← Chapters

အခန်း (၄၆-၄၈)

Vol. 4 Ch. 46-48

အခန်း (၄၆-၄၈)

Vol. 4 Ch. 46-48

အခန်း (၄၆) - သဲလွန်စ

~ဒီည ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် ထို 'သူခိုး' စတင် ပေါ်လာကတည်းက ဆုမို တွက်ချက်ထားပြီးသား ဖြစ်လေသည်။

'ခုနစ်ပါး အစွန်းရောက် ခန်းမ' မှ လူများသည် အစီအစဉ်ကို အသေးစိတ် ဆွဲထားခဲ့ကြသော်လည်း... ဆုမို၏ နတ်ဘုရားတမျှ ထက်မြက်သော အကြားအာရုံနှင့် အမြင်အာရုံကိုမူ ထည့်မတွက်ခဲ့ကြပေ။

သူတို့သည် လျှို့ဝှက်စွာ လှုပ်ရှားနေသည်ဟု ထင်မှတ်နေသော်လည်း... တကယ်တမ်းကျတော့ ဆုမို၏ လက်ခုပ်ထဲက ရေသာ ဖြစ်နေလေ၏။

'ဟွန်း... ငါ့မျက်စိအောက်မှာ လာပြီး လှည့်ကွက်သုံးချင်နေကြတာလား... မင်းတို့ အသက်ရှူသံကိုတောင် ငါ ကြားနေရတာကွ'

အကယ်၍ သူတို့၌ ယွီလင်းရှင်းကဲ့သို့ 'အသက်ငွေ့ ဖုံးကွယ်ခြင်း' ပညာရပ် ရှိပါမူ တစ်မျိုးတစ်ဖုံ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

သို့သော် မရှိခဲ့ချေ... ထို့ကြောင့် ဆုမို၏ ရှေ့မှောက်၌ သူတို့သည် ဖန်သားပမာ ကြည်လင်နေတော့သည်။

သို့သော် ဆုမို မထင်မှတ်ထားခဲ့သော အချက်နှစ်ချက် ရှိခဲ့လေသည်။

ပထမ အချက်ကား... ဓားငှားသူ ဝင်ရောက် စွက်ဖက်လာခြင်း ဖြစ်၏။

ဤလူသည် သူ့ခြေရာကို ဖျောက်ထားခြင်း မရှိပေ... ထို့ကြောင့် ဆုမိုက ကြိုတင် သိရှိနေခဲ့သည်။

ဤလူကား မည်သူနည်း... ဓားငှားလို၍ လိုက်ပါလာခြင်းလော... သို့တည်းမဟုတ် အခြား ရည်ရွယ်ချက် ရှိနေသလော... အကယ်၍ ရှုပ်ထွေးနေချိန်၌ မသမာသော စိတ်ကူးဖြင့် ဝင်ရောက်လာပါက... ချက်ချင်းပင် ရှင်းလင်းပစ်ရမည်။

မထင်မှတ်ထားဘဲ... သူသည် 'ခုနစ်ပါး အစွန်းရောက် ခန်းမ' ကို တားဆီးပေးခဲ့လေသည်။

ဤအချက်ကြောင့် 'ခုနစ်ပါး အစွန်းရောက် ခန်းမ' သည် မူလ အစီအစဉ်ကို စွန့်လွှတ်ကာ ဒုတိယ အစီအစဉ်ကို ချက်ချင်း အသုံးပြုလိုက်ရခြင်း ဖြစ်၏။

အမှန်စင်စစ်အားဖြင့် ဆုမိုသာ ဟန်ဆောင်၍ လိုက်ကစားလိုပါက... 'သူခိုး' လှုပ်ရှားမည့် အချိန်အထိ စောင့်ဆိုင်းပြီး... နောက်ကွယ်မှ အကြောင်းရင်းကို စုံစမ်း၍ ရနိုင်ပေသည်။

သို့သော် ထိုကဲ့သို့ ပြုလုပ်ပါက... မလိုအပ်သော ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာနိုင်ချေ ရှိပေသည်။

ဤကဲ့သို့သော အချိန်မျိုးတွင်... မျှော်လင့်မထားသော ပြဿနာများ များပြားလာခြင်းသည် မကောင်းလှပေ။ အထူးသဖြင့် ဓားသခင်က ဆုမိုအား အထင်သေးကာ... အသက်နှင့် ရင်း၍ စိန်ခေါ်လာသော အချိန်တွင် ဖြစ်ပေသည်။

ဖြောင့်မတ်သော လမ်းစဉ်ကို လိုက်လျှောက်နေသည့် ဆုမိုသည်... ဤအခွင့်အရေးကို လက်လွတ်ခံကာ အသက်မယူဘဲ နေမည်လော။

ဆုမိုက 'သူခိုး' အား အကျိုးအကြောင်း အသေးစိတ် ရှင်းပြစေသည့် အကြောင်းရင်း နှစ်ချက် ရှိသည်။

ပထမ အချက်မှာ... ဤကိစ္စ၏ နောက်ကွယ်၌ အခြား အင်အားစုများ ပါဝင်နေခြင်း ရှိမရှိ သိရှိလို၍ ဖြစ်သည်။

'ခုနစ်ပါး အစွန်းရောက် ခန်းမ' ရောက်ရှိလာခြင်းသည် ထူးဆန်းသည်။ ဆုမိုနှင့် ယန်ရှောင်ယွင်၏ ခရီးစဉ်မှာ လျှို့ဝှက်သည် ဆိုသော်လည်း... သူတို့ သယ်ဆောင်လာသည့် ပစ္စည်းအကြောင်းကို တတိယလူ သိရှိနိုင်မည် မဟုတ်ပေ။

ကျိရှုဟွာက သတင်းလွှင့်လိုက်ခြင်းလော ဆိုသည်မှာ မသေချာသော်လည်း... နောက်ကွယ်မှနေ၍ ရေနောက်ရန် ကြိုးပမ်းနေသူများကိုလည်း သတိထားရမည် ဖြစ်သည်။ 'ခုနစ်ပါး အစွန်းရောက် ခန်းမ' ကို တမင်သက်သက် မျှားခေါ်လာခြင်း ဖြစ်နိုင်သည်။

ဒုတိယ အချက်မှာမူ... 'ခုနစ်ပါး အစွန်းရောက် ခန်းမ' ပြုလုပ်သကဲ့သို့ပင်... ဆုမိုသည် ယနေ့ 'ခုနစ်ပါး အစွန်းရောက် ခန်းမ' မှ လူများကို သတ်ဖြတ်လိုက်ခြင်းအပေါ်... ခိုင်လုံသော အကြောင်းပြချက် ရှိရန် လိုအပ်သည်။

ရန်သူ၏ လှည့်ကွက်များကို လျှို့ဝှက်ထား၍ မရပေ... သို့မဟုတ်ပါက ယနေ့ည သတ်ဖြတ်မှုသည် အကြောင်းမဲ့ ဖြစ်သွားလိမ့်မည်။ သွေးဆာသော လူသတ်ကောင် ဟူ၍ နာမည်ပျက်သွားနိုင်သည်။

သို့သော် 'ခုနစ်ပါး အစွန်းရောက် ခန်းမ' မှ လူများကိုယ်တိုင် ရှင်းပြစေလိုက်သည့်အတွက်... ဆုမိုသည် ကိုယ်ကျင့်တရားဆိုင်ရာ အသာစီး ရရှိသွားသည်။

။

ထို့ပြင် ယန်ရှောင်ယွင် ဆိုသည်မှာ သံမဏိသွေး အာမခံဌာန၏ သခင်မလေး ဖြစ်သည်။ သူမ၏ သက်သေခံချက်သည် အလေးချိန် ရှိသည်။

ဤကိစ္စကို ယနေ့ ရှင်းလင်းလိုက်သည့်အတွက်... နောင်တစ်ချိန်တွင် 'ခုနစ်ပါး အစွန်းရောက် ခန်းမ' က ပြဿနာ လာရှာလျှင်လည်း အကြောင်းပြချက် ရှိသွားပြီ ဖြစ်သည်။

သိုင်းလောက ကိစ္စများသည် ယုတ္တိမရှိဟု ထင်ရသော်လည်း... ဖြောင့်မတ်သော လမ်းစဉ်၌ လျှောက်လှမ်းနေသူများ အတွက်မူ စည်းကမ်းများကို လေးစားလိုက်နာရန် လိုအပ်သည်။

သို့မဟုတ်ပါက ရေရှည် ရပ်တည်ရန် ခက်ခဲသည်။

တိတ်တဆိတ် တိုက်ခိုက်လာမည့် သူကိုမူ... ဆုမို ကြိုတင် မသိရှိခဲ့သော်လည်း သတိထားနေခဲ့သည်။

သူ ပြောသကဲ့သို့ပင်... မည်သူက တီဗီဇာတ်လမ်း မကြည့်ဖူးသနည်း။

'ဇာတ်လမ်းများထဲတွင် ဆိုလျှင်... အရေးကြီးသော သတင်းအချက်အလက်များ ပြောခါနီး၌... ရုတ်တရက် အသတ်ခံရခြင်းမျိုး မကြာခဏ တွေ့ရသည်။ သူက ထိုကဲ့သို့ အဖြစ်ခံမည်လော’

မိမိရှေ့၌ ဤသို့ ဖြစ်လာလျှင်... မိမိက ဇာတ်လမ်းထဲမှ လူနုံလူအ ဇာတ်လိုက် ဖြစ်သွားပေမည်။

ထို့ကြောင့် သက်သေမရှိသော်လည်း... သူ သတိထားနေခဲ့သည်။

တကယ်လည်း တိုက်ခိုက်လာခဲ့သည်။

သို့သော် ဤနေရာ၌ ဆုမို မထင်မှတ်ထားသော အရာ တစ်ခု ထပ်မံ ဖြစ်ပေါ်လာသည်။

အမှောင်ထဲတွင်... လူတစ်ယောက်တည်း ရှိနေခြင်း မဟုတ်ပေ။

တစ်ယောက်က လူသတ် နှုတ်ပိတ်ရန် ကြိုးပမ်းနေစဉ်... နောက်တစ်ယောက်က သူ့အား ဝင်ရောက် တားဆီးလိုက်သည်။

ဆုမို ရောက်ရှိသွားသောအခါ ထိုလူနှင့် လက်ဝါးချင်း ယှဉ်လိုက်ရသည်။

ဤလူ၏ အတွင်းအားသည် အံ့မခန်း ပြင်းထန်သည်။ သို့သော် သူသည် အစွမ်းကုန် မထုတ်ဘဲ ဖုံးကွယ်ထားသည်။ ထို့ကြောင့် ဆုမိုသည် သူ့အကြောင်းကို သေချာစွာ မသိလိုက်ရပေ။

သို့သော်၊ လက်ဝါးချင်း ထိမိသော အခိုက်အတန့်မှာ... တစ်ဖက်လူရဲ့ ရည်ရွယ်ချက်ကို အနည်းငယ် ရိပ်မိလိုက်သည်။ လော့ရှားမြို့က လမ်းကြားလေးထဲမှာ ပုန်းနေသော ပဉ္စမမြောက် လူကို သွားသတိရလိုက်မိသည်။

'ဒီအထိအတွေ့... ဒီအတွင်းအား... ဟိုလူနဲ့ တူလိုက်တာ'

ဒီလူ၏ ကိုယ်ဖော့ပညာက ထူးချွန်လွန်း၏... လူသတ်သမားကို ဖမ်းချုပ်ပြီး ဆုမိုနှင့် လက်ဝါးချင်း ယှဉ်ပြီးတာနှင့်... ချက်ချင်း လှည့်ထွက်သွားသည်။ မျက်စိတစ်မှိတ် အတွင်းမှာ ပျောက်ချင်းမလှ ပျောက်သွားတော့သည်ပင်ပဲ။ ဆုမို လိုက်၍တောင် မမီလိုက်ပေ။

ဆုမို မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး 'သူခိုး' ဘက်ကို ပြန်လှည့်ကြည့်လိုက်သည်။

"စောစောက ခင်ဗျား ဘာပြောမလို့လဲ"

ထိုလူလည်း သဘောပေါက်သွားသည်။ သေမင်းလက်တွင်းမှ သီသီလေး လွတ်မြောက်လာခြင်း ဖြစ်၏။ တစ်ယောက်ယောက်က သူ့ကို သတ်ပြီး နှုတ်ပိတ်ဖို့ ကြိုးစားနေသည်ပင်။

ဆုမိုသာ မကယ်လျှင်... ယခုလောက်ဆို အလောင်းကောင် ဖြစ်နေလောက်ပြီ။

သူ ဘာမှ မဖုံးကွယ်ရဲတော့ပေ။

"ကျွန်... ကျွန်တော် ပြောချင်တာက... ဓားသခင်ကို သတင်းပေးတဲ့သူက... ထျန်းယွီမြို့က လာတာ... ထျန်းယွီ မြို့သခင် ဟွာချန်ယွီ ရဲ့ လက်အောက်က ထိပ်တန်း ကျွမ်းကျင်သူ တစ်ယောက်... ကျွန်တော် ဓားသခင်နဲ့အတူ ထျန်းယွီမြို့ကို သွားတုန်းက တစ်ခေါက် ဆုံဖူးတယ်"

"သူ့နာမည်က ဘယ်သူလဲ"

ယန်ရှောင်ယွင် ချက်ချင်း မေးလိုက်သည်။

"ဆောင်းဦးမိုးစက်၊ ဝိညာဉ်လိုက်ပွဲ၊ ညဉ့်နက် ဥက္ကာပျံ... အဲ့ဒီလူက... 'ဥက္ကာပျံဓား' ကျန့်မင် ပါ"

ထိုနာမည်ကို ကြားလိုက်ရသောအခါ ဆုမိုနှင့် ယန်ရှောင်ယွင် အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။

'ဆောင်းဦးမိုးစက်၊ ဝိညာဉ်လိုက်ပွဲ၊ ညဉ့်နက် ဥက္ကာပျံ' ဆိုတာ ဖော်ပြချက် တစ်ခုပင်။

ထိုဓားသိုင်း၏ အငွေ့အသက်သည် ဆောင်းဦးမိုးစက်ကဲ့သို့ အေးစက်လှသလို၊ ဝိညာဉ်လိုက်ပွဲ၏ သေမင်းတမန် အရှိန်အဝါတို့လည်း ဖုံးလွှမ်းလျက် ရှိ၏။ ညဉ့်နက်ပိုင်းတွင် ရုတ်ချည်း ကြွေကျလာသော ဥက္ကာပျံတစ်ခု၏ လျင်မြန်မှုမျိုးလည်း ရှိနေပေ၏။

ညဉ့်ကောင်းကင်ယံမှ ဥက္ကာပျံသည် ဆောင်းဦးမိုးစက်ကဲ့သို့ လွမ်းဆွတ်ဖွယ် ကောင်းလှရုံသာမက၊ ဝိညာဉ်လိုက်ပွဲကဲ့သို့ပင် ကြောက်မက်ဖွယ် ကောင်းလှ၏။ လျှပ်စီးပမာ မြန်ဆန်လွန်းလှသဖြင့် ဖမ်းဆုပ်ရန် ခက်ခဲလှသော ထို 'ဥက္ကာပျံဓား' သည် နာမည်ကျော်ကြား လူသိများလှလေ၏။

လော့ဖုန်း မဟာမိတ်အဖွဲ့၏ မြို့ကြီးလေးမြို့ နယ်မြေအတွင်း ရှိနေကြသူများ ဖြစ်သည့်အလျောက် ဆုမိုနှင့် ယန်ရှောင်ယွင်တို့အနေဖြင့် ထိုနာမည်ကို ကြားဖူးနားဝ ရှိနေခြင်းမှာ အထူးအဆန်း မဟုတ်တော့ပေ။

သို့သော် သူတို့နှစ်ဦး စကားဆက်မပြောကြတော့ပေ။ အကြည့်ချင်း ဖလှယ်လိုက်ရုံဖြင့် တစ်ယောက်စိတ်ကို တစ်ယောက် နားလည်သွားကြသည်။

ဆုမိုက ထိုလူကို ကြည့်ပြီး အသာပြုံးလိုက်သည်။

"အခု ခင်ဗျား ဒီစကားတွေ ပြောလိုက်ပြီ ဆိုတော့... 'ခုနစ်ပါး အစွန်းရောက် ခန်းမ' မှာ ခင်ဗျားအတွက် နေရာရှိသေးရဲ့လား"

"ဒါက..."

ထိုလူ၏ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ သူ့အခြေအနေက အလွန် အန္တရာယ် များနေပြီ ဆိုတာ သူ သိလိုက်သည်။

'သွားပြီ... ငါတော့ သွားပြီ... ဓားသခင် သေသွားတာကို ထိုင်ကြည့်နေခဲ့ရုံမကဘူး... ရန်သူကိုပါ လျှို့ဝှက်ချက်တွေ ပြောပြလိုက်မိပြီ... ငါ့ကို သူတို့ အရှင်ထားမှာ မဟုတ်ဘူး'

တခြားဟာတွေ ထားလိုက်ပါဦး... ဓားသခင်ကို လုပ်ကြံဖို့ ကြံစည်နေတာကို ကြည့်နေရုံမက... တိုက်ပွဲကြားမှာ ဘက်ပြောင်းသွားသည်... ဘက်ပြောင်းရုံတင် မက.. ကိုယ့်ဘက်က အစီအစဉ်တွေကို ရန်သူကို အကုန် ဖွင့်ပြောလိုက်သေးသည်။

ဒါတစ်ခုတည်းနှင့်တင် သေဒဏ် (၁၀၀၀) ခံထိုက်တော့၏။

ဒါက 'ခုနစ်ပါး အစွန်းရောက် ခန်းမ' ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးလိုက်သည်ပင်။

'ခုနစ်ပါး အစွန်းရောက် ခန်းမ' မှာ သူ့အတွက် နေရာ မရှိတော့ပေ။

ထို့အပြင်၊... သူ့ကို တိတ်တဆိတ် သတ်ပြီး နှုတ်ပိတ်ချင်နေသော သူတွေလည်း ရှိသေး၏။

နောက်ဆုံးအနေနှင့်...ယခု ဆုမိုနှင့် ယန်ရှောင်ယွင်။

သူတို့ သိချင်တာတွေ အကုန် မေးပြီးသွားပြီ ဆိုတော့... သူ့အသက်က သူတို့လက်ထဲမှာပင် ရှိတော့၏။

ဒါက တကယ့်ကို ကိုယ့်ကံကြမ္မာ ကိုယ်မပိုင်တော့သော အခြေအနေတည်း။

ခဏအတွင်းမှာပဲ သူ့ရင်ထဲမှာ ပြာပုံလို အေးစက်သွားရ၏။

ထိုစဉ် ယန်ရှောင်ယွင်၏ ရယ်သံသဲ့သဲ့ကို ကြားလိုက်ရသည်။

" 'ခုနစ်ပါး အစွန်းရောက် ခန်းမ' နဲ့ အကြွေးကတော့ ဒီအတိုင်း ပြီးသွားမှာ မဟုတ်ဘူး... အသက်ရှင်ချင်ရင် လမ်းတစ်ခုတော့ ရှိသေးတယ်... ဒါပေမဲ့ ရှင့်ရဲ့ ကံတရားအပေါ်လည်း မူတည်တယ်"

"ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး လမ်းပြပေးပါ သူရဲကောင်းမလေး"

ထိုလူ ချက်ချင်း ဒူးထောက်လိုက်ပြီး ကြက်သွန်ဖြူ ထောင်းသလို ခေါင်းကို မြေကြီးနှင့် ဆောင့်ပြီး အရိုအသေပေးလိုက်သည်။

မျှော်လင့်ချက် ကုန်ဆုံးနေသော အချိန်မှာ... မျှော်လင့်ချက် ရောင်ခြည် သေးသေးလေးကိုတောင် လက်လွတ်မခံနိုင်ပေ။

ယန်ရှောင်ယွင်က ပြောလိုက်သည်။

"လော့ရှားမြို့ကို သွား... သံမဏိသွေး အာမခံဌာနကို ရှာ... ယန်ရှောင်ယွင်က ခဏ ခိုလှုံခိုင်းလိုက်တယ်လို့ ပြော... တကယ်လို့ ခင်ဗျား သံမဏိသွေး အာမခံဌာနကို အရောက်သွားနိုင်ရင်... ခင်ဗျားအသက် ချမ်းသာရာ ရပြီ... ဒါပေမဲ့ လမ်းမှာ အသက်ရှင်လျက် သွားနိုင်မလား ဆိုတာတော့ မသေချာဘူး... ဒါက အသက်လုပွဲပဲ... အခွင့်အရေးကို အရယူနိုင်မလား ဆိုတာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်"

"သံမဏိသွေး အာမခံဌာန ဟုတ်လား... ခင်ဗျားက... သံမဏိသွေး အာမခံဌာနရဲ့ သခင်မလေး ယန်ရှောင်ယွင်လား"

ထိုလူ၏ မျက်နှာတွင် အံ့သြထိတ်လန့်မှုများ အပြည့် ဖြစ်ပေါ်နေသည်။ ဆုမိုနှင့် ယန်ရှောင်ယွင်၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို သူ လုံးဝ မသိခဲ့ကြောင်း ထင်ရှားနေလေသည်။

ဆုမိုနှင့် ယန်ရှောင်ယွင် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့နှစ်ဦးစလုံး၏ မျက်လုံးထဲတွင် အံ့အားသင့်မှု အရိပ်အယောင်များ ယှက်သန်းသွားလေသည်။

အခန်း (၄၇) - အစပျိုးသံ ကျယ်လောင်သော်လည်း အဆုံးသတ် တိုးတိတ်သွားခြင်း

~တဖျစ်ဖျစ် မြည်နေသော မီးတောက်များသည် အရိပ်များကို ကခုန်စေလျက် ရှိ၏။

တိတ်ဆိတ်နေသော တောအုပ်ကြီးထဲမှ 'ခုနစ်ပါး အစွန်းရောက် ခန်းမ' ၏ လက်ကျန် အသက်ရှင်သူများသည် ဓားသခင်နှင့်တကွ သေဆုံးသွားသော ညီနောင်များ၏ အလောင်းများကို သယ်ဆောင်ကာ ထွက်ခွာသွားကြပြီ ဖြစ်၏။

သူတို့သည် ခန်းမသို့ အသက်ရှင်လျက် ပြန်ရောက်နိုင်မည်လား ဆိုသည်ကိုမူ ဆုမိုနှင့် ယန်ရှောင်ယွင်တို့ ထည့်သွင်း စဉ်းစားမနေတော့ပေ။

ထို 'သူခိုး' သည်လည်း ထွက်ခွာသွားခဲ့ပြီ ဖြစ်၏။

တကယ်တမ်းကျတော့ သူတို့ အတူတူ ထွက်သွားကြလျှင် ပိုကောင်းပေမည်။

လမ်းခရီးတွင် သူတို့အချင်းချင်း ဘာတွေ ဆက်ဖြစ်ကြမည် ဆိုသည်ကို ဆုမိုတို့ ဂရုမစိုက်ချေ။

သို့သော် ဤလုပ်ရပ်သည် ကိုယ်ခန္ဓာကို သတ်ဖြတ်ခြင်းထက် စိတ်ဝိညာဉ်ကို သတ်ဖြတ်ခြင်းနှင့် ပိုတူနေလေသည်။

အကယ်၍ ထို 'သူခိုး' သည် အသက်ရှည်ရှည် နေချင်ပါက... သူ၏ သစ္စာဖောက်မှုကို ခန်းမမှ နောက်ကျမှ သိလေ၊ ပိုကောင်းလေ ဖြစ်၏။

ထို့ကြောင့် သူသည် ရွေးချယ်မှု အမျိုးမျိုး ပြုလုပ်နိုင်သည်။

တစ်ဖက်တွင် ဒဏ်ရာရပြီး အားနည်းနေသော ရှုံးနိမ့်သူ အုပ်စု... တစ်ဖက်တွင် အသက်ရှင်ရန် အသည်းအသန် ကြိုးစားနေပြီး သတင်းပေါက်ကြားမည်ကို စိုးရိမ်နေသော 'သူခိုး'...

ဘာဆက်ဖြစ်မလဲ ဆိုတာ တွေးကြည့်စရာပင် မလိုတော့ပေ။

သို့သော် ဆုမိုနှင့် ယန်ရှောင်ယွင်တို့၏ အမြင်တွင် ဤကိစ္စသည် လုံးဝ ပြီးပြတ်သွားသည် မဟုတ်ချေ။

သာမန် လမ်းဘေးဓားပြများ၊ တောင်ပေါ်စခန်းမှ လူမိုက်များက အာမခံပစ္စည်းကို လုယူလျှင်... စည်းကမ်းအတိုင်း ကစားသရွေ့ ရန်သူမှ မိတ်ဆွေ ဖြစ်လာနိုင်သေးသည်။

သို့သော် 'ခုနစ်ပါး အစွန်းရောက် ခန်းမ' မှ လူများသည် ကောက်ကျစ်စဉ်းလဲပြီး အကြံပက်စက်ကြသည်။ ဆုမိုနှင့် ယန်ရှောင်ယွင်ကို သိုင်းလောကသို့ အခုမှ ရောက်လာသော လူသစ်များ အဖြစ် သတ်မှတ်ပြီး အနိုင်ကျင့်ရန် ကြိုးစားခဲ့ကြသည်။

အကယ်၍ ဆုမိုက ဤကိစ္စကို လွယ်လွယ်လေး လွှတ်ပေးလိုက်ပါက... ဇီယန် အာမခံဌာန၏ ဂုဏ်သတင်းသည် သိုင်းလောကအလယ်တွင် ရယ်စရာ ဖြစ်သွားမည် မဟုတ်ပါလော။

သိုင်းလောကသားများသည် ဂုဏ်သိက္ခာကို တန်ဖိုးထားကြသည်။ အာမခံဌာနများ ဆိုလျှင် ပို၍ပင် တန်ဖိုးထားရသည်။

အဆက်အသွယ်နှင့် ဖြောင့်မတ်မှန်ကန်မှုသည် အရေးကြီးသော်လည်း... အားနည်းသည်ဟု အထင်ခံရပါက မည်သူက ပစ္စည်းအပ်နှံရဲတော့မည်နည်း။

ထို့ကြောင့် ဤအာမခံတာဝန် ပြီးဆုံးသွားသောအခါ... သင့်တော်သော အချိန်တစ်ခုတွင် 'ခုနစ်ပါး အစွန်းရောက် ခန်းမ' ထံမှ ရှင်းလင်းချက် တောင်းခံရန် လိုအပ်ပေလိမ့်မည်။

ယခုအချိန်တွင် မီးရောင်များ တောက်ပနေပြီး တိတ်ဆိတ်နေသော တောအုပ်ကြီးသည် ဘာမှ မဖြစ်ပျက်ခဲ့သကဲ့သို့ ငြိမ်သက်နေသည်။ မြေပြင်ပေါ်မှ သွေးကွက်များနှင့် ဓားငှားသူ၏ ဟောက်သံများကသာ မကြာသေးမီက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို သက်သေခံနေကြ၏။

ဓားငှားသူ ကိုယ်တိုင်လည်း ကောင်းကောင်းမွန်မွန် အိပ်စက်ရခြင်း မရှိသည်မှာ မည်မျှ ကြာပြီ မသိပေ။

ယခုမူ ပရမ်းပတာ ဖြစ်ရပ်များကြားတွင် အိပ်ပျော်နေလိုက်သည်မှာ... လည်ပင်းကို ဓားဖြင့် ထောက်ထားလျှင်ပင် နိုးလာမည့်ပုံ မပေါ်ချေ။

ဆုမိုသည် သူ့အနားသို့ တိုးသွားပြီး မျက်နှာရှေ့တွင် လက်ဝှေ့ယမ်းပြလိုက်သည်။ ဘာတုံ့ပြန်မှုမျှ မရှိပေ။ ကာကွယ်မှု အလျဉ်းမရှိ။

ထို့ကြောင့် ဆုမိုသည် လေးစားသမှုဖြင့်၊ သို့သော် အားမနာတမ်းပင် သူ့ကို နှစ်ချက် ပုတ်လိုက်သည်။ ထိုလူ၏ ခေါင်းသည် ဘေးတစ်ဖက်သို့ ငိုက်ကျသွားပြီး... ဆုမို၏ လက်ချက်ဖြင့် မေ့မြောသွားလေတော့သည်။

"..."

ဆုမို အနည်းငယ် အံ့အားသင့်သွားသော်လည်း... အင်းဆက်နှင့် မြွေများကို မောင်းထုတ်နိုင်သော ဆေးမှုန့်အချို့ကို ထုတ်ယူကာ ထိုလူ၏ ကိုယ်ပေါ်တွင် ဖြူးပေးလိုက်သည်။ ထို့နောက် သူ့ကို သစ်ပင်ထက်ရှိ သစ်ရွက်ထူထပ်သော နေရာသို့ ပစ်တင်လိုက်သည်။ သေချာ ရှာဖွေမှသာ တွေ့နိုင်မည့် နေရာမျိုး ဖြစ်၏။

"မနက်ဖြန် နေ့လယ်လောက်ထိ သူ နိုးလာမှာ မဟုတ်ဘူး... ဒီည အနားယူပြီး မနက်စောစော ခရီးဆက်ကြမယ်... ဒါဆိုရင် ဒီကပ်ပါးကောင်ကို ဖယ်ရှားနိုင်လောက်ပြီ"

ယန်ရှောင်ယွင် မျက်မှောင်ကြုတ်ထားသည်။ ခုန်ပေါက်နေသော မီးပွားများကို ငေးကြည့်ရင်း တိုးတိုးလေး ပြောလိုက်သည်။

"ထျန်းယွီမြို့သခင် ဟွာချန်ယွီ... ပြီးတော့ ကျန့်မင်က သူမရဲ့ နာမည်ကျော် လက်ရုံးတစ်ဆူ"

ဆုမို သူမဘေးတွင် ဝင်ထိုင်လိုက်သည်။ မီးရောင်ရှေ့တွင် လက်ချောင်းများကို ယှက်နွယ်ထားသော်လည်း ဘာမှ မပြောပေ။

ယန်ရှောင်ယွင်က ဆုမိုကို စဉ်းစားခန်းဝင်နေသော အကြည့်ဖြင့် ကြည့်လိုက်ပြီး အသာပြုံးလိုက်သည်။

"ဘာတွေ တွေးနေတာလဲ"

"ဟားဟား"

ဆုမို ရယ်မောလိုက်ပြီး ခဏမျှ စဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်။

"ဒီကိစ္စက မပြီးသေးဘူးလို့ ခံစားနေရတယ်... ပြီးတော့... တစ်ခုခု လွဲနေသလိုပဲ"

"ဆက်ပြောပါဦး... ရှင်းပြပါဦး"

ယန်ရှောင်ယွင် ဆုမိုအနားသို့ တိုးကပ်လာသည်။

အတွေးများကို စုစည်းပြီးနောက် ဆုမိုသည် သစ်ပင်ပေါ်ရှိ ဓားငှားသူကို တစ်ချက် မော့ကြည့်လိုက်သည်။ ထို့နောက် သူတို့နှစ်ဦးသာ ကြားနိုင်သော အသံဖြင့် ပြောလိုက်သည်။

"ဟွာချန်ယွီက ထျန်းယွီမြို့သခင် ဖြစ်ပေမဲ့... မြို့ကြီးလေးမြို့က အသက်ရှူသံချင်း တူကြတယ်... ပြီးတော့ သံမဏိသွေး အာမခံဌာနကလည်း နိုင်ငံအနှံ့ သွားလာနေတာ... ဦးလေးယန်ရဲ့ ဂုဏ်သတင်းက လောကတစ်ခုလုံးမှာ ပြိုင်ဘက်ကင်းတယ်... ဒါကို ဟွာချန်ယွီ မသိဘဲ နေပါ့မလား"

"ဒါပေမဲ့ စောစောက 'သူခိုး' ရဲ့ တုံ့ပြန်မှုကို ကြည့်ရင်... 'ခုနစ်ပါး အစွန်းရောက် ခန်းမ' က ကျွန်တော်တို့ ဘယ်သူလဲ ဆိုတာ လုံးဝ မသိထားဘူး"

"မဟုတ်ရင်... သူတို့ ဒီလောက် မိုက်မဲတဲ့ အစီအစဉ်ကို ဆွဲပါ့မလား"

"သံမဏိသွေး အာမခံဌာနက ကျွန်တော်တို့ နောက်မှာ ရှိနေတာလေ... တကယ်လို့ ဒီနေ့ ကျွန်တော်တို့က သိုင်းလောက စီနီယာကြီးရဲ့ အရှိန်အဝါကို ကြောက်ပြီး... သူတို့နောက် လိုက်သွားခဲ့ရင်တောင်မှ..."

"ဦးလေးယန်က နဂါးလှံကို ကိုင်ပြီး 'ခုနစ်ပါး အစွန်းရောက် ခန်းမ' ကို ချီတက်လာပြီး ကျွန်တော်တို့ကို ပြန်တောင်းတဲ့အခါ... ခန်းမသခင်ကြီး ဖုန်းဝူရှန်က ဒေါသထွက်ပြီး ဓားသခင်ကို ပါးရိုက်သတ်ပစ်မယ်လို့ ထင်လား"

ယန်ရှောင်ယွင် မျက်ခုံးပင့်လိုက်သည်။

"ဒါကို ငါ မစဉ်းစားမိဘူး... ဓားသခင်ရဲ့ သိုင်းပညာက အတော်အတန် ကောင်းမွန်ပေမဲ့... ဒီနေ့ နင်မရှိရင်တောင် ငါက သူ့အောက် ရောက်ချင်မှ ရောက်မှာ"

ဆုမို ပြုံးလိုက်သည်။

"ဒါဆိုရင် မေးခွန်းထုတ်စရာ ဖြစ်လာပြီ... ဟွာချန်ယွီက ဒါကို မသိဘဲ နေမလား..ခင်ဗျားကို နိုင်မယ်လို့ အာမမခံနိုင်တဲ့ လူတစ်ယောက်ကို လွှတ်ပြီး... ကျွန်တော်တို့ ပစ္စည်းကို လုခိုင်းပါ့မလား... သူများဓားနဲ့ လူသတ်ချင်တယ် ဆိုရင်တောင်... ဒီဓားက သိပ်ထက်မြက်ပုံ မရဘူး"

"ဆန့်ကျင်ဘက် အနေနဲ့... တကယ်လို့ ကျွန်တော်တို့က ဓားသခင်ကို ဖမ်းမိသွားရင်... သူက ကိုယ့်အားနည်းချက်ကို ကိုယ်ဖော်ပြသလို ဖြစ်မနေဘူးလား"

"... အဓိပ္ပာယ် ရှိသားပဲ"

ယန်ရှောင်ယွင် ခေါင်းညိတ်လိုက်သည်။

"ဆက်ပြောပါဦး"

"ဟွာချန်ယွီ အကြောင်း... ကျွန်တော်လည်း ကြားဖူးတယ်... သူ့နောက်ခံနဲ့ ဇာစ်မြစ်က မရေရာဘူး... သူ စပေါ်လာတုန်းက အသက် (၃၀) နီးပါး ရှိနေပြီ"

"ထျန်းယွီမြို့ထဲမှာ အခြေခံ အုတ်မြစ် မရှိဘဲနဲ့... 'ဂိမာန်ပန်းကြွေ' ဆိုတဲ့ သိုင်းပညာနဲ့ နာမည်ကြီးလာတာ... အဲ့ဒီကနေ လော့ဖုန်း မဟာမိတ်အဖွဲ့ထဲ ဝင်သွားပြီး... လူမသိသူမသိ ဘဝကနေ တစ်ဟုန်ထိုး တက်လာတာ... မူလ မြို့သခင်ကို ကျော်တက်ပြီး ထျန်းယွီမြို့ရဲ့ အရှင်သခင်သစ် ဖြစ်လာတယ်... ဒုတိယ မဟာမိတ်ခေါင်းဆောင် နေရာကိုတောင် ရယူနိုင်ခဲ့တယ်..."

"ကျွန်တော်တို့က သိုင်းလောကထဲမှာ နေတာဆိုတော့... ဂိုဏ်းတွင်း အားပြိုင်မှုတွေ ဘယ်လောက် ပြင်းထန်လဲ သိကြပါတယ်... ဉာဏ်ရည်နဲ့ စွမ်းရည် မရှိရင်... ဂိုဏ်းထဲမှာ သာမန် လူမိုက်အဆင့်ပဲ ဖြစ်နေမှာပေါ့"

"ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ ဒီလောက် အောင်မြင်မှု ရယူနိုင်တယ် ဆိုကတည်းက... သူ့ရဲ့ သိုင်းပညာရော၊ ဉာဏ်ရည်ရောက အလွန် ထက်မြက်မှာ သေချာတယ်"

"ဒါပေမဲ့ ဒီည အခြေအနေကို ကြည့်လိုက်ရင်... 'ခုနစ်ပါး အစွန်းရောက် ခန်းမ' က ဓားသခင်ကို မြှောက်ပေးပြီး လုခိုင်းတာကလွဲရင်... သူ့မှာ တခြား အရန်အစီအစဉ် ရှိပုံမရဘူး"

" 'ခုနစ်ပါး အစွန်းရောက် ခန်းမ' က လူတွေက သူတို့ ဘယ်သူလဲ ဆိုတာ ဖွင့်ပြောရုံတင် မကဘူး... သူ စီစဉ်ထားတဲ့ နှုတ်ပိတ်မယ့် လူတွေပါ အဖမ်းခံလိုက်ရတယ်"

"ခြုံကြည့်လိုက်ရင်... ကျားခေါင်းနဲ့ မြွေမြီး ဖြစ်မနေဘူးလား... ရယ်စရာကြီးဗျာ"

"တကယ်လို့ ဒါ ဟွာချန်ယွီရဲ့ လက်ချက် ဆိုရင်... သူ့ရဲ့ ဒုတိယ မဟာမိတ်ခေါင်းဆောင် ရာထူးက... မသမာတဲ့ နည်းနဲ့ ရထားတာပဲ ဖြစ်ရမယ်"

ယန်ရှောင်ယွင် တိတ်ဆိတ်စွာ နားထောင်နေပြီးမှ ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။

"ဒါဆိုရင်... တစ်ယောက်ယောက်က သူ့ကို ချောက်ချပြီး အပြစ်ပုံချနေတာလား"

"အခု ချက်ချင်း ကောက်ချက်ချဖို့တော့ စောလွန်းပါသေးတယ်... ကျွန်တော်က ဖြစ်နိုင်ခြေ တစ်ခုကို ပြောပြတာပါ"

ဆုမို ပြောလိုက်သည်။

" 'ခုနစ်ပါး အစွန်းရောက် ခန်းမ' က လူတွေက ဟွာချန်ယွီကို စွပ်စွဲနေမှတော့... လောလောဆယ် သူ့ကိုပဲ တရားခံလို့ မှတ်ယူထားကြတာပေါ့"

ယန်ရှောင်ယွင်သည် ဆုမို၏ ဆိုလိုရင်းကို သဘောပေါက်သွားပြီ ဖြစ်သဖြင့် အသာပြုံးလိုက်သည်။

"ဒါဆိုရင်... ငါတို့ ရှေ့ဆက်မယ့် ခရီးက ဖြောင့်ဖြူးတော့မှာပေါ့... ဟုတ်လား"

"တကယ်လို့ အဲ့ဒီလိုသာ ဖြစ်ခဲ့ရင်... ချောက်ချပြီး အပြစ်ပုံချတယ် ဆိုတာ သေချာသွားပြီပေါ့"

ဆုမို သက်ပြင်းချလိုက်သည်။

"သိုင်းလောက ဆိုတာ ခန့်မှန်းရခက်တဲ့ လှိုင်းတံပိုးတွေနဲ့ ပြည့်နှက်နေတာ... ဖြောင့်ဖြူးတယ်လို့ ထင်ရတဲ့ လမ်းက... တကယ်တမ်းကျတော့ လူယုတ်မာတွေ တူးထားတဲ့ ကျင်းတွေနဲ့ ပြည့်နေတာ ဖြစ်နိုင်တယ်"

ပြောရင်းနှင့် သူ ခဏ ရပ်သွားသည်။

"စောစောက ကျွန်တော်နဲ့ လက်ဝါးချင်း ယှဉ်လိုက်တဲ့ အနက်ရောင်ဝတ် လူ..."

"ဟင်"

ယန်ရှောင်ယွင် ဆုမိုဘက် လှည့်ကြည့်လိုက်သည်။

ဆုမို ခဏ စဉ်းစားပြီးနောက် ခေါင်းကို အသာခါလိုက်သည်။

"ထားလိုက်ပါတော့... ဒီကိစ္စကို ကျွန်တော် မသေချာသေးဘူး... လောလောဆယ် မပြောသေးတာ ပိုကောင်းမယ်"

ယန်ရှောင်ယွင် ဆုမိုကို ခဏကြာ စိုက်ကြည့်နေပြီးနောက် ရုတ်တရက် ပြုံးလိုက်သည်။

"ကောင်းပြီလေ... နင် သေချာတဲ့အချိန်ကျမှ ပြောပြပေါ့"

"... အင်း"

ဆုမို မျက်တောင်ခတ်လိုက်မိသည်။ ရုတ်တရက် ခံစားလိုက်ရသည်မှာ... ဒီအခိုက်အတန့်လေးမှာ ယန်ရှောင်ယွင်ဆီက မာန်မာနတွေ ပျောက်ကွယ်သွားပြီး... ပိုပြီး မိန်းမဆန်လာသလိုလိုပင်...။

အခန်း (၄၈) - ယွီလျိုစံအိမ်တွင် အပြောင်းအလဲ

~နောက်ပိုင်းရက်များတွင် ယန်ရှောင်ယွင် ပြောခဲ့သည့်အတိုင်း အမှန်တကယ်ပင် ဖြစ်လာခဲ့သည်။

ခရီးစဉ်သည် ချောမွေ့နေ၏။ အခက်အခဲ တစ်စုံတစ်ရာ မရှိ။

တစ်ခုပဲ စိတ်ရှုပ်စရာ ကောင်းတာက... ဟိုညတုန်းက ဓားငှားသူကို အကြောပိတ်ပြီး သစ်ပင်ပေါ် ပစ်တင်ခဲ့သော်လည်း...

မထင်မှတ်ဘဲ ဒီလူက တစ်ရက်သာ နောက်ကျသွားသည်။

တတိယမြောက်နေ့ကျတော့... ဆုမိုတို့ တည်းခိုသော နေရာမှာ သရဲလို ပြန်ပေါ်လာပြန်ရော။

ဆုမိုကို ကြည့်သော သူ့အကြည့်တွေထဲမှာ သတိထားမှုတွေ ပါနေသည်။ ထပ်ပြီး အကြောပိတ်ခံရမှာ ကြောက်နေပုံ ရ၏။

ဆုမို တွေးမိတာက... ဒီလူက ခြေရာခံ ကောင်းရုံသက်သက် မဟုတ်လောက်ပေ။

သူ၏ ဓားအပေါ် ရူးသွပ်မှုကို ကြည့်လျှင်... သူ လိုက်နေတာက လူကို မဟုတ်.. ဓားကို လိုက်နေတာ ဖြစ်မည်။

သို့သော်၊ ဘယ်လို လျှို့ဝှက်ချက်တွေ ပါဝင်နေသလဲ ဆိုတာတော့ လောလောဆယ် မသိနိုင်သေး‌ပေ။

ကံကောင်းတာက... ဒီလူမှာ မကောင်းသည့် ရည်ရွယ်ချက် မရှိပေ။ လမ်းတစ်လျှောက်လုံး လိုက်လာသော်လည်း ဆုမိုတို့ကို ဒုက္ခမပေးပါ။ ဆန့်ကျင်ဘက် အနေနှင့် ပြဿနာတချို့ကိုတောင် ကူရှင်းပေးလိုက်သေးသည်။

ဒါကြောင့် ဆုမိုလည်း လွှတ်ထားလိုက်တော့၏။

စကားတပြောပြော၊ တိတ်ဆိတ်ငြိမ်သက်တစ်လှည့်ဖြင့် ခရီးနှင်လာကြရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ယွီချင်းတောင်နယ်မြေအတွင်းသို့ ရောက်ရှိလာကြပြီ ဖြစ်သည်။

ဖင်းဖုန်းမြို့ ဖြစ်၏။

ဤမြို့သည် ယွီချင်းတောင်ခြေနှင့် အနီးဆုံးမြို့လေး ဖြစ်သည်။

ဆုမိုနှင့် ယန်ရှောင်ယွင်တို့ ရောက်ရှိသွားချိန်တွင် မိုးချုပ်နေပြီ ဖြစ်၏။ ထို့ကြောင့် ဤညတွင် ဤနေရာ၌သာ အိပ်စက်ရတော့မည် ဖြစ်သည်။

ဤနေရာသည် သံမဏိသွေး အာမခံဌာန၏ ပုံမှန် ခရီးစဉ် လမ်းကြောင်း မဟုတ်တော့။ တည်းခိုခန်း ရှာဖွေခြင်းမှအစ မိမိဘာသာ စုံစမ်း၍ ရွေးချယ်ရတော့မည် ဖြစ်၏။

ကံကောင်းသည်မှာ မြို့က မကြီးမားလှသည့်အတွက် တစ်ချက် ကြည့်လိုက်လျှင် အကုန်မြင်နေရသည်။ မကြာမီမှာပင် တည်းခိုခန်း တစ်ခုကို တွေ့လိုက်ရ၏။

အနားသို့ ရောက်သည်နှင့် စားပွဲထိုးလေး တစ်ယောက် ထွက်ကြိုလာသည်။

"ဧည့်သည်တော်ကြီးများ... ကြွပါခင်ဗျာ... စားမလား၊ တည်းမလား ခင်ဗျာ"

စားသောက်မည်ဆိုလျှင် ထမင်းစားပြီး ခြေလက်သန့်စင်ကာ ခရီးဆက်မည်ဆိုသည့် သဘော ဖြစ်၏။ တည်းခိုမည်ဆိုလျှင်မူ ရှင်းပြရန် လိုအပ်တော့မည် မဟုတ်ပါ။

"တည်းမယ်"

ဆုမိုက ငွေစ တစ်ရွက် ထုတ်ပြီး ပစ်ပေးလိုက်သည်။

"ငါတို့ မိတ်ဆွေဟောင်း နှစ်ယောက်ကို ကောင်းကောင်း ပြုစုပေးပါ... ပြီးရင် အကောင်းဆုံး အခန်းတစ်ခန်း စီစဉ်ပေးပါ"

"ဟုတ်ကဲ့... စိတ်ချပါ ခင်ဗျာ"

စားပွဲထိုးလေးသည် ငွေစကို ဖမ်းယူလိုက်ပြီး ဆုမိုတို့၏ မိတ်ဆွေဟောင်းများဖြစ်သည့် မြင်းနှစ်ကောင်ကို အခြားသူတစ်ဦးအား စီစဉ်ခိုင်းလိုက်သည်။ ထို့နောက် ဆုမိုတို့ကို တည်းခိုခန်းထဲသို့ ခေါ်ဆောင်သွား၏။

အတွင်းသို့ ဝင်လိုက်သည်နှင့် ဆုမို မျက်ခုံးပင့်လိုက်မိသည်။

ပင်မခန်းမဆောင်ထဲတွင် ဓားများ၊ လက်နက်များ ကိုင်ဆောင်ထားသည့် သိုင်းလောကသားများစွာ ရှိနေကြ၏။

အချို့က သုံးလေးယောက်တစ်ဝိုင်း၊ အချို့က တစ်ယောက်တည်း ဖြစ်သည်။ သို့သော် မည်သူမျှ အသံကျယ်ကျယ် မပြောဆိုကြ။

ဆုမိုတို့ ဝင်လာသောအခါ အားလုံးက မော့ကြည့်ကြသည်။

သို့သော် ခဏမျှကြည့်ပြီး ပြန်လည်ငုံ့သွားကြ၏။

ဆုမိုနှင့် ယန်ရှောင်ယွင်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ တစ်ခုခုတော့ ထူးခြားနေပြီ ဖြစ်သည်။

အခန်းရရှိသောအခါ စားပွဲထိုးလေးက သူတို့ကို ဒုတိယထပ်သို့ ခေါ်ဆောင်သွား၏။

ဤခရီးစဉ်တွင် သူတို့နှစ်ယောက်သည် တစ်ခန်းတည်း၌သာ အိပ်စက်လေ့ရှိသည်။

သူတို့၏ ဆက်ဆံရေးမှာ ထိုမျှထိ တိုးတက်သွားသောကြောင့်တော့ မဟုတ်။

အဓိက အကြောင်းရင်းမှာ လမ်းခရီး၌ တစ်ယောက်အိပ်စက်လျှင် တစ်ယောက်က ကင်းစောင့်ရသောကြောင့် ဖြစ်သည်။ ညဦးပိုင်းနှင့် ညဉ့်နက်ပိုင်း ခွဲခြား၍ စောင့်ကြခြင်း ဖြစ်၏။

မည်သည့်အချိန်ဖြစ်စေ ကင်းစောင့် တစ်ယောက် ရှိနေမှသာ စိတ်ချရမည် ဖြစ်သည်။

ဤသို့သော အခြေအနေတွင် အခန်းနှစ်ခန်း ခွဲယူနေခြင်းသည် အပိုအလုပ် ဖြစ်သလို ငွေကုန်ကြေးကျလည်း များစေ၏။

ထို့ပြင် ဟွာချန်ယွီက လမ်းရှင်းပေးထားသည် ဆိုသော်လည်း စိတ်ချရသေးသည် မဟုတ်။ လော့ဖုန်း မဟာမိတ်အဖွဲ့ထဲမှ အန္တရာယ်များ အမှန်တကယ် ပြီးဆုံးသွားပြီလောဟု မည်သူမျှ ပြောနိုင်မည် မဟုတ်ချေ။

ထို့ကြောင့် သူတို့ နှစ်ယောက် ခွဲခြားနေထိုင်ရန် စိတ်ကူးမရှိကြ။

စားပွဲထိုးလေးသည် အခန်းလိုက်ပို့ပေးပြီး ရွှင်ရွှင်ပျပျ ရှင်းပြနေသည်။ ထို့နောက် မေးမြန်းလိုက်၏။

"ဧည့်သည်တော်တို့ ဘာသုံးဆောင်ချင်ပါသလဲ... မီးဖိုချောင်ကို စီစဉ်ခိုင်းလိုက်ပါမယ်"

"နေဦး... အစားအသောက်က အရေးမကြီးပါဘူး"

ဆုမို ပြုံးလိုက်ပြီး မေးလိုက်တယ်။

"ညီလေး... မေးစရာ ရှိလို့ပါ"

"ဗျာ"

စားပွဲထိုးလေး ကြောင်သွားသည်။ ဆုမိုကို ကြည့်လိုက်၊ ယန်ရှောင်ယွင်ကို ကြည့်လိုက်နှင့် ဘာမှ ပြန်မပြောဘဲ မျက်တောင်ခတ်နေသည်။

"စိတ်မပူပါနဲ့ကွာ... သိချင်လို့ မေးတာပါ... အောက်ထပ်က လူတွေက ဒီမြို့ခံတွေပဲလား"

ဆုမို ဆက်ပြောလာဧ။်။

"အစ်ကိုတို့ မောင်နှမက ဒီမှာ လုပ်စရာ ကိစ္စလေး ရှိလို့ လာတာ... နယ်မြေစိမ်းတော့... သူတို့ရုပ်တွေက ကြောက်စရာ ကောင်းနေလို့ စိုးရိမ်မိတာပါ"

"ဪ... အဲ့ဒါလား"

စားပွဲထိုးလေး ပြုံးလိုက်သည်။

"စိတ်ချပါ... သိုင်းလောကကြီးက ရှုပ်ထွေးနေပေမဲ့... ကျွန်တော်တို့ ဖင်းဖုန်းမြို့က ယွီချင်းတောင် နယ်မြေထဲမှာ ရှိတာလေ... တောင်ပေါ်မှာ ယွီလျို ဓားနှလုံးသား စံအိမ်သခင် လျူ ရှိနေသရွေ့... ဒီမြို့က အမြဲတမ်း အေးချမ်းပါတယ်... ဧည့်သည်တော်တို့ ပြဿနာ မရှာသရွေ့ ဘာမှ စိုးရိမ်စရာ မရှိပါဘူး"

ဆုမို ခေါင်းညိတ်လိုက်၏။

"ညီလေးက လူပေါင်းစုံနဲ့ ဆက်ဆံဖူးတော့ အကဲခတ် ကောင်းတာပဲ... အစ်ကိုတို့ကို ကြည့်လိုက်တာနဲ့ လူဆိုး မဟုတ်မှန်း သိနေတယ်... ငါတို့က ပြဿနာ ရှာမယ့်သူတွေ မဟုတ်ပါဘူး"

"ဟုတ်ကဲ့... ကြည့်တာနဲ့ သိသာပါတယ်"

စားပွဲထိုးလေးက ဆုမိုနှင့် ယန်ရှောင်ယွင်ကို ကြည့်လိုက်၏။ ယောကျ်ားလေးက ခန့်ညားပြီး မိန်းကလေးက လှပသည်။ ခရီးပန်းနေသော်လည်း သူတို့ရဲ့ ကျက်သရေက ထင်ရှားနေဆဲပင်။

ခဏစဉ်းစားပြီးမှ သူ ဆက်ပြောလာဧ။်။

"ဒါပေမဲ့ ထူးဆန်းတာ တစ်ခုတော့ ရှိတယ်... အခုတလော မြို့ထဲမှာ မျက်နှာစိမ်းတွေ တော်တော်များနေတယ်ဗျ... အရင်တုန်းကတော့ ကုန်သည်တွေ နားခိုတာမျိုး၊ သိုင်းသမားတွေ ယွီလျို စံအိမ်ကို သွားရင်း ဝင်နားတာမျိုး ရှိပေမဲ့... အခုလို တပြိုင်နက်တည်း အများကြီး ရောက်လာတာ ရှားတယ်"

"အမှန်အတိုင်း ပြောရရင်... ဒီရက်ပိုင်း ရောက်လာတဲ့ လူတွေထဲမှာ ရုပ်ရည် ကြမ်းတမ်းပြီး လူကောင်း မဟုတ်မယ့်ပုံ ပေါက်နေတဲ့သူတွေ ပါတယ်... သူတို့က တည်းခိုခန်းမှာ နေကြပေမဲ့ ဘယ်လောက်ကြာကြာ နေမယ် မသိရဘူး... အားရင် ယွီချင်းတောင်ဘက်ကို လှမ်းမျှော်ကြည့်နေတတ်တယ်... ဒါပေမဲ့ တောင်ပေါ်တော့ မတက်ကြဘူး"

"ပြီးတော့ အချင်းချင်းလည်း စကားသိပ်မပြောကြဘူး... ပြဿနာ မရှာပေမဲ့... သူတို့ ရှိနေတာက တစ်မျိုးကြီးပဲ"

"ဟေ... ဟုတ်လား"

ဆုမို စိတ်ဝင်စားသွားသည်။ ဟန်မပျက် ပြုံးပြီး မေးလိုက်သည်။

"ယွီလျို ဓားနှလုံးသားကို လေးစားလို့ လာကြတာများလား"

"တကယ် လေးစားရင် တောင်ပေါ် တက်သွားကြမှာပေါ့... အခုရက်ပိုင်း လူတွေ အများကြီး ရောက်လာပေမဲ့... ယွီချင်းတောင်ဘက် သွားတဲ့လူက ရှားပါတယ်"

စားပွဲထိုးလေးက နားမလည်နိုင်သည့် မျက်နှာနဲ့ ပြောလိုက်သည်။ ထို့နောက်၊ ချက်ချင်း ပြန်ပြုံးလိုက်သည်။

"ဒါပေမဲ့ ဆိုင်ရှင်ကတော့ ပျော်နေတာပေါ့... ဒီလူတွေက စားသောက်တာ ငွေမနှမြောဘူးလေ... တချို့ဆို လဝက်လောက်တောင် ကြာနေပြီ... ဆိုင်ရှင်က ပြောသေးတယ်... ဒီအတိုင်းသာ ဆက်သွားရင်..."

စားပွဲထိုးလေးက စကားတွေ ဖောင်ဖွဲ့နေတော့သည်။ ဆိုင်ရှင်က ရှောင်ဟုန် အဆောက်အဦးက ရူရီ ဆိုသော မိန်းကလေးကို ရွေးပြီး ခေါ်လာမည့် အကြောင်းတွေပါ ပါလာ၏။

ဒါတွေက အဓိပ္ပာယ် မရှိတော့ပဲကိုး။

အစားအသောက် မှာပြီး ငွေစလေး ထည့်ပေးကာ သူ့ကို ပြန်လွှတ်လိုက်ရတော့သည်။

"လဝက်လောက် ရှိပြီ တဲ့... ဒီလူစု ဖင်းဖုန်းမြို့ ရောက်နေတာ... ယွီလျို စံအိမ်ဘက်ကို မျှော်ကြည့်နေကြတယ်... တချို့က တောင်ပေါ် တက်သွားကြတယ် တဲ့"

ယန်ရှောင်ယွင် မျက်မှောင်ကြုတ်ပြီး ဆုမိုကို ကြည့်လိုက်သည်။

"ယွီလျို စံအိမ်ထဲမှာ တစ်ခုခု ဖြစ်နေတာများလား"

"အခု ကောက်ချက်ချဖို့ စောလွန်းပါသေးတယ်... ဒါပေမဲ့ စုံစမ်းဖို့တော့ လိုအပ်တယ်... ကံကောင်းရင်တော့ အာမခံပစ္စည်း ပို့ပြီးတာနဲ့ ကိုယ့်လမ်းကိုယ် ဆက်သွားရုံပဲ"

ဆုမို ပြောလိုက်သော်လည်း... စိတ်ထဲမှာ တစ်ခုခုကို သတိရလိုက်ဧ။်။

‘အလောင်းထားရာ ဇရပ်တုန်းက... ယင်တောင် သရဲဘုရင်နဲ့ ချန်ဖေးယွီတို့ရဲ့ ဖိတ်ကြားလွှာ ကိစ္စ။’

တာအိုဆရာ ချန်မင်းက ဖိတ်ကြားလွှာတွေ အများကြီး ဖြန့်ဝေပြီး ရွှမ်ကျီ တောင်ကြားမှာ ဆွေးနွေးဖို့ ဖိတ်ခေါ်ထားတယ် ဆိုသည့် အချက်လေ။

‘ဒါဆိုရင်... လျူဆွေဖုန်းကိုရော သူ ဖိတ်ထားသလား။’

All Chapters