← Chapters

အခန်း (၅၂-၅၄)

Vol. 4 Ch. 52-54

အခန်း (၅၂-၅၄)

Vol. 4 Ch. 52-54

အခန်း (၅၂) - တစ်ညတာ တည်းခိုခြင်း

~"ရွှီး... ရွှီး... ရွှီး..."

လက်ဖက်ရည်ခွက်ကြီး ပေါက်ကွဲထွက်သွားသည့် ခဏချင်းမှာပင် ကြွေပန်းကန် အပိုင်းအစများမှာ အရပ်မျက်နှာအနှံ့သို့ မြှားတိုများအလား လွင့်စဉ်သွားလေတော့သည်။

ထိုစဉ် ဂိုယူဟု၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ရှိနေကြသော ဘုန်းကြီးနှင့် ဓားသမားတို့မှာ အနီးဆုံး ဖြစ်နေကြ၏။

လွင့်စဉ်လာသော အပိုင်းအစများကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် ဘုန်းကြီးသည် မျက်လုံးပင် ဖွင့်မကြည့်တော့ပေ။ သူသည် လက်ကို အသာအယာ ဆန့်ထုတ်ကာ အပိုင်းအစတစ်ခုကို ဖမ်းယူလိုက်သည်။ ထို့နောက် ပစ်စရာနေရာ ရှာမတွေ့တော့သည့်အလား ထိုအပိုင်းအစကို ပါးစပ်ထဲသို့ ကောက်ထည့်လိုက်လေ၏။ 'ဂျွတ်... ဂျွတ်' နှင့် တစ်စစီ ကြိတ်ဝါးပြီးနောက် ဗိုက်ထဲသို့ အေးအေးလူလူ မြိုချပစ်လိုက်လေတော့သည်။

တစ်ချိန်တည်းမှာပင် ဓားသမားသည်လည်း လှုပ်ရှားလိုက်၏။

ဓားကို မည်သို့ ဆွဲထုတ်လိုက်သည်ကိုပင် မမြင်လိုက်ရဘဲ၊ ဓားရောင်တစ်ချက် လက်ခနဲ ဖြစ်သွားပြီးနောက် ဓားအိမ်ထဲ ပြန်ထည့်လိုက်သည့် အသံကိုသာ ကြားလိုက်ရသည်။

လွင့်စဉ်လာသော လက်ဖက်ရည်ခွက် အပိုင်းအစများမှာမူ အမှုန်အမွှားများအဖြစ် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။

ဂိုယူဟု တစ်ယောက်သာ ခေါင်းကို စောင်းပြီး ရှောင်လိုက်ရသဖြင့် မျက်နှာနှင့် ဦးခေါင်းတစ်ခုလုံး လက်ဖက်ရည်များဖြင့် ရွှဲနစ်သွားရ၏။

တရားမှတ်နေသကဲ့သို့ မျက်လုံးမှိတ်ထားသော အမျိုးသမီးသည် မျက်လုံးတစ်ဖက်ကို ဖွင့်ကြည့်လိုက်ရာ၊ သူမ၏ မျက်နှာတွင် အံ့သြသွားသော အရိပ်အယောင်များ ပေါ်လာသည်။

သူမသည် ကိုယ်ကို ရှေ့သို့ အနည်းငယ် ကိုင်းကာ ဆုမိုကို သေသေချာချာ အကဲခတ်လိုက်ပြီးနောက်၊ ရုတ်တရက် ချိုသာစွာ ပြုံးလိုက်လေသည်။ သူမ၏ မျက်လုံးများထဲတွင် ဝမ်းမြောက်နေသည့် အရိပ်အယောင်များ ယှက်သန်းနေ၏။

"ငါ မင်းကို လျှော့တွက်မိသွားတာပဲ"

"မဟုတ်ရပါဘူးဗျာ"

ဆုမိုက ခေါင်းကို အသာအယာ ခါလိုက်သည်။

ဓားသမားသည် ဆုမိုကို ဒုတိယအကြိမ် ပြန်မကြည့်တော့ပေ။ အပိုင်းအစများကို ဖျက်ဆီးပြီးနောက် မူလပုံစံအတိုင်းပင် ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်စွာ ပြန်ထိုင်နေလေသည်။

တစ်ခုတည်းသော အော်ဟစ်ရယ်မောနေသူမှာ ဝမ်မျိုးရိုး အမည်ရ လူကြမ်းကြီးပင် ဖြစ်၏။ သူသည် တဟားဟားနှင့် ထိန်းမနိုင်သိမ်းမရ ရယ်မောနေလေသည်။ သူ၏ ပေါင်ကို လက်ဖြင့် ပုတ်လိုက်ပြီး ဂိုယူဟုကို လက်ညှိုးထိုးကာ ပြောလိုက်၏။

"ခံရတာ တန်တယ်ကွာ... ခံရတာ တန်တယ်... လက်ဖက်ရည် တိုက်ချင်ယောင်ဆောင်ပြီး နောက်ကွယ်ကနေ ယုတ်မာချင်နေတာလေ... အခုတော့ နောင်တရပြီမလား... ဒီလူငယ်လေးက သာမန်လူ မဟုတ်ဘူးကွ... မင်းက လူစုံတက်စုံရှေ့မှာ မင်းရဲ့ ပညာစုတ်လေးကို လာထုတ်ပြနေတာကိုး... အခုတော့ လူ့အထက် လူရှိတယ် ဆိုတာ ကောင်းကောင်း သိသွားပြီမလား"

ဂိုယူဟုသည် လေထဲမှ ပြန်ကန်ထွက်လာသော ယပ်တောင်ကို ဖမ်းယူလိုက်ပြီး၊ ဖြန့်ခတ်ကာ မိမိကိုယ်မိမိ နှစ်ချက်ခန့် ယပ်ခတ်လိုက်ပြီးမှ တစ်ခုခု လွဲနေသည်ကို သတိပြုမိသွားသည်။

ထိုအခါမှ မျက်နှာပေါ်ရှိ လက်ဖက်ရည်များကို အားပါးတရ သုတ်ပစ်လိုက်၏။

"ကောင်းတယ်..."

စကားမဆုံးသေးခင်မှာပင် တစ်ခုခု မှားနေသည်ကို ထပ်မံ သတိထားမိသွားပြီး၊ ပါးစပ်ထဲမှ လက်ဖက်ရွက်များကို ထွေးထုတ်လိုက်ရသည်။ ထို့နောက် လက်ညှိုးထိုးကာ ပြောလိုက်၏။

"ကောင်းလိုက်တဲ့ လူငယ်... ဇီယန် အာမခံဌာနက ကျဆင်းနေပြီလို့ သတင်းတွေ ကြားထားတာ... မထင်မှတ်ဘဲ မင်းလို လူမျိုး ပေါ်ထွက်လာလိမ့်မယ်လို့ မထင်ထားမိဘူး"

"အို... ဒုက္ခပါပဲ"

ဆုမိုက ကပျာကယာပင် လက်ကာပြလိုက်သည်။

"စီနီယာ... ခင်ဗျားရဲ့ စကားတွေက ကျွန်တော့်အတွက်တော့ အရမ်း လေးလံလွန်းပါတယ်... ကျွန်တော့်ရဲ့ အဆင့်အတန်းကို ကျွန်တော် သိပါတယ်... စီနီယာ တိုက်တဲ့ လက်ဖက်ရည်ကို ကျွန်တော် မသောက်ဝံ့ပါဘူး... ဒါကြောင့် ဗုဒ္ဓဘာသာ ထုံးစံအရပဲ စီနီယာ့ဆီကို ပြနပေးအပ်လိုက်တာပါ... ဒါပေမဲ့ စီနီယာက လက်ဖက်ရည်နဲ့ မျက်နှာသစ်ရတာကို ဒီလောက် သဘောကျမယ်လို့ မထင်ထားမိဘူး... နည်းနည်းတော့ နှမြောစရာ ကောင်းပေမဲ့... အင်း... ထူးခြားတဲ့ လူတွေက ထူးခြားတဲ့ အပြုအမူတွေ ရှိကြတာပဲလေ... ကျွန်တော်က အတွေ့အကြုံ မရှိလို့ ထူးဆန်းနေမိတာပါ"

ဂိုယူဟုသည် ဒေါသထွက်လွန်းသဖြင့် မုတ်ဆိတ်မွေးများပင် လွင့်ထွက်တော့မည့်ပုံ ပေါက်နေသည်။

'ဒီကောင်... ဒီကောင် ငါ့ကို လှောင်နေတာပဲ... ငါ့လို လူကြီးလူကောင်းကိုမှ'

ဆုမို၏ စကားများထဲတွင် ဆဲရေးတိုင်းထွာမှု တစ်ခုမျှ မပါဝင်သော်လည်း... သူ့အတွက်မူ မည်သည့် စော်ကားမှုထက်မဆို ပို၍ နာကျင်စေ၏။

ထိုအခိုက်အတန့်တွင် ဒေါသမီးမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားပြီး အံကို တင်းတင်း ကြိတ်လိုက်မိသည်။

ဝမ်မျိုးရိုးနှင့် လူကြမ်းကြီးမှာ အားရပါးရ ရယ်မောနေဆဲ ဖြစ်သည်ကို မြင်သောအခါ သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"မင်းက အရမ်း ရယ်ချင်နေတာလား"

"ဟီးဟီးဟီး၊ ရယ်ရတာပေါ့ကွ... တကယ့်ကို ရယ်ရတယ်"

လူကြမ်းကြီးက ပို၍ပင် ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

သို့သော် ရုတ်တရက် ဂိုယူဟုသည် လက်ကို ဝှေ့ယမ်းလိုက်ရာ၊ ယပ်တောင်သည် လူကြမ်းကြီးဆီသို့ တန်းတန်းမတ်မတ် လွင့်ထွက်သွား၏။

လူကြမ်းကြီး၏ မျက်နှာထား ပြောင်းလဲသွားပြီး၊ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ယပ်တောင်ကို ပြင်းထန်စွာ ထိုးနှက်လိုက်သည်။

သူ၏ အားအင်မှာ အံ့မခန်းလှ၏။ လက်သီးလေပြင်းများကြောင့် မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်သွားပြီး အရှိန်အဟုန်မှာ ကြီးမားလှပေသည်။

ယပ်တောင်သည် ထိတွေ့လိုက်သည်နှင့် ဘေးသို့ လွင့်စဉ်သွားသော်လည်း၊ လူကြမ်းကြီး ဂုဏ်ယူဝံ့ကြွားရန် အချိန်မရလိုက်ပေ။ သူ့ကျောပေါ်ရှိ အကြောများ အားလုံးကို လက်တစ်ဖက်က လုံးဝ ထိန်းချုပ်လိုက်သည်ကို ခံစားလိုက်ရ၏။

၎င်းမှာ 'ကိလန် ဓားသမား' ၏ ဆန်းကြယ်လှသော ခြေလှမ်းပညာပင် ဖြစ်၏။ လူကြမ်းကြီး ယပ်တောင်ကို ထိုးနှက်နေသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ၊ ဂိုယူဟုသည် သူ့နောက်ကျောသို့ ရောက်ရှိသွားခြင်း ဖြစ်၏။ သူ၏ ကျွမ်းကျင်သော လက်ချက်ဖြင့် ထိုလူကြီးကို အသာအယာ မချလိုက်လေ၏။

လူကြမ်းကြီးသည် ကိုယ်လုံးကိုယ်ပေါက် ကြီးမားသန်မာပြီး အနည်းဆုံး ပေါင်နှစ်ရာခန့် လေးလံသော်လည်း၊ ဂိုယူဟု၏ လက်ထဲတွင်မူ ပေါ့ပေါ့ပါးပါးပင်။

ထိုအခါမှ ဂိုယူဟု မတ်တပ်ရပ်လိုက်သည်ကို မြင်လိုက်ရသည်။ သူသည် အမြင့် ငါးပေပင် မပြည့်ချေ။ 'ကိလန် ဓားသမား' ၏ ဓားရှည်သည်ပင်လျှင် သူ့ထက် နှစ်ပေခန့် ပိုရှည်နေသေး၏။ ပိန်လှီသော လက်မောင်းကလေးဖြင့် ထိုလူကြီးကို မထားလိုက်သည်မှာ လွယ်ကူလွန်းလှသည်။

သူသည် ထိုလူကို ခန်းမဆောင် အပြင်ဘက်သို့ ပေါ့ပေါ့ပါးပါးပင် ပစ်ထုတ်လိုက်လေသည်။

"ဒါဆိုရင်လည်း... အပြင်ထွက်ပြီး စိတ်ကြိုက် ရယ်နေလိုက်တော့"

လူကြမ်းကြီးမှာ "အား" ခနဲ အော်ဟစ်လိုက်ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။

ခဏအကြာတွင် အပြင်ဘက်မှ "ဒုန်း" ဟူသော အသံကြီး ထွက်ပေါ်လာလေသည်။ မြေကြီးပေါ်သို့ ကျသွားခြင်း ဖြစ်လေ၏။

ထိုလူသည် ပြန်မဝင်လာသေးသော်လည်း၊ သူ၏ ဆဲဆိုသံကြီးက အရင် ရောက်လာ၏။

"တောက်... မင်းဘိုးအေ... နောက်ကွယ်က လုပ်ကြံတဲ့ကောင်... သတ္တိရှိရင် အချီ (၃၀၀) လောက် လာခဲ့စမ်း... အသေသတ်ပစ်မယ်"

ပြောရင်းဆိုရင်းနှင့် သူသည် ခန်းမထဲသို့ ပြန်လည် ပြေးဝင်လာလေတော့သည်။

ဂိုယူဟုသည် ဆုမိုကို နက်နက်ရှိုင်းရှိုင်း တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် လက်ကို ရုတ်တရက် ဆန့်ထုတ်လိုက်ရာ၊ အတွင်းအား၏ ဆွဲဆောင်မှုကြောင့် မြေပြင်ပေါ်ရှိ ယပ်တောင်သည် သူ့လက်ထဲသို့ "ဖြောင်း" ခနဲ ပြန်လည် ရောက်ရှိသွား၏။ သူသည် ကျက်သရေရှိရှိပင် နေရာတွင် ပြန်ထိုင်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်လေသည်။

"အခုတလော သိုင်းလောကကြီးမှာ လျှောက်လှမ်းရတာ တကယ် ခက်ခဲလာပြီပဲ... တချို့ လူငယ်လေးတွေက အပြင်ပန်းကြည့်ရင်တော့ ရိုသေကိုင်းရှိုင်းသလိုလိုနဲ့... နောက်ကွယ်ကျတော့ တကယ်ကို ရက်စက်ကြတာ... ငါ့လို ခန့်ညားချောမောပြီး လေညှင်းထဲက ကျောက်စိမ်းပင်လို လှပတဲ့... လူကြီးလူကောင်း တစ်ယောက်ကိုမှ တမင် ရွေးပြီး အနိုင်ကျင့်နေကြတာပဲ"

"..."

ထိုသူ့စကားအား ကြားလိုက်ရသောအခါ၊ ဘုန်းကြီးအိုကြီးမှလွဲ၍ ရှိနေသူ အားလုံးမှာ နှုတ်ခမ်းများ တွန့်လှုပ်သွားကြသည်။ ကျောက်ရုပ်ကဲ့သို့ တည်ငြိမ်လှသော ဓားသမားများပင်လျှင် မျက်နှာထား ပျက်သွားကြ၏။

'ဒီကောင်ကတော့ အရှက်မရှိတာ ကမ္ဘာကျော်ပဲ'

အရှက်မရှိခြင်းနှင့် ပတ်သက်လာလျှင်... ဤလောကတွင် ဤလူကို ကျော်လွန်နိုင်သူ ရှိပါဦးမည်လော။

သို့သော် ဤပြိုင်ဆိုင်မှု ပြီးဆုံးသွားသောအခါ လူတိုင်းသည် ဆုမိုကို အထင်မသေးရဲတော့ဘဲ အကြည့်သစ်ဖြင့် ကြည့်လိုက်ကြလေသည်။

လူကြမ်းကြီးမှာမူ ဂိုယူဟုကို အချီ (၃၀၀) ချရန် ဆက်လက် အော်ဟစ်နေဆဲပင်။ သူသည် မဆင်မခြင် ပြုမူတတ်သော်လည်း လျူဆွေဖုန်း၏ စည်းကမ်းကိုမူ မှတ်မိနေသေးသဖြင့်... အော်ရုံသာ အော်နေပြီး လက်တွေ့ မတိုက်ခိုက်ရဲချေ။

နောက်ဆုံးတွင် မည်သူမျှ ဂရုမစိုက်တော့သဖြင့် သူသည် ဒေါသတကြီး ထိုင်ချလိုက်ရတော့သည်။ မျက်နှာသေနှင့် အိမ်ဖော်မလေးကမူ သူ့အတွက် လက်ဖက်ရည် လာရောက် ဖြည့်ပေးနေ၏။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီးနောက်...

တံခါးဝမှ ခြေသံများ ကြားလိုက်ရပြီး၊ လျူချင်ကုန်း ပြန်လည် ဝင်ရောက်လာလေသည်။

လူတိုင်း၏ အကြည့်သည် သူ့ထံသို့ ကျရောက်သွားသော်လည်း... လျူဆွေဖုန်း၏ အရိပ်အယောင်ကိုမူ မတွေ့ရပေ။

လျူချင်ကုန်းသည် ခန်းမအလယ်သို့ လျှောက်လာပြီး အရပ်လေးမျက်နှာလုံးကို ဦးညွှတ် ဂါရဝပြုလိုက်သည်။ ထို့နောက် ပြောလိုက်သည်မှာ...

"အားလုံးကို တောင်းပန်ပါတယ်ခင်ဗျာ... စံအိမ်သခင်ကြီးက ဒီနေ့ တကယ်ကို အလုပ်များနေလို့ မထွက်လာနိုင်တာပါ... ခွင့်လွှတ်ပေးကြပါ... အခုလည်း မိုးချုပ်နေပြီဆိုတော့... မနက်ဖြန်မှ ပြန်လာပါလို့လည်း ကျွန်တော် မပြောချင်ပါဘူး... ဧည့်သည်ဆောင်တွေကို ပြင်ဆင်ထားပြီးပါပြီ... ဧည့်သည်တော်ကြီးများ ဒီည ယွီလျို စံအိမ်မှာပဲ တစ်ညတာ တည်းခိုဖို့ ဖိတ်ကြားပါရစေ"

ထိုစကားကို ကြားသောအခါ ဆုမိုသည် ယန်ရှောင်ယွင်ကို လှမ်းကြည့်လိုက်သည်။ သို့သော် သူမသည် တစ်စုံတစ်ခုကို စဉ်းစားနေသည့်အလား ငေးမောနေသည်ကို တွေ့လိုက်ရ၏။

သူ နားမလည်နိုင် ဖြစ်သွားရသည်။

'ယန်ရှောင်ယွင် ဘာတွေ တွေးနေတာလဲ... ဒီစံအိမ်ထဲမှာ တစ်ခုခု ဖြစ်နေတာလား'

လျူချင်ကုန်း၏ စကားများကလည်း သံသယဖြစ်စရာ ကောင်းလှ၏။ ကျော်ကြားလှသော 'ယွီလျို ဓားနှလုံးသား' လျူဆွေဖုန်းသည် ဧည့်သည်များကို ဘာကြောင့် မတွေ့ဆုံနိုင်ရသနည်း။

ဆုမိုသည် အခြေအနေကို အကဲခတ်လိုက်ရာ လူအများ၏ တုံ့ပြန်မှုမှာ အမျိုးမျိုး ကွဲပြားနေသည်ကို တွေ့ရသည်။ တချို့က ပြုံးနေကြသည်၊ တချို့က တည်ငြိမ်နေကြသည်၊ တချို့ကမူ လှောင်ပြုံး ပြုံးနေကြပြီး... တချို့ကမူ... နှစ်ခြိုက်စွာ အိပ်ပျော်နေကြလေသည်။

ဆုမို တွေးမိသည်မှာ... ဤလူသည် ဓားငှားသူ ရုပ်ဖျက်ထားခြင်းများလား ဟူ၍ပင်။ ဒီလောက် ဆူညံနေတာကို ဘယ်လိုများ အိပ်ပျော်နေနိုင်ရတာလဲ။

စောစောက သူနှင့် ဂိုယူဟုတို့၏ အတွင်းအား ပြိုင်ဆိုင်မှုမှာ သေးငယ်သော ကိစ္စ မဟုတ်ပေ။ ဤလူ၏ စိတ်အေးလက်အေး အိပ်ပျော်နိုင်စွမ်းမှာ ဆုမိုကို အံ့အားသင့်စေသည်။

သို့သော် ဤလူများ မည်သို့ တုံ့ပြန်သည်ဖြစ်စေ၊ မည်သူမျှ ဒေါသထွက်ခြင်း သို့မဟုတ် အံ့သြခြင်း မရှိကြပေ။

ဂိုယူဟုသည် သူ့လည်ပင်းမှ စီးကျနေသော လက်ဖက်ရည်များကို သုတ်လိုက်ရင်း ရယ်မောကာ ပြောလိုက်သည်။

"စံအိမ်သခင် လျူ က အားမအားဘူး ဆိုမှတော့... ကျွန်တော်လည်း အားနာနာနဲ့ပဲ ဒီည ယွီလျို စံအိမ်မှာ တည်းခိုလိုက်ပါ့မယ်"

"ယွီလျို စံအိမ်ရဲ့ ဂုဏ်သတင်းကို ကြားဖူးနေတာ ကြာပါပြီ... ဒီည တည်းခွင့်ရတာ တကယ် ကံကောင်းတာပဲ... နောင်ကျရင် မိတ်ဆွေတွေနဲ့ သောက်စားတဲ့အခါ... ငါ ယွီလျို စံအိမ်မှာ တစ်ည အိပ်ခဲ့ဖူးတယ်လို့ ကြွားလို့ ရတာပေါ့... တကယ့်ကို ပြောစရာ အကြောင်းအရာကောင်း တစ်ခုပဲ"

အမျိုးသမီးက မဲ့ပြုံး ပြုံးလိုက်ပြီး ဆုမိုကို လှမ်းကြည့်လိုက်သည်။

"မင်းကရော... ဒီမှာပဲ တည်းမလား... ဒါမှမဟုတ် မနက်ဖြန်မှ ပြန်လာမလား”

အခန်း (၅၃) - ညဉ့်နက်ပိုင်း စုံစမ်းခြင်း

~’ဒီည ယွီလျိုစံအိမ်မှာပဲ အိပ်မလား၊ ဒါမှမဟုတ် မနက်ဖြန်မှ ပြန်လာမလား။

ဒီမေးခွန်းက တကယ်တော့ စဉ်းစားနေဖို့တောင် မလိုတဲ့ မေးခွန်းမျိုးပါ။

တစ်ဖက်က ကြည့်ပြန်ရင်လည်း ယွီလျိုစံအိမ်ရဲ့ ပတ်ဝန်းကျင်မှာ နားခိုစရာ နေရာမှ မရှိတာ။ တောကြီးမျက်မည်းထဲမှာ သွားအိပ်ဖို့ဆိုတာကလည်း မဖြစ်နိုင်တဲ့ ကိစ္စလေ။

နောက်တစ်ချက်က စံအိမ်ထဲက မရေရာတဲ့ အခြေအနေတွေကလည်း မပြတ်သေးဘူး။ ဒီနေ့ ထွက်သွားလိုက်လို့ မနက်ဖြန် ပြန်လာရင်ရော လျူဆွေဖုန်းနဲ့ တကယ်ပဲ တွေ့ရမှာလား။

အချိန်ဆွဲလေလေ၊ မထင်မှတ်တဲ့ အခက်အခဲတွေက ပိုများလာလေလေ ဖြစ်မှာပဲ။ နောက်ဆုံးကျမှ ဒီအာမခံတာဝန်ကြီးက ပရမ်းပတာနဲ့ အဆုံးသတ်သွားရင် ဒုက္ခ။’

ဆုမိုက ပြုံးပြီး ချက်ချင်းပဲ ပြန်ဖြေလိုက်၏။

"ယွီလျိုစံအိမ်က ဖိတ်ခေါ်မှတော့ ငြင်းလိုက်ရင် ရိုင်းရာကျမှာပေါ့။ ဒါကြောင့် ကျွန်တော်တို့ နှစ်ယောက် ဒီည ဒီမှာပဲ အားနာနာနဲ့ တည်းခိုသွားပါ့မယ်"

ထိုအမျိုးသမီးသည် ဆုမိုကို အကြည့်စူးစူး တစ်ချက်ကြည့်ကာ ဘာမှမပြောဘဲ လှည့်ထွက်သွားလေသည်။

အားလုံးက တည်းခိုဖို့ သဘောတူလိုက်ကြသဖြင့် အိမ်တော်ထိန်း လျူချင်ကုန်းက ခေါင်းညိတ်ပြလိုက်၏။

"ဒါဆိုရင် ကျွန်တော့်နောက် လိုက်ခဲ့ကြပါ"

လျူချင်ကုန်းက ဒီနေရာမှာတော့ တော်တော်လေး စနစ်ကျပါသည်။ ရောက်နေသည့် လူ (၉) ယောက်ကို ဝင်း (၃) ဝင်း ခွဲပြီး နေရာချပေးလေသည်။

ဘုန်းကြီး၊ အမျိုးသမီးနှင့် စာပေပညာရှင်တို့ကို ဝင်းတစ်ခုထဲမှာ ထားသည်။

ဓားသမား နှစ်ယောက်နှင့် လူကြမ်းကြီး ဝမ်ကိုတော့ နောက်ထပ် ဝင်းတစ်ခုမှာ ထား၏။

ဆုမို၊ ယန်ရှောင်ယွင်နှင့် ဟို 'လူကြီးလူကောင်း' ဂိုယူဟု တို့ကတော့ ဝင်းတစ်ခုတည်းမှာ အတူတူ ကျနေကြသည်။

ယခုအချိန်တွင် ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် အခန်းထဲတွင် ထိုင်နေကြ၏။ ဖယောင်းတိုင်မီးကလေးက လေတိုးသဖြင့် တုန်ယင်နေပြီး အလင်းရောင်က မှိန်လိုက် လင်းလိုက် ဖြစ်နေသည်။

ဆုမိုက ယန်ရှောင်ယွင်ကို မအောင့်နိုင်ဘဲ မေးလိုက်၏။

"အစ်မရှောင်ယွင်... စောစောက ဘာဖြစ်တာလဲ"

‘ယန်ရှောင်ယွင်ရဲ့ အရည်အချင်းနဲ့ဆိုရင် အဲ့ဒီလို အခြေအနေမျိုးမှာ အာရုံလွင့်နေစရာ အကြောင်းမရှိဘူးလေ။ တစ်ခုခု တွေးမိနေတာဆိုရင်လည်း အခုက ပြောပြဖို့ အချိန်ကောင်းပဲ မဟုတ်လား။’

ယန်ရှောင်ယွင်က ဆုမိုကို ကြည့်ပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

"နင့်လက်ကို ခဏပေးစမ်း"

သူမက ရုတ်တရက်ကြီး ပြောချင်ရာ ပြောလိုက်ခြင်း ဖြစ်၏။

"....."

ဆုမိုကတော့ အူကြောင်ကြောင်ဖြင့် လက်ကို ကမ်းပေးလိုက်ရ၏။

ယန်ရှောင်ယွင်ကတော့ ရန်သူကြီးနဲ့ ရင်ဆိုင်နေရသလိုမျိုး အလေးအနက်ထားပြီး ဆုမိုရဲ့ လက်ကို အသာအယာ ဆုပ်ကိုင်လိုက်သည်။

ပြီးတော့ ဖယောင်းတိုင်မီးအောက်မှာ နှစ်ယောက်သား မျက်နှာချင်းဆိုင်ပြီး ကြောင်ကြည့်နေကြပြန်သည်။

"..."

ဆုမိုကတော့ သူ့နဖူးပေါ်မှာ 'ဘာလဲဟ' ဆိုသော မေးခွန်းသင်္ကေတ သုံးခုလောက် ထွင်းထားရမလို ခံစားနေရသည်။

"...ဘာမှ မဟုတ်တော့ပါဘူး"

ယန်ရှောင်ယွင်က ခေါင်းခါလိုက်၏။

"ဘယ်လို ရှင်းပြရမလဲ မသိဘူး။ စောစောက ငါ အဆိပ်မိသွားသလိုမျိုး ခံစားလိုက်ရတာ။ ဒါပေမဲ့ အတွင်းအားကို လှည့်ပတ်ပြီး စစ်ဆေးကြည့်တော့လည်း ဘာမှ မထူးခြားဘူး။ ဒီယွီလျိုစံအိမ်က တကယ်ကို နက်နဲလွန်းတယ်"

"အဆိပ်မိတယ် ဟုတ်လား"

ဆုမိုက အံ့သြသွားသည်။

"အဲ့ဒါနဲ့ ကျွန်တော့်လက်နဲ့ ဘာဆိုင်လို့လဲ"

"စောစောက ခန်းမထဲမှာ နင် ငါ့လက်ကို ဖိထားတုန်းကလေ... တစ်ကိုယ်လုံး ရုတ်တရက် အားအင်တွေ ကုန်ခမ်းသွားသလို ခံစားလိုက်ရလို့။"

ယန်ရှောင်ယွင်က ပြောရင်းနှင့် အသာအယာ ရယ်မောလိုက်၏။

"ဒါပေမဲ့ ငါပဲ စိတ်ကယောင်ကတမ်း ဖြစ်နေတာ ထင်ပါရဲ့"

"..."

ဆုမို မျက်တောင်ခတ်လိုက်မိသည်။ အနည်းငယ် ချောင်းဟန့်လိုက်ပြီးမှ ဆက်ပြောလိုက်၏။

"လာတဲ့လမ်းမှာ အစ်မရှောင်ယွင် တစ်ခုခု ထူးခြားတာ သတိထားမိလား"

"နင်က ယွီလျိုစံအိမ်ကို ပြောတာလား။ ဒါမှမဟုတ် ဟိုလူတွေကို ပြောတာလား"

ယန်ရှောင်ယွင်က မေးခွန်းထုတ်ရင်း ဆုမိုရဲ့ အဖြေကို မစောင့်ဘဲ ဆက်ပြောလေသည်။

"ယွီလျိုစံအိမ်က တကယ်ကို ထူးဆန်းတယ်။ လမ်းတစ်လျှောက်လုံး ငါ တိတ်တဆိတ် အကဲခတ်လာတာ။ စံအိမ်ထဲမှာ ရှိနေတဲ့ လူဦးရေက ထင်ထားတာထက် အများကြီး နည်းနေသလိုပဲ။ တွေ့ခဲ့တဲ့ အိမ်ဖော်တွေ၊ အစေခံတွေရဲ့ မျက်နှာတွေကလည်း တစ်ခုခုကို ကြောက်လန့်နေသလိုမျိုး။"

"ယွီလျိုစံအိမ်ရဲ့ ဂုဏ်သတင်းက သိုင်းလောကမှာ မသေးဘူးလေ။ အထဲက လူတွေရဲ့ အမူအရာက ဒါနဲ့ လုံးဝ မကိုက်ညီဘူး။"

"ပြီးတော့ ဒီလောက်ကြီးတဲ့ စံအိမ်ကြီးကို ငါတို့တွေ့ခဲ့တဲ့ လူနည်းနည်းလေးနဲ့ ဘယ်လိုမှ ထိန်းသိမ်းလို့ မရနိုင်ဘူး"

"ဟုတ်တယ်"

ဆုမိုက ခေါင်းညိတ် ထောက်ခံလိုက်၏။

"ပြီးတော့ ဟို 'လူကြီးလူကောင်း' ဆိုတဲ့ လူကလည်း..."

ဒီနေရာ ရောက်တော့ ဆုမို နှုတ်ခမ်းတွေ တွန့်သွားသည်။ ဂိုယူဟု တစ်ယောက် သူ့ယပ်တောင်ပေါ်မှာ 'လူကြီးလူကောင်း ဆိုတာ ကျောက်စိမ်းလိုပဲ' ဆိုတဲ့ စာလုံး လေးလုံးကို အရှက်မရှိ ရေးထားရဲတာကို တကယ်ပဲ ချီးကျူးမိတော့မလိုပါပင်။

သူ ခေါင်းကို အသာခါပြီး ဆက်ပြောလိုက်၏။

"သူက ဒီနေ့မှ ယွီလျိုစံအိမ်ကို လာလည်တာလို့ ပြောတယ်။ ဒါက မထင်မှတ်ဘဲ ရောက်လာတဲ့ သဘောပေါ့။ ဒါပေမဲ့ ဖင်းဖုန်းမြို့က စားပွဲထိုးလေး ပြောတာတော့ လာလည်တဲ့သူ အများစုက မြို့ထဲမှာ တည်းနေကြပေမဲ့၊ ငါတို့ထက် အရင် စံအိမ်ထဲကို ရောက်သွားတဲ့သူတွေလည်း ရှိတယ် တဲ့။ အဲ့ဒီလူတွေ အခု ဘယ်ရောက်ကုန်ပြီလဲ"

"နှုတ်ဆက်ပြီး ပြန်သွားကြပြီလား"

"ပြောရခက်တယ်... ဖင်းဖုန်းမြို့က လူတွေက အပိုင်းအစလေး တစ်ခုပဲ ရှိဦးမယ်။ တခြားဘက်က လာတဲ့လူတွေကိုပါ ထည့်တွက်ရင် အရေအတွက်က မနည်းဘူး။ ဒီလောက် လူအများကြီး လာနေတာကို ဘာလို့ တစ်ယောက်မှ မတွေ့ရတာလဲဟယ်"

ဆုမိုက ခေါင်းကို အနည်းငယ် ခါလိုက်၏။

"ဒီနေ့ ရောက်နေတဲ့ လူတွေကလည်း ကိုယ့်အကြံနဲ့ကိုယ် ရှိကြပုံရတယ်။ လျူဆွေဖုန်းက ထွက်မတွေ့တာကို သူတို့က အံ့သြပုံ မရဘူး။ ဒီအပြုအမူတွေကို စိတ်မအေးဘူး၊ ဒါနဲ့... စောစောက လူတွေရဲ့ နောက်ခံကိုရော အစ်မ ရိပ်မိလား"

ယန်ရှောင်ယွင်က သက်ပြင်းချရင်း ခေါင်းခါလိုက်၏။

"သိုင်းလောကကြီးက ကျယ်ဝန်းလွန်းတော့ ငါ့အမြင်ကလည်း ကန့်သတ်ချက် ရှိနေတာပဲ။ ဓားသမား နှစ်ယောက်ကလွဲရင် ကျန်တဲ့သူတွေရဲ့ အနက်ကို ငါ မမြင်နိုင်ဘူး။ အဲ့ဒီ ဓားသမား နှစ်ယောက်ကတော့... စောစောက ဓားရောင် လက်သွားတဲ့ အခိုက်အတန့်မှာ 'ကောင်းကင်ဓားဂိုဏ်း' ရဲ့ တိုက်ကွက်တွေ ဖြစ်နေတာ ငါ သတိထားမိတယ်"

"ကောင်းကင်ဓားဂိုဏ်း"

ဆုမို မျက်မှောင်ကြုတ်လိုက်မိသည်။

ကောင်းကင်ဓားဂိုဏ်း ဆိုတာ အင်အားကြီးတဲ့ အဖွဲ့အစည်းတစ်ခုလေ။

ဒီဂိုဏ်းက နယ်မြေတစ်ခုကို အပိုင်စားပြီး အုပ်ချုပ်နေသည်။ လော့ဖုန်းမဟာမိတ်အဖွဲ့ရဲ့ မြောက်ဘက်မှာ ရှိ း၏။

တကယ်လို့ လော့ဖုန်းမဟာမိတ်အဖွဲ့က မြောက်ဘက်ကို နယ်မြေချဲ့ချင်လျှင် ပထမဆုံး ရင်ဆိုင်ရမည်က ကောင်းကင်ဓားဂိုဏ်းပဲ။ သို့သော်၊ ဒီနေ့အထိ လော့ဖုန်းမဟာမိတ်အဖွဲ့က မြောက်ဘက်ကို တစ်လက်မတောင် မတိုးရဲတာကို ကြည့်လျှင်၊ ဒီဂိုဏ်းကို ဘယ်လောက် စိုးရိမ်လဲ ဆိုတာ သိသာနေသည်ပင်။

"တကယ်လို့ သူတို့သာ ဖြစ်မယ်ဆိုရင်တော့... သူတို့ရဲ့ ဓားသိုင်းက ဘာလို့ ဒီလောက် ပြင်းထန်ပြီး အမူအရာတွေက ဘာလို့ ဒီလောက် အေးစက်နေရလဲ ဆိုတာ အဖြေထွက်သွားတာပေါ့"

ဆုမိုက ခေါင်းကို အသာညိတ်လိုက်၏။

ကောင်းကင်ဓားဂိုဏ်းရဲ့ ဓားသိုင်းက အလွန်ပင် စည်းကမ်းကြီးသည်။ သူတို့၏ ဂိုဏ်းတည်ထောင်သူက တာအိုကျင့်စဉ်ကနေ ဆင်းသက်လာ၏။ 'ကောင်းကင်လူသား လမ်းစဉ်' ကို လိုက်စားပြီး လောကဝတ်တွေနှင့် ကင်းဝေးအောင် ကျင့်ကြံကြသည်လေ။

သူတို့ဂိုဏ်း၏ စိတ်ပညာကို နက်နက်ရှိုင်းရှိုင်း ကျင့်လေလေ၊ စိတ်ခံစားချက်တွေက နည်းပါးလာလေလေပင်။ ထိုအစား ဓားသိုင်းက ပိုပြီးတော့ ရက်စက်ပြင်းထန်လာသည်ပေါ့။

ဒီလမ်းစဉ်ရဲ့ အထွတ်အထိပ်ကတော့ 'လူနဲ့ဓား တစ်သားတည်း ဖြစ်ခြင်း' ဖြစ်၏။ ကိုယ်တိုင်က ဓားတစ်လက်လို ဖြစ်သွားပြီး ရောက်သည့် နေရာတိုင်းမှာ ထက်မြက်သော အရှိန်အဝါတွေသာ ချန်ထားခဲ့တော့၏။

ဒါပေမဲ့ 'လူနဲ့ဓား တစ်သားတည်း' ဆိုတဲ့ နယ်ပယ်ကတော့ ဒဏ္ဍာရီထဲမှာပဲ ရှိသည်ပင်။ ကောင်းကင်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီး တစ်ယောက်သာ ထိုအဆင့်ကို ရောက်ခဲ့ဖူးသည်ဟု ပြောကြသည်။

ဒဏ္ဍာရီတွေအရဆိုလျှင် သူ အစွမ်းကုန် ထုတ်သုံးလိုက်သော အချိန်မှာ တိမ်တိုက်တွေကို ပိုင်းဖြတ်နိုင်ပြီး မိုင်ပေါင်းများစွာ အထိ ကောင်းကင်ကို ကြည်လင်သွားစေသည်တဲ့။ ထိုစဉ်တုန်းက သိုင်းလောက တစ်ခုလုံး တုန်လှုပ်သွားပြီး 'ကောင်းကင်ဓားဂိုဏ်း' ဆိုသော နာမည်က နှစ်ပေါင်း သုံးရာလောက်အထိ ဟိန်းနေခဲ့ပါသည်။

ဟုတ်သည်..ဒါတွေက အတိတ်က ကိစ္စတွေပါ။ တကယ် ဟုတ်မဟုတ်ဆိုတာကတော့ ငြင်းခုံစရာတွေ ရှိနေမည်ပဲ။

သိုင်းလောကသားတွေက အပိုတွေ ပြောတတ်ကြတာလေ။ လက်တွေ့က ဒဏ္ဍာရီနှင့် တူချင်မှ တူမည်ပေါ့။

သို့ရာတွင်၊ ကောင်းကင်ဓားဂိုဏ်း၏ ဓားသိုင်း ပြင်းထန်တယ် ဆိုတာကတော့ ငြင်းမရသော အမှန်တရားပင်။

"ကောင်းကင်ဓားဂိုဏ်းက ဓားသမား နှစ်ယောက်၊ နောက်ခံ မသိရတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လူတွေ၊ အစောပိုင်းက ရောက်လာပြီး အခု ပျောက်နေတဲ့ ဧည့်သည်တွေ၊ ပြီးတော့ ဧည့်သည်တွေကို ရှောင်နေတဲ့ လျူဆွေဖုန်း..."

ဆုမိုရဲ့ လက်ချောင်းတွေက စားပွဲခုံပေါ်ကို 'တောက်... တောက်' နှင့် အသာအယာ ခေါက်နေမိသည်။

"နင် ဘာလုပ်ဖို့ စိတ်ကူးထားလဲ"

ယန်ရှောင်ယွင်က ဆုမိုကို လှမ်းကြည့်လိုက်၏။

"ဒီည ယွီလျိုစံအိမ်ကို တိတ်တဆိတ် စုံစမ်းကြည့်မလို့"

ဟု ဆုမိုက ပြန်ပြောလိုက်သည်။

"ဒီညက ရှည်လျားပြီး ဘာတွေ ဖြစ်လာမလဲ မသိနိုင်ဘူး။ လျူဆွေဖုန်းနဲ့ အမြန်ဆုံး မတွေ့ရရင် ကျွန်တော် စိတ်မအေးနိုင်ဘူး ဖြစ်နေတယ်.."

"ကောင်းပြီလေ"

ယန်ရှောင်ယွင်က ခေါင်းညိတ်လိုက်ပြီး ပြော၏။

"သတိထားနော်။ ငါ ဒီမှာပဲ နေပြီး အခြေအနေကို စောင့်ကြည့်ပေးမယ်"

ဆုမိုက အသာအယာ ပြုံးလိုက်သည်။ ယန်ရှောင်ယွင်ရဲ့ အတွေးတွေက သူ့အတွေးတွေနှင့် အမြဲတမ်း ထပ်တူကျနေတတ်တာကို သူ သဘောကျမိပါသည်။

ထိုစဉ် ယန်ရှောင်ယွင်က ဓားသေတ္တာကို အသာပုတ်ပြီး ပြောလိုက်၏။

"ဒါကိုလည်း တစ်ခါတည်း ယူသွားလိုက်။ တကယ်လို့ လျူဆွေဖုန်းနဲ့ တွေ့ဖြစ်ရင် အချိန်မဆွဲနဲ့၊ တန်းပေးလိုက်တော့။ ဒါဆိုရင် ငါတို့ ရှေ့တိုးတိုး၊ နောက်ဆုတ်ဆုတ် စိတ်ပူစရာ မရှိတော့ဘူးပေါ့”

အခန်း (၅၄) - ဓားမြည်းစမ်းရာ မျှော်စင်

~ညဉ့်နက်သန်းခေါင်တွင် ယွီလျိုစံအိမ်ကို စုံစမ်းစစ်ဆေးမည်ဆိုလျှင် လူသူလေးပါး တိတ်ဆိတ်သည့်အချိန်ကို စောင့်ရမည်မှာ ဓမ္မတာပင် ဖြစ်လေသည်။

ဝေနာရီ ရောက်သောအခါ ဆုမိုသည် ပြတင်းပေါက်ကို တိတ်တဆိတ် ဖွင့်လိုက်ပြီးနောက် ကိုယ်ရိပ်တစ်ခုအလား အပြင်သို့ ခုန်ထွက်လိုက်၏။ ခြေဖျားနှင့် မြေပြင်ကို အသာအယာ ထိတွေ့လိုက်ရုံဖြင့် အရှိန်ယူကာ ခေါင်မိုးပေါ်သို့ ပျံတက်သွားလေသည်။

အဝေးသို့ လှမ်းကြည့်လိုက်ရာ ယွီလျိုစံအိမ် တစ်ခုလုံးကို အပြည့်အဝ မမြင်ရသော်လည်း အခြေအနေအရပ်ရပ်ကိုတော့ အကြမ်းဖျင်း ခန့်မှန်း၍ ရနိုင်၏။

ယခုအချိန်တွင် ယွီလျိုစံအိမ် တစ်ခုလုံးသည် သင်းချိုင်းကုန်းတစ်ခုကဲ့သို့ တိတ်ဆိတ်ခြောက်ကပ်နေပြီး အလင်းရောင် အစအနမျှပင် မတွေ့ရပေ။

ဆုမို၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားသည်။ ဤအခြေအနေမှာ ပုံမှန်ထက်ပင် ပို၍ ထူးဆန်းနေသလို ခံစားနေရ၏။

ဤမျှကြီးမားသော စံအိမ်ကြီးတွင် ညဘက်၌ မီးအိမ်များ ထွန်းထားလေ့ရှိသည်မှာ သဘာဝပင်။ မည်မျှပင် ချွေတာသည်ဆိုဦးတော့ ဤကဲ့သို့ သေလူတို့၏ အိမ်ကဲ့သို့ တိတ်ဆိတ်နေစရာ အကြောင်းမရှိပေ။

အထူးသဖြင့် စံအိမ်၏ အစွန်အဖျားဒေသများတွင် ပိုးဟပ်သံ၊ ပုစဉ်းရင်ကွဲသံ သို့မဟုတ် ငှက်အော်သံ တစ်ခုမျှပင် မကြားရခြင်းမှာ တကယ့်ကို ထူးခြားလှသည်။

ဆုမို စဉ်းစားခန်းဝင်နေစဉ်မှာပင် အခြားတစ်ဖက်သို့ ခုန်ကူးရန် ပြင်လိုက်ခိုက်၊ သူ၏ နားထဲသို့ သဲ့သဲ့မျှသော လှုပ်ရှားသံတစ်ခု တိုးဝင်လာသဖြင့် ခြေလှမ်းကို ရပ်တန့်လိုက်၏။

ဘေးဘီကို အသာအယာ ချောင်းကြည့်လိုက်ရာ ဘေးပတ်ဝန်းကျင် ဝင်းထဲမှ လူတစ်ယောက် ခုန်ထွက်လာသည်ကို တွေ့လိုက်ရသည်။ ထိုလူ၏ ခြေလှမ်းများမှာ ပေါ့ပါးသွက်လက်လှပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ခေါင်မိုးပေါ်သို့ ရောက်ရှိသွားလေ၏။

ထိုသူမှာ အခြားသူမဟုတ်၊ ဟိုစာပေပညာရှင်ပင် ဖြစ်၏။

သူသည် အနားယူပြီးသွားသည့်အလား ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်နေ၏။ ဆုမိုကတော့ အချိန်မီ ပုန်းကွယ်လိုက်သဖြင့် ထိုသူသည် ဆုမိုကို သတိမထားမိဘဲ အဝေးသို့ ခုန်ပျံထွက်ခွာသွားလေတော့သည်။

ခေတ္တမျှ စဉ်းစားပြီးနောက် ဆုမိုသည် ထိုသူ၏နောက်သို့ လိုက်ရန် ဆုံးဖြတ်လိုက်၏။

ယနေ့ ယွီလျိုစံအိမ်သို့ လာကြသော ဧည့်သည်တိုင်းတွင် ကိုယ်စီရည်ရွယ်ချက်များ ရှိကြပေမည်။ သို့သော် သူတို့၏ ပန်းတိုင်မှာ လျူဆွေဖုန်းနှင့် ပတ်သက်နေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။ ထို့ကြောင့် ဤစာပေပညာရှင်၏ နောက်သို့ လိုက်ခြင်းဖြင့် လျူဆွေဖုန်းရှိရာသို့ ရောက်ရှိသွားနိုင်သည် မဟုတ်ပါလော။

ဤစာပေပညာရှင်၏ ကိုယ်ဖော့သိုင်းမှာ အတော်အတန် ပြောင်မြောက်လှသည်။ လက်များကို ဝှေ့ယမ်းပြီး လှုပ်ရှားသွားပုံမှာ ကောင်းကင်ယံတွင် ပျံသန်းနေသော ငှက်တစ်ကောင်အလား ထင်မှတ်ရ၏။ အရှိန်မပြင်းလှသော်လည်း သူ၏ ခြေသံမှာမူ လုံးဝ တိတ်ဆိတ်နေသည်။

ဆုမို တတ်မြောက်ထားသော ကိုယ်ဖော့သိုင်းမှာ ဇီယန်ဂိုဏ်းမှ ဆင်းသက်လာခြင်း ဖြစ်၏။ ဇီယန်ဂိုဏ်းသည် ခရမ်းရောင် ကိုးသွယ် မီးလျှံ ကောင်းကင် ကျင့်စဉ် ကြောင့် ကျော်ကြားသော်လည်း အတွင်းအားနှင့် လက်သီးလက်မောင်းသိုင်းကိုသာ အဓိကထားသဖြင့် ကိုယ်ဖော့သိုင်းမှာမူ သာမန်အဆင့်သာ ရှိ၏။

သို့သော် ဆုမိုတွင် လုံရှန်း ဉာဏ်ဖွင့် နတ်ဘုရား ကျင့်စဉ် ကြောင့် ရရှိထားသော နက်နဲလှသည့် အတွင်းအားများ ရှိနေသဖြင့် ယနေ့တွင် ဤမျှ ဆန်းကြယ်သော အလှုပ်ရှားများကို ပြုလုပ်နိုင်ခြင်း ဖြစ်လေသည်။

ကံကောင်းထောက်မစွာဖြင့် ဆုမိုသည် အထွတ်အထိပ်သို့ ရောက်ရှိနေသော အတွင်းအားကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်သဖြင့် စာပေပညာရှင်သည် လမ်းတွင် အကြိမ်ကြိမ် ရပ်တန့်ကာ အကဲခတ်သော်လည်း ဆုမို၏ ခြေရာကို လုံးဝ ရှာမတွေ့ခဲ့ပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့နှစ်ဦးသည် စံအိမ်၏ အနောက်တောင်ဘက်မှ မြောက်ဘက်စွန်းသို့ ရောက်ရှိသွားကြသည်။

ဆုမိုသည် စာပေပညာရှင်နောက်သို့ လိုက်ရင်း စံအိမ်အတွင်းမှ အခြေအနေများကိုပါ အကဲခတ်နေခဲ့၏။ သို့သော် သူ တွေ့ရှိလိုက်ရသည်မှာ စံအိမ်အတွင်းတွင် မီးအလင်းရောင် မရှိရုံသာမကပေ။

အိမ်ဖော်၊ အစေခံ သို့မဟုတ် ကင်းလှည့်နေသော တပည့်တစ်ဦးတစ်ယောက်မျှပင် မရှိချေ။ ကျယ်ဝန်းလှသော ယွီလျိုစံအိမ်ကြီးမှာ အမှန်တကယ်ပင် သေလူတို့၏ အိမ်ကြီးသဖွယ် ဖြစ်နေတော့၏။

အစပိုင်းတွင် စာပေပညာရှင်သည် သူ၏ ခြေရာကို ဖုံးကွယ်ထားသော်လည်း ခဏအကြာတွင်မူ သူသည် အရေးကြီးသည့်အရာတစ်ခုကို တွေ့သွားသကဲ့သို့ မည်သူ့ကိုမျှ ဂရုမစိုက်တော့ဘဲ အရှေ့သို့ တဟုန်ထိုး ပြေးထွက်သွားလေတော့သည်။

ထိုစဉ် စာပေပညာရှင်သည် ရုတ်တရက် ခြေစုံရပ်လိုက်သည်ကို ဆုမို မြင်လိုက်ရ၏။ ၎င်းမှာ သူ့နောက်တွင် တစ်ယောက်ယောက် လိုက်နေသလားဟု စစ်ဆေးရန် မဟုတ်ဘဲ တစ်စုံတစ်ခုကို တွေ့ရှိသွားသဖြင့် ပုန်းကွယ်ကာ အကဲခတ်နေခြင်း ဖြစ်၏။

ဆုမိုလည်း ခြေလှမ်းကို ရပ်လိုက်၏။ စာပေပညာရှင် ကြည့်နေသော နေရာတွင် လူတစ်ယောက်သည် မှောင်မိုက်သော ညဉ့်နက်ထဲ၌ ဖြည်းညှင်းစွာ လမ်းလျှောက်နေသည်ကို တွေ့လိုက်ရသည်။

လုံရှန်း ဉာဏ်ဖွင့် နတ်ဘုရား ကျင့်စဉ် ကြောင့် ဆုမို၏ အာရုံခံစားမှုများမှာ အလွန်စူးရှနေသည်။ သူ၏ မျက်လုံးများမှာ ညဘက်တွင် မြင်နိုင်သော မျက်လုံးမျိုး မဟုတ်သော်လည်း အလင်းရောင် အနည်းငယ်ရှိရုံဖြင့် နေ့ဘက်ကဲ့သို့ပင် ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်လေသည်။

စံအိမ်အတွင်း လမ်းလျှောက်နေသော ထိုလူသည် စိမ်းဖန့်ဖန့် အလင်းရောင် ထွက်ပေါ်နေသော မီးအိမ်တစ်ခုကို ကိုင်ဆောင်ထား၏။

မီးအိမ်မှာ မီးအိမ်ပင် ဖြစ်သော်လည်း ထွက်ပေါ်လာသော အလင်းရောင်မှာမူ သာမန် မီးအိမ်ရောင် မဟုတ်ဘဲ သရဲမီးအလား စိမ်းဖန့်နေသည်။ ထိုလူသည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် ညမှောင်ထုနှင့် တစ်သားတည်း ဖြစ်နေပြီး မီးအိမ်ရောင်ကြောင့် လေထဲတွင် စိမ်းဖန့်ဖန့် မီးတောက်တစ်ခု လွင့်မျောနေသကဲ့သို့ ထင်မှတ်ရ၏။

ဤမြင်ကွင်းမှာ တကယ်ပင် ခြောက်ခြားဖွယ်ရာ ကောင်းလှသည်။ သို့သော် ဆုမိုကို အမှန်တကယ် တုန်လှုပ်သွားစေသည်မှာ ထိုလူ၏ ဟန်ဆောင်မှု မဟုတ်ဘဲ ထိုလူ၏ မည်သူမည်ဝါ ဖြစ်ကြောင်းပင်။

ထိုသူမှာ အခြားသူမဟုတ်၊ လျူချင်ကုန်း ပင် ဖြစ်လေသည်။

သူနှင့် ယန်ရှောင်ယွင်ကို စံအိမ်ထဲသို့ ခေါ်ဆောင်လာခဲ့သော၊ မျက်နှာတွင် အပြုံးများဖြင့် ယဉ်ကျေးပျူငှာလှသော ယွီလျိုစံအိမ်၏ အိမ်တော်ထိန်းကြီးပင် ဖြစ်၏။

ညဉ့်နက်သန်းခေါင်တွင် သရဲမီးကဲ့သို့သော မီးအိမ်ကို ကိုင်ဆောင်ကာ တိတ်ဆိတ်ခြောက်ကပ်နေသော စံအိမ်ကြီးထဲ၌ ဝိညာဉ်လွင့်နေသော လူတစ်ယောက်အလား လျှောက်သွားနေခြင်းမှာ ဘာအဓိပ္ပာယ်နည်း။

"ဒါတွေက ဘာတွေလဲဟ"

ဖင်းဖုန်းမြို့မှ ရရှိခဲ့သော သတင်းများအရ ယွီလျိုစံအိမ်တွင် ထူးဆန်းသော ပြောင်းလဲမှုများ ရှိနေကြောင်း ဆုမို သိရှိထားသော်လည်း ဤမျှအထိ ဖြစ်လိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။

လျူချင်ကုန်း ဘာဖြစ်သွားတာလဲ။ အိပ်မက်ယောင်နေတာလား။ ဒါမှမဟုတ် အရက်နာကျနေတာလား။

ညဉ့်နက်သန်းခေါင်ကြီးမှာ ဘာလို့ ဒီလိုတွေ လုပ်နေရတာလဲ။

ဆုမို၏ စိတ်ထဲတွင် အတွေးများ ရှုပ်ထွေးနေစဉ်မှာပင် စာပေပညာရှင်သည် လျူချင်ကုန်း၏ နောက်သို့ ထပ်ကြပ်မကွာ လိုက်သွားပြန်သည်။ ဆုမိုလည်း သူ၏ အတွေးများကို ရပ်တန့်ကာ သူတို့နှစ်ဦးနောက်သို့ လိုက်ပါသွားလေတော့သည်။

တိတ်ဆိတ်နေသော စံအိမ်ကြီးထဲတွင် လူသုံးယောက်သည် တစ်ယောက်နောက် တစ်ယောက် ဖြည်းညှင်းစွာ ရွေ့လျားနေကြ၏။ လျူချင်ကုန်း၏ ခြေလှမ်းများမှာ မမြန်လှသော်လည်း ခြေလှမ်းတိုင်းမှာ အကွာအဝေး အတိအကျနှင့် စည်းချက်ကျကျ ရှိနေပြီး ခေတ္တမျှပင် ရပ်တန့်ခြင်း မရှိပေ။

အမွှေးတိုင် တစ်တိုင်စာခန့် ကြာသောအခါ သူတို့သည် ဝင်းတစ်ခု၏ ရှေ့သို့ ရောက်ရှိသွားကြသည်။

"ကျွီ..." ခနဲ အသံနှင့်အတူ လျူချင်ကုန်းသည် ဝင်းတံခါးကြီးကို ဖွင့်လိုက်ရာ အတွင်း၌ အဆောက်အဦးငယ်လေး တစ်ခုကို တွေ့လိုက်ရ၏။

ထိုအဆောက်အဦး၏ အရှေ့တွင် စာလုံးကြီး သုံးလုံးကို ရေးထိုးထားသည်- "ဓားမြည်းစမ်းရာ မျှော်စင်" ဟူ၍ပင်။

ထိုစာလုံးများမှာ ထက်မြက်ပြတ်သားလှပြီး သစ်သားထဲသို့ သုံးလက်မခန့် နစ်ဝင်နေကာ ဓားချင်း ထိခိုက်သံများကိုပင် ကြားယောင်နေရသကဲ့သို့ အရှိန်အဝါများ ထွက်ပေါ်နေသည်။ လျူချင်ကုန်း ပေးစွမ်းနေသော ခြောက်ခြားဖွယ်ရာ အငွေ့အသက်များနှင့် လုံးဝ ဆန့်ကျင်ဘက်ပင်။

မျှော်စင်သို့ ရောက်သောအခါ လျူချင်ကုန်းသည် တံခါးကို တွန်းဖွင့်ကာ အတွင်းသို့ ဝင်သွားပြီးနောက် တံခါးမှာ "ဒုန်း" ခနဲ ပြန်ပိတ်သွားလေသည်။ ထို့နောက်တွင်တော့ ဘာလှုပ်ရှားမှုမျှ မရှိတော့ချေ။

မျှော်စင် အပြင်ဘက်တွင် ဆုမိုနှင့် စာပေပညာရှင်တို့သည် အသံတိတ်စွာ ကျန်ရစ်ခဲ့ကြ၏။ သို့သော်... ဆုမိုက စာပေပညာရှင်ကို မြင်နေရသော်လည်း စာပေပညာရှင်ကမူ သူ့နောက်တွင် ဆုမို လိုက်ပါနေသည်ကို လုံးဝ မသိရှိပေ။

စာပေပညာရှင်သည် ကြာရှည်စွာ စောင့်ဆိုင်းခြင်း မရှိပေ။ လျူချင်ကုန်း ဝင်သွားပြီးနောက် နောက်ထပ် အမွှေးတိုင် တစ်တိုင်စာခန့် ကြာသောအခါ သူသည် လှုပ်ရှားလိုက်ပြန်သည်။

ကိုယ်ရိပ်တစ်ခု ဝေဝါးသွားပြီးနောက် သူသည် မျှော်စင်၏ ဒုတိယထပ်သို့ ရောက်ရှိသွားလေ၏။ ပြတင်းပေါက်တစ်ခုကို အသာအယာ တွန်းဖွင့်ကာ အတွင်းသို့ တိုးဝင် ပျောက်ကွယ်သွားလေတော့သည်။

မျှော်စင် အပြင်ဘက်တွင် ဆုမို တစ်ယောက်တည်း ကျန်ရစ်ခဲ့၏။ လောကကြီးတစ်ခုလုံးတွင် ဤမျှော်စင်နှင့် သူသာ ရှိတော့သကဲ့သို့ တိတ်ဆိတ်သွားလေသည်။

"လျူချင်ကုန်းက ညဉ့်နက်သန်းခေါင်ကြီးမှာ ဒီလို ဝတ်စားပြီး ဘာလို့ လျှောက်သွားနေရတာလဲ။ သရဲခြောက်ဖို့ သက်သက်တော့ မဟုတ်လောက်ဘူး..."

‘ဒီ 'ဓားမြည်းစမ်းရာ မျှော်စင်' ထဲမှာ ဘာလျှို့ဝှက်ချက်တွေ ရှိနေလို့လဲ။

ဟိုစာပေပညာရှင်ကလည်း အထဲဝင်သွားပြီးကတည်းက ဘာသံမှ ထွက်မလာတော့ဘူး။ သေရင်တောင် အော်သံတော့ ကြားရရမှာ မဟုတ်လား။’

ဆုမို၏ စိတ်ထဲတွင် အတွေးများ ဗလောင်ဆူနေစဉ်မှာပင် မြောက်ဘက်သို့ ဦးတည်သွားနေသော ကိုယ်ရိပ်တစ်ခုကို သူ မြင်လိုက်ရ၏။ ထိုသူ၏ အပြုအမူမှာ အတော်အတန် ပေါ်တင်ကြီး ဖြစ်နေသလို ခံစားရသည်။

ဆုမို မျက်မှောင်ကြုတ်လိုက်မိစဉ်မှာပင် မျှော်စင်၏ တံခါးကြီးမှာ "ဝုန်း" ခနဲ ပွင့်ထွက်သွားပြီး ကိုယ်ရိပ်တစ်ခုသည် ထိုလူရှိရာသို့ တဟုန်ထိုး ပြေးထွက်သွားလေသည်။ ထိုသူမှာ အခြားသူမဟုတ်၊ လျူချင်ကုန်း ပင် ဖြစ်လေ၏။

ဆုမို၏ မျက်လုံးများ အရောင်လက်သွားသည်။ သူသည် အချိန်မဆွဲတော့ဘဲ ပွင့်ဟနေသော တံခါးမှတစ်ဆင့် မျှော်စင်အတွင်းသို့ လျင်မြန်စွာ တိုးဝင်လိုက်လေတော့သည်။

အတွင်းသို့ ရောက်သည်နှင့် အရှေ့မှ လေတိုးသံမှာ တစ်ခုခု လွဲချော်နေသည်ကို သတိပြုမိလိုက်၏။

မော့ကြည့်လိုက်ရာ ကိုယ်ရိပ်တစ်ခုသည် သူ့ထံသို့ ရုတ်တရက် တိုးကပ်လာသည်။

ဆုမိုသည် 'နဂါးဆင် ( လုံရှန်း ) အရှိန်အဝါ' ဖုံးလွှမ်းထားသော လက်ဝါးကို ဆန့်ထုတ်ကာ တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း ထိုအခိုက်အတန့်မှာပင် လက်ဝါးကို ပြန်ရုပ်သိမ်းကာ ဘေးသို့ ရှောင်တိမ်းလိုက်၏။ ထိုကိုယ်ရိပ်သည် ဆုမို၏ ဘေးမှ ဖြတ်ကျော်သွားပြီး မြေကြီးပေါ်သို့ "ဘုန်း" ခနဲ ပြုတ်ကျသွားလေသည်။

ဆုမို စိတ်နုသွားခြင်း မဟုတ်ပေ။ ထိုအခိုက်အတန့်တွင် ထိုလူမှာ အသက်မရှိတော့သည်ကို သူ သတိပြုမိလိုက်ခြင်း ဖြစ်၏။

"ဒါ... ဟို ဝမ်မျိုးရိုးနဲ့ လူကြမ်းကြီး မဟုတ်လား။"

ညအမှောင်အောက်တွင် မျှော်စင်တံခါးမှာ ပွင့်လျက် ရှိနေပြီး အသက်မဲ့နေသော အလောင်းမှာ ဆုမို၏ မျက်စိရှေ့တွင်ပင် ရှိနေ၏။ ရုပ်အလောင်းမှာ ခြောက်ကပ်ပြီး ကြုံလှီနေသဖြင့် မည်သူမည်ဝါ ဖြစ်သည်ကို ခွဲခြားရန် ခက်ခဲလှသော်လည်း ဝတ်စုံကို ကြည့်ခြင်းအားဖြင့် နေ့တိုင်း အချီ (၃၀၀) ချမည်ဟု ကြွေးကြော်နေသော ထိုလူကြမ်းကြီး ဖြစ်ကြောင်း ဆုမို သိလိုက်လေတော့သည်။

All Chapters