြေပြင်ပေါ်သို့ ကျရောက်သွားပြီး ပုံမှန် အရွယ်အစားသို့ ပြန်ဖြစ်သွားသည်။
"ဒီနေ့ကစပြီး မင်း ကောင်းကင်တရားရုံးမှာ နေရမယ်..."
ကျန်းချန်ရှန်း ညာလက်ကို မြှောက်လိုက်ရာ နတ်ဘုရားခန့်အပ်ခြင်းစာရင်း လေထဲတွင် ပေါ်လာသည်။ ဘယ်လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် သတ္တမဉာဏ်ပညာဘုရင်ခင်မျာ ထိန်းချုပ်၍ မရနိုင်ဘဲ နတ်ဘုရားခန့်အပ်ခြင်းစာရင်းထဲသို့ ဝင်ရောက်သွားကာ သူ့ကံတရားကို ဆေးကြောခံလိုက်ရပြီး ကောင်းကင်တရားရုံး၏ ကံတရား အဖြစ် ပြောင်းလဲသွားလေသည်။
မြေပြင်ပေါ်သို့ ပြန်လည် ကျရောက်လာသောအခါ သတ္တမဉာဏ်ပညာဘုရင် မြေပြင်ပေါ်တွင် လဲလျောင်းလျက် ပြင်းပြင်းထန်ထန် အသက်ရှူနေရသည်။ သူ့ခန္ဓာကိုယ်ထဲမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအား ပျောက်ကွယ်သွားသည်ကို တွေ့ရှိလိုက်ရသဖြင့် အံ့သြဝမ်းသာ ဖြစ်သွားပြီး မသိစိတ်ကြောင့် ထွက်ပြေးရန် ကြံစည်လိုက်သော်လည်း မတ်တတ်ရပ်လိုက်သည်နှင့် နားထင်မှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။
သူ လက်နှစ်ဖက်ဖြင့် ခေါင်းကို အုပ်ထားပြီး ကမ္ဘာကြီး လည်ထွက်သွားသလို ပြင်းထန်သော နာကျင်မှုကို ခံစားနေရသည်။
ကျုံ့သွားစေသော ဂါထာသည် ရွှေရောင်ကွင်း ကျုံ့သွားခြင်းကြောင့် နာကျင်စေရုံသာမက ဝိညာဉ်ကိုပါ စူးရှစွာ နာကျင်စေနိုင်သည်။ သတ္တမဉာဏ်ပညာဘုရင်၏ဘဝတွင် ဤကဲ့သို့ နာကျင်မှုမျိုး တစ်ခါမှ မခံစားဖူးပေ။ သူ စူးစူးဝါးဝါး အော်ဟစ်လိုက်ရာ ပိုင်လုံ နိုးလာသည်။
သတ္တမဉာဏ်ပညာဘုရင်၏ အော်သံများကို ခရမ်းရောင်တိမ်တိုက်နန်းတော် အပြင်ဘက်မှ မကြားရပေ။ ပိုင်ချီနှင့်ပိုင်လုံတို့သာ ကြားလိုက်ရသောအခါ နှလုံးသားများ အေးခဲသွားသလို ခံစားလိုက်ရသည်။ သူတို့ မသိစိတ်ဖြင့် ကျန်းချန်ရှန်းကို ကြည့်လိုက်ရာ သူ့ပါးစပ် လှုပ်ရှားနေသည်ကို တွေ့လိုက်ရသဖြင့် တိတ်တဆိတ် ဂါထာရွတ်နေကြောင်း ထင်ရှားနေသည်။
"ဒါက ဘယ်လို လှည့်ကွက်မျိုးလဲ..."
ပိုင်ချီ ကြောက်လန့်သွားသည်။ သတ္တမဉာဏ်ပညာဘုရင်၏ လက်ရှိ အရှိန်အဝါက အလွန် အားကောင်းနေသဖြင့် လုရှန်ကျိုးနှင့် ရင်ဆိုင်နေရသလို ခံစားနေရသည်။ အမှန်တကယ်တွင် သူသည် လုရှန်ကျိုးထက်ပင် ပိုမို သန်မာသည်။
ဒီလို ကျွမ်းကျင်သူ တစ်ယောက်ကို ဒီအခြေအနေထိ နှိပ်စက်လိုက်တာ...
ကျန်းချန်ရှန်း ကြာကြာ မရွတ်ဆိုခဲ့ပေ။ ဂါထာ ရပ်တန့်သွားသည်ကို ကြားလိုက်ရသောအခါ သတ္တမဉာဏ်ပညာဘုရင် ချက်ချင်း အော်ဟစ်ခြင်းကို ရပ်တန့်လိုက်သည်။ ထို့နောက် မြေပြင်ပေါ်တွင် ဒူးထောက်၍ တုန်ယင်နေသည်မှာ ပါရမီရှင် တစ်ယောက်၏ ဟန်ပန်အမူအရာ လုံးဝ မရှိတော့ပေ။
ကျန်းချန်ရှန်းက…
"မင်း လေ့ကျင့်နေတဲ့ နည်းစနစ်က လမ်းကြောင်းမှန် မဟုတ်ဘူး... ဒီအတိုင်း ဆက်ပြီး နှစ်မြှုပ်နေရင် စိတ်နတ်ဆိုးတွေ မကြာခင် ပေါ်လာပြီး မင်းကို ဝါးမျိုလိမ့်မယ်..."
သူ လိမ်ပြောနေခြင်း မဟုတ်ပေ။ သတ္တမဉာဏ်ပညာဘုရင် လေ့ကျင့်ထားသော အဆုံးစွန်သော နည်းစနစ်သည် နတ်ဆိုးမျိုးနွယ်နှင့် အင်မော်တယ်တာအိုတို့ ပေါင်းစပ်ထားသော ခံစားချက်မျိုး ရှိနေသည်။ပုံသဏ္ဍာန် ပြောင်းလဲသွားသည့် ပုံစံသည်လည်း နတ်ဘုရားစွမ်းအား တစ်ခုနှင့် အလွန် ဆင်တူနေသည်။
သတ္တမဉာဏ်ပညာဘုရင် အင်မော်တယ်တာအို၏ အမွေအနှစ် နယ်မြေသို့ ရောက်ဖူးသည်ဟု သူ သံသယရှိသည်။ သို့သော်လည်း ကျင့်ကြံ၍ မရနိုင်သဖြင့် ဤအခြေအနေထိ လမ်းလွဲသွားခြင်း ဖြစ်ပေလိမ့်မည်။
ခေါင်း သုံးလုံးနှင့် လက်မောင်း ၁၄ ဖက် ရှိခြင်းက သတ္တမဉာဏ်ပညာဘုရင်၏ ခွန်အားကို တိုးပွားစေသော်လည်း သတ်ဖြတ်လိုစိတ်ကိုလည်း တိုးပွားစေလိမ့်မည်။
သတ္တမဉာဏ်ပညာဘုရင် ခေါင်းကို ခက်ခက်ခဲခဲ မော့ကြည့်လိုက်တော့ သူ့မျက်လုံးများ သွေးရောင်လွှမ်းနေပြီး အံကြိတ်ကာ မေးလိုက်သည်က..
"ခင်ဗျားက ဘယ်သူလဲ..."
"ငါက အင်မော်တယ်အားလုံးရဲ့ ဘိုးဘေးပဲ... ဒါပေမဲ့ မင်း ငါ့ကို တာအိုဘိုးဘေးလို့လည်း ခေါ်နိုင်တယ်... အခုကစပြီး မင်း ခွန်းလွန်လွင်ပြင်မှာ နေရမယ်... လုရှန်ကျိုးက မင်းကို ခေါ်သွားပေးလိမ့်မယ်..."
ကျန်းချန်ရှန်းက မဟာတာအိုမူလ နတ်ဘုရားပလ္လင်ပေါ်တွင် ထိုင်လျက် လက်ဝှေ့ယမ်းလိုက်ရာ လေပြင်းတစ်ချက် သတ္တမဉာဏ်ပညာဘုရင်ထံ တိုးဝင်လာပြီး သူ့ကို ခရမ်းရောင်တိမ်တိုက်နန်းတော် အပြင်ဘက်သို့ ပို့ဆောင်လိုက်သည်။
သတ္တမဉာဏ်ပညာဘုရင်သည်လည်း လုရှန်ကျိုး ခံစားခဲ့ရသည့် ခံစားချက်မျိုးကို ခံစားလိုက်ရသည်။ ကမ္ဘာကြီး လည်ထွက်သွားသဖြင့် သာမန်လူတစ်ယောက်ကဲ့သို့ မသက်မသာ ဖြစ်နေရှာသည်။
မြေပြင်ပေါ်သို့ ပြန်ကျလာသောအခါ သူ မျက်လုံးဖွင့် ကြည့်လိုက်တော့ တောင်တန်းတောအုပ် တစ်ခုထဲသို့ ရောက်ရှိနေကြောင်း တွေ့လိုက်ရ၏။ ရှုပ်ထွေးသော မျက်နှာထားဖြင့် ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ရင်း နှုတ်ကလဲ အောက်ပါအတိုင်းရေရွတ်လိုက်လေသည်။
"တာအိုဘိုးဘေး... ခွန်းလွန်လွင်ပြင်..."
အခြားတစ်ဖက်တွင်….
ကျန်းချန်ရှန်း မျက်လုံးမှိတ်ပြီး ဆက်လက် ကျင့်ကြံနေလိုက်သည်။
သူသည် သတ္တမဉာဏ်ပညာဘုရင်၏ အတွေ့အကြုံကို အလွန် စိတ်ဝင်စားသော်လည်း အဆင့်တက်ရန် အချိုးအကွေ့သို့ ရောက်နေသဖြင့် အဆင့်တက်ခြင်းကိုသာ ဉီးစားပေးရမည်။
လုရှန်ကျိုးကို ကူညီပေးသည့်အတွက် ရှင်သန်ခြင်း ဆုလာဘ် မရရှိသည်ကို သူ မအံ့သြပေ။ သူသည် လုရှန်ကျိုးနှင့် မရင်းနှီးချေ။ လုရှန်ကျိုး သေလျှင်လည်း သေပါစေ ထိုကိစ္စကြောင့် သူ လက်စားချေမည် မဟုတ်ပေ။ သူသည် ကောင်းကင်တရားရုံး၏ ရှုထောင့်မှသာ ထည့်သွင်းစဉ်းစားခြင်း ဖြစ်သည်။
ဤအာရုံထွေပြားသော အတွေးများ သူ့စိတ်ထဲတွင် ကြာကြာ မရှိနေပေ။ လောလောဆယ်တွင် သူ့စိတ်ထဲ၌ အတွေးတစ်ခုတည်းသာ ရှိသည်။
အဆင့်တက်ခြင်း...
သူ ဘာမှ ထပ်မပြောသည်ကို မြင်သောအခါ ပိုင်ချီ သူ့ကို မနှောင့်ယှက်ရဲပေ။ သူမ ထောင့်တစ်နေရာသို့ လျှောက်သွားပြီး တရားထိုင်ကာ အိပ်မက်ကမ္ဘာထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားသည်။
ပိုင်လုံကလည်း ကိုယ်ကိုလှန်လိုက်ပြီး ယခင်ကထက် ပိုမို သက်တောင့်သက်သာ ရှိသော အနေအထားဖြင့် အိပ်စက်နေပြန်သည်။ စောစောက မြင်ကွင်းမှာ ကြောက်စရာ ကောင်းလွန်းသည်။ ကြောက်ရွံ့သည့်ခံစားချက်ကို အစားထိုးရန်အတွက် အိပ်မက်ကောင်း မက်ဖို့ လိုအပ်ပေသည်။
နီရဲနေသော ကောင်းကင်အောက်တွင် ထောင်ပေါင်းများစွာသော တောင်တန်းများက တွားသွားသတ္တဝါ တစ်ကောင်၏ ကျောပြင်ကဲ့သို့ နိမ့်ချည်မြင့်ချည် တည်ရှိနေသည်။ထိုတောင်တန်းများ၏ တောင်ထိပ်တစ်ခုပေါ်တွင် ရှေးဟောင်း အဆောက်အအုံ တစ်ခု ရှိနေသည်။
အမျိုးသား၊ အမျိုးသမီး ဒါဇင်ပေါင်းများစွာတို့ အဆောက်အအုံ၏ ဧည့်ခန်းမဆောင်တွင် စုဝေးနေကြသည်။
သူတို့သည် သမိုင်းတစ်လျှောက် အသန်မာဆုံး ကလန်များအနက် တစ်ခုဖြစ်သော ဉာဏ်ပညာမျိုးနွယ်စုမှ ဖြစ်ကြသည်။
ခေါင်းဆောင်ဖြစ်သူ အမျိုးသားမှာ ဉာဏ်ပညာအရှင်ဟု ခေါ်တွင်ပြီး အားကောင်းသော အရှိန်အဝါ ရှိသည်။ သူ ထိုင်နေပုံမှာ ပေါက်ကွဲတော့မည့် မီးတောင် တစ်လုံးနှင့် တူနေသည်။ အထူးသဖြင့် သူ့မျက်လုံးများက ကြောက်မက်ဖွယ် အေးစက်သော အရောင်အဝါကို ထုတ်ဖော်နေသည်။
"သတ္တမဉာဏ်ပညာဘုရင်ရဲ့ သိုင်းကျောက်စိမ်း ကွဲအက်သွားပြီ... သူ ဘယ်ရောက်သွားတာလဲ..."
ဉာဏ်ပညာအရှင်က လေးနက်သော အသံဖြင့် မေးလိုက်သဖြင့် အဆောက်အအုံ တစ်ခုလုံး သူ့အသံကြောင့် တုန်ခါသွားသည်။
ထိုအခါ အဘွားအို တစ်ဦးက ….
"သူ လုရှန်ကျိုးနဲ့ တိုက်ခိုက်ဖို့ သွားတယ်လို့ ကြားတယ်... ဒါပေမဲ့ လုကလန်ဆီက ကြားရတာတော့ လုရှန်ကျိုးရဲ့ သိုင်းကျောက်စိမ်းက ကွဲသွားတာ ကြာပြီတဲ့... ဒါပေမဲ့ သတင်းက မပြန့်သေးဘူး... တစ်ခုခုတော့ မှားနေပြီ..."
အခြားသူများလည်း သူတို့ ရှာဖွေတွေ့ရှိချက်များကို တင်ပြကြသော်လည်း အများစုမှာ လမ်းစပျောက်နေသည်။
"သိုင်းနတ်ဘုရားနယ်မြေရဲ့ လက်ချက် ဖြစ်နိုင်မလား..."
"ကျွန်တော် ထင်တာတော့ ဟုတ်တယ်... လုရှန်ကျိုးက သိုင်းနတ်ဘုရားနယ်မြေက ပျိုးထောင်ထားတဲ့ ပါရမီရှင်ပဲ... ဒါပေမဲ့ သိုင်းနတ်ဘုရားနယ်မြေက လုကလန်ကို သူသေပြီလို့ပဲ ပြောလိုက်တယ်... သူတို့ ကိုင်တွယ်ပုံက ပေါ့ဆလွန်းတယ်..."
"အရေးကြီးဆုံးက ဘာလို့ သိုင်းနတ်ဘုရားနယ်မြေက ဒီကိစ္စကို ဖုံးကွယ်ထားပြီး လုကလန် ဒေါသထွက်မှ အမှန်အတိုင်း ပြောပြရတာလဲ..."
"သိုင်းနတ်ဘုရားနယ်မြေရဲ့ ပြည်တွင်းစစ်နဲ့ ဆက်စပ်နေမလား... တုကူးထောင်နဲ့ တုနှိုင်းမဲ့ခွန်းလွန်ရဲ့ နတ်ဘုရား ၇၂ ပါး အားလုံး သေကုန်ပြီလို့ ကြားတယ်... သတင်းအရ သူတို့ကို တာအိုဘိုးဘေးက သတ်လိုက်တာတဲ့... သိုင်းနတ်ဘုရားနယ်မြေက ကောင်းကင်တရားရုံးရဲ့ တည်နေရာကို ရှာဖွေနေပေမဲ့ ရှာမတွေ့ဘူး... တကယ် ထူးဆန်းတယ်... သိုင်းနတ်ဘုရားနယ်မြေ ရှာမတွေ့နိုင်တဲ့ အင်အားစု တကယ် ရှိလို့လား..."
"သတ္တမဉာဏ်ပညာဘုရင်လည်း တာအိုဘိုးဘေး လက်ချက်နဲ့ သေသွားတာ ဖြစ်နိုင်မလား..."
လူတိုင်း ထိုအကြောင်းကိုစတင်ဆွေးနွေးကြချေပြီ။ သတ္တမဉာဏ်ပညာဘုရင် သေဆုံးခြင်းက သူတို့အတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်သည်။ သူသည် နှစ်ပေါင်း တစ်သန်း နီးပါးအတွင်း ဉာဏ်ပညာမျိုးနွယ်စု၏ ပါရမီအရှိဆုံးသူ ဖြစ်ပြီး သမိုင်းတွင် သြဇာညောင်းသော ပုဂ္ဂိုလ် ဖြစ်လာရန် ကံပါလာသူ ဖြစ်သည်။ စွမ်းအားကြီးသော သတ္တမဉာဏ်ပညာဘုရင် သေဆုံးခြင်းကို သူတို့ လက်မခံနိုင်ကြပေ။
ဉာဏ်ပညာအရှင်က အေးစက်စွာဖြင့်….
"တာအိုဘိုးဘေးပဲ ဖြစ်ဖြစ်၊ သိုင်းနတ်ဘုရားနယ်မြေပဲဖြစ်ဖြစ် ငါတို့ ဒီကိစ္စကို စုံစမ်းရမယ်... ဘာ သိုင်းကပ်ဘေးလဲ... တစ်ယောက်ယောက်က ဒီကပ်ဘေးကို အခွင့်ကောင်းယူပြီး ဉာဏ်ပညာမျိုးနွယ်စုရဲ့ ခေါင်းပေါ် ဓားလာတင်နေတာပဲ... တရားခံအစစ်ကို ရှာမတွေ့ရင် ငါတို့ လူအများအပြားကို သူနဲ့အတူ မြှုပ်နှံပစ်မယ်..."
သူ ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး အခြားသူများလည်း ထိုနည်းလည်းကောင်းပင်။
"သိုင်းနတ်ဘုရားနယ်မြေကို အရင် သွားကြစို့... သိုင်းနတ်ဘုရားနယ်မြေ လက်ချက် မဟုတ်ရင်တောင် တာအိုဘိုးဘေးကို စုံစမ်းနေတာ သူတို့ပဲ ရှိတယ်..."
အဆုံးမဲ့သမုဒ္ဒရာ အတွင်းရှိ သီးခြားကျွန်း တစ်ကျွန်းပေါ်တွင်…..
တုနှိုင်းမဲ့ခွန်းလွန် ကျွန်းပေါ်သို့ တစ်ဖန် ဆင်းသက်လာပြန်ကာ ဆံပင်ဖြူ အမျိုးသမီးထံ လာပြီး လေးနက်သော အသံဖြင့် မေးလိုက်သည်။
"ဘာလို့ ဆုတ်ခွာသွားတာလဲ... တာအိုဘိုးဘေးကို မစုံစမ်းတော့ဘူးလား..."
ဆံပင်ဖြူအမျိုးသမီး ရှုပ်ထွေးသော မျက်နှာထားဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ပြီး…
"ကျွန်မတို့ သူ့ကို လောလောဆယ် စုံစမ်းနိုင်မှာ မဟုတ်ဘူး... ဘာလို့လဲဆိုတော့ သွေးကမ္ဘာက သိုင်းနတ်ဘုရားနယ်မြေကို ကျူးကျော်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းရထားတယ်..."
"လောလောဆယ် မစုံစမ်းနိုင်ဘူး ဟုတ်လား... ရယ်စရာ ကောင်းတယ်လို့ မထင်ဘူးလား... သိုင်းနတ်ဘုရားနယ်မြေက နှစ်တွေ အကြာကြီး အချင်းချင်း တိုက်ခိုက်နေခဲ့ကြပေမဲ့ သူတို့ တကယ်ပဲ ကမ္ဘာ ၃၀၀၀ ကို ထိန်းချုပ်နိုင်စွမ်း ပျောက်ဆုံးသွားပြီလား... တာအိုဘိုးဘေးက အဆုံးမဲ့လေဟာနယ်ထဲမှာ ပုန်းနေရင်တောင် သိုင်းနတ်ဘုရားနယ်မြေကလွှတ်ထားတဲ့ သူလျှိုတွေနဲ့ ကောင်းကင်လျှို့ဝှက်ချက် ဟောကိန်းတွေရှိနေတာပဲ.. ဘယ်လိုလုပ် သူ့ကို ရှာမတွေ့နိုင်ရတာလဲ..."
တုနှိုင်းမဲ့ခွန်းလွန် လှောင်ပြောင်လိုက်ချေပြီ။ သူ သိုင်းနတ်ဘုရားနယ်မြေကို အလွန် စိတ်ပျက်နေပြီဖြစ်သည်။
"သိုင်းနတ်ဘုရားနယ်မြေက လမ်းမှားတွေ အများကြီး လျှောက်ခဲ့တာ မှန်ပါတယ်... ဒါပေမဲ့ နောက်ဆုံးမှာတော့ အဲ့ဒါက ကောင်းကင်တာအိုပိုင်ဖောက်ခဲ့တဲ့ တစ်ခုတည်းသော မှန်ကန်တဲ့ လမ်းကြောင်းပါ... သိုင်းနတ်ဘုရားနယ်မြေက အဲဒီလို အခက်အခဲတွေကို ကြုံတွေ့ခဲ့ရပြီးပြီ... သိုင်းကပ်ဘေးကို သိုင်းနတ်ဘုရားနယ်မြေကိုယ်တိုင် စတင်ပါလိမ့်မယ်... တစ်ချိန်တည်းမှာပဲ ကျွန်မတို့ အဆုံးမဲ့လေဟာနယ်ကို ရှင်းလင်းပြီး အမှောင်ထဲမှာ ပုန်းနေတဲ့ ကြွက်တွေကို သတ်ပစ်မယ်..."
သူမ၏ လေသံတွင် ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များ ပါဝင်နေသဖြင့် တုနှိုင်းမဲ့ခွန်းလွန် မျက်မှောင်ကြုတ်လိုက်မိသည်။
လေကြီးမိုးကြီး စကားတွေ ထပ်ပြောပြန်ပြီ...
သူ့အတွေးများကို မြင်နေရသကဲ့သို့ ဆံပင်ဖြူ အမျိုးသမီးက တည်ငြိမ်စွာဖြင့်….
"ကောင်းကင်လျှို့ဝှက်ချက် မဟာအအေးဓာတ် ပြန်လာတော့မယ်... အဲဒီ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ရဲ့ စွမ်းအားကို ရှင် ယုံကြည်သင့်တယ် မဟုတ်လား..."
မဟာအအေးဓာတ်...
တုနှိုင်းမဲ့ခွန်းလွန် တုန်လှုပ်သွားပြီး အလျင်အမြန် မေးလိုက်သည်က….
"ဘာလို့ သူ့ကို ပြန်ဖိတ်လိုက်တာလဲ... သူ လှုပ်ရှားလိုက်တာနဲ့ အဲဒီ မူမမှန်တာတွေကိုပဲ ဖျက်ဆီးမှာ မဟုတ်ဘူး..."
ဆံပင်ဖြူ အမျိုးသမီးက ခေါင်းခါပြီး ….
"နယ်ပယ်အရှင်က တော်လောက်ပြီလို့ ဆုံးဖြတ်လိုက်ပြီ... သိုင်းနတ်ဘုရားနယ်မြေ ခံစားခဲ့ရတာ များလွန်းပြီ... အခုက ပြည်တွင်းရော ပြည်ပရော ဒုက္ခရောက်နေတဲ့ အချိန်ဆိုတော့ လွှမ်းမိုးတဲ့ လမ်းကြောင်းကို လျှောက်ရမယ့် အချိန်ပဲ... ငြိမ်းချမ်းတဲ့ အချိန်မှာ သိုင်းနတ်ဘုရားနယ်မြေက စည်းမျဉ်းတွေကို လိုက်နာဖို့ ဆန္ဒရှိပေမဲ့ အခုချိန်က ပရမ်းပတာ ဖြစ်လာတော့မယ်... လွှမ်းမိုးချုပ်ကိုင်မှသာ အရာအားလုံးကို ငြိမ်သက်သွားအောင် လုပ်နိုင်မှာ..."
တုနှိုင်းမဲ့ခွန်းလွန် တိတ်ဆိတ်သွားသည်။
"နတ်ဘုရား ၇၂ ပါး အသစ် ရွေးချယ်မှု အခြေအနေ ဘယ်လိုလဲ... ရှင် သဘောကျတဲ့သူ ရှိလား..."