အခန်း (၁၁၂-၁၁၄)
Vol. 8 Ch. 112-114
အခန်း (၁၁၂) - ယဲ့ဖုန်း၏ အပြင်အဆင်ပုံစံနှင့် ငါသည် မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် ဖြစ်သည်
~“ယောက်ရှို... မင်းက ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် ဝလာရတာလဲ။ ငါတောင် မမှတ်မိတော့ဘူး...”
ဟိုယွင်ကျဲက မယုံနိုင်စရာ ကောင်းလောက်အောင် ဝဖြိုးနေသော ကျန့်ယောက်ရှိုကို ကြည့်ကာ ရေရွတ်လိုက်လေ၏။
“ဟူး... အဲ့ဒါကတော့ ဇာတ်လမ်းရှည်ကြီးပဲကွာ...”
ကျန့်ယောက်ရှိုက သူ၏ ပေါင်ကို ဝုန်းခနဲ ထုလိုက်ရင်း ကောင်းကင်ကို မော့ကြည့်ကာ သက်ပြင်းရှည်ကြီး ချလိုက်လေ၏။
ထိုအခါ ယဲ့ဖုန်းက ချောင်းတစ်ချက် ဟန့်လိုက်ပြီး...
“မင်းတို့နှစ်ယောက်က သိနေကြတာလား...” ဟု မေးမြန်းလိုက်၏။
ဟိုယွင်ကျဲနှင့် ကျန့်ယောက်ရှိုတို့က ပြိုင်တူပင် ခေါင်းညိတ်လိုက်ကြလေ၏။
ကျန့်ယောက်ရှိုက ရှင်းပြလေ၏။
“အားကျဲနဲ့ ကျွန်တော်နဲ့ အသက် (၅) (၆) နှစ်သားလောက်က အိမ်ကနေ ခိုးထွက်ရင်း လမ်းထိပ်မှာ ဆုံခဲ့ကြတာလေ။ အဲ့ဒီကစပြီး ခင်သွားကြတာ။ ပိုးဖလံတွေ ဖမ်း၊ ရွှံ့ဗွက်ထဲမှာ ဆော့၊ အတူတူ အရိုက်ခံရနဲ့... ကျွန်တော်တို့ သူငယ်ချင်းတွေက တော်တော် သံယောဇဉ်တွယ်ခဲ့ကြတာပါ...”
စကားပြောနေရင်း ကျန့်ယောက်ရှို၏ မျက်နှာတွင် နောင်တရဟန် အရိပ်အယောင်များ ဖြတ်သန်းသွား၏။
“သို့သော်ငြားလည်း ကျင့်ကြံလို့ရတဲ့ အသက်အရွယ် ရောက်တော့ ကိုယ်စီ လမ်းခွဲခဲ့ကြရတာ။ အဲ့ဒီနောက်ပိုင်း တစ်ခါမှ မတွေ့ဖြစ်တော့ဘူးဗျ...”
ဟိုယွင်ကျဲကလည်း ဖြည့်စွက်ပြောဆိုလာလေ၏။
“ ယောက်ရှို..ငါလည်း မင်းကို လိုက်ရှာပါသေးတယ်ကွာ၊ ဒါပေမယ့် ကျန့်မိသားစုက ပြောင်းသွားပြီလို့ ကြားလိုက်ရလို့လေ...”
ကျန့်ယောက်ရှိုက ခေါင်းညိတ်ကာ...
“ဟုတ်တယ်..ငါတို့ တစ်ခါ ပြောင်းခဲ့သေးတယ်၊ ဒါပေမယ့် မီးရှူးတိုင်မြို့ ထဲမှာပါပဲ...”
“ဒါနဲ့... မင်း ဘယ်လိုလုပ်ပြီး ဒီလောက် ဝလာတာလဲ။ မင်း ငယ်ငယ်က ငါ့ထက်တောင် ပိန်သေးတယ် မဟုတ်လားကွာ...”
ထိုသို့ မေးမြန်းလိုက်သောအခါ၊ ဟိုယွင်ကျဲက ခဏမျှ တုံ့ဆိုင်းသွားပြီးမှ သူ၏ သံသယကို ဖွင့်ဟဝန်ခံလိုက်လေ၏။
“အဟမ်း... အဲ့ဒီအကြောင်း မပြောပါနဲ့တော့ဗျာ။ ဘာလို့ဆို.. ငါ့အဖေက နတ်ဆိုးမ တစ်ယောက်ကို သွားကျူးလွန်မိလို့လေ။ အဲ့ဒါကြောင့် ငါတို့ တစ်မိသားစုလုံး ကျိန်စာတိုက်ခံရပြီး ဒီလို ဝလာတာပေါ့။ ဒါပေမယ့် ငါ့မှာတော့ အဖော်ရနေပြီနော်... မနာလို မဖြစ်ဘူးမလား...”
ကျန့်ယောက်ရှိုက သွာါးများဖြီးကာ ပြုံးရင်း ကြွားလိုက်လေ၏။
“မနာလိုပါဘူးကွာ... ငါ့အမြင်မှာတော့ မိန်းမတွေက ငါ့ဓားဆွဲထုတ်တဲ့ အရှိန်ကို နှေးစေရုံပဲ ရှိတယ်...”
ဟိုယွင်ကျဲက ခေါင်းကို ခိုင်မာစွာ ခါယမ်းလိုက်လေ၏။ ကျန့်ယောက်ရှိုနှင့် ဟိုယွင်ကျဲတို့၏ စကားဝိုင်းကို နားထောင်ရင်း တပည့်များမှာ သူတို့၏ ခိုင်မာလှသော ငယ်သူငယ်ချင်း သံယောဇဉ်ကို သိရှိသွားကြတော့၏။
“အာ၊ ဟုတ်ပြီ... ဂိုဏ်းချုပ်ယဲ့၊ ကျွန်တော့်ကို အပ်ထားတဲ့ ဝိဉာဉ်သတ္တုရိုင်းတွေကို ပြုပြင်ပြီးသွားပြီ။ ရလဒ်ကို တစ်ချက် ကြည့်လိုက်ပါဦး...”
ကျန့်ယောက်ရှိုသည် သူ၏ သိုလှောင်အိတ်ကို ဖွင့်လိုက်ပြီး အုတ်ခဲနှင့် ဆင်တူသော သတ္တုတုံး (၁၀) တုံးကျော်ကို စားပွဲပေါ်၌ တင်လိုက်လေ၏။ ယဲ့ဖုန်းက သတ္တုတုံးတစ်တုံးကို ယူကြည့်လိုက်ရာ ယင်း၏ သန့်စင်မှုမှာ များစွာ ကျေနပ်စရာ ကောင်းလှပေသည်။
“တကယ့်ကို လက်နက်ပညာရှင် ပီသပါပေတယ်။ ခင်ဗျားရဲ့ သန့်စင်တဲ့ နည်းစနစ်က တကယ်ကို ပါးရည်နပ်ရည် ရှိတာပဲ။ အခွင့်သာရင် ကျွန်တော် လက်နက်တစ်ရာဂိုဏ်းကို လာလည်ပါ့မယ်...”
“ကျွန်တော် သန်ဘက်ခါ ဂိုဏ်းကို ပြန်တော့မယ်၊ အဲ့ဒီနောက်ပိုင်းတော့ ဂိုဏ်းမှာပဲ ရှိနေမှာပါ။ ဂိုဏ်းချုပ်ယဲ့ လာမယ်ဆိုရင် သတင်းပို့ စက္ကူကြိုးကြာနဲ့ ကြိုပြီး အကြောင်းကြားပေးပါဦး...”
ဟု ကျန့်ယောက်ရှိုက ပြောလေ၏။
“ဧကန်မလွဲပါပဲ... လာခဲ့ပါ့မယ်...”
ယဲ့ဖုန်း ခေါင်းညိတ်လိုက်လေ၏။
ထိုနောက်တွင် သူတို့သည် အကြောင်းအရာမျိုးစုံကို ဆွေးနွေးကြလေ၏။
ထို့နောက်၊ ကျန့်ယောက်ရှိုမှာ လက်နက်ဖန်တီးသည့် အလုပ်ဖြင့် အလုပ်ရှုပ်နေသဖြင့် အားလုံးကို နှုတ်ဆက်ကာ ထွက်ခွာရန် ပြင်လိုက်လေ၏။
“မိတ်ဆွေကျန့်... ခဏနေပါဦး...”
ယဲ့ဖုန်းက ကျန့်ယောက်ရှိုကို လက်မြှောက် ဟန့်တားလိုက်ပြီး ဝိဉာဉ်သတ္တုရိုင်း ပေါင် (၃၀၀) ခန့်ကို မြေပြင်ပေါ်သို့ ချလိုက်လေ၏။ ထို့နောက် အပြင်အဆင်ပုံစံ တစ်ခုကို ကမ်းပေးလိုက်သည်။
“ဖြစ်နိုင်ရင် ဒီအပြင်အဆင်အတိုင်း ဝိဉာဉ်လက်နက် တစ်စုံလောက် ကျွန်တော့်အတွက် ဖန်တီးပေးစမ်းပါ။ ဝင်္ကပါ အစီအရင်တွေ ထည့်စရာ မလိုပါဘူး၊ မာနိုင်သမျှ မာအောင်ပဲ လုပ်ပေးပါ နော်။ ကုန်ကျစရိတ်ကိုတော့ လက်နက်တွေ ရတဲ့အခါ ပေးပါ့မယ်...”
ကျန့်ယောက်ရှိုသည် အပြင်အဆင်ပုံစံကို ယူကာ တစ်ချက်ကြည့်လိုက်ရာ သူ၏ မျက်နှာတွင် အံ့အားသင့်သော အရိပ်အယောင်များ ပေါ်လာသော်လည်း ခေါင်းညိတ်ပြလိုက်လေ၏။
“ရပါတယ်... ပြဿနာ မရှိပါဘူး...”
နောက်တစ်ခဏတွင် ကျန့်ယောက်ရှိုသည် သူ၏ ရုပ်သေးငှက်ပေါ်သို့ ခုန်တက်လိုက်ပြီး မြူခိုးတောင်ထိပ်မှ ဝူးခနဲ ပျံထွက်သွားလေတော့သတည်း။
“အား... ပင်ပန်းလိုက်တာ...”
ထိုအချိန်တွင် ကျောက်ကျားရှီးသည် ကျောက်စာတိုင်ကို ကျောပိုးကာ တောင်ထိပ်သို့ နောက်ဆုံးတွင် ရောက်ရှိလာ၏။ သူသည် တောင်ထိပ်သို့ ခြေချလိုက်သည်နှင့် မျက်နှာကို နေရောင်မှ မကာကွယ်နိုင်တော့ဘဲ မျက်စိရှေ့တွင် မှောင်အတိ ကျသွားကာ ခန္ဓာကိုယ် ပျော့ခွေ
လဲကျသွားလေတော့သည်။
“ညီလေး...”
တပည့်များမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြလေ၏။
ယဲ့ဖုန်းသည် လက်ဝါးဖြန့်လိုက်ပြီး သူရဲကောင်းဝိညာဉ်များ၏ စွမ်းအားကို အသုံးပြုကာ ကျောက်စာတိုင်ကို လေထဲ၌ ထိန်းသိမ်းပြီး မြေပြင်ပေါ်သို့ အသာ ချလိုက်လေ၏။ ထို့နောက် ကျောက်ကျားရှီးကို ဝိဉာဉ်စမ်းရေများ ပြည့်နေသော သစ်သား ရေစည်ပိုင်းအတွင်းသို့ ထည့်ပေးလိုက်ပြီး ရှီလေ့အား ‘မီးတိမ်တိုက်လက်ဝါးသိုင်း’ ကို အသုံးပြု၍ ဆေးရည်ကို အပူပေးခိုင်းလိုက်လေ၏။
“ဂိုဏ်းချုပ်... ဒါက ဂျုနီယာ မောင်လေးရဲ့ အခြေခံကို ထိခိုက်မသွားနိုင်ဘူးလားဟင်...”
လီကျောက်ကျောက်က စိုးရိမ်တကြီး မေးမြန်းလာလေ၏။
“မထိခိုက်ပါဘူး...” ယဲ့ဖုန်း ခေါင်းခါလိုက်၏။
“ကျားရှီးကို မေ့လဲသွားတဲ့အထိ ပင်ပန်းအောင် လုပ်ရတာက သူ့ရဲ့ ခွန်အားတွေ အကုန်ကုန်ခမ်းသွားစေဖို့ပဲ။ အဲ့ဒီနောက် ဝိဉာဉ်စွမ်းအင်တွေ ပြည့်နေတဲ့ ဆေးရည်ထဲမှာ စိမ်ထားလိုက်ရင် သူက သန့်စင်တဲ့ ဝိဉာဉ်စွမ်းအားတွေကို စုပ်ယူနိုင်သွားလိမ့်မယ်။ အချိန်တန်ရင် သူ့ရဲ့ ပါရမီတွေက တစ်ဟုန်ထိုး နိုးထလာမှာပါ...”
ထိုစကားကို ကြားရသောအခါမှ တပည့်များမှာ ယဲ့ဖုန်း၏ စနစ်တကျ အကွက်ချထားသော စေတနာကို နားလည်သွားကြလေ၏။ သူတို့သည် ကျောက်ကျားရှီး၏ ဇွဲနပဲကြီးမှုကိုလည်း စိတ်ထဲမှ ချီးကျူးနေမိ၏။ မေ့လဲသွားသည့်တိုင်အောင် လေ့ကျင့်နိုင်သူမှာ မြူခိုးဂိုဏ်း၌ ကျောက်ကျားရှီး တစ်ယောက်သာ ရှိပေလိမ့်မည်။
‘ငါလည်း ပိုပြီး ကြိုးစားမှ ဖြစ်တော့မယ်...’
ဟိုယွင်ကျဲသည် များစွာ စိတ်လှုပ်ရှားသွားပြီး ကွင်းပြင်တစ်ခုသို့ သွားကာ သူ၏ ဓားဆွဲထုတ်ခြင်း နည်းစနစ်ကို သည်းကြီးမည်းကြီး လေ့ကျင့်လေတော့သည်။ ကျန်တပည့်များလည်း တစ်ယောက်မှ မပျင်းကြဘဲ ကိုယ်စီ ကျင့်ကြံကြလေ၏။ ဤသည်ကို ကြည့်ပြီး ယဲ့ဖုန်းမှာ များစွာ ကျေနပ်နေမိတော့သည်။
*
နန်လု တောင်တန်း။
တာအိုဝတ်စုံ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးသည် အုတ်ဂူတစ်ခု၏ ရှေ့တွင် မတ်တတ်ရပ်နေလေ၏။ သူသည် မြေပြင်ပေါ်ရှိ အမိန့်ပေး တံဆိပ်ပြားကို ကောက်ယူလိုက်ပြီး သက်ပြင်းချလိုက်လေ၏။
“ငါ့ရဲ့ အစောင့်အရှောက်က တကယ့်ကို ကောင်းကင်မိုးကြိုး စွမ်းအားပါတဲ့ ကျောက်တုံးပိပြီး သေသွားရတာလား။ ဒါဟာ အခက်အခဲ တွေ့နေတဲ့ ဝိညာဉ်ဖမ်းဆီးရေးဂိုဏ်းအတွက်တော့ လောကငရဲပမာ ဆိုးရွားလွန်းလှတယ်။ ကောင်းကင်တာအိုက ငါ့ကို သတိပေးနေတာများလား...”
ဆိုဟွန်းကျန်းရန်မှာ မသိမသာ ရေရွတ်လိုက်လေ၏။ သူ၏ လက်အောက်ငယ်သား ပြန်မလာသဖြင့် သူကိုယ်တိုင် လိုက်လာခဲ့ခြင်း ဖြစ်ပေသည်။
“သို့ဖြစ်သော်ငြားလည်း... သူနဲ့အတူ ပါသွားတဲ့ သွေးဝိညာဉ်ဆေးလုံးတွေကတော့ ပျောက်နေပြီး တံဆိပ်ပြားပဲ ကျန်ခဲ့တယ်။ ဒါဟာ သူ မသေခင်မှာ သင့်တော်တဲ့ နတ်ဆိုးဗိုလ်ချုပ်လောင်းကို တွေ့ခဲ့ပေမဲ့ အဲ့ဒီကောင်က ငါ့အမိန့်ကို ကျူးလွန်ပြီး ထွက်ပြေးသွားတယ်ဆိုတဲ့ သဘောပဲ။ ငလူး... ခွေးကောင်...”
စကားအဆုံးတွင် အေးစက်သော သတ်ဖြတ်လိုသည့် အရှိန်အဝါများမှာ ပျံ့နှံ့သွားလေရာ ဆိုဟွန်းကျန်းရန်၏ အရှိန်အဝါကြောင့် မီတာရာနှင့်ချီသော သစ်ပင်များမှာ သိမ့်သိမ့်ခါ ကျိုးပျက်ကုန်ကြ၏။ ဘေးပတ်လည်ရှိ သတ္တဝါများမှာလည်း ထိတ်လန့်တကြား ငိုယို တောင်းပန်သကဲ့သို့ မြေပြင်ပေါ်၌ ဝပ်စင်းနေကြရလေတော့သည်။
သို့သော်လည်း အဓိက တရားခံဖြစ်သော အသွင်ပြောင်း သားရဲမှာမူ နန်လု တောင်တန်းမှ ထွက်ခွာသွားသည်မှာ ကြာပြီ ဖြစ်ချေသည်။
*
ရေပေါ်ဖြူမြို့တော်၊ အစိမ်းရောင် အစိမ်းရောင် ကျောက်စိမ်းမျှော်စင်။
ဆိတ်မုတ်ဆိတ်နှင့် လူလတ်ပိုင်း
တစ်ဦးမှာ အမျိုးသမီး (၈) ဦး၏ ပြုစုမှုကို အားရပါးရ ခံယူနေလေ၏။ အချို့က လက်ဖက်ရည် တိုက်၊ အချို့က သစ်သီး ခွံ့၊ အချို့က ကျောနှိပ်ပေးနေကြသဖြင့် သူသည် များစွာ ကျေနပ်နေပုံရ၏။
“တကယ်ကို နေလို့ ကောင်းလိုက်တာ။ ဒါမှ ငါလို လူကြီးလူကောင်းတစ်ယောက် ခံစားရမယ့် ဘဝမျိုးပေါ့...”
ဆိတ်မုတ်ဆိတ်နှင့် လူကြီးမှာ ကျေနပ်အားရစွာ သက်ပြင်းချလိုက်လေ၏။
“လူကြီးမင်း... နေလို့ကောင်းရဲ့လားဟင်။ နောင်ကျရင် ကျွန်မတို့ကို ငွေစလေးတွေ ပိုပေးဖို့ မမေ့နဲ့ဦးနော်...”
ငှက်မွှေးဝတ်စုံနှင့် ကောင်မလေး တစ်ဦးက ချော့မော့ပြောဆိုလာ၏။
“ဘာ... ငွေပေးရမယ် ဟုတ်လား...”
အသွင်ပြောင်း သားရဲ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဘေးနားရှိ အမျိုးသမီးများကို လက်မြှောက် ဟန့်တားကာ တွန်းထုတ်လိုက်လေ၏။
“ပေါက်ကရတွေ... ငါက အလကားလာစားတာကွ။ ငါ့ဆီက ငွေရမယ်လို့ ထင်နေရင်တော့ အိပ်မက်ပဲ မက်နေလိုက်တော့...”
ပြောပြောဆိုဆိုနှင့် အသွင်ပြောင်း သားရဲသည် ဝိုင်အိုးကို ဆွဲယူကာ အစိမ်းရောင် ကျောက်စိမ်းမျှော်စင် အပြင်ဘက်သို့ ကမူးရှူးထိုး ပြေးထွက်လေတော့သည်။
“ကယ်ကြပါဦးရှင်”
“ဒီလူက အလကားစားပြီး ထွက်ပြေးနေပါတယ်”
ကောင်မလေးများမှာ သည်းကြီးမည်းကြီး အော်ဟစ်လိုက်ကြသဖြင့် အစိမ်းရောင် ကျောက်စိမ်းမျှော်စင် တစ်ခုလုံး ဆူညံသွားလေ၏။
“ငါတို့ အစိမ်းရောင် ကျောက်စိမ်းမျှော်စင်မှာ လာပြီး ရမ်းကားရဲတယ်ပေါ့... သေပေတော့”
ချီစုစည်းခြင်းအဆင့် ပဉ္စမအဆင့်ရှိသော အစောင့်တပ်ဖွဲ့ ခေါင်းဆောင်က ညာသံပေး တိုက်ခိုက်လိုက်လေ၏။ နောက်တစ်ခဏတွင် အစောင့် (၁၀) ဦးကျော်မှာ အသွင်ပြောင်း သားရဲကို ဝိုင်းရံလိုက်ကြ၏။
“အရက်သမား အစုတ်အပုတ်တွေကများ ငါ ‘မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်’ ရှေ့မှာ လာပြီး ရမ်းကားချင်သေးတယ်ပေါ့လေ၊ ဝူးဟားဟားဟား...”
အသွင်ပြောင်း သားရဲမှာ အက်ကွဲသော ရယ်သံကြီးဖြင့် ရယ်မောလိုက်ပြီး သူ၏ ဝတ်ရုံစကို ခါလိုက်ရာ ပြင်းထန်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး အစောင့်အားလုံးကို လွင့်စင်သွားစေလေ၏။ မည်သူမျှ တောင့်မခံနိုင်ကြချေ။
ထို့နောက် အသွင်ပြောင်း သားရဲသည် လှပသော ကညာပျို နှစ်ဦးကို ဆွဲယူကာ အပြင်သို့ ထွက်ရန် ပြင်လိုက်လေ၏။
“ဟိတ်..လူရမ်းကား... အစိမ်းရောင် ကျောက်စိမ်းမျှော်စင်က နင် ထင်သလို အဝင်အထွက် လုပ်လို့ရတဲ့ နေရာ မဟုတ်ဘူးနော်...”
အပေါ်ထပ်မှ အော်ဟစ်သံတစ်ချက် ထွက်ပေါ်လာပြီးနောက် လေဟုန်ပြင်းစွာ ပါရှိသော ပျံသန်းနေသည့် အပ်တစ်စင်း ရောက်ရှိလာလေ၏။ ထိုအရှိန်အဝါမှာ ချီစုစည်းခြင်းအဆင့် ကိုးခုမြောက် အဆင့်ရှိသူကိုပင် မျက်နှာ ပျက်သွားစေနိုင်သည်အထိ ပြင်းထန်လှပေသည်။
“အတတ်ပညာတော့ မဆိုးပါဘူး၊ ဒါပေမယ့် မလုံလောက်သေးဘူး...”
အသွင်ပြောင်း သားရဲသည် ခပ်ပြုံးပြုံးဖြင့် ခေါင်းကို ချာခနဲ လှည့်လိုက်ပြီး ရောက်လာသော အပ်ကို လေဖြင့် မှုတ်ထုတ်လိုက်လေ၏။
ပျံသန်းနေသော အပ်မှာ လမ်းကြောင်းပြောင်းသွားပြီး အစိမ်းရောင် ကျောက်စိမ်းမျှော်စင် ပိုင်ရှင် ပိုင်ဟွာရှောင်၏ ပခုံးကို စိုက်ဝင်သွားလေတော့သည်။ သူမမှာ အရှိန်ပြင်းစွာ နောက်သို့ လွင့်စင်သွားရ၏။ ထိုအခိုက်အတန့်၌ ဝတ်ရုံဖြူဝတ် ဆင်ထားသော ပုံရိပ်တစ်ခုက သူမကို လေထဲ၌ လှမ်းဖမ်းလိုက်လေ၏။
သူတို့နှစ်ဦးမှာ လေထဲ၌ တစ်ယောက်ကိုတစ်ယောက် စိမ်းစိမ်းကြည့်မိသွားကြပြီးမှ မြေပြင်ပေါ်သို့ ညင်သာစွာ ဆင်းသက်လိုက်ကြ၏။
“မိန်းကလေး ပိုင်ဟွာ... ကျွန်တော် နောက်ကျသွားတယ်...”
ရှင်းကွမ်ရွှမ်သည် ပိုင်ဟွာရှောင်အား အားပေးသော အပြုံးဖြင့် ပြုံးပြလိုက်ပြီးနောက် သူ၏ ဝိဉာဉ်ဓားကို ဆွဲထုတ်ကာ ပြင်းထန်သော ဓားချီဖြင့် ခုတ်ပိုင်းလိုက်လေ၏။
ဓားရောင်တစ်ချက် ဝင်းလက်သွားပြီး လေထုပင် ပေါက်ကွဲမတတ် ဖြစ်သွား၏။
“ရှင်းကွမ်ရွှမ်... မင်းကိုး”
အသွင်ပြောင်း သားရဲမှာ မြူခိုးတောင်ထိပ်ကို အချိန်အတော်ကြာ စောင့်ကြည့်ခဲ့ဖူးသဖြင့် ရှင်းကွမ်ရွှမ်ကို မှတ်မိနေပြီး သူ၏ အပြုံးမှာ ပို၍ပင် ကောက်ကျစ်လာလေ၏။
“ဘုန်း”
အသွင်ပြောင်း သားရဲက လေတစ်ချက် မှုတ်ထုတ်လိုက်ရုံဖြင့် ပြင်းထန်သော ဓားချီမှာ မီးရှူးမီးပန်းများပမာ ပေါက်ကွဲသွားပြီး ရှင်းကွမ်ရွှမ်၏ ရင်ဘတ်ကို အဟုန်ပြင်းစွာ ပြန်လည် ထိမှန်သွားလေတော့သည်။
“ဝေါ့...”
ရှင်းကွမ်ရွှမ်မှာ သွေးတစ်လုတ် အန်ချလိုက်ရပြီး ပိုင်ဟွာရှောင်နှင့်အတူ နောက်သို့ ပျံထွက်သွားလေ၏။
“ဝူးဟူးဟူး.. တစ်ယောက်မှ အသုံးမကျတာဟေး...”
အသွင်ပြောင်း သားရဲသည် အလွန်ပင် မောက်မာစွာဖြင့် ကညာပျို နှစ်ဦးကို ဆွဲယူကာ ထွက်ခွာ
သွားလေတော့သတည်း။
*
မြို့စားမင်း အိမ်တော်၌ ဖြစ်၏။
လူ တစ်ယောက် မြေပြင်ပေါ်၌ ဒူးထောက်နေသည်။
လုရှန်းယွီ က ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေရင်း...
“အခြေအနေက မဟန်တော့ဘူး။ အခုတလော နတ်ဆိုးဗိုလ်ချုပ်နဲ့ ဝိညာဉ်ဖမ်းဆီးရေးဂိုဏ်းက လူတွေက ငြိမ်နေကြတာ တစ်ခုခုကို စနစ်တကျ အကွက်ချနေတဲ့ သဘောပဲ။ အခုလည်း ‘မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်’ ဆိုတဲ့ကောင် ပေါ်လာပြန်ပြီ။ ရေပေါ်ဖြူမြို့တော် ပတ်ဝန်းကျင်က တကယ့်ကို အန္တရာယ် များလာပြီ...”
ဒုတိယ မြို့စားမင်းက မျက်မှောင်ကြုတ်ကာ ပြောလေ၏။
“ဝမ်းကွဲ... စိတ်အေးအေးထားပါ၊ မြို့စားမင်း ရှိနေသရွေ့တော့ ဆိုဟွန်းကျန်းရန် ကိုယ်တိုင် ရောက်မလာရင် ဘာမှ မဖြစ်နိုင်ပါဘူး...”
“ဒါလည်း ဟုတ်တာပါပဲ...” လုရှန်းယွီ ခေါင်းညိတ်လိုက်၏။
ဒုတိယ မြို့စားမင်း ထွက်သွားပြီးနောက် လုရှန်းယွီသည် ဒူးထောက်နေသူ ရှင်းကွမ်ရွှမ်၏ ပခုံးကို ပုတ်ကာ...
“မင်းကတော့ လုပ်ပြီ ရှင်းကွမ်ရွှမ်... အစိမ်းရောင် ကျောက်စိမ်းမျှော်စင်ကို သွားတာတောင် ငါ့ကို မခေါ်ဘူး။ ငါသာ ပါသွားရင် အဲ့ဒီ မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်ကို လွတ်ပေးလိုက်မှာ မဟုတ်ဘူး...”
ရှင်းကွမ်ရွှမ်မှာ ဘာမှ ပြန်မပြောနိုင်ဘဲ ခေါင်းငုံ့နေရရှာသည်။
“ထားလိုက်ပါတော့... အခု မြူခိုးတောင်ထိပ်ကို သွားပြီး ဂိုဏ်းချုပ်ယဲ့ကို ဒီနတ်ဆိုးဘုရင် အကြောင်း သွားပြောလိုက်ဦး။ သတိထားဖို့လည်း မှာခဲ့ဦးနော်...”
“ဟုတ်ကဲ့ပါ...”
ရှင်းကွမ်ရွှမ်သည် ကပျာကယာပင် ထွက်ခွာသွားလေတော့သတည်း။
အခန်း (၁၁၃) - ကျင့်ကြံသူတွေက အမြင့်ကြောက်လို့ ဘယ်ဖြစ်မလဲ၊ ဒုက္ခသစ်တစ်ခု
~မြူခိုးတောင်ထိပ် ထက်ဝယ်မူ၊
ကျောက်ကျားရှီး နောက်ဆုံးတွင် နိုးလာတော့၏။
“ငါ ဘာလို့ သစ်သား ရေစည်ပိုင်းထဲ ရောက်နေတာလဲ... ငါ မြေကြီးပေါ်မှာ ရှိနေရမှာ မဟုတ်ဘူးလား...”
ကျောက်ကျားရှီးသည် ပုံးထဲမှ ဗုန်းခနဲ ခုန်ထွက်လိုက်ရာ သူ၏ တစ်ကိုယ်လုံးမှာ ခွန်အားများ ပြည့်နှက်နေသည်ကို တွေ့ရှိလိုက်ရ၏။ သူ မေ့လဲမသွားခင်ကထက် ခွန်အား (၃၀) ရာခိုင်နှုန်းခန့် တိုးတက်လာသလိုပင်။
“ပိုပြီး သန်မာလာတယ်လို့ ခံစားရလား...”
ယဲ့ဖုန်းက ခေါက်ကုလားထိုင်ပေါ်တွင် ခြေထောက်ချိတ်ထိုင်ကာ ဖရဲသီးစားရင်း မေးမြန်းလိုက်လေ၏။
ကျောက်ကျားရှီး ခေါင်းညိတ်လိုက်ပြီး...
“ဂိုဏ်းချုပ်... ကျွန်တော့်ရဲ့ ခွန်အားတွေ အများကြီး တိုးလာတာကို တွေ့ရပါတယ်။ ဒီနေ့လိုပဲ ဆက်ပြီး ကျင့်ကြံမယ်ဆိုရင် နောင်ကျရင် ပိုပြီးတော့တောင် ခံနိုင်ရည်ရှိလာမှာပါ...”
ယဲ့ဖုန်းက ဆက်ပြောလေ၏။
“လေ့ကျင့်ခန်း တာဝန်တွေက နေ့တိုင်း တိုးလာမှာနော်၊ ဒီအတိုင်းပဲ ရှိနေမှာ မဟုတ်ဘူး။ ကျင့်ကြံခြင်း ဆိုတာက မိမိရဲ့ အကန့်အသတ်တွေကို အမြဲတမ်း ကျူးလွန်ကျော်ဖြတ်ဖို့ပဲ။ မင်းက အရင် စံနှုန်းတွေမှာပဲ ရပ်တန့်နေရင် ဘယ်လိုလုပ်ပြီး တိုးတက်မှာလဲ...”
ကျောက်ကျားရှီး ဉာဏ်အလင်း ပွင့်သွားသလို ဖြစ်သွားတော့သည်…။
“ကျွန်တော် ပြင်းပြင်းထန်ထန် ဆက်ပြီး လေ့ကျင့်ပါ့မယ်ဗျ...”
“နေဦး”
ယဲ့ဖုန်းက ကျောက်ကျားရှီးကို လှမ်းတားလိုက်၏။
“တစ်နေ့ကို တစ်ခါ မေ့လဲရုံနဲ့တင် လုံလောက်ပြီ။ အဲ့ဒီထက် ပိုရင် မင်းရဲ့ အခြေခံကို ထိခိုက်စေလိမ့်မယ်ကွ။ ဘာလို့ဆို.. ကျင့်ကြံခြင်းမှာ ဟန်ချက်ညီဖို့လည်း လိုတယ်၊ တစ်ဆင့်ချင်းစီ သွားရမှာပေါ့...”
“ဒါဆို တပည့်အနေနဲ့ နောက်ထပ် ဘာလုပ်ရမလဲ ခင်ဗျ...”
“တောင်ကြီး တစ်လုံးလို ငြိမ်သက်ခြင်း၊ မဟာ တိတ်ဆိတ်ခြင်း အတတ်”
ယဲ့ဖုန်းက စကားလုံး (၈) လုံးကို လေးနက်စွာ ရွတ်ဆိုလိုက်လေ၏။
ဤစကားကို ကြားရသောအခါ ကျောက်ကျားရှီးသည် မြင့်မားသော တောင်ထိပ်ကြီးတစ်ခုကို ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရပြီး သူကိုယ်တိုင်မှာလည်း လေဒဏ်မိုးဒဏ်ကြားမှာ မလှုပ်မယှက် တည်ရှိနေသော တောင် တစ်လုံးအဖြစ် ပြောင်းလဲသွားသလို ခံစားလိုက်ရ၏။
“ကျေးဇူးပြုပြီး ကျွန်တော့်ကို သင်ပေးပါ ဂိုဏ်းချုပ်...”
ကျောက်ကျားရှီးက ရိုသေစွာ တောင်းဆိုလိုက်လေ၏။
ယဲ့ဖုန်းက ရှေ့မှ ကွင်းပြင်ကို ညွှန်ပြကာ...
“ကွင်းပြင်မှာ မတ်တတ်ရပ်ပါ၊ သဘာဝကျတဲ့ အနေအထားအတိုင်း နေစမ်း။ မျက်လုံးကို မှိတ်၊ ဘာအတွေးမှ မရှိတဲ့ အခြေအနေထဲကို ဝင်။ မင်းရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ကို လုံးဝ လျှော့ချထားပြီး သဘာဝတရားထဲမှာ နစ်ဝင်သွားပါစေ။ အဲ့ဒီအချိန်ကျရင် မင်းကိုယ်မင်း ဘာမှမရှိတဲ့ သုညလို့ပဲ မှတ်ယူလိုက်...”
ဒါဟာ ယဲ့ဖုန်းက သူနားလည်ထားသော မှော်နည်းစနစ်တွေကို အခြေခံပြီး ကျောက်ကျားရှီးရဲ့ စိတ်ကို တည်ငြိမ်စေဖို့ စနစ်တကျ အကွက်ချပေးလိုက်ခြင်း ဖြစ်ပေသည်။
အလျင်အမြန်ပင်၊ ကျောက်ကျားရှီးသည် ညွှန်ကြားချက်အတိုင်း လိုက်လံ ပြုလုပ်လေတော့သည်။
လက်နှစ်ဖက်ကို သဘာဝအတိုင်း ချထားပြီး ထင်းရှူးပင်တစ်ပင်လို တည်ငြိမ်စွာ မတ်တတ်ရပ်ကာ မျက်လုံးမှိတ်ထားလေ၏။ ဘာကိုမှ မတွေးဘဲ တိတ်ဆိတ်ခြင်းကိုသာ ထိန်းသိမ်းထားလေ၏။
သို့သော်ငြားလည်း မကြာမီမှာပင် ကျောက်ကျားရှီးမှာ မတ်တတ်ရပ်လျက်နှင့် အိပ်ပျော်သွားတော့၏။
ဤသည်ကို မြင်သောအခါ ယဲ့ဖုန်း မျက်ခုံးပင့်လိုက်မိသည်။ သူသည် လက်တစ်ချက် ဝှေ့လိုက်ရာ သူရဲကောင်းဝိညာဉ်များ၏ စွမ်းအားက ကျောက်ကျားရှီးကို လေပေါ်သို့ ခုန်ပျံတိုက်ခိုက် တင်ဆောင်သွားပြီးနောက် ပြန်လည် ပစ်လွှင့်ချလိုက်လေတော့သတည်း။
“အား...”
ကျောက်ကျားရှီးမှာ ထိတ်လန့်တကြား အော်ဟစ်ကာ နိုးလာလေ၏။ ယဲ့ဖုန်းက သူ့ကို ဂရုမစိုက်ဘဲ (၁၀) မီတာကျော် အမြင့်မှ ပြုတ်ကျစေလိုက်သည်။
အန္တရာယ်နှင့် ရင်ဆိုင်ရသောအခါ ကျောက်ကျားရှီးသည် သူ၏ ခန္ဓာကိုယ် သန်မာမှုကို အသုံးချကာ အနေအထားကို လျင်မြန်စွာ ညှိလိုက်၏။ မြေပြင်ပေါ်သို့ ခြေချလိုက်သည်နှင့် အရှိန်ကို ထိန်းလိုက်ပြီးနောက် တစ်ချက် လိမ့်လိုက်သဖြင့် ဒဏ်ရာတစ်စုံတစ်ရာ မရဘဲ လွတ်မြောက်သွားလေ၏။
“ဂိုဏ်းချုပ်... တပည့် အမှားကို ဝန်ခံပါတယ်...”
“မင်း ဘာမှားသွားတာလဲ...”
“တပည့်က အတွေးမရှိတဲ့ အခြေအနေထဲ ဝင်ရမှာကို အိပ်ပျော်သွားမိပါတယ်။ ဆက်ပြီး နားလည်အောင် ကြိုးစားပါ့မယ်၊ ဂိုဏ်းချုပ်ကို စိတ်ပျက်အောင် မလုပ်တော့ပါဘူး...”
ယဲ့ဖုန်း ခဏမျှ တိတ်ဆိတ်သွားပြီးမှ…
“မင်း ငါ့ကို စိတ်ပျက်အောင် လုပ်နေတာ မဟုတ်ပါဘူး။ ကျင့်ကြံခြင်း လမ်းစဉ်မှာ လူတစ်ယောက်ဟာ နောက်ဆုံးမှာ မိမိကိုယ်ကိုပဲ ကျင့်ကြံနေတာလေ။ မင်း ကောင်းကောင်းလုပ်တာ၊ မကောင်းတာက ငါနဲ့ ဘာဆိုင်လို့လဲ...”
ပြောပြောဆိုဆိုနှင့် ယဲ့ဖုန်းသည် သူရဲကောင်းဝိညာဉ် စွမ်းအားကို အသုံးပြုကာ သူနှင့် ကျောက်ကျားရှီးအား လေပေါ်သို့ မီတာထောင်ချီ မြင့်အောင် တက်လှမ်းစေလိုက်လေ၏။
တဝေါဝေါ မြည်သံဖြင့် အေးစက်သော လေပြင်းများက တိုက်ခတ်လာရာ ကျောက်ကျားရှီးမှာ ဆတ်ခနဲ တုန်ရင်သွားရ၏။
“ဒီနေရာမှာ ‘မဟာ တိတ်ဆိတ်ခြင်း အတတ်’ ကို ကျင့်စမ်း...”
ယဲ့ဖုန်းက အမိန့်ပေးလိုက်လေ၏။
ကျောက်ကျားရှီး ငုံ့ကြည့်လိုက်သောအခါ အောက်ဘက်ရှိ တောင်ထိပ်မှာ အလွန်ပင် သေးငယ်သွားပြီး အဝေးရှိ ရေပေါ်ဖြူမြို့တော်ကိုပင် မြင်နေရပြီ ဖြစ်ချေသည်။ သူ၏ သဘာဝအလျောက် အမြင့်ကြောက်တတ်သော စိတ်ကြောင့် ခြေထောက်များမှာ တုန်ရင်နေတော့၏။
“မင်း အမြင့်ကြောက်တာလား...” ယဲ့ဖုန်းက မေးလိုက်သည်။
“ဟုတ်ကဲ့ပါ... အမြင့်ကြောက်ပါတယ် ခင်ဗျာ...”
ကျောက်ကျားရှီးက ရှက်ကိုးရှက်ကန်းဖြင့် ဖွင့်ဟဝန်ခံလိုက်ရှာ၏။
“အမြင့်ကြောက်တဲ့ ကျင့်ကြံသူတစ်ယောက်က ဘယ်လိုလုပ်ပြီး ပျံသန်းနိုင်မှာလဲ။ အတွေးတစ်ချက်နဲ့တင် ကောင်းကင်အမြင့်ကို ပျံတက်နိုင်တဲ့ ‘ဓားအင်မော်တယ်’ တစ်ယောက်ကို မြင်ယောင်ကြည့်စမ်း။ မင်းက အမြင့်ကြောက်နေရင် ကောင်းကင်ပေါ်ကနေ ခွေးသေလို ပြုတ်ကျသွားမှာပေါ့...”
ယဲ့ဖုန်း ခေတ္တမျှ ရပ်လိုက်ပြီးမှ...
“စိတ်တည်ငြိမ်ခြင်း အတတ်ကို ကျင့်တဲ့အခါ နှလုံးသားထဲမှာ ကြောက်ရွံ့မှု ရှိနေရင် ဘယ်လိုလုပ်ပြီး ‘အတွေးမဲ့’ အခြေအနေထဲ ဝင်နိုင်မှာလဲ။ အတွေးမဲ့တယ် ဆိုတာ ကြောက်ရွံ့မှု၊ ထိတ်လန့်မှု၊ ဝမ်းနည်းမှု ဒါမှမဟုတ် ပျော်ရွှင်မှုတွေ မရှိတော့တာကို ပြောတာလေ...”
စကားဆုံးသည်နှင့် ယဲ့ဖုန်းသည် ကျောက်ကျားရှီးအား ကောင်းကင်ပေါ်၌ ထားရစ်ခဲ့ပြီး သူကိုယ်တိုင်မှာမူ မြေပြင်သို့ ပြန်လည် ဆင်းသက်သွားလေတော့သည်။
“ဂိုဏ်းချုပ်... ကျွန်တော့်ကို ဒီပေါ်မှာ တစ်ယောက်တည်း မထားခဲ့ပါနဲ့ဦး...”
ကျောက်ကျားရှီးက အော်ဟစ်လိုက်သော်လည်း ယဲ့ဖုန်းကမူ မကြားချင်ယောင်ဆောင်ကာ မသိမသာ ထွက်ခွာသွားလေ၏။
ကောင်းကင်အမြင့်၌၊ ဖြစ်လေ၏။
ကျောက်ကျားရှီးမှာ အောက်ဘက်ကို ငုံ့ကြည့်လိုက်မိသဖြင့် ခြေထောက်များ ပျော့ခွေလဲကျမတတ် ဖြစ်သွားရ၏။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်ကို မမြင်ရသော စွမ်းအား တစ်ခုက ဝန်းရံထားသဖြင့် ပြုတ်ကျမသွားကြောင်း သိလိုက်ရသည်။
‘ငါ ဂိုဏ်းချုပ် စကားကို နားထောင်ရမယ်၊ စိတ်ကို တည်ငြိမ်အောင် ထားရမယ်၊ ကြောက်စိတ်ကို နှိမ်နင်းရမယ်... အရင်ဆုံး ငါ မကြောက်ဘူးလို့ ငါ့ကိုယ်ငါ လှည့်စားရမယ်’
ကျောက်ကျားရှီးသည် အသက်ကို သည်းသည်းမည်းမည်း ရှူနေရပြီး မျက်နှာမှာလည်း ဖြူဖတ်ဖြူလျော် ဖြစ်နေရှာ၏။ သို့သော် ယဲ့ဖုန်း၏ စကားများကို ပြန်လည် အမှတ်ရကာ သူ၏ ကြောက်စိတ်ကို ဖျောက်ဖျက်ရန် မြေပြင်ကို စူးစိုက်ကြည့်လိုက်လေ၏။
သူ မသိလိုက်သည်မှာ သူ၏ ခန္ဓာကိုယ်အတွင်း၌ ရှေးဟောင်း စွမ်းအား တစ်ခုမှာ ရုတ်ချည်း နိုးထလာပြီး တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားခြင်း ဖြစ်ချေသည်။
မကြာမီမှာပင် ကျောက်ကျားရှီးသည် သူ အမြင့်မကြောက်တော့ကြောင်း တွေ့ရှိလိုက်ရ၏။
‘အယ်၊ ငါ..တကယ်ပဲ..
အမြင့်မကြောက်တော့ဘူးလား...’
ကျောက်ကျားရှီးခမျာ အလွန်ပင် ဝမ်းသာသွားပြီး ကောင်းကင်ယံ၌ မတ်တတ်ရပ်ကာ မျက်လုံးများကို မှိတ်လိုက်လေ၏။ လေတိုးသံ၊ သူ၏ နှလုံးခုန်သံနှင့် အခြားသော ဆူညံသံများကို နားထောင်ရင်း သူ၏ စိတ်မှာ တဖြည်းဖြည်း တည်ငြိမ်သွားလေတော့သတည်း။
*
ထိုစဉ်၊ မြူခိုးတောင်ထိပ် ထက်ဝယ်မူ၊
“ဂုဏ်ယူပါတယ်၊ စာရင်းသွင်းတပည့် ‘ကျောက်ကျားရှီး’ဟာ ယခုအခါ ရှေးဟောင်းနတ်ဘုရား သွေးမျိုးဆက်နဲ့ လုံးဝ ပေါင်းစည်းသွားပါပြီ။ လက်ရှိ တိုးတက်မှုနှုန်း - ၅၅ ရာခိုင်နှုန်းပါ...”
ရုတ်တရက် ယဲ့ဖုန်းသည် စနစ်မှ သတိပေးချက်ကို ကြားလိုက်ရ၏။
‘တကယ်ပဲ အောင်မြင်သွားတာလား...’
ယဲ့ဖုန်းမှာ အံ့အားသင့်သွားရလေ၏။
မိမိသည် အကြံအနည်းငယ်သာ ပေးခဲ့ခြင်း ဖြစ်သော်လည်း ကျောက်ကျားရှီးမှာ မှန်ကန်သော လမ်းကြောင်းကို အောင်မြင်စွာ ရှာဖွေတွေ့ရှိသွားခဲ့တော့၏။
‘ဒါဟာ ကျောက်ကျားရှီးရဲ့ ရှေးဟောင်းနတ်ဘုရား သွေးမျိုးဆက်က အရမ်း အားကောင်းနေလို့ ဖြစ်ရမယ်။ သူ့မှာ ပါရမီလည်း ရှိတာကိုး။ ငါ့ရဲ့ အကြံပေးချက်တွေကလည်း ကွက်တိ ဖြစ်သွားလို့ သူ အောင်မြင်သွားတာပေါ့...’
ယဲ့ဖုန်း ကြိတ်၍ သုံးသပ်နေမိလေ၏။
“ဂိုဏ်းချုပ်ယဲ့…ဗျို့..ဂိုဏ်းချုပ်ယဲ့”
ထိုအခိုက်အတန့်၌ တောင်ခြေမှ ခေါ်သံ ထွက်ပေါ်လာ၏။
ရှင်းကွမ်ရွှမ်ပင်။
ယဲ့ဖုန်းက ဝင်္ကပါ လမ်းကြောင်းကို ဖွင့်ပေးလိုက်ရာ ရှင်းကွမ်ရွှမ်မှာ တောင်ထိပ်သို့ အပြေးအလွှား ရောက်ရှိလာပြီး...
“အရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်နေပြီဗျို့”
ယဲ့ဖုန်း၏ ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားရသည်။ ဆိုဟွန်းကျန်းရန် တစ်ခုခု ကျူးလွန်ပြန်ပြီလားဟု သူ တွေးလိုက်မိကာ...
“ဘာဖြစ်တာလဲ...” ဟု အမြန်မေးလိုက်လေ၏။
ရှင်းကွမ်ရွှမ်က လေးနက်သော လေသံဖြင့်...
“အဓိက ကတော့ ကိစ္စနှစ်ခုပဲ။ ပထမတစ်ခုကတော့ ဒီနေ့ ရေပေါ်ဖြူမြို့တော်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ဓာတ်ကြီးငါးပါး အဆင့်ရှိ ပညာရှင်ဘတစ်ယောက် ပေါ်လာတယ်၊ သူ့ကိုယ်သူ ‘မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်’ လို့ ခေါ်တယ်ဗျ။ သူက ကျွန်တော်နဲ့ မိန်းကလေး ပိုင်ဟွာကို လေတစ်ချက် မှုတ်ထုတ်ရုံနဲ့တင် အနိုင်ယူသွားတာ။ တတိယအကြီးအကဲက အဲ့ဒီလူကို အထူး သတိထားဖို့ ခင်ဗျားကို လာပြောခိုင်းလိုက်တာပဲ...”
ယဲ့ဖုန်းက လက်မြှောက် ဟန့်တားလိုက်ပြီး...
“နေဦး... ဘယ် မိန်းကလေး ပိုင်ဟွာလဲ...”
“ဟဲဟဲ... အဲ့ဒါ ပြောမလို့ပဲ။ အစိမ်းရောင် ကျောက်စိမ်းမျှော်စင်ရဲ့ သခင်မ ပိုင်ဟွာရှောင် က ကျွန်တော့်ရဲ့...”
ရှင်းကွမ်ရွှမ်က လက်ဟန်ခြေဟန် ပြုလုပ်လိုက်ရင်း ယဲ့ဖုန်းအား ‘ခင်ဗျား သိတဲ့အတိုင်းပဲ’ ဆိုသော အမူအရာဖြင့် ကြည့်လိုက်လေ၏။
ယဲ့ဖုန်းမှာ ရှင်းကွမ်ရွှမ်နှင့် ပိုင်ဟွာရှောင်တို့ တွဲနေကြသည်ကို မယုံနိုင်အောင် ဖြစ်သွားပြီး ခဏမျှ ဆွံ့အသွားရလေ၏။
ယန်ရူယွီ၏ ဇာစ်မြစ်ကို အမှတ်ရသွားသဖြင့် ယဲ့ဖုန်းက...
“မိတ်ဆွေရှင်း... ယန်ရူယွီ အကြောင်းကို ပိုင်ဟွာရှောင်ကို မေးကြည့်ပြီးပြီလား...”
“မေးပြီးပြီဗျ။ ယန်ရူယွီကို ‘ရောင်စုံ ငါးသွယ်မြို့’ နားမှာ ဒုတိယသခင်မရဲ့ လူတွေက ဖမ်းခေါ်လာပြီး အစိမ်းရောင် ကျောက်စိမ်းမျှော်စင်ကို ပို့လိုက်တာတဲ့။ ဒါပေမယ့် မစိုးရိမ်ပါနဲ့ ဂိုဏ်းချုပ်ယဲ့၊ မိန်းကလေး ပိုင်ဟွာက ယန်ရူယွီအပေါ် သိပ်ကို ကြင်နာခဲ့တာပါ။ မိန်းကလေး ပိုင်ဟွာ အလုပ်ကိစ္စနဲ့ ခရီးထွက်နေတုန်းမှာ ဒုတိယသခင်မက ယန်ရူယွီကို နှိမ်နင်းဖို့ ကြိုးစားလို့ သူမ ထွက်ပြေးခဲ့ရတာလေ...”
ရှင်းကွမ်ရွှမ်က ရှင်းပြလေ၏။
သူသည် ခဏမျှ စဉ်းစားလိုက်ပြီးမှ ဆက်ပြောလေ၏။
“နောက်ပိုင်းမှာ မိန်းကလေး ပိုင်ဟွာက ဒုတိယသခင်မနဲ့ အမှားကျူးလွန်ခဲ့တဲ့ လူအားလုံးကို အပြတ်ရှင်းပစ်လိုက်ပြီ။ ဒါကြောင့် ဂိုဏ်းချုပ်ယဲ့နဲ့ ကိစ္စတွေကတော့ ပြီးသွားပါပြီဗျာ...”
ဤသည်ကို ကြားရသောအခါ ယဲ့ဖုန်း ခပ်ပြုံးပြုံးဖြင့် ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။
ပိုင်ဟွာရှောင်မှာ တကယ်ကို ပါးရည်နပ်ရည်ရှိပြီး ပြတ်သားသော အမျိုးသမီး တစ်ဦး ဖြစ်ချေသည် တကား။
“နောက်ပြီး ဒုတိယအချက်ကတော့... အခုရက်ပိုင်းအတွင်းမှာ ဖူယွင်တောအုပ် ထဲက နတ်ဆိုးဗိုလ်ချုပ်တွေနဲ့ ဝိညာဉ်ဖမ်းဆီးရေးဂိုဏ်းက လူတွေက ငြိမ်နေကြတယ်ဗျ။ ဒါဟာ တစ်ခုခုကို ကောက်ကျစ်စဉ်းစားပြီး စနစ်တကျ အကွက်ချနေတဲ့ သဘောပဲ။ ဂိုဏ်းချုပ်ယဲ့... သတိထားပါဦးနော်”
“အော်... နတ်ဆိုးဗိုလ်ချုပ်လား...”
ယဲ့ဖုန်းက သူ၏ ခေါင်းကို ကုတ်လိုက်ရင်း ချောက်ခြားနေသော ပုံစံမျိုး ပြုလုပ်လိုက်လေ၏။
သူသည် မိုးတိမ်တိုက်များ ဖုံးလွှမ်းနေသော ညမှာပင် နတ်ဆိုးဗိုလ်ချုပ်ကို နှိမ်နင်းခဲ့ပြီး နတ်ဆိုးအမြုတေကိုပင် ယူခဲ့ပြီးပြီဟု ပြောချင်နေမိ၏။
ဝိညာဉ်ဖမ်းဆီးရေးဂိုဏ်းကမူ မြူခိုးဂိုဏ်း၏ ဝင်္ကပါကို ကြောက်ရွံ့သဖြင့် ရေပေါ်ဖြူမြို့တော် အနီးတွင် လာရောက် မရမ်းကားရဲခြင်း ဖြစ်ပေလိမ့်မည်။
“မစိုးရိမ်ပါနဲ့... ကြောက်စရာ ဘာမှမရှိပါဘူး...”
ဟု ယဲ့ဖုန်းက လက်ကာပြရင်း ပြောလိုက်လေ၏။
ရှင်းကွမ်ရွှမ်ကမူ လေးနက်စွာဖြင့်...
“ဂိုဏ်းချုပ်ယဲ့... ဒါက အရေးကြီးတဲ့ ကိစ္စပါ၊ ပေါ့ပေါ့ဆဆ မလုပ်ပါနဲ့ဦးဗျာ”
_
အခန်း (၁၁၄) - ပူးပေါင်းဆောင်ရွက်မှု တည်ဆောက်ခြင်းနှင့် ရှင်းကွမ်ရွှမ်၏ တွေးဆချက်
~ယဲ့ဖုန်းသည် ရှင်းကွမ်ရွှမ်မှာ စေတနာနှင့် ပြောဆိုနေခြင်းဖြစ်ကြောင်း သိရှိသော်လည်း၊ လောလောဆယ်တွင် ကျားနတ်ဆိုးဗိုလ်ချုပ်နှင့် ဆိုဟွန်းကျန်းရန်၏ ကိုယ်ပွားတို့ကို နှိမ်နင်းလိုက်သည့် သတင်းအား ပျံ့နှံ့သွားစေရန် မသင့်တော်သေးချေ။ သို့မဟုတ်ပါက မြူခိုးဂိုဏ်းသည် အရပ်ရပ်မှ အာရုံစိုက်မှုကို ခံရပေလိမ့်မည်။
‘လောလောဆယ် ငါတို့ မြူခိုးဂိုဏ်းက အဆင့်မြင့်ဂိုဏ်းတစ်ခုပဲ ရှိသေးတယ်။ ကြယ်အဆင့်ဂိုဏ်းတစ်ခုကို ယှဉ်ဖို့ အင်အားမရှိသေးဘူး။ ဒါကြောင့် လူမသိအောင် အေးအေးဆေးဆေး နေတာကပဲ အကောင်းဆုံးပဲ...’
ထိုသို့၊ ယဲ့ဖုန်းမှာ အတွေးထဲ နစ်ဝင်နေသည်ကို မြင်သောအခါ ရှင်းကွမ်ရွှမ်က သူသည် နတ်ဆိုးဗိုလ်ချုပ်နှင့် ဝိညာဉ်ဖမ်းဆီးရေးဂိုဏ်းအကြောင်းကို စိုးရိမ်နေသည်ဟု ထင်မှတ်ကာ တစ်ခုခု ထပ်ပြောရန် ပြင်လိုက်သော်လည်း။
“ဒါက မြူခိုးတောင်ထိပ်ပေါ့... ရှုခင်းကတော့ တကယ်ကို မဆိုးလှပါလား...”
ထိုအခိုက်အတန့်၌၊ ကျယ်လောင်ပြီး ပေါ့ပျက်ပျက်နိုင်လှသော အသံ တစ်သံသည် တောင်ထိပ်ပေါ်၌ ပဲ့တင်ထပ်သွားလေတော့သည်။
အသံလာရာဘက်သို့ လှမ်းကြည့်လိုက်ကြသောအခါ ဖန်ဟိုင်ယွင်နှင့် ရှဲ့ကျားရင်တို့မှာ လက်ချင်းတွဲလျက် တောင်ထိပ်ပေါ်သို့ ရောက်ရှိနေပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေကြသည်ကို တွေ့လိုက်ရ၏။
“မင်းတို့ နှစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီပေါ်ကို တက်လာတာလဲ...”
ယဲ့ဖုန်းက အံ့အားသင့်စွာ မေးမြန်းလိုက်လေ၏။ ရှင်းကွမ်ရွှမ် တက်လာပြီးနောက် တောင်တက်လမ်းကို သူ သေချာပေါက် ပိတ်ထားခဲ့သည် မဟုတ်ပါလော။ သို့ပါလျက်နှင့် ဤမိန်းကလေးနှစ်ဦးမှာ အခက်အခဲမရှိ ရောက်ရှိလာကြပြန်ချေပြီ။
ရုတ်တရက်ပင်၊ ယဲ့ဖုန်း တစ်ခုခုကို သတိရကာ စိတ်ထဲမှ မေးမြန်းလိုက်၏။
‘စနစ်... ဖန်ဟိုင်ယွင်နဲ့ ရှဲ့ကျားရင်တို့က ဂိုဏ်းဝင်ခွင့် သတ်မှတ်ချက်နဲ့ ကိုက်ညီလို့လား...’
“ကိုက်ညီပါတယ်...”
စနစ်က ပြန်လည် ဖြေကြားလိုက်လေ၏။ ထိုစကားကို ကြားသောအခါ ယဲ့ဖုန်း၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာတော့၏။ ရှဲ့ကျားရင်နှင့် ဖန်ဟိုင်ယွင်တို့မှာ အခြားဂိုဏ်းမှ တပည့်များ ဖြစ်ကြသော်လည်း စနစ်က ဝင်္ကပါအတွင်းရှိ မြူခိုးဧရိယာကို ဖြတ်ကျော်ခွင့် ပေးလိုက်ခြင်းမှာ... ဒါဟာ သူ့ကို တပည့်လုရန် တိုက်တွန်းနေခြင်း ဖြစ်ချေသည် တကား။
‘ဒီ ခွေးစနစ်က အသန်မာဆုံး ဂိုဏ်းချုပ်စနစ် မဟုတ်ဘူး။ အသန်မာဆုံး တပည့်လုတဲ့စနစ်လို့ ခေါ်ရင် ပိုမှန်မယ်...’
ယဲ့ဖုန်းက စိတ်ထဲမှ မကျေမနပ် ညည်းညူလိုက်မိလေ၏။
ထိုအခိုက်အတန့်၌ ရှဲ့ကျားရင်က တခွီခွီ ရယ်ချလိုက်ပြီး..
“ဂိုဏ်းချုပ်ယဲ့... ကျွန်မတို့က ဘာလို့ မတက်လာရမှာလဲ။ ခင်ဗျားရဲ့ မြူခိုးဂိုဏ်းမှာ လောကကို ကိုင်လှုပ်နိုင်မယ့် လျှို့ဝှက်ချက်ကြီး တစ်ခုခု ရှိနေလို့လား...”
ရှဲ့ကျားရင်၏ စကားမဆုံးမီမှာပင် ဖန်ဟိုင်ယွင်က သူမ၏ ပါးစပ်ကို လက်ဖြင့် ကပျာကယာ လှမ်းတားလိုက်ပြီး ယဲ့ဖုန်းအား အားနာတကြီး မျက်နှာဖြင့် ပြောလိုက်လေ၏။
“ဂိုဏ်းချုပ်ယဲ့... ဝိဉာဉ်သားရဲအစာတွေ အားလုံး ပြုပြင်ပြီးသွားပါပြီ။ ကျားရင်က လွန်ခဲ့တဲ့ တစ်ခေါက်က ရှင်နဲ့ အချိန်အတိအကျ မချိန်းခဲ့ရလို့ဆိုပြီး သူကိုယ်တိုင် လာပို့ပေးတာပါ...”
“ဘာ ဝိဉာဉ်သားရဲအစာလဲ...”
ရှင်းကွမ်ရွှမ်က အံ့အားသင့်စွာ မေးလိုက်လေ၏။
“ညီမလေး... မင်း လွန်ခဲ့တဲ့ ရက်ပိုင်းက ပျောက်နေတာ။ ငါက မင်း ဂိုဏ်းကို ပြန်သွားပြီ ထင်နေတာ၊ အခုတော့ ရှဲ့ကျားရင်ဆီ သွားနေတာကိုး...”
စီနီာာ အစ်ကို့အား ဖန်ဟိုင်ယွင်က ခေါင်းညိတ်ပြလိုက်ပြီး အကြောင်းစုံကို ရှင်းပြလိုက်လေ၏။
ယဲ့ဖုန်းသည် ဝိဉာဉ်သားရဲအစာ လိုအပ်သဖြင့် သားရဲဝိဉာဉ်ဂိုဏ်းကို ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရသောအခါမှ ရှင်းကွမ်ရွှမ်မှာလည်း ဘေးမှ ရပ်ကြည့်နေတော့သည်။
ယဲ့ဖုန်းက ရှဲ့ကျားရင်အား လက်ဝါးချင်း ထိကပ်ကာ နှုတ်ဆက်လိုက်လေ၏။
“မိတ်ဆွေရှဲ့...ကျုပ်ရဲ့ ပစ္စည်းတွေ ဘယ်မှာလဲ...”
ရှဲ့ကျားရင်က ကောက်ကျစ်စဉ်းစားသော အပြုံးဖြင့် ပြန်ပြောလိုက်သည်။
“ဂိုဏ်းချုပ်ယဲ့... ဘာလို့ ဒီလောက်တောင် စိမ်းကားနေရတာလဲ။ ကျားရင်လို့ပဲ ခေါ်တာက ပိုပြီး မရင်းနှီးဘူးလား...”
ထိုစကားကြောင့် ယဲ့ဖုန်း၏ မျက်နှာမှာ အေးစက်သွားပြီး၊
“ငါတို့ အခုက စီးပွားရေးအကြောင်း ပြောနေတာနော်”
ရှဲ့ကျားရင်သည် ယဲ့ဖုန်း၏ တည်ကြည်သော အမူအရာကို မြင်သောအခါ ပါးစပ်ကို လက်ဖြင့်အုပ်ကာ ခပ်ပြုံးပြုံး လုပ်လိုက်သည်။ သူမ၏ ဘယ်ဘက် ဝတ်ရုံလက်စကို မတင်လိုက်ရာ သူမ၏ လက်ကောက်ဝတ်တွင် လက်ကောက် (၁၀) ကွင်းကို တွေ့လိုက်ရ၏။
“ဒါတွေက အဆင့်နိမ့် သိုလှောင်လက်ကောက်တွေပဲ”
ရှင်းကွမ်ရွှမ်က အံ့အားသင့်စွာ ဟစ်အော်လိုက်လေ၏။ ယဲ့ဖုန်းလည်း အံ့သြသွားရ၏။
ရှဲ့ကျားရင်မှာ သားရဲဝိဉာဉ်ဂိုဏ်း၏ အမွေဆက်ခံသူပီသစွာ တကယ့်ကို လောဘသားကောင် ဖြစ်လောက်မည့် ချမ်းသာသူလေးပင် ဖြစ်ချေသည်။
“ဂိုဏ်းချုပ်ယဲ့ ပေးခဲ့တဲ့ အဆင့်မြင့်နတ်ဆိုးစစ်သည် အသား ပေါင် (၁၀၀၀) ကို ဝိဉာဉ်အရည်တွေ၊ ဆေးဖက်ဝင်အပင်တွေနဲ့ ရောစပ်ပြီးနောက်မှာ အဆင့်မြင့် ဝိဉာဉ်သားရဲအစာ ပေါင် (၃၀၀၀) ရရှိခဲ့ပါတယ်...”
ရှဲ့ကျားရင်က ရှင်းပြရင်း သိုလှောင်လက်ကောက် (၃) ကွင်းကို ဖွင့်လိုက်ရာ ဝိဉာဉ်သားရဲအစာများ ပြည့်နေသော သစ်သား ရေစည်ပိုင်းကြီး (၃) ပုံးမှာ မြေပြင်ပေါ်သို့ ရုတ်ချည်း ရောက်ရှိလာလေတော့သတည်း။
မွှေးကြိုင်လှသော ရနံ့များမှာ အရပ်မျက်နှာ အနှံ့သို့ ပျံ့လွင့်သွားလေ၏။
“ဝါး...”
အစ်ကိုကြီး ခေါင်းပြားသည် ညာသံပေး တိုက်ခိုက်သကဲ့သို့ အော်ဟစ်လိုက်ပြီး ကျန်ရှိသော ဝိဉာဉ်သားရဲများကို ဦးဆောင်ကာ ထိုအစာပုံးများဆီသို့ ဒရောသောပါး ပြေးလွှားလာကြလေတော့သည်။ သူတို့၏ မျက်နှာများမှာ အလွန်ပင် စားချင်စိတ် ပြင်းပြနေကြ၏။
“ဝါး... သိပ်ချစ်ဖို့ ကောင်းတဲ့ ဝက်ကလေးပဲ... ဟော... ဒီငါးကောင်က သဘာဝအတိုင်း မွေးဖွားလာတဲ့ ဝိဉာဉ်သားရဲတွေပဲ။ ဂိုဏ်းချုပ်ယဲ့ရဲ့ မြူခိုးဂိုဏ်းမှာ တကယ့်ကို လျှို့ဝှက်ချက်တွေ ရှိနေတာပဲ”
ရှဲ့ကျားရင်က ဝက် ဆန်းဖန်းကို သူမ၏ ရင်ခွင်ထဲသို့ ဆွဲပွေ့ကာ အံ့သြတကြီး ရေရွတ်လိုက်လေ၏။
“ငါက အသားပေါင် (၁၀၀၀) ပဲ ပေးတာကို နင်က အစာပေါင် (၃၀၀၀) တောင် လုပ်ပေးနိုင်တာလား...”
ယဲ့ဖုန်းက ပါးစပ်အဟောင်းသား ဖြစ်သွားရင်း။
“မင်း.. ရေတွေ အများကြီး ထည့်ထားတာပဲ ဖြစ်ရမယ်”
ဖန်ဟိုင်ယွင်က ကပျာကယာ လက်မြှောက် ဟန့်တားလိုက်ပြီး၊
“ဂိုဏ်းချုပ်ယဲ့... အထင်မှားခံရအောင် မလုပ်ပါနဲ့။ ဒီရက်ပိုင်းမှာ ကျားရင် လုပ်တာကို ကျွန်မ စောင့်ကြည့်နေတာပါ။ ဝိဉာဉ်အရည်တွေ ထည့်ရတာက မရှိမဖြစ်မို့လို့ပါ၊ ရှင့်ကို လိမ်ညာဖို့ ရည်ရွယ်ချက် လုံးဝ မရှိပါဘူး...”
ရှဲ့ကျားရင်မှာလည်း ရှားရှားပါးပါး တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်လေ၏။
“ဂိုဏ်းချုပ်ယဲ့... ကျွန်မက ပုံမှန်ဆို ပေါ့ပေါ့နေတတ်ပေမဲ့ အရေးကြီးတဲ့ ကိစ္စတွေမှာတော့ ဘယ်တော့မှ မပျက်ကွက်ပါဘူး။ ဒါ့အပြင် ကျွန်မ ဒီကို လာတာက အစာပို့ဖို့တင် မမဟုတ်ဘူး၊ နောက်ထပ် ကိစ္စ တစ်ခု ရှိသေးတယ်...”
ယဲ့ဖုန်း စိတ်ဝင်တစား မေးလိုက်လေ၏။
“ဘာကိစ္စလဲ...”
“ကျွန်မတို့ သားရဲဝိဉာဉ်ဂိုဏ်းက ဝိဉာဉ်သားရဲအစာတွေကို ပြုပြင်ပေးနိုင်ပေမဲ့ အဆင့်မြင့်နတ်ဆိုးစစ်သည် အသားတွေကိုတော့ အသည်းအသန် လိုအပ်နေပါတယ်။ ရှင့်ဆီမှာ အသားတွေ ထပ်ရှိသေးရင် ပူးပေါင်းဆောင်ရွက်ချင်ပါတယ်...”
ရှဲ့ကျားရင်က သူမ လာရင်း ရည်ရွယ်ချက်ကို ဖွင့်ဟဝန်ခံလိုက်လေ၏။
“ဘယ်လို ပူးပေါင်းမှာလဲ...”
ယဲ့ဖုန်း အနည်းငယ် စိတ်ဝင်စားသွား၏။
“ရှင်က အဆင့်မြင့်နတ်ဆိုးစစ်သည် အသားတွေကို ပေး၊ ကျွန်မက အဆင့်မြင့် ဝိဉာဉ်သားရဲအစာ ဖြစ်အောင် ပြုပြင်ပေးမယ်။ အလုပ်ပြီးသွားရင် တစ်ဝက်က ရှင် ယူ၊ ကျန်တဲ့တစ်ဝက်က ကျွန်မ ယူမယ်။ ပြုပြင်ခကို တစ်ပြားမှ ထပ်မယူတော့ဘူး...”
ဟု ရှဲ့ကျားရင်က ဆိုလေ၏။
ယဲ့ဖုန်းက လက်ကာပြလိုက်ကာ၊
“မဖြစ်ဘူး... ဒါက မင်းဘက်က အရမ်းများနေတယ်...”
ထိုအခါ၊ ရှဲ့ကျားရင်က သူမ၏ လက်ကလေးကို မြှောက်လိုက်ရင်း ပြောလေ၏။
“ဂိုဏ်းချုပ်ယဲ့... ငြင်းဖို့ အလျင်မလိုပါနဲ့ဦး။ ကျွန်မရတဲ့ အစာတစ်ဝက်ကို ကျွန်မက ပြန်ရောင်းမှာပါ။ အဲ့ဒီကနေ ရတဲ့ ငွေတွေထဲက သုံးပုံတစ်ပုံကို ရှင့်ကို ပြန်ပေးမယ်လေ...”
ယဲ့ဖုန်း အတွေးထဲ နစ်ဝင်သွားလေ၏။ သူက အသားပေးရုံနှင့် အသားထက် ပိုလေးသော ဝိဉာဉ်သားရဲအစာကို ရမည့်အပြင် ငွေလည်း ထပ်ရဦးမည် ဆိုတော့... ဒါဟာ ဘယ်လိုကြည့်ကြည့် မရှုံးတဲ့ အပေးအယူပင် ဖြစ်ချေသည်။
ရှဲ့ကျားရင်က ဘယ်လောက် အမြတ်ရမလဲ ဆိုတာကိုတော့ ယဲ့ဖုန်း သိပ်ဂရုမစိုက်ချေ။ ဘာလို့ဆို.. မြူခိုးဂိုဏ်းအတွက် မရှုံးဖို့ကသာ အဓိက မဟုတ်ပါလော။
“ကောင်းပြီလေ... အပေးအယူ အောင်မြင်တယ်”
“ဂိုဏ်းချုပ်ယဲ့ကတော့ တကယ်ကို ပြတ်သားတာပဲ။ ကဲ... လက်ဝါးချင်း ရိုက်ပြီး ကတိပြုကြတာပေါ့”
“ဖျတ်”
သူတို့နှစ်ဦး လက်ဝါးချင်း ရိုက်လိုက်ကြပြီး သူတို့၏ ပူးပေါင်းဆောင်ရွက်မှုကို အတည်ပြုလိုက်ကြလေ၏။
ထို့နောက်၊ ရှဲ့ကျားရင်က အစာပုံးကြီး (၃) ပုံးကို ညွှန်ပြကာ ပြောလိုက်သည်။
“ဒီ အစာပေါင် (၃၀၀၀) အတွက် ပြုပြင်ခကိုပဲ တွက်ရင် အဆင့်နိမ့် ဝိဉာဉ်ကျောက်တုံး (၇၅) တုံး ကျသင့်မှာပါ။ ဒါပေမယ့် ကျွန်မတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ အဲ့ဒီ ပြုပြင်ခကို လျှော့ပေးလိုက်ပါ့မယ်...”
“တကယ်ကို ရက်ရောတာပဲ”
ယဲ့ဖုန်းက ဝမ်းသာအားရ ဖြစ်သွားပြီး ထိုအစာများကို စနစ်တကျပင် သူ၏ သိုလှောင်ခန်းအတွင်းသို့ ထည့်လိုက်လေ၏။
ထို့နောက် နတ်ဆိုးသားရဲ အသားပေါင် (၁၀၀၀၀) ကို မြေပြင်ပေါ်သို့ ချလိုက်ပြီး ပြောပြလိုက်လေ၏။
“ဒါက အဆင့်မြင့်နတ်ဆိုးစစ်သည် အသားပေါင် (၁၀၀၀၀) ပဲ...”
ကျားနတ်ဆိုးဗိုလ်ချုပ်၊ အမည်းစက်ပြောက် မြွေနတ်ဆိုးနှင့် ဝံပုလွေ ဗိုလ်ချုပ်လေး တို့၏ အလောင်းများမှလွဲ၍ ကျန်ရှိသော အဆင့်မြင့်နတ်ဆိုးစစ်သည် အသားများ အားလုံးမှာ ဤနေရာတွင် ရှိနေတော့၏။
“ဒီလောက်တောင် များတာလား”
ရှဲ့ကျားရင်မှာ အံ့အားသင့်သွားရ၏။ ဖန်ဟိုင်ယွင်နှင့် ရှင်းကွမ်ရွှမ်တို့မှာလည်း ပါးစပ်အဟောင်းသား ဖြစ်သွားကြရလေ၏။
‘ဝိုး..ဒါတွေ ရဖို့အတွက် အဆင့်မြင့်နတ်ဆိုးစစ်သည် ဘယ်နှကောင်ကိုတောင် နှိမ်နင်းခဲ့ရတာလဲ...’
ရှင်းကွမ်ရွှမ်သည် ထိတ်လန့်တကြားဖြင့် တံတွေးကို ဂလုခနဲ မျိုချလိုက်မိလေ၏။
ပုံမှန်အားဖြင့် အဆင့်မြင့်နတ်ဆိုးစစ်သည် တစ်ကောင်တွင် အသားပေါင် ရာဂဏန်းခန့်သာ ရှိပြီး အလွန်ကြီးမားသော သားရဲများမှသာ ထောင်ဂဏန်း ရနိုင်ခြင်း ဖြစ်ချေသည်။ အရိုးများကို ဖယ်ရှားလိုက်ပါက အသားမှာ များစွာ မကျန်တော့ချေ။
သို့ပါလျက်နှင့် ယဲ့ဖုန်းသည် အသားပေါင် သောင်းချီကို ပေါ့ပေါ့ပါးပါးပင် ထုတ်ပြနိုင်ခြင်းမှာ... ဒါဟာ နတ်ဆိုးစစ်သည်ပေါင်း ဒါဇင်ချီကို သတ်ဖြတ်ခဲ့သည်ဟု ဆိုလိုခြင်း မဟုတ်ပါလော။
‘ဖူယွင်တောအုပ်ထဲက နတ်ဆိုးဗိုလ်ချုပ်ရဲ့ လက်အောက်မှာ အဆင့်မြင့်နတ်ဆိုးစစ်သည် ဒါဇင်အနည်းငယ်ပဲ ရှိတာလို့ တတိယအကြီးအကဲဆီက ကြားဖူးတယ်။ အဲ့ဒါတွေအားလုံးကို ဂိုဏ်းချုပ်ယဲ့က အပြတ်ရှင်းလိုက်တာများလား... ဒါဆိုရင်... နတ်ဆိုးဗိုလ်ချုပ်ကြီးကော ဘာဖြစ်သွားပြီလဲ...’
ဤသို့ တွေးမိသည်နှင့် ရှင်းကွမ်ရွှမ်၏ နှလုံးသားမှာ သိမ့်သိမ့်ခါသွားရတော့၏။
ယဲ့ဖုန်းသည် နတ်ဆိုးဗိုလ်ချုပ်ကိုပါ သတ်ပစ်လိုက်ပြီများလား။ မဟုတ်ပါကလည်း နတ်ဆိုးဗိုလ်ချုပ်၏ အင်အားစု အများစုကို ဖျက်ဆီးလိုက်သည့်တိုင်အောင် ထိုဗိုလ်ချုပ်ကြီးမှာ ငြိမ်နေမည် မဟုတ်ချေ။
ယခုအခါ ယဲ့ဖုန်းမှာ သူတို့ရှေ့တွင် အေးအေးဆေးဆေး ရှိနေခြင်းမှာ နတ်ဆိုးဗိုလ်ချုပ်ကြီး ရှုံးနိမ့်သွားပြီဟူသော အဓိပ္ပာယ်ပင် မဟုတ်ပါလော။
ရှင်းကွမ်ရွှမ်သည် တွေးလေလေ ပို၍ ထိတ်လန့်လေလေ ဖြစ်နေတော့၏။
ယဲ့ဖုန်းမှာမူ ရှင်းကွမ်ရွှမ်၏ အတွေးများကို မသိဘဲ ရှဲ့ကျားရင်က အသားပေါင် (၁၀၀၀၀) ကို သိမ်းယူသွားသည်ကို ကြည့်ကာ မေးမြန်းလိုက်လေ၏။
“အပေးအယူကတော့ ပြီးသွားပြီဆိုတော့... မင်းတို့ ဘယ်အချိန် ပြန်ဖို့ စီစဉ်ထားလဲ...”
“ဘာလဲ... ဂိုဏ်းချုပ်ယဲ့က ကျွန်မကို ဒီမှာ ညအိပ်ဖို့ ခေါ်ချင်လို့လား...”
အရေးကြီးသော ကိစ္စများ ပြီးသွားသောအခါ ရှဲ့ကျားရင်မှာ နောက်တစ်ကြိမ် နောက်ပြောင်လာပြန်တော့၏။
‘ညအိပ်ဖို့ ဟုတ်လား။ ဟင်း..ငါသာ အဲ့ဒီလိုလုပ်ရဲရင် မနက်ဖြန်မနက်မှာ သားရဲဝိဉာဉ်ဂိုဏ်းရဲ့ စစ်တပ်ကြီး တစ်ခုလုံး မြူခိုးတောင်ထိပ်ကို ချီတက်လာလိမ့်မယ်’
ယဲ့ဖုန်းက စိတ်ထဲမှ မကျေမနပ် ရန်ထောင်လိုက်မိလေ၏။
“ဒီလောက်များတဲ့ အသားတွေကို သယ်သွားတာက အရမ်း တန်ဖိုးရှိလွန်းတယ်။၊ မင်းတို့ရဲ့ ဘေးကင်းရေးကို ထောက်ထားပြီး မင်းတို့ရဲ့ ဂိုဏ်းခွဲကို အခုချက်ချင်း ပြန်ကြတာက ပိုကောင်းလိမ့်မယ်...”
ပြောပြောဆိုဆိုနှင့် ယဲ့ဖုန်းသည် ရှဲ့ကျားရင်၏ ပခုံးကို ကိုင်ကာ တောင်တက်လမ်းဘက်သို့ ကပျာကယာ တွန်းပို့လိုက်လေတော့သတည်း။
“ဂိုဏ်းချုပ်ယဲ့... ရှင်က တကယ်ပဲ ကျွန်မအပေါ်မှာ ဒီလောက်တောင် ရက်စက်ရတာလား...”
ရှဲ့ကျားရင်မှာ မကျေမနပ် အော်ဟစ်နေရင်း ဖန်ဟိုင်ယွင်နှင့်အတူ မြူခိုးဧရိယာအတွင်းသို့ ရုတ်ချည်း ပျောက်ကွယ်သွားလေတော့၏။
“နောက်ဆုံးတော့ သူတို့ ထွက်သွားကြပြီ။ ပတ်ဝန်းကျင်ကလည်း ပြန်ပြီး အေးချမ်းသွားတာပဲ...”
အမျိုးသမီးနှစ်ဦး ထွက်သွားသည်ကို ကြည့်ရင်း ယဲ့ဖုန်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်လေ၏။ သူ လှည့်ကြည့်လိုက်သောအခါ ရှင်းကွမ်ရွှမ်မှာ အခုထိ ထိတ်လန့်နေဆဲ အခြေအနေဖြင့် ရပ်နေသည်ကို တွေ့လိုက်ရလေတော့သတည်း။