အခန်း (၉၇)
Vol. 10 Ch. 97
အဘိုးချီ၏ဆေးတံမှာ မြေကြီးပေါ်သို့လွတ်ကျသွားလေသည်။သူ့မျက်ဝန်းအိမ်များမှာ သိသိသာသာကျဉ်းမြောင်းသွားပြီး ကြောက်လန့်မှုတို့ပြည့်နှက်သွားလေ၏။
"အဲ့ကလေးစုတ်က သရဲအဖြစ်နဲ့ပြန်ရောက်လာတာလား"
အဘိုးချီသည် မွေးကင်းစကလေးဝိညာဉ်ထံ ကြောက်လန့်တကြားဖြင့်အော်ဟစ်လိုက်လေသည်။
"မင်းအမေက ကိုယ်ဝန်ဖျက်ဆေး သောက်ပြီး မင်းကိုဖျက်ချလိုက်တာလေ၊နစ်နာတာ မနစ်နာတာက မင်းအပိုင်းပဲ၊တစ်ကယ်လို့ လက်စားချေချင်တယ်ဆိုလဲ မင်းအမေကိုသာသွားရှာချည်"
အဘိုးချီသည်အရှက်မရှိစွာဖြင့် ကျုံးရှောင်ရှီထံလက်ညှိုးထိုးပြလိုက်သည်။ထိုစကားကိုကြားလိုက်ရသောအခါ လူတိုင်း မျက်လုံးပြူးသွားကြ၏။ကျုံးရှောင်ရှီက တစ်ကယ်ကြီး ကလေးဖျက်ချခဲ့တာလား။
ရက်စက်လိုက်တာ
သားယောက်ျားလေးလိုချင်၍ နောက်ထပ်သမီးမိန်းကလေးအားမလိုချင်တော့သည်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။အဘိုးချီ၏အရှက်မရှိသော စကားကိုကြားလိုက်ရသောအခါ ချီကျင်းချိုင်မှာ သူမဘက်မှနေကာကွယ်ပြောဆိုလိုက်လေ၏။
"ရှောင်ရှီမှာကိုယ်ဝန်ရှိနေတုန်းက ယောကျာ်းလေးလား မိန်းကလေးလားဆိုတာ အဖေမသိမချင်း ဘယ်သူ့ကိုမှမပြောဖို့ အဖေပဲရှောင်ရှီကိုခြိမ်းခြောက်ခဲ့တာလေ၊ဒါပေမယ့် ကလေးကမိန်းကလေးမှန်းလဲသိရော အဖေကပဲရှောင်ရှီကို ကိုယ်ဝန်ဖျက်ဆေးပေးပြီး ကလေးဖျက်ချခိုင်းခဲ့တာမလား၊ဒါ့အပြင် အဖေကပဲ ရှောင်ရှီ့ကိုသားယောက်ျားလေးမမွေးပေးနိုင်ရင် ချီမိသားစုနဲ့ကွာရှင်းပေးရမယ်လို့ ပြောခဲ့သေးတယ်ဆို ရှောင်ရှီကသာ သမီးလေးကို တစ်ယောက်တည်းဖျက်ချခဲ့ပြီး ဒီဆေးပင်စိုက်ခင်းထဲမှာ မြှုပ်နှံခဲ့ရတာ၊အစကနေအဆုံးထိ သူကျွန်တော့်ကိုတစ်ခွန်းမှမပြောခဲ့ရှာဘူး၊တစ်ကယ်လို့သာ ဒီနေ့မိုးသီးမုန်တိုင်းက အရမ်းကြမ်းပြီးအပူချိန်တွေကျမနေခဲ့ရင် အဲဒါတွေကြောင့် စန်းနီရဲ့ယင်စွမ်းအင်တွေမြင့်တက်လာပြီး သူ့အမေကိုဒုက္ခမပေးခဲ့ရင် ကျွန်တော့်မှာခုထိအမှောင်ထဲမှာပဲ စမ်းတဝါးဝါးဖြစ်နေရဦးမှာ၊အဖေ ကျွန်တော်တို့လင်မယားကြားက ကိစ္စတွေကိုဝင်မပါဘဲ နေပေးလို့မရဘူးလား၊ရှောင်ရှီကို အနိုင်ဆက်မကျင့်ပါနဲ့တော့ အဲ့လိုမှမဟုတ်ရင် ကျွန်တော်ရှောင်ရှီနဲ့အတူ အိမ်ခွဲပြီးသီးသန့်သွားနေတော့မယ်၊အဖေလဲ ကိုယ့်ဘာသာကိုယ်စဉ်းစားကြည့်လိုက်ပါ"
အဘိုးချီသည်ဒေါသထွက်ထွက်ဖြင့် ခြေဆောင့်ကာအော်ဟစ်လိုက်သည်။
"ဒီကောင်စုတ်လေးကတော့ ငါမသေသေးဘူးကွ၊ဒါတောင်မင်းကအိမ်ခွဲဖို့ ပြောနေပြီလား၊မင်းငါ့ကိုသတ်ဖို့လုပ်နေတာလား ဟမ်"
"ချီဟယ်ရှန်း ရှင်ဒီလူယုတ်မာကြီး ရှင်ကျွန်မကွယ်ရာမှာ ယုတ်မာတာတွေအများကြီးလုပ်ခဲ့တာပဲ၊ရှင်က ဘာစိတ်ကူးပေါက်ပြီး ရှောင်ရှီကိုမြို့တက်ဈေးဝယ်ထွက်မယ်ဆိုပြီး ခေါ်သွားတာလဲလို့ ကျွန်မစဉ်းစားနေတာ၊တစ်ကယ်တော့ ကလေးကယောကျာ်းလေးလား မိန်းကလေးလားစစ်ဆေးဖို့ ဆေးခန်းခေါ်သွားတာကိုး၊အဲ့တုန်းက ရှောင်ရှီမှာကိုယ်ဝန်သုံးလရှိနေပြီလေ၊အိမ်ကနေမြို့ကို လမ်းလျှောက်ပြီးအသွားအပြန်လုပ်ရတာ တစ်နာရီလောက်ကြာတယ်၊ပြီးတော့ ရှောင်ရှီကကိုယ်ဝန်ဖျက်ချထားတာဆို ကောင်းကောင်းအနားယူသင့်တာကို ရှင်ကတော့ လျှို့ဝှက်ထားခိုင်းပြီး အနားမပေးခဲ့ဘူး၊အဲ့ရက်တွေတုန်းကဆို သူခမျာ အဝတ်လျှော်တာနဲ့ထမင်းချက်ရတာတွေကို ရေအေးနဲ့ပဲလုပ်ခဲ့ရရှာတယ်"
ရှဲ့ချီသည် ပြောရင်းပင်ဒေါသပိုထွက်လာရကာ မြေကြီးပေါ်မှရွှံ့ခဲတစ်ခဲကိုကောက်ပြီး အဘိုးချီထံပစ်ပေါက်လိုက်လေသည်။
"တစ်ကယ်လို့ ကျင်းချိုင်နဲ့ရှောင်ရှီသာ အိမ်ခွဲချင်တယ်ဆိုရင် ကျွန်မလဲသူတို့နဲ့ လိုက်နေမယ်၊ရှင့်ဘာသာ တစ်ယောက်တည်း နေရစ်ခဲ့တော့"
အဘိုးချီ : "......"
သားရောဇနီးပါမကျန် သူ့အားဝိုင်းဆဲနေကြ၍ ရင်ဘတ်ပေါ်ကျောက်တုံးကြီးတစ်တုံးနှင့် ဖိထားသကဲ့သို့ခံစားလိုက်ရသည်။ရှဲ့ချီသည်ကျိန်ဆဲပြီးနောက် မွေးကင်းစ ကလေးဝိညာဉ်လေးဆီသို့ လျှောက်သွားကာဒူးထောက်ထိုင်ချလိုက်ပြီး ကလေးရုပ်သွင်ကို သေချာဂရုတစိုက်ကြည့်ရှုလိုက်၏။မွေးကင်းစကလေးဝိညာဉ်လေးမှာ သရဲဖြစ်နေသော်လည်း ရှဲ့ချီမှာမူလုံးဝ ကြောက်ရွံ့ခြင်းမရှိပေ။ကိုယ့်မြေးအရင်းကို ဘယ်အဘွားကများကြောက်နေပါမည်နည်း။
"မြေးလေး အဘွားကိုသေချာကြည့်ခွင့်ပေးပါဦး၊အဘွားအပြစ်တွေပါကွယ်၊သမီးအမေကိုယ်ဝန်ရှိတာကို သတိမထားမိဘဲ အဲ့အဘိုးကြီး သမီးကိုဒုက္ခပေးတာခွင့်ပြုခဲ့မိတယ်"
ရှဲ့ချီသည် မွေးကင်းစကလေးဝိညာဉ်လေးကို လုံးဝထိတွေ့၍မရသော်လည်း လက်လှမ်းကာ ဝိညာဉ်လေး၏ပုံရိပ်ကို ဖွဖွလေးပွတ်သပ်ပေးလိုက်မိသည်။
"မင်္ဂလာပါ အဘွား"
မွေးကင်းစကလေးဝိညာဉ်လေးမှ တိုးတိုးလေးခေါ်လိုက်သည်။ထွက်ခွာမသွားခင်တွင် သူမကျေနပ်သွားရလေပြီ။မိဘများနှင့်အဘွားဖြစ်သူ၏ချစ်မေတ္တာကို ခံစားလိုက်ရပြီဖြစ်၏။အခြားရွာသားများမှာလည်း ပါးစပ်အဟောင်းသားဖြင့် အံ့သြနေကြလေသည်။အဘိုးချီက ဘယ်လိုလုပ်ဒီလောက်ရက်စက်တဲ့အလုပ်ကို လုပ်ရက်တာပါလိမ့်။ရွာလူကြီးမှာ ဝင်ရောက်ဖျန်ဖြေပေးလိုက်သည်။
"အစ်ကိုချီရေ သားပဲဖြစ်ဖြစ်သမီးပဲဖြစ်ဖြစ် အတူတူပါပဲဗျာ၊သမီးမိန်းကလေးတွေလဲ ကောင်းကင်တစ်ဝက်ကို ပင့်မထားနိုင်တာပဲ၊ထောင်ဟွားကိုသာ ကြည့်ပါလား၊ကျိုးအာ့ရှုတို့လင်မယားမှာ ဒီလောက်တော်တဲ့ သမီးတစ်ယောက်ရှိနေတာကို ဘယ်သူကအားမကျဘဲနေမှာလဲ၊သမီးမိန်းကလေးတွေကလဲ မိသားစုဂုဏ်ကိုမြှင့်တင်ပေးနိုင်ပါတယ်၊ခင်ဗျားကတော့ သားနဲ့ချွေးမကိုစိမ်းကားအောင် လုပ်နေတာပဲ၊ဒါက ခင်ဗျားလိုချင်တဲ့ရလဒ်လား"
အဘိုးချီသည် ရွာလူကြီးစကားများကို တွေးတောဆင်ခြင်ရင်း နားထောင်နေမိသည်။
"အဘွား မေမေ ဖေဖေ နှုတ်ဆက်ခဲ့ပါတယ်နော်၊သမီး သွားရတော့မယ်"
မွေးကင်းစကလေးဝိညာဉ်လေး၏ အသံ ထွက်ပေါ်လာလေသည်။နေရောင်ခြည်မှ သူမအပေါ်သို့ကျရောက်လာသည်နှင့် သူမဝိညာဉ်သည် ယခင်ကထက်များစွာ အားနည်းသွားလေ၏။ကျုံးရှောင်ရှီ စိုးရိမ်တကြီးဖြင့်မေးလိုက်သည်။
"ညီမလေးထောင်ဟွား စန်းနီဘာဖြစ်သွားတာလဲ၊သူက အချိန်မရွေးပျောက်သွားတော့မယ့်ပုံပေါက်နေတယ်နော်"
တစ်ကယ်တမ်းတွင် သူမသည်စန်းနီဝိညာဉ်ကွဲလွင့်သွားမည်ကို ပို၍ ကြောက်ရွံ့နေခြင်းဖြစ်သည်။ကျိုးထောင်ဟွားသည် မွေးကင်းစကလေးဝိညာဉ်လေးကို တစ်ချက်ကြည့်ပြီး ရှင်းပြလိုက်၏။
"သူ့မှာအချိန်မရှိတော့ဘူး၊အရင်ကမိုးသီးမုန်တိုင်းနဲ့အပူချိန်ထိုးကျတာတွေကြောင့် သူ့ဝိညာဉ်ကလူ့လောကမှာ လွတ်လွတ်လပ်လပ်နဲ့သွားလာနိုင်ခဲ့သလို သူ့ဝိညာဉ်ကျင့်ကြံမှုတွေလဲ ပိုအားကောင်းလာပြီး အစ်မရှောင်ရှီရဲ့အသိစိတ်ကို ထိန်းချုပ်နိုင်ခဲ့တာလေ၊ဒါပေမယ့် အခုမိုးသီးမုန်တိုင်းပြီးသွားတဲ့အပြင် အပူချိန်တွေလဲ ပြန်တက်လာတော့ အရင်ကသူ့ကို အထောက်အကူပြုခဲ့တဲ့အရာတွေက အန္တရာယ်ဖြစ်လာပြီ၊တစ်ကယ်လို့ သူသာလူ့လောကမှာဆက်နေမယ်ဆိုရင် သူ့ဝိညာဉ်ကွဲထွက်သွားလိမ့်မယ်"
"ညီမလေးထောင်ဟွား စန်းနီကို မြေအောက်ကမ္ဘာရောက်အောင် ပို့ပေးပါနော်၊ဒါမှ သူလဲမိသားစုကောင်းကောင်းမှာပြန်ဝင်စားပြီး နောက်ဘဝမှာလူကောင်းလေးဖြစ်လာနိုင်မှာ"
ကျုံးရှောင်ရှီသည် မွေးကင်းစကလေးဝိညာဉ်လေးအပေါ် အပြစ်ရှိစိတ်ခံစားနေရသည်။ကျိုးထောင်ဟွား ခေါင်းငြိမ့်ပြလိုက်၏။ကံကောင်းသည်မှာ ကောက်ရိုးဖျာအကာအကွယ်ရှိနေပြီး နေရောင်ခြည် အနည်းငယ်သာထိုးဖောက်ဝင်ရောက်နိုင်သဖြင့် မွေးကင်းစကလေးဝိညာဉ်လေးကို အလွန်အမင်းထိခိုက်မှုမရှိစေပေ။အပြင်ဘက်တွင် နေရောင်ခြည်အလွန်ပြင်းထန်သဖြင့် မွေးကင်းစကလေးဝိညာဉ်လေးအတွက် အပြင်ထွက်ရန်မသင့်တော်သောကြောင့် ကျိုးထောင်ဟွားသည်တဲထဲ၌ပင် မြေအောက်ကမ္ဘာသို့သွားရာလမ်းကို တိုက်ရိုက်ဖွင့်ပေးလိုက်လေသည်။
မွေးကင်းစကလေးဝိညာဉ်လေး လူတိုင်းမြင်ကွင်းမှ လုံးဝပျောက်ကွယ်သွားသောအခါ ရွာလူကြီးသည် ကျိုးထောင်ဟွားနားလျှောက်လာပြီး မေးလိုက်၏။
"ထောင်ဟွား မိုးသီးမုန်တိုင်းနဲ့အပူချိန်ထိုးကျတာတွေကပြီးသွားပြီလား"
ကျိုးထောင်ဟွား ခေါင်းငြိမ့်ပြလိုက်သည်ကိုမြင်သောအခါ လူတိုင်းဝမ်းသာအားရဖြင့် အော်ဟစ်လိုက်ကြပြီး သူတို့အပိုင်ဆေးပင်စိုက်ခင်းများသို့ပြန်ကာ တဲများပေါ်မှကောက်ရိုးဖျာများကို ဖြုတ်သိမ်းရန် ပြင်လိုက်ကြသည်။အဘွားစွင်းမှာ လူတိုင်းကိုအမြန် လှမ်းခေါ်ပြီး ဖိတ်ကြားလိုက်၏။
"ရွာသူရွာသားတို့ရေ ကျွန်မရဲ့မြေးလေးက ဆယ့်ရှစ်ရက်နေ့ကျရင် မင်္ဂလာဆောင်တော့မှာပါ၊အားလုံးပဲ မင်္ဂလာဆောင်စားသောက်ပွဲကိုကြွခဲ့ကြပါဦး"
လူတိုင်းအံ့သြသွားကြသည်။ဆယ့်ရှစ်ရက်နေ့ ဟုတ်လား။ကျန်းရှီမှ မေးလိုက်သည်။
"ဘယ်လ ဆယ့်ရှစ်ရက်နေ့လဲ"
သူမတို့မိသားစုတွင်လည်း မကြာမီမင်္ဂလာပွဲရှိလာတော့မည်ဖြစ်သည်။စတုတ္ထလဆယ်ရက်ရက်နေ့ဖြစ်ပြီး တစ်လကျော်သာလိုတော့သဖြင့် စီစဉ်စရာများစွာကျန်နေသေး၏။
"ဒုတိယလ ဆယ့်ရှစ်ရက်နေ့လေ"
အဘွားစွင်း ရယ်မောကာပြောလိုက်သည်။
ဟမ်!
ရှိနေသူအားလုံး ထိုအဖြေကိုကြားလိုက်ရသည်နှင့် မှင်သက်သွားကြသည်။ကျန်းရှီမှာ ပို၍ပင်မယုံနိုင်ဟန်ရှိနေရာ မေးလိုက်၏။
"နောက်ထပ်သုံးရက်ပဲ လိုတော့တာမလား အချိန်မီပါ့မလား"
ကျန်းရှီလည်း သူ့အမြင်ကိုပြောလာ၏။
"နည်းနည်းများလောလွန်းမနေဘူးလား၊နောက်တစ်လလောက်တော့ စောင့်လိုက်တာမဟုတ်ဘူး"
အဘွားစွင်း ခေါင်းကိုတဆတ်ဆတ်ခါယမ်းလိုက်ပြီး ပြောလာ၏။
"မလောပါဘူး၊ငါ့မြေးလေးက ဆယ့်ခုနစ်နှစ်တောင်ရှိနေပြီပဲဟာ၊ပြီးတော့ ငါ တွက်ချက်ကြည့်ပြီးပြီလေ ဒုတိယလဆယ့်ရှစ်ရက်နေ့က ရက်ရာဇာပဲ၊အဲ့နေ့မှာ မင်္ဂလာဆောင်ရင် သူတို့လဲသေချာပေါက်သိုက်သိုက်ဝန်းဝန်းနဲ့ စီးပွားတက်မယ့် ဘဝကိုပိုင်ဆိုင်ရမှာ"
အဘွားစွင်းမှ ထိုသို့ပြောလိုက်သည်ကြောင့် လူတိုင်းလည်းဆက်၍ဖြောင်းဖျမနေတော့ပေ။သို့သော် လူတိုင်းထံတွင် မေးခွန်းတစ်ခုရှိနေသေးသည်။
"အဒေါ်စွင်း ရှောင်ဖုန်းရဲ့ဇနီးလောင်းက ဘယ်မိသားစုကလဲ"
ကျိုးမိသားစုသည် ဟေးနျိုရွာမှရွာအလှပဂေးလေးကျန်းချိုက်ရှနှင့် လက်ထပ်မည့်ကိစ္စကို ဖျက်သိမ်းလိုက်ပြီးဖြစ်ရာ လူတိုင်းစိတ်ထဲတွင် ခန့်မှန်းချက်အချို့ရှိနေကြပြီဖြစ်သည်။အဘွားစွင်း ပြုံးလျက်ဖြင့်ပြန်ဖြေလိုက်၏။
"ဟေးနျိုရွာက ကျန်းမိသားစုရဲ့သမီးအကြီးဆုံးလေ၊ယဉ်ကျေးသိမ်မွေ့ပြီး အိမ်မှုကိစ္စနိုင်နင်းတဲ့ကလေးပဲ နာမည်ကကျန်းချွေ့အာတဲ့"
ကျန်းချွေ့အာဖြစ်ကြောင်းသိလိုက်ရသောအခါ လူတိုင်းလည်းဝမ်းမြောက်ဝမ်းသာဖြင့်ဂုဏ်ပြုစကားဆိုလာကြသည်။ကျန်းချွေ့အာသည် နာမည်ကောင်းရှိသူတစ်ဦးပင်ဖြစ်လေ၏။မိုးသီးမုန်တိုင်းနှင့်အပူချိန်ထိုးကျခြင်းတို့မှာ လဝက်ခန့်ကြာမြင့်ခဲ့သော်လည်း တဲများ၏အကာအကွယ်ကြောင့် ဆေးပင်များလုံးဝနီးပါး ရေခဲရိုက်ခြင်းမခံခဲ့ရပေ။
နောက်တစ်ဆင့်အနေဖြင့် လူတိုင်းသည်ငွေရရန်အတွက် နှမ်းရွက်များကို ခူးဆွတ်ရောင်းချနိုင်ပြီပင်။ထို့နောက်ရက်အနည်းငယ်အကြာ တတိယလ သို့မဟုတ် စတုတ္ထလလောက်တွင် ယီမူချောင်တို့ကိုလည်း အပင်လိုက်ရိတ်သိမ်းပြီး ရောင်းချနိုင်ပေတော့မည်။အဘွားစွင်းသည် မြို့တက်ပြီး တင်တောင်းပစ္စည်းများဝယ်ယူရန်အတွက် ကျိုးထောင်ဟွားထံမှ လှည်းငှားလိုက်လေသည်။သုံးရက်သာလိုတော့သဖြင့် သူမအလျင်လိုနေလေပြီဖြစ်၏။
ဟေးနျိုရွာတွင်း၌
လဝက်ခန့်အလုပ်ရှုပ်ပြီးနောက် ကျန်းမိသားစုသည် မင်္ဂလာပွဲအတွက်လိုအပ်သည်များအားလုံးကို အဆင်သင့်ပြင်ဆင်ပြီးဖြစ်ကာ ဆယ့်ရှစ်ရက်နေ့တွင် ကျိုးဖုန်းလာရောက်ကြိုဆိုမည့်အချိန်ကိုသာ စောင့်မျှော်နေကြလေသည်။ကျန်းမိသားစုတစ်ခုလုံးသည် ပျော်ရွှင်ဖွယ်ရာ ပွဲလမ်းသဘင်အငွေ့အသက်များဖြင့် ပြည့်နှက်နေသော်လည်း ခွဲခွာရတော့မည် ဖြစ်၍ ဝမ်းနည်းစိတ်များလည်းရှိနေကြ၏။ကျန်းကျူးအာသည် ကျန်းချွေ့အာကိုဖက်ထားပြီးပြောလိုက်သည်။
"အစ်မ ညီမတော့အစ်မကိုမခွဲနိုင်ဘူး၊မသွားပါနဲ့လား အစ်မသွားရင် အိမ်မှာညီမတစ်ယောက်တည်း ကျန်ခဲ့မှာ"
ယွီရှီမှာ သူမခေါင်းကို ဖွဖွလေးခေါက်ကာပြောလိုက်သည်။
"ညည်းအစ်မက မင်္ဂလာမဆောင်လို့ဘယ်ဖြစ်ပါ့မလဲ၊ညည်းလဲ အရွယ်ရောက်လာရင်အိမ်ထောင်ပြုရမှာပဲလေ"
ဤကျန်းမိသားစုနှင့်မတူဘဲ တစ်ဖက်ရှိကျန်းမိသားစုအခြေအနေမှာတော့ လုံးဝ ကွာခြားနေလေသည်။ကျန်းချိုက်ရှသည် ပစ္စည်းများကို ပစ်ပေါက်နေပြီး အော်ဟစ်ပြောဆိုနေ၏။
"အစ်ကိုဖုန်းက ကျွန်မကိုနှစ်ဆယ့်ရှစ်ရက်နေ့ကျ လာခေါ်မယ်လို့ပြောထားပါတယ်ဆို ဘာလို့မယုံကြတာလဲ၊ဘာလို့ ကျွန်မအတွက် မင်္ဂလာပွဲပြင်ဆင်မပေးကြတာလဲ၊နောက်ထပ်ဆယ့်သုံးရက်ပဲလိုတော့တာ အချိန်မမီဘဲနေလိမ့်မယ်"
ကျန်းမိသားစုဝင်များသည် သူမအားအရူးမတစ်ယောက်အားကြည့်နေသည့်အလား ကြည့်လိုက်ကြသည်။ကျန်းကန်မှ နှစ်သိမ့်လိုက်၏။
"ချိုက်ရှ မင်းကျိုးဖုန်းကိုတစ်ကယ် လက်ထပ်ချင်နေတယ်ဆိုတာ အစ်ကိုတို့ သိပါတယ်၊ဒါပေမယ့် ကျိုးအိမ်ဟောင်းက ကျန်းမိသားစုနဲ့မင်္ဂလာကိစ္စစီစဉ်ပြီးသွားပြီ၊ကျိုးဖုန်းက နောက်သုံးရက်နေရင် ကျန်းချွေ့အာကို လက်ထပ်တော့မှာ"