← Chapters

ခွန်းလွန်အတွက် မေးခွန်းများ၊ မဟာအကန့်အသတ်မဲ့ ကောင်းကင်ကံတရား (၁)

Vol. 29 Ch. 414

ခွန်းလွန်အတွက် မေးခွန်းများ၊ မဟာအကန့်အသတ်မဲ့ ကောင်းကင်ကံတရား (၁)

Vol. 29 Ch. 414

ဘုန်း... ဘုန်း... ဘုန်း...

ကောင်းကင်မိုးကြိုးများက ကောင်းကင်ဘုံက ဒေါသများ ဖွင့်ထုတ်ကာ အတိဒုက္ခခံယူနေသူကို သနားညှာတာမှုမရှိ ဖျက်ဆီးပစ်လိုသကဲ့သို့ ကြမ်းတမ်းလှသည်။

ကျန်းချန်ရှန်းက ကံတရား အကာအကွယ် အတားအဆီးကို အားကိုး၍ နောက်ထပ် မိုးကြိုးများကို အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့သည်။ သို့သော်လည်း ကံတရားအမှတ်များ လျင်မြန်စွာ လျော့ကျနေသဖြင့် စိတ်လက်ပေါ့ပါးမနေပေ။

ကံတရားအမှတ်များ လျင်မြန်စွာ လျော့ကျသွားမှုက သူ့ကို စိုးရိမ်ပူပန်စေသည်။ သူ့တွင် ကံတရားအမှတ် ၂၅ ထရီလီယံခန့် ရှိသော်လည်း ထိတ်လန့်နေရဆဲပင်။

သူ တုန်လှုပ်နေသော်လည်း ထိုင်ပုံထိုင်နည်းမှာ အလွန် သက်တောင့်သက်သာ ရှိပုံပေါက်နေသဖြင့် ကြည့်ရှုနေသူများကို သွေးများကို ဆူပွက်သွားစေသည်။

"တာအိုဘိုးဘေးက ဒီလို မိုးကြိုးဘေးဒဏ်မျိုးကို လုံးဝ ဂရုစိုက်မှာမဟုတ်ဘူး..."

"ဒါပေါ့... တာအိုဘိုးဘေးက အင်မော်တယ်အားလုံးရဲ့ ဘိုးဘေးလေ... သူက လူ့လောကရဲ့အတွေ့အကြုံတွေကို ခံစားချင်လို့သာ ပြန်လည်ဝင်စားခဲ့တာ..."

"အံ့ဩစရာပဲ... ဒီလို မိုးကြိုးအတိဒုက္ခမျိုးက ခွန်းလွန်လွင်ပြင်ကို တိုက်ရိုက် ဖျက်ဆီးပစ်နိုင်မယ်လို့ ငါ ထင်တယ်..."

"ဟိုတုန်းက ငါတို့က နဂါးသွေးကြောတိုက်ကြီးက လာခဲ့ကြတာ... နဂါးသွေးကြောတိုက်ကြီးက အဆုံးမဲ့သမုဒ္ဒရာရဲ့ ထောင့်ကျဉ်းလေး တစ်နေရာပဲ ရှိသေးတာ... အဆုံးမဲ့သမုဒ္ဒရာကလည်း မဟာကန္တာရရဲ့ ထောင့်ကျဉ်းလေး တစ်နေရာပဲ... အခုဆိုရင် မဟာကန္တာရ တစ်ခုလုံးက ခွန်းလွန်လွင်ပြင်နဲ့ ယှဉ်ရင် ပြောပလောက်စရာ မရှိတော့ဘူး... ငါတို့က မူလက စကြဝဠာရဲ့ အစိတ်အပိုင်းလေး တစ်ခုက လာခဲ့ကြတာ... ဒါပေမဲ့ တာအိုဘိုးဘေးက အချိန်အနှစ်တစ်ထောင်အတွင်း ငါတို့ကို ဒီအဆင့်ရောက်အောင် တစ်ဆင့်ပြီးတစ်ဆင့် ပို့ဆောင်ပေးခဲ့တာပဲ..."

"ဟုတ်တယ်... တာအိုဘိုးဘေးနဲ့ ပတ်သက်ပြီး ငါ အလေးစားဆုံးအရာက သူ့ရဲ့ ခွန်အား မဟုတ်ဘဲ သူ့ရဲ့ သဘောထားကြီးမှုပဲ... သူက ရန်သူတွေကို မိတ်ဆွေအဖြစ် ပြောင်းလဲပြီး သာမန်ပြည်သူတွေကို ကယ်တင်ခဲ့တာ ဘယ်နှကြိမ် ရှိပြီလဲ... ဒါက အင်မော်တယ်တစ်ပါး ရှိသင့်တဲ့ ပုံစံမျိုးပဲ..."

အင်မော်တယ်နတ်ဘုရားများ အချင်းချင်း ဆွေးနွေးနေကြရင်း ခေါင်းစဉ်တဖြည်းဖြည်း ပြောင်းလဲသွားသည်။ လူသစ်များက တာအိုဘိုးဘေး၏ ဒဏ္ဍာရီလာ စွမ်းဆောင်ချက်များကို နားထောင်နေစဉ် လူဟောင်းများကတော့ အတိတ်ကို ပြန်လည်လွမ်းဆွတ်နေကြသည်။

သတ္တမဉာဏ်ပညာဘုရင်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။ သူ ဘာတွေးနေမှန်း မည်သူမျှ မသိကြပေ။ ထိုအချိန်တွင် သူ့ရဲ့ ရွှေရောင်ကွင်း ကျုံ့သွားသည်ကို ရုတ်တရက် ခံစားလိုက်ရသဖြင့် လန့်ဖျပ်သွားသည်။

"ထင်တဲ့အတိုင်းပဲ၊ ငါ ဒီအချိန်မှာ ပြဿနာရှာလို့ မရဘူး..."

သတ္တမဉာဏ်ပညာဘုရင် တုန်လှုပ်သွားခဲ့ရသည်။ မူလက ဤအခွင့်အရေးကို အသုံးချပြီး ထွက်ပြေးသင့် မပြေးသင့် တွန့်ဆုတ်နေသော်လည်း ထိုအတွေး ပေါ်လာသည်နှင့် ရွှေရောင်ကွင်းက ကျုံ့သွားခဲ့သည်။

ဒီပစ္စည်းမှာ ကိုယ်ပိုင်အသိစိတ် ရှိနေတာလား...

သူ စိတ်လိုက်မာန်ပါ မလုပ်ဆောင်ရဲတော့ပေ။ တာအိုဘိုးဘေး၏ သက်တောင့်သက်သာ ပုံစံကို ကြည့်ခြင်းအားဖြင့် မိုးကြိုးအတိဒုက္ခက သူ့ကို လုံးဝ ထိခိုက်အောင် မလုပ်နိုင်လောက်ပေ။

သူ့တွင် ရွေးချယ်စရာ မရှိတော့ဘဲ အာရုံလွဲစေသော အတွေးများကို ဖယ်ရှားကာ တာအိုဘိုးဘေး၏အတိဒုက္ခမှ ထိုးထွင်းသိမြင်မှု တစ်စုံတစ်ရာ ရရှိနိုင်မလား ကြည့်ရှုရန် သေချာ ဂရုတစိုက် စောင့်ကြည့်နေလိုက်သည်။

ကောင်းကင်အတိဒုက္ခ ပိုမို ကြမ်းတမ်းလာချေပြီ။

ထောင်ပေါင်းများစွာသော မိုးကြိုးများ ကမ္ဘာကြီးကို ဖျက်ဆီးလိုသော ရည်ရွယ်ချက်ဖြင့် ကျဆင်းလာရာ လူပင်လယ်ကြီးထဲတွင် ကြီးမားသော လှိုင်းလုံးများကို ဖြစ်ပေါ်စေပြီး ရာသီဥတုကို ပြောင်းလဲသွားစေသည်။

ကောင်းကင်တရားရုံးမှ တရားဝင်နတ်ဘုရားများကလည်း လူ့လောကမှ မငြိမ်မသက်မှုများကို တည်ငြိမ်စေရန် ဝင်ရောက်ဆောင်ရွက်ခဲ့ရသည်။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးနေ၏….

ကျန်းချန်ရှန်း၏ ကံတရားအမှတ် ၂၅ ထရီလီယံ ကုန်ဆုံးသွားပြီးနောက်တွင်လည်း ကောင်းကင်အတိဒုက္ခကတော့ အားကောင်းနေဆဲပင်။ သူက တိုက်ခိုက်မှုတစ်ခုကို ကြံ့ကြံ့ခံရန် ကြိုးစားလိုက်သော်လည်း တကယ်ကို နာကျင်လှပေသည်။

ခန္ဓာကိုယ်နှင့် ဝိညာဉ်တွင် ပြင်းထန်သော နာကျင်မှုကို ခံစားရခြင်းက ကမ္ဘာလောကတွင် အနာကျင်ဆုံး အတွေ့အကြုံ ဖြစ်သည်။

ကျန်းချန်ရှန်းက ကောင်းကင်အတိဒုက္ခကို ခုခံရန် အမွှေးတိုင် အကာအကွယ် အတားအဆီးကို ချက်ချင်း ဖွင့်လိုက်ရသည်။

သူ့ကို စောင့်ကြည့်နေကြသော အင်မော်တယ်နတ်ဘုရားများ လူစုခွဲသွားကြပြီ ဖြစ်သည်။ လူ့လောကကို တည်ငြိမ်စေရန် သူတို့ကို အမိန့်ပေးခဲ့သူမှာ ကျန်းဇီယု ဖြစ်သည်။ တာအိုဘိုးဘေး၏အတိဒုက္ခဖြတ်ကျော်ခြင်းတွင် လှုပ်ရှားရုန်းရင်းမှု များလွန်းသဖြင့် ကောင်းကင်တရားရုံးက ဝင်ရောက်ဆောင်ရွက်ခဲ့ရသည်။

ကျန်းချန်ရှန်းတွင် ရွေးချယ်စရာ မရှိပေ။ အကယ်၍ သူသာ အတိဒုက္ခခံယူရန် ခွန်းလွန်လွင်ပြင်မှ ထွက်ခွာသွားပါက အန္တရာယ်များ ပိုမို များပြားပေလိမ့်မည်။ ထို့အပြင် ကောင်းကင်အတိဒုက္ခက ဤမျှ ကြောက်စရာကောင်းလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

ကောင်းကင်တရားရုံးမှ အင်မော်တယ်နတ်ဘုရားများ လူစုခွဲသွားသည်ကို မြင်လိုက်ရသောအခါ လုရှန်ကျိုးလည်း ဆက်လက်မနေနိုင်တော့ဘဲ သတ္တမဉာဏ်ပညာဘုရင်ကို ဆွဲခေါ်သွားတော့သည်။

ကျန်းချန်ရှန်းက ဂရုမစိုက်တော့ဘဲ အတိဒုက္ခကိုကျော်ဖြတ်ရန်သာ အာရုံစိုက်လိုက်သည်။ ထိုအချိန်တွင် ကောင်းကင်မိုးကြိုးများမှာ အနီရင့်ရောင် ပြောင်းလဲသွားပြီး အနီရင့်ရောင် မိုးကြိုးများအတွင်းတွင် မှိန်ဖျဖျ ပုံရိပ်များကို မြင်တွေ့နေရသည်။

ထိုပုံရိပ်များ ဆင်းသက်လာသောအခါ ကျန်းချန်ရှန်း စိတ်လွတ်သွားသည်။

သူသည် အဆက်မပြတ် ဖွဲ့စည်းနေသော ပုံရိပ်ယောင် အချို့ကို မြင်လိုက်ရသည်။

သူ ပြန်မတုံ့ပြန်နိုင်မီ ရုတ်တရက် နိုးလာခဲ့သည်။ မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ တောင်တစ်လုံးကဲ့သို့ ခမ်းနားထည်ဝါသော ကြီးမားလှသည့် မဟော်ဂနီတံခါးကြီး တစ်ခုရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရပြီး ၎င်းအပေါ်မှ ဆိုင်းဘုတ်တွင် စာလုံးနှစ်လုံး ရေးထွင်းထားသည်။

ခွန်းလွန်...

ကျန်းချန်ရှန်း၏ မျက်နှာအမူအရာ လင်းလက်သွားသည်။ 'ခွန်းလွန်' ဟူသော အမည်မှာ သူ့ရဲ့ ယခင်ဘဝက တရုတ်ဒဏ္ဍာရီများနှင့် ပုံပြင်များတွင် အလွန် ကျော်ကြားခဲ့သည်။ ၎င်းက အင်မော်တယ်များနှင့် တာအိုအယူဝါဒများ၏ နယ်မြေကို ကိုယ်စားပြုသည်။ ပေါင်းစည်းထားသော သိုင်းကမ္ဘာများကို ခွန်းလွန်လွင်ပြင်ဟု သူ အမည်ပေးခဲ့ခြင်းမှာ ဤသဘောတရားကို အတုယူရန် ဖြစ်သည်။

ကောင်းကင်တရားရုံးတွင် ထိုကဲ့သို့ တံခါးမျိုး မရှိကြောင်း သေချာသိသည်။

ထို့အပြင် မှော်စွမ်းအင်ကို မခံစားရတော့ဘဲ ဆန်းကြယ်သော အခြေအနေတစ်ခုတွင် ရောက်ရှိနေသည့်ပုံ ပေါ်သည်။

သူ မော့ကြည့်လိုက်သောအခါ တိမ်ပင်လယ်ထက်တွင် ရပ်နေသည်ကို တွေ့လိုက်ရပြီး တိမ်ပင်လယ်သည် ကောင်းကင်အဆုံးထိ ဦးတည်နေသော ကြီးမားသည့် လမ်းကြောင်းတစ်ခုကို ဖွဲ့စည်းထားသည်။

သူ သေချာ ပြန်စဉ်းစားလိုက်တော့ အတိဒုက္ခကိုကျော်ဖြတ်နေစဉ်က ကျင့်စဉ်ကို တိတ်တဆိတ် လည်ပတ်နေခဲ့သည်။၎င်းမှာ တာအိုနည်းစနစ်ကြောင့် ဖြစ်ပေါ်လာသော ပုံရိပ်ယောင်လော သို့မဟုတ် ကောင်းကင်အတိဒုက္ခကြောင့်လော ဆိုသည်ကို သူ မပြောနိုင်ပေ။

ရုတ်တရက် သူ တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး မသိစိတ်ဖြင့် ခေါင်းလှည့်ကြည့်လိုက်တော့ လူပုံရိပ်များ လျှောက်လာကြသည်ကို မြင်လိုက်ရသည်။ အားလုံးမှာ ပုံရိပ်ယောင်များ ဖြစ်ပြီး သူတို့၏ ရုပ်သွင်အစစ်အမှန်ကို မမြင်ရပေ။ သူတို့ကို ကျား/မ ဖြစ်ခြင်းကိုသာ ခွဲခြားနိုင်ပြီး အားလုံးက တာအိုဝတ်ရုံများ ဝတ်ဆင်ထားကြသည်ကို တွေ့ရသည်။

ထိုပုံရိပ်များက ကျန်းချန်ရှန်းကို ဖြတ်ကျော်ပြီး အနီရောင် ခွန်းလွန်တံခါးထဲသို့ ဝင်ရောက်သွားကြသည်။

ကျန်းချန်ရှန်း ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် သူတို့နောက်သို့ လိုက်သွားခဲ့သည်။

လောလောဆယ်တွင် သူ ခုန်ထွက်၍ မရနိုင်သဖြင့် အခြေအနေကို အခွင့်ကောင်းယူရပေမည်။

အနီရောင်တံခါးကို ဖြတ်သန်းပြီးနောက် ကျန်းချန်ရှန်း လူအုပ်ကြီးနောက်သို့ လိုက်ပါသွားသည်။ သူတို့ အချင်းချင်း စကားစမြည် ပြောဆိုနေကြသည်ကို သူ ဂရုတစိုက် လေ့လာလိုက်သည်။ တဖြည်းဖြည်းနှင့် သူတို့၏ စကားဝိုင်းများကို ကြားရသည်။

"ဒီတစ်ခါ ခွန်းလွန်ဂိုဏ်းချုပ်က ဘာအကြောင်း ပြောမှာလဲ..."

"ကောင်းကင်ဘုံ ပြန်လည်ဝင်စားခြင်းနဲ့ ပတ်သက်မယ့်ပုံပဲ..."

"နဂါးတွေနဲ့ ဖီးနစ်တွေ အနောက်ဘက်ကနေ ထွက်လာပြီး ပင်လယ်တွေက ရေဆန် စီးဆင်းနေကြတယ်... ဒါက လူ့လောကအတွက် ဘေးအန္တရာယ်ပဲ..."

"ငါတို့ ဘာလုပ်နိုင်မှာလဲ... ကောင်းကင်တရားရုံးတောင် သူတို့ကိုယ်သူတို့ မကာကွယ်နိုင်ကြဘူး..."

"ခွန်းလွန်မှာ အင်မော်တယ်စွမ်းအင်က ပိုပြီး သိပ်သည်းလာတယ်..."

ကျန်းချန်ရှန်း ရှေ့သို့ ဆက်သွားရင်း နားထောင်နေလိုက်သည်။

ဤလူများအားလုံးမှာ အင်မော်တယ်ကျင့်ကြံသူများ ဖြစ်ကြောင်း အလွန်သေချာနေပြီး သိုင်းတာအိုနှင့် ပတ်သက်သည့် မည်သည့် သတင်းအချက်အလက်ကိုမျှ မကြားရပေ။

"ဒါက အတိတ်လား၊ အနာဂတ်လား၊ ဒါမှမဟုတ် အပြိုင်မ္ဘကာတစ်ခုလား..."

ကျန်းချန်ရှန်း တိတ်တဆိတ် သိချင်နေမိသည်။သူသည် ယခုအချိန်တွင် အစွမ်းထက်ပုံ ပေါ်သော်လည်း အလွန် သေးငယ်မွှားကောင်လေး ဖြစ်နေသလို ခံစားနေရသည်။ လောလောဆယ်တွင် သူ လွတ်လပ်စွာ ဝင်ထွက်သွားလာ၍ မရနိုင်သဖြင့် တုနှိုင်းမဲ့ဟူသော ပုံရိပ်နှင့် လုံးဝ မကိုက်ညီပေ။

သူ့စိတ်ထဲတွင် တုနှိုင်းမဲ့ ဖြစ်ခြင်းဆိုသည်မှာ အရာအားလုံး လုပ်ဆောင်နိုင်ခြင်း၊ အရာအားလုံး သိရှိခြင်းနှင့် မသေမျိုး ဖြစ်ခြင်းတို့ ဖြစ်သည်။

ဤကျင့်ကြံသူများ ပြောဆိုနေသည့် ကျင့်ကြံခြင်းကမ္ဘာအကြောင်း သူ တစ်ခါမှ မကြားဖူးသော်လည်း ကောင်းကင်တရားရုံးလည်း ရှိနေပြန်သည်။

သူတို့ ရှေ့သို့ ဆက်သွားကြပြီး အမွှေးတိုင်တစ်တိုင်စာ ကုန်ဆုံးချိန်တွင် နန်းတော်တစ်ခု ရှေ့သို့ ရောက်ရှိလာကြသည်။ ဤနန်းတော်သည်လည်း ခရမ်းရောင်တိမ်တိုက်နန်းတော်၏ အရှိန်အဝါမျိုး ရှိပြီး အလင်းတန်းပေါင်းစုံကို ထုတ်လွှတ်နေသည်။ ခေါင်မိုးစွန်းများပေါ်တွင် မီးငှက်နှစ်ကောင် ရှိနေပြီး ၎င်းတို့က ရွှေကျီးကန်းနှင့် တူသော်လည်း ခြေထောက်သုံးချောင်း မပါရှိပေ။

ဘုန်း……

နန်းတော်တံခါးများ ပွင့်သွားပြီး ကျန်းချန်ရှန်း လူအုပ်ကြီးနောက်သို့ လိုက်ပါသွားခဲ့ပြန်သည်။ ခွန်းလွန်ခေါင်းဆောင်က မည်ကဲ့သို့သော ဖြစ်တည်မှုမျိုးလဲ၊ သူ ဘာကြောင့် ဒီနေရာကို ရောက်လာရတာလဲ ဆိုသည်ကို သူ စတင် စဉ်းစားမိလာသည်။

သူ့မေးခွန်းများအတွက် အဖြေများက ခွန်းလွန်ခေါင်းဆောင်ထံတွင် ရှိနေမည်ဟု ယုံကြည်သည်။

နန်းတော်ထဲသို့ ဝင်ရောက်လိုက်သောအခါ သူ့ရဲ့ မြင်ကွင်း ကျယ်ပြန့်သွားသည်။ ၎င်းမှာ အဆုံးမမြင်နိုင်သော ကျယ်ပြောလှသည့် ကောင်းကင်ကြီး ဖြစ်ပြီး လေထဲတွင် ထိုင်ခုံများ ပျံဝဲနေသည်။ အင်မော်တယ်ကျင့်ကြံသူများက သူတို့၏ ကိုယ်ပိုင်ကူရှင်များကို ရှာဖွေပြီး ဝင်ထိုင်လိုက်ကြသည်။

ကျန်းချန်ရှန်း ရှေ့သို့ ပျံသန်းသွားပြီး နေရာရှာရန် အလျင်မလိုပေ။ သူ့ကိုယ်သူ ဘေးလူတစ်ယောက်ဟု သတ်မှတ်ထားပြီး ထိုင်စရာ မလိုဟုပင် တွေးထားသည်။ ခွန်းလွန်ခေါင်းဆောင်ကို မြင်တွေ့နိုင်ရန် ရှေ့သို့ တိုးသွားချင်ရုံသာ ဖြစ်သည်။

"ဟေး... ရှေ့ကို မတိုးနဲ့တော့... ဟိုနေရာတွေက ဘုံသုံးပါးရဲ့ အထက်ပိုင်း အဆင့်ရှိသူတွေရဲ့ နေရာတွေ..."

သူ့နောက်မှ အသံတစ်သံ ထွက်ပေါ်လာသဖြင့် ကျန်းချန်ရှန်း မသိစိတ်ဖြင့် ရပ်တန့်လိုက်ပြီး လှည့်ကြည့်လိုက်တော့ အမျိုးသမီး တာအိုဆရာတစ်ဦးက သူ့ကို လက်ပြနေသည်ကိုမြင်လိုက်ရသည်။

ကျန်းချန်ရှန်း အံ့ဩသွားသည်။ တစ်ဖက်လူက သူ့ကို ဘယ်လိုလုပ် မြင်ရတာလဲ...

ထိုအချိန်တွင် သူ့ရှေ့မှ ကမ္ဘာလောက ရုတ်တရက် ယိမ်းခါသွားပြီး မျက်လုံးများကိုပြန်ဖွင့်လိုက်သောအခါ ဘေးပတ်ဝန်းကျင်ရှိ အင်မော်တယ်ကျင့်ကြံသူများ၏ ရုပ်သွင်အစစ်အမှန်ကို မြင်လိုက်ရသည်။ သူတို့အားလုံးမှာ လူသားများ ဖြစ်ကြပြီး မတူညီသော တာအိုဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။

သူ့ကို တားလိုက်သော အမျိုးသမီးမှာ ဝတ်ရုံနှင့် ရင်စည်း ဝတ်ဆင်ထားပြီး သူမ၏ နှင်းကဲ့သို့ ဖြူဝင်းသော ဆံပင်များကို ရွှေရောင်ဆံထိုး နှစ်ချောင်းဖြင့် နောက်တွင် သပ်တင်ထားသည်။ ဆံနွယ်ရှည်နှစ်စ သူမ၏ နဖူးမှ ကျဆင်းနေပြီး လေထဲတွင် လွင့်မျောနေစဉ် ကြယ်ရောင်များကဲ့သို့ လက်ခနဲ လက်ခနဲလင်းလက်နေသည်။ သူမတွင် နူးညံ့သိမ်မွေ့သော နှုတ်ခမ်းနီနီလေးနှင့် မိုးမခကိုင်းသွယ်ညွတ်သော မျက်ခုံးတစ်စုံရှိသည့် လှပသော မျက်နှာတစ်ခု ပိုင်ဆိုင်ထားသည်။

ကျန်းချန်ရှန်း မရွေ့လျားသည်ကို မြင်လိုက်ရသောအခါ သူမ မျက်မှောင်ကြုတ်သွားလေသည်။

ထိုအရာကို မြင်လိုက်ရသောအခါ ကျန်းချန်ရှန်း သတိပြန်ဝင်လာပြီး သူမထံသို့ ချက်ချင်း ပျံသန်းသွားလိုက်သည်။

သူက လက်သီးဆုပ်ပြီး ဦးညွှတ်လိုက်ကာ….

"ကျွန်တော်က လူသစ်ပါ... ဘယ်မှာ ထိုင်ရမှန်း မသိဘူး ဖြစ်နေတာ... တာအိုမိတ်ဆွေ လမ်းညွှန်ပေးလို့ ရမလား..."

"ဒါဆိုရင် ကျွန်မနဲ့အတူ ထိုင်ပါ... အားလုံးက ကျွန်မကို နတ်သမီးရှောင်ဟယ်လို့ ခေါ်ကြတယ်... ရှင်ကရော နာမည်ဘယ်လိုခေါ်လဲ..."

"ကျွန်တော်က ချန်ရှန်းပါ..."

"တာအိုမိတ်ဆွေချန်ရှန်း... ကျွန်မနောက် လိုက်ခဲ့ပါ... ခွန်းလွန်မှာ ရှင့်အနေနဲ့ စည်းမျဉ်းတွေကို လိုက်နာရမယ်..."

နတ်သမီးရှောင်ဟယ်က ခေါင်းညိတ်ပြီး ဘေးဘက်သို့ ပျံသန်းသွားရာ ကျန်းချန်ရှန်းလည်း သူမနောက်မှ လိုက်ပါသွားသည်။

သူ ဇဝေဇဝါ ဖြစ်နေဆဲပင်.. ဒါက အိပ်မက်များလား...

နတ်သမီးရှောင်ဟယ်က ကူရှင်တစ်ခုကို ရှာတွေ့ပြီး ဝင်ထိုင်လိုက်ကာ ကျန်းချန်ရှန်းကို သူမ၏ ညာဘက်တွင် ဝင်ထိုင်ရန် လက်ပြလိုက်သည်။

ထိုင်ပြီးနောက် ကျန်းချန်ရှန်းက ဘေးပတ်ဝန်းကျင်ကို တိတ်တဆိတ် လေ့လာလိုက်သည်။ ဤအင်မော်တယ်ကျင့်ကြံသူများ၏ မျက်နှာများကို မြင်ရပြီးနောက် အရာအားလုံးက ပိုမို စစ်မှန်လာသည်။ သို့သော်လည်း သူ့ဝိညာဉ်က ခန္ဓာကိုယ်မှ ထွက်ခွာသွားသကဲ့သို့ မှော်စွမ်းအင်ကို အသုံးချ၍ မရနိုင်သေးပေ။

နတ်သမီးရှောင်ဟယ်က သူ့ကို လှမ်းကြည့်ပြီး စပ်စုလေတော့သည်။

"တာအိုမိတ်ဆွေချန်ရှန်း... ရှင်က ဘယ်ဆရာသခင်ဆီကနေ ပညာသင်ယူခဲ့တာလဲ..."

"ကျွန်တော့် ဆရာသခင်နာမည်က ချင်းရွှေပါ... ဒါပေမဲ့ သူ့ဂုဏ်ပုဒ်က မကြီးကျယ်ပါဘူး..."

"ရှင်က ရင်းနှီးတဲ့ပုံ မပေါက်ပေမယ့် ကိုယ်ပိုင်ဟန်ပန်တော့ ရှိသားပဲ... ဒီစီနီယာချင်းရွှေက ရိုးရှင်းမယ့်ပုံ မရဘူး..."

"နတ်သမီးက မြှောက်ပင့်လွန်းပါပြီ..."

သူတို့နှစ်ဦး ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုလိုက်ကြသော်လည်းကျန်းချန်ရှန်းက အခြေအနေကို မသိရှိသဖြင့် ဆက်လက် မမေးမြန်းရဲတော့ပေ။

ခဏအကြာတွင် ကျင့်ကြံသူအားလုံး ထိုင်ပြီးသောအခါ ခေါင်းလောင်းသံ မြည်လာသည်။ ကျန်းချန်ရှန်းနှင့် နတ်သမီးရှောင်ဟယ်တို့ စကားဆက်မပြောတော့ဘဲ ရှေ့သို့ ပြိုင်တူ ကြည့်လိုက်ကြသည်။

သူတို့ရှေ့တွင် အင်မော်တယ်ကျင့်ကြံသူ အတန်းပေါင်း မရေမတွက်နိုင်အောင် ရှိနေသည်။ ရွှေရောင်အလင်းတန်းတစ်ခု သူတို့ရှေ့ ကောင်းကင်ယံတွင် ပေါ်လာပြီး ဝဲကတော့တစ်ခုကဲ့သို့ ကျယ်ပြန့်သွားသည်။ ထို့နောက် ပုံရိပ်တစ်ခု ဖြည်းညင်းစွာ ပျံထွက်လာသည်။

၎င်းမှာ ပေပေါင်း သောင်းနှင့်ချီ ရှည်လျားသော တာအိုဆရာတစ်ပါး ဖြစ်သည်။ သူသည် အစိမ်းရောင် ကြာပန်းပေါ်တွင် ထိုင်နေပြီး ပညာရှိဆန်သော အရှိန်အဝါ ရှိနေသည်။ သူ့ လက်ထဲတွင် သားမြီးယပ်ကို ကိုင်ဆောင်ထားပြီး ရှည်လျားသော မျက်ခုံးမွှေးများနှင့် မုတ်ဆိတ်မွှေးများ ရှိပြီး မျက်လုံးများကို မှိတ်ထားကာ ခမ်းနားထည်ဝါမှုကို ပြသနေသည်။ ဤပုဂ္ဂိုလ်ကို မြင်လိုက်ရသောအခါ ကျန်းချန်ရှန်းစိတ်ထဲ၌ဖော်ပြမရနိုင်သော ခံစားချက်တစ်ခု ရရှိလိုက်သည်။

"ခွန်းလွန်ခေါင်းဆောင်ကို ဂါရဝပြုပါတယ်..."

အင်မော်တယ်ကျင့်ကြံသူများ ပြိုင်တူ အသံပြုလိုက်သဖြင့် သူတို့၏ အသံများမှာ လှိုင်းလုံးများကဲ့သို့ စုစည်းသွားသည်။

"ပြီးခဲ့တဲ့ တရားဟောကြားခြင်း အချိန်ကစပြီး နှစ်ပေါင်း တစ်သိန်း ကြာခဲ့ပြီ... တချို့က ဒီမှာ ရှိနေတုန်း ဖြစ်ပေမယ့် တချို့ကတော့ မရှိကြတော့ဘူး... မျိုးဆက်သစ်တွေကိုလည်း ငါ ပိုမြင်လာရတယ်... ငါ အများကြီး ကျေနပ်မိပါတယ်... မင်းတို့ ခွန်းလွန်ကို ဝင်ရောက်နိုင်မှတော့ ကောင်းကင်တာအိုရဲ့ အသိအမှတ်ပြုခြင်းကို ခံရပြီးသား ဖြစ်မှာပါ... တရားဟောကြားခြင်း မစတင်မီ မင်းတို့မှာ မေးစရာ မေးခွန်းတွေ ရှိလား..."

ခွန်းလွန်ခေါင်းဆောင်၏ အသံမှာ ရှေးဆန်သော လေသံရှိပြီး ပြောဆိုပုံမှာ အလွန် နှေးကွေးသည်။ သို့သော်လည်း ကျန်းချန်ရှန်း ကြားလိုက်ရသောအခါ ဝိညာဉ်စွမ်းအင်များ သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသကဲ့သို့ ရှင်းလင်းလန်းဆန်းသွားသည်ဟု ခံစားလိုက်ရသည်။

"ခေါင်းဆောင်... ဒီလောကမှာ မဟာအကန့်အသတ်မဲ့ ဖြစ်လာနိုင်မယ့် နည်းလမ်း ရှိပါသလားလို့ မေးခွင့်ပြုပါ..."

အသံတစ်သံ သူတို့ရှေ့မှ ထွက်ပေါ်လာကာ အသံမှာ ကျယ်လောင်ပြတ်သားပြီး လေသံမှာ ခိုင်မာပြတ်သားသည်။

မဟာအကန့်အသတ်မဲ့ ဖြစ်လာနိုင်မယ့် နည်းလမ်း……

သူက ဒဏ္ဍာရီလာ မဟာအကန့်အသတ်မဲ့ အင်မော်တယ်အကြောင်း ပြောနေခြင်း ဖြစ်နိုင်မလား…..

ကျန်းချန်ရှန်း တိတ်တဆိတ် သိချင်နေမိသည်။ သူရဲ့ ယခင်ဘဝ တရုတ်ဒဏ္ဍာရီများနှင့် ပုံပြင်များတွင် မဟာအကန့်အသတ်မဲ့ အင်မော်တယ်ဆိုသည်မှာ မြင့်မားသော ကျင့်ကြံခြင်းနယ်ပယ် ရှိသည့် အင်မော်တယ်တစ်ပါးကို ကိုယ်စားပြုသည်။

ဆိုရိုးစကားအတိုင်း မဟာအကန့်အသတ်မဲ့ အင်မော်တယ်တောင်သူ့ကို မကယ်နိုင်ဘူး ဆိုသည့် စကား ရှိပေသည်။ ဤဆိုရိုးစကားက မဟာအကန့်အသတ်မဲ့ အင်မော်တယ်များ၏ ကြီးမားသော စွမ်းရည်များကို ကိုယ်စားပြုသည်။

"မဟာအကန့်အသတ်မဲ့ ဖြစ်လာဖို့ နည်းလမ်းက အမြဲတမ်း ရှိပါတယ်... ဒါပေမဲ့ မဟာကုသိုလ်ကို ရှာဖွေဖို့ ခက်ခဲတယ်... အခု ကောင်းကင်တာအို ဥပဒေတွေ ပြည့်စုံသွားပြီဆိုတော့ မင်းတို့ မဟာကုသိုလ်လမ်းစဉ်ကို လျှောက်လှမ်းလို့ မရတော့ဘူး... မင်းတို့ ခွန်အားနဲ့ပဲ တာအိုကို သက်သေပြလို့ ရတော့မယ်... ခွန်အားနဲ့ တာအိုကို ဘယ်လို သက်သေပြမလဲ ဆိုတာက မင်းတို့ရဲ့ ကောင်းကင်ကံတရားအပေါ် မူတည်တယ်..."

ခွန်းလွန်ခေါင်းဆောင်က ဖြေကြားလိုက်ပြီး ရုတ်တရက် ကျန်းချန်ရှန်း ရှိရာဘက်သို့ ခေါင်းစောင်းကြည့်လိုက်သည်။

ကျန်းချန်ရှန်း ဒါကို မြင်လိုက်ရသောအခါ သူ့ရင်ထဲ ရှင်းပြမရအောင် တင်းကျပ်သွားသည်။

ဒါတွေအားလုံးက ပုံရိပ်ယောင်တွေပဲ... ဘာအန္တရာယ်မှ မရှိသင့်ဘူး……

ကျန်းချန်ရှန်း သူ့စိတ်ထဲတွင် သူ့ကိုယ်သူ ဖျောင်းဖျလိုက်ရုံသာ တတ်နိုင်တော့သည်။

ပြောရမယ်ဆိုရင် ဒါက ထူးဆန်းနေသည်။သူကလည်း မြင့်မားသော ကျင့်ကြံခြင်းနယ်ပယ် ရှိသည့် အင်မော်တယ်တစ်ပါး ဖြစ်ပြီး ဖန်ဆင်းရှင်သိုင်းနယ်ပယ်မှ သိုင်းပညာရှင်များကို အလွယ်တကူ သတ်ဖြတ်နိုင်သည်။ သို့သော်လည်း ခွန်းလွန်ခေါင်းဆောင်နှင့် ရင်ဆိုင်ရချိန်တွင် သူသည် အင်မော်တယ်နှင့် ရင်ဆိုင်နေရသော သာမန်လူသားတစ်ယောက်ကဲ့သို့ ခံစားနေရသည်။

ခွန်းလွန်ခေါင်းဆောင်၏ နယ်ပယ်မှာ အလွန် မြင့်မားပုံရပြီး အင်မော်တယ်တာအို လမ်းစဉ်မှာလည်း အလွန် ရှည်လျားပုံ ပေါ်သည်။ သူသည် အခုမှ စတင် လျှောက်လှမ်းရုံသာ ရှိသေးသည်။

"ကောင်းကင်ကံတရားဆိုတာ ဘာလဲ၊ ပြီးတော့ ကျွန်တော်တို့ အဲဒါကို ဘယ်လို ရှာဖွေနိုင်မလဲ..." ဟု နောက်တစ်ယောက်က မေးလိုက်သည်။

ခွန်းလွန်ဂိုဏ်းချုပ်က… ….

"ကောင်းကင်ကံတရားဆိုတာ ကောင်းကင်တာအိုရဲ့ ကံတရားပါပဲ... အဲဒါကို အတင်းအကျပ် ယူလို့မရဘူး... မင်း အဲဒါကို အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်မှာ ရှာဖွေနိုင်တယ်..."

အဆုံးသတ်ခါနီးတွင် သူက မျက်လုံးဖွင့်လိုက်ပြီး ကျန်းချန်ရှန်းကို ကြည့်လိုက်ပြန်သည်။

All Chapters