← Chapters

အခန်း (၉၆)

Vol. 10 Ch. 96

အခန်း (၉၆)

Vol. 10 Ch. 96

​"စန်းနီ တောင်းပန်ပါတယ်သမီးလေးရယ်၊မေမေက အတ္တကြီးခဲ့မိတယ်၊သမီးကိုမွေးပြီးရင် မေမေဒီမိသားစုမှာဆက်နေခွင့်မရတော့မှာကို ကြောက်ခဲ့လို့ပါ၊မေမေ့မှာ သမီးမတိုင်ခင် သမီးအစ်မနှစ်ယောက်ရှိပြီးသားလေ၊တစ်ကယ်လို့ သမီးကိုပါထပ်မွေးလိုက်ရင် လူတွေကမေမေ့ကိုဝိုင်းလှောင်ကြလိမ့်မယ်၊ပြီးတော့ ချီမိသားစုရဲ့ကွာရှင်းတာကိုခံရပြီး အိမ်ပေါ်ကနေနှင်ချခံရမှာ"

​ကျုံးရှောင်ရှီအသံသည် ဖြည်းဖြည်းချင်းတိုးဝင်သွားပြီး မွေးကင်းစကလေးဝိညာဉ်လေးကိုဆက်ကြည့်ရန်ပင် အားမရှိတော့ပေ။​သူမသည် သူမမိဘများ၏တတိယမြောက်သမီးဖြစ်ပြီး အထက်တွင်အစ်မနှစ်ယောက်၊အောက်တွင် မောင်လေးတစ်ယောက် ရှိသည်။​သူမမိဘများ၏မျက်လုံးထဲတွင် သူမမောင်လေးသည် မျိုးဆက်ကိုဆက်ခံမည့်အဖိုးတန်ရတနာလေးဖြစ်ပြီး သမီးမိန်းကလေးသုံးယောက်မှာတော့ အိမ်ထောင်ပြုပြီးသည်နှင့် သူများအိမ်ပါသွားမည့်ရေလိုမိန်းမသားများသာပင်။

​ငယ်စဉ်ကတည်းမှ သူမသည်အစ်မဖြစ်သူများဝတ်ပြီးသား အဝတ်အစားဟောင်းများကိုသာ ဝတ်ဆင်ခဲ့ရသည်။ကြီးလွန်းလျှင်ပြင်ဝတ်ရပြီး စုတ်ပြဲလျှင်ဖာထေးဝတ်ရသော်လည်း သူမမောင်လေးမှာတော့ အမြဲတစေအဝတ်အစားအသစ်များကိုသာ ဝတ်ဆင်ရ၏။​ညီအစ်မသုံးယောက် အရွယ်ရောက်လာကြသောအခါ သူတို့သည် မိဘများအတွက် အဖိုးတန် ရတနာသိုက်ကြီး ဖြစ်လာကြသည်။​သူမမိဘများသည် တစ်ဖက်သား၏အကျင့်စာရိတ္တနှင့် ကိုယ်ရည်ကိုယ်သွေးကို လုံးဝထည့်မစဉ်းစားဘဲ မည်သူမှတင်တောင်းငွေအများဆုံးပေးနိုင်မည်ကိုသာ နေရာတိုင်းတွင် လိုက်လံစုံစမ်းခဲ့ကြ၏။

​သူမအစ်မကြီး၏ခင်ပွန်းသည် အကြမ်းဖက်တတ်သူဖြစ်သဖြင့် အစ်မကြီးခမျာ မကြာခဏဆိုသလိုရိုက်နှက်ခံရပြီး ညိုမဲစွဲကာဆိုးဆိုးဝါးဝါးခံစားခဲ့ရသည်။​အစ်မကြီးသည် မိဘအိမ်ပြန်လာပြီး ခင်ပွန်းဖြစ်သူနှင့်ကွာရှင်းပေးရန် ငိုယိုတောင်းပန်ခဲ့ဖူး၏။ထင်မထားသည်မှာ သူမမိဘများသည် စကားတစ်ခွန်းသာ ပြောခဲ့သည်။သူမသည် ခင်ပွန်းသည်မိသားစုထဲသို့ ဝင်ရောက်ခဲ့ပြီးဖြစ်၍ သေလျှင်လည်း ထိုမိသားစု၏သရဲသာဖြစ်ရမည်ဟူ၍ပင်။ကျုံးမိသားစုသည် ကွာရှင်းထားသော အမျိုးသမီးတစ်ယောက်ကို အိမ်ပြန်လာခွင့်လုံးဝပြုမည်မဟုတ် ကျက်သရေတုံးသည်ဟုဆိုကာ ငြင်းပယ်ခဲ့ကြသည်။

​ဒုတိယအစ်မသည် အရွယ်ရောက်ကာစ ပန်းပွင့်လေးအလား လှပနေသော်လည်း တင်တောင်းငွေများများပေးနိုင်သည်ဟူသော အကြောင်းပြချက်တစ်ခုတည်းဖြင့် သူမအဖေအရွယ်မုဆိုးဖိုကြီးတစ်ယောက်နှင့် မိဘများမှပေးစားခဲ့ကြ၏။​သူမခင်ပွန်း၏ပထမနှင့်ဒုတိယသားများသည် သူမနှင့်ရွယ်တူမျှသာရှိကြပြီး ထိုမယားပါသားများသည် သူမအား*အမေ*ဟုခေါ်ရန် ငြင်းဆန်ရုံသာမက သူမသမီးကိုလည်းပိုက်ဆံဖြုန်းသည့် ဝန်ထုပ်ဝန်ပိုးဟုသာခေါ်ဆိုကာ အမြဲတစေနှောင့်ယှက်ခဲ့ကြသည်။ဒုတိယအစ်မသည် ထိုမိသားစုထဲတွင်အလွန်ခက်ခဲသောဘဝကို ဖြတ်သန်းခဲ့ရ၏။​ခြောက်နှစ်ကြာပြီးသည့်တိုင် သူမသည်ခင်ပွန်းသည်အတွက် သားယောက်ျားလေး မမွေးပေးနိုင်ခဲ့သေးပေ။

​သူမအမေဖြစ်သူမှ သူမကိုအနာဂတ်တွင်အားကိုးစရာရရှိရန်နှင့် ခင်ပွန်းသည်မိသားစုတွင် ခိုင်ခိုင်မာမာရပ်တည်နိုင်ရန်အတွက် ချီကျင်းချိုင်နှင့်သားယောက်ျားလေးရအောင် အသည်းအသန်ကြိုးစားရန်တိုက်တွန်းခဲ့သည်။​ကံကောင်းစွာပင် သူမရုပ်ရည်မှာ သာမန်အဆင့်သာရှိသဖြင့် မည်သူကမှတင်တောင်းငွေပိုပေးရန်ဆန္ဒမရှိကြရာ ချီမိသားစုကဲ့သို့သာမန်မိသားစုတစ်ခုသို့ ဝင်ရောက်ခွင့်ရရှိခဲ့ခြင်းသည် သူမအတွက်ကံကောင်းခြင်းသာဖြစ်၏။

​သူမမိသားစုသည် သူမအားဘယ်တော့မှ အိမ်ပြန်လက်ခံမည်မဟုတ်ကြောင်းကို သူမသိသည်။နေစရာနေရာရဖို့အတွက် သူမသည် ချီမိသားစုအတွက်သားယောက်ျားလေးမွေးပေးမှသာဖြစ်မည်။​ကျိုးထောင်ဟွားသည် ဆယ့်ကိုးနှစ်နှစ်သာရှိသေးသော ကျုံးရှောင်ရှီအားကြည့်လိုက်သည်။သူမသည် သုံးနှစ်အတွင်းကလေးနှစ်ယောက်မွေးဖွားခဲ့ပြီး သုံးလသားအရွယ်သန္ဓေသားကိုလည်း ကိုယ်ဝန်ဖျက်ချခဲ့ရ၏။​ကလေးမွေးဖွားခြင်းဒုက္ခများကြောင့် သူမသည်ချမ်ရှီအသက်လောက်နီးနီး ရုပ်ရင့်နေလေပြီပင်။​ချီကျင်းချိုင်သည် နားမလည်နိုင်ဟန်ဖြင့် ကျုံးရှောင်ရှီအားသူ့ဘက်သို့လှည့်စေလိုက်ပြီးမေးလာ၏။

​"သမီးမိန်းကလေးသုံးယောက်မွေးလို့ ဘယ်သူက ကိုယ်တို့ကိုလာရယ်မှာလဲ၊တနီနဲ့အာနီ့တို့ဆို အရမ်းချစ်စရာကောင်းတာပဲဟာ၊မင်းက သမီးမိန်းကလေးတွေထပ်မွေးရင်လဲ ကိုယ်ကချစ်နေဦးမှာပါ၊သမီးမိန်းကလေးမွေးတာ ဘာဖြစ်လို့လဲ၊ကိုယ်က သမီးမိန်းကလေးတွေကိုချစ်ပါတယ်ကွ၊ပြီးတော့မင်းက ကိုယ့်မိန်းမလေ၊ဒီအိမ်မှာမနေလို့ ဘယ်မှာသွားနေမှာလဲ၊ကိုယ်ကရော မင်းကိုဘာကိစ္စနဲ့ကွာရှင်းရမှာလဲ"

​ကျုံးရှောင်ရှီမျက်ဝန်းထဲတွင် တုန်ယင်နေသောမျက်ရည်များသည် ရုတ်တရက် ရပ်တန့်သွားရသည်။သူမသည် ချီကျင်းချိုင်မျက်လုံးများထဲရှိ အလွန်လေးနက်သောအကြည့်ကို ရှင်းလင်းစွာမြင်လိုက်ရ၏။​ရုတ်ချည်းဆိုသလို ဝမ်းနည်းပက်လက်ဖြင့် သူမထပ်မံငိုကြွေးလိုက်ပြန်သည်။

"အဖေပြောတာ‌က တစ်ကယ်လို့ကျွန်မသာ ချီမိသားစုအတွက်မျိုးဆက်မချန်ပေးနိုင်ဘူးဆိုရင် အစ်ကိုကကျွန်မကို ကွာရှင်းလိမ့်မယ်တဲ့"

​ကျုံးရှောင်ရှီသည် ချီမိသားစု၏ကွာရှင်းခြင်းခံရပြီး သွားစရာနေရာမရှိဖြစ်မည်ကို အလွန်ကြောက်ရွံ့ခဲ့ရသည်။​သူမသည်သမီးနှစ်ယောက်နှင့် ချီကျင်းချိုင်ကိုလည်းမခွဲနိုင်ပေ။​ခဏချင်းမှာပင် ချီကျင်းချိုင်သည် တစ်စုံတစ်ခုကိုနားလည်သွားသကဲ့သို့ဖြစ်သွားရသည်။ရှောင်ရှီမှာ အလွန်ကြောက်တတ်သူဖြစ်ပြီး ကလေးချစ်တတ်သူလည်းဖြစ်ရာ သူမအနေဖြင့် ကိုယ်ဝန်ဖျက်ချရန် မည်သို့စိတ်ကူးမိပါမည်နည်း။

​ထို့ပြင် ရှောင်ရှီမှာလက်ဖွာသူလည်း မဟုတ်ပေ။ကလေးမှာ ယောကျာ်းလေးလား မိန်းကလေးလား စစ်ဆေးဖို့အတွက် ငွေကုန်ကျခံမည်မည်မဟုတ်ရာ ​သူမသိအောင် ရှောင်ရှီနာကျင်ခံစားရမည့်ကိစ္စများစွာကို သူ့အဖေလုပ်ခဲ့သည့်အတွက် ချီကျင်းချိုင် အလွန်တရာဒေါသထွက်သွားမိသည်။​ရှောင်ရှီတစ်ယောက်တည်း ဒုက္ခအများကြီးကို ခါးစည်းခံခဲ့ရသည်ပင်။​သူမေးလိုက်၏။

"စန်းနီကိုဖျက်ချဖို့ကရော ကိုယ့်အဖေရဲ့အကြံပဲလား"

​ကျုံးရှောင်ရှီခေါင်းငြိမ့်လိုက်ချိန်မှာပင် သူမမျက်နှာပေါ်တွင်မျက်ရည်များ စီးကျလာပြန်လေ၏။သူမ ကြောက်လန့်ခဲ့ရသည်။စန်းနီအားမွေးပြီးသည်နှင့် ကွာရှင်းခံရမည်ကို အလွန်ကြောက်လန့်ခဲ့မိ၏။​သူမယောက္ခထီးသည် သူမမိဘများနှင့်တစ်ချိုးတည်းသာဖြစ်သည်။သူတို့အားလုံးသည် သားယောက်ျားလေးမှသာ မျိုးဆက်ကိုဆက်ခံနိုင်ပြီး သမီးမိန်းကလေးဆိုသည်မှာ စွန့်ပစ်ခံရမည့် ကံကြမ္မာသာရှိသည်ဟု ယုံကြည်ထားကြ၏။

​တနီနှင့်အာ့နီမွေးဖွားလာကတည်းမှ သူမယောက္ခထီးသည် သူတို့နှစ်ယောက်ကို ကြင်နာသောအကြည့်ဖြင့် တစ်ခါမှမကြည့်ခဲ့ဖူးသလို ကလေးနှစ်ယောက်အပေါ်၌လည်းစိတ်မရှည်လှပေ။​စန်းနီမွေးလာလျှင်လည်း ထိုကဲ့သို့ဆက်ဆံခံရမည်ကို သူမစိုးရိမ်ခဲ့သည်။​ပထမကိုယ်ဝန်နှစ်ကြိမ်မှာ သမီးမိန်းကလေးများဖြစ်ခဲ့သည့်အတွက် တတိယမြောက်ကိုယ်ဝန်လက္ခဏာများပြလာသည်နှင့် ယောက္ခထီးဖြစ်သူမှာ ဘယ်သူ့ကိုမှမပြောရန်နှင့်သုံးလကြာလျှင် ယောကျာ်းလေးလား မိန်းကလေးလားစစ်ဆေးရန် သူမကိုခေါ်သွားပေးမည်ဟုသတိပေးခဲ့၏။

​ထိုအချိန်၌ သူမမျှော်လင့်ခဲ့သမျှသည် ဤကလေးလေးမှာ ယောကျာ်းလေးသာဖြစ်ပါစေဟုပင်။​သူမထိတ်လန့်သွားရသည်မှာ ကလေးသည်မိန်းကလေးဖြစ်နေခဲ့၏။​ဆေးခန်းမှထွက်လာသည်နှင့် သူမယောက္ခထီးသည် ကိုယ်ဝန်ဖျက်ချရန်စီစဉ်ခဲ့သည်။​ကလေးလေးသူမခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားသည်ကို ခံစားလိုက်ရသည့်အချိန်တွင် ရုပ်ပိုင်းဆိုင်ရာနာကျင်မှုသာမက နှလုံးသားကွဲကြေမတတ် ဝေဒနာကိုပါခံစားလိုက်ရ၏။

​ကလေးကိုဆေးပင်စိုက်ခင်းထဲတွင် မြှုပ်နှံလိုက်စဉ်၌ သူမသည်ရေခဲဂူထဲရောက်သွားသလို တစ်ကိုယ်လုံးအေးစက်တောင့်တင်းနေခဲ့သည်။​သူမသည် အပြစ်ရှိစိတ်များဖြင့် ပြည့်နှက်နေသော်လည်း သူမကိုယ်တိုင်၏ကံကြမ္မာကိုပင် ထိန်းချုပ်နိုင်စွမ်းမရှိခဲ့ပေ။သူမကိုယ်တိုင် အသက်ရှင်ရပ်တည်နိုင်ရန် ရုန်းကန်နေရချိန်ဖြစ်၍ ဤအသက်လေးကို မကာကွယ်နိုင်ခဲ့ခြင်းပင်။

​တစ်ခါတစ်ရံတွင် စန်းနီလူမဖြစ်လာခဲ့သည်ကပင် ကောင်းသောကိစ္စဟုသူမ ခံစားမိသည်။​သားယောက်ျားလေးကိုသာ အထွတ်အထိပ်ထားသော မိသားစုမျိုး၌လူလာဖြစ်ရခြင်းသည် ကံဆိုးမိုးမှောင်ကျခြင်းပင်ဖြစ်၏။​ချီကျင်းချိုင် လက်သီးတင်းတင်းဆုပ်လိုက်မိပြီး

"မင်းလွယ်ထားခဲ့တာ ကိုယ့်ကလေးလေ၊ကလေးက မိန်းကလေးဖြစ်နေလို့ မလိုချင်ဘူးဆိုရအောင် ကိုယ့်အဖေမှာဘာအခွင့်အရေးရှိလို့လဲ၊ရှောင်ရှီ ကျေးဇူးပြုပြီး နောက်နောင်ဘာကိစ္စပဲရှိရှိ ကိုယ့်ကိုအရင်ပြောပြပါကွာ၊ကိုယ်တို့က တစ်သားတည်းဖြစ်‌နေတဲ့ လင်မယားတွေလေ၊ကိုယ်ကသာ မင်းရဲ့အားကိုးရာပါ၊မင်းမှာအခက်အခဲရှိရင် ကိုယ့်ကိုအရင်ပြောပြသင့်တယ်၊ကိုယ်တို့ အတူတူအဖြေရှာကြတာပေါ့၊ကိုယ်ကလဲ ကိုယ့်အဖေလိုမျိုး မျိုးဆက်ဆက်ခံဖို့ သားယောက်ျားလေးမွေးမှဖြစ်မယ်ဆိုပြီး ဇွတ်တောင်းဆိုနေမယ့်လူမျိုးလို့ မင်းကဘယ်လိုလုပ်သိနိုင်တာလဲ၊ကိုယ်အတွက်တော့ ကိုယ်တို့သမီးလေးဆိုရင်တောင် ပြည့်စုံလုံလောက်ပါတယ်"

​ချီကျင်းချိုင်သည် ကျုံးရှောင်ရှီမျက်လုံးများထံ ရိုးသားစွာစိုက်ကြည့်ရင်း သူမအနေဖြင့် သူ့နှလုံးသားကိုနားလည်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေမိသည်။​ကျုံးရှောင်ရှီမျက်ဝန်းအိမ်များ ပြူးကျယ်သွားရပြီး အစပိုင်းတွင်မယုံကြည်နိုင်ဖြစ်နေသော်လည်း နောက်ပိုင်းစိတ်သက်သာရာရသွားလေ၏။​နှစ်ပေါင်းများစွာကြာအောင် သူမရင်ထဲတွင်ဖိစီးနေခဲ့သော ကြောက်ရွံ့မှုများသည် ထိုအခိုက်အတန့်တွင် ပျောက်ကွယ်သွားလေတော့သည်။​ပထမဆုံးအကြိမ်အဖြစ် သူမအလွန်လွတ်လပ်ပေါ့ပါးသွားသလို ခံစားလိုက်ရ၏။ပါးလွှာသောရေခဲပြင်ပေါ်တွင် ကြောက်ကြောက်ရွံ့ရွံ့ဖြင့် လမ်းလျှောက်နေရသကဲ့သို့ မခံစားရတော့ပေ။

​"မိုးသီးတွေ တိတ်သွားပြီဟေ့"

​ထိုအချိန်မှာပင် ရွာထဲမှတစ်စုံတစ်ယောက် အော်ဟစ်လိုက်သည်။​ထိုအခါမှ သူတို့သုံးယောက်သည် မြက်ခင်းပေါ်သို့ မိုးသီးများကျရောက်သည့်အသံ ရပ်တန့်သွားကြောင်း သတိထားမိလိုက်ကြပြီး လေထုမှာလည်း နွေးထွေးလာသလို ခံစားလိုက်ရ၏။​မိုးတိမ်မည်းကြီးများသည် မမြင်နိုင်သော လက်တစ်ဖက်ဖြင့် လျင်မြန်စွာဖယ်ရှားခံလိုက်ရသကဲ့သို့ဖြစ်သွားပြီး နေရောင်ခြည်သည် အတားအဆီးမရှိဖြာကျလာလေသည်။

​နေရောင်ခြည်သည် ကောက်ရိုးဖျာများ၏ အဟအကြားမှတဆင့် ကျုံးရှောင်ရှီမျက်နှာထက်သို့ကျရောက်လာပြီး နွေးထွေးသောရွှေရောင်အလင်းတန်းလေးများ ဖြာကျသွားစေ၏။​ကျုံးရှောင်ရှီသည်အအေးဓာတ်များ လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရပြီး နွေးထွေးသောနေရောင်အောက်တွင် သူမမျက်နှာပေါ်၌ အပြုံးဖျော့ဖျော့လေးတစ်ခုပေါ်လာလေသည်။

​"ရှောင်ရှီ ကျင်းချိုင် ဘယ်မှာလဲ"

​မိုးသီးတိတ်သွားသည်နှင့် တစ်ပြိုင်နက် ရှဲ့ချီသည် သူတို့နှစ်ယောက်ကိုရှာဖွေရန် သူမအိမ်ထဲမှနေ အပြေးအလွှားထွက်လာလေသည်။​အခြားရွာသားများလည်း စိုးရိမ်တကြီးထွက်လာကြသည်။အထူးသဖြင့် မိုးသီးများဖြင့်ပြည့်နှက်နေသော မြေပြင်ပေါ်တွင် သွေးကွက်များကို မြင်လိုက်ရသောအခါ သူတို့မျက်နှာများပေါ်တွင် အလွန်တရာစိုးရိမ်ပူပန်မှုများ ပေါ်လာလေ၏။ရွာသားတစ်ယောက်မှ မေးလာသည်။

"ချီကျင်းချိုင်နဲ့ကျုံးရှောင်ရှီတို့ဘာဖြစ်သွားကြတာလဲ"

အဘိုးချီသည် မြေကြီးပေါ်မှသွေးကွက်များကိုမြင်လိုက်ရသောအခါ ဖြူဖျော့သွားပြီး ယိုင်လဲလုမတတ်ဖြစ်သွားလေသည်။​သူမာန်မဲဆူငေါက်တော့၏။

"ကျုံးရှောင်ရှီက ဂြိုဟ်ကောင်မပဲ၊ငါတို့အိမ်ရောက်လာတာ လေးနှစ်ရှိပြီ၊ချီမိသားစုအတွက် မျိုးဆက်ဆက်ခံမယ့်သူ မမွေးပေးနိုင်တဲ့အပြင် အခုငါ့ကျင်းချိုင်ကိုပါ ဒုက္ခပေးနေပြန်ပြီ၊တစ်ကယ်လို့ ငါ့ကျင်းချိုင်သာ တစ်ခုခုဖြစ်သွားရင် အဲ့မိန်းမကို ငါလုံးဝအလွတ်မပေးဘူး"

​ရွာသားတစ်ယောက်မှာ သူ့အားစိတ်မဆိုးရန် ဝင်ရောက်နှစ်သိမ့်ပေးလိုက်သည်။အချို့လူများမှာတော့ လင်မယားနှစ်ယောက် အိမ်၌ရန်ဖြစ်ပြီးထွက်လာကြခြင်းဖြစ်မည်ဟု ခန့်မှန်းနေကြ၏။​ရုတ်ချည်းဆိုသလို ရှေ့ဘက်ဆီမှရှဲ့ချီ၏စိတ်လှုပ်ရှားနေသော အသံထွက်ပေါ်လာ‌လေသည်။

"ငါတွေ့ပြီ ကလေးနှစ်ယောက်လုံးဘေးကင်းတယ်ဟေ့"

​ရွာသားများအားလုံး ရှဲ့ချီရှိရာဘက်သို့ သွားလိုက်ကြသည်။​သူတို့သည် ချီမိသားစုဆေးပင်စိုက်ခင်းရှိတဲထဲသို့ ဝင်ရောက်ကြည့်ရှုကာပြောလိုက်၏။

"ကျင်းချိုင်နဲ့သူ့မိန်းမက ဒီမှာပုန်းနေကြတာကိုး။ဒီနေရာက မိုးသီးခိုဖို့တစ်ကယ့်နေရာကောင်းပဲ"

​"ထောင်ဟွားလဲ ရှိနေတာပဲ"

​လူတိုင်းစကားပြောနေစဉ်မှာပင် တစ်စုံတစ်ရာလွဲမှားနေသည်ကို ရုတ်တရက်သတိထားမိလိုက်ကြသည်။

​"ငါ မျက်စိမှားနေတာများလား၊ထောင်ဟွားဘေးမှာ ဝါးတားတားအရိပ်မည်းတစ်ခုရပ်နေတာ မြင်နေရသလိုပဲ"

​"မင်းတစ်ယောက်တည်း မြင်တာမဟုတ်ဘူးကွ ငါလဲမြင်တယ်၊ကလေးလေးတစ်ယောက်နဲ့တူတယ်နော်"

​ထိုအချိန်မှာပင် အဘိုးချီပြေးဝင်လာလေသည်။သူသည် မွေးကင်းစကလေးဝိညာဉ်လေးထံ တစ်ချက်ကြည့်ကာမေးလိုက်၏။

"ဒါကဘာကြီးလဲ"

​ချီကျင်းချိုင်သည် ဒေါသများဖြင့်ပြည့်နှက်နေပြီးပြောလိုက်၏။

"ဒါကအဖေ့မြေး သမီးလေးစန်းနီလေ၊အဖေက ရှောင်ရှီကိုကိုယ်ဝန်ဖျက်ဆေးတိုက်ပြီး သားတို့သမီးလေးကိုဖျက်ချခိုင်းခဲ့တာ‌လေ မေ့သွားပြီလား"

All Chapters