တာအိုဘိုးဘေး၏ ကောင်းကင်အတိဒုက္ခ၊ ကောင်းကင်အာဏာစက်
Vol. 29 Ch. 413
"ရှိတယ်..ဒါပေမယ့်အရေအတွက်အရမ်းနည်းတယ်… ဒါ့အပြင် တမူထူးခြားနေတဲ့တယောက်ကိုလည်း သတိထားစောင့်ကြည့်နေတယ်…”ဟု တုနှိုင်းမဲ့ခွန်းလွန်က ဖြေကြားလိုက်သည်။ ဆံပင်ဖြူ အမျိုးသမီးက ခေါင်းညိတ်၍ မျက်လုံးများကို တဖန်ပြန်မှိတ်လိုက်လေသည်။
ထိုအရာကို မြင်လိုက်ရသောအခါ တုနှိုင်းမဲ့ခွန်းလွန်ကလည်း လှည့်ထွက်သွားရန် ပြင်ဆင်လိုက်သည်။
"သိုင်းနတ်ဘုရားနယ်မြေအတွက် စိတ်ပူမနေနဲ့တော့... ထာဝရကာလကို ကျော်လွန်တဲ့ နယ်ပယ်ကို ရောက်ဖို့သာ အမြန်ဆုံး အဆင့်တက်လှမ်းပါတော့..."
ဆံပင်ဖြူ အမျိုးသမီး၏ အသံ သူ့နောက်ကျောဘက်မှ ထွက်ပေါ်လာသော်လည်းတုနှိုင်းမဲ့ခွန်းလွန်က ပြန်လည်မဖြေကြားတော့ဘဲ လျင်မြန်စွာပင် ပျောက်ကွယ်သွားလေသည်။
ဤသို့နှင့် ကမ္ဘာလောကကြီး တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြန်သည်။
တိမ်ပင်လယ်ထက်တွင် လုရှန်ကျိုးနှင့် သတ္တမဉာဏ်ပညာဘုရင်တို့ ယှဉ်တွဲထိုင်၍ ကမ္ဘာလောကကို ငုံ့ကြည့်နေကြသည်။ သူတို့၏ ဒဏ်ရာများမှာ ပြန်လည်ကောင်းမွန်နေပြီ ဖြစ်သည်။
လုရှန်ကျိုးက သတ္တမဉာဏ်ပညာဘုရင်၏ ခေါင်းပေါ်မှ ရွှေရောင်ကွင်းကို မကြာခဏ လှမ်းကြည့်သော်လည်း ပြောရန် စကားစ ရှာမရ ဖြစ်နေသည်။
ဤရွှေရောင်ကွင်းမှာ ကျန်းချန်ရှန်း၏ မှတ်ဉာဏ်ထဲရှိ ဆွန်းဝူခုန်း၏ ရွှေရောင်ကွင်းနှင့် တစ်ပုံစံတည်း တူညီနေသည်။သတ္တမဉာဏ်ပညာဘုရင်၏ ခေါင်းပေါ်တွင် တပ်ဆင်ထားသည့်အခါ ခြားနားသော အရှိန်အဝါတစ်ခုကို ပေးစွမ်းနေသည်။
သူ့ကို ထိုကဲ့သို့ မြင်လိုက်ရသောအခါ သတ္တမဉာဏ်ပညာဘုရင်က နှာခေါင်းရှုံ့လိုက်ပြီး ….
"ကြည့်နေတာ ရပ်လိုက်တော့... မင်းကရော တာအိုဘိုးဘေးရဲ့ လက်အောက်မှာ တစ်သက်လုံး နေသွားဖို့ ရည်ရွယ်ထားတာလား..."
လုရှန်ကျိုးက ပြုံးလိုက်ပြီး….
"ဘာလို့ မနေရမှာလဲ... မင်းနဲ့ငါက ခွန်အားကို လိုက်စားတဲ့ သူတွေလေ... မဟုတ်ရင် မင်းက သိုင်းတာအိုနဲ့ မသက်ဆိုင်တဲ့ မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံခဲ့မှာ မဟုတ်ဘူး... တာအိုဘိုးဘေးက အခုဆိုရင် သူ့ရဲ့ ရာပြည့် ဝင်စားခြင်းကို ကြုံတွေ့နေရတာ... သူ အထွတ်အထိပ်ကို ပြန်ရောက်ပြီး အင်မော်တယ်တာအိုကို စတင်တဲ့အခါ ငါတို့နှစ်ယောက်စလုံး အင်မော်တယ်လမ်းစဉ်ကို ကျင့်ကြံလို့ ရနိုင်တယ်... အဲဒီအချိန်ကျရင် မင်းရဲ့ မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံတဲ့အခါ အတွင်းစိတ်ဒဏ်ရာတွေ ရှိတော့မှာ မဟုတ်ဘူး... မင်း အဲဒါကို လွတ်လပ်စွာ ထိန်းချုပ်နိုင်မှာဖြစ်သလို သိုင်းတာအိုရဲ့ ကံတရားကလည်း ငြင်းပယ်တော့မှာ မဟုတ်ဘူး..."
သတ္တမဉာဏ်ပညာဘုရင် နှုတ်ဆိတ်သွားခဲ့သည်။
သူ့ရဲ့ မိစ္ဆာကျင့်စဉ်ကို အဆုံးမဲ့လေဟာနယ်၌သာ အသုံးပြုနိုင်သည်။သို့မဟုတ်ပါက သိုင်းတာအို ဥပဒေများ၏ စွမ်းအားဖြင့် တွန်းလှန်ခံရမည်ဖြစ်ပြီး သူ့ ခန္ဓာကိုယ်ထဲရှိ သိုင်းတာအို ကံတရားကပင် သူ့ကို ဟန့်တားနေလိမ့်မည် ဖြစ်သည်။ သူ့ကို ပျော်ရွှင်စေသည့် တစ်ခုတည်းသော အရာမှာ သိုင်းတာအို ကံတရားကို စွန့်လွှတ်လိုက်ပြီးနောက် မိစ္ဆာကျင့်စဉ်ကို အသုံးပြုရ ပိုမိုလွယ်ကူလာခြင်း ဖြစ်သည်။
သို့သော်လည်း တာအိုဘိုးဘေးနောက်သို့ လိုက်ခြင်း၏ အကျိုးဆက်များကို သူ မသိရှိပေ။
သို့ရာတွင် သူ ကောင်းစွာ သိရှိထားသည့် အချက်တစ်ချက် ရှိနေသေးသည်။ သိုင်းတာအို ကံတရားကို ဖြတ်တောက်လိုက်ပြီးနောက် သူသည် ဗေဒါတောမှ ကြာတပွင့်ကဲ့သို့ ဖြစ်လာပြီး သိုင်းနတ်ဘုရားနယ်မြေက သူ့ကို သည်းခံတော့မည် မဟုတ်ပေ။
အနာဂတ်ကို မဆိုထားနှင့်၊ လက်ရှိအခြေအနေကပင် သူ့ကို နေရထိုင်ရ ခက်ခဲစေသည်။ ခွန်းလွန်လွင်ပြင်သို့ သူ ဝင်ရောက်ခဲ့သည်မှာ အချိန်အတန်ကြာပြီ ဖြစ်သော်လည်း ယခုထိ အသားမကျသေးချေ။ သူ့အမြင်တွင်မူ ကောင်းကင်တရားရုံးမှ အင်မော်တယ်နတ်ဘုရားများမှာ သာမန်လူသားများနှင့် မခြားနားပေ။ သူတို့က တာအိုဘိုးဘေး၏ ကံတရားကို ခံစားစံစားနေကြခြင်းသာ ဖြစ်သည်။ နဂါးများနှင့် ဖီးနစ်များက ကြက်များ၊ ခွေးများနှင့် မည်သို့ ဂိုဏ်းတူ နေနိုင်မည်နည်း။
ထို့ကြောင့် ကောင်းကင်တရားရုံးသို့ သွားရန် သို့မဟုတ် လူ့လောကသို့ ဆင်းသက်ရန် ဆန္ဒမရှိဘဲ ဤနေရာတွင်သာ နေထိုင်နေခဲ့သည်။
လုရှန်ကျိုးက သူ့နောက်သို့ လိုက်ပါပြီး စောင့်ကြည့်နေသော်လည်း ကံကောင်းသည်မှာ သတ္တမဉာဏ်ပညာဘုရင်က စိတ်လိုက်မာန်ပါ မလုပ်ဆောင်ခဲ့ပေ။ ထိုအစား သူက ဖြစ်လာသမျှကို ရင်ဆိုင်ပြီး ဤနေရာမှ လွတ်မြောက်ရန် ရည်မှန်းချက်ဖြင့် လေ့ကျင့်ရန် ရွေးချယ်ခဲ့သည်။
လုရှန်ကျိုးက သူ့ကို နောက်ထပ်တစ်ကြိမ် ဖျောင်းဖျပြန်သည်။ သူက ကောင်းကင်တရားရုံးနှင့် တာအိုဘိုးဘေး၏ အင်အားအကြောင်း ပြောပြသလို အင်မော်တယ်တာအိုအပေါ်ထားရှိသော သူ့ရဲ့ မျှော်မှန်းချက်များကိုလည်း ပြောပြခဲ့သည်။
ကောင်းကင်တရားရုံးမှ အင်မော်တယ်နတ်ဘုရားများမှာ အင်မော်တယ်တာအိုသို့ အမှန်တကယ် မဝင်ရောက်နိုင်သေးသော်လည်း နတ်ဘုရားခန့်အပ်ခြင်း၏ ကံတရားဆိုသည်က လူတစ်ယောက်၏ စိတ်ကူးစိတ်သန်းများကို အရိုင်းဆန်လာစေနိုင်ပြီ ဖြစ်သည်။
သတ္တမဉာဏ်ပညာဘုရင်က ဘာမှထပ်မပြောတော့ဘဲ တစ်ဖက်လူ၏ ဖျောင်းဖျမှုကိုသာ သည်းခံနားထောင်နေခဲ့သည်။
သူသည် သတ္တမဉာဏ်ပညာဘုရင် ဖြစ်သည်…သို့ပါသောကြောင့် တပါးသူကို ဘယ်လိုလုပ် ခါးညွှတ်ရမည်နည်း။
သူ့ခေါင်းပေါ်တွင်သာ ဤသောက်ကျိုးနည်းပစ္စည်း မရှိပါက သူ ဘယ်လိုလုပ် ဤမျှ သူရဲဘောကြောင်နေမည်နည်း။
သည်းခံစမ်း...သည်းခံစမ်း…
သတ္တမဉာဏ်ပညာဘုရင် ဒေါသထွက်ပြီး ကြေကွဲဝမ်းနည်းနေစဉ်မှာပင် ကြီးမားသော ဖိအားတစ်ခု ကောင်းကင်ယံမှ ဆင်းသက်လာပြီး ခွန်းလွန်လွင်ပြင် တစ်ခုလုံးကို လွှမ်းခြုံသွားသဖြင့် လူတိုင်း မသိစိတ်ဖြင့် မော့ကြည့်လိုက်ကြသည်။
သိုင်းပညာရှင်များ၊ တိုက်ခိုက်နေကြသော မျိုးနွယ်စုပေါင်းစုံမှ အဖွဲ့ဝင်များ၊ နှစ်ခြိုက်စွာ အိပ်ပျော်နေကြသော ရက်စက်ကြမ်းကြုတ်သည့် သားရဲကြီးများ၊ တာဝန်ထမ်းဆောင်နေကြသော အင်မော်တယ်နတ်ဘုရားများနှင့် ကံတရားမင်းဆက်များ၏ လက်အောက်ခံများ... သူတို့အားလုံး ဘာလုပ်နေသည်ဖြစ်စေ အားလုံး ရပ်တန့်သွားပြီး ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြသည်။
လုရှန်ကျိုးလည်း တုန်လှုပ်သွားသည်။
"ဒါက..."
ကောင်းကင်တရားရုံးသို့ ဝင်ရောက်ပြီး နှစ်ပေါင်းများစွာကြာသည်အထိ ဤမျှ ကျယ်ပြောလှသော အရှိန်အဝါမျိုး သူ တစ်ခါမှ မခံစားဖူးခဲ့ပေ။ဖိအားများက အလွန်အစွမ်းထက်လှသဖြင့် သူ့ကိုယ်သူ သေးငယ်မွှားကောင်လေးဟု ခံစားလိုက်ရသည်။
ဤဖိအားမှာ အာဏာပြခြင်းမျိုး မဟုတ်ဘဲ လူများကို အလိုအလျောက် ရိုသေလေးစားမှု ဖြစ်ပေါ်လာစေသည့် ဖိအားမျိုး ဖြစ်သည်။
သတ္တမဉာဏ်ပညာဘုရင်လည်း တုန်လှုပ်သွားခဲ့သည်။သူ့ရဲ့ အမြင်အာရုံမှာ ကိုးကောင်းကင်ကို ဖောက်ထွင်းမမြင်နိုင်သော်လည်း အထက်မှ ဆင်းသက်လာသော ဖိအားကို ခံစားနေရဆဲ ဖြစ်သည်။
"တာအိုဘိုးဘေး အဆင့်တက်တော့မယ့်ပုံပဲ..."
လုရှန်ကျိုးက ရေရွတ်လိုက်ပြီး သူ့မျက်လုံးများမှာ ပြင်းပြသော ဆန္ဒများဖြင့် တောက်လောင်နေသည်။
အင်မော်တယ်တာအို ဆင်းသက်လာမည့် နေ့ရက်ကို သူ စောင့်မျှော်နေခဲ့သည်မဟုတ်လော…..
အခြားတစ်ဖက်တွင်...
ပိုင်လုံနှင့် ပိုင်ချီတို့မှာ ခရမ်းရောင်တိမ်တိုက်နန်းတော်မှ မောင်းထုတ်ခံလိုက်ရသည်။ သူတို့ခင်မျာ ကျန်းချန်ရှန်း၏ ဖိအားကို မခံနိုင်တော့သဖြင့် ထွက်ခွာလာရခြင်း ဖြစ်သည်။
"ငါနဲ့အတူ နဂါးနန်းတော်ကို လိုက်ခဲ့... ဘာပဲပြောပြော နင်က ဒီလောကရဲ့ ပထမဆုံး နဂါးစစ်စစ်ပဲဟာ..."
ပိုင်ချီက ပြုံး၍ ပိုင်လုံကို မေးလိုက်သည်။ ပင်လယ်သုံးစင်း နဂါးဘုရင်များမှာ သူမ၏ လက်အောက်ငယ်သားများ ဖြစ်ကြပြီး သူမကြောင့် နဂါးများအဖြစ် ပြောင်းလဲလာခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့က သူမကို အလွန် ရိုသေလေးစားကြသည်။
ပိုင်လုံက သမ်းဝေလိုက်ပြီး ….
"ကောင်းပြီလေ... နဂါးပလ္လင်က ပိုပြီး သက်တောင့်သက်သာ ရှိမယ်လို့ မျှော်လင့်ပါတယ်..."
ပိုင်ချီက ချက်ချင်းပင် ၎င်း၏ ကျောပေါ်သို့ ခုန်တက်ပြီး အောက်ပိုင်းဘုံသို့ စီးနင်းလိုက်ပါသွားခဲ့သည်။
ခရမ်းရောင်တိမ်တိုက်နန်းတော် အတွင်း၌ ကျန်းချန်ရှန်း၏ မဟာတာအိုမျက်လုံး ပွင့်နေပြီး ပြန်မှိတ်၍ မရတော့ပေ။ တောက်ပသော ရွှေရောင်အလင်းတန်းများက နန်းတော်တစ်ခုလုံးကို လင်းထိန်နေစေသည်။
နောက်ဆုံးတော့ သူ အဆင့်တက်တော့မည် ဖြစ်သည်။
သူက အဆင့်တက်လှမ်းလိုစိတ်ကို တွန်းလှန်ပြီး လူ့လောကကိုသာ ဆက်လက်စောင့်ကြည့်နေလိုက်သည်။
ကောင်းကင်အမွေခံခေတ် စတင်ခဲ့သည်မှာ ၄၄၁ နှစ် ရှိခဲ့ပြီ ဖြစ်သည်။ ယခုနှစ်တွင် သူသည် အသက် ၁၃၂၅ နှစ် ရှိပြီဖြစ်ပြီး နောက်ဆုံးအကြိမ် အဆင့်တက်ခဲ့သည်မှာ ၇၃၇ နှစ် ရှိခဲ့ပြီ ဖြစ်သည်။
"တကယ်ကို ကြာလွန်းလှပြီ..."
ကျန်းချန်ရှန်း သူ့စိတ်ထဲတွင် ညည်းတွားလိုက်သည်။ အသက်အရွယ်အရ ကြာမြင့်ပြီ ဖြစ်သော်လည်း သူ့စိတ်ထဲတွင်မူ သိပ်မကြာသေးသကဲ့သို့ ခံစားရသည်။ အင်မော်တယ် ဖြစ်လာပြီးနောက် အချိန်အပေါ် ခံစားသိမြင်မှု ပြောင်းလဲသွားပြီး ပိုမိုမြန်ဆန်လာခဲ့သည်။
ကျန်းချန်ရှန်း မတ်တတ်ရပ်လိုက်ပြီး အကြောဆန့်ရင်း အမွှေးတိုင်အမှတ်များနှင့် ကံတရားအမှတ်များကို စစ်ဆေးလိုက်သည်။
[လက်ရှိ အမွှေးတိုင်အမှတ်များ: ၁,၁၉၀,၂၁၀,၀၂၉,၀၉၂]
[လက်ရှိ ကံတရားအမှတ်များ: ၂၅,၈၈၈,၆၃၂,၁၁၀,၀၃၄]
အမွှေးတိုင်အမှတ် အရေအတွက်မှာ ၁ ထရီလီယံ ကျော်လွန်သွားပြီ ဖြစ်ပြီး တိုးတက်မှုနှုန်း နှေးကွေးသွားသည်။
ထရီလီယံ အမှတ်အသားကို ကျော်လွန်သွားသော်လည်း အမွှေးတိုင် လုပ်ဆောင်ချက်အသစ် တစ်ခုကို မဖွင့်ခဲ့ပေ။ ထိုအစား အမွှေးတိုင် လုပ်ဆောင်ချက် တစ်ခုကို အားဖြည့်ရန် အခွင့်အရေး ပေါ်လာခဲ့သည်။ တွန့်ဆုတ်မနေဘဲ ကျန်းချန်ရှန်းက အမွှေးတိုင် တွက်ချက်မှု လုပ်ဆောင်ချက်ကို အားဖြည့်ရန် ရွေးချယ်လိုက်သည်။
လောလောဆယ်တွင် တိုက်ခိုက်လာသော ရန်သူများ မရှိသော်လည်း အစောပိုင်းကာလများတွင် အမွှေးတိုင် တွက်ချက်မှု လုပ်ဆောင်ချက်ကို အသုံးပြုခြင်းအားဖြင့် သတင်းအချက်အလက်များစွာ ရရှိခဲ့ပြီး အလွန် အရေးပါခဲ့သည်။ အခြား လုပ်ဆောင်ချက်များ အနေဖြင့်မူ သူ့ဩဇာအာဏာကို ခိုင်မာစေရန် ကူညီပေးရုံသာ ဖြစ်သည်။ ယခုအခါ ကောင်းကင်တရားရုံးကို တည်ထောင်ပြီးပြီဖြစ်သဖြင့် အခြားလုပ်ဆောင်ချက်များကို ခဲယဉ်းမှသာ အသုံးပြုတော့ပြီး ကောင်းကင်အတိဒုက္ခအတွက် တတ်နိုင်သမျှ အမွှေးတိုင်အမှတ်များ စုဆောင်းထားခဲ့သည်။
ခေတ္တမျှ အကြောဆန့်ပြီးနောက် ကျန်းချန်ရှန်းတယောက် ချင်းယွမ်နတ်ဘုရားပလ္လင်နှင့်အတူ ခရမ်းရောင်တိမ်တိုက်နန်းတော်မှ ထွက်ခွာလာပြီး ကောင်းကင်မြစ်သို့ ရောက်ရှိလာသည်။
ထို့နောက် စိတ်ဝိဉာဉ်အာရုံကို ဖြန့်ကျက်လိုက်ပြီး အနီးအနားရှိ လေဟာနယ်တွင် အစွမ်းထက်သော ရန်သူများ ရှိမရှိ စစ်ဆေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သိရှိထားသော အတိုင်းအတာအတွင်း အသန်မာဆုံးနှင့် ဒုတိယ အသန်မာဆုံး လူများကို စစ်ဆေးရန် အမွှေးတိုင် တွက်ချက်မှုများကို အသုံးပြုလိုက်သည်။ ၎င်းတို့မှာ သူနှင့် သတ္တမဉာဏ်ပညာဘုရင် ဖြစ်ကြောင်း အတည်ပြုပြီးနောက် စိတ်သက်သာရာ ရသွားသည်။
စိတ်ဝိဉာဉ်အာရုံဖြင့်စစ်ဆေးရာတွင်လည်း မည်သည့် အစွမ်းထက် ရန်သူကိုမျှ မတွေ့ရှိခဲ့သလို အမွှေးတိုင် တွက်ချက်မှု လုပ်ဆောင်ချက်ဖြင့်လည်း မည်သည့် အစွမ်းထက် ရန်သူကိုမျှ တွက်ချက်မရခဲ့ပေ။ဒီအတိုင်းဆို သူ ဘေးကင်းသည်ဟု ဆိုနိုင်သည်။
ဂျိန်း…….
ကျန်းချန်ရှန်းက ကျင့်ကြံခြင်းကို မဖိနှိပ်ထားတော့သည့်အခါ အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး လှိမ့်ဝင်လာသော မိုးကြိုးတိမ်တိုက်များကို ဆွဲဆောင်လိုက်သည်။ ဤမိုးကြိုးတိမ်တိုက်များမှာ ကြီးမားသော အရှိန်အဟုန်ဖြင့် လေထဲမှ ရုတ်တရက် ပေါ်ထွက်လာခြင်း ဖြစ်သည်။
ကင်းလှည့်နေကြသော ချန်မျိုးနွယ်စုဝင်များနှင့် ကောင်းကင်မြစ်ပေါ်တွင် ကံတရားအစီအရင်များကို လေ့ကျင့်နေကြသော ကောင်းကင်စစ်သည်များ တစ်ယောက်ပြီး တစ်ယောက် လှည့်ကြည့်လိုက်ကြသည်။ သူတို့အားလုံး ပုံမှန်မဟုတ်သော အမြန်နှုန်းဖြင့် လှိမ့်ဝင်လာသည့် မိုးကြိုးတိမ်တိုက်များကို မြင်တွေ့လိုက်ကြရသည်။
"ငါ ကောင်းကင်အတိဒုက္ခ ခံယူဖို့ ပြင်ဆင်နေတာ... အနားမကပ်ကြနဲ့..."
ကျန်းချန်ရှန်း၏ အသံက ကောင်းကင်မြစ်ပေါ်ရှိ လူတိုင်း၏ နားထဲသို့ ဝင်ရောက်သွားသည်။ သူ့အသံကို ကြားလိုက်ရသောအခါ လူတိုင်း တည်ငြိမ်သွားကြပြီးနောက် စူးစမ်းလိုစိတ်နှင့် မျှော်လင့်ချက်များဖြစ်ပေါ်လာကြသည်။
တာအိုဘိုးဘေးက ကောင်းကင်အတိဒုက္ခ ခံယူချင်နေတာလား...။
ကောင်းကင်တရားရုံးသို့ ဝင်ရောက်ပြီးနောက် ချန်မျိုးနွယ်စုဝင်များသည်လည်း တာအိုဘိုးဘေးနှင့် ပတ်သက်သော ဒဏ္ဍာရီအမျိုးမျိုးကို ကြားသိခဲ့ရပြီး ကောင်းကင်အတိဒုက္ခဆိုသည်မှာလည်း ၎င်းတို့အနက် တစ်ခု ဖြစ်သည်။
ရွှမ်းဟွမ်မဟာကမ္ဘာတွင် သိုင်းပညာရှင်များ အဆင့်တက်သောအခါ အတိဒုက္ခကို ကျော်ဖြတ်ရန် မလိုပေ။ အများဆုံးအနေဖြင့် သူတို့ စိတ်ဖောက်ပြန်ရုံသာ ဖြစ်တတ်သည်။
ကျန်းချန်ရှန်းက နတ်ဘုရားပလ္လင်ပေါ်တွင် ထိုင်လျက် နတ်ဘုရားအလင်းရောင်များ တောက်ပနေပြီး မဟာတာအိုမျက်လုံးကလည်း အမှောင်ထု လေဟာနယ်ကို လင်းထိန်သွားစေသည့် ရွှေရောင်အလင်းတန်းကို ထုတ်လွှတ်လိုက်သည်။
အတိဒုက္ခကို စောင့်ဆိုင်းရင်း အမွှေးတိုင်အမှတ်များနှင့် ကံတရားအမှတ်များဖြင့် ပြင်ဆင်ထားလိုက်သည်။
ကောင်းကင်အတိဒုက္ခ၏ မိုးကြိုးတိမ်တိုက်များမှာ ဆက်လက် ဖွဲ့စည်းနေပြီး ကျယ်ပြန့်လာရာ မိုးကြိုးတိမ်တိုက်များ ဖုံးလွှမ်းထားသော ဧရိယာသည်လည်း ပိုမိုကြီးမားလာသည်။ မိုးကြိုးတိမ်တိုက်များထဲတွင် ပါဝင်သော ကောင်းကင်အာဏာစက်မှာလည်း တိုးပွားလာပြီး ခွန်းလွန်လွင်ပြင်၏ ကောင်းကင်ကို အရောင်ပြောင်းသွားစေခဲ့သည်။
ကောင်းကင်ရှိ ရာသီဥတု ပြောင်းလဲလာသည်နှင့်အမျှ လူတိုင်း မော့ကြည့်လိုက်ကြသည်။ ကောင်းကင်ကြီး မည်းမှောင်သွားပြီး လေနှင့် တိမ်တိုက်များ လှိမ့်ဝင်လာရာ ကမ္ဘာပျက်ကပ် ရောက်လာတော့မည့်အလားပင်။
လုရှန်ကျိုးနှင့် သတ္တမဉာဏ်ပညာဘုရင်တို့ ကောင်းကင်မြစ်သို့ ရောက်လာကြပြီး အဝေးမှ လှမ်းကြည့်လိုက်ရာ တာအိုဘိုးဘေး၏ ပုံရိပ်ကို မြင်လိုက်ရသည်။
သူက ပလ္လင်ပေါ်ထိုင်နေရင်း အတိဒုက္ခကိုရင်ဆိုင်မလို့လား...
"ကြောက်စရာကောင်းလိုက်တဲ့ ကောင်းကင်အာဏာစက်ပဲ... ထာဝရပုဂ္ဂိုလ်ကြီးနဲ့တောင် ယှဉ်လို့ရနေပြီ မဟုတ်လား..."
လုရှန်ကျိုးက တာအိုဘိုးဘေးကို ရိုသေလေးစားသော်လည်း ဤမျှကြီးမားသော ကောင်းကင်အာဏာစက်နှင့် ရင်ဆိုင်ရချိန်တွင် တည်ငြိမ်နေရန် ခက်ခဲနေသည်။
သတ္တမဉာဏ်ပညာဘုရင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားချေပြီ။ သူ ဘာမှမပြောသော်လည်း ယခုလို နှုတ်ဆိတ်နေမှုမှာ အဖြေတစ်ခု ဖြစ်နေပြီ ဖြစ်သည်။
တစ်နာရီခန့် ကြာပြီးနောက် မိုးကြိုးတိမ်တိုက်များ ခွန်းလွန်လွင်ပြင် တစ်ခုလုံးကို ဖုံးလွှမ်းသွားချိန်တွင် ကောင်းကင်အတိဒုက္ခ အမှန်တကယ် စတင်လာတော့သည်။
ကောင်းကင်အာဏာစက်မှာ သိုင်းတာအိုစိတ်ဝိဉာဉ်နယ်ပယ် ပညာရှင်တစ်ဦး ခံနိုင်ရည်ရှိသည်ထက် များစွာ ကျော်လွန်နေကြောင်း ကျန်းချန်ရှန်း အာရုံခံလိုက်မိသည်။ ဖန်ဆင်းရှင်သိုင်းနယ်ပယ် ပညာရှင်တစ်ဦးပင် ၎င်းကို ခံနိုင်ရည် ရှိမည်မဟုတ်ဘဲ ဤသည်မှာ ကောင်းကင်အတိဒုက္ခ၏ အစသာ ရှိသေးသည်။
အင်မော်တယ်တာအို လမ်းစဉ်တွင် ခရီးပေါက်လေလေ ကောင်းကင်အတိဒုက္ခ ပိုမို ပြင်းထန်လေလေ ဖြစ်သည်။
ကောင်းကင်အာဏာစက်က အစွမ်းထက်သော်လည်း ကျန်းချန်ရှန်း မကြောက်ပေ။ ပြီးခဲ့သည့်အကြိမ် သူ အဆင့်တက်ခဲ့စဉ်က အင်အားမှာ သိုင်းတာအိုစိတ်ဝိဉာဉ်နယ်ပယ်၏ အထွတ်အထိပ်တွင် ရှိနေပြီးဖြစ်သည်။ အမွှေးတိုင်အမှတ်များအရ သူ့ရဲ့ အင်အားတန်ဖိုးမှာ အမွှေးတိုင်အမှတ် ဘီလီယံ ၆၀၀ ကျော်လွန်နေပြီ ဖြစ်သဖြင့် ဖန်ဆင်းရှင်သိုင်းနယ်ပယ်တွင်ပင် သူ့ကို အားနည်းသည်ဟု ယူဆ၍ မရနိုင်ပေ။
ဝုန်းးးးးးးး
ပထမဆုံး မိုးကြိုးတချက် ကျဆင်းလာသောအခါ လုရှန်ကျိုးနှင့် သတ္တမဉာဏ်ပညာဘုရင် အပါအဝင် ကြည့်ရှုနေသူ အားလုံး တုန်လှုပ်သွားကြသည်။ လူတိုင်း ထိုကြောက်မက်ဖွယ်ကောင်းသော ဟိန်းသံကို ကြားလိုက်ရပြီး ကောင်းကင်ကြီး ပြိုကျတော့မည်ဟု ထင်မှတ်လိုက်ကြသည်။
ကျန်းချန်ရှန်းက အမွှေးတိုင်အမှတ်များနှင့် ကံတရားအမှတ်များကို ချက်ချင်း မသုံးသေးပေ။ ထိုအစား သူက ချင်းယွမ် နတ်ဘုရားပလ္လင်၏ အကာအကွယ် အစီအရင်ကို ဖွင့်လိုက်သည်။
လုရှန်ဝေနှင့် ရှန်ယန်ရှောင်တို့ အလွန်ကြောက်စရာကောင်းသည်ဟု ထင်မြင်ခဲ့သော မိုးကြိုးများမှာ ချင်းယွမ်ပုလ္လင် အကာအကွယ် အတားအဆီး၏ အလွယ်တကူ တန်ပြန်ခြင်းကို ခံလိုက်ရသည်။
ဒုတိယမြောက် မိုးကြိုး လျင်မြန်စွာ ကျဆင်းလာပြီးနောက် တတိယနှင့် စတုတ္ထတို့ ဆက်တိုက် လိုက်ပါလာကြသည်။
တာအိုဘိုးဘေး အတိဒုက္ခကျော်ဖြတ်နေသည့် ခမ်းနားသော မြင်ကွင်းကို ကြည့်ရှုရန် အင်မော်တယ်နတ်ဘုရား အများအပြား ကောင်းကင်မြစ်သို့ ရောက်ရှိလာကြသည်။
ယဲ့ကျန်းကလည်း အဝေးသို့ လှမ်းကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် လျှပ်စီးရောင်များ လက်ခနဲ ဖြစ်သွားသဖြင့် မသိစိတ်ကြောင့် ပါးစပ်ဟသွားပြီး သူ့မျက်ဝန်းထဲတွင် မယုံနိုင်မှုများဖြင့် ပြည့်နှက်နေသည်။
"ဘိုးဘေး... တာအိုဘိုးဘေးက ဒီလို ကောင်းကင်အတိဒုက္ခမျိုးကို ခံယူနေရတယ်ဆိုတော့ ဘယ်လိုနယ်ပယ်မျိုးမှာ ရှိနေတာလဲ..."
ယဲ့ကျန်းက စိတ်လှုပ်ရှားနေသော လေသံဖြင့် သူ့စိတ်ထဲတွင် မေးလိုက်သည်။
ကောင်းကင်အာဏာစက် ပိုမို အားကောင်းလေလေ တာအိုဘိုးဘေးအပေါ် သူ့ရဲ့ လေးစားမှု ပိုမို ပြင်းထန်လေလေ ဖြစ်သည်။
ယဲ့ဘိုးဘေးက ….
"ငါလည်း သေချာမသိဘူး... သိုင်းပညာနယ်ပယ်ကို ကျော်လွန်သွားတဲ့ သူတွေကသာ ကောင်းကင်အတိဒုက္ခကို ကျော်ဖြတ်နိုင်တယ်လို့ ဆိုကြတယ်... ဒါမှမဟုတ် သိုင်းတာအို ဥပဒေအပြင်ဘက်က အခြား ထူးခြားတဲ့ နည်းလမ်းတွေကို ကျင့်ကြံသူတွေလည်း အတိဒုက္ခကို ကျော်ဖြတ်နိုင်တာ ဖြစ်မယ်... ဒါပေမဲ့ ဒါက ငါ့မျက်စိနဲ့တပ်အပ် ပထမဆုံးအကြိမ် မြင်ဖူးခြင်းပဲ... ဒီမိုးကြိုးတွေက အရမ်း ကြောက်စရာကောင်းလွန်းတယ်..."
ယခင်က တာအိုဘိုးဘေးကို အင်အားကောင်းလွန်းသဖြင့် သိုင်းတာအို၏ မောင်းထုတ်ခြင်း ခံခဲ့ရသော ရှေးဟောင်းမိစ္ဆာကြီး တစ်ကောင်ဟု သူ ထင်ခဲ့ဖူးသည်။ သူ့စိတ်ထဲတွင် တာအိုဘိုးဘေးမှာ ခေတ်ပြိုင် ဖြစ်တည်မှုတစ်ခု ဖြစ်သည်။ ယခုအခါတွင်မူ တာအိုဘိုးဘေးကို လျှော့တွက်ခဲ့မိကြောင်း ခံစားလိုက်ရသည်။
တာအိုဘိုးဘေးဆိုသူက သူ့ထက် ရှေးကျသော ဖြစ်တည်မှုတစ်ခု ဖြစ်ရပေမည်။
သူလည်း တာအိုဘိုးဘေးကို စတင် ရိုသေလေးစားလာခဲ့သည်။
မူလင်းလော့နှင့် ကျန်းဇီယုတို့လည်း ကျန်းချန်ရှန်း အတိဒုက္ခကျော်ဖြတ်သည်ကို ကြည့်ရှုရန် ရောက်ရှိလာသည်။ အင်မော်တယ်နတ်ဘုရားများက နေရာတိုင်းတွင် ဆွေးနွေးနေကြသော်လည်း မည်သူမျှ အနားမကပ်ရဲကြပေ။ ကောင်းကင်မြစ်သို့ ရောက်လာရုံဖြင့်ပင် သူတို့မှာ ကြောက်ရွံ့မှုကြောင့် တုန်လှုပ်နေကြသည်။
ကျန်းချန်ရှန်းက ဘေးပတ်ဝန်းကျင်မှ လူများကို လျစ်လျူရှုထားပြီး အတိဒုက္ခကျော်ဖြတ်ရန်ကိုသာ အာရုံစိုက်လိုက်သည်။
မှော်ရတနာများ၏ အစွမ်းအပေါ် အားကိုးလျက် စွမ်းအင်ကို စတင် လှည့်ပတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲရှိ တာအိုအသီးမှာ အရှိန်ပြင်းစွာ လည်ပတ်နေပြီး အကန့်အသတ်မဲ့သော မှော်စွမ်းအင်များ ထိန်းချုပ်မရနိုင်အောင် လှိမ့်ထွက်လာကာ သူ့ရဲ့ ရုပ်ခန္ဓာနှင့် ဝိညာဉ်ကို သန့်စင်ပေးလိုက်သည်။
ကောင်းကင်အတိဒုက္ခက ပိုမိုကြမ်းတမ်းလာပြီး မိုးကြိုးသံများမှာ နားကွဲလုမတတ် ဖြစ်လာသည်။
ရုတ်တရက်...
ကျန်းချန်ရှန်း တစ်စုံတစ်ခုကို အာရုံခံမိလိုက်သဖြင့် လှည့်ကြည့်လိုက်သည်။
ထိုအရပ်မျက်နှာမှာ ရွှမ်းဟွမ်မဟာကမ္ဘာဘက် ဖြစ်သည်။ ထိုနေရာမှ အစွမ်းထက်သော အရှိန်အဝါတစ်ခု လာနေသည်ကို သူ ခံစားလိုက်ရသည်။
ဤနေရာနှင့် ရွှမ်းဟွမ်မဟာကမ္ဘာ မည်မျှ ဝေးကွာသနည်း။ တိုက်ပွဲ၏ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုက ဤနေရာထိ ရောက်လာရန် မည်မျှ အစွမ်းထက်ရမည်နည်း။
သွေးကမ္ဘာက သိုင်းနတ်ဘုရားနယ်မြေကို စတင်တိုက်ခိုက်နေခြင်း ဖြစ်နိုင်မလား...
ကျန်းချန်ရှန်း တိတ်တဆိတ် သိချင်နေသော်လည်း ထိုအရာမှာ ဖြတ်သန်းသွားသော အတွေးတစ်ခုသာ ဖြစ်သည်။ ဦးစွာ သူ့ကိုယ်သူ ဂရုစိုက်ရပေမည်။
မိုးကြိုးအချက်တစ်ရာ ကျဆင်းပြီးနောက် မိုးကြိုးများ၏ စွမ်းအားများ များစွာ တိုးလာပြီး မိုးကြိုးများ၏ အရောင်မှာလည်း စတင် ပြောင်းလဲလာသည်။ အဖြူရောင် မိုးကြိုးတစ်ချက် ကျဆင်းလာသောအခါ ချင်းယွမ် နတ်ဘုရားပလ္လင်ကိုပင် တုန်ခါသွားစေသည်။
ကျန်းချန်ရှန်းလည်း တစ်ကိုယ်လုံး ထုံကျင်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ထိခိုက်ဒဏ်ရာ မရအောင် တားဆီးရန်အတွက် မှော်ရတနာများကို မှီခို၍ မရတော့သည့်ပုံ ပေါ်သည်။
ထို့ကြောင့် ကံတရား အကာအကွယ် အတားအဆီးကို ချက်ချင်း ဖွင့်လိုက်သည်။ ကံတရားအမှတ် ၂၅ ထရီလီယံဖြင့် အနည်းဆုံးတော့ အချိန်အတန်ကြာ တောင့်ခံထားနိုင်ပေမည်။