နောက်ထပ်တကြိမ် ထိပ်တိုက်ရင်ဆိုင်ခြင်း
Vol. 17 Ch. 169
မူလဧကရာဇ်ရဲ့ နောက်ကျောဘက်၌ ကြီးမားတဲ့ ပုံရိပ်ကြီးနှစ်ခု ထွက်ပေါ်လာသည်။
တစ်ခုက မူလပုံရိပ်ကြီးဖြစ်ပြီး နောက်တခုမှာတော့ အမှောင်စွမ်းအင်နဲ့ ပြုလုပ်ထားသည့် ပုံရိပ်ကြီးဖြစ်သည်။
ပုံရိပ်နှစ်ခုမှာ ဘေးချင်းယှဥ်ရပ်လျက် လက်တဖက်စီက ထူးခြားတဲ့လက်ဟန်တဝက်စီကို အသင့်ပြင်ထားကာ အခြားလက်တဖက်စီကတော့ လက်ဝါးရိုက်ချက်များ ထုတ်ဖော်ရန် လေထဲပင့်မြှောက်ထားလေသည်။
“မင်းကို ငါအစွမ်းကုန် တိုက်ခိုက်တော့မယ်”
မူလဧကရာဇ်က တည်ငြိမ်စွာပဲ ပြောသည်။ သူ့အနေဖြင့် တင်းဟောက်ကိုဖိနှပ်နိုင်မှသာ အင်မော်တယ်လောကရှိ အခြားသူများကို အလွယ်တကူဖိနှိပ်နိုင်မည်ဖြစ်ပြီး ထိုသို့ဖိနှိပ်နိုင်ရန်အတွက် သူ့ခွန်အား၏ ဆယ်ပုံရှစ်ပုံခန့်ကို ထုတ်သုံးရန် လိုသည်။
တင်းဟောက်က ကြီးမားတဲ့ပုံရိပ်ကြီးနှစ်ခုအား စိုက်ကြည့်လိုက်သည်။ ပုံရိပ်တစ်ခုစီက ပေရာပေါင်းများစွာ ကြီးမားပြီး အရှိန်ဝါအရဖြစ်စေ ခန့်ညားထည်ဝါမှုအရဖြစ်စေ အင်မော်တယ်များကို ကြီးမားတဲ့သက်ရောက်မှုအချို့ ဖြစ်နေစေသည်။
မိုးမြေဧကရာဇ်လီဟိုင်မှာ တင်းဟောက်အား တချက်ကြည့်လိုက်သည်။ သူတို့ချင်းအကြည့်ဆုံသွားချိန်မှာတော့ လီဟိုင်တယောက် တင်းဟောက်ရဲ့ဆုံးဖြတ်ချက်ကို သိနားလည်သွားပြီး မူလက အကူညီပေးမည့်စိတ်ကူးကို စွန့်လွှတ်ကာ တင်းဟောက်အနားမှ ပြန်လည်ဆုတ်ခွာသွားသည်။
တင်းဟောက်က တည်ငြိမ်စွာပဲ ခေါင်းတချက်ညိတ်ပြလိုက်သည်။ သေချာသည်က သူ့တွင်လည်း ဝှက်ဖဲများရှိနေသေးပြီး ထိုဝှက်ဖဲများ အသုံးပြုပါက မူလဧကရာဇ်ကို ကောင်းစွာရင်ဆိုင်နိုင်မည်ဟု ယုံကြည်သည်။
မူလဧကရာဇ်၏ ပုံရိပ်ကြီးနှစ်ခုက ဖြေးညင်းစွာ လှုပ်ရှားလာသည်။ ပုံရိပ်နှစ်ခုဆီမှာ ပြင်းထန်တဲ့လက်ဝါးရိုက်ချက်နှစ်ခု ထုတ်ဖော်လိုက်ပြီး ထိုလက်ဝါးကြီးနှစ်ခုက တင်းဟောက်ရဲ့ ဘေးဘယ်ညာနှစ်ဖက်ကို စတင်ဖိအားပေးလာသည်။
ပြင်းထန်တဲ့ဖိအားကြောင့် တင်းဟောက်ရဲ့ ဆံပင်ရှည်များပင် လွင့်မျောနေပြီး ကိုယ်ခန္ဓာကိုတော့ တည့်မတ်စွာရပ်နေလေသည်။
“ဒါက အရှင့်ရဲ့အပြင်းထန်ဆုံး တိုက်ကွက်ဖြစ်တဲ့ မူလပြန်လည်ဝင်စားခြင်း လက်ဝါးသိုင်းကွက်ပဲ”
ညာလက်ရုံးမှာ အထိတ်တလန့်အမူရာဖြင့် ရေရွတ်လိုက်သည်။ ထိုသိုင်းကွက်မှာ မူလဧကရာဇ်၏ အပြင်းထန်အကြမ်းတမ်းဆုံး တိုက်ကွက်ဖြစ်ပြီး လက်ရှိမှာတော့ အမှောင်စွမ်းအင်များကိုပါ ထပ်ပေါင်းထည့်ထားပြီး နတ်ဘုရားလမ်းစဥ်ကိုပါ ရောနှောထားခြင်းက လက်ဝါးကြီးနှစ်ခုကို အဆုံးမဲ့ဖျက်စီးမှုများအ ဖြစ်ပေါ်စေနိုင်လေသည်။
တင်းဟောက်တယောက် အလေးနက်ဖြစ်သွားသည်။ ရုတ်ချည်းတိုးလာတဲ့ ဖိအားများကြောင့် အနည်းငယ်စိုးရိမ်စိတ် ဝင်မိသွားသော်လည်း တည်ငြိမ်တဲ့ ဓားစိတ်ဆန္ဒက ထိုသို့အဖြစ်မခံချေ။
ဓားသမားများ၏ အားနည်းချက်မှာ တဖက်ပြိုင်ဘက်ကို မိမိမယှဥ်နိုင်ဟု တွေးလိုက်မိသည့်အချိန်ဖြစ်သည်။ တင်းဟောက်မှာ ထိုအတွေးကို စက္ကန့်ပိုင်းမျှပင် အဝင်မခံချေ။
ချက်ချင်းပဲ မျက်လုံးအစုံကို မှိတ်ချလိုက်ပြီး နတ်ဆိုးပုံရိပ်ကြီးအား ခုတ်ပိုင်းလိုက်သည့် ဓားသမားရဲ့ခုတ်ပိုင်းချက်အား မြင်ယောင်လိုက်သည်။ ထိုအချိန်မှာတော့ လက်ဝါးပုံရိပ်ကြီးက နီးကပ်လာနေပြီး အင်မော်တယ်များမှာ စိုးရိမ်တကြီး ကြည့်နေကြလေသည်။
တင်းဟောက်တယောက်ကတော့ ထိုအရာကို သတိမပြုမိချေ။ သူ့အာရုံထဲ ဓားသမားရဲ့ခုတ်ပိုင်းချက်သာ အပြည့်အဝ ပုံဖော်နေခဲ့ပြီး ပန်းချီကားထဲမှ ဓားသမား၏ ပထမဓားချက်ကို စတင်ဆုပ်ကိုင်မိသွားတော့သည်။
“ဓားဖြူဧကရာဇ်”
“ဧကရာဇ်ကြီး”
အကုန်လုံးက ဓားဖြူဧကရာဇ်အတွက် စိုးရိမ်သွားပြီး အော်ဟစ်သတိပေးရန် ကြံရွယ်စဥ်မှာပဲ လက်ဝါးကြီးနှစ်ခုက ပိုမိုနီးကပ်သွားကာ ထိုအချိန်မှာပဲ တင်းဟောက်ရဲ့ မျက်လုံးအစုံက ရုတ်ချည်း ပွင့်ဟလာသည်။
မူလဧကရာဇ်မှာ အစောပိုင်းအချိန်က တည်ငြိမ်စွာ ကြည့်နေနိုင်သော်လည်း တင်းဟောက်ရဲ့မျက်လုံးအစုံ ပွင့်လာပြီး ထိုမျက်လုံးများထဲ၌ ကြမ်းတမ်းတဲ့ ဓားဆန္ဒများ ရစ်သိုင်းနေသည်ကို ခံစားလိုက်မိချိန်မှာတော့ အပြင်းအထန် တုန်လှုပ်သွားတော့သည်။
ထိုဆန္ဒများက အရာအားလုံးကို ပိုင်းဖြတ်နိုင်သည့် ဓားတစ်ချောင်း မွေးဖွားလာသည်နဲ့ တူညီပြီး ပတ်ဝန်းကျင်တခုလုံးကလည်း ဓားဆန္ဒများရစ်သိုင်းနေမှုကြောင့် ဟင်းလင်ပြင်နေရာအနှံ့ ပြတ်ရှရာများ ဖြစ်ပေါ်လာသည်။
တင်းဟောက်က လျင်မြန်စွာပဲ ဓားချက်တစ်ခု ထုတ်ဖော်လိုက်သည်။ ဓားရှည်မှတဆင့် ကြီးမားတဲ့ ဓားကြီးအသွင်ပြောင်းကာ ထိုဓားကြီးက နီးကပ်လာသည့် လက်ဖဝါးကြီးနှစ်ခုကို ညင်သာစွာ ပိုင်းဖြတ်သွားတော့သည်။
အရာအားလုံး တိတ်ဆိတ်…။
အင်မော်တယ်လောကဖြစ်စေ မူလလောကဖြစ်စေ လောကနှစ်ခုစလုံးမှ ကျင့်ကြံသူများမှာ ဆွံ့အနေခဲ့ကြပြီး ထိုဓားချက်မှစွမ်းအားများမှာ နတ်ဘုရားများကိုပင် သုတ်သင်နိုင်သည်အထိ ပြင်းထန်သည်ကို အသိမှတ်ပြုလိုက်ရတော့သည်။
ဓားကြီးရဲ့ခုတ်ပိုင်းချက်က လက်ဖဝါးပုံရိပ်ကြီးနှစ်ခုကို ပိုင်းဖြတ်သွားပြီးနောက် စွမ်းအင်များပျောက်ကွယ်သွားခြင်းမရှိပဲ မူလဧကရာဇ်၏ နောက်ကျောဘက်မှ ပုံရိပ်ကြီးနှစ်ခုဆီ ထပ်မံတိုးဝင်သွားတော့သည်။
“ဘာလဲ..ဘာတွေဖြစ်ကုန်တာလဲ”
ထိတ်လန့်သွားသည့် မူလဧကရာဇ်မှာ လက်ဟန်အချို့ အလျင်အမြန်ဖန်တီးလိုက်ပြီး ပုံရိပ်ကြီးများကလည်း ၎င်းရဲ့လှုပ်ရှားမှုအတိုင်း ထပ်တူညီစွာ လှုပ်ရှားလာကာ မူလဧကရာဇ်၏ ပတ်ပတ်လည်၌ အမှောင်နဲ့မူလ စွမ်းအင်ရောနှောထားသည့် စွမ်းအင်စက်ကွင်းကြီးတစ်ခု ထွက်ပေါ်လာတော့သည်။
ထိုစက်ကွင်းကြီးက မီတာပေါင်းများစွာ ထူထဲပြီး အမှောင်စွမ်းအင်ကြောင့် ခုခံရေးမှာ ပိုမိုအားကောင်းမည်ဟု မူလဧကရာဇ်တွေးလိုက်သည်။ လက်ဖဝါးကြီးနှစ်ခုကို မည်သည့်အသံတချက်မှ မထွက်ပဲ ပိုင်းဖြတ်သွားသည့် ဓားကြီးရဲ့ခုတ်ပိုင်းချက်မှာ အားနည်းသွားလောက်ပြီဟု ယူဆထား၍လည်း ဖြစ်သည်။
သူမသိတာက ထိုဓားကြီးဆီမှ ပို၍ ပြင်းထန်တဲ့ စွမ်းအားများကို ထပ်မံထုတ်ဖော်လာတော့မည်ဖြစ်ပြီး ထိုဓားချက်တစ်ခုက လောကနှစ်ခုကြား စစ်ပွဲကို အဆုံးသတ်တော့မည် ဆိုတာပင်။
ထိုအချိန် ထျန်းဟွမ်လောကအတွင်း ပြိုင်ပွဲကျင်းပရာနေရာမှာတော့ လုလင်းယွဲ့တစ်ယောက် တည်ငြိမ်စွာထိုင်နေရာမှ ရုတ်ချည်းမတ်တပ်ထရပ်လိုက်သည်။ ထိုသို့ ရုတ်တရက်ဆန်သည့် အပြုအမူက ယန်ချန်နဲ့ အခြားသူများကို သတိပြုမိသွားစေပြီး ယန်ချန့်အကြည့်ကိုခံစားမိလျင် လုလင်းယွဲ့က တည်ငြိမ်စွာပဲ တုန့်ပြန်သည်။
“ကျွန်မ ဒီနေရာက ခဏ ထွက်သွားခွင့်ပြုပါ သခင်လေးယန်”
ယန်ချန်က အနည်းငယ်တုန့်ဆိုင်းကာ သူမအနေဖြင့် မည်သည့်အတွက်ကြောင့် ရုတ်တရက်ထွက်သွားလိုသည်ကို မသိသော်လည်း သူ့၌တားရန်အကြောင်းမရှိပေ။ သေချာသည်က အင်မော်တယ်လောက၌ ခက်ခဲသည့်အခြေနေတစ်ခု ကျရောက်နေခြင်းလည်း ဖြစ်နိုင်လေသည်။
“သွားပါ.. ပြိုင်ပွဲက ပြီးဖို့အများကြီးလိုပါသေးတယ်”
ယန်ချန်ရဲ့ခွင့်ပြုမှုကိုရလျင် လုလင်းယွဲ့တစ်ယောက် ထွက်သွားရန်ပြင်လိုက်စဥ် မင်ယုရှန်းက ရုတ်ချည်း ထပြောလာသည်။
“ကျွန်မလည်း လိုက်မယ်”
မင်ယုရှန်းနဲ့ လုလင်းယွဲ့တို့ စက္ကန့်အနည်းငယ်ကြာ အကြည့်ချင်းဆုံသွားပြီးနောက် လုလင်းယွဲ့က ခေါင်းညိတ်ပြလိုက်တော့သည်။
………………………………………………..