အခန်း (၉၁)
Vol. 10 Ch. 91
နောက်တစ်နေ့ကျိုးထောင်ဟွား နိုးလာသောအခါ ခေါင်းအနည်းငယ်ကိုက်နေသည်ဟုသာ ခံစားလိုက်ရသည်။သူမ အသိစိတ်အပြည့်အဝဝင်လာချိန်တွင်တော့ သူမခန္ဓာကိုယ်ထဲရှိဝိညာဉ်စွမ်းအင်များမှာ ယခင်ကထက်ပိုမိုများပြားနေသည်အား တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားမိ၏။
ကျိုးထောင်ဟွား လုံးဝကြောင်အသွားရသည်။
မနေ့ကဆေးပင်စိုက်ခင်းထဲတွင် ရှန်းမင်အပေါ် သူမပြုလုပ်ခဲ့သော အသေးအဖွဲကိစ္စလေးများကို မှတ်မိနေသော်လည်း ၎င်းတို့မှာ သူမဝိညာဉ်စွမ်းအင်ကိုသိပ်မတိုးပွားစေခဲ့ပေ။ရုတ်ချည်း ကျိုးထောင်ဟွားမှာ အခြားအရာတစ်ခုကိုသတိရသွားခဲ့လေသည်။သူမ ရှန်းမင်ကိုအကြံဆိုးကြီးနဲ့အိမ်ပြန်လိုက်ပို့ရင်းများ အခွင့်အရေး နည်းနည်းယူခဲ့မိသလား။
သို့သော် ထိုသည်မှာအဓိပ္ပာယ်မရှိပေ။လက်ကိုင်ရုံမျှဖြင့် ဝိညာဉ်စွမ်းအင်များဤမျှထိတိုးမလာသင့်ပေ။ကျိုးထောင်ဟွားစဉ်းစားနေရင်း ရုတ်တရက်သူမမှတ်ဉာဏ်များ ဗလာဖြစ်သွားသလိုခံစားလိုက်ရသည်။
နောက်ပိုင်း သူမဘယ်လိုပြန်ရောက်လာတာပါလိမ့်။
ထိုဗလာဖြစ်နေသော မှတ်ဉာဏ်နေရာ၌......
ကျိုးထောင်ဟွားသည် ကြောက်စရာကောင်းသောအရာတစ်ခုကို တွေးမိလိုက်သည့်အလား မျက်ဝန်းအိမ်များဖြည်းဖြည်းချင်းပြူးကျယ်လာလေ၏။ရုတ်တရက် သူမနှုတ်ခမ်းကိုစမ်းကြည့်လိုက်မိသည်။
ရှန်းမင်၏စိတ်နေသဘောထားအရ သူမမူးနေချိန်တွင် အခွင့်အရေးယူမည့်သူမဟုတ်ရာ သူမကသာသူမူးနေချိန်ဖြစ်ဖြစ် သူမမူးနေချိန်ဖြစ်ဖြစ် ထိုအချိန်တွင်သူ့အားအတင်းနမ်းခဲ့မိခြင်းဖြစ်နိုင်၏။ကျိုးထောင်ဟွား မျက်လွှာချကာစဥ်းစားလိုက်သည်။တစ်ကယ်တော့ မသိစိတ်ထဲမှာ သူမလည်းသူ့ကို သဘောကျနေမိတာများလား။
သူမအိပ်ရာမှထ၍ မီးဖိုချောင်ထဲဝင်သွားရာ ချမ်ရှီမနက်စာပြင်ဆင်နေသည်ကို တွေ့လိုက်ရ၏။သူမဝင်သွားပြီး မကြာမီမှာပင် ကျိုးအာ့ရှုလည်း နောက်မှလိုက်ဝင်လာလေသည်။ချမ်ရှီသည် သားအဖနှစ်ယောက်ထံတစ်ချက်ကြည့်လိုက်ပြီး ဒေါသတကြီးဆူပူတော့၏။
"ရှင်တို့သားအဖနှစ်ယောက် နောက်ကျရင်လျှော့သောက်ကြ ကိုယ့်အကြောင်း ကိုယ်မသိကြဘူးလား"
ကျိုးအာ့ရှု အံ့သြသွားကာမေးလာ၏။
"ထောင်ဟွား မနေ့ညက သမီးလဲသောက်ခဲ့တာလား"
"သူက ရှင်ချန်ထားခဲ့တဲ့ပန်းကန်ထဲက လက်ကျန်တွေကို သောက်လိုက်တာလေ၊ပြီးတော့ ရှန်းမင်ကိုအိမ်လိုက်ပို့တဲ့လမ်းမှာတင် မူးပြီးလဲသွားတာ၊ကံကောင်းလို့ ရှန်းမင်က သူ့ကိုပြန်ပို့ပေးလို့သာပေါ့၊မဟုတ်ရင် မိန်းကလေးတစ်ယောက် မြေကြီးပေါ် လဲကျနေတုန်း မတော်တရော်တွေနဲ့သာတွေ့ရင် ဘယ်လိုလုပ်မလဲ"
ချမ်ရှီပြောပြီးသည်နှင့် ကျိုးအာ့ရှုလည်း ကျိုးထောင်ဟွားကို ဝင်ရောက်ဆုံးမလေတော့သည်။ကျိုးထောင်ဟွားသည် နောက်တစ်ခါ အရက်ကိုလုံးဝမထိတော့ပါဟု ကတိပေးရုံမှတစ်ပါးအခြားရွေးချယ်စရာမရှိတော့ပေ။ဤခန္ဓာကိုယ်၏အရက်သောက်နိုင်စွမ်းမှာ နည်းလွန်းလှသည်။သူမအသိစိတ်လွတ်သွားခဲ့သော်လည်း ကြောက်စရာကောင်းသောအရာတစ်ခုကို သိရှိလိုက်ရလေပြီ။
မကြာမီ မနက်စာအဆင်သင့်ဖြစ်လေ၏။
ချမ်ရှီသည် သားအဖနှစ်ယောက်အတွက် ဆန်ပြုတ်ပြုတ်ပေးထားပြီး ကြက်ဥကြော်နှင့်ချဉ်ဖတ်များလည်း ပြင်ဆင်ပေးထားသည်။ကျိုးအာ့ရှုပြောလိုက်၏။
"ခဏနေရင် ကိုယ်ရွာထဲသွားကြည့်လိုက်ဦးမယ်၊ဘယ်သူ့အိမ်က တဲမပြီးသေးတာရှိလဲလို့လေ ရှိခဲ့ရင်ကိုယ်သွားကူလုပ်ပေးမလို့"
မိုးသီးမုန်တိုင်းမှာ မကြာခင်ရောက်လာတော့မည်ဖြစ်ရာ မပြင်ဆင်ရသေးလျှင် အကုန်ဒုက္ခရောက်ကုန်ကြပေလိမ့်မည်။ချမ်ရှီလည်း အလျင်အမြန် သဘောတူလိုက်သည်။
"ကျွန်မလဲ ရှင်နဲ့လိုက်ခဲ့မယ်"
သူတို့အားလုံးမှာ တစ်ရွာတည်းသားချင်းများဖြစ်ကြပြီး အပြန်အလှန်ကူညီနေကြသူများဖြစ်သည်။သူမတို့အိမ်သစ်ဆောက်စဉ်၌လည်း ရွာသားများမှာလာရောက်ကူညီခဲ့ကြ၍ သူမအနေဖြင့် ကျေးဇူးအချို့ကိုပြန်မဆပ်ရသေးပေ။သို့သော် လင်မယားနှစ်ယောက်မှာ သူတို့ဆေးပင်စိုက်ခင်းသို့ ရောက်ရှိသွားသည်နှင့်မြင်လိုက်ရသောမြင်ကွင်းကြောင့် မှင်သက်သွားကြတော့သည်။ချမ်ရှီသည် ဗလာကျင်းနေသောတဲများကို စိုက်ကြည့်ရင်း ကျိုးအာ့ရှုထံပြောလိုက်၏။
"မနေ့က ကျွန်မတို့ရဲ့တဲတွေအကုန်လုံးကို ကောက်ရိုးဖျာတွေနဲ့ဖုံးပြီးသားဆိုတာ မှတ်မိနေပါတယ်၊အနည်းဆုံးတော့ ဘေးဘက်တွေအကုန်လုံနေပြီလေ၊ဒီနေ့ကျမှ ဘယ်လိုလုပ်အကုန်ပျောက်ကုန်ရတာလဲ"
ချမ်ရှီသည်မယုံကြည်နိုင်ဟန်ဖြင့် သူမမျက်လုံးများကို ပွတ်သပ်ကြည့်လိုက်မိသည်။သူမ အမြင်မှားနေသည်ဟုသာ ထင်မှတ်နေမိ၏။ဆယ်မူကျယ်ဝန်းသော ဆေးပင်စိုက်ခင်းမှ ကောက်ရိုးဖျာများကိုတစ်ရက်တည်းနှင့် တပ်ဆင်ခဲ့ရခြင်းမဟုတ်ပေ။ထို့ကြောင့်ယခင်က ဖုံးအုပ်ထားပြီးသားဖြစ်ကြောင်းကို သူမလုံးဝ သေချာနေသည်။
သို့သော် ယခုချိန်တွင်တော့ ၎င်းတို့အားလုံးပျောက်ကွယ်သွားပြီဖြစ်ရာ ချမ်ရှီတစ်ယောက်ကျောချမ်းသွားရ၏။ကျိုးအာ့ရှုသည် တဲများဆီသို့အပြေးအလွှား သွားရောက်ကာလက်လှမ်း၍ စမ်းသပ်ကြည့်လိုက်သော်လည်း ဟာလာဟင်းလင်းဖြစ်နေပြီး အမှန်ကိုဘာမှမရှိတော့ပေ။သူတို့ အမြင်မှားခြင်းမဟုတ်ဘဲ ကောက်ရိုးဖျာများတစ်ကယ်ကို ပျောက်ချင်းမလှပျောက်ဆုံးသွားခဲ့ခြင်းပင်။
ကျိုးအာ့ရှုလှည့်ပတ်ကြည့်လိုက်ရာ ချမ်ရှီ၏အကြည့်နှင့် ဆုံမိသွားကြသည်။ထိုအချိန်အတွင်းမှာပင် သူတို့မျက်လုံးများထဲ၌ ထိတ်လန့်တုန်လှုပ်မှုများဖြတ်သန်းသွားလေ၏။အချိန်နှစ်ရက်သာ ကျန်တော့သည်ဖြစ်ရာ သူတို့မိသားစုတစ်ခုလုံးနှင့်နတ်ဆိုးလေးကောင်ပူးပေါင်းလုပ်ဆောင်လျှင်တောင်မှ သူတို့၏ဆယ်မူကျယ်ဝန်းသော မြေကွက်အတွက် ကောက်ရိုးဖျာများအားလုံးကို ပြန်ရက်ရန် အချိန်လုံလောက်မည်မဟုတ်တော့ပေ။
အရင်နေ့တွေမှာ ဆယ်မူစာဆေးပင်စိုက်ခင်းအတွက် တဲတွေဆောက်ခဲ့ရတာက ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။
"အမလေး ဘုရားရေ ဘယ်နှလုံးသားမရှိတဲ့အကောင်က ငါတို့ရဲ့ကောက်ရိုးဖျာတွေကို ခိုးသွားတာလဲ"
ကျန်းရှီ၏ဆဲရေးသံများမှာ အနီးအနားမှနေ ပဲ့တင်ထပ်လာလေသည်။ကျိုးအာ့ရှုနှင့်ချမ်ရှီတို့လှည့်ကြည့်လိုက်သောအခါ သူတို့ကောက်ရိုးဖျာများသာမက အခြားသူများ၏ကောက်ရိုးဖျာများလည်း ပျောက်ဆုံးနေသည်ကို တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားကြ၏။ပတ်ဝန်းကျင်အား ကြည့်လိုက်သောအခါ ရွာထဲရှိတဲများအားလုံး လုံးဝဗလာကျင်းနေသည်ကို တွေ့လိုက်ရသည်။
ရွာလူကြီးသည် မနေ့ကမှသူရက်လုပ်ထားသော ကောက်ရိုးဖျာများကိုယူဆောင်လာပြီး ကျန်ရှိနေသေးသောအပိုင်းများကို အပြီးသတ်ဖုံးအုပ်ကာ သူတို့တဲကို လက်စသတ်ရန်ရောက်လာခဲ့၏။ဆေးပင်စိုက်ခင်းသို့ရောက်သောအခါ ဤကဲ့သို့သောမြင်ကွင်းမျိုးကို မြင်ရလိမ့်မည်ဟု သူလုံးဝထင်မထားခဲ့ပေ။
"ဒါက....."
ရွာလူကြီးမျက်လုံးများမှာ ထိတ်လန့်မှုကြောင့်ပြူးကျယ်သွားရပြီး အချိန်အတော်ကြာသည်ထိစကားမပြောနိုင်ဘဲဖြစ်သွားရသည်။ကျန်းမိသားစုဆေးပင်စိုက်ခင်းမှာ ရွာလူကြီးစိုက်ခင်းဘေးတွင် ရှိလေ၏။သူမအော်ဟစ်ငိုယိုလိုက်ပါတော့သည်။
"ရွာလူကြီး ရှင်ကျွန်မတို့မိသားစုကိုကူညီမှဖြစ်မယ်နော်၊ဒီသူခိုးက ကျွန်မတို့ကောက်ရိုးဖျာတွေအကုန်လုံး ခိုးသွားပြီ၊မိုးသီးမုန်တိုင်းနဲ့အပူချိန်ကျတာကလဲ မကြာခင်ရောက်လာတော့မှာ၊ကျွန်မတို့ ဘယ်လိုလုပ်ရမလဲ၊ဆေးပင်စိုက်ခင်း ဆယ့်ငါးမူဆိုတာ ကျွန်မတို့ပိုင်တဲ့ပိုက်ဆံတွေအကုန်လုံးပဲလေ"
ကျန်းရှီမှာ ရူးမတတ်ဖြစ်နေတော့သည်။ရှန်းရှန့်မှာ ဧပြီလဆယ်ရက်နေ့တွင် မင်္ဂလာဆောင်တော့မည်ဖြစ်ပြီး သူမမှာ ရှန်းရှန့်အား ယန်မိသားစုချွေးမအဖြစ် မျက်နှာပန်းလှစေရန်အတွက် ခန်းဝင်ပစ္စည်းကြီးများပေးရန် စီစဉ်ထားခြင်းဖြစ်သည်။ထို့ပြင် သူမတို့မိသားစုအနေဖြင့် မင်္ဂလာပွဲကျင်းပပါက ရွာထဲရှိအိမ်တိုင်းစေ့ကို ဖိတ်ကြားရမည်ဖြစ်ရာ ငွေကုန်ကြေးကျများပေလိမ့်မည်။ဖရဲစေ့၊သကြားလုံး၊မြေပဲနှင့်ဗြောက်အိုးများလည်းလိုအပ်ရာ ဘယ်အရာမှအလကား မရပေ။
ရှန်းရှန့်မင်္ဂလာပွဲသည် တစ်သက်တာတွင်တစ်ကြိမ်သာကြုံရမည့် ပွဲဖြစ်၍ အနီရောင်တောက်တောက်ဝတ်စုံသစ်တစ်စုံ လိုအပ်ပေသည်။ရှန်းရှန့်ကိုယ်တိုင်သာမက သူမမိသားစုဝင်အားလုံးလည်း ယန်မိသားစုမင်္ဂလာပွဲသို့ တက်ရောက်သောအခါမျက်နှာမငယ်ရစေရန် ကြည့်ပျော်ရှုပျော်ရှိသော အဝတ်အစားသစ်များလိုအပ်ပေ၏။
သို့သော် ယခုအခါတွင်တော့ဤအရာအားလုံးသည် ဆေးပင်ခင်းဆယ့်ငါးမူကိုပျက်စီးစေမည့် မိုးသီးမုန်တိုင်းနှင့်ဆက်တိုက်ဖြစ်လာမည့် အပူချိန်ကျဆင်းမှုတို့ကြောင့် ပျက်စီးရတော့မည်ပင်။ဒီတစ်လလုံးလုပ်ခဲ့သမျှ အလုပ်တွေတော့အလကားဖြစ်ကုန်ပါပြီ။ကျန်းရှီမှာ နာကျည်းချက်များဖြင့် ရှိုက်ကြီးတငင်ငိုကြွေးလေတော့သည်။
သူမတစ်ယောက်တည်းမဟုတ်ပေ အခြားရွာသားများလည်း သူမအဖြစ်နည်းတူခံစားနေရ၏။သူတို့အားလုံးသည် လယ်ကန်သင်းရိုးများပေါ်မတ်တပ်ရပ်ခါးထောက်ကာ စိုက်ခင်းများထံလက်ညှိုးထိုးခြေဆောင့်၍ ကျိန်ဆဲနေကြသည်။
"ငါ့ကောက်ရိုးဖျာတွေကိုခိုးတဲ့ တိရိစ္ဆာန်ကောင်ကနေမွေးလာတဲ့ကလေး စအိုမပါစေနဲ့လို့ ငါကျိန်ဆိုတယ်"
"အဲ့လောက်ရမ်းကားတဲ့အကောင်တော့ လမ်းလျှောက်ရင်း လဲသေပါစေတော်"
"ကောက်ရိုးဖျာတွေကို တစ်ယောက်ယောက်လာခိုးမယ်ဆိုတာသာသိရင် ငါ့ခွေးကိုလယ်ထဲမှာချည်ထားပြီး အဲ့ကောင်ကိုအသေကိုက်ခိုင်းပစ်မှာ"
ခဏတာမျှဒေါသထွက်ပြီးသည်နှင့် ရွာလူကြီးသည်လူအုပ်ကို ငြိမ်သက်စေရန်ပြောလိုက်သည်။
"ကောက်ရိုးဖျာတွေကအခိုးခံလိုက်ရပြီလေ၊ကျိန်ဆဲနေလို့လဲ ဘာမှထူးလာမှာ မဟုတ်ဘူး၊မိုးသီးမုန်တိုင်းနဲ့အပူချိန်ကျဆင်းတာက နောက်ထပ်နှစ်ရက်နေရင် ရောက်လာတော့မှာ၊ဒါကြောင့် ကောက်ရိုးဖျာတွေအမြန်သွားဝယ်ပြီး ဖုံးထားကြပါ၊မဟုတ်ရင်တော့ ငါတို့အများကြီးဆုံးရှုံးရလိမ့်မယ်"
တဲထောက်တိုင်တစ်ခုတည်းသာရှိပြီး ဖုံးအုပ်ထားမည့်ကောက်ရိုးဖျာမရှိပါက ဆေးပင်များကို မည်သို့မှကာကွယ်ပေးနိုင်မည်မဟုတ်ပေ။ထိုစကားကိုကြားလိုက်ရသောအခါ ဒေါသထွက်နေကြဆဲဖြစ်သော်လည်း လူတိုင်းသည်ရွာလူကြီးပြောသည့်အတိုင်း လုပ်ဆောင်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိကြတော့ပေ။ထပ်မံငြီးငြူနေရုံမျှဖြင့်လဲ အရာထင်လာမည်မဟုတ်ပေ။ရွာသားတစ်ယောက်မှာ မထိန်းနိုင်ဘဲဆဲဆိုလိုက်ပြန်၏။
"အဲ့တိရိစ္ဆာန်ကောင်ကတော့ကွာ၊ငါ့ကောက်ရိုးဖျာတွေကို ဘယ်သူခိုးလဲဆိုတာသာသိရင် သူ့ကိုလုံးဝခွင့်လွှတ်မှာမဟုတ်ဘူး"
ကျိုးရှန့်လင်မှမေးလိုက်၏။
"ဒီကောက်ရိုးဖျာတွေကို တစ်ယောက်ယောက် ခိုးသွားတာများဖြစ်နိုင်မလား"
လူတိုင်း သူ့ထံဝိုင်းကြည့်လာကြလေသည်။