အခန်း (၂၁၈၅-၂၁၈၆)
Vol. 159 Ch. 2185-2186
အခန်း(၂၁၈၅)
ကျန်းချန်က အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကို လည်ပတ်လိုက်ပြီး နယ်မြေနတ်ဘုရား အရင်းအမြစ်စွမ်းအားများကို မဟာနဂါးကျောက်တိုင် ထဲသို့ ဆက်တိုက်ဆိုသလို ထည့်သွင်းလိုက်ရာ မဟာနဂါးကျောက်တိုင်၏ တုံ့ပြန်မှုသည် ပိုမို၍ ပြင်းထန်လာခဲ့သည်။
တဖြည်းဖြည်းနှင့် မဟာနဂါးတောင် တစ်ခုလုံးသည် ငလျင်လှုပ်သကဲ့သို့ တုန်ခါလာခဲ့၏။
ကျန်းချန်၏ လှုံ့ဆော်မှုအောက်တွင် မဟာနဂါးကျောက်တိုင်ထံကနေ ငွေရောင် အလင်းတန်းများ တောက်ပလာခဲ့သည်။
ခဏအကြာတွင် မဟာနဂါးကျောက်တိုင်သည် မဟာနဂါးတောင်ထိပ်ကနေ ပျံတက်သွားခဲ့ပြီး သုံးပေခန့် ရှည်လျားသော ကျောက်တိုင်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ကျန်းချန်၏ လက်ဖဝါးပေါ်တွင် ပေါ်လာခဲ့သည်။
“အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကို ကျင့်ကြံပြီးတဲ့နောက်မှာ မဟာနဂါးကျောက်တိုင်ကို လှုပ်ရှားအောင်လုပ်ရတာက ဒီလောက်အထိ လွယ်ကူသွားလိမ့်မယ်လို့ မထင်မှတ်ထားခဲ့ဘူး”
သူ၏ လက်ဖဝါးပေါ်တွင် ပျံဝဲနေသည့် မဟာနဂါးကျောက်တိုင်ကို ကြည့်ကာ ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ကြည့်ရသည်မှာ ဤမဟာနဂါးကျောက်တိုင်သည် သူ့ကို အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်အား သင်ကြားပေးခဲ့သည့် ဓားအင်မော်တယ်ဧကရာဇ် ရှချင်းနှင့် အတော်လေး ပတ်သက်ဆက်နွှယ်နေပုံ ရသည်။
ဆိုရလျှင် ဓားအင်မော်တယ်ဧကရာဇ် ရှချင်းသည် ဤမဟာနဂါးကျောက်တိုင်၏ ပိုင်ရှင်ပင် ဖြစ်နိုင်ခြေ အလွန်များ၏။
ဤအခိုက်အတန့်တွင် ကျန်းချန်အတွက် တိတ်တဆိတ်စောင့်ကြပ်ပေးနေသော သွေးနတ်ဆိုးနတ်ဘုရင်သည် အံ့အားသင့်သွားခဲ့သည်။
မဟာနဂါးတောင်သို့ ရောက်ရှိကတည်းကပင် သွေးနတ်ဆိုးနတ်ဘုရင်သည် မဟာနဂါးကျောက်တိုင်ကို ရယူရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့သော်လည်း အဆုံးသတ်တွင် ကျရှုံးသွားခဲ့ရသည်။
သို့သော်လည်း ကျန်းချန်ကမူ မဟာနဂါးကျောက်တိုင်ကို နှစ်နှစ်ကြာ လေ့လာပြီးနောက်တွင် ဤမျှအထိ လွယ်ကူစွာ ထိန်းချုပ်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သို့သော်လည်း ကောင်းကင်အရှင် အဆင့်ဖြင့်ပင် နတ်ဘုရင်ဒုတိယအဆင့်ကို အလွယ်တကူ အနိုင်ယူနိုင်သည့် ကျန်းချန်၏ ကြောက်မက်ဖွယ်ပါရမီကို ပြန်လည် စဥ်းစားမိလျှင် သွေးနတ်ဆိုးနတ်ဘုရင်သည် စိတ်သက်သာရာ ရသွားခဲ့သည်။
ကျန်းချန်ကဲ့သို့ ပါရမီရှင်မျိုးပင် မဟာနဂါးကျောက်တိုင်ကို မရရှိနိုင်လျှင် တခြားမည်သူက ရရှိနိုင်ပါတော့မည်နည်း။
သွေးနတ်ဆိုးနတ်ဘုရင်က ခေါင်းခါရမ်းလိုက်သည်။
သူက ကျန်းချန်ကို ဂုဏ်ပြုရန် ပြင်လိုက်စဥ်မှာပင် မိုင်ပေါင်းထောင်ချီ အကွာအဝေးမှ ပျံ့လွင့်လာသော လှောင်ရယ်သံ တစ်သံသည် မဟာနဂါးတောင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။
“ဟက်.. တွေ့မယ် တွေ့တော့လည်း အလွယ်တကူ ရှာတွေ့ခဲ့ပါလား.. ဒီတစ်ကြိမ် ငါ လုံရှင်းယွင် ကံကောင်းသွားပုံပဲ.. ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုက အလိုရှိနေတဲ့လူကို တွေ့ရှိရုံမကဘူး.. သစ္စာဖောက်ရဲ့ မဟာနဂါးကျောက်တိုင်ကိုပါ တွေ့ခဲ့ရပြီ”
ရုတ်တရက် ထွက်ပေါ်လာသော အသံကိုကြားလျှင် ကျန်းချန်နှင့် သွေးနတ်ဆိုးနတ်ဘုရင် တို့၏ မျက်နှာအမူအရာသည် ရုတ်ခြည်း ပြောင်းလဲသွားခဲ့သည်။
သူတို့က အသံလာရာဆီသို့ လှမ်းကြည့်လိုက်ရာ ငွေရောင်ဆံပင်နှင့် အမျိုးသားတစ်ဦးသည် သူတို့ဆီသို့ လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရသည်။
“ဒီလူရဲ့ အရှိန်အဝါက တကယ်ကို အားကောင်းတာပဲ”
သွေးနတ်ဆိုးနတ်ဘုရင်သည် ငွေရောင်ဆံပင်နှင့် အမျိုးသား၏ အရှိန်အဝါကို ခံစားမိလျှင် တုန်လှုပ်သွားခဲ့သည်။
ဤငွေရောင်ဆံပင်နှင့် အမျိုးသားထံမှ ထွက်ပေါ်နေသော အရှိန်အဝါသည် သူ၏ နတ်ဘုရင် ဒုတိယ အဆင့် အရှိန်အဝါထက်ပင် အဆပေါင်းများစွာ ပိုမို အားကောင်းနေခဲ့၏။
ဆိုရလျှင် လုံရှင်းယွင်သည် အနည်းဆုံး နတ်ဘုရင်တတိယအဆင့် သို့မဟုတ် နတ်ဘုရင်စတုတ္ထအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နိုင်လောက်၏။
“ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုကလူလား”
ကျန်းချန်က သူ၏ ရှေ့ရှိ လုံရှင်းယွင်ကို စူးစိုက်ကြည့်လိုက်သည်။
သူ၏ မျက်ဝန်းများသည် အလိုအလျောက်ပင် အေးစက်သွားခဲ့၏။
“နတ်ကုန်းမြေတိုက်ကြီးရဲ့ ထိပ်တန်းမျိုးနွယ်စု ပီသပါပေတယ်.. ဒီနေရာအထိ ငါ့ကို လာရောက် ရှာဖွေနိုင်စွမ်းရှိနေလိမ့်မယ်လို့ ငါတကယ် ထင်မထားမိဘူး”
သူက ထာဝရဟင်းလင်းပြင်ထဲသို့ ထွက်ပြေးခဲ့ခြင်း ဖြစ်ရာ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုဖြစ်စေ၊ လူသားဧကရာဇ်နန်းတော် ဖြစ်စေ၊ အဆုံးမဲ့ ကျယ်ပြောသော ထာဝရဟင်းလင်းပြင်ထဲတွင် သူ၏ တည်နေရာကို ရှာဖွေနိုင်ရန်မှာ မဖြစ်နိုင်ဟု မူလက သူထင်ထားခဲ့သည်။
သို့သော်လည်း ယခုအခါတွင် နတ်ကုန်းမြေတိုက်မှ ထိပ်တန်း အင်အားစုများကို အထင်သေးခဲ့မိကြောင်း ကျန်းချန် သဘောပေါက်သွားခဲ့သည်။
လုံရှင်းယွင်က ခေါင်းခါရမ်းကာ ပြောလိုက်သည်။
“ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုက အစွမ်းထက်ပေမဲ့လည်း ထာဝရဟင်းလင်းပြင်ထဲကနေ မင်းကို ရှာဖွေဖို့ စွမ်းရည်တော့ မရှိပါဘူး.. မင်းကို ရှာဖွေဖို့အတွက် ကျီမျိုးနွယ်စုနဲ့ ငါတို့ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုက ဘယ်လောက်တောင် ရင်းနှီးခဲ့ရတယ် ဆိုတာ မင်းမသိပါဘူး”
ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုနှင့် အလယ်ပိုင်းဒေသကျီမျိုးနွယ်စု တို့သည် ကျန်းချန်၏ တည်နေရာကို တွက်ချက်ပေးရန် အတွက် နတ်ကုန်းမြေတိုက်တွင် ကံကြမ္မာလမ်းစဥ်ကို အထူးပြု ကျင့်ကြံသော ဆန်းကြယ်နတ်မျိုးနွယ်စုအား အဖိုးအခ ကြီးကြီးမားမား ပေးခဲ့ရသည်။
သို့သော်လည်း ကျန်းချန်၏ ကံကြမ္မာသည် ဧကရာဇ်ကံကြမ္မာ ဖြစ်နေသဖြင့် တွက်ချက်ရာတွင် ကျွမ်းကျင်သော ဆန်းကြယ် နတ်မျိုးနွယ်စု အတွက်ပင် အလွယ်တကူ တွက်ချက်ရန် ခက်ခဲနေခဲ့၏။
မကြာသေးမီကမှ ဆန်းကြယ် နတ်မျိုးနွယ်စုသည် အချက်အလက် တချို့ကို တွက်ချက်နိုင်ခဲ့ပြီး ကျန်းချန် ရှိနေနိုင်သည့် ခန့်မှန်းခြေ နယ်မြေကို ပြောပြခဲ့သည်။
ထိုနယ်မြေသည် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ သစ္စာဖောက်ကနေ တည်ထောင်ထားသော မဟာနဂါးကောင်းကင်နယ်မြေပင် ဖြစ်၏။
ကျန်းချန်၏ တည်နေရာကို သိလိုက်ရပြီးနောက်တွင် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုသည် အချိန်ဆွဲမနေတော့ဘဲ ထိုနယ်မြေတွင် သွားရောက်ရှာဖွေရန် လုံရှင်းယွင်ကို စေလွှတ်ခဲ့သည်။
လုံရှင်းယွင်က ထာဝရဟင်းလင်းပြင်သို့ ရောက်ရှိလာပြီးနောက်တွင် အနည်းငယ် စုံစမ်းရုံဖြင့် ရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေ သတင်းကို ရရှိခဲ့သည်။
ထို့ကြောင့် သူက အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲသို့ တိုက်ရိုက်ပင် ခရီးနှင်လာခဲ့သည်။
နတ်ဘုရင်စတုတ္ထအဆင့် ဖြစ်သည့် လုံရှင်းယွင်၏ ခွန်အားကြောင့် ရှေးဟောင်း နဂါးအမွေအနှစ် နယ်မြေထဲတွင် အချိန်များစွာ မပေးလိုက်ရဘဲ မဟာနဂါးတောင်၌ ကျန်းချန်ကို ရှာဖွေတွေ့ရှိခဲ့သည်။
လုံရှင်းယွင်ကို အလွန်အမင်း ဝမ်းသာစေသည့် အချက်မှာ ကျန်းချန် လက်ထဲတွင် ထိုသစ္စာဖောက်၏ နတ်လက်နက် ဖြစ်သည့် မဟာနဂါးကျောက်တိုင်ကို တွေ့လိုက်ရခြင်းပင်။
ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ မှတ်တမ်းများအရ ကျန်းချန်၏ လက်ထဲရှိ မဟာနဂါးကျောက်တိုင်သည် အနည်းဆုံး သန္ဓေတာအိုနတ်လက်နက်နှင့် နှိုင်းယှဥ်နိုင်သည့် အထွတ်အထိပ် နတ်လက်နက် ဖြစ်သည်။
ထိုအချိန်က ထိုသစ္စာဖောက်သည် မဟာနဂါးကျောက်တိုင်ကို အားကိုးပြီး နတ်ဘုရင်စတုတ္ထအဆင့် ကျင့်ကြံမှုဖြင့်ပင် နတ်ဘုရင် သတ္တမအဆင့်ကို ဖိနှိပ်နိုင်ခဲ့သည်။
ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုသည် မဟာနဂါးနန်းတော်ကို ဖျက်ဆီးရန် အတွက် နတ်ဘုရင် သတ္တမအဆင့်ကျင့်ကြံသူ သုံးဦးကို စေလွှတ်မှသာလျှင် သစ္စာဖောက်ကို အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်၏။
ဆိုရလျှင် သူတို့ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုသည် ထိုသစ္စာဖောက် ကိုင်ဆောင်ခဲ့သည့် မဟာနဂါးကျောက်တိုင်ကို အမြဲတစေ လိုချင်တပ်မက်ခဲ့ကြသည်။
သို့သော်လည်း ထိုနှစ်က တိုက်ပွဲတွင် သစ္စာဖောက်သည် မသေဆုံးမီတွင် မဟာနဂါးကောင်းကင်နယ်မြေ၏ ဗဟိုနယ်မြေကို ဟင်းလင်းပြင်ထဲသို့ ပို့ဆောင်ကာ စည်းခတ်၍ ချိတ်ပိတ်ခဲ့သည်။
ထို့ကြောင့် သူတို့ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုသည် အဆုံးသတ်တွင် မဟာနဂါးကျောက်တိုင်ကို မရရှိခဲ့ပေ။
ယခုအခါတွင်မူ သူတို့ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု အလွန်အမင်း လိုချင်တပ်မက်ခဲ့ရသော မဟာနဂါးကျောက်တိုင်သည် သူ၏ ရှေ့တွင် ပေါ်ထွက်လာပြီ ဖြစ်ရာ လုံရှင်းယွင်သည် အတိုင်းမသိ ဝမ်းသာနေခဲ့သည်။
“ဟားဟား.. မင်းတို့ အင်အားစုနှစ်စုက ငါ့ကို အတော်လေး တန်ဖိုးထားသားပဲ”
ကျန်းချန်က အေးစက်စက်ပြုံးကာ ပြောလိုက်သည်။
“ဒါပေမဲ့ နှမြောစရာပဲ.. မင်းတို့တွေက ငါ့ကို ရှာဖွေဖို့အတွက် အဖိုးအခကြီးကြီးမားမား ရင်းနှီးခဲ့ရတယ် ဆိုမှတော့ ဒီနေရာကို မင်းတစ်ယောက်တည်း ရောက်မလာသင့်ဘူး”
“ကျန်းချန်.. မင်းက တကယ်ကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေတာပဲ.. လုံကျိုးဟန် ဆီကနေ မင်းရဲ့တိုက်ခိုက်ရေးစွမ်းရည်တွေ အကြောင်းကို ငါ ကြားခဲ့ပြီးပြီ.. ငါ့အနေနဲ့ သေချာမှုမရှိရင် မင်းကို ဘယ်လိုလုပ်ပြီး လာရှာဖွေဝံ့မှာလဲ”
လုံရှင်းယွင်က ကျန်းချန်ကို စူးစိုက်ကြည့်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် ယုံကြည်မှု အပြည့်ရှိသော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။
သူက ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုတွင် အထွတ်အထိပ် ပါရမီရှင် မဟုတ်သော်လည်း နတ်ဘုရင် စတုတ္ထအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် သာမန် နတ်ဘုရင် စတုတ္ထအဆင့်များထက် ပို၍ အားကောင်းသည်။
ထို့အပြင် နတ်ဘုရင် စတုတ္ထအဆင့်သည် နတ်ဘုရင်တတိယအဆင့် ကျင့်ကြံသူများပင် လုံးဝ မယှဥ်နိုင်သည့် ကွဲပြားသော အဆင့်တစ်ခု ဖြစ်သည်။
သို့ဖြစ်ရာ သူ၏ ကိုယ်ပိုင်စွမ်းရည်ဖြင့် ကျန်းချန်ကဲ့သို့ ကောင်းကင်အရှင်အဆင့် လူငယ်လေး တစ်ယောက်ကို ကိုင်တွယ်ရန်မှာ ခက်ခဲသည့်ကိစ္စ မဟုတ်ပေ။
”သေချာလို့လား”
ကျန်းချန်က မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။
“ဒါဆို သူနဲ့ ငါ ရင်ဆိုင်တုန်းက ငါက မြေကြီးအရှင် အဆင့်မှာပဲ ရှိသေးတယ် ဆိုတာကို လုံကျိုးဟန် မင်းကို ပြောပြခဲ့ဖူးလား”
အကယ်၍ သူသာ နတ်ကုန်းမြေတိုက်က ထွက်လာခါစသာ ဆိုလျှင် နတ်ဘုရင် စတုတ္ထအဆင့်၏ ပြိုင်ဘက် ဖြစ်နိုင်ဦးမည်မဟုတ်ပေ။
သို့သော်လည်း ဤ၂နှစ်ကျော် ကာလအတွင်း သူက မဟာဓားကန်၏ အကူအညီဖြင့် ကြယ်လေးပွင့် ကောင်းကင်အရှင်အဆင့်သို့ ထိုးဖောက်နိုင်ခဲ့ပြီး သူ၏ စွမ်းရည်ကို အဆင့်သစ်တစ်ခုသို့ မြှင့်တင်နိုင်ခဲ့သည်။
ထို့အပြင် ယခုတစ်ကြိမ် မဟာနဂါးကျောက်တိုင်ကို လေ့လာပြီးနောက်တွင် ကျန်းချန်သည် ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ထက်ပင် ပိုမို အစွမ်းထက်သော ကျင့်စဥ် ဖြစ်သည့် အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ပြီး သူ၏ စွမ်းရည်သည် နောက်ထပ် အဆင့်တစ်ခုသို့ ထပ်မံ တိုးတက်သွားခဲ့သည်။
ဆိုရလျှင် ကျန်းချန်အနေဖြင့် သူ၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းရည်က မည်သည့်အဆင့်ကို ရောက်ရှိနေပြီမှန်းပင် အတိအကျမသိတော့ပေ။
သို့သော်လည်း အနည်းဆုံးတော့ သူ့ရှေ့မှ နတ်ဘုရင်စတုတ္ထအဆင့် လုံရှင်းယွင်သည် သူ့ကို မည်သည့် ခြိမ်းခြောက်မှုမှ ပေးနိုင်တော့မည် မဟုတ်ချေ။
အခန်း(၂၁၈၅)ပြီး၏။
အခန်း(၂၁၈၆)
လုံရှင်းယွင်သည် အနည်းငယ် မှင်တက်သွားခဲ့သည်။
ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါကို ခံစားမိလျှင် သူ၏ မျက်ဝန်းများသည် ကျဥ်းမြောင်းသွားခဲ့သည်။
“မင်းက ကောင်းကင်အရှင် အဆင့်ကို ထိုးဖောက်သွားပြီလား”
ဤနေရာသို့ မလာခင် ကျန်းချန်သည် မြေကြီးအရှင်အဆင့်သာ ရှိကြောင်း လုံကျိုးဟန် သူ့ကို ပြောပြခဲ့သည်။
ထို့ကြောင့် ကျန်းချန်ကို ရှာတွေ့သောအခါတွင် ကျန်းချန်သည် ကောင်းကင်အရှင် အဆင့်ကို ထိုးဖောက်ပြီးသား ဖြစ်နေလိမ့်မည်ဟု လုံရှင်းယွင် မထင်ထားခဲ့ချေ။
သူ့ရှေ့မှ ကောင်လေးသည် မြေကြီးအရှင်အဆင့်တွင် ရှိနေစဥ်ကပင် နတ်ဘုရင် တတိယအဆင့်ထက် အားမနည်းခဲ့ပေ။
ယခုအခါတွင် ကောင်းကင်အရှင် အဆင့်ကို ထိုးဖောက်သွားပြီဖြစ်ရာ နတ်ဘုရင် စတုတ္ထအဆင့်နှင့်ပင် အမှန်တကယ် ယှဥ်ပြိုင်နိုင်စွမ်း ရှိနေခဲ့ချေပြီ။
“ကျန်းချန်.. မင်းက တကယ်ကို ဧကရာဇ်ကံကြမ္မာပါလာတဲ့ နတ်ဘုရားတွေကို ဆန့်ကျင်နိုင်တဲ့ တည်ရှိမှုမျိုးပဲ.. မင်းအနေနဲ့ မြေကြီးအရှင် အဆင့်ကနေ ကောင်းကင်အရှင်အဆင့်ကို ထိုးဖောက်ဖို့ နှစ်နှစ်၊သုံးနှစ်လောက်ပဲ အချိန်ယူရလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး.. ဒါက တကယ်ကို အံ့ဩစရာကောင်းလွန်းတယ်”
လုံရှင်းယွင်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့သည်။
ဤကောင်လေး၏ ကျင့်ကြံခြင်းအဆင့် တိုးတက်မှုနှုန်းသည် အမှန်တကယ်ပင် ကြောက်စရာ ကောင်းလွန်းလှ၍ ထပ်မံ ကြီးထွားလာရန် အချိန်ပေး၍ လုံးဝ မဖြစ်တော့ပေ။
အကယ်၍ ထိုကောင်လေးသာ နတ်ဘုရင်အဆင့်ကို ထိုးဖောက်သွားခဲ့လျှင် သူတို့ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုသည် ထိုကောင်လေးကို ပို၍ပင် ရင်ဆိုင်ရခက်ခဲသွားနိုင်သည် မဟုတ်ပါလော။
ကျန်းချန်က နှုတ်ခမ်းကို တွန့်ကွေးကာ မဲ့ပြုံး ပြုံးလိုက်ပြီး လုံရှင်းယွင်ကို အေးစက်စက် ကြည့်လိုက်သည်။
“ဒီတစ်ကြိမ် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုက ငါ့ကို ရင်ဆိုင်ဖို့အတွက် မင်းတစ်ယောက်တည်းကို စေလွှတ်လိုက်တာ မှားယွင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်သွားပြီလို့ ငါထင်တယ်”
“ဟမ့်.. ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေနဲ့.. ကျန်းချန်.. မင်းအနေနဲ့ ကောင်းကင်အရှင် အဆင့်ကို ထိုးဖောက်သွားရင်တောင် ငါ့ရှေ့မှာ မောက်မာဖို့ အရည်အချင်းမရှိသေးဘူး”
လုံရှင်းယွင်၏ ခန္ဓာကိုယ်ထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာခဲ့ပြီး သူ၏ အရှိန်အဝါသည် ရုတ်ခြည်းဆိုသလို ပြောင်းလဲသွားခဲ့သည်။
သူ၏ မျက်ဝန်းက ကြယ်တာရာများ ကဲ့သို့ တဖျပ်ဖျပ် လင်းလက်လာခဲ့ပြီး သူ၏ အရှိန်အဝါသည် ကောင်းကင်ယံမှ ကြယ်တာရာများက လောကကို အုပ်စိုးနေသကဲ့သို့ လျှို့ဝှက်ဆန်းကြယ်နေခဲ့သည်။
“ဝုန်း..”
တောက်ပသော ကြယ်တာရာလမ်းစဥ် နတ်စွမ်းအားများသည် ကောင်းကင်ယံကနေ ကျဆင်းလာခဲ့ပြီး ပတ်ဝန်းကျင်နေရာလွတ်ကို ငွေရောင်အလင်းများဖြင့် လင်းထိန်သွားစေခဲ့သည်။
အဆုံးမဲ့ ခမ်းနားသော ကြယ်တာရာလမ်းစဥ် နတ်စွမ်းအားများသည် အောက်ဘက်သို့ သက်ဆင်းလာခဲ့ရာ ကောင်းကင်ယံရှိ မိုင်ပေါင်းထောင်ချီ နေရာလွတ်ကို ပြိုလဲလုနီးပါး ဖြစ်သွားစေခဲ့သည်။
ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ တည်ငြိမ်စွာ ရပ်နေခဲ့သည်။
သူ၏ ဦးခေါင်းအထက်ရှိ ကြယ်တာရာလမ်းစဥ် နတ်စွမ်းအားများသည် သူ့အပေါ်တွင် မည်သည့် သက်ရောက်မှုမှ မရှိခဲ့ပေ။
သူက လက်ချောင်းမှ ဓားစွမ်းအားဖြင့် လုံရှင်းယွင် ရှိနေသည့်နေရာကို ပစ်လွှတ်လိုက်ရာ တောက်ပသော ဓားအလင်းသည် လေထုထဲရှိ ကြယ်တာရာလမ်းစဥ် နတ်စွမ်းအားများကို တစ်ခဏအတွင်း ဖြိုခွင်းသွားခဲ့ပြီး လုံရှင်းယွင် ဆီသို့ သက်ရောက်သွားခဲ့သည်။
“ကြယ်တာရာကောင်းကင် လက်ဝါးရိုက်ချက်”
ကျန်းချန်၏ ကြောက်မက်ဖွယ်ဓားအလင်းနှင့် ရင်ဆိုင်နေရသော်လည်း လုံရှင်းယွင်သည် တည်ငြိမ်စွာပင် ရှိနေခဲ့သည်။
သူက ကျန်းချန်ဆီသို့ ရည်ရွယ်၍ လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။
ထိုခဏဝယ် လေထုထဲမှ ကြယ်တာရာလမ်းစဥ် နတ်စွမ်းအားများသည် ကောင်းကင်နှင့်နေမင်းကိုပင် ဖုံးလွှမ်းနိုင်သည့် ဧရာမလက်ဝါးကြီး တစ်ခုအဖြစ် ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ပြီး ကြယ်တံခွန်တစ်ခု ပြုတ်ကျလာသကဲ့သို့ပင် ကျန်းချန်ထံ သက်ရောက်လာခဲ့သည်။
“ဝုန်း..”
ဓားအလင်းနှင့် လက်ဝါးရိုက်ချက် တို့သည် တစ်ခုနှင့်တစ်ခု ထိပ်တိုက် ဆုံတွေ့သွားခဲ့ပြီး ကောင်းကင်ကိုပင် တုန်ဟည်းစေသော ပေါက်ကွဲမှု ဖြစ်ပေါ်လာခဲ့သည်။
ကြယ်တာရာလမ်းစဥ်၏ နတ်စွမ်းအားဖြင့် စုစည်းထားသော လုံရှင်းယွင်၏ လက်ဝါးရိုက်ချက်သည် စက္ကူကဲ့သို့ပင် ကျန်းချန်၏ ဓားအလင်း၏ စွမ်းအားဖြင့် အလွယ်တကူ ချေမှုန်းခံလိုက်ရသည်။
ဓားအလင်းသည် ဧရာမ လက်ဖဝါးကို ချေမှုန်းပြီးနောက်တွင် အရှိန်အနည်းငယ်သာ လျော့သွားခဲ့ပြီး ရှေ့သို့ ဆက်လက် တိုးဝင်ကာ လုံရှင်းယွင်ထံ သက်ရောက်လာခဲ့၏။
ထိုမြင်ကွင်းကို မြင်လျှင် လုံရှင်းယွင်သည် မျက်မှောင်ကြုတ်သွားခဲ့ပြီး တောက်ပသော ကြယ်အလင်းများကို သူ၏ ရှေ့တွင် အကာအကွယ်အလွှာ အဖြစ် ချက်ချင်းဆိုသလို စုစည်းကာ ဓားအလင်းတန်းကို ပိတ်ဆို့လိုက်သည်။
“ဝုန်း..”
ကျန်းချန်၏ ဓားအလင်းသည် ကြယ်တာရာစွမ်းအင်အကာအကွယ်ပေါ်သို့ ကျရောက်သွားခဲ့ပြီး ကျယ်လောင်သောပေါက်ကွဲသံကြီး တစ်သံသည် နောက်ထပ် တစ်ဖန် ထွက်ပေါ်လာခဲ့သည်။
လုံရှင်းယွင်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် ပေပေါင်းသောင်းချီ အကွာအဝေးအထိ တစ်ခဏအတွင်း လွင့်စင်ထွက်သွားခဲ့သည်။
“သခင်ရဲ့ စွမ်းရည်က တကယ်ကို ကြောက်စရာပဲ”
လေထုထဲမှ ကျန်းချန်တို့ နှစ်ယောက်၏ တိုက်ပွဲကြောင့် မိုင်ပေါင်းသောင်းချီ အကွာအဝေးအထိ ဆုတ်ခွာခဲ့ရသော သွေးနတ်ဆိုးနတ်ဘုရင်သည် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်မိလိုက်သည်။
ကျန်းချန်သည် ကောင်းကင်အရှင် အဆင့်ဖြင့် သူကဲ့သို့ နတ်ဘုရင် ဒုတိယအဆင့်ကို အလွယ်တကူ အနိုင်ယူနိုင်သည်မှာ အလွန်ပင် ဆန်းကြယ်လွန်းနေပြီဟု မူလက သူထင်ခဲ့သည်။
သို့သော်လည်း နတ်ဘုရင်စတုတ္ထအဆင့် ကျင့်ကြံသူပင်လျှင် ကျန်းချန်၏ အသာစီးရယူမှုကို ခံရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“ကောင်းကင်အရှင် အဆင့်နဲ့ နတ်ဘုရင် စတုတ္ထအဆင့်ကိုတောင် ဖိနှိပ်နိုင်တယ်လား”
သွေးနတ်ဆိုးနတ်ဘုရင်သည် သူ့ကိုယ်သူ အလွန်ပင် ကံကောင်းသည်ဟု ခံစားမိလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် သူက ကျန်းချန်ထံတွင် အညံ့ခံရန် ပြတ်ပြတ်သားသား ရွေးချယ်မိခဲ့သည်။
သို့မဟုတ်လျှင် မည်ကဲ့သို့ သေသွားမှန်းပင် သူ့ကိုယ်သူ သိလိုက်မည် မဟုတ်ပေ။
“ဒီကောင်လေးက တကယ်ကို သာမန်မဟုတ်တဲ့ နတ်ဆိုးတစ်ကောင်ပဲ”
လုံရှင်းယွင်က သူ၏ ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို အတင်းအကျပ် ဖိနှိပ်လိုက်သည်။
ထိုအခိုက်အတန့်တွင် ကျန်းချန်ကို ကြည့်နေသာ သူ၏ အကြည့်ထဲ၌ ထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့၏။
ကောင်းကင်အရှင်အဆင့်ကို ထိုးဖောက်သွားသော ကျန်းချန်သည် အလွန်တရာ အစွမ်းထက်လိမ့်မည်ဟု ကြိုတင်တွေးဆထားသော်လည်း သူ့ကို ဤမျှအထိ အလွယ်တကူဖိနှိပ်နိုင်လောက်အောင် အစွမ်းထက်နေလိမ့်မည်ဟု လုံရှင်းယွင် မထင်ထားခဲ့ပေ။
“ကြယ်တာရာနတ်လမ်းစဥ် ပွင့်စမ်း..”
လုံရှင်းယွင်က ကျယ်လောင်စွာ ကြုံးဝါးလိုက်ရာ သူ၏ ကျောဘက်တွင် ပေပေါင်း လေးသောင်းတစ်ထောင် ရှည်လျားသော ကြယ်တာရာမြစ်ကြီး တစ်စင်းသည် နဂါးငွေ့တန်းကဲ့သို့ပေါ်လာခဲ့သည်။
ထိုကြယ်တာရာမြစ်ကြီးထဲတွင် ကြယ်တာရာ စွမ်းအားများဖြင့် ပြောင်းလဲထားသော မြစ်ရေများသည် လှိုင်းထန်နေခဲ့ပြီး အထက်ကနေ အောက်သို့ ကြယ်တာရာမြစ် ရေတံခွန်တစ်ခုနှယ် ပြိုဆင်းလာခဲ့သည်။
ကောင်းကင်နှင့်မြေကြီး ကြားရှိ အရာအားလုံးသည် ထိုကြယ်တာရာမြစ် ရေတံခွန် ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ဘာမှမကျန်ရှိတော့သည် အထိ ပျောက်ကွယ်သွားခဲ့သည်။
ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့်ပင် ရှေးဟောင်းရွှေရောင်ဓားနှင့် နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားကို တစ်သားတည်း ပေါင်းစပ်ကာ တိုက်ခိုက်လိုက်သည်။
“ဝုန်း..”
လူသားဧကရာဇ်ဓားသည် ကြယ်တာရာမြစ် ရေတံခွန်ကို ခုတ်ပိုင်းသွားခဲ့ပြီး ကြယ်တာရာ စွမ်းအားများကို လေထုထဲတွင် တစ်ခဏအတွင်း အငွေ့ပျံသွားစေခဲ့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ပေပေါင်းသောင်းချီမြင့်မားသော ကောင်းကင်ယံကနေ ပြိုဆင်းလာသော ကြယ်တာရာမြစ် ရေတံခွန်သည် ကျန်းချန်၏ ဓားချက်ကြောင့် လုံးဝ ပျောက်ကွယ်သွားခဲ့ရသည်။
လူသားဧကရာဇ်ဓားသည် ကြယ်တာရာမြစ် ရေတံခွန်ကို ချေမှုန်းပြီးနောက်တွင် လက်ကျန် စွမ်းအားများဖြင့် လုံရှင်းယွင်၏ ကျောဘက်ရှိ ကြယ်တာရာမြစ် နတ်လမ်းစဥ်ကို တိုက်ရိုက်ပင် ခုတ်ပိုင်းသွားခဲ့၏။
“ကျန်းချန်.. မင်းက ကောင်းကင်အရှင် အဆင့်လောက်နဲ့ ဒီလိုမျိုး တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားတယ် ဆိုတော့ တကယ့်ကို နတ်ဆိုးဆန်တဲ့ ပါရမီရှင်တစ်ယောက်ပဲ.. ဒါပေမဲ့ မင်းဘယ်လောက်ပဲ ပါရမီရှိရှိ ဒီနေ့တော့ မင်းအတွက် သေဖို့ကံကြမ္မာ ပါလာခဲ့ပြီ”
လုံရှင်းယွင်၏ လေသံတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေခဲ့သည်။
နောက်ထပ် တစ်ခဏတွင်မူ မယုံကြည်နိုင်စရာကောင်းသော ဓားအလင်းတန်း တစ်ခုသည် လုံရှင်းယွင်၏ လက်ထဲရှိ ရှေးဟောင်းငွေရောင်ဓား ထံကနေ ထွက်ပေါ်လာခဲ့သည်။
“ခရက်..”
ကျန်းချန်၏ နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားပင်လျှင် ထိုဓားအလင်းကြောင့် တစ်ခဏအတွင်း အပိုင်းပိုင်း ပြတ်ထွက်သွားခဲ့သည်။
ကျန်းချန်က လုံရှင်းယွင်၏ လက်ထဲမှ ရှေးဟောင်း ငွေရောင်ဓားကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
“မင်းရဲ့ဓားက ဘယ်ဆိုးလို့လဲ”
“ကျန်းချန်. ငါ ဒီတစ်ခေါက် ထာဝရဟင်းလင်းပြင်ဆီကို ထွက်လာတဲ့အခါ မတော်တဆဖြစ်ရပ်တွေ မကြုံတွေ့ရအောင် မျိုးနွယ်စုရဲ့ အဆင့်မြင့် ပုဂ္ဂိုလ်တွေက ငါ့ကို ဘိုးဘေးအဆင့် လက်နက်တစ်ခု ထည့်ပေးလိုက်တယ်.. ဒါက ငါတို့ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုရဲ့ နတ်ဘုရင်နဝမအဆင့် ဘိုးဘေးကြီး ချန်ထားခဲ့တဲ့ လက်နက်ပဲ.. ငါ့အနေနဲ့ ဒီလက်နက်ကို အသုံးပြုရလိမ့်မယ်လို့ မထင်ထားခဲ့ပေမဲ့ အခုတော့ မင်းကို သတ်ဖြတ်ဖို့အတွက် သုံးရတော့မယ်”
အေးစက်စက် ကြုံးဝါးပြီးသည်နှင့် လုံရှင်းယွင်သည် လက်ထဲမှ ရှေးဟောင်းငွေရောင်ဓားကို လှုံ့ဆော်ကာ ကျန်းချန်ကို ခုတ်ပိုင်းလိုက်သည်။
ထိုဓားချက်သည် နတ်ဘုရင်ပဉ္စမအဆင့် ကျင့်ကြံသူ တစ်ဦး၏ တိုက်ခိုက်မှုကဲ့သို့ပင် အလွန်တရာ အစွမ်းထက်နေခဲ့ရာ ကျန်းချန်သည် ထိုဓားချက်ထံမှ အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရပြီး ချက်ချင်းဆိုသလိုပင် ရှောင်တိမ်းလိုက်သည်။
“မင်းရှောင်နိုင်မယ် ထင်နေလား.. ငါမင်းကို ပြောပြီးပြီ.. မင်းဘယ်လောက်ပဲ ပါရမီရှိနေပါစေ.. ဒီနေ့တော့ မင်းအတွက် သေဖို့ ကံကြမ္မာ ပါလာခဲ့ပြီ”
လုံရှင်းယွင်က ကောက်ကျစ်စွာ ပြုံးလိုက်ပြီး ဓားကွက်သုံးကွက်ကို ဆက်တိုက်ဆိုသလို ထုတ်ဖော်၍ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
လုံရှင်းယွင်၏ ကြောက်မက်ဖွယ် ဓားအလင်း သုံးခုနှင့် ရင်ဆိုင်နေရသော်လည်း ကျန်းချန်၏ အမူအရာသည် တည်ငြိမ်မှု ရှိနေခဲ့၏။
“လုံရှင်းယွင်.. မင်း ဒီဓားနဲ့ ငါ့ကို သတ်နိုင်မယ်လို့ ထင်နေရင်တော့ စိတ်ကူးယဥ်နေတာပဲ ဖြစ်လိမ့်မယ်.. ဒီနေ့ ငါကျန်းချန်က ကောင်းကင်အရှင် အဆင့်ခွန်အားနဲ့ နတ်ဘုရင် စတုတ္ထအဆင့်ကို သတ်ပြမယ်.. မင်းစောင့်ကြည့်နေလိုက်”
စကားဆုံးသည်နှင့် ကျန်းချန်သည် သူ၏ လက်ထဲမှ ရှေးဟောင်း ရွှေရောင်ဓားကို ဝှေ့ယမ်းလိုက်သည်။
အခန်း(၂၁၈၆)ပြီး၏။