အခန်း (၂၁၈၉-၂၁၉၀)
Vol. 159 Ch. 2189-2190
အခန်း(၂၁၈၉)
လုံရှင်းယွင်ကို ရှင်းလင်းပြီးနောက်တွင် ကျန်းချန်သည် သွေးနတ်ဆိုးနတ်ဘုရင်နှင့် အတူ ထာဝရဘုရားကျောင်း၏ ဌာနခွဲသို့ တိုက်ရိုက်ပင် ပြန်လာခဲ့သည်။
ထို့နောက်တွင် သူ့အမေကို ခေါ်ဆောင်ကာ ထာဝရဘုရားကျောင်း၏ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်မှတစ်ဆင့် နတ်ကုန်းမြေတိုက် ဆီသို့ ဦးတည် ထွက်ခွာလာခဲ့သည်။
လက်ရှိအချိန်တွင် ကျန်းချန်သည် နတ်ဘုရင်အဆင့်ကို မထိုးဖောက်နိုင်သေးသော်လည်း သူ၏ စွမ်းရည်သည် နတ်ကုန်းမြေတိုက်မှ ထွက်ခွာလာစဥ်ကထက် အဆပေါင်းများစွာ ပိုမို သန်မာနေပြီ ဖြစ်၏။
သူ၏ ကျင့်ကြံခြင်းအဆင့်သည် ယခုအခါတွင် ကောင်းကင်အရှင်အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပြီး အပြာရောင်ဧကရာဇ်သက်ရှည်ကျင့်စဥ် ဟူသည့် ကောင်းကင်ကိုပင် ဆန့်ကျင်နေသော ဆန်းကြယ်သည့် နည်းစနစ်ကိုပါ တတ်မြောက်ထားခဲ့ပြီဖြစ်၏။
လက်ရှိအချိန်တွင် သူသည် နတ်ဘုရင်စတုတ္ထအဆင့် ကျင့်ကြံသူကိုပင် သတ်နိုင်စွမ်း ရှိနေခဲ့ချေပြီ။
ထိုမျှတင်မကသေးဘဲ သူ့တွင် သန္ဓေတာအိုနတ်လက်နက်နှင့်ပင် နှိုင်းယှဥ်နိုင်သော မဟာနဂါးကျောက်တိုင်လည်း ရှိနေသေး၏။
သူက မဟာနဂါးကျောက်တိုင်ကို ပိုင်ဆိုင်ထားသော်လည်း အခြေအနေကမူ သူတော်စင်နဂါးဘုရင်နှင့် အနည်းငယ် ကွာခြားသည်။
ဆိုရလျှင် သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့် မဟာနဂါးကျောက်တိုင်၏ စွမ်းအားကို သူတော်စင်နဂါးဘုရင် ကဲ့သို့ အသုံးမပြုနိုင်သေးပေ။
ထို့ကြောင့် သူတော်စင်နဂါးဘုရင် ကဲ့သို့ နတ်ဘုရင် သတ္တမအဆင့်ထက် မနိမ့်ကျသည့် ကြောက်မက်ဖွယ် တိုက်ခိုက်ရေးစွမ်းရည်မျိုးကို မထုတ်ဖော်နိုင်သေးချေ။
သို့သော်လည်း သူ၏ လက်ရှိစွမ်းရည်နှင့် မဟာနဂါးကျောက်တိုင်တို့ ပေါင်းစပ်လိုက်လျှင် သာမန် နတ်ဘုရင် ပဉ္စမအဆင့်နှင့် ဆဋ္ဌမအဆင့် ကျင့်ကြံသူများပင် သူ့ကို ခြိမ်းခြောက်ရန် လွယ်ကူတော့မည် မဟုတ်ပေ။
နတ်ကုန်းမြေတိုက်၏ အရှေ့ပိုင်းဒေသတွင် ဆရာသခင် စန်းမင်၏ ဟန့်တားထားမှုကြောင့် နတ်ဘုရင် စတုတ္ထအဆင့်ထက် မြင့်မားသော ကျင့်ကြံသူများသည် အရှေ့ပိုင်းဒေသသို့ အလွယ်တကူ ဝင်ရောက်၍ ပြဿနာမရှာရဲကြပေ။
ကျန်းချန်၏ လက်ရှိစွမ်းရည်ဖြင့် အလယ်ပိုင်းဒေသမှ လူသားဧကရာဇ်နန်းတော်နှင့် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုကဲ့သို့ ထိပ်တန်းအဆင့် အင်အားစုများကို မယှဥ်နိုင်သေးသော်လည်း အနည်းဆုံးတော့ အရှေ့ပိုင်းဒေသထဲတွင် သူ့ကို ခြိမ်းခြောက်နိုင်သည့် ကျင့်ကြံသူ မရှိသလောက်ပင်။
ကျန်းချန်သည် ထာဝရဘုရားကျောင်း၏ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်များမှတစ်ဆင့် ထာဝရဘုရားကျောင်း၏ အရှေ့ဘက်ဒေသ ပင်မခန်းမသို့ ရောက်ရှိလာခဲ့သည်။
ထို့နောက်တွင် ထာဝရဟင်းလင်းပြင်ထဲ၌ တစ်လနီးပါး ခရီးနှင်ခဲ့ပြီးမှသာ နတ်ကုန်းမြေတိုက်၏ အရှေ့ပိုင်းဒေသသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
ရက်အနည်းငယ်အကြာတွင် ကျန်းချန်သည် သူ့အမေနှင့် သွေးနတ်ဆိုးနတ်ဘုရင် တို့ကို အရှေ့ဘက်ဒေသရှိ ကျီမျိုးနွယ်စုဆီသို့ တိုက်ရိုက်ပင် ခေါ်ဆောင်လာခဲ့သည်။
ကျီမျိုးနွယ်စု ဆီသို့ ရုတ်တရက် ပြန်ရောက်လာသော ကျန်းချန်ကို မြင်လျှင် ခေါင်းဆောင်ကျီသည် အံ့အားသင့်သွားခဲ့သည်။
“ကျန်းချန်.. နတ်ဘုရင်အဆင့်ကို မထိုးဖောက်ရသေးဘဲ နတ်ကုန်းမြေတိုက်ဆီကို ပြန်မလာဖို့ စီနီယာစန်းမင် မင်းကို သတိပေးထားတယ် မဟုတ်လား.. ဘာလို့ ဒီလောက်အထိ မြန်မြန် ပြန်ရောက်လာရတာလဲ”
ခေါင်းဆောင်ကျီ၏ မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
လွန်ခဲ့သော နှစ်နှစ်ကျော်ခန့်က အလယ်ပိုင်းဒေသရှိ ကျီမျိုးနွယ်စုဝင်များနှင့်ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုမှ ကျင့်ကြံသူများသည် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု ဆီသို့ အစွမ်းထက် ကျင့်ကြံသူများကို စေလွှတ်ခဲ့ကြသည်။
အကယ်၍သာ ထိုအချိန်က အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုတွင် ဆရာသခင်စန်းမင် ချန်ထားပေးခဲ့သော ဝှက်ဖဲသာ မရှိခဲ့လျှင် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုသည် ကျန်းချန်ကို အကာအကွယ်ပေးရန် ခက်ခဲလိမ့်မည် ဖြစ်၏။
ယခုအခါတွင် ကျန်းချန်သည် နတ်ကုန်းမြေတိုက်ဆီသို့ ရုတ်တရက် ပြန်ရောက်လာခဲ့သည် ဖြစ်ရာ ထိုသတင်းသာ လူသားဧကရာဇ်နန်းတော်နှင့် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုဆီ ရောက်ရှိသွားလျှင် ကျန်းချန်၏ အခြေအနေသည် အလွန်ပင် အန္တရာယ်များသွားနိုင်သည် မဟုတ်ပါလော။
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“မျိူးနွယ်စုခေါင်းဆောင်ကျီ.. ဘာမှစိတ်မပူပါနဲ့.. ကျွန်တော်ပြန်လာရဲတယ် ဆိုကတည်းက သူတို့ အရှေ့ဘက်ဒေသ အထိ လိုက်လာပြီး ဒုက္ခပေးမှာကို မကြောက်လို့ပဲပေါ့”
ထိုစကားကို ကြားလျှင် ခေါင်းဆောင်ကျီသည် မျက်မှောင်ခပ်တင်းတင်း ကြုတ်သွားခဲ့သည်။
လွန်ခဲ့သည့် နှစ်နှစ်ကျော်က ကျီမျိုးနွယ်စုမှ ထွက်သွားစဥ်ကထက် ကျန်းချန်က ပိုမို သန်မာလာခဲ့ပြီး ကျင့်ကြံခြင်းအဆင့်သည်လည်း ကောင်းကင်အရှင် အဆင့်သို့ ရောက်ရှိနေပြီမှန်း သူခံစားမိခဲ့သည်။
ကျန်းချန်၏ ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ခိုက်ရေးစွမ်းရည်ဖြင့် ဆိုလျှင် နတ်ဘုရင် စတုတ္ထအဆင့် ကျင့်ကြံသူများကိုပင် ရင်ဆိုင်ရန် လုံလောက်နေပြီ ဖြစ်သည်။
ဆိုရလျှင် ဤအရှေ့ဘက်ဒေသတွင် ကျန်းချန်ကို ခြိမ်းခြောက်နိုင်သည်မှာ အမှန်တကယ်ပင် မရှိသလောက်ပင်။
သို့သော်လည်း ကျန်းချန် မည်မျှပင် အစွမ်းထက်စေကာမူ လူသားဧကရာဇ်နန်းတော်ကို လျှော့တွက်၍ မရပေ။
လူသားဧကရာဇ်နန်းတော် အနေဖြင့် ဆရာသခင်စန်းမင် သတ်မှတ်ထားသော စည်းမျဥ်းများကို လိုက်နာပြီး နတ်ဘုရင်စတုတ္ထအဆင့်ထက် ပိုမို မြင့်မားသော ကျင့်ကြံသူများကို အရှေ့ဘက်ဒေသသို့ မစေလွှတ်ဟု သူ့အနေဖြင့် အာမ မခံနိုင်ပေ။
မည်သို့ပင် ဖြစ်စေကာမူ လူသားဧကရာဇ်နန်းတော် ဆိုသည်မှာ နတ်ကုန်းမြေတိုက်ကြီး၏ ထိပ်တန်းအင်အားစု ဖြစ်သည်မဟုတ်ပါလား။
၎င်းတို့က ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ပါး ဖြစ်သည့် ဆရာသခင်စန်းမင်ကို ကြောက်ရွံ့ကြသော်လည်း အကြွင်းမဲ့ ကြောက်ရွံ့နေခြင်းမျိုးတော့ မဟုတ်ပေ။
ဆိုရလျှင် ကျန်းချန်၏ တည်ရှိမှုသည် လူသားဧကရာဇ်နန်းတော် အတွက် အလွန်ပင် ထူးခြားနေခဲ့၏။
သာမန် အခြေအနေမျိုးတွင် လူသားဧကရာဇ်နန်းတော်သည် ဆရာသခင် စန်းမင်ကို မျက်နှာသာပေးပြီး ဆရာသခင်စန်းမင် သတ်မှတ်ထားသော စည်းမျဥ်းများကို လိုက်နာကောင်းလိုက်နာနိုင်သော်လည်း ကျန်းချန်သည် လူသားဧကရာဇ်နန်းတော်၏ တောင်ဝင် ကျန်းမျိုးနွယ်စုကနေ ဆင်းသက်လာရုံတင်မကဘဲ ဧကရာဇ်ကံကြမ္မာကိုပါ ပိုင်ဆိုင်ထားသူ ဖြစ်နေခဲ့သည်။
ကျန်းချန်နှင့် ပတ်သက်လာလျှင် လူသားဧကရာဇ်နန်းတော်သည် ဆရာသခင်စန်းမင်၏ စည်းမျဥ်းများကို ချိုးဖောက်ရန် ဝန်လေးလိမ့်မည် မဟုတ်လောက်ချေ။
သို့သော်လည်း ကျန်းချန်က နတ်ကုန်းမြေတိုက်သို့ ပြန်ရောက်လာခဲ့ပြီ ဖြစ်ရာ သူ့အနေဖြင့် ယခုအချိန်တွင် လုပ်ဆောင်ပေးနိုင်သည်မှာ ကျန်းချန် ပြန်ရောက်လာသည့်သတင်းကို ပြင်ပသို့ မပေါက်ကြားစေရန် ကြိုးစားပေးရန်သာ ရှိတော့သည် မဟုတ်ပါလော။
မျိုးနွယ်စုခေါင်းဆောင်ကျီက ခေါင်းခါရမ်းလိုက်သည်။
သူက ထိုကိစ္စကို သိပ်မတွေးတော့ဘဲ ကျန်းချန် နံဘေးရှိ လူနှစ်ဦးဆီသို့ အကြည့်ရောက်သွားခဲ့၏။
အထူးသဖြင့် ကျီဝူရွှယ်၏ ခန္ဓာကိုယ်ပေါ်မှ ကျီမျိုးနွယ်စု၏ သွေးမျိုးဆက်ကို ခံစားမိလိုက်လျှင် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။
“ကျန်းချန်.. ဒီနှစ်ယောက် ဘယ်သူတွေလဲ”
“ဒါက သွေးနတ်ဆိုးနတ်ဘုရင်ပါ.. ထာဝရဟင်းလင်းပြင်မှာ ကျွန်တော် သိမ်းသွင်းခဲ့တဲ့ အစေခံတစ်ယောက်ပါ”
ကျန်းချန်က သွေးနတ်ဆိုးနတ်ဘုရင်ကို အကျဥ်းချုံး မိတ်ဆက်ပေးပြီးနောက်တွင် သူ၏ အမေကို ညွှန်ပြလိုက်သည်။
“ဒီတစ်ယောက်ကတော့ မျိူးနွယ်စုခေါင်းဆောင်ကျီ ခန့်မှန်းထားတဲ့အတိုင်း ကျွန်တော့်ရဲ့အမေ ကျီဝူရွှယ်ပါပဲ”
ထိုစကားကို ကြားလိုက်ရလျှင် မျိုးနွယ်စုခေါင်းဆောင်ကျီ၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်တွင် ကျန်း နှင့် ကျီ မျိုးနွယ်စု နှစ်ခုလုံး၏ သွေးများပါဝင်နေခဲ့၍ လွန်ခဲ့သော နှစ်ပေါင်းတစ်သန်းခန့်က လူသားဧကရာဇ်နန်းတော်မှ ပါရမီရှင် နှစ်ဦးနှင့် ဆက်နွှယ် ပတ်သက်မှု ရှိနေမှန်း သူတို့ ခန့်မှန်းမိခဲ့သည်။
ယခု သူ၏ ရှေ့မှ အမျိုးသမီးသည် ကျန်းချန်၏အမေ ဖြစ်ရာ သူမ အနေဖြင့် ထိုပါရမီရှင်နှစ်ဦး၏ တည်နေရာကို သိနိုင်လိမ့်မည် မဟုတ်ပါလော။
“ကျီဝူရွှယ်.. ငါ့ရဲ့ခန့်မှန်းချက်သာ မမှားဘူးဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်းသန်းချီက ပျောက်သွားခဲ့တဲ့ ငါတို့ ကျီမျိုးနွယ်စုရဲ့ နတ်ဘုရားမက မင်းနဲ့ ပတ်သက်နေမယ် ထင်တယ်.. မင်း သူ့ရဲ့တည်နေရာကို သိလား”
ကျီပိုင်ရီက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး ကျီဝူရွှယ်ကို မေးခွန်းထုတ်လိုက်သည်။
ကျီဝူရွှယ်က ခေါင်းခါရမ်း၍ ပြန်ဖြေလိုက်သည်။
“မျိုးနွယ်စုခေါင်းဆောင်ကျီ စိတ်မကောင်းပါဘူး.. ကျွန်မ သူ့ရဲ့တည်နေရာကို မသိပါဘူး”
“မျိုးနွယ်စုခေါင်းဆောင်ကျီ.. အခြေအနေက ဒီလိုပါ”
ကျန်းချန်က ကျီဝူရွှယ်၏ အခြေအနေကို ခေါင်းဆောင်ကျီအား အသေအချာရှင်းပြလိုက်သည်။
ကျန်းချန်၏ စကားကို ကြားလျှင် ခေါင်းဆောင်ကျီ၏ မျက်ဝန်းထဲ၌ အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
မကြာမီမှာပင် ခေါင်းဆောင်ကျီသည် တစ်စုံတစ်ရာကို စဥ်းစားမိသွားခဲ့ပြီး အနည်းငယ် တွေးတောဟန်ပြုပြီးမှ ကျန်းချန်ကို ပြောလိုက်သည်။
“ကျန်းချန်.. မင်းရဲ့အမေကို ငါတို့ အရှေ့ပိုင်းဒေသ ကျီမျိုးနွယ်စုရဲ့ ဘိုးဘွားမြေဆီ သွားခိုင်းဖို့ ငါစီစဥ်ထားတယ်...အဲဒီနေရာက မင်းအမေ အတွက် အထောက်အကူ ဖြစ်လိမ့်မယ်”
ကျန်းချန်က ဘာစကားမျှ မပြောဘဲ ကျီဝူရွှယ်ကို လှမ်းကြည့်လိုက်သည်။
ကျီဝူရွှယ်က တိုက်ရိုက်ပင် ပြောလိုက်၏။
“ကောင်းပါပြီ.. ကျီမျိုးနွယ်စုရဲ့ ဘိုးဘွားမြေကို သွားဖို့ ကျွန်မသဘောတူပါတယ်”
ဤကာလအတွင်း ကျီဝူရွှယ်သည် သူမ၏ စိတ်ထဲကို ရောက်ရှိလာသော မှတ်ဥာဏ်များကြောင့် အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်နေခဲ့ရသည်။
သူမ ကိုယ်တိုင်လည်း မည်သည့်အရာများ ဖြစ်ပျက်နေသလဲဆိုသည်ကို သိလိုစိတ် ပြင်းပြနေခဲ့၏။
ထိုမျှသာမက အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုသို့ ရောက်ကတည်းကပင် မျိုးနွယ်စု၏ နက်ရှိုင်းသောနေရာ တစ်ခုကနေ သူမအား ခေါ်ယူနေသော အသံတစ်သံကို သူမ ခံစားမိခဲ့သည်။
ထိုအသံသည် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု၏ ဘိုးဘွားမြေမှလာခြင်း ဖြစ်နိုင်ခြေ အလွန်များ၏။
ထို့ကြောင့် သူမအနေဖြင့် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု၏ ဘိုးဘွားမြေသို့ သွားရန် ဆုံးဖြတ်လိုက်ခြင်း ဆိုလည်းမမှားပေ။
ခေါင်းဆောင်ကျီက အချိန်ဆွဲမနေတော့ဘဲ ကျီမျိုးနွယ်စု၏ အကြီးအကဲ တစ်ဦးကို ချက်ချင်းဆိုသလို ဆင့်ခေါ်လိုက်ကာ ကျီဝူရွှယ်ကို အရှေ့ပိုင်းဒေသ ကျီမျိုးနွယ်စု၏ ဘိုးဘွားမြေသို့ ခေါ်သွားခိုင်းလိုက်သည်။
“မျိုးနွယ်စုခေါင်းဆောင်ကျီ.. တစ်ခုခုကို ခန့်မှန်းမိလို့လား”
သူ၏ အမေနှင့် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု၏ အကြီးအကဲ ထွက်သွားပြီးနောက်တွင် ကျန်းချန်သည် ခေါင်းဆောင်ကျီကို ကြည့်ကာ မေးလိုက်သည်။
“ငါ့မှာ ခန့်မှန်းချက်တချို့တော့ ရှိတယ်”
ကျီပိုင်ရီ၏ မျက်ဝန်းထဲတွင် ပြတ်သားသော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
ထို့နောက်တွင် ခေါင်းဆောင်ကျီသည် လေးနက်သောလေသံဖြင့် ပြောလိုက်၏။
“ငါ့ရဲ့ခန့်မှန်းချက်သာ မမှားဘူးဆိုရင် မင်းရဲ့အမေ ကျီဝူရွှယ်က လွန်ခဲ့တဲ့နှစ်ပေါင်းသန်းချီက ပျောက်ကွယ်သွားခဲ့တဲ့ ကျီမျိုးနွယ်စုရဲ့ နတ်ဘုရားမ ပြန်လည်ဝင်စားတာ ဖြစ်ဖို့ အရမ်းများတယ်”
“ဘယ်လို”
ကျန်းချန်က အံ့ဩထိတ်လန့်သွားခဲ့သည်။
သူ၏ မျက်နှာထက်တွင် မယုံကြည်နိုင်လောက်အောင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
သူ၏အမေ ကျီဝူရွှယ်သည် လွန်ခဲ့သော နှစ်ပေါင်း တစ် သောင်းခန့်ကမှ အဆင့်နိမ့် နယ်မြေတွင် ပေါ်လာခဲ့ခြင်းဖြစ်သည်။
ယင်းမှာ ကျီမျိုးနွယ်စု နတ်ဘုရားမ တည်ရှိသည့် ခေတ်ကာလဖြစ်သော လွန်ခဲ့သည့် နှစ်ပေါင်းသန်းချီ ကာလနှင့် နှိုင်းယှဥ်လျှင် အလွန်ပင် ကွာခြားလွန်းနေခဲ့၏။
“မင်းရဲ့အမေနဲ့ နတ်ဘုရားမတို့ ကြားမှာ အချိန်ကာလ အလွန်ကွာခြားနေတယ် ဆိုပေမဲ့ မင်းရဲ့အမေမှာ နတ်ဘုရားမ ပြန်လည် ဝင်စားလာတာ ဖြစ်နိုင်တယ်ဆိုတဲ့ လက္ခဏာရပ်တွေ အများကြီး ရှိနေတယ်”
ကျီပိုင်ရီက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“ဒါပေမဲ့ ဒီကိစ္စက အတည်ပြုဖို့လိုပါသေးတယ်.. မင်းရဲ့အမေ ဘိုးဘွားမြေကနေ ပြန်ထွက်လာတဲ့ အခါကျရင် အရာအားလုံးရှင်းလင်းသွားမယ်လို့ ငါထင်တယ်”
အခန်း(၂၁၈၉)ပြီး၏။
အခန်း(၂၁၉၀)
ခေါင်းဆောင်ကျီ၏ စကားများကြောင့် ကျန်းချန်သည် တစ်ခဏမျှ မှင်တက်သွားခဲ့သည်။
သို့ရာတွင် သူ့အမေ၏ ဖြစ်ရပ်များကို ပြန်လည် တွေးကြည့်မိသောအခါ ခေါင်းဆောင်ကျီ၏ ခန့်မှန်းချက်က မှန်ကန်နိုင်ခြေ အလွန်များကြောင်း ကျန်းချန် သဘောပေါက်ခဲ့သည်။
ဆိုရလျှင် လွန်ခဲ့သော နှစ်ပေါင်းတစ်သန်းခန့်က ပါရမီရှင်နှစ်ဦး၏ မှတ်ဥာဏ် အပိုင်းအစများသည် သူ့အမေ၏ မှတ်ဥာဏ်ထဲတွင် အကြောင်းအရင်း မရှိဘဲ ပေါ်လာနိုင်စရာ အကြောင်းမရှိပေ။
သူ့အမေက နယ်မြေနတ်ဘုရားအဆင့်သို့ ထိုးဖောက်ပြီးနောက်တွင် ထိုမှတ်ဥာဏ်များကို ရုတ်တရက် ပိုင်ဆိုင်လာခြင်းဖြစ်ရာ ယင်းသည် မှတ်ဥာဏ်များ နိုးထလာခြင်း တစ်မျိုး ဖြစ်ပုံရသည် မဟုတ်ပါလော။
သူမ နိုးထလာသော မှတ်ဥာဏ်သည် ကျီမျိုးနွယ်စု၏ နတ်ဘုရားမနှင့် သက်ဆိုင်နေသည်မှာ သံသယဖြစ်စရာ မရှိချေ။
“မင်းရဲ့အမေက ကျီမျိုးနွယ်စု ပြန်လည်ဝင်စားတာ ဟုတ်မဟုတ် ဆိုတာကတော့ ဘိုးဘွားမြေကနေ ပြန်လည်ထွက်ခွာလာတဲ့ အချိန်ကျရင် ငါတို့ သိရမှာပါ”
ခေါင်းဆောင်ကျီက ခေါင်းခါရမ်းလိုက်ပြီး ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။
“တကယ်တော့ မင်းအနေနဲ့ စီနီယာစန်းမင်ရဲ့ အကြံပြုချက်ကို လိုက်နာပြီး နတ်ဘုရင်အဆင့်ကို ထိုးဖောက်ပြီးမှ နတ်ကုန်းမြေတိုက်ကို ပြန်လာသင့်တယ်”
“ခေါင်းဆောင်ကျီ. ဒီအတွက် စိတ်မပူပါနဲ့.. ကျွန်တော် နတ်ဘုရင်အဆင့်ကို မထိုးဖောက်ရသေးပေမဲ့ အခု ကျွန်တော်က လွန်ခဲ့တဲ့ ၂နှစ်ကျော်က ကျွန်တော် မဟုတ်တော့ဘူး.. လူသားဧကရာဇ်နန်းတော်ပဲ ဖြစ်ဖြစ်၊ ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စုပဲဖြစ်ဖြစ် အခုအချိန်မှာ ကျွန်တော့်ကို ကိုင်တွယ်ဖို့မလွယ်ကူတော့ပါဘူး”
ကျန်းချန်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
“ဒါနဲ့ ဒီကာလအတွင်းမှာ လူသားဧကရာဇ်နန်းတော်နဲ့ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုမှာ ဘာတွေ ထူးခြားတာရှိလဲ”
“ဒီကာလအတွင်း ဒီအင်အားစုနှစ်စုက ဘာလှုပ်ရှားမှုမှတော့ မရှိဘူး”
ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ခေါင်းဆောင်ကျီသည် အနည်းငယ် စဥ်းစားဟန်ပြုပြီးမှ ပြောလိုက်သည်။
“ဒါပေမဲ့ အလယ်ပိုင်းဒေသမှာတော့ ရှေးဟောင်းသူတော်စင်နဂါးမျိုးနွယ်စုနဲ့ တစ်တန်းတည်း ကျော်ကြားတဲ့ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှာ အလယ်ပိုင်းဒေသတစ်ခုလုံးကို ဟိုးဟိုးကျော်သွားစေတဲ့ ကိစ္စကြီးတစ်ခု သိပ်မကြာခင်က ဖြစ်ပျက်ခဲ့တယ်”
“ရှေးဟောင်းနတ်ဖီးနစ်မျိုးနွယ်စုလား”
ကျီပိုင်ရီထံမှ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု အကြောင်းကို ကြားလိုက်ရလျှင် ကျန်းချန်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
ယနေ့တွင် ကျန်းချန်သည် ခေါင်းဆောင်ကျီ ထံကနေ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုနှင့် ပတ်သက်သော သတင်းကို ရုတ်တရက် ကြားရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူက ဟန်ယွဲ့နန်းတော်တွင် အမေဖြစ်သူ ကျီဝူရွှယ်နှင့် တွေ့ဆုံစဥ်က မုန့်ချင်းရွှယ်နှင့် ကူဖုန်းအာ တို့ကို ရှေးဟောင်းနတ်ဖီးနစ်မျိုးနွယ်စုက ခေါ်ဆောင်သွားကြောင်း အမေဖြစ်သူထံကနေ သိရှိခဲ့ရသည်။
ဆိုရလျှင် ထိုနှစ်ဦးအနက် တစ်ဦးမှာ သူ၏ ဘဝတွင် အရေးပါဆုံး လူတစ်ဦး ဖြစ်ပြီး နောက်တစ်ဦးမှာမူ သူ၏ ညီမအရင်းကဲ့သို့ မှတ်ယူထားသူ ဖြစ်သည်။
နှစ်ဦးစလုံးသည် သူ၏ စိတ်ထဲတွင် အလွန်အမင်း အရေးပါသော လူနှစ်ဦး ဆိုလည်းမမှားပေ။
သို့သော်လည်း ယခင်က သူ၏ စွမ်းရည်သည် အလွန်အမင်း အားနည်းနေခဲ့ပြီး ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသို့ သွားရောက်ကာ ထိုနှစ်ဦးကို ရှာဖွေရန် အရည်အချင်းမရှိခဲ့ပေ။
ယခုအချိန်တွင်မူ သူ့အနေဖြင့် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသို့ သွားရောက်ကာ မုန့်ချင်းရွှယ်နှင့် ကူဖုန်းအာတို့အား တွေ့ဆုံရန် အချိန်တန်ပြီ ဖြစ်၏။
“လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က ရှေးဟောင်း နတ်ဖီးနစ် မျိုးနွယ်စုမှာ နတ်ဘုရားမ တစ်ဦး ရုတ်တရက် ပေါ်ထွက်လာခဲ့တယ်.. အဲဒီနတ်ဘုရားမက အစင်ကြယ်ဆုံး ကောင်းကင်ဖီးနစ် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပြီး သိုင်းပညာပါရမီမှာလည်း အထွတ်အထိပ် အရည်အချင်းရှိတယ်.. ဆယ်နှစ် မပြည့်ခင်အချိန်အတွင်းမှာပဲ သူမက သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ကနေ ကြယ်သုံးပွင့် အရှင်သခင်အဆင့်ကို ထိုးဖောက်နိုင်ခဲ့တယ်.. သိပ်မကြာခင်ကပဲ ဒီနတ်ဘုရားမက နတ်ဘုရင်အဆင့်ကို ထိုးဖောက်နိုင်ခဲ့ပြီး နတ်ဘုရင် တတိယအဆင့်ကို တစ်ထိုင်တည်း ရောက်ရှိသွားခဲ့တယ်.. ဒီအတွက်ကြောင့် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုက အလယ်ပိုင်းဒေသရဲ့ အင်အားစုတွေကို အထူးတလည် ဖိတ်ကြားခဲ့ပြီး သူတို့ရဲ့ နတ်ဘုရားမအတွက် ဂုဏ်ပြု ပွဲတော်တစ်ခု ကျင်းပပေးဖို့ ပြင်ဆင်နေခဲ့ကြတယ်”
ထိုစကားကို ပြောနေရင်း ခေါင်းဆောင်ကျီ၏ မျက်ဝန်းထဲတွင် အံ့ဩချီးကျူးသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ နတ်ဘုရားမသည် အလွန်အမင်း ပါရမီထူးချွန်ပြီး နတ်ကုန်းမြေတိုက် တစ်ခုလုံးကို ကြည့်လျှင်ပင် သူမနှင့် နှိုင်းယှဥ်နိုင်သည့် ပါရမီရှင်ကို ရှာဖွေရန်မှာ မဖြစ်နိုင်သလောက်ပင်။
ကျန်းချန်၏ မျက်ဝန်းများက လင်းလက်သွားခဲ့သည်။
“အဲဒီ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့ နတ်ဘုရားမ နာမည်က ကူဖုန်းအာလား”
“မင်း.. မင်း ဘယ်လိုသိတာလဲ”
ကျီပိုင်ရီ၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ နတ်ဘုရားမ အမည်ကို အလယ်ပိုင်းဒေသရှိ လူများပင် သိပ်မသိကြပေ။
သူကိုယ်တိုင်ပင်လျှင် အထူးသတင်းပေးများထံမှ တစ်ဆင့် နတ်ဘုရားမ၏ နာမည်ကို သိရှိခဲ့ရခြင်း ဖြစ်၏။
ကျန်းချန်သည် အလယ်ပိုင်းဒေသသို့ တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးသေးဘဲ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ နတ်ဘုရားမ နာမည်ကို အဘယ်ကဲ့သို့ သိနိုင်ပါသနည်း။
“တကယ်ပဲ ကူဖုန်းအာ ဖြစ်နေတာကိုး”
ကျန်းချန်က စိတ်ထဲကနေ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူက ကူဖုန်းအာနှင့် ပထမဆုံးအကြိမ် တွေ့ဆုံစဥ်ကပင် ကူဖုန်းအာသည် ကောင်းကင်ဖီးနစ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားမှန်း စနစ်ထံမှ တစ်ဆင့် သိရှိခဲ့ရသည်။
ကူဖုန်းအာ၏ သွေးမျိုးဆက် ပါရမီဖြင့်သာ ဆိုလျှင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ အလေးပေးမှုကို ခံရပြီး မျိုးနွယ်စု၏ နတ်ဘုရားမ ဖြစ်လာသည်မှာ အလွန်ပင် ကျိုးကြောင်း ဆီလျော်လှ၏။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး လေးနက်သော လေသံဖြင့် မေးလိုက်သည်။
“မျိုးနွယ်စုခေါင်းဆောင်ကျီ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုဆီမှာ ကူဖုန်းအာ အပြင် မုန့်ချင်းရွှယ် လို့ခေါ်တဲ့ ပါရမီရှင်တစ်ဦးရော ရှိနေလား”
“ငါသိသလောက်တော့ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှာ မုန့်ချင်းရွှယ်ဆိုတဲ့ နာမည်နဲ့ ပါရမီရှင်တပည့် ရှိပုံမရဘူး”
ထိုစကားကို ကြားလျှင် ကျန်းချန်သည် ရုတ်တရက် မျက်နှာပျက်သွားခဲ့သည်။
မုန့်ချင်းရွှယ်သည် လနတ်ကြမ္မာ ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်ပြီး ကူဖုန်းအာ ကဲ့သို့ ကောင်းကင်ဖီးနစ် ခန္ဓာကိုယ်ပိုင်ရှင်ထက် မနိမ့်ကျပေ။
ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုတွင် ကူဖုန်းအာ၏ ကောင်းကင်ဖီးနစ် ခန္ဓာကိုယ်သည် မုန့်ချင်းရွှယ်၏ ခန္ဓာကိုယ်ထက် ပိုမို ရေပန်းစားမည်မှာ သေချာသော်လည်း မုန့်ချင်းရွှယ်၏ သိုင်းပညာပါရမီသည် သံသယဖြစ်ဖွယ်ရာ မရှိပေ။
ယခု ခေါင်းဆောင်ကျီက ကူဖုန်းအာ အကြောင်းကိုသာ သိရှိပြီး မုန့်ချင်းရွှယ် အကြောင်းကို တစ်ခါမှ မကြားဖူးခြင်းသည် ကျန်းချန် အမှန်တကယ် မျှော်လင့်မထားသော ကိစ္စ ဖြစ်နေခဲ့သည်။
အထူးသဖြင့် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု ကဲ့သို့ မြင့်မြတ်သော နေရာမျိုးတွင် မုန့်ချင်းရွှယ်၏ အောင်မြင်မှုသည် ကူဖုန်းအာထက် မညံ့ဖျင်းနိုင်သည်မှာ သေချာသလောက် ဖြစ်၏။
မုန့်ချင်းရွှယ်က အဆင်ပြေနေလျှင် ကိစ္စမရှိသော်လည်း အကယ်၍ တစ်စုံတစ်ရာသာ ဖြစ်ပျက်ခဲ့လျှင် သူက ရှေးဟောင်း နတ်ဖီးနစ် မျိုးနွယ်စုကို ကြီးမားသော အဖိုးအခအား သေချာပေါက် ပေးဆပ်စေမည် ဖြစ်သည်။
ကျန်းချန်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ရုတ်တရက် လင်းလက်သွားခဲ့သည်။
“မျိုးနွယ်စုခေါင်းဆောင်ကျီ.. ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုက ပွဲတော်ကို ဘယ်တော့ကျင်းပမှာလဲ”
“ရှေးဟောင်းနတ်ဖီးနစ်မျိုးနွယ်စုရဲ့ ပွဲတော်ကျင်းပဖို့က တစ်လကျော်လောက်တော့ လိုပါသေးတယ်”
ကျန်းချန်၏ မေးခွန်းကိုကြားလျှင် ခေါင်းဆောင်ကျီ၏ မျက်နှာထက်တွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
“ကျန်းချန် မင်းက ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့ ပွဲတော်ကို သွားမလို့လား”
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
“ဘာလို့လဲ.. ပြဿနာရှိလို့လား”
ရွှယ်လင်ကုန်းမြေတိုက်ကနေ ခွဲခွာပြီးကတည်းကပင် သူနှင့် မုန့်ချင်းရွှယ် တို့သည် တစ်ခါမျှ ပြန်မတွေ့ခဲ့ကြပေ။
ယခုအခါ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုတွင် ကူဖုန်းအာအကြောင်းကို သတင်းရရှိသော်လည်း မုန့်ချင်းရွှယ်ကမူ ပျောက်ဆုံးနေခဲ့သည်။
သို့ဖြစ်ရာ သူ့အနေဖြင့် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသို့ သွားရောက်ကာ စစ်ဆေးကြည့်ရန် လိုအပ်သည် မဟုတ်ပါလော။
ခေါင်းဆောင်ကျီက မချိပြုံး ပြုံးလိုက်သည်။
“ကျန်းချန်.. ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုက အလယ်ပိုင်းဒေသက အင်အားစုတစ်ခုပဲ.. မင်းအနေနဲ့ အဲဒီပွဲတော်ကို သွားဖို့အတွက် အလယ်ပိုင်းဒေသကို ခရီးနှင်တာက အရမ်းကို အန္တရာယ်များတဲ့ ကိစ္စပဲ”
သိထားရမည့်အချက်မှာ ရှေးဟောင်း နတ်ဖီးနစ်မျိုးနွယ်စုသည် အလယ်ပိုင်းဒေသတွင် တည်ရှိနေရုံသာမက ယခုတစ်ကြိမ် ပွဲတော်တွင် အလယ်ပိုင်းဒေသ၏ အရပ်မျက်နှာ အသီးသီးမှ အင်အားစုများကို ပွဲတော်သို့ တက်ရောက်ရန် ဖိတ်ကြားထားခဲ့သည်။
ထို့ကြောင့် လူသားဧကရာဇ် နန်းတော်နှင့် ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စု တို့သည်လည်း ရှေးဟောင်း နတ်ဖီးနစ် မျိုးနွယ်စု၏ ပွဲတော်သို့ တက်ရောက်ရန် ကျင့်ကြံသူများ စေလွှတ်လိမ့်မည်မှာ သေချာသလောက်ပင်။
သူတို့သာ ကျန်းချန်၏ တည်နေရာကို ရှာတွေ့သွားခဲ့လျှင် ကျန်းချန်ကို အလွယ်တကူ လွှတ်ပေးပါမည်လော။
ကျန်းချန်သာ အရှေ့ပိုင်းဒေသတွင် နေမည်ဆိုလျှင် သူက ကျန်းချန်၏ တည်နေရာကို ဖုံးကွယ်ပေးထားနိုင်သည်။
သူ၏ ဖုံးကွယ်ပေးမှုဖြင့်သာ ဆိုလျှင် လူသားဧကရာဇ်နန်းတော်နှင့် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုသည် ကျန်းချန်ကို အချိန်တိုအတွင်း ရှာတွေ့ရန် ခက်ခဲလိမ့်မည်ဖြစ်၏။
အကယ်၍ ကျန်းချန်သာ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ ပွဲတော်သို့ ကိုယ်တိုင် သွားရောက်မည်ဆိုလျှင် ယင်းသည် လူသားဧကရာဇ်နန်းတော်နှင့် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုတို့၏ မျက်စိအောက်သို့ တိုက်ရိုက် ရောက်ရှိသွားသလို ဖြစ်လာပေလိမ့်မည် မဟုတ်ပါလော။
“ကျွန်တော် ဆုံးဖြတ်ပြီးပြီ.. မျိုးနွယ်စုခေါင်းဆောင်ကျီ.. ထပ်မဖျောင်းဖြပါနဲ့တော့”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“စိတ်မပူပါနဲ့.. ကျွန်တော်က လူသားဧကရာဇ်နန်းတော်နဲ့ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုကို တုန်လှုပ်အောင် မလုပ်နိုင်သေးပေမဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းတော့ အပြည့်အဝ ရှိပါသေးတယ်”
မုန့်ချင်းရွှယ်၏ သတင်းသည် ယခုအခါတွင် ရှင်းလင်းမှုမရှိသဖြင့် သူ့အနေဖြင့် မည်သို့ပင် ဖြစ်စေကာမူ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသို့ သေချာပေါက် သွားရောက်ရလိမ့်မည် ဖြစ်သည်။
ထို့အပြင် လူသားဧကရာဇ်နန်းတော်ဖြစ်စေ၊ ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စုဖြစ်စေ၊ နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူများကို ယေဘုယျအားဖြင့် အလွယ်တကူ စေလွှတ်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ ပွဲတော်သို့ တက်ရောက်မည့် လူသားဧကရာဇ်နန်းတော်နှင့် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုမှ ကိုယ်စားလှယ်များသည် အလွန်ဆုံး နတ်ဘုရင် စတုတ္ထအဆင့် သို့မဟုတ် နတ်ဘုရင် ပဉ္စမအဆင့်လောက်သာ ရှိလိမ့်မည်ဟု သူ ခန့်မှန်းခဲ့သည်။
သူ၏ လက်ရှိ စွမ်းရည်နှင့် အတူ အပြာရောင်ဧကရာဇ်သက်ရှည်ကျင့်စဥ်၊ မဟာနဂါးကျောက်တိုင်နှင့် အခြားသော ဝှက်ဖဲများစွာကို ပေါင်းစပ်လိုက်လျှင် ထိုကဲ့သို့ တည်ရှိမှုများသည် သူ့ကို အနည်းငယ်မျှပင် ခြိမ်းခြောက်မှုပေးနိုင်လိမ့်မည်ဟု သူ မထင်ပေ။
အခန်း(၂၁၉၀)ပြီး၏။