အခန်း (၉၅)
Vol. 10 Ch. 95
ခရုနတ်ဆိုးအခွံဖြင့် သူ့ခေါင်းကိုကာကွယ်ထားရာ မိုးသီးများမှအခွံကိုလာရောက်ရိုက်ခတ်သည့်အချိန်တွင် သံတုံးအားရိုက်ခတ်နေသကဲ့သို့ဖြစ်နေသည်။အရေးအကြီးဆုံးအချက်မှာ ကျိုးထောင်ဟွားကို သူတို့နှစ်ယောက်လုံးမှ ကာကွယ်ပေးထားခြင်းပင်။သူမသည် မိုးသီးထိမှန်ခြင်းမရှိရုံသာမက မြေကြီးပေါ်ရှိမိုးသီးများကြောင့် ခြေချော်လဲခြင်းလည်းမရှိတော့ပေ။ဤအခြေအနေကိုမြင်လိုက်ရမှ လင်မယားနှစ်ယောက်စိတ်အေးသွားကြသည်။သူမထွက်မသွားခင် ချမ်ရှီမှမှာလိုက်၏။
"ထောင်ဟွား ဖြည်းဖြည်းသွားပြီး စောစောပြန်လာခဲ့"
"သမီး သိပါပြီ အမေ"
လူသန်ကြီးသည် သည်းထန်စွာကျဆင်းနေသော မိုးသီးများကြားတွင် တည်တည်ငြိမ်ငြိမ်လျှောက်သွားလေသည်။ကျိုးမိသားစု၏ခြံတံခါးပွင့်သွားသောအခါ မိုးသီးများကြားတွင် ချီကျင်းချိုင်ပုံရိပ်ကို လုံးဝမမြင်ရတော့ပေ။ကံကောင်းသည်မှာ သူ့အသံနောက်လိုက်၍ ရှာဖွေနိုင်ခြင်းပင်။
ချီမိသားစုတွင်
အဘိုးချီနှင့်ရှဲ့ချီတို့သည် ချီကျင်းချိုင်နှင့်သူ့မိန်းမ မိုးသီးမုန်တိုင်းထဲပြေးဝင်သွားသည်ကို မြင်လိုက်ရသောအခါ အလွန်တရာစိုးရိမ်သွားကြသည်။ရှဲ့ချီသည် သူတို့နောက်သို့လိုက်သွားရန်ပြင်သော်လည်း တံခါးအပြင်သို့ခြေချလိုက်သည်နှင့် မိုးသီးများမှသူမခေါင်းကို ရိုက်ခတ်လိုက်သဖြင့် ခေါင်းတစ်ခုလုံးကွဲလုမတတ် နာကျင်မူးဝေသွားရ၏။
သူမအနေဖြင့် အိမ်မကြီးထဲသို့ပြန်ဝင်ပြေးရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။သူမတစ်ကိုယ်လုံးသည် ဒယ်အိုးပူပူပေါ်ရောက်နေသည့် ပုရွက်ဆိတ်တစ်ကောင်အလား ဂနာမငြိမ် ဖြစ်နေရသည်။
"ကျွန်မတို့ ဘာလုပ်ကြမလဲ"
အဘိုးချီမှာ ဆူပူကြိမ်းမောင်းတော့သည်။
"ကျုံးရှောင်ရှီ သူ့ဘာသာထွက်ပြေးတာက ထားပါတော့၊ကျင်းချိုင်ကပါ ဘာလို့သူ့နောက်လိုက်သွားရတာလဲ၊သူကငါတို့ရဲ့ တစ်ဦးတည်းသော သားယောက်ျားလေးလေ၊တစ်ကယ်လို့ သူသာတစ်ခုခုဖြစ်သွားရင် ချီမိသားစုမျိုးဆက်ပြတ်ပြီပေါ့"
အဘိုးချီသည် ဒေါသတကြီးဖြင့် သူ့ဆေးတံကိုလွှင့်ပစ်လိုက်လေ၏။ချီတနီနှင့်ချီအာ့နီတို့သည် ကြောက်လွန်းသဖြင့် တစ်ယောက်ကိုတစ်ယောက်ဖက်ထားရင်းငိုကြွေးကုန်ကြတော့သည်။
"အဘိုးကြီး ရှင် ဘာတွေပြောနေတာလဲ၊ကလေးတွေ လန့်ကုန်ပြီ"
ရှဲ့ချီ မျက်မှောင်ကြုံ့ကာအပြစ်တင်လိုက်သည်။အဘိုးချီသည် မိန်းကလေးနှစ်ယောက်ဖြစ်သော ချီတနီနှင့်ချီအာ့နီတို့ထံ ရွံရှာသောမျက်လုံးများဖြင့် ကြည့်လိုက်လေ၏။သူသည် သုံးနှစ်လောက်မြေးယောက်ျားလေး လိုချင်ခဲ့သော်လည်း ယခုထိ မြေးမသုံးယောက်သာရှိထားသည်။ကံကောင်းသည်မှာ နောက်ဆုံးတစ်ယောက်သည်လည်း မိန်းကလေးဖြစ်ကြောင်း အချိန်မီသိရှိခဲ့ရပြီး ကျုံးရှောင်ရှီကိုကိုယ်ဝန်ဖျက်ဆေး တစ်ပန်းကန်တိုက်ကာ ဖျက်ချခိုင်းနိုင်ခဲ့ခြင်းပင်။ထိုသို့မဟုတ်ပါက မိသားစုထဲတွင်သမီးမိန်းကလေးသုံးယောက်တောင်ရှိသည်ဟုဆိုကာ လူများမှာသူ့အားဝိုင်းရယ်လာကြပေမည်။
လူသန်ကြီးသည် ကျိုးထောင်ဟွားကို ချီမိသားစုဆေးပင်စိုက်ခင်းရှေ့သို့ခေါ်ဆောင်သွားသောအခါ ချီမိသားစုတဲတံခါးပွင့်နေသည်ကို တွေ့လိုက်ရလေသည်။လူသန်ကြီးသည် ဂရုတစိုက်ဒူးထောက်ထိုင်ချလိုက်ပြီး ကျိုးထောင်ဟွားကိုမြေကြီးပေါ်သို့ ချပေးလိုက်၏။တဲဖြင့်ကွယ်ထားသဖြင့် အပြင်ဘက်တွင်နားကွဲလုမတတ် မိုးသီးကျသံများဆူညံနေသော်လည်း အတွင်းဘက်တွင်မူ သက်ရောက်မှုသိပ်မရှိလှပေ။
ကျိုးထောင်ဟွား တဲထဲသို့ဝင်လိုက်သည်နှင့် ကျုံးရှောင်ရှီသည်မြေကြီးပေါ်တွင်ဒူးထောက်လျက် လက်ဗလာဖြင့် တစ်စုံတစ်ခုကို ရူးသွပ်စွာတူးဆွနေသည်ကိုတွေ့လိုက်ရလေသည်။ဘေးနားတွင်ရပ်နေသော ချီကျင်းချိုင်မှာမူ သူမအားအနောက်သို့ပြန်ဆွဲရင်း မေးနေ၏။
"ရှောင်ရှီ မင်းဘာလုပ်နေတာလဲ၊မင်း ဘာတွေဖြစ်နေတာလဲ"
ကျုံးရှောင်ရှီမျက်နှာပေါ်တွင် မှင်သက်သွားသောအမူအရာတစ်ခု ခဏတာမျှဖြတ်သန်းသွားသော်လည်း သူမသည်ထိန်းချုပ်မရအောင်လှုပ်ရှားလာပြန်သည်။သူမသည် ခုနကတူးထားသော ကျင်းအသေးလေးထဲသို့ ခုန်ချလိုက်ပြီး လက်ဗလာဖြင့်ဆက်တူးနေလေ၏။သူမလက်သည်းများကျိုးပဲ့ပြီး သွေးများထွက်နေသည်ကိုပင် သူမသတိထားမိပုံ မရပေ။
"ရှောင်ရှီ မင်း ဘာဖြစ်နေတာလဲ"
ချီကျင်းချိုင်သည် လူကောင်ထွားထွားဖြင့်အမျိုးသားတစ်ယောက်ဖြစ်သော်လည်း ကျုံးရှောင်ရှီကို လုံးဝရွေ့အောင်မလုပ်နိုင်ခဲ့ပေ။သူ့ပတ်ဝန်းကျင်ရှိလေထုသည် ယခင်ကထက် ပိုမိုအေးစက်လာသည်ကို ခံစားလိုက်ရပြီး ဆိုးဝါးသောအငွေ့အသက်တစ်ခု ပတ်ဝန်းကျင်တွင် လွှမ်းခြုံလာလေသလိုပင်။
ကလေးတစ်ယောက်၏ စူးရှရှငိုသံသဲ့သဲ့ကို သူကြားလိုက်ရပြီး ထိုအသံသည်ဝိညာဉ်ကို ထိုးဖောက်ဝင်ရောက်ကာ ဝါးမြိုပစ်မတတ်ဖြစ်နေတော့သည်။အသံပိုင်ရှင်ကလေးကိုရှာရန် ဟိုဟိုဒီဒီကြည့်နေစဉ်မှာပင် ကျိုးထောင်ဟွားနှင့်ခရုနတ်ဆိုးတို့ သူ့ထံသို့လျှောက်လာသည်ကိုတွေ့လိုက်ရ၏။သူမေးလိုက်မိသည်။
"ထောင်ဟွား ကလေးငိုသံကြားလိုက်ရလား"
ကျိုးထောင်ဟွား ခေါင်းငြိမ့်ပြလိုက်၏။
"ကလေးက ဘယ်မှာလဲ၊ငါ ဘယ်သူ့ကိုမှ မမြင်ရဘူး၊အခုချိန်က အရမ်းအေးနေတာလေ အပြင်မှာဆိုကလေးကအေးခဲပြီး သေသွားလိမ့်မယ်"
ချီကျင်းချိုင်သည် တနီနှင့်အာ့နီအမည်ရသော ကလေးနှစ်ယောက်၏ဖခင်ဖြစ်သလို သူကိုယ်တိုင်ပြုစုပျိုးထောင်ခဲ့သူဖြစ်၍ ထိုအသံကိုကြားသည်နှင့် မွေးကင်းစကလေးငယ်လေးဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။ကျိုးထောင်ဟွားသည် ကျုံးရှောင်ရှီလက်ဖြင့်တူးထားသော ကျင်းအသေးလေးကိုညွှန်ပြလိုက်၏။ချီကျင်းချိုင်သည် သူမကြည့်ရာဘက်သို့ နားမလည်နိုင်ဟန်ဖြင့်ကြည့်လိုက်ရာ အတွင်းထဲ၌ဆွေးမြေ့နေသယောင်ရှိသော်လည်း လုံးဝမဆွေးမြေ့သေးသော တစ်စုံတစ်ရာကိုဝိုးတဝါးမြင်လိုက်ရလေသည်။
"ရှောင်ရှီ မင်းအဲ့ထဲမှာဘာမြှုပ်ထားတာလဲ၊ဘာလို့ အခုမှပြန်တူးနေတာလဲ"
ချီကျင်းချိုင် မျက်မှောင်ကြုံ့ကာမေးလိုက်သည်။သို့သော် ကျုံးရှောင်ရှီထံမှ မည်သည့်တုံ့ပြန်မှုကိုမှမရရှိခဲ့ပေ။ကလေးငယ်၏ စူးရှရှငိုသံများမှာမူ သူ့နားထဲသို့ ဆက်တိုက်ဝင်ရောက်နေလေ၏။ကျုံးရှောင်ရှီသည် သူမရှေ့ရှိဝိုးတဝါးဖြစ်နေသော မွေးကင်းစကလေးဝိညာဉ်လေး၏ပုံရိပ်ကိုကြည့်ရင်း မျက်ရည်များ စီးကျလာတော့သည်။သူမမျက်နှာပေါ်တွင် ကြောက်ရွံ့မှုဟူသည်မရှိဘဲ အဆုံးမရှိသောနောင်တနှင့်ချစ်ခြင်းမေတ္တာများသာ ရှိနေ၏။ကျိုးထောင်ဟွားမှာ ချီကျင်းချိုင်မေးခွန်းကိုပြန်ဖြေလိုက်သည်။
"ဒီနေရာမှာ မွေးဖွားခွင့်မရလိုက်တဲ့ သုံးလသားအရွယ်ကလေးတစ်ယောက်ကို မြှုပ်နှံထားတာပါ၊အဲဒါအစ်ကို့ကလေးပဲလေ၊အခု သူ့ဝိညာဉ်ကပြန်ရောက်လာပြီး အစ်မရှောင်ရှီရှေ့မှာ ရပ်နေပါတယ်"
ချီကျင်းချိုင်ထိတ်လန့်သွားရသည်။သူတို့ကလေး ဟုတ်လား။ဒါပေမယ့် သူနဲ့ရှောင်ရှီမှာသမီးနှစ်ယောက်ပဲ ရှိတာလေ။ဒီကလေးက ဘယ်ကရောက်လာတာလဲ။သူကရော ဘာလို့ မသိခဲ့ရတာလဲ။နေပါဦး ကလေးက သုံးလသားပဲရှိသေးပြီး မွေးဖွားခွင့်မရလိုက်ဘူးလို့ ခုနကထောင်ဟွားပြောလိုက်တာလား။
ချီကျင်းချိုင် ကျုံးရှောင်ရှီအားမယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်မိသည်။ရှောင်ရှီက သူ့ကိုဘာတွေဖုံးကွယ်ထားတာလဲ။ထိုအချိန်မှာပင် ကျုံးရှောင်ရှီတစ်ယောက်တည်း ရေရွတ်နေသည်ကို သူကြားလိုက်ရလေ၏။
"ကလေးလေးရယ် မေမေတောင်းပန်ပါတယ်ကွယ်၊မေမေအဲ့ကိုယ်ဝန်ဖျက်ဆေးကိုသောက်ပြီး သမီးလေးကိုမသတ်ချင်ခဲ့ပါဘူး၊သမီးလေးက ဒီလောကကြီးကို မြင်ခွင့်မရခဲ့တဲ့အပြင် အုတ်ဂူလေးတောင် မရှိရှာဘူး၊မေမေ့ဘာသာ ဒီနေရာမှာပဲကျင်းတူးပြီးမြှုပ်ခဲ့ရတာ"
ကျုံးရှောင်ရှီ တိုးညှင်းစွာရှိုက်ငိုလိုက်သည်။နောက်ဆုံးတွင် သူမခံစားချက်များကို မထိန်းချုပ်နိုင်တော့ဘဲ အော်ဟစ်ငိုကြွေးကာ သူမရင်ဘတ်ကို လက်သီးဖြင့်အကြိမ်ကြိမ် ထုနှက်လိုက်လေ၏။အကယ်၍ဖြစ်နိုင်မည်ဆိုလျှင် သူမသာစန်းနီအစား အသေခံလိုက်ချင်သည်။သို့သော် သူမထံ၌ရွေးချယ်စရာမရှိခဲ့ပေ။သူမအနေဖြင့် ချီမိသားစုမျိုးဆက်အားဆက်ခံမည့်ကလေးကို မမွေးဖွားပေးနိုင်လျှင် ကျင်းချိုင်မှသူမအားကွာရှင်းပစ်မည်ကိုကြောက်ရွံ့ခဲ့မိသည်။
ကျုံးရှောင်ရှီသည် သူမရင်ဘတ်ကို အကြိမ်ကြိမ်ထုနှက်နေပြီး အားပြင်းလွန်းသဖြင့် နံရိုးများပင်ကျိုးသွားတော့မည့်အလားပင်။ချီကျင်းချိုင်သည် သူ့အံ့သြမှုကိုဂရုမစိုက်နိုင်တော့ဘဲ ကျုံးရှောင်ရှီ ကိုယ့်ကိုယ်ကိုယ် ဆက်ဒုက္ခမပေးနိုင်စေရန် သူမလက်များကိုအမြန်ဖမ်းဆုပ်ထားလိုက်လေသည်။
ထိုအချိန်၌ သူ့နားထဲကြားနေရသော စူးရှရှကလေးငိုသံသည် သိသိသာသာတိုးသွားလေ၏။ရှောင်ရှီ၏ပုံမှန်မဟုတ်သော တုံ့ပြန်မှုများအားလုံးသည် ဤကလေးကြောင့်ဖြစ်ကြောင်း သူချက်ချင်း သဘောပေါက်လိုက်သည်။သူသည် ထိုကလေးအားမမြင်ရသော်ငြား ကလေးရှိရာဘက်သို့အော်ဟစ်လိုက်လေ၏။
"ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ရှောင်ရှီကို လွှတ်ပေးလိုက်ပါ ငါတောင်းပန်ပါတယ်"
ဤအချိန်၌ မွေးကင်းစကလေးဝိညာဉ်လေးသည် ကျုံးရှောင်ရှီ၏မရပ်မနားနောင်တရနေမှုနှင့် ကိုယ့်ကိုယ်ကိုယ်နာကျင်အောင်လုပ်နေမှုများကိုကြည့်ရင်း သူမနာကျည်းချက်များလည်း လျော့နည်းသွားသလို နာကျင်မှုများပါလျော့ပါးသွားသည်ဟု ခံစားလိုက်ရသည်။ကျိုးထောင်ဟွား ရှေ့တိုးသွားပြီး သူမခေါင်းလေးကို ပုတ်ပေးလိုက်၏။
"လိမ္မာတဲ့ကလေးလေး သမီးကသတ်ဖြတ်ချင်တဲ့စိတ်ရှိနေတာမဟုတ်ဘဲ နာကျည်းချက်တွေရှိနေရုံပဲဆိုတာ အစ်မသိပါတယ်၊အခုဆို သမီးလဲလက်စားချေပြီးပြီပဲလေ၊ပြီးတော့ သမီးအမေမှာလဲအကြောင်းအရင်းရှိတယ်ဆိုတာ သမီး မြင်ပါတယ်၊သူလဲဒါကိုမလိုလားခဲ့ပါဘူး၊အစ်မ သမီးကိုပို့ဆောင်ပေးမယ်နော်၊နာကြည်းချက်တွေကို လွှတ်ချလိုက်ပြီး သံသရာခရီးကို ဆက်လျှောက်လိုက်ပါ၊နောက်ဘဝကျရင် ကောင်းမွန်တဲ့မိသားစုမှာဝင်စားပြီး ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာပါစေ၊ဒီဘဝမှာဖြစ်ခဲ့တာတွေက သမီးအတွက်မကောင်းတဲ့အရာ မဟုတ်တာလဲဖြစ်နိုင်ပါတယ်"
ကျိုးထောင်ဟွား သူမလက်ဖဝါးမှတစ်ဆင့် ဝိညာဉ်စွမ်းအင်အမျှင်တန်းလေးတစ်ခုကို ထုတ်လွှတ်လိုက်ပြီး မွေးကင်းစကလေးဝိညာဉ်လေး၏ ဝိုးတဝါးဖြစ်နေသောဝိညာဉ်ကို တည်ငြိမ်သွားအောင်ပြုလုပ်ပေးလိုက်သည်။မွေးကင်းစကလေးဝိညာဉ်လေးသည် သူမဝိညာဉ်အပေါ်တွင် နွေးထွေးမှုကို ချက်ချင်းခံစားလိုက်ရပြီး ထိုနွေးထွေးမှုသည် ဆောင်းရာသီ၏ အေးစက်မှုနှင့် သူမရင်ထဲရှိအေးစက်မှုများကိုပါ ဖယ်ရှားပေးလိုက်သည့်အလားပင်။
ချက်ချင်းပင် သူမအသာခေါင်းငြိမ့်ပြလိုက်ပြီး ကျုံးရှောင်ရှီအသိစိတ်ကိုထိန်းချုပ်ထားသောစွမ်းအားများကို ပြန်လည်ရုတ်သိမ်းလိုက်လေ၏။သူမသည် ကျိုးထောင်ဟွားလက်ကို ဆုပ်ကိုင်လိုက်ပြီး ပြောလာသည်။
"အစ်မ သမီးကိုပို့ဆောင်ပေးပါ"
ထိုအချိန်မှာပင် ကျုံးရှောင်ရှီမျက်လုံးများသည် ပြန်လည်ကြည်လင်လာပြီး မျက်ရည်များ၊နောင်တများနှင့်ချစ်ခြင်းမေတ္တာများဖြင့် ပြည့်နှက်နေလေသည်။သူမအပေါ် မွေးကင်းစကလေးဝိညာဉ်လေး၏ ထိန်းချုပ်မှုပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း ကလေးဝိညာဉ်လေးရှိနေသည်ကို သူမမြင်နေရဆဲပင်။သူမ ငိုကြွေးရင်း လက်နှစ်ဖက်ကိုဆန့်တန်းကာ မွေးကင်းစကလေးဝိညာဉ်လေးကို ဖက်ထားရန်ကြိုးစားလိုက်သည်။
သာမန်လူတစ်ယောက်နှင့် သရဲတစ်ကောင် မည်သို့ထိတွေ့နိုင်ပါမည်နည်း။သူမလက်များသည် လေကိုသာထိတွေ့မိလိုက်လေ၏။