အခန်း (၁၁၅-၁၁၇)
Vol. 8 Ch. 115-117
အခန်း (၁၁၅) - အကန့်အသတ်ကို ကျူးလွန်ကျော်ဖြတ်ခြင်းနှင့် ရှေးဟောင်းနတ်ဘုရား ခန္ဓာကိုယ်ကျင့်စဉ်
~“ဂိုဏ်းချုပ်ယဲ့... ခင်ဗျား တကယ်ပဲ ဖူယွင်တောအုပ်ထဲက နတ်ဆိုးဗိုလ်ချုပ်နဲ့ သူ့လက်ပါးစေတွေကို နှိမ်နင်းလိုက်တာလား...”
ရှင်းကွမ်ရွှမ်သည် သူ၏ ရင်ထဲမှ သံသယကို မထိန်းနိုင်တော့ဘဲ ဖွင့်ဟဝန်ခံမေးမြန်းလိုက်လေ၏။
“မဟုတ်ပါဘူးဗျာ... ပေါက်ကရတွေ လျှောက်မပြောပါနဲ့...”
ယဲ့ဖုန်းက လုံးဝငြင်းဆိုလိုက်လေ၏။ တစ်ချက်မဟုတ်၊ နှစ်ချက်မဟုတ်၊ သုံးချက်တိုင်တိုင်ကို အပိုင်ငြင်းဆိုပစ်လိုက်ခြင်း ဖြစ်ချေသည်။
“ဒါဆိုရင် ဒီလောက်များတဲ့ အဆင့်မြင့်နတ်ဆိုးစစ်သည် အသားတွေကို ဘယ်ကရတာလဲ။ ဒါတွေက ပေါင်ချိန် သောင်းချီရှိတာနော်။ နတ်ဆိုးသားရဲ ဒါဇင်ပေါင်းများစွာရဲ့ အသားတွေနဲ့ ညီမျှနေတာပဲ...”
ရှင်းကွမ်ရွှမ်၏ အသက်ရှူသံများမှာ တစ်ဟုန်ထိုး မြန်ဆန်လာတော့၏။
“လမ်းမှာ ကောက်ရတာပါ...”
ယဲ့ဖုန်းက အေးအေးဆေးဆေးပင် ပြန်လည်ချေပလိုက်လေ၏။
“ကျွန်တော်က အရူးမဟုတ်ပါဘူးဗျာ... ကျုပ်ကိုတော့ မလိမ်ပါနဲ့ဦး...”
ရှင်းကွမ်ရွှမ်မှာ ဆွံ့အသွားရတော့၏။ ဒီလိုစကားမျိုးကို ဘယ်သူက ယုံမှားဖွယ်မရှိ လက်ခံနိုင်ပါ့မနည်း။ သို့သော်လည်း ယဲ့ဖုန်းတွင် အမှန်တရားကို ဖုံးကွယ်ထားရမည့် အကြောင်းရင်း ရှိလိမ့်မည်ဟု သူ သဘောပေါက်လိုက်မိသည်။
“နားလည်ပါပြီဗျာ... ဒါဟာ တကယ့်ကို ဂိုဏ်းချုပ်ယဲ့ရဲ့ လက်ချက်ပဲ ဖြစ်ရမယ်။ ဒါပေမယ့် ခင်ဗျားက လူမသိအောင် နေချင်တာကိုး။ စိတ်ချပါ... ကျွန်တော် ရှင်းကွမ်ရွှမ် ပါးစပ်က ဘာမှ ထွက်မှာ မဟုတ်ပါဘူး...”
“လက်ဖက်ရည် သောက်ဦးမလားဗျ...”
ယဲ့ဖုန်းသည် စနစ်တကျ အကွက်ချကာ စကားလမ်းကြောင်းကို ရုတ်ချည်း ပြောင်းလဲပစ်လိုက်လေ၏။
“ဟဲဟဲ... ကျွန်တော့်မှာ မိန်းကလေး ပိုင်ဟွာ ရှိနေပြီဆိုတော့ နောင်ကျရင် သူလေး.. ဖျော်ပေးတဲ့ လက်ဖက်ရည်ကိုပဲ သောက်တော့မှာပါ။ ကဲ... ဂိုဏ်းချုပ်ယဲ့... ကျွန်တော် သွားပါဦးမယ်...”
ရှင်းကွမ်ရွှမ်သည် ယဲ့ဖုန်းအား တစ်ချက် မျက်စိမှိတ်ပြလိုက်ပြီးနောက် သူ၏ ဝိဉာဉ်ဓားပေါ်သို့ ခုန်ပျံတိုက်ခိုက် တက်လှမ်းလျက် မြူခိုးတောင်ထိပ်မှ အလင်းတန်းအသွင် တထွက်ခွာသွားလေတော့သတည်း။
*
မြို့စားမင်းအိမ်တော်ဝယ်၊
ရှင်းကွမ်ရွှမ်သည် လုရှန်းယွီအား ရိုသေစွာ ဦးညွှတ်လိုက်ရင်း...
“တတိယအကြီးအကဲ... အကြီးအကဲ မှာလိုက်တဲ့အတိုင်း ကျွန်တော် ပြောပြခဲ့ပါပြီ။ ဂိုဏ်းချုပ်ယဲ့ကလည်း သတိထားပါ့မယ်လို့ ပြောပါတယ် ခင်ဗျာ...”
“ကောင်းပြီလေ...”
လုရှန်းယွီက ခေါင်းညိတ်လိုက်၏။
ရှင်းကွမ်ရွှမ်မှာ မထွက်ခွာသေးဘဲ ရပ်နေဆဲဖြစ်သဖြင့် လုရှန်းယွီက ဆက်မေးလိုက်သည်။
“ဘာရှိသေးလို့လဲ...”
ရှင်းကွမ်ရွှမ်က လေးနက်သော အဓိပ္ပာယ်ဖြင့်
“တတိယအကြီးအကဲ... အခုတစ်ခေါက် ရေပေါ်ဖြူမြို့တော်ရဲ့ နတ်ဆိုးသတ်ပွဲတော်မှာ ဘယ်ဂိုဏ်းက ပထမရမယ်လို့ ထင်ပါသလဲ ခင်ဗျာ...”
ဟု မေးလိုက်လေ၏။
“ဟွေ့ယွင်ဂိုဏ်း၊ နီရှန်နန်းတော်နဲ့ ပါ့ဝမ့်ဓားဂိုဏ်းတွေမှာက ဝါရင့် ဓာတ်ကြီးငါးပါး အဆင့်ရှိတဲ့ ပညာရှင်တွေ ရှိကြတာလေ။ မြူခိုးဂိုဏ်းကတော့ အခုမှ အဆင့်မြင့်ဂိုဏ်း ဖြစ်လာတာဆိုတော့... ဒီဂိုဏ်း (၄) ဂိုဏ်းထဲက တစ်ခုခုပဲ ဖြစ်ရမှာပေါ့...”
ဟု လုရှန်းယွီက သူ၏ အမြင်ကို ဖွင့်ဟပြောဆိုလိုက်လေ၏။
“တကယ်လို့ တစ်စုံတစ်ယောက်က နတ်ဆိုးဗိုလ်ချုပ်ကိုသာ သတ်ပစ်နိုင်ခဲ့ရင်ရော... သူတို့ ပထမ ရနိုင်မလားဟင်...”
ရှင်းကွမ်ရွှမ် ထပ်မံ မေးမြန်းလိုက်ပြန်၏။
“ဒါပေါ့... ဒါဆိုရင်တော့ ပထမနေရာကို အကြွင်းမဲ့ ရမှာပေါ့။ ဒါပေမယ့် ရေပေါ်ဖြူ မြို့တော်မှာတော့ နတ်ဆိုးဗိုလ်ချုပ်ကို သတ်နိုင်မယ့်သူ မရှိဘူးကွ။ ဘာလို့ဆို.. အဲ့ဒီကျားနတ်ဆိုးက အသွင်ပြောင်းတတ်တဲ့အပြင် အသက်ဘေးက လွတ်မြောက်နိုင်တဲ့ အစွမ်းတွေကလည်း သိပ်များတာလေ။ ငါကိုယ်တိုင်တောင် သူ့ကို အနိုင်ရအောင် တိုက်နိုင်ပေမဲ့ ဖမ်းမိဖို့ကျတော့ မလွယ်ဘူး...”
ရှင်းကွမ်ရွှမ်မှာ တိတ်ဆိတ်သွားရတော့၏။
‘တစ်လကြာမယ့် နတ်ဆိုးသတ်ပွဲတော် ပြီးသွားတဲ့အခါ ဂိုဏ်းချုပ်ယဲ့သာ ဆန္ဒရှိရင် သူက ဧကန်မလွဲ ပထမ ရမှာပဲ။ အကြောင်းကတော့ သူက ကျားနတ်ဆိုးဗိုလ်ချုပ်နဲ့ အဆင့်မြင့်နတ်ဆိုးစစ်သည် ဒါဇင်ပေါင်းများစွာကို သတ်ခဲ့ပြီးပြီ မဟုတ်လား...’
ဤသို့ တွေးမိရင်း ရှင်းကွမ်ရွှမ်သည် ခြေလှမ်းကျဲကျဲဖြင့် ထွက်ခွာသွားလေ၏။
“နေဦး... မင်း ဘယ်သွားမလို့လဲ...” လုရှန်းယွီ လှမ်းမေးလိုက်၏။
“အစိမ်းရောင် ကျောက်စိမ်းမျှော်စင်ကိုပါ...”
“ဒီကောင်လေးကတော့... ငါ့ကိုတောင် မခေါ်ဘဲ သွားရဲတယ်ပေါ့လေ...”
မြူခိုးတောင်ထိပ်၊ ကောင်းကင်ယံထက်၌ ဖြစ်လေ၏။
—------
ကျောက်ကျားရှီးသည် မီတာထောင်ချီ မြင့်သော ကောင်းကင်ယံ၌ မတ်တတ်ရပ်နေလေ၏။
လေ မြည်ဟိန်းသံများကြားမှာပင် သူသည် ကြောက်ရွံ့ခြင်း အလျှင်းမရှိဘဲ အတွေးမဲ့သော အခြေအနေထဲသို့ တဖြည်းဖြည်း နစ်ဝင်သွားလေတော့သည်။
ယဲ့ဖုန်းသည် သူ၏ ဝိဉာဉ်သားရဲ (၈) ကောင်အား အဆင့်မြင့် အစာများ ဝေငှပေးပြီးနောက် ကောင်းကင်သို့ ခုန်ပျံတိုက်ခိုက် တက်လှမ်းကာ ကျောက်ကျားရှီး အနားသို့ ကပ်သွားလိုက်၏။
‘စနစ်... ကျားရှီးရဲ့ ရှေးဟောင်းနတ်ဘုရား သွေးမျိုးဆက် ပေါင်းစည်းမှုက ဘယ်လို အခြေအနေ ရှိလဲ...’
ယဲ့ဖုန်း စိတ်ထဲမှ မေးမြန်းလိုက်လေ၏။
“လက်ရှိ တိုးတက်မှုနှုန်းက ၆၀ ရာခိုင်နှုန်းပါ...”
“မဆိုးဘူး... တော်တော် မြန်တာပဲ...”
ယဲ့ဖုန်း ကျေနပ်စွာ ပြုံးလိုက်မိ၏။ ဒီအတိုင်းဆိုရင် ရက်အနည်းငယ်အတွင်းမှာပဲ ကျောက်ကျားရှီးသည် သွေးမျိုးဆက်နှင့် လုံးဝ ပေါင်းစည်းသွားပြီး သူ၏ အကန့်အသတ်ကို ကျူးလွန်ကျော်ဖြတ်ကာ ခန္ဓာကိုယ်ကျင့်ကြံသူတစ်ဦးအဖြစ် ခြေလှမ်းစတင်နိုင်ပေလိမ့်မည်။
တောင်ထိပ်သို့ ပြန်ရောက်သောအခါ ယဲ့ဖုန်းသည် လက်သီးဆုပ်ခန့်ရှိသော အနီရောင် အလုံးလေး တစ်ခုကို ထုတ်လိုက်လေ၏။ ယင်းမှာ သံမဏိထက်ပင် မာကျောလှပြီး ပြင်းထန်သော စွမ်းအားများ ကိန်းအောင်းနေပေသည်။
၎င်းကတော့ ကျားနတ်ဆိုးဗိုလ်ချုပ်၏ နတ်ဆိုးအမြုတေပင် ဖြစ်ချေသည်။
“မိုယင်... ဒီနတ်ဆိုးအမြုတေကို အစ်ကိုကြီး ခေါင်းပြားကို ကျွေးလိုက်ရင် သူ နတ်ဆိုးဗိုလ်ချုပ်အဆင့်ကို တစ်ဟုန်ထိုး တိုးတက်သွားနိုင်မလား...”
ယဲ့ဖုန်းက ဘေးတွင် ရှိနေသော မိုယင်အား မေးလိုက်လေ၏။
“မသေချာဘူးရှင်...” မိုယင် ခေါင်းခါပြလိုက်၏။
“ဝါး...”
အစ်ကိုကြီး ခေါင်းပြားသည် စိတ်လှုပ်ရှားစွာ ပြေးလာပြီး နတ်ဆိုးအမြုတေကို သည်းသည်းမည်းမည်း အနံ့ခံနေလေ၏။ သူ၏ မျက်လုံးများထဲတွင်လည်း ပြင်းပြသော စားချင်စိတ်များက အတိုင်းအဆမရှိ ပေါ်လွင်နေ၏။
“မင်း ဒါကို စားချင်တာလား...”
ယဲ့ဖုန်း၏ အမေးကို အစ်ကိုကြီး ခေါင်းပြားက ခေါင်းကို အကြိမ်ကြိမ် ငြိမ့်ပြကာ တုန့်ပြန်လေ၏။
“ကောင်းပြီလေ... ဒါဆိုရင်တော့ ဒီနတ်ဆိုးအမြုတေက မင်းအတွက်ပဲ။ ငါ့ကိုတော့ စိတ်ပျက်အောင် မလုပ်နဲ့နော်...”
ယဲ့ဖုန်းက နတ်ဆိုးအမြုတေကို အစ်ကိုကြီး ခေါင်းပြားဆီသို့ ပစ်လွှင့်ပေးလိုက်လေ၏။
“ဖျတ်”
အစ်ကိုကြီး ခေါင်းပြား၏ သွားများမှာ အလွန်ပင် ထက်မြက်လှသဖြင့် မာကျောလှသော နတ်ဆိုးအမြုတေကို အလွယ်တကူပင် ကိုက်ခွဲပြီး မြိုချလိုက်လေ၏။ ချက်ချင်းဆိုသလိုပင် သူ၏ ခန္ဓာကိုယ်မှာ မီးတောက်များ ဝါးမြိုနေသကဲ့သို့ ပူပြင်းလာပြီး အဆက်မပြတ် အော်ဟစ်နေလေတော့သတည်း။
သူ အရမ်း ပူလောင်နေကြောင်း ယဲ့ဖုန်း သိလိုက်ရသဖြင့် ကပျာကယာပင် သစ်သား ရေစည်ပိုင်းကြီး တစ်ခုကို ယူကာ ဝိဉာဉ်စမ်းရေများ ဖြည့်လိုက်ပြီးနောက် အစ်ကိုကြီး ခေါင်းပြားအား အထဲသို့ ပစ်ထည့်လိုက်လေ၏။
“ရှဲ”
မီးကျွမ်းနေသော သံတုံးကို ရေထဲသို့ ထည့်လိုက်သကဲ့သို့ပင် အခိုးအငွေ့များမှာ ရုတ်ချည်း ထွက်ပေါ်လာပြီး အေးစက်လှသော ဝိဉာဉ်စမ်းရေမှာလည်း ပွက်ပွက်ဆူသွားရလေ၏။ ယဲ့ဖုန်းသည် အစ်ကိုကြီး ခေါင်းပြား၏ အပူဒဏ်ကို လျှော့ချပေးရန်အတွက် ဝိဉာဉ်စမ်းရေများကို အဆက်မပြတ် ထပ်မံ ဖြည့်တင်းပေးနေရ၏။
“အစ်ကိုကြီး ခေါင်းပြားက ဝိဉာဉ်စမ်းရေထဲက စွမ်းအင်တွေကို အရမ်းမြန်တဲ့ အရှိန်နဲ့ စုပ်ယူနေတာပဲ...”
လုံထျန်းရှင်းက သူ၏ ဝိဉာဉ်မျက်လုံးပြာဖြင့် စူးစမ်းကြည့်ရှုရင်း ပြောလိုက်လေ၏။ ယန်ရူယွီကလည်း အစ်ကိုကြီး ခေါင်းပြား၏ နာကျင်စွာ ညည်းတွားသံကို ကြားရသဖြင့် သူမ၏ လက်ကို ဆန့်တန်းကာ အေးမြသော အသက်ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်ပြီး နာကျင်မှုကို လျှော့ချပေးရှာလေ၏။
*
နောက်တစ်နေ့ နံနက်ခင်း အခါသမယ၌၊
အစ်ကိုကြီး ခေါင်းပြားမှာ ခန္ဓာကိုယ်လေး အဝိုင်းလိုက် ခွေလျက် အိပ်ပျော်နေတော့၏။
‘သူ နိုးလာရင်တော့ နတ်ဆိုးဗိုလ်ချုပ်အဆင့်ကို ရောက်သွားလိမ့်မယ်…’
စနစ်၏ အသိပေးချက်အရ အစ်ကိုကြီး ခေါင်းပြားမှာ အန္တရာယ်အရှိဆုံး အချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ယဲ့ဖုန်း သိလိုက်ရလေ၏။ တပည့်များလည်း ထိုအခါမှ စိတ်အေးသွားကြရ၏။
“ဒါနဲ့... ညီလေးကော ဘယ်မှာလဲဗျ...” ရှီလေ့က မေးလိုက်လေ၏။
လူတိုင်း ထိတ်ခနဲ ဖြစ်သွားကြရ၏။
“သေစမ်း... ကျားရှီး ကောင်းကင်ပေါ်မှာ ကျန်နေခဲ့တာပဲ”
ယဲ့ဖုန်း သူ၏ နဖူးကို သူ ပြန်ရိုက်လိုက်မိလေ၏။ မနေ့ညက အစ်ကိုကြီး ခေါင်းပြားကို ပြုစုနေရင်းနှင့် ကျောက်ကျားရှီးကို လုံးဝ မေ့သွားခဲ့ခြင်း ဖြစ်ချေသည်။
“ဝီ..”
ယဲ့ဖုန်းသည် ကောင်းကင်ယံသို့ တစ်ဟုန်ထိုး ပျံတက်သွားလေတော့၏။ ကျောက်ကျားရှီးမှာ တစ်ညလုံး တိုက်ခတ်ခဲ့သော လေပြင်းများကို အံတုရင်း မတ်တတ်ရပ်လျက် အနေအထားအတိုင်း ရှိနေဆဲ ဖြစ်လေ၏။ သူ၏ သေးငယ်သော ခန္ဓာကိုယ်မှ ရှေးဟောင်းဆန်လှသော အရှိန်အဝါများမှာလည်း တရစပ် ထွက်ပေါ်နေ၏။
“လက်ရှိ တိုးတက်မှုနှုန်း ၉၉ ရာခိုင်နှုန်း...”
စနစ်၏ သတိပေးချက်ကြောင့် ယဲ့ဖုန်းမှာ အံ့အားသင့်သွားရလေ၏။
တစ်ညတည်းနှင့် ကျောက်ကျားရှီး၏ သွေးမျိုးဆက် ပေါင်းစည်းမှုမှာ ပြီးဆုံးလုနီးပါး ဖြစ်နေတော့၏။
“ဘာဖြစ်လို့ ဒီလောက် မြန်သွားတာလဲ...”
ယဲ့ဖုန်း စနစ်ကို မေးလိုက်မိ၏။ သူ၏ တွက်ချက်မှုအရဆိုလျှင် ရက်အနည်းငယ် ထပ်လိုသေးသည် မဟုတ်ပါလော။
“ကျောက်ကျားရှီးဟာ အတွေးမဲ့ အခြေအနေထဲကို အောင်အောင်မြင်မြင် ဝင်ရောက်နိုင်ခဲ့လို့ ပေါင်းစည်းမှု အရှိန်က အတိုင်းအဆမရှိ မြန်ဆန်သွားတာ ဖြစ်ပါတယ်...”
စနစ်၏ စကား မဆုံးမီမှာပင် ကျောက်ကျားရှီး၏ ခန္ဓာကိုယ်မှ အလင်းတန်းများ တစ်ဟုန်ထိုး ထွက်ပေါ်လာလေတော့သတည်း။
“ဟုန်း”
ကျောက်ကျားရှီးသည် ရုတ်ချည်း မျက်လုံးဖွင့်လိုက်ရာ သူ၏ မျက်လုံးများမှာ ရွှေရောင်ဖျော့ဖျော့အဖြစ် ပြောင်းလဲသွားပြီးမှ ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေ၏။
သူ၏ နောက်ကျောဘက်တွင်မူ ချပ်ဝတ်တန်ဆာ ဆင်မြန်းထားပြီး လှံရှည်ကြီးတစ်စင်းကို ကိုင်ဆောင်ထားသည့် ဧရာမ ရှေးဟောင်းနတ်ဘုရားကြီး၏ အရိပ်အယောင် တစ်ခု ပေါ်ထွက်လာပြီး ထက်ရှသော အရှိန်အဝါကို ထုတ်ဖော်နေလေတော့၏။
[စနစ်] - "တီ... တီ...။ ဂုဏ်ယူပါတယ် လက်ခံသူ...။ ကျောက်ကျားရှီးက ရှေးဟောင်းနတ်ဘုရား သွေးမျိုးဆက်နဲ့ လုံးဝ ပေါင်းစည်းသွားပါပြီ။ လက်ရှိမှာ ခန္ဓာကိုယ် အကန့်အသတ်တွေကို ကျော်ဖြတ်ပြီး 'ခန္ဓာကိုယ်ကျင့်ကြံခြင်း ပထမအဆင့်' ကို ရောက်ရှိသွားပြီ ဖြစ်တဲ့အတွက်... ဆုလာဘ်အနေနဲ့ 'ရှေးဟောင်းနတ်ဘုရား ခန္ဓာကိုယ်ကျင့်စဉ်' ကို ရရှိလိုက်ပါပြီ!”
ထိုအခိုက်အတန့်၌ ယဲ့ဖုန်း၏ ဉာဏ်ထဲသို့လည်း ထိုကျင့်စဉ်၏ အချက်အလက်များ တစ်ဟုန်ထိုး စီးဝင်လာလေတော့သည်။
“ဒီကျင့်စဉ်မှာ အဆင့် (၉) ဆင့် ရှိတာပဲ။ အဆင့်တိုင်းက သွေးမျိုးဆက်ကို သန်မာစေပြီး ပိုပြီး အစွမ်းထက်တဲ့ နတ်ဘုရားခန္ဓာကိုယ်ကို တည်ဆောက်ပေးနိုင်မှာပဲ။ အဆင့် (၉) အထွတ်အထိပ်ကို ရောက်ရင်တော့ ဓာတ်ကြီးငါးပါး အဆင့်အောက်မှာ ပြိုင်ဘက်ကင်း ဖြစ်လိမ့်မယ်...”
ယဲ့ဖုန်းက ကျင့်စဉ်၏ မိတ်ဆက်ကို ဖတ်ရှုလိုက်လေ၏။
ကျောက်ကျားရှီး၏ ခန္ဓာကိုယ်ထဲမှ သွေးမျိုးဆက်မှာ အနည်းငယ် အားနည်းသဖြင့် မူလက ကျင့်စဉ်မှာ အဆင့် (၆) အထိသာ ရှိသော်လည်း၊ ယဲ့ဖုန်းတွင် စနစ် ရှိနေသဖြင့် အဆင့် (၉) ဆင့်အထိ ပြည့်စုံသွားခဲ့ခြင်း ဖြစ်ချေသည်။
“ဂိုဏ်းချုပ်... ကျွန်တော် အောင်မြင်သွားပြီ”
ကျောက်ကျားရှီးသည် သတိပြန်ဝင်လာပြီးနောက် သူ၏ စိတ်ထဲမှ ဆန်းကြယ်သော ကျင့်စဉ်ကို တွေ့ရှိလိုက်ရသဖြင့် အလွန်ပင် ပျော်ရွှင်သွားကာ ကောင်းကင်ပေါ်မှ ဝေါ့ခနဲ ပြုတ်ကျလာလေ၏။ ယဲ့ဖုန်းက သူ့ကို လျင်မြန်စွာ လှမ်းဖမ်းလိုက်ပြီး မြူခိုးတောင်ထိပ်ပေါ်သို့ ညင်သာစွာ ဆင်းသက်လိုက်လေ၏။
“လမ်းညွှန်ပေးခဲ့တဲ့ ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။ စောင့်ရှောက်ပေးခဲ့ကြတဲ့ စီနီယာ အစ်ကို၊ အစ်မတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျားရှီးအနေနဲ့ ဒီကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး...”
ကျောက်ကျားရှီးသည် ယဲ့ဖုန်းရှေ့တွင် ဒူးထောက်လိုက်ပြီး တခြားသူများကိုလည်း ကျေးဇူးတင်သော မျက်လုံးများဖြင့် ကြည့်လိုက်လေ၏။
“ထစမ်း၊ နောင်ကျရင် ကြိုးကြိုးစားစား ကျင့်ကြံရမယ်။ ဒါမှသာ ငါ ဂိုဏ်းချုပ် တစ်ယောက်အနေနဲ့ ဝမ်းသာနိုင်မှာပေါ့...”
ယဲ့ဖုန်းက ချော့မော့ပြောဆိုလိုက်လေ၏။ ကျောက်ကျားရှီးကလည်း ခေါင်းကို အလေးအနက် ငြိမ့်ပြလေ၏။
“အားလုံးပဲ လူစုခွဲကြတော့”
ယဲ့ဖုန်းက လက်ယမ်းပြပြီး တပည့်များကို လွှတ်လိုက်လေ၏။
သူကိုယ်တိုင်လည်း ဂိုဏ်းချုပ်ခန်းမဆောင်ကြီးအတွင်းသို့ ဝင်ကာ အနားယူရန် ပြင်လိုက်စဉ်မှာပင် စနစ်မှ သတိပေးချက်တစ်ခု ထွက်ပေါ်လာပြန်လေသည်။
“ဂိုဏ်းရဲ့ ပထမဆုံးသော ခန္ဓာကိုယ်ကျင့်ကြံသူကို တွေ့ရှိရတဲ့အတွက်... ဂိုဏ်းချုပ်ရဲ့ ဒုတိယအဆင့် တာဝန်ကို စတင်လိုက်ပါပြီ...”
အခန်း (၁၁၆) - ဂိုဏ်းချုပ်၏ ဒုတိယအဆင့် တာဝန်
~“တာဝန် တစ်ခု ရှိလာတာလား...”
ယဲ့ဖုန်း၏ နှလုံးသားမှာ ဝမ်းသာအားရမှုကြောင့် တစ်ရှိန်ထိုး ခုန်လှုပ်သွားလေ၏။ သူသည် စနစ်၏ တာဝန်ပေးချက်များကို ချက်ချင်းပင် ဖွင့်ကြည့်လိုက်လေတော့သတည်း။
[ဂိုဏ်းချုပ်၏ ဒုတိယအဆင့် တာဝန်]
[တာဝန်ဖော်ပြချက် - (၁) မြူခိုးဂိုဏ်းအား ကြီးကျယ်ခမ်းနားသော လမ်းစပေါ်သို့ ဆက်လက်ဦးဆောင်ရန်။ လောကသားတို့၏ အသိအမှတ်ပြုမှုကို ရယူကာ ဂိုဏ်းဂုဏ်သတင်းအမှတ် (၁၀၀၀၀) ကျော်လွန်ရမည်။ (၂) နတ်ဆိုးဗိုလ်ချုပ်အဆင့် ဝိဉာဉ်သားရဲ (၂) ကောင်နှင့် အဆင့်မြင့်
နတ်ဆိုးစစ်သည်အဆင့် ဝိဉာဉ်သားရဲ (၇) ကောင်အား ကျွေးမွေးပြုစုရန်။ (၃) တပည့်များအား စစ်ဆေးအကဲဖြတ်ရန်။]
[တာဝန်သက်တမ်း - (၃) လ]
[တာဝန်ဆုလာဘ် - သွေးကြောအားဖြည့်ဆေးလုံး (၃) လုံး၊ မူလခိုင်မာဆေးလုံး (၁၀) လုံး၊ ‘ဒုတိယ ချီပင်လယ် - အောက်တွဲ’၊ တတိယအဆင့် သိုင်းနည်းစနစ် ‘ကောင်းကင်လမင်းရိုက်ချက်’၊ လျှို့ဝှက်နည်းစနစ် ‘ဘုံရန်သူ’၊ အထူးအဆင့်ရှိ အလယ်အလတ် အဆင့် ဝိဉာဉ်လက်နက် (၁) ခု။]
[မှတ်ချက် - တာဝန် တစ်ခုချင်းစီ ပြီးမြောက်တိုင်း အထူးလက်ဆောင်ထုပ် တစ်ထုပ်စီ ရရှိမည်။ တာဝန် (၃) ခုလုံး ပြီးမြောက်မှသာ အထက်ပါ ဆုလာဘ်အားလုံးကို တစ်ပြိုင်တည်း ရရှိမည် ဖြစ်သည်။]
ဤအချက်အလက်များကို မြင်သောအခါ ယဲ့ဖုန်းမှာ အနည်းငယ် ဝေခွဲမရ ဖြစ်သွားလေ၏။
‘ငါက ဒုတိယအဆင့် တာဝန်ဆိုတော့ ကြယ်အဆင့်ဂိုဏ်း ဖြစ်ဖို့ တိုက်ရိုက် ခိုင်းမယ် ထင်နေတာ။ အခုတော့ မဟုတ်သေးပါလား။ ကြယ်အဆင့်ဂိုဏ်း ဖြစ်ဖို့ သတ်မှတ်ချက်တွေက ဒီလောက်တောင် မြင့်မားနေတာလား...’
ယဲ့ဖုန်း စိတ်ထဲမှ မကျေမနပ် ရေရွတ်လိုက်မိလေ၏။
“မြူခိုးဂိုဏ်းဟာ လောလောဆယ်မှာ အဆင့်မြင့်ဂိုဏ်းအဆင့်ကို ခြေစုံပစ်ဝင်ရုံပဲ ရှိပါသေးတယ်။ ကြယ်အဆင့်ဂိုဏ်း ဖြစ်ဖို့ဆိုတာ တကယ့်ကို ကြီးမားတဲ့ ကွာဟချက် ရှိနေပါသေးတယ်...”
စနစ်က ရှင်းပြလာလေ၏။
“နားလည်ပါပြီဟေး...” ယဲ့ဖုန်း ခေါင်းညိတ်လိုက်လေ၏။
အသေအချာ စဉ်းစားကြည့်လိုက်သောအခါ ဒါဟာ အဓိပ္ပာယ်ရှိလှပေသည်။
ကြယ်အဆင့်ဂိုဏ်း ဖြစ်ဖို့သာ လွယ်ကူနေပါက ရေပေါ်ဖြူမြို့တော်ရှိ အဆင့်မြင့်ဂိုဏ်း (၃) ဂိုဏ်းမှာ မြို့စားမင်းအိမ်တော်၏ လက်အောက်တွင် ရှိနေ ပါတော့မည်လော။
ခြုံငုံကြည့်လျှင် ရေပေါ်ဖြူမြို့တော်၌ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် စတုတ္ထအဆင့် ရှိသော လျှို့ဝှက်ဆန်းကြယ်သည့် မြို့စားမင်း၊ ဓာတ်ကြီးငါးပါး အဆင့်ရှိသော ဒုတိယမြို့စားမင်းနှင့် ဂိုဏ်းချုပ် (၃) ဦး အပါအဝင် အခြားသော ပညာရှင်များစွာ ရှိနေလေ၏။
ဤအင်အားစု အားလုံး ပေါင်းစည်းလိုက်ပါက သာမန် ကြယ်တစ်ပွင့် အဆင့် ရှိသော ဂိုဏ်း တစ်ခုနှင့် ညီမျှနေပေလိမ့်မည်။
ယဲ့ဖုန်းသည် ကြယ်အဆင့်ဂိုဏ်း အကြောင်းကို ဆက်မတွေးတော့ဘဲ တစ်ဆင့်ချင်းစီသာ တိုးတက်ရန် ဆုံးဖြတ်လိုက်လေ၏။
ထို့ကြောင့် သူသည် တာဝန် (၃) ခု၏ အသေးစိတ် ဖော်ပြချက်များကို စစ်ဆေးလိုက်၏။
ပထမအချက် - ဂုဏ်သတင်းအမှတ် (၁၀၀၀၀) ကျော်လွန်ရန်။
“ဒါကတော့ ရှင်းပါတယ်။ ဂိုဏ်းရဲ့ နာမည်ကျော်ကြားမှုကို မြှင့်တင်ရုံပဲလေ။ လောလောဆယ် ငါတို့ရဲ့ အမှတ်က (၃၀၀၀) ကျော်နေပြီ ဆိုပေမဲ့ (၁၀၀၀၀) ပြည့်ဖို့ကတော့ အတော်လေး လိုသေးတာပဲ...”
ဒုတိယအချက် - ဝိဉာဉ်သားရဲများကို ပြုစုပျိုးထောင်ရန်။
နတ်ဆိုးဗိုလ်ချုပ် ( ၂ ) ကောင်လား။
ဤအချက်မှာ ယဲ့ဖုန်းအတွက် အနည်းငယ် အကျပ်ရိုက်စေလေ၏။
‘လက်ရှိမှာ မြူခိုးဂိုဏ်းမှာ ဝိဉာဉ်သားရဲ (၈) ကောင်ပဲ ရှိတာ။ အစ်ကိုကြီး ခေါင်းပြားက နတ်ဆိုးဗိုလ်ချုပ် ဖြစ်သွားရင်တောင် ကျန်တဲ့သားရဲ (၇) ကောင်လုံးက အဆင့်မြင့် နတ်ဆိုးစစ်သည်တွေ ဖြစ်လာမှာ။ ဒါဆိုရင် နတ်ဆိုးဗိုလ်ချုပ်အဆင့် သားရဲ (၁) ကောင် လိုနေသေးတာပေါ့...’
‘ဒါ့အပြင် ဂုဏ်သတင်းအမှတ် (၁၀၀၀၀) ကျော်မှသာ ဝိဉာဉ်သားရဲဆောင်က နောက်ထပ် သားရဲတွေကို လက်ခံနိုင်မှာလေ...’
‘ခြုံငုံကြည့်ရင် ဒီတာဝန်က တကယ့်ကို စိန်ခေါ်မှုကြီးပဲ။ အချိန် ဘယ်လောက်ယူရမလဲ ဆိုတာက ဂုဏ်သတင်းအမှတ် ဘယ်လောက်မြန်မြန် တိုးမလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်နေတော့တာပဲ...’
ယဲ့ဖုန်းသည် နောက်ဆုံးတာဝန်ကို လှမ်းကြည့်လိုက်လေ၏။
[ခေါင်းစဉ်ခွဲတာဝန် - တပည့်များအား စစ်ဆေးအကဲဖြတ်ခြင်း]
[ဖော်ပြချက် - ဂိုဏ်းတစ်ခု၏ ကြီးထွားမှုသည် တပည့်များ၏ တိုးတက်မှုနှင့် ကင်းကွာ၍ မရနိုင်ချေ။ လောလောဆယ် ဂိုဏ်းတွင် ပြင်ပစည်းတပည့် (၃) ဦးနှင့် စာရင်းသွင်းတပည့် (၉) ဦး၊ စုစုပေါင်း (၁၂) ဦး ရှိသည်။]
[တာဝန်သတ်မှတ်ချက် - စနစ်မှ တာဝန်များကို အလိုအလျောက် သတ်မှတ်ပေးလိမ့်မည်။ (၃) လအတွင်း စာရင်းသွင်းတပည့် အားလုံးသည် မိမိတို့နှင့် သက်ဆိုင်သော တာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်ပြီး ပြင်ပစည်းတပည့်များ ဖြစ်လာရမည်။ လက်ရှိ ပြင်ပစည်းတပည့် (၃) ဦးထဲမှ အနည်းဆုံး တစ်ဦးသည် အတွင်းစည်းတပည့်အဖြစ်သို့ တိုးမြှင့်ခံရမည်။]
ယဲ့ဖုန်းသည် အောက်ဘက်ရှိ ရှည်လျားလှသော အချက်အလက်များကို ဆက်လက် ဖတ်ရှုလိုက်လေ၏။ တပည့် (၁၂) ဦးလုံးအတွက် သီးသန့်တာဝန်များကို စနစ်တကျ အကွက်ချ သတ်မှတ်ပေးထားသည်ကို တွေ့ရသည်။
“ဒီတာဝန် (၃) ခုထဲမှာ တပည့်တွေကို စစ်ဆေးတဲ့ တာဝန်က အလွယ်ဆုံးပဲ။ တစ်လအတွင်းမှာ အကုန် ပြီးနိုင်တယ်...”
“ဒါ့အပြင် တပည့်တွေ အပြင်ထွက်ပြီး တာဝန်ထမ်းဆောင်ရင်းနဲ့ နတ်ဆိုးတွေကို နှိမ်နင်းမယ်၊ မကောင်းမှုတွေကို ဖယ်ရှားမယ်ဆိုရင် ဂိုဏ်းရဲ့ ဂုဏ်သတင်းကလည်း တစ်ဟုန်ထိုး တိုးတက်လာမှာပဲ။ ဒါဟာ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲပေါ့လေ...”
ယဲ့ဖုန်းသည် အားရကျေနပ်စွာဖြင့် အဖြူရောင် သင်ပုန်းတစ်ခု၏ ရှေ့တွင် ရပ်လိုက်ပြီး စုတ်တံကို ကိုင်လျက် တပည့်များအတွက် တာဝန်များကို စနစ်တကျ ရေးဆွဲလိုက်လေတော့သတည်း။
*
မြူခိုးတောင်ထိပ်ရှိ မြက်ခင်းပြင်ပေါ်၌ ဖြစ်လေ၏။
ကျောက်ကျားရှီးသည် ဆန်းကြယ်သော လှုပ်ရှားမှုတစ်ခုကို ပြုလုပ်နေလေ၏။ သူသည် မြင်းစီးဟန် ဖြင့် ရပ်လျက် ပေါင်ချိန် တစ်ထောင်ခန့် လေးလံသော ကျောက်တုံးကြီးအား လက်နှစ်ဖက်ဖြင့် မြှောက်ထားလေ၏။ သူ၏ ခန္ဓာကိုယ်မှာ ကျောက်ရုပ်ကြီးပမာ မလှုပ်မယှက် တည်ငြိမ်နေ၏။
ဒါဟာ ‘ရှေးဟောင်းနတ်ဘုရား ခန္ဓာကိုယ်ကျင့်စဉ်’ ၏ ပထမဆုံးသော လှုပ်ရှားမှုပင် ဖြစ်ချေသည်။
‘ပထမဆုံး လှုပ်ရှားမှုက ရိုးရှင်းပါတယ်။ ကိုယ့်အင်အားရဲ့ အကန့်အသတ်မှာ ရှိတဲ့ ကျောက်တုံးကြီးကို မြှောက်ထားပြီး အမွှေးတိုင် တစ်ဝက်လောင်ကျွမ်းတဲ့အထိ တောင့်ခံထားရမှာ။ အဲ့ဒါမှ တစ်ကြိမ် အောင်မြင်တယ်လို့ သတ်မှတ်တာ...’
‘ငါ အကြိမ် (၁၀၀) ပြည့်အောင် ဇွဲရှိရှိ လေ့ကျင့်နိုင်ရင် ငါ့ရဲ့ အကန့်အသတ်ကို ထပ်ပြီး ကျူးလွန်ကျော်ဖြတ်နိုင်လိမ့်မယ်။ အဲ့ဒီအခါကျရင် ခန္ဓာကိုယ်ကျင့်ကြံခြင်း ဒုတိယအဆင့်ကို ရောက်ပြီပေါ့...’
‘တစ်နေ့မှာ (၁၂) နာရီ ရှိတယ်။ အမွှေးတိုင် (၂) တိုင် လောင်တဲ့အချိန်က (၁) နာရီနဲ့ ညီမျှနေတာပဲ။ ငါသာ အစားမစား၊ ရေမသောက်ဘဲ နေ့ရောညပါ ကျင့်ကြံရင် (၃) ရက်အတွင်းမှာ အဆင့်တက်နိုင်မှာပဲ’
‘ခန္ဓာကိုယ်ကို ကျင့်ကြံမယ်... စိတ်ဝိညာဉ်ကို ကျင့်ကြံမယ်... ခန္ဓာကိုယ်ကို ကျင့်ကြံခြင်းကသာ သူတစ်ပါးထက် သာလွန်စေမှာပဲ’
ကျောက်ကျားရှီးသည် မေးရိုးများ တင်းတင်းကြိတ်ကာ မိမိကိုယ်ကို အားပေးရင်း အစွမ်းကုန် တောင့်ခံထားလေ၏။ သူသည် ခန္ဓာကိုယ်ကျင့်ကြံခြင်း ပထမအဆင့်သို့ ရောက်ရှိပြီးနောက် ခွန်အား ပေါင်တစ်ထောင်အထိ ရှိလာသဖြင့် ရှီလေ့အား အကူအညီတောင်းကာ ဤကျောက်တုံးကြီးကို ရှာဖွေပြီး အခက်ခဲဆုံးသော ကျင့်ကြံခြင်းကို စတင်နေခြင်း ဖြစ်ပေသည်။
“ကြည့်စမ်း... ငါတို့ရဲ့ ညီလေးက တကယ့်ကို ပြင်းထန်တာပဲ။ အခုမှ ပထမအဆင့် ရောက်တာကို ပေါင်တစ်ထောင်လေးတဲ့ ကျောက်တုံးကြီးကို မြှောက်ထားနိုင်တယ်...”
“သူ ပြောတာကတော့ အကြိမ် (၁၀၀) ပြည့်မှ ဒုတိယအဆင့် ရောက်မှာတဲ့။ ခန္ဓာကိုယ် ကျင့်ကြံရတာက ချီကျင့်ကြံတာထက် အများကြီး ပိုခက်ခဲပုံရတယ်...”
တပည့်များမှာ ခန်းမဆောင်ရှေ့တွင် ထိုင်ကာ ကျောက်ကျားရှီး၏ ကျင့်ကြံမှုကို ချီးကျူးသော မျက်လုံးများဖြင့် ကြည့်နေကြလေ၏။
မိမိကိုယ်ကို အလွန်ပင် ကြိုးစားသည်ဟု မှတ်ယူထားသော ဟိုယွင်ကျဲပင်လျှင် ယခုတစ်ခေါက်တွင်တော့ အရှုံးပေးလိုက်ရလေတော့သတည်း။
“အော်... သူ ကျင့်ကြံနေပြီပဲ...”
ထိုအခိုက်အတန့်၌ ယဲ့ဖုန်းသည် ခန်းမဆောင်ကြီးအတွင်းမှ ထွက်လာပြီး စာများ ရေးသားထားသော သင်ပုန်းကို နံရံတွင် ချိတ်လိုက်လေ၏။
ကျောက်ကျားရှီး ကျင့်ကြံနေသည်ကို မြင်သောအခါ သူသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်မိ၏။
“ဂိုဏ်းချုပ်... ဒါက ဘာလဲ ခင်ဗျာ...”
တပည့်များမှာ သင်ပုန်းနားသို့ စုအုံလာကြလေ၏။
“ဒါက တပည့်များ တာဝန်ထမ်းဆောင်ရမယ့် သင်ပုန်းပဲ။ ဒီနေ့ကစပြီး မင်းတို့ဟာ ဂိုဏ်းရဲ့ တာဝန်တွေကို ယူရမယ်။ ဒါဟာ မင်းတို့ကို ငါ စစ်ဆေးအကဲဖြတ်မယ့် စာမေးပွဲပဲ...”
ယဲ့ဖုန်းက ပြောလိုက်လေ၏။
“နောက်ဆုံးတော့ တာဝန်တွေ ရပြီပေါ့...”
လုံထျန်းရှင်းသည် ပထမဆုံး ပြေးသွားပြီး သူ၏ အမည်ကို ရှာလိုက်လေ၏။
“လုံထျန်းရှင်း - စာရင်းသွင်းတပည့်။ မိမိ၏ ဝမ်းကွဲအစ်ကို လုံချီထျန်း၏ အားနည်းသူများအပေါ် ကျူးလွန်နှိမ်နင်းနေမှုများကို ချက်ချင်း တားဆီးရမည်။ လုံချီထျန်း နောင်တရလာသည်အထိ ဆောင်ရွက်ရမည်။ တာဝန်ပြီးမြောက်ပါက ပြင်ပစည်းတပည့်အဖြစ် တိုးမြှင့်ပေးမည်...”
လုံထျန်းရှင်းက သူ၏ တာဝန်ကို ကျယ်လောင်စွာ ဖတ်ပြလိုက်လေ၏။
“နင့်ရဲ့ တာဝန်က တော်တော် ခက်တာပဲ။ လုံချီထျန်းလို လူစားမျိုးကို နောင်တရအောင် လုပ်ဖို့ဆိုတာ မလွယ်ဘူးနော်...”
ကျားယွိလန်က မှတ်ချက်ပေးလိုက်ရင်း...
“ကျွန်မ တာဝန်ကတော့ အများကြီး ရိုးရှင်းပါတယ်။ သက်စောင့်မြက် (၅၀) ကို အောင်မြင်အောင် စိုက်ပျိုးရမှာပဲ။ အဲ့ဒါဆိုရင် ကျွန်မလည်း ပြင်ပစည်းတပည့် ဖြစ်ပြီပေါ့...”
“ကြည့်ကြပါဦး... စီနီယာ အစ်ကိုကြီး၊ အစ်ကိုနှစ်နဲ့ အစ်မသုံး တို့ကလွဲရင် ကျန်တဲ့ ကျွန်မတို့ အားလုံးက စာရင်းသွင်းတပည့်တွေပဲ...”
ယန်ရူယွီက သင်ပုန်းကို ညွှန်ပြကာ ရှာဖွေတွေ့ရှိမှုသစ်ကို ပြောပြလိုက်လေ၏။
“မှန်တယ်”
ယဲ့ဖုန်းက ဝင်ပြောလိုက်၏။
“မင်းတို့ အားလုံးက စာရင်းသွင်းတပည့်တွေပဲ ရှိသေးတာ။ ပြင်ပစည်းကို တက်လှမ်းဖို့ဆိုရင် စစ်ဆေးမှုကို ခံယူရမယ်။ ရှီလေ့၊ ဟိုယွင်ကျဲနဲ့ လီကျောက်ကျောက် တို့ကတော့ အတွင်းစည်းတပည့် ဖြစ်လာဖို့အတွက် စစ်ဆေးမှုကို ရင်ဆိုင်ရမှာပဲ...”
“ဂိုဏ်းချုပ်... တာဝန်ပြီးရင် ဆုလာဘ်တွေကော ရှိလားဟင်...”
လုံထျန်းရှင်းက မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်လေ၏။ ယဲ့ဖုန်းက လုံထျန်းရှင်း၏ ခေါင်းကို ခပ်ဖွဖွ ပုတ်လိုက်ရင်း...
“ဒါပေါ့... တာဝန်အတွက် ဆုလာဘ်တွေ ရှိတာပေါ့။ ဘာတွေလဲ ဆိုတာကိုတော့ နောက်မှ သိရမှာပေါ့...”
တကယ်တော့ ယဲ့ဖုန်းအနေဖြင့် ဘာဆုပေးရမလဲဆိုသည်ကို အသေအချာ မစဉ်းစားရသေးချေ။ သို့သော်လည်း သူ၏ ဝိဉာဉ်သတ္တုရိုင်းများကို ဝိဉာဉ်လက်နက်များအဖြစ် ပြုပြင်ပြီးသွားပါက တပည့်
တစ်ဦးချင်းစီအား တစ်ခုစီ ပေးလိုက်လျှင် ဖြစ်နိုင်ပေသည်။
“တာဝန်တွေကို တစ်လအတွင်း အပြီးဆောင်ရွက်ရမယ်။ မင်းတို့ရဲ့ အချိန်ကို စနစ်တကျ အကွက်ချပြီး စီစဉ်ကြစမ်း။ ငါ ပြောစရာကတော့ ဒီလောက်ပဲ...”
စကားဆုံးသည်နှင့် ယဲ့ဖုန်းသည် သူ၏ ခေါက်ကုလားထိုင်ကို ဖြန့်လိုက်ပြီး အေးအေးလူလူ လှဲလျောင်းနေလေတော့သတည်း။
တပည့်များမှာမူ သင်ပုန်းရှေ့တွင် စုဝေးကာ မိမိတို့ ထမ်းဆောင်ရမည့် တာဝန်များကို သည်းသည်းမည်းမည်း ရှာဖွေနေကြလေ၏။
‘အော်... ဒီနေ့အတွက် ဆုတောင်းလေးကို မသုံးရသေးဘူးပဲ။ စနစ်... ငါ့ကို တစ်ခုခု ပေးစမ်းပါဦး၊ ဘာဖြစ်ဖြစ် ရပါတယ်...’
ယဲ့ဖုန်း စိတ်ထဲမှ ဆုတောင်းလိုက်မိလေ၏။ နောက်တစ်ခဏတွင် ယဲ့ဖုန်း၏ လက်ထဲ၌ အနီရောင် ပန်းထိုးထားသော မိန်းမသုံး ရင်စိအင်္ကျီ တစ်ထည် ရုတ်ချည်း ပေါ်လာလေ၏။
မွှေးကြိုင်လှသော အနံ့အသက်များ ထွက်ပေါ်နေသဖြင့် ဒါဟာ ဘယ်ဆီဘယ်က ရောက်လာမှန်း ကောင်းကင်တာအိုသာ သိပေလိမ့်မည်။
‘ခွေးစနစ်’
ယဲ့ဖုန်း၏ ပါးစပ်မှာ တဖျတ်ဖျတ် တုန်သွားရ၏။ သူသည် ထိုအင်္ကျီအား လျှပ်စစ်နှင့် ထိမိသကဲ့သို့ ကပျာကယာ လွှင့်ပစ်လိုက်ရာ အိပ်ပျော်နေသော အစ်ကိုကြီး ခေါင်းပြား၏ ခေါင်းပေါ်သို့ တည့်တည့်ကြီး ကျသွားလေတော့သည်။ ဤဖြစ်ရပ်တစ်ခုလုံးမှာ အလွန်ပင် လျင်မြန်လှသဖြင့် တပည့်များမှာ သတိမထားမိလိုက်ကြချေ။
ခဏမျှ စဉ်းစားပြီးနောက် လုံထျန်းရှင်းသည် သူ၏ ဝမ်းကွဲအစ်ကို လုံချီထျန်း၏ မကောင်းမှုများကို တားဆီးရန်အတွက် ရေပေါ်ဖြူမြို့တော်သို့ ချက်ချင်း သွားရောက်ရန် ဆုံးဖြတ်လိုက်လေ၏။
ထို့ကြောင့် သူသည် ယဲ့ဖုန်းအား ရိုသေစွာ ဦးညွှတ်လိုက်ရင်း...
“ဂိုဏ်းချုပ်... ကျွန်တော် တာဝန်ထမ်းဆောင်ဖို့ သွားပါတော့မယ် ခင်ဗျာ...”
အခန်း (၁၁၇) - ရေပေါ်ဖြူသူရဲကောင်း သုံးဦး... ငါတို့ အောင်မြင်မှုကြီး ရရှိလိမ့်မယ်
~“သွားတော့...”
ယဲ့ဖုန်းက လက်ယမ်းပြကာ ခွင့်ပြုလိုက်လေ၏။
လုံထျန်းရှင်းသည်လည်း ခွင့်ပြုချက်ရသည်နှင့် ‘ပေါ့ပါးသော ခန္ဓာကိုယ် နည်းစနစ်’ ကို အသုံးပြုကာ တောင်အောက်သို့ ရိပ်ခနဲ ပြေးဆင်းသွားပြီး ရေပေါ်ဖြူမြို့တော်ရှိရာ အရပ်သို့ တစ်ဟုန်ထိုး လွင့်ပျံသွားလေတော့သည်။
ခဏအကြာတွင် မိုယင်သည် ယဲ့ဖုန်းအနားသို့ တိုးကပ်လာပြီး ခပ်တိုးတိုး မေးမြန်းလာ၏။
“ဂိုဏ်းချုပ်... ကျွန်မရဲ့ တာဝန်က အဆင့်မြင့်နတ်ဆိုးစစ်သည် တစ်ကောင်ကို တစ်ယောက်တည်း နှိမ်နင်းရမှာ မဟုတ်လားဟင်...”
“မှန်တယ်...”
ယဲ့ဖုန်းက ခေါင်းညိတ်ပြလိုက်လေ၏။ ဤတာဝန်များမှာ စနစ်က သတ်မှတ်ပေးထားခြင်း ဖြစ်ချေသည်။ ‘တပည့်များအား စစ်ဆေးအကဲဖြတ်ခြင်း’ မှာ ဂိုဏ်းချုပ်၏ ဒုတိယအဆင့် တာဝန်များထဲမှ တစ်ခု ဖြစ်လေရာ၊ ယဲ့ဖုန်းအနေဖြင့် ကြီးကြပ်ရုံသာ တတ်နိုင်ပြီး တာဝန်အမျိုးအစားကို ကိုယ်တိုင် ပြောင်းလဲပိုင်ခွင့် မရှိပေ။
သို့သော်လည်း ဤအချက်ကပင် ယဲ့ဖုန်းအား များစွာ ကျေနပ်စေ၏။ ဘာလို့ဆို.. တပည့်တစ်ဦးချင်းစီအတွက် တာဝန်များ ပေးအပ်ရန် ဦးနှောက်ခြောက်အောင် စဉ်းစားနေစရာ မလိုတော့ဘဲ စနစ်၏ အလိုအတိုင်း ကြေညာပေးရုံသာ ရှိတော့သည် မဟုတ်ပါလော။
“တပည့်... အမိန့်ကို နာခံပါ့မယ်...”
မိုယင်သည် ယဲ့ဖုန်းအား လက်ဝါးချင်း ထိကပ်ကာ ရိုသေစွာ နှုတ်ဆက်လိုက်ပြီးနောက် သူမ၏ ‘လေညှင်းစီး ဓားပျံ’ ကို အသုံးပြုလိုက်၏။ ဆူပူသောင်းကျန်းနေသော နတ်ဆိုးသားရဲများရှိရာသို့ ဓားရောင်တစ်ချက် ဝင်းလက်ကာ ပျံသန်းထွက်ခွာသွားလေတော့သည်။
“စီနီယာအစ်မ မို... ခဏနေပါဦး...”
ယန်ရူယွီက မိုယင်အား လှမ်းတားလိုက်ပြီး လက်မခန့်ရှိသော ဝါးပြွန်လေး တစ်ခုကို ကမ်းပေးလိုက်၏။
“ဒီထဲမှာ ဝိဉာဉ်စမ်းရေနဲ့ ကျွန်မရဲ့ အသက်ဝိညာဉ်စွမ်းအားအချို့ ထည့်ထားပါတယ်။ အစ်မအတွက် အကူအညီ ဖြစ်နိုင်မှာပါ...”
“ကျေးဇူးပဲ ညီမလေး...”
မိုယင်သည် ဝါးပြွန်လေးကို သိမ်းဆည်းလိုက်ပြီး ယန်ရူယွီ၏ ပခုံးကို ခပ်ဖွဖွ ပုတ်ကာ ရုတ်ချည်း ပျောက်ကွယ်သွားလေ၏။
“ကျွန်မလည်း အေးဆေးနေလို့ မရတော့ဘူး...”
လီကျောက်ကျောက်သည်လည်း မီးဖိုချောင်သို့ ကပျာကယာ ပြေးဝင်သွားလေတော့သည်။ သူမ၏ တာဝန်မှာ ကျင့်ကြံခြင်းအဆင့်ကို တိုးတက်စေမည့် ဟင်းလျာ တစ်ခု ဖန်တီးရန် ဖြစ်ပြီး၊ ဝိဉာဉ်စားဖိုမှူး ဖြစ်လာရန် ပထမဆုံးသော ခြေလှမ်းပင် ဖြစ်ချေသည်။
ကျန်ရှိသော တပည့်များမှာလည်း ကိုယ်စီကိုယ်စီ အလုပ်ရှုပ်ကုန်ကြတော့၏။
လူတိုင်းတွင် ရည်မှန်းချက် ကိုယ်စီ ရှိနေသည်ကို ကြည့်ကာ ယဲ့ဖုန်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိ၏။
ရှီလေ့၏ တာဝန်မှာ ဂိုဏ်း၏ ကိစ္စအရပ်ရပ်ကို စီမံခန့်ခွဲရန် ဖြစ်လေရာ၊ သူသည် မြူခိုးဂိုဏ်း၏ အုတ်တစ်ချပ် သဲတစ်ပွင့်ပမာ လိုအပ်သည့် နေရာတိုင်းတွင် ပါဝင်ကူညီရန် ဂိုဏ်းပတ်ပတ်လည်ကို လှည့်လည် စစ်ဆေးနေတော့၏။
ရှဟဲနှင့် ချိုကျူ တို့ကမူ ကျားယွိလန်အား ဝိဉာဉ်ဆေးဝါးများ စိုက်ပျိုးရာတွင် ကူညီပေးရမည့်အပြင်၊ အားလပ်ချိန်များ၌ ဝိဉာဉ်သားရဲများကို အစာကျွေးရန် တာဝန်ယူရမည် ဖြစ်ချေသည်။
ယန်ရူယွီက ဝိဉာဉ်ဆေးဝါးများ စိုက်ပျိုးရင်း ဒဏ်ရာရသော တပည့်အနည်းဆုံး တစ်ဦးအား ကုသပေးရန် တာဝန်ရထားပြီး၊ အိုးယန်ဖုန်းနှင့် အိုးယန်ယွီ တို့ကမူ စာပေသင်ကြားရင်း ကျင့်ကြံကြရမည် ဖြစ်လေ၏။
နောက်ဆုံးမှ ဝင်ရောက်လာသော ကျောက်ကျားရှီးအတွက် တာဝန်မှာမူ (၃) လအတွင်း ခန္ဓာကိုယ်ကျင့်ကြံခြင်း ဆဋ္ဌမအဆင့်သို့ ရောက်ရှိရန် ဖြစ်ပါသည်။
ဟိုယွင်ကျဲ၏ တာဝန်မှာမူ ဓားသိုင်းပင် ဖြစ်လေသည် တကား။ (၃) လအတွင်း ‘ဓားဆွဲထုတ်ခြင်း နည်းစနစ်’ ကို အောင်မြင်စွာ တတ်မြောက်ရန် ဖြစ်ပြီး၊ ဤတာဝန်မှာ ဟိုယွင်ကျဲနှင့် အကိုက်ညီဆုံးပင် ဖြစ်ပါသည်။
‘နှလုံးသားထဲမှာ မိန်းမ မရှိရင် ဓားချက်က နတ်ဘုရားပမာ ထက်မြက်လိမ့်မယ်... ဓားကျမ်းရဲ့ ပထမစာမျက်နှာမှာ ရေးထားတာက... မင်းရဲ့ ရင်ထဲက လူကို မေ့ပစ်လိုက်ဖို့ပဲ... ဒါပေမယ့် ငါ လေ့ကျင့်လေလေ၊ တစ်ခုခု လွဲနေသလို ခံစားရလေလေပါလား...’
ဟိုယွင်ကျဲသည် တောင်ထိပ်၌ မတ်တတ်ရပ်ရင်း အတွေးထဲ နစ်ဝင်နေလေ၏။
ကို
ထိုမြင်ကွင်းအား မြင်သောအခါ ယဲ့ဖုန်းက ပြုံးလိုက်ရင်း…
“တောင်အောက်ကို လမ်းဆင်းလျှောက်ပါလား... ဒါမှမဟုတ် ကြွေကျလာတဲ့ သစ်ရွက်ခြောက်တွေကို မင်းရဲ့ ဓားနဲ့ ပိုင်းဖြတ်ကြည့်တာမျိုးပေါ့...”
ဤစကားကို ကြားရသောအခါ ဟိုယွင်ကျဲသည် မိုးတိမ်တိုက်များ ကွဲပြယ်ကာ နေရောင်ခြည်ကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
သူသည် သူ၏ ဓားကို ကိုင်လျက် ရင်ကော့ ခေါင်းမော့လိုက်ပြီး...
“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ဦးလေး...”
ပြောပြောဆိုဆိုနှင့် ဟိုယွင်ကျဲ တောင်ထိပ်မှ ထွက်ခွာသွားလေတော့သည်။
“ရှဲ…ရှဲ…”
(၁၀) မီတာကျော် မြင့်သော သစ်ပင်ကြီး တစ်ပင်အောက်၌ လေ မြည်ဟိန်းသံနှင့်အတူ သစ်ရွက်များ တဖွဲဖွဲ ကြွေကျလာလေ၏။
ဟိုယွင်ကျဲ၏ မျက်လုံးများ စူးရှသွားပြီး သူ၏ ‘အေးစက် အလင်းဓား’ မှာ ရုတ်ချည်း ထွက်ပေါ်လာတော့သည်။
“ရွှစ်…”
ဓားချက်က လျင်မြန်လှသော်လည်း သစ်ရွက် တစ်ရွက်ကိုပင် မထိမှန်လိုက်ချေ။
“ဟာ... ဒါ... ဒါက...”
ဟိုယွင်ကျဲ ဆွံ့အသွားရလေ၏။ သစ်ရွက်အားလုံးကို တစ်ချက်တည်းနှင့် ပိုင်းဖြတ်ရန် ကြံရွယ်ခဲ့သော်လည်း အမှန်တကယ်တွင် သစ်ရွက် တစ်ရွက်ကိုမှ မထိခဲ့ခြင်း ဖြစ်ပေသည်။
‘ညီမလေး မိုယင် ပြောဖူးတာက စိတ်ကို အေးချမ်းအောင် ထားရမယ်တဲ့။ ဒါဟာ ဓားကျမ်းရဲ့ ပထမစာမျက်နှာက ဆိုလိုရင်းပဲ ဖြစ်ရမယ်...’
ဟိုယွင်ကျဲသည် သူ၏ ဓားကို ပြန်သိမ်းလိုက်ပြီး မျက်လုံးမှိတ်ကာ လေအဝေ့ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေလေတော့သည်။
“ဝေါ..”
လေပြင်းတစ်ချက် အဝေ့တွင် သစ်ရွက်များ အချင်းချင်း ထိခိုက်သံနှင့်အတူ သစ်ရွက်ခြောက်အချို့ ကြွေကျလာလေ၏။
ဟိုယွင်ကျဲ အသက်မရှူတမ်းပင် စိတ်အာရုံဖြင့် ထိုသစ်ရွက်များကို သည်းသည်းမည်းမည်း ခြေရာခံလိုက်လေ၏။ တဆက်တည်း၌၊ လေပေါ်သို့ လွှားခနဲ ခုန်တက်ရင်း ဓားကို တစ်ပြိုင်တည်း ဆွဲထုတ်လိုက်လေတော့သတည်း။
အေးစက် အလင်းဓားသည် ကောင်းကင်ယံ၌ ဆန်းကြယ်လှသော အဝိုင်းပုံသဏ္ဍာန် ဓားရောင်တစ်ချက် ဝင်းလက်သွားစေကာ ထိုသစ်ရွက်များကို တိတိကျကျ ပိုင်းဖြတ်ပစ်လိုက်လေ၏။
‘ငါ တိုးတက်လာပြီဟေ့’
ဟိုယွင်ကျဲ ဝမ်းသာအားရ ဖြစ်သွားပြီးနောက် ရရှိလာသော ခံစားချက်ကို လက်မလွှတ်ဘဲ ဓားသိုင်းကို ဆက်လက် ကျင့်ကြံနေလေတော့သည်။
*
ရေပေါ်ဖြူ မြို့တော်၌ကား၊
မြို့သားလေး လုံထျန်းရှင်း ပြန်ရောက်လာတော့၏။ သူသည် သူ၏ ငွေရောင်ဆံပင်များကို ဖုံးကွယ်ရန် ဝတ်ရုံနက်ကို ခြုံထားပြီး၊ လမ်းသွားလမ်းလာများကို တီးခေါက်ကြည့်ရာ သူ၏ ဝမ်းကွဲအစ်ကို လုံချီထျန်းမှာ မြို့အပြင်ဘက်၌ သောင်းကျန်းနေကြောင်း သိလိုက်ရ၏။
‘အစ်ကို... လမ်းမှားကို ဆက်မလျှောက်ပါနဲ့တော့...’
လုံထျန်းရှင်းသည် ခပ်ဖွဖွ ရေရွတ်လိုက်ရင်း ‘ပေါ့ပါးသော ခန္ဓာကိုယ် နည်းစနစ်’ ကို အသုံးပြုကာ အပြင်းနှင် ထွက်ခွာသွားလေတော့သည်။
—--
ရေပေါ်ဖြူမြို့တော်၏ တောင်ဘက် (၁၀) မိုင်ကျော် အကွာတွင် ‘တာဖုန်း’ အမည်ရှိ ရှေးဟောင်းမြို့လေးတစ်မြို့ ရှိလေ၏။ တောင်ဘက်အရပ်မှ လာသော ကုန်သည်အုပ်စု အားလုံးမှာ မြို့ထဲသို့ မဝင်မီ ဤနေရာ၌ ခဏနားလေ့ရှိသဖြင့် ကျင့်ကြံသူများနှင့် ကုန်သည်များစွာ စုဝေးရာ နေရာဖြစ်နေပေသည်။
ထိုအခိုက်အတန့်၌ တည်းခိုခန်း တစ်ခုအတွင်း...
လုံချီထျန်းသည် စားပွဲတစ်ခုတွင် ထိုင်နေသည်။ သူ့ ဘေး၌ ရမ်းကားသော ပုံစံရှိသည့် လူငယ်နှစ်ဦး ရှိနေ၏။ သူတို့အားလုံးမှာ ချီစုစည်းခြင်းအဆင့် ပဉ္စမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေကြသူများ ဖြစ်ချေသည်။
ယဲ့ဖုန်းသာ ဤနေရာ၌ ရှိနေပါက ထိုလူငယ်နှစ်ဦးကို ဧကန်မလွဲ မှတ်မိပေလိမ့်မည်။
တစ်ဦးမှာ ကျားယွိလန်၏ ‘သက်စောင့်ကျည်ဆန်’ ဒဏ်ကြောင့် လွင့်စင်ခဲ့ရဖူးသော လီဟန်ရှောင် ပင်ဖြစ်လေ၏။
ထိုစဉ်ကတည်းက သူသည် ရေပေါ်ဖြူမြို့တော်မှာ မနေရဲတော့ဘဲ ဤနေရာ၌ ဂိုဏ်းငယ်လေး တစ်ခု ထောင်ကာ အေးအေးလူလူ နေထိုင်နေခြင်း ဖြစ်ချေသည်။
အခြားတစ်ဦးမှာမူ အလယ်အဆင့်ရှိသော ရွှမ်ယွင်ဂိုဏ်းမှ ဒုတိယတပည့် ‘ဝူတေ’ ပင် ဖြစ်လေ၏။
“မိတ်ဆွေလီက ဒီမြို့လေးမှာ ‘ဟွမ်းရှောက်ဂိုဏ်း’ ကို တည်ထောင်ပြီး၊ ကျင့်ကြံသူတွေရော၊ သိုင်းပညာရှင်တွေကိုပါ အုပ်စိုးနေတာပဲ။ မိန်းမလှလေးတွေကိုတောင် သိမ်းပိုက်ထားနိုင်တယ်ဆိုတော့ တကယ့်ကို နေပျော်တဲ့ ဘဝပါပဲလား...”
လုံချီထျန်းက ပြောလိုက်လေ၏။
ဝူတေကလည်း “ဟုတ်ပါရဲ့... တကယ်ကို အားကျစရာပဲဗျာ...” ဟု ဝင်ပြောလေ၏။
“ဘာတွေ အားကျနေတာလဲကွာ...”
လီဟန်ရှောင်က စားပွဲကို ဝုန်းခနဲ ထုလိုက်ရင်း မကျေမနပ် ပြောလေ၏။
“ကဲ... စကားတွေ အများကြီး ပြောမနေနဲ့တော့။ ငါတို့ ‘ရေပေါ်ဖြူသူရဲကောင်း သုံးဦး’ စုမိကြတာ ဘာလုပ်ဖို့လဲ ဆိုတာပဲ ပြောတော့...”
ဝူတေသည်လည်း စိတ်ဝင်တစားဖြင့် အစီအစဉ်ဆွဲသူ လုံချီထျန်းအား မမှိတ်မသုန် ကြည့်လိုက်လေ၏။
“ငါက တကယ့် ဂိုဏ်းအစစ်အမှန် တစ်ခုကို တည်ထောင်ချင်တာ။ ဒီလို ဂိုဏ်းစုတ်တွေနဲ့တော့ ငါတို့ အဆင့်အတန်းက မတန်ဘူးလေ...”
လုံချီထျန်းက ရင်ကော့ ခေါင်းမော့ကာ သူ၏ ရည်မှန်းချက်ကို ဖွင့်ဟဝန်ခံလိုက်၏။
“ငါတို့ သုံးယောက်တည်းနဲ့လား...” ဝူတေ ဆွံ့အသွားရလေ၏။
“အုန်း…”
“ဘာလို့ မရမှာလဲ...”
လုံချီထျန်းက စားပွဲကို ထပ်မံ ထုလိုက်ပြန်၏။
“ယဲ့ဖုန်းတောင်မှ နိမ့်ကျတဲ့ဂိုဏ်းကို အဆင့်မြင့်ဂိုဏ်း ဖြစ်အောင် လုပ်နိုင်ခဲ့တာပဲ။ ငါတို့ ရေပေါ်ဖြူသူရဲကောင်း သုံးဦးစလုံးက ပါရမီရှင်တွေပဲလေ။ အဆင့်နိမ့်ဂိုဏ်း တစ်ခုတောင် မတည်ထောင်နိုင်ဘူးလို့ မင်း ပြောချင်တာလား...”
“ငါတို့က ချီစုစည်းခြင်း ပဉ္စမအဆင့်ပဲ ရှိသေးတာလေ။ ယဲ့ဖုန်းကတော့ ရွေးချယ်ခံရသူ တစ်ယောက်ပဲ၊ ငါတို့ သူ့ကို ယှဉ်လို့ မရပါဘူး...”
ဝူတေက လက်မြှောက် ဟန့်တားကာ ငြင်းဆိုလေ၏။
လီဟန်ရှောင်မှာမူ ယဲ့ဖုန်း၏ နာမည်ကို ကြားတိုင်း ကျားယွိလန်ကို သတိရကာ၊ သူ၏ အဝတ်အစားများ စုတ်ပြတ်သတ်ပြီး လမ်းလယ်ခေါင်၌ ‘ကြီး’ (大) ဆိုသည့် စာလုံးပုံစံအတိုင်း လှဲနေခဲ့ရသည့် အရှက်ကွဲမှုကြီးကို ပြန်လည် အမှတ်ရလျက် လက်သီးကို တင်းတင်းဆုပ်ထားမိလေတော့သည်။
“ဒီတောင်ခြေမြို့လေးကို အခြေစိုက်ပြီး ဘေးပတ်လည်က ဂိုဏ်းငယ်လေးတွေကို အရင် နှိမ်နင်းမယ်။ ပြီးရင် ငါတို့ရဲ့ သြဇာကို တဖြည်းဖြည်း ချဲ့ထွင်မယ်။ ငွေတွေ အလုံအလောက် ရလာပြီဆိုရင်တော့ ဝိဉာဉ်ကျောက်တုံးတွေနဲ့ လဲပြီး၊ ကျင့်ကြံခြင်းအဆင့် တိုးတက်ဖို့ ဆေးလုံးတွေ ဝယ်ကြတာပေါ့...”
လုံချီထျန်းက ဆက်ပြောလေ၏။
“ပြီးရင်ရော ဘာဆက်လုပ်မှာလဲ...” ဝူတေ ထပ်မေးလိုက်၏။
“ပြီးရင်လား... ငါတို့ သုံးယောက်လုံး သတ္တမအဆင့်ကို ရောက်တာနဲ့ ရေပေါ်ဖြူမြို့ပြင်က အဆင့်နိမ့်ဂိုဏ်း တစ်ခုခုကို စိန်ခေါ်မယ်။ အနိုင်ရတာနဲ့ အဲ့ဒီဂိုဏ်းရဲ့ ပိုင်ဆိုင်မှုတွေကို ငါတို့ သိမ်းပိုက်လိုက်ရုံပဲ မဟုတ်လား...”
လုံချီထျန်းက အကြံကြီးသော အပြုံးဖြင့် ပြောလိုက်လေ၏။
“ကောင်းတဲ့ အစီအစဉ်ပဲ... လုပ်ကြတာပေါ့”
လီဟန်ရှောင်က နောက်ဆုံးတွင် သဘောတူလိုက်လေ၏။
သူသည် အတိတ်က ကိစ္စများကို ပြန်လည် လက်စားချေရန် ကြံစည်နေတော့၏...။
“ရေပေါ်ဖြူသူရဲကောင်း သုံးဦးက ဧကန်မလွဲ အောင်မြင်မှုကြီး ရရှိလိမ့်မယ်။ ငါတို့သာ လက်တွဲရင် ဘာမဆို ဖြစ်နိုင်တယ်”
“ဒါပေါ့... ဖြစ်နိုင်တာပေါ့”
လုံချီထျန်း မတ်တတ်ရပ်လိုက်၏။
“ဒါဆို ဒီနေ့ပဲ တာဖုန်းမြို့ထဲက ဂိုဏ်းတွေကို စတင် နှိမ်နင်းကြစို့...”
ထိုသူနှစ်ဦး၏ လှုံ့ဆော်မှုကြောင့် ဝူတေလည်း သဘောတူလိုက်လေတော့သည်။ မကြာမီမှာပင် ထိုသုံးဦးမှာ သူတို့၏ အရှိန်အဝါများကို ထုတ်ဖော်လျက်၊ လက်ပါးစေ (၁၀၀) ကျော်ကို ဦးဆောင်ကာ တာဖုန်းမြို့အတွင်းရှိ ဂိုဏ်းများကို စတင် တိုက်ခိုက်လေတော့သတည်း။
ထိုဂိုဏ်းများမှာ ကျင့်ကြံသူ မရှိသလောက် ရှားပါးလှသဖြင့် ပဉ္စမအဆင့် သိုင်းပညာရှင် သုံးဦးကို မည်သို့မျှ မယှဉ်နိုင်ကြချေ။
နာရီဝက်ခန့်အတွင်းမှာပင် အင်အားစု အများစုမှာ နှိမ်နင်းခြင်း ခံလိုက်ရ၏။ မြို့လေးတစ်ခုလုံးမှာလည်း မွှေနှောက်ချောက်ခြားကာ လူအများမှာ ထိတ်လန့်တုန်လှုပ်နေကြရလေတော့သည်။
ယခုအခါ နောက်ဆုံး ကျန်ရှိသော အင်အားစုမှာ ‘ဝတ်ရုံဖြူဂိုဏ်း’ ဖြစ်လေ၏။ ထိုဂိုဏ်းမှာ အမျိုးသမီးများသာ ရှိသော ဂိုဏ်းဖြစ်ပြီး ဂိုဏ်းချုပ်မှာ ချီစုစည်းခြင်း ပဉ္စမအဆင့်သို့ ရောက်ရှိနေသူ ဖြစ်ချေသည်။
“ဘုန်း”
ဝတ်ရုံဖြူဂိုဏ်း၏ တံခါးမကြီးမှာ ဝုန်းခနဲ ပျက်စီးသွားပြီး လုံချီထျန်း၊ လီဟန်ရှောင်နှင့် ဝူတေတို့မှာ လူအုပ်ကြီးကို ဦးဆောင်ကာ ညာသံပေးလျက် အထဲသို့ ထိုးဖောက်
ဝင်ရောက်လာကြလေတော့သည်။
“နင်တို့ ဘာလုပ်ချင်တာလဲ...”
ဝတ်ရုံဖြူဂိုဏ်းချုပ်မှာ လှပသော လူလတ်ပိုင်း အမျိုးသမီးတစ်ဦး ဖြစ်လေ၏။ သူမသည် လေထဲ၌၊ လက်ဟန် တစ်ခုကို အမြန်ဖော်ထုတ်လိုက်ပြီး သူမ၏ ရှေ့တွင် အကာအကွယ် အလွှာ တစ်ခုကို ဖန်တီးကာ နောက်ကွယ်မှ တပည့်မလေး (၁၀) ဂဏန်းခန့်ကို စနစ်တကျ ကာကွယ်ထားလေ၏။
“ငါ့ရဲ့ လက်အောက်ကို ဝင်ရင်တော့ မင်းတို့ကို အသက်ချမ်းသာပေးမယ်”
လုံချီထျန်းက ကျယ်လောင်စွာ ကြေညာလိုက်လေ၏။
မိန်းမလှလေးများစွာကို မြင်သောအခါ လီဟန်ရှောင်၏ မျက်လုံးများမှာ ပြူးထွက်မတတ် ဖြစ်သွားပြီး ရူးသွပ်သော အပြုံးဖြင့်…
“ဒီလို ဝတ်ရုံဖြူဂိုဏ်းမျိုး ရှိနေတာကို ငါ ဘာလို့ အရင်က သတိမထားမိပါလိမ့်...”
“လူယုတ်မာတွေ”
ဝတ်ရုံဖြူဂိုဏ်းချုပ်က ဒေါသတကြီး ဆဲဆိုလိုက်လေ၏။
“စကားတွေ အများကြီး ပြောမနေနဲ့... တိုက်ခိုက်ကြစမ်း”
ဝူတေက သူ၏ လက်ဝါးကို ရုတ်ချည်း ရိုက်ထုတ်လိုက်ရာ ဧရာမ လက်ဝါးရိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဝတ်ရုံဖြူဂိုဏ်းချုပ်၏ အတားအဆီး အလွှာကို ‘ခွတ်’ ခနဲ အသံနှင့်အတူ ရိုက်ခွဲပစ်လိုက်လေတော့သည်။
“အော့”
ဝတ်ရုံဖြူဂိုဏ်းချုပ်မှာ ပြင်းထန်သော ဒဏ်ရာကို ရရှိသွားပြီး ပါးစပ်အပြည့်.. သွေးများ အန်ချလိုက်ရလေ၏။
“ဂိုဏ်းချုပ်”
တပည့်မလေးများမှာ သည်းကြီးမည်းကြီး အော်ဟစ်လိုက်ကြပြီး လုံချီထျန်းတို့ အုပ်စုကို စိမ်းစိမ်းကြည့်လိုက်ကြ၏။
လုံချီထျန်းက လက်ယမ်းပြကာ အမိန့်ပေးလိုက်လေ၏။
“အားလုံးကို ဖမ်းပြီး ကြိုးနဲ့ တုပ်ထားလိုက်စမ်း”
ထိုအခိုက်အတန့်၌ ကလေးဆန်သော်လည်း ဒေါသသံများ ပါဝင်နေသော အသံ တစ်သံသည် တာဖုန်းမြို့လေး တစ်ခုလုံးကို သိမ့်သိမ့်ခါသွားစေကာ လူတိုင်း၏ အာရုံကို ဖမ်းစား
လိုက်လေတော့သတည်း။
“အစ်ကို... အခုချက်ချင်း ရပ်လိုက်ဖို့ ကျွန်တော် အကြံပေးချင်တယ်”