အခန်း (၂၁၈၇-၂၁၈၈)
Vol. 159 Ch. 2187-2188
အခန်း(၂၁၈၇)
ကျန်းချန်က ရှေးဟောင်းရွှေရောင်ဓားကို ဝှေ့ယမ်းလိုက်သည်နှင့်အမျှ အစိမ်းရင့်ရောင်အလင်းတန်းများ ထွက်ပေါ်နေသော အပြာရောင် ရှေးဟောင်း ဓားတစ်လက်သည် ဘုံကိုးပါးမှ အင်မော်တယ်နတ်ဓား တစ်လက်နှယ် ကျန်းချန်၏ ရှေ့တွင် လျင်မြန်စွာ စုစည်းလာခဲ့သည်။
“လူသားအဖြစ် ပြောင်းလဲစေသောဓားချက်”
ကျန်းချန်က ခပ်တိုးတိုး ရေရွတ်လိုက်ပြီး အပြာရောင်ရှေးဟောင်းဓားဖြင့် လုံရှင်းယွင်ကို ခုတ်ပိုင်းလိုက်သည်။
ထိုဓားသည် စီးဆင်းနေသော ရေကဲ့သို့ပင် ရိုးရှင်းလှသည်ဟု ထင်ရသော်လည်း လုံရှင်းယွင် ထုတ်ဖော်ထားသည့် ဓားအလင်းတန်း သုံးခုကို အလွယ်တကူပင် ချေမှုန်းပစ်လိုက်သည်။
ယင်းနောက်တွင် လုံရှင်းယွင်၏ အံ့ဩထိတ်လန့်နေသော အကြည့်အောက်မှာပင် လုံရှင်းယွင်၏ ခန္ဓာကိုယ်ပေါ်မှ အကာအကွယ်အလွှာများကို ထိုးဖောက်ကာ လုံရှင်းယွင်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားခဲ့သည်။
အပြာရောင်ရှေးဟောင်းဓားသည် လုံရှင်းယွင်၏ ခန္ဓာကိုယ်ကို ချက်ချင်းဆိုသလို ထိုးဖောက်သွားခဲ့သော်လည်း လုံရှင်းယွင်၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့် ဒဏ်ရာအမာရွတ်မှ မကျန်ရစ်ခဲ့ပေ။
ထိုခဏတွင် လုံရှင်းယွင်သည် သူ၏ ခန္ဓာကိုယ်က အနည်းငယ် တောင့်တင်းသွားသလို ခံစားလိုက်ရပြီး ချက်ချင်းဆိုသလိုပင် ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ကျန်းချန်၏ ဓားချက် ထိမှန်ခံလိုက်ရပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်ထဲရှိ နတ်ဘုရင် စတုတ္ထအဆင့် ကျင့်ကြံမှုသည် တောင်တန်းနှင့် မြစ်များ ပြိုလဲသွားသလို သို့မဟုတ် မြစ်ရေကာတာ ကျိုးပေါက်သွားသလိုမျိုး ခံစားလိုက်ရသောကြောင့်ပင်။
မျက်စိတစ်မှိတ် အတွင်းမှာပင် လုံရှင်းယွင်၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဘုရင် စတုတ္ထအဆင့်ကနေ နတ်ဘုရင်တတိယအဆင့်သို့ ပြန်လည် ကျဆင်းသွားခဲ့သည်။
“ဘယ်ဆိုးလို့လဲ.. ဒီလူသားအဖြစ် ပြောင်းလဲစေသော ဓားချက်က နယ်ပယ်အဆင့် တစ်ဆင့်ရဲ့ ကျင့်ကြံမှုကို ဖြတ်တောက်နိုင်ခဲ့သားပဲ”
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ကျန်းချန်သည် တိတ်တဆိတ် ခေါင်းခါရမ်းလိုက်သည်။
သူက ကြယ်လေးပွင့် ကောင်းကင်အရှင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၍ သူ၏ ခွန်အားသည် အလွန်တရာပင် သန်မာလှသော်လည်း နတ်ဘုရင် စတုတ္ထအဆင့်နှင့် နှိုင်းယှဥ်လျှင် သူ၏ ကျင့်ကြံခြင်း အဆင့်သည် အလွန်တရာ အားနည်းနေသေးသည်။
ဤလူသားအဖြစ် ပြောင်းလဲစေသော ဓားချက်သည် အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်နှင့်အတူ တတ်မြောက်ထားသော မဟာဓားကွက်သုံးကွက် အနက် တစ်ကွက် ဖြစ်သည်။
ထိုဓားကွက်က လူသားအဖြစ် ပြောင်းလဲစေသော ဓားချက် ဟူသော နာမည်အတိုင်းပင် ကျင့်ကြံသူ၏ ကျင့်ကြံခြင်းအဆင့်ကို တိုက်ရိုက် ဖြတ်တောက်နိုင်ပြီး ဓားချက်တစ်ချက်တည်းဖြင့်ပင် သာမန် လူတစ်ဦးအဖြစ် ပြောင်းလဲပစ်နိုင်စွမ်း ရှိသည်။
ဆိုရလျှင် ကျန်းချန်သည် ကောင်းကင်အရှင် အဆင့်သာရှိ၍ နတ်ဘုရင်စတုတ္ထအဆင့် ရှိသော လုံရှင်းယွင်ကို ဤဓားကွက်နှင့် ရင်ဆိုင်ရာတွင် စွမ်းအား အပြည့်အဝ မထုတ်ဖော်နိုင်ခဲ့ပေ။
ထို့ကြောင့်လည်း လုံရှင်းယွင်၏ နယ်ပယ်အဆင့် တစ်ခုကိုသာ ဖြတ်တောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ သူသာ နတ်ဘုရင်အဆင့်ကို ထိုးဖောက်သွားခဲ့ပြီး ဤဓားကွက်ကို အသုံးပြုမည်ဆိုလျှင် လုံရှင်းယွင်ကို မျက်စိတစ်မှိတ်အတွင်း သာမန်လူတစ်ဦး အဖြစ် ပြောင်းလဲပစ်နိုင်လိမ့်မည် ဖြစ်၏။
“ဒါ.. ဒါက ဘယ်လို ဓားကျင့်စဥ်မျိုးလဲဟ”
လုံရှင်းယွင်က အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။
သူက နှစ်သန်းပေါင်းများစွာ အသက်ရှင်သန်ခဲ့သည့် နတ်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း ဤကဲ့သို့ ဓားကျင့်စဥ်မျိုးကို တစ်ခါမှ မကြားဖူးပေ။
ရိုးရှင်းသော ဓားချက် တစ်ချက်တည်းဖြင့်ပင် နတ်ဘုရင် စတုတ္ထအဆင့် ကျင့်ကြံသူတစ်ဦး၏ နယ်ပယ်အဆင့် တစ်ဆင့်လုံးကို ဖြတ်တောက်နိုင်ခဲ့သည့် ကျင့်စဥ်မျိုး အမှန်တကယ် ရှိနေပါသလော။
ဤလောကကြီးတွင် ထိုမျှအထိ ကြောက်မက်ဖွယ်ရာကောင်းသော ဓားကျင့်စဥ်မျိုး မည်ကဲ့သို့ ရှိနေရပါသနည်း။
“ဒါက အပြာရောင်ဧကရာဇ် ဓားကျင့်စဥ်ပဲ.. ဓားချက်တစ်ချက်တည်းနဲ့ သာမန်လူအဖြစ် ပြောင်းလဲနိုင်စွမ်းရှိတယ်.. မင်းရဲ့ ကျင့်ကြံခြင်း အဆင့်တွေကို ဖြတ်တောက်ပြီး မင်းကို သာမန်လူအဖြစ် ပြောင်းလဲပစ်မယ်”
စကားဆုံးသည်နှင့် ကျန်းချန်သည် လုံရှင်းယွင် ထံသို့ လူသားအဖြစ် ပြောင်းလဲစေသော ဓားချက်ကို နောက်ထပ် တစ်ဖန် ထုတ်ဖော်လိုက်သည်။
ကျန်းချန်၏ နောက်ထပ် တစ်ကြိမ် ဓားချက်နှင့် ထပ်မံ ရင်ဆိုင်ရလျှင် လုံရှင်းယွင်သည် ချက်ချင်းဆိုသလိုပင် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
ကျန်းချန် ထုတ်ဖော်လိုက်သည့် ဓားပညာရပ်သည် အလွန်ပင် ဆန်းကြယ်လွန်းလှ၏။
ဓားချက် တစ်ချက်တည်းကပင် သူ၏ ကျင့်ကြံခြင်းအဆင့်ကို နတ်ဘုရင် စတုတ္ထအဆင့်မှ နတ်ဘုရင် တတိယအဆင့်သို့ ဖြတ်တောက်ခဲ့သည် မဟုတ်ပါလော။
လုံရှင်းယွင်က ဆက်လက် မတိုက်ခိုက်ရဲတော့ဘဲ ခြောက်လှန့်ခံရသော ငှက်တစ်ကောင် ကဲ့သို့ ထိတ်လန့်တကြား ဖြစ်နေခဲ့ပြီး ထွက်ပြေးရန် ပြင်ဆင်လိုက်သည်။
သူသာ ဤနေရာတွင် ဆက်ရှိနေမည် ဆိုလျှင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် ထိုဆန်းကြယ်သော ဓားကွက်ဖြင့် ဖြတ်တောက်ခံရပြီး မည်သည့်ကျင့်ကြံမှုမှ မရှိသော သာမန် လူတစ်ဦးအဖြစ် ပြောင်းလဲသွားလိမ့်မည်ကို သူ စိုးရိမ်နေမိသည်။
သို့ရာတွင် နတ်ဘုရင် စတုတ္ထအဆင့်တွင် လုံရှင်းယွင် ရှိနေစဥ်ကပင် ကျန်းချန်သည် လုံရှင်းယွင်၏ ကျင့်ကြံခြင်းနယ်ပယ်အဆင့် တစ်ဆင့်ကို ဖြတ်တောက်နိုင်ခဲ့သည် ဖြစ်ရာ ယခုလိုနတ်ဘုရင် တတိယအဆင့်သို့ ရောက်ရှိသွားသော အခါဝယ် ကျန်းချန်၏ ဓားချက်ကို သူ့အနေဖြင့် မည်ကဲ့သို့ တားဆီးနိုင်ပါအံ့နည်း။
ဓားအလင်းက လုံရှင်းယွင်ကို တုံ့ပြန်ရန်ပင် အခွင့်အရေးမပေးဘဲ လုံရှင်းယွင်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့သည်။
နောက်ထပ် တစ်ခဏတွင် လုံရှင်းယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါသည် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဟုန်ဖြင့် ဆက်တိုက် ကျဆင်းသွားခဲ့၏။
“နတ်ဘုရင် ဒုတိယအဆင့်”
“နတ်ဘုရင် ပထမအဆင့်”
“ကောင်းကင်အရှင်အဆင့်...”
".............."
တစ်ခဏအတွင်းမှာပင် လုံရှင်းယွင်သည် နတ်ဘုရင် တတိယ အဆင့်ကနေ အစွမ်းအစ အနည်းငယ်မျှပင် မရှိသော သာမန်လူတစ်ဦး အဖြစ်သို့ တောက်လျောက် ကျဆင်းသွားခဲ့သည်။
ကျင့်ကြံခြင်းအဆင့်များ ဆုံးရှုံးသွားပြီ ဖြစ်ရာ လုံရှင်းယွင်သည် ကောင်းကင်ယံတွင် ဆက်လက် မရပ်နိုင်တော့ဘဲ ပေပေါင်း သောင်းချီ မြင့်မားသောနေရာကနေ အောက်ဘက်သို့ တိုက်ရိုက် ပြုတ်ကျလာခဲ့၏။
“ဒီဓားချက်က တကယ်ကို ကြောက်စရာကောင်းတာပဲ”
ကျင်ကြံခြင်းအဆင့်များ တိုက်ရိုက်ဆိုသလို ဆုံးရှုံးသွားသော လုံရှင်းယွင်ကို ကြည့်ကာ သွေးနတ်ဆိုးနတ်ဘုရင်သည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေခဲ့သည်။
ရှေးခေတ်ကာလမှ သွေးကျင့်ကြံသူ တစ်ဦးအနေဖြင့် သွေးနတ်ဆိုးနတ်ဘုရင်သည် သူ့ကိုယ်သူ ဗဟုသုတများစွာ ရှိသည်ဟု ထင်မှတ်ခဲ့ပြီး နတ်ဘုရင်အဆင့် ကျင့်စဥ် အများအပြားကို မြင်ခဲ့ဖူးသည်။
သို့သော်လည်း သူမြင်ဖူးသမျှ ကိုယ်ခံပညာရပ်များထဲတွင် ကျန်းချန် ထုတ်ဖော်လိုက်သော ဓားပညာရပ်ထက် ပို၍ တုန်လှုပ်စရာကောင်းသော ကျင့်စဥ်မျိုး မရှိပေ။
ကျန်းချန်သည် ရိုးရှင်းသော ဓားချက် နှစ်ချက်တည်းဖြင့်ပင် နတ်ဘုရင်စတုတ္ထအဆင့် ကျင့်ကြံသူကို သာမန် လူအဖြစ် တိုက်ရိုက် ပြောင်းလဲပစ်လိုက်သည်။
ယင်းက မည်မျှပင် ကြောက်မက်ဖွယ်ရာကောင်းသည့် ဓားပညာရပ်မျိုးမှန်း သူတကယ် မှန်းမဆနိုင်တော့ပေ။
“ဝုန်း..”
သူ၏ ရှေ့မှမြင်ကွင်းကြောင့် သွေးနတ်ဆိုးနတ်ဘုရင် ထိတ်လန့်နေစဥ်မှာပင် လုံရှင်းယွင်၏ ခန္ဓာကိုယ်သည် မဟာနဂါးတောင်ပေါ်သို့ တိုက်ရိုက်ပင် ကျဆင်းလာခဲ့ပြီး မြေပြင်ထက်တွင် ဧရာမတွင်းနက်ကြီး တစ်ခုကိုပင် ဖြစ်ပေါ်သွားစေခဲ့သည်။
သို့ရာတွင် လုံရှင်းယွင်၏ ကျင့်ကြံခြင်းအဆင့်သည် ကျန်းချန်၏ ဓားချက်ဖြင့် ဖြတ်တောက်ခံလိုက်ရသော်လည်း မည်သို့ပင်ဖြစ်စေကာမူ လုံရှင်းယွင်သည် နတ်ဘုရင်စတုတ္ထအဆင့် ကျင့်ကြံသူ ဖြစ်ခဲ့ဖူး၍ သူ၏ ခန္ဓာကိုယ်သည် အလွန်တရာ သန်မာနေဆဲ ဖြစ်၏။
ပေပေါင်း သောင်းချီ မြင့်မားသော လေထုကနေ ပြုတ်ကျလာသော်လည်း လုံရှင်းယွင်သည် သေဆုံးမသွားခဲ့ပေ။
သူက ဧရာမတွင်းနက်ကြီးထဲကနေ တွားသွား၍ ထွက်လာခဲ့ပြီး ရူးသွပ်မတတ် ဖြစ်နေခဲ့သည်။
“ကျန်းချန်.. မင်းငါ့ကို ဘာတွေလုပ်လိုက်တာလဲ.. ငါ့ရဲ့ကျင့်ကြံခြင်းတွေ ဘယ်ရောက်သွားတာလဲ.. ငါ့ဆီ ချက်ချင်းပြန်ပေးစမ်း”
သူက နတ်ဘုရင် စတုတ္ထအဆင့်ထိ ရောက်ရှိရန်အတွက် နှစ်ပေါင်း သန်းသုံးဆယ်ကြာ ကျင့်ကြံခဲ့ရခြင်း ဖြစ်သည်။
ထို့ကြောင့် ကျန်းချန်က ဓားချက် တစ်ချက်တည်းဖြင့် သူပိုင်ဆိုင်သမျှ အရာအားလုံးကို ဆုံးရှုံးသွားစေသည် ဖြစ်ရာ လုံရှင်းယွင်သည် ရူးသွပ်မတတ် ဖြစ်နေခဲ့သည်။
ကျန်းချန်က အေးစက်စက် ပြောလိုက်၏။
“ငါ ဘာမှမလုပ်ပါဘူး.. မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကိုပဲ ဖြတ်တောက် လိုက်ရုံလေးပါပဲ”
“ဒါဘယ်လိုမှမဖြစ်နိုင်ဘူး.. ဒါအိပ်မက်ပဲ ဖြစ်ရမယ်.. မင်းငါ့ကို လိမ်နေတာ မဟုတ်လား”
လုံရှင်းယွင်က မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။
သူက သူ၏ ခန္ဓာကိုယ်ထဲမှ နတ်ဘုရင်စွမ်းအားများကို လှုံ့ဆော်လိုက်သော်လည်း သူ၏ ခန္ဓာကိုယ်အတွင်း၌ ဗလာဖြစ်နေကြောင်း တွေ့ရှိခဲ့ရသည်။
ဤအခိုက်အတန့်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် ကျန်းချန်၏ လက်ချက်ဖြင့် အမှန်တကယ် ဖြတ်တောက်ခံလိုက်ရမှန်း သူ ယုံကြည်လိုက်ရတော့သည်။
နတ်ဘုရင် စတုတ္ထအဆင့်၏ သန်မာသော ခန္ဓာကိုယ်မှလွဲ၍ သူ့ထံတွင် မည်သည့် ကျင့်ကြံမှုမှ မရှိတော့ပေ။
ဆိုရလျှင် ယခုအခါ၌ သူသည် သာမန် လူတစ်ဦးနှင့် ဘာမှမကွာခြားတော့ချေ။
“အား.. ကျန်းချန်.. မင်းငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေကို ဖျက်ဆီးရဲတယ်”
နှစ်သန်းပေါင်းများစွာ ကြိုးစား ကျင့်ကြံခဲ့ရသော ကျင့်ကြံမှုများ ပျောက်ကွယ်သွားသဖြင့် လုံရှင်းယွင်သည် အသိစိတ်များ ကင်းလွတ်သွားခဲ့သည်။
သူက ရူးသွပ်နေသကဲ့သို့ပင် လေထုထဲမှ ကျန်းချန်ကို လက်သီးဖြင့် ထိုးရန် သူ၏ ခန္ဓာကိုယ်မှ ခွန်အားများကို လှုံ့ဆော်လိုက်၏။
သို့သော်လည်း သူက နတ်ဘုရင် စတုတ္ထအဆင့်တွင် ရှိနေစဥ်ကပင် ကျန်းချန်၏ ပြိုင်ဘက်မဟုတ်ခဲ့ပေ။
ထို့ကြောင့် နတ်ဘုရင်စတုတ္ထအဆင့် ခန္ဓာကိုယ်ခွန်အားကိုသာ အားကိုး၍ ထိုးလိုက်သော သူ၏ လက်သီးချက်သည် ကျန်းချန်ကို အနည်းငယ်မျှပင် မခြိမ်းခြောက်နိုင်ခဲ့ချေ။
ကျန်းချန်က သူ၏ ဓားကို အသာအယာ ဝှေ့ယမ်းလိုက်သည်။
တောက်ပသော ဓားအလင်းတန်း တစ်ခုသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့ပြီး လုံယွင်းရှင်၏ လက်သီးစွမ်းအားကို အလွယ်တကူ ချေမှုန်းကာ လုံရှင်းယွင် ထံသို့ သက်ရောက်သွားခဲ့သည်။
ကျန်းချန်၏ ကြောက်မက်ဖွယ်ဓားချက်အောက်တွင် ကျင့်ကြံခြင်း အဆင့်များ ဆုံးရှုံးသွားသော လုံရှင်းယွင်သည် မည်သို့မျှ မခုခံနိုင်ခဲ့ပေ။
ဓားအလင်းတန်းသည် လုံရှင်းယွင်၏ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့ပြီးနောက် ကြောက်မက်ဖွယ် ဓားစွမ်းအင်များသည် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး လုံရှင်းယွင်၏ ခန္ဓာကိုယ်ပေါ်တွင် သာမန်မျက်စိဖြင့် မြင်နိုင်သော ဒဏ်ရာများ ဖြစ်ပေါ်လာစေခဲ့သည်။
ခဏအကြာတွင် လုံရှင်းယွင်၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ဖောင်းကားလာခဲ့ပြီး လုံးဝ ပေါက်ကွဲထွက်သွားခဲ့သည်။
လေထုထဲတွင် နာကျည်းစွာ ရေရွတ်လိုက်သော လုံရှင်းယွင်၏ အသံတစ်သံသာလျှင် ပဲ့တင်ထပ်ကာ ကျန်ရစ်ခဲ့၏။
“ကျန်းချန် မင်းစောင့်နေလိုက်.. ငါတို့ ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စုက မင်းကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး”
အခန်း(၂၁၈၇)ပြီး၏။
အခန်း(၂၁၈၈)
နတ်ကုန်းမြေတိုက်၏ အလယ်ပိုင်းဒေသရှိ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုအတွင်းမှ ဆန်းကြယ်သော နဂါးပုံစံများ ထွင်းထုထားသည့် ရှေးဟောင်းခန်းမဆောင် တစ်ခုတွင် နတ်ဘုရင်အဆင့် ကျင့်ကြံသူတစ်စုသည် စုဝေးနေခဲ့ကြသည်။
ခန်းမအတွင်းရှိ လေထုသည် အလွန်တရာပင် လေးနက်နေပုံရ၏။
အဓိကထိုင်ခုံတွင် ထိုင်နေသော အဘိုးအိုမှာ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ အကြီးအကဲချုပ် ချင်းယွမ် နတ်ဘုရင် ဖြစ်သည်။
ချင်းယွမ်နတ်ဘုရင်၏ နံဘေးတွင် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ လက်ရှိ နတ်ဘုရားသားတော် လုံကျိုးဟန်လည်း ရှိနေခဲ့သည်။
သူတို့နှစ်ဦးမှ လွဲ၍ ကျန်ရှိနေသာ လူများသည် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ နတ်ဘုရင်အဆင့် အကြီးအကဲများ ဖြစ်ကြသည်။
“အားလုံးကို အသိပေးစရာရှိတယ်.. လုံရှင်းယွင် ခုနကပဲ ကျဆုံးသွားခဲ့ပြီ”
အချိန်မည်မျှ ကုန်ဆုံးသွားမှန်းပင် မသိရပေ။
ချင်းယွမ် နတ်ဘုရင်သည် ခန်းမအတွင်းရှိ တိတ်ဆိတ်မှုကို အဆုံးသတ်၌ ဖြိုခွင်းကာ ပြောလိုက်သည်။
ချင်းယွမ် နတ်ဘုရင်၏ စကားအဆုံးတွင် ခန်းမအတွင်းရှိ အကြီးအကဲများသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြသည်။
ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုသည် ကျန်းချန်ကို လိုက်လံဖမ်းဆီးရန် အတွက် ထာဝရဟင်းလင်းပြင်သို့ လုံရှင်းယွင်ကို မကြာသေးမီက စေလွှတ်ခဲ့သည်။
သူတို့အားလုံးက ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုမှ ဖြစ်၍ ထိုအကြောင်းကို သဘာဝကျစွာပင် သိရှိထားကြသည်။
သို့သော်လည်း လုံးရှင်းယွင်က ထာဝရဟင်းလင်းပြင်သို့ သွားပြီး သိပ်မကြာမီမှာပင် ကျဆုံးသွားလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ကြပေ။
သိထားရမည့်အချက်မှာ လုံရှင်းယွင်သည် နတ်ဘုရင်စတုတ္ထအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေခြင်းပင်။
လောကီရေးရာ ကိစ္စများကို ဂရုမစိုက်ဘဲ တံခါးပိတ်ကျင့်ကြံနေကြသည့် ရှေးဟောင်း မွန်းစတားအို အနည်းငယ်ကို ဖယ်လိုက်လျှင် လုံရှင်းယွင်၏ စွမ်းရည်သည် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု တစ်ခုလုံးတွင် ထိပ်ဆုံး ငါးနေရာစာရင်းတွင် ဝင်ရောက်ရန် လုံလောက်၏။
ဤကဲ့သို့ နတ်ဘုရင်စတုတ္ထအဆင့် ကျင့်ကြံသူတစ်ဦး အတွက် ထာဝရဟင်းလင်းပြင်တွင် ခြိမ်းခြောက်နိုင်သည့်အရာမှာ မရှိသလောက်ပင်။
ထိုအတွက်ကြောင့် လုံရှင်းယွင် မည်ကဲ့သို့ ကျဆုံးသွားသလဲဆိုသည်ကို သူတို့ လုံးဝ မမှန်းဆနိုင်ခဲ့ကြပေ။
လုံရှင်းယွင် ကျဆုံးသွားခြင်းသည် ကျန်းချန်ဟူသော ကောင်လေးနှင့်များ ပတ်သက်နေပါသလော။
သို့သော်လည်း ထိုကောင်လေး၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဘုရင်အဆင့်တွင် မရှိသေးပေ။
ထိုကောင်လေးက ပါရမီထူးခြားပြီး နတ်ဆိုးဆန်စွာ အလွန်တရာ အစွမ်းထက်သော်လည်း သာမန် နတ်ဘုရင်တတိယအဆင့်နှင့် တန်းတူလောက်သာ ဖြစ်သည်။
ထို့အပြင် လုံရှင်းယွင်သွားသည့် ခရီးလမ်းတွင် မတော်တဆဖြစ်ရပ်များ မဖြစ်စေရန်အတွက် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုသည် နတ်ဘုရင်နဝမအဆင့် ဘိုးဘေးကြီး ချန်ထားရစ်ခဲ့သည့် ဘိုးဘေးလက်နက်ကိုပါ ထည့်ပေးလိုက်သေးသည်။
ထိုဘိုးဘေးလက်နက်ဖြင့်သာ ဆိုလျှင် လုံရှင်းယွင်သည် နတ်ဘုရင် ပဉ္စမအဆင့် တိုက်ခိုက်ရေးစွမ်းရည်ကိုပင် ထုတ်ဖော်နိုင်၍ နတ်ဘုရင် ပဉ္စမအဆင့်နှင့် ရင်ဆိုင်ရလျှင်ပင် ကောင်းစွာ ရင်ဆိုင်နိုင်စွမ်း ရှိသည်။
သို့ဖြစ်ရာ လုံရှင်းယွင်၏ စွမ်းရည်ဖြင့်သာဆိုလျှင် ကျန်းချန်၏ လက်ထဲတွင် ဤမျှလောက်အထိ အလွယ်တကူ မည်ကဲ့သို့ ကျဆုံးနိုင်ပါမည်နည်း။
“အကြီးအကဲချုပ် ဘာတွေဖြစ်ကုန်တာလဲ.. လုံရှင်းယွင်က ထာဝရဟင်းလင်းပြင်ထဲမှာ ဟင်းလင်းပြင် နတ်ဆိုးတွေနဲ့များ ကြုံတွေ့ခဲ့တာများလား”
နတ်ဘုရင် ပထမအဆင့် ကျင့်ကြံသူတစ်ဦးက မေးမြန်လိုက်သည်။
နတ်ဘုရင် စတုတ္ထအဆင့် ကျင့်ကြံသူဆိုသည်မှာ နတ်ကုန်းမြေတိုက်တွင်ပင် ရှားပါးသော တည်ရှိမှုမျိုး ဖြစ်သည်။
ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ ထိပ်တန်း ကျင့်ကြံသူများမှလွဲလျှင် လုံရှင်းယွင် ကဲ့သို့ ကျင့်ကြံသူတစ်ဦးကို အလွယ်တကူ ကျဆုံးစေနိုင်သူ ထာဝရဟင်းလင်းပြင်တွင် ရှိနေလိမ့်မည်ဟု သူတို့ မတွေးမိကြပေ။
“မဖြစ်နိုင်ဘူး”
ချင်းယွမ် နတ်ဘုရင်က ခေါင်းခါရမ်းလိုက်သည်။
“ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုရဲ့ ထိပ်တန်း ပုဂ္ဂိုလ်တွေကို စစ်မိစ္ဆာ မဟာမိတ်အဖွဲ့က ထိန်းချုပ်ထားတယ်.. သူတို့တွေက ထာဝရဟင်းလင်းပြင်မှာ အလွယ်တကူ ပေါ်ထွက်လာဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပဲ”
“ဒါဆို လုံရှင်းယွင်က ဘယ်လိုလုပ်ပြီး သေဆုံးသွားတာများလဲ”
ချင်းယွမ် နတ်ဘုရင်၏ စကားကိုကြားလျှင် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ အကြီးအကဲများ၏ မျက်နှာထက်တွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
လုံရှင်းယွင်သည် ကျန်းချန်ကို လိုက်လံဖမ်းဆီးရင်း မတော်တဆ ဖြစ်ရပ်တစ်ခုခုကြောင့် အသက်ဆုံးရှုံးသွားပါသလော။
“အကြီးအကဲတို့.. ကျန်းချန်ဆိုတဲ့ ကောင်လေးကို အထင်မသေးပါနဲ့”
ဤအခိုက်အတန့်တွင် စကားတစ်ခွန်းမျှ ဝင်မပြောရသေးသော လုံကျိုးဟန်သည် ရုတ်တရက် စကားပြောလာခဲ့သည်။
“အဲဒီကောင်က လူသားဧကရာဇ်နန်းတော်ရဲ့ ကျန်းတော်ဝင်မျိုးနွယ်စုကပဲ.. ဒါ့အပြင် သူက ဧကရာဇ်ကံကြမ္မာကိုလည်း ပိုင်ဆိုင်ထားတယ်...သူ့ရဲ့ ကိုယ်ခံပညာပါရမီက အတိတ်တစ်ချိန်က လူသားဧကရာဇ်နန်းတော်မှာ ကျော်ကြားခဲ့တဲ့ ပါရမီရှင်တောင် ပိုပြီး အစွမ်းထက်နိုင်တယ်.. နတ်ကုန်းမြေတိုက်မှာ သူပေါ်ထွက်လာပြီးတဲ့နောက်မှာ သူ့ရဲ့အကြောင်းကို ကျွန်တော်စုံစမ်းထားတယ်.. အရှေ့ပိုင်းဒေသမှာရှိတဲ့ မျိုးနွယ်စုတစ်ရာတောရိုင်းနယ်မြေမှာ ဒီကောင် ပထမအဆုံးအကြိမ် ပေါ်လာစဥ်က ဆိုရင် ဒီကောင့်ရဲ့ ကျင့်ကြံခြင်းအဆင့်က ကောင်းကင်နတ်ဘုရားအဆင့်မှာပဲ ရှိသေးတယ်.. ဒီနောက်ပိုင်း ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှာ ပေါ်လာတဲ့အချိန်မှာတော့ ဒီကောင်က နယ်မြေနတ်ဘုရား အဆင့်ကို ရောက်နေခဲ့ပြီ.. အဲဒီနောက် အရှေ့ပိုင်းဒေသ ကျီမျိုးနွယ်စုဆီ ဒီကောင် ရောက်လာတဲ့အချိန်မှာ မြေကြီးအရှင် အဆင့်ကို ရောက်နေပြီး နတ်ဘုရင် တတိယအဆင့်နဲ့တောင် ယှဥ်နိုင်နေခဲ့ပြီ”
လုံကျိုးဟန်၏ စကားအဆုံးတွင် ခန်းမအတွင်းရှိ ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စု၏ အကြီးအကဲများသည် တိတ်ဆိတ်သွားခဲ့ကြသည်။
“ကောင်းကင်နတ်ဘုရား အဆင့်ကနေ မြေကြီးအရှင် အဆင့်ကို ထိုးဖောက်ဖို့အတွက် ကျန်းချန် ဆိုတဲ့ကောင်က နှစ်အနည်းငယ်လောက်ပဲ အချိန်ယူခဲ့ရတယ်"
ကျန်းချန်၏ ကြီးထွားနှုန်းသည် သာမန် အတွေးဖြင့် ဖော်ပြ၍ မရနိုင်သော နတ်ဆိုးတစ်ကောင် ကဲ့သို့ပင်။
ယခုဆိုလျှင် ကျန်းချန်သည် ထာဝရဟင်းလင်းပြင်သို့ ထွက်ပြေးသွားသည်မှာ နှစ်နှစ်ခန့် ရှိနေပြီ ဖြစ်ရာ ကျန်းချန်၏ စွမ်းရည်က မည်သည့်အဆင့် အထိ ရောက်ရှိနေမည်မှန်း မည်သူမျှ မသိနိုင်ပေ။
အကယ်၍ ကျန်းချန်သာ ကောင်းကင်အရှင်အဆင့်သို့မဟုတ် နတ်ဘုရင်အဆင့်ကို ထိုးဖောက်သွားခဲ့လျှင် နတ်ဘုရင် စတုတ္ထအဆင့်သာ ရှိသော လုံရှင်းယွင်သည် ကျန်းချန်၏ ပြိုင်ဘက် မဟုတ်တော့မည်ကို သူတို့ စိုးရိမ်လာမိကြသည်။
“အကြီးအကဲ.. ကျန်းချန်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အရမ်းကို နတ်ဆိုးဆန်လွန်းတယ်.. ဒါကြောင့်လည်း လုံရှင်းယွင်ကို စေလွှတ်ခဲ့တုန်းက ကျွန်တော် သဘောမတူခဲ့တာပဲ.. ဒါပေမဲ့ အကြီးအကဲက ဘိုးဘေးလက်နက်ကို လုံရှင်းယွင်နဲ့ အတူ ထည့်ပေးလိုက်တော့ ကျွန်တော့်အနေနဲ့ ကျန်းချန်ကို လုံရှင်းယွင် ဖြေရှင်းနိုင်လိမ့်မယ်လို့ ထင်ခဲ့မိတယ်.. ကြည့်ရတာ အဲဒီကောင်လေးကို ကျွန်တော်တို့ အထင်သေးမိခဲ့ပြီ ထင်တယ်”
လုံကျိုးဟန်က ခေါင်းခါရမ်းလိုက်ပြီး လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
“အကယ်၍ အဲဒီကောင်လေးနဲ့ရင်ဆိုင်ဖို့ လူထပ်ပြီး စေလွှတ်မယ်ဆိုရင် နတ်ဘုရင် သတ္တမအဆင့် အကြီးအကဲ တစ်ယောက်ယောက်ကို စေလွှတ်ဖို့ အကြံပြုချင်ပါတယ်.. အဲဒီကောင်လေးကို နောက်ထပ် ဘယ်လို အခွင့်အရေးမှ ပေးလို့မဖြစ်တော့ဘူး”
ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ အကြီးအကဲတစ်ဦးက သူ၏ အမြင်ကို ပြောလိုက်သည်။
“ဒီမလောက်လေး မလောက်စား ကောင်လေး တစ်ယောက်ကို ရင်ဆိုင်ဖို့အတွက် နတ်ဘုရင် သတ္တမအဆင့်ကို စေလွှတ်ရမယ်ဆိုတာကတော့ နည်းနည်း ပိုလွန်းနေပြီထင်တယ်”
ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ နတ်ဘုရင် သတ္တမအဆင့် အကြီးအကဲများသည် နှစ်ပေါင်း သန်းခုနစ်ဆယ်၊ ရှစ်ဆယ် သို့မဟုတ် သန်းတစ်ရာ နီးပါး အသက်ရှင်ခဲ့ကြသည့် မွန်းစတားအိုကြီးများ ဖြစ်ကြသည်။
သူတို့က တစ်နှစ်ပတ်လုံး နီးပါး တံခါးပိတ်၍သာ ကျင့်ကြံနေခဲ့ကြပြီး လောကီရေးရာများကို ဂရုမစိုက်ကြပေ။
ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု အနေဖြင့် အလွန်အရေးကြီးသည့် အခြေအနေသို့ ရောက်မှသာလျှင် နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူများသည် လှုပ်ရှားကြလေ့ ရှိသည်။
“ကျန်းချန်က အဲဒီသစ္စာဖောက်ရဲ့ အမွေအနှစ်ကို ရရှိထားတယ်.. ဒါ့အပြင် သန္ဓေတာအိုနတ်လက်နက်နဲ့ နှိုင်းယှဥ်နိုင်တဲ့ အဲဒီဆန်းကြယ်တဲ့ ပစ္စည်းကလည်း သူ့ဆီမှာပဲ ရှိနေဖို့ များတယ်”
လုံကျိုးဟန်က လေးနက်စွာ ပြောလိုက်သည်။
“အဲဒီ ပစ္စည်းကိုသာ ပြန်ရနိုင်မယ်ဆိုရင် နတ်ဘုရင် သတ္တမအဆင့် အကြီးအကဲတစ်ယောက်ကို စေလွှတ်ရတာက ထိုက်တန်ပါတယ်”
“ကောင်းပြီ.. ဒီတစ်ကြိမ်တော့ ငါတို့ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုက ကျန်းချန်ကို လုပ်ကြံရာမှာ ကျရှုံးခဲ့ပြီး နတ်ဘုရင် စတုတ္ထအဆင့် ကျင့်ကြံသူ တစ်ယောက်ကိုပါ ဆုံးရှုံးခဲ့ရတယ်.. ကျန်းချန်ကို ထာဝရဟင်းလင်းပြင်မှာ ပြန်ရှာချင်ရင်တော့ ဆန်းကြယ် နတ်မျိုးနွယ်စုဆီ ထပ်ပြီး အကူအညီတောင်းရလိမ့်မယ်.. လောလောဆယ်တော့ ကျန်းချန်ကို ကိုင်တွယ်ဖို့အတွက် ကျီမျိုးနွယ်စုနဲ့ လူသားဧကရာဇ်နန်းတော်က လူတွေနဲ့ပဲ လွှတ်ထားလိုက်ဦးမယ်”
ချင်းယွမ် နတ်ဘုရင်က လက်ကာပြလိုက်ပြီး လုံကျိုးဟန်ကို ပြောလိုက်သည်။
“ဒါနဲ့ ရှေးဟောင်းနတ်ဖီးနစ်မျိုးနွယ်စုရဲ့ နတ်ဘုရားမက နတ်ဘုရင် အဆင့်ကို ရောက်ရှိသွားခဲ့ပြီ.. အဲဒီအတွက် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုက ပွဲတော်တစ်ခု ကျင်းပလိမ့်မယ်.. မင်းက အဲဒီပွဲတော်ကို ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုကိုယ်စား သွားတက်လိုက်ပါ”
ထိုစကားကို ကြားလျှင် လုံကျိုးဟန်၏ မျက်ဝန်းများသည် အနည်းငယ် တောက်ပသွားခဲ့သည်။
“ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့ နတ်ဘုရားမက တံခါးပိတ်ကျင့်ကြံနေရာကနေ ထွက်လာပြီလား”
“ဟုတ်တယ်”
ချင်းယွမ်နတ်ဘုရင်က ခေါင်းညိတ်ကာ ပြုံးလိုက်သည်။
“ရှေးဟောင်းနတ်ဖီးနစ်မျိုးနွယ်စုရဲ့ နတ်ဘုရားမက အစင်ကြယ်ဆုံး ရှေးဟောင်းနတ်ဖီးနစ် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတယ်.. မင်းသာ သူနဲ့ ပေါင်းဖက်နိုင်မယ်ဆိုရင် မင်းအတွက် အကျိုးကျေးဇူး အများကြီးရှိလိမ့်မယ်”
“ကျွန်တော် နားလည်ပါပြီ”
လုံကျိုးဟန်က ခေါင်းညိတ်လိုက်ပြီး ချင်းယွမ် နတ်ဘုရင်ကို မေးခွန်းထုတ်လိုက်သည်။
“ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့ ပွဲတော်က ဘယ်အချိန်ကျင်းပမှာလဲ”
ချင်းယွမ်နတ်ဘုရင်က ပြန်ဖြေလိုက်သည်။
“ပွဲတော်က နောက်သုံးလနေရင် ကျင်းပလိမ့်မယ်.. မင်းအခုကတည်းက ပြင်ဆင်ထားလိုက်တော့”
ရှေးခေတ်ကာလက ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုနှင့်နတ်ဖီးနစ် မျိုးနွယ်စုတို့၏ ဆက်ဆံရေးသည် အလွန်တရာပင် ကောင်းမွန်ခဲ့သည်။
သို့သော်လည်း နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် မျိုးနွယ်စု နှစ်ခုကြားရှိ ဆက်ဆံရေးသည် တဖြည်းဖြည်းဝေးကွာသွားခဲ့သည်။
သူတို့ မျိုးနွယ်စုနှစ်စုသာ ပေါင်းစည်းလိုက်လျှင် လူသားဧကရာဇ်နန်းတော်ကိုပင် အနည်းငယ်မျှ ကြောက်ရွံ့စရာ မလိုအပ်တော့ပေ။
အကယ်၍ လုံကျိုးဟန်သာ ရှေးဟောင်း နတ်ဖီးနစ်မျိုးနွယ်စု၏ နတ်ဘုရားမကို လက်ထပ်ပြီး မျိုးနွယ်စုနှစ်ခုကို ပြန်လည် ပေါင်းစည်းပေးနိုင်မည်ဆိုလျှင် လူသားဧကရာဇ်နန်းတော်သည် သူတို့ မျိုးနွယ်စုနှစ်ခုနှင့် ယှဥ်နိုင်ရန် ခက်ခဲသွားလိမ့်မည်မှာ သေချာသလောက်ပင်။
“အကြီးအကဲချုပ် စိတ်ချပါ.. ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့ နတ်ဘုရားမက ကျွန်တော့်ရဲ့ လက်ထဲကနေ မလွတ်မြောက်စေရဘူး”
လုံကျိုးဟန်၏ ချောမောသော မျက်နှာထက်တွင် ယုံကြည်မှုအပြည့်ရှိသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ နတ်ဘုရားမနှင့် ပေါင်းဖက်ရန် သူလုံကျိုးဟန် တစ်ယောက်သာ ထိုက်တန်သည်ဟု ယူဆထားခဲ့သည်။
အကယ်၍ တစ်စုံတစ်ယောက်ကသာ ရှေးဟောင်းနတ်ဖီးနစ်မျိုးနွယ်စု၏ နတ်ဘုရားမကို စိတ်ကူးယဥ်ရဲလျှင် သူက ထိုသူကို ကြီးမားသည့် အဖိုးအခအား ပေးဆပ်စေမည် ဖြစ်သည်။
အခန်း(၂၁၈၈)ပြီး၏။