အခန်း (၄၉-၅၁)
Vol. 4 Ch. 49-51
အခန်း (၄၉) - ရောက်ရှိခြင်း
~လမ်းခရီး တစ်လျှောက်တွင် သူတို့ အတော်အတန် ဘေးကင်းခဲ့ကြသည်။
ဖူနျူတောင် အလောင်းထားရာ ဇရပ်တွင် ယင်တောင် သရဲဘုရင်နှင့် တွေ့ဆုံခဲ့ရခြင်း၊ 'ခုနစ်ပါး အစွန်းရောက် ခန်းမ' မှ လူများ လာရောက်လည်ပတ်ခဲ့ခြင်းတို့လောက်သာ အန္တရာယ် ကြီးကြီးမားမား ရှိခဲ့သည်။
သို့သော် ထိုနှစ်ခုစလုံးသည် အရေးပါသော ကိစ္စရပ်များ ဖြစ်ကြသည်။ တစ်ခုက လော့ဖုန်း မဟာမိတ်အဖွဲ့နှင့် ပတ်သက်နေပြီး၊ နောက်တစ်ခုက... ပို၍ပင် နက်နဲသော အကျိုးဆက်များ ရှိနေသည်။
ရွှမ်ကျီ တောင်ကြားမှ ကျော်ကြားလှသော တာအိုဆရာ ချန်မင်း၏ နာမည်ကို အသုံးပြုပြီး ဖိတ်စာများ ဖြန့်ဝေခဲ့သူ တစ်ယောက် ရှိနေသည်။ သိုင်းလောကအတွင်းတွင် မငြိမ်မသက်မှုများ ဖြစ်ပေါ်နေပြီး သတိမထားလျှင် မဖြစ်တော့ကြောင်း သတိပေးကာ ရွှမ်ကျီ တောင်ကြားတွင် လာရောက် ဆွေးနွေးကြရန် ဖိတ်ခေါ်ထားခြင်း ဖြစ်၏။
လော့ရှင်းဂိုဏ်းမှ မောင်နှမ နှစ်ယောက်သည် ထိုဖိတ်စာကို ရရှိခဲ့သောကြောင့် ရွှမ်ကျီ တောင်ကြားသို့ ထွက်ခွာလာကြခြင်း ဖြစ်၏။ ဖူနျူတောင်ကို ဖြတ်သန်းစဉ် ယင်တောင် သရဲဘုရင်နှင့် တိုးခဲ့ရခြင်းသာ ဖြစ်၏။
'ဒါဆိုရင်... အဲ့ဒီဖိတ်စာက လျူဆွေဖုန်းလက်ထဲကိုရော ရောက်သွားပြီလား။
တကယ်လို့ ရောက်သွားပြီ ဆိုရင်... မကြာသေးမီက အပြောင်းအလဲ တစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပြီလား။
ပြီးတော့ အခု ယွီချင်းတောင်ခြေက 'ဖင်းဖုန်း' မြို့မှာ စုဝေးနေကြတဲ့ လူတွေနဲ့ရော သက်ဆိုင်နေမလား။’
ယခုအချိန်မှာ ဒီသံသယတွေကို ထုတ်ပြောနေလည်း အလကားပါပင်။ ဆုမိုသည် နှုတ်ဆိတ်နေလိုက်ပြီး မနက်ဖြန် ယွီလျို စံအိမ် ရောက်မှသာ အဖြေရှာရန် ဆုံးဖြတ်လိုက်သည်။
အစကတော့ လူစုံတက်စုံ ရှိနေသော ဒီတည်းခိုခန်းမှာ ငြိမ်းငြိမ်းချမ်းချမ်း အိပ်ရပါ့မလားဟု စိုးရိမ်ခဲ့သေးသည်။
မထင်မှတ်ဘဲ... ညဉ့်နက်သန်းခေါင် ခေါင်မိုးပေါ်ကနေ ဖြတ်ပြေးသွားသော ခြေသံတချို့ကလွဲလျှင်... ဘာပြဿနာမှ မရှိဘဲ မိုးလင်းသွားခဲ့သည်။
ထိုညဘက် လျှောက်ပြေးနေသူတွေက ဘယ်သူတွေလဲ... ဘာရည်ရွယ်ချက် ရှိလဲ ဆိုတာကတော့...
ထုံးစံအတိုင်းပါပဲ... ကိုယ့်ကိစ္စ မဟုတ်လျှင် မစွက်ဖက်ရပေ။
မျက်စိတစ်မှိတ် အတွင်းမှာပင် နောက်တစ်နေ့ မနက်ခင်း ရောက်ရှိလာလေသည်။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် တည်းခိုခန်းတွင် မနက်စာ စားသောက်ပြီးနောက်၊ သိုင်းလောကသားများ၏ စောင့်ကြည့်မှုအောက်မှ ထွက်ခွာလာခဲ့ကြသည်။ မြင်းများကို စီးနင်းပြီး ယွီချင်းတောင်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လိုက်ကြသည်။
အရာအားလုံးသည် ပုံမှန် မဟုတ်လောက်အောင် ပုံမှန် ဖြစ်နေသည်။ နေ့တိုင်း သရဲလို အချိန်မှန် ပေါ်လာတတ်သည့် ဓားငှားသူပေါ့... ဒီနေ့ ထူးထူးဆန်းဆန်း ပျောက်နေသည်။
ဆုမို နည်းနည်းတော့ ထူးဆန်းသည်ဟု ထင်မိသော်လည်း... အေးဆေးသွားရတာကို သဘောကျနေတာမို့ ထပ်ပြီး စုံစမ်းမနေတော့ပါ။
ယွီချင်းတောင်သည် မိုင်ပေါင်းများစွာ စိမ်းလန်းစိုပြေနေပြီး သစ်တောများ ထူထပ်လှသည်။ သစ်ပင်များကြားတွင် မြင်းစီး၍ ရလောက်အောင် ကျယ်ဝန်းသော လမ်းကြောင်းများ ရှိနေသည်။
'ယွီကျင်း' ရေကန်သည် တောင်ကြားထဲတွင် ခိုအောင်းနေပြီး... အဝေးက ကြည့်လိုက်လျှင် နေရောင်အောက်မှာ တောက်ပနေသော မှန်တစ်ချပ်လိုပါပဲ။ ကျောက်စိမ်းရောင် အလင်းတန်းတွေ ဖြာထွက်နေသည်။
ယွီကျင်း ရေကန်ကို ကျော်လွန်သွားလျှင် ယွီလျို စံအိမ်ကို တွေ့ရမည် ဖြစ်၏။
တောင်ကို မှီပြီး ဆောက်လုပ်ထားသည်။ ရှေ့တွင် ယွီကျင်း ရေကန် ရှိပြီး၊ နောက်တွင် မတ်စောက်သော ချောက်ကမ်းပါးကြီး ရှိသည်။
ကာကွယ်ရ လွယ်ကူပြီး တိုက်ခိုက်ရ ခက်ခဲသော နေရာကောင်း တစ်ခုပင်။
တစ်ခု ဆိုးတာက... သူတို့ ရောက်သွားသော အချိန်က ညနေစောင်း ဖြစ်နေခြင်းပါပဲ။
ဖင်းဖုန်းမြို့ကနေ ယွီချင်းတောင်အထိက တစ်နေ့ခရီး အတိအကျ ကြာမြင့်၏။ သူတို့ ရောက်တော့ ညမိုးချုပ်စ ပြုနေသည်။
ယွီကျင်း ရေကန်ဘေးမှာ ခဏလောက်ပဲ လျှောက်ရသေးသည်... တားဆီးခံလိုက်ရ၏။
ယွီလျို စံအိမ်က တပည့်နှစ်ယောက်... အစိမ်းရောင် ဝတ်စုံတွေ ဝတ်ထားပြီး ဓားရှည်တွေကို ကြက်ခြေခတ် ပုံစံ ကာရံထားသည်။ သူတို့ လမ်းကို ပိတ်ရပ်လိုက်ကြသည်။
"ရပ်လိုက်ပါ ခရီးသည်တို့... ရှေ့မှာ ယွီလျို စံအိမ် ရှိတယ်... ပြင်ပလူ ဝင်ခွင့်မရှိဘူး"
"အို... ဟုတ်လား"
ယန်ရှောင်ယွင်က ဆုမိုကို တစ်ချက် ကြည့်လိုက်ပြီး မြင်းဇက်ကြိုးကို ဆွဲကာ ရှေ့သို့ ခြေလှမ်း အနည်းငယ် တိုးလိုက်သည်။
"ယွီလျို စံအိမ်က သိုင်းလောကမှာ နာမည်ကြီးပါတယ်... စံအိမ်သခင် လျူ ဆိုရင် သိုင်းပညာမှာ ဒဏ္ဍာရီ တစ်ဆူပါပဲ... ဒါပေမဲ့ သိုင်းလောကသားတွေကို ယွီလျို စံအိမ်ကို လာခွင့်မပြုဘူး ဆိုတဲ့ စည်းကမ်း ရှိတယ်လို့တော့ တစ်ခါမှ မကြားဖူးပါဘူး"
"ဒါက..."
နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ တစ်ယောက်က မျက်မှောင်အနည်းငယ် ကြုတ်ပြီး မေးလိုက်သည်။
"နာမည်လေးများ သိခွင့်ရမလားဗျ"
ယန်ရှောင်ယွင်က ဆုမိုကို ကြည့်လိုက်သည်။ ဆုမိုက ခေါင်းအသာညိတ်ပြီး ဦးညွှတ်ကာ မိတ်ဆက်လိုက်သည်။
"လော့ရှားမြို့... ဇီယန် အာမခံဌာနက ခေါင်းဆောင် ဆု ပါ... ဒါကတော့ သံမဏိသွေး အာမခံဌာနက ယန်ရှောင်ယွင် ပါ... လွန်ခဲ့တဲ့ တစ်လကျော်က ကျွန်တော်တို့ အာမခံ ပစ္စည်းတစ်ခု အပ်နှံခံထားရပါတယ်... ယွီလျို ဓားနှလုံးသား စံအိမ်သခင် လျူ ရှိပါသလား ခင်ဗျာ"
နာမည် ပြောပြီး ရည်ရွယ်ချက်ကို ရှင်းပြလိုက်သည်။
နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြပြန်သည်။ တစ်ယောက်က ရေရွတ်လိုက်သည်။
"ဇီယန် အာမခံဌာန... တစ်ခါမှ မကြားဖူးဘူး... ဒါပေမဲ့ ဘယ်လိုလုပ် သံမဏိသွေး အာမခံဌာနနဲ့ ပေါင်းမိသွားတာလဲ"
"သက်သေပြစရာ ရှိလား"
နောက်တစ်ယောက်က ဆုမိုနှင့် ယန်ရှောင်ယွင်ကို ရှုတည်တည် ကြည့်လိုက်သည်။
ထိုအခါ၊ ဆုမိုသည် ရင်ဘတ်ထဲမှ ကျိရှုဟွာနှင့် ချုပ်ဆိုထားသော စာချုပ်ကို ထုတ်ယူလိုက်သည်။ လက်ချောင်းဖြင့် တစ်ချက် တောက်လိုက်ရာ စက္ကူပါးလေးသည် လေတိုးသံ တရွှီရွှီဖြင့် ထိုလူ၏ ရင်ဘတ်ဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားလေသည်။
ထိုလူ လန့်ဖျပ်သွားသည်။ သစ်ရွက်ကို ခူးပြီး လက်နက်အဖြစ် ပစ်လွှတ်နိုင်သော စွမ်းရည်မျိုး ရှိမှသာ ဤကဲ့သို့ စက္ကူကို ပစ်လွှတ်နိုင်မည် မဟုတ်ပါလော။ ဤလူငယ်၏ အတွင်းအားက အတော်အတန် မြင့်မားနေသည်။
တိုက်ခိုက်ခံရပြီဟု ထင်လိုက်သော်လည်း... မထင်မှတ်ဘဲ စက္ကူသည် သူ့အနားသို့ ရောက်သောအခါ အရှိန်သေသွားပြီး မြေကြီးပေါ်သို့ ဖြည်းညှင်းစွာ ကျဆင်းသွားလေသည်။
ထိုအခါမှ သူ သတိဝင်လာပြီး စာချုပ်ကို ကပျာကယာ ဖမ်းယူလိုက်သည်။
စိတ်အနည်းငယ် တည်ငြိမ်သွားသောအခါ ပေါ့ဆရဲတော့ပေ။ လက်သီးနှင့် လက်ဝါးကို ဆုပ်ကိုင်ပြီး ဂါရဝပြုလိုက်သည်။
"ခဏလောက် စောင့်ပေးပါ... ကျွန်တော် သတင်း အရင်ပို့လိုက်ပါဦးမယ်"
"ရပါတယ်... သဘောရှိပါ"
ဆုမို မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး လက်ကာပြလိုက်သည်။
ထိုလူသည် စာချုပ်ကို ကိုင်ဆောင်ပြီး လှည့်ထွက်သွားလေသည်။ ကျန်တစ်ယောက်ကမူ ဆုမိုနှင့် ယန်ရှောင်ယွင်ကို သတိထားပြီး စောင့်ကြည့်နေ၏။
ဆုမိုနှင့် ယန်ရှောင်ယွင် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ယွီလျို စံအိမ် အတွင်းတွင် အမှန်တကယ်ပင် အပြောင်းအလဲ တစ်စုံတစ်ရာ ဖြစ်ပေါ်နေပြီ ဖြစ်၏။
သို့မဟုတ်ပါက တပည့်များမှာ အဘယ်ကြောင့် ဤမျှ ဧည့်ဝတ်ကျေပွန်မှု ကင်းမဲ့နေရသနည်း။
လျူဆွေဖုန်း ရှိနေသည့်အတွက် ယွီလျိုစံအိမ်မှာ နာမည်ကြီးနေခြင်း ဖြစ်သည်။
လာရောက်လည်ပတ်သည့် သိုင်းလောကသားများမှာ မရိုးနိုင်အောင် များပြားသည်ဟု မဆိုနိုင်သော်လည်း နည်းပါးသည်တော့ မဟုတ်ချေ။
အကယ်၍ ယွီလျိုစံအိမ်မှ လူများအားလုံး ဤသို့သာ ဆက်ဆံနေပါက သူတို့၏ ဂုဏ်သတင်းမှာ ပျက်စီးနေလောက်ပြီ ဖြစ်သည်။
သိုင်းပညာ မြင့်မားရန် လိုအပ်သော်လည်း လူမှုဆက်ဆံရေး မကောင်းမွန်ပါက မည်သူကမျှ ကောင်းသတင်း ပြောကြားမည် မဟုတ်ချေ။ အဘယ်သို့ပြု၍ ယခုကဲ့သို့ အထွတ်အထိပ်သို့ ရောက်ရှိနိုင်မည်နည်း။
မည်သို့ပင်ဖြစ်စေ သူတို့နှစ်ယောက် စကားအများအပြား မပြောဆိုကြတော့ပေ။ ယွီလျိုစံအိမ်အတွင်း၌ မည်သို့ပင် ဖြစ်ပျက်နေပါစေ သူတို့ သယ်ဆောင်လာသည့် ပစ္စည်းကို ပို့ပေးလိုက်လျှင် တာဝန်ကျေပွန်ပြီ ဖြစ်သည်။
လောလောဆယ်တွင်မူ ခေတ္တမျှ စောင့်ဆိုင်းရုံသာ ရှိသည်။
စောင့်ဆိုင်းရသည်မှာ ကြာရှည်မဟုတ်။ ခဏအကြာတွင် လူပြန်ရောက်လာသည်။
သတင်းပို့ရန် သွားသူ ပြန်ရောက်လာရုံမျှမက နောက်ထပ် လူတစ်ယောက်ပါ ပါလာသည်။
အသက် (၅၀) အရွယ် လူလတ်ပိုင်း တစ်ယောက် ဖြစ်သည်။
ဤလူမှာ ယဉ်ကျေးသိမ်မွေ့သည်။ သူတို့ကို မြင်သည်နှင့် ရယ်မော၍ နှုတ်ဆက်သည်။ လက်ချင်း ဆုပ်ကာ ဂါရဝပြုလိုက်၏။
"သူရဲကောင်းလေး နှစ်ယောက်ကို တွေ့ရတာ ဝမ်းသာပါတယ်... ဒီအဘိုးကြီးက လျူချင်ကုန်း ပါ"
"ဪ... အိမ်တော်ထိန်း လျူ ကိုး... မမှတ်မိလိုက်လို့ ခွင့်လွှတ်ပါ"
ဆုမို ချက်ချင်း ပြန်လည် ဂါရဝပြုလိုက်သည်။
အရင်က မတွေ့ဖူးပေမဲ့... လျူချင်ကုန်းရဲ့ နာမည်ကို ဆုမို ကြားဖူးပါတယ်။
သူ့ရဲ့ သိုင်းပညာ စွမ်းရည်က သိပ်မထင်ရှားပေမဲ့... ယွီလျို စံအိမ်ရဲ့ အိမ်တော်ထိန်းကြီး ဆိုတဲ့ ရာထူးတစ်ခုတည်းနဲ့တင် သိုင်းလောကသားတွေ လေးစားရိုသေဖို့ လုံလောက်နေပါပြီ။
"ရပါတယ်ဗျာ... ကိစ္စမရှိပါဘူး"
လျူချင်ကုန်းက အသာပြုံးလိုက်ပြီး စာချုပ်ကို ထုတ်ပြလိုက်သည်။
"ဒီစာရွက်စာတမ်းကို ကျွန်တော် ကြည့်ပြီးပါပြီ... ဂိုဏ်းချုပ်ကြီး ကျိရှုဟွာက ခင်ဗျားတို့နှစ်ယောက်ကို အကူအညီတောင်းပြီး လွှတ်လိုက်တာကိုး... ဒါပေမဲ့ လောလောဆယ် စံအိမ်ထဲမှာ အရေးကြီးကိစ္စ တစ်ခု ရှိနေလို့ပါ... ဟိုလေ... ပစ္စည်းကို ကျွန်တော့်ဆီပဲ အပ်ခဲ့လို့ ရမလား"
ဆုမို စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ ဖြစ်နိုင်ရင်တော့ ဒီနည်းနှင့်ပဲ အဆုံးသတ်လိုက်ချင်မိသည်။။
ပြဿနာက... စနစ် က ရှင်းရှင်းလင်းလင်း ပြောထားသည်။ ဒီပစ္စည်းကို လျူဆွေဖုန်း လက်ထဲ အရောက် ပေးရမည်တဲ့။
တကယ်လို့ အခု လျူချင်ကုန်းဆီ ပေးလိုက်လျှင်... လွန်ခဲ့သော တစ်လလုံး ကြိုးစားခဲ့သမျှ သဲထဲရေသွန် ဖြစ်သွားရပါမည်။ ထိုကြောင့် သူ ဦးညွှတ်ပြီး ပြောလိုက်ရသဘ်။
"အိမ်တော်ထိန်း လျူ... ခွင့်လွှတ်ပါဗျာ... စာချုပ်အရ ဆိုရင် ဒီပစ္စည်းကို စံအိမ်သခင် လျူ ဆီ ကိုယ်တိုင် ပေးအပ်ရမှာပါ... ကျွန်တော်က လူငယ် လူသစ် တစ်ယောက် အနေနဲ့ ဇီယန် အာမခံဌာနရဲ့ ခေါင်းဆောင် တာဝန်ကို ပထမဆုံး ယူထားတာပါ... ဆရာကြီး ကျိကို မျက်နှာချင်းဆိုင် ကတိပေးခဲ့ပြီးမှတော့... ကတိဖျက်လို့ မဖြစ်ပါဘူး"
"စီနီယာ လျူ စံအိမ်ထဲမှာ ရှိပါသလား"
"ဒါက..."
လျူချင်ကုန်း ခေတ္တမျှ တိတ်ဆိတ်သွားသည်။ မျက်နှာတွင် တွေဝေမှုများ ပေါ်လာပြီးနောက်... နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။
"ကောင်းပါပြီလေ... ခေါင်းဆောင် ဆု က ဒီလောက်ထိ အခက်တွေ့နေမှတော့... ကျွန်တော့်နောက် လိုက်ခဲ့ပါ"
"ကျေးဇူးတင်ပါတယ် အိမ်တော်ထိန်း လျူ"
ဆုမိုနှင့် ယန်ရှောင်ယွင်တို့ မြင်းပေါ်မှ ဆင်းလိုက်ကြပြီး... မြင်းများကို ဆွဲကာ လျူချင်ကုန်း နောက်သို့ လိုက်ပါသွားကြလေသည်။
လမ်းခရီးက ဖြောင့်ဖြူးသည်ကတော့ ပြောစရာ မလိုတော့ပါ။ စံအိမ်ဝင်းထဲ ရောက်သွားတော့ ယွီကျင်း ရေကန်ရဲ့ ရှုခင်းကို မမြင်ရတော့သော်ငြား... ယွီလျို စံအိမ်က တောင်ကို မှီပြီး ဆောက်ထားတာမို့ အဆောက်အဦးတွေက အထပ်လိုက် အထပ်လိုက်နှင့် ခမ်းနားထည်ဝါနေ၏။
ထိုအချိန်မှာ... ပင်မတံခါးမကြီးရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာ လူတွေ စောင့်ကြပ်နေကြတသည်။ သူတို့၏ မျက်လုံးတွေက စူးရှနေပြီး... တခြားလူတွေကို မိုင်တစ်ထောင်လောက် အကွာမှာ နေစေချင်သော အငွေ့အသက်မျိုး ပေးစွမ်းနေဧ။်။
အခန်း (၅၀) - စုရုံးခြင်း
~"ဧည့်သည် လာတယ်"
တံခါးဝတွင် လျူချင်ကုန်းက အော်ဟစ်လိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် အစိမ်းရောင် ဝတ်စုံဝတ် တပည့်နှစ်ယောက် ထွက်လာကြလေသည်။
လျူချင်ကုန်းက ပြုံးရွှင်စွာ ပြောလိုက်သည်။
"အဝေးကလာတဲ့ ဧည့်သည်တွေ... သူတို့ရဲ့ မြင်းတွေကို အစာကျွေးဖို့ ခေါ်သွားလိုက်ပါဦး"
"ကျေးဇူးပါပဲ"
ဆုမို ခေါင်းညိတ်လိုက်ပြီး ယန်ရှောင်ယွင်နှင့်အတူ မြင်းများကို ထိုနှစ်ယောက်ထံ လွှဲပြောင်းပေးလိုက်သည်။
ထို့နောက်မှ လျူချင်ကုန်းက ပြောလိုက်သည်။
"ကဲ... ကျွန်တော့်နောက် လိုက်ခဲ့ကြပါ"
သူသည် ကျောက်ဆောင်တုများ၊ စီးဆင်းနေသော စမ်းချောင်းလေးများကို ဖြတ်ကျော်ပြီး၊ ဇရပ်ဆောင်များနှင့် အခန်းငယ်လေးများကို ကျော်လွန်ကာ နောက်ဆုံးတွင် ခန်းမဆောင် တစ်ခုရှေ့သို့ ရောက်ရှိသွားလေသည်။
သို့သော် အနားသို့ ရောက်သည်နှင့် "အမယ်လေးဗျ" ဟူသော အော်ဟစ်သံကို ကြားလိုက်ရပြီး၊ လူတစ်ယောက်သည် ခန်းမတံခါးပေါက်မှ ရုတ်တရက် လွင့်ထွက်လာသည်ကို တွေ့လိုက်ရလေသည်။
ကံဆိုးချင်တော့... ထိုလူသည် ဆုမိုရှိရာသို့ တန်းတန်းမတ်မတ် လွင့်လာနေသည်။
ထိုလူ၏ ပုံစံကို ကြည့်ရသည်မှာ တစ်ယောက်ယောက်က ကန်ထုတ်လိုက်ခြင်း ဖြစ်ပုံရသည်။
ပုံမှန်ဆိုလျှင်... ဒီလို အခြေအနေမျိုးမှာ လက်ကမ်းပြီး ဖမ်းပေးလိုက်တာက ကုသိုလ်ရတာပေါ့။
သို့ရာတွင်၊ ဆုမိုကတော့ ယန်ရှောင်ယွင်ရဲ့ လက်ကို ဆွဲပြီး ဘေးကို လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။ ဖမ်းပေးဖို့ စိတ်ကူး လုံးဝ မရှိချေ။
လေထဲမှာ လွင့်နေသည့် လူက ဆုမိုကို လှမ်းကြည့်လိုက်မိ၏။ သူ့မျက်လုံးထဲမှာ အံ့သြမှုတွေ အပြည့်နှင့်.. ဆုမို၏ ရက်စက်မှုကို အပြစ်တင်နေသလိုလိုပင်...။
ထို့နောက်တော့ မြေကြီးပေါ်ကို "ဘုန်း" ခနဲ ပြုတ်ကျသွားပြီး နာကျင်စွာ ညည်းညူလိုက်လေသည်။
ဆုမိုက ထိုလူကို ဒုတိယအကြိမ် ပြန်မကြည့်တော့ဘဲ လျူချင်ကုန်းကိုသာ တိတ်ဆိတ်စွာ ကြည့်နေလိုက်သည်။
လျူချင်ကုန်းက ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။
"သူရဲကောင်းလေး... စိတ်မရှိပါနဲ့ဗျာ... အရှက်ကွဲစရာ ဖြစ်သွားပြီ"
ပြောပြီးသည်နှင့် မြေကြီးပေါ် လဲကျနေသော လူအနားသို့ သွားလိုက်သည်။
"သူရဲကောင်း ဝမ်... အဆင်ပြေရဲ့လား"
"... ဟွန်း... ပြေတာပေါ့"
ထိုလူသည် မြေကြီးပေါ်မှ ကုန်းရုန်းထလိုက်ပြီး ဆုမိုကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။ ထို့နောက် ခန်းမဆောင်ဘက်သို့ လှည့်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
"သောက်ကောင်တွေ... နောက်ကွယ်ကနေ လုပ်ကြံရဲတယ်ပေါ့... ဒါ သူရဲကောင်း လုပ်ရပ်လားကွ... သတ္တိရှိရင် ငါနဲ့ မျက်နှာချင်းဆိုင် အချီ (၃၀၀) လောက် လာချစမ်းပါ"
ပြောပြီးသည်နှင့် သူ ခန်းမဆောင်ထဲသို့ ပြေးဝင်သွားလေသည်။
လျူချင်ကုန်း ကပျာကယာ ပြောလိုက်သည်။
"မိတ်ဆွေတို့... စိတ်လျော့ကြပါဗျာ... အကြမ်းဖက်တာတွေ ရပ်လိုက်ကြပါ"
သူ ဝင်တားချင်သော်လည်း ဆုမိုနှင့် ယန်ရှောင်ယွင်ကို သတိရသွားပြီး ချက်ချင်း ပြောလိုက်သည်။
"လာကြပါ... ကျွန်တော့်နောက် လိုက်ခဲ့ပါ"
ထို့နောက် ခန်းမဆောင်ထဲသို့ အမြန် ဝင်သွားလေသည်။
ဆုမိုနှင့် ယန်ရှောင်ယွင် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ခန်းမဆောင်ထဲတွင် လူအများအပြား ရှိနေသည်ကို သတိထားမိလိုက်ကြသည်။
စောစောက ဖင်းဖုန်းမြို့မှ စားပွဲထိုးလေး ပြောခဲ့သလိုပင်... ဒီရက်ပိုင်း ယွီလျို စံအိမ်ကို လာလည်သော သူတွေ အကုန်လုံး ဒီထဲမှာ ရှိနေတာများလား။
ထိုအတွေးနှင့်အတူ သူတို့ ခန်းမဆောင်ထဲ ဝင်လိုက်ကြ၏။
တစ်ယောက်ယောက်က လှောင်ပြောင်သံနှင့် ပြောနေတာ ကြားလိုက်ရသည်။
"မင်းရဲ့ အားအင်တွေကို သိုင်းလောကထဲမှာ သုံးနေတာ နှမြောစရာပဲကွာ... ဆိပ်ကမ်းမှာ ကူလီသွားလုပ်ရင် သူဌေးဖြစ်ပြီး စည်းစိမ်ခံစားနိုင်ဦးမယ်... ဘာလို့ သိုင်းလောကထဲ လျှောက်သွားပြီး အချိန်တိုင်း အသက်နဲ့ရင်းနေမှာလဲ"
ပြောလိုက်သူက လူလတ်ပိုင်း တစ်ယောက်။ ပိန်ပိန်ပါးပါး၊ မျက်နှာမှာ အရေးအကြောင်းတွေနှင့်။ နှာခေါင်းက ချွန်နေပြီး မျက်လုံးတွေက ကြွက်မျက်လုံးလို တောက်ပနေသည်။ နှုတ်ခမ်းမွေး စစလေးက ဆိတ်မွေးလို တွဲလောင်းကျနေ၏။
ဆံပင်က ပါးပြီး ထိပ်ပြောင်နေပေမဲ့... အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး... လွတ်လပ်ပေါ့ပါးသော ဟန်ပန်နှင့် မောက်မာသည့် အကြည့်မျိုး ဖမ်းထားချင်ပုံ ရသည်။
လက်ထဲမှာ ယပ်တောင် တစ်ချောင်း ကိုင်ထားသည်။ ယပ်တောင်ကို ဖြန့်လိုက်တော့ စာလုံးကြီး လေးလုံး ပေါ်လာသည်။ 'လူကြီးလူကောင်း ဆိုတာ ကျောက်စိမ်းလိုပဲ' ဟူ၍။
သူ့အပြင် ခန်းမထဲမှာ တခြားလူတွေလည်း ရှိနေကြ၏။
ဘုန်းကြီးရော၊ လူဝတ်ကြောင်ရော၊ ယောကျ်ားရော၊ မိန်းမရော... စုံလှသည်။
ဆုမိုနှင့် ယန်ရှောင်ယွင် ဝင်လာတော့... အားလုံးက ဝမ်မျိုးရိုးနှင့် 'လူကြီးလူကောင်း' ဆီမှ အာရုံလွှဲပြီး သူတို့ကို ကြည့်လိုက်ကြသည်။
သို့သော်၊ လူငယ်နှစ်ယောက် ဖြစ်နေတာ မြင်တော့... ခဏလေးပဲ ကြည့်ပြီး စိတ်မဝင်စားတော့သလို ပြန်လှည့်သွားကြသည်။
ဝမ်မျိုးရိုးက ဒေါသတကြီး အော်ဟစ်လိုက်၏။
"မင်းအမေလင်... လေလည်နေတာလား... သတ္တိရှိရင် လာခဲ့... အချီ (၃၀၀) လောက် ချကြမယ်"
"လူကြီးလူကောင်း ဆိုတာ... စကားနည်းနည်း များတာနဲ့ အကြမ်းမဖက်ဘူးကွ"
ဟို 'လူကြီးလူကောင်း' ဆိုသည့် လူကတော့... ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး... လက်ဖက်ရည်ကို ကျေနပ်အားရစွာ သောက်နေလေ၏။
"မင်း........."
ဝမ်မျိုးရိုး၏ မျက်နှာက ဒေါသကြောင့် နီရဲလာပြီး... လက်မောင်းက အကြောတွေ ထောင်ထလာသည်။ ရိုက်ဖို့ ရွယ်လိုက်တော့၏။
"နေပါဦး... သူရဲကောင်း ဝမ်"
လျူချင်ကုန်း မြင်တော့ ကပျာကယာ လှမ်းတားလိုက်သည်။
"ယွီလျို စံအိမ်ထဲမှာတော့ စိတ်လျော့ပေးကြပါဗျာ"
"အိမ်တော်ထိန်း လျူ... ခင်ဗျား မြင်တဲ့အတိုင်းပဲ... ကျုပ်က ပြဿနာ ရှာချင်တာ မဟုတ်ပါဘူး... ဒီကောင်က အရမ်း အနိုင်ကျင့်လွန်းလို့ပါ... ကျုပ်က တခြား ဘာမှ မလိုချင်ပါဘူး... သိုင်းပညာနဲ့ အဆုံးအဖြတ် ယူချင်ရုံပါ... အချီ (၃၀၀) လောက် ချပြီး သူ့မုတ်ဆိတ်မွေးတွေကို ဆွဲနှုတ်ပစ်ချင်တာ"
လျူချင်ကုန်း နှုတ်ခမ်းတွေ တွန့်လှုပ်သွားသည်။
"ဧည့်သည်တော်တို့... ခရီးဝေးက လာကြတာ ဆိုပေမဲ့... ယွီလျို စံအိမ်က သိုင်းလောက မိတ်ဆွေတွေကို အမြဲတမ်း ကြိုဆိုပါတယ်... ဒါပေမဲ့ စည်းကမ်း တစ်ခုတော့ ရှိတယ်... ယွီလျို စံအိမ်ထဲမှာ ရန်ဖြစ် တိုက်ခိုက်တာမျိုး ရှောင်ကြဉ်ပေးပါ... ဒါ စံအိမ်သခင် ချမှတ်ထားတဲ့ စည်းကမ်းပါ... တကယ်လို့ ခင်ဗျားတို့ မလိုက်နာဘဲ ပြဿနာ ဖြစ်ရင်... စံအိမ်သခင်က ကျွန်တော့်ကို အပြစ်ပေးလိမ့်မယ်... အဲ့ဒီ အပြစ်ဒဏ်ကို ကျွန်တော် မခံနိုင်ပါဘူး... ဒါကြောင့် ကျွန်တော့်ကို အခက်မတွေ့စေပါနဲ့ဗျာ"
ကြည့်ရတာတော့ လျူချင်ကုန်းက ကိုယ့်အတွက် ပြောနေသလိုပါပင်... ဒါပေမဲ့ စကားထဲမှာ လျူဆွေဖုန်းကို ကိုးကားထားသည်။
တကယ်လည်း... ခန်းမထဲက ရန်ဖြစ်နေသော နှစ်ယောက်သား ချက်ချင်း ငြိမ်ကျသွားကြ၏။
ဝမ်မျိုးရိုးက ဒေါသတကြီး ထိုင်ချလိုက်ပြီး... လက်ဖက်ရည်ခွက်ကို ကောက်ယူကာ တဂွပ်ဂွပ် သောက်လိုက်သည်။
ဟို 'လူကြီးလူကောင်း' ကတော့ အသာပြုံးလိုက်ပြီး ပြောသည်။
"အိမ်တော်ထိန်း လျူ ပြောတာ မှန်ပါတယ်... ကျွန်တော်တို့က ဒီနေ့ ဧည့်သည် အနေနဲ့ လာတာပါ... ပြဿနာ လာရှာတာ မဟုတ်ပါဘူး... အိမ်တော်ထိန်း လျူ ကို အခက်တွေ့အောင် လုပ်မှာ မဟုတ်ပါဘူး... အင်း... စံအိမ်သခင် လျူ က ဘယ်တော့လောက်များ ကျွန်တော်တို့ကို တွေ့ဆုံနိုင်မလဲ သိချင်ရုံပါ"
"စိတ်ရှည်ပါဗျာ... ကျွန်တော် သခင်ကြီးကို သွားတင်ပြပြီး ဆုံးဖြတ်ခိုင်းလိုက်ပါ့မယ်... ခဏလောက် စောင့်ပေးကြပါ"
ပြောပြီးသည်နှင့် လျူချင်ကုန်းက ဆုမိုနှင့် ယန်ရှောင်ယွင်ကို ကြည့်လိုက်သည်။
"လူငယ်တို့... သဘောရှိ ထိုင်ကြပါ... ကျွန်တော် ခဏနေ ပြန်လာခဲ့ပါမယ်"
"အိမ်တော်ထိန်း လျူ... သဘောရှိ လုပ်ပါ"
ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် သဘာဝကျကျပင် ဝင်ထိုင်လိုက်ကြသည်။ လျူချင်ကုန်းက လက်ဖက်ရည် လာချပေးရန် စီစဉ်ပြီးနောက် ထွက်ခွာသွားလေသည်။
လျူချင်ကုန်း ထွက်သွားပြီးနောက် ခန်းမဆောင်ကြီးသည် ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်သွား၏။
ထိပ်ဆုံးရှိ ကုလားထိုင် နှစ်လုံးမှ လွဲ၍... ကျန်သော နေရာများတွင် (၁၀) နေရာ ရှိသည်။
ထိုင်နေသူများမှာ... ဘုန်းကြီး တစ်ပါး၊ အမျိုးသမီး တစ်ယောက်၊ 'လူကြီးလူကောင်း'၊ မျက်နှာဖြူ စာပေပညာရှင် တစ်ယောက်၊ ဓားသမား နှစ်ယောက်၊ နှင့် ရိုင်းစိုင်းသော ဝမ်မျိုးရိုး တို့ ဖြစ်ကြသည်။
အခု ဆုမိုနှင့် ယန်ရှောင်ယွင်ပါ ဝင်ထိုင်လိုက်တော့... (၁၀) နေရာမှာ (၉) နေရာ ပြည့်သွားတော့၏။
ဆုမို အားလုံးကို ဝေ့ဝဲကြည့်လိုက်သည်။ ဘုန်းကြီးက မျက်လုံးမှိတ်ပြီး ပုတီးစိပ်နေသည်... ဘုရားစာ ရွတ်နေပုံရသည်။
အမျိုးသမီးကတော့ အသက် ဘယ်လောက်လဲ ခန့်မှန်းရခက်၏... ။ ကြည့်ရတာ ငယ်ပုံ ရသော်လည်း... မျက်လုံးတွေထဲမှာ လောကကြီးကို ငြီးငွေ့နေသော အရိပ်အယောင်တွေ တွေ့နေရသည်။
'လူကြီးလူကောင်း' ကတော့ ပြောစရာ မလိုတော့ပါ... ပြုံးစိစိနှင့် လက်ဖက်ရည် သောက်ရင်း... ကြွက်မျက်လုံးတွေနှင့် လူတွေကို လိုက်ကြည့်နေ၏။
စာပေပညာရှင်က စာအုပ်တစ်အုပ်ကို ကိုင်ထားသော်လည်း... တစ်လုံးမှ မဖတ်ရသေးပေ... ခေါင်းကို စောင်းပြီး အိပ်ပျော်နေတာ ကြာပြီ ထင်သည်... စာအုပ်က ပြောင်းပြန် ဖြစ်နေသည်ကိုး။
ဓားသမား နှစ်ယောက်ကတော့ ပုံစံမတူသော်လည်း အငွေ့အသက် တူကြ၏... ကျောက်ရုပ်တွေလို တည်ငြိမ်ပြီး ခက်ထန်နေသည်။
ဝမ်မျိုးရိုးကတော့ လက်ဖက်ရည်ကို ဒေါသတကြီး သောက်နေသည်... သူ့ဘေးမှာ အစိမ်းရောင် ဝတ်စုံဝတ် အိမ်ဖော်မလေး တစ်ယောက်က မျက်နှာသေနှင့် ရပ်ပြီး ဖြည့်ပေးနေသည်။
တစ်ခွက်ငှဲ့လိုက်၊ တစ်ခွက်သောက်လိုက်နှင့်... အရက်သောက်ပြီး အပူဖြေနေသလိုပါပင်။
ထိုအချိန်မှာ... ဆုမို၏ စိတ်ထဲမှာ 'လူကြီးလူကောင်း' ပြောလိုက်သော စကားတစ်ခွန်းကို သွားသတိရလိုက်သည်။
… 'ကျွန်တော်တို့က ဒီနေ့ ဧည့်သည် အနေနဲ့ လာတာပါ' တဲ့... ဒီနေ့ ဟုတ်လား။
သူတို့ ရောက်နေတာ ရက်တော်တော် ကြာနေပြီ မဟုတ်လား... ဒါမှမဟုတ် ဒီနေ့မှ ရောက်လာကြတာလား။…
အတွေးတွေ လည်ပတ်နေတုန်း... 'လူကြီးလူကောင်း' ၏ အသံ ထွက်လာသည်။
"ဇီယန်... လူငယ်လေးက ဇီယန်ဂိုဏ်းက တပည့်ကျော်လား”
အခန်း (၅၁) - လက်ဖက်ရည် ကမ်းလှမ်းခြင်း
~ဆုမိုသည် ဇီယန်အာမခံဌာန၏ ဝတ်စုံကို အမြဲဝတ်ဆင်ထားလေ့ ရှိ၏။
ထိုဝတ်စုံမှာ ခိုင်ခံ့သော အထည်အလိပ်ဖြင့် ချုပ်လုပ်ထားပြီး၊ လက်နှစ်ဖက်၏ အနားစွန်းတွင် 'ဇီယန်' ဟူသော စာလုံးနှစ်လုံးကို သပ်ရပ်လှပစွာ ထိုးကွင်းပြုလုပ်ထားလေသည်။
တစ်ကိုယ်တည်း အာမခံခရီးနှင်နေရသဖြင့် အလံကိုင်ဆောင်စရာ မလိုဘဲ၊ ထိုစာလုံးနှစ်လုံးကပင် သူ့မည်သူဖြစ်ကြောင်း သက်သေထူနေသကဲ့သို့ ရှိနေ၏။
ယခုအချိန်တွင် 'ဂိုယူဟု' ဟုခေါ်သော ကိုယ့်ကိုယ်ကိုယ် 'လူကြီးလူကောင်း' ဟု တင်စားထားသူသည် ထိုအချက်ကို သတိထားမိသွားပြီး၊ မျက်နှာတွင် အပြုံးတု တစ်ခု ချိတ်ဆွဲကာ မေးခွန်းထုတ်လာလေသည်။
"မဟုတ်ရပါဘူးဗျာ... ဘယ်ကလာ"
ဆုမိုက နှိမ့်ချစွာဖြင့် လက်ကာပြလိုက်၏။
"ကံကောင်းထောက်မစွာနဲ့... ကျွန်တော့် ဘိုးဘေးတွေက ဇီယန်ဂိုဏ်းရဲ့ တပည့်တွေ ဖြစ်ခဲ့ဖူးပြီး... သိုင်းပညာ တတ်မြောက်ပြီးမှ အာမခံဌာန ထောင်ခဲ့ကြတာပါ"
"ဇီယန် အာမခံဌာန... ဟုတ်လား"
အဆီပြန်နေသော ဆံပင်ပိုင်ရှင် ဂိုယူဟု၏ မျက်နှာထားမှာ အနည်းငယ် ပြောင်းလဲသွားလေသည်။
ဘုန်းကြီးပင်လျှင် ဘုရားစာ ရွတ်နေသည်ကို ခဏရပ်လိုက်ပြီး၊ မျက်လုံးကို အနည်းငယ် ဖွင့်ကာ ကြည့်လိုက်၏။ မျက်လုံးထဲတွင် တောက်ပသော အလင်းတစ်ချက် ဝေဝါးသွားပြီးနောက် ချက်ချင်း ပြန်မှိတ်သွားလေသည်။
အမျိုးသမီးကတော့ လက်ဖက်ရည်ခွက် အဖုံးကို ပျင်းရိစွာ ကစားနေပြီး မည်သည့်အရာကိုမျှ စိတ်မဝင်စားပုံ ပေါက်နေ၏။
သို့သော် 'ဇီယန် အာမခံဌာန' ဟူသော အမည်ကို ကြားလိုက်ရသည့် အခိုက်အတန့်တွင် သူမ ဆုမိုကို အံ့အားသင့်သလို စိုက်ကြည့်လိုက်မိသည်။
သူမ၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားပြီး အပြုံးတစ်ခု ဖြစ်ပေါ်လာသော်လည်း၊ ထိုအပြုံးမှာ အပြုံးစစ်စစ် မဟုတ်ဘဲ ထူးဆန်းသော အဓိပ္ပာယ်များ ကိန်းအောင်းနေလေသည်။
ယန်ရှောင်ယွင်က ထိုအခြေအနေကို မြင်သောအခါ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိ၏။
သူမသည် ခန်းမထဲရှိ လူတိုင်းကို အကဲခတ်နေခဲ့ပြီး... မည်သူ့ကို ကြည့်ကြည့် သာမန်လူ မဟုတ်ကြောင်း သိသာနေသည်။
ဓားသမား နှစ်ယောက်သည် ကျောက်ရုပ်များကဲ့သို့ ငြိမ်သက်နေသော်လည်း... သူတို့၏ ခန္ဓာကိုယ်ထဲတွင် ထိန်းချုပ်ထားသော ဓားချီများ ကိန်းအောင်းနေပြီး၊ မတော်တဆ ထွက်ပေါ်လာတတ်သော ထက်မြက်မှုများကို တွေ့မြင်နေရ၏။
ဝမ်မျိုးရိုးမှာ ရိုင်းစိုင်းပုံ ပေါက်နေသော်လည်း... သိုင်းလောကမှာ ရုပ်ရည်သွင်ပြင်နှင့် လူကဲခတ်လျှင် အမွေးအမြှင်ပါမကျန် အကုန် ပြောင်သွားတတ်သည်လေ။
ဟို စာပေပညာရှင်ကတော့... သာမန်ဟု ထင်ရသော်လည်း ထူးခြားသော အငွေ့အသက် ရှိနေသည်။
ခန်းမထဲမှာ လေထုက ထူးဆန်းနေသော်လည်း... ဒီလူက အေးအေးဆေးဆေး အိပ်ပျော်နေနိုင်သည် ဆိုကတည်းက... သူက သိုင်းပညာ အလွန်မြင့်မား၍၊ ဒါမှမဟုတ် တကယ်ပဲ အူကြောင်ကြောင် ဖြစ်နေ၍သာ ဖြစ်ရမည်။ သို့သော်၊ သိုင်းလောကထဲမှာ အူကြောင်ကြောင် နိုင်သည့် လူတွေက အစောကြီးကတည်းက သေကုန်ကြပြီ မဟုတ်ပါလော။
ယန်ရှောင်ယွင် အထူးဆန်းဆုံးဟု ထင်ရသည့် သူတွေကတော့... ဘုန်းကြီး၊ အမျိုးသမီး နှင့် အဆီပြန် 'လူကြီးလူကောင်း' ဂိုယူဟု တို့ပင် ဖြစ်၏။
မထင်မှတ်ဘဲ... 'ဇီယန် အာမခံဌာန' ဆိုသည့် စကားလုံး ကြားတာနှင့် ဒီသုံးယောက်၏ မျက်နှာထားတွေ ပြောင်းသွားကြ၏။
ဒီအချက်ကို တွေးမိပြီး သူမ ဆုမိုကို စိုးရိမ်တကြီး လှမ်းကြည့်လိုက်မိသည်။
သို့သော်၊ ကြည့်ပြီးတာနှင့် စိတ်သက်သာရာ ရသွား၏။
ဆုမိုက ပြုံးနေသည်။ တည်ငြိမ်ပြီး အေးဆေးနေ၏။ ယုံကြည်မှု အပြည့်နှင့်ပင်။
လမ်းခရီးတစ်လျှောက် သူ့၏ လုပ်ရပ်များကို ပြန်တွေးမိပြီး သူ စိတ်အေးသွားရလေသည်။
"ဟုတ်ပါတယ်... ဇီယန် အာမခံဌာန ပါ"
ဆုမိုကဘပြုံးပြီး မေးလိုက်၏။
"စီနီယာတို့ ကြားဖူးကြပါသလား"
"...နည်းနည်းတော့ ကြားဖူးပါတယ်"
ဂိုယူဟုက ပါးစပ်ဖြဲပြီး ရယ်လိုက်ရာ ဝါထိန်နေသော သွားကြီးများ ပေါ်လာလေသည်။
ထိုစဉ် အမျိုးသမီးက ရုတ်တရက် စကားပြောလာ၏။
"လူငယ်လေး... ငါ မင်းကို သိတယ်"
"အို... ဟုတ်လား"
ဆုမို အံ့အားသင့်သွားပုံရသည်။
"စီနီယာက ကျွန်တော့်ကို သိတာလား"
"ဇီယန် အာမခံဌာနက အရင်တုန်းက နာမည်ကြီးခဲ့တာပါ... တုန်းဟွမ် ဒေသမှာ မသိသူ မရှိသလောက်ပါပဲ... မိုးခြိမ်းသံလို ကျယ်လောင်ခဲ့တာ... ဝမ်းနည်းစရာ ကောင်းတာက... တစ်ဆက်ထက် တစ်ဆက် ညံ့လာပြီး... မင်းတို့လက်ထက် ရောက်တော့ ရယ်စရာကြီး ဖြစ်နေပြီ"
ပြောရင်းနှင့် သူမ အကြည့်တွေက ဆုမိုဆီ ရောက်လာသည်။ အသံတိုးတိုးလေးနှင့် ပြောလိုက်၏။
"လူငယ်လေး... မင်း ဘယ်လို လုပ်ပြီး ဒီရောက်လာလဲ ငါ မသိဘူး... ဒါပေမဲ့ ငါ့အကြံကို နားထောင်ပါ... ဒီနေရာက မင်းအတွက် မဟုတ်ဘူး... ဘေးအန္တရာယ် မကြုံခင် မြန်မြန် ထွက်သွားပါ"
ဒီစကား ထွက်လာတာနှင့်... ဘုန်းကြီးကလွဲ၍ ခန်းမထဲက လူအားလုံး သူမကို လှည့်ကြည့်လိုက်ကြလေသည်။
"ဟွန်း... ဘာလဲ... ဒီစကား ပြောလို့ မရဘူးလား"
အမျိုးသမီးက အေးစက်စွာ ပြုံးလိုက်ပြီး မျက်လုံးထဲမှာ အန္တရာယ် အငွေ့အသက်တွေ ထွက်ပေါ်လာ၏။
"ပြောလို့ ရပါတယ်... ပြောလို့ ရပါတယ်"
ဂိုယူဟုက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး ယပ်တောင်ကို ဖြန့်ခတ်လိုက်သည်။
"ဒါပေမဲ့ ဒီစကားတွေက အခြေအမြစ် မရှိပါဘူး... ခင်ဗျား ပြောတာကို ကျွန်တော်တို့ ငြင်းချက်ထုတ်လို့ ရပါတယ်... ကျွန်တော်တို့ ယွီလျို စံအိမ်ကို လာတာ အချိန်ကိုက်ပါပဲ... ယွီလျို ဓားနှလုံးသား ရှိနေသရွေ့... ယွီလျို စံအိမ်က ဘယ်လိုလုပ် ဘေးအန္တရာယ် ကျရောက်တဲ့ နေရာ ဖြစ်လာနိုင်မှာလဲ"
အမျိုးသမီးက မျက်လုံးမှေးပြီး ဂိုယူဟုကို ကြည့်လိုက်၏။ ပြီးနောက် ဆုမိုဘက် လှည့်လိုက်သည်။
"ကောင်လေး... သေချာ စဉ်းစားနော်"
ပြောပြီးသည်နှင့် သူမ ဘာမှ ဆက်မပြောတော့ပေ။
အဲ့ဒီအချိန်မှာ ဆုမို သိလိုက်သည်။ စာပေပညာရှင်ကလွဲလျှင်... ခန်းမထဲက လူတိုင်း၏ စိတ်အခြေအနေက မငြိမ်မသက် ဖြစ်နေတော့၏။
တကယ်လို့ အမျိုးသမီးက နောက်ထပ် စကားတစ်ခွန်း ထပ်ပြောလိုက်လျှင်... မျက်စိတစ်မှိတ် အတွင်းမှာပင် တိုက်ပွဲ ဖြစ်သွားနိုင်လေသည်။
ဆုမို ခံစားမိနေမှတော့ ယန်ရှောင်ယွင်က ဘယ်လိုလုပ် မသိဘဲ နေမည်လဲ။ သို့သော်၊ သူမလည်း တည်ငြိမ်စွာ နေနိုင်သည်။ ကျက်သရေရှိရှိ ထိုင်ရင်း လက်ဖက်ရည်ခွက်ထဲက လက်ဖက်ရွက်များကို ပေါ့ပေါ့ပါးပါး ဖယ်ရှားနေ၏။
ထိုစဉ် ဆုမိုက ပြုံးပြီး ပြောလိုက်သည်။
"စီနီယာရဲ့ စေတနာကို ကျွန်တော် လေးစားပါတယ်... ဒါပေမဲ့ ဒီခရီးက စံအိမ်သခင် လျူ ဆီကို အာမခံပစ္စည်း ပို့ဖို့ လာတာပါ... တာဝန်ပြီးတာနဲ့ ချက်ချင်း ပြန်မှာပါ... ကြာကြာ မနေပါဘူး"
"မင်းသဘောပဲလေ"
အမျိုးသမီးက မျက်လုံးမှိတ်လိုက်၏။ နောက်ထပ် စကားပြောချင်စိတ် မရှိတော့ပုံရလေသည်။
"အာမခံပစ္စည်း ဟုတ်လား"
ဂိုယူဟုက ကြားလိုက်တာနှင့် ဆုမို သယ်လာသည့် ဓားသေတ္တာကို ကြည့်လိုက်သည်။
"စိတ်ဝင်စားစရာပဲ... အထဲမှာ ဘာပါလဲ မသိဘူးနော်... ကြည့်လို့ ရမလား"
"အဲ့ဒါတော့ မဖြစ်နိုင်ပါဘူး"
ဆုမို ခေါင်းကို အသာခါလိုက်၏။
"ကဲ... ထားလိုက်ပါတော့... မင်းတို့ အာမခံသမားတွေရဲ့ စည်းကမ်းကို နားလည်ပါတယ်... ပစ္စည်းက ကိုယ်နဲ့မကွာ ရဘူး... သူများကို ပြလို့ မရဘူး ဆိုတာလေ"
ဂိုယူဟုက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ယပ်တောင်ကို ခတ်လိုက်သည်။ ပြီးနောက် ဆုမိုကို ကြည့်လိုက်၏။
"ညီလေးလို လူငယ်တစ်ယောက် ဒီလောက် ခရီးဝေး လာရတာ ပင်ပန်းမှာပဲ... လက်ဖက်ရည် တစ်ခွက်လောက် တိုက်ပါရစေ"
စကားဆုံးသည်နှင့် သူသည် ယပ်တောင်ကို ရုတ်တရက် ခါလိုက်လေသည်။ ယပ်တောင်၏ လှုပ်ရှားမှုနှင့်အတူ ဘေးစားပွဲပေါ်မှ လက်ဖက်ရည်ခွက် တစ်ခွက်သည် ဆုမိုရှိရာသို့ မြှားတစ်စင်းအလား ပျံသန်းလာလေတော့သည်။
'တိုက်ပါရစေ' ဟု ပြောသော်လည်း... လေးစားမှု အစအနမျှ မပါဝင်ပေ။
ယန်ရှောင်ယွင်၏ မျက်လုံးများ အရောင်လက်သွားပြီး စားပွဲကို ရိုက်ကာ ဝင်ရောက် စွက်ဖက်ရန် ပြင်လိုက်သော်လည်း ဆုမိုက သူမ၏ လက်ကို အသာအယာ ဖိထားလိုက်သည်။
သူမ ရင်ခုန်သွားရ၏။ ဆုမို၏ လက်က သူမလက်ပေါ်တွင် နူးညံ့စွာ ရှိနေသည်။
သို့သော် ထူးဆန်းသည်မှာ... သူမ၏ သိုင်းပညာ စွမ်းအားများ ရုတ်တရက် ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။ အားထုတ်၍ မရတော့ပေ။
ယန်ရှောင်ယွင် ထိတ်လန့်သွားရ၏။
'ငါ... ငါ အဆိပ်မိသွားတာလား... မသိလိုက်ဘဲ အဆိပ်မိသွားတာလား... ဆုမိုရော...'
သူမ မော့ကြည့်လိုက်သောအခါ လည်ပတ်နေသော လက်ဖက်ရည်ခွက်သည် ဆုမိုအနားသို့ ရောက်ရှိနေပြီ ဖြစ်၏။
လက်ဖက်ရည်ခွက်သည် လေထဲတွင် လျင်မြန်စွာ လည်ပတ်နေသော်လည်း ရေတစ်စက်မျှ ဖိတ်စင်ခြင်း မရှိပေ။ ဂိုယူဟုသည် လူကြီးလူကောင်းဟု ကိုယ့်ကိုယ်ကို ကြွေးကြော်ထားသော်လည်း... သူ၏ သိုင်းပညာသည် အမှန်တကယ်ပင် ပြောင်မြောက်လှသည်။
အကယ်၍ ဆုမိုက ထိုခွက်ကို မဆင်မခြင် ဖမ်းယူလိုက်ပါက... ခွက်ထဲတွင် ဝှက်ထားသော အတွင်းအားကြောင့် ဒဏ်ရာရသွားနိုင်သည်။
ဒဏ်ရာမရလျှင်တောင်မှ... ခွက်ကို ဖမ်းလိုက်သည့် အခိုက်အတန့်တွင် လည်ပတ်နေသော ရေများက မျက်နှာကို စင်သွားပြီး အရှက်ကွဲသွားနိုင်သည်။
"ကျေးဇူးတင်ပါတယ် စီနီယာ"
ဆုမို ပွင့်ပွင့်လင်းလင်း ပြုံးလိုက်၏။ သူ့လက်ချောင်းများ လှုပ်ရှားသွားပြီး 'နေမင်းကြီးကို ဖြန့်ကျက်သော လက်ဝါးသိုင်း' ကို ထုတ်သုံးလိုက်သည်။ ကြည့်ရတာ ရိုးရှင်းသလို ထင်ရသော်လည်း ပါးနပ်သော လက်ချောင်းထိပ်များသည် လည်ပတ်နေသော လက်ဖက်ရည်ခွက်ကို မထိတထိ တို့ထိလိုက်လေသည်။
သူသည် အားကို ကျွမ်းကျင်စွာ လှည့်ပတ်လိုက်သဖြင့်... လက်ဖက်ရည်ခွက်မှာ သူ့မျက်နှာရှေ့ တစ်ပေခန့် အကွာတွင် ရုတ်တရက် ရပ်တန့်သွားပြီး ဆက်လက် လည်ပတ်နေလေသည်။ သို့သော် ရေတစ်စက်မျှ ဖိတ်စင်ခြင်း မရှိချေ။
သူသည် လေထဲတွင် ခွက်ကို ကိုင်ထားသကဲ့သို့ လက်ကို ဆန့်တန်းလိုက်ပြီး အသာပြုံးလိုက်၏။
"စီနီယာရဲ့ လက်ဆောင်ကို မငြင်းပယ်သင့်ဘူး ဆိုပေမဲ့... သိုင်းလောက စည်းကမ်းအရ လူကြီးက လူငယ်ကို လက်ဖက်ရည် ကမ်းလှမ်းတယ် ဆိုတာ ဘယ်မှာ ရှိလို့လဲ... လက်မခံတာကို ခွင့်လွှတ်ပါ... စီနီယာ့ကိုပဲ ပြန်လည် ပေးအပ်ပါရစေ... လက်ငှားပြီး တိုက်တဲ့ လက်ဖက်ရည်ပါ"
ဆုမို ပြောရင်းနှင့် လက်ဝါးကို ဆန့်ထုတ်လိုက်သည်။ လက်ဖက်ရည်ခွက်ကို အဝေးမှ တွန်းပို့လိုက်ခြင်း ဖြစ်၏။
သူ့အတွင်းအားက အတိအကျ စီးဆင်းသွားပြီး... လက်ဖက်ရည်ခွက်သည် ညှို့တင်ထားသော မြှားတစ်စင်းကဲ့သို့ ဂိုယူဟုထံသို့ ပြန်လည် ပျံသန်းသွားလေသည်။ အရှိန်အဟုန်နှင့် စွမ်းအားသည် ဂိုယူဟု မျှော်လင့်ထားသည်ထက် များစွာ သာလွန်နေ၏။
လန့်ဖျပ်သွားပြီး တိုက်ရိုက် မဖမ်းရဲတော့ပေ။
ဒီအချိန်မှာ လူကြီးလူကောင်း ဟန်ပန်တွေ၊ သိက္ခာတွေ ဂရုမစိုက်နိုင်တော့။ ယပ်တောင်ကို ပစ်လိုက်ရတော့သည်။
"ဖြောင်း" ခနဲ အသံနှင့်အတူ ယပ်တောင်နှင့် လက်ဖက်ရည်ခွက် လေထဲတွင် တိုက်မိပြီး... ခွက်မှာ ချက်ချင်း ကွဲကြေသွားလေ၏။
ဆုမို၏ တုံ့ပြန်မှုက မြန်လွန်းသဖြင့် ဂိုယူဟု အငိုက်မိသွားခြင်း ဖြစ်၏။ ခွက်ကွဲသွားသည့် အချိန်မှာ နောက်ကျသွားပြီ ဖြစ်၏။ သူ ခေါင်းကို စောင်းပြီး အပိုင်းအစများကို ရှောင်လိုက်ပေမဲ့... အကြာကြီး လည်ပတ်နေသည့် လက်ဖက်ရည်တွေကိုတော့ မရှောင်နိုင်တော့ပေ။
မျက်နှာတစ်ခုလုံး ရေများဖြင့် ရွှဲနစ်ကုန်တော့သည်ပင်။