မူလလောက၏ အစီစဥ်များ
Vol. 17 Ch. 163
အမှောင်ထုအငွေ့အသက်များ ခြုံလွှမ်းထားသည့် စွမ်းအင်များ ပတ်ဝန်းကျင်တစ်ခုလုံး ပျံ့နှံ့နေလေသည်။
ထိုစွမ်းအင်များက မူလလောကတခုလုံးကို ပြင်းထန်တဲ့ ဖိအားများစွာပေးနေခဲ့ပြီး စွမ်းအင်များနဲ့ တိုက်ရိုက်မထိတွေ့သူများတောင်မှ ဖိအားကို စိတ်မသက်သာစွာ ခံစားနေရသေးသည်။
မူလဧကရာဇ်၏ လက်ရုံးနှစ်ဆူဖြစ်တဲ့ ဘယ် ညာကျင့်ကြံသူနှစ်ဦးက မူလဧကရာဇ် ကျင့်ကြံနေတဲ့ နေရာဆီ စူးစိုက်ကြည့်နေခဲ့ ကြသည်။
ထိုနေရာ၌ မူလဧကရာဇ်မှာ နတ်ဘုရားလမ်းစဥ် ထိတွေ့မှုကို စတင်နေပြီး မကြာခင်မှာပဲ နတ်ဘုရားတစ်ဝက်အဆင့်၌ အသားကျတော့မည် ဖြစ်သည်။
ထိုသို့သာ ပြောင်းလဲသွားပါက မူလဧကရာဇ်ရဲ့ မူလအစီတိုင်း အင်မော်တယ်လောကအား ကျူးကျော်စစ် ဆင်နွဲတော့မည်လည်း ဖြစ်သည်။
ပြင်းထန်တဲ့ဖိအားက လျင်မြန်စွာပြန့်ကားလာပြီး အချိန်အနည်းငယ် အကြာမှာတော့ မူလလောကကြီးတစ်ခုလုံး အမှောင်ထုက ဖုံးလွှမ်းသွားသည်။
ညာလက်ရုံးဖြစ်သူက စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် တီးတိုးပြောလာသည်။
“အရှင်က နတ်ဘုရားတစ်ဝက်အဆင့်မှာ တည်ငြိမ်သွားပြီ ပြီးတော့ အမှောင်လောကရဲ့ နိယာမတွေနဲ့လည်း လိုက်လျောညီထွေ ဖြစ်နေပြီ ငါတို့ရဲ့ အစီစဥ်တွေက မကြာခင်မှာ အောင်မြင်တော့မယ်”
ဘယ်လက်ရုံးဖြစ်သူကလည်း ထောက်ခံသည်။
“အမှန်ပဲ အရှင်သာ နတ်ဘုရားတစ်ဝက်အဆင့်မှာ တည်ငြိမ်ပြီး ငါတို့တွေလည်း နတ်ဘုရားလမ်းစဥ်ကို ထိတွေ့ထားပြီဆိုမှတော့ ဟမ့် အင်မော်တယ်လောကကို ကျူးကျော်ဖို့ဆိုတာ အလွယ်လေးပဲ”
ညာလက်ရုံးက အမှောင်ထုစွမ်းအင်ရဲ့ ဖိအားများကို တောင့်ခံရင်း ခေါင်းညိတ်ပြသည်။ အမှောင်ထုစွမ်းအားဆိုသည်ကား လူသားကျင့်ကြံသူများအတွက် တားမြစ်စွမ်းအင်ဖြစ်ပြီး ထိုစွမ်းအင်မှာ အလွန်အစွမ်းထက်၍ ကြမ်းတမ်းသည်။
ရှေးဦးကာလများ၌ အင်မော်တယ်များလည်း ထိုအမှောင်စွမ်းအင်ကို လိုက်စားရန်ကြိုးစားခဲ့သေးသည်။ သို့ပေမယ့် အင်မော်တယ်စွမ်းအင်နဲ့ အမှောင်ထုစွမ်းအင်ကြား သဟဇာတဖြစ်မှု မရှိခြင်းက အင်မော်တယ်များကို အခက်တွေ့စေခဲ့ပြီး မည်သို့မှဆက်၍ ကျင့်ကြံမရနိုင် ဖြစ်ခဲ့ကြပြီး နောက်ပိုင်းမှာတော့ အင်မော်တယ်လောက၌ အမှောင်ထုစွမ်းအင်ကို တားမြစ်ပိတ်ပင်ခဲ့ကြ ရတော့သည်။
မူလဧကရာဇ်က အမှောင်စွမ်းအင်များကို သူ့ရဲ့ရုပ်ခန္ဓာထဲ အဆက်မပြတ်ပို့လွှတ်ရင်း သိသိသာသာ သန်မာလာသည့် ရုပ်ပိုင်းဆိုင်ရာကို ကြည့်ရင်း စိတ်ကျေနပ်နေခဲ့သည်။ အမှောင်ထုစွမ်းအင်ကို လက်ခံသန့်စင်ခြင်းက ရုပ်ပိုင်းဆိုင်ရာကို သန့်စင်ခြင်းနဲ့ဆင်တူပြီး မူလထက်ပိုသန်မာစေသည်။
သို့သော် ကောင်းကျိုးအပြင် ဆိုးကျိုးများလည်း ရှိနေပါသေးသည်။ အမှောင်ထုစွမ်းအင်မှာ အခြားစွမ်းအင်များနဲ့ မတူညီပဲ သက်ရှိစွမ်းအင်တမျိုးဖြစ်သောကြောင့် လိုအပ်သည်ထက် သန့်စင်ပါက လက်ခံကိုယ်ကို ပြန်လည်ထိန်းချုပ်ခြင်းများ ပြုလုပ်လာနိုင်ပြီး အမှောင်ထုသားရဲတကောင် အလား အသိစိတ်လွတ်သွားနိုင်ချေလည်း ရှိနေသေးသည်။
မူလဧကရာဇ်က ထိုအချက်များကို ကောင်းစွာသိထားပေသည်။ ထို့ကြောင့် အကန့်အသတ်ထိ သန့်စင်နေသော်လည်း ရုပ်ပိုင်းဆိုင်ရာ သန်မာမှုကို သတိထားနေပြီး အမှောင်ထုစွမ်းအင်နဲ့ မူလစွမ်းအင်ကြား သဟဇာတ ဖြစ်မှုကို ပို၍ ဦးစားပေးနေခဲ့သည်။
စွမ်းအင်များမှာ သဟဇာတဖြစ်ရန် အင်မတန်ခက်ခဲပါသည်။ အဘယ့်ကြောင့်ဆိုသော် မတူညီတဲ့ လောကစွမ်းအင်များ ဖြစ်သည်ကတကြောင်း အသုံးချသူ၏ စိတ်ပိုင်းဆိုင်ရာ ကွာဟချက်များကြောင့်လည်းကောင်း စွမ်းအင်များကို အတူတကွစုစည်း အသုံးပြုနိုင်ရန်မှာ ခက်ခဲနေခြင်း ဖြစ်သည်။
မူလဧကရာဇ်က လက်ဟန်တစ်ခုပြုလုပ်လိုက်သည်။ မူလစွမ်းအင်များက အကာရံတခုနှယ် ရစ်ပတ်လာပြီး ထိုစွမ်းအင်စီးကြောင်းများ ကြားမှာတော့ အမှောင်စွမ်းအင်များ စိမ့်ဝင်နေသည်ကို မြင်တွေ့နိုင်သည်။
“ပေါင်းစပ်စမ်း…”
အမှောင်ထုစွမ်းအင်များက မူလစွမ်းအင်များနည်းတူ မူလဧကရာဇ်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး စတင်ရစ်ပတ်လာကာ တဖြေးဖြေး စွမ်းအင်နှစ်ခုက ရစ်ပတ်သွားသည်။
ထိုအဖြစ်ပျက်က နာရီပေါင်းများစွာ ကြာခဲ့ပြီး ဖြစ်စဥ်တစ်လျှောက်လုံးမှာလည်း မူလဧကရာဇ်မှာ အလွန်နာကျင်သည့် ခံစားချက်များကို တောင့်ခံနေရလေသည်။
“ဒါ..ငါရွေးထားတဲ့လမ်းပဲ အဆုံးထိလျှောက်ရမယ်”
မူလဧကရာဇ်ရဲ့စိတ်ကူးများက အင်မော်တယ်လောကကို သိမ်းပိုက်မည်ဆိုတာမျှ ရိုးရှင်းသည်လား။ လုံးဝမဟုတ်ချေ။ အမှောင်ထုစွမ်းအင်ကို အပြည်အဝ သန့်စင်နိုင်ပြီး ထိုစွမ်းအင်ရဲ့နိယာမတွေကိုသာ နားလည်ခဲ့ပါက သူ့ထက် ကျင့်ကြံဆင့်နဲ့ ခွန်အားအရာ အနည်းငယ်သာ သာလွန်သည့် အမှောင်ထုသားရဲသခင်ကို လက်တုန့်ပြန်နိုင်မည် ဖြစ်သည်။
အစီစဥ်များက မူလဧကရဇ်ရဲ့အတွေးထဲ အစီစဥ်တကျရှိနေပြီး မကြာမီ ပထမခြေလှမ်းအဖြစ် အင်မော်တယ်လောကအား စတင်တိုက်ခိုက် သိမ်းပိုက်တော့မည် ဖြစ်သည်။
ဝေါင်း….
သားရဲတကောင်ရဲ့ ဟိန်းဟောက်သံအလား ကျယ်လောင်တဲ့အသံတခု မူလဧကရာဇ်ရဲ့ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။ ထို့နောက် နောက်ကျောဘက်၌ အမှောင်ထုသားရဲတကောင်၏ ကြီးမားတဲ့ပုံရိပ် ဖြစ်ပေါ်လာပြီး ထိုပုံရိပ်ကိုတော့ မူလစွမ်းအင်များက ဝန်းရံထားသေးသည်။
“ကောင်းတယ် လုပ်ရမယ့်အဆင့်နှစ်ခုလုံး အောင်မြင်သွားပြီ”
မူလဧကရာဇ်က စိတ်ကျေနပ်စွာဖြင့် တီးတိုးရေရွတ်လိုက်ပြီး နောက်ကျောဘက်မှ အမှောင်ထုပုံရိပ်ကြီးမှတဆင့် သေးငယ်တဲ့ တိုက်ခိုက်မှုတစ်ခု စမ်းသပ်လိုက်သည်။ ထိုတိုက်ခိုက်မှုက လက်ဝါးရိုက်ချက်တစ်ခုမျှသာ ဖြစ်သည်။ သို့သော် အပျက်စီးမှာတော့ မူလဧကရာဇ်ထင်မှတ်ထားသည်ထက် ကျော်လွန်သွားပြီး ပုံရိပ်၏တိုက်ခိုက်မှုကြောင့် တောင်တန်းကြီးတခုမှာ လုံးဝကျေမွ ပျက်စီးသွားရတော့သည်။
ဝုန်း…..
အပျက်စီးများမှာ လေထဲလွင့်ပျံသွားသည်။ ထို့အပြင် ထုတ်ဖော်လိုက်သည့် လက်ဝါးရိုက်ချက်ကြီးရဲ့ ဖိအားကို နတ်ဘုရားလမ်းစဥ်ကိုထိတွေ့ထားသည့် ဘယ်ညာ လက်ရုံးနှစ်ယောက်ပင် တောင့်မခံနိုင်ခဲ့ချေ။
“ဂုဏ်ယူပါတယ် အရှင်”
“ဂုဏ်ယူပါတယ် အရှင်”
များစွာသော ကျင့်ကြံသူများက ကောင်းကင်ထက်မှ မူလဧကရာဇ်ကို တလေးတစား နှုတ်ဆက်လိုက်ကြပြီး သူတို့ရဲ့ မျက်လုံးတွေထဲမှာတော့ စိတ်လှုပ်ရှားနေကြသည့် အရိပ်ယောင်များ ထင်ဟပ်နေကြလေသည်။
………………………………………………..