← Chapters

အမှောင်ထုကျင့်ကြံသူများအား သတ်ဖြတ်ခြင်း

Vol. 17 Ch. 168

အမှောင်ထုကျင့်ကြံသူများအား သတ်ဖြတ်ခြင်း

Vol. 17 Ch. 168

တင်းဟောက်ရဲ့ စူးရှတဲ့အကြည့်နဲ့ ရင်ဆိုင်လိုက်ရချိန်မှာတော့ အမှောင်ထုကျင့်ကြံသူများမှာ သွေးပျက်သွားကြတော့သည်။

ထိုဓားသမားမှာ မူလဧကရာဇ်နဲ့ပင် ရင်ဆိုင်နိုင်ပြီး ၎င်းကိုအနိုင်ရနိုင်သည်မှာ အမှောင်ထုသားရဲသခင်သာ ရှိတော့သည်မဟုတ်လား။ ထိုအတွက် တင်းဟောက်သာ ၎င်းတို့ကိုသတ်ဖြတ်လိုပါက ထွက်ပြေးရန်ပင် မဖြစ်နိုင်လောက်ချေ။

တင်းဟောက်ရဲ့ နှုတ်ခမ်းထောင့်များ ညင်သာစွာတွန့်ကွေးသွားသည်။ ထိုလူများ၏ စိုးရိမ်စိတ်များကို ခံစားမိချိန်မှာတော့ လောကနှစ်ခုကြား ခလောက်ဆန်ရန် ကြိုးစားနေသည့် သကောင့်သားများအား အရင်ဆုံး အဆုံသတ်ရန် ဆုံးဖြတ်လိုက်သည်။

ထူးခြားသည်က မူလဧကရာဇ်မှ အခြေနေကို စောင့်ကြည့်နေရုံသာရှိပြီး ဝင်ရောက်စွတ်ဖက်ခြင်း မရှိချေ။

တင်းဟောက်က ဓားရှည်ကိုလေထဲပစ်မြှောက်လိုက်သည်။ ဓားရှည်က နောက်ထပ်ဓားများစွာ ထွက်ပေါ်လာပြီး မကြာခင်မှာပဲ ကြီးမားတဲ့ ဓားစက်ဝန်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ထိုဓားကွက်က ဓားဖြူဧကရာဇ်ရဲ့အကောင်းဆုံး ဓားကွက်များထဲမှ ဓားတထောင်တိုက်ကွက်ဖြစ်ပြီး အင်မော်တယ်လမ်းစဥ်ကို စတင်ထိတွေ့စဥ်က သူကိုယ်တိုင်ဖန်တီးထားခဲ့သည့် မူပိုင်တိုက်ကွက်တစ်ခု ဖြစ်သည်။

ဓားများစွာ စက်ဝိုင်းကြီးတခုနှယ် စတင်လည်ပတ်လာကာ အချိန်တိုအတွင်းမှာပဲ များပြားရှုပ်ထွေးသည့် ပုံရိပ်ယောင်ဓားအရိပ်များနှယ် ပြောင်းလဲသွားသည်။

အမှောင်ထုကျင့်ကြံသူများမှာ တစုံတခု မှားယွင်းနေသည်ကို သတိပြုမိသွားကြပြီး မူလဧကရာဇ်ဘက် ကြည့်လိုက်ချိန်မှာတော့ မူလဧကရာဇ်က မျက်နှာလွှဲထားသည်ကို မြင်လိုက်ရချိန်၌ ၎င်းတို့ယူဆချက်မှာ သေချာသွားတော့သည်။

“မူလ ဧကရာဇ် မင်းငါတို့ကိုသစ္စာဖောက်ချင်နေတာလား”

“အယုတ်တမာ မူလဧကရာဇ်”

အမှောင်ထုကျင့်ကြံသူများမှာ မူလဧကရာဇ်ရဲ့ ဆုံးဖြတ်ချက်အား သိနားလည်သွားပြီး ထိုကောင်က သူတို့ကိုအသုံးချ၍ တင်းဟောက်ရဲ့ ခွန်အားကို စမ်းသပ်တော့မည်မှန်း သိလိုက်ရတော့သည်။

“မကောင်းတော့ဘူး နောက်ပြန်ဆုတ်ကြတော့”

အမှောင်ထုကျင့်ကြံသူများမှာ ထိတ်လန့်တကြားဖြင့် တိုက်ပွဲကြားမှ ခုန်ထွက်သွားကြပြီး လျင်မြန်စွာပဲ ဦးတည်ရာ အရပ်မျက်နှာများ ခွဲကာ ထွက်ပြေးတော့သည်။ မည်သူက နတ်ဘုရားတစ်ဝက် ဓားသမားကိုရင်ဆိုင်နိုင်မည်နည်း။

​သေလမ်းရှာလိုပါက တခြားနည်းနဲ့သာ ရှာမည်ဖြစ်သည်။ ဓားသမားများမှာ ဆုံးဖြတ်ချတ်ပြတ်သားပြီး သတ်ဖြတ်ရာ၌ တိကျသွေးအေးကာ ရက်စက်သည်ဟု အမည်ကြီးသည်။

တင်းဟောက်က ထွက်ပြေးနေသူများကို လိုက်ဖမ်းရန် ဆန္ဒမရှိချေ။ စက်ဝိုင်းသဏ္ဍန်လည်ပတ်နေသည့် ဓားပုံရိပ်များကိုသာ အရှိန်တခုထိ တိုးမြင့်လိုက်သည်။

“သွားတော့ တစ်ယောက်မှ မလွတ်စေနဲ့”

ဓားများက စကားနားလည်သည့် သက်ရှိများအလား စက်ဝိုင်းကြီးထဲမှ တချောင်းစီပြေးထွက်လာကြပြီး ထွက်ပြေးနေသည့် အမှောင်ထုကျင့်ကြံသူများထံ တိုးဝင်သွားတော့သည်။

“အား…”

“မူလဧကရာဇ် ကျုပ်တို့ကို ကယ်ပါဦး”

“သခင် ကျုပ်တို့ကို ကယ်ပါ”

အမှောင်ထုကျင့်ကြံသူများမှာ မြန်ဆန်တဲ့အရှိန်တခုဖြင့် ထွက်ပြေးနေသော်လည်း နတ်ဘုရားတစ်ဝက်အဆင့် ဓားသမားရဲ့ဓားများက ၎င်းတို့ထက်ပို၍ မြန်ဆန်ပေသည်။

အချိန်တိုအတွင်းမှာပဲ ဘုရင်အဆင့် အမှောင်ထုကျင့်ကြံသူများ ဓားရှည်များ၏ ထုတ်ချင်းဖောက်ခံရမှုကြောင့် ဟင်းလင်ပြင်ထက်မှ ပြုတ်ကျသွားကြပြီး ၎င်းတို့ရဲ့ အဆုံးသတ်က တူညီသည့်လားရာတစ်ခု သေခြင်းတရားကိုသာ ဖြစ်သည်။

မူလဧကရာဇ်မှာ ထိုဓားစက်ဝိုင်းဆီမှ အငွေ့သက်ကိုလေ့လာနေပြီး သူသာဆိုလျှင် ထိုဓားစက်ဝိုင်းကိုရင်ဆိုင်ရန် ခွန်အားတဝက်ထိ အသုံးပြုရနိုင်သည်ဟု တွက်ချက်မိသွားသည်။

ဧကရာဇ်အဆင့် အမှောင်ထုကျင့်ကြံသူများမှာ ကြောက်လန့်တကြား ပြေးလွှားနေရင်း မူလဧကရာဇ်နဲ့ တင်းဟောက်တို့ကိုလည်း အဆက်မပြတ် ကျိန်ဆဲနေကြလေသည်။

“ခေွးမသား မူလဧကရာဇ် မင်းရဲ့အဆုံးသတ်ကလည်း မကြာတော့ပါဘူးကွ”

မူလဧကရာဇ်နဲ့ မူလလောကမှ ကျင့်ကြံသူများမှာ တည်ငြိမ်စွာပဲ ဆက်ကြည့်နေကြပြီး တင်းဟောက်ရဲ့ ဓားစက်ဝိုင်းထဲမှ နောက်ထပ်ဓားရှည်များ ထပ်မံထွက်ပေါ်လာချိန်မှာတော့ ဧကရာဇ်အဆင့် အမှောင်ထုကျင့်ကြံသူများမှာ အဆုံးသတ်သွားရတော့သည်။

လောကဟင်းလင်ပြင်ထဲ၌ ထောင်ပေါင်းများစွာရှိသည့် ဓားအရိပ်များ လှုပ်ရှားနေကြပြီး တချောင်းစီက မည်သည့် ဧကရာဇ်အဆင့်များကိုမဆို အဆုံးသတ်ရန်လုံလောက်နေသည်။

“အား…”

မိနစ်ပိုင်းအတွင်းမှာပဲ အမှောင်ထုကျင့်ကြံသူများမှာ တယောက်မှ လွတ်မြောက်သွားခြင်း မရှိပဲ ဓားဖြူဧကရာဇ်၏ အဆုံးသတ်မှုကို ခံလိုက်ရတော့သည်။

“မင်းကို ငါတို့သခင်က အဆုံးသတ်ပေးလိမ့်မယ်”

နောက်ဆုံးထွက်သက်ကို အသည်းသန်ရုန်းကန်နေသည့် ကျင့်ကြံသူတစ်ဥိီးက ဓားဖြူဧကရာဇ်အား ခက်ထန်စွာ ခြိမ်းခြောက်ပြီးနောက် သေဆုံးသွားသည်။

အစမှအဆုံးထိ မူလဧကရာဇ်နဲ့ သူ့လူများမှာ အနည်းငယ်မျှပင် ဝင်ရောက်ကူညီခြင်း မရှိချေ။ သိသာစွာပဲ သူတို့ဆီ၌ မတူညီသည့်စိတ်ကူးများ ရှိနေသည် မဟုတ်လား။

မထင်မှတ်ထားသည်က သေဆုံးသွားသည့် အမှောင်ထုကျင့်ကြံသူများရဲ့ အမှောင်စွမ်းအင်များမှာ မူလဧကရာဇ်ရှိရာ စီးဝင်လာကြပြီး မူလဧကရာဇ်နောက်ကျောဘက်မှ ပုံရိပ်ကြီးမှာလည်း ပို၍ အားကောင်းကာ ပီပြင်လာသည်။

“ဟား….တုံးအလိုက်တဲ့ကောင်တွေ ဘာပဲဖြစ်ဖြစ် မင်းတို့ရဲ့နောက်ဆုံးအကူညီအတွက်တော့ ကျေးဇူးတင်ပါတယ်”

မူလဧကရာဇ်က ထိုစွမ်းအင်များကို အားရဝမ်းသာစုပ်ယူနေပြီး မျက်စိအရှေ့မှာတင် မူလဧကရာဇ်ရဲ့ အရှိန်ဝါများက ပို၍ အားကောင်းလာတော့သည်။ ထိုအချင်းရာကိုမြင်လျင် မူလလောက ကျင့်ကြံသူများမှာ စိတ်လှုပ်ရှားသွားကြတော့သည်။

လောကနှစ်ခုစစ်ပွဲက အဆုံးသတ်ရန် နီးကပ်လာပြီး မဟုတ်လော။

……………………………………………….

All Chapters