အခန်း (၉၈)
Vol. 10 Ch. 98
"မဖြစ်နိုင်ဘူး လုံးဝမဖြစ်နိုင်ဘူး၊အစ်ကိုဖုန်းက တင်တောင်းငွေတေးနှစ်ဆယ်ရယ် လူရှစ်ယောက်ထမ်းတဲ့ထမ်းစင်ကြီးရယ်နဲ့ ကျွန်မကိုလာကြိုပါ့မယ်လို့ပြောထားတာ၊ကျန်းချွေ့အာကို သူလက်ထပ်စရာအကြောင်း မရှိဘူး"
ကျန်းချိုက်ရှသည် ခုံပုလေးပေါ်မှနေဒေါသတကြီးခုန်ထလိုက်ပြီး ကျိန်ဆဲလေတော့သည်။
"အဲ့မြေခွေးမကျန်းချွေ့အာက ငါ့ယောက်ျားကို ထပ်လုဖို့လုပ်နေတာပဲ၊ငါ သူ့မျက်နှာကို ကုတ်ဖဲ့ပစ်မယ်"
ကျန်းချိုက်ရှပြောပြီးသည်နှင့် အပြင်သို့ပြေးထွက်သွားရန်ပြင်လိုက်သည်။အဖေကျန်းအော်ပြောလိုက်၏။
"သူ့ကို တားကြစမ်း"
သူတို့ကျန်းမိသားစုနှင့်ထိုကျန်းမိသားစုမှာ တစ်ရွာတည်းသားများဖြစ်ကြပြီး မျက်နှာချင်းဆိုင်တွေ့နေရသူများပင်။ကျိုးအိမ်ဟောင်းမှနေ ကျန်းမိသားစုထံ တင်တောင်းငွေပို့လိုက်သည့်အကြောင်း သူလည်းကြားထားသည်။အောင်သွယ်တော်ယိုကိုယ်တိုင် သွားရောက်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ကျိုးအိမ်ဟောင်းမှနေ မင်္ဂလာစရိတ်အတွက် နောက်ထပ်ငွေသုံးတေးပိုပေးခဲ့သေးသည်ဟုဆို၏။
ကျိုးအိမ်ဟောင်းအနေဖြင့် ကျန်းမိသားစုနှင့်အမြန်ဆုံးလက်ထပ်စေချင်နေကြောင်းမှာ ထင်ရှားနေသည်။ဤအချိန်မှ ချိုက်ရှသာ ပြဿနာသွားရှာလိုက်လျှင် သူမမျက်နှာပျက်ရုံသာမက လူရယ်စရာပါဖြစ်သွားပေလိမ့်မည်။နောက်ပိုင်း သူမအတွက် ဟေးနျိုရွာတွင်သာမကရွာနီးချုပ်စပ်တွင်ပါ ခင်ပွန်းရှာဖို့ခက်ခဲသွားမည်မှာအသေအချာပင်။ကျန်းညီအစ်ကိုသုံးယောက်မှာ သူမအားအမြန်ဆွဲထားကြပြီးပြောလိုက်၏။
"ချိုက်ရှ စိတ်ကိုအေးအေးထားစမ်းပါ၊ကျိုးဖုန်းက တစ်ကယ်ကြီးကျန်းချွေ့အာကိုယူတော့မှာ၊မင်းပေါက်ကရတွေမလုပ်စမ်းပါနဲ့၊အစ်ကို့ကို မေးမယ်ဆိုရင်တော့ ကျိုးဖုန်းက လူယုတ်မာပဲ၊သူကမင်းကို လိမ်သွားတာ၊အဲ့လိုဆိုမှတော့ မကောင်းတဲ့အဲ့အကောင်ပေါ်မှာပဲ ငြိတွယ်မနေပါနဲ့တော့၊ပြီးတော့မင်းကလဲ အဲ့လောက်တောင်အ,ရလား၊တင်တောင်းငွေတေး နှစ်ဆယ်ရယ် လူရှစ်ယောက်ထမ်းတဲ့ ထမ်းစင်ကြီးနဲ့လာကြိုမယ်ဆိုတဲ့ သူ့စကားကိုယုံနေရသေးတယ်၊ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ကျန်းချိုက်ရှမျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုများဖြင့်ပြည့်နှက်နေသည်။မည်သည်တို့မှာ အမှန်တစ်ကယ်ဖြစ်ပျက်နေသည်အား သူမတစ်ယောက်တည်းသာ သိပေ၏။သူမတောင်းဆိုသောအချက်နှစ်ချက်မှာ ကျိုးဖုန်းစိတ်ကူးလုံးဝ မဟုတ်ပေ။သူမမှ ကျိုးဖုန်းထံပြောလိုက်သည်နှင့် ကျိုးဖုန်းမှာသေချာပေါက်လက်ခံပြီး ကတိတည်စေရမည်ဟု ထိုအမျိုးသမီးမှ သူမအားကတိပေးခဲ့သည်ကြောင့်သာ ယုံကြည်မိခဲ့ခြင်းဖြစ်သည်။
ကျန်းချိုက်ရှ အင်္ကျီလက်အောက်တွင်ဖုံးကွယ်ထားသော သူမလက်ကောက်ဝတ်ကို ငုံ့ကြည့်လိုက်မိ၏။သေချာကြည့်လျှင် လက်ကောက်ဝတ်ပေါ်တွင် မှိုကဲ့သို့အကွက်များဖြစ်ပေါ်နေသည်ကို တွေ့ရပေမည်။ဒုတိယလနှစ်ဆယ့်ရှစ်ရက်နေ့ကျလျှင် ကျိုးဖုန်းမှတင်တောင်းငွေတေးနှစ်ဆယ်အပြင် လူရှစ်ယောက်ထမ်းသည့်ထမ်းစင်ကြီးနှင့်လာကြိုဖို့အတွက်သာ ထိုအမျိုးသမီး၏အကူအညီကို လက်ခံခဲ့ခြင်းဖြစ်သည်။သူမ ဒေါသတကြီးဖြင့် ပြန်ပြောလိုက်၏။
"ရှင်ကျွန်မကို ကူညီမယ်လို့ကတိပေးထားတယ်လေ၊ကျိုးဖုန်းက ကျွန်မကိုလက်ထပ်မယ်ဆိုတာ ဒါလား၊သူကအခြားတစ်ယောက်ကို လက်ထပ်တော့မှာ၊အခု ကျွန်မကရှင့်အတွက် ဘာလဲ အသုံးချခံလား"
ခဏအကြာတွင် သူမစိတ်ထဲ၌ ထိုအမျိုးသမီးအသံထပ်မံထွက်ပေါ်လာလေသည်။
"တစ်ယောက်ယောက်က ကျိုးဖုန်းအပေါ်မှာထားတဲ့ ငါ့ရဲ့ထိန်းချုပ်မှုကို ဖြတ်တောက်လိုက်လို့ပါ၊သူတို့က ဆယ့်ရှစ်ရက်နေ့ရောက်မှ မင်္ဂလာဆောင်ကြမှာလေ၊အခု ကျိုးဖုန်းကိုသွားရှာလိုက်လဲ အချိန်မနှောင်းသေးပါဘူး၊ငါ သူ့ကိုပြန်ပြီးထိန်းချုပ်လိုက်မယ်"
ကျန်းချိုက်ရှခန္ဓာကိုယ်ကို လုံးဝပူးကပ်နိုင်ရန်အတွက် ကျန်းချိုက်ရှဆီမှ နောက်ထပ်ကတိတစ်ခု ထပ်ရရန်လိုအပ်ပေသည်။ကျန်းချိုက်ရှ ဒေါသတကြီးဖြင့်ပြောလိုက်၏။
"ဒါဆို ကျွန်မ ရှင့်ကို နောက်တစ်ကြိမ် ထပ်ယုံကြည့်လိုက်မယ်"
ကျန်းချိုက်ရှ တစ်ယောက်တည်းစကားပြောနေသည်ကို နားထောင်နေကြသော အဖေကျန်းနှင့်ကျန်းညီအစ်ကိုသုံးယောက်မှာ ကြောင်အမ်းအမ်းဖြင့် အချင်းချင်းကြည့်နေမိကြသည်။ချိုက်ရှတစ်ယောက် ကျိုးဖုန်းကြောင့်များ ရူးသွားပြီလား။နောက်တစ်ခဏတွင် ကျန်းချိုက်ရှသည် အပြင်သို့ထပ်ထွက်ရန်ပြင်လိုက်ပြန်ရာ ကျန်းညီအစ်ကိုသုံးယောက်မှာ ကြောက်လန့်တကြားဖြင့်ဆွဲထားလိုက်ကြပြန်သည်။ကျန်းချိုက်ရှရှင်းပြလိုက်၏။
"ကျွန်မ ကျန်းချွေ့အာရဲ့မျက်နှာကို မကုတ်တော့ပါဘူး၊ကျိုးဖုန်းကို သွားရှာပြီး ရှင်းပြခိုင်းမလို့လေရတယ်မလား"
ကျန်းညီအစ်ကိုသုံးယောက်သည် ဆုံးဖြတ်ချက်မချရဲသဖြင့် သူတို့အဖေထံလှမ်းကြည့်လိုက်ကြသည်။အဖေကျန်းမှာ ခေါင်းငြိမ့်ပြလိုက်ပြီး ကျန်းချိုက်ရှမှ ပြဿနာရှာမည်စိုး၍ရော သူမပြောသည်မှာအမှန်ဟုတ်မဟုတ် စစ်ဆေးရန်အတွက်ပါ သားသုံးယောက်ဖြစ်သော ကျန်းကန်၊ကျန်းလီနှင့်ကျန်းရှန်းတို့ကို အဖော်လိုက်သွားခိုင်းလိုက်၏။
မကြာမီ မောင်နှမလေးယောက်သည် ကျိုးကျားရွာသို့ရောက်ရှိလာကြသည်။မိုးသီးမုန်တိုင်းတိတ်သွားကာစဖြစ်သော်လည်း အပူချိန်မှာလျင်မြန်စွာမြင့်တက်လာပြီး အေးစက်တောင့်တင်းနေသောလေထုသည် ဖြည်းဖြည်းချင်းနွေးထွေးလာနေပြီပင်။အမိုးစွန်းအောက်တွင် ကျန်ရှိနေသေးသော ရေခဲအချောင်းများမှ ရေစက်များသည် နွေးထွေးသော နေရောင်အောက်တွင် တစက်စက်ကျဆင်းနေသည်။
မြေကြီးပေါ်ရှိ အရွယ်အစားအမျိုးမျိုးရှိသော မိုးသီးများသည်လည်း ရေအေးများအဖြစ်အရည်ပျော်ကျလာပြီး မြေကြီးထဲသို့စိမ့်ဝင်သွားရာ မြေပြင်တစ်ခုလုံးမှာ ရွှံ့ဗွက်များဖြင့်စိုစွတ်နေလေ၏။ကျိုးဖုန်းသည် ဆေးပင်စိုက်ခင်းထဲတွင်အလုပ်ရှုပ်နေပြီး မူသုံးဆယ်ရှိသောစိုက်ခင်းမှ ကောက်ရိုးဖျာများအားလုံးကို ဖယ်ရှားနေလေသည်။အပူချိန်မြင့်တက်လာသည်နှင့်အမျှ ကောက်ရိုးဖျာများကိုအမြန်မဖယ်ရှားပါလျှင် အပူကြောင့်ဆေးပင်များ ပျက်စီးသွားနိုင်၏။
မင်္ဂလာပွဲနီးကပ်နေပြီဖြစ်သော်လည်း ဤကိစ္စသည်အရေးကြီးလှရာ ချက်ချင်းပြီးစီးအောင် လုပ်ဆောင်ရမည့်အရာ ဖြစ်သည်။ကျိုးဖုန်းအလုပ်ရှုပ်နေစဉ်မှာပင် ရင်းနှီးနေသောအသံတစ်ခုကို ရုတ်တရက်ကြားလိုက်ရ၏။
"ကျိုးဖုန်း ဒုတိယလနှစ်ဆယ့်ရှစ်ရက်နေ့ကျရင် တင်တောင်းငွေတေးနှစ်ဆယ်ရယ် လူရှစ်ယောက်ထမ်းတဲ့ထမ်းစင်ကြီးရယ်နဲ့ ကျွန်မအိမ်ကိုလာပြီးတင်တောင်းရမယ်နော်"
ကျိုးဖုန်း ဘေးလှည့်ကြည့်လိုက်ရာ ကျန်းချိုက်ရှရပ်နေသည်ကို တွေ့လိုက်ရသည်။သူမနောက်တွင် သူမ၏အစ်ကိုသုံးယောက်ရပ်နေပြီး သူတို့မျက်နှာများမှာ အလွန်အမင်းအရှက်ရနေပုံပေါက်နေ၏။ကျန်းချိုက်ရှစကားများကို ကြားလိုက်ရပြီးနောက် ညီအစ်ကိုသုံးယောက်မှာ မြေ လျှိုးမိုးပျံချင်လောက်အောင် ရှက်ရွံ့နေမိသည်။
မလှမ်းမကမ်းတွင် ကျိုးတချမ်းနှင့်ကျိုးစန်းရှီတို့သည်လည်း ကောက်ရိုးဖျာများကို ဖယ်ရှားရန် အလုပ်ရှုပ်နေကြ၏။ကျန်းချိုက်ရှရောက်လာသည်ကို မြင်လိုက်ရသောအခါ သူမမှကျိုးဖုန်းကို နောက်တစ်ကြိမ်ပြုစားပစ်မည်အားစိုးရိမ်သွားကြသည်။ကျိုးဖုန်းမှာ ပါးစပ်ဟလိုက်ပြီး ကျန်းချိုက်ရှ၏အရှက်မရှိသော တောင်းဆိုမှုကို သဘောတူလိုက်တော့မည့်ဟန် ပြင်လိုက်စဉ်မှာပင် သူတို့နှစ်ယောက် အပြေးအလွှားရောက်လာပြီး အော်ဟစ်လိုက်ကြ၏။
"ရှောင်ဖုန်း သူ့စကားကိုနားမထောင်နဲ့"
ကျိုးဖုန်းရင်ဘတ်၌ ရုတ်တရက်နွေးထွေးသွားပြီး ယခင်၌မှေးမှိန်နေသောမျက်လုံးများမှာ ချက်ချင်းကြည်လင်လာလေ၏။သူသည်အင်္ကျီရင်ဘတ်ထဲသို့ လက်နှိုက်လိုက်ရာ ပြာမှုန့်တစ်ဆုပ်ကိုစမ်းမိလိုက်သည်။သူ့မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားရ၏။ဤသည်မှာကျိန်စာတစ်ခုကို ကာကွယ်ပေးလိုက်သော အဆောင်တစ်ခုဖြစ်သည်။ကျန်းချိုက်ရှထံ ဒေါသတကြီးဖြင့် သူအော်လိုက်တော့၏။
"မင်းကငါ့ကို ထပ်ပြီးကျိန်စာတိုက်ဖို့ ကြိုးစားနေတာလား"
သူသည်သရဲတွေ့လိုက်ရသကဲ့သို့ဖြစ်သွားပြီး ကျန်းချိုက်ရှနှင့် ဝေးနိုင်သမျှဝေးဝေးနေရန် ဆန့်ကျင်ဘက်အရပ်သို့လှည့်ပြေးလေတော့သည်။အနောက်မှ လိုက်လာကြသော ကျိုးတချမ်းနှင့်ကျိုးစန်းရှီတို့သည် ကျိုးဖုန်းတစ်ယောက် ကျန်းချိုက်ရှ၏ပြုစားခြင်းကို မခံလိုက်ရသည်ကို မြင်မှသက်ပြင်းချနိုင်တော့၏။သူတို့မှာ ကျိုးဖုန်းထွက်ပြေးနိုင်ရန် ကာကွယ်ပေးလိုက်ကြသည်။ကျိုးဖုန်းထံတွင် ငြိမ်းချမ်းရေးအဆောင်ဆယ်ခုသာရှိ၏။အကယ်၍ကုန်သွားပါက ကျန်းချိုက်ရှစကားများကို သူပြန်နားထောင်ရတော့မည်။
"ရှင်တို့ ဘာလို့လမ်းပိတ်နေတာလဲ ဖယ်ပေး"
ကျိုးဖုန်း ဝေးရာသို့ထွက်ပြေးသွားသည်ကိုကြည့်ရင်း ကျန်းချိုက်ရှ ရူးမတတ် ဖြစ်နေလေသည်။သို့သော် ထိုလူနှစ်ယောက်မှာ တံတိုင်းကြီးအလား သူမရှေ့တွင် ပိတ်ရပ်ထားကြ၏။
*ဘုတ်*
သူမမျက်လုံးများ ပြာဝေသွားပြီး နောက်သို့လဲကျသွားလေတော့သည်။ကျန်းညီအစ်ကိုသုံးယောက်မှာ ထိတ်လန့်သွားကြ၏။
"ချိုက်ရှ ချိုက်ရှ ဘာဖြစ်သွားတာလဲ"
ကျန်းချိုက်ရှမှာ လူသေတစ်ယောက်အလား မလှုပ်မယှက်ငြိမ်သက်နေသည်။ထိုအခြေအနေကို မြင်လိုက်ရသောအခါ ကျိုးတချမ်းနှင့်ကျိုးစန်းရှီတို့မှာ ကြောက်လန့်သွားကြပြီး အမြန်လက်မြှောက်ပြကာပြောလိုက်၏။
"ငါတို့ သူ့ကိုမထိဘူးနော်၊သူ့ဘာသာ မူးလဲသွားတာ၊ငါတို့နဲ့ မဆိုင်ဘူး"
ကျန်းလီဒေါသတကြီးပြန်ပြောလိုက်သည်။
"ခင်ဗျားတို့သာ ကျွန်တော့်ညီမလေးကိုမတားရင် သူဒေါသထွက်ပြီး မူးလဲပါ့မလား"
ကျိုးတချမ်း : "သူက ငါ့သားကိုယူပါရစေဆိုပြီး အရှက်မရှိဇွတ်အတင်းလုပ်နေတာလေ၊မင်းကများ ပြောရဲသေးတယ်ပေါ့"
ကျန်းကန်မှာ အလန့်တကြားအော်ဟစ်လာ၏။
"ဒါ ဒါဘာကြီးလဲ၊ချိုက်ရှမျက်နှာပေါ်မှာ ဘာတွေ ပေနေတာလဲ၊လက်ပေါ်မှာလဲရှိနေပါလား"
တွန့်လိမ်ရှုပ်ထွေးနေသော မှိုအမျှင်များသည် ကျန်းချိုက်ရှမျက်နှာတစ်ခုလုံးကို ဖြည်းဖြည်းချင်းဖုံးလွှမ်းသွားပြီး သူမမျက်နှာပေါ်တွင် ဖျော့တော့သောအဝါရောင်ပိုးသားတစ်လွှာအုပ်ထားသကဲ့သို့ ဖြစ်နေသည်။သူမလက်များပေါ်တွင်လည်း ထိုအတိုင်းရှိနေကာ မှိုအမျှင်ကဲ့သို့သောအကွက်များပေါ်နေပြီး ကြည့်ရသည်မှာ အလွန်ထူးဆန်းနေလေ၏။
အကယ်၍သာ ကိုယ့်ညီမအရင်းမဟုတ်ခဲ့လျှင် ကျန်းကန်အနေဖြင့် သူမကိုလွှင့်ပစ်ခဲ့ပြီးလောက်ပြီဖြစ်သည်။ထိုအခြေအနေကို မြင်လိုက်ရသောအခါ ကျိုးတချမ်းပြောလိုက်၏။
"တွေ့လား ငါတို့သူ့ကိုမူးလဲအောင် လုပ်တာမဟုတ်ဘူး၊သူကိုယ်တိုင်ကိုက မသန့်ရှင်းတာတွေကပ်နေလို့ ဒီလိုဖြစ်နေတာ"
ကျန်းလီပြန်ချေပလာ၏။
"ခင်ဗျား ဘာပေါက်ကရတွေလာပြောနေတာလဲ၊ကျွန်တော့်ညီမလေးမှာ ဘာမသန့်ရှင်းတာမှမရှိဘူး"
"ညီလေး တော်တော့၊သူနဲ့ ရန်ဖက်ဖြစ်မနေနဲ့၊ချိုက်ရှကို ကျိုးကျားရွာက သမားတော်ဆီ အမြန်ပို့ရအောင်"
ကျန်းလီသည် ကျန်းချိုက်ရှကို ပွေ့ချီလိုက်ပြီး စိုက်ခင်းစပ်သို့လျှောက်သွားလိုက်သည်။ကျိုးတချမ်းသည် နောက်မှလိုက်သွားရင်း စေတနာဖြင့်သတိပေးလိုက်လေ၏။
"မင်းတို့ကွာ ငါ့စကားကိုယုံစမ်းပါ၊သူကသေချာပေါက် မသန့်ရှင်းတာတစ်ခုခု ကပ်ငြိနေတာပါဆို၊ငါ့တူမထောင်ဟွားကို သွားရှာလိုက်တာ ပိုကောင်းမယ်နော်၊သူပဲ ဒါကိုဖြေရှင်းနိုင်မှာ"