← Chapters

အခန်း (၁၀၉-၁၁၁)

Vol. 8 Ch. 109-111

အခန်း (၁၀၉-၁၁၁)

Vol. 8 Ch. 109-111

အခန်း (၁၀၉) - နေ့စဉ်ပြုသော ဆုတောင်းလေး တစ်ခုနှင့် ကျောက်ကျားရှီး

~“ဒါက ငါတို့ ဂိုဏ်းချုပ် ဝယ်လာတဲ့ ဝိဉာဉ်သားရဲအစာပဲ။ သားရဲဝိဉာဉ်ဂိုဏ်းရဲ့ ဂိုဏ်းခွဲကနေ ဝယ်လာတာလေ။ ဝိဉာဉ်သားရဲတွေ ကြီးထွားဖို့အတွက် တကယ့်ကို အထောက်အကူပြုတယ်...”

ယဲ့ဖုန်းက တပည့်များကို ချက်ချင်းပင် ရှင်းပြလိုက်လေ၏။

ထိုစကားကို ကြားသောအခါ တပည့်များမှာ သူတို့၏ ကျင့်ကြံခြင်းကို ခေတ္တရပ်နားလိုက်ကြပြီး ခွေးခွက်အတွင်းရှိ အစာများကို စိတ်ဝင်တစား ဝိုင်းအုံကြည့်ရှုကြတော့၏။

အစ်ကိုကြီး ခေါင်းပြားမှာ မတ်တတ်ရပ်လိုက်ပြီး ဘေးပတ်လည်မှ မျှော်လင့်ချက်အပြည့်နှင့် ကြည့်နေသော မျက်လုံးများကို တစ်ချက်ဝေ့ကြည့်လိုက်လေ၏။ ထို့နောက် ခွေးခွက်အတွင်းရှိ အစာကို ကြည့်ကာ သူသည် အစော်ကားခံလိုက်ရသကဲ့သို့ ခံစားလိုက်ရဟန်တူ၏။

သူသည် သူ၏ခြေထောက်များကို တဖျပ်ဖျပ် ဆောင့်လိုက်လေ၏။ သူ၏ အမူအရာမှာ ‘ကောင်းကင်၊ မြေကြီးနဲ့ လေထုကိုပါ ရန်မူရဲတဲ့ ငါလို အစ်ကိုကြီး ခေါင်းပြားကိုမှ ဒီလို ခွေးခွက်ထဲမှာ ထည့်ကျွေးရရိုးလား’ ဟု ပြောနေသကဲ့သို့ပင်။

ယဲ့ဖုန်းမှာ မျက်တောင်တခတ်ခတ် လုပ်လိုက်ပြီးနောက် ဘာမှမပြောဘဲ ခွေးခွက်ကို ဖယ်ရှားကာ လှပစွာ ပြုလုပ်ထားသော ကြွေပန်းကန်ပြားကြီးတစ်ခုဖြင့် အစားထိုးလိုက်လေ၏။ ထို့နောက် ဝိဉာဉ်သားရဲအစာများကို ထည့်ပေးလိုက်၏။

ဤကဲ့သို့ ပြောင်းလဲပေးလိုက်သည်ကို မြင်သောအခါမှ အစ်ကိုကြီး ခေါင်းပြား၏ သဘောထားမှာ ရုတ်ချည်း ပြောင်းလဲသွားပြီး စတင်စားသုံးလေတော့သည်။ အရသာမှာ အလွန်ပင် ကောင်းမွန်လှပုံရ၏။ သူ၏ ရှေ့ခြေထောက်လေးများဖြင့် အစာများကို ကော်ယူစားနေရင်း ခဏချင်းအတွင်းမှာပင် ပေါင် (၁၀) ခန့်မှာ ကုန်သွားလေတော့သည်။ သူသည် အားမရသေးဘဲ ယဲ့ဖုန်းအား ထပ်ပေးရန် သူ၏ နှာခေါင်းဖြင့် တိုးဝှေ့ကာ ပူဆာနေပြန်၏။

“ဘယ်လိုလဲ... အရသာရှိလား။ ခွန်အားတွေ တိုးလာသလို ခံစားရလား...”

ယဲ့ဖုန်းက မေးမြန်းလိုက်လေ၏။

အစ်ကိုကြီး ခေါင်းပြားက ခေါင်းကို အဆက်မပြတ် ငြိမ့်ပြလေ၏။

ယဲ့ဖုန်းမှာ ဝမ်းသာအားရ ဖြစ်သွားပြီးနောက် အစ်ကိုကြီး ခေါင်းပြားအတွက် အစာ (၁၀) ပေါင်ခန့် ထပ်မံ ထည့်ပေးလိုက်လေ၏။ ကျန်ရှိသော ဝိဉာဉ်သားရဲများမှာလည်း မျှော်လင့်ချက် အပြည့်ဖြင့် ကြည့်နေကြသဖြင့် ယဲ့ဖုန်းသည် မီးဖိုချောင်မှ ပန်းကန်ပြားကြီးများကို ယူလာကာ ဂိုဏ်းစောင့် ဝိဉာဉ်သားရဲ တစ်ကောင်ချင်းစီအား အစာ (၁၀) ပေါင်စီ ဝေငှပေးလိုက်၏။

သားရဲများမှာ အားရပါးရ စားသုံးနေကြပြီး ရေငတ်သော အခါတွင်မူ ဝိဉာဉ်စမ်းရေတွင်းမှ ရေကို သောက်သုံးကြလေ၏။

“ဂိုဏ်းချုပ်ဦးလေး... ဒီအစာက တကယ်ပဲ ထိရောက်လို့လားဟင်...”

လီကျောက်ကျောက်က မွှေးကြိုင်နေသော အစာများကို ကြည့်ကာ စပ်စုမေးမြန်းလာ၏။ ယဲ့ဖုန်းသာ လူစားဖို့ မဟုတ်ကြောင်း မပြောခဲ့လျှင် သူမသည်ပင်လျှင် လက်တစ်ဆုပ်စာခန့် ယူပြီး မြည်းကြည့်ချင်စိတ် ပေါက်နေမိသည်။

ယဲ့ဖုန်းက ခေါင်းညိတ်လိုက်ရင်း...

“ဒါက သားရဲဝိဉာဉ်ဂိုဏ်းက အစာလေ။ ဘယ်လိုလုပ် မထိရောက်ဘဲ နေမှာလဲ...”

ရှဲ့ကျားရင်မှာ အပြောရဲလွန်းသော်လည်း သူမ ပြုလုပ်ထားသော ဝိဉာဉ်သားရဲအစာမှာမူ တကယ်ပင် အစွမ်းထက်လှပေသည်။ ဝိဉာဉ်သားရဲများအတွက် လိုအပ်သော အာဟာရဓာတ်များ အပြည့်အဝ ပါဝင်နေသည် မဟုတ်ပါလော။

ထိုအခိုက်အတန့်၌ မိုယင်က ဝင်ပြောလာ၏။

“ကျွန်မ ကြားဖူးတာကတော့ သားရဲဝိဉာဉ်ဂိုဏ်းက လက်နက်တစ်ရာဂိုဏ်းလိုပဲ ကြားနေ ကြယ်အဆင့်ဂိုဏ်း တစ်ခုပါပဲတဲ့။ ကွာခြားချက်ကတော့ သားရဲဝိဉာဉ်ဂိုဏ်းရဲ့ ဂုဏ်သတင်းက အရင်က သိပ်မကြီးကျယ်ခဲ့ဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာပဲ လျှို့ဝှက်နည်းလမ်းကို ပြည့်စုံအောင် မွမ်းမံနိုင်ခဲ့တဲ့ ပါရမီရှင် ကောင်မလေး တစ်ယောက် ပေါ်ထွက်လာပြီး ထိရောက်တဲ့ အစာတွေကို ထုတ်လုပ်နိုင်ခဲ့လို့ ဂိုဏ်းရဲ့ နာမည်က တစ်ဟုန်ထိုး ကျော်ကြားလာခဲ့တာလေ...”

မိုယင်က ခဏမျှ ရပ်လိုက်ပြီးမှ ဆက်ပြောလေ၏။

“အဲ့ဒီ ကောင်မလေးကို လူအများက ဝိုင်းဝန်း ချီးမွမ်းကြတယ်လို့ ဆိုကြတယ်။ စိမ်းစိမ်းစိုစို ကျောက်စိမ်းလေးလို သန့်စင်ပြီး ဉာဏ်ပညာလည်း ထက်မြက်သလို စာပေဗဟုသုတလည်း ကြွယ်ဝတယ်တဲ့။ သားရဲဝိဉာဉ်ဂိုဏ်းသား အားလုံးကလည်း သူ့ကို သံယောဇဥ်တွယ်ကြပြီး နောင်တစ်ချိန်မှာ ဂိုဏ်းချုပ် ဖြစ်လာမယ့်သူလို့ သတ်မှတ်ထားကြတယ်...”

“နောက်ပြီး ကြားရတာကတော့ သားရဲဝိဉာဉ်ဂိုဏ်းချုပ်က သူ့အတွက် ကြင်ဖော်ရှာပေးခဲ့ပေမဲ့ အဲ့ဒီ ကောင်မလေးက အားလုံးကို ငြင်းပယ်ခဲ့တယ်တဲ့။ အကြောင်းကတော့ ယောက်ျားနဲ့ မိန်းမကြားက သံယောဇဥ်တွေက သူ့ရဲ့ ဂိုဏ်းကို တိုးတက်အောင် လုပ်မယ့် ခရီးလမ်းမှာ အဟန့်အတား ဖြစ်မှာ စိုးလို့ပါတဲ့...”

ထိုစကားကို ကြားသောအခါ တပည့်များ၏ မျက်နှာတွင် ချီးကျူးထောပနာပြုသော အရိပ်အယောင်များ ပေါ်လာကြလေ၏။

“အဲ့ဒီ ဒဏ္ဍာရီထဲက ကောင်မလေးကို ကျွန်တော် တကယ်ပဲ တွေ့ဖူးချင်လိုက်တာ...”

ရှီလေ့က ရင်ကော့ ခေါင်းမော့ကာ အော်ဟစ်လိုက်သည်။

“တကယ်ကို ထူးခြားတဲ့ အမျိုးသမီးပဲ...”

ဟိုယွင်ကျဲပင်လျှင် ချီးကျူးစကား ဆိုလိုက်လေ၏။

ယဲ့ဖုန်း၏ မျက်နှာမှာမူ ကွက်ခနဲ ပျက်သွားရတော့သည်။ သူသည် စိတ်ထဲမှ ညည်းညူလိုက်မိ၏။

‘ရှဲ့ကျားရင်က သန့်စင်တဲ့ အမျိုးသမီး ဟုတ်လား။ ပေါက်ကရတွေ လျှောက်ပြောနေတာလို့ ပြောရင် ပိုမှန်မယ်။ တကယ်ပဲ... အရာရာကို အပြင်ပန်းကြည့်ရုံနဲ့ ဆုံးဖြတ်လို့ မရပါလား။ ကြားတာက အလကားပဲ၊ ကိုယ်တိုင် မြင်ရမှ ယုံမှားဖွယ်မရှိ အမှန်တရားကို သိနိုင်တာ...’

ယဲ့ဖုန်း ခေါင်းတစ်ခါခါ လုပ်လိုက်မိလေ၏။ သို့သော်ငြားလည်း ထိုစကားများကို သူ အပြင်သို့ ထုတ်မပြောချေ။

“အရသာရှိလိုက်တာ... အရမ်းစားမိသွားပြီ...”

ဝက် စန်းဖန်က ပြည့်နေသော သူ၏ ဗိုက်ကြီးကို ပွတ်ရင်း ပြောလေ၏။ ဝိဉာဉ်စမ်းရေကို တစ်ငုံ သောက်လိုက်ပြီးနောက် မြေပြင်ပေါ်၌ ကျေနပ်စွာ လဲလျောင်းကာ မကြာမီမှာပင် အိပ်ပျော်သွားတော့၏။

“အိပ်ချင်လိုက်တာ...”

မြေခွေး တာ့ဟုန်က သမ်းဝေလိုက်လေ၏။

အစ်ကိုကြီး ခေါင်းပြားမှလွဲ၍ ကျန်ရှိသော ဝိဉာဉ်သားရဲများမှာ အိပ်ငိုက်လာကြပြီး လဲလျောင်း အနားယူကုန်ကြတော့၏။

ယဲ့ဖုန်းက အစာ (၂၀) ပေါင်ခန့် ထပ်မံ ထုတ်ပေးလိုက်ရာ အစ်ကိုကြီး ခေါင်းပြားမှာ စားသောက် ပြီးစီးသွားသောအခါမှ အိပ်ငိုက်လာကာ မကြာမီမှာပင် တခူးခူး တခေါခေါ.. ဟောက်လေတော့သတည်း။

နောက်တစ်နေ့ နံနက်ခင်း၌...

ယဲ့ဖုန်းသည် သူ၏ စွမ်းအားများ သိသိသာသာ တိုးတက်လာသည်ကို ခံစားလိုက်ရ၏။ သူသည် အံ့အားသင့်သွားပြီးမှ ဝိဉာဉ်သားရဲဆောင်၏ အချက်အလက်များကို ဖွင့်ကြည့်လိုက်လေ၏။

အစ်ကိုကြီး ခေါင်းပြားမှာ အဆင့်မြင့် နတ်ဆိုးစစ်သည် အထွတ်အထိပ်၌ ရှိနေဆဲဖြစ်ပြီး သံလက်သည်း နဂါးလင်းယုန်နှင့် မြေခွေး တာ့ဟုန်တို့မှာလည်း အလယ်အဆင့် နတ်ဆိုးစစ်သည်မှာပင် ရှိနေသေး၏။

သို့ဖြစ်သော်လည်း ရှောင်ပိုင်

(မြေခွေးဖြူလေး) ၊ ခွေး အားဟာ၊ ဝက် စန်းဖန်၊ ဖား စစ်ချူနှင့် ဖရုံသီး ဝူကွားတို့မှာမူ အလယ်အဆင့် နတ်ဆိုးစစ်သည်သို့ ရောက်ရှိရန် အလွန်ပင် နီးစပ်နေကြတော့၏။ ဒါဟာ သားရဲဝိဉာဉ်ဂိုဏ်းမှ အစာမှာ အလွန်ပင် ထိရောက်ကြောင်း သက်သေပြနေခြင်း ဖြစ်ပေသည်။

“ဝါး.. ငါ..ပိုပြီး သန်မာလာပြီဟေ့...”

ခွေး အားဟာသည် နိုးလာသည်နှင့် သူ၏ ခွန်အားများ တိုးတက်လာသည်ကို သိလိုက်ရသဖြင့် လေပေါ်သို့ ခုန်တက်ကာ ပျော်မြူးနေလေ၏။

“ငါလည်း တူတူပဲ”

ဝက် စန်းဖန်က သူ၏ အမြီးလေးကို ခါယမ်းလိုက်၏။

“ကြည့်ကြပါဦး... ငါ့ခေါင်းပေါ်က အရွက်လေးတွေက ပိုပြီး စိမ်းလာတယ်...”

ဖရုံသီး ဝူကွားက သူ၏ ခေါင်းပေါ်ရှိ အစိမ်းရောင် အရွက် နှစ်ရွက်ကို ညွှန်ပြရင်း ခုန်ပေါက်နေလေ၏။ သူတို့၏ စကားများကို ကြားရသောအခါ ယဲ့ဖုန်းမှာလည်း ဝမ်းသာရသော်လည်း ဖရုံသီး ဝူကွား၏ စကားကို ကြားသောအခါတွင်မူ သူ၏ အမူအရာမှာ တစ်မျိုး ဖြစ်သွားရ၏။

ဒါဆိုရင် ဖရုံသီး ဝူကွားအတွက်ကတော့ ပိုပြီး စိမ်းလာတာက ပိုပြီး သန်မာလာတာပေါ့လေ။

“ဂုဏ်ယူပါတယ် ဂိုဏ်းချုပ်... မြူခိုးဂိုဏ်းရဲ့ ဂုဏ်သတင်း အမှတ် က (၃၀၀၀) ကျော်သွားပါပြီ။ ဂိုဏ်းရဲ့ ကံကြမ္မာကလည်း ပိုမို တိုးတက်လာပါတယ်။ ဂိုဏ်းချုပ်ရဲ့ နေ့စဉ် ပြုလုပ်တဲ့ ဆုတောင်းလေးတစ်ခုကို ဖြည့်ဆည်းပေးမယ့် ‘မနော အလိုကျ’ စနစ်ကို ဖွင့်ပေးလိုက်ပါပြီ...”

စနစ် မှ သတိပေးချက် တစ်ခု ပေးပို့လာလေ၏။

ယဲ့ဖုန်းမှာ အံ့အားသင့်သွားပြီး အချက်အလက်များကို ချက်ချင်း ဖွင့်ကြည့်လိုက်သည်။

[ဂိုဏ်းဂုဏ်သတင်း အမှတ် - ၃၀၀၁]

[လဲလှယ်ရန် ကျန်ရှိသော အမှတ် - ၂၇၀၁]

ဤအချက်အလက်များကို မြင်သောအခါ ယဲ့ဖုန်းမှာ အံ့အားသင့်သွားရလေ၏။

အချိန်တို အတွင်းမှာ ဂုဏ်သတင်း အမှတ်တွေက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ တိုးလာရတာလဲ။

‘ဒါက ငါတို့ဂိုဏ်း အဆင့်တက်သွားတဲ့ သတင်းက လုံးဝ ပျံ့နှံ့သွားလို့များလား...’

ယဲ့ဖုန်းသည် ‘မနော အလိုကျ’ စနစ်၏ မိတ်ဆက်ကို ဖွင့်ကြည့်လိုက်လေ၏။

[စနစ်သစ် -မနော အလိုကျ ]

[အကျိုးသက်ရောက်မှု - ကံကောင်းခြင်းများ ခံစားရသော ဂိုဏ်းချုပ်အနေဖြင့် နေ့စဉ် သေးငယ်သော ဆုတောင်း တစ်ခုကို ပြုလုပ်နိုင်သည်။ သတ်မှတ်ထားသော အခြေအနေအတွင်းမှာ ဆိုလျှင် ထိုဆုတောင်းမှာ ဧကန်မလွဲ ပြည့်ဝပေလိမ့်မည်။ ကံတရား အားကောင်းလာသောအခါ ဆုတောင်းလေးများမှာ ဆုတောင်းကြီးများ ဖြစ်လာနိုင်သည်...]

“ဒီလို စနစ်မျိုးလည်း ရှိတာပဲလား...”

ယဲ့ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ အပြုံးမှာလည်း ကောက်ကျစ်စဉ်းစားသော အပြုံးအဖြစ် ပြောင်းလဲသွားလေ၏။

“စနစ်... ငါ ဆုတောင်းချင်တယ်။ ခန္ဓာကိုယ် အမိုက်စားနဲ့ အလှလေး တစ်ယောက်လောက် ပေးစမ်းပါ...”

“တောင်းဆိုချက် မြင့်မားလွန်းသဖြင့် မဖြည့်ဆည်းပေးနိုင်ပါ...”

စနစ်က ပြန်လည် ချေပလိုက်လေ၏။

“ဒါဆိုရင် အဆင့်နိမ့် ဝိဉာဉ်လက်နက် တစ်ခုလောက်...”

“တောင်းဆိုချက် မြင့်မားလွန်းသဖြင့် မဖြည့်ဆည်းပေးနိုင်ပါ… ”

ယဲ့ဖုန်း သူ၏ ခေါင်းကို ကုတ်လိုက်ရင်း အကြိမ်ကြိမ် ကြိုးစားကြည့်သော်လည်း မအောင်မြင်ချေ။ နောက်ဆုံးတွင် သူသည် ကောင်းကင်ကို ကူကယ်ရာမဲ့စွာ မော့ကြည့်လိုက်ရင်း…

“ငါ့ကို သံပုရာရည် တစ်ခွက်လောက်ပဲ ပေးပါတော့...”

နောက်တစ်ခဏတွင် ယဲ့ဖုန်း ခေါင်းလှည့်ကြည့်လိုက်သောအခါ သူ၏ ညာဘက်လက်ထဲတွင် သံပုရာရည်များ ပြည့်နေသော ဖန်ခွက် တစ်လုံးကို ကိုင်ထားမိသည်ကို တွေ့လိုက်ရ၏။

“ဒါက ဘယ်လို မှော်ပညာမျိုးလဲ...”

လီကျောက်ကျောက်နှင့် ကျားယွိလန်တို့မှာ ယဲ့ဖုန်း ဆုတောင်းလိုက်ပြီးနောက် သံပုရာရည်တစ်ခွက် ရလာသည်ကို တွေ့လိုက်ရသဖြင့် သူတို့၏ မျက်လုံးများမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားတော့၏။

“တကယ်ပဲ ရတာလား...”

ယဲ့ဖုန်းပင်လျှင် ဆွံ့အသွားရလေ၏။ ခွေးစနစ် ပြောသော ဆုတောင်းလေးများ ဆိုသည်မှာ တကယ်ပင် သေးငယ်လှပေသည်။ သူ၏ စမ်းသပ်ချက်များအရ ကြေးပြား (၁၀၀) ထက် တန်ဖိုးရှိသော ဆုတောင်းမှန်သမျှမှာ မပြည့်ဝနိုင်ချေ။

“လေထဲကနေ ဖန်တီးလိုက်တာလား...”

မိုယင်လည်း ဤမြင်ကွင်းကို မြင်ပြီး အံ့သြနေမိလေ၏။ ယဲ့ဖုန်းသည် ချဥ်ဖန်ဖန် သံပုရာရည်ကို တစ်ငုံသောက်လိုက်ရင်း တပည့်များကို ပြောလိုက်၏။

“မအံ့သြကြနဲ့... ငါက ရွေးချယ်ခံရသူ ဖြစ်တဲ့အတွက် သူရဲကောင်းဝိညာဉ်တွေက ငါ့ကို စောင့်ရှောက်ထားကြတယ်။ နေ့စဉ် ဆုတောင်းလေး တစ်ခု လုပ်လို့ရတာပေါ့။ နောင်ကျရင် မင်းတို့ တစ်ခုခု လိုအပ်ရင် ငါ့ကို ပြောကြလေ၊ ငါ ဆုတောင်းပေးမယ်...”

“တကယ်လား...”

တပည့်များမှာ စိတ်လှုပ်ရှားစွာဖြင့် အံ့သြနေကြလေ၏။

“ဒါပေါ့...”

ယဲ့ဖုန်းက ခပ်ပြုံးပြုံးဖြင့် နောက်ပြောင်လိုက်၏။

“ငါတို့ မြူခိုးဂိုဏ်းသာ စီးပွားပျက်သွားရင် ငါက နေ့တိုင်း ဆုတောင်းပြီး ငါးခြောက်တွေ တောင်းမယ်။ အဲ့ဒါတွေ ရောင်းပြီး ငါတို့ အသက်ဆက်ကြတာပေါ့...”

ထိုစကားကို ကြားသောအခါ တပည့်များမှာ မျက်လုံးလှန်ကြည့်လိုက်ကြလေတော့သည်။

နောက်ရက်အနည်းငယ်အတွင်း ယဲ့ဖုန်းသည် မြူခိုးတောင်ထိပ်၌ အေးအေးဆေးဆေး နေထိုင်နေလေ၏။ သူသည် နေ့စဉ် ဆုတောင်းလေးများ ပြုလုပ်ပေးရင်း ကျားယွိလန်အတွက် ဆံထိုးတစ်ချောင်း၊ မိုယင်အတွက် မျက်နှာဖုံးအနက်တစ်ခုနှင့် လီကျောက်ကျောက်အတွက် သစ်သား စင်းနှီးတုံး တစ်ခုတို့ကို တောင်းပေးခဲ့သည်။

ဤရက်များအတွင်းမှာပင် ရေပေါ်ဖြူမြို့တော်မှ လူအများအပြားမှာ မြူခိုးဂိုဏ်း၏ ဂုဏ်သတင်းကို ကြားသိရသဖြင့် ဂိုဏ်းသားအဖြစ် ဝင်ရောက်ရန် ကြိုးပမ်းလာကြလေ၏။ သို့သော်လည်း ထိုလူအများစုမှာ လောဘသားကောင်များ ဖြစ်ကြပြီး မရိုးသားသော ရည်ရွယ်ချက်များ ရှိကြသဖြင့် စနစ်က အတည်မပြုဘဲ ဂိုဏ်းသားအဖြစ် လက်မခံနိုင်ခဲ့ချေ။

ယဲ့ဖုန်းသည် နေ့စဉ် လူတွေ့စစ်ဆေးရသည်မှာ အလွန်ပင် ငြီးငွေ့လာသဖြင့် တောင်တက်လမ်းခြေရင်း၌ ကျောက်စာတိုင်တစ်ခု စိုက်ထူလိုက်လေ၏။

ထိုကျောက်စာတိုင်ပေါ်တွင်...ရေးထိုးထားလေသည်က…

‘မည်သူမဆို မိမိ၏ ကိုယ်ပိုင်ခွန်အားဖြင့် တောင်ထိပ်သို့ ရောက်ရှိနိုင်ပါက မြူခိုးဂိုဏ်းသို့ ဝင်ရောက်ရန် အရည်အချင်း ပြည့်မီသည်။ ’

ကျောက်စာတိုင် စိုက်ထူပြီးနောက် ယဲ့ဖုန်းသည် စနစ်မှတစ်ဆင့် ဓာတ်ငါးပါး ဆက်နွယ်ခြင်း ဝင်္ကပါကို ထိန်းချုပ်လိုက်သည်။ သို့ဖြစ်ရာ အရည်အချင်း ပြည့်မီသူ ရောက်လာပါက ထိုသူသည် ဝင်္ကပါအတွင်းရှိ မြူခိုးများကို သဘာဝကျကျပင် ဖြတ်ကျော်နိုင်မည် ဖြစ်ပေသည်။ စနစ်၏ သတ်မှတ်ချက်နှင့် မကိုက်ညီသူများမှာမူ ဝင်္ကပါအတွင်းမှာပင် ပိတ်မိနေကြမည် ဖြစ်ချေသည်။

ထိုနည်းဖြင့် ယဲ့ဖုန်းမှာ အေးချမ်းမှုကို ရရှိသွားလေတော့၏။ ရက်အနည်းငယ်ကြာသည့်တိုင်အောင် တောင်ထိပ်သို့ မည်သူမျှ ရောက်မလာခဲ့ချေ။

“ဟူး... တပည့်ရှာရတာ တကယ်ပဲ ခက်ခဲပါလား...”

ယဲ့ဖုန်း ခေါင်းတစ်ခါခါ လုပ်လိုက်ရင်း မြူခိုးဂိုဏ်း၏ တံခါးဝရှိ ခေါက်ကုလားထိုင်ပေါ်တွင် လဲလျောင်းနေမိသည်။

“ခွင့်ပြုပါဦး... ဒါ မြူခိုးဂိုဏ်း ဟုတ်ပါသလား...”

မကြာမီမှာပင် တုန်ရီနေသော အသံတစ်သံ တောင်ထိပ်ပေါ်၌ ပဲ့တင်ထပ်သွားလေ၏။ ယဲ့ဖုန်း မျက်လုံးများ ချက်ချင်း ပွင့်သွားပြီး သူ၏ ရှေ့မှ လူငယ်လေးကို ကြည့်လိုက်မိသည်။ ထိုလူငယ်လေးမှာ စုတ်ပြတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း သူ၏ မျက်လုံးများမှာမူ ကြည်လင်ပြီး ခိုင်မာပြတ်သားသော ဆန္ဒများ ရှိနေသည်ကို တွေ့ရ၏။

ယဲ့ဖုန်း သူ၏ မျက်လုံးများကို မယုံကြည်နိုင်စွာ ပွတ်ကြည့်လိုက်ရင်း...

“မင်း တကယ်ပဲ ဒီအထိ တက်လာနိုင်တာလား...”

လူငယ်လေးမှာ ခဏမျှ တုံ့ဆိုင်းသွားပြီးမှ...

“တောင်ခြေက ကျောက်စာတိုင်မှာ ရေးထားတာ တွေ့လို့ပါ။ ကိုယ်ပိုင်ခွန်အားနဲ့ တောင်ထိပ် ရောက်နိုင်ရင် ဂိုဏ်းဝင်ခွင့် ရမယ်ဆိုလို့ ကျွန်တော် ကြိုးစားကြည့်တာ ရောက်လာတာပါပဲ။ ခင်ဗျားက ဘယ်သူလဲဆိုတာ သိပါရစေ ခင်ဗျာ...”

“ငါက ယဲ့ဖုန်း ပဲ...”

“ မြူခိုးဂိုဏ်းချုပ်ပေါ့နော်။ ဝမ်းသာလိုက်တာ ခင်ဗျာ... ကျွန်တော့်နာမည်က ကျောက်ကျားရှီး ပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါ...”

လူငယ်လေးသည် ဒူးထောက်လိုက်ပြီး ယဲ့ဖုန်းအား အကြိမ်ကြိမ် ငိုယို တောင်းပန်ကာ ကန်တော့လေတော့သတည်း။

အခန်း (၁၁၀) - ရှေးဟောင်းနတ်ဘုရား သွေးမျိုးဆက်နှင့် ထူးခြားသော ကျင့်ကြံခြင်း နည်းလမ်း

~“ထပါ... ငါ မင်းကို လက်ခံဖို့ ဆန္ဒရှိပါတယ်...”

ယဲ့ဖုန်းက လူငယ်လေးကို မတ်တတ်ရပ်စေရန် ကူညီပေးလိုက်လေ၏။ ကျောက်ကျားရှီး ဤနေရာသို့ ရောက်ရှိလာခြင်းကပင် သူသည် စနစ် ၏ အသိအမှတ်ပြုမှုကို ရရှိထားကြောင်း သက်သေပြနေသဖြင့် ယဲ့ဖုန်းအနေဖြင့် သူ့အား တပည့်အဖြစ် သဘာဝကျကျပင် လက်ခံလိုက်ခြင်း ဖြစ်ပေသည်။

မြူခိုးဂိုဏ်းသို့ ဝင်ခွင့်ရပြီဟု ကြားသိရသောအခါ ကျောက်ကျားရှီးမှာ စိတ်လှုပ်ရှားစွာဖြင့် မြေပြင်ပေါ်၌ ဒူးထောက်ကာ ယဲ့ဖုန်းအား ဦးချလိုက်ပြီး...

“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်... ကျွန်တော့်ကို လက်ခံပေးလို့ပါ။ ကျင့်ကြံရတာ ဘယ်လောက်ပဲ ခက်ခဲပါစေ ကျားရှီးအနေနဲ့ အစွမ်းကုန် ကြိုးစားသွားမှာပါ။ မြူခိုးဂိုဏ်းရဲ့ မျှော်လင့်ချက်တွေကို စိတ်ပျက်အောင် မလုပ်ပါဘူး ခင်ဗျာ...”

“ဝါး... ငါတို့မှာ မောင်လေးအသစ်တစ်ယောက် ရပြီဟေ့...”

လီကျောက်ကျောက်သည် ကျောက်ကျားရှီးကို တစ်ချက်ကြည့်ရုံနှင့် မြင်လိုက်ရပြီး သူမ၏ လက်ထဲမှ ဒယ်အိုးနှင့် ယောက်မကို ကိုင်လျက် ချက်ချင်း ပြေးလာလေတော့သည်။

ကျောက်ကျားရှီးမှာ (၁၂) နှစ်သားခန့်သာ ရှိသေးပြီး ခန္ဓာကိုယ်မှာလည်း အပြည့်အဝ မဖွံ့ဖြိုးသေးသဖြင့် လီကျောက်ကျောက်ထက်ပင် ပို၍ ပုသေး၏။ သူ၏ မျက်နှာမှာ ကျောက်မီးသွေးတွင်းမှ ပြန်လာသကဲ့သို့ အနည်းငယ် ညစ်ပတ်နေပြီး အဝတ်အစားများမှာလည်း စုတ်ပြတ်နေရှာသည်။

“တွေ့ရတာ ဝမ်းသာပါတယ် စီနီယာအစ်မ...”

ကျောက်ကျားရှီးက လီကျောက်ကျောက်အား ရိုသေစွာ နှုတ်ဆက်လိုက်လေ၏။

“တကယ်ပဲ ညီလေးအသစ် တစ်ယောက် ရတာပါလား...”

ကျန်ရှိသော တပည့်များလည်း ဝိုင်းအုံလာကြပြီး ကျောက်ကျားရှီးကို စူးစမ်းကြည့်ရှုကြတော့သည်။

လုံထျန်းရှင်းမှာ သူနှင့် အရပ်အမောင်း ဆင်တူသော ကျောက်ကျားရှီးကို မြင်သောအခါ အပြေးအလွှား လာရပ်ပြီး သူ၏လက်ဖြင့် အရပ်ချင်း တိုင်းကြည့်လေ၏။ ထို့နောက် ကျေနပ်အားရစွာဖြင့်...

“ဟား... ငါက ညီလေးထက် နည်းနည်း ပိုမြင့်တယ်ဟ...”

ကျောက်ကျားရှီးမှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး ကပျာကယာ နှုတ်ဆက်လိုက်၏။

“နှုတ်ဆက်ပါတယ် စီနီယာအစ်ကို...”

လုံထျန်းရှင်းက ကျောက်ကျားရှီး၏ ပခုံးကို ပုတ်ကာ...

“ညီလေး... ဘာမှ မကြောက်နဲ့နော်။ အန္တရာယ်တစ်ခုခုနဲ့ တွေ့ရင် ငါတို့က မင်းဘက်က ရှိနေမှာပါ...”

“လိုက်ခဲ့ကြစို့...”

ယဲ့ဖုန်းက တပည့်များအားလုံးကို ဂိုဏ်းချုပ် ခန်းမဆောင်ကြီးအတွင်းသို့ ခေါ်ဆောင်သွားလေတော့သည်။

“မင်းရဲ့ နာမည်က ဘယ်သူလဲ၊ ဘယ်က လာတာလဲ၊ ပြီးတော့ မင်းရဲ့ ကျင့်ကြံခြင်း အရိုးအမြစ် အရည်အသွေးက ဘယ်လိုမျိုးလဲ...”

ယဲ့ဖုန်းသည် အမည်စာရင်း မှတ်တမ်းကို ဖြန့်လိုက်ပြီး စုတ်တံကို ကိုင်ကာ ပုံမှန်အတိုင်း စတင် မေးမြန်းလေ၏။

ကျောက်ကျားရှီးက အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့်...

“ကျွန်တော့်နာမည်က ကျောက်ကျားရှီး ပါ၊ ရေပေါ်ဖြူမြို့တော် မြောက်ဘက်က ရွာလေးတစ်ရွာက လာတာပါ။ ကျွန်တော်က မိဘမဲ့ တစ်ယောက်ပါ၊ သူများတွေရဲ့ ကျွေးမွေးမှုနဲ့ပဲ ကြီးပြင်းလာရတာပါ။ ကျင့်ကြံခြင်း အရိုးအမြစ်နဲ့ ပတ်သက်လို့ကတော့... ကျွန်တော့်မှာ ကျင့်ကြံခြင်း အရိုးအမြစ် မရှိပါဘူး ခင်ဗျာ...”

ဤစကားကို ကြားသောအခါ လူတိုင်း၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားရတော့၏။

ကျင့်ကြံခြင်း အရိုးအမြစ် မရှိဘူး ဟုတ်လား။

ဒါဆို သူ ဘယ်လိုလုပ်ပြီး ကျင့်ကြံနိုင်မှာလဲ။

လူတိုင်း၏ မျက်နှာများ ပြောင်းလဲသွားသည်ကို မြင်သောအခါ ကျောက်ကျားရှီးသည် မြေပြင်ပေါ်၌ ဒူးထောက်လိုက်ပြီး သွားများကို တင်းတင်းကြိတ်ကာ မျက်ရည်များ ဝဲတက်လာလေ၏။ သို့သော်ငြားလည်း ထိုမျက်ရည်များကို ဇွဲဖြင့် ထိန်းထားရင်း...

“ကျေးဇူးပြုပြီး ဂိုဏ်းချုပ်... ကျွန်တော့်ကို လက်ခံပေးပါ။ ကျွန်တော့်မှာ ကျင့်ကြံခြင်း အရိုးအမြစ် မရှိလို့ ဂိုဏ်းအများစုက တံခါးတောင် အဝင်မခံကြပါဘူး။ ဒါပေမယ့် ကျွန်တော်က အလုပ်ကြိုးစားပါတယ်။ မြူခိုးဂိုဏ်းမှာသာ နေခွင့်ရရင် အခက်ခဲဆုံးနဲ့ အပင်ပန်းဆုံး အလုပ်တွေကို ဘာမှ မညည်းညူဘဲ လုပ်ပေးပါ့မယ်...”

“ဘာလို့ ငိုနေတာလဲ... ငါက မင်းကို လက်မခံဘူးလို့ ပြောလို့လား...”

ယဲ့ဖုန်းက ကျောက်ကျားရှီး၏ စကားကို ဖြတ်ပြောလိုက်လေ၏။ သူသည် ကျောက်ကျားရှီး၏ အချက်အလက်များကို ရေးမှတ်ပြီးစီးသွားပြီး ဂိုဏ်းချုပ် တံဆိပ်တုံးကို ခတ်နှိပ်လိုက်ပြီးမှ စကားဆက်လေ၏။ ထိုအခါ ကျောက်ကျားရှီးနှင့် ကျန်တပည့်များမှာ များစွာ အံ့အားသင့်သွားကြရလေ၏။

“ဂုဏ်ယူပါတယ်၊ စာရင်းသွင်း တပည့် ‘ကျောက်ကျားရှီး’ ကို လက်ခံရရှိပါပြီ။ မူလက သူသည် အလယ်အဆင့် ကျင့်ကြံခြင်း အရိုးအမြစ် ပိုင်ရှင် ဖြစ်သော်လည်း လွန်ခဲ့သော (၃) နှစ်က ရှေးဟောင်းနတ်ဘုရား သွေးမျိုးဆက် ပါရှိသော ဝိဉာဉ်သစ်သီးကို မှားယွင်းစားသုံးမိခဲ့သဖြင့် သူ၏ သွေးကြောများမှာ လုံးဝ ပိတ်ဆို့သွားခဲ့သည်။ သို့သော် ယခုအခါ ရှေးဟောင်းနတ်ဘုရား ခန္ဓာကိုယ်၏ ကနဦးပုံစံသို့ တဖြည်းဖြည်း ပြောင်းလဲလာနေပြီး ကြီးမားသော ပါရမီကို ပိုင်ဆိုင်ထားသည်...”

စနစ် ၏ သတိပေးချက် ထွက်ပေါ်လာလေ၏။ ဤသည်ကို ကြားသောအခါ ယဲ့ဖုန်း၏ မျက်နှာတွင် အံ့အားသင့်သော အရိပ်အယောင်များ ပေါ်လာတော့၏။

ယဲ့ဖုန်းသည် ကျောက်ကျားရှီးကို လက်ခံရန် ဆုံးဖြတ်ခဲ့စဉ်က ထိုလူငယ်လေးတွင် ရှေးဟောင်းနတ်ဘုရား ခန္ဓာကိုယ် ရှိမှန်း မသိခဲ့ပေ။ စနစ်၏ အတည်ပြုမှုကို ရရှိသော တပည့်တစ်ယောက်ကို ရှာဖွေတွေ့ရှိခဲ့သဖြင့် ကံကောင်းသည်ဟုသာ မှတ်ယူထားခြင်း ဖြစ်ချေသည်။ သူ ကျင့်ကြံခြင်း မပြုနိုင်လျှင်ပင် ဂိုဏ်း၌ ထားရှိနိုင်သည်ဟုသာ သူ တွေးခဲ့ခြင်း ဖြစ်ပေသည်။

သို့ဖြစ်သော်လည်း ယနေ့တွင် သူသည် တကယ့် ရတနာတစ်ပါးကို မမျှော်လင့်ဘဲ တွေ့ရှိခဲ့ခြင်း ဖြစ်ပေသည် တကား။

“ဂိုဏ်းချုပ်... ဘာဖြစ်လို့လဲ ခင်ဗျာ...”

ကျောက်ကျားရှီးသည် ယဲ့ဖုန်း၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်သောအခါ အလွန်ပင် စိုးရိမ်ထိတ်လန့်သွားရှာသည်။

ယဲ့ဖုန်းက လက်ကာပြလိုက်ရင်း...

“ဘာမှ မဟုတ်ပါဘူး... ဒီနေ့ကစပြီး မင်းက မြူခိုးဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်သွားပြီ။ မင်းမှာ ကျင့်ကြံခြင်း အရိုးအမြစ် မရှိပေမဲ့လည်း ဒီ ဝိဉာဉ်မျက်လုံးဆေးရည် ကို အရင်ယူထားလိုက်ပါ။ ရှီလေ့... မင်းက ကျားရှီးကို ကြည့်ရှုစောင့်ရှောက်ဖို့ တာဝန်ယူလိုက်...”

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်...”

ရှီလေ့က ချက်ချင်းပင် အနားသို့ လာလိုက်ပြီး...

“ညီလေး ကျောက်... အစ်ကို့နာမည်က ရှီလေ့ ပါ၊ မင်းရဲ့ စီနီယာ အစ်ကိုကြီးပေါ့။ ငါ့နောက် လိုက်ခဲ့လေ...”

“ကျေးဇူးတင်ပါတယ်.. စီနီယာအစ်ကိုကြီး...”

ကျောက်ကျားရှီးသည် ဝိဉာဉ်ဆေးဝါးဆောင် ဘေးရှိ အခန်းလွတ် တစ်ခုသို့ ရှီလေ့နှင့်အတူ လိုက်ပါသွားလေတော့သည်။

အခြားသော တပည့်များမှာလည်း လုပ်စရာ မရှိသဖြင့် ဝိဉာဉ်စမ်းရေတွင်းဘေး၌ ကျင့်ကြံခြင်း ပြုလုပ်ရန် ထွက်ခွာသွားကြ၏။

မိုယင်တစ်ယောက်သာ ဂိုဏ်းချုပ် ခန်းမဆောင်ကြီးအတွင်း ကျန်ရစ်ခဲ့ပြီး ယဲ့ဖုန်းအား စကားဆိုလာလေ၏။

“ဂိုဏ်းချုပ်...မောင်လေးကျောက်ကို လက်ခံလိုက်တာ တကယ်ပဲ သေချာလို့လားဟင်...”

ယဲ့ဖုန်းက အံ့အားသင့်စွာဖြင့် “မသေချာစရာ ရှိလို့လား...” ဟု ပြန်မေးလိုက်၏။

ထိုအခါ၊ မိုယင်က သူမ၏ စိုးရိမ်မှုကို ဖွင့်ဟဝန်ခံလာလေ၏။

“ကျင့်ကြံခြင်း အရိုးအမြစ် မရှိရင် ချီကျင့်ကြံဆေးလုံးတွေ အများကြီး သုံးရင်တောင် သူက ချီစုစည်းခြင်းအဆင့် ဒုတိယအဆင့်ကိုပဲ ရောက်နိုင်မှာပါ။ အဲ့ဒီအဆင့်က ရောဂါဘယ ကင်းဝေးပြီး အသက်ရှည်ရုံကလွဲလို့ အကန့်အသတ် ရှိနေမှာပဲလေ...”

မိုယင်က ခေတ္တမျှ ရပ်လိုက်ပြီးမှ...

“နောင်နှစ်ပေါင်း (၁၀၀) ကြာတဲ့အခါ မောင်လေးကျောက်က မလွဲမသွေ သေဆုံးသွားလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ကျန်တဲ့ ကျွန်မတို့တွေက အသက်ရှင်နေဦးမှာ ဆိုတော့ သူ ကွယ်လွန်သွားတာကို ဒီအတိုင်း ထိုင်ကြည့်နေရုံပဲ ရှိမှာပေါ့...”

ယဲ့ဖုန်း လက်ခံထားသော တပည့်များမှာ အားလုံး စိတ်ရင်းကောင်းသူများ ဖြစ်ကြသဖြင့် မြူခိုးဂိုဏ်းသားများအကြား ဆက်ဆံရေးမှာ အလွန်ပင် သံယောဇဥ်တွယ်စရာ ကောင်းလှသည်ကို မိုယင် သိမြင်ထားပေသည်။

ဤအတိုင်းသာ ဆက်သွားပါက နောင်တစ်ချိန်တွင် သူတို့၏ သံယောဇဥ်မှာ ပိုမို နက်ရှိုင်းလာပေလိမ့်မည်။ ထိုအခါ ညီအစ်ကို တစ်ဦး သေဆုံးသွားရခြင်းမှာ ကြေကွဲဖွယ်ရာ ကိစ္စတစ်ခု ဖြစ်လာပေလိမ့်မည် မဟုတ်ပါလော။

မိုယင်၏ စိုးရိမ်မှုကို ကြားသောအခါ ယဲ့ဖုန်းသည် အမည်စာရင်း မှတ်တမ်းကို သိမ်းဆည်းလိုက်ပြီး‌နောက်၊ လျှို့ဝှက်ဆန်းကြယ်သော လေသံဖြင့်…

“ကျားရှီးရဲ့ ပါရမီက မဆိုးလှပါဘူး။ မင်းထက်တောင် နိမ့်မှာ မဟုတ်ဘူးနော်...”

ပြောပြောဆိုဆိုနှင့် ယဲ့ဖုန်းသည် ခန်းမဆောင်ကြီးအတွင်းမှ ခြေလှမ်းကျဲကျဲဖြင့် ထွက်ခွာသွားလေတော့သည်။ မိုယင်မှာ သူမ၏ ဓားကို ကိုင်လျက် ကျန်ရစ်ခဲ့ပြီး ယဲ့ဖုန်း ဘာကြောင့် ဤသို့ ပြောရသနည်းဆိုသည်ကို နားမလည်နိုင်ဘဲ မသိမသာ ရေရွတ်လိုက်မိ၏။

‘ကျင့်ကြံခြင်း အရိုးအမြစ် မရှိရင် ခန္ဓာကိုယ် ကျင့်ကြံခြင်း၊ ဒါမှမဟုတ် ဝိဉာဉ်ကျင့်ကြံခြင်း ပဲ လုပ်လို့ရတာလေ။ ဒါဆိုရင် ဒီ မောင်လေးက အဲ့ဒီ လမ်းစဉ်နှစ်ခုထဲက တစ်ခုခုနဲ့ သင့်တော်နေလို့များလား...’

မကြာမီမှာပင် ကျောက်ကျားရှီးသည် ဝိဉာဉ်စမ်းရေဖြင့် ရေချိုးသန့်စင်လိုက်ပြီး လုံထျန်းရှင်း ပေးသော အဝတ်အစားများကို ဝတ်ဆင်ကာ နောက်ဖေးခြံအတွင်း မတ်တတ်ရပ်နေလေ၏။ သူသည် ဧရာမ သံလက်သည်း နဂါးလင်းယုန်ကြီးကို မြင်သောအခါ အလွန်ပင် အံ့အားသင့်နေမိ၏။

လုံထျန်းရှင်း၏ ဖြူစင်သော မျက်နှာနှင့် မတူဘဲ ကျောက်ကျားရှီးမှာ ကျန်းမာသန်စွမ်းသော ဂျုံရောင်အသားအရေ ရှိပြီး ရင်ကော့ ခေါင်းမော့ထားသော ပုံစံမှာ တည်ကြည်ဖြောင့်မတ်သော အရှိန်အဝါကို ထုတ်ဖော်နေလေ၏။

“ညီလေး ကျောက်... ဝိဉာဉ်မျက်လုံးဆေးရည်က မျက်လုံးတွေကို ဆေးကြောဖို့ သုံးတာပါ။ အဲ့ဒါနဲ့ သေသေချာချာ ဆေးပြီးမှပဲ လောကကြီးရဲ့ ဝိဉာဉ်စွမ်းအင်တွေကို မင်း မြင်နိုင်မှာ...”

ရှီလေ့သည် စီနီယာ အစ်ကိုကြီးပီသစွာပင် စနစ်တကျ လမ်းညွှန်ပြသပေးနေလေ၏။ ထိုစကားကို ကြားသောအခါ ကျောက်ကျားရှီးသည် ဆေးရည်ဖြင့် သူ၏ မျက်လုံးများကို စတင် ဆေးကြောလေတော့သည်။

ယဲ့ဖုန်းမှာမူ လေပေါ်၌ ကိုယ်ကို ဝဲလွင့်ရင်း ရှေးဟောင်းနတ်ဘုရား ခန္ဓာကိုယ် ပိုင်ရှင်ဖြစ်သော ကျောက်ကျားရှီးအား ကျင့်ကြံခြင်း လမ်းစပေါ်သို့ မည်သို့ ပို့ဆောင်ပေးရမလဲဆိုသည်ကို စဉ်းစားခန်း ထုတ်

နေမိ၏။

“စနစ်... ငါ သူ့ကို ဘယ်လို သင်ပေးရမလဲ...”

“ရှေးဟောင်းနတ်ဘုရားတွေဟာ ခန္ဓာကိုယ်ကို အထူးပြု ကျင့်ကြံတဲ့ သန်မာတဲ့ လူမျိုးစုတွေပါ။ ဂိုဏ်းချုပ်အနေနဲ့ သူ့ရဲ့ ပါရမီတွေကို အဆက်မပြတ် လှုံ့ဆော်ပေးရုံပါပဲ...”

စနစ်က အကြံပေးပြီးနောက် ပြန်လည် တိတ်ဆိတ်သွားလေ၏။

‘ပါရမီကို လှုံ့ဆော်ပေးရမယ် ဟုတ်လား...’

ယဲ့ဖုန်း နက်နက်နဲနဲ စဉ်းစားနေမိလေ၏။

*

ယခုအခါ ကျောက်ကျားရှီးမှာ မျက်လုံးဆေးကြောခြင်း ပြီးစီးသွားပြီး ဝိဉာဉ်စမ်းရေ တစ်ခွက်ကြီးကို သောက်သုံးလိုက်လေ၏။ သူသည် အနည်းငယ် မူးနောက်နောက် ဖြစ်လာသဖြင့် အခန်းထဲသို့ ပြန်ကာ အိပ်စက်နားယူလေတော့၏။

ကျန်တပည့်များမှာလည်း ကျင့်ကြံခြင်းကို ဆက်လက် ပြုလုပ်နေကြလေ၏။

ယဲ့ဖုန်းသည် ဝိဉာဉ်သားရဲအစာ ပေါင် (၁၀၀) ကျော်ကို ယူကာ ဂိုဏ်းစောင့် ဝိဉာဉ်သားရဲ (၈) ကောင်အား ဝေငှပေးလိုက်ပြီးနောက် ခန်းမဆောင်ကြီးအတွင်းသို့ ပြန်ကာ စက္ကူဖြူပေါ်၌ တစ်ခုခုကို စနစ်တကျ အကွက်ချ ရေးဆွဲနေလေတော့သည်။

နောက်တစ်နေ့ နံနက်ခင်း၌...

“အား... ကျွန်တော့်မျက်လုံးတွေ...”

ကျောက်ကျားရှီးသည် ထိတ်လန့်တကြား အော်ဟစ်လိုက်လေ၏။ ရှီလေ့က တည်ငြိမ်စွာဖြင့်...

“ညီလေး... မထိတ်လန့်ပါနဲ့။ ဂုဏ်ယူပါတယ်၊ မင်းရဲ့ ဝိဉာဉ်မျက်လုံးတွေ ပွင့်သွားပြီလေ။ အခုဆို မင်းက အသက်ရှူသံအာရုံခံအဆင့် ထဲကို ဝင်ရောက်သွားပြီပေါ့ကွ...”

ထိုစကားကို ကြားသောအခါမှ ကျောက်ကျားရှီးမှာ စိတ်အေးသွားရတော့၏။

နံနက်စာ စားသောက်ပြီးနောက် တပည့်များမှာ ကျင့်ကြံခြင်းကို ဆက်လုပ်ကြသော်လည်း ကျောက်ကျားရှီးမှာမူ တံမြက်စည်းကို ယူကာ တောင်ထိပ်ပေါ်ရှိ သစ်ရွက်ခြောက်များနှင့် ကျောက်ခဲများကို စတင် သန့်ရှင်းရေး လုပ်နေလေ၏။

“ကျားရှီး... မင်းလည်း ကျင့်ကြံခြင်းကို စတင်သင့်ပြီ...”

ယဲ့ဖုန်းသည် ခန်းမဆောင်ကြီးအတွင်းမှ ထွက်လာရင်း ပြောလိုက်လေ၏။

“ကျွန်တော့်မှာ ကျင့်ကြံခြင်း အရိုးအမြစ် မရှိဘဲနဲ့ ကျင့်ကြံလို့ ရလို့လား ခင်ဗျာ...”

ကျောက်ကျားရှီးမှာ သူ၏ နားကိုပင် မယုံနိုင်အောင် ဖြစ်သွားရသည်။

“ဒါပေါ့... ရတာပေါ့...”

ယဲ့ဖုန်းသည် ထိုနေ့နံနက်က ဆုတောင်းခြင်းမှ ရရှိထားသော သစ်သား ရေစည်ပိုင်း နှစ်လုံးကို မြေပြင်ပေါ်၌ ချလိုက်လေ၏။

“ဒါဆို ကျွန်တော် ဘယ်လို ကျင့်ကြံရမလဲ ခင်ဗျာ...”

“မင်းရဲ့ ကျင့်ကြံခြင်း တာဝန်ကတော့ တောင်အောက်ကို ဆင်းပြီး လင်းရွာ ဘေးက မြစ်ထဲကနေ ရေခပ်လာခဲ့ရမယ်။ ပြီးရင် တောင်ထိပ်ပေါ်က ခြုံပင်တွေကို ရေလောင်းပေးရမယ်။ ဒီနေ့အတွက် မင်းရဲ့ တာဝန်က (၁၀) ခေါက် အသွားအပြန် လုပ်ရမှာပဲ...”

ယဲ့ဖုန်းက တောင်အောက်ဘက်သို့ ညွှန်ပြရင်း ပြောလိုက်လေ၏။

“ဟုတ်ကဲ့ပါ ခင်ဗျာ...”

ကျောက်ကျားရှီးမှာ အခက်အခဲကို ဂရုမစိုက်ဘဲ သစ်သား ရေစည်ပိုင်းများကို ကိုင်လျက် တောင်အောက်သို့ ချက်ချင်းပင် ဒရောသောပါး ပြေးဆင်းသွားလေတော့သည်။

ဤမြင်ကွင်းကို ကြည့်ပြီး ကျန်တပည့်များမှာ စိုးရိမ်ပူပန်နေကြလေ၏။

“ဂိုဏ်းချုပ်... တောင်ထိပ်ကနေ တောင်ခြေအထိက မဝေးဘူးဆိုပေမဲ့ ကျောက်လှေကားထစ်ပေါင်း (၃၀၀၀) နီးပါး ရှိတာပါ။ ညီလေးက သာမန်လူ တစ်ယောက်ပဲ ရှိသေးတာ၊ ဒါကို ဘယ်လို ခံနိုင်ရည် ရှိမှာလဲ ဗျ...”

ရှီလေ့က စိုးရိမ်တကြီး ပြေးလာပြီး မေးမြန်းလေ၏။

ယဲ့ဖုန်းသည် တောင်အောက်သို့ လှမ်းကြည့်ရင်း လေးနက်သော လေသံဖြင့်...

“ကျားရှီးက မင်းတို့ ထင်ထားသလို အားနည်းတဲ့သူ မဟုတ်ဘူးကွ...”

မိုယင်က ယဲ့ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး သူသည် ကျောက်ကျားရှီးအား ခန္ဓာကိုယ် ကျင့်ကြံခြင်း လမ်းစဉ်ကို လျှောက်လှမ်းစေခြင်း ဖြစ်ကြောင်း သဘောပေါက်လိုက်မိလေ၏။

သို့သော်လည်း... ဒါဟာ တကယ်ပဲ ထိရောက်ပါ့မလား ဆိုသည်မှာတော့ သူမအတွက် ယုံမှားဖွယ်ရာ ဖြစ်နေဆဲ ဖြစ်လေတော့သတည်း။

အခန်း (၁၁၁) - သန်မာသော ခန္ဓာကိုယ်သည် ဇွဲရှိရှိ လေ့ကျင့်မှုမှ လာသည်

~မြူခိုးတောင်ထိပ် ထက်ဝယ်၊

ကျောက်ကျားရှီးသည် သစ်သား ရေစည်ပိုင်း တစ်လုံးကို သယ်ဆောင်လျက် ကျောက်လှေကားထစ်များအတိုင်း တောင်အောက်သို့ ခပ်သုတ်သုတ် ပြေးဆင်းသွားလေ၏။

“တစ်... နှစ်... သုံး... လေး...”

ကျောက်ကျားရှီးသည် ပြေးလွှားနေရင်း စည်းချက်ကျကျ ရေရွတ်နေလေ၏။ သူ၏ အသက်ရှူသံမှာ တည်ငြိမ်နေပြီး ခြေလှမ်းများမှာလည်း ပျံလွှားငှက်တစ်ကောင်ပမာ ပေါ့ပါးသွက်လက်နေသဖြင့် သာမန်လူတစ်ယောက်နှင့် လုံးဝ မတူချေ။

‘တကယ်ကို ထူးဆန်းတာပဲ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး ငါ့ရဲ့ ကျန်းမာရေးက ပိုပိုကောင်းလာတယ်။ ဘယ်လောက်ပဲ ပြေးပြေး မပင်ပန်းတော့ဘူး...’

ကျောက်ကျားရှီးသည် ပြေးနေရင်းနှင့် ခပ်ဖွဖွ ရေရွတ်နေမိ၏။ သူသည် သာမန်လူ တစ်ယောက်သာ ဖြစ်နေသေးသော်လည်း (၃) မီတာခန့် မြင့်သော တံတိုင်းကို အလွယ်တကူ ကျော်တက်နိုင်ပြီး တစ်နာရီကြာအောင် အဆက်မပြတ် ပြေးလျှင်ပင် မမောပန်းပါချေ။ သူ၏ ခွန်အားမှာလည်း မနည်းလှဘဲ ရွာရှိ နွားသိုးကြီးများနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိလေ၏။

ထိုအခိုက်အတန့်၌ ယဲ့ဖုန်းသည် လေပေါ်သို့ ခုန်တက်လိုက်ပြီး မြူခိုးများကြားမှ ကျောက်ကျားရှီး ရေပုံးသယ်ကာ ပြေးနေသည်ကို စူးစိုက်ကြည့်နေလေ၏။

‘ဒီကလေးမှာ ရှေးဟောင်းနတ်ဘုရား သွေးမျိုးဆက် ရှိနေတာပဲ။ သူ့ကို ပိုပြီး လေ့ကျင့်ခိုင်းရမယ်။ သူ့ရဲ့ ပါရမီတွေကို အစွမ်းကုန် လှုံ့ဆော်ပေးမှ ရှေးဟောင်းနတ်ဘုရား ခန္ဓာကိုယ်က တစ်ဟုန်ထိုး တိုးတက်လာမှာ...’

ယဲ့ဖုန်း စိတ်ထဲမှ ကြံစည်နေမိလေ၏။ ဤသည်မှာ စနစ်၏ လမ်းညွှန်ချက်များအပေါ် အခြေခံ၍ သူ စဉ်းစားထားသော နည်းလမ်းဖြစ်ချေသည်။

ယခင်က ရေပေါ်ဖြူမြို့တော်ရှိ ကျမ်းစာဆောင်အတွင်း၌ ယဲ့ဖုန်းသည် ရှေးဟောင်းကျမ်းစာများထဲမှ ခန္ဓာကိုယ် ကျင့်ကြံသူများ အကြောင်းကို မတော်တဆ ဖတ်ရှုခဲ့ဖူး၏။ ထိုကျင့်ကြံသူများအတွက် အရေးကြီးဆုံးအချက်မှာ လူသားခန္ဓာကိုယ်၏ အကန့်အသတ်များကို အမြဲတမ်း ကျူးလွန်ကျော်ဖြတ်ပြီး သူတို့၏ ပါရမီကို အမြင့်ဆုံးအဆင့်အထိ လှုံ့ဆော်ပေးရန် ဖြစ်ပေသည်။

သို့ဖြစ်ရာ ယဲ့ဖုန်းသည် ကျောက်ကျားရှီးအား အဆင့်ဆင့် လေ့ကျင့်ခန်းများ ပြုလုပ်စေရန် စနစ်တကျ အကွက်ချထားလေ၏။ လေ့ကျင့်ခန်း ပြင်းအားကို တဖြည်းဖြည်း တိုးမြှင့်စေမည်၊ ရေငတ်လျှင် ဝိဉာဉ်စမ်းရေကို သောက်စေမည်၊ ဗိုက်ဆာလျှင် အားရပါးရ စားစေမည်။ ဤနည်းဖြင့် သူ၏ ပါရမီကို အကန့်အသတ်အထိ တွန်းပို့မည် ဖြစ်ချေသည်။

ရှေးဟောင်းနတ်ဘုရား ခန္ဓာကိုယ် ပိုင်ရှင်ဖြစ်သော ကျောက်ကျားရှီးမှာလည်း အံ့မခန်းပေ။ သူသည် ကျောက်လှေကားထစ် (၃၀၀၀) ကို အဆက်မပြတ် ပြေးဆင်းလာခဲ့ပြီး တောင်ခြေသို့ ရောက်သောအခါ အသက်ပြင်းပြင်း ရှူနေရသော်လည်း ရပ်နားခြင်း မရှိဘဲ မြစ်ကမ်းနားရှိ လင်းရွာ ဆီသို့ ဆက်လက် ပြေးလွှားသွားလေတော့သည်။

မြစ်ကမ်းနားသို့ ရောက်သောအခါ ကျောက်ကျားရှီးသည် ရေပုံးနှစ်လုံးကို လျင်မြန်စွာ ခပ်လိုက်၏။ တစ်ဖက်တစ်ချက်စီတွင် ရေပုံးများကို ကိုင်ကာ လက်မောင်းများကို မြေပြင်နှင့် အပြိုင်ဆန့်တန်းလျက် တောင်ပေါ်သို့ ပြန်လည် ပြေးတက်လေတော့သည်။

ရွာထိပ်တွင် ထိုင်ကာ ဆေးတံသောက်နေကြသော အဘိုးအိုအချို့မှာ ကျောက်ကျားရှီး သူတို့ဘေးမှ ပြေးထွက်သွားသည်ကို မြင်သောအခါ အံ့အားသင့်လျက် ငြိမ်သက်သွားကြရ၏။

“ဒါ ..ဘယ်က ကောင်လေးလဲ... ခွန်အားကတော့ အံ့မခန်းပဲ ဟေး...”

“ဟိုမှာ ကြည့်စမ်း... သူ မြူခိုးတောင်ထိပ် ဘက်ကို ပြေးသွားတာဟ။ အင်မော်တယ်ဆရာကြီး ယဲ့ဖုန်းရဲ့ တပည့် ဖြစ်ရမယ်...”

“အလိုလေး... ဒီလူငယ်လေးက တောင်ပေါ်ကို သုံးထစ် တစ်ခါ ခုန်တက်နေတာပါလား။ ဆရာကြီး ယဲ့ဖုန်းရဲ့ တပည့်တွေကတော့ တကယ့်ကို ထူးခြားဆန်းကြယ်လှပေစွဟေး...”

အဘိုးအိုများမှာ ထိတ်လန့်လွန်းသဖြင့် မတ်တတ်ရပ်ကာ ကျောက်ကျားရှီး တောင်ပေါ်သို့ ပြေးတက်သွားသည်ကို မမှိတ်မသုန် ငေးကြည့်နေကြလေ၏။

မကြာမီမှာပင် ကျောက်ကျားရှီး၏ ပုံရိပ်မှာ တောင်ခါးပန်းရှိ မြူခိုးများကြားတွင် ရုတ်ချည်း ပျောက်ကွယ်သွားလေတော့၏။

မကြာမီအချိန်အတွင်းမှာပင်...

လင်းရွာမှ ရွာသားများသည် ကျောက်ကျားရှီး တောင်အောက်သို့ ရေပုံးများနှင့် ပြန်လည် ပြေးဆင်းလာသည်ကို ထပ်မံ မြင်တွေ့လိုက်ရပြန်သည်။

ထို့နောက်၊ သူသည် ရေပြန်ခပ်ကာ နောက်တစ်ခေါက် ပြန်တက်သွားပြန်၏။

မွန်းတည့်ချိန် မတိုင်မီမှာပင် ကျောက်ကျားရှီးသည် အသွားအပြန် အကြိမ်အနည်းငယ် ပြုလုပ်ခဲ့ပြီး ဖြစ်လေ၏။

“ဒါကတော့ မယုံနိုင်စရာပဲ။ နေ့လယ်စာတောင် မစားရသေးဘူး၊ ဆရာကြီး ယဲ့ဖုန်းရဲ့ တပည့်က အသွားအပြန် အခေါက်ပေါင်းများစွာ လုပ်နေပြီ။ တကယ်ကို ပါးရည်နပ်ရည် ရှိတဲ့ လူငယ်လေးပဲ...”

ဟု လင်းရွာ ရွာသူကြီးက ထုတ်ဖော် ချီးကျူးပြုလိုက်လေ၏။

အဘိုးအို တစ်ဦးက ကျောက်ကျားရှီး

ဖြတ်သွားစဉ် လှမ်းအော်မေးလိုက်၏။

“မင်းက ဆရာကြီး ယဲ့ဖုန်းရဲ့ တပည့်လားဟေး...”

“ကျွန်တော်တို့ ဂိုဏ်းချုပ်ကို ပြောတာလား အဘိုး...” ကျောက်ကျားရှီး ခြေလှမ်းရပ်လိုက်လေ၏။

“အေး ဟုတ်တယ်... မင်းက ဆရာကြီးရဲ့ တပည့် ဖြစ်မှာပါ။ ဒါပေမယ့် အင်မော်တယ်ဆရာကြီးတွေကလည်း သောက်ဖို့အတွက် ရေခပ်ရသေးတာလား...”

ထိုအခါ၊ ကျောက်ကျားရှီးက ပြန်လည် ရှင်းပြလိုက်လေ၏။

“ဒါက ဂိုဏ်းချုပ် ကျွန်တော့်ကို ပေးထားတဲ့ တာဝန်ပါ။ တစ်နေ့ကို (၁၀) ခေါက် အသွားအပြန် လုပ်ရမယ်လေ။ ဒါပေမယ့် ဒါက သောက်ဖို့ မဟုတ်ပါဘူး၊ သစ်ပင်တွေကို ရေလောင်းဖို့ပါဗျ...”

ပြောပြောဆိုဆိုနှင့် ကျောက်ကျားရှီးသည် တောင်ပေါ်သို့ ဆက်လက် ပြေးတက်သွားလေတော့၏။

“တစ်နေ့ကို (၁၀) ခေါက်ဆိုတော့ လူက သေအောင် မောသွားမှာပေါ့...”

“မင်းက ဘာမှ မသိဘဲနဲ့။ ဒါက အင်မော်တယ် ကျင့်စဉ် ကျင့်နေတာလေ...”

“ရေခပ်တာက အင်မော်တယ် ဖြစ်နိုင်တယ်ဆိုရင် ငါလည်း ကျင့်ချင်တာပေါ့...”

“ကျင့်ပါဦးမယ် ငါ့တူရာ။ မင်းကတော့ တစ်ခေါက် ရေခပ်ရုံနဲ့တင် ခါးကျိုးသွားလိမ့်မယ်...”

လင်းရွာသားများမှာ သည်းကြီးမည်းကြီး ဆွေးနွေးနေကြတော့၏။

*

နောက်ဆုံးတွင် ညနေစောင်း၌ ကျောက်ကျားရှီးသည် (၁၀) ခေါက် ပြည့်အောင် လုပ်ဆောင်နိုင်ခဲ့တော့၏။ သူ၏ ခြေထောက်များမှာ သိမ့်သိမ့်ခါ နာကျင်နေသည်ကို သတိပြုမိလိုက်သဖြင့် ရေပုံးများကို နံရံဘေး၌ ချကာ မြက်ခင်းပေါ်တွင် လှဲချလိုက်ပြီး အသက်ကို လုရှူနေရလေတော့သည်။

“ဘယ်လို ခံစားရလဲ...” ယဲ့ဖုန်း အနားသို့ ရောက်လာပြီး မေးလိုက်၏။

“ပင်ပန်းတယ်” ကျောက်ကျားရှီးသည် သူ၏ မျက်လုံးများကို နေရောင်မှ ကာကွယ်ရင်း ပြောလိုက်လေ၏။

“ပင်ပန်းတယ်ဆိုတာ မှန်ကန်တဲ့ လက္ခဏာပဲ။ ကဲ... ဒီကျမ်းစာထဲက ပထမဆုံး လှုပ်ရှားမှုကို အကြိမ် (၃၀၀) လုပ်စမ်း...”

ယဲ့ဖုန်းသည် စာအုပ်ငယ်လေးတစ်အုပ်ကို မြေပြင်ပေါ်၌ ချပေးလိုက်လေ၏။ ကျောက်ကျားရှီး ဖွင့်ကြည့်လိုက်သောအခါ လက်ချောင်းဖြင့် ဒိုက်ထိုးခြင်း၊ ခေါင်းဖြင့် ခေါင်းလောင်းကို တိုက်ခြင်း၊ ရင်ဘတ်ပေါ်၌ ကျောက်တုံးတင်၍ ထုခြင်း စသည့် ဆန်းကြယ်သော ခန္ဓာကိုယ် ကျင့်စဉ်များကို တွေ့လိုက်ရ၏။

“ဒိုက်ထိုးတာလား... ဒါက လွယ်ပါတယ်...”

ကျောက်ကျားရှီးသည် လက်ချောင်းနှစ်ချောင်းဖြင့် ကျောက်ပြားပေါ် ထောက်ကာ စတင် လေ့ကျင့်လေတော့သည်။ သို့သော်လည်း အကြိမ် (၁၀၀) ကျော်သွားသောအခါ ကျောက်ကျားရှီးမှာ အလွန်ပင် ပင်ပန်းလာပြီး အသက်ရှူသံများလည်း ပြင်းထန်လာလေ၏။ တောင်အောက်နှင့် တောင်ပေါ် (၁၀) ခေါက် အသွားအပြန် မလုပ်ခဲ့ရလျှင် ဤ (၃၀၀) မှာ သူ့အတွက် အပန်းမကြီးလှပေ။

“ငါ ဘာလို့ မင်းကို ဒါတွေ လုပ်ခိုင်းတယ်ဆိုတာ မင်း သိလား...”

ယဲ့ဖုန်းသည် ခေါက်ကုလားထိုင်ပေါ်တွင် ထိုင်ကာ ရေနွေးတစ်ငုံ သောက်ရင်း မေးလိုက်၏။

“ဂိုဏ်းချုပ် ခိုင်းတာဆိုရင် အကြောင်းပြချက် တစ်ခုခုတော့ ရှိမှာပါ...”

ကျောက်ကျားရှီးမှာ စကားပြောရင်း အသက်ကို ပါးစပ်ဖြင့် ရှူနေရသဖြင့် အလွန်ပင် ပင်ပန်းနေရှာသည်။

“မင်းမှာ ကျင့်ကြံခြင်း အရိုးအမြစ် မရှိဘူး၊ ဒါကြောင့် တခြားတပည့်တွေလို ‘ဓာတ်ငါးပါး ပေါင်းစည်းခြင်း’ ကျင့်စဉ်ကို ကျင့်လို့မရဘူး။ ဒါပေမယ့် မင်းမှာ ထူးခြားတဲ့ ခန္ဓာကိုယ် ရှိတယ်။ ခန္ဓာကိုယ် ကျင့်ကြံခြင်း လမ်းစဉ်နဲ့ သင့်တော်တယ်လေ။ ဒါတွေအားလုံးက မင်းရဲ့ အခြေခံကို ခိုင်မာအောင် တည်ဆောက်နေတာပဲ...”

ယဲ့ဖုန်း၏ စကားကို ကြားသောအခါ ကျောက်ကျားရှီး၏ မျက်လုံးများမှာ ခိုင်မာပြတ်သားသွားလေ၏။

“ဒါဆို ကျွန်တော်က ခန္ဓာကိုယ်ကို ကျင့်ကြံလို့ ရတာပေါ့နော်။ ဂိုဏ်းချုပ်... ကျွန်တော့်ရဲ့ ခန္ဓာကိုယ်က ထူးခြားတယ်ဆိုတာ ဘယ်လိုမျိုးလဲ ခင်ဗျာ...”

“မင်းက တစ်သောင်းမှာ တစ်ယောက်သာ ရှိတဲ့ ရှေးဟောင်းနတ်ဘုရား ခန္ဓာကိုယ် ပိုင်ရှင်ပဲ”

ယဲ့ဖုန်း၏ အသံမှာ သြဇာညောင်းလှပြီး ကျောက်ကျားရှီး၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားလေတော့သည်။ ရှေးဟောင်းနတ်ဘုရား ခန္ဓာကိုယ် ဆိုသည်မှာ အခြေခံအားဖြင့် နတ်ဘုရား ခန္ဓာကိုယ် ပင် ဖြစ်ချေသည်။

ကျောက်ကျားရှီး၏ ဉာဏ်အလင်းမှာ ပွင့်သွားသကဲ့သို့ ဖြစ်သွားပြီး မျက်လုံးများ ပြူးကျယ်သွားရ၏။

‘ငါ့မှာ နတ်ဘုရား ခန္ဓာကိုယ် ရှိတာလား။ တကယ်ပဲ ငါ့မှာ နတ်ဘုရား ခန္ဓာကိုယ် ရှိနေတာပါလား...’

ကျောက်ကျားရှီးမှာ အလွန်ပင် စိတ်လှုပ်ရှားသွားရတော့၏။ သူသည် ရွာမှာ လယ်ထွန်စဉ်က နွားကြီးကို နှေးလွန်းသည်ဟု ဆိုကာ လွှတ်ထုတ်ပြီး သံထွန်တုံးဖြင့် (၃) ဧကခန့်ကို တစ်ယောက်တည်း ထွန်ယက်ခဲ့သည့် အချိန်ကကဲ့သို့ ခွန်အားများ ပြန်ပြည့်လာသလို ခံစားလိုက်ရ၏။

ဤအတွေးဖြင့် ကျောက်ကျားရှီးသည် သူ၏ အရှိန်ကို မြှင့်တင်လိုက်ကာ လက်ချောင်းဖြင့် ဒိုက်ထိုးခြင်း အကြိမ် (၃၀၀) ကို နောက်ဆုံးတွင် ပြီးမြောက်သွားလေ၏။ ထို့နောက် မြေပြင်ပေါ်မှ ချာခနဲ ထရပ်ကာ ယဲ့ဖုန်းရှေ့တွင် မတ်တတ်ရပ်လိုက်ပြီး...

“ဂိုဏ်းချုပ်... နောက်ထပ် ဘာကျင့်ရဦးမလဲ ခင်ဗျာ...”

“ပင်ပန်းနေပြီလား...” ယဲ့ဖုန်း မေးလိုက်၏။

“မပင်ပန်းပါဘူး ခင်ဗျာ...” ကျောက်ကျားရှီး ခေါင်းခါပြလိုက်လေ၏။

ယဲ့ဖုန်းက သူ၏ ခေါင်းကို ခပ်ဖွဖွ ရိုက်လိုက်ရင်း...

“အမှန်အတိုင်း ပြောစမ်း”

“အရမ်းပင်ပန်းပါတယ်၊ ဒါပေမယ့် ကျွန်တော် အောင့်ထားနိုင်ပါတယ်...” ကျောက်ကျားရှီး ကပျာကယာ ပြင်ပြောလိုက်လေ၏။

“သွား... ဝိဉာဉ်စမ်းရေကို ဗိုက်ပြည့်အောင် သောက်လိုက်။ ပြီးရင်တော့ ဒီကျောက်စာတိုင်ကို ကျောပိုးပြီး ကျောက်လှေကားထစ်တွေအတိုင်း အသွားအပြန် လုပ်စမ်း။ မင်း ခန္ဓာကိုယ် ပျော့ခွေလဲကျသွားတဲ့အထိ လုပ်ရမယ်”

ယဲ့ဖုန်း၏ အသံမှာ အနည်းငယ် အေးစက်နေပြီး သြဇာအာဏာ အပြည့် ပါဝင်နေလေ၏။

‘ပျော့ခွေလဲကျသွားတဲ့အထိ ဟုတ်လား...’

ကျောက်ကျားရှီး ခဏမျှ တုံ့ဆိုင်းသွားသော်လည်း နောက်တစ်ခဏတွင် ဝိဉာဉ်စမ်းရေ (၅) ပေါင်ခန့်ကို သောက်သုံးလိုက်လေ၏။ ပြီးနောက် ယဲ့ဖုန်း ဘယ်ကနေ ယူလာမှန်းမသိသော ပေါင် (၃၀၀) ခန့် လေးလံသည့် ကျောက်စာတိုင်ကို ကျောပိုးကာ တောင်အောက်သို့ အသက်ကို လုရှူရင်း ဆင်းသွားလေတော့သတည်း။

“သူက တကယ်ပဲ နတ်ဘုရား ခန္ဓာကိုယ် ရှိတာလားဗျ...”

ထိုအခိုက်အတန့်၌ ကျန်ရှိသော တပည့်များမှာ ယဲ့ဖုန်း၏ ဘေးသို့ စုဝေးလာကြပြီး စူးစမ်းလိုစိတ်များဖြင့် မေးမြန်းကြလေ၏။

“တစ်မျိုးတော့ ပြောလို့ရတာပေါ့။ တကယ်တော့ သူက ရှေးဟောင်းနတ်ဘုရား ခန္ဓာကိုယ် ဖြစ်လာနိုင်တဲ့ ပါရမီ ရှိနေတာပါ။ ဒါပေမယ့် အဲ့ဒါကို နိုးထအောင် လုပ်နိုင်မလား ဆိုတာကတော့ သူ ဘယ်လောက်အထိ ကြိုးစားမလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်လိမ့်မယ်...”

ယဲ့ဖုန်း ခဏမျှ တိတ်ဆိတ်သွားပြီးမှ အမှန်တရားကို ဖွင့်ဟဝန်ခံလိုက်လေ၏။

“ကျွန်တော်တို့ရဲ့ ညီလေးသာ တကယ်ပဲ နတ်ဘုရား ခန္ဓာကိုယ်ကို နိုးထစေနိုင်ခဲ့ရင် ဘာတွေ ဖြစ်လာမလဲဟင်...”

လုံထျန်းရှင်းက မျက်တောင်ခတ်ရင်း လက်ဟန်ခြေဟန်ဖြင့် မေးမြန်းလာ၏။

“သူက ကျွန်တော့်ထက်တောင် အရပ်ပိုရှည်လာမှာ မဟုတ်လား...”

ယဲ့ဖုန်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး...

“မင်းတို့ အရွယ်ရောက်လာရင် သဘာဝအတိုင်း အရပ်ရှည်လာကြမှာပါ။ အဲ့ဒါက ဘယ်လို ခန္ဓာကိုယ်မျိုး ရှိနေလဲဆိုတာနဲ့ သိပ်မဆိုင်ပါဘူး...”

ထိုအခိုက်အတန့်၌ ယဲ့ဖုန်းသည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သဖြင့် မီးရှူးတိုင်မြို့ ဘက်သို့ လှမ်းကြည့်လိုက်လေ၏။

လေထုအတွင်း၌ ဧရာမ ငှက်ကြီး တစ်ကောင်မှာ အတောင်ပံများကို ခတ်လျက် သူတို့ဆီသို့ ပျံသန်းလာနေသည်ကို တွေ့လိုက်ရ၏။ ယင်း၏ အတောင်ပံ အကျယ်မှာ (၁၅) မီတာခန့် ရှိပြီး ကျောပေါ်တွင်မူ ဝဖြိုးသော လူတစ်ဦး ထိုင်နေလေ၏။

‘ကျန့်ယောက်ရှိုနဲ့ ချိန်းထားတာကို ငါ တကယ်ပဲ မေ့နေမိတာပဲ...’

ယဲ့ဖုန်းသည် ထိုသူ၏ ပုံသဏ္ဍာန်ကို မြင်သောအခါ သူ၏ နဖူးကို သူ ပြန်ရိုက်လိုက်မိပြီး ကောင်းကင်ယံသို့ ရုတ်ချည်း ပျံတက်သွားလေတော့သည်။

“ဂိုဏ်းချုပ်ယဲ့... နောက်ဆုံးတော့ ကျွန်တော် ရှာတွေ့သွားပြီဗျို့”

ကျန့်ယောက်ရှိုသည် ယဲ့ဖုန်းအား လက်ယမ်းပြလိုက်ရင်း အလွန်ပင် ခမ်းနားသော ရုပ်သေးငှက်ကြီးကို မြူခိုးတောင်ထိပ် အနီးသို့ မောင်းနှင်လာလေ၏။ ထို့နောက် ယဲ့ဖုန်း၏ လမ်းညွှန်မှုဖြင့် တောင်ထိပ်ပေါ်သို့ ဆင်းသက်လိုက်၏။

ယဲ့ဖုန်းက တပည့်များကို မိတ်ဆက်ပေးလိုက်လေ၏။

“ဒါက လက်နက်တစ်ရာဂိုဏ်း က ဆရာ ကျန့်ယောက်ရှို ပဲ။ သူက တကယ့်ကို ထက်မြက်တဲ့ လက်နက်ပညာရှင် တစ်ယောက်ပေါ့...”

“ဂိုဏ်းချုပ်ယဲ့ကတော့ မြှောက်ပင့်လွန်းနေပါပြီ။ တကယ်တော့ ကျွန်တော့်ရဲ့ လက်နက်ဖန်တီးတဲ့ ပညာက ပုံမှန်ပါပဲဗျာ...”

ကျန့်ယောက်ရှိုက ရှက်ကိုးရှက်ကန်းနှင့် လက်မြှောက် ဟန့်တားလိုက်သော်လည်း သူ၏ စိတ်ထဲတွင်မူ များစွာ ကျေနပ်နေမိ၏။ သူသည် မြူခိုးဂိုဏ်းတပည့်များကို တစ်ချက်ဝေ့ကြည့်လိုက်လေ၏။

ကျန့်ယောက်ရှို၏ မျက်လုံးများက ဟိုယွင်ကျဲ အပေါ်သို့ ရောက်ရှိသွားသောအခါ သူ၏ အမူအရာမှာ ပြောင်းလဲသွားပြီး ဟိုယွင်ကျဲမှာလည်း သူ၏ မျက်လုံးများ ပြူးကျယ်သွားကာ ကျန့်ယောက်ရှိုကို ယုံမှားဖွယ်မရှိ ကြည့်နေမိလေ၏။

“မင်းက... ယွင်ကျဲ မဟုတ်လား”

“မင်းက... ယောက်ရှို လား”

ဟိုယွင်ကျဲနှင့် ကျန့်ယောက်ရှိုတို့မှာ တစ်ယောက်ကိုတစ်ယောက် အချိန်အတော်ကြာအောင် စိုက်ကြည့်နေကြပြီးမှ ရုတ်တရက် တစ်ယောက်ကိုတစ်ယောက် ညွှန်ပြလျက် ပြိုင်တူ လွှတ်ခနဲ အော်ဟစ်လိုက်ကြလေတော့သတည်း။

ယဲ့ဖုန်းနှင့် ကျန်တပည့်များမှာ ဤမြင်ကွင်းကို ကြည့်ရင်း အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြရ၏။ သူတို့နှစ်ဦးမှာ တစ်ယောက်နှင့်တစ်ယောက် သိနေကြလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။

All Chapters