အခန်း (၁၀၀)
Vol. 10 Ch. 100
ကျိုးထောင်ဟွားသည်် မှို၏ပင်စည်ကို ပြောင်းပြန်ကိုင်ထားပြီး မေးလိုက်၏။
"သူ ဘယ်နေရာကနေအစာစားတာလဲ"
ကျိုးထောင်ဟွား၏ထိန်းချုပ်မှုအောက်တွင် မိခင်မှိုနတ်ဆိုးခန္ဓာကိုယ်တစ်ခုလုံးသည် တစ်ပေခန့်ထိကြီးထွားလာလေသည်။ရုတ်တရက် ကျိုးထောင်ဟွားသည် သူမရင်ဘတ်ထဲမှ အမြုတေတစ်ခုကိုထုတ်ကာ မိခင်မှိုနတ်ဆိုး၏ထိပ်ဖူးခေါင်းလောင်းပုံစံထဲသို့ ထည့်လိုက်လေ၏။
"!!!"
မိခင်မှိုနတ်ဆိုးသည် မယုံကြည်နိုင်ဟန်ဖြင့် ထိုအရာကိုခန္ဓာကိုယ်ထဲသို့စုပ်ယူလိုက်သည်။ဤအရာမှာ နှစ်ပေါင်းသုံးရာကျင့်ကြံခြင်းစွမ်းအားများ ပါဝင်သောအမြုတေပင်။
ဒါ ဒါက!
မိခင်မှိုနတ်ဆိုးဘာမှမတုံ့ပြန်နိုင်သေးခင်မှာပင် နှစ်ပေါင်းသုံးရာကျင့်ကြံခြင်းစွမ်းအားများသည် သူမခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်စီးဝင်သွားလေသည်။နောက်တစ်ခဏတွင် နတ်ဆိုးလေးကောင်မျက်စိရှေ့မှ ကျိုးထောင်ဟွားလက်ထဲရှိမှိုသည် လူအသွင်သို့ပြောင်းလဲသွားသည်ကို တွေ့လိုက်ရလေ၏။
သူမထံတွင် ရွှေရောင်ဆံနွယ်ရှည်များရှိပြီး ရေတံခွန်အလားဖြာကျနေကာ ပုလဲလုံးအရွယ်အစားခန့်ရှိသော မှိုမျိုးစေ့လေးများဖြင့် အလှဆင်ထားသည်။သူမသည် မှိုအများအပြားဖြင့်ပြုလုပ်ထားသော ထူးဆန်းသည့်ခေါင်းဆောင်းတစ်ခုကိုဆောင်းထားပြီး ထိုမှိုများသည် ရှေးဆန်ဆန်အညိုရောင်သမ်းနေကာ တောအုပ်ရနံ့များ သယ်ဆောင်လာသကဲ့သို့ခံစားရစေ၏။
သူမသည် အရောင်ဖျော့ဖျော့ဂါဝန်ရှည်ကိုဝတ်ဆင်ထားပြီး မျက်နှာသွင်ပြင်သည်လည်း နူးညံ့သိမ်မွေ့ကာသန့်စင်နေသည်။မျက်ဝန်းများသည် ကြည်လင်နက်ရှိုင်းပြီး နှာတံလေးမှာဖြောင့်စင်းကာ သေးငယ်လှ၏။နှုတ်ခမ်းနီနီလေးများမှာ အပေါ်သို့ အနည်းငယ်ကော့ညွှတ်နေသဖြင့် အသက်ဆယ့်ခြောက် ဆယ့်ခုနစ်နှစ်အရွယ် မိန်းကလေးတစ်ယောက်အလားထင်ရသည်။ကျိုးထောင်ဟွားသည် သူမကိုမြင်လိုက်ရသောအခါ မျက်လုံးများအရောင်တောက်လာပြီးရေရွတ်လိုက်မိ၏။
"အိုး လှလိုက်တာ"
သူမနှင့်အတူပါလာသော နတ်ဆိုးလေးကောင်အနက်လူသန်ကြီးမှလွဲ၍ ကျန်သုံးကောင်စလုံးမှာလည်း ရုပ်ရည်ချောမောကြသူများပင်ဖြစ်သည်။
"သခင်မလေးကို ဂါရဝပြုပါတယ်၊လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်နော်"
မိခင်မှိုနတ်ဆိုးသည် ဒူးလေးအနည်းငယ်ညွှတ်ကာအရိုအသေပေးလိုက်ပြီး လက်နှစ်ဖက်ကို ရှေ့တွင်ယှက်ထားလျက် တိုးတိုးလေးပြောလိုက်သည်။သူမအသံမှာ တောအုပ်ထဲမှအသာယာဆုံးသော ငှက်ကလေးများ၏တေးသံအလား နူးညံ့ချိုမြိန်လှ၏။ထိုသို့ပြောပြီးသည်နှင့် သူမခေါင်းမော့လိုက်ရာ သူမမျက်လုံးများသည် ကျိုးထောင်ဟွားထံမှမခွာတော့ဘဲ ဝမ်းမြောက်ခြင်းနှင့်မျက်နှာလိုမျက်နှာရပြုလိုခြင်းများ တောက်ပနေကာ မျက်နှာတစ်ခုလုံးတွင် မြှောက်ပင့်သောအပြုံးများဖြင့် ပြည့်နှက်နေလေသည်။
ဆယ့်ငါးနှစ်အရွယ် ဤရွာသူမလေးထံတွင် နှစ်ပေါင်းသုံးရာကျင့်ကြံခြင်းစွမ်းအားများပါဝင်သော အမြုတေရှိနေလိမ့်မည်ဟု သူမလုံးဝထင်မထားမိခဲ့သလို သူမအားဤမျှရက်ရက်ရောရောဖြင့် ပေးလာလိမ့်မည်ဟုလည်းထင်မထားခဲ့ပေ။သူမအနေဖြင့် ဤမျှစွမ်းအားကြီးမားသော အရှင်သခင်ကိုဖက်တွယ်ထားရပေမည်။သို့မှသာ အနာဂတ်တွင် ကျိုးထောင်ဟွားထံမှ အကျိုးကျေးဇူးများနှင့် အကာအကွယ်များပိုရရှိနိုင်မည်ပင်။
ကျိုးထောင်ဟွား သူမထံတစ်ချက်ကြည့်လိုက်သည်။သူမမျက်လုံးများသည် ပုတီးစေ့များအလားလည်နေပြီး တွက်ချက်မှုများပြည့်နှက်နေသည်ကိုတွေ့လိုက်ရ၏။သို့သော် ကျိုးထောင်ဟွားသည် သူများကြိုးဆွဲရာကမည့်သူမျိုး မဟုတ်ပေ။ကျိုးထောင်ဟွား အသာခေါင်းငြိမ့်ပြလိုက်ပြီးသည်နှင့် နောက်တစ်ခဏတွင် မိခင်မှိုနတ်ဆိုးသည် သူမကျင့်ကြံခြင်းစွမ်းအားများ ချိတ်ပိတ်ခံလိုက်ရသည်ကို ခံစားလိုက်ရသည်။သူမသည် ကျိုးထောင်ဟွားထံအံ့သြတကြီးဖြင့်ကြည့်လိုက်ပြီး
"သခင်မလေး......"
"နင့်ကိုလူအသွင်ပြောင်းခွင့်ပေးလိုက်တာက နင့်သဘောရှိလုပ်ချင်ရာလုပ်ဖို့ မဟုတ်ဘူး၊နောက်ဆို နင်ကသူတို့နဲ့တွဲလုပ်ရမယ်၊သူတို့အားလုံးက နင့်ထက်အကြီးတွေပဲ"
ကျိုးထောင်ဟွားပြောရင်း သူမအနောက်မှနတ်ဆိုးလေးကောင်နှင့် မိခင်မှိုနတ်ဆိုးကိုမိတ်ဆက်ပေးလိုက်သည်။သွေးနီရောင်ဂါဝန်ကိုဝတ်ဆင်ထားပြီး ကျစ်လျစ်လှပသောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် ရာသီသွေးမိစ္ဆာမှာ သူမထံလက်ပြနှုတ်ဆက်လိုက်၏။
"အိုး မင်္ဂလာပါကွယ်"
"အစ်မမှို မင်္ဂလာပါနော်"
ရွှေရောင်ဝတ်စုံနှင့်ဒူးရင်းသီးနတ်ဆိုးလေးမှ ချိုချိုသာသာဖြင့်ပြောလာသည်။
"ကြိုဆိုပါတယ်"
တောင်တစ်လုံးအလား ကြီးမားသောခန္ဓာကိုယ်နှင့် ကြွက်သားအဖုအထစ်များ ရှိသောလူသန်ကြီးမှ အသံဩဩဖြင့်ပြောလာသည်။
"ငါတို့နဲ့လက်တွဲလုပ်ဖို့ ကြိုဆိုပါတယ်"
ခရုနတ်ဆိုးသည် ချောမောသောလူငယ်လေးတစ်ဦးဖြစ်ပြီး ယဉ်ကျေးစွာပင်ပြောလိုက်သည်။မိခင်မှိုနတ်ဆိုး မျက်လုံးပြူးသွားရ၏။အစော၌ သူမအာရုံတစ်ခုလုံးသည် ကျိုးထောင်ဟွားအပေါ်၌သာ ရောက်နေခဲ့သည်။နှစ်ပေါင်းခြောက်ဆယ်ကျော်သာကျင့်ကြံရသေးသော မှိုတစ်ပွင့်သည်ရုတ်ချည်း နှစ်ပေါင်းသုံးရာစွမ်းအားများရရှိပြီး ချက်ချင်းလူသားအသွင်ပြောင်းနိုင်ခဲ့သည်ပင်။
သူမသည် ကျိုးထောင်ဟွားခြေသလုံးကို ဖက်ပြီး မျက်နှာရဖို့လောက်သာ စိတ်ဝင်စားခဲ့မိသည်။ကျိုးထောင်ဟွားနောက်ကွယ်တွင် ဤမျှများပြားသောနတ်ဆိုးများရှိနေလိမ့်မည်ဟု သူမလုံးဝ ထင်မထားခဲ့မိပေ။မိခင်မှိုနတ်ဆိုး၏မျက်နှာမှာ ခဏတာမျှတောင့်တင်းသွားသော်လည်း ချက်ချင်းနှုတ်ခမ်းထက်တွင် အပြုံးတစ်ခုပေါ်လာပြီး နတ်ဆိုးလေးကောင်အား ပြန်နှုတ်ဆက်လိုက်သည်။
"အားလုံးပဲ မင်္ဂလာပါ"
"ကဲ မိတ်ဆက်ပြီးပြီဆိုတော့ သွားကူလုပ်ကြရအောင်၊တဲပေါ်ကကျန်နေသေးတဲ့ ကောက်ရိုးဖျာတွေကို ဖယ်ပစ်ရမယ်"
ကျိုးထောင်ဟွားသည် မိခင်မှိုနတ်ဆိုးထံကြည့်လိုက်သည်။နောက်ထပ်လုပ်အားခပေးစရာမလိုတဲ့ အလုပ်သမားတစ်ယောက်မိသားစုထဲဝင်လာပြီပေါ့ကွာ။ကောက်ရိုးဖျာများ ဖယ်ရှားပြီးသည်နှင့် နှမ်းရွက်များကို ခူးဆွတ်ရပေဦးမည်။မိုးသီးမုန်တိုင်းနှင့်အပူချိန်ထိုးကျမှုတို့ကြောင့် ဆေးပင်စိုက်ခင်းထဲမှနှမ်းရွက်များကို တစ်လခွဲကြာသည်ထိ မခူးရသေးသလိုရောင်းလည်းမရောင်းချရသေးပေ။
ကောက်ရိုးဖျာများကို စောစောဖယ်ရှားနိုင်လေ နှမ်းရွက်များကိုစောစောခူးဆွတ်ရောင်းချနိုင်လေဖြစ်သည်။မိခင်မှိုနတ်ဆိုး၏အကူအညီသာပါလာလျှင် တစ်နေ့တာရိတ်သိမ်းမှု ပိုများလာပေမည်။သခင်ဖြစ်သူနှင့် လုပ်ဖော်ကိုင်ဖက်များအလုပ်လုပ်ရန် ထွက်သွားသည်ကို မြင်လိုက်ရသောအခါ မိခင်မှိုနတ်ဆိုးသည်လည်း အထင်ကြီးစရာတစ်ခုခုလုပ်ပြရန်အတွက် ချက်ချင်းနောက်မှလိုက်သွားလေတော့သည်။
နောက်တစ်နေ့တွင် ကျိုးထောင်ဟွားတို့မိသားစုမှာ ဆေးပင်များအားလုံးခူးဆွတ်ခြင်းပြီးစီးသွားခဲ့ပြီး ညနေစောင်းတွင် ပိုက်ဆံအချို့ရရှိခဲ့ကြ၏။တတိယမြောက်နေ့တွင် အခြားရွာသားများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ဝင်ငွေစတင်ရရှိလာကြသည်။နွေးထွေးသော နွေဦးလေပြေသည် အလွန်သက်တောင့်သက်သာရှိလှပြီး လူတိုင်းအိတ်ကပ်ထဲတွင် ဝင်ငွေအသစ်များရရှိထားကြသဖြင့် ပို၍ပင်နွေးထွေးနေသလို ခံစားနေကြရ၏။
ဆေးပင်စိုက်ခင်းငါးမူအထက် ပိုင်ဆိုင်သောရွာသားအများစုသည် နှမ်းရွက်ခူးရန်အတွက် လူငှားကြပြီး တစ်နေ့လျှင်ပြားနှစ်ဆယ်ပေးကြသဖြင့် တစ်နေ့တာဝင်ငွေပိုများလာကြသည်။ကျိုးကျားရွာမှ ဆေးပင်ခူးရန်လူငှားကြသဖြင့် အနီးအနားရွာများ၏ဝင်ငွေကိုပါ မြှင့်တင်ပေးနိုင်ခဲ့၏။နောက်ဆုံးတော့ ဒုတိယလဆယ့်ရှစ်ရက်နေ့ မနက်စောစော၌ရွာထဲတွင် ဗြောက်အိုးသံများ ဆူညံစွာထွက်ပေါ်လာလေသည်။
ကျိုးအာ့ရှုနှင့်ချမ်ရှီတို့သည် ကျိုးဖုန်း၏ဒုတိယဦးလေးနှင့်ဒေါ်လေး ဖြစ်ကြသဖြင့် မရှိမဖြစ်လိုအပ်သူများဖြစ်ကြ၏။သူတို့သည် စောင်နှင့်အိပ်ရာခင်းများအပြင် လက်ဖွဲ့အဖြစ်ပြားနှစ်ရာကို ယူဆောင်လာကြသည်။ကျိုးထောင်ဟွားလည်း မင်္ဂလာဆောင်စားသောက်ပွဲသို့ သူတို့နှင့်အတူ လိုက်သွားလေ၏။ကျိုးအိမ်ဟောင်း၏ခြံဝင်းအတွင်းနှင့်အပြင်ဘက်တွင် စားပွဲဝိုင်းများခင်းကျင်းထားသည်။
ရွာထဲတွင် အိမ်ထောင်စုတစ်ရာ့ခြောက်ဆယ်ရှိပြီး ကျိုးကျားရွာ၏ဓလေ့ထုံးတမ်းအရ အိမ်ထောင်စုတစ်ခုလျှင် လူတစ်ယောက်မင်္ဂလာဆောင်သို့ လာရောက်ကြရ၏။ပိုရင်းနှီးသော ဆွေမျိုးများဆိုလျှင် အိမ်ထောင်စုတစ်ခုမှနှစ်ယောက် သုံးယောက်လာတတ်ကြသည်။ထို့နောက် အဘိုးကျိုး၏မောင်နှမသားချင်းများလည်းရှိသေးရာ သူတို့အားလုံးလာရောက်ကြပေမည်။
ထို့အပြင် ချွေးမဖြစ်သူကျန်းမိသားစုဘက်မှလည်း တက်ရောက်ကြမည်ဖြစ်သည်။ထို့ကြောင့် ယနေ့ကျိုးမိသားစုအိမ်ဟောင်းတွင် စားပွဲဝိုင်း စုစုပေါင်းနှစ်ဆယ့်တစ်ဝိုင်းခင်းကျင်းထားပြီး အကူအညီပေးရန် စားဖိုမှူးများနှင့်စားပွဲထိုးများကိုပါ အထူးငှားရမ်းထား၏။
စားပွဲဝိုင်းတိုင်းတွင် ဖရဲစေ့နှင့်မြေပဲပန်းကန်တစ်ချပ်စီ ချထားသည်။ဟင်းပွဲများမလာခင် လူတိုင်းထိုင်ကာ ဖရဲစေ့စားရင်း စကားစမြည်ပြောကာ ကျိုးဖုန်းမှသတို့သမီးအား ခေါ်လာမည့်အချိန်ကို စောင့်မျှော်နေကြ၏။ယနေ့တွင် သတို့သားကျိုးဖုန်းအပြင် အဘွားစွင်း၊အဘိုးကျိုး၊ကျိုးတချမ်းနှင့်ကျိုးရှီတို့သည် လူတိုင်း၏ဂုဏ်ပြုစကားများကို နားထောင်ရင်း ပါးစပ်နားရွက်ချိတ်မတတ်ပြုံးပျော်နေကြလေသည်။
ကျိုးထောင်ဟွားသည် တိတ်တဆိတ်ပင်မြေပဲခွာစားရင်း လူတိုင်း၏ရယ်မောသံများကိုနားထောင်ကာ နှုတ်ခမ်းထောင့်များအနည်းငယ်ကော့ညွှတ်သွားမိ၏။ဤကဲ့သို့ပျော်ရွှင်စရာပွဲလမ်းသဘင် အငွေ့အသက်မျိုးကို သူမသဘောကျလေသည်။
"သတို့သမီး လာပြီဟေ့"
ခြံဝင်းအပြင်ဘက်မှ ရွာသားတစ်ယောက်မှာ ရုတ်တရက်အော်ပြောလာသည်။လူတိုင်းမှာ အပြင်သို့အပြေးအလွှားထွက်ကြည့်ကြရာ ကျိုးထောင်ဟွားလည်းပွဲကြည့်ရန် နောက်မှလိုက်သွားလိုက်၏။မင်္ဂလာဆောင်နေ့တွင် အပျော်ရွှင်ဆုံး ဖြစ်နေသော သတို့သမီးကိုမြင်လိုက်ရသည်မှာ ကျက်သရေရှိလှပေသည်။ရှည်လျားပြီး ပျော်ရွှင်ဖွယ်ရာနဂါးကြီးတစ်ကောင်အလား လှည့်လည်လာသော ယာဉ်တန်းသည် ရွာအဝင်ဝမှစတင်ဝင်ရောက်လာလေပြီ။
ကျိုးဖုန်းသည် သန်မာသောနွားတစ်ကောင်ကိုဆွဲလျက် အနီရောင်တောက်တောက်ဝတ်စုံသစ်ကို ဝတ်ဆင်ထားပြီး ရင်ဘတ်ပေါ်တွင်တပ်ဆင်ထားသော ပန်းပွင့်နီနီကြီးသည် နေရောင်အောက်တွင်တောက်ပနေသည်။လမ်းတစ်လျှောက်မှ ရွာသားများကိုပြုံးရွှင်စွာဖြင့် သူနှုတ်ဆက်လာလေ၏။သူ့နောက်တွင် ဆွေမျိုးသားချင်းများစွာ လိုက်ပါလာကြသည်။အချို့မှာ ကျန်းချွေ့အာ၏ခန်းဝင်ပစ္စည်းများကို သယ်ဆောင်လာကြပြီး အချို့သည်တော့ ဗုံမောင်းများ တီးခတ်လာကြရာ သက်ဝင်လှုပ်ရှားနေသော စည်းချက်သံများသည် ရွာတစ်ရွာလုံးကို ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားစေ၏။
ကျန်းချွေ့အာသည် ပွဲလမ်းသဘင်သုံးလိုက်ကာအနီဖြင့် အလှဆင်ထားသော လှည်းပေါ်တွင်ထိုင်လိုက်လာသည်။လှည်းသည် ဖြည်းညှင်းစွာရွေ့လျားလာပြီး ရပ်တန့်သွားသောအခါ ကျိုးယွီသည်ကြိုးကိုကူထိန်းပေးရန် ရှေ့တိုးလာပြီး ကျိုးဖုန်းမှာ အပြင်ဘက်သို့အမြန်သွားကာ ကျန်းချွေ့အာဆင်းနိုင်ရန် ကူပေးလိုက်၏။သူတို့နှင့်အတူပါလာကြသော ကျန်းမိသားစုဝင်များ၊အထူးသဖြင့် အဖေကျန်း၊ယွီရှီနှင့်ကျန်းကျူးအာတို့သည် ကျိုးဖုန်း၏ဂရုစိုက်တတ်ပုံကိုမြင်လိုက်ရသောအခါ ကျန်းချွေ့အာတစ်ယောက်လူမှန်ကိုရွေးချယ်ပြီး ဘဝကိုပုံအပ်ခဲ့ပြီဟု ခံစားလိုက်ကြရသည်။
ကျိုးအိမ်ဟောင်း၏ဝင်ပေါက်တွင် ရွာသားများအုပ်လိုက်ကြီး ရပ်နေကြ၏။ကျိုးထောင်ဟွားသည် သတို့သမီးကိုမြင်ချင်သော်လည်း အရပ်မမီသဖြင့် သူမမြင်ကွင်းမှာ လျင်မြန်စွာပိတ်ဆို့ခံလိုက်ရသည်။သူမ စိတ်လှုပ်ရှားစွာဖြင့် ခြေဖျားထောက်ပြီးခုန်ကြည့်ရန် ကြိုးစားနေစဉ် ရုတ်တရက် တစ်စုံတစ်ယောက်မှာ သူမအား လှမ်းဆွဲလိုက်သည်ကို ခံစားလိုက်ရ၏။
အစပိုင်းတွင် သူမဂရုမစိုက်မိသော်လည်း ထိုဆွဲအားကို နောက်တစ်ခါခံစားလိုက်ရပြန်သည်။သူမ လှည့်ကြည့်,ကြည့်ချင်းမှာပင် ရှန်းမင်ကိုတွေ့လိုက်ရလေ၏။