အခန်း (၅၈-၆၀)
Vol. 4 Ch. 58-60
အခန်း (၅၈) - အခန်း
~ဆုမိုသည် နှုတ်ခမ်းကို အသာအယာ မဲ့လိုက်သော်လည်း ခေတ္တမျှ စကားလုံး ပျောက်ရှသွားရ၏။
လော့ကျန်း၏ စကားအရ လျူဆွေဖုန်းမှာ ဒဏ်ရာ အပြင်းအထန် ရထားသည်ဟု ဆိုသည်။
ပြီးတော့ ဒီအချိန်ကြီးမှ တမင်ရွေးပြီး လာလည်ကြသည့် ဒီလူအုပ်ကြီးထဲမှာလည်း စိတ်ရင်းဖြူဖြူနှင့် လာသူ တစ်ယောက်မှ ပါမည့်ပုံ မပေါ်ချေ။
တကယ်လို့ ဒီဝင်းကသာ လျူဆွေဖုန်း တကယ်နေထိုင်သည့် နေရာဆိုရင်တော့...
ညဉ့်နက်သန်းခေါင်ကြီးမှာ ဒီဘုန်းကြီးအိုကြီး ရောက်နေခြင်းမှာ ဘယ်လိုမှ နိမိတ်မကောင်းလှပေ။
သို့သော်လည်း လူတိုင်းကိုတော့ တစ်တန်းတည်းထားပြီး လူယုတ်မာတွေဟု စွပ်စွဲလို့တော့ မရသေးပေ။
ဒါတင်မကသေးဘူး... စောစောက 'သွေးရောင်စွန်း ရေဘဲဓား' လင်းဟုန်ရှ၏ လုပ်ရပ်ကို ကြည့်ရင်၊ သူမသည် ဒီဘုန်းကြီးကြီး ဒီမှာရှိနေတာကို ကြိုသိပြီး လျူချင်ကုန်းကို တမင် မျှားခေါ်လာတာ ဖြစ်ရမည်။
ဘေးဆိုးကို တခြားသူဆီ လွှဲချင်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အားလုံးပေါင်းပြီး လျူချင်ကုန်းကို အသေအကျေ တိုက်ခိုက်ချင်တာပဲဖြစ်ဖြစ်ပင်။
ဘယ်လိုပဲဖြစ်ဖြစ်... ဒီလူတွေထဲမှာ အူကြောင်ကြောင်နိုင်သည့်သူ တစ်ယောက်မှ မပါချေ။
ပါခဲ့သည့် တစ်ယောက်တည်းသောသူ ဝမ်တိုင်ဟိန်းကတော့...
ယခု အလောင်း ဖြစ်သွားပြီလေ။
ယခု အချိန်တွင် ဆုမို၏ စိတ်အခြေအနေမှာလည်း သိပ်ပြီး မကောင်းလှပေ။
သူသည် သိုင်းလောကသားတွေနှင့် ယူချွမ်ဂိုဏ်းသားတွေ သတ်ဖြတ်နေကြတာကို ထိုင်ကြည့်ဖို့ ဒီအထိ လာခဲ့တာ မဟုတ်ဘူးလေ။
သူလာခြင်းမှာ အာမခံ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ဖို့ ဖြစ်လေသည်။
ဒီဝင်းထဲမှာ လျူဆွေဖုန်းကို မတွေ့ရတာဟာ ဆုမိုအတွက်တော့ တကယ့်ကို သတင်းဆိုးပင် ဖြစ်၏။
တကယ်တော့ ယွီလျိုစံအိမ်ထဲမှာ ဖြစ်ပျက်နေသည့် အရှုပ်အထွေးတွေက ဆုမိုကို တဖြည်းဖြည်း စိတ်တိုလာစေသည်။
'ငါက အာမခံပစ္စည်း လာပို့တာပဲရှိတာ... လက်ခံမယ့်သူကိုမှ ရှာမတွေ့ရင် ဘယ်လိုလုပ် ပို့လို့ ရမှာလဲ'
ယူချွမ်ဂိုဏ်းနှင့် လျူဆွေဖုန်းကြားမှာ တစ်ခုခုတော့ ပတ်သက်နေတာ သေချာသည်။ တကယ်လို့ လျူဆွေဖုန်းသာ တစ်ခုခု ဖြစ်သွားခဲ့လျှင်၊ သူသည် အာမခံပစ္စည်း ပို့ရုံတင် မကဘဲ လူပါ ကယ်ရမည့် ကိန်းဆိုက်နေချေပြီ။
ဒီလောက်အထိ အလုပ်ရှုပ်ခံနေရတာ၊ စနစ်က ဆုလာဘ်တွေ ပေးသည် ဆိုဦးတော့၊ ကျိရှုဟွာ ပေးလိုက်သည့် ငွေစ (၁၀၀) ကတော့ တကယ်ကို တန်လွန်းနေပြီ။
'ဒီထက် ပိုရမှ တန်မယ်... ကျိရှုဟွာဆီကနေ ငွေထပ်တောင်းရင် ကောင်းမလား'
သူ တွေးနေစဉ်မှာပင် ဘုန်းကြီး ကျင်ကုန်း၏ အေးစက်သော အသံ ထွက်ပေါ်လာလေသည်။
"ဒကာကြီး... ဒကာကြီးက မိစ္ဆာဂိုဏ်းက လူတစ်ယောက်ပဲ မဟုတ်လား။ ကြည့်ရတာတော့ ဒကာကြီးက လျူချင်ကုန်း အစစ်တော့ မဟုတ်နိုင်ဘူး။ ကျုပ် တစ်ခုလောက် မေးပါရစေ... ဒီလောက် ကျယ်ဝန်းလှတဲ့ ယွီလျိုစံအိမ်ကြီးက ဘယ်လိုဖြစ်ပြီး ဒီလို တစပြင်လို နေရာကြီး ဖြစ်သွားရတာလဲ။ ပြီးတော့ စံအိမ်ထဲက လျူဆွေဖုန်းနဲ့ တခြားလူတွေကိုရော ဒကာကြီး ဘယ်ကို ခေါ်သွားသလဲ"
ဘုန်းကြီး၏ မျက်လုံးများမှာ တင်းတင်းမှိတ်ထားဆဲ ဖြစ်ပြီး၊ လက်နှစ်ဖက်ကို အုပ်ကာ လက်ဝါးကြားတွင် ပုတီးစိပ်နေလေသည်။
သူသည် စကားလုံးများကို အားမာန်ပါပါ ပြောဆိုနေသော်လည်း လေသံမှာမူ နူးညံ့သိမ်မွေ့နေ၏။
"ဟက်..."
'လျူချင်ကုန်း' သည် မြေပြင်ပေါ်မှ လူးလဲထလိုက်ပြီး သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်လေသည်။
"တော်လိုက်တဲ့ ဘုန်းကြီးကြီးပါလား။ ကောင်းကင်ဗုဒ္ဓကျောင်းတော်ရဲ့ သိုင်းပညာတွေဟာ လောကမှာ ရှားပါးတဲ့ အထွတ်အထိပ် ပညာတွေပဲ။ တစ်သက်လုံး ကျင့်ရင်တောင် ကုန်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ခင်ဗျားတို့ကတော့ ဘယ်တော့မှ မတင်းတိမ်နိုင်ဘဲ 'နတ်ဘုရား သက်တံ နှလုံးသားရှာဓား' ရဲ့ တိုက်ကွက် (၁၆) ကွက်ကို လာရှာနေကြတာကိုး"
"လျူဆွေဖုန်း ဘယ်မှာလဲလို့ မေးနေမှတော့...ကျုပ် ပြောပြလိုက်ရင်ရော ဘာထူးမှာလဲ"
သူသည် ခေါင်းမော့ပြီး ဘုန်းကြီး ကျင်ကုန်းကို ကြည့်လိုက်၏။
"ဒါမှမဟုတ်...ကျုပ်ကိုယ်တိုင်ပဲ ခင်ဗျားကို သူ့ဆီ လိုက်ပို့ပေးရမလား"
ဤစကားမှာ လျူဆွေဖုန်းဆီ တကယ် လိုက်ပို့ပေးမည်ဟု ဆိုလိုခြင်း မဟုတ်ကြောင်း သိသာလှပေသည်။
ဘုန်းကြီးသည် မျက်မှောင်ကြုတ်ထားဆဲ ဖြစ်ပြီး အပြုံးအစအနမျှ မရှိပေ။
"ကျုပ် ထင်တယ်... ဒကာကြီးမှာ အဲ့ဒီလို အရည်အချင်း ရှိလိမ့်မယ် မထင်ဘူး"
"ဘုန်းကြီးကြီး... ပေါ့ဆလို့ မရဘူးနော်"
ထိုအခိုက်၌ အခန်းတံခါးများ ပွင့်သွားပြီး လင်းဟုန်ရှ ထွက်လာလေသည်။ သူမ၏ လက်ထဲတွင် သွေးရောင်ဓားမြှောင် နှစ်လက်ကို ကိုင်ဆောင်ထားပြီး ကိုယ်ကို ပျင်းရိစွာ တစ်ချက် ဆန့်လိုက်ပြီးမှ ပြောလိုက်၏။
"ယူချွမ်ဂိုဏ်းက လူတွေရဲ့ သိုင်းပညာက တကယ့်ကို ခန့်မှန်းရ ခက်တာပဲ။ ကောင်းကင်ဓားဂိုဏ်းက ကလေးနှစ်ယောက်ထဲမှာ တစ်ယောက်က ရှုံးသွားပြီ၊ ကျန်တဲ့ တစ်ယောက်ကလည်း ဓားကျိုးသွားပြီ။ သွေးပြောင်းလဲခြင်း နတ်ဘုရားကတော့ တကယ်ကို လက်ဝင်တာပဲ။ သတိထားဦးနော် ဘုန်းကြီးကြီး... မတော်တဆ ခြောက်ကပ်သွားပြီး ရုပ်အလောင်း ဖြစ်သွားမှဖြင့်... ရှင့်ရဲ့ ရွှေကိုယ်ထည် ကျင့်စဉ်ကြောင့် မဟုတ်ဘဲ အမှားအယွင်းကြောင့် ခြောက်သွားတာဆိုရင်တော့... ကောင်းကင်ဗုဒ္ဓကျောင်းတော်က တပည့်တပန်းတွေ အနှစ် တစ်ရာလောက် ရယ်နေကြလိမ့်မယ်"
ဒီအမျိုးသမီးသည် ရုပ်ရည်တော့ ချောမောပါရဲ့။ ပါးစပ်က ထွက်သည့် စကားတွေကတော့ တော်တော်လေးကို နားခါးလှသည်။
စကားပြောပုံက ပျင်းရိနေသယောင် ရှိသော်လည်း သူမ၏ မျက်လုံးများကမူ ထက်မြက်သော အလင်းတန်းများ ဖြာထွက်နေ၏။
သူမနောက်က ကောင်းကင်ဓားဂိုဏ်းသားသည် ဤစကားကို ကြားလိုက်ရသဖြင့် အရှက်တကွဲ ဖြစ်သွားပုံရလေသည်။
သူသည် လက်ထဲမှ ကျိုးနေသော ဓားကို ကြည့်ကာ မျက်နှာက ပို၍ မည်းမှောင်လာသည်။ သူ့ဂိုဏ်း၏ အတွင်းအား ကျင့်စဉ်မှာ အပြည့်အဝ မပြီးမြောက်သေးဘူးဆိုတာ သိသာနေလေ၏။
သို့သော်လည်း ဘုန်းကြီးကြီးမှာမူ တည်တည်ငြိမ်ငြိမ်ပင် ဖြစ်လေသည်။
"ဒါဆိုရင် ဒကာကြီးက ယူချွမ်ဂိုဏ်းကပေါ့။ ဒါပေမဲ့ ဒကာကြီးတို့ ဂိုဏ်းက တုန်းချန်မြို့ရဲ့ အရှေ့ဘက်မှာပဲ အခြေစိုက်နေတာ မဟုတ်လား။ ဘယ်လိုဖြစ်ပြီး ဒီအနောက်တောင်ဒေသအထိ ခြေဆန့်လာတာလဲ"
"ဘုန်းကြီး... စကားတွေ များလှချည်လား"
'လျူချင်ကုန်း' သည် တဟဲဟဲ ရယ်မောလိုက်လေသည်။
"ကျုပ်မှာ ခင်ဗျားတို့နဲ့ အချိန်ဖြုန်းနေဖို့ အားမအားဘူး။ ဒီည သွေးရောင်တွေက စိုပြည်နေတယ်။ ကျုပ်ဂိုဏ်းက တပည့်တွေ အကုန်လုံး သွေးကန်ဘေးမှာ ပင်ပင်ပန်းပန်း ကျင့်နေကြတာ။ ကျုပ်လို အရိုးအိုကတော့ ဒီဝင်းထဲက အမှိုက်တွေကို လှည်းကျင်းဖို့ တာဝန်ယူထားရတယ်။ ခင်ဗျားတို့မှာ ဘာပညာပဲရှိရှိ အကုန် ထုတ်သုံးကြစမ်းပါ။ ခင်ဗျားတို့ကို ရှင်းပြီးမှ တခြား ပိုးမွှားတွေကို သတ်လို့ ရမှာ။ အဲ့ဒီကျမှ ဒီညက အေးချမ်းသွားမှာပေါ့"
ပြောရင်းဆိုရင်းနှင့် သူသည် ဘုန်းကြီး ကျင်ကုန်းနှင့် လင်းဟုန်ရှတို့ အရင် တိုက်ခိုက်လာသည်ကို မစောင့်တော့ပေ။
သူ၏ ခန္ဓာကိုယ်မှ သွေးရောင်အလင်းတန်း တစ်ချက် လက်သွားပြီးနောက်၊ မူလနေရာတွင် သွေးရောင်ရိပ်တစ်ခု ကျန်ရစ်ခဲ့သော်လည်း ကိုယ်ထည် အစစ်အမှန်မှာ ပျောက်ကွယ်သွားလေတော့သည်။
လင်းဟုန်ရှ၏ မျက်လုံးများ အရောင်လက်သွား၏။ သူမ၏ ဓားမြှောင်နှစ်လက်သည် လေဟာနယ်ကို ထိုးခွင်းကာ၊ ကောင်းကင်ဓားဂိုဏ်းသား၏ ဘေးတစ်လက်မအကွာကို ရုတ်တရက် တိုက်ခိုက်လိုက်လေသည်။
သူမ၏ မဆင်မခြင် လုပ်ရပ်ကြောင့် ကောင်းကင်ဓားဂိုဏ်းသားမှာ လင်းဟုန်ရှက သူ့ကို ပြန်တိုက်ခိုက်သည်ဟု ထင်ပြီး ထိတ်လန့်သွား၏။ သူ နောက်သို့ ဆုတ်ရန် ပြင်လိုက်စဉ်မှာပင်... သူ့ရှေ့က သွေးရောင်ဓားမြှောင်ဆီသို့ ဦးတည်လာသော လက်သည်းတစ်စုံကို မြင်လိုက်ရလေသည်။
"ဒင်" ခနဲ သံချင်း ထိခိုက်သံနှင့်အတူ လက်သည်းထိပ်နှင့် ဓားသွားတို့ တိုက်မိသွားကြလေသည်။
"သွေးရိပ်အလင်းခွင်း တိုက်ကွက်လား"
ဘုန်းကြီး ကျင်ကုန်းသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း လေကို ခွင်းသော လက်သီးတစ်လုံး ပစ်သွင်းလိုက်၏။
လျူချင်ကုန်းသည် ရှေ့တွင် လင်းဟုန်ရှ၏ ဓားနှစ်လက်၊ ဘေးတွင် ဘုန်းကြီး၏ အားပြင်းလက်သီးကြား၌ တည်ငြိမ်စွာ ရပ်နေဆဲပင်။ သူ၏ သွေးရောင်အတွင်းအားများ ပေါက်ကွဲထွက်လာပြီး လင်းဟုန်ရှ၏ ဓားများကို ဝတ်ရုံစဖြင့် ခါထုတ်လိုက်၏။ တစ်ခဏချင်းမှာပင် သူ၏ လက်ဝါးသည် ဘုန်းကြီး ကျင်ကုန်း၏ လက်သီးနှင့် သုံးချီမျှ အပြန်အလှန် လဲလှယ်လိုက်ပြီးနောက်၊ နောက်ဆုံးတွင် လက်သည်းဖြင့် ကုတ်ခြစ်ကာ ဘုန်းကြီးကို နောက်သို့ ဆုတ်သွားစေလိုက်သည်။
"ဝဇီရ ရဟန္တာ လက်သီးက... ဘာမှ မဟုတ်ပါလား"
လျူချင်ကုန်းသည် ခြေကို ဆောင့်ကာ ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွား၏။ လင်းဟုန်ရှနှင့် ကောင်းကင်ဓားဂိုဏ်းသားကို လျစ်လျူရှုကာ ဘုန်းကြီး ကျင်ကုန်းဆီသို့သာ တန်းတန်းမတ်မတ် ဦးတည်လိုက်လေတော့သည်။
လူနှစ်ယောက်သည် ပြင်းထန်စွာ တိုက်ခိုက်နေကြပြီ ဖြစ်၏။ တစ်ယောက်က ဗုဒ္ဓဂိုဏ်း၏ အတွင်းအားနှင့် လက်သီးသိုင်းပေါင်းစုံကို ထုတ်သုံးနေ၏။
နောက်တစ်ယောက်ကမူ သွေးရောင်လွှမ်းသော အတွင်းအားများဖြင့်၊ သူ၏ လက်သည်းသိုင်းမှာ မိစ္ဆာတစ်ကောင် ကခုန်နေသကဲ့သို့ ခြောက်ခြားဖွယ် ကောင်းလှသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့နှစ်ဦးသည် အသေအလဲ တိုက်ခိုက်နေကြတော့၏။
လင်းဟုန်ရှနှင့် ကောင်းကင်ဓားဂိုဏ်းသားမှာမူ ခေတ္တမျှ ဝင်ရောက် စွက်ဖက်၍ မရနိုင်ဘဲ ဖြစ်နေရ၏။ ၎င်းမှာ သူတို့၏ သိုင်းပညာက အနားသို့ မကပ်နိုင်၍ မဟုတ်ပေ။
သူတို့သည် လမ်းစဉ်ချင်း မတူကြသလို၊ တစ်ဦးနှင့် တစ်ဦး၏ သိုင်းပညာကိုလည်း သေသေချာချာ မသိကြသောကြောင့် ဖြစ်လေသည်။
မဆင်မခြင် ဝင်ရောက် တိုက်ခိုက်လိုက်ပါက ရန်သူကို အတူတူ နှိမ်နင်းရာ မရောက်ဘဲ၊ တစ်ယောက်ကို တစ်ယောက် အနှောင့်အယှက် ဖြစ်စေကာ ကိုယ့်ဘက်ကသာ ပရမ်းပတာ ဖြစ်သွားနိုင်သည် မဟုတ်ပါလော။
သို့သော်လည်း ဝင်မတိုက်ခြင်းမှာ ဘေးထိုင်ကြည့်နေခြင်း မဟုတ်ပေ။ သူတို့နှစ်ဦးစလုံး၏ အရှိန်အဝါများမှာ 'လျူချင်ကုန်း' ဆီသို့ တင်းတင်းကြပ်ကြပ် ပစ်မှတ်ထားထားကြ၏။ အကယ်၍ အားနည်းချက် တစ်စွန်းတစ်စ တွေ့လိုက်သည်နှင့် မိုးကြိုးပစ်သကဲ့သို့သော တိုက်ကွက်များ ကျရောက်လာပေလိမ့်မည်။
အောက်ဘက်တွင် လူအချို့ အပြင်းအထန် တိုက်ခိုက်နေကြသော်လည်း၊ ကျယ်ဝန်းလှသော ဤစံအိမ်ကြီး၏ အခြားနေရာများတွင်မူ ထူးဆန်းစွာ တိတ်ဆိတ်ငြိမ်သက်နေလေသည်။
မှောင်မိုက်သော ညဉ့်နက်အောက်တွင် ဖော်မပြနိုင်သော အန္တရာယ်များ ကိန်းအောင်းနေသကဲ့သို့ ရှိနေ၏။
ဆုမိုသည် သူ၏ မေးစေ့ကို အသာအယာ ပွတ်သပ်လိုက်ပြီးနောက်၊ ရုတ်တရက် လှုပ်ရှားလိုက်ကာ ခေါင်မိုးပေါ်မှ ပတ်၍ ဆင်းလိုက်လေသည်။
လော့ကျန်းသည် ခေတ္တမျှ တွေဝေသွားသော်လည်း နောက်ဆုံးတွင်တော့ ဆုမို၏ နောက်သို့သာ လိုက်ပါသွားလေတော့သည်။
သူတို့သည် တိုက်ခိုက်နေသူများကို ပတ်၍ ရှောင်လိုက်ကြပြီးနောက်၊ ပြတင်းပေါက်မှတစ်ဆင့် ဝင်းအတွင်းရှိ ပင်မဆောင်ထဲသို့ တိတ်တဆိတ် ဝင်ရောက်လိုက်ကြ၏။
"ဒါ တကယ်ပဲ လျူဆွေဖုန်းရဲ့ အခန်းလား"
ဆုမိုသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရင်း မျက်ခုံးပင့်လိုက်မိသည်။
အခန်းတွင်း၌ ပရိဘောဂများမှာ ရိုးရှင်းလှသော်လည်း၊ ယခုအချိန်တွင်မူ နေရာအနှံ့၌ ဓားရာများဖြင့် ပြည့်နှက်နေတော့၏။
ကြမ်းပြင်၊ မျက်နှာကြက်၊ နံရံများ...
နက်ရှိုင်းပြီး ရက်စက်လှသော ထိုဓားရာများတွင် ဓားချီများမှာ ယခုတိုင် ကိန်းအောင်းနေဆဲ ဖြစ်လေရာ၊ ကြည့်ရုံနှင့်ပင် နာကျင်ဖွယ်ရာ ခံစားချက်ကို ပေးစွမ်းနေလေတော့သည်။
အခန်း (၅၉) - ဓားမြည်းစမ်းရာ မျှော်စင်အား ဒုတိယအကြိမ် စုံစမ်းခြင်း
~ဆုမိုသည် အခန်းတွင်းရှိ ဓားရာတစ်ခုချင်းစီကို အသေးစိတ် ကြည့်ရှုစစ်ဆေးနေ၏။ သူ၏ မျက်နှာထားမှာ တဖြည်းဖြည်းနှင့် ပို၍ပင် မည်းမှောင်လာရသည်။
ဤအခန်းအတွင်း၌ အလွန်ပြင်းထန်လှသော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်မှာ ထင်ရှားလှပေသည်။
ဓားရာများပေါ်တွင် ကျန်ရစ်နေဆဲဖြစ်သော ဓားချီများက တိုက်ခိုက်သူ၏ သိုင်းပညာ အဆင့်အတန်း မည်မျှ နက်နဲကြောင်း သက်သေပြနေ၏။ ဤသည်မှာ အခြားသူမဟုတ်၊ 'ယွီလျို ဓားနှလုံးသား' လျူဆွေဖုန်း ပင် ဖြစ်ရပေမည်။
သို့သော်... အဘယ်ကြောင့် ဤနေရာ၌ တိုက်ခိုက်ရသနည်း။
ဆုမို ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ဘေးနားရှိ လော့ကျန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
"သူတို့ ဘာလို့ ဒီမှာ တိုက်ကြတာလဲဟ"
တကယ်လို့ တစ်ယောက်ယောက်က လာပြီး စိန်ခေါ်တာဆိုရင်၊ လျူဆွေဖုန်းရဲ့ အိပ်ခန်းထဲအထိ လာတိုက်စရာ အကြောင်းမရှိပေ။
အကယ်၍၊ ညဉ့်နက်သန်းခေါင် လုပ်ကြံတာဆိုရင်လည်း၊ တံခါးတွေ ပြတင်းပေါက်တွေက ဘာလို့ ဒီလောက် ကောင်းမွန်နေရသနည်း။
တိုက်ပွဲပြီးမှ အခန်းကို သေသေချာချာ ပြန်ပြင်ထားတာမျိုး မဟုတ်လျှင်ပေါ့။
သို့သော် သေသေချာချာ ထပ်မံ ကြည့်ရှုလိုက်သောအခါ အခန်းတွင်းရှိ ပရိဘောဂများမှာ မူလနေရာမှ ရွေ့လျားခြင်း မရှိသည်ကို တွေ့ရ၏။ နံရံနှင့် ပြတင်းပေါက်များပေါ်ရှိ ဓားရာများမှာလည်း တစ်ဆက်တည်း ဖြစ်နေသည်။
ဖြစ်နိုင်ခြေ အမျိုးမျိုးကို သူ စဉ်းစားကြည့်သော်လည်း မျက်မှောင်များမှာ ပို၍သာ ကြုတ်လာရလေသည်။
‘တကယ်လို့ လျူဆွေဖုန်းက တိုက်ပွဲမှာ အနိုင်ရခဲ့ရင်၊ အခန်းက ဒီလိုပုံစံအတိုင်း ကျန်ရစ်မှာ မဟုတ်ဘူး။
ဒါပေမဲ့ သူသာ ရှုံးသွားခဲ့ရင်... အခု သူ ဘယ်မှာရှိနေမှာလဲ။
သူ့ရဲ့ သိုင်းပညာက အထွတ်အထိပ် ရောက်နေတာလေ။ ဒီတိုင်းကြီး အသက်ပျောက်သွားဖို့ ဆိုတာကလည်း မဖြစ်နိုင်ပြန်ဘူး။
ပိုပြီး အရေးကြီးတာက... အခုထိ ငါ့ရဲ့ တာဝန်က 'သေတ္တာထဲက နဂါးဟိန်းသံ' ကို လျူဆွေဖုန်းဆီ အရောက်ပို့ဖို့ပဲ ရှိသေးတယ်လေ။
စနစ် (System) က တစ်ခါတလေကျရင် ယုတ္တိမရှိဘူး ဆိုပေမဲ့... သေသွားတဲ့ လူတစ်ယောက်ဆီ ပစ္စည်းသွားပို့ခိုင်းတာမျိုးတော့ မဖြစ်နိုင်ဘူး မဟုတ်လား။’
ဒီအချက်ကို တွေးမိပြီး ဆုမို သက်ပြင်းတစ်ချက် ချလိုက်မိသည်။
ဒီခရီးစဉ်မှာ အကြီးမားဆုံး အနှောင့်အယှက်က အမှောင်ထဲမှာ ပုန်းနေတဲ့ ဖီးနစ်မဟာမိတ်အဖွဲ့ရဲ့ နောက်ကွယ်က လူတွေလို့ သူ ထင်ထားခဲ့၏။
မထင်မှတ်ဘဲ... ဖီးနစ်မဟာမိတ်အဖွဲ့ကတော့ မိုးသံကြီးပြီး ရေမရွာသလို ဖြစ်နေသည်။ ချောက်ချပြီး အပြစ်ပုံချဖို့ ကြံစည်တာက လွဲလျှင် တခြား လှုပ်ရှားမှု မရှိတော့ပေ။
ထိုအစား... ဒီခရီးစဉ်က လမ်းပျောက်နေသလို ဖြစ်နေ၏။
လျူဆွေဖုန်း ဘယ်မှာရှိမလဲ ဆိုတာကတော့... ယူချွမ်ဂိုဏ်းက လူတွေပဲ သိလိမ့်မည်။
အတွေးနှင့်အတူ ဆုမိုသည် တံခါးအပြင်ဘက်သို့ အလိုလို လှည့်ကြည့်လိုက်မိ၏။
ဒီည ဖြစ်ပျက်ခဲ့သမျှ မျှော်လင့်မထားသည့် အဖြစ်အပျက်တွေက သူ့ခေါင်းထဲမှာ တရိပ်ရိပ် ဖြတ်ပြေးသွားပြီးနောက်... သူ ရုတ်တရက် လှည့်ထွက်သွားလေတော့သည်။
လော့ကျန်း အံ့သြသွားရ၏။
"ဟေ့... မင်း ဘာလုပ်မလို့လဲ"
ခဏမျှ စဉ်းစားပြီးနောက် သူလည်း ဆုမိုနောက်သို့ လိုက်သွားလေသည်။
ဆုမိုကတော့ သူ့ကို မစောင့်ပေ။ ခေါင်မိုးပေါ်သို့ လျင်မြန်စွာ ခုန်တက်လိုက်ပြီး၊ ဝင်းအတွင်းမှ တိုက်ပွဲမြင်ကွင်းကို တစ်ချက်လှမ်းကြည့်ကာ သူတို့ တည်းခိုရာ နေရာသို့ တန်းတန်းမတ်မတ် ဦးတည်လိုက်သည်။
သူသည် လမ်းကြောင်းကို အလွတ်ရနေသဖြင့် အမြန်ဆုံး ပြေးဝင်သွားပြီး တံခါးကို တွန်းဖွင့်လိုက်၏။ အခန်းထဲတွင် ယန်ရှောင်ယွင်သည် တရားထိုင်နေလေသည်။
လာသူမှာ ယွီလျိုစံအိမ်မှ တစ်ယောက်ယောက် ဖြစ်မည်ဟု ထင်ပြီး သူမက ငေါက်ငမ်းရန် ပြင်လိုက်သော်လည်း၊ ဆုမို ဖြစ်နေသည်ကို မြင်သောအခါ အံ့အားသင့်သွားရသည်။
"နင် ပြန်လာပြီလား"
"ကျွန်တော်နဲ့ လိုက်ခဲ့ပါ.."
ဆုမိုက စကားအများကြီး မပြောဘဲ ပြန်လှည့်ထွက်သွားသည်။
ယန်ရှောင်ယွင်လည်း သူမ၏ လှံကို ကောက်ယူကာ ဆုမိုနောက်သို့ ကပျာကယာ လိုက်လာခဲ့၏။ အပြင်ရောက်မှ လော့ကျန်းကို မြင်သွားပြီး...
"စီနီယာပါလား"
"ဟဲဟဲ..."
လော့ကျန်းက ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး မအောင့်နိုင်ဘဲ ဆုမိုအား ထုတ်မေးလိုက်သည်။
"မင်း တကယ်ပဲ ဘာလုပ်မလို့လဲကွ"
"ဓားမြည်းစမ်းရာ မျှော်စင်ကို သွားမလို့"
ဆုမိုက နောက်လှည့်မကြည့်ဘဲ ပြန်ဖြေလိုက်၏။
ဟို 'လျူချင်ကုန်း' ဟု အမည်ခံထားသော လူသည် ညဉ့်နက်သန်းခေါင် အပြင်ထွက်လာပြီး၊ တခြားနေရာကို မသွားဘဲ 'ဓားမြည်းစမ်းရာ မျှော်စင်' ဆီကိုသာ တန်းတန်းမတ်မတ် သွားခဲ့၏။
'အဆိပ်လက် စာပေပညာရှင်' ယဲ့ယီချန် ကလည်း ဒုတိယထပ်ကနေ ဝင်သွားပြီး ပျောက်ကွယ်သွားခဲ့သည်။
လူကြမ်းကြီး ဝမ်တိုင်ဟိန်း ကလည်း ထိုမျှော်စင်ထဲကို ပထမဆုံး ဝင်သွားခဲ့ပြီး အလောင်းသာ ပြန်ထွက်လာခဲ့သည်လေ။
ဒီ 'ဓားမြည်းစမ်းရာ မျှော်စင်' မှာ တစ်ခုခု ထူးခြားနေတာကတော့ ယုံမှားဖွယ် မရှိပါ။
အရင်ကတော့ ဆုမိုရဲ့ အာရုံက ဟို 'လျူချင်ကုန်း' နှင့် ကောင်းကင်ဓားဂိုဏ်းသားတွေ၊ ပြီးတော့ လင်းဟုန်ရှတို့ဆီ ရောက်နေခဲ့သည်။ လျူဆွေဖုန်း၏ ခြေရာကို တခြားနေရာမှာ တွေ့မလားဟု လိုက်ကြည့်နေခဲ့သည်ကိုး။
ထို့ကြောင့် မျှော်စင်မှာ ပြဿနာ ရှိနေတာ သိသော်လည်း သူနှင့် မဆိုင်သလို သဘောထားခဲ့သည်။
သို့ရာတွင်၊ လျူဆွေဖုန်းရဲ့ အိပ်ခန်းထဲက ဓားရာတွေက ဆုမိုကို သတိပေးလိုက်တော့၏။ အခြေအနေက သူ အလိုချင်ဆုံး မဟုတ်သည့် ဘက်သို့ ဦးတည်သွားနေပြီတည်း။။
အဲ့ဒီအခန်းထဲမှာ ဖြစ်ခဲ့သော တိုက်ပွဲကို ကြည့်လျှင်၊ လျူဆွေဖုန်း အနိုင်ရသည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ... သူကတော့ အပြင်မှာ ပေါ်ပေါ်ထင်ထင် စောင့်နေမှာ မဟုတ်တော့ပေ။
ဒါကြောင့် ထူးဆန်းနေသော 'ဓားမြည်းစမ်းရာ မျှော်စင်' ကို သွားရောက် စုံစမ်းဖို့က မဖြစ်မနေ လိုအပ်လာပြီ ဖြစ်လေသည်။
ယခုအချိန်တွင် 'လျူချင်ကုန်း' သည် ဘုန်းကြီး ကျင်ကုန်းတို့နှင့် လုံးပန်းနေရသဖြင့် အခွင့်ကောင်းပင် ဖြစ်၏။
သို့သော် မျှော်စင်ထဲသို့ ဝင်ရောက်ခြင်းမှာ ခန့်မှန်းရ ခက်ခဲလှသည်။ 'လျူချင်ကုန်း' ကတော့ ဒီစံအိမ်ထဲမှာ ယူချွမ်ဂိုဏ်းသားဆိုလို့ သူ တစ်ယောက်တည်းပဲ ရှိတယ်လို့ ပြောခဲ့သော်လည်း... ဘယ်သူက ယုံမည်လဲ။
ယန်ရှောင်ယွင်ကို အခန်းထဲမှာ တစ်ယောက်တည်း ထားခဲ့ခြင်းက ဘေးကင်းသည် ထင်ရသော်လည်း၊ မထင်မှတ်သော အန္တရာယ်တွေ ရှိလာနိုင်သည်လေ။
ထို့ကြောင့် ဆုမိုက ယန်ရှောင်ယွင်ကိုပါ တစ်ခါတည်း ခေါ်ပြီး မျှော်စင်ကို အတူတူ စုံစမ်းဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။ တစ်ခုခု ဖြစ်လာရင် တစ်ယောက်ကို တစ်ယောက် ဖေးမ၍ ရသည်ပေါ့။
··· ···
စကားပြောစရာ ရှိရင် ပြော၊ မရှိရင် ငြိမ်... သူတို့ သုံးယောက်သည် ဓားမြည်းစမ်းရာ မျှော်စင်သို့ လျင်မြန်စွာ ရောက်ရှိသွားကြလေသည်။
လမ်းခရီးတွင် ယန်ရှောင်ယွင်က အံ့သြသလို ပြောလိုက်၏။
"ဘာလို့ ဒီလောက်တောင် တိတ်ဆိတ်နေရတာလဲ"
"ဟွန်း... ယူချွမ်ဂိုဏ်းက အမြဲတမ်း ဒီလိုပဲ ထူးဆန်းတတ်တာကွ။ စံအိမ်ထဲမှာ လှုပ်ရှားနေသရွေ့တော့ တိတ်ဆိတ်နေမှာပဲ... တကယ်လို့ စံအိမ်ထဲကနေ ထွက်ဖို့ ကြိုးစားကြည့်မလား... အဲ့ဒီကျရင်တော့ သိရလိမ့်မယ်"
လော့ကျန်းက မဲ့ပြုံး ပြုံးရင်း ဆက်ပြောသည်။
"သူတို့က ဒီမှာ အစီအစဉ်တွေ ဆွဲနေတာလေ။ ဘယ်သတင်းကိုမှ အပြင်ကို ပေါက်ကြားခွင့် ပေးမှာ မဟုတ်ဘူး။ စံအိမ်ထဲမှာတော့ မင်းတို့ သဘောရှိ လျှောက်သွားနိုင်တယ်။ ဘာလို့လဲဆိုတော့ သူတို့ အမြင်မှာတော့ ငါတို့က ဘယ်အချိန် သေမလဲ ဆိုတာပဲ ကျန်တော့တာကိုး။ ဒါပေမဲ့ စံအိမ်ပြင်ပကို ခြေတစ်လှမ်း ထွက်လိုက်တာနဲ့ ချက်ချင်း အသတ်ခံရမှာပဲ"
ဆုမိုက လော့ကျန်းကို တစ်ချက်ကြည့်လိုက်သည်။
"စီနီယာကတော့ တကယ်ပဲ အတွေ့အကြုံ ရင့်ကျက်တာပဲ"
"... ဟားဟား... ဒါပေါ့ကွ။ ငါလို လူကြီးလူကောင်း တစ်ယောက်ကတော့ အမြင်ကျယ်ရမှာပေါ့..."
လော့ကျန်း စကားဆက်ရန် ပြင်သော်လည်း ဆုမိုက 'ဓားမြည်းစမ်းရာ မျှော်စင်' ထဲသို့ ဝင်သွားနှင့်ပြီ ဖြစ်၏။
မျှော်စင်ကြီးသည် ယခင်အတိုင်းပင် ရှိနေပြီး တံခါးများမှာလည်း ပိတ်မထားချေ။ အတွင်းသို့ ဝင်လိုက်သောအခါ ဝမ်တိုင်ဟိန်း၏ အလောင်းကို မတွေ့ရတော့ပေ။
ဆုမို အကဲခတ်လိုက်ရာ မျက်ခုံးအနည်းငယ် ပင့်လိုက်မိသည်။
အရင်က ဝမ်တိုင်ဟိန်း၏ နာမည်က ဟိုခေါင်းတလားစင်ပေါ်မှာ ရှိသော်လည်း၊ ခေါင်းတလားတော့ မရှိသေးပေ။
ယခုတော့... ခေါင်းတလားက စင်ပေါ် ရောက်နေ၏။
သို့သော်လည်း၊ ခေါင်းမရှိသည့် ကိုယ်ထည်ကြီးကတော့ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။
သူတို့ သုံးယောက် အချိန်မဆွဲတော့ပေ။ လူခွဲပြီး ရှာဖွေရန် ပြင်လိုက်စဉ်မှာပင် ဆုမိုက လက်ညှိုးကို နှုတ်ခမ်းမှာ တင်ပြီး တိတ်တိတ်နေရန် အချက်ပြလိုက်သည်။
သူ၏ အကြည့်မှာ ခေါင်းတလားစင် တစ်ခုဆီသို့ ဦးတည်နေ၏။
လော့ကျန်းနှင့် ယန်ရှောင်ယွင်တို့သည် ချက်ချင်းပင် အသက်ရှူသံကို ထိန်းလိုက်ပြီး နားစွင့်လိုက်ကြသည်။ အမှန်တကယ်ပင် အထဲမှ သဲ့သဲ့မျှသော ခြေသံများကို ကြားလိုက်ရလေသည်။
ခြေသံမှာ တဖြည်းဖြည်း ကျယ်လာပြီး စင်၏ အနားသို့ တစ်ယောက်ယောက် ရောက်ရှိလာပုံရသည်။
သို့သော် ထိုအခိုက်အတန့်မှာပင် ခြေသံမှာ ရုတ်တရက် တိတ်ဆိတ်သွားပြီး... ခဏအကြာတွင် တဖြည်းဖြည်းနှင့် ဝေးကွာ ပျောက်ကွယ်သွားလေတော့သည်။
သုံးယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ထိုစင်၏ ဘေးပတ်လည်ကို ချက်ချင်း ရှာဖွေကြလေသည်။ မကြာမီမှာပင် လော့ကျန်းက ဆီမီးခုံ တစ်ခုကို လက်ညှိုးထိုးပြလိုက်၏။
"ဒီမှာ ထူးဆန်းတာ တစ်ခုရှိတယ်"
ဆုမိုနှင့် ယန်ရှောင်ယွင်တို့ အနားသို့ တိုးသွားပြီး သေသေချာချာ ကြည့်လိုက်ကြသည်။ တကယ်ပင် ထူးဆန်းနေလေသည်။
မျှော်စင်အတွင်းပိုင်းကို သေသေသပ်သပ် သန့်ရှင်းထားသဖြင့် ဖုန်မှုန့်လေး တစ်စပင် မရှိချေ။ သို့သော် ဤဆီမီးခုံ၏ အောက်ခြေတွင်မူ သစ်သားချင်း ပွတ်တိုက်ထားသော အမှတ်အသားများကို တွေ့ရ၏။
နှစ်ရှည်လများ စုပုံနေသော အမှတ်အသားများ ဖြစ်သဖြင့် တစ်ရက်နှစ်ရက်နှင့် ဖြစ်ပေါ်လာခြင်း မဟုတ်ကြောင်း သိသာလှပေသည်။
ဆုမို ခဏမျှ စဉ်းစားလိုက်ပြီးနောက် သားရေလက်အိတ်ကို ဝတ်ဆင်ကာ ဆီမီးခုံကို အသာအယာ လှည့်လိုက်သည်။ ထိုအခါ သူတို့နောက်ကွယ်ရှိ ခေါင်းတလားစင်ကြီးထံမှ အသံတစ်ခု ထွက်ပေါ်လာ၏။
ဒါကို မြင်တော့ ဆုမိုက ရုတ်တရက် ရပ်တန့်လိုက်သည်။
"ဟင်"
လော့ကျန်း အံ့သြသွားသော်လည်း ချက်ချင်းပင် သဘောပေါက်သွား၏။
"မင်း... မင်း ဘာလုပ်မလို့လဲ"
ဆုမိုက ခေါင်းအသာညိတ်ပြပြီး ယန်ရှောင်ယွင်ဘက် လှည့်လိုက်သည်။
"အစ်မရှောင်ယွင်... ဒီမှာ ကူညီပေးပါဦး"
"ရတယ်"
ယန်ရှောင်ယွင် ခေါင်းညိတ်လိုက်ပြီး ယန္တရားရှိရာသို့ သွားလိုက်သည်။
သူမ မိသားစု၏ လှံသိုင်းပညာမှာ ရှေ့တန်းမှ တိုက်ခိုက်ရန်သာ သင့်တော်ပြီး၊ အသံကျယ်လွန်းသဖြင့် အလစ်အငိုက် တိုက်ခိုက်ရန်အတွက်မူ အဆင်မပြေလှပေ။
ဆုမိုနှင့် လော့ကျန်းတို့သည် ခေါင်းတလားစင်၏ ဘေးတစ်ဖက်တစ်ချက်တွင် ပုန်းကွယ်ကာ အာရုံစိုက်ထားလိုက်ကြသည်။
သိပ်မကြာခင်မှာပင်၊ အမွှေးတိုင် တစ်ဝက်စာခန့် ကြာသောအခါ ထိုခြေသံကြီး ထပ်မံ ထွက်ပေါ်လာပြန်သည်။
ခြေသံများမှာ စာအုပ်စင်အနားသို့ ရောက်ခါနီးအချိန်တွင် ဆုမိုက ယန်ရှောင်ယွင်အား လက်ဝှေ့ယမ်း ပြလိုက်၏။
ယန်ရှောင်ယွင်သည် ဆီမီးခုံကို ချက်ချင်း လှည့်လိုက်ရာ... အသံတစ်ချက်မျှ မထွက်ဘဲ ခေါင်းတလားစင်ကြီး ပွင့်သွားပြီး လမ်းကြောင်းတစ်ခု ပေါ်လာလေသည်။ ထိုလမ်းကြောင်းထဲမှ ယွီလျိုစံအိမ် အစေခံ ဝတ်စုံများ ဝတ်ထားသော်လည်း ရက်စက်ကြမ်းကြုတ်သော မျက်နှာများ ရှိကြသည့် ယူချွမ်ဂိုဏ်းသား သုံးယောက် ထွက်လာလေတော့သည်။
အခန်း (၆၀) - သွေးကန်
~ဤလူ (၃) ယောက်၏ ပုံစံကို ကြည့်ရသည်မှာ ဓားမြည်းစမ်းရာ မျှော်စင်၏ လျှို့ဝှက်တံခါးအတွင်း ကင်းလှည့်နေသူများ ဖြစ်ပုံရလေသည်။
ခေါင်းတလားစင်ကြီး ပွင့်သွားသည့် အခိုက်အတန့်တွင် ထိုလူ (၃) ယောက်မှာ အပြင်ဘက်သို့ ရောက်ရှိလာခြင်း ဖြစ်သော်လည်း ဘာဖြစ်သွားသည်ကိုမူ သူတို့ သတိမထားမိလိုက်ကြပေ။
သူတို့ ခေါင်းမော့ကြည့်လိုက်ချိန်တွင်တော့ ဧရာမ လက်သီးကြီးတစ်လုံးက သူတို့ထံသို့ ဦးတည်နေပြီ ဖြစ်၏။
ယူချွမ်ဂိုဏ်းသား၏ မျက်နှာထားမှာ ကွက်ခနဲ ပျက်သွားသော်လည်း ရှောင်တိမ်းရန် အချိန်မရတော့ပေ။
အပိုင်တွက်ချက်ထားသော တိုက်ကွက်ဖြစ်ရာ လက်သီးသည် ထိုသူ၏ ရင်ဘတ်တည့်တည့်သို့ "ခွပ်" ခနဲ ကျရောက်သွားလေသည်။ 'အသည်းကွဲ လက်သီး' ၏ အရှိန်အဟုန်က အတွင်းကလီစာများကို တစ်စစီ ကြေမွသွားစေ၏။
ညည်းညူသံ တစ်ချက်ပင် မထွက်နိုင်ဘဲ ထိုသူမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားလေတော့သည်။
ဤလူ (၃) ယောက်မှာ တစ်ယောက်က ရှေ့၊ နှစ်ယောက်က နောက် ဖြစ်နေကြရာ... ဆုမိုသည် တစ်ယောက်ကို လက်သီးဖြင့် အသေသတ်လိုက်ပြီးသည်နှင့် လက်ကို ချက်ချင်း ဆန့်ထုတ်ကာ 'နေမင်းကြီးကို ဖြန့်ကျက်သော လက်ဝါးသိုင်း' ကို ထုတ်သုံးလိုက်ပြန်၏။
သူ၏ လက်ချောင်းများက လေကိုခွင်း၍ ဖြတ်ကျော်သွားရာ၊ ဦးစွာ တစ်ဖက်လူ၏ မြှောက်ထားသော လက်များကို ဘေးသို့ ပုတ်ထုတ်လိုက်ပြီး၊ ထို့နောက် ထိုသူ၏ ရင်ဘတ်ပေါ်ရှိ အရေးကြီးသော အကြောများကို တစ်ခုပြီးတစ်ခု အဆက်မပြတ် ထိုးနှက်လိုက်လေသည်။ နောက်ဆုံးတွင် သူ၏ လက်ညှိုးသည် 'တန်ကျုန်း' အကြောပေါ်သို့ တိကျစွာ ကျရောက်သွား၏။
တန်ကျုန်းအကြောသည် လူ့ခန္ဓာကိုယ်၏ သေကွင်းသေကွက် ဖြစ်လေရာ၊ ဆုမို၏ လုံရှန်း နတ်ဘုရား စွမ်းအားဖြင့် အထိုးခံလိုက်ရသော ထိုသူမှာ မည်သို့မျှ မခံနိုင်တော့ပေ။
ခန္ဓာကိုယ်ကြီး သိမ့်သိမ့်ခါသွားပြီးနောက်၊ ခေါင်းငိုက်ကျကာ အသက်ဝိညာဉ် ချုပ်ငြိမ်းသွားရလေတော့သည်။
နောက်ဆုံး ကျန်ရစ်သော တစ်ယောက်မှာမူ လော့ကျန်း၏ လက်ထဲသို့ အစောကြီးကတည်းက ကျရောက်နေပြီ ဖြစ်၏။ လော့ကျန်းသည် ဖမ်းချုပ်တိုက်ခိုက်ခြင်း ပညာတွင် အလွန်ပင် နက်နဲလှသူ ဖြစ်လေသည်။
သူ၏ လက်ဝါးချင်း ပွတ်တိုက်လိုက်သံနှင့်အတူ "ဂျွတ်" ခနဲ အသံကြီး ထွက်ပေါ်လာပြီး၊ ထိုယူချွမ်ဂိုဏ်းသား၏ လည်ပင်းမှာ ချာခနဲ လည်သွားကာ အရုပ်ကျိုးပြတ် လဲကျသွားလေသည်။
ဤလှုပ်ရှားမှုများမှာ ရှုပ်ထွေးသည်ဟု ထင်ရသော်လည်း တကယ်တမ်းမှာမူ မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်၏။
အလောင်း (၃) လောင်း မြေပြင်ပေါ်သို့ မကျရောက်ခင်မှာပင် အလုပ်က ပြီးစီးသွားခဲ့ပြီ ဖြစ်၏။
ဆုမိုသည် အလောင်းနှစ်လောင်းကို အသာအယာ ချထားလိုက်သော်လည်း မျက်မှောင်အနည်းငယ် ကြုတ်သွားရ၏။
"တစ်ခုခု နံနေသလိုပဲ... ခင်ဗျားတို့ ရလား"
"သွေးနံ့... သွေးညှီနံ့ ဖြစ်မယ် ထင်တယ်"
ယန်ရှောင်ယွင်က အနားသို့ တိုးလာပြီး ယူချွမ်ဂိုဏ်းသားများ၏ အဝတ်အစားများကို ရှာဖွေရာတွင် ဆုမိုအား ကူညီပေးလေသည်။
အခြားတစ်ဖက်တွင်မူ လော့ကျန်းသည် ပါးရည်နပ်ရည် ရှိသူပီပီ၊ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ အဖြူရောင်ဝတ်ရုံပေါ်၌ ယွီလျိုစံအိမ် တပည့်ဝတ်စုံကို ထပ်၍ ဝတ်ဆင်လိုက်တော့၏။
သို့သော် သူ၏ အရပ်မှာ ပုလွန်းသဖြင့် ထိုဝတ်စုံကြီးမှာ သူ့ကိုယ်ပေါ်တွင် တွဲလောင်းကျနေပြီး၊ လူကြီးအင်္ကျီကို ခိုးဝတ်ထားသော ကလေးတစ်ယောက်နှင့် တူနေလေသည်။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့က သူ့ကို ကြည့်ပြီး ခပ်ပြုံးပြုံး ဖြစ်သွားကြ၏။
လော့ကျန်းကတော့ ဂရုမစိုက်ပေ။ သူ၏ ခန္ဓာကိုယ်အတွင်းမှ အရိုးများ 'ဂျွတ်... ဂျွတ်' မြည်သွားပြီးနောက်၊ ခဏချင်းမှာပင် သူ၏ အရပ်မှာ တစ်ပေခန့် တစ်ဟုန်ထိုး မြင့်တက်လာလေတော့သည်။
"အံ့မခန်းပဲ... တကယ်ကို အံ့မခန်းပါပဲ"
ဆုမိုက လက်ခုပ်တီးကာ ချီးကျူးလိုက်၏။
"..."
လော့ကျန်း၏ နှုတ်ခမ်းများ တွန့်သွားသည်။
"ဒါက ပညာစုတ်လေး တစ်ခုပါကွာ"
ဤပညာမှာ သိပ်ပြီး ဆန်းကြယ်လှသည်မဟုတ်သော်လည်း လော့ကျန်း လုပ်ဆောင်သွားပုံမှာတော့ နတ်ဘုရားတစ်ပါးအလားပင်။
သိုင်းလောကတွင် 'အရိုးကျုံ့ကျင့်စဉ်' ဆိုသည်မှာ ပေါက်ကြားနေသည်မှာ ကြာပြီ ဖြစ်၏။ အရိုးများကို လိမ်ယှက်ပြီး ကိုယ်ကို သေးအောင် လုပ်ရန်မှာ လွယ်ကူလှသည်။
သို့သော် အရိုးကျုံ့ရန်မှာ လွယ်ကူသော်လည်း ကိုယ်ကို ရှည်ထွက်လာအောင် လုပ်ရန်မှာမူ အလွန်ပင် ခက်ခဲလှလေသည်။ ဤလူကတော့ ဘာမှအားမစိုက်ဘဲ တစ်ပေလောက် ရှည်ထွက်လာအောင် လုပ်နိုင်သည်မှာ တကယ့်ကို အံ့သြဖွယ်ပင် ဖြစ်၏။
ထိုအချိန်တွင် လော့ကျန်းသည် ယန်ရှောင်ယွင်၏ လက်ထဲမှ လှံရှည်ကြီးကို ကြည့်ကာ မဲ့ပြုံး ပြုံးနေလေသည်။ 'ဒီလှံကြီးနဲ့တော့ မင်း ဘယ်လို ပုန်းမလဲ' ဟူသော သဘောပင်။
သို့သော် ယန်ရှောင်ယွင်သည် ဘာမှပြန်မပြောဘဲ လှံရှည်ကြီးကို (၃) ပိုင်း ဖြုတ်လိုက်ပြီး၊ ကိုယ်ပေါ်တွင် လျှို့ဝှက်စွာ ဝှက်လိုက်ရာ အပြစ်အနာအဆာ ရှာမရလောက်အောင်ပင် သပ်ရပ်လှပေသည်။
လော့ကျန်း တစ်ယောက် မျက်နှာ ပုပ်သိုးသွားရပြန်၏။
ဆုမို၏ ဓားသေတ္တာကတော့ ဝှက်ထား၍ မရသဖြင့် ကျောတွင်သာ ပိုးထားလိုက်ရသည်။ အောက်သို့ ရောက်မှ အခြေအနေကြည့်၍ လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်၏။
အလောင်းများကို ဘေးသို့ သေသေချာချာ ရွှေ့လိုက်ပြီးနောက်၊ သူတို့ (၃) ယောက်သည် မျက်နှာပေါ်တွင် တစ်ခုခုကို လိမ်းကျံကာ လျှို့ဝှက်လမ်းကြောင်းထဲသို့ သတိကြီးစွာဖြင့် တိုးဝင်လိုက်ကြလေတော့သည်။
သူတို့ အတွင်းသို့ ဝင်သွားသည်နှင့် ခေါင်းတလားစင်ကြီးမှာ အသံတစ်ချက်မျှ မထွက်ဘဲ အလိုလို ပြန်ပိတ်သွား၏။
အတွင်းဘက်တွင် အောက်ဘက်သို့ ဦးတည်နေသော ခရုပတ်လှေကားတစ်ခု ရှိနေသည်။
လှေကားနှင့် နံရံများကို ကြည့်ခြင်းအားဖြင့် ဆောက်လုပ်ထားသည်မှာ ကြာမြင့်လှပြီ ဖြစ်ကြောင်း သိသာလှပေသည်။ ယန်ရှောင်ယွင်က သေသေချာချာ အကဲခတ်ရင်း မျက်မှောင်ကြုတ်လိုက်၏။
"ဒီနေရာက ယူချွမ်ဂိုဏ်းသားတွေ လုပ်ထားတာ ထင်လား... ကြည့်ရတာတော့ သူတို့လက်ရာ မဟုတ်သလိုပဲ"
"ဒါပေါ့ကွ... သဘာဝကျပါတယ်"
လော့ကျန်းက ဝင်ပြောလိုက်သည်။
"ယွီလျိုစံအိမ်က သိုင်းလောကထဲမှာ မုန်တိုင်းတွေကြား ရှင်သန်လာတာ နှစ်တွေ မနည်းတော့ဘူး။ လျူဆွေဖုန်း မပေါ်ခင်ကတည်းက ပျက်စီးတော့မယ့် အခြေအနေတွေ အကြိမ်ကြိမ် ကြုံခဲ့ရတာ။ စံအိမ်အောက်မှာ အရေးပေါ် ပုန်းခိုစရာ နေရာ မရှိဘူးဆိုရင် ငါ လုံးဝ မယုံဘူး။ ယူချွမ်ဂိုဏ်းသားတွေကတော့ ဒီနေရာကို နောက်မှ ရှာတွေ့ပြီး တိတ်တဆိတ် သိမ်းပိုက်လိုက်တာပဲ ဖြစ်ရမယ်... အင်း... သွေးညှီနံ့က ပိုပြင်းလာပြီဟ"
ဆုမိုလည်း ထိုအနံ့ကို ရနေသဖြင့် ရင်ဘတ်ထဲမှ 'အဆိပ်ဖြေဆေး' (၂) လုံးကို ထုတ်ယူကာ တစ်လုံးကို ယန်ရှောင်ယွင်အား ပေးလိုက်၏။
ဤဆေးမှာ အဆင့်မြင့် အဆိပ်ဖြေဆေး မဟုတ်သော်လည်း ကြိုတင်သောက်ထားပါက အတော်အတန် အကာအကွယ် ပေးနိုင်လေသည်။
ယန်ရှောင်ယွင် ဆေးကို မြိုချလိုက်သည်ကို မြင်မှ ဆုမိုက လော့ကျန်းဘက်သို့ လှည့်ကာ မေးလိုက်သည်။
"စီနီယာ... စောစောက ပြောခဲ့တယ်နော်။ ယွီလျိုစံအိမ်က ယူချွမ်ဂိုဏ်းရဲ့ သွေးကန်ကြီး ဖြစ်သွားပြီ ဆိုတာလေ။ ပြီးတော့ ဟို 'အိမ်တော်ထိန်း လျူ' ကလည်း ဒီည တပည့်တွေ အကုန် သွေးကန်နားမှာ ကျင့်စဉ်လေ့ကျင့်နေကြတယ်လို့ ပြောခဲ့တယ်... ဒါနဲ့ အဲ့ဒီ သွေးကန် ဆိုတာက တကယ်တော့ ဘာကြီးလဲ"
ထိုစကားကို ကြားသောအခါ လော့ကျန်း၏ မျက်နှာထားမှာ အနည်းငယ် ညှိုးရော်သွားပြီး တစ်စုံတစ်ခုကို သတိရသွားပုံ ပေါ်သည်။ သို့သော် သူ စကားမပြောနိုင်ခင်မှာပင် သူတို့ရှေ့မှ မြင်ကွင်းက ဝင်းခနဲ ပွင့်သွားပြီး၊ ရဲရဲနီနေသော အလင်းတန်းများက သူတို့၏ အမြင်အာရုံကို လွှမ်းမိုးသွားလေတော့သည်။
ထိတ်လန့်ဖွယ် ကောင်းလှသည်မှာ... လေထဲတွင် ခြေလက်များကို တုပ်နှောင်ထားသော အလောင်းများစွာ တွဲလောင်းကျနေပြီး၊ ထိုသူများ၏ ရင်ဘတ်များကို ဖောက်ထွင်းထားကာ လတ်ဆတ်သော သွေးစက်များမှာ အောက်ခြေရှိ တစ်ပေခန့် ကျယ်ဝန်းသော သွေးကျင်းကြီးထဲသို့ တောက်တောက်ကျနေခြင်းပင် ဖြစ်၏။
ယွီလျိုစံအိမ်၏ တပည့်များ၊ အိမ်ဖော်များနှင့် အစေခံများအသွင် ဝတ်ဆင်ထားသော ယူချွမ်ဂိုဏ်းသားများသည် ထိုသွေးကန်ဘေးတွင် ဝိုင်းထိုင်နေကြသည်။ သူတို့သည် မိစ္ဆာသိုင်းပညာများကို အသုံးပြုကာ လက်ဝါးများဖြင့် သွေးများကို စုပ်ယူနေကြ၏။ သွေးရောင်အရှိန်အဝါများမှာ သူတို့၏ လက်မောင်းကြောများတစ်လျှောက် လိမ်ယှက်စီးဆင်းနေပြီး၊ သူတို့၏ မျက်နှာများမှာလည်း သွေးရောင်အလင်းတန်းများဖြင့် ရဲရဲတောက်နေလေတော့သည်...
"ဒါ... ဒါဟာ သွေးကန်ပဲ..."
လော့ကျန်း၏ မျက်လုံးများမှာ တဆတ်ဆတ် တုန်ယင်နေ၏။
"ဒီည စံအိမ်ကြီးတစ်ခုလုံး တိတ်ဆိတ်နေတာ... ဒီမိစ္ဆာစုတ်တွေက ဓားမြည်းစမ်းရာ မျှော်စင်အောက်မှာ စုပြီး ကျင့်စဉ်လေ့ကျင့်နေကြတာကိုး"
"ယူချွမ်ဂိုဏ်းရဲ့ အဖိုးတန်ရတနာက 'ယူချွမ်ကျမ်း' ပဲ။ အဲ့ဒီထဲက 'အသည်းမည်း လက်ဝါးသိုင်း' ကို ကျင့်ဖို့ဆိုရင် နှလုံးသွေးကို အထောက်အကူပြု ပစ္စည်းအနေနဲ့ သုံးရတာ။ ပြီးတော့ 'ယူချွမ် သန့်စင်ဆေးလုံး' နဲ့ တွဲပြီး ကျင့်ရတာ"
"အသည်းမည်း လက်ဝါးသိုင်းရဲ့ ရက်စက်မှုကိုတော့... ကောင်လေး... မင်း ကိုယ်တိုင် မြင်ခဲ့ရပြီမလား"
ဆုမိုက ခေါင်းကို အသာအယာ ညိတ်လိုက်သည်။
လက်သီးဘုရင် တိုင်ဟိန်းသည် သူ၏ ခွန်အားကြီးမားသော သိုင်းပညာရှိပါသော်လည်း ဤ 'အသည်းမည်း လက်ဝါးသိုင်း' အောက်တွင် အသံတစ်ချက်ပင် မထွက်နိုင်ဘဲ သေဆုံးသွားခဲ့ရသည် မဟုတ်ပါလော။
ရုပ်အလောင်းမှာလည်း ခြောက်ကပ်ပြီး လူရုပ်ပင် မပေါ်တော့ချေ။
တကယ်ပင် ရက်စက်ကြမ်းကြုတ်လှသော သိုင်းပညာ ဖြစ်သော်လည်း၊ ၎င်းကို လေ့ကျင့်ပုံမှာ ပို၍ပင် ယုတ်မာလှပေသည်။
လေထဲတွင် တွဲလောင်းကျနေသော အလောင်းများမှာမူ ယွီလျိုစံအိမ်သို့ လာရောက်လည်ပတ်သော သိုင်းသမားများ သို့မဟုတ် စံအိမ်၏ မူလတပည့်များနှင့် အစေခံများပင် ဖြစ်ရပေမည်။
အသည်းမည်း လက်ဝါးသိုင်းနှင့် အသတ်ခံရသူများကိုမူ ဟိုခေါင်းတလားစင်ပေါ်တွင် တင်ထားကြ၏။
ကျန်ရှိသော သူများကိုမူ သွေးကန်ကို ဖြည့်တင်းရန်အတွက် ကျင့်စဉ်ပစ္စည်းများအဖြစ် ဤနေရာသို့ ခေါ်ဆောင်လာကြခြင်း ဖြစ်လေသည်။
ဤသည်မှာ ဆုမို၏ အစောပိုင်းက သံသယကို အဖြေထုတ်ပေးလိုက်ခြင်းပင် ဖြစ်၏။ စင်ပေါ်တွင် အမည်စာရင်းသာရှိပြီး ခေါင်းတလားမရှိသော နေရာများမှာ ဤသို့ကြောင့်ပင်။
သူတို့အားလုံးကို ဤနေရာသို့ ပို့ဆောင်ထားကြခြင်း ဖြစ်လေသည်။
ဆုမိုသည် ပတ်ဝန်းကျင်ကို အမြန် အကဲခတ်လိုက်ရာ၊ ဤကွင်းပြင်ကျယ်ကြီးထဲတွင် ကျင့်စဉ်လေ့ကျင့်နေသော ယူချွမ်ဂိုဏ်းသား (၂၀) မှ (၃၀) ခန့် ရှိနေသည်ကို တွေ့ရ၏။
ကံကောင်းသည်မှာ ထိုသူများသည် မျက်လုံးမှိတ်၍ ကျင့်စဉ်ထဲတွင် အာရုံနစ်မြောနေကြသဖြင့် မည်သူ့ကိုမျှ လှည့်မကြည့်ကြပေ။ ထို့ကြောင့် သူတို့ (၃) ယောက်မှာ စိတ်အေးလက်အေး ရှိနေနိုင်ခြင်း ဖြစ်၏။
အထူးသဖြင့် ဆုမိုသည် ကျောတွင် ဓားသေတ္တာကြီးကို ပိုးထားသော်လည်း မည်သူ၏ အာရုံကိုမျှ ဆွဲဆောင်ခြင်း မရှိဘဲ လူအုပ်ကြားထဲမှ မော်ကြွားစွာ ဖြတ်လျှောက်သွားနိုင်ခဲ့လေသည်။
သူတို့သည် သွေးကန်ရှိရာ ခန်းမဆောင်ကြီးကို ဖြတ်ကျော်လာပြီးနောက်၊ ရှေ့တွင် လမ်းကြောင်းတစ်ခု ထပ်မံ ပေါ်လာသည်။
ထိုလမ်းကြောင်း၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ကျောက်ခန်းငယ်များစွာကို တည်ဆောက်ထား၏။
တချို့အခန်းများတွင် လက်နက်များကို သိုလှောင်ထားပြီး၊ တချို့အခန်းများတွင်မူ စားနပ်ရိက္ခာများကို ထားရှိသည်။
သို့သော် ရှေ့သို့ ဆက်သွားသောအခါ ကျောက်ခန်းများအတွင်း၌ လူရှင်များကို ပိတ်လှောင်ထားသည်ကို တွေ့လိုက်ရလေသည်။
ထိုသူများမှာ စုတ်ပြတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး၊ တစ်ယောက်ကို တစ်ယောက် ဖေးမကာ ကပ်ထိုင်နေကြ၏။ သူတို့၏ မျက်လုံးများထဲတွင်မူ မျှော်လင့်ချက်ဟူ၍ အစအနမျှ မရှိတော့ချေ။
'သူတို့က ယွီလျိုစံအိမ်ရဲ့ တကယ့်လူတွေ ဖြစ်မယ် ထင်တယ်'
လော့ကျန်းက အတွင်းစိတ်ဖြင့် လှမ်းပြောလိုက်၏။
'ဒါပေမဲ့ 'အဆိပ်လက် စာပေပညာရှင်' ယဲ့ယီချန် သာ ဒီနေရာကို ရောက်လာခဲ့ရင်၊ ဘာလို့ ဒီဘက်မှာ ဘာသံမှ မကြားရတာလဲ'
ဆုမိုလည်း ထိုမေးခွန်းကိုပင် တွေးတောနေမိသည်။
ယဲ့ယီချန်သည် သူတို့ထက် အစောကြီးကတည်းက ရောက်နေခဲ့ခြင်း ဖြစ်ရာ၊ ယုတ္တိဗေဒအရ ဆိုလျှင် တစ်ခုခုတော့ တုံ့ပြန်မှု ရှိသင့်နေပြီ မဟုတ်ပါလော။
သူ တွေးတောနေစဉ်မှာပင် ယန်ရှောင်ယွင်က သူ၏ အင်္ကျီလက်ကို ဆတ်ခနဲ ဆွဲလိုက်ပြီး တစ်နေရာကို ကြည့်ရန် အချက်ပြလိုက်၏။
သူမ ညွှန်ပြရာသို့ ဆုမို ကြည့်လိုက်သည့် အခိုက်အတန့်တွင် သူ၏ မျက်ခုံးများမှာ ချက်ချင်း မြင့်တက်သွားရလေတော့သည်။
ယခုအချိန်တွင် သူတို့သည် ကျောက်ခန်းတစ်ခု၏ ဘေးမှ ဖြတ်ကျော်နေခြင်း ဖြစ်ပြီး၊ တံခါးဝမှတစ်ဆင့် အတွင်းသို့ လှမ်းကြည့်လိုက်ရာ လူတစ်ယောက်သည် ထိုင်လျက်သား သက်ပြင်းချနေသည်ကို မြင်တွေ့လိုက်ရ၏။
"လျူချင်ကုန်း.."
_