← Chapters

အခန်း (၉၅)

Vol. 10 Ch. 95

အခန်း (၉၅)

Vol. 10 Ch. 95

ခရုနတ်ဆိုးအခွံဖြင့် သူ့ခေါင်းကိုကာကွယ်ထားရာ မိုးသီးများမှအခွံကိုလာရောက်ရိုက်ခတ်သည့်အချိန်တွင် သံတုံးအားရိုက်ခတ်နေသကဲ့သို့ဖြစ်နေသည်။​အရေးအကြီးဆုံးအချက်မှာ ကျိုးထောင်ဟွားကို သူတို့နှစ်ယောက်လုံးမှ ကာကွယ်ပေးထားခြင်းပင်။သူမသည် မိုးသီးထိမှန်ခြင်းမရှိရုံသာမက မြေကြီးပေါ်ရှိမိုးသီးများကြောင့် ခြေချော်လဲခြင်းလည်းမရှိတော့ပေ။​ဤအခြေအနေကိုမြင်လိုက်ရမှ လင်မယားနှစ်ယောက်စိတ်အေးသွားကြသည်။သူမ​ထွက်မသွားခင် ချမ်ရှီမှမှာလိုက်၏။

"ထောင်ဟွား ဖြည်းဖြည်းသွားပြီး စောစောပြန်လာခဲ့"

​"သမီး သိပါပြီ အမေ"

​လူသန်ကြီးသည် သည်းထန်စွာကျဆင်းနေသော မိုးသီးများကြားတွင် တည်တည်ငြိမ်ငြိမ်လျှောက်သွားလေသည်။ကျိုးမိသားစု၏ခြံတံခါးပွင့်သွားသောအခါ မိုးသီးများကြားတွင် ချီကျင်းချိုင်ပုံရိပ်ကို လုံးဝမမြင်ရတော့ပေ။​ကံကောင်းသည်မှာ သူ့အသံနောက်လိုက်၍ ရှာဖွေနိုင်ခြင်းပင်။

​ချီမိသားစုတွင်

အဘိုးချီနှင့်ရှဲ့ချီတို့သည် ချီကျင်းချိုင်နှင့်သူ့မိန်းမ မိုးသီးမုန်တိုင်းထဲပြေးဝင်သွားသည်ကို မြင်လိုက်ရသောအခါ အလွန်တရာစိုးရိမ်သွားကြသည်။ရှဲ့ချီသည် သူတို့နောက်သို့လိုက်သွားရန်ပြင်သော်လည်း တံခါးအပြင်သို့ခြေချလိုက်သည်နှင့် မိုးသီးများမှသူမခေါင်းကို ရိုက်ခတ်လိုက်သဖြင့် ခေါင်းတစ်ခုလုံးကွဲလုမတတ် နာကျင်မူးဝေသွားရ၏။

​သူမအနေဖြင့် အိမ်မကြီးထဲသို့ပြန်ဝင်ပြေးရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။သူမတစ်ကိုယ်လုံးသည် ဒယ်အိုးပူပူပေါ်ရောက်နေသည့် ပုရွက်ဆိတ်တစ်ကောင်အလား ဂနာမငြိမ် ဖြစ်နေရသည်။

"ကျွန်မတို့ ဘာလုပ်ကြမလဲ"

အဘိုးချီမှာ ဆူပူကြိမ်းမောင်းတော့သည်။

"ကျုံးရှောင်ရှီ သူ့ဘာသာထွက်ပြေးတာက ထားပါတော့၊ကျင်းချိုင်ကပါ ဘာလို့သူ့နောက်လိုက်သွားရတာလဲ၊သူကငါတို့ရဲ့ တစ်ဦးတည်းသော သားယောက်ျားလေးလေ၊တစ်ကယ်လို့ သူသာတစ်ခုခုဖြစ်သွားရင် ချီမိသားစုမျိုးဆက်ပြတ်ပြီပေါ့"

အဘိုးချီသည် ဒေါသတကြီးဖြင့် သူ့ဆေးတံကိုလွှင့်ပစ်လိုက်လေ၏။​ချီတနီနှင့်ချီအာ့နီတို့သည် ကြောက်လွန်းသဖြင့် တစ်ယောက်ကိုတစ်ယောက်ဖက်ထားရင်းငိုကြွေးကုန်ကြတော့သည်။

​"အဘိုးကြီး ရှင် ဘာတွေပြောနေတာလဲ၊ကလေးတွေ လန့်ကုန်ပြီ"

​ရှဲ့ချီ မျက်မှောင်ကြုံ့ကာအပြစ်တင်လိုက်သည်။အဘိုးချီသည် မိန်းကလေးနှစ်ယောက်ဖြစ်သော ချီတနီနှင့်ချီအာ့နီတို့ထံ ရွံရှာသောမျက်လုံးများဖြင့် ကြည့်လိုက်လေ၏။​သူသည် သုံးနှစ်လောက်မြေးယောက်ျားလေး လိုချင်ခဲ့သော်လည်း ယခုထိ မြေးမသုံးယောက်သာရှိထားသည်။ကံကောင်းသည်မှာ နောက်ဆုံးတစ်ယောက်သည်လည်း မိန်းကလေးဖြစ်ကြောင်း အချိန်မီသိရှိခဲ့ရပြီး ကျုံးရှောင်ရှီကိုကိုယ်ဝန်ဖျက်ဆေး တစ်ပန်းကန်တိုက်ကာ ဖျက်ချခိုင်းနိုင်ခဲ့ခြင်းပင်။​ထိုသို့မဟုတ်ပါက မိသားစုထဲတွင်သမီးမိန်းကလေးသုံးယောက်တောင်ရှိသည်ဟုဆိုကာ လူများမှာသူ့အားဝိုင်းရယ်လာကြပေမည်။

​လူသန်ကြီးသည် ကျိုးထောင်ဟွားကို ချီမိသားစုဆေးပင်စိုက်ခင်းရှေ့သို့ခေါ်ဆောင်သွားသောအခါ ချီမိသားစုတဲတံခါးပွင့်နေသည်ကို တွေ့လိုက်ရလေသည်။​လူသန်ကြီးသည် ဂရုတစိုက်ဒူးထောက်ထိုင်ချလိုက်ပြီး ကျိုးထောင်ဟွားကိုမြေကြီးပေါ်သို့ ချပေးလိုက်၏။တဲဖြင့်ကွယ်ထားသဖြင့် အပြင်ဘက်တွင်နားကွဲလုမတတ် မိုးသီးကျသံများဆူညံနေသော်လည်း အတွင်းဘက်တွင်မူ သက်ရောက်မှုသိပ်မရှိလှပေ။

​ကျိုးထောင်ဟွား တဲထဲသို့ဝင်လိုက်သည်နှင့် ကျုံးရှောင်ရှီသည်မြေကြီးပေါ်တွင်ဒူးထောက်လျက် လက်ဗလာဖြင့် တစ်စုံတစ်ခုကို ရူးသွပ်စွာတူးဆွနေသည်ကိုတွေ့လိုက်ရလေသည်။​ဘေးနားတွင်ရပ်နေသော ချီကျင်းချိုင်မှာမူ သူမအားအနောက်သို့ပြန်ဆွဲရင်း မေးနေ၏။

"ရှောင်ရှီ မင်းဘာလုပ်နေတာလဲ၊မင်း ဘာတွေဖြစ်နေတာလဲ"

​ကျုံးရှောင်ရှီမျက်နှာပေါ်တွင် မှင်သက်သွားသောအမူအရာတစ်ခု ခဏတာမျှဖြတ်သန်းသွားသော်လည်း သူမသည်ထိန်းချုပ်မရအောင်လှုပ်ရှားလာပြန်သည်။သူမသည် ခုနကတူးထားသော ကျင်းအသေးလေးထဲသို့ ခုန်ချလိုက်ပြီး လက်ဗလာဖြင့်ဆက်တူးနေလေ၏။​သူမလက်သည်းများကျိုးပဲ့ပြီး သွေးများထွက်နေသည်ကိုပင် သူမသတိထားမိပုံ မရပေ။

​"ရှောင်ရှီ မင်း ဘာဖြစ်နေတာလဲ"

​ချီကျင်းချိုင်သည် လူကောင်ထွားထွားဖြင့်အမျိုးသားတစ်ယောက်ဖြစ်သော်လည်း ကျုံးရှောင်ရှီကို လုံးဝရွေ့အောင်မလုပ်နိုင်ခဲ့ပေ။​သူ့ပတ်ဝန်းကျင်ရှိလေထုသည် ယခင်ကထက် ပိုမိုအေးစက်လာသည်ကို ခံစားလိုက်ရပြီး ဆိုးဝါးသောအငွေ့အသက်တစ်ခု ပတ်ဝန်းကျင်တွင် လွှမ်းခြုံလာလေသလိုပင်။

​ကလေးတစ်ယောက်၏ စူးရှရှငိုသံသဲ့သဲ့ကို သူကြားလိုက်ရပြီး ထိုအသံသည်ဝိညာဉ်ကို ထိုးဖောက်ဝင်ရောက်ကာ ဝါးမြိုပစ်မတတ်ဖြစ်နေတော့သည်။အသံပိုင်ရှင်​ကလေးကိုရှာရန် ဟိုဟိုဒီဒီကြည့်နေစဉ်မှာပင် ကျိုးထောင်ဟွားနှင့်ခရုနတ်ဆိုးတို့ သူ့ထံသို့လျှောက်လာသည်ကိုတွေ့လိုက်ရ၏။​သူမေးလိုက်မိသည်။

"ထောင်ဟွား ကလေးငိုသံကြားလိုက်ရလား"

​ကျိုးထောင်ဟွား ခေါင်းငြိမ့်ပြလိုက်၏။

​"ကလေးက ဘယ်မှာလဲ၊ငါ ဘယ်သူ့ကိုမှ မမြင်ရဘူး၊အခုချိန်က အရမ်းအေးနေတာလေ အပြင်မှာဆိုကလေးကအေးခဲပြီး သေသွားလိမ့်မယ်"

​ချီကျင်းချိုင်သည် တနီနှင့်အာ့နီအမည်ရသော ကလေးနှစ်ယောက်၏ဖခင်ဖြစ်သလို သူကိုယ်တိုင်ပြုစုပျိုးထောင်ခဲ့သူဖြစ်၍ ထိုအသံကိုကြားသည်နှင့် မွေးကင်းစကလေးငယ်လေးဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။​ကျိုးထောင်ဟွားသည် ကျုံးရှောင်ရှီလက်ဖြင့်တူးထားသော ကျင်းအသေးလေးကိုညွှန်ပြလိုက်၏။​ချီကျင်းချိုင်သည် သူမကြည့်ရာဘက်သို့ နားမလည်နိုင်ဟန်ဖြင့်ကြည့်လိုက်ရာ အတွင်းထဲ၌ဆွေးမြေ့နေသယောင်ရှိသော်လည်း လုံးဝမဆွေးမြေ့သေးသော တစ်စုံတစ်ရာကိုဝိုးတဝါးမြင်လိုက်ရလေသည်။

​"ရှောင်ရှီ မင်းအဲ့ထဲမှာဘာမြှုပ်ထားတာလဲ၊ဘာလို့ အခုမှပြန်တူးနေတာလဲ"

​ချီကျင်းချိုင် မျက်မှောင်ကြုံ့ကာမေးလိုက်သည်။​သို့သော် ကျုံးရှောင်ရှီထံမှ မည်သည့်တုံ့ပြန်မှုကိုမှမရရှိခဲ့ပေ။ကလေးငယ်၏ စူးရှရှငိုသံများမှာမူ သူ့နားထဲသို့ ဆက်တိုက်ဝင်ရောက်နေလေ၏။​ကျုံးရှောင်ရှီသည် သူမရှေ့ရှိဝိုးတဝါးဖြစ်နေသော မွေးကင်းစကလေးဝိညာဉ်လေး၏ပုံရိပ်ကိုကြည့်ရင်း မျက်ရည်များ စီးကျလာတော့သည်။သူမမျက်နှာပေါ်တွင် ကြောက်ရွံ့မှုဟူသည်မရှိဘဲ အဆုံးမရှိသောနောင်တနှင့်ချစ်ခြင်းမေတ္တာများသာ ရှိနေ၏။​ကျိုးထောင်ဟွားမှာ ချီကျင်းချိုင်မေးခွန်းကိုပြန်ဖြေလိုက်သည်။

"ဒီနေရာမှာ မွေးဖွားခွင့်မရလိုက်တဲ့ သုံးလသားအရွယ်ကလေးတစ်ယောက်ကို မြှုပ်နှံထားတာပါ၊အဲဒါအစ်ကို့ကလေးပဲလေ၊အခု သူ့ဝိညာဉ်ကပြန်ရောက်လာပြီး အစ်မရှောင်ရှီရှေ့မှာ ရပ်နေပါတယ်"

​ချီကျင်းချိုင်ထိတ်လန့်သွားရသည်။သူတို့ကလေး ဟုတ်လား။​ဒါပေမယ့် သူနဲ့ရှောင်ရှီမှာသမီးနှစ်ယောက်ပဲ ရှိတာလေ။ဒီကလေးက ဘယ်ကရောက်လာတာလဲ။သူကရော ဘာလို့ မသိခဲ့ရတာလဲ။​နေပါဦး ကလေးက သုံးလသားပဲရှိသေးပြီး မွေးဖွားခွင့်မရလိုက်ဘူးလို့ ခုနကထောင်ဟွားပြောလိုက်တာလား။

​ချီကျင်းချိုင် ကျုံးရှောင်ရှီအားမယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်မိသည်။ရှောင်ရှီက သူ့ကိုဘာတွေဖုံးကွယ်ထားတာလဲ။​ထိုအချိန်မှာပင် ကျုံးရှောင်ရှီတစ်ယောက်တည်း ရေရွတ်နေသည်ကို သူကြားလိုက်ရလေ၏။

​"ကလေးလေးရယ် မေမေတောင်းပန်ပါတယ်ကွယ်၊မေမေအဲ့ကိုယ်ဝန်ဖျက်ဆေးကိုသောက်ပြီး သမီးလေးကိုမသတ်ချင်ခဲ့ပါဘူး၊သမီးလေးက ဒီလောကကြီးကို မြင်ခွင့်မရခဲ့တဲ့အပြင် အုတ်ဂူလေးတောင် မရှိရှာဘူး၊မေမေ့ဘာသာ ဒီနေရာမှာပဲကျင်းတူးပြီးမြှုပ်ခဲ့ရတာ"

​ကျုံးရှောင်ရှီ တိုးညှင်းစွာရှိုက်ငိုလိုက်သည်။​နောက်ဆုံးတွင် သူမခံစားချက်များကို မထိန်းချုပ်နိုင်တော့ဘဲ အော်ဟစ်ငိုကြွေးကာ သူမရင်ဘတ်ကို လက်သီးဖြင့်အကြိမ်ကြိမ် ထုနှက်လိုက်လေ၏။အကယ်၍ဖြစ်နိုင်မည်ဆိုလျှင် သူမသာစန်းနီအစား အသေခံလိုက်ချင်သည်။သို့သော် သူမထံ၌ရွေးချယ်စရာမရှိခဲ့ပေ။​သူမအနေဖြင့် ချီမိသားစုမျိုးဆက်အားဆက်ခံမည့်ကလေးကို မမွေးဖွားပေးနိုင်လျှင် ကျင်းချိုင်မှသူမအားကွာရှင်းပစ်မည်ကိုကြောက်ရွံ့ခဲ့မိသည်။

​ကျုံးရှောင်ရှီသည် သူမရင်ဘတ်ကို အကြိမ်ကြိမ်ထုနှက်နေပြီး အားပြင်းလွန်းသဖြင့် နံရိုးများပင်ကျိုးသွားတော့မည့်အလားပင်။​ချီကျင်းချိုင်သည် သူ့အံ့သြမှုကိုဂရုမစိုက်နိုင်တော့ဘဲ ကျုံးရှောင်ရှီ ကိုယ့်ကိုယ်ကိုယ် ဆက်ဒုက္ခမပေးနိုင်စေရန် သူမလက်များကိုအမြန်ဖမ်းဆုပ်ထားလိုက်လေသည်။

​ထိုအချိန်၌ သူ့နားထဲကြားနေရသော စူးရှရှကလေးငိုသံသည် သိသိသာသာတိုးသွားလေ၏။ရှောင်ရှီ၏ပုံမှန်မဟုတ်သော တုံ့ပြန်မှုများအားလုံးသည် ဤကလေးကြောင့်ဖြစ်ကြောင်း သူချက်ချင်း သဘောပေါက်လိုက်သည်။​သူသည် ထိုကလေးအားမမြင်ရသော်ငြား ကလေးရှိရာဘက်သို့အော်ဟစ်လိုက်လေ၏။

​"ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ရှောင်ရှီကို လွှတ်ပေးလိုက်ပါ ငါတောင်းပန်ပါတယ်"

​ဤအချိန်၌ မွေးကင်းစကလေးဝိညာဉ်လေးသည် ကျုံးရှောင်ရှီ၏မရပ်မနားနောင်တရနေမှုနှင့် ကိုယ့်ကိုယ်ကိုယ်နာကျင်အောင်လုပ်နေမှုများကိုကြည့်ရင်း သူမနာကျည်းချက်များလည်း လျော့နည်းသွားသလို နာကျင်မှုများပါလျော့ပါးသွားသည်ဟု ခံစားလိုက်ရသည်။​ကျိုးထောင်ဟွား ရှေ့တိုးသွားပြီး သူမခေါင်းလေးကို ပုတ်ပေးလိုက်၏။

"လိမ္မာတဲ့ကလေးလေး သမီးကသတ်ဖြတ်ချင်တဲ့စိတ်ရှိနေတာမဟုတ်ဘဲ နာကျည်းချက်တွေရှိနေရုံပဲဆိုတာ အစ်မသိပါတယ်၊အခုဆို ​သမီးလဲလက်စားချေပြီးပြီပဲလေ၊ပြီးတော့ သမီးအမေမှာလဲအကြောင်းအရင်းရှိတယ်ဆိုတာ သမီး မြင်ပါတယ်၊သူလဲဒါကိုမလိုလားခဲ့ပါဘူး၊အစ်မ သမီးကိုပို့ဆောင်ပေးမယ်နော်၊နာကြည်းချက်တွေကို လွှတ်ချလိုက်ပြီး သံသရာခရီးကို ဆက်လျှောက်လိုက်ပါ၊နောက်ဘဝကျရင် ကောင်းမွန်တဲ့မိသားစုမှာဝင်စားပြီး ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာပါစေ၊ဒီဘဝမှာဖြစ်ခဲ့တာတွေက သမီးအတွက်မကောင်းတဲ့အရာ မဟုတ်တာလဲဖြစ်နိုင်ပါတယ်"

​ကျိုးထောင်ဟွား သူမလက်ဖဝါးမှတစ်ဆင့် ဝိညာဉ်စွမ်းအင်အမျှင်တန်းလေးတစ်ခုကို ထုတ်လွှတ်လိုက်ပြီး မွေးကင်းစကလေးဝိညာဉ်လေး၏ ဝိုးတဝါးဖြစ်နေသောဝိညာဉ်ကို တည်ငြိမ်သွားအောင်ပြုလုပ်ပေးလိုက်သည်။​မွေးကင်းစကလေးဝိညာဉ်လေးသည် သူမဝိညာဉ်အပေါ်တွင် နွေးထွေးမှုကို ချက်ချင်းခံစားလိုက်ရပြီး ထိုနွေးထွေးမှုသည် ဆောင်းရာသီ၏ အေးစက်မှုနှင့် သူမရင်ထဲရှိအေးစက်မှုများကိုပါ ဖယ်ရှားပေးလိုက်သည့်အလားပင်။

​ချက်ချင်းပင် သူမအသာခေါင်းငြိမ့်ပြလိုက်ပြီး ကျုံးရှောင်ရှီအသိစိတ်ကိုထိန်းချုပ်ထားသောစွမ်းအားများကို ပြန်လည်ရုတ်သိမ်းလိုက်လေ၏။​သူမသည် ကျိုးထောင်ဟွားလက်ကို ဆုပ်ကိုင်လိုက်ပြီး ပြောလာသည်။

"အစ်မ သမီးကိုပို့ဆောင်ပေးပါ"

​ထိုအချိန်မှာပင် ကျုံးရှောင်ရှီမျက်လုံးများသည် ပြန်လည်ကြည်လင်လာပြီး မျက်ရည်များ၊နောင်တများနှင့်ချစ်ခြင်းမေတ္တာများဖြင့် ပြည့်နှက်နေလေသည်။​သူမအပေါ် မွေးကင်းစကလေးဝိညာဉ်လေး၏ ထိန်းချုပ်မှုပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း ကလေးဝိညာဉ်လေးရှိနေသည်ကို သူမမြင်နေရဆဲပင်။​သူမ ငိုကြွေးရင်း လက်နှစ်ဖက်ကိုဆန့်တန်းကာ မွေးကင်းစကလေးဝိညာဉ်လေးကို ဖက်ထားရန်ကြိုးစားလိုက်သည်။

​သာမန်လူတစ်ယောက်နှင့် သရဲတစ်ကောင် မည်သို့ထိတွေ့နိုင်ပါမည်နည်း။​သူမလက်များသည် လေကိုသာထိတွေ့မိလိုက်လေ၏။

All Chapters