မူလလောကမှ ကျူးကျော်လာခြင်း
Vol. 17 Ch. 164
အင်မော်တယ်လောက အပြင်ဘက်မှာတော့ တင်းဟောက်တစ်ယောက် မူလလောကရှိရာ ဘက်သို့ စူးစိုက်ကြည့်နေခဲ့သည်။
လွန်ခဲ့သည့် နာရီပိုင်းက မူလလောကတခုလုံး အမှောင်ထုစွမ်းအင်များ ပိတ်ဖုံးသွားပြီး ပြင်းထန်တဲ့စွမ်းအင် သက်ရောက်မှုကြောင့် မူလလောကတခုလုံးကို ကာရံထားသည့် အကာရံစည်းမျဥ်းများမှာလည်း လှုပ်ခတ်သွားခဲ့လေသည်။
တင်းဟောက်က မူလလောကရဲ့ လှုပ်ရှားမှုများကို စိတ်ထဲ သင်္ကာမကင်းဖြစ်နေခဲ့ပြီး သူမြင်တွေ့လိုက်သည့် အမှောင်ထုစွမ်းအင်များမှာ မကြာသေးခင်က ထျန်းဟွမ်လောကထဲ ထိုးဖောက်ရန်ကြိုးစားခဲ့သည့် အမှောင်ထုသားရဲသခင်၏ အမှောင်စွမ်းအင်နဲ့ ထပ်တူကျနေခဲ့သည်။
ထို့ကြောင့် အခြေနေများက သူထင်ထားတာထက် ရှုပ်ထွေးစပြုလာနေပြီဟု ထင်မှတ်နေပြီး အမှောင်ထုသားရဲသခင်မှာ မူလလောက၏ လှုပ်ရှားမှုနောက်ကွယ်၌ မီးထိုးပေးနေခြင်း ဖြစ်လောက်ပေမည်။
မူလဧကရာဇ်မှာ အင်မော်တယ်လောကကို နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သော်လည်း အနိုင်မရခြင်းအပေါ် မကျေနပ်နိုင်ပဲ အမှောင်ထုသားရဲသခင်နဲ့ တိတ်တဆိတ် ပူးပေါင်းသွားဖို့များနေသည်။
သာမန်အခြေနေများနှင့် မူလဧကရာဇ်မှာ အင်မော်တယ်လောကကို ကျူးကျော်ရန် တွေးရဲမည်မဟုတ်ချေ။ ကျောထောက်နောက်ခံ တခုခုရထား၍သာ သတ္တိကောင်းနေခြင်း ဖြစ်သည်။
“ဟမ့် အမှောင်ထုသားရဲသခင်က သူ့ကိုအသေခံတပ်သားအနေနဲ့ အသုံးချလိုက်တာပဲ”
တင်းဟောက်က လှောင်ပြောင်လိုသည့်နှယ် တီးတိုးရေရွတ်လိုက်ပြီး လက်စွဲတော်ဓားရှည်ကို ညင်သာစွာ ထိတွေ့လိုက်သည်။ ဓားရှည်ဆီမှ ပြင်းထန်တဲ့ သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်နေပြီး စိတ်လှုပ်ရှားနေသည်ကို သူခံစားမိနေခဲ့သည်။
“မကြာတော့ပါဘူး မင်းပျော်ရတော့မှာပါ”
တင်းဟောက်က ဓားရှည်ကိုညင်သာစွာ ပွတ်သပ်၍ တီးတိုးဆိုလိုက်သည်။ ဓားရှည်မှာ နားလည်နေသည့်အလား အနည်းငယ်လှုပ်ခါသွားသည်။
ထိုအချိန် မူလလောကဘက်မှာတော့ မူလဧကရာဇ်က ကြီးမားတဲ့စစ်တပ်ကြီးတစ်ခု အလား ထိပ်သီးကျင့်ကြံသူများစွာကို စုစည်းနေခဲ့သည်။ ထိုသတင်းက အင်မော်တယ်လောကဆီ ရောက်ရှိရန်မဖြစ်နိုင်တော့ပေ။ အဘယ့်ကြောင့်ဆိုသော် မိုးမြေဧကရာဇ်ရဲ့ သူလျှိုများမှာ တိတ်တဆိတ် သုတ်သင်ခံလိုက်ရပြီ ဖြစ်သည်။
မူလဧကရာဇ်က တိတ်ဆိတ်စွာပဲ လူအုပ်ကြီးကို ကြည့်နေခဲ့ပြီး အခြားသူများအမြင်၌ မူလဧကရာဇ်ရဲ့ပုံစံမှာ ပိုပြီးကြမ်းတမ်းခက်ထန်လာဟန် ရှိသည်။
ညာလက်ရုံးက ကျယ်လောင်တဲ့အသံနဲ့အတူ ကျင့်ကြံသူများကို စုရုံးလိုက်သည်။ အကုန်လုံးက တက်ကြွနေကြပြီး မူလဧကရာဇ်ရဲ့ ဦးဆောင်မှုနဲ့အတူ အင်မော်တယ်လောကကို အနိုင်ပိုင်းနိုင်မည်ဟု ယုံကြည်နေကြလေသည်။
မူလဧကရာဇ်က လက်ဟန်တစ်ခု ပြုလုပ်လိုက်သည်။ ထိုလက်ဟန်က ကျင့်ကြံသူများကို တစုတစည်းတည်းဖြင့် လေဟာနယ်ခုန်ကူးခြင်းဖြစ်ကာ မိနစ်ပိုင်းအတွင်းမှာပဲ များပြားသည့် မူလကျင့်ကြံသူတအုပ်ကြီးမှာ မူလလောကအပြင်ဘက် ရောက်ရှိလာကြတော့သည်။
တင်းဟောက်က ထိုအခြေနေကို မြင်တွေ့သွားပြီး သူ့အကြည့်များက လေးနက်သွားသည်။ သူစိုးရိမ်နေသည့်အရာမှာ ဖြစ်ပျက်လာပြီး ကျောက်စိမ်းဧကရီမှာ ထျန်းဟွမ်လောက၌ ယန်ချန်ကိုအဖော်ပြုနေသည်။
ထိုအတွက် အင်မော်တယ်လောက၏ အကြောင်းအရာအားလုံးမှာ သူ့ခေါင်းပေါ် ပုံကျလာပြီး ထိုအရာက တင်းဟောက်ကို အနည်းငယ်မှပင် စိတ်ပူပန်စေခြင်းမရှိပဲ ပို၍ တက်ကြွလာသလို ခံစားနေစေသည်။
“ဟမ့် မင်းတို့က စိတ်မရှည်တော့ဘူးပဲ”
ချက်ချင်းပဲ မိုးမြေဧကရာဇ်နဲ့ အခြားသူများထံ သတင်းပေးပို့လိုက်ပြီး သူသတင်းပေးပို့နေချိန်မှာပဲ မူလဧကရာဇ်ဦးဆောင်သည့် မူလလောက ကျင့်ကြံသူများနဲ့ အမှောင်ထုလောက ကျင့်ကြံသူအချို့မှာ အင်မော်တယ်လောက အပြင်ဘက်စည်းမျဥ်းအနား ရောက်ရှိလာကြတော့သည်။
“တင်းဟောက်… မင်းကိုး..”
မူလဧကရာဇ်က ဓားရှည်တချောင်းနဲ့အတူ အင်မော်တယ်လောကအပြင်ဘက်၌ ရှိနေသည့် တင်းဟောက်ကိုအရင်မြင် တွေ့သွားသည်။
“မတေွ့တာကြာပြီ ဧကရာဇ်ကြီး”
တင်းဟောက်က တည်ငြိမ်စွာပဲ တုန့်ပြန်လာသည်။ ပြင်းထန်တဲ့အရှိန်ဝါများစွာက အင်မော်တယ်လောကတခုလုံးကို ဖုံးလွှမ်းလုနီးပါး ဖြစ်နေသော်လည်း တင်းဟောက်ကတော့ အနည်းငယ်မှ တုံ့ဆိုင်းနေခြင်း မရှိချေ။
“မင်းတစ်ယောက်တည်းနဲ့ ငါတို့ကိုတားဆီးဖို့ ကြိုးစားချင်နေတာလား”
ညာလက်ရုံးဆိုသူက လှမ်း၍ ခနဲ့သည်။ တင်းဟောက်မှာ ထိုသူနဲ့ အကြိမ်အနည်းငယ် တိုက်ခိုက်ခဲ့ဖူးပြီး ဘယ်လက်ရုံးဆိုသူသာ ဝင်မကူညီခဲ့ပါက သေဆုံးသွားရမည်မှာ ကြာပြီဖြစ်သည်။
“မင်းက အခုထိ အမှတ်သည်းခြေမရှိသေးတာလား”
တင်းဟောက်ရဲ့စကားက အနာကိုတိုက်ရိုက်ပင် ထိမှန်သွားပြီး ညာလက်ရုံးဆိုသူမှာ ရှူးရှူးရှားရှား ဖြစ်သွားရသည်။
“မင်း…မင်း..”
“တိတ်စမ်း…မင်းတို့နောက်ဆုတ်လိုက်”
မူလဧကရာဇ်မှ အင်မော်တယ်လောကဆီမှ အရှိန်ဝါများစွာ ထွက်ပေါ်လာသည်ကို သတိပြုမိလိုက်၍ တပည့်ဖြစ်သူကို ကြိမ်းမောင်းလိုက်ပြီး အနည်းငယ်နောက်ဆုတ်စေသည်။
သူထင်ထားသည့်အတိုင်းပင် မိုးမြေဧကရာဇ်နဲ့ အခြားဧကရာဇ်များ ထိပ်သီးကျင့်ကြံသူများမှာ အင်မော်တယ်လောကအပြင်ဘက် ရောက်ရှိလာပြီး တင်းဟောက်ကို ရံလျက် အသင့်ပြင်လိုက်ကြသည်။
နှစ်ဖက်စလုံးရဲ့ အရှိန်ဝါက တဖက်နဲ့တဖက် တွန်းထိုးနေပြီး ထိုအခြေနေက တိုက်ပွဲကြီးမစခင် အရင်ဖိနှိပ်သည့် လုပ်ရက်ဟု ယူဆနိုင်သည်။
“မင်းတို့မှာ အစီစဥ်တွေ ရှိပြီးသားမဟုတ်လား ဘာတွေစောင့်နေသေးတာလဲ”
တင်းဟောက်မှာ ဓားရှည်ကို ညင်သာစွာဆုပ်ကိုင်လိုက်ပြီး မူလဧကရာဇ်ကို တဲ့တိုးပင် စိန်ခေါ်လိုက်သည်။
“ကောင်းတယ် ကောင်းတယ် မင်းရဲ့သတ္တိကတော့ အရင်တိုင်းပဲ”
မူလဧကရာဇ်မှာကျယ်လောင်စွာ ရယ်မောလိုက်ပြီး ချက်ချင်းပဲ တိုက်ခိုက်မှုကို စတင်လိုက်တော့သည်။
………………………………………………