← Chapters

အခန်း (၁၁၈-၁၂၀)

Vol. 8 Ch. 118-120

အခန်း (၁၁၈-၁၂၀)

Vol. 8 Ch. 118-120

အခန်း (၁၁၈) - စီနီယာအစ်မ ပြောတာ အနိုင်တိုက်ဖို့ပဲ၊ အမြန်သွားပြီး မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်ကို အကူအညီတောင်းစမ်း

~“ဘယ်သူ စကားပြောနေတာလဲ”

ဝူတေက အသံပြဲဖြင့် အော်ဟစ် မေးမြန်းလိုက်လေ၏။

လီဟန်ရှောင်မှာမူ ထိုအသံမှာ တစ်နေရာရာတွင် ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသဖြင့် အသံလာရာဘက်သို့ အမြန်ကြည့်လိုက်ရာ... ကောင်းကင်ယံထက်မှ ဝတ်ရုံနက်ခြုံထားသော သေးငယ်သည့် ပုံရိပ်တစ်ခုမှာ ပျံလွှားငှက်ပမာ ပေါ့ပါးစွာ ဆင်းသက်လာသည်ကို တွေ့လိုက်ရလေ၏။

ထိုစဉ်၊ လုံချီထျန်းသည် ထိုသူအား စိမ်းစိမ်းကြည့်လိုက်ရင်း မျက်လုံးများ စူးရှသွားကာ…

“မင်းကိုး... အဖေတူအမေကွဲ ကောင်စုတ်လေး”

“ပါးစပ်ပိတ်ထားစမ်း... ငါ့ကို အဲ့ဒီလို မခေါ်နဲ့”

လုံထျန်းရှင်းက ရုတ်ချည်း ဟိန်းဟောက်လိုက်ရာ သူ၏ ပြာလဲ့သော မျက်ဝန်းအစုံတွင် ဒေါသမီးတို့ တဟုန်းဟုန်း တောက်လောင်လာလေတော့၏။

“ကိုယ့်အဖေ ဘယ်သူမှန်းတောင် မသိတဲ့ သနားစရာကောင်းတဲ့ ပိုးကောင်ကို ဒီလို မခေါ်လို့ ဘယ်လိုခေါ်ရမှာလဲ။ မင်းက မြူခိုးဂိုဏ်းထဲ ဝင်သွားရုံနဲ့ ငါ့အပေါ် လာပြီး ဆရာလုပ်လို့ရပြီ ထင်နေတာလား”

လုံချီထျန်းက မဲ့ပြုံး ပြုံးရင်း လှောင်ပြောင်လိုက်လေ၏။

“ဘာ... သူက မြူခိုးဂိုဏ်းက တပည့်လား”

လူအုပ်ကြီးမှာ အံ့အားသင့်ကာ ဝိုင်းအုံကြည့်ရှုကုန်ကြ၏။ ဝတ်ရုံဖြူဂိုဏ်းချုပ်မှာမူ ချောင်းတစ်ချက် ဆိုးလိုက်ရင်း လုံထျန်းရှင်း၏ သေးငယ်သော ပုံရိပ်ကို ကြည့်ကာ တစ်ခဏအတွင်းမှာပင် သူ့အား ခိုင်ခံ့ထည်ဝါသော အရှိန်အဝါများ လွှမ်းခြုံလာသည်ဟု ခံစားလိုက်ရလေ၏။

“အစ်ကို... အခုချက်ချင်း ရပ်လိုက်ဖို့ ကျွန်တော် အကြံပေးချင်တယ်။ အားနည်းသူတွေကို နှိမ်နင်းနေတာတွေကိုလည်း ရပ်လိုက်ပါတော့”

လုံထျန်းရှင်းသည် သူ၏ ဝတ်ရုံနက်အတွင်းမှ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ တောက်ပသော အလင်းလုံးတစ်ခု စုစည်းလာလေ၏။

“မဟုတ်ရင်တော့... ကျွန်တော် ယဉ်ကျေးနေမှာ မဟုတ်ဘူးနော်”

“သူတောင်းစား.. ရေပေါ်ဖြူသူရဲကောင်း သုံးဦးရဲ့ အလုပ်ကို မင်းက လာတားရဲတယ်ပေါ့လေ”

လုံချီထျန်း စကားမပြောမီမှာပင် လီဟန်ရှောင်က တံတွေး တစ်ချက် ထွေးလိုက်ရင်း ကြိမ်းဝါးလိုက်လေ၏။

“အားလုံး ဝိုင်းတိုက်ကြစမ်း... လုံထျန်းရှင်းကို အပြတ်နှိမ်နင်းပစ်”

ဝူတေကလည်း ညာသံပေး တိုက်ခိုက်လိုက်၏။

“အကြီးအကဲတို့... အဲ့ဒါက မြူခိုးဂိုဏ်းက တပည့်ဗျ။ ကျုပ်တို့ သူတို့ကို သွားမကျူးလွန်သင့်ဘူး ထင်တယ်”

ချီစုစည်းခြင်း တတိယအဆင့်ရှိသော လူလတ်ပိုင်းတစ်ဦးက လက်မြှောက် ဟန့်တားကာ အကြံပေးလိုက်လေ၏။

“ဘာကြောက်စရာ ရှိလဲ။ သူက ငါတို့ အိမ်ရှေ့အထိ လာပြီး ရမ်းကားနေတာလေ။ ငါ့အမိန့်ကို နာခံကြ... အကုန်လုံး ဝိုင်းတိုက်ပြီး ဒီ အဖေတူအမေကွဲ ကောင်စုတ်လေးကို နှိမ်နင်းကြစမ်း”

လုံချီထျန်းက မြည်ဟိန်းလိုက်လေတော့သည်။

“ငါ့ကို အဲ့ဒီလို မခေါ်နဲ့လို့ ပြောထားတယ် မဟုတ်လား”

လုံထျန်းရှင်း၏ မျက်လုံးများမှာ ဒေါသကြောင့် နီမြန်းလာပြီး ‘သက်စောင့်ကျည်ဆန်’ ကို ပစ်လွှတ်လိုက်လေ၏။ ကာလအတန်ကြာ ပြင်းပြင်းထန်ထန် ကျင့်ကြံခဲ့ပြီးနောက် လုံထျန်းရှင်းမှာ ချီစုစည်းခြင်း ဆဋ္ဌမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ချေသည်။ သူ၏ အပြင်းထန်ဆုံးသော စွမ်းအားမှာ လေပြင်းများပမာ တိုးထွက်လာပြီး ရင်ပြင်အတွင်းရှိ သစ်ရွက်ခြောက်များကိုပါ ဝူးခနဲ လွင့်စင်သွားစေတော့၏။

“မဟန်ဘူး... ရှောင်ကြစမ်း”

လုံချီထျန်း၊ လီဟန်ရှောင်နှင့် ဝူတေတို့ သုံးဦးစလုံးမှာ မိမိတို့ ယှဉ်နိုင်မည့်သူ မဟုတ်မှန်း သိလိုက်သဖြင့် ထိတ်လန့်တကြား ရှောင်လိုက်ကြရလေ၏။ သို့သော်လည်း သူတို့နောက်ကွယ်မှ လက်ပါးစေများမှာမူ ပြင်းထန်သော စွမ်းအင်လှိုင်းများ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး မီတာ (၁၀) ကျော်အထိ လွင့်စင်ကာ မြေပြင်ပေါ်သို့ ပျော့ခွေလဲကျကုန်ကြလေတော့သတည်း။

“အံ့မခန်းပါပေတယ်”

ဝတ်ရုံဖြူဂိုဏ်းမှ တပည့်မလေးများမှာ အားကိုးသော မျက်လုံးများဖြင့် ကြည့်နေကြလေ၏။ လုံထျန်းရှင်းမှာ အရပ်မရှည်သော်ငြားလည်း သူတို့ရှေ့တွင် မတ်တတ်ရပ်နေပုံမှာ တောင်ကြီးတစ်လုံးပမာ ခိုင်မာလှပြီး နွေးထွေးလုံခြုံသော ခံစားချက်ကို ပေးစွမ်းနေလေ၏။

“ဂိုဏ်းဂုဏ်သတင်းအမှတ် +၃၅ ရရှိလိုက်ပါပြီ”

မြူခိုးတောင်ထိပ်ပေါ်၌ ယဲ့ဖုန်းသည် စနစ်၏ အသိပေးချက်ကို ကြားလိုက်ရသဖြင့် သူ၏ အိပ်ချင်မူးတူး မျက်လုံးများကို ဖွင့်ကြည့်လိုက်ကာ...

“ဂုဏ်သတင်းအမှတ်တွေ တော်တော်ရတာပဲ၊ မဆိုးပါဘူး... ပြန်အိပ်ဦးမယ်”

ပြောပြောဆိုဆိုနှင့် ယဲ့ဖုန်း တစ်‌ယောက် အိပ်ရာအနေအထားကို ပြောင်းကာ မျက်လုံးပြန်မှိတ်လိုက်လေတော့၏။

တာဖုန်း ရှေးဟောင်းမြို့လေး၌ ဖြစ်လေ၏။

လုံထျန်းရှင်း ‘သက်စောင့်ကျည်ဆန်’ ကို သုံးလိုက်ပြီးနောက် သူ၏ ဝတ်ရုံနက်ခေါင်းစွပ်မှာ နောက်သို့ လန်သွားကာ သူ၏ ငွေရောင်ဆံပင်များနှင့် ပြာလဲ့သော မျက်ဝန်းများကို ဖော်ပြနေတော့၏။

သို့သော်လည်း ဝတ်ရုံဖြူဂိုဏ်းမှ အမျိုးသမီးများမှာ ထိတ်လန့်သွားမည့်အစား ပို၍ပင် လေးစားအားကျသွားကြလေ၏။

“လုံချီထျန်း... မင်းက နောင်တမရဘူးဆိုတော့လည်း စီနီယာအစ်မ မို ပြောသလိုပဲ... ‘မင်း အရှုံးပေးတဲ့အထိ ငါကတော့ ထုရမှာပဲ’”

ပြောပြောဆိုဆိုနှင့် လုံထျန်းရှင်းသည် ‘မြေလျှိုးခြင်းအတတ်’ ကို အသုံးပြုကာ မြေပြင်အတွင်းသို့ ရုတ်ချည်း ပျောက်ကွယ်သွားလေတော့သည်။

“သူ ဘယ်ရောက်သွားတာလဲ”

လုံချီထျန်း၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး ထိတ်လန့်တကြား ပတ်ဝန်းကျင်ကို သည်းသည်းမည်းမည်း ခြေရာခံသော်လည်း လုံထျန်းရှင်း၏ အရိပ်အယောင်ကိုပင် မတွေ့ရချေ။

“ငါ ဒီမှာဟေ့”

လုံထျန်းရှင်းသည် မြေပြင်ပေါ်သို့ ဝုန်းခနဲ ခုန်ထွက်လာပြီး လုံချီထျန်းအား ‘ဝိညာဉ်ချုပ်ကြိုး’ ဖြင့် တုပ်နှောင်လိုက်ကာ လက်သီးချက် (၃) ချက်ကို ဆက်တိုက် ထိုးသွင်းလိုက်လေတော့၏။

“ဘုန်း... ဘုန်း... ဘုန်း”

လုံချီထျန်းမှာ နှာခေါင်းသွေးများ စီးကျကာ မျက်နှာတစ်ခုလုံး ဖူးရောင်သွားရရုံသာမက လုံထျန်းရှင်း၏ ဝမ်းဗိုက်သို့ ကန်ချက်ကြောင့် မြေပြင်ပေါ်တွင် ပုစွန်ထုပ်ကြီးပမာ ကွေးလိမ်ကာ နာကျင်စွာ ညည်းတွားနေရတော့သတည်း။

“သောက်ကလေး.. သေချင်နေပြီလား”

လီဟန်ရှောင်နှင့် ဝူတေတို့မှာ ဘေးတစ်ဖက်တစ်ချက်မှ ခုန်ပျံတိုက်ခိုက်လာကြ၏။

“ဝှစ်”

လုံထျန်းရှင်းသည် မြေလျှိုးခြင်းအတတ်ဖြင့် ထပ်မံ ရှောင်တိမ်းလိုက်ပြန်လေ၏။

လီဟန်ရှောင်နှင့် ဝူတေတို့မှာ သူတို့၏ ပစ်မှတ် လျှပ်တပြက်… ပျောက်ကွယ်သွားသဖြင့် အရှိန်မထိန်းနိုင်ဘဲ တစ်ဦးနှင့်တစ်ဦး ဝုန်းခနဲ တိုက်မိကုန်ကြလေ၏။

“ဒါ အခွင့်အရေးပဲ”

လုံထျန်းရှင်းသည် မြေပြင်မှ ပြန်လည် ထွက်ပေါ်လာပြီး ဧရာမ သက်စောင့်ကျည်ဆန် တစ်ခုကို ပစ်လွှတ်လိုက်ရာ လီဟန်ရှောင်နှင့် ဝူတေတို့မှာ သွေးများ ဝေါ့ခနဲ အန်ချရင်း လွင့်စင်သွားကြလေတော့သတည်း။

“အသုံးမကျတဲ့ အကောင်တွေ... ဒီကောင်က ချီစုစည်းခြင်း ဆဋ္ဌမအဆင့်ပဲ ရှိသေးတာလေ၊ အားလုံး ဝိုင်းဖမ်းကြစမ်း”

လုံချီထျန်းက သူ၏ လက်ပါးစေများကို အော်ဟစ်ခိုင်းစေလိုက်လေ၏။

“ဘယ်သူက ရမ်းကားချဲသလဲ”

လုံထျန်းရှင်းသည် ရှေ့သို့ ခြေလှမ်းတစ်ချက် တိုးလိုက်ရာ မြေပြင်ပင် လှုပ်ခါသွားရ၏။

သူ၏ လက်များက လက်ဟန် ရေးဖော်ကာ သက်စောင့်ကျည်ဆန်ကို ထပ်မံ ပစ်လွှတ်ရန် ပြင်လိုက်သောအခါ ရမ်းကားနေသော လူအုပ်ကြီးမှာ ဒရောသောပါး ထွက်ပြေးကုန်ကြလေတော့သတည်း။

“ကျေးဇူးတင်ပါတယ် လူငယ်သူရဲကောင်းလေး... ဝတ်ရုံဖြူဂိုဏ်းနဲ့ တပည့်ပေါင်းများစွာရဲ့ ကိုယ်စား ကျွန်မ ကျေးဇူးတင်ကြောင်း ဖွင့်ဟဝန်ခံပါရစေ”

ထိုအခိုက်အတန့်၌ ဝတ်ရုံဖြူဂိုဏ်းချုပ်မှာ တပည့်မလေး နှစ်ဦး၏ တွဲကူမှုဖြင့် ရှေ့သို့ ထွက်လာကာ ရိုသေစွာ ဦးညွှတ်လေ၏။

“မလိုပါဘူး ခင်ဗျာ... အားလုံးက ယဉ်ကျေးလွန်းနေပါပြီ”

လုံထျန်းရှင်းမှာ မိန်းမလှလေးများစွာ၏ စိုက်ကြည့်ခြင်းကို ခံနေရသဖြင့် ခေါင်းကို ကုတ်လိုက်ရင်း ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာလေး ရဲတက်လာရှာလေ၏။

“ကောင်စုတ်လေး... သူရဲကောင်းလုပ်ချင်တယ်ပေါ့... ငါ ဒဏ်ရာသက်သာတာနဲ့ မင်းကို အသေသတ်ပြမယ်”

လုံချီထျန်းက မြေပြင်ပေါ်၌ လဲလျောင်းရင်း အသက်ကို သည်းသည်းမည်းမည်း ရှူနေရ၏။

“ငါက ဂိုဏ်းချုပ်ရဲ့ အမိန့်နဲ့ မင်းကို နောင်တရအောင်၊ အားနည်းသူတွေကို မကျူးလွန်အောင် လာလုပ်တာ။ မင်း တကယ်ပဲ ကိုယ့်အမှားကိုယ် သိပြီလား”

လုံထျန်းရှင်းက လုံချီထျန်း၏ ကော်လာကို ဆွဲယူကာ ကျယ်လောင်စွာ မေးလိုက်လေ၏။

“မသိဘူး... ဘယ်တော့မှလည်း မသိဘူး... ငါကတော့ ဒါမျိုးပဲ ထပ်လုပ်မှာပဲ”

လုံချီထျန်းက ခေါင်းမာစွာ ပြန်လည်ချေပလိုက်လေ၏။

“ဖျန်း..ဖျန်း..ဖျန်း..”

စီနီယာအစ်မ မိုယင်၏ ‘အရာရာကို အနိုင်တိုက်ရင် အရှုံးပေးသွားလိမ့်မယ်’ ဆိုသော စကားကို အမှတ်ရသွားသဖြင့် လုံထျန်းရှင်းသည် လုံချီထျန်းအား ပါးရိုက်ချက် (၃) ချက် ဆက်တိုက် ကျွေးလိုက်လေတော့သတည်း။

“အခုရော... အရှုံးပေးပြီလား”

“မပေးဘူး”

“ဖျတ်... ဖျတ်... ဖြယျတ်”

လုံချီထျန်းမှာ ထပ်မံ အရိုက်ခံလိုက်ရပြန်လေ၏။

“အခုရော... အရှုံးပေးပြီလား”

“ပေးပါပြီ... ပေးပါပြီ... အစ်ကို... ကျွန်တော် မှားသွားပါပြီ၊ နောင်တရပါပြီဗျာ”

လုံချီထျန်းမှာ ယခုအခါ ဝက်ခေါင်းပမာ ဖူးယောင်နေပြီ ဖြစ်ရာ၊ ထပ်မံ ရမ်းကားခြင်း မပြုဝံ့တော့ဘဲ လုံထျန်းရှင်းအား ခေါ်ဝေါ်ပုံကိုပင် ပြောင်းလဲလိုက်ရရှာလေတော့သည်။

“မင်း အမှားကို သိပြီဆိုရင်တော့ ငါ့ရဲ့ တာဝန်ကလည်း ပြီးဆုံးသွားပါပြီ”

လုံထျန်းရှင်း စိတ်အေးသွားကာ လုံချီထျန်း၊ လီဟန်ရှောင်နှင့် ဝူတေတို့ကို ဆွဲထူလိုက်လေ၏။

“လမ်းမှာ ဘေးကင်းပါစေ လူငယ်သူရဲကောင်းလေး”

ဝတ်ရုံဖြူဂိုဏ်းမှ လူများမှာ မျက်ရည်များ ဝဲတက်ကာ နှမြောတသသော မျက်လုံးများဖြင့် လက်ယမ်း နှုတ်ဆက် ကျန်ရစ်လေ၏။

အချို့သော တပည့်မလေးများမှာမူ မျက်နှာလေးများ နီမြန်းလျက် လုံထျန်းရှင်းမှတစ်ပါး အခြားသူကို မယူတော့ပါဟု စိတ်ထဲမှ ကျိန်ဆိုနေကြလေတော့သတည်း။

“မစိုးရိမ်ကြပါနဲ့... သူတို့ နောင်တရသွားကြပြီဆိုတော့ ခင်ဗျားတို့ကို လာမနှောင့်ယှက်တော့ပါဘူး”

လုံထျန်းရှင်းက ခပ်ပြုံးပြုံး ပြုံးပြလိုက်လေ၏။

ထို့နောက် လုံထျန်းရှင်းသည် ထိုလူသုံးဦးအား ရေပေါ်ဖြူမြို့တော် တောင်ဘက်တံခါးဝသို့ ခေါ်ဆောင်သွားကာ ထိုနေရာ၌ ပစ်ထားခဲ့ပြီး မြူခိုးတောင်ထိပ်သို့ ပျော်ရွှင်စွာ ပြန်လည် ထွက်ခွာလာခဲ့လေတော့သတည်း။

*

မြူခိုးတောင်ထိပ် ထက်ဝယ်၊

လုံထျန်းရှင်းသည် ဝမ်းသာအားရဖြင့် ယဲ့ဖုန်းအား ဂါရဝပြုလိုက်ကာ...

“ဂိုဏ်းချုပ်... ကျွန်တော့်ရဲ့ တာဝန် ပြီးမြောက်သွားပါပြီ ခင်ဗျာ”

ယဲ့ဖုန်းသည် မျက်လုံးဖွင့်လိုက်ပြီး စနစ်၏ အချက်အလက်များကို မသိမသာ စစ်ဆေးကြည့်လိုက်ရာ လုံထျန်းရှင်း၏ တာဝန်မှာ (၅၀) ရာခိုင်နှုန်းသာ ပြီးမြောက်သေးကြောင်း တွေ့လိုက်ရသဖြင့်...

“မင်းက လုံချီထျန်းကို အသေရိုက်လိုက်ရုံပဲ မဟုတ်လား။ ကံမကောင်းစွာနဲ့ သူက အပြင်ပန်းပဲ အရှုံးပေးလိုက်တာကွ”

“ဗျာ...” လုံထျန်းရှင်း ပါးစပ်အဟောင်းသား ဖြစ်သွားရလေ၏။

ရေပေါ်ဖြူမြို့တော်ရှိ လက်ဖက်ရည်ဆိုင် တစ်ခုအတွင်း။

လုံချီထျန်းသည် စားပွဲတစ်ခုတွင် ထိုင်နေပြီး အစေခံမလေး နှစ်ဦးက သူ့အား ဆေးလိမ်းပေးနေကြလေ၏။

“တောက်... အဲ့ဒီ ကောင်စုတ်လေးကများ လူပုံအလယ်မှာ ငါ့ကို ရိုက်ရဲတယ်ပေါ့။ ဒင်း.. နောင်တရစေရမယ်”

လုံချီထျန်းက ဒေါသတကြီး စားပွဲကို ထုလိုက်ရာ သူ၏ ဒဏ်ရာများကို သွားထိမိသဖြင့် နာကျင်လွန်းကာ အသက်ကို ရှိုက်သွင်းလိုက်ရရှာလေ၏။

“အဲ့ဒီ လုံထျန်းရှင်းက လမ်းမှာ ပိတ်နေသရွေ့တော့ ငါတို့ရဲ့ အစီအစဉ်တွေက မအောင်မြင်နိုင်ဘူးဟ”

ဝူတေက စိတ်ပျက်လက်ပျက် ပြောလိုက်လေ၏။

“ဒါဆိုရင်... နန်လု တောင်တန်းကို သွားပြီး ‘မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်’ ဆီမှာ အကူအညီတောင်းရင် ဘယ်လိုလဲ”

လီဟန်ရှောင်က ရုတ်ချည်း အကြံများသော အပြုံးဖြင့် အကြံပေးလိုက်လေ၏။

“မင်းက မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်ကို သိလို့လား”

လုံချီထျန်းက အစေခံမလေးများကို တွန်းဖယ်လိုက်ရင်း မျက်လုံးများ ပြူးကျယ်ကာ မေးလိုက်၏။

“တစ်နေ့က အစိမ်းရောင် ကျောက်စိမ်းမျှော်စင်မှာ လည်ပတ်ရင်းနဲ့ အဲ့ဒီ နတ်ဆိုးဘုရင်နဲ့ ဆုံခဲ့တာလေ။ သူက နန်လု တောင်တန်းမှာ အိမ်တော်တစ်ခု ဆောက်ထားတယ်လို့ ပြောဖူးတယ်။ ငါတို့ကောင်တွေ သူ့ဆီသွားပြီး ငါတို့ဂိုဏ်းရဲ့ ‘မဟာ အကြီးအကဲ’ လုပ်ပေးဖို့ သွားတောင်းဆိုရင် ဘယ်လိုလဲ”

လီဟန်ရှောင်က ကောက်ကျစ်သော အပြုံးဖြင့် သူ၏ အစီအစဉ်ကို ဖွင့်ဟဝန်ခံလိုက်လေ၏။

“အူးဟူး..ကောင်းလိုက်တဲ့ အကြံပဲဟေ့”

လုံချီထျန်းနှင့် ဝူတေတို့မှာ သဘောတူညီလွန်းသဖြင့် သူတို့၏ ပေါင်ကို ဝုန်းခနဲ ရိုက်လိုက်ကြလေတော့၏။

ထို့နောက် ဒဏ်ရာများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အစေခံမလေး နှစ်ဦးနှင့်အတူ နန်လု တောင်တန်းရှိရာသို့ အရူးအမူး လှည့်ထွက်သွားကြလေတော့သတည်း။

အခန်း (၁၁၉) - နန်လု နတ်ဆိုးဂိုဏ်း တည်ထောင်ခြင်းနှင့် မြေခွေးက ကျားအရှိန်အဝါကို ငှားယူခြင်း

နန်လု တောင်တန်းကြီးမှာ မိုင်ပေါင်းရာချီ ~ရှည်လျားလှပေသည်။

ထိုတောင်တန်း၏ အနောက်မြောက်ဘက်တွင် အမြင့်ပေ (၃၀၀၀) ခန့်ရှိသော တောင်ထိပ်တစ်ခု ရှိပြီး တစ်နှစ်ပတ်လုံး တိမ်မြူများ ဖုံးလွှမ်းကာ ရှုခင်းများမှာ အလွန်ပင် ဖမ်းစားနိုင်စွမ်း ရှိလှ၏။ ထိုတောင်ခါးပန်းတွင် ဆန်းကြယ်သော ဂူဗိမာန်တစ်ခု တည်ရှိလေ၏။

လုံချီထျန်း၊ လီဟန်ရှောင်နှင့် ဝူတေတို့ သုံးဦးမှာ ထိုဂူရှေ့၌ ဒူးထောက်လျက်၊ နှုတ်ခမ်းမွှေး စုတ်ဖွားနှင့် လူလတ်ပိုင်း တစ်ဦးအား ရိုသေကိုးကွယ်သော မျက်လုံးများဖြင့် စိမ်းစိမ်းကြည့်နေကြလေ၏။

“မင်းတို့ ပေးတဲ့ အစေခံမလေး နှစ်ယောက်ကတော့ တကယ် သဘောကျစရာပဲ။ ငါ ‘မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်’ ကတော့ မင်းတို့ တည်ထောင်မယ့် အင်အားစုရဲ့ ‘အထက်တန်း အကြီးအကဲ’ အဖြစ် ခပ်ပြုံးပြုံးနဲ့ပဲ လက်ခံပေးလိုက်ပါ့မယ်”

အသွင်ပြောင်း သားရဲမှာ သူ၏ နှုတ်ခမ်းမွှေးကို အသာအယာ ပွတ်သပ်ရင်း ကျေနပ်အားရသော အပြုံးဖြင့် ပြောလိုက်လေ၏။

“အထက်တန်း အကြီးအကဲကို ဂါရဝပြုပါတယ် ခင်ဗျာ”

သူတို့ သုံးဦးစလုံး ပြိုင်တူ ညီညီညာညာ အော်ဟစ်ကာ ဦးညွှတ်လိုက်ကြရာ မျက်လုံးများတွင် ပျော်ရွှင်မှုများ အတိုင်းအဆမရှိ ပြည့်နှက်နေတော့၏။

“ဒါနဲ့... မင်းတို့ တည်ထောင်မယ့် ဂိုဏ်း နာမည်က ဘာလဲ”

အသွင်ပြောင်း သားရဲက သူ၏ မုတ်ဆိတ်ကို ကစားရင်း စပ်စုမေးမြန်းလိုက်လေ၏။

ထိုအခါ သူတို့ သုံးဦးမှာ တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်ကာ မျက်နှာများ ရှုံ့မဲ့သွားကြရ၏။ အဘယ်ကြောင့်ဆိုသော် သူတို့ တည်ထောင်ချင်သော ဂိုဏ်းအတွက် နာမည်ကို အသေအချာ စဉ်းစားမထားခဲ့သောကြောင့်ပင်။

‘ရေပေါ်ဖြူသူရဲကောင်း သုံးဦး’ ၏ မျက်နှာပျက်နေပုံကို မြင်သောအခါ အသွင်ပြောင်း သားရဲက နှာမှုတ်လိုက်ရင်း…

“မင်းတို့ကတော့ တကယ်ကို အားကိုးလို့ မရတဲ့ ကောင်တွေပဲ။ ကိုယ်ဘာလုပ်နေလဲဆိုတာတောင် ကိုယ်မသိကြဘူး။ ငါ့ကို လာနောက်နေတာလား... ငတုံးတွေ”

“အသက်ချမ်းသာပေးပါ၊ နတ်ဆိုးဘုရင်မင်းကြီး... တောင်းပန်ပါတယ် ခင်ဗျာ”

သူတို့ သုံးဦးမှာ အူယားဖားယား ဦးချရင်း ငိုယို တောင်းပန်ကြလေတော့သတည်း။

ဤမြင်ကွင်းကို ကြည့်ရင်း အသွင်ပြောင်း သားရဲမှာ သူ၏ မုတ်ဆိတ်ကို ပွတ်သပ်ကာ ရှေ့မှ ခမ်းနားသော ရှုခင်းများကို ငေးကြည့်ရင်း ရင်ထဲ၌ စိတ်အားတက်ကြွလာကာ...

“ကဲ... ဒါဆိုရင်တော့ ငါကိုယ်တိုင်ပဲ အင်အားစု တစ်ခု တည်ထောင်မယ်။ နာမည်ကိုတော့... ‘နန်လု နတ်ဆိုးဂိုဏ်း’ လို့ ခေါ်စေရမယ်။ မင်းတို့ သုံးယောက်ကတော့ ငါ့ရဲ့ လက်အောက်ငယ်သားတွေအဖြစ် စတင်ကြတာပေါ့”

“ဟုတ်ကဲ့... ဂိုဏ်းချုပ်ကြီးကို ဂါရဝပြုပါတယ် ခင်ဗျာ”

ရေပေါ်ဖြူသူရဲကောင်း သုံးဦးမှာ စိတ်မချမ်းမြေ့စွာဖြင့် ပြန်လည် ဖြေကြားလိုက်ရလေ၏။

မူလက သူတို့၏ အစီအစဉ်မှာ မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်အား အထက်တန်း အကြီးအကဲ အဖြစ် တင်မြှောက်ပြီး၊ အရေးကြီးမှ အကူအညီတောင်းရန်နှင့် သူတို့ကိုယ်တိုင်မှာမူ ဂိုဏ်းချုပ်အဖြစ် အာဏာအပြည့်အဝ ကိုင်တွယ်ရန် ဖြစ်ချေသည်။ သို့သော် ယခုမူ သူတို့၏ အကြံအစည်မှာ ပြောင်းပြန် ဖြစ်သွားကာ ဂိုဏ်းချုပ် မဖြစ်ရသည့်အပြင် နတ်ဆိုးဘုရင်၏ လက်အောက်ခံ ဘဝသို့ ရောက်သွားရသဖြင့် ရင်ထဲ၌ ဆို့နင့်ကာ မျက်ရည်ပင် ဝဲချင်လာတော့၏။

..ဟူး..

“ဝူးဟားဟား၊ ဘာလဲ... ငါ ဂိုဏ်းချုပ် ဖြစ်တာကို မင်းတို့က မပျော်ဘူးလား”

သူတို့၏ မျက်နှာများ လငပုပ်ဖမ်းနေသည်ကို မြင်သောအခါ အသွင်ပြောင်း သားရဲက အေးစက်သော ရယ်သံကြီးဖြင့် မေးလိုက်လေ၏။

သူတို့ သုံးဦးမှာ ကပျာကယာပင် ထပ်မံ ဦးချလိုက်ကြပြီး...

“မဟုတ်ပါဘူး ခင်ဗျာ...ကျွန်တော်တို့ သိပ်ကို ဝမ်းသာပါတယ်။ ဂိုဏ်းချုပ်ကြီးရဲ့ ကျင့်ကြံမှုတွေ တစ်ဟုန်ထိုး တိုးတက်ပါစေ။ ပြီးတော့ ရေပေါ်ဖြူမြို့တော်ကြီးကို သိမ်းပိုက်ပြီး ကြယ်အဆင့် ဂိုဏ်းကြီးတစ်ခု ဖြစ်လာအောင် ကျွန်တော်တို့ကို ဦးဆောင်ပေးပါဦး ခင်ဗျာ”

“ရေပေါ်ဖြူမြို့တော်ကို ဘာလို့ သိမ်းပိုက်ရမှာလဲ”

အသွင်ပြောင်း သားရဲ၏ မျက်နှာတွင် သံသယများ ပေါ်လာ၏။ သူသည် ရေပေါ်ဖြူမြို့တော်ရှိ အန္တရာယ်များကို သိမြင်ထားသူ ဖြစ်သဖြင့် ထိုနေရာ၌ သွားရောက် ရမ်းကားရန် ယုံမှားဖွယ်မရှိ ကြောက်ရွံ့နေခြင်း ဖြစ်ချေသည်။

ရေပေါ်ဖြူမြို့တော်ကို မတိုက်ခိုက်ဘူးဟူသော စကားကြောင့် လုံချီထျန်းတို့ သုံးဦးမှာ ဆွံ့အသွားကြရလေ၏။

မြို့ထဲသို့ သွားကာ ရင်ကော့ ခေါင်းမော့ မပြနိုင်ပါက နန်လု နတ်ဆိုးဂိုဏ်း တည်ထောင်ရခြင်းမှာ ဘာအဓိပ္ပာယ် ရှိတော့မည်နည်း။

သူတို့ သုံးဦး စကားမပြောနိုင်သည်ကို မြင်သောအခါ အသွင်ပြောင်း သားရဲက လက်ယမ်းပြလိုက်ပြီး…

“ကဲ... သွားကြတော့။ ငါ နားချင်ပြီ... ဟဲဟဲဟဲ”

ပြောပြောဆိုဆိုနှင့် အသွင်ပြောင်း သားရဲက လေတစ်ချက် မှုတ်ထုတ်လိုက်ရာ လုံချီထျန်းတို့ သုံးဦးမှာ လေထဲသို့ လွင့်စင်ထွက်သွားကြတော့၏။

ထို့နောက် သူသည် ကောက်ကျစ်စဉ်းစားသော အပြုံးဖြင့် ဂူအတွင်းဘက်သို့ ဝင်သွားလေတော့သတည်း။

—--

တောင်ခြေ၌ ဖြစ်လေ၏။

လုံချီထျန်း၊ လီဟန်ရှောင်နှင့် ဝူတေတို့မှာ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း၊ စကားပင် မပြောနိုင်ကြတော့ချေ။

“လီဟန်ရှောင်... ဒါ မင်းရဲ့ အသုံးမကျတဲ့ အကြံပဲ။ မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်ကို ဖိတ်ခေါ်မိလို့ အခုတော့ ငါတို့ ဂိုဏ်းချုပ်တောင် မဖြစ်ရတော့ဘူး။ ငါ့ရဲ့ အစေခံမလေး နှစ်ယောက်လည်း ဆုံးရှုံးရတယ်”

လုံချီထျန်းက သူ၏ ဝတ်ရုံစကို ခါလိုက်ရင်း ဒေါသတကြီး ကြိမ်းဝါးလိုက်လေ၏။

ဝူတေမှာမူ ရှေ့ဆက် ဘာလုပ်ရမည်ကို မသိဘဲ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေ၏။ လီဟန်ရှောင်မှာမူ ခေါင်းငုံ့လျက် လက်သီးကို တင်းတင်းဆုပ်ထားရာမှ ရုတ်တရက် အဝေးမှ ကျားဟိန်းသံကို ကြားလိုက်ရသဖြင့် မျက်လုံးများ ဝင်းခနဲ ဖြစ်သွားကာ...

“ငါတို့ မရှုံးသေးဘူးဟေ့”

ဝူတေက သူ၏ ခေါင်းကို ကုတ်လိုက်ရင်း “ဘာကို ဆိုလိုတာလဲ” ဟု မေးလိုက်လေ၏။

လီဟန်ရှောင်က ကောက်ကျစ်သော အပြုံးဖြင့် ပြန်လည် ချေပလိုက်၏။

“ငတုံး.. မြေခွေးက ကျားရဲ့ အရှိန်အဝါကို ငှားပြီး ရမ်းကားတဲ့ နည်းစနစ်ကို မင်း မသိဘူးလား။ ဒီနေ့ကစပြီး ငါတို့က နန်လု နတ်ဆိုးဂိုဏ်း နာမည်နဲ့ လှုပ်ရှားမယ်။ မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်က ငါတို့ ဂိုဏ်းချုပ်လို့ ကြေညာလိုက်ရင် ဘယ်သူက ငါတို့ကို မရိုသေဘဲ နေရဲမှာလဲ”

အမှန်စင်စစ် နန်လု နတ်ဆိုးဂိုဏ်းမှာ တည်ထောင်ပြီးသား ဖြစ်သွားပြီဖြစ်ရာ နတ်ဆိုးဘုရင်၏ ဂုဏ်သတင်းကို အသုံးချကာ မကောင်းမှုများကို စနစ်တကျ အကွက်ချ လုပ်ဆောင်နိုင်မည် မဟုတ်ပါလော။

“ပြောင်မြောက်လှပေစွ”

လုံချီထျန်းမှာ လက်ဝါးချင်း ရိုက်လိုက်ရင်း ဝမ်းသာအားရ ဖြစ်သွားတော့၏။ ဝူတေမှာလည်း မျက်ခုံးပင့်လိုက်ရင်း လက်မထောင်ပြလေ၏။

ထို့နောက် သူတို့ သုံးဦးမှာ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အက်ကွဲသော ရယ်သံကြီးများဖြင့် ရယ်မောလိုက်ကြလေတော့သတည်း။

*

ရေပေါ်ဖြူမြို့တော်အတွင်း၌ ဖြစ်လေ၏။

လုံထျန်းရှင်းသည် ဝတ်ရုံနက်ကို ခြုံကာ သည်းသည်းမည်းမည်း ခြေရာခံ စုံစမ်းခဲ့ရာ၊ လုံချီထျန်းမှာ ‘လျိုရှန်းဆောင်’ အမည်ရှိ ပြည့်တန်ဆာအိမ်သို့ ရောက်ရှိဖူးကြောင်း ကြားသိရသဖြင့် ထိုနေရာသို့ ခြေလှမ်းကျဲကျဲဖြင့် ဝင်ရောက်လာခဲ့လေ၏။

“အို... မောင်လေး... ဒီနေရာက မင်းနဲ့ မတန်သေးပါဘူး။ မလာသင့်ဘူးနော်”

အစေခံ အမျိုးသမီးတစ်ဦးက ချော့မော့ပြောဆိုကာ တားဆီးလေ၏။

“အစ်မ... အဝတ်အစားလေး ပိုဝတ်ပါဦးလား။ အအေးပတ်မှာ မကြောက်ဘူးလား”

လုံထျန်းရှင်းမှာ ထိုကဲ့သို့ မြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးသဖြင့် တံတွေးကို ဂလုခနဲ မျိုချလိုက်မိလေ၏။

“ခစ်ခစ်... မောင်လေးက ငယ်ပါသေးတယ်။ ဘာမှ နားမလည်သေးဘူးပဲ။ အခုချက်ချင်း ပြန်တော့နော်၊ မင်းနဲ့ စီးပွားရေး မလုပ်ချင်ဘူး”

ထိုအမျိုးသမီးက လုံထျန်းရှင်း၏ ပခုံးကို ကိုင်ကာ အပြင်သို့ တွန်းထုတ်ရန် ပြင်လိုက်လေ၏။

“ကျွန်တော် လူလာရှာတာပါ”

လုံထျန်းရှင်းက သူ၏ ရည်ရွယ်ချက်ကို ကပျာကယာ ဖွင့်ဟဝန်ခံလိုက်သည်။

“ကျွန်တော့်အစ်ကို လုံချီထျန်းကို ရှာနေတာပါ။ သူ့ကို နောင်တရပြီး လမ်းမှန်ပေါ် ရောက်အောင် လာပြောတာပါ”

ဘေးပတ်လည်ရှိ လူများမှာ ထိုစကားကို ကြားသောအခါ လုံထျန်းရှင်းက လုံချီထျန်းအား ပြည့်တန်ဆာအိမ် မလာရန် တားဆီးနေခြင်းဟု ထင်မှတ်ကာ ဝိုင်းရယ်ကြလေတော့သည်။

“အဲ့ဒီကောင်ကတော့ ပြုပြင်လို့ မရတော့ပါဘူးကွာ... လောဘသားကောင် ဖြစ်နေပြီ”

လုံထျန်းရှင်းကမူ ထိုလူများက လုံချီထျန်း၏ မကောင်းမှုကို ဆိုလိုခြင်းဟု ထင်မှတ်ကာ မြေပြင်ကို ဝုန်းခနဲ ဆောင့်နင်းလိုက်ပြီး သူ၏ ချီစုစည်းခြင်း ဆဋ္ဌမအဆင့် အရှိန်အဝါကို ထုတ်ဖော်လိုက်လေ၏။

“မဟုတ်ဘူး... သူ အရှုံးပေးတဲ့အထိ ကျွန်တော်ကတော့ ထုရမှာပဲ”

စကားဆုံးသည်နှင့် တစ်ခန်းလုံး တိတ်ဆိတ်သွားရလေ၏။

“ဘုရားရေ... သူက အင်မော်တယ် ဆရာကြီးပါလား”

လူအများမှာ ထိတ်လန့်တုန်လှုပ်ကုန်ကြပြီး အချို့မှာ စားပွဲအောက်သို့ပင် ဝင်ပုန်းကာ တုန်ရင်နေကြလေတော့သည်။

“လျိုရှန်းဆောင်က လူတွေ နားထောင်စမ်း။ ဒီနေ့ကစပြီး မင်းတို့ နေရာက နန်လု နတ်ဆိုးဂိုဏ်း ပိုင်ဆိုင်တာပဲ။ မနာခံတဲ့သူ ရှိရင် ရှေ့ထွက်ခဲ့... အဲ... မင်းပါလား”

ရင်းနှီးသော အသံတစ်သံ အပြင်ဘက်မှ ထွက်ပေါ်လာ၏။ လူက ရောက်မလာသေးသော်လည်း အသံမှာ တစ်ခန်းလုံးကို ကိုင်လှုပ်သွားလေ၏။ သို့သော် စကားမဆုံးမီမှာပင် ထိုအသံမှာ ရုတ်ချည်း ရပ်တန့်သွားရ၏။

ဘာလို့ဆို.. လုံချီထျန်းသည် လုံထျန်းရှင်းကို မြင်လိုက်ရသဖြင့် မျက်နှာ မည်းပုပ်သွားသောကြောင့်ပင်။

“လုံထျန်းရှင်း...နောက်တစ်ခါ ထပ်ပေါ်လာပြန်ပြီလားကွ”

ဝူတေကလည်း ရောက်ရှိလာပြီး လုံထျန်းရှင်းအား လက်ညှိုးထိုးကာ ဆဲဆိုလေတော့သည်။

“မြူခိုးဂိုဏ်းက လူတွေကတော့ တကယ့်ကို အနှောင့်အယှက်တွေပဲ”

လီဟန်ရှောင်သည်လည်း ရောက်ရှိလာပြီး လုံထျန်းရှင်းကို မြင်သည်နှင့် ဒေါသမီးတို့ တဟုန်းဟုန်း တောက်လောင်လာလေ၏။

“ဟွန်း၊ ပြီးခဲ့တဲ့ အခေါက်က မင်းတို့ကို ငါ ထုတာ နည်းနေသေးပုံရတယ်”

လုံထျန်းရှင်းက ပြင်းထန်သော အရှိန်အဝါကို ထုတ်ဖော်လိုက်ပြီး ‘သက်စောင့်ကျည်ဆန်’ ကို ပစ်လွှတ်လိုက်လေတော့သတည်း။

“အားလုံး ဝိုင်းတိုက်ကြစမ်း”

လုံချီထျန်းက လေပေါ်သို့ ခုန်ပျံတိုက်ခိုက်လိုက်ရင်း သက်စောင့်ကျည်ဆန်ကို ရှောင်ကာ ‘ဝရဇိန်လက်ဝါးသိုင်း’ ကို ထုတ်ဖော်လျက် လုံထျန်းရှင်းဆီသို့ လက်သီး တအားထိုးသွင်းလိုက်လေ၏။

ထိုစဉ်၊ ဝူတေနှင့် လီဟန်ရှောင်တို့လည်း တစ်ပြိုင်တည်း ညာသံပေး တိုက်ခိုက်လာကြ၏။

သူတို့ သုံးဦးစလုံး၏ ပြင်းထန်သော စွမ်းအင်များကြောင့် လျိုရှန်းဆောင်အတွင်းရှိ စားပွဲ၊ ကုလားထိုင်များမှာ လွင့်စင်ကုန်ပြီး လူအများမှာလည်း ဝရုန်းသုန်းကား ထွက်ပြေးကုန်ကြလေတော့သည်။

ကြမ်းပြင်မှာ ကျောက်ပြားများ ခင်းထားသဖြင့် လုံထျန်းရှင်းမှာ မြေလျှိုးခြင်းအတတ်ကို မသုံးနိုင်သော်လည်း ‘ဝိညာဉ်ချုပ်ကြိုး’ ဖြင့် ထုပ်တန်းပေါ်သို့ ချိတ်လိုက်ပြီး ကိုယ်ကို ယိမ်းနွဲ့ကာ လေထဲသို့ ခုန်တက်လိုက်လေ၏။

ရေပေါ်ဖြူသူရဲကောင်း သုံးဦး၏ တိုက်ကွက်များမှာ လေထဲသို့သာ ရောက်ရှိသွားကြ၏။ လုံထျန်းရှင်းက ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ သူတို့ တစ်ဦးချင်းစီအား သက်စောင့်ကျည်ဆန်ဖြင့် ပစ်လွှတ်လိုက်ရာ သူတို့ သုံးဦးစလုံး မြေပြင်ပေါ်သို့ ပျော့ခွေလဲကျ

ကုန်ကြလေတော့သတည်း။

“ငါတို့က နန်လု နတ်ဆိုးဂိုဏ်းက တပည့်တွေကွ။ ဂိုဏ်းချုပ်က မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်ပဲ။ မင်း ငါတို့ကို ထိရဲရင်တော့ သေဖို့သာ ပြင်ထားလိုက်တော့”

ဂု လီဟန်ရှောင်က အသံကုန်ဟစ်ကာ ကြိမ်းဝါးလိုက်လေ၏။

“မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်”

ဘေးပတ်လည်ရှိ လူများမှာ ထိုနာမည်ကို ကြားသည်နှင့် မျက်နှာများ ဖြူဖတ်ဖြူလျော် ဖြစ်သွားကြရ၏။

“မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် ဆိုတာ ဘယ်သူလဲ”

လုံထျန်းရှင်းက အံ့အားသင့်စွာဖြင့် လူအုပ်ကြီးအား မေးမြန်းလိုက်လေ၏။

“အင်မော်တယ် ဆရာကြီး... မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် ဆိုတာ ဓာတ်ကြီးငါးပါး အဆင့်ရှိတဲ့ ပညာရှင်ကြီးဗျ။ ကျေးဇူးပြုပြီး သူ့ကို သွားမကျူးလွန်ပါနဲ့ဦး”

အကောင်းစား ဝတ်ရုံ ဝတ်ဆင်ထားသော ဝဖြိုးသော လူ တစ်ဦးက ရိုသေကိုးကွယ်သော မျက်နှာဖြင့် ပြောလိုက်လေ၏။

“အော်... ဓာတ်ကြီးငါးပါး အဆင့်ပေါ့လေ။ အဲ့ဒါက သိပ်သန်မာတယ် ဆိုပေမဲ့လည်း၊ ငါကတော့ ဂိုဏ်းချုပ်ရဲ့ အမိန့်ကို နာခံရမှာပဲ။ လုံချီထျန်း နောင်တမရမချင်း ငါကတော့ ထုမှာပဲ”

လုံထျန်းရှင်းက တုံ့ဆိုင်းခြင်းမရှိဘဲ လုံချီထျန်းအား သည်းကြီးမည်းကြီး စတင် ထိုးနှက်လေတော့သတည်း။

“အစ်ကို... တော်ပါတော့ဗျာ... တောင်းပန်ပါတယ်”

“အစ်ကို... ကျွန်တော် မှားပါပြီ၊ နောင်တရပါပြီ”

“မထုပါနဲ့တော့... နာလှပြီဗျ”

“မင်းက ငါ့ရဲ့ အစ်ကိုအရင်းကြီးပါဗျာ... တော်ပါတော့”

လုံချီထျန်းက မည်မျှပင် ငိုယို တောင်းပန်နေပါစေ၊ လုံထျန်းရှင်းမှာမူ လက်မလျှော့ဘဲ၊ လုံချီထျန်းမှာ ပါးစပ်မှ အမြှုပ်များ ထွက်လာသည်အထိ အပြတ်နှိမ်နင်းလိုက်လေတော့သတည်း။

အခန်း (၁၂၀) - မြူခိုးဂိုဏ်းက ငါ့အပေါ် ကျူးလွန်နှိမ်နင်းတာ လွန်လွန်းလှချေတကား

~လုံချီထျန်း တစ်ကိုယ်လုံး အပြတ်နှိမ်နင်းခံရပြီး သွေးများ တဝေါ့ဝေါ့ အန်ချနေသည်ကို ကြည့်ကာ ဝူတေနှင့် လီဟန်ရှောင်တို့မှာ တံတွေးကို ခြောက်ကပ်ကပ် မျိုချလိုက်မိကြလေ၏။

သူတို့၏ မျက်နှာများမှာလည်း

နှင်းကိုက်ခံရသော ခရမ်းသီးပမာ ဖြူဖတ်ဖြူလျော် ဖြစ်သွားကြပြီး စကားတစ်လုံးပင် ဟဖို့ မရဲကြတော့ချေ။

“မင်း နောင်တရလာတဲ့အထိ ငါကတော့ မြူခိုးတောင်ထိပ်ကို ဖမ်းခေါ်သွားမှာပဲ”

လုံထျန်းရှင်းသည် လုံချီထျန်းအား ပခုံးပေါ်သို့ ပစ်တင်လိုက်ပြီး ‘ပေါ့ပါးသော ခန္ဓာကိုယ် နည်းစနစ်’ ကို အသုံးပြုကာ ခြေလှမ်းကျဲကျဲဖြင့် ထွက်ခွာသွားလေတော့၏။

ကျန်ရစ်သူ လူအုပ်ကြီးမှာမူ အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်ကာ ကျန်ရစ်ခဲ့ကြရလေ၏။

“မြူခိုးဂိုဏ်းက တပည့်ဆိုတာ တကယ်ကို ပါးရည်နပ်ရည်ရှိပြီး ပြင်းထန်ပါပေတယ်”

“သူက မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်ရဲ့ တပည့်ကိုတောင် ရိုက်ရဲတယ်ပေါ့။ ကြည့်ရတာတော့ မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်နဲ့ မြူခိုးဂိုဏ်းချုပ် ယဲ့ဖုန်းတို့ကြားက တိုက်ပွဲကတော့ အသေအချာကြီး.. ဖြစ်လာတော့မှာပဲ”

လျိုရှန်းဆောင်အတွင်းရှိ လူများမှာ သည်းကြီးမည်းကြီး ဆွေးနွေးနေကြလေ၏။

ထိုစကားများကို ကြားလိုက်ရသောအခါ ဝူတေနှင့် လီဟန်ရှောင်တို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မျက်လုံးများ အရောင်လက်သွားကြသည်။

“ဒါပဲဟေ့... ဒီအခွင့်အရေးကို သုံးပြီး ဂိုဏ်းချုပ်ကြီးကို လက်စားချေခိုင်းရမယ်။ လာ၊ မြန်မြန်သွားကြစို့... သတင်းသွားပို့ရမယ်”

သူတို့နှစ်ဦးသည် ဝိညာဉ်ချုပ်ကြိုးများကြားမှ အစွမ်းကုန် ရုန်းထွက်လိုက်ကြပြီးနောက် နန်လု တောင်တန်းရှိရာသို့ ကမူးရှူးထိုး ဦးတည်သွားကြလေတော့သတည်း။

ဤမြင်ကွင်းကို ကြည့်ပြီး လျိုရှန်းဆောင်ရှိ လူများမှာ မျက်နှာ ညှိုးသွားကြရ၏။

“ဟေ့... ဟိုကျင့်ကြံသူ နှစ်ယောက်က မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်ကို သွားခေါ်တော့မှာဗျို့”

“မြန်မြန်... သတင်းဖြန့်ကြစမ်း”

ထိုသတင်းမှာ ရေပေါ်ဖြူမြို့တော် တစ်ခုလုံးသို့ တစ်ဟုန်ထိုး ပျံ့နှံ့သွားလေတော့သည်။

“ဘာ... မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်က နန်လု နတ်ဆိုးဂိုဏ်းကို တည်ထောင်လိုက်ပြီး၊ ဒီနေ့မှာ မြူခိုးဂိုဏ်းနဲ့ ပြဿနာ တက်တယ် ဟုတ်လား”

“ဟုတ်တယ်ဗျ... နတ်ဆိုးဂိုဏ်းသားတွေက နန်လု တောင်တန်းကို ပြန်သွားကြပြီ။ နတ်ဆိုးဘုရင်ကို ကိုယ်တိုင် လာနှိမ်နင်းဖို့ သွားတောင်းဆိုကြတာတဲ့။ မြူခိုးဂိုဏ်းချုပ် ယဲ့ဖုန်းနဲ့တော့ ထိပ်တိုက်တွေ့ကြတော့မှာပဲ”

“ဘာ... မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်က ဂိုဏ်းချုပ်ယဲ့ကို တစ်ယောက်ချင်း စိန်ခေါ်တော့မှာလား”

သတင်းများမှာ လေအလျင် ဆောင်ကြဉ်းရင်းနှင့် ပုံစံအမျိုးမျိုး ပြောင်းလဲသွားကာ နောက်ဆုံးတွင်... မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်သည် ယဲ့ဖုန်းကို တိုက်ခိုက်ရန် အကြောင်းပြချက် ရှာသည့်အနေဖြင့် သူ၏ တပည့်အား လုံထျန်းရှင်း လက်ထဲသို့ တမင် အဖမ်းခံခိုင်းခြင်း ဖြစ်သည်ဟုပင် ပြောဆိုလာကြတော့၏။

။အချို့ကမူ မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်သည် မြူခိုးဂိုဏ်းကို ဝါးမြိုပြီး သူ၏ နတ်ဆိုးဂိုဏ်းအား ကြယ်အဆင့်ဂိုဏ်းအဖြစ် မြှင့်တင်ရန် စနစ်တကျ အကွက်ချနေခြင်း ဖြစ်သည်ဟုလည်း ဆိုကြလေ၏။

*

မြူခိုးတောင်ထိပ် ထက်ဝယ်၊

ယဲ့ဖုန်းသည် မြေပြင်ပေါ်၌ ပျော့ခွေလဲကျနေပြီး စကားပင် ပီသအောင် မပြောနိုင်တော့သော လုံချီထျန်းအား ငုံ့ကြည့်လိုက်မိ၏။ သူ၏ မျက်ခုံးများမှာ မထိန်းနိုင်အောင် တလှုပ်လှုပ် ဖြစ်နေတော့သည်။

“ဘယ်သူက သူ့ကို အရှုံးပေးတဲ့အထိ ထုဖို့ မင်းကို သင်ပေးလိုက်တာလဲ”

ယဲ့ဖုန်းက လုံထျန်းရှင်းအား လှည့်မေးလိုက်လေ၏။ လုံထျန်းရှင်းကမူ တည်ကြည်သော မျက်နှာဖြင့် ပြန်လည် ဖြေကြားလိုက်သည်။

“စီနီယာအစ်မ မိုယင်က ပြောဖူးတယ်လေ... နောင်တမရတဲ့လူတွေကို ဆိုရင် အရှုံးပေးသွားတဲ့အထိ ထုပစ်ရမယ်တဲ့ ခင်ဗျာ”

မြေပြင်ပေါ်ရှိ လုံချီထျန်းမှာမူ ထိုစကားကို ကြားပြီး ငိုယို တောင်းပန်ချင်စိတ်များ ပေါက်လာရ၏။

မိုယင်က ဘာကြောင့် ထိုသို့ ပြောခဲ့ရသနည်း၊ အခုတော့ သူ့မှာသာ အပြတ်နှိမ်နင်းခြင်း ခံလိုက်ရသည် မဟုတ်ပါလော။

ဖူယွင်တောအုပ်အတွင်း၌မူ မိုယင်သည် ရုတ်ချည်းပင် နှာချေလိုက်မိလေ၏။

သူမသည် မြူခိုးများ ဖုံးလွှမ်းနေသော တောင်ထိပ်ဘက်သို့ လှည့်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိ၏။ ခေတ္တမျှ ကြာပြီးနောက် သူမသည် ‘ပေါ့ပါးသော ခန္ဓာကိုယ် နည်းစနစ်’ ကို အသုံးပြုကာ တောအုပ်အတွင်း မည်းမည်းသဏ္ဍာန် ရိပ်ခနဲ ပြေးထွက်သွားလေတော့သတည်း။

ယဲ့ဖုန်းမှာမူ မိုယင်၏ အခြေအနေကို မသိသလို၊ ဟိုယွင်ကျဲ ဘယ်ဆီသို့ ရောက်နေသည်ကိုလည်း မသိချေ။ သူသည် လုံချီထျန်းအား ကြည့်ကာ ခေါင်းတစ်ခါခါ လုပ်လိုက်မိ၏။

“မင်း ထုလိုက်တာက အပြင်ပန်းပဲ အရှုံးပေးတာပါ။ သူ့ရဲ့ အတွင်းစိတ်ကတော့ နောင်တရမှာ မဟုတ်ဘူး။ ဒါက အလကားပဲ...”

ထိုစကားကြောင့် လုံထျန်းရှင်းမှာ စိုးရိမ်တကြီး ဖြစ်သွားရလေ၏။

“ဂိုဏ်းချုပ်... ဒါဆို ကျွန်တော့်တာဝန်က မပြီးတော့ဘူးပေါ့နော်...”

“စိတ်မပူပါနဲ့... ဒါက အစပဲ ရှိသေးတာပါ။ အချိန်တွေ အများကြီး ရှိပါသေးတယ်”

ယဲ့ဖုန်းက လက်ယမ်းပြကာ သူ၏ ခေါက်ကုလားထိုင်ပေါ်တွင် ပြန်လည် လဲလျောင်းနေလိုက်လေ၏။

လုံထျန်းရှင်းသည် လုံချီထျန်း၏ ဘေး၌ ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူ၏ ခေါင်းကို ပုတ်ကာ သက်ပြင်းချလိုက်လေ၏။

“အစ်ကို... တကယ်ပဲ နောင်တမရဘူးလားဟင်...”

‘နောင်တရစရာလား ကောင်စုတ်ရဲ့’

လုံချီထျန်းက စိတ်ထဲမှ ကြိမ်းဝါးနေသော်လည်း အပြင်ပန်းတွင်မူ ပါးစပ်မှ အမြှုပ်များ ထွက်ဟန်ဆောင်ကာ ထွက်ပြေးရန် အခွင့်အရေးကိုသာ သည်းသည်းမည်းမည်း ခြေရာခံ စောင့်ဆိုင်းနေတော့၏။

ထိုအခိုက်အတန့်၌ ရှီလေ့သည် စိတ်လှုပ်ရှားစွာ ပြေးလာပြီး...

“ဂိုဏ်းချုပ်... ကျွန်တော် သိပါပြီ။ ဂိုဏ်းရဲ့ စီနီယာ အစ်ကိုကြီး ပီသစွာနဲ့ ဂိုဏ်းချုပ်ရဲ့ သောကတွေကို ကျွန်တော် ခွဲဝေယူရပါမယ်။ ဂိုဏ်းက တဖြည်းဖြည်း ကြီးထွားလာတာနဲ့အမျှ အဆောက်အအုံသစ်တွေနဲ့ နေရာထိုင်ခင်းတွေကို စနစ်တကျ အကွက်ချ စီစဉ်ရပါမယ် ခင်ဗျာ”

စကားပင် မဆုံးသေးမီမှာပင် ရှီလေ့၏ တာဝန် တိုးတက်မှုနှုန်းမှာ မြင့်တက်လာကြောင်း ယဲ့ဖုန်း မြင်လိုက်ရလေ၏။

“ဟုတ်ပြီ... အဲ့ဒီအတိုင်းပဲ လုပ်စမ်း”

ယဲ့ဖုန်းက ချီးကျူးလိုက်ရင်း အဆင့်နိမ့် ဝိဉာဉ်ကျောက်တုံး (၁၀၀) ကို ရှီလေ့အား ကမ်းပေးလိုက်လေ၏။

“ဒီကျောက်တုံးတွေကို ယူသွားပြီး ဂိုဏ်းရဲ့ အဆောက်အအုံတွေကို အဆင့်မြှင့်ဖို့ သုံးလိုက်ဟေး”

“နားလည်ပါပြီ ခင်ဗျာ”

ရှီလေ့သည် တောင်အောက်သို့ အလျင်အမြန်.. ဆင်းသွားလေတော့သတည်း။

အမွှေးတိုင် တစ်ဝက်ခန့် လောင်ကျွမ်းချိန်တွင် ရှီလေ့မှာ ကျားအိမ်တော်သို့ ရောက်ရှိသွားပြီး လက်သမားဆရာကြီး လီနှင့် တွေ့ဆုံကာ မြူခိုးဂိုဏ်း၌ အဆောက်အအုံသစ်များ ဆောက်လုပ်ရန် ဆွေးနွေးလေ၏။

“ခင်ဗျားတို့ဂိုဏ်းက အဆင့်မြင့်ဂိုဏ်း ဖြစ်လာပြီဆိုတော့ ချဲ့ထွင်ဖို့ လိုတာပေါ့လေ။ ဒါပေမယ့်... နန်လု နတ်ဆိုးဂိုဏ်းချုပ် မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်က မနက်ဖြန်မှာ ဂိုဏ်းချုပ်ယဲ့ကို စိန်ခေါ်တော့မယ်လို့ ကြားနေရတာ။ အင်မော်တယ်ဆရာကြီး ရှီလေ့က ဒီကိစ္စတွေကို လုပ်ဖို့ စိတ်ပါသေးလို့လားဗျာ...”

ဆရာကြီး လီက လေးနက်သော မျက်နှာဖြင့် ပြောလိုက်လေ၏။

ထိုစကားကြောင့် ရှီလေ့မှာ ကျောက်ရုပ်ကြီးပမာ ငြိမ်သက်သွားရတော့၏။

“ဆရာကြီး ရှီလေ့... ခင်ဗျား ဒါကို မသိဘူးလား...”

“ကျွန်တော် တကယ် မသိတာပါဗျာ။ ဆရာကြီး လီ... ဘာတွေ ဖြစ်နေတာလဲဆိုတာ ရှင်းပြပါဦး...”

ဆရာကြီး လီသည် မြို့ထဲ၌ ဆူပွက်နေသော သတင်းများကို စနစ်တကျ ပြန်လည် ပြောပြလိုက်လေ၏။

မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်သည် ယဲ့ဖုန်းအား စိန်ခေါ်ရန် အကြောင်းပြချက်အဖြစ် လုံချီထျန်းအား တမင် အဖမ်းခံခိုင်းခြင်း ဖြစ်သည်ဟူသော သတင်းကို ကြားလိုက်ရသောအခါ ရှီလေ့မှာ များစွာ ထိတ်လန့်သွားပြီး မြူခိုးတောင်ထိပ်သို့ အပြင်းနှင် ပြန်လာခဲ့လေတော့သတည်း။

နန်လု တောင်တန်း၌ ဖြစ်လေ၏။

“ဘာ... မြူခိုးဂိုဏ်းချုပ် ယဲ့ဖုန်းက ငါ့တပည့် လုံချီထျန်းကို ဖမ်းခိုင်းလိုက်တာလား။ ပြီးတော့ ငါကိုယ်တိုင် လာရွေးဖို့တောင် တောင်းဆိုရဲတယ်ပေါ့။ တကယ်ကို ရမ်းကားလွန်းလှချေလား”

အသွင်ပြောင်း သားရဲသည် သူ၏ ရှေ့၌ ဒူးထောက်နေသော ဝူတေနှင့် လီဟန်ရှောင်တို့ကို စိမ်းစိမ်းကြည့်ကာ သူ၏ ဆိတ်မုတ်ဆိတ်ကို ဒေါသတကြီး ဆွဲလိုက်မိ၏။ ထို့နောက် သူ၏ ဝတ်ရုံစကို ချာခနဲ ခတ်ကာ မြူခိုးတောင်ထိပ်ရှိရာသို့ တစ်ဟုန်ထိုး ပျံတက်သွားလေတော့၏။

လမ်းတစ်လျှောက်တွင် အသွင်ပြောင်း သားရဲသည် သူ၏ ပြင်းထန်သော အရှိန်အဝါများကို လုံးဝ ဖုံးကွယ်မထားသဖြင့် လုရှန်းယွီနှင့် ဒုတိယမြို့စားမင်း အပါအဝင် ဓာတ်ကြီးငါးပါး အဆင့်ရှိ ပညာရှင်များအားလုံး လန့်ဖျတ်ကုန်ကြရလေ၏။

“မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်က မြူခိုးဂိုဏ်းဆီကို အဟုန်ပြင်းပြင်း ချီတက်နေပြီ။ အန္တရာယ် မဖြစ်အောင် ကျုပ်တို့လည်း အခုချက်ချင်း သွားကူညီမှ ဖြစ်မယ်”

လုရှန်းယွီက ဦးဆောင်ကာ ထွက်ခွာသွားလေ၏။

ဒုတိယမြို့စားမင်းနှင့် အခြားဂိုဏ်းချုပ်များလည်း မြူခိုးတောင်ထိပ်သို့ ကိုယ်စီကိုယ်စီ အပြင်းနှင် လိုက်ပါ

သွားကြလေတော့သတည်း။

—---

ထိုအချိန်တွင် မြူခိုးဂိုဏ်း၌...

ယဲ့ဖုန်းသည် သူ၏ ရှေ့၌ ရပ်နေသော လုံကျန့်ချွမ်းကို ကြည့်ကာ ဇဝေဇဝါ ပုံစံဖြင့် မေးလိုက်လေ၏။

“လုံမိသားစု ခေါင်းဆောင်... ခင်ဗျား ပြောတာက လုံချီထျန်းကို အိမ်ပြန်ခေါ်သွားပြီး ကိုယ်တိုင် ဆုံးမမယ်၊ နတ်ဆိုးဂိုဏ်းထဲ မဝင်ခိုင်းတော့ဘူး ဆိုတာလား...”

“မှန်ပါတယ်”

လုံကျန့်ချွမ်းက ခေါင်းညိတ်ပြရင်း...

“ဒါ့အပြင် ဂိုဏ်းချုပ်ယဲ့ စိတ်ချပါ... ကျွန်တော့်သားကို လိမ္မာအောင် သေချာ ကြပ်မတ်ပါ့မယ်...”

“ဒါပေမယ့်... နန်လု နတ်ဆိုးဂိုဏ်းက ဘာဖြစ်နေလို့လဲ...”

ယဲ့ဖုန်းက သူ၏ ခေါင်းကို ကုတ်လိုက်ရင်း လုံးဝ နားမလည်နိုင်အောင် ဖြစ်နေရ၏။

ရှီလေ့ တောင်အောက်ဆင်းသွားပြီး မကြာမီမှာပင် လုံကျန့်ချွမ်း ရောက်လာကာ လုံချီထျန်းအား နန်လု နတ်ဆိုးဂိုဏ်းနှင့် အဆက်အသွယ် ဖြတ်ခိုင်းမည် ဖြစ်ကြောင်းနှင့် ယဲ့ဖုန်းအနေဖြင့် အငြိုးအတေး မထားရန် လာရောက် တောင်းပန်ခြင်း ဖြစ်ချေသည်။

ဤကဲ့သို့သော ဖွင့်ဟဝန်ခံချက်များကို နားထောင်ရင်း ယဲ့ဖုန်းမှာ အလွန်ပင် ဇဝေဇဝါ ဖြစ်နေစဉ်မှာပင်...

“မြူခိုးဂိုဏ်း... မင်းတို့ကတော့ တကယ်ကို ရမ်းကားလွန်းလှချေလား”

“ဝရော…ဝရော…”

စူးရှသော အော်ဟစ်သံ တစ်ချက်သည် လေ မြည်ဟိန်းသံနှင့်အတူ ကောင်းကင်ယံထက်၌ ပဲ့တင်ထပ်သွားပြီး ပြင်းထန်သော မုန်တိုင်း တစ်ခုကို ဖန်တီးလိုက်လေတော့၏။

ယဲ့ဖုန်းသည် လုံကျန့်ချွမ်းတို့အား ဂရုမစိုက်တော့ဘဲ ကောင်းကင်ယံသို့ တက်လှမ်းလိုက်ပြီးနောက်၊... ဆိတ်မုတ်ဆိတ်နှင့် လူလတ်ပိုင်း တစ်ဦး..လေပေါ်၌ မျောလွင့်နေသည်ကို စိမ်းစိမ်းပြန်ကြည့်လိုက်၏။

All Chapters