← Chapters

အခန်း (၂၁၈၃-၂၁၈၄)

Vol. 159 Ch. 2183-2184

အခန်း (၂၁၈၃-၂၁၈၄)

Vol. 159 Ch. 2183-2184

အခန်း(၂၁၈၃)

“ငါ့.. ငါ့ကို မသတ်ပါနဲ့”

သွေးနတ်ဆိုးနတ်ဘုရင်က ကျန်းချန်၏ ရှေ့တွင် ဒူးထောက်ကာ အနူးအညွတ် တောင်းပန်လိုက်သည်။

“ကျွန်တော်မျိုးရဲ့ဝိညာဥ်ကို သခင့်ဆီ ဆက်သဖို့ အသင့်ပါပဲ.. ဒီနေ့ကစပြီး ကျွန်တော်က သခင့်ရဲ့ အစေအပါး လုပ်ပါ့မယ်”

သူက အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့ပြီးနောက်မှသာ နတ်ဘုရင်အဆင့်ကို ထိုးဖောက်နိုင်ခဲ့ပြီး ဘဝသစ် တစ်ခုကို ရရှိခဲ့ခြင်း ဖြစ်သည်။

သူက ဤကမ္ဘာလောက၏ သာယာမှုများကိုပင် မခံစားရသေး၍ အလဟဿ မသေချင်သေးပေ။

ကျန်းချန်က သူ့ရှေ့တွင် ဒူးထောက် တောင်းပန်နေသော သွေးနတ်ဆိုးနတ်ဘုရင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် သူ၏ လက်ဖဝါးထက်မှ ဓားအရှိန်အဝါများကို ချက်ချင်းဆိုသလို ပြန်လည် ရုတ်သိမ်းလိုက်သည်။

အလယ်ပိုင်းဒေသရှိ ကျီမျိုးနွယ်စုနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက်တွင် ကျန်းချန်သည် တစ်ကိုယ်တော် စွမ်းရည်ဖြင့် ကျီမျိုးနွယ်စုနှင့် ရှေးဟောင်းသူတော်စင် နဂါးမျိုးနွယ်စု ကဲ့သို့ အင်အားကြီး အဖွဲ့အစည်းများကို ယှဥ်ပြိုင်ရန် ခက်ခဲကြောင်း ကောင်းစွာ သဘောပေါက်ခဲ့သည်။

ထို့ကြောင့် သူက ကိုယ်ပိုင်အစွမ်းထက် အင်အားစု တစ်စုကို တည်ထောင်ရန် ဆုံးဖြတ်ထားခဲ့၏။

သူ၏ ဆရာဖြစ်သူ ကူရွှယ်သောင်းသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်ပြီး သူကိုယ်တိုင်သည်လည်း ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ နတ်ဘုရားသားတော် ဖြစ်ရာ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို သူ၏ အင်အားစုဟု သတ်မှတ်နိုင်သည်။

သို့ရာတွင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အင်အားသည် အရှေ့ဘက်ဒေသတွင်သာ အဆင်ပြေသော်လည်း နတ်ကုန်းမြေတိုက်ရှိ ထိပ်တန်းအင်အားစုများနှင့် နှိုင်းယှဥ်လျှင်မူ အတော်လေး အားနည်းနေပါသေး၏။

သွေးနတ်ဆိုးနတ်ဘုရင်သည် နတ်ဘုရင် ဒုတိယအဆင့်ကို ရောက်ရှိနေသည့် အစွမ်းထက် ကျင့်ကြံသူတစ်ဦးလည်း ဖြစ်ရာ ၎င်းကို လက်အောက်ခံ အဖြစ် သိမ်းသွင်းခြင်းသည် ကောင်းမွန်သော ရွေးချယ်မှုပင် မဟုတ်ပါလော။

ကျန်းချန်က သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်၍ သွေးနတ်ဆိုးနတ်ဘုရင်၏ စိတ်ဝိညာဥ်တွင် ဝိညာဥ် အမှတ်အသားကို ခတ်နှိပ်လိုက်သည်။

ထို့နောက် သူက အေးစက်စက် ပြောလိုက်၏။

“ထတော့”

“အမိန့်အတိုင်းပါ သခင်”

ကျန်းချန်က သူ၏ အသက်ကို ချမ်းသာပေးလိုက်သောကြောင့် သွေးနတ်ဆိုးနတ်ဘုရင်သည် သက်ပြင်းတစ်ချက်ကို ခပ်တိုးတိုး ချလိုက်သည်။

မည်သို့ပင်ဖြစ်စေကာမူ သူ၏ အသက်ဘေးသည် ကင်းဝေးသွားခဲ့ပြီ မဟုတ်ပါလော။

ကျန်းချန်က သွေးနတ်ဆိုးနတ်ဘုရင်ကို လျစ်လျူရှုလိုက်ပြီး မဟာနဂါးကျောက်တိုင်‌ ရှေ့သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာခဲ့သည်။

“သခင်.. ဒီမဟာနဂါးကျောက်တိုင်က တကယ်ကို ထူးခြားလွန်းတယ်.. နှမြောစရာကောင်းတာ တစ်ခုက ဒီမဟာနဂါးကျောက်တိုင်က သိပ်ကို လျှို့ဝှက်ဆန်းကြယ်လွန်းနေတာပဲ.. ကျွန်တော်သာ ဒီမဟာနဂါးကျောက်တိုင်ကို လေ့လာရင်း ဉာဏ်အလင်းတချို့ မရရှိခဲ့ဘူးဆိုရင် နတ်ဘုရင်အဆင့်ကို ဒီလောက်အထိ ချောချောမွေ့မွေ့ ထိုးဖောက်နိုင်မှာ မဟုတ်ဘူး.. ကျွန်တော် နတ်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်လာတာတောင် ဒီမဟာနဂါးကျောက်တိုင်ကို အနည်းငယ်လေးတောင် လှုပ်ခါအောင် မလုပ်နိုင်ခဲ့ဘူး”

ကျန်းချန်၏ အနောက်ဘက်ရှိ သွေးနတ်ဆိုးနတ်ဘုရင်သည် သူ့ရှေ့မှ မဟာနဂါးကျောက်တိုင်ကို ကြည့်ကာ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩသော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

သူတော်စင်နဂါးဘုရင်၏ မဟာနဂါးကျောက်တိုင်သည် အလွန်တရာ အစွမ်းထက်သော လက်နက်တစ်ခု ဖြစ်ရုံသာမက မရေမတွက်နိုင်သော အခွင့်အလမ်းများလည်း ကိန်းအောင်းနေသော ရတနာတစ်ပါး ဖြစ်သည်။

မဟာနဂါးကျောက်တိုင်ကို လေ့လာရင်း ဥာဏ်အလင်းအနည်းငယ်မျှ ရရှိလျှင်ပင် ကြီးမားသော ကံကောင်းခြင်းများကို ရရှိနိုင်ပေသည်။

သွေးနတ်ဆိုးနတ်ဘုရင်သည် တစ်ချိန်က မဟာနဂါးကျောက်တိုင်၏ သတင်းကို ကြားဖူးရုံသာ ရှိခဲ့ပြီး မဟာနဂါးကျောက်တိုင်၏ အံ့ဖွယ်စွမ်းရည်များကို ကိုယ်တိုင် မမြင်တွေ့ဖူးခဲ့ပေ။

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ကျွမ်းရှန့်ယန်၏ ခန္ဓာကိုယ်ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီးနောက်တွင် သူက မဟာနဂါးတောင်သို့ ရောက်ရှိလာခဲ့ပြီး မဟာနဂါးကျောက်တိုင်ကို လေ့လာခဲ့ပြီးမှသာ မဟာနဂါးကျောက်တိုင်က မည်မျှအထိ ကြောက်မက်ဖွယ်ရာကောင်းမှန်း ကောင်းစွာ နားလည်သွားခဲ့သည်။

သူက မဟာနဂါးကျောက်တိုင်ကနေ ဥာဏ်အလင်းအနည်းငယ်ကို ရရှိခဲ့သော်လည်း ယင်းသည် သူ့ကို နတ်ဘုရင်အဆင့် အထိ အောင်မြင်စွာ ထိုးဖောက်နိုင်စေခဲ့သည်။

ထိုအချိန်မှစ၍ သွေးနတ်ဆိုးနတ်ဘုရင်သည် မဟာနဂါးကျောက်တိုင်ကို အခါအားလျော်စွာ လာရောက်လေ့လာခဲ့သော်လည်း မည်သည့် ဥာဏ်အလင်းမှ ထပ်မံ မရရှိခဲ့ပေ။

သူက မဟာနဂါးကျောက်တိုင်ကို ကိုယ်ပိုင်လက်နက် အဖြစ် သိမ်းပိုက်ရန် စဥ်းစားခဲ့ဖူးသည်။

သို့သော်လည်း သူ၏ နတ်ဘုရင်ဒုတိယအဆင့် ခွန်အားဖြင့် နည်းလမ်းမျိုးစုံ သုံးခဲ့သည့်တိုင် မဟာနဂါးကျောက်တိုင်ကို အနည်းငယ်မျှပင် ရွေ့လျားအောင် မလုပ်ဆောင်နိုင်ခဲ့ပေ။

“ငါ့ကို စောင့်ကြပ်ပေးထားပါ”

ကျန်းချန်က အေးစက်စက် ပြောလိုက်ပြီးနောက်တွင် မဟာနဂါးကျောက်တိုင် ဆီသို့ ချဥ်းကပ်သွားခဲ့သည်။

သူက မဟာနဂါးနန်းတော်၏ အမွေအနှစ်ဆက်ခံသူ ဖြစ်ရုံသာမက သူတော်စင်နဂါးဘုရင်၏ နောက်သို့ အမြဲတစေ လိုက်ပါခဲ့သော စီနီယာနန်းတော်ဝိညာဥ်၏ အကူအညီကိုပါ ရရှိထားသဖြင့် သူ၏ မဟာနဂါးကျောက်တိုင် အပေါ် နားလည်မှုသည် သွေးနတ်ဆိုးနတ်ဘုရင်ထက် များစွာပို၍ နက်ရှိုင်းသည်။

ထို့ကြောင့် မဟာနဂါးကျောက်တိုင်၏ ဇာစ်မြစ်က မည်မျှပင် လျှို့ဝှက်ဆန်းကြယ်ကြောင်း မည်သူ့ထက်မဆို သိထားခဲ့သည်။

ဆိုရလျှင် သူ ဤတစ်ခေါက် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲသို့ ရောက်လာခြင်းသည် မဟာနဂါးကျောက်တိုင်အတွက်သာ ဖြစ်သည်။

ကျန်းချန်က မဟာနဂါးကျောက်တိုင် ရှေ့သို့ ရောက်ရှိလာပြီးနောက်တွင် မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားမှန်း မသိရသော မဟာနဂါးကျောက်တိုင်ကို တည်ငြိမ်စွာ ကြည့်ရှုနေခဲ့သည်။

သူက ဤနေရာသို့ ယခင် နှစ်ခေါက်က ရောက်ရှိခဲ့သော်လည်း တကယ်တမ်းတွင် မဟာနဂါးကျောက်တိုင်နှင့် များစွာ ထိတွေ့မှုမရှိခဲ့ပေ။

ပထမဆုံးအကြိမ်တွင် သူက မဟာနဂါးကျောက်တိုင်ကို ထိရုံသာထိခဲ့ပြီး မဟာနဂါးနန်းတော်ကို ဖွင့်လှစ်နိုင်ခဲ့သည်။

ဒုတိယအကြိမ်တွင်မူ မဟာနဂါးကျောက်တိုင်ကို သူက ယူဆောင်သွားချင်သော်လည်း စီနီယာနန်းတော်ဝိညာဥ်က သူ၏ စွမ်းရည် အလွန်တရာ အားနည်းနေသေးကြောင်း ပြောဆိုခဲ့၍ မဟာနဂါးကျောက်တိုင်ကို သိပ်ဂရုမစိုက်ခဲ့ပေ။

အခုတစ်ခေါက်တွင်မူ ကျန်းချန်သည် မဟာနဂါးကျောက်တိုင်က အမှန်တကယ်ပင် ထိုမျှအထိ အံ့ဩစရာ ကောင်းမကောင်း စူးစမ်းကြည့်ရန် ဆုံးဖြတ်ထားခဲ့သည်။

“စီနီယာနန်းတော်ဝိညာဥ်.. ဒီမဟာနဂါးကျောက်တိုင်က သန္ဓေတာအိုလက်နက်လို့ စီနီယာ အရင်က ပြောခဲ့ဖူးတာကို ကျွန်‌တော်မှတ်မိတယ်.. ဒီမဟာနဂါးကျောက်တိုင်က တကယ်ပဲ သန္ဓေတာအိုနတ်လက်နက် တစ်ခု ဖြစ်ရုံပဲလား”

ကျန်းချန်က မဟာနဂါးကျောက်တိုင်ကို ကြည့်ရင်း သိချင်စိတ်ဖြင့်မေးလိုက်သည်။

အကယ်၍ မဟာနဂါးကျောက်တိုင်သာ သန္ဓေတာအိုလက်နက် တစ်ခုမျှသာ ဆိုလျှင် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုသည် ဤမျှအထိ အဘယ်ကြောင့် အရူးအမူး လိုချင်နေရပါသနည်း။

“ကောင်လေး.. သန္ဓေတာအိုနတ်လက်နက်ကို အထင်မသေးနဲ့”

စီနီယာနန်းတော်ဝိညာဥ်၏ အသံသည် ကျန်းချန်၏ စိတ်ထဲတွင် တိုက်ရိုက် ထွက်ပေါ်လာခဲ့သည်။

“သန္ဓေတာအိုနတ်လက်နက်က နတ်ကုန်းမြေတိုက်မှာ အစွမ်းအထက်ဆုံးလက်နက်ပဲ.. ဘယ်လို သန္ဓေတာအိုနတ်လက်နက် မဆို မယုံကြည်နိုင်လောက်တဲ့ စွမ်းအားတွေကို ထုတ်ဖော်နိုင်တယ်.. အဲဒီအချိန်က သူတော်စင်နဂါးဘုရင်က မဟာနဂါးကျောက်တိုင်ရဲ့ စွမ်းအား တစ်စိတ်တစ်ပိုင်းကိုပဲ ထိန်းချုပ်နိုင်ခဲ့တာတောင် နတ်ဘုရင်စတုတ္ထအဆင့် ခွန်အားကို အသုံးပြုပြီး နတ်ဘုရင်သတ္တမအဆင့် ကျင့်ကြံသူကို ယှဥ်ပြိုင်နိုင်ခဲ့တယ်.. အကယ်၍သာ ရှေးဟောင်းသူတော်စင်နဂါးမျိုးနွယ်စုက နတ်ဘုရင်သတ္တမအဆင့် ကျင့်ကြံသူသုံးယောက်ကို မစေလွှတ်ခဲ့ဘူး ဆိုရင် ငါ့ရဲ့သခင်ကို အလွယ်တကူ ဖိနှိပ်နိုင်မှာမဟုတ်ဘူး.. တကယ်တော့ ဒီမဟာနဂါးကျောက်တိုင်က ဘယ်အဆင့်မှာ ရှိလဲဆိုတာ ငါ့ရဲ့ သခင်ကိုယ်တိုင်တောင် သေချာမသိဘူး.. ဒါပေမဲ့ အနည်းဆုံးတော့ ဒီလက်နက်က သန္ဓေတာအိုနတ်လက်နက်နဲ့တော့ အဆင့်အတန်း အတူတူပဲ”

“သန္ဓေတာအိုနတ်လက်နက်က ဒီလောက်တောင် အစွမ်းထက်တယ်လား”

ကျန်းချန်က စိတ်ထဲကနေ အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်မိလိုက်သည်။

သန္ဓေတာအိုနတ်လက်နက်များသည် နတ်ဘုရင်အဆင့် နတ်လက်နက်များထက် ပိုမို အစွမ်းထက်ကြောင်း သူသိထားသော်လည်း ဤမျှအထိ ကြောက်မက်ဖွယ်ရာကောင်းလိမ့်မည်ဟု သူ မသိခဲ့ပေ။

ယခု ကြည့်ရသည်မှာ သန္ဓေတာအို နတ်လက်နက်များသည် သူထင်ထားသည်ထက်ပင် များစွာ ပို၍ ကြောက်မက်ဖွယ်ရာကောင်းပုံရ၏။

“သန္ဓေတာအိုနတ်လက်နက်တွေက အစွမ်းထက်ပေမဲ့ ရှာဖွေဖို့တော့ အရမ်းကို ခဲယဥ်းတယ်.. အဲဒီနတ်လက်နက်တွေကို ထိပ်တန်းအဆင့် သန္ဓေတာအိုနတ်လက်နက် ဆယ်ခုလို့လည်း ခေါ်ကြတယ်..နတ်ဘုရားနယ်မြေ စတင်ပေါ်ပေါက်လာကတည်းက မှတ်တမ်းတင်ထားတဲ့ စာရင်းအရ သန္ဓေတာအိုနတ်လက်နက်ဆယ်ခုပဲ ရှိတယ်”

ထိုစကားကိုပြောပြီးနောက်တွင် စီနီယာ နန်းတော်ဝိညာဥ်သည် သူ၏ စကားကို ခဏမျှ ရပ်တန့်ပြီးမှ ဆက်ပြောလိုက်သည်။

“ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုက မဟာနဂါးကျောက်တိုင်ကို ဘာလို့ ဒီလောက်အထိ အသည်းအသန်လိုချင်နေကြသလဲ ဆိုတာ မင်းအခု နားလည်ပြီ မဟုတ်လား”

ကျန်းချန်က ချက်ချင်းဆိုသလိုပင် တိတ်ဆိတ်သွားခဲ့သည်။

သန္ဓေတာအိုနတ်လက်နက်၏ တန်ဖိုးသည် ကျန်းချန်စိတ်ကူးထားသည်ထက်ကိုပင် လုံးဝကျော်လွန်နေခဲ့သည်။

အကယ်၍ ဤမဟာနဂါးကျောက်တိုင်သာ အမှန်တကယ်ပင် သန္ဓေတာအိုနတ်လက်နက်တစ်ခု ဖြစ်နေခဲ့လျှင် ၎င်းလက်နက်သည် နတ်ကုန်းမြေတိုက်ရှိ မည်သည့် အင်အားစုကိုမဆို ဆွဲဆောင်ရန် လုံလောက်သည်။

အကယ်၍ သူသာ မဟာနဂါးကျောက်တိုင်ကို ထိန်းချုပ်နိုင်မည်ဆိုလျှင် ဤမဟာနဂါးကျောက်တိုင်သည် သူ၏ အဓိကလက်နက်တစ်ခု သေချာပေါက် ဖြစ်လာပေလိမ့်မည်။

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး သူ၏ အတွေးများကို ရပ်တန့်လိုက်ကာ သူ၏ ရှေ့ရှိ မဟာနဂါးကျောက်တိုင် ဆီသို့ အာရုံစူးစိုက်လိုက်သည်။

နောက်ထပ် တစ်ခဏတွင် ကျန်းချန်၏ ရှေ့ရှိ မြင်ကွင်းသည် ရုတ်တရက် ဝေဝါးသွားခဲ့ပြီး မြင်ကွင်းများ ပြောင်းလဲသွားခဲ့သည်။

သူက အပြာရောင် အလင်းစက် ဖျော့ဖျော့လေးများ ပျံ့လွင့်နေသော မီးခိုးရောင် နယ်မြေ တစ်ခုထဲသို့ ရောက်ရှိသွားခဲ့သည်။

ထိုနယ်မြေထဲမှ အပြာရောင် အလင်းစက်လေးများသည် တဖြည်းဖြည်းနှင့် အပြာရောင်ပုံရိပ် တစ်ခုအဖြစ်သို့ စုစည်းသွားခဲ့သည်။

ထိုအပြာရောင်ပုံရိပ် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကြောက်မက်ဖွယ်ရာကောင်းသော ဓားအလင်းသည် လေထုထဲကနေ ကျန်းချန်ထံ ချက်ချင်းဆိုသလို ဆင်းသက်လာခဲ့သည်။

ဤကြောက်မက်ဖွယ်ရာကောင်းသော ဓားအလင်းသည် နတ်ဘုရင်အဆင့်၏ စွမ်းအားထက်ပင် ပို၍ ကြောက်မက်ဖွယ်ရာကောင်းနေခဲ့၏။

ထိုဓားအလင်းက ကျန်းချန်ကို အလွန်ပင် အန္တရာယ်ကြီးမားသော ခံစားချက်အား ပေးစွမ်းနေခဲ့သည်။

“ဝုန်း..”

ကျန်းချန်က အလွန်အမင်း ထိတ်လန့်သွားခဲ့ပြီး အစွမ်းကုန်ခုခံရန် ပြင်ဆင်နေစဥ်မှာပင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ဓားအလင်း၏ အရှိန်အဝါဖြင့် ချုပ်နှောင်မှုကို ခံထားရပြီး အနည်းငယ်မျှပင် မလှုပ်ရှားနိုင်တော့ကြောင်း သိလိုက်ရသည်။

ကြောက်မက်ဖွယ်ရာကောင်းသော ဓားအလင်းသည် ကျန်းချန်ကို ချက်ချင်းဆိုသလိုပင် ထိုးဖောက်သွားခဲ့သည်။

သို့သော်လည်း ကျန်းချန်က သူ၏ ခန္ဓာကိုယ်တွင် မည်သည့်ထိခိုက်ဒဏ်ရာမျှ မရရှိကြောင်း အံ့ဩဖွယ် သိရှိလိုက်ရသည်။

ထိုအချိန်တွင် ကျန်းချန်၏ စိတ်ထဲ၌ အသံတစ်သံသည် တိုက်ရိုက်ပင် ပဲ့တင်ထပ်လာခဲ့၏။

“ငါနဲ့ ရေစက်ပါလာတဲ့ကောင်လေး.. ငါက ဓားအင်မော်တယ်ဧကရာဇ် ရှချင်းပဲ.. ငါ မင်းကို အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ် လက်ဆင့်ကမ်းပေးမယ်”

အခန်း(၂၁၈၃)ပြီး၏။

အခန်း(၂၁၈၄)

“ငါနဲ့ ရေစက်ပါလာတဲ့ ကောင်လေး.. ငါက ဓားအင်မော်တယ်ဧကရာဇ်ရှချင်းပဲ ငါမင်းကို အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ် လက်ဆင့်ကမ်းပေးမယ်”

ကျန်းချန်၏ စိတ်ထဲတွင် ထိုအသံ ပဲ့တင်ထပ်သွားသည်နှင့်အမျှ လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံခြင်းနည်းစနစ် တစ်ခုသည် သူ၏ စိတ်ထဲသို့ ရောက်ရှိလာသည်ကို ခံစားမိလိုက်သည်။

ထိုခဏဝယ် ကျန်းချန်သည် စိတ်ဝင်တစား ဖြစ်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ နယ်မြေနတ်ဘုရား မူလရင်းမြစ် စွမ်းအားများကို ထိုနည်းစနစ်အတိုင်း လှုံ့ဆော်ကာ လည်ပတ်လိုက်သည်။

ယင်းနောက်တွင် အပြာရောင် ပုံရိပ်ထက်မှ ဓားစွမ်းအားများသည် ဆက်တိုက်ဆိုသလို ပေါက်ကွဲထွက်လာခဲ့ပြီး ကျန်းချန်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့သည်။

ထိုကဲ့သို့ ထိုးဖောက်သွားသော ဓားစွမ်းအားတိုင်းသည် ကျန်းချန်၏ စိတ်ထဲတွင် ကျင့်စဥ် လှုပ်ရှားမှုတစ်ခုစီကို ချန်ထားရစ်ခဲ့၏။

ထိုလျှို့ဝှက်နည်းစနစ်များသည် အလွန်ပင် လျှို့ဝှက်နက်နဲသော်လည်း ကျန်းချန် အတွက်မူ နားလည်ရခက်ခဲခြင်း မရှိခဲ့ပေ။

ကျန်းချန်က ကျင့်စဥ်လှုပ်ရှားမှု နည်းစနစ်များကို ပေါင်းစပ်လိုက်ရာ အသစ်စက်စက် ကျင့်စဥ်တစ်ခု ဖြစ်သွားခဲ့ပြီး ထိုကျင့်စဥ်သည် သူတစ်ချိန်က ကျင့်ကြံခဲ့သည့် ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်၏ နေရာတွင် အစားထိုး ဝင်ရောက်သွားခဲ့သည်။

ယင်းအချိန်မှာပင် စနစ်ထံမှ သတိပေးချက်သည် ကျန်းချန်၏ စိတ်ထဲတွင် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။

“ဒင်.. အင်မော်တယ်ကျင့်စဥ် ဖြစ်တဲ့ အပြာရောင်ဧကရာဇ်သက်ရှည်ကျင့်စဥ်ကို သင့်အနေနဲ့ အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ပါပြီ”

စနစ်၏ သတိပေးသံကို ကြားလိုက်ရလျှင် ကျန်းချန်သည် အနည်းငယ် မှင်တက်သွားခဲ့သည်။

“အင်မော်တယ်ကျင့်စဥ်လား.. ဒါက ဘယ်လိုအဆင့်အတန်းမှာရှိတဲ့ ကျင့်စဥ်မျိုးလဲ”

ကျန်းချန်က အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်သည် မည်သည့်အဆင့်တွင် ရှိနေမှန်း အတိအကျ မသိသော်လည်း ထိုကျင့်စဥ်သည် သူကျင့်ကြံခဲ့သည့် ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ထက် များစွာပို၍ အစွမ်းထက်သည်ကိုမူ ကောင်းစွာ သိထားခဲ့သည်။

သူက အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကို ကျင့်ကြံလိုက်သော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်သည် တိုးတက် ပြောင်းလဲသွားခြင်း မရှိပေ။

သို့သော်လည်း သူ၏ ခန္ဓာကိုယ်အတွင်း စုစည်းထားသော နယ်မြေနတ်ဘုရား မူလရင်းမြစ်စွမ်းအားသည် ယခင်ကထက်ပင် အဆပေါင်းများစွာ ပိုမို သိပ်သည်းလာခဲ့သည်။

ထို့အပြင် ဤအပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်သည် အလွန်တရာ အစွမ်းထက်သည့် ဓားကျင့်စဥ်တစ်ခု ဖြစ်သည်။

သို့ဖြစ်ရာ ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်နှင့် နှိုင်းယှဥ်လျှင် အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်သည် သူ့အတွက် ပို၍ သင့်တော်သည်မှာ သံသယဖြစ်စရာ မရှိပေ။

နယ်မြေနတ်ဘုရား အဆင့်သို့ ထိုးဖောက်ပြီးနောက်တွင် ကျန်းချန်သည် သူနှင့် ပိုမိုကိုက်ညီသော ကျင့်စဥ်တစ်ခုကို ရှာဖွေချင်ခဲ့သော်လည်း စိတ်တိုင်းကျသည့် ကျင့်စဥ်မျိုးကို တစ်ခါမှ ရှာမတွေ့ခဲ့ပေ။

ဆိုရလျှင် ထျန်းယွမ်ခန်းမတွင် ကျီထျန်းယွမ် ချန်ထားရစ်ခဲ့သည့် ကျင့်စဥ်ကိုပင် ကျန်းချန် အနေဖြင့် သိပ်ဂရုမစိုက်ခဲ့ပေ။

ယခုအခါတွင်မူ မဟာနဂါးကျောက်တိုင်မှ တစ်ဆင့် အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကို ရရှိခဲ့ရာ ကျန်းချန်သည် အလွန်တရာ ကျေနပ်နေမိသည်။

ကျန်းချန်ကို အံ့အားအသင့်စေဆုံး အချက်မှာ အပြာရောင်ပုံရိပ်၏ လမ်းညွှန်မှုအောက်တွင် သူ့အနေဖြင့် အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကို အပြည့်အဝ ကျွမ်းကျင်ရန် အချိန်များစွာ မပေးလိုက်ရခြင်းပင်။

ယင်းမှာ သူ့ကို သိသိသာသာပင် အချိန်များစွာ သက်သာစေခဲ့သည်။

အကယ်၍သာ အပြာ‌ရောင်ပုံရိပ်၏ အကူအညီ မပါခဲ့ဘဲ အဆ ၁၀၀ စနစ်၏ နားလည်သဘောပေါက်နိုင်စွမ်းဖြင့်သာ အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကို ကျင့်ကြံမည်ဆိုလျှင် အောင်မြင်အောင် ကျင့်ကြံရန် အချိန်အတော်ပေးရလိမ့်မည်ဖြစ်သည်။

“ဓားအင်မော်တယ်ဧကရာဇ် ရှချင်းက ဘယ်လောက်တောင်ပြိုင်ဘက်ကင်းတဲ့ ပုဂ္ဂိုလ်မျိုးလဲ မသိဘူး”

ကျန်းချန်က သဲလွန်စပင် မကျန်ရှိဘဲ ပျောက်ကွယ်သွားခဲ့သည့် အပြာရောင်ပုံရိပ် ဆီသို့ တစ်ချက် ကြည့်လိုက်ကာ တီးတိုး ရေရွတ်လိုက်သည်။

ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ မြင်ကွင်းသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး ကျန်းချန်သည် မဟာနဂါးကျောက်တိုင် ရှေ့သို့ ပြန်လည် ရောက်ရှိနေကြောင်း ခံစားမိလိုက်သည်။

“ကောင်လေး.. မဟာနဂါးကျောက်တိုင်နဲ့ ပတ်သက်ပြီး ဘာတွေ ကြုံတွေ့ခဲ့လဲ.. မင်းဒီတစ်ကြိမ် မဟာနဂါးကျောက်တိုင်ကို လေ့လာတာ ၂နှစ် တိတိ ကြာမြင့်သွားတယ် ဆိုတာ မင်းသိရဲ့လား”

ထိုအချိန်မှာပင် စီနီယာ နန်းတော်ဝိညာဥ်၏ စကားသံသည် သူ၏စိတ်ထဲ၌ ပဲ့တင်ထပ်လာခဲ့သည်။

ထိုစကားကိုကြားလျှင် ကျန်းချန်သည် အံ့ဩ ထိတ်လန့်သွားခဲ့သည်။

“ဘယ်လို.. ၂နှစ်တောင် ကုန်သွားခဲ့ပြီလား”

သူက ထိုလျှို့ဝှက်ဆန်းကြယ်သော နယ်မြေထဲတွင် တစ်ခဏသာ နေခဲ့ရသည်ဟု ထင်ထားခဲ့သော်လည်း အပြင်လောကတွင် ၂နှစ်ခန့် ကုန်ဆုံးသွားမည်ဟု မထင်ထားခဲ့ပေ။

“အမှန်ပဲ.. မင်း မဟာနဂါးကျောက်တိုင်ကို စတင်လေ့လာတဲ့အချိန်ကတည်းကနေ ရေတွက်ရင်၂ နှစ်တိတိ ရှိသွားခဲ့ပြီ.. ဒီ၂ နှစ် အတွင်းမှာ မင်းရဲ့ကျင့်ကြံခြင်းအဆင့် တိုးတက်မလာခဲ့ပေမဲ့ အရင်ထက်ပိုပြီး သန်မာလာတယ် ဆိုတာကို ငါ ရှင်းရှင်းလင်းလင်း ခံစားမိတယ်”

စီနီယာ နန်းတော်ဝိညာဥ်က တအံ့တဩ ပြောလိုက်၏။

“မင်း မဟာနဂါးကျောက်တိုင်ကို လေ့လာရင်း ဘယ်လိုအဖြစ်အပျက်တွေနဲ့ ကြုံတွေ့ခဲ့ရသလဲ ဆိုတာ ငါတကယ် သိချင်နေမိပြီ”

စီနီယာ နန်းတော်ဝိညာဥ်၏ စကားကိုကြားလျှင် ကျန်းချန်သည် မဟာနဂါးကျောက်တိုင်ထဲတွင် ဖြစ်ပျက်ခဲ့သမျှကို ဖုံးကွယ်မထားခဲ့ဘဲ အသေးစိတ် ရှင်းပြခဲ့သည်။

ကျန်းချန်၏ စကားကို ကြားလျှင် စီနီယာ နန်းတော်ဝိညာဥ်သည် အချိန်အတော်ကြာ ငြိမ်သက်သွားခဲ့သည်။

ခဏအကြာတွင် သူက မယုံကြည်နိုင် ဖြစ်နေသည့် အမူအရာဖြင့် ပြောလိုက်သည်။

“ကောင်လေး.. မင်းကျင့်ကြံတဲ့ ကျင့်စဥ်က အပြာရောင်ဧကရာဇ်သက်ရှည်ကျင့်စဥ်လို့ ခေါ်တာ သေချာရဲ့လား”

ထိုစကားကိုကြားလျှင် ကျန်းချန်သည် စိတ်လှုပ်ရှားသွားခဲ့သည်။

“စီနီယာ နန်းတော်ဝိညာဥ်က အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ် အကြောင်းကို ကြားဖူးလို့လား”

“ငါ အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကိုတော့ တစ်ခါမှမကြားဖူးဘူး.. ဒါပေမဲ့ ဒီကျင့်စဥ်ရဲ့ နာမည်က အရမ်းကို တုန်လှုပ်ဖို့ ကောင်းတယ်”

စီနီယာနန်းတော်ဝိညာဥ်က လေးနက်စွာ ပြောလိုက်သည်။

“အထူးသဖြင့် သက်ရှည် ဆိုတဲ့ စကားလုံးက နတ်ကုန်းမြေတိုက်မှာရှိတဲ့ အရမ်းရှေးကျတဲ့ ဒဏ္ဍာရီတစ်ခုကို အမှတ်ရစေတယ်”

ကျန်းချန်က စိတ်လှုပ်ရှားသွားခဲ့သည်။

“ဘယ်လိုဒဏ္ဍာရီလဲ စီနီယာ နန်းတော်ဝိညာဥ်”

“အသက်ရှည်ဖို့ဆိုတာက နတ်ဘုရားနယ်မြေက ကျင့်ကြံသူတွေအတွက် အမြဲတစေ စိတ်ကူးအိပ်မက်တစ်ခုပဲ.. နတ်ဘုရင်အဆင့်နဲ့ နတ်ဘုရင်အဆင့်ထက် မြင့်မားတဲ့ အုပ်စိုးသူအဆင့်တွေက သက်တမ်း အလွန်တရာ ရှည်လျားတယ် ဆိုပေမဲ့လည်း တကယ်တမ်းမှာ သံသရာကနေ လွတ်မြောက်ပြီး ထာဝရ အသက်မရှင်နိုင်ဘူး”

စီနီယာနန်းတော်ဝိညာဥ်က သက်ပြင်းတစ်ချက်ကို အသာအယာချကာ ပြောလိုက်သည်။

“နတ်ဘုရားနယ်မြေရဲ့ ရှေးဟောင်း ဒဏ္ဍာရီအချို့မှာတော့ အုပ်စိုးသူ အဆင့်ထက် ပိုမို မြင့်မားတဲ့ နောက်ထပ် အဆင့်တစ်ခု ရှိသေးတယ်.. အဲဒီအဆင့်ကို အင်မော်တယ်အဆင့်လို့ ခေါ်ဆိုကြတယ်”

“အင်မော်တယ်အဆင့်လား”

ကျန်းချန်က ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

“အင်မော်တယ်အဆင့်က သူ့ရဲ့နာမည်အတိုင်းပဲ.. ထာဝရအသက်ရှည်ခြင်းကို ရရှိတဲ့အဆင့်ပဲ.. ဒါကြောင့် မင်းရရှိခဲ့တဲ့ ကျင့်စဥ်မှာ သက်ရှည် ဆိုတဲ့ နာမည်ပါဝင်နေတာက တကယ်ကို မယုံနိုင်စရာပဲ”

ထိုစကားကို ပြောပြီးနောက်တွင် စီနီယာ နန်းတော်ဝိညာဥ်သည် ကျန်းချန် အံ့ဩလောက်သည့် စကားကို ပြောလိုက်သည်။

“ငါ့မှာ ခန့်မှန်းချက်တစ်ခုရှိတယ်.. ဒီအပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်က အင်မော်တယ်အဆင့် ကျင့်စဥ်တစ်ခု ဖြစ်နေနိုင်တယ်”

ထိုစကားကိုကြားလျှင် ကျန်းချန်သည် စိတ်ထဲတွင် တုန်လှုပ်သွားခဲ့သည်။

ဤအပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်သည် အမှန်တကယ်ပင် အင်မော်တယ်အဆင့် ကျင့်စဥ်တစ်ခု ဖြစ်နေပါသလော။

သို့ဆိုလျှင် သူ့ကိုယ်သူ ဓားအင်မော်တယ်ဧကရာဇ် ရှချင်းဟု ခေါ်ဆိုသော ပုဂ္ဂိုလ်သည် အင်မော်တယ်အဆင့် ကျင့်ကြံသူ တစ်ဦးပေလော။

“ကောင်လေး အခုအချိန်မှာ သိပ်အများကြီး မစဥ်းစားပါနဲ့ဦး.. ဘာပဲဖြစ်ဖြစ် မင်းရရှိခဲ့တဲ့ အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်က ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုရဲ့ အထွတ်အထိပ်ကျင့်စဥ် ဖြစ်တဲ့ ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ထက်တော့ ပိုပြီး အစွမ်းထက်တယ်.. အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်က ငါခန့်မှန်းထားသလို ဖြစ်နေရင်တောင်မှ အင်မော်တယ်အဆင့် ဆိုတာ မင်းအတွက် အရမ်းကို အလှမ်း ဝေးလွန်းနေပါသေးတယ်”

ထိုအချိန်မှာပင် နန်းတော်ဝိညာဥ်၏ အသံသည် နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ထိုအကြောင်းကို ဆက်လက် မတွေးတောတော့ပေ။

သူက နတ်ဘုရင်အဆင့်ကို ထိုးဖောက်ရန်ပင် အလှမ်းဝေးလွန်းနေသေးသည် မဟုတ်ပါလော။

ထို့အပြင် အင်မော်တယ်အဆင့်နှင့် နတ်ဘုရင်အဆင့်တို့ ကြားတွင် အုပ်စိုးသူအဆင့်လည်း ရှိနေသေးသည်။

သို့ဖြစ်ရာ အင်မော်တယ်အဆင့်သည် သူ့အနေဖြင့် လတ်တလော စဥ်းစားနေရမည့်အရာ မဟုတ်ပေ။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး သူ၏ အကြည့်ကို သူ၏ ရှေ့ရှိ မဟာနဂါးကျောက်တိုင် ဆီသို့ ထပ်မံ ပို့လွှတ်လိုက်သည်။

မဟာနဂါးနန်းတော်မှ ကျန်းချန်အား ပေးစွမ်းသည့် ခံစားချက်သည် အမှန်တကယ်ပင် လျှို့ဝှက်ဆန်းကြယ်လွန်း၏။

ကျန်းချန်က မဟာနဂါးကျောက်တိုင်ကို တစ်ခါတည်းသိမ်းဆည်းသွားချင်သော်လည်း သူ၏ ရှေ့ရှိ မဟာနဂါးကျောက်တိုင်ကို ကြည့်ကာ ဘယ်နေရာကနေ စရမှန်းမသိ ဖြစ်နေခဲ့သည်။

သူက စီနီယာနန်းတော်ဝိညာဥ်ကို မေးခွန်းထုတ်လိုက်သည်။

“စီနီယာ နန်းတော်ဝိညာဥ်.. သူတော်စင်နဂါးဘုရင်က ဒီမဟာနဂါးကျောက်တိုင်ကို ဘယ်လို ထိန်းချုပ်ခဲ့သလဲဆိုတာ စီနီယာသိလား”

“အဲဒါတော့ ငါလည်းမသိဘူး”

စီနီယာနန်းတော်ဝိညာဥ်က အလွန် ရိုးရှင်းစွာပင် ပြန်ဖြေလိုက်သည်။

“မဟာနဂါးကျောက်တိုင်ကို ထိန်းချုပ်ချင်တယ် ဆိုရင် မင်းကိုယ်တိုင်ပဲ ကြိုးစားရလိမ့်မယ်”

ကျန်းချန်က ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါရမ်းလိုက်သည်။

သူက မဟာနဂါးကျောက်တိုင်ကို သူ၏ ခွန်အားဖြင့် ဆွဲထုတ်ရန် ကြိုးစားကြည့်သော်လည်း အနည်းငယ်မျှပင် မလှုပ်ခါနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။

ကျန်းချန်က မျက်မှောင် ခပ်တင်းတင်း ကြုတ်သွားခဲ့ပြီး အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကို ချက်ချင်းဆိုသလိုပင် လှုံ့ဆော်လိုက်သည်။

အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကို ကျန်းချန် လှုံ့ဆော်လိုက်သည့် တစ်ခဏမှာပင် မလှုပ်မယှက် ရှိနေသော မဟာနဂါးကျောက်တိုင်သည် ရုတ်တရက် အနည်းငယ် တုန်ခါသွားခဲ့သည်။

“အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်က ငါထင်ထားသလို တကယ်ပဲ မဟာနဂါးကျောက်တိုင်နဲ့ တုံ့ပြန်မှု ရှိနေတာပဲ”

ကျန်းချန်၏ စိတ်ထဲတွင် အတိုင်းမသိ ဝမ်းသာသွားခဲ့ပြီး အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကို အစွမ်းကုန် လှုံ့ဆော်လိုက်ရာ သူ၏ ခန္ဓာကိုယ်အတွင်းမှ နယ်မြေနတ်ဘုရား မူလရင်းမြစ်စွမ်းအားများသည် မဟာနဂါးကျောက်တိုင်ထံသို့ အရူးအမူးပင် တိုးဝင်သွားခဲ့သည်။

အခန်း(၂၁၈၄)ပြီး၏။

All Chapters