အခန်း (၉၃)
Vol. 10 Ch. 93
အဘွားစွင်း သူ့ထံစိတ်လေဟန်ဖြင့်စိုက်ကြည့်လိုက်ပြီး
"ချီဟယ်ရှန်း ရှင်ဘာတွေလာပြောနေတာလဲ၊ကျွန်မရဲ့ ထောင်ဟွားကရှင်းပစ်နိုင်တယ်ဆိုရင် သေချာပေါက်ရှင်းပစ်နိုင်တယ်၊ဒါ့အပြင် ဒီလယ်ကြွက်မိစ္ဆာကိုသာ မရှင်းပစ်နိုင်ဘူးဆိုရင် ကောက်ရိုးဖျာအသစ်တွေထပ်ဝယ်လဲ အခိုးမခံရဘူးလို့များ ထင်နေလား၊ရှင်ထပ်ဝယ်တာက မြန်မလား သူခိုးတာမြန်မလားဆိုတာ စောင့်ကြည့်ကြတာပေါ့"
အဘိုးချီသည် ပြန်ပြောစရာစကားရှာမရ၍ ဒေါသတကြီးပြောလာ၏။
"ဒါဆိုလဲ ကျုပ်ကခွေးတွေကိုလယ်ထဲမှာ ချည်ပြီးစောင့်ခိုင်းထားမယ်ဗျာ"
အဘွားစွင်းသည် ဟာသတစ်ခုကိုကြားလိုက်ရသည့်အလား ရယ်မောပြီး လှောင်ပြောင်သရော်လိုက်လေ၏။
"ဒီလယ်ကြွက်မိစ္ဆာက အကောင်ကြီးကြီးကို ရှင့်ခွေးနည်းနည်းလောက်နဲ့ တားနိုင်မယ်ထင်နေလား၊ဟောင်တောင်မဟောင်ရသေးခင် အစားခံလိုက်ရမယ်ထင်ပါရဲ့"
အဘိုးချီ ပြန်ချေပလာ၏။
"ဒါဆိုလဲ ထောင်ဟွားကဒီလယ်ကြွက်မိစ္ဆာကို အရင်သတ်နိုင်မသတ်နိုင်စောင့်ကြည့်ရတာပေါ့"
ကျိုးထောင်ဟွားမျက်နှာထားမှာ လေးနက်တည်ကြည်နေသည်။သူမ ထင်ထားသည့်အတိုင်းပင် ဤလယ်ကြွက်မိစ္ဆာမှာ နှစ်သုံးရာကျော်ကျင့်ကြံထားခဲ့သဖြင့် ၎င်း၏ကျင့်ကြံခြင်းအဆင့်မှာ အလွန်မြင့်မားနေ၏။ပုံမှန်ဆိုလျှင် ကျိုးထောင်ဟွားအနေဖြင့် ၎င်းကိုကိုင်တွယ်နိုင်လောက်မည်မဟုတ်သော်လည်း ယနေ့မနက် သူမအိပ်ရာနိုးလာချိန်တွင် သူမခန္ဓာကိုယ်ထဲ၌ ဝိညာဉ်စွမ်းအင်အများအပြားရှိနေမှန်းသိခဲ့ရပြီးဖြစ်သည်။ဤအခြေအနေမျိုးဖြစ်လာမှတော့ သူမအနေဖြင့်လည်း လက်တွန့်နေစရာမလိုတော့ပေ။
*ကျွိ*
လယ်ကြွက်မိစ္ဆာသည် ရူးသွပ်စွာဟိန်းဟောက်လိုက်ပြီး ကိုယ်ကိုယမ်းခါကာ အနက်ရောင်အကျိအချွဲများအား မိုးရွာသကဲ့သို့ခါချလိုက်လေ၏။
*ဘုတ်*
အကျိအချွဲတစ်စက်ကျသွားသည်နှင့် ထိုနေရာတွင်ချိုင့်ခွက်အသေးစားလေးဖြစ်သွားသည်ထိ ချက်ချင်းတိုက်စားသွားလေသည်။အနက်ရောင် အကျိအချွဲများသည် နေရောင်ခြည်ကိုပိတ်ဆို့ထားလိုက်သဖြင့် ဝါးတောတစ်ခုလုံးအမှောင်ကျသွားရ၏။လေပြင်းတစ်ချက် ဝါးတောထဲသို့ ဝင်ရောက်တိုက်ခတ်သွားရာ မရေမတွက်နိုင်သောဝါးရွက်များမှာ လေထဲတွင်ဝဲပျံသွားကြပြီး လူတိုင်းမျက်လုံးများကို ပြာသွားစေသည်။
ကျိုးထောင်ဟွားဆံနွယ်များသည် လေထဲတွင်ကခုန်နေပြီး သူမမျက်လုံးများလည်း တောက်ပလာကာ မန္တန်များကိုရွတ်ဆိုလိုက်၏။ခိုင်ခံ့သောအကာအရံတစ်ခု သူမပတ်လည်တွင်ထွက်ပေါ်လာပြီး လယ်ကြွက်မိစ္ဆာခါချလိုက်သော အနက်ရောင်အကျိအချွဲများအားလုံးကို ကာကွယ်တားဆီးလိုက်သည်။သတ်ဖြတ်ခြင်း မန္တန်အစီအရင်များသည် သူမပါးစပ်မှနေ ဆက်တိုက်ထွက်ပေါ်လာပြီး သူမလက်များသည်လည်း ကခုန်နေသောလိပ်ပြာများအလား လျင်မြန်စွာလှုပ်ရှားနေလေ၏။
ရှုပ်ထွေးနက်နဲသော သတ်ဖြတ်ခြင်းအစီအရင်များသည် လျင်မြန်စွာပုံပေါ်လာပြီး တစ်ခုချင်းစီမှာ လယ်ကြွက်မိစ္ဆာအားဝင်ရောက်တိုက်ခိုက်လေတော့သည်။ပထမဆုံး သတ်ဖြတ်ခြင်းမန္တန်သည် အပြာရောင်အလင်းတန်းများ လွှမ်းခြုံလျက် လယ်ကြွက်မိစ္ဆာထံ မိုးကြိုးပစ်ချလိုက်သကဲ့သို့ရိုက်ခတ်သွားလေ၏။လယ်ကြွက်မိစ္ဆာသည် စူးရှရှအော်ဟစ်သံကျယ်ကြီးပြုလုပ်လိုက်ပြီး ထိမှန်သွားသောနေရာရှိခန္ဓာကိုယ်မှာ ချက်ချင်းမဲတူးသွားတော့သည်။
ထို့နောက် ချက်ချင်းပင် ဒုတိယမြောက် သတ်ဖြတ်ခြင်းမန္တန်သည် မီးနဂါးအသွင် ပြောင်းလဲသွားပြီး လယ်ကြွက်မိစ္ဆာကိုမီးပင်လယ်ထဲသို့ နှစ်မြှုပ်ပစ်လိုက်လေ၏။ကျိုးထောင်ဟွားထံမှနေ မန္တန်ရွတ်ဆိုခြင်းနှင့်လက်ဟန်ပြုလုပ်ခြင်းတို့မှာ မရပ်မနားဆက်လက်ဖြစ်ပေါ်နေပြီး ပိုမိုများပြားသောသတ်ဖြတ်ခြင်းမန္တန်များနှင့်အစီအရင်တို့ကို ထုတ်လွှတ်လိုက်လေသည်။၎င်းတို့သည် အမြောက်ဆံများအလား အရပ်မျက်နှာအသီးသီးမှနေ လယ်ကြွက်မိစ္ဆာပေါ်သို့ကျရောက်လာလေတော့၏။
*ကျွိ*
လယ်ကြွက်မိစ္ဆာသည် ငတုံးမဟုတ်ရာ တိုက်ခိုက်မှုများကိုမြင်သည်နှင့် ထွက်ပြေးလိုက်သော်လည်း ကျိုးထောင်ဟွား၏ဝိညာဉ်ကြိုးဖြင့် ချည်နှောင်ထားခြင်းခံရသဖြင့် ပြေးစရာလမ်းမရှိတော့ပေ။တိုက်ခိုက်မှုတိုင်းသည် ၎င်း၏ခန္ဓာကိုယ်ကို ဒဏ်ရာရစေသည်။ဤကောင်မလေးစုတ်လေးသည် သူ့အားအသက်ရှူချိန်တောင်မပေးဘဲ တိုက်ခိုက်နေခြင်းဖြစ်ရာ ဤအတိုင်းသာဆက်သွားပါက သေချာပေါက်သူစိစိညက်ညက်ကြေသွားပေတော့မည်။
လယ်ကြွက်မိစ္ဆာသည် ကျိုးထောင်ဟွားထံ ဒေါသတကြီးစိုက်ကြည့်လိုက်ပြီး သူမကိုဝါးမြိုပစ်ရန်ဆုံးဖြတ်ကာ ချက်ချင်းဆိုသလိုသူမရှိရာသို့ပြေးဝင်လာလေ၏။
*ဒုန်း ဒုန်း ဒုန်း*
၎င်း၏ကြီးမားသောအရွယ်အစားကြောင့် ရွေ့လျားလိုက်သည့်အခါတိုင်း ငလျင်လှုပ်သကဲ့သို့ဖြစ်သွားရသည်။အဝေးမှကြည့်နေကြသော ရွာသားများပင်လျှင် ၎င်းသည်သူတို့ရှိရာသို့ပြေးလာပြီး နင်းချေပစ်မည်ကိုစိုးရိမ်ကာ ကြောက်လန့်တကြားဖြစ်နေကြ၏။ရွာသားအချို့ဆိုလျှင် ကြောက်လန့်ပြီးအဝေးသို့ထွက်ပြေးကုန်ကြပြီပင်။ရှန်းမင်သည် လယ်ကြွက်မိစ္ဆာမှကျိုးထောင်ဟွားထံပြေးဝင်လာသည်ကို အဝေးမှလှမ်းကြည့်ရင်းစိုးရိမ်စိတ်ကြောင့် နှလုံးခုန်သံများပင်မူမမှန်တော့ပေ။
သူဆုံးဖြတ်ချက်မချရသေးခင်မှာပင် သူ့ခြေထောက်များသည် အလိုလိုရွေ့လျားသွားပြီး ကျိုးထောင်ဟွားရှိရာသို့ လျှောက်သွားမိလိုက်သည်။နောက်တစ်ခဏတွင် ငါးမီတာခန့် ရှည်လျားသော ဝိညာဉ်လှံတံကြီးတစ်လက်သည် ကျိုးထောင်ဟွားလက်ထဲတွင် ရုတ်ချည်းပေါ်လာသည်ကို သူမြင်လိုက်ရ၏။လယ်ကြွက်မိစ္ဆာ သူမထံသို့ရောက်ရှိလာသည့် တစ်ခဏချင်းမှာပင် လှံတံသည် ၎င်း၏နှလုံးသားတွင်းထိုးဖောက်သွားတော့သည်။
*ကျွိ*
လယ်ကြွက်မိစ္ဆာသည် ပြင်းပြင်းထန်ထန်နာကျင်သွားရရာ မလှုပ်ရှားနိုင်တော့ဘဲ ရင်ဘတ်မှနေ သွေးများဒလဟောစီးကျလာတော့သည်။သွေးများနှင့်အတူ ၎င်း၏ကျင့်ကြံခြင်းစွမ်းအားများလည်း ပျောက်ဆုံးသွားရ၏။လက်ဗလာဖြင့်ရှိနေသည်ဟုထင်ရသော ကောင်မလေးမှာ ရုတ်တရက်ဆိုသလို ငါးမီတာအရှည်ရှိသောဝိညာဉ်လှံတံကြီးကိုထုတ်၍ သူ့ကိုယ်မှတစ်ဆင့်နှလုံးသားထံထိုးဖောက်သွားစေလိမ့်မည်ဟု လုံးဝထင်မထားခဲ့မိပေ။
ကျယ်လောင်သောမြည်သံကြီးနှင့်အတူ လယ်ကြွက်မိစ္ဆာသည် နောက်ဆုံးလက်လျော့လိုက်ရပြီး နောက်ဆုံးအကြိမ်အဖြစ်ဟိန်းဟောက်လာလေ၏။ထို့နောက် ၎င်း၏ခန္ဓာကိုယ်ကြီးသည် မြေကြီးပေါ်သို့ပြိုကျသွားရာ ဖုန်လုံးကြီးများပင်ထသွားတော့သည်။
"သေသွားပြီလား"
ရွာသားများမှာ ထိုမြင်ကွင်းကိုကြည့်ပြီး အံ့ဩတကြီးမေးလိုက်ကြသည်။လယ်ကြွက်မိစ္ဆာအလောင်းမှာ အနည်းငယ်တုန်ခါသွားသည်ကို ကျိုးထောင်ဟွားသတိထားမိလိုက်သည်။ထို့နောက် ၎င်း၏ဝမ်းဗိုက်ထဲမှနေ ဖျော့တော့သောအလင်းရောင်တစ်ခု ဖြည်းညှင်းစွာထွက်ပေါ်လာလေ၏။အလင်းရောင်ပျောက်ကွယ်မသွားမီ ၎င်းသည်လေထဲတွင်ဝဲပျံနေသေးသည်။
ကျိုးထောင်ဟွား သေချာကြည့်လိုက်ရာ ၎င်းမှာသစ်ကြားသီးအရွယ်အစားခန့်ရှိသော ကြည်လင်တောက်ပသည့်ကျောက်တုံးလေးတစ်ခုဖြစ်နေသည်ကို တွေ့လိုက်ရ၏။၎င်းသည် လယ်ကြွက်မိစ္ဆာမှနှစ်ပေါင်းသုံးရာကြာအောင် ကျင့်ကြံအားထုတ်ပြီးနောက် ဖွဲ့စည်းထားသောအမြုတေသာဖြစ်ပေသည်။အရွယ်အစား သေးငယ်သော်လည်း ၎င်းထဲတွင်နှစ်ပေါင်းသုံးရာစာကျင့်ကြံခြင်းစွမ်းအားများပါဝင်နေ၏။ကျိုးထောင်ဟွား လက်လှမ်းလိုက်ပြီး ၎င်းကိုလက်ဖဝါးထဲတွင်ဆုပ်ကိုင်ကာ အမြုတေ၏စွမ်းအားကိုဖုံးကွယ်ထားရန်အတွက် သူမဝိညာဉ်စွမ်းအင်ကိုအသုံးပြု၍ အကာအကွယ်အစီအရင်တစ်ခုဖန်တီးလိုက်လေသည်။
ကျိုးထောင်ဟွားမှ အမြုတေကိုယူလိုက်သည့်အချိန်မှာပင် လယ်ကြွက်မိစ္ဆာ၏အလောင်းသည် ရွှံ့အိုင်အဖြစ်သို့ လျင်မြန်စွာပြောင်းလဲသွားပြီး မူလဝါးတောမြေကြီးနှင့်ပေါင်းစပ်သွားလေ၏။ထို့နောက် တစ်ချိန်တည်းမှာပင် ပြန့်ပြူးနေသောမြေကြီးသည် လှိုင်းလုံးများအလားလိမ့်တက်လာလေသည်။ထို့နောက် မြေကြီးထဲမှနေ ကောက်ရိုးဖျာများတစ်ခုပြီးတစ်ခုထွက်ပေါ်လာတော့၏။ရွာသားများသည် အစပိုင်းတွင်အံ့သြသွားကြသော်လည်း နောက်ပိုင်းတွင်တော့ ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။
"ဟေး ကောက်ရိုးဖျာတွေပြန်တွေ့ပြီဟေ့"
"ထောင်ဟွားက တစ်ကယ်တော်တာပဲ"
ရွာသားအချို့ဆိုလျှင် စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ရည်များပင်ဝဲလာကြသည်။ကောက်ရိုးဖျာများပြန်ရသည်မှာ ကောင်းလှပေ၏။ထိုသို့မဟုတ်လျှင် မိုးသီးမုန်တိုင်းကျရောက်တော့မည့်အချိန်၌ ဆယ်မူကျော်သောမြေကွက်များအတွက် ကောက်ရိုးဖျာများဝယ်ယူရန်မှာ အလွန် ခက်ခဲပေလိမ့်မည်။
ထို့ပြင်လယ်ကြွက်မိစ္ဆာမှ ထပ်ခိုးသွားလျှင်မည်သို့လုပ်ရမည်နည်း။
ယခုတော့ ထောင်ဟွားမှ လယ်ကြွက်မိစ္ဆာကိုရှင်းပစ်လိုက်ပြီဖြစ်ရာ နောက်နောင်ပြဿနာတက်လာတော့မည်မဟုတ်ပေ။ရွာလူကြီးသည် သူ့သားနှစ်ယောက်ကို သူတို့မိသားစုပိုင်ကောက်ရိုးဖျာများသွားယူခိုင်းလိုက်ပြီး သူ့ရင်ထဲတွင်ကျေးဇူးတင်စိတ်များဖြင့် ပြည့်နှက်နေလေ၏။ကံကောင်းထောက်မစွာပင် ကောင်းကင်ဘုံမှ ကျိုးထောင်ဟွားအားသူတို့ရွာဆီစေလွှတ်ပေးခဲ့၍ပင်။ထိုသို့မဟုတ်ပါက ဖြစ်လာမည့်အကျိုးဆက်များကို တွေးကြည့်လို့ပင်ရမည်မဟုတ်ပေ။
တစ်ရွာလုံးရှိ လူကြီးလူငယ် ကျားမ,မရွေး အားလုံးဝိုင်းဝန်းပြီး သူတို့ဆေးပင်စိုက်ခင်းများကို ကောက်ရိုးဖျာများဖြင့် လိုက်လံဖုံးအုပ်ကြလေသည်။ကျိုးထောင်ဟွားသည် လူတိုင်း၏ချီးကျူးစကားများကို အပြုံးဖြင့်သာတုံ့ပြန်လိုက်၏။တစ်ကယ်တမ်းတွင်မူ သူမဝိညာဉ်စွမ်းအင်များမှာ လုံးဝကုန်ခမ်းသွားခဲ့ပြီဖြစ်သည်။နှစ်ပေါင်းသုံးရာကျင့်ကြံထားသော လယ်ကြွက်မိစ္ဆာသည် တစ်ကယ်ပင်စွမ်းအားကြီးမားလှပေ၏။
"ထောင်ဟွား အဆင်ပြေရဲ့လား"
ကျိုးထောင်ဟွား ကြောင်ငေးနေသည်ကိုမြင်လိုက်ရသဖြင့် ရှန်းမင်စိုးရိမ်တကြီး မေးလိုက်သည်။ကျိုးထောင်ဟွား မော့ကြည့်လိုက်ရာ ရှန်းမင်ကိုတွေ့လိုက်ရသဖြင့် သူမမျက်လုံးများထဲတွင် အပြုံးရိပ်လေးတစ်ခုပေါ်လာလေ၏။သူမသည် နဖူးကိုလက်ဖြင့် ဖိထားလိုက်ပြီး ခန္ဓာကိုယ်မှအနည်းငယ်ယိုင်ကျသွားရာ ရှန်းမင်သည်သူမအားတွဲကူရန် ချက်ချင်းရှေ့တိုးလာလေသည်။
"ဘာဖြစ်လို့လဲ အဘိုးရှန့်ဖျင်ဆီသွားပြကြည့်မလား"
ကျိုးထောင်ဟွားသည် သူမကိုယ်လုံးကို ရှန်းမင်ပေါ်သို့မှီချလိုက်ပြီး နေရောင်ခြည်နံ့သင်းနေသော သူ့ကိုယ်သင်းနံ့ကိုရှူရှိုက်လိုက်လေသည်။ကျိုးထောင်ဟွားသည် သူမမှသူ့အပေါ်ခံစားချက်ရှိနေကြောင်း နောက်တစ်ကြိမ် ထပ်မံအတည်ပြုလိုက်မိ၏။
"ညီမ ခေါင်းနည်းနည်းကိုက်နေသလိုပဲ"
ကျိုးထောင်ဟွား တိုးဖွဖွလေးပြောလိုက်၏။ရှန်းမင်ရင်ထဲတင်းကြပ်သွားပြီး သူမ၏အားနည်းနေပုံကိုကြည့်ကာ မျက်မှောင်ကြုံ့လိုက်မိသည်။သူသည် ကျိုးထောင်ဟွားကိုပွေ့ချီကာ ကျိုးရှန့်ဖျင်ထံခေါ်သွားရန် ကိုယ်ကိုကိုင်းလိုက်စဉ် ကျိုးထောင်ဟွားမှာသူ့ကို တွန်းထုတ်လိုက်လေ၏။
"အစ်ကိုရှန်းမင် သူစိမ်းယောင်္ကျားလေးနဲ့မိန်းကလေးဆိုတာ မထိတွေ့သင့်ဘူးလေ၊ညီမက နည်းနည်းပင်ပန်းနေရုံပါ၊အိမ်ပြန်ပြီး ခဏလောက်နားလိုက်ပါ့မယ်"
ကျိုးထောင်ဟွား လှည့်ထွက်သွားပြီး အိမ်သို့ပြတ်ပြတ်သားသားပြန်သွားလိုက်သည်။ရှန်းမင်သည် လှည့်ထွက်သွားသော သူမနောက်ကျောအားငေးကြည့်ရင်း ရင်ထဲတွင်ဟာတာတာဖြစ်ကျန်ရစ်ခဲ့၏။ယခင်ကဆိုလျှင် သူမသည်သူ့အနားကပ်နေပြီး သူ့အားအခွင့်အရေးယူရသည်ကို ကြိုက်တတ်သူလေးပင်။အဘယ်ကြောင့်ရုတ်ချည်း အမျိုးသား/သမီးစည်းကမ်းများအကြောင်း လာပြောနေရပါသနည်း။
အောင်သွယ်တော်ယို၏စကားကို နားယောင်ကာ သူမသည်အိမ်ထောင်ဖက်စရှာနေသည်များလား။
မနေ့ည၌ သူမေးခဲ့သောမေးခွန်းအတွက် အဖြေမရသေးသလို သူ့ဘေးရှိကျိုးရှန့်အန်းမှ သူမအားလက်ပြနေခဲ့သည့် မြင်ကွင်းကလည်း သူ့စိတ်ထဲရုတ်ချည်းပြန်ပေါ်လာလေသည်။ခုနက ထောင်ဟွား ပြုံးပြလိုက်တာ ကျိုးရှန့်အန်းကိုများလား။သူတို့နှစ်ယောက်က အသက်တစ်နှစ်လောက်ပဲကွာတာဆိုတော့ တော်တော်လေးလိုက်ဖက်ညီပါတယ်။
ထိုနေ့တွင် လူတိုင်းသည်လယ်ကြွက်မိစ္ဆာထံမှပြန်ရခဲ့သော ကောက်ရိုးဖျာများဖြင့် စိုက်ခင်းများကို အပြီးသတ်ဖုံးအုပ်လိုက်ကြသည်။ရွာသားအများစုသည် သူတို့ဆေးပင်စိုက်ခင်းများအတွက် တဲဆောက်လုပ်ခြင်း ပြီးစီးသွားကြပြီဖြစ်ပြီး ရွာသားအနည်းငယ်သာ လက်စသတ်ရန် ကျန်တော့၏။ရက်သတ်မှတ်ချက်၏နောက်ဆုံးနေ့တွင် ရွာထဲရှိဆေးပင်စိုက်ခင်းများအတွက် တဲများအားလုံးပြီးစီးသွားခဲ့လေသည်။
ရွာလူကြီးသည် သူ့အိမ်တံခါးဝတွင်ရပ်လျက် အရင်တစ်လတာလုံး လူတိုင်းပင်ပင်ပန်းပန်းလုပ်ဆောင်ခဲ့ရသော ရွာ၏ဆေးပင်စိုက်ခင်းများထံလှမ်းကြည့်နေလိုက်၏။ရုတ်ချည်းဆိုသလို ညနေဆည်းဆာနေရောင်မကွယ်ပျောက်မီတွင် မိုးတိမ်မည်းကြီးများသည် ဝေးလံသောမိုးကုပ်စက်ဝိုင်းဆီမှ လိမ့်တက်လာပြီး ဒီရေအလား လျင်မြန်စွာပျံ့နှံ့လာလေသည်။
လေထုသည်လည်း ရုတ်ချည်းအေးစက်သွားပြီး အေးမြမြလေပြင်းများသည် ဓားသွားများအလား မျက်နှာကိုဖြတ်တိုက်လာလေ၏။ရွာလူကြီးရင်ထဲထိတ်ကနဲဖြစ်သွားရပြီး သူ့အိမ်ရှေ့တွင်ဆက်မရပ်ရဲတော့ပေ။မိုးသီးမုန်တိုင်းလာပေတော့မည်။