← Chapters

အခန်း (၉၄)

Vol. 10 Ch. 94

အခန်း (၉၄)

Vol. 10 Ch. 94

အိမ်ထဲသို့ရောက်ရောက်ချင်းပင် အရိုးခိုက်လုမတတ်အေးစက်သောလေပြင်းများနှင့်အတူ မိုးသီးကြီးများစတင်ရွာချလာတော့သည်။

​မိုးသီးများသည် ခေါင်မိုးပေါ်သို့မရပ်မနားကျရောက်နေသဖြင့် နားကွဲလုမတတ်ဆူညံသံများဖြစ်ပေါ်စေ၏။​ဦးလေးချီသည် သူ့တဲလေးမိုးသီးဒဏ်ကြောင့်ပျက်စီးသွားမည်ကိုစိုးရိမ်သဖြင့် ထီးတစ်ချောင်းကိုင်ကာ တံခါးဝတွင်ရပ်လျက် ဟိုဟိုဒီဒီကြည့်ရှုနေမိသည်။​မိုးသီးမုန်တိုင်းအလယ်တွင် ကြံ့ကြံ့ခံရပ်တည်နေသော သူ့တဲလေးဘာမှမဖြစ်ဘဲရှိနေသည်ကိုမြင်လိုက်ရမှသာ သူစိတ်သက်သာရာရသွားပြီး အိမ်ထဲသို့ပြန်ဝင်ရန်တံခါးပိတ်လိုက်လေ၏။

​တိုတောင်းသောအကွာအဝေးလေးသာဖြစ်သော်လည်း အအေးဓာတ်ကြောင့်လည်ပင်းကိုကျုံ့ထားလိုက်ရပြီး အသက်ရှူထုတ်လိုက်သောလေငွေ့များသည်ပင် သူ့မျက်လုံးရှေ့၌ချက်ချင်းဆိုသလို အငွေ့ဖြူဖြူလေးများအဖြစ် ပြောင်းလဲသွားလေသည်။

​အရမ်းအေးတယ်ဟ။

​ညမှောင်လာသည်နှင့်အမျှ အပူချိန်သည်ပိုမိုကျဆင်းလာလေသည်။​အမှောင်ထုထဲမှလေတိုက်သံများသည် တစ္ဆေသရဲများငိုရှိုက်နေသည့်အလားမြည်ဟီးနေပြီး အိမ်အမိုးစွန်းအောက်တွဲကျနေသော ရေခဲအချောင်းများသည်လည်း ပိုမိုရှည်ထွက်လာကြ၏။​လူတိုင်းထမင်းစားပြီးကြသောအခါ အိမ်ထဲနွေးထွေးနေစေရန် မီးဖိုထဲသို့ထင်းများ ချက်ချင်းထပ်ထည့်လိုက်ကြသည်။

​ကျိုးအိမ်ဟောင်း၌

​အိမ်မကြီးထဲတွင်မီးဖိုမီးမွှေးထားပြီး လူတိုင်းမှာဂွမ်းအင်္ကျီထူထူများဝတ်ဆင်၍ မီးဖိုဘေးတွင် ဝိုင်းထိုင်နေကြသည်။​မီးဖိုထဲရှိ မီးတောက်များမှာ တဟုန်းဟုန်းတောက်လောင်နေသော်လည်း အရိုးခိုက်လုမတတ်အအေးဒဏ်ကို မဖယ်ရှားနိုင်ပေ။​ခေါင်မိုးပေါ်သို့ ကျရောက်လာသော မိုးသီးသံတစ်ချက်တိုင်းသည် လူတိုင်းကျောရိုးတစ်လျှောက် စိမ့်ကနဲဖြစ်သွားစေသည်။​အဘွားစွင်းမှာ ချီးကျူးစကားများပြောပါတော့၏။

"ထောင်ဟွားက တစ်ကယ်တော်တာပဲ၊တစ်ကယ်လို့သာ တစ်လကြိုပြီးသူသတိမပေးခဲ့ရင် ငါတို့ဆေးပင်စိုက်ခင်းမူသုံးဆယ်ကျော်က အကြီးအကျယ်ကိုဆုံးရှုံးသွားရမှာ"

​ကျန်သူများလည်း သူမစကားကို ထောက်ခံလိုက်ကြသည်။

​"ကောင်းကင်ကနက္ခတ်တာရာတွေကို ကြည့်ပြီး ရာသီဥတုအပြောင်းအလဲတွေကို တစ်လလောက်ကြိုမြင်နိုင်တယ်ဆိုတော့ ထောင်ဟွားကတစ်ကယ့်ကိုအံ့သြစရာကောင်းတယ်"

​ကျိုးလျန်ဟွား အံ့ဩတကြီးဖြင့်ပြောလိုက်သည်။​အဘွားစွင်းအကြည့်သည် ကျိုးဖုန်းပေါ်သို့ရောက်သွားပြီး ပြောလာ၏။

"မြေးလေး အဘွား ဟေးနျိုရွာကကျန်းချွေ့အာနဲ့မင်းအတွက် မင်္ဂလာကိစ္စစီစဉ်ပြီးသွားပြီ၊သူကယဉ်ကျေးသိမ်မွေ့ပြီး အိမ်မှုကိစ္စနိုင်နင်းတဲ့ မိန်းမကောင်းတစ်ယောက်ပါ၊နောက်လဝက်နေလို့ မိုးသီးမုန်တိုင်းပြီးသွားပြီး အပူချိန်ပုံမှန်ပြန်ဖြစ်သွားတဲ့ ဒုတိယလဆယ့်ရှစ်ရက်နေ့ကျရင် မင်းတို့နှစ်ယောက် မင်္ဂလာပွဲကျင်းပရမယ်၊အချိန်ကအရမ်းကပ်နေတော့ တင်တောင်းငွေငါးတေးအပြင် မင်္ဂလာပွဲပြင်ဆင်ဖို့အတွက် အဘွားကကျန်းမိသားစုကို နောက်ထပ်သုံးတေးပိုပေးထားခဲ့တယ်"

​ဒေါ်လေးကျိုးသည် ထိုနာမည်ကိုရင်းနှီးနေသလို ခံစားလိုက်ရသည်။ကျန်းချွေ့အာ ဟုတ်လား။​အဲဒါအရင်ရက်ပိုင်းကမှ ရှောင်ဖုန်းကူညီပေးခဲ့လို့ဆိုပြီး ကျေးဇူးလာတင်တဲ့ကောင်မလေးပဲ။​ထိုကောင်မလေးမှန်းသိသည်နှင့် ဒေါ်လေးကျိုးမျက်လုံးများထဲတွင် ကျေနပ်အားရမှုများပြည့်နှက်သွားလေသည်။​သီလရှိပြီး ယဉ်ကျေးသိမ်မွေ့သော အမျိုးသမီးတစ်ယောက်သည် အကျိုးအကြောင်းမသင့်သောလူများနှင့် တွေ့ကြုံရသည့်အခါ ပြန်လည်တုံ့ပြန်ရန်ဝန်လေးလိမ့်မည် မဟုတ်ပေ။

​ထိုစကားကိုကြားလိုက်ရသောအခါ ကျိုးဖုန်းသည် ထိုနေ့ကရွာထဲ၌တွေ့ခဲ့ရသော ညီအစ်မနှစ်ယောက်ကို ပြန်အမှတ်ရသွားသည်။​အစ်မဖြစ်သူ ကျန်းချွေ့အာသည် အချိုးအစားကျသောခန္ဓာကိုယ်၊ရှည်လျားနက်မှောင်ကာ တောက်ပနေသောဆံနွယ်များနှင့် နူးညံ့ကြင်နာမှုများ ပြည့်ဝနေသောမျက်ဝန်းတောက်‌တောက်တို့ကို ပိုင်ဆိုင်ထားသူဖြစ်၏။​ထိုကဲ့သို့ မိန်းကလေးမျိုးသည် သူ့အတွက်ဇနီးကောင်းတစ်ဦးဖြစ်လာမည်မှာ အမှန်ပင်။

​...........

​ချီမိသားစုတွင်

​သုံးနှစ်သမီးအရွယ်ချီတနီသည် လေထဲတွင်ပျံ့လွင့်နေသော ကန်စွန်းဥနံ့ကိုရလိုက်သဖြင့် တံတွေးမြိုချလိုက်မိသည်။​သူမသည် အဘိုးချီထံလျှောက်သွားပြီးမေးလိုက်၏။

"ဘိုးဘိုး သမီးကိုကန်စွန်းဥတစ်လုံးလောက်ကျွေးပါလား"

အဘိုးချီသည် သူ့ဆေးတံကိုထုတ်ကာ ဆေးလိပ်ငွေ့များကို မှုတ်ထုတ်လိုက်ပြီး စိတ်မရှည်ဟန်ဖြင့်မာန်မဲလိုက်၏။

"သွား နင့်အမေဆီသာသွားတောင်းချည်"

​အိမ်တွင်မိန်းကလေးနှစ်ယောက်တောင်ရှိနေသည်မို့ သူသည်မိန်းကလေးဆိုလျှင်စိတ်ရှုပ်နေပြီပင်။အဘိုးချီလှည့်ကြည့်လိုက်ရာ နှစ်နှစ်သမီးအရွယ်ချီအာ့နီသည် မီးဖိုဘေးတွင်မီးလှုံရင်း ခုံပုလေးပေါ်တွင်ငူငူငိုင်ငိုင်ဖြင့်ထိုင်နေသည်ကို တွေ့လိုက်ရ၏။​သူ့ချွေးမမှာ သုံးနှစ်အတွင်းကလေးနှစ်ယောက်မွေးပေးခဲ့သော်လည်း နှစ်ယောက်စလုံးမှာမိန်းကလေးဖြစ်နေခဲ့သည်။

​"မေမေ သမီးကန်စွန်းဥဖုတ်စားချင်တယ်"

​ချီတနီသည် ဒူးအကာလုပ်နေသောကျုံးရှောင်ရှီထံပြေးသွားပြီး ကလေးသံလေးဖြင့်ပြောလိုက်သည်။​အပြင်တွင် မိုးသီးများသည်းထန်စွာကျနေသော်လည်း အိမ်ထဲတွင်နေသမျှကာလပတ်လုံး ထိခိုက်မှု ရှိမည်မဟုတ်ပေ။​သို့သော် အပူချိန်မှာတော့ ထိုးဆင်းသွားခဲ့ပြီဖြစ်ရာ မီးဖိုထဲတွင် ထင်းများထည့်ထားပြီး အိမ်ထဲတွင်မီးဖိုများရှိနေလျှင်ပင် ခံနိုင်ရည်မရှိလောက်အောင် အေးစက်နေဆဲဖြစ်သည်။

​လူကြီးများမှာကျန်းမာရေးကောင်းမွန်သဖြင့် အအေးဒဏ်ကိုခံနိုင်ရည်ရှိသော်လည်း တနီနှင့်အာ့နီတို့မှာမူငယ်ရွယ်သေးသဖြင့် ကျုံးရှောင်ရှီသည်ဤညနေတွင်ပင် ဒူးအကာများအပြီးလုပ်ပေးရပေမည်။​အအေးဒဏ်ကြောင့် ကလေးများ၏ဒူးခေါင်းလေးတွေ နာကျင်ရသည်မျိုး သူမလုံးဝအဖြစ်မခံနိုင်ပေ။

​"ဟုတ်ပါပြီ မေမေယူပေးမယ်နော်"

​ကျုံးရှောင်ရှီသည် သူမကိုင်ထားသောပစ္စည်းများကိုချလိုက်ပြီး မီးဖိုထဲမှကန်စွန်းဥကြီးတစ်လုံးကို ယူလိုက်သည်။​သူမသည် ပြောင်းဖူးဖက်နှစ်ခုကိုယူကာ ကန်စွန်းဥပူပူကိုထုပ်ပြီးဖဲ့လိုက်၏။လက်​မပူစေရန် ပြောင်းဖူးဖက်အထပ်ထပ်ဖြင့် ထုပ်ပိုးထားသော ကန်စွန်းဥတစ်ခြမ်းကို ချီတနီအားပေးလိုက်သည်။​ထို့နောက် ကျန်တစ်ခြမ်းကို ချီအာ့နီအားပေး၍ ပြောလိုက်၏။

"အာ့နီ ဒါလေးစားလိုက်နော်"

​"ကျေးဇူးပါ မေမေ"

​ချီအာ့နီသည် ကန်စွန်းဥဖုတ်တစ်ခြမ်းကိုယူလိုက်ရင်း လိမ်လိမ်မာမာပြန်ဖြေလိုက်သည်။​ကျုံးရှောင်ရှီသည် နောက်လှည့်ပြီး ဒူးကာဆက်လုပ်တော့မည့်ဆဲဆဲမှာပင် ချီအာ့နီ၏စကားသံကို ရုတ်ချည်းကြားလိုက်ရ၏။

​"မေမေ ဒီညီမလေးကလဲစားချင်လို့တဲ့"

​ကျုံးရှောင်ရှီမှာ မသိစိတ်အရအလိုလိုပြန်မေးမိလိုက်သည်။

"သမီးက ညီမလေးလေ၊သမီးမှာ နောက်ထပ်ညီမလေးတစ်ယောက်ရှိသေးလို့လား"

​"မေမေ သမီးကိုပြောတာမဟုတ်ဘူး၊

ဒီညီမလေးကို ပြောတာ"

ချီအာ့နီ ရှင်းပြလာသည်။​ကျုံးရှောင်ရှီသည် အစပိုင်းတွင်လန့်သွားသော်လည်း သူမဘေးသို့အမြန်လှည့်ကြည့်လိုက်မိ၏။​ချီအာ့နီပြောသောညီမလေးကို သူမ,မမြင်ရသော်လည်း အနက်ရောင်အရိပ်တစ်ခု ဖြတ်ကနဲပေါ်လာသလိုမျိုး ဝိုးတဝါးမြင်လိုက်ရသည်။​ကျုံးရှောင်ရှီမျက်ဝန်းထဲတွင် ဝမ်းနည်းရိပ်သန်းသွားပြီး သူမဝမ်းဗိုက်ထံငုံ့ကြည့်လိုက်မိ၏။ပျက်ကျသွားသောကလေးလေး ပြန်ရောက်လာသည်များလား။

​........

​ကျိုးမိသားစု

​ကျိုးမိသားစုဝင်အားလုံးသည် ဝံပုလွေသားရေဂွမ်းအင်္ကျီများကို ဝတ်ဆင်ထားကြသဖြင့် နွေးထွေးနေကြသည်။​ခရုနတ်ဆိုးသည် မီးဖိုချောင်ကိုစောင့်ကြပ်နေပြီး အခန်းလေးခန်းစလုံးနွေးထွေးနေစေရန်မီးဖိုထဲ၌ ထင်းများအမြဲတောက်လောင်နေဖို့စောင့်ကြည့်နေလေ၏။​အပြင်တွင်အေးစက်နေသော်လည်း ကျိုးမိသားစုဝင်များမှာမူ အအေးဒဏ်ကိုမခံစားရပေ။ချမ်ရှီဝမ်းသာအားရဖြင့်ပြောလိုက်၏။

"ရှန်းမင်ပေးတဲ့ ဝံပုလွေသားရေကြောင့်သာခံနိုင်တာပဲ၊ဝံပုလွေသားရေအပြင် သားမွေးအနားကွပ်တွေပါတော့ ရိုးရိုးဂွမ်းအင်္ကျီတွေထက် အများကြီးပိုနွေးသွားတာပေါ့"

​ရာသီသွေးမိစ္ဆာမှ ဝံပုလွေသားရေဖိနပ်များပင်ချုပ်လုပ်ပေးထားရာ ကျိုးမိသားစုဝင်သုံးဦးစလုံး တစ်ယောက်တစ်ရံစီဝတ်ဆင်ထားကြသဖြင့် ခြေထောက်များထိပါလုံးဝအေးစက်ခြင်းမရှိကြတော့ပေ။​အချိန်ကုန်လွန်လာသည်နှင့်အမျှ လူတိုင်းသည် ခေါင်မိုးပေါ်သို့မိုးသီးများကျနေသည့် တဖြောင်းဖြောင်းမြည်သံများကိုကျင့်သားရလာကြသည်။

​ကံကောင်းသည်မှာ မိုးသီးမုန်တိုင်းနှင့်အပူချိန်ထိုးကျခြင်းသည် လဝက်ခန့် ကြာမြင့်မည်ကို လူတိုင်းကြိုသိထားကြသဖြင့် အစားအသောက်နှင့်ထင်းများကို လုံလုံလောက်လောက်စုဆောင်းထားကြပြီး အပြင်မထွက်ဘဲနှစ်ပတ်တာကုန်ဆုံးသွားမည့်အချိန်ကို စောင့်မျှော်နေကြလေသည်။​မိုးသီးများမှာ ကောင်းကင်မှနေ မရပ်မနားကျဆင်းလာပြီး မြေကြီးပေါ်တွင် တောင်ကုန်းငယ်လေးများအလား စုပုံလာကြ၏။

​ကျိုးထောင်ဟွားသည် အိမ်ထဲနေရသည်မှာ ဆယ့်လေးရက်ရှိပြီဖြစ်၍ အတော်လေးပျင်းရိငြီးငွေ့နေပြီပင်။ယနေ့သာကုန်ဆုံးသွားပါက သဘာဝဘေးအန္တရာယ်ကြီးပြီးဆုံးသွားတော့မည် ဖြစ်ကြောင်းသိထားသဖြင့် အချိန်မြန်မြန်ကုန်ဆုံးသွားဖို့သာ မျှော်လင့်နေမိသည်။​အပြင်တွင်အလွန်အေးသောကြောင့် လေကာရန် အိမ်မကြီးထဲတွင်လေကာလိုက်ကာများချထားရပြီး ကျိုးထောင်ဟွားသည် မီးဖိုဘေးတွင်ထိုင်ကာ မြေပဲခွာနေလေ၏။​ရုတ်ချည်းဆိုသလို ရွာထဲမှအော်သံတစ်သံထွက်လာလေသည်။

"ရှောင်ရှီ ရှောင်ရှီ မင်းဘယ်သွားမလို့လဲ၊ရှောင်ရှီ အ!"

​ချီကျင်းချိုင်သည် သူမနောက်လိုက်ရင်းအော်ခေါ်နေသော်လည်း ခြေရင်းသို့လိမ့်ဆင်းလာသော မိုးသီးကြီးများကိုသတိမထားမိလိုက်ပေ။သူသည်ခြေချော်ပြီး မြေကြီးပေါ်သို့ ပြင်းပြင်းထန်ထန်လဲကျသွားတော့သည်။​မိုးသီးမာမာများသည် သူ့ပါးကိုဖြတ်တိုက်သွားသဖြင့် ချက်ချင်း သွေးများစီးကျလာပြီး မိုးသီးဖြူဖြူများပေါ်ပြန့်ကျဲသွားသည်မှာ ထိတ်လန့်ဖွယ်ရာမြင်ကွင်းပင်။

​သို့သော် သူသည်နာကျင်မှုကို ဂရုမစိုက်နိုင်ဘဲအမြန်ပြန်ထကာ ဒယီးဒယိုင်ဖြင့်ရှေ့ဆက်လိုက်သွားလေသည်။​ကျိုးထောင်ဟွား ချက်ချင်းမတ်တတ်ရပ်ကာမေးလိုက်၏။

"အမေ အဲ့ဒါအစ်ကိုချီရဲ့အသံနဲ့မတူဘူးလား"

​ကျိုးကျားရွာတစ်ရွာလုံးတွင် ချီမျိုးရိုးဟူ၍တစ်အိမ်တည်းသာရှိသဖြင့် သူတို့သည်မျိုးရိုးမတူသောမိသားစုအနည်းငယ်ထဲမှတစ်ခုဖြစ်သည်။ချမ်ရှီမှအတည်ပြုလိုက်၏။

"ဟုတ်တယ် သူပဲ"

​ကျိုးအာ့ရှုသည် အိမ်မကြီးတံခါးကိုဖွင့်ကာ အပြင်တွင်ဘာဖြစ်နေသည်ကို ချောင်းကြည့်လိုက်သော်လည်း အေးစက်စက်လေပြင်းများ တိုက်ခတ်နေသည်ကိုသာတွေ့လိုက်ရသည်။

​"မိုးသီးမုန်တိုင်းပြီးဖို့က တစ်ရက်ပဲကျန်တော့တာကို မနက်ဖြန်မှလုပ်လို့မရတဲ့ ဘာကိစ္စရှိနေလို့လဲ"

ကျိုးအာ့ရှု နားမလည်နိုင်ဟန်ဖြင့်မေးလိုက်သည်။

​"အဖေ ခုနကသူအစ်မရှောင်ရှီနာမည်ကိုအော်ခေါ်နေသလိုပဲ၊သူက အစ်မရှောင်ရှီကိုလိုက်ရှာနေတာများလား"

​ကျိုးထောင်ဟွားစကားကြောင့် ကျိုးအာ့ရှုနှင့်ချမ်ရှီတို့ပို၍ပင် ဇဝေဇဝါဖြစ်သွားကြသည်။ဒီလိုမိုးသီးမုန်တိုင်းထဲမှာ ကျုံးရှောင်ရှီက အပြင်ထွက်ပြီးဘာလုပ်နေတာလဲ။ယနေ့သည် နောက်ဆုံးရက်ဖြစ်သောကြောင့်လားမသိ မိုးသီးများသည်ပုံမှန်ထက်ပိုကြီးနေပြီး ကျောက်စရစ်ခဲများအလားပင်။

​"အဖေ အမေ သမီးအပြင်ထွက်ကြည့်လိုက်ဦးမယ်"

​ထိုသို့ပြောပြီးနောက် ကျိုးထောင်ဟွားသည် လူသန်ကြီးနှင့်ခရုနတ်ဆိုးတို့အား ခေါ်လိုက်သည်။​ကျိုးအာ့ရှုနှင့်ချမ်ရှီတို့သည် ကျိုးထောင်ဟွားအတွက် စိတ်ပူသွားပြီး သူမကိုပြန်ခေါ်ရန်ပြင်လိုက်စဉ်မှာပင် ခရုနတ်ဆိုးအခွံသည် ရုတ်တရက် ကြီးထွားလာကာ အချင်းနှစ်မီတာခန့်ရှိသောဧရာမထီးကြီးတစ်ချောင်းအသွင် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရ၏။

​ကျိုးထောင်ဟွားနှင့်ခရုနတ်ဆိုးတို့သည် လူသန်ကြီး၏ပခုံးတစ်ဖက်စီတွင်ထိုင်လိုက်ကြသည်။လူသန်ကြီး၏ခြေတစ်ချက်ဆောင့်လိုက်ရုံဖြင့် ဆယ့်လေးရက်တိုင်တိုင်စုပုံနေသော မိုးသီးများမှာအမှုန်များအဖြစ်ကြေမွသွားလေတော့၏။

All Chapters