← Chapters

အခန်း (၁၀၁-၁၀၂)

Vol. 6 Ch. 101-102

အခန်း (၁၀၁-၁၀၂)

Vol. 6 Ch. 101-102

အပိုင်း (၁၀၁) ဟန်ဆောင်ကောင်းသူ ကျန်းယွမ်ယွမ်နှင့် သန္ဓေပြောင်းအသီးတွေ့ရှိခြင်း

တစ်ချိန်က တိုက်တွဲ ၄... ၅ နှင့် ၆ တို့ကို ဦးစီးခဲ့ပြီး လူသတ်သမား ချန်ဟုန်နှင့် ကာမဘီလူး ကျိုးဝမ်ကဲ့သို့ ရက်စက်ကြမ်းကြုတ်သူများကို လက်အောက်တွင် ထားရှိကာ အရင်းအမြစ်များစွာကို ထိန်းချုပ်ထားခဲ့သော ဝမ်ကျဲကား... ယခုတွင် လင်းယွမ်၏ လက်ချက်ဖြင့် တိတ်တဆိတ် အသက်ပျောက်သွားခဲ့ချေပြီ။

ဖြစ်စဉ်တစ်ခုလုံးတွင် ပြင်းထန်သော တိုက်ပွဲမရှိ... အုန်းအုန်းကျွတ်ကျွတ် သတ်ဖြတ်ရခြင်းမျိုးလည်း မရှိခဲ့ပေ။

သွေးထွက်သံယိုမှုပင် မရှိခဲ့ဟု ဆိုရမည်။

လင်းယွမ်က လက်တစ်ဖက်တည်းကို အသုံးပြု၍ လျှိုအားလုံထက် နာမည်မသေးသော ဤလူကြမ်းကြီးကို ဖျစ်ညှစ်သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။

လက်ထဲရှိ အသက်မဲ့နေသော အလောင်းကို ငုံ့ကြည့်ရင်း ဤတိုက်ပွဲမှာ လွယ်ကူမြန်ဆန်သည်ဟု ထင်ရသော်လည်း သူ၏ စိတ်စွမ်းအင် ၇.၇ မှတ်အထိ ရှိနေသောကြောင့်သာ ဖြစ်ကြောင်း လင်းယွမ် နားလည်လိုက်၏။

သာမန်လူ သို့မဟုတ် တင်းယန်ကဲ့သို့ သန္ဓေပြောင်းအစွမ်းရှိသူ ဖြစ်ပါက ဝမ်ကျဲနှင့် ရင်ဆိုင်ရလျှင် သေချာပေါက် အရုပ်ကလေးသဖွယ် ကစားခံရပေလိမ့်မည်။

ကစားခံရသူတို့သည် ဝမ်ကျဲ၏ ရုပ်သွင်အစစ်အမှန်ကိုပင် မမြင်ရဘဲ ဝမ်ကျဲ၏ နှိပ်စက်ကစားမှုအောက်တွင် အားအင်ကုန်ခမ်းကာ သေပွဲဝင်ကြရပေမည်။

ဝမ်ကျဲ၏ စိတ်စွမ်းအင်က ၅ မှတ် အထိ ရှိပေသည်။

သာမန်လူများထက် ငါးဆကျော် ပိုများ၏။

သူ ဖန်တီးလိုက်သော ပုံရိပ်ယောင်များက ပြိုင်ဘက်၏ အာရုံခံစားမှုကို နှောင့်ယှက်နိုင်ပြီး စိတ်ထွေပြားသွားစေနိုင်သည်။

ဝမ်ကျဲတွင် ထိုသို့လုပ်ဆောင်နိုင်သော အစွမ်းအပြည့်ရှိသည်။

လင်းယွမ်သည် ယခင်က ကံစမ်းမဲနှိုက်ရာတွင် စိတ်စွမ်းအင် အရည်အသွေးမှတ်များကိုသာ ဆက်တိုက် မဲပေါက်ခဲ့ခြင်းအတွက် ယခုအချိန်တွင် အတိုင်းထက်အလွန် ဝမ်းသာမိတော့သည်။

ထိုသို့သာမဟုတ်ပါက သူသည် စိတ်စွမ်းအင် အရည်အသွေးမှတ်ကို ဦးစားပေး ပေါင်းထည့်ဖြစ်မည် မဟုတ်ပေ။

သို့သော် ယခုအခြေအနေကို ကြည့်ခြင်းအားဖြင့် သူ၏ စိတ်စွမ်းအင်သာ မြင့်မားခြင်း မရှိပါက ဝမ်ကျဲကို ယှဉ်ပြိုင်နိုင်မည့် နည်းလမ်း ရှိလိမ့်မည်မဟုတ်ပေ။

"စိတ်စွမ်းအင် အမျိုးအစား သန္ဓေပြောင်းသူတွေရဲ့ အစွမ်းက ဆန်းကြယ်လွန်းတယ်... သာမန် ရုပ်ပိုင်းဆိုင်ရာ အစွမ်းပိုင်ရှင်တွေ ယှဉ်နိုင်တဲ့ အရာမဟုတ်ဘူး"

"ကြည့်ရတာ ငါ့ရဲ့ စိတ်စွမ်းအင် အရည်အသွေးမှတ်ကို အမြဲတမ်း မြှင့်တင်ထားဖို့ လိုမယ့်ပုံပဲ... ပေါ့ဆလို့ မဖြစ်ဘူး"

လင်းယွမ်က အသက်ဝဝ ရှူသွင်းလိုက်ရင်း ရွှီလိဟွာ၏ ကပ်ပါး တွယ်ကပ်နိုင်စွမ်းကို သတိရသွားသည်။

ရွှီလိဟွာသည်လည်း စိတ်စွမ်းအင် နိုးထလာသူတစ်ဦး ဖြစ်လောက်ပေသည်။

ထို စိတ်စွမ်းအင် နိုးထလာသူများ၏ အစွမ်းများမှာ အလွန်ထူးဆန်းသဖြင့် ကာကွယ်ရန် ခက်ခဲလှသည်။

လင်းယွမ်က ဝမ်ကျဲ၏ အလောင်းကို ဆွဲကာ အခန်း ၃၂၁၁ သို့ လျှောက်သွားလိုက်သည်။

ထိုအချိန်တွင် အခန်း ၃၂၁၁ အတွင်း၌ ကျန်းယွမ်ယွမ်က ဆဲဆိုစိန်ခေါ်နေဆဲ ဖြစ်သည်။

"ဟဲ့... လင်းယွမ်... နင် အသံတိတ်သွားတာလား... စကားမပြောရဲတော့ဘူးလား"

"အခုချက်ချင်း ဒူးထောက်ပြီး အစ်ကိုကြီးဝမ်ရဲ့ အခန်းဝမှာ ခွေးဟောင်သလို ဟောင်ပြစမ်း... ဒါဆိုရင်တော့ အစ်ကိုကြီးဝမ်ကို နင့်အစား တောင်းပန်ပေးဖို့ စဉ်းစားပေးမယ်"

"ဟဲဟဲ... သေဒဏ်ကို ကင်းလွတ်ခွင့် ပေးနိုင်ပေမယ့် အရှင်လတ်လတ် ငရဲခန်းကိုတော့ နင်ရှောင်လွှဲလို့ မရဘူး... အရင်ဆုံး စောစောက ပါလာတဲ့ သန္ဓေပြောင်း အမျိုးသမီးကို သတ်ပြလိုက်"

"နင့်ရဲ့ သစ္စာရှိမှုကို အစ်ကိုကြီးဝမ် မြင်အောင် ပြလိုက်စမ်း"

"အဲဒီမိန်းမကို သတ်ပြီးလို့ အစ်ကိုကြီးဝမ် ကျေနပ်သွားရင်တော့"

သူမ စကားမဆုံးခင်မှာပင် တံခါးပွင့်လာသည်။

ထို့နောက် အလောင်းတစ်လောင်း ဒလိမ့်ခေါက်ကွေး ဝင်လာ၏။

"အားးးးးး"

ကျန်းယွမ်ယွမ် လန့်ဖျပ်သွားပြီး စူးစူးဝါးဝါး အော်ဟစ်ကာ ဘေးသို့ အမြန်ရှောင်လိုက်သည်။

လင်းယွမ်က အခန်းထဲသို့ ခြေလှမ်းကျဲကြီးဖြင့် ဝင်လိုက်ရာ အခန်း ၃၂၁၁ အတွင်း၌ ပစ္စည်းမျိုးစုံ ပုံထားသည်ကို တွေ့လိုက်ရသည်။

ဆန်၊ ဆီ၊ ဆား၊ ရေပုလင်းများ၊ မုန့်များနှင့် သစ်သားတို သစ်သားစများ စသည်ဖြင့် ပစ္စည်းအစုံအလင် ရှိနေသည်။

ဤနေရာသည် ဝမ်ကျဲ ပစ္စည်းဝှက်ထားသော နေရာဖြစ်ပုံရ၏။

ကျန်းယွမ်ယွမ်က ကြမ်းပြင်ပေါ်ရှိ အလောင်းကို ထိတ်လန့်တကြား ကြည့်လိုက်ရာ ထိုအလောင်းမှာ မည်သူဖြစ်ကြောင်း သဲကွဲစွာ မြင်လိုက်ရသောအခါ မျက်နှာပျက်သွားတော့သည်။

"ဝမ်ကျဲ"

သူမ ကြောက်လန့်တကြားဖြင့် ခြေထောက်များ ပျော့ခွေကာ ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်လျက် ကျသွားပြီး မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။

လင်းယွမ်က သူမရှိရာသို့ တစ်လှမ်းချင်း လျှောက်လာပြီး အေးစက်စွာ ပြုံးလိုက်သည်။

"စောစောက ငါ့ကို ဆဲနေပြီး အရမ်းပျော်နေတယ်ပေါ့"

ကျန်းယွမ်ယွမ်မှာ ကြောက်လန့်လွန်းသဖြင့် မျက်ရည်များ စီးကျလာပြီး အလျင်အမြန် တောင်းပန်တော့သည်။

"လင်းယွမ်... အစ်ကိုကြီးလင်း... ညီမ... ညီမက အတင်းအဓမ္မ ခိုင်းစေခံရတာပါ"

"အကုန်လုံး ဝမ်ကျဲ လက်ချက်ပါ... ဒီ ဝမ်ကျဲ ဆိုတဲ့ တိရစ္ဆာန်ကောင်လေ... သူက ညီမကို ဒီမှာ ပိတ်လှောင်ထားပြီး ဒီလိုတွေ လုပ်ခိုင်းတာပါ"

"ညီမ ဘာမှ မလုပ်ချင်ပါဘူး... သူ အတင်းလုပ်ခိုင်းလို့ လုပ်ရတာပါ"

"ဒါနဲ့... ညီမရဲ့ ဦးလေးက ကျန်းကောချန်လေ... အစ်ကိုကြီး သိတယ်မလား... ဦးလေးက အစ်ကိုကြီးကို ပြောပြဖူးတယ်မလား... ညီမကို သူတို့ ဖမ်းခေါ်လာကြတာပါ"

"ညီမကို မသတ်ပါနဲ့နော်... တောင်းပန်ပါတယ်... မသတ်ပါနဲ့"

လင်းယွမ်က မထီမဲ့မြင် ပြုံးလိုက်၏။

"စောစောက ငါ ကျန်းကောချန် နာမည်ကို ထည့်ပြောတုန်းက နင် ဒီလိုမပြောပါလား"

"ညီမ မပြောရဲလို့ပါ... ဝမ်ကျဲက ဘေးနားမှာ ရှိနေတာလေ... ညီမ ဘာမှ မလုပ်ရဲဘူး... သူခိုင်းတာပဲ လုပ်ရတာ"

"အစ်ကိုကြီး အာရုံပြောင်းသွားအောင် သူက ညီမကို အဲဒီလို ဆဲခိုင်းတာပါ"

"ညီမက ဘယ်လိုလုပ် ဆဲတတ်မှာလဲ... ငယ်ငယ်ကတည်းက ကြီးလာတဲ့အထိ ညစ်ညစ်ညမ်းညမ်းတွေ တစ်ခွန်းမှ မပြောဖူးပါဘူး"

"စောစောက ပြောတဲ့စကားတွေ အကုန်လုံး သူသင်ပေးထားတာတွေပါ"

"အစ်ကိုကြီးလင်းရယ်... ညီမ ပြောတာတွေ အကုန် အမှန်တွေပါ... တကယ် ပြောနေတာပါ"

သူမက မျက်ရည်စက်လက်ဖြင့် တောင်းပန်အသနားခံနေရှာသည်။

လင်းယွမ် နီးကပ်လာသည်ကို မြင်သောအခါ သူမက ခြေရော လက်ပါ အသုံးပြု၍ နောက်သို့ ဆုတ်သွားသည်။

ထိုသို့ နောက်ဆုတ်ရင်း တမင်တကာ ပေါင်ကို ဟပေးလိုက်ရာ စကတ်တိုအောက်မှ မြင်ကွင်းက အတိုင်းသား ပေါ်လာတော့သည်။

ဤကဲ့သို့ အချိန်မျိုးရောက်နေပြီ ဖြစ်သော်လည်း သူမ၏ အားသာချက်ကို အသုံးချရန် မမေ့ပေ။

အလှအပသည် သူမ၏ အကြီးမားဆုံး လက်နက် ဖြစ်သည်။

သူမသည် ဤအလှအပကို အသုံးပြု၍ ဝမ်ကျဲကို မြှူဆွယ်ခဲ့ခြင်း ဖြစ်သည်။

ဝမ်ကျဲကဲ့သို့ သန္ဓေပြောင်းအစွမ်းရှိသူ တစ်ယောက်ကို သူမနားမှ မခွာနိုင်အောင် ချုပ်ကိုင်ထားပြီး သူမ၏ လက်ခုပ်ထဲမှ ရေကဲ့သို့ ကစားနိုင်ခဲ့သည်။

ဤကဲ့သို့သော ယောက်ျားများကို သူမ ကောင်းကောင်း နားလည်သည်။

သူမ၏ ရုပ်ရည်၊ သူမ၏ ခန္ဓာကိုယ်အချိုးအစားကို မြင်ပြီး ရှေ့မှ လူစိတ်မလှုပ်ရှားဘဲ နေမည်ကို သူမ မယုံပေ။

တစ်ဖက်လူ စိတ်လှုပ်ရှားသွားသည်နှင့်... သူမကို လိုချင်သွားသည်နှင့်...

သူမ အသက်ရှင်ရန် နည်းလမ်း ရှိပြီဖြစ်သည်။

သူမက ဒူးနှစ်ဖက်ကို စုစည်းကာ နောက်သို့ ဆုတ်သွားရင်း ကြာပန်းဖြူလေး တစ်ပွင့်နှယ် ငိုကြွေးနေသည်။

ထို သနားစရာကောင်းပြီး အားနွဲ့နေပုံရသော ဟန်ပန်က အမျိုးသားများ၏ ကာကွယ်ပေးလိုစိတ်ကို အလွယ်တကူ နှိုးဆွပေးနိုင်စွမ်း ရှိ၏။

သို့ရာတွင် သူမ လုံးဝ နားမလည်သည်မှာ ရှေ့မှ အမျိုးသားသည် စိတ်စွမ်းအင် ၇.၇ အထိ ရှိသူ ဖြစ်သည် ဆိုသော အချက်ပင်။

ဤမျှလောက်သော မြှူဆွယ်မှုဖြင့် လင်းယွမ်၏ နှလုံးသားကို တုန်လှုပ်အောင် မစွမ်းဆောင်နိုင်ပေ။

လင်းယွမ်က ရက်စက်စွာ ပြုံးလိုက်ပြီး လက်ထဲမှ သံတုတ်ကို မြှောက်လိုက်သည်။

"နင့်လို ကောင်မမျိုးကများ ငါ့ကို မြှူဆွယ်ချင်နေသေးတယ်"

"ဒုန်း"

သံတုတ်က ပြင်းထန်စွာ ကျရောက်သွားပြီး ကျန်းယွမ်ယွမ်၏ ခေါင်းကို ရိုက်ခွဲလိုက်လေသည်။

တခဏအတွင်း၌ပင် ကျန်းယွမ်ယွမ်၏ ဦးခေါင်းခွံ ပိန်ချိုင့်ကွဲအက်သွားပြီး ဦးနှောက်များ ပြန့်ကျဲထွက်လာ၏။

လင်းယွမ်က သံတုတ်ကို ပြန်ရုတ်သိမ်းလိုက်ရင်း အေးစက်စွာ ရယ်မောလိုက်သည်။

"အမမေရဲ့ တစ်ဝက်လောက်တောင် မရှိဘဲနဲ့ သူများတွေကို လိုက်မြှူဆွယ်ချင်နေတယ်... ရယ်စရာကောင်းလိုက်တာ"

ဤမိန်းမက လုံးဝ အကျင့်မကောင်းသည့်မိန်းမပင်။

ဝမ်ကျဲနှင့် ပူးပေါင်း၍ ကျွမ်းကျင်စွာ လုပ်ဆောင်နေပုံကို ကြည့်ခြင်းအားဖြင့် ဤကဲ့သို့သော အလုပ်မျိုးကို မကြာခဏ လုပ်ဖူးပုံရသည်။

သို့သော် လင်းယွမ် မသိလိုက်သော အချက်မှာ... စောစောက သူသတ်ဖြတ်လိုက်သော ဝမ်ကျဲသည် ဟန်ဆောင်ကောင်းသည့် မိန်းမယုတ်တစ်ယောက်၏ ကစားခြင်းကို ခံလိုက်ရသည့် သနားစရာကောင် ဖြစ်နေခြင်းပင်။

လွန်ခဲ့သည့် ရက်များအတွင်း ကျန်းယွမ်ယွမ်သည် အချစ်ကို ခုတုံးလုပ်၍ ဝမ်ကျဲကို တွယ်ကပ်နေခဲ့သည်။

ရိုးအသော ဝမ်ကျဲကို မျှော်လင့်ချက်များ ပေးပြီး ဆွဲထားခဲ့ခြင်း ဖြစ်သည်။

သနားစရာ ဝမ်ကျဲမှာ သေဆုံးသည်အထိ ထိုမိန်းမ၏ အသားကိုပင် ထိခွင့်မရခဲ့ရှာပေ။

သူသည် သစ်ဖောင်ဖွဲ့ပြီးပါက ဤအဆောက်အအုံမှ ထွက်ခွာပြီး ကျန်းယွမ်ယွမ်ကို သူမ၏ နေအိမ်သို့ လိုက်ပို့ပေးရန် စိတ်ကူးယဉ်နေခဲ့ခြင်း ဖြစ်သည်။

လင်းယွမ်က အလောင်းနှစ်လောင်းကို လျစ်လျူရှုကာ လူမရှိခိုက် ပစ္စည်းများကို လျင်မြန်စွာ သိမ်းဆည်းလိုက်သည်။

ပစ္စည်းအားလုံးကို ပစ္စည်းသိုလှောင်ခန်းထဲသို့ ထည့်လိုက်သဖြင့် အမှတ်အချို့ သက်သာသွားသည်။

"ဒီပစ္စည်းတွေ ရပြီဆိုတော့ အချိန်အတိုင်းအတာ တစ်ခုအထိ အစားအစာတွေအတွက် သီးသန့် ကံစမ်းမဲ နှိုက်နေစရာ မလိုတော့ဘူး"

"ဒါနဲ့... ချန်ဟုန်နဲ့ ကျိုးဝမ်တို့ ဘယ်မှာ နေတာလဲ... ဒီနှစ်ယောက်က ဝမ်ကျဲရဲ့ လက်ရုံးတွေဆိုတော့ သူတို့ဆီမှာလည်း အစားအသောက်တွေ အများကြီး ဝှက်ထားမှာ သေချာတယ်"

လင်းယွမ်က တွေးတောမိသည်နှင့် အခန်းထဲမှ ထွက်ကာ အောက်ထပ်သို့ ဆင်းပြီး ရှာဖွေတော့သည်။

တိုက်တွဲ ၆ ၏ အပေါ်ဆုံးထပ်သည် ဝမ်ကျဲနှင့် သူ၏ အဓိက အပေါင်းအပါများ နေထိုင်ရာ နေရာဖြစ်သည်။

လင်းယွမ် သတ်ဖြတ်ခဲ့သော လူစုသည် ဝမ်ကျဲ အဖွဲ့၏ အမာခံ လူများပင်။

လင်းယွမ်တွင် သော့မရှိသော်လည်း သူ၏ ခွန်အားဖြင့် သော့လိုအပ်ခြင်း မရှိပေ။

တံခါးလက်ကိုင်ကို အတင်းလှည့်ချိုးပြီး ခြေထောက်ဖြင့် ကန်ဖွင့်ကာ ဝင်ရောက်မွှေနှောက် ရှာဖွေတော့သည်။

အောက်ထပ်ရှိ အခန်းနှစ်ခန်းမှ ပစ္စည်းများမှာ အပေါ်ထပ်ရှိ ဝမ်ကျဲအခန်းမှ ပစ္စည်းများထက်ပင် များပြားနေသည်ကို တွေ့ရသည်။

လင်းယွမ်မှာ အံ့သြဝမ်းသာ ဖြစ်သွားရ၏။ "ဒီအခန်းနှစ်ခန်းက ကျိုးဝမ်နဲ့ ချန်ဟုန်တို့ အခန်းတွေ ဖြစ်မယ်"

"ဒီကောင်နှစ်ကောင်က ဝမ်ကျဲကို ကျော်ခွပြီး အစားအသောက်တွေ အများကြီး ခိုးဝှက် စုဆောင်းထားပါလား"

လင်းယွမ် အံ့သြသွားမိသည်။ ဝမ်ကျဲ၏ ဩဇာအာဏာက ဒီလောက်တောင် နည်းပါးသလား။

လက်အောက်ငယ်သားများက သူ့ထက်ပင် ပိုများသော အစားအသောက်များကို ခိုးဝှက်သိမ်းဆည်းထားသည်ကို သူ မသိခဲ့ဘူးလား။

လင်းယွမ်သည် ဝမ်ကျဲ၏ စိတ်နေသဘောထားကို မသိသောကြောင့် ဤသို့ တွေးမိခြင်း ဖြစ်သည်။

ဝမ်ကျဲဆိုသည်မှာ မိန်းမလှည့်စားသမျှ ခံနေရသည့် ရိုးအသူတစ်ယောက်သာ ဖြစ်သည်။

အကယ်၍ သန္ဓေပြောင်းအစွမ်းသာ နိုးထမလာပါက ဝမ်ကျဲ အယောက်တစ်ရာ ရှိနေလျှင်ပင် ချန်ဟုန်နှင့် ကျိုးဝမ်တို့၏ သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။

ပြောနေစရာပင် မလိုပေ... လင်းယွမ်က လျင်မြန်စွာ သိမ်းဆည်းတော့သည်။

အခန်းထဲတွင် မြင်သမျှ အရာအားလုံးကို ပစ္စည်းသိုလှောင်ခန်းထဲသို့ ထည့်လိုက်၏။

မကြာမီ အခန်းတစ်ခုလုံး ပြောင်သလင်းခါသွားသည်။

လင်းယွမ်က အခန်းထဲမှ ထွက်ကာ တစ်ဆောင်လုံးကို လှည့်လည် ရှင်းလင်းရေး လုပ်တော့သည်။

ဤ တိုက်တွဲ ၆ တွင် နေထိုင်သူ အများစုမှာ ရက်စက်ကြမ်းကြုတ်သူများ ဖြစ်ကြသည်။

ထိုသူများထဲတွင် လူမဆန်သော ယုတ်မာမှုများကို လုပ်ဆောင်ခဲ့သူ အများအပြား ပါဝင်သည်။

ထို့ကြောင့် လင်းယွမ်အနေဖြင့် စိတ်မလုံခြုံမှု မရှိဘဲ တံခါးများကို ရိုက်ချိုး ဝင်ရောက်ခဲ့သည်။

လူမရှိသော အခန်းများကို အစားအသောက်များ အကုန်သိမ်းပစ်သည်။

လူရှိသော အခန်းများဆိုလျှင် အိမ်ရှင်ကို ရိုက်နှက်မေ့မြောစေပြီး အစားအသောက် အများစုကို သိမ်းဆည်းကာ အနည်းငယ်သာ ချန်ထားခဲ့သည်။ ကျန်တာကိုတော့ တင်းယန်တို့ သတိရလာမှ ရှင်းလင်းခိုင်းရမည်။

တိုက်တွဲ ၆ တစ်ခုလုံးတွင် လူကောင်းဟူ၍ မရှိသလောက် ဖြစ်သောကြောင့် သူ၏ ရှင်းလင်းရေးမှာ အလွန် လျင်မြန်သည်။

မကြာမီ တိုက်တွဲ ၆ တစ်ခုလုံး ပြီးစီးသွားသည်။

ထို့နောက် တိုက်တွဲ ၅ ဘက်သို့ ကူးကာ ဆက်လက် ရှင်းလင်းသည်။

တိုက်တွဲ ၅ တွင်လည်း လုယက်သတ်ဖြတ်သူများ အများအပြား ရှိသည်။ လင်းယွမ်သည် လက်တွန့်မနေဘဲ အမျိုးသမီးများကို ဖမ်းဆီးချုပ်နှောင် နှိပ်စက်ထားသူများကို တွေ့ရှိပါက ချက်ချင်း သတ်ဖြတ်ပစ်လိုက်သည်။

ထိုအထဲတွင် ဝမ်ကျဲအဖွဲ့ဝင် တစ်ဦးက ဒူးထောက် အသနားခံရင်း လင်းယွမ်အား လျှို့ဝှက်ချက်ကြီးတစ်ခုကို ပြောပြလာသည်။

"မသတ်ပါနဲ့... မသတ်ပါနဲ့... ကျွန်တော်က သစ်သားလှေတွေ ဖောင်တွေ လုပ်တတ်ပါတယ်... ကျွန်တော်က လက်သမားပါဗျ... အစ်ကိုကြီးအတွက် လှေတို့ဖောင်တို့ လုပ်ပေးပါ့မယ်"

အသနားခံနေသူမှာ ဟွမ်ဖူ ဟုခေါ်သော အသက် ၅၀ ကျော် အရပ်ပုပု ဝဝ အဘိုးကြီးတစ်ယောက် ဖြစ်သည်။

သူ၏ အခန်းထဲတွင် သူ့သမီးအရွယ် မိန်းကလေး နှစ်ယောက်ကို ကြိုးတုပ် ဖမ်းဆီးထားသည်။

ထိုမိန်းကလေး နှစ်ယောက်မှာ အဝတ်အစားများ စုတ်ပြဲနေပြီး ခန္ဓာကိုယ်ပေါ်တွင် အညိုအမဲစွဲနေသော ဒဏ်ရာများ ပြည့်နှက်နေရာ နှိပ်စက်ခံထားရကြောင်း သိသာထင်ရှားလှသည်။

လင်းယွမ်၏ စိတ်ထဲတွင် သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်နေပြီ ဖြစ်သော်လည်း လက်သမားဟု ကြားလိုက်ရသဖြင့် ခေတ္တမျှ ရပ်တန့်သွားပြီး မေးလိုက်သည်။ "ခင်ဗျားက လက်သမားလား"

ဟွမ်ဖူက ကြမ်းပြင်ပေါ်တွင် ခေါင်းနှင့် ကြမ်းပြင် မီးပွင့်မတတ် ဦးညွှတ်ကာ ပြောရှာသည်။ "ဟုတ်ပါတယ်... ကျွန်တော် တကယ် လက်သမားပါဗျ... မယုံရင် ခေါင်မိုးထပ်ကို သွားကြည့်လို့ရပါတယ်"

"တိုက်တွဲ ၆ ခေါင်မိုးပေါ်မှာ ဝမ်ကျဲတို့အတွက် လုပ်ပေးထားတဲ့ တစ်ပိုင်းတစ်စ ပြီးနေတဲ့ ဖောင် ရှိပါတယ်"

"ဟမ်... ဝမ်ကျဲတို့လည်း ဖောင် လုပ်နေကြတာလား"

လင်းယွမ် အနည်းငယ် အံ့သြသွားသည်။ ဝမ်ကျဲမှာလည်း ဒီလို အမြော်အမြင် ရှိသည်လား။

"ဟုတ်ပါတယ်... ကျွန်တော် လုပ်ပေးနေတာပါ... ကျွန်တော်က သံမှိုမလိုတဲ့ ဆက်ကြောင်းတွေနဲ့ အိမ်သုံး ဗီရိုတံခါးချပ်တွေ... ပြီးတော့ ကြမ်းခင်း သစ်မာပြားတွေကို ဆက်ပြီး ဖောင်ဖွဲ့စည်းပုံ လုပ်ထားတာပါ... အစ်ကိုကြီး သွားကြည့်လို့ ရပါတယ်... ကျွန်တော် လိုက်ပြပါမယ်"

"ကျွန်တော့်ကို အသက်ချမ်းသာပေးမယ်ဆိုရင် အစ်ကိုကြီးအတွက် ဖောင် လုပ်ပေးပါ့မယ်... မိုးကြီးကလည်း ရွာလို့ မရပ်တော့ဘူး... ရေကြီးလာရင် အဆောက်အအုံ မြုပ်တော့မှာ... ဖောင်မရှိရင် အကုန် ရေနစ်သေကုန်မှာ"

"ကျွန်တော်လုပ်တဲ့ ဖောင်က အရမ်းခိုင်ပါတယ်... ကျွန်တော့်ကို အသက်ချမ်းသာပေးပြီး ထမင်းတစ်လုပ် ကျွေးထားရုံနဲ့ အစ်ကိုကြီးအတွက် အကောင်းဆုံး ဖောင် လုပ်ပေးပါ့မယ်"

ဟွမ်ဖူက အဆက်မပြတ် တောင်းပန်ရင်း သူ၏ အရေးပါပုံကို ထောက်ပြနေသည်။

လင်းယွမ်က သူ့ကို ဖမ်းဆွဲလိုက်ပြီး "လိုက်ပြစမ်း" ဟု ပြောလိုက်သည်။

ဟွမ်ဖူမှာ မငြင်းဆန်ရဲဘဲ လင်းယွမ် ဆွဲခေါ်ရာနောက်သို့ လိုက်ပါသွားပြီး တိုက်တွဲ ၆ ၏ ခေါင်မိုးထပ်သို့ ရောက်ရှိသွားသည်။

တိုက်တွဲ ၆ ၏ ခေါင်မိုးထပ်မှာ အခြားတိုက်တွဲများနှင့် မတူပေ။ တိုက်တွဲတစ်ခုနှင့် တစ်ခုကြားတွင် ၆ ပေခန့် မြင့်သော နံရံပုလေးများဖြင့် ခြားထားသည်။

မူလက ဤနေရာများသည် အပေါ်ထပ်တွင် နေထိုင်သူများအတွက် ကိုယ်ပိုင်နေရာများ ဖြစ်ပြီး စောင်၊ ခြင်ထောင်လှန်းခြင်း၊ လေညင်းခံခြင်း၊ အရက်သောက်ခြင်းများ ပြုလုပ်လေ့ရှိကြသည်။

အချို့သော အပေါ်ထပ်နေထိုင်သူများက စည်းကမ်းချိုးဖောက်ပြီး မှန်လုံအိမ်များပင် ဆောက်လုပ်ထားကြသည်။

သို့သော် နေရာလွတ် အများစုကို ပန်းအိုးများနှင့် ဖော့ဘူးများက နေရာယူထားကြသည်။

ထိုပန်းအိုးများနှင့် ဖော့ဘူးများထဲတွင် မြေကြီးများဖြင့် ပြည့်နှက်နေပြီး အတွင်း၌ မိုးရေမြုပ်နေသော စိုက်ခင်းများစွာ ရှိနေသည်။

အပေါ်ထပ် နေထိုင်သူများက ခေါင်မိုးပေါ်တွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးထားကြပုံရသည်။

တိုက်တွဲ ၆ ရှိ အပင်စိုက် ပန်းအိုးများနှင့် ဖော့ဘူး အများစုကို ထောင့်တစ်နေရာတွင် ပုံထားသည်ကို လင်းယွမ် သတိပြုမိလိုက်သည်။

ကွင်းပြင်အလယ်တွင် တည်ဆောက်လက်စ ဖောင်တစ်ခုကို တွေ့လိုက်ရသည်။

ဘေးနားရှိ မှန်လုံအိမ်ထဲတွင် သစ်သားပြားများ၊ အလူမီနီယံချောင်းများနှင့် သံပိုက်လုံး အများအပြားကို ပုံထားသည်။

လင်းယွမ်က ဖောင်ကို မြင်လိုက်သောအခါ စိတ်ထဲ၌ ဝမ်းသာသွားသည်။

ဤဖောင်၏ တည်ဆောက်မှု အခြေအနေက မိမိတို့ဘက်မှ ဖောင်ထက် များစွာ ခရီးရောက်နေသည်။

လင်းယွမ်က ဟွမ်ဖူဘက်သို့ လှည့်ကြည့်လိုက်ပြီး "ဒါတွေက တကယ် ခင်ဗျား ဆောက်ထားတာလား" ဟု မေးလိုက်သည်။

"ဟုတ်ပါတယ်... တကယ်ပါ... ကျွန်တော် ဘုရားစူး မိုးကြိုးပစ် ကျိန်ရဲပါတယ်" ဟွမ်ဖူက ချက်ချင်း ကျိန်တွယ်ပြသည်။

လင်းယွမ်၏ မျက်လုံးများ အရောင်လက်သွားပြီး အများစု ပြီးစီးနေပြီဖြစ်သော ဖောင်ကို ကြည့်ကာ တစ်ခဏမျှ စဉ်းစားလိုက်သည်။ ထို့နောက် ဟွမ်ဖူဘက်သို့ ချက်ချင်း လှည့်လိုက်သည်။

ဟွမ်ဖူမှာ ကြောက်လန့်တကြား ဖြစ်သွားသော်လည်း မျက်နှာတွင် အလိုလိုက် အကြိုက်ဆောင်သော အပြုံးကို ပန်ဆင်ထားဆဲ ဖြစ်သည်။

"အစ်ကိုကြီး စိတ်ချပါ... ကျွန်တော်က ဝါရင့် လက်သမားပါ... ငယ်ငယ်ကတည်းက ဆရာ့ဆီမှာ ပညာသင်လာတာပါ... ဒီလို ဖောင်လောက်က လွယ်လွယ်လေးပါ"

"ပစ္စည်းသာ စုံရင် သစ်သားသင်္ဘောတောင် ဆောက်ပေးလို့ ရပါတယ်"

"အစ်ကိုကြီးသာ သင်္ဘောအကြီးကြီး တစ်စင်း ပိုင်ထားရင် ရေဘယ်လောက်ကြီးကြီး... အဆောက်အအုံကြီး မြုပ်သွားပါစေ... သင်္ဘောပေါ်မှာ အေးအေးဆေးဆေး ဝိုင်သောက်... အသားကင်စားပြီး မိန်းမလှလေးတွေနဲ့ ပျော်ပါးနေလို့ ရပါတယ်"

လင်းယွမ်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ "အော်... ခင်ဗျားလိုမျိုး ကိုယ့်သမီးအရွယ် မိန်းကလေးတွေကို ဖမ်းချုပ်ပြီး တိရစ္ဆာန်ထက် ဆိုးတဲ့အလုပ်တွေ လုပ်နေသလိုမျိုးလား"

ဟွမ်ဖူ ကြောင်အသွားပြီး ပါးစပ်ဟကာ တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သည်။

ရုတ်တရက် လင်းယွမ်က လှုပ်ရှားလိုက်ပြီး ညာလက်ထဲမှ သံတုတ်ဖြင့် တွန့်ဆုတ်ခြင်းမရှိ ထိုးစိုက်လိုက်သည်။

"အင့်"

သံတုတ်က ဟွမ်ဖူ၏ ရင်ဘတ်ကို ထိုးဖောက်သွားပြီးနောက် လင်းယွမ်က ပြန်ဆွဲထုတ်လိုက်သည်။

သွေးများ ပန်းထွက်လာပြီး ဟွမ်ဖူက ယုံကြည်နိုင်ခြင်း မရှိသော မျက်လုံးများဖြင့် ရင်ဘတ်ကို ဖိရင်း လက်တစ်ဖက်ဖြင့် လင်းယွမ်ကို ညွှန်ပြကာ "မင်း... မင်း... ဘာ... ဘာလို့လဲ"

လင်းယွမ်က အေးစက်စွာ ပြုံးလိုက်သည်။ "ကျုပ် ခင်ဗျားကို မယုံဘူး"

"ဖောင် လုပ်ရတာ လွယ်တယ်လို့ ခင်ဗျားပဲ ပြောတာမဟုတ်လား... အခု တစ်ပိုင်းတစ်စ ပြီးနေပြီပဲ... ကျုပ်လူတွေကို ဆက်လုပ်ခိုင်းလိုက်ရင် ရပြီလေ"

"ခင်ဗျားလို ဝါရင့် လက်သမားအဘိုးကြီးကို ဆက်လုပ်ခိုင်းရင် ဖောင်ကို ပြုပြင်ထားခဲ့ရင် ဘယ်လိုလုပ်မလဲ"

သူက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ဟွမ်ဖူ၏ ခေါင်းကို ကိုင်ကာ တွန်းလိုက်သည်။

ဟွမ်ဖူမှာ ဆက်လက်ရပ်တည်နိုင်ခြင်း မရှိတော့ဘဲ ကြမ်းပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားသည်။

ရင်ဘတ်မှ သွေးများ စီးကျလာပြီး မိုးရေနှင့် ရောနှောသွားတော့သည်။

လင်းယွမ်က အလောင်းကို လျစ်လျူရှုကာ ဖောင်ကို သေချာ ကြည့်ရှုလိုက်သည်။

"ဖောင်ကတော့ မဆိုးဘူး... သုံးလို့ရမလားတော့ မသိဘူး... နောက်မှ ဦးလေးမာနဲ့ ချိုင်ကြည်တို့ကို လာကြည့်ခိုင်းပြီး နည်းယူခိုင်းရမယ်"

ဟွမ်ဖူ လုပ်ထားသော ဖောင်နှင့် ယှဉ်လျှင် ဦးလေးမာနှင့် ချိုင်ကြည်တို့ လုပ်ထားသော ဖောင်မှာ ရုပ်ဆိုးပြီး ရိုးရှင်းသော်လည်း...

ဘေးကင်းလုံခြုံရေးအရ လင်းယွမ်က ဦးလေးမာနှင့် ချိုင်ကြည်တို့ကို ပိုယုံကြည်သည်။

ဤပစ္စည်းက ရေထဲဆင်းရမည့် အရာဖြစ်သည်... တကယ်လို့များ ဟွမ်ဖူက ပြုပြင်ထားခဲ့ပြီး ရေထဲရောက်မှ ဖောင် ပျက်စီးသွားလျှင် အန္တရာယ် များလွန်းသည်။

လင်းယွမ်က ထောင့်နားတွင် ပုံထားသော ဖော့ဘူးများနှင့် ပန်းအိုးများကို ကြည့်လိုက်သည်။

အထဲတွင် မြေကြီး အနည်းငယ် ကျန်နေသေးသော်လည်း အများစုမှာ မိုးရေ တိုက်စားခံထားရသည်။

အချို့သော အပင်များ မသေသေးသော်လည်း မိုးရေကြောင့် အမြစ်ပုပ်နေပြီ ဖြစ်သည်။

လင်းယွမ်က မြေကြီးများကို နှမြောသဖြင့် အားလုံးကို ပစ္စည်းသိုလှောင်ခန်းထဲသို့ ထည့်လိုက်သည်။

"ဟိုနေ့က အပင်စိုက်အခန်းထဲမှာ အဒေါ်ကြီးလီ ပြောတာ မြေကြီး နည်းလွန်းတယ်တဲ့... အခု ဒါတွေ ယူသွားရင် လောက်နိုင်တယ်"

"ငါ့ရဲ့ သန္ဓေပြောင်း နေကြာစေ့တွေ အပင်ပေါက်နိုင်မလား မသိဘူး"

လင်းယွမ်က တွေးတောရင်း ပန်းအိုးများနှင့် ဖော့ဘူးများကို သိမ်းဆည်းနေသည်။

ရုတ်တရက် သူ့လက်က ရပ်တန့်သွားပြီး ဖော့ဘူးတစ်ခုအောက်မှ ပန်းအိုးလေး တစ်လုံးကို စူးစိုက်ကြည့်လိုက်သည်။

ထိုပန်းအိုးငယ်လေးထဲတွင် အစိမ်းရောင် အပင်လေးတစ်ပင်က ကြံ့ကြံ့ခံ ရှင်သန်နေသည်ကို တွေ့လိုက်ရ၏။

"ဒါက... ရှားစောင်းပင် မလား"

လင်းယွမ် အံ့သြသွားပြီး အခြား ပလပ်စတစ်ပုံးများနှင့် ဖော့ဘူးများကို ဖယ်ရှားလိုက်သည်။

ထို ရှားစောင်းပင်လေးမှာ အပင်သေးသောကြောင့် ဖော့ဘူးအကြီးကြီးဖြင့် ဖုံးအုပ်ခံထားရပြီး မိုးရေနှင့် မထိတွေ့ခဲ့ရခြင်း ဖြစ်သည်။

ယခုအခါ ရှားစောင်းပင်လေးမှာ မိုးရေကြောင့် ပုပ်ပွခြင်း မရှိသည့်အပြင် အပင်ထိပ်ဖျား၌ ခရမ်းရောင်သမ်းနေသော အသီးတစ်လုံးပင် သီးနေလေသည်။

ထိုအသီးမှာ နဂါးမောက်သီး အသေးစားလေးနှင့် တူပြီး ခရမ်းရောင်သမ်းနေကာ ဖော့ဘူးပုံများကြားတွင် သတိထားမိရန် ခက်ခဲလှသည်။

လင်းယွမ်၏ စိတ်နှလုံး လှုပ်ရှားသွားသည်။ "ဒါ သန္ဓေပြောင်း အသီးများ ဖြစ်နေမလား"

လောလောဆယ် သူသိထားသည်မှာ အချို့သောအပင်များသည် သန္ဓေပြောင်း အသီးများ သီးနိုင်ကြောင်း ဖြစ်သည်။

စားသုံးပြီးပါက သန္ဓေပြောင်းအစွမ်းများ နိုးထလာနိုင်ရုံသာမက စိတ်ဝေဒနာ ခံစားရမည့် အန္တရာယ်လည်း မရှိပေ။

လင်းယွမ်က ရှားစောင်းပင်လေးကို ကြည့်ကာ ဖော့ဘူးများကြားမှ ဂရုတစိုက် ထုတ်ယူလိုက်သည်။

"ကံစမ်းမဲ စနစ်မှာ ပစ္စည်းစစ်ဆေးတဲ့ လုပ်ဆောင်ချက် မပါတာ ဆိုးတာပဲ"

လင်းယွမ် စိတ်ပျက်သွားသည်။ သူကိုယ်တိုင်တော့ ဤအသီးကို စားမည် မဟုတ်။ အဆိပ်ရှိမရှိ ဘယ်သူပြောနိုင်မှာလဲ။

သူ့တွင် စနစ် ရှိပြီးသား ဖြစ်၍ အချိန်မရွေး အရည်အသွေးမှတ်များကို မဲနှိုက်ရယူနိုင်ရာ ဤကဲ့သို့ အန္တရာယ်ကို စွန့်စားစရာ မလိုပေ။

"နောက်မှ ကျောက်ခိုင်ကို စမ်းခိုင်းကြည့်ရမယ်"

ကျောက်ခိုင်၏ လက်ကောက်ဝတ် ကျိုးနေသဖြင့် လက်ရှိတွင် တိုက်ခိုက်နိုင်စွမ်း ကျဆင်းနေသည်။ ရေရှည် ဤအတိုင်း သွားနေပါက အဖွဲ့နှင့်အတူ လိုက်ပါနိုင်တော့မည် မဟုတ်ပေ။

အကယ်၍ ဤရှားစောင်းသီးက တကယ်ပဲ သန္ဓေပြောင်းအသီး ဖြစ်နေပြီး ကျောက်ခိုင်ကို သန္ဓေပြောင်းအစွမ်း နိုးထစေနိုင်ခဲ့လျှင်...

ကျောက်ခိုင်၏ အစွမ်းများ တိုးတက်လာပြီး အဖွဲ့၏ အဓိက တိုက်ခိုက်ရေးသမား ပြန်ဖြစ်လာနိုင်သည်။

ပြီးခဲ့သော တိုက်ပွဲများကို ကြည့်လျှင် သူတစ်ယောက်တည်း ရပ်တည်ရန် ခက်ခဲကြောင်း လင်းယွမ် နားလည်လာသည်။

တစ်ကိုယ်တည်း သွားလာခြင်းက လွတ်လပ်သော်လည်း ကိုယ်ပိုင်အင်အားစု တစ်ခု တည်ထောင်ချင်လျှင် အရည်အချင်းရှိသော လက်ထောက်များ မရှိမဖြစ် လိုအပ်သည်။

ဥပမာ ယခု ကျိုးဝမ်နှင့် ချန်ဟုန်တို့ နှစ်လမ်းခွဲ တိုက်ခိုက်လာစဉ်က သူသာ သတိမထားမိလျှင် အိမ်ပါ အသိမ်းခံရနိုင်သည်။

ထို့အပြင် လျှိုအားလုံက လူလွှတ်ပြီး သူ့ကို ၂၉ ထပ်ရှိ မော်ရှောက်ချန်၏ အိမ်တွင် ပိတ်ဆို့ထားကာ အခြားတစ်ဖက်မှ သူ့အိမ်ကို ဝင်ရောက်စီးနင်းခဲ့သည့် ဖြစ်ရပ်မျိုးလည်း ရှိခဲ့သည်။

ဒီအဖြစ်အပျက် နှစ်ခုစလုံးက သူတစ်ယောက်တည်း ဖြစ်နေ၍ နေရာစုံကို မကာကွယ်နိုင်ကြောင်း မီးမောင်းထိုးပြနေသည်။

ထို့ကြောင့် သူ့အနေဖြင့် တစ်ကိုယ်တော် တိုက်ခိုက်နိုင်ပြီး တိုက်ရည်ခိုက်ရည်ရှိသော လက်ထောက်အချို့ကို မွေးမြူထားရန် လိုအပ်သည်။

တင်းယန်က ထိုအထဲတွင် ပါဝင်သော်လည်း လင်းယွမ်က တင်းယန်နှင့် သိပ်အရောဝင်ချင်စိတ် မရှိပေ။

ထိုအမျိုးသမီးက ထိန်းချုပ်လိုစိတ် များပြီး အကြံအစည် များလွန်းသည်။ ရန်မေကဲ့သို့ စကားနားထောင်မည့်ပုံ မပေါ်။

သူငယ်ချင်းအနေနှင့် ဆက်ဆံခြင်းက ပိုကောင်းမွန်သော ရွေးချယ်မှု ဖြစ်လိမ့်မည်။

ဦးလေးမာနှင့် ချိုင်ကြည်တို့ နှစ်ယောက်ကိုမူ လင်းယွမ် စဉ်းစားကြည့်ပြီးနောက် သိပ်မသင့်တော်ဟု မြင်သည်။

သူတို့နှစ်ယောက်စလုံးတွင် မိသားစု ကိုယ်စီ ရှိကြပြီး ကိစ္စတိုင်းတွင် သူတို့မိသားစုကိုသာ ဦးစားပေးကြလိမ့်မည်။

ဒါက အပြစ်ပြောစရာ မဟုတ်သလို လင်းယွမ်လည်း နားလည်ပေးနိုင်သည်။

သို့သော် ဒါက လင်းယွမ် လိုချင်သော အရာ မဟုတ်ပေ။ သူ လိုချင်သည်မှာ သူ့အမိန့်ကို တသဝေမတိမ်း နာခံမည့်သူမျိုး ဖြစ်သည်။

ထို့ကြောင့် တွက်ချက်ကြည့်လိုက်လျှင် တစ်ကိုယ်တည်းသမား ဖြစ်သော ကျောက်ခိုင်က အသင့်တော်ဆုံး ဖြစ်နေသည်။

"သူ့မှာ စမ်းသပ်ရဲတဲ့ သတ္တိ ရှိမရှိပဲ ကြည့်ရတော့မယ်"

လင်းယွမ်က ရှားစောင်းပင်ကို သိမ်းလိုက်ပြီးနောက် ဖော့ဘူးထဲမှ မြေကြီးများကို စုဆောင်းကာ ပစ္စည်းသိုလှောင်ခန်းထဲသို့ ထည့်လိုက်သည်။

ထို့နောက် နံရံကို ကျော်၍ တိုက်တွဲ ၅ ၏ ခေါင်မိုးပေါ်သို့ ကူးသွားသည်။

ထိုနေရာတွင်လည်း မှန်လုံအိမ်များနှင့် ပန်းအိုးများတွင် သီးနှံများ စိုက်ပျိုးထားသည်ကို တွေ့ရသည်။

ငရုတ်ပွ၊ ခရမ်းသီး၊ သခွားသီး စသည်တို့ အဓိက ပါဝင်သည်။

သို့သော် လက်ရှိတွင် ထိုအပင်များအားလုံး ရေနစ်သေဆုံးနေပြီး အများစုမှာ ပုပ်နေပြီ ဖြစ်သည်။

လင်းယွမ်က အားလုံးကို ပစ္စည်းသိုလှောင်ခန်းထဲသို့ ထည့်လိုက်သည်။ မြေကြီးက တန်ဖိုးရှိသောကြောင့် နောင်တွင် အခြားအရာများ စိုက်ပျိုးရန် အသုံးပြုနိုင်သည်။

သူ ဆက်လက် ရှာဖွေကြည့်သော်လည်း အသက်ရှင် ကျန်ရစ်သော သန္ဓေပြောင်း အပင်များကို မတွေ့ရတော့ပေ။

ထို့နောက် တိုက်တွဲ ၄ ဘက်သို့ သွားရောက်ကြည့်ရှုရာ တိုက်တွဲ ၄ ခေါင်မိုးထပ်မှ လူများက ပျင်းရိပုံရသည်။ မှန်လုံအိမ် မဆောက်ထားသလို အပင်များလည်း စိုက်ပျိုးထားခြင်း မရှိပေ။

ခေါင်မိုးပေါ်တွင် ရေခံထားသော ပလပ်စတစ်ပုံးများ၊ ကြွေဇလုံများမှလွဲ၍ ဘာမှ မရှိချေ။

လင်းယွမ် စိတ်ပျက်သွားသည်။ တိုက်တွဲ ၁၊ ၂၊ ၃ ဘက်တွင်လည်း နံရံပုလေးများသာ ခြားထားသဖြင့် တစ်ချက်ကြည့်လိုက်ရုံဖြင့် အဆုံးထိ မြင်နေရသည်။

မှန်လုံအိမ်များနှင့် ရေပုံးများမှလွဲ၍ အခြား ဘာမှ မရှိတော့ပေ။

လင်းယွမ်က တိုက်တွဲ ၁ ဘက်သို့ ပြေးသွားပြီး ဦးလေးမာတို့ ပြုလုပ်ထားသော ဖောင်ကို ကြည့်ရှုလိုက်သည်။

လက်ရာနှင့် ပုံပန်းသဏ္ဌာန်အရ ဝမ်ကျဲအဖွဲ့ လုပ်ထားသော ဖောင်ကို မမီပေ။

သို့သော် ကုန်ကြမ်း အသုံးပြုမှုတွင်မူ မိမိတို့ဘက်က ပိုမို ခိုင်ခံ့သည်။

အောက်ခြေတွင် သံပိုက်လုံးနှင့် ပလပ်စတစ်ပိုက်များကို ဂဟေဆော်ပြီး ဘောင်လုပ်ထားကာ အပေါ်တွင် သစ်သားပြားများ ခင်းထားသည်။ အောက်တွင်မူ ဖော့နှင့် ပလပ်စတစ် ပစ္စည်းများ အများအပြား ဖြည့်သွင်းထားသည်။

ဘောင်က ခိုင်ခံ့ပြီး အတွင်း၌ ဖော့နှင့် ပလပ်စတစ်များ ဖြည့်ထားသဖြင့် ရေပေါ်ပေါ်နိုင်စွမ်း ပြဿနာ မရှိနိုင်ပေ။

အလယ်ပိုင်းတွင် အလေးချိန် ပိုဖြည့်ပြီး ဗဟိုချက် ထိန်းညှိပေးရန် လိုအပ်သည်။ သို့မှသာ တိမ်းမှောက်ခြင်း မရှိမည် ဖြစ်သည်။

လင်းယွမ်က နှိုင်းယှဉ် သုံးသပ်ကြည့်ပြီးနောက် စိတ်ကူးအချို့ ရသွားသည်။

"ဝူးးးး"

စဉ်းစားနေစဉ်မှာပင် အဝေးမှ ကျယ်လောင်သော လေတိုးသံကဲ့သို့ အသံနက်ကြီးကို ကြားလိုက်ရသည်။

လင်းယွမ် ကြောင်သွားပြီး ကောင်းကင်သို့ မော့ကြည့်လိုက်သည်။

မြင်လိုက်ရသော မြင်ကွင်းကြောင့် မျက်လုံးများ ပြူးကျယ်သွားရ၏။

အဝေးမှ ကောင်းကင်ယံတွင် လေယာဉ်ပျံတစ်စီး မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ ဖြတ်သန်းပျံသန်းလာသည်ကို တွေ့လိုက်ရလေသည်။

ဆက်ရန်...

အပိုင်း (၁၀၂) လေယာဉ်ပျံနှင့် လူ့စိတ်လူ့သဘော

လေယာဉ်ပျံ...

နိုင်ငံတော် အာဏာစက်၏ ပြယုဂ်ဖြစ်သော ထိုအရာက ဤနေရာသို့ ရောက်ရှိလာခဲ့ပြီ။

ဒါက ဘာကိုဆိုလိုသနည်း။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများကို ကယ်တင်နိုင်စွမ်း ရှိနေသေးကြောင်း ပြသနေခြင်းပင်။ ရှာဖွေကယ်ဆယ်ရေးလုပ်ရန် လေယာဉ်များ လွှတ်နိုင်သေးသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

လင်းယွမ်၏ စိတ်ထဲတွင် အံ့သြဝမ်းသာမှုတို့ ဖြစ်ပေါ်လာပြီးနောက် ရုတ်တရက် စိတ်လေးလံသွားခဲ့ရသည်။

သူ ပြဿနာတစ်ခုကို မတွေးမိဘဲ မနေနိုင်ပေ။ အကယ်၍ ကယ်ဆယ်ရေးအဖွဲ့ တကယ်ရောက်လာခဲ့လျှင် ယခင်က လူအများအပြားကို သတ်ဖြတ်ခဲ့သော သူ့လုပ်ရပ်များက ဥပဒေချိုးဖောက်ရာ ကျနေမည်လော။

ထိုအချက်ကို တွေးမိလိုက်သည်နှင့် သူ၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရသည်။ နိုင်ငံတော်က ဝင်ရောက်ကိုင်တွယ်ပြီး ကပ်ဘေးပြီးသွား၍ တည်ငြိမ်သွားသည့်အခါ အတိတ်က အပြစ်များကို ပြန်လည် စာရင်းရှင်းကြမည်လော။ သူ့လို လူအများအပြားကို သတ်ဖြတ်ထားသူအား နိုင်ငံတော်က ဖမ်းဆီးအရေးယူမည်လော။

လင်းယွမ်၏ မျက်နှာထားက ပြောင်းလဲသွားပြီး ကောင်းကင်ထက်မှ လေယာဉ်ပျံကို ကြည့်ရင်း အတွေးပေါင်းများစွာဖြင့် ရှုပ်ထွေးနေလေသည်။

သူ လေယာဉ်ကို ငေးကြည့်နေစဉ်မှာပင် လှေကားထစ်များဆီမှ လူအုပ်ကြီး ရုတ်တရက် ပြေးထွက်လာကြ၏။

အားလုံးက အသံကုန်ဟစ်အော်နေကြသည်။

"လေယာဉ်ဟေ့ လေယာဉ်"

"ငါတို့ လွတ်မြောက်ပြီဟေ့ နိုင်ငံတော်က လာကယ်ပြီ"

"ငါပြောသားပဲ နိုင်ငံတော်က ငါတို့ကို ပစ်မထားပါဘူးဆို မြန်မြန် ကယ်ပါလို့ လှမ်းအော်ကြဟေ့"

"ဒီမှာဗျို့ ကျွန်တော်တို့ ဒီမှာပါဗျ"

"ငတုံးတွေ အဲ့လိုအော်နေရုံနဲ့ မမြင်ရဘူး လေယာဉ်က အမြင့်ကြီး မီးရှို့ မီးခိုးငွေ့တွေနဲ့ သူတို့မြင်အောင် လုပ်"

"ဟုတ်တယ် ဟုတ်တယ် မြန်မြန် မီးရှို့ကြ"

တိုက်တွဲ(၇၆)မှ လူများသည် စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြပြီး အချို့က လက်များကို အားကုန် ဝှေ့ယမ်းပြနေကြသည်။

အချို့ကလည်း စိတ်လှုပ်ရှားစွာဖြင့် မီးရှို့စရာ ပစ္စည်းများကို လိုက်ရှာကာ မီးပုံရှို့ပြီး လေယာဉ်ပျံ သတိထားမိစေရန် ကြိုးစားကြလေသည်။

လူတိုင်း စိတ်လှုပ်ရှား ဝမ်းသာနေကြပြီး မျက်ဝန်းများတွင် မျက်ရည်များ ပြည့်လျှံနေကြ၏။

တိုက်တွဲ(၇၆)မှ လူများသာမက မျက်နှာချင်းဆိုင် တိုက်တွဲ(၇၅)၏ ခေါင်မိုးပေါ်တွင်လည်း လူအများအပြား ပြေးတက်လာကြပြီး အော်ဟစ်နေကြသည်။

လင်းယွမ်နှင့် တစ်ကြိမ် အရောင်းအဝယ် လုပ်ဖူးသော တာအိုဆရာလင်းသည်လည်း ယခုချိန်တွင် အားကုန်ထုတ်ကာ သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်ပြီး လေထဲတွင် ကြီးမားသော ရွှေရောင် စာလုံးကြီးများ ဖြစ်ပေါ်လာစေသည်။

နိုင်ငံတကာ အရေးပေါ် ကယ်ဆယ်ရေး အမှတ်အသား [SOS]။

ဤနည်းလမ်းက မီးတုတ်များ၊ မီးခိုးငွေ့များထက် ပို၍ ထင်ရှားပြီး မျက်စိကျစရာ ဖြစ်နေသဖြင့် တိုက်တွဲ(၇၅)မှ လူများက စိတ်လှုပ်ရှားစွာ အော်ဟစ်ကြရင်း ကောင်းကင်သို့ မော့ကြည့်ကာ အကူအညီတောင်းခံကြသည်။

မိန်တုဥယျာဉ် အိမ်ရာဝင်းအတွင်းရှိ အခြားတိုက်များပေါ်တွင်လည်း လှုပ်ရှားမှုများကို သတိပြုမိသွားကြပြီး ခေါင်မိုးများပေါ်သို့ ပြေးတက်လာကြသည်။

လူတစ်ဦးက ကောင်းကင်ယံသို့ လက်ဝါး ရိုက်ထုတ်လိုက်ရာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီးများ ထွက်ပေါ်လာသည်၊ မည်သည့်အစွမ်းမှန်း မသိရပေ။

အခြား တိုက်တစ်တိုက်မှ အမျိုးသမီးတစ်ဦးကလည်း လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ လက်ဝါးပြင်မှ မီးတောက်များ ပန်းထွက်လာပြီး ပေပေါင်းများစွာမြင့်သော မီးလှိုင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ခွန်အားအမျိုးအစား သန္ဓေပြောင်း အစွမ်းပိုင်ရှင်တစ်ဦးကလည်း သံတူကြီးကို ကိုင်ဆောင်ကာ စတီး ရေလှောင်ကန်ကို အားကုန်ထုနှက်ပြီး ကျယ်လောင်သော အသံများ ထွက်ပေါ်လာစေရန် ဖန်တီးကာ လေယာဉ်ပျံကို ဆွဲဆောင်နေသည်။

ရောင်စုံမြူခိုးများကို ထိန်းချုပ်ပြီး ကောင်းကင်ယံတွင် ရောင်စုံ အကူအညီတောင်းခံသည့် အမှတ်အသားများ ဖန်တီးပြသူပင် ရှိသေးသည်။

ခဏချင်းအတွင်းမှာပင် အိမ်ရာဝင်းအတွင်းနှင့် အဝေးမှ တိုက်မြင့်များပေါ်တွင် သန္ဓေပြောင်း အစွမ်းပိုင်ရှင်များ ထွက်ပေါ်လာကြပြီး ထူးဆန်းသော အစွမ်းများကို အသီးသီး ထုတ်ဖော်ပြသနေကြလေသည်။

ထိုမြင်ကွင်းက အားလုံးကို တုန်လှုပ်သွားစေသည်။

ပုံမှန်ကမ္ဘာကြီးက တကယ် ပြောင်းလဲသွားခဲ့ပြီကိုး... သူတို့ သတိမထားမိလိုက်ခင်မှာပင် သန္ဓေပြောင်း အစွမ်းပိုင်ရှင် များစွာ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။

လင်းယွမ်၏ မျက်နှာထား တည်ကြည်လေးနက်သွားသည်။ "မီးတွေ လျှပ်စီးတွေကိုပါ ထိန်းချုပ်နိုင်တဲ့သူတွေ ရှိနေတာလား"

"ဒီလို သန္ဓေပြောင်းအစွမ်းတွေနဲ့သာ တကယ် တိုက်ခိုက်လာရင် ငါ ယှဉ်နိုင်ပါ့မလား"

လင်းယွမ်၏ စိတ်ထဲတွင် အန္တရာယ် အငွေ့အသက်များကို ခံစားလိုက်ရသည်၊ လူတိုင်း၏ ခန္ဓာကိုယ်ထဲတွင် သန္ဓေပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို သူ သိသည်။

ထို့ကြောင့် သီအိုရီအရ ပြောရလျှင် လူတိုင်း အစွမ်းပိုင်ရှင် ဖြစ်လာနိုင်ခြေ ရှိသည်။

သန္ဓေပြောင်းလဲချိန်တွင် ဖြစ်ပေါ်လာသော စိတ်ကစဉ့်ကလျား ဖြစ်မှုဒဏ်ကို ခံနိုင်ရည်ရှိပြီး မိမိကိုယ်မိမိ ထိန်းသိမ်းနိုင်ပါက အစွမ်းပိုင်ရှင်အဖြစ် အောင်မြင်စွာ နိုးထလာနိုင်မည်။ သို့မဟုတ်ပါက ဝမ်ယန်မေကဲ့သို့ သတ္တဝါဆိုးကြီး ဖြစ်သွားလိမ့်မည်။

သူ့မျက်နှာထား လေးနက်နေသော်လည်း ပတ်ဝန်းကျင် တိုက်များမှ ထွက်ပေါ်လာသော အစွမ်းပိုင်ရှင်များကို ကြည့်ပြီး အံ့သြမနေပေ။

ဒါက ဖြစ်လာမည့်ကိစ္စသာ ဖြစ်သည်။ သို့သော် သူ့ကို ဖိအားပေးနေသည်မှာ ထိုအစွမ်းပိုင်ရှင်များ၏ အစွမ်းနှင့် အင်အားများပင် ဖြစ်သည်။

လက်ရှိအခြေအနေအရ သူ့ခန္ဓာကိုယ် အားဖြည့်ထားမှု အများစုမှာ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုဖက်သို့ အလေးသာနေသည်။

သို့သော် အချို့ အစွမ်းပိုင်ရှင်များက မီးနှင့် လျှပ်စီးကဲ့သို့သော ဓာတ်ကြီးငါးပါး ကို ထုတ်လွှတ်တိုက်ခိုက်နိုင်ကြသည်။

သူ့လက်ရှိ ခန္ဓာကိုယ် ကြံ့ခိုင်မှုက ထိုကဲ့သို့သော တိုက်ခိုက်မှုများကို ခံနိုင်ရည် ရှိမရှိ သူ မသိပေ။

"အစ်ကိုလင်း"

"လင်းယွမ် လေယာဉ်ဟေ့ လေယာဉ်ကြီးကွ"

ထိုအချိန်တွင် ကျောက်ခိုင်၊ ဦးလေးမာနှင့် ချိုင်ကြည်တို့ လူအုပ်ကြားမှ တိုးထွက်လာကြသည်။

သူတို့သုံးဦးသည်လည်း အလားတူ စိတ်လှုပ်ရှားနေကြပြီး လင်းယွမ်ကို လှမ်းအော်ပြောနေကြ၏။

လင်းယွမ်ကတော့ သိပ်ပြီး စိတ်လှုပ်ရှားမနေဘဲ ခေါင်းညိတ်ပြလိုက်သည်။ "အေး ငါ မြင်တယ်"

"သူတို့ ငါတို့ကို မြင်ပါ့မလား လာကယ်ပါ့မလား" ဦးလေးမာက စိတ်လှုပ်ရှားစွာ မေးသည်။

လင်းယွမ် ခေါင်းခါလိုက်သည်။ "ကျွန်တော်လည်း မသိဘူး"

"ဟားဟား ငါတို့ လွတ်ပြီကွ ငါတို့ လွတ်ပြီ မြန်မြန် မီးတုတ်တွေ ရှို့ကြဟေ့ ဖယ်ကြစမ်း အကုန် ဖယ်ကြ"

ထိုစဉ် ခပ်ဝဝ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး စိတ်လှုပ်ရှားစွာ အော်ဟစ်လျက် လူအုပ်ကို တွန်းဖယ်ကာ ရှေ့ထွက်လာသည်။ သူ၏ လက်ထဲတွင် မီးတုတ်ကို ကိုင်မြှောက်ထားပြီး ကောင်းကင်မှ လေယာဉ်ပျံကို ဝှေ့ယမ်းပြနေသည်။

သည်းထန်စွာ ရွာသွန်းနေသော မိုးရေများကပင် သူ့မီးတုတ်ကို မငြိမ်းသတ်နိုင်ပေ၊ မည်သည့်လောင်စာ သုံးထားသည် မသိရ။

ထိုဝဖြိုးဖြိုး လူကြီးသည် ကောင်းကင်ကို မော့ကြည့်ရင်း လေယာဉ်ပျံရှိရာဘက်သို့ လိုက်ပါရန် ဘေးလူများကို အတင်းတိုးဝှေ့ ဖယ်ရှားနေသည်။

မကြာမီ လင်းယွမ်၏ ရှေ့သို့ ရောက်လာ၏။

သူက ယခင်ကလို သိမ်ငယ်မနေတော့ဘဲ လင်းယွမ်၏ ရင်ဘတ်ကို အားနှင့် တွန်းလိုက်ကာ အော်ဟစ်လိုက်သည်။ "ဖယ်စမ်း"

လင်းယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး ဖယ်မပေးသည့်အပြင် ရင်ကို ကော့လိုက်ရာ ထိုလူ "အမလေး" ဟု အော်ရင်း လွင့်စင်လဲကျသွားသည်။

သူက လင်းယွမ်ကို မော့ကြည့်ပြီး ဒေါသတကြီး ဆဲဆိုလေသည်။ "လင်း မျိုးရိုး... မင်းက မောက်မာရဲသေးတယ်ပေါ့"

"နိုင်ငံတော်က ငါတို့ကို လာကယ်တော့မှာကွ မင်းလို လူသတ်ကောင်ကို အဲ့ကျရင် ဖမ်းတော့မှာ"

"မင်းရော... မင်းတို့ကောင်တွေရော ဘယ်မှ ပြေးမလွတ်ဘူး"

သူက ကျောက်ခိုင်၊ မာကောချိုင်နှင့် ချိုင်ကြည်တို့ကို လက်ညှိုးထိုးကာ ဒေါသတကြီး အော်ဟစ်နေသည်။

ကျောက်ခိုင်၏ စိတ်လှုပ်ရှားနေမှုများ ချက်ချင်း ပျောက်ဆုံးသွားပြီး ခေါင်းပေါ်မှ လေယာဉ်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ထိုလူကို ငုံ့ကြည့်လိုက်သည်။

"ခင်ဗျား... ခင်ဗျား ဘာပြောတယ်"

မာကောချိုင်လည်း သတိဝင်လာပြီး ထိုဝဖြိုးဖြိုး လူကြီးကို ကြည့်လိုက်သည်။ သူ ထိုလူကို သိပုံရ၏။ "လျှိုချန်ဖာ... ခင်ဗျား ဘာတွေ လာရွီးနေတာလဲ... ကျုပ်တို့သတ်တာ လူဆိုးတွေလေဗျာ"

လျှိုချန်ဖာက ကြမ်းပြင်ပေါ်မှ ကုန်းထလာပြီး ဟားတိုက် ရယ်မောလိုက်သည်။ "လူဆိုး ဟုတ်လား... လူဆိုးဆိုရင် မင်းတို့က သတ်ပစ်ရရောလား... လူသတ်ဖို့ မင်းတို့ကို ဘယ်သူက အာဏာ ပေးထားလို့လဲ"

"မင်းတို့က အလုပ်သမားတွေပဲကို ဘာအခွင့်အရေးနဲ့ လူသတ်တာလဲ"

"အထူးသဖြင့် မင်းပဲ... လင်းမျိုးရိုး... မင်းက ခွန်အားနည်းနည်း ရှိတာနဲ့ စားစရာတွေ အများကြီးကို သိမ်းပိုက်ထားတယ် အဲ့တာ ဘာသဘောလဲ"

"ငါ ပြောလိုက်မယ် မင်း စောင့်နေလိုက် လေယာဉ်ဆင်းလာပြီး ကယ်ဆယ်ရေး ရောက်လာတာနဲ့ နိုင်ငံတော်က မင်းလိုကောင်ကို အရင်ဆုံး ကိုင်တွယ်လိမ့်မယ်"

"တိုင်းပြည် ဒုက္ခရောက်နေချိန်မှာ မင်းတို့လို ကပ်ပါးကောင်တွေက ဝိုင်းကူရမယ့်အစား အစာတွေ လှောင်ပြီး ဈေးကစားတယ် မင်းတို့ အကုန် သေသင့်တာ ထွီ"

သူ့စကားက လူအများ၏ စိတ်ကို ဆွပေးလိုက်သလို ဖြစ်သွားသည်။

ဤလူများထဲတွင် လင်းယွမ်တို့ အစာရေစာ အများအပြား ပိုင်ဆိုင်ထားမှုကို မနာလိုဖြစ်နေသူ များစွာရှိသည်။

သူတို့မှာတော့ ဗိုက်ဝဖို့ ငါးဖမ်းနေရသည်၊ သို့မဟုတ် ဖမ်းရသမျှငါးကို လင်းယွမ်ထံ သွားလဲနေရသည်။

ယခင်က လျှိုအားလုံ၊ ဝမ်ကျဲတို့ လက်ထဲမှ ကယ်တင်ပေးခဲ့သည့်အတွက် လင်းယွမ်ကို ကျေးဇူးတင်ခဲ့ကြကောင်း တင်ခဲ့ကြလိမ့်မည်။

သို့သော် သူတို့၏ ရင်ထဲ၌ လင်းယွမ်တို့ကို မနာလို မဖြစ်ဘဲ နေပါမည်လော။

မနာလိုဝန်တိုစိတ် ဆိုသည်မှာ လူတိုင်းတွင် ရှိတတ်စမြဲ။

လူ့စိတ်လူ့သဘော ဆိုသည်မှာ အလွန် ရှုပ်ထွေးလှသည်။

ယခု နိုင်ငံတော် ကယ်ဆယ်ရေး၏ မျှော်လင့်ချက်ရောင်ခြည်ကို မြင်လိုက်ရသည်နှင့် အချို့က ငြိမ်မနေနိုင်တော့ဘဲ ထဖောက်လာကြသည်။

ရှေ့မှ လျှိုချန်ဖာ ဆိုသူက ထိုအထဲမှ တစ်ယောက်သာ ဖြစ်သည်။

သာမန် ဝန်ထမ်းတစ်ဦးဖြစ်သော လင်းယွမ်နှင့် ယှဉ်လျှင် လျှိုချန်ဖာက ရေမကြီးခင်က တကယ့် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦး ဖြစ်သည်။

သူက ဘယ်တုန်းကများ ဒီလို ဒုက္ခမျိုး ခံစားခဲ့ဖူးလို့လဲ၊ ဒီလို အပြစ်မျိုး ခံခဲ့ရဖူးလို့လဲ။

လျှိုအားလုံတို့ ဗိုလ်ကျပြီး လူသတ်၊ အစာလုတုန်းကကျတော့ သူ လေတောင် မလည်ရဲခဲ့ပေ။

သူ့အိမ်ကို လျှိုအားလုံလူတွေ သိမ်းပိုက်ပြီး သူ့မိန်းမကို လျှိုအားလုံလူတွေ မုဒိမ်းကျင့်သတ်ဖြတ်သွားတာတောင် သူ အသံတစ်ချက် မထွက်ရဲခဲ့။

စင်္ကြံလမ်းမှာ ခွေးလို ဝပ်နေပြီး အနှိပ်စက်ခံရတုန်းကလည်း အော်ပင် မအော်ရဲခဲ့။

သို့သော် နိုင်ငံတော် ကယ်ဆယ်ရေး လာတော့မည်ကို မြင်လိုက်ရသည့်အခါ သူ၏ ရင်ထဲမှ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်မရတော့ပေ။

အချိန်အတော်ကြာအောင် ခံစားခဲ့ရသည့် ဝမ်းနည်းမှု၊ နာကြည်းမှု၊ ဒေါသအာဃာတများက တာကျိုးသည့်အလား ပေါက်ကွဲထွက်လာတော့သည်။

သူ စိတ်ဖောက်သွားသည့်နှယ် သူ့ကို ကယ်တင်ပေးခဲ့ဖူးသော လင်းယွမ်တို့ကို အော်ဟစ်ဆဲဆိုနေတော့သည်။

အကြောင်းမှာ ယခင်က သူသည် အထက်တန်းလွှာတစ်ယောက် ဖြစ်ပြီး ဤကဲ့သို့ အလုပ်သမားများကို ငုံ့ပင်မကြည့်ခဲ့သူ ဖြစ်သောကြောင့်ပင်။

သို့သော် ဤရေလွှမ်းမိုးမှု ကပ်ဘေးကြီးထဲတွင် သူ အရေးမစိုက်ခဲ့သော အောက်တန်းစားများ၏ အုပ်ချုပ်မှုကို ခံခဲ့ရသည်၊ ကျွန်ပြုခံခဲ့ရသည်၊ အနိုင်ကျင့်ခံခဲ့ရသည်။

သူ့စိတ်ထဲတွင် နာကြည်းသည်မှာ အမှန်ပင်။ လျှိုအားလုံကို နာကြည်းသလို သူတို့ကို ကယ်ခဲ့သော လင်းယွမ်ကိုလည်း မုန်းသည်။

ဒီလိုကောင်က ဘာမို့လို့ ငါ့ကို လာကယ်ရတာလဲ။

တကယ်တမ်း လူဆိုးတွေကို နှိမ်နင်းပြီး လျှိုအားလုံကို တိုက်ထုတ်ရမှာက သူတို့လို ထူးချွန်ထက်မြက်တဲ့ လူတန်းစား၊ လူ့အသိုင်းအဝိုင်းရဲ့ အထက်တန်းလွှာတွေ ဖြစ်သင့်တာ။

ထို့ကြောင့် ယခုချိန်တွင် သူ ပေါက်ကွဲသွားပြီ ဖြစ်သည်။ လင်းယွမ်ကို ကျေးဇူးတင်ဖို့ နေနေသာသာ မုန်းတီးရွံရှာနေမိသည်။

ခေါင်းပေါ်တွင် နီးကပ်လာသော လေယာဉ်ပျံကို ကြည့်ရင်း သူ ဟားတိုက် ရယ်မောလိုက်သည်။

ဘေးပတ်ဝန်းကျင်မှ လူများကလည်း စိတ်လှုပ်ရှားစွာ လက်များ ဝှေ့ယမ်းရင်း သူ့အနောက်တွင် ဝင်ရပ်ကာ လင်းယွမ်ကို စိန်ခေါ်သလို ကြည့်လာကြသည်။

အပြစ်တင်သံများလည်း တဖြည်းဖြည်း ထွက်ပေါ်လာတော့သည်။

"ဟုတ်တယ်လေ လင်းမျိုးရိုးက ဘာအခွင့်အရေးနဲ့ စားစရာတွေ အများကြီး ယူထားတာလဲ"

"အဲ့ဒီ စားစရာတွေက အစကတည်းက ငါတို့ဟာတွေပဲဟာ... လျှိုအားလုံ လုသွားတာကို သူက ဘာကိစ္စ ကြားက ဖြတ်ယူရတာလဲ"

"သူ အိမ်နီးချင်း ကောင်မလေးကို သိမ်းပိုက်ထားတယ်လို့လည်း ကြားတယ် လျှိုအားလုံနဲ့ ဘာထူးလို့လဲ"

"ဒီလိုလူမျိုးကို ကယ်ဆယ်ရေး ရောက်လာရင် အစိုးရက သေချာပေါက် အပြစ်ပေးမှာ"

"ကြည့်နေလိုက် သူတို့ ဇာတ်သိမ်း ကောင်းမှာ မဟုတ်ဘူး"

........................................................................................................................

ပြောဆိုသံများက ပိုမို ကျယ်လောင်လာသော်လည်း အချို့ကတော့ ဤကိစ္စကို စိတ်မဝင်စားဘဲ လေယာဉ်ပျံကိုသာ မျှော်လင့်တကြီး ကြည့်နေကြသည်။

ကျောက်ခိုင်၊ မာကောချိုင်နှင့် ချိုင်ကြည် လေးယောက်သား၏ မျက်နှာများမှာ မည်းမှောင်အုံ့မှိုင်းနေသည်။

"ခင်ဗျားတို့... ခင်ဗျားတို့..." မာကောချိုင်က ဒေါသထွက်လွန်းသဖြင့် လက်ညှိုးထိုးကာ စကားပင် မပြောနိုင် ဖြစ်နေသည်။

ကျောက်ခိုင်၏ မျက်နှာမှာလည်း သံချေးတက်သလို ညိုမဲနေပြီး ဒဏ်ရာမရထားသော ဘယ်ဘက်လက်ကို လက်သီးတင်းတင်း ဆုပ်ထားကာ လျှိုချန်ဖာ၏ မျက်နှာကို ထိုးခွဲပစ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေသည်။

ချိုင်ကြည်မှာ ဒေါသကြောင့် မျက်လုံးများပင် ရဲနေပြီး အသက်ပြင်းပြင်းရှူကာ ဆဲရေးလိုက်သည်။ "ခွေးမသားတွေ... ငါတို့သာ မရှိရင် မင်းတို့ကောင်တွေ လျှိုအားလုံလက်ထဲ ခွေးတွေ ဝက်တွေလို အနှိပ်စက်ခံပြီး သေနေလောက်ပြီ... မင်းတို့ မှာ ကျေးဇူးသိတတ်တဲ့စိတ်တောင် မရှိကြဘူးလားကွ"

"သွားစမ်းပါကွာ... မင်းတို့ကိုယ်မင်းတို့များ သူရဲကောင်းကြီးတွေ မှတ်နေလား... မင်းတို့ မရှိလည်း ငါတို့တွေ စည်းလုံးပြီး လျှိုအားလုံကို တော်လှန်လို့ ရတယ်ကွ"

လျှိုချန်ဖာက ချက်ချင်းပင် ပြန်လည် ဆဲဆိုလိုက်သည်။ မကြာမီ နိုင်ငံတော် ကယ်ဆယ်ရေး ရောက်လာတော့မည်၊ ကမ္ဘာကြီး ငြိမ်းချမ်းတော့မည်။

သူ လုံးဝ သည်းမခံချင်တော့၊ ဆဲချင်သလို ဆဲပစ်လိုက်သည်။

ချိုင်ကြည်က ဒေါသတကြီး ဘေးနားမှ သံပိုက်လုံးကို ကောက်ကိုင်လိုက်သည်။ "ခွေးမသား ထပ်ပြောစမ်း... မင်း နောက်တစ်ခွန်း ထပ်ပြောလိုက်စမ်း"

လျှိုချန်ဖာက လန့်သွားပြီး ခြေလှမ်းတစ်လှမ်း နောက်ဆုတ်လိုက်ကာ အော်ပြောသည်။ "မင်းက လူပါ ရိုက်ချင်သေးတယ်ပေါ့... လေယာဉ်ပေါ်က ကယ်ဆယ်ရေးအဖွဲ့ ဆင်းလာရင် မင်းကို ပထမဆုံး ပစ်သတ်လိမ့်မယ် ယုံလား"

"မင်း သေချင်နေတာလား... နိုင်ငံတော် ကယ်ဆယ်ရေးအဖွဲ့ လာနေပြီကို မင်းက လူသတ်ချင်နေတုန်းလား"

ချိုင်ကြည်လည်း ခြေလှမ်း တန့်သွားပြီး လေယာဉ်ပျံကို မော့ကြည့်မိသည်။

သူ ရုတ်တရက် ဇဝေဇဝါ ဖြစ်သွားပြီး ဘာလုပ်ရမှန်း မသိတော့။

သူ တွန့်ဆုတ်သွားသည်ကို မြင်သောအခါ လျှိုချန်ဖာ ပို၍ အတင့်ရဲလာသည်။

ရင်ထဲမှ အငြိုးအတေးများ လျော့ပါးသွားသလို ခံစားရပြီး ဟားတိုက် ရယ်မောလိုက်သည်။ "ဟားဟားဟား... အောက်တန်းစား... ချိုင်မျိုးရိုးနဲ့ လင်းမျိုးရိုး... မင်းတို့ကောင်တွေ သောက်ရမ်း မိုက်တယ်ဆို... ဘာလို့ ငြိမ်သွားတာလဲ"

"နိုင်ငံတော် ကယ်ဆယ်ရေးအဖွဲ့ ရောက်တာနဲ့ မင်းတို့ကောင်တွေ ငြိမ်ကုပ်သွားမှာပဲ"

"ငါ ပြောလိုက်မယ် မင်းတို့ ဒီကာလအတွင်း လုပ်ခဲ့သမျှ ယုတ်မာမှုတွေအတွက် ဥပဒေကနေ လွတ်မယ် မထင်နဲ့... ထောင်ထမင်းစားဖို့သာ ပြင်ထားကြ ထွီ"

"ရိုက်လေ... ငါ့ကို ရိုက်ရဲသေးလား"

လျှိုချန်ဖာက တစ်ကိုယ်လုံး နေလို့ထိုင်လို့ ကောင်းသွားသလို ခံစားရပြီး ကိုယ့်ခေါင်းကိုယ် လက်ညှိုးထိုးကာ ချိုင်ကြည်ကို စိန်ခေါ်ဆဲဆိုလိုက်သည်။ "လာလေ... မင်း သောက်ရမ်း မိုက်တယ်ဆို... ငါ့ကို တစ်ချက်လောက် ထိကြည့်စမ်းပါ"

"ကယ်ဆယ်ရေးအဖွဲ့ ရောက်လာရင် မင်းကို ဘယ်လို ကိုင်တွယ်မလဲ ကြည့်ရသေးတာပေါ့"

"မင်းမှာ မိန်းမနဲ့ ကလေး ရှိတယ်မလား... ထောင်ဝင်စာ လာပို့ခိုင်းလိုက်တော့ ငတုံးကောင်"

လျှိုချန်ဖာက အော်ဟစ်ရယ်မောနေသည်၊ သူ့ပါးစပ်က မစင်စားထားသလို နံစော်နေ၏။

သို့သော် သူနှင့် သူ့နောက်မှ လူများကမူ ကျေနပ်အားရနေကြသည်။

ယခင်က လင်းယွမ်၊ ကျောက်ခိုင်တို့ကို မြင်လျှင် ကြောက်လန့်တကြားဖြင့် သတိထား ဆက်ဆံခဲ့ရသည်။

ယခုတော့ ခေါင်းပေါ်မှ လေယာဉ်ပျံက သူတို့ကို သတ္တိတွေ ပေးလိုက်ပြီ။

သူတို့ဘဝတွေ နလန်ထူပြီး သခင် ပြန်ဖြစ်တော့မလို ခံစားနေကြရသည်။

လျှိုချန်ဖာက သူတို့၏ ကိုယ်စားလှယ် ဖြစ်လာပြီး လင်းယွမ်တို့အုပ်စုကို အကြီးအကျယ် အရှက်ခွဲပေးနေသည်။

လူအုပ်ထဲတွင် လက်ခုပ်တီး အားပေးသူရှိသလို လင်းယွမ်တို့ကို အထင်သေးစွာ စောင်းကြည့်သူ၊ လှောင်ပြောင် ရယ်မောသူများလည်း ရှိလာသည်။

လင်းယွမ်က အစမှအဆုံး ထိုအရာများကို ကြည့်နေခဲ့သည်။ သူ့မျက်နှာထားက တည်ငြိမ်နေပြီး မည်သည့် ခံစားချက် လှိုင်းဂယက်မှ မထ၊ ဒေါသလည်း မထွက်ပေ။

ဤသည်က လူ့စိတ်လူ့သဘော ဆိုတာ သူ ကောင်းကောင်း သိသည်။

သူတို့ အားနည်းချိန်တွင် သင့်ခြေထောက်ကို ဖက်လိမ့်မည်၊ သင့်ကို လေးစားပြလိမ့်မည်၊ သစ္စာရှိပြလိမ့်မည်။

သူတို့ အားပြန်ကောင်းလာသည်နှင့် သင့်ကို ချက်ချင်း စွန့်ပစ်လိမ့်မည်၊ နောက်ကျောကို ဓားနှင့် ထိုးလိမ့်မည်။

လင်းယွမ်က ဤလူတွေကို မသိတတ်ဘူးလားဟု မေးခွန်းထုတ်မနေချင်တော့။

သူ့အတွက်မလိုအပ်ပေ... သူကလည်း ဤလူတွေကို ဘယ်တုန်းကမှ ကိုယ့်လူလို့ သဘောမထားခဲ့ချေ။

ဤလူတွေကို အသက်ရှင်ခွင့် ပေးထားရခြင်းမှာ သူ့အတွက် ငါးဖမ်းပေးပြီး အမှတ်ရှာပေးဖို့ သက်သက်သာ ဖြစ်သည်။

လင်းယွမ်က ချိုင်ကြည်လက်ထဲမှ သံပိုက်လုံးကို လှမ်းယူလိုက်သည်။

မိုးက သည်းထန်စွာ ရွာသွန်းနေပြီး လျှပ်စီးများ လက်ကာ မိုးခြိမ်းသံများ ညံနေသည်။

"ဘွပ်... ဘွပ်..."

လင်းယွမ်က ရေအိုင်များကို နင်းဖြတ်ရင်း လျှိုချန်ဖာထံ လျှောက်သွားသည်။

လျှိုချန်ဖာ၏ မောက်မာသော အပြုံးများ ချက်ချင်း အေးခဲသွားသည်။

သူ လင်းယွမ်ကို ကြောက်လန့်တကြား ကြည့်ရင်း နောက်ဆုတ်လိုက်သည်။ "မင်း... မင်း ဘာလုပ်မလို့လဲ"

"လင်းမျိုးရိုး... လေယာဉ် ဆင်းလာတော့မှာနော်... ကယ်ဆယ်ရေးအဖွဲ့ လာတော့မှာ"

"မင်း ငါ့ကို ထိရဲရင် ကယ်ဆယ်ရေးအဖွဲ့က မင်းကို ချက်ချင်း ပစ်သတ်မှာနော်"

"လူတွေ အကုန် ကြည့်နေတာနော်... အားလုံး ကြည့်နေကြတာ... သူ လူသတ်တော့မယ်ဗျို့"

လျှိုချန်ဖာ အော်ဟစ်ရင်း ဘေးလူများကို အကူအညီတောင်းလိုက်သည်။

ဘေးပတ်ဝန်းကျင်မှ လူများ ရုတ်တရက် ငြိမ်ကျသွားပြီး အလိုအလျောက် နောက်ဆုတ်သွားကြသည်။

ဤလူက လျှိုအားလုံကို သတ်ခဲ့သည့် လူကြမ်းကြီးဆိုတာ သူတို့ ယခုမှ ပြန်သတိရသွားကြသည်။

ကယ်ဆယ်ရေးအဖွဲ့က မျက်စိရှေ့ ရောက်နေပြီ ဆိုသော်လည်း တကယ်ကြီး မရောက်လာသေးပေ။

ဒီလူက ဘာကိုမှ ဂရုမစိုက်ဘဲ တကယ်ထသတ်ရင် ဘယ်လိုလုပ်မလဲ။

ခဏချင်းအတွင်းမှာပင် အားလုံး ပါးစပ်ပိတ်သွားကြပြီး လင်းယွမ်နှင့် လျှိုချန်ဖာတို့နားမှ ခပ်ဝေးဝေးသို့ ဖယ်သွားကြသည်။

အချို့က ကောင်းကင်မှ လေယာဉ်ကို မကြာခဏ မော့ကြည့်ရင်း လေယာဉ်ပေါ် အမြန်ပျံတက်ပြီး ဤနေရာမှ ထွက်ပြေးချင်နေကြပြီ ဖြစ်သည်။

လင်းယွမ်က တခြားလူများကို ဂရုမစိုက်ဘဲ လျှိုချန်ဖာကို တည်ငြိမ်စွာ ကြည့်ရင်း ပြောလိုက်သည်။ "ကယ်ဆယ်ရေးအဖွဲ့က ငါ့ကို ပစ်သတ်မလားတော့ ငါ မသိဘူး"

"ဒါပေမဲ့ ကယ်ဆယ်ရေးအဖွဲ့ မရောက်ခင် မင်း ကတော့ သေချာပေါက် သေရလိမ့်မယ်"

လျှိုချန်ဖာ တုန်တက်သွားပြီး လင်းယွမ်ကို မော့ကြည့်လိုက်သည်။ နောက်ပြောင်နေခြင်း မဟုတ်ကြောင်း သိလိုက်ရသည့်အခါ သူ့မျက်နှာ ဖြူဖျော့သွားသည်။

"မင်း... မင်း..."

"မင်း ဒါ ရာဇဝတ်မှု ကျူးလွန်တာနော်"

သူ အသံတုန်တုန်ဖြင့် အော်ပြောသည်။

လင်းယွမ်က ပြုံးလိုက်သည်။ "ငါ သိတာပေါ့"

"နိုင်ငံတော်က ငါတို့လို လူသတ်ဖူးသူတွေကို နောက်ကျရင် စာရင်းရှင်းမယ်လို့ မင်းပဲ ပြောတယ်မလား"

"ဒါဆို ငါက နောက်ထပ်တစ်ယောက် ထပ်သတ်လိုက်လည်း ဘာထူးမှာမို့လို့လဲ... ဘာကွာသွားမှာမို့လို့လဲ"

လျှိုချန်ဖာ ကြောက်လွန်းသဖြင့် သွေးပျက်မတတ် ဖြစ်သွားသည်။

စောစောက ဒေါသအလျောက် ပေါက်ကွဲလိုက်ရလို့ ကျေနပ်သွားသော်လည်း လင်းယွမ်တို့အုပ်စုက ဇာတ်သိမ်းမကောင်းလည်း နေပါစေတော့ဆိုပြီး ဘူးခံကာ သတ်ဖြတ်ရဲလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။

သူ နောင်တရသွားပြီး မျက်နှာတွင် အကြည့်ရဆိုးသော အပြုံးတစ်ခုကို အတင်းညှစ်ထုတ်လိုက်သည်။

"လင်း... အစ်ကိုလင်း... ကျွန်တော်... ကျွန်တော် စောစောက လျှောက်ပြောမိတာပါ"

"နိုင်ငံတော်ကလည်း... အစ်ကိုတို့ကို အပြစ်ပေးချင်မှ ပေးမှာပါ..."

"လျှိုအားလုံတို့က ရာဇဝတ်ကောင်တွေပဲ... အစ်ကိုတို့ သတ်တာ တရားမျှတတဲ့ ကာကွယ်မှုပါ..."

"တောင်း... တောင်းပန်ပါတယ်... ကျွန်တော် ပါးစပ်ကြမ်းသွားတယ်... ကျွန်တော် မှားသွားပါတယ်..."

သူ မျက်နှာပြောင်းတာ မြန်သလို တောင်းပန်တာလည်း မြန်သည်။

လင်းယွမ်ကတော့ ပြုံးမြဲ ပြုံးနေဆဲ။ ရုတ်တရက် သူ လှုပ်ရှားလိုက်သည်။

"ဝှစ်"

မိုးရေထဲတွင် အရိပ်တစ်ခု ဖြတ်ခနဲ လှုပ်ရှားသွားသည်။

လင်းယွမ်က မျက်စိတစ်မှိတ်အတွင်း လျှိုချန်ဖာ၏ ရှေ့သို့ ရောက်သွားသည်။

သူ့လည်ပင်းကို လက်တစ်ဖက်တည်းဖြင့် ညှစ်ကာ ကြက်ကလေးတစ်ကောင်လို မလိုက်သည်။

"အ... အ... မ... မလုပ်ပါနဲ့... ကယ်ပါ... ကယ်..."

လျှိုချန်ဖာ၏ မျက်နှာတွင် ကြောက်ရွံ့မှုများ အထင်းသား ပေါ်နေပြီး လက်နှစ်ဖက်ဖြင့် လင်းယွမ်၏ လက်ကို အတင်းဆွဲဖယ်ကာ ခြေထောက်များ ယက်ကန်ယက်ကန် လုပ်နေသည်။

လင်းယွမ်က ပါးစပ်ကို ဖြဲ၍ ဖြူဖွေးသော သွားများ ပေါ်သည်အထိ ပြုံးရင်း ပြောလိုက်သည်။ "ကယ်ပါ ဟုတ်လား... မင်းက ဘယ်သူ လာကယ်ဖို့ မျှော်လင့်နေတာလဲ"

"လျှိုအားလုံရဲ့ လူတွေ မင်းတို့အိမ်ကို သိမ်းတုန်းကကျ မင်းတို့ ဘာလို့ မဆဲကြလဲ"

"လျှိုအားလုံက မင်းတို့ သားမယားတွေကို စော်ကားတုန်းကကျ မင်းတို့ ဘာလို့ ထမအော်ကြလဲ"

"မင်းတို့ဆီက ရှိသမျှ အစားအသောက်တွေကို သူ လုယူသွားတုန်းကကျ မင်းတို့ ဘာလို့ မဆဲရဲကြတာလဲ"

"ဟားဟားဟား... ငါက သဘောကောင်းလွန်းနေလို့လား... ဒါမှမဟုတ် ငါ့ပုံစံက အထင်သေးစရာ ကောင်းနေလို့လား"

"ဘာကိစ္စ ငါ့ကိုကျတော့ ဒီလောက် အနိုင်ကျင့်လို့ ရတယ်လို့ မင်းတို့ ထင်သွားကြတာလဲ"

"ဒီနေ့ ကယ်ဆယ်ရေးအဖွဲ့ မပြောနဲ့... လေယာဉ်တင်သင်္ဘောကြီး မိန်တုဥယျာဉ်ထဲ ဝင်လာရင်တောင် ငါ မင်းကို သတ်မှာပဲ"

လင်းယွမ်က ခပ်ဟဟ ရယ်မောလိုက်ပြီး လက်ထဲမှ သံပိုက်လုံးကို အားကုန် လွှဲရိုက်လိုက်သည်!

"ဒုန်း"

ထိုသံပိုက်လုံးက လျှိုချန်ဖာ၏ ဦးခေါင်းတည့်တည့်သို့ ကျရောက်သွားသည်။

စောစောက သူ မောက်မာစွာ လက်ညှိုးထိုးပြီး ချိုင်ကြည်ကို ရိုက်ခိုင်းခဲ့သော နေရာတည့်တည့်ပင်။

ခဏချင်းအတွင်းမှာပင် လျှိုချန်ဖာ၏ ဦးခေါင်း ပွင့်ထွက်သွားပြီး သွေးများ ပျံ့လွင့်စင်ထွက်လာကာ အသားစများပါ လွင့်စဉ်ကုန်သည်။

လင်းယွမ် လက်ထဲမှ စတီးပိုက်လုံးမှာ ကွေးကောက်သွားသည်။

သူ ရပ်မသွားပေ။ သံပိုက်လုံးကို ကိုင်ကာ ဆက်တိုက် ထုနှက်ရိုက်နှက်နေသည်။

"ဒုန်း" "ဒုန်း" "ဒုန်း"

သွေးများ ပန်းထွက်လာပြီး အသားစများ ကြေမွကုန်သည်။

လင်းယွမ်က မျက်နှာသေဖြင့် ဆက်တိုက် ရိုက်နှက်နေ၏။ သွေးများက သူ့မျက်နှာပေါ်သို့ စင်လာသော်လည်း သည်းထန်စွာ ရွာနေသော မိုးရေများက ဆေးကြောပေးနေသည်။

မိုးနတ်မင်းကပင် သူ့ကိုယ်ပေါ်မှ ညစ်ပတ်သော အစွန်းအထင်းများကို ဆေးကြောပေးနေသည့်နှယ်။

ဘေးပတ်ဝန်းကျင်မှ အိမ်ပိုင်ရှင်များမှာ ကြောက်လွန်းသဖြင့် မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်ကုန်ကြသည်။

မည်သူမျှ အသံကျယ်ကျယ် မထွက်ရဲကြတော့။

အဝေးမှ လေယာဉ်ကို အသည်းအသန် အော်ခေါ်နေသူများပင် ကြောက်လန့်ပြီး ပါးစပ်ပိတ်သွားကြသည်။

အခြေအနေမဟန်မှန်း သိသူ အများစုမှာ တိတ်တဆိတ် နောက်ဆုတ်သွားကြပြီ ဖြစ်သည်။

အဝေးမှ တိုက်မြင့်များဆီမှ ပျော်ရွှင်အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်နေဆဲ။

တိုက်တွဲ(၇၆)တွင် ဖြစ်ပွားနေသော ပဋိပက္ခကို မည်သူမျှ သတိမထားမိကြပေ။

အရာအားလုံးက ဟုန်းဟုန်းတောက် လောင်ကျွမ်းနေသော မီးတောက်ကြီးထဲမှ မီးပွားလေး တစ်ပွင့်အလား။

လက်ထဲမှ သံပိုက်လုံး ကျိုးသွားပြီး လျှိုချန်ဖာ၏ ဦးခေါင်းမှာလည်း ပုံပျက်ပန်းပျက် ဖြစ်သွားပြီ။

ထိုအခါမှ လင်းယွမ်က လက်ကို လွှတ်ပေးလိုက်ရာ အလောင်းက မြေကြီးပေါ်သို့ ဘုန်းခနဲ ကျသွားသည်။

ပတ်ဝန်းကျင်တွင် မိုးရွာသံ တဖြောင်းဖြောင်းသာ ကြားရတော့သည်။ လင်းယွမ်က လူအားလုံးကို ဝေ့ဝဲကြည့်လိုက်သည်။

ယခုအချိန်တွင် မည်သူမျှ သူ့ကို မျက်လုံးချင်း မဆုံရဲကြတော့။

မာကောချိုင်၊ ချိုင်ကြည်နှင့် ကျောက်ခိုင်တို့က လင်းယွမ်ကို ကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာထားများမှာ ရှုပ်ထွေးနေရာမှ တဖြည်းဖြည်း တည်ငြိမ်ပြတ်သားသော ပုံစံသို့ ပြောင်းလဲသွားသည်။

ကျောက်ခိုင်က လင်းယွမ်အနားသို့ လျှောက်လာပြီး ပြောလိုက်သည်။ "အစ်ကိုလင်း... ကယ်ဆယ်ရေးအဖွဲ့ တကယ်ရောက်လာရင် ကျွန်တော်တို့ ကြိုပြီး ထွက်ပြေးကြတာပေါ့"

မာကောချိုင်နှင့် ချိုင်ကြည်တို့လည်း လျှောက်လာကြသည်။ "ကျွန်တော်တို့ အလုပ်တွေ အမြန်လက်စသတ်ပြီး သစ်ဖောင်ကို ပြီးအောင် ဆက်လုပ်ကြမယ်"

လင်းယွမ်က ပြုံးလိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ လေယာဉ်ပျံက ပို၍ နီးကပ်လာခဲ့ချေပြီ။

ဆက်ရန်...

All Chapters