အခန်း (၉၂)
Vol. 10 Ch. 92
ကျိုးရှန့်လင် ချက်ချင်းရှင်းပြလိုက်သည်။
"ကျွန်တော်ဆိုလိုတာက ဒါနတ်ဆိုးတစ်ကောင်ရဲ့လက်ချက်များ ဖြစ်နေမလားလို့ပါ၊အရင်တစ်ခေါက်တုန်းက လူတိုင်းရဲ့အိမ်ရက်မတိုင်တွေ အခိုးခံရသလိုမျိုးလေ"
လူတိုင်း - "!!!"
ချမ်ရှီပြောလိုက်၏။
"ငါအိမ်ပြန်ပြီး ထောင်ဟွားကိုလာကြည့်ခိုင်းလိုက်မယ်"
ရွာလူကြီးလည်း ချက်ချင်းထောက်ခံလိုက်၏။
"တစ်ကယ်လို့ နတ်ဆိုးတစ်ကောင်ရဲ့လက်ချက်ဆိုရင် ငါတို့ကောက်ရိုးဖျာတွေ ဘယ်လောက်ပဲထပ်ဝယ်ပြီးဖုံးဖုံး အခိုးခံရဦးမှာပဲ"
ကျိုးထောင်ဟွားသည် အိမ်တွင်ရာသီသွေးမိစ္ဆာအတွက် ပန်းထိုးပုံစံများကို အေးအေးလူလူဖြင့်ဆွဲပေးနေသည်။ရာသီသွေးမိစ္ဆာ၏သေသပ်လှပသော ပန်းထိုးလက်ရာနှင့်သူမ၏နှစ်ဆယ့်တစ်ရာစု အမှတ်တရများထဲမှ ဒီဇိုင်းပုံစံများပေါင်းစပ်လိုက်မည်ဆိုပါက ဤကမ္ဘာတွင် သေချာပေါက်အရောင်းရဆုံးဖြစ်လာမည်ပင်။
"ထောင်ဟွား ပြဿနာအကြီးကြီး တက်နေပြီ၊ရွာထဲက ဆေးပင်စိုက်ခင်းတွေမှာရှိတဲ့ကောက်ရိုးဖျာတွေ အကုန်ပျောက်ကုန်ပြီ"
ချမ်ရှီ အိမ်မကြီးထဲသို့အော်ဟစ်ကာဝင်လာလေ၏။
"ဘာရယ်"
ကျိုးထောင်ဟွား လန့်သွားရသည်။သူမလက်ထဲရှိစုတ်တံကို အမြန်ချကာမတ်တတ်ရပ်လိုက်၏။ရွာထဲရှိ ကောက်ရိုးဖျာအကုန်လုံး ပျောက်သွားသည်လား။ကျိုးထောင်ဟွား ခြံဝင်းတံခါးဝမှနေအပြင်ထွက်လိုက်သည်နှင့် ရွာသားများမှာ သူမအားဝန်းရံလိုက်ကြသည်။
"ထောင်ဟွား ကောက်ရိုးဖျာတွေကို နတ်ဆိုးခိုးသွားတာဟုတ်မဟုတ် ကူပြီးစစ်ဆေးပေးပါဦး"
"မိုးသီးမုန်တိုင်းနဲ့အပူချိန်ထိုးကျဖို့က နောက်ထပ်နှစ်ရက်ပဲလိုတော့တာလေ၊အခုချိန်ကျမှ ပျောက်သွားတာကတစ်ကယ်ဒုက္ခရောက်တာပဲ"
အခုချိန်မှ ကောက်ရိုးဖျာအသစ်ဝယ်မည်ဆိုလျှင်ပင် အချိန်အတော်ကပ်နေပြီပင်။
"ဦးလေးတို့ အဒေါ်တို့ စိတ်မပူကြပါနဲ့၊ကျွန်မအရင်သွားကြည့်လိုက်ပါဦးမယ်"
ကျိုးထောင်ဟွား ဆေးပင်စိုက်ခင်းသို့ရောက်ရှိသွားသောအခါ တဲများအားလုံး ဗလာကျင်းနေပြီး တိုင်တွေသာကျန်တော့သည်ကို တွေ့လိုက်ရသည်။သူမအနေဖြင့် သာမန်မျက်စိနှင့်ကြည့်ရုံဖြင့်တော့ မည်သည့်နတ်ဆိုးဝိညာဥ်ကိုမှမမြင်ရပေ။သို့သော်လည်း ဤအချက်ဖြင့်နတ်ဆိုးဝါးဝိညာဉ်များ၏လက်ချက်မပါ,ပါဟုပြောမရချေ။သူမ ချက်ချင်းပင် လက်ဟန်ဖြင့်ဝိညာဉ်စွမ်းအင်များအား ထုတ်လွှတ်လိုက်၏။
သူမလက်ထဲမှဝိညာဉ်စွမ်းအင်အလုံးကြီးတစ်လုံးသည် ချက်ချင်းပင်အဖြူရောင်လိပ်ပြာတစ်ဒါဇင်ခန့်အဖြစ် ပြောင်းလဲကာ ပျံသန်းထွက်သွားကြသည်။၎င်းတို့ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် အဖြူရောင်မြူခိုးပါးပါးလေးများထွက်ပေါ်လာ၏။လူအုပ်ကြီးသည် ထိုအံ့သြဖွယ်ကောင်းသောမြင်ကွင်းကို ကြည့်ရှုနေကြပြီး လိပ်ပြာများပျံသန်းသွားရာနောက်သို့ အကြည့်မလွှဲဘဲလိုက်ကြည့်နေကြသည်။
ခဏအကြာတွင် လိပ်ပြာများသည် ပုံမှန်မဟုတ်သော အငွေ့အသက်များစွာကို သယ်ဆောင်လျက် ပြန်ရောက်လာကြ၏။ကျိုးထောင်ဟွား၏လေးနက်သောမျက်နှာထားကို မြင်လိုက်ရသောအခါ ရွာလူကြီးမှမေးလိုက်သည်။
"ထောင်ဟွား တစ်ခုခုတွေ့ရလား အဲ့ဒါကတစ်ကယ်နတ်ဆိုးဝါးဝိညာဉ်ဖြစ်နေတာလား"
လူအုပ်ကြီး၏စူးစမ်းသောအကြည့်များအောက်တွင် ကျိုးထောင်ဟွား ခေါင်းငြိမ့်ပြလိုက်၏။
"လယ်ကြွက်မိစ္ဆာပါ"
ထို့ပြင် သူ့စွမ်းအားမှာမနိမ့်လှပေ။အကယ်၍ ဝိညာဉ်လိပ်ပြာများကသာ ဆေးပင်စိုက်ခင်းမူထောင်ပေါင်းများစွာဆီမှနေ သူ့အငွေ့အသက်များကိုသယ်ဆောင်မလာခဲ့လျှင် သူ့ကိုရှာတွေ့ဖို့ဆိုသည်မှာခက်ခဲလွန်းလှ၏။ဤလယ်ကြွက်မိစ္ဆာမှာ ကျွမ်းကျင်မှုရှိရုံသာမက သူ့လုပ်ရပ်များသည်လည်း အင်မတန်စေ့စပ်သေချာသည်။
လယ်ကြွက်မိစ္ဆာအငွေ့အသက်များကို စုဆောင်းပြီးသည့်နောက်တွင် သူမလွှတ်လိုက်သော ဝိညာဉ်လိပ်ပြာများလည်း စွမ်းအင်ကုန်ခမ်းလုနီးပါးဖြစ်နေပြီပင်။ကျိုးထောင်ဟွားသည် ၎င်းတို့ဆက်လက်ပျံသန်းနိုင်စေရန် ဝိညာဉ်စွမ်းအင်များကို ချက်ချင်းဖြည့်တင်းပေးလိုက်၏။ကံကောင်းသည်မှာ ယနေ့မနက်အိပ်ရာနိုးလာချိန်တွင် သူမခန္ဓာကိုယ်ထဲ၌ဝိညာဉ်စွမ်းအင်အများအပြား ရှိနေခဲ့၍ပင်။
ထိုသို့သို့မဟုတ်ပါက သူမအနေဖြင့် ၎င်း၏ဇာတိရုပ်မှန်ကို ဤမျှမြန်မြန်ရှာဖွေတွေ့ရှိနိုင်လိမ့်မည်မဟုတ်ပေ။ရှန်းမင်သည် လူအုပ်ထဲတွင်ရပ်လျက် ကျိုးထောင်ဟွားမှ အာရုံစိုက်ကာမန္တန်ရွတ်ဖတ်နေသည်ကို ကြည့်နေ၏။အကြောင်းတစ်ခုခုကြောင့် သူ့အတွေးများသည် မနေ့ညမှအဖြစ်အပျက်ဆီသို့သာ ပြန်ရောက်နေမိသည်။
ဝိညာဉ်လိပ်ပြာများအားလုံး လုံလောက်သောဝိညာဉ်စွမ်းအင်များရသွားသည်နှင့် ကျိုးထောင်ဟွားသည် ၎င်းတို့ကို ချက်ချင်းပြန်လွှတ်ပေးလိုက်ပြန်၏။လယ်ကြွက်မိစ္ဆာတွင် အသိုက်များစွာထားရှိတတ်သည့်အကျင့်ရှိသည်။သူ့ကို ရှာဖွေရသည်မှာ မလွယ်ကူလှပေ။သူသည် ကျိုးကျားရွာတစ်ရွာလုံးကို မြေအောက်လှိုဏ်ခေါင်းတူးပြီး သွားလာနေခြင်းဖြစ်နိုင်သလို သူတွင်းအောင်းရာနေရာသည်လည်း နေရာတိုင်း၌ရှိနေနိုင်သည်။
အကယ်၍ သူမအနေဖြင့်ရွာတစ်ရွာလုံးကိုလွှမ်းခြုံကြည့်ရန် ဝိညာဉ်စွမ်းအင်ထုတ်လွှတ်မည်ဆိုပါက လက်ရှိသူမဝိညာဉ်စွမ်းအင်ပမာဏနှင့် လုံလောက်မည် မဟုတ်ပေ။ထို့ကြောင့်သာ ကင်းထောက်ရန်အတွက် ဝိညာဉ်လိပ်ပြာများကိုစေလွှတ်ခြင်းကသာ တွက်ခြေအကိုက်ဆုံးနည်းလမ်းဖြစ်သည်။ဝိညာဉ်လိပ်ပြာများ ပျံသန်းထွက်ခွာသွားချိန် ကျိုးထောင်ဟွားမော့ကြည့်လိုက်ရာ ရှန်းမင်အားချက်ချင်းတွေ့လိုက်ရ၏။
ကျိုးထောင်ဟွားသည် မနေ့ည၌သူမလုပ်ခဲ့မိသည်များကို ချက်ချင်းပြန်တွေးမိလိုက်ပြီး ပါးပြင်များမှာအလိုလိုနီမြန်းလာတော့သည်။ထို့နောက် သူမ သူ့ကိုရဲရဲတင်းတင်းပင်ပြုံးပြလိုက်၏။ရှန်းမင်အားသူမရအောင်ယူမည်ဟု ဆုံးဖြတ်ချက်ချပြီးဖြစ်သည်။သူမ သူ့အချစ်ကိုရအောင်ယူရမည်ပင်။ကျိုးထောင်ဟွားမှ သူ့ကိုနှုတ်ဆက်လာသည်အားမြင်လိုက်ရသောအခါ ရှန်းမင်မျက်လုံးများ အရောင်တောက်သွားတော့သည်။
သို့သော် သူပြန်လည်ပြုံးပြတော့မည့်ဆဲဆဲမှာပင် သူ့ဘေးရှိကျိုးရှန့်အန်းမှာကျိုးထောင်ဟွားအား အရင်လက်ပြလိုက်သည်ကို ရုတ်ချည်းသတိထားမိလိုက်၏။
"ထောင်ဟွား ကြိုးစားထား၊အဲ့လယ်ကြွက်မိစ္ဆာကိုရှင်းပစ်ပြီး အစ်ကိုတို့ကောက်ရိုးဖျာတွေကိုပြန်ယူပေးပါ"
ကျိုးရှန့်အန်း ကျယ်လောင်စွာအော်ဟစ်လိုက်သည်။အော်ဟစ်ပြီးသည်နှင့် သူ့မျက်နှာသည် မျောက်ဖင်ကဲ့သို့နီရဲသွားတော့၏။ကံကောင်းသည်မှာ လူတိုင်းအာရုံသည် ကျိုးထောင်ဟွားဆီရောက်နေသဖြင့် မည်သူမှသူ့ကိုသတိမထားမိလိုက်ကြပေ။
"ဟုတ်တယ် ထောင်ဟွား၊အဲဒီလယ်ကြွက်မိစ္ဆာကို မှတ်လောက်သားလောက်အောင်ရှိအောင် ဆုံးမပစ်လိုက်၊ငါတို့ကောက်ရိုးဖျာတွေကိုများ သူကခိုးရဲသေးတယ်"
ရွာသားများလည်းအော်ဟစ်လာကြသည်။ရှန်းမင်သည် သူ့ဘေးမှမျက်နှာနီရဲနေသော ကျိုးရှန့်အန်းကိုငုံ့ကြည့်လိုက်ပြီး သူ့စိတ်ထဲတွင် မသက်မသာခံစားမှုတစ်ခု ဖြစ်ပေါ်လာလေ၏။ခုနက ထောင်ဟွား ပြုံးပြလိုက်တာ သူ့ကိုမဟုတ်ဘူးလား။ကျိုးရှန့်အန်းသည် ဆယ့်ခြောက်နှစ်ရှိပြီဖြစ်ရာ သူ့ထက်သုံးနှစ်ငယ်ပြီး မိဘနှစ်ပါးစလုံးလည်းရှိသေးသည်။
ယခုဆိုလျှင် ကျိုးရှန့်အန်းမှာ ကြက်၊ဘဲ၊ငန်းနှင့်ဝက်အများအပြားမွေးမြူထားသဖြင့် ရွာထဲတွင်အကြီးဆုံးမွေးမြူရေးလုပ်ငန်းရှင်ဖြစ်နေ၏။ကျိုးရှန့်အန်းမှာ ဘက်စုံပြည့်စုံနေသည့်အတွက် ကြောက်စရာကောင်းသော ပြိုင်ဘက်တစ်ဦးပင်။
"ဟုတ်ကဲ့ပါ အားလုံးပဲ စိတ်မပူကြပါနဲ့၊ကျွန်မ သေချာပေါက်လုပ်ပေးပါ့မယ်"
ကျိုးထောင်ဟွားစကားဆုံးသည်နှင့် ဝိညာဉ်လိပ်ပြာတစ်ကောင်သည် သူမအားခေါ်ရန်ပြန်ရောက်လာလေသည်။မထွက်ခွာမီ ကျိုးထောင်ဟွားမှာ လယ်ကြွက်မိစ္ဆာသောင်းကျန်းလာပါက ထိခိုက်မှုရှိမည်စိုး၍ နောက်မှမလိုက်ခဲ့ကြရန် လူတိုင်းကိုမှာခဲ့လိုက်၏။ကျိုးထောင်ဟွားသည် ဝိညာဉ်လိပ်ပြာနောက်သို့လိုက်သွားပြီး နောက်ဆုံးသူတို့အရင်ရောက်ခဲ့ဖူးသည့်ဝါးတောထဲ၌ ရပ်တန့်လိုက်သည်။
ဝိညာဉ်လိပ်ပြာ၏လမ်းပြမှုဖြင့် ကျိုးထောင်ဟွားသည် လယ်ကြွက်မိစ္ဆာရှိသည့်နေရာကို လျင်မြန်စွာရှာတွေ့သွား၏။ဤတစ်ကြိမ် သူမရင်ဆိုင်ရမည့်သူမှာ ကြောက်စရာကောင်းသော ပြိုင်ဘက်ဖြစ်နေ၍ ကျိုးထောင်ဟွားလုံးဝပေါ့ဆရဲခြင်း မရှိပေ။ပထမဦးစွာ သူမခြေရင်း၌ အရပ်ရှစ်မျက်နှာဘက်သို့ ဦးတည်လျက် အဆောင်ရှစ်ခုကို ချထားလိုက်သည်။ထို့နောက် သူမလက်ဟန်ဖြင့်ဝိညာဉ်စွမ်းအင်များကို မြေကြီးထဲသို့တိုးဝင်စေကာ လယ်ကြွက်မိစ္ဆာကိုချိတ်ပိတ်ရန် ထိန်းချုပ်လိုက်လေ၏။
သူမဝိညာဉ်စွမ်းအင်များသည် ပျော့ပျောင်းသောကြိုးတစ်ချောင်းအလား လယ်ကြွက်မိစ္ဆာကိုလုံးဝ ချည်နှောင်လိုက်တော့သည်။ကြိုး၏အားသည်ဆူးများအလား မိစ္ဆာကောင်၏အသားထဲသို့ ထိုးဖောက်ဝင်ရောက်သွားသဖြင့် နာနာကျင်ကျင်ဟိန်းဟောက်လာလေ၏။၎င်းသည် မြေကြီးအောက်တွင် ပြင်းပြင်းထန်ထန်ရုန်းကန်နေရာ မြေကြီးများပင်တုန်ခါသွားရသည်။ရုတ်တရက်ပေါ်လာသော ထိုကြိုးစုတ်ကိုကိုက်ဖြတ်တော့မည့်ဆဲဆဲမှာပင် ကြိုးသည်၎င်းထင်ထားသည်ထက် ပိုခိုင်နေသည်ကိုတွေ့လိုက်ရ၏။
*ကျွိ*
လယ်ကြွက်မိစ္ဆာမှာ ရူးမတတ်ဟိန်းဟောက်ရုံမှတစ်ပါး အခြားမတတ်နိုင်တော့ပေ။နောက်တစ်ခဏတွင် ကျိုးထောင်ဟွားသည် ၎င်း၏ကိုယ်လုံးကြီးတစ်ခုလုံးကို တွင်းထဲမှနေဆွဲထုတ်လိုက်လေ၏။ကျယ်လောင်သောမြည်သံကြီးနှင့်အတူ လယ်ကြွက်မိစ္ဆာကြီးပြုတ်ကျလာတော့သည်။ဤအချိန်မှ ကျိုးထောင်ဟွားသည် လယ်ကြွက်မိစ္ဆာ၏ဇာတိရုပ်အစစ်ကို မြင်လိုက်ရလေ၏။
၎င်းသည် အလွန်ကြီးမားပြီးသုံးမီတာခန့်မြင့်မားသည်။တစ်ချိန်က သေးငယ်နူးညံ့ခဲ့သောခန္ဓာကိုယ်သည် ယခုအချိန်၌ ပုံပျက်ပန်းပျက်ဖြင့်ဖောရောင်နေပြီး အမွှေးများမှာလည်း သာမန်လယ်ကြွက်တစ်ကောင်ကဲ့သို့ ချောမွေ့နူးညံ့ခြင်းမရှိတော့သလို အဖုအထစ်များဖြင့်ရှုပ်ပွနေလေ၏။၎င်း၏ခေါင်းမှာ ခန္ဓာကိုယ်နှင့်မလိုက်ဖက်အောင်ကြီးမားလွန်းပြီး တွန့်ရှုံ့နေသောပါးစပ်မှ ရှေ့သွားနှစ်ချောင်းထိုးထွက်နေပုံမှာ ဓားရှည်များအလား အေးစက်စက်အလင်းရောင်များဖြင့် တောက်ပနေလေသည်။
ပဲနက်စေ့အရွယ်သာရှိသင့်သော မျက်လုံးများသည် ယခုဇလုံအရွယ်အစားခန့်ရှိနေပြီး မျက်ဝန်းများထဲတွင်လည်း ရူးသွပ်မှုနှင့်ရက်စက်ကြမ်းကြုတ်မှုများဖြင့်ပြည့်နှက်နေ၏။၎င်းအမြီးသည် ပုံမှန်မဟုတ်ဘဲတုတ်ခိုင်နေကာ အကြေးခွံများပါသောစပါးအုံးမြွေတစ်ကောင်အလားဖြစ်နေပြီး သူ့ကိုယ်နောက်၌ ဘယ်ညာယမ်းခါလိုက်တိုင်း နက်ရှိုင်းသောမြောင်းကြီးများဖြစ်ပေါ်သွားစေသည်။အဝေးမှလှမ်းမြင်လိုက်ရသော ရွာသားများသည် ထိတ်လန့်တကြားအော်ဟစ်လိုက်ကြ၏။
"အကြီးကြီးပဲဟ ကြောက်စရာကောင်းလိုက်တာ၊ပြီးတော့ ရုပ်ကလဲဆိုးချက်"
၎င်းရွေ့လျားလိုက်ချိန်တိုင်း သူ့ခန္ဓာကိုယ်ကြီးကို ထောက်ပံ့ထားရသည့် ခြေလက်များမှာ တွန့်လိမ်သွားပြီး အဆစ်များဆီမှနေ အသံကျယ်ကျယ်များထွက်ပေါ်လာတတ်သည်။ခြေလှမ်းတစ်လှမ်း,လှမ်းလိုက်တိုင်း ပတ်ဝန်းကျင်ရှိလေထုကိုစုပ်ယူလိုက်သကဲ့သို့ဖြစ်သွားရာ အပူချိန်သည်ချက်ချင်းကျဆင်းသွားပြီး မရဏအငွေ့အသက်များကို ဆောင်ကြဉ်းလာလေ၏။
"ဒါအရင်တစ်ခေါက်က တီကောင်နတ်ဆိုးထက်တောင် ပိုကြီးသေးတယ်၊ထောင်ဟွား ကိုင်တွယ်နိုင်ပါ့မလား"
ဦးလေးချီ မေးမိလိုက်သည်။ရွာသားများဘက်လှည့်ကာ သူပြောလိုက်၏။
"ကျုပ်ကိုမေးမယ်ဆိုရင်တော့ အခြားရွာတွေကနေကောက်ရိုးဖျာအမြန်သွားဝယ်တာပိုကောင်းမယ်လို့ အကြံပေးချင်တယ်၊မိုးသီးမုန်တိုင်းနဲ့အပူချိန်ထိုးကျဖို့က မကြာခင်ရောက်လာတော့မှာလေ၊အခုချိန်ဖုံးမထားရင် နောက်ကျသွားလိမ့်မယ်"