အခန်း (၁၀၃-၁၀၄)
Vol. 6 Ch. 103-104
အပိုင်း (၁၀၃) ထူးဆန်းသောငှက်ကြီးနှင့် တိုင်ပင်ဆွေးနွေးခြင်း
"ကမ္ဘာကြီးက ပြောင်းလဲနေပြီ... လူသားတွေရဲ့ ဆင့်ကဲဖြစ်စဉ် လမ်းကြောင်းက ပွင့်သွားပြီ"
"အပူစွမ်းအင်သုံး လက်နက်တွေက အကြွင်းမဲ့ သတ်ဖြတ်နိုင်စွမ်း ရှိတော့မှာ မဟုတ်ဘူး"
"အနာဂတ်မှာ သန္ဓေပြောင်း အစွမ်းပိုင်ရှင်တွေရဲ့ ခေတ်ဖြစ်လာလိမ့်မယ်... နိုင်ငံတော်က ငါတို့အရေးယူချင်မှ ယူတော့မှာ"
လင်းယွမ်က ထိုလေယာဉ်ကို လှမ်းကြည့်လိုက်ပြီး... "ဒီလောက် အချိန်ကြာသွားတာတောင် ဘာလို့ အခုမှ ကယ်ဆယ်ရေး ရောက်လာတာလဲဆိုတာကို ကျွန်တော် စဉ်းစားနေတာ... ဟင်"
သူ့စကား မဆုံးသေးခင်မှာပင် မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားကာ မျက်လုံးအိမ်များ ကျုံ့သွားခဲ့လေသည်။
ကျောက်ခိုင်နှင့် အခြားသူများမှာ နားမလည်နိုင်ဖြစ်ကာ လေယာဉ်ရှိရာသို့ မော့ကြည့်လိုက်ကြရာ သူတို့၏ သာမန်မျက်လုံးများဖြင့်ပင် ပုံမှန်မဟုတ်သော အခြေအနေကို ချက်ချင်း သတိထားမိလိုက်ကြသည်။
"အဲ့ဒါ... အဲ့ဒါ ဘာကြီးလဲ" လူတစ်ယောက်က အာမေဋိတ်သံဖြင့် အော်ဟစ်လိုက်သည်။
"ကြည့်စမ်း... ဟို တိမ်တိုက်တွေထဲကို ကြည့်လိုက်ကြစမ်း"
"အဲ့ဒါ... ဘာကောင်ကြီးလဲ"
"သေစမ်း... အဲ့ဒါ ဘာကြီးလဲဟ"
လူအုပ်ကြီး၏ အာမေဋိတ်အသံများအကြားတွင် ထူထဲသော တိမ်တိုက်များထဲမှ အလွန်တရာ ကြီးမားလှသော ငှက်ကြီးတစ်ကောင် ရုတ်တရက် အတောင်ပံခတ်၍ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
လျှပ်စီးလက် မိုးခြိမ်းသံများအကြားတွင် ထိုထူးဆန်းသောငှက်ကြီးက လေယာဉ်ပျံဆီသို့ အရှိန်ဖြင့် ဝင်ဆောင့်လိုက်လေတော့သည်။
"ဘုန်း"
ကမ္ဘာမြေကို တုန်ဟည်းသွားစေသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ကောင်းကင်ယံတွင် မီးလုံးကြီး ဖြစ်ပေါ်လာခဲ့သည်။
ထိုလေယာဉ်မှာ ချက်ချင်းပင် ပေါက်ကွဲသွားပြီး မီးတောက်များ လိမ့်တက်လာသည်။
ထိုထူးဆန်းသောငှက်ကြီးမှာမူ ထူးဆန်းသော အသံဖြင့် အော်မြည်လိုက်ရာ ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားလေသည်။
၎င်းက လေယာဉ်ပျက်၏ တစ်ပိုင်းတစ်စကို ကုတ်ဆွဲထားရင်း အတောင်ပံခတ်ကာ တိမ်တိုက်များထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရသည်။
လေယာဉ်၏ ကျန်ရှိနေသော အခြားတစ်ပိုင်းမှာမူ မီးလုံးကြီးအဖြစ် ပြောင်းလဲသွားပြီး လေတိုးသံ တဝေါဝေါဖြင့် အဝေးရှိ လူနေအိမ်ရာ တိုက်အမြင့်တစ်လုံးပေါ်သို့ ဝင်ဆောင့်သွားလေတော့သည်။
တစ်ခဏအတွင်းမှာပင် ထိုတိုက်ခန်းတွင်းမှ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာပြီး မီးတောက်များ ဟုန်းဟုန်းတောက်လောင်လာသည်။
တိုက်အဆောက်အအုံ တစ်ခုလုံးမှာလည်း ဝုန်းခနဲ ပြိုကျပျက်စီးသွားခဲ့ရလေသည်။
လူတိုင်း မျက်လုံးပြူးကာ ထိုမြင်ကွင်းကို ထိတ်လန့်တကြား ကြည့်နေမိကြသည်။
မူလက စိတ်လှုပ်ရှားနေခဲ့ကြသော လူများသည် ချက်ချင်းပင် အပြုံးများ အေးခဲသွားကာ သည်းထန်စွာ ရွာသွန်းနေသော မိုးရေထဲတွင် ကြက်သေသေသွားခဲ့ကြသည်။
လင်းယွမ်လည်း မျက်လုံးပြူးကာ မယုံနိုင်နိုင်သော အကြည့်ဖြင့် ကြည့်နေမိသည်။
"အဲ့ဒါ... အဲ့ဒါ ဘာကောင်ကြီးလဲ"
သူ့စိတ်ထဲတွင် တုန်လှုပ်ခြောက်ခြားနေမိသည်။ စောစောက ထူးဆန်းသောငှက်ကြီး၏ ခန္ဓာကိုယ် အရွယ်အစားမှာ လေယာဉ်ပျံထက် အနည်းငယ်မျှသာ သေးငယ်လေသည်။
သို့သော် ၎င်း၏ အတောင်ပံ ဖြန့်ကျက်ထားမှုမှာမူ လေယာဉ်ပျံ၏ အရွယ်အစားထက်ပင် ကျော်လွန်နေခဲ့သည်။
ထိုလေယာဉ်မှာ ခရီးသည်တင် လေယာဉ်လောက် မကြီးမားသော်လည်း စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေး လေယာဉ်အဆင့်တော့ ရှိပေသည်။
လေယာဉ်ပန်ကာ လည်ပတ်နှုန်းအရဆိုလျှင် မည်သည့် သတ္တဝါကများ ထိုလေယာဉ်ကို နှစ်ပိုင်းကျိုးအောင် ဆွဲဆုတ်ဖြဲနိုင်မည်နည်း။
လင်းယွမ်ကဲ့သို့သော သူပင်လျှင် လေအေးတစ်ချက် ရှိုက်သွင်းလိုက်မိသည်။
"ဒီကမ္ဘာကြီးမှာ ဘယ်လို အပြောင်းအလဲကြီးတွေ ဖြစ်ပျက်နေတာလဲ"
"သာမန် ပျံသန်းနိုင်တဲ့ သတ္တဝါတွေက ဘယ်လိုလုပ် ဒီလောက်မြန်မြန်ကြီး ဆင့်ကဲပြောင်းလဲသွားရတာလဲ"
သူ့စိတ်ထဲတွင် ထိတ်လန့်တကြား ဖြစ်နေရပြီး မေးခွန်းပေါင်းများစွာ ရှိနေသော်လည်း မည်သူမျှ ဖြေရှင်းပေးနိုင်ခြင်း မရှိပေ။
သူ့ဘေးတွင် ကျောက်ခိုင်၊ မာကောချိုင်နှင့် ချိုင်ကြည်တို့သည်လည်း ကြောင်အမ်းအမ်းဖြင့် ရပ်နေကြပြီး မီးခိုးလုံးများ အလိမ့်လိမ့်တက်နေသော တိုက်ပျက်ကြီးကို ပါးစပ်အဟောင်းသား ကြည့်နေမိကြသည်။
သူတို့တင်မက မိန်တုဥယျာဉ်၏ ခေါင်မိုးထပ်များပေါ်ရှိ လူအားလုံး ကြောင်အမ်းကုန်ကြသည်။
မည်သူကမှ စောစောက မြင်ကွင်းကို မယုံနိုင်ကြပေ။
ကယ်ဆယ်ရေး မျှော်လင့်ချက်က မျက်စိရှေ့မှာတင် ရှိနေခဲ့သော်လည်း မျက်တောင်တစ်ခတ် အတွင်းမှာပင် ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။
"မဟုတ်တာ... မဖြစ်နိုင်ဘူး... ဒါ မဖြစ်နိုင်ဘူး"
"ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ... ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲလို့"
"ကံကြမ္မာရယ်... ဘာလို့ ဒီလိုတွေဖြစ်နေရတာလဲ"
"ဒီကမ္ဘာကြီးက ဘာဖြစ်သွားတာလဲ... အဲဒီ ဘီလူးကောင်ကြီးက ဘာကြီးလဲ"
"တိုက်လေယာဉ်တွေရော... နိုင်ငံတော်က တိုက်လေယာဉ်တွေရော... ဘာလို့ တိုက်လေယာဉ်တွေ မလွှတ်လိုက်တာလဲ"
လူအုပ်ကြီးမှာ စိတ်ဓာတ်ပျက်ပြားသွားကြပြီ ဖြစ်သည်။ တချို့က ကံကြမ္မာကို ကျိန်ဆဲကြသည်၊ တချို့က အော်ဟစ်ငိုကြွေးကြသည်၊ တချို့က ရင်ဘတ်စည်တီး ထုရိုက်ကာ ပူဆွေးနေကြသည်။
အဝေးရှိ အခြားတိုက်များ၏ ခေါင်မိုးထပ်များပေါ်တွင်လည်း အလားတူ မြင်ကွင်းမျိုး ဖြစ်ပျက်နေလေသည်။
လင်းယွမ်က တိတ်ဆိတ်ငြိမ်သက်နေပြီး ထူထဲသော တိမ်တိုက်များကို လှမ်းမျှော်ကြည့်ရင်း စိတ်နှလုံး လေးလံနေမိသည်။
"သွားကြစို့"
သူက လှည့်ကာ ကျောက်ခိုင်နှင့် အခြားသူများကို ခေါ်လိုက်ပြီး မိမိအိမ်သို့ ပြန်လျှောက်သွားခဲ့သည်။
ထိုအခါမှ ကျောက်ခိုင်၊ ဦးလေးမာနှင့် ချိုင်ကြည်တို့ အသိပြန်ဝင်လာကြပြီး လင်းယွမ်နောက်သို့ အလျင်အမြန် လိုက်ပါသွားကြသည်။
လူသုံးယောက်၏ စိတ်ထဲတွင် မေးခွန်းပေါင်း သောင်းခြောက်ထောင် ရှိနေသော်လည်း ယခုအချိန်တွင် မည်သို့ စကားစရမည်ကို မသိကြပေ။
လေးလံသော မျက်နှာထားကိုယ်စီဖြင့် အောက်ထပ်သို့ ဆင်းလာခဲ့ကြသည်။
လင်းယွမ် အိမ်ပြန်ရောက်သည်နှင့် ရန်မေက ချက်ချင်း ဆီးကြိုကာ စိုးရိမ်တကြီး မေးလေတော့သည်... "မောင်လေး... စောစောက လူတွေ ကယ်ဆယ်ရေး ရောက်လာပြီလို့ အော်နေတာ ကြားလိုက်တယ်... ဘာဖြစ်တာလဲ... တကယ်ပဲ ကယ်ဆယ်ရေး ရောက်လာတာလား"
သူမ၏ မျက်နှာပေါ်တွင် စိုးရိမ်စိတ်နှင့် မျှော်လင့်ချက်များ အပြည့်ဖြင့် လင်းယွမ်ကို ကြည့်နေရှာသည်။
လင်းယွမ်က ရေတစ်ခွက် ငှဲ့လိုက်ပြီး ချက်ချင်း ပြန်မဖြေဘဲ မေးခွန်းပြန်ထုတ်လိုက်သည်... "အမမေ... တကယ်လို့ ကယ်ဆယ်ရေး ရောက်လာရင် အမ သူတို့နဲ့ လိုက်သွားမှာလား"
ရန်မေက မစဉ်းစားဘဲ ချက်ချင်း ပြန်ဖြေသည်။ "ဒါပေါ့... နိုင်ငံတော်က တို့တွေကို ဒုက္ခပေးမှာမှ မဟုတ်တာ... သူတို့က တို့တွေကို လာကယ်တာလေ... တို့တွေ မလိုက်သွားဘဲ ဒီမှာနေခဲ့ရင် ဘယ်လောက် အန္တရာယ်များလိုက်မလဲ"
လင်းယွမ်က ရေတစ်ငုံ သောက်လိုက်ပြီး ထပ်မေးသည်။ "ဒါဆို ကျွန်တော် မလိုက်ဘူးဆိုရင်ရော"
"ဟင်... ဘာဖြစ်လို့လဲ... မောင်လေး... နင်က ဘာလို့ မလိုက်ချင်ရတာလဲ" ရန်မေက စိတ်မရှည်စွာ မေးလိုက်သည်။
လင်းယွမ်က ခေါင်းခါလိုက်ပြီး "ကျွန်တော်က လူသတ်သမားလေ... တော်ကြာ အိမ်ပိုင်ရှင်တွေက ကျွန်တော့်ကို တိုင်တောလိုက်ရင် နိုင်ငံတော်က ကျွန်တော့်ကို အရေးယူမှာပေါ့"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... မောင်လေးက အားလုံးအတွက်မို့လို့ လူသတ်ခဲ့တာပဲ... သူတို့က ဘယ်လိုလုပ် ဒီလိုလုပ်ရက်ကြမှာလဲ" ရန်မေက ဒေါသတကြီး ပြောလိုက်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး "ကြိုတွေးမထားလို့ မရဘူးလေ... တကယ်လို့ ကျွန်တော် မလိုက်ဘူးဆိုရင် အမက ကယ်ဆယ်ရေးအဖွဲ့နဲ့ လိုက်သွားမှာလား"
"အမက..."
ရန်မေ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ခေတ္တမျှ ကြောင်သွားသော်လည်း ချက်ချင်းပင် မျက်လုံးများ တည်ငြိမ်ပြတ်သားသွားကာ "မောင်လေး မသွားရင် အမလည်း မသွားဘူး"
လင်းယွမ်က အံ့သြစွာဖြင့် သူမကို ကြည့်လိုက်ပြီး "အမက အေးချမ်းတဲ့ဘဝမျိုးနဲ့ မနေချင်တော့ဘူးလား"
ရန်မေက ခေါင်းခါရင်း သူ့ရှေ့သို့ လျှောက်လာကာ ရင်ခွင်ထဲသို့ မှီတွယ်လိုက်ပြီး နူးညံ့စွာ ပြောလေသည်။ "အမ ဒီဘဝမှာ လူရွေးမှားခဲ့ဖူးတယ်... ဒီတစ်ခါတော့ အမ လူရွေး လုံးဝ မမှားတော့ဘူး... မောင်လေးကမှ အမအပေါ် တကယ် ကောင်းပေးတဲ့သူပါ"
"ကယ်ဆယ်ရေးအဖွဲ့ ရောက်လာရင်တောင် သူတို့က အမကို ဘေးကင်းတဲ့နေရာ ပို့ပေးနိုင်လိမ့်မယ်... ဒါပေမဲ့ အမလို ကြက်ကလေးတစ်ကောင်တောင် ဖမ်းဖို့အားမရှိတဲ့ မိန်းမသားတစ်ယောက်က ဘာလုပ်နိုင်မှာလဲ"
"မောင်လေးတစ်ယောက်ပဲ အမလို အိမ်ထောင်ကျဖူးသူကို စိတ်ထဲမထားဘဲ အမ ငတ်သေခါနီးအချိန်မှာ စားစရာ ပေးခဲ့တာ"
"တို့တွေ လက်မထပ်ရသေးပေမဲ့ အမစိတ်ထဲမှာ မောင်လေးက အမရဲ့ ယောကျ်ားဖြစ်နေပါပြီ... အမ မောင်လေးကိုပဲ ယုံတယ်"
သူမက ပြောရင်းဖြင့် မော့ကြည့်လာရာ မျက်ဝန်းအိမ်ထဲတွင် ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေပြီး "မောင်လေး... အမ နင့်ကို ထားမသွားဘူး... နင်... နင်လည်း အမကို ပစ်မသွားဘူးမလား"
လင်းယွမ် စိတ်ထဲတွင် ကြည်နူးသွားပြီး သူမကို တင်းကျပ်စွာ ဖက်ထားလိုက်မိသည်။ "ဒါပေါ့... ပစ်မသွားပါဘူး"
ထို့နောက် သူက ရှင်းပြလိုက်သည်။ "စောစောက စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်း ကောင်းကင်မှာ ပေါ်လာတယ်... လူတိုင်းက ကယ်ဆယ်ရေး လာပြီလို့ ထင်နေကြတာ"
ရန်မေက ဝမ်းသာအားရ မေးလိုက်သည်။ "တကယ် ကယ်ဆယ်ရေး လာတာလား"
လင်းယွမ်က ခေါင်းခါလိုက်သည်။ "လေယာဉ် ပျက်ကျသွားပြီ"
"ရှင်" ရန်မေ၏ မျက်နှာပေါ်မှ ဝမ်းသာရိပ်များ ချက်ချင်း အေးခဲသွားပြီး လင်းယွမ်ကို မယုံနိုင်စွာ ကြည့်နေမိသည်။
လင်းယွမ်က လေးနက်စွာ ပြောလိုက်သည်။ "ဒီကမ္ဘာကြီးမှာ ကျွန်တော်တို့ စိတ်ကူးလို့မရနိုင်တဲ့ အပြောင်းအလဲတွေ ဖြစ်နေပြီ... သန္ဓေပြောင်း သတ္တဝါတွေ အများကြီး ပေါ်ထွက်လာတယ်... လူတွေတင် မကဘူး... ပင်လယ်ထဲက ငါးတွေလည်း သန္ဓေပြောင်းလဲကုန်ပြီ... ကောင်းကင်ပေါ်က ငှက်တွေလည်း သန္ဓေပြောင်းကုန်ကြပြီ"
"ခုနလေးတင် ဘာအမျိုးအစားမှန်း မသိရတဲ့ ထူးဆန်းသောငှက်ကြီးတစ်ကောင်... အရွယ်အစားက သယ်ယူပို့ဆောင်ရေး လေယာဉ်ထက် နည်းနည်းလေးပဲ သေးတယ်... တိမ်တွေထဲကနေ ထိုးဆင်းလာပြီး လေယာဉ်ကို အပိုင်းပိုင်းဖြစ်အောင် ဆွဲဆုတ်ပစ်လိုက်တာ"
ရန်မေ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး တုန်ရီစွာ မေးရှာသည်။ "ဘယ်လိုလုပ်... ဘယ်လိုလုပ် အဲဒီလို ဖြစ်ရတာလဲ... သူတို့ဆီမှာ လက်နက်တွေ မပါဘူးလား... စစ်ဘက်သုံး လေယာဉ်မှာ လက်နက် မပါဘူးလား... ငှက်ဆန်းတစ်ကောင်လောက်ကိုတောင် မတားနိုင်ကြဘူးလား"
လင်းယွမ်က ခေါင်းခါလိုက်သည်။ "မသိဘူး... အဲဒီ ထူးဆန်းသောငှက်ကြီးရဲ့ အမြန်နှုန်းက အရမ်းမြန်လွန်းတော့ လေယာဉ်မှူးက တုံ့ပြန်ချိန်တောင် မရလိုက်တာ နေမှာ"
"နောက်ပြီး ကျွန်တော် ထူးဆန်းတယ်လို့ ခံစားရတာ တစ်ခုရှိသေးတယ်... အခု နေရာတိုင်းမှာ ရေကြီးနေတာလေ... အဲဒီလောက် ကြီးတဲ့ ငှက်ကြီးက ဘယ်နေရာမှာ အသိုက်ဆောက်မလဲ"
လင်းယွမ် မျက်မှောင်ကြုတ်လိုက်သည်။ ထူးဆန်းသောငှက်ကြီး ပေါ်ထွက်လာမှုက သူ့အား ဤကမ္ဘာကြီးနှင့် ပတ်သက်ပြီး အသိအမြင်သစ်များ ရရှိစေခဲ့သည်။
ထိုမျှလောက် ကြီးမားသည့် ငှက်ကြီးက တိမ်တိုက်တွေကြားထဲမှာ ပျံသန်းသွားလာနိုင်သည်ဆိုလျှင်...
သူ့ရဲ့ အသိုက်က ဘယ်မှာ ဖြစ်မလဲ။
တိုက်မြင့်ကြီး တစ်ခုခုပေါ်မှာလား... ဒါမှမဟုတ် တောင်ပေါ်မှာလား။
တကယ်လို့ သက်ရှိအားလုံးသာ ဆင့်ကဲပြောင်းလဲမှု ဖြစ်သွားခဲ့မယ်ဆိုရင် ကျန်ရှိနေသေးတဲ့ ကုန်းမြင့်တွေဖြစ်တဲ့ ထိုက်ယန်တောင်၊ မိန်တောင်တို့မှာရော ဒီလို ကုန်းနေရေနေ သတ္တဝါတွေနဲ့ ပျံသန်းတဲ့ သတ္တဝါတွေ အများကြီး စုဝေးနေကြမလား။
အဲဒီနေရာတွေကရော ပိုပြီး အန္တရာယ်များမနေနိုင်ဘူးလား။
"ဒေါက် ဒေါက် ဒေါက်"
တံခါးခေါက်သံ ကြားလိုက်ရသဖြင့် လင်းယွမ်က ရန်မေ၏ ပုခုံးကို ပုတ်လိုက်သည်။
ရန်မေက အမြန်ထကာ ရှုပ်ပွနေသော ဆံပင်များကို သပ်တင်လိုက်ပြီး "အမ တံခါးသွားဖွင့်လိုက်မယ်"
တံခါးဖွင့်လိုက်သောအခါ ချိုင်ကြည်၊ ဦးလေးမာ၊ ကျောက်ခိုင်နှင့် တင်းယန်တို့ ရောက်လာကြသည်ကို တွေ့လိုက်ရသည်။
လင်းယွမ်က တင်းယန်ကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်။ "နိုးပြီလား... ကျန်းဖန်တို့ရော အဆင်ပြေရဲ့လား"
သူစောစောက အလျင်စလို ထွက်သွားခဲ့သဖြင့် တင်းယန်တို့ လူစုကို ဝမ်ကျဲ၏ အခန်းထဲတွင်သာ နေရာချထားပေးခဲ့ပြီး ပစ္စည်းများ စုဆောင်းရန် ထွက်သွားခဲ့ခြင်း ဖြစ်သည်။
တင်းယန်၏ မျက်နှာတွင် ကြောက်ရွံ့မှု အနည်းငယ် ကျန်ရှိနေသေးပြီး ခေါင်းညိတ်ကာ "ကျွန်မ အဆင်ပြေပါတယ်... ကျန်းဖန်တို့လည်း သတိရလာကြပြီ... ဝမ်ကျဲတို့ လူစုတွေ အကုန်သေကုန်ပြီ... ကျန်းဖန်နဲ့ ဝမ်လီလီ ပြောတာတော့ ရှင် လက်စွမ်းပြလိုက်တာဆို"
လင်းယွမ်က ခေါင်းညိတ်လိုက်သည်။ "အင်း... ငါ သတ်လိုက်တာ"
တင်းယန်က သက်ပြင်းချကာ "အဲဒီ ဝမ်ကျဲက ဘာအစွမ်း သန္ဓေပြောင်းသွားတာလဲ... တော်တော်လေး အစွမ်းထက်တယ်... ကျွန်မ အစကနေ အဆုံးထိ သူ့နားကို ကပ်လို့တောင် မရလိုက်ဘူး"
လင်းယွမ်က "သူက စိတ်စွမ်းအင် သန္ဓေပြောင်းသူလေ... ပုံရိပ်ယောင် အာရုံမှားတွေ ဖန်တီးနိုင်တဲ့ အစွမ်းရှိတယ်... နင့်ရဲ့ အစွမ်းသွင်းတဲ့အစွမ်းက သူ့ကို ယှဉ်ဖို့ နည်းနည်း လိုသွားတာပါ"
"ပုံရိပ်ယောင် အာရုံမှားတွေ ဖန်တီးတာလား"
တင်းယန် မျက်နှာပျက်သွားပြီး "ဒါကြောင့်ကိုး... ကျွန်မ အစကနေ အဆုံးထိ ဘယ်လိုပဲ တိုက်ခိုက် တိုက်ခိုက် သူ့ကို မထိတာ... အကုန်လုံးက အာရုံမှားတွေ ဖြစ်နေတာကိုး"
"ဒီလိုမျိုး သန္ဓေပြောင်း အစွမ်းတောင် ရှိသေးတာလား... တော်တော်လေး... ကြောက်ဖို့ကောင်းတာပဲ"
လင်းယွမ်က ခေါင်းညိတ်သည်။ "လူသားတွေရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံက ရှုပ်ထွေးတယ်... ဆင့်ကဲပြောင်းလဲတဲ့ လမ်းကြောင်းတွေကလည်း ပုံစံမျိုးစုံ ဆန်းကြယ်တယ်... စိတ်စွမ်းအင်ပိုင်းဆိုင်ရာ သန္ဓေပြောင်း အစွမ်းတွေက တကယ့်ကို ကာကွယ်ရ ခက်ခဲပါတယ်"
တင်းယန်လည်း ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် မေးလိုက်သည်။ "ဒါနဲ့... စောစောက ကျွန်မလာတုန်း ဦးလေးမာတို့ ပြောနေကြတယ်... ကယ်ဆယ်ရေး လေယာဉ် ရောက်လာတယ်ဆို"
လင်းယွမ်က ဦးလေးမာတို့ကို လှမ်းကြည့်လိုက်ရာ "ခင်ဗျားတို့ သူ့ကို ပြောပြလိုက်ပြီလား"
"အင်း... ငါ အခုပဲ သူ့ကို အပေါ်ထပ်က အကြောင်းတွေ ပြောပြလိုက်တာ" ဦးလေးမာက သက်ပြင်းချရင်း ပြောသည်။
ချိုင်ကြည်က "လင်းယွမ်... အဲဒီ ငှက်ကြီးက ဘာကောင်ကြီးလဲ... နိုင်ငံတော်ရဲ့ စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေး လေယာဉ်တောင် ပြန်တုံ့ပြန်ချိန် မရလိုက်ဘဲ အဲဒီ ငှက်ကြီးရဲ့ ဆွဲဆုတ်တာကို ခံလိုက်ရတယ်ဆို"
"ပျံသန်းနိုင်တဲ့ သန္ဓေပြောင်း သတ္တဝါတစ်မျိုး ဖြစ်လောက်တယ်... မူလက ဘာအကောင်လဲ ဆိုတာတော့ မသိတော့ဘူး"
"အဲဒီလို သတ္တဝါမျိုးတွေ အများကြီး ရှိနေဦးမှာလား" မာကောချိုင်က မနေနိုင်ဘဲ မေးလိုက်သည်။
လင်းယွမ်က ခေါင်းခါလိုက်သည်။ "ကျွန်တော်လည်း မသိဘူး... ဒါပေမဲ့ တစ်ခု သေချာတာကတော့ နိုင်ငံတော်က ဒီနေ့အထိ ထိရောက်တဲ့ ကယ်ဆယ်ရေး မလွှတ်နိုင်သေးတာက တစ်ခုခု အဟန့်အတား ရှိနေလို့ပဲ နေမှာ"
"ရေကြီးနေတဲ့ထဲမှာ အရွယ်အစားကြီးတဲ့ သန္ဓေပြောင်း သတ္တဝါတွေ ပိုများနေမယ်... ကောင်းကင်ပေါ်က သန္ဓေပြောင်း ငှက်တွေကလည်း ပျံသန်းယာဉ်တွေကို တိုက်ခိုက်ဟန့်တားလိမ့်မယ်... လောလောဆယ် ရေကြောင်း၊ လေကြောင်း၊ ကုန်းကြောင်း သယ်ယူပို့ဆောင်ရေး အားလုံးက ရပ်တန့်နေပုံရပြီး ခရီးသွားလာဖို့ နည်းလမ်း မရှိတော့ဘူး"
"ပြီးတော့ အင်တာနက် ဆက်သွယ်ရေးလို အဝေးထိန်း စနစ်တွေလည်း ကန့်သတ်ခံထားရတဲ့ပုံပဲ... အဲ့လိုမဟုတ်ရင် ရေဒါထောက်လှမ်းတာတွေ သုံးလို့ရမှာဆိုတော့ စစ်ဘက်သုံး လေယာဉ်က အခုလို လုံးဝ ပြန်မတုံ့ပြန်နိုင်လောက်အောင် ဖြစ်မှာ မဟုတ်ဘူး"
"ဒါနဲ့... ရေဒီယို လိုင်းတွေရော ပြန်ရပြီလား" လင်းယွမ်က ရန်မေ့ကို ရုတ်တရက် မေးလိုက်သည်။
ရန်မေသည် ငါးကင်လုပ်သည့်အပြင် လင်းယွမ် ပေးထားသော ရေဒီယိုလိုင်းများကို စောင့်ကြည့်နားထောင်သည့် တာဝန်ကိုလည်း ယူထားရသည်။
သူမသည် နေ့စဉ် အချိန်ပေးပြီး ရေဒီယိုလိုင်းများကို ရှာဖွေလေ့ရှိသည်။
ရန်မေက လင်းယွမ်၏ မေးခွန်းကို ကြားသောအခါ စိတ်ပျက်လက်ပျက်ဖြင့် "မရဘူး... အထဲမှာ ဆူညံသံတွေချည်းပဲ... ဘယ်လိုင်းမှ ဖမ်းလို့ မမိဘူး"
လင်းယွမ်၏ မျက်နှာထား ပိုမိုလေးနက်သွားပြီး လူအုပ်ကို ပြောလိုက်သည်။ "ကြည့်ရတာ ကြိုးမဲ့လှိုင်းတွေ အကြီးအကျယ် နှောင့်ယှက်ခံထားရပုံပဲ"
"ဒါဆိုရင်တော့ စစ်တပ်အနေနဲ့ အပူလက်နက်တွေကလွဲရင် တခြား နည်းပညာမြင့် လက်နက် တော်တော်များများကို သုံးလို့ရတော့မှာ မဟုတ်ဘူး... အထူးသဖြင့် မြေပုံ လမ်းကြောင်းပြစနစ်လိုမျိုးပေါ့"
ထိုစကားကြောင့် လူတိုင်း၏ စိတ်ထဲတွင် ပိုမို အေးစက်သွားကြသည်။
လမ်းကြောင်းပြစနစ်တောင် သုံးမရရင် မြို့ကြီးက ဒီလောက်ကျယ်တာ ဘယ်သူက လမ်းသိမှာလဲ။
စစ်တပ်ကို မပြောနှင့်... မြို့ထဲ၌ ဆယ်စုနှစ်ချီ နေထိုင်လာသည့် သူတွေပင် ရေလွှမ်းမိုးမှုကြောင့် အထီးကျန် တိုက်မြင့်ကြီးတွေသာ ကျန်တော့သည့် အခြေအနေမျိုး၌ လမ်းထွက်ရှာဖို့ဆိုသည်မှာ တော်တော့်ကို ခက်ခဲသွားချေပြီ။
လင်းယွမ် စဉ်းစားလိုက်ပြီး သူ့ဖုန်းကို ထုတ်ကာ သံလိုက်အိမ်မြှောင်ကို ဖွင့်လိုက်သည်။
ဖုန်းထဲရှိ သံလိုက်အိမ်မြှောင်၏ မြှားတံမှာ ပြင်းထန်စွာ လှုပ်ခါနေပြီး တောင်ဘက်အရပ်ကို လုံးဝ ညွှန်ပြနိုင်ခြင်း မရှိတော့ပေ။
လင်းယွမ်၏ မျက်နှာထား ပိုမို တည်ကြည်သွားပြီး "သံလိုက်အိမ်မြှောင်တောင် သုံးမရတော့ဘူး... ဒါက သံလိုက်စက်ကွင်း အကြီးအကျယ် နှောင့်ယှက်ခံနေရတယ် ဆိုတဲ့ သဘောပဲ"
လူတိုင်း စိုးရိမ်စိတ် ပိုများလာကြပြီး မေးခွန်းများ မေးလာကြသည်။
ဦးလေးမာက "ဒါ ဘယ်လို ဖြစ်တာလဲ... ရေကြီးရုံ သက်သက် မဟုတ်ဘူးလား... ဘာလို့ ကမ္ဘာ့သံလိုက်စက်ကွင်းပါ ပြဿနာ တက်နေတာလဲ"
ချိုင်ကြည်ကလည်း "နိုင်ငံတော်က တကယ်ပဲ ဘာမှ လုပ်မပေးနိုင်တော့ဘူးလား"
တင်းယန်ကတော့ တည်ငြိမ်နေဆဲပင် "ဦးလေးမာ... ဒါက သာမန် ရေကြီးတာ မဟုတ်ဘူး... သေချာတာကတော့ ကျွန်မတို့မသိရသေးတဲ့ ကပ်ဘေးတစ်ခုကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲတွေ ဖြစ်လာတာပဲ"
"အပြင်က သန္ဓေပြောင်း သတ္တဝါတွေကို ကြည့်လိုက်ရင်... ဒီကမ္ဘာကြီးက မတူတော့ဘူးဆိုတာ ဦးလေးမာသိမှာပဲ"
"ဒါက သဘာဝတရားရဲ့ ရွေးချယ်ချက် အသစ်တစ်ခုပဲ... ကမ္ဘာဂြိုဟ်ရဲ့ အရှင်သခင် နေရာက နောင်ကျရင် လူသားတွေ လက်ထဲမှာ ရှိချင်မှ ရှိတော့မှာ"
သူမ၏ စကားများက ရှိနေသော လူတိုင်း၏ စိတ်ကို ပိုမို လေးလံသွားစေသည်။
ချိုင်ကြည်က မနေနိုင်ဘဲ "ဒါဆို လူသားမျိုးနွယ် မျိုးသုဉ်းသွားနိုင်လား"
တင်းယန်က "အဲဒီလို ဖြစ်နိုင်ခြေကို ထည့်မတွက်လို့ မရဘူး... လူသားတွေက ငါးတွေလိုမျိုး ရေအောက်မှာ နေနိုင်တဲ့ ပါးဟက်တွေ ပါလာအောင် ဆင့်ကဲပြောင်းလဲနိုင်မှပဲ ရမယ်"
"ဒါမှမဟုတ်ရင် အခု အခြေအနေအရဆို ရေလွှမ်းမိုးမှုအောက်မှာ ကုန်းနေသတ္တဝါတွေ ရှင်သန်ဖို့က လုံးဝကို ခက်ခဲလာလိမ့်မယ်"
ဦးလေးမာက "မဖြစ်နိုင်ပါဘူးကွာ... ငါတို့ဆီမှာ ရေမျက်နှာပြင် အများကြီး မြင့်တက်လာတယ် ဆိုပေမဲ့ ငါတို့ လင်ကျန်းမြို့က ပင်လယ်ရေမျက်နှာပြင် သိပ်မမြင့်တဲ့ နေရာလေ"
"ယွန်ချွမ်း၊ နှင်းဒေသ၊ ရှီးကျန်း တို့လို နေရာတွေက ကုန်းမြင့်တွေပဲ... အဲဒီနေရာတွေတော့ ရေလွှမ်းမိုးခံရမှာ မဟုတ်ပါဘူး"
"တကယ်လို့ အဲဒီနေရာတွေပါ ရေမြုပ်ကုန်ပြီဆိုရင် ရေတွေ ဘယ်လောက်တောင် များနေပြီလဲ... ငါတို့ ခြေနင်းထားတဲ့ ကမ္ဘာဂြိုဟ်ပေါ်မှာ အဲဒီလောက် ရေတွေ ရှိလို့လား"
ဦးလေးမာက ပညာတတ်တစ်ယောက် ဖြစ်သည့်အားလျော်စွာ အထောက်အထား ခိုင်လုံစွာ ပြောဆိုခြင်း ဖြစ်သည်။
သူ မယုံကြည်သည်မှာလည်း မဆန်းပေ။ ချိုင်ကြည်နှင့် ကျောက်ခိုင်တို့ပင် မယုံရဲကြပေ။
တင်းယန်က ဦးလေးမာကို ကြည့်ပြီး မေးလိုက်သည်။ "သက်ရှိတွေအကုန်လုံး အပြင်းအထန် ဆင့်ကဲပြောင်းလဲတာတောင် ဖြစ်လာပြီပဲ... ဘာက မဖြစ်နိုင်စရာ ရှိတော့မှာလဲ"
"နောက်ပြီး ကမ္ဘာဂြိုဟ်ပေါ်မှာ ရေဘယ်လောက်ရှိလဲဆိုတာ ရှင့်အနေနဲ့ ဘယ်လို သိမှာလဲ... ဒီရေတွေက ကောင်းကင်က ကျလာတာလေ... ဒီရေတွေက ဒီကမ္ဘာဂြိုဟ်ပေါ်က ရေတွေလို့ ရှင့်အနေနဲ့ ဘယ်လို ပြောနိုင်မှာလဲ"
"ကမ္ဘာ့ပြင်ပက လာတာ မဖြစ်နိုင်ဘူးလား... မြေအောက်ကနေ ပန်းထွက်လာတာ မဖြစ်နိုင်ဘူးလား"
"ဒီကမ္ဘာဂြိုဟ်အကြောင်း ကျွန်မတို့တွေ ဘယ်လောက် နားလည်ထားလို့လဲ"
"အခုက ကျွန်မတို့တွေ နားမလည်နိုင်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်နေပြီ... အရင်တုန်းက အမြင်တွေ၊ အတွေ့အကြုံတွေနဲ့ ဆုံးဖြတ်လို့မရတော့ဘူး... မဟုတ်ရင် ကျွန်မတို့ အကြီးအကျယ် ဒုက္ခရောက်ရလိမ့်မယ်"
တင်းယန်က လင်ကျန်း တက္ကသိုလ် ဆရာမ တစ်ယောက် ဖြစ်သည့်အတိုင်း သူမ၏ အမြင်များက ထူးခြားပြီး အဓိပ္ပာယ် ရှိလှသည်။
သို့သော် ဦးလေးမာကဲ့သို့ အသက်အရွယ် ရနေသူများအတွက် ဤမျှကြီးမားသော အပြောင်းအလဲကို လက်ခံရန် ခက်ခဲနေသည်။
လင်းယွမ်ကတော့ တင်းယန်၏ ပြောစကားကို ပိုမို လက်ခံသည်။
'ကမ္ဘာကြီးက ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်နေပြီ။ အရင်တုန်းက အတွေ့အကြုံတွေကို စံနှုန်းထားပြီး ဆုံးဖြတ်လို့ မရတော့ဘူး'
'လင်ကျန်းမြို့မှာ ပင်လယ်ရေတွေ ဝင်ရောက်လာပြီး ရေမျက်နှာပြင် မြင့်တက်ကာ ရေလွှမ်းမိုးနေပြီ'
'ပင်လယ်ရေမျက်နှာပြင် မြင့်တဲ့နေရာတွေမှာရော တခြား ကပ်ဘေးတွေ မရှိနိုင်ဘူးလား'
'ထိုက်စန်းတောင်ပေါ်က နှင်းတွေ အရည်မပျော်နိုင်ဘူးလား'
'မြေလွှာတွေ မရွေ့လျားနိုင်ဘူးလား'
'မြင့်တဲ့နေရာတွေက နိမ့်ဆင်းမသွားနိုင်ဘူးလား'
'သမိုင်းစာအုပ်တွေမှာလည်း ဖော်ပြဖူးတယ်... တစ်ချိန်တုန်းက ကုန်းမြင့်ဒေသတွေမှာ ပင်လယ်သတ္တဝါတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေ တွေ့ခဲ့ရတယ်တဲ့'
'ဒါက လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာတုန်းက အဲဒီနေရာတွေဟာ ပင်လယ်ဖြစ်ခဲ့နိုင်တယ် ဆိုတာကို ပြသနေတာပဲ'
'အချိန်တွေ ပြောင်းလဲလာတာနဲ့အမျှ ဘာမဆို ဖြစ်သွားနိုင်တယ်'
'အခု ဒီကမ္ဘာဂြိုဟ်က အပြောင်းအလဲတွေ အရှိန်မြှင့်နေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်'
လင်းယွမ်က ဤကိစ္စတွေကို ခေါင်းရှုပ်ခံ မစဉ်းစားချင်တော့ပေ။ လောလောဆယ် သူ့မှာ ပိုအရေးကြီးသော ကိစ္စများ ရှိနေသည်။
"ဒီမေးခွန်းတွေက ကျွန်တော်တို့ စဉ်းစားရမယ့်အရာတွေ မဟုတ်ဘူး... အားလုံးပဲ... ကျွန်တော်တို့ မှာ အခု ပိုအရေးကြီးတဲ့ ကိစ္စ ရှိတယ်"
အားလုံး၏ အကြည့်များက လင်းယွမ်ထံ ရောက်လာကြသည်။
လင်းယွမ်က လေးနက်စွာ ပြောလိုက်သည်။ "အဲ့တာက ရှေ့ဆက်ရှင်သန်ဖို့ပဲ"
"ဟိုလေယာဉ်ကို ခင်ဗျားတို့ မြင်တယ်မလား... အပြင်က ကယ်ဆယ်ရေးကို မျှော်ဖို့ဆိုတာ မသေချာတော့ဘူး"
"ဒါပေမဲ့ ဒီတိုက်ထဲမှာပဲ ဆက်နေမယ်ဆိုရင် နောက်ဆုံးကျ ရိက္ခာပြတ်လပ်တာကြောင့်ဖြစ်ဖြစ်... တခြား အကြောင်းအရင်း တစ်ခုခုကြောင့်ဖြစ်ဖြစ် ကျွန်တော်တို့ ထွက်ခွာရလိမ့်မယ်"
"အဲဒီအချိန်ရောက်ရင် ကျွန်တော်တို့ မှာ ရွေးချယ်ခွင့် ရှိတော့မှာ မဟုတ်ဘူး"
"လောလောဆယ် ရေက ၁၂ လွှာအထိပဲ ရောက်သေးတယ်... ကျွန်တော်တို့ ပြင်ဆင်ဖို့ အချိန်ရသေးတယ်... ရွေးချယ်စရာ လမ်း ရှိသေးတယ်"
"ကျွန်တော် သစ်ဖောင်ကို အမြန်ဆုံး လုပ်ဖို့ စဉ်းစားထားတယ်... အခု ခင်ဗျားတို့ကို မေးမယ်... တကယ်လို့ သစ်ဖောင် လုပ်ပြီးသွားရင် ခင်ဗျားတို့ ကျွန်တော်နဲ့ လိုက်မှာလား"
သူ့အကြည့်များက စူးရှတောက်ပနေပြီး လူများကို ကြည့်လိုက်သည်။
အားလုံး စဉ်းစားခန်း ဝင်သွားကြသည်။
တင်းယန်က ပထမဆုံး စကားစပြောသူ ဖြစ်သည်။ "ကျွန်မ ရှင်နဲ့ လိုက်မယ်"
သူမက တခြားသူတွေ စကားပြောချိန်ကို မစောင့်ဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။ "ပင်လယ်ရေနဲ့ ကြာကြာထိနေရင် ဒီတိုက်ကြီးက အနှေးနဲ့အမြန် ပြိုကျမှာပဲ"
"ရေစိမ်လို့ မပြိုရင်တောင် အပြင်ဘက်က ရေထဲမှာ သန္ဓေပြောင်း သတ္တဝါတွေ အများကြီး ထွက်လာပြီး ဒီအဆောက်အအုံတွေကို ဖျက်ဆီးကြလိမ့်မယ်"
"ဒုတိယအချက်က ဒီမိုးကြီးပဲ... ဒီမိုးကြီးက ရပ်တန့်မယ့် အရိပ်အယောင် လုံးဝ မရှိဘူး... ဘယ်အချိန်ထိ ရွာနေမလဲ ဘယ်သူမှ မသိနိုင်ဘူး... ရေတွေ ဆက်ကြီးလာမယ်... ရေမျက်နှာပြင် ဆက်မြင့်လာမယ်... ကျွန်မတို့ နေစရာနေရာတွေ ပိုနည်းလာလိမ့်မယ်"
"အဲဒီအချိန်ကျရင် ဒီမှာ ကျန်ခဲ့တဲ့လူတွေ နေစရာနေရာ ကျဉ်းလာပြီး ပဋိပက္ခတွေ ပိုပြင်းထန်လာလိမ့်မယ်"
"ဒီမှာ ကျန်ခဲ့တာက ရေနွေးအိုးထဲက ဖားလိုပဲ... ကြာရင် သေမှာပဲ... အဲ့တော့ အခု သန္ဓေပြောင်း သတ္တဝါတွေ သိပ်မကြောက်စရာ မကောင်းသေးခင် ဒီကနေ အမြန်ဆုံး ထွက်ခွာတာ ပိုကောင်းတယ်"
သူမ ပြောပြီးသည်နှင့် ကျောက်ခိုင်လည်း ဝင်ပြောသည်။ "အစ်ကိုလင်း... ကျွန်တော်လည်း အစ်ကိုလင်းနဲ့ လိုက်မယ်"
"ဒီနေရာမှာ... ကျွန်တော် ဆက်နေဖို့ တန်ဖိုးရှိတဲ့အရာ ဘာမှ မရှိတော့ဘူး"
ဤအကြောင်းပြချက် တစ်ခုတည်းနဲ့တင် လုံလောက်နေပေပြီ။
ချိုင်ကြည်နှင့် ဦးလေးမာတို့လည်း ခေါင်းမော့ပြီး လင်းယွမ်ကို ကြည့်လိုက်ကြသည်။
ချိုင်ကြည်က သက်ပြင်းချကာ "လင်းယွမ်... ငါလည်း မင်းနဲ့ လိုက်တော့မယ်ကွာ"
ဦးလေးမာက "ငါလည်း ပါမယ်... ဒီနေရာက... ဆက်နေလို့ မဖြစ်တော့ဘူး"
လင်းယွမ် ပြုံးလိုက်သည်။ "ခင်ဗျားတို့ ထပ်မစဉ်းစားတော့ဘူးလား"
"တင်းယန်နဲ့ ကျောက်ခိုင်က တစ်ကောင်ကြွက်တွေ... ဖြစ်ချင်ရာဖြစ်ဆိုပြီး ကျွန်တော်နဲ့ လိုက်နိုင်ပေမဲ့ ခင်ဗျားတို့က မိသားစုတွေနဲ့လေ"
"ဘာ စဉ်းစားစရာ ရှိလို့လဲ... စောစောက ခေါင်မိုးပေါ်မှာ ဟိုလူတွေရဲ့ ရုပ်ပျက်ဆင်းပျက် မျက်နှာတွေကို ငါ မမြင်တာမှ မဟုတ်တာ"
ချိုင်ကြည်က ခါးသက်သက် ပြုံးလိုက်ပြီး "မင်းသာ ဒီမှာ မရှိရင် သူတို့တွေ ချက်ချင်း ထကြွကုန်ကြမှာ"
ဦးလေးမာကလည်း ခံစားချက်ဖြင့် ပြောသည်။ "လူစိတ်ဆိုတာ ခန့်မှန်းရ အခက်ဆုံးပဲ... တို့အဖွဲ့လေးကပဲ ပိုကောင်းပါတယ်... သူတို့နဲ့ ဒီမှာ ကျန်ခဲ့ရင် တိုက်ရေမမြုပ်ခင် တို့တွေ အရင် သေကုန်လိမ့်မယ်"
သူတို့က လူအတွေ မဟုတ်ကြပေ။ စောစောက ခေါင်မိုးထပ်တွင် လျှိုချန်ဖာ၏ လုပ်ရပ်က သူတစ်ယောက်တည်း လုပ်ရပ် မဟုတ်မှန်း သိကြသည်။
'တခြား အိမ်ပိုင်ရှင်တွေထဲမှာလည်း သူနဲ့ အကြံတူတဲ့သူ မနည်းဘူး'
'ပြောရရင် အစားအသောက် အရင်းအမြစ် အများစုက လင်းယွမ် လက်ထဲမှာ ရှိနေတာကိုး'
'ဟိုလူတွေ မမက်မောဘဲ နေပါ့မလား'
လင်းယွမ် ရယ်မောလိုက်သည်။ "ခင်ဗျားတို့ ဒီလိုပြောတာ ကြားရတော့ ကျွန်တော် ဝမ်းသာပါတယ်... ကျွန်တော်တို့က အစကတည်းက အတူရှိခဲ့တဲ့ မိတ်ဆွေဟောင်းတွေပဲ... အတူတူ သွားရမယ်ဆိုတော့ ကျွန်တော်လည်း ပျော်တာပေါ့"
"ခင်ဗျားတို့ ရှိနေမှ ဒီကနေ ထွက်ခွာဖို့ ကျွန်တော် ပို ယုံကြည်ချက် ရှိမှာ"
ထိုစဉ် ဦးလေးမာက မေးလိုက်သည်။ "လင်းယွမ်... မင်း ဘယ်သွားဖို့ စိတ်ကူးထားလဲ... ထိုက်ယန်တောင်လား... မိန်တောင်လား"
ချိုင်ကြည်ကလည်း "လောလောဆယ် အပြင်မှာ ရေတွေကြီးနေပြီး လမ်းကြောင်းပြစနစ်လည်း သုံးမရတော့ လမ်းရှာဖို့ နည်းနည်း ခက်ခဲလိမ့်မယ်နော်"
အားလုံး၏ အကြည့်များက လင်းယွမ်ထံ ပြန်ရောက်လာကြသည်။ ဒါတွေက လက်တွေ့အကျဆုံး မေးခွန်းများ ဖြစ်ပေသည်။
ဆက်ရန်...
အပိုင်း (၁၀၄) လင်းယွမ်၏ "အစွမ်း" နှင့် ကျောက်ခိုင်နိုးထခြင်း
လင်းယွမ်က ခေါင်းဆောင်တစ်ယောက် ဖြစ်သည့်အတွက် ဤပြဿနာများကို ဖြေရှင်းရန် နည်းလမ်းရှာရမည်မှာ သဘာဝပင် ဖြစ်လေ၏။
အနည်းဆုံးတော့ သူ့တွင် အစီအစဉ်တစ်ခု ရှိနေရပေမည်။ သို့မှသာ လူအများက ယုံကြည်လက်ခံပြီး သူ့နောက်သို့ ရဲရဲဝံ့ဝံ့ လိုက်ပါရဲကြမည် ဖြစ်သည်။
လင်းယွမ်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ထိုက်ထိုက်ယန်တောင်က ပိုမြင့်ပြီး မိန်တောင်ကတော့ ပိုနီးတယ်... ဒါပေမဲ့ တကယ်တမ်းကျတော့ အဲဒီနှစ်ခုလုံးက တောင်တန်းတစ်ခုတည်းပါပဲ... ကျွန်တော်တို့နေတဲ့ မိန်တုဥယျာဉ်ကနေဆိုရင် အဲဒီတောင်နှစ်လုံးစလုံးက သိပ်မဝေးလှဘူး"
"အရင်တုန်းက ကားမောင်းသွားမယ်... အမြန်လမ်းကနေ သွားမယ်ဆိုရင် နာရီဝက်လောက်ပဲ မောင်းရတာ... မိုင် ၂၀ လောက်ပဲ ရှိတယ်"
"ဒါပေမဲ့ သစ်ဖောင်နဲ့ သွားမယ်ဆိုရင်တော့ အချိန်အများကြီး ပေးရလိမ့်မယ်"
"လမ်းကြောင်းပြစနစ်အတွက်ကတော့ စိတ်မပူပါနဲ့... ရေဘေးကြီး စဖြစ်ကတည်းက ကျွန်တော် အင်တာနက်မလိုတဲ့ မြေပုံတွေ ဒေါင်းလုဒ်ဆွဲထားတယ်... ပြီးတော့ ဒီရက်ပိုင်း ပစ္စည်းတွေ ရှာဖွေရင်းနဲ့ မြေပုံစာအုပ်တော်တော်များများလည်း တွေ့ထားတယ်"
"အဲဒီအချိန်ကျရင် မြေပုံကို ကြည့်ပြီး လမ်းကြောင်းရှာရင် ရလောက်ပါတယ်"
"လောလောဆယ် အရေးအကြီးဆုံးကတော့ သစ်ဖောင်ကို အမြန် ပြီးအောင်လုပ်ဖို့ပဲ"
"ပြီးတော့... နောက်ထပ် လူတချို့ကိုလည်း ခေါ်သွားရမယ်"
လင်းယွမ်၏ မျက်လုံးများက အရောင်လက်သွားခဲ့၏။ အနာဂတ်တွင် လူဦးရေသည် အရေးပါသော အရင်းအမြစ် ဖြစ်လာမည်မှာ သေချာပါသည်။
လောလောဆယ်တွင် ထိုက်ယန်တောင်နှင့် မိန်တောင်ပေါ်၌ လူရှိမရှိ သူ မသိရသေးပေ။
အကယ်၍ လူရှိနေခဲ့လျှင် ထိုသူများသည် အဖွဲ့အစည်းတစ်ခု တည်ထောင်ထားပြီး ဖြစ်လောက်သည်။ ထိုအခြေအနေမျိုးတွင် သူတို့ကဲ့သို့ ပြင်ပမှ လူစိမ်းများ ဝင်ရောက် ခိုလှုံခြင်းကို ငြင်းပယ်ကြပေလိမ့်မည်။
နေရာက အကန့်အသတ်ရှိပြီး လူများလာသည်နှင့်အမျှ ရရှိနိုင်သော အရင်းအမြစ်များ ဝေမျှရမည် ဖြစ်သောကြောင့်ပင်။
ထို့ကြောင့် ကိုယ့်လူ ကိုယ်များများ ခေါ်သွားနိုင်လျှင် ကိုယ်ပိုင်အင်အားတစ်ခု အလိုလို ရှိပြီးသား ဖြစ်သွားမည်ဖြစ်ရာ ဘေးလူများကလည်း အထင်သေးရဲမည် မဟုတ်ပေ။
နောက်တစ်ချက်မှာ တောင်ပေါ်တွင် လူနည်းနေပါကလည်း လုပ်အား လိုအပ်မည် ဖြစ်သည်။
မြေရိုင်းများ ခုတ်ထွင်ရှင်းလင်းပြီး စိုက်ပျိုးခြင်း၊ နေအိမ်များ ဆောက်လုပ်ခြင်း သို့မဟုတ် တောင်ပေါ်ရှိ သန္ဓေပြောင်း သတ္တဝါများနှင့် တိုက်ခိုက်ခြင်းတို့အတွက် လူအင်အား လိုအပ်မည် ဖြစ်လေ၏။
သို့သော် သစ်ဖောင်၏ အရွယ်အစားကြောင့် လူအများကြီး ခေါ်သွားရန်မှာမူ မဖြစ်နိုင်ပေ။
ထို့ကြောင့် ဤမျှများပြားလှသော တိုက်ခန်းပိုင်ရှင်များထဲမှ သင့်တော်သူများကို ရွေးချယ်ရပေလိမ့်မည်။
လောလောဆယ် လင်းယွမ် သဘောကျနေသူများမှာ ဟူဝေမင်နှင့် လျှိုတနန်တို့ ပါဝင်သည့် အဖွဲ့ငယ်လေး ဖြစ်သည်။
သူတို့သည် မူလကတည်းက တိုက်ခန်းတွဲ တစ်ခုတည်းတွင် နေထိုင်သူများ ဖြစ်သဖြင့် သံယောဇဉ် ရှိပြီးသား ဖြစ်ကြ၏။
ထို့အပြင် ယခင်က ဟူဝေမင်တို့အပေါ် သူက ဂရုစိုက်ပေးခဲ့ဖူးသဖြင့် အချင်းချင်း ဆက်ဆံရေး ကောင်းမွန်ကြလေသည်။
ဒုတိယ အုပ်စုမှာ ကျန်းဖန်၊ ဝင်လီလီ စသည့် ကင်းလှည့်အဖွဲ့ဝင်များ ဖြစ်ကြသည်။
ဤကာလအတွင်း သူ အကဲခတ် ကြည့်ရှုခဲ့ရာတွင် ထိုအထဲမှ တချို့သည် စိတ်သဘောထား ဖြူစင်ပြီး သတ္တိလည်း ရှိကြသဖြင့် အလုပ်ဖြစ်မည့်သူများ ဖြစ်လေ၏။
ထို့ပြင် နည်းပညာ ကျွမ်းကျင်သူ တချို့ကိုလည်း လင်းယွမ် ခေါ်သွားချင်နေမိသည်။
ဥပမာအားဖြင့် အဒေါ်ကြီးလီ ခေါ်လာပေးသည့် အမျိုးသမီးကြီး အချို့ဆိုလျှင် ဟင်းသီးဟင်းရွက် စိုက်ပျိုးရာ၌ အလွန် ကျွမ်းကျင်ကြသူများ ဖြစ်သည်။
ဤစွမ်းရည်ကို အထင်မသေးသင့်ပေ။ ယခုခေတ်တွင် လူငယ်အများစုမှာ စိုက်ပျိုးရေး လုပ်တတ်ကြသူ ရှားပါးလှသည်။
ထိုက်ယန်တောင်ဘက်သို့ ရောက်သွားသည့်အခါ စိုက်ပျိုးတတ်သူများ မပါလျှင် ရှိသမျှ ထိုင်စားနေရုံဖြင့် မဖြစ်နိုင်ပေ။ သူ့ဆီမှ ကံစမ်းမဲ နှိုက်ရရှိသော ပစ္စည်းများကိုသာ ထိုင်မျှော်နေကြရမည်လော။
ထိုအတွေးများက ခေါင်းထဲ၌ တဖြတ်ဖြတ် ဖြတ်ပြေးသွားသော်လည်း လင်းယွမ် ထုတ်မပြောခဲ့ချေ။
နောက်ထပ် အရေးကြီးသည့် အချက်တစ်ချက်ကိုလည်း လင်းယွမ် အထူးဂရုပြုထားမိသည်။
ထိုအရာမှာ တိုက်ခန်းတွဲထဲရှိ အစွမ်းရရှိထားသူများပင် ဖြစ်လေ၏။
အကယ်၍ တစ်စုံတစ်ယောက်သည် သန္ဓေပြောင်း အစွမ်းများကို နိုးထလာခဲ့ပြီး ထိုသူ၏ စိတ်နေသဘောထားလည်း ကောင်းမွန်ပါက ထိုသူ့ကိုပါ ခေါ်သွားသင့်သည်ဟု လင်းယွမ် ယူဆထားသည်။
ဥပမာအားဖြင့် ဆုန့်ဝမ် ဆိုလျှင် အစွမ်းနိုးထလာပြီး ဖြစ်သည့်အတွက် အချိန်တန်လျှင် သူမကိုပါ အတူလိုက်ခဲ့ရန် လင်းယွမ် တိုက်တွန်းမည် ဖြစ်၏။
ဆုန့်ဝမ် အကြောင်း တွေးမိတော့မှ သူမ၏ အစွမ်းက မည်သည့် အမျိုးအစားဖြစ်ပြီး မည်သို့ အသုံးဝင်သည်ကို သူ မမေးမြန်းရသေးကြောင်း လင်းယွမ် သတိရသွားသည်။
လူအချို့သည် လင်းယွမ်၏ နေအိမ်၌ အနာဂတ် အစီအစဉ်များနှင့် ပတ်သက်၍ တိုင်ပင်ဆွေးနွေးကြပြီး နေ့လယ်စာကို လင်းယွမ်အိမ်၌ပင် စားသောက်လိုက်ကြလေ၏။
ရန်မေက မီးဖိုချောင် ဝင်ထားသဖြင့် ထမင်းဝိုင်းက ဟင်းပွဲစုံလင်လှသည်။
ရေထဲမှ ရသော ငါး၊ ပုစွန်များအပြင် လင်းယွမ်က ကံစမ်းမဲမှ ရထားသည့် ဟင်းသီးဟင်းရွက် လက်ဆောင်ထုတ်ကြီးကိုပါ ထုတ်ကာ ဧည့်ခံလိုက်သည်။
စိမ်းစိုလတ်ဆတ်နေသော ဟင်းသီးဟင်းရွက်များကို မြင်လိုက်ရသည့်အခါ လူတိုင်း သွားရည်ယိုကုန်ကြတော့၏။
အားလုံးက အံ့သြဝမ်းသာ ဖြစ်သွားကြသည်။
"အစ်ကိုလင်း... ခင်ဗျားဆီမှာ ဟင်းသီးဟင်းရွက်တွေ ရှိနေသေးတာလား"
"လင်းယွမ်... ဒီဟင်းသီးဟင်းရွက်တွေက ဘယ်လိုလုပ် ဒီလောက် လတ်ဆတ်နေရတာလဲ"
"တကယ်ကြီး ဟင်းသီးဟင်းရွက်တွေပဲ... နင့်ဆီမှာ ဟင်းသီးဟင်းရွက်တွေ ရှိနေသေးတာလား"
လူတိုင်းက အံ့သြတကြီး အော်ဟစ်မေးမြန်းကြပြီး တင်းယန်ပင်လျှင် မျက်နှာတွင် အံ့သြမှုများကို ဖုံးဖိမထားနိုင်တော့ချေ။
ကမ္ဘာပျက်ကပ် ရေကြီးမှု ဖြစ်ပွားသည်မှာ ကြာပြီဖြစ်၍ ဟင်းသီးဟင်းရွက် ဆိုသည်မှာ မမြင်ရသည်ပင် ကြာခဲ့ပြီ ဖြစ်လေ၏။
ဆားနယ်ထားသည့် အသီးအရွက်များမှလွဲ၍ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို မည်သူမျှ မမြင်ဖူးကြတော့ပေ။
လင်းယွမ်က ပြုံးလိုက်သည်။ သူ ပြောမည့် စကားများကို ကြိုတင် စဉ်းစားထားပြီးသား ဖြစ်လေ၏။
သူက လူများကို ကြည့်ကာ ပြောလိုက်သည်။
"ကျွန်တော်လည်း ခင်ဗျားတို့ကို ဖုံးမထားတော့ပါဘူး... ခင်ဗျားတို့လည်း ရိပ်မိကြမှာပါ... ကျွန်တော် သန္ဓေပြောင်း အစွမ်း ရထားပြီးပြီ"
ထိုစကားကြောင့် အားလုံးက ခေါင်းမော့လာကြပြီး သူ့ကို ဝိုင်းကြည့်ကြလေသည်။
တင်းယန်ကမူ ကြိုတင် ခန့်မှန်းမိပြီးသား ဖြစ်သည်။ လျှိုအားလုံကို သတ်ဖြတ်စဉ်ကတည်းက လင်းယွမ်သည် သာမန်ထက် ထူးကဲသော ခွန်အားများကို ထုတ်ပြခဲ့ပြီး ဖြစ်လေ၏။
နောက်ပိုင်း သန္ဓေပြောင်း ကြောင်ကို သတ်ဖြတ်ရာတွင်ဖြစ်စေ၊ ဝမ်ကျဲကို သတ်ဖြတ်ရာတွင်ဖြစ်စေ ထုတ်ပြခဲ့သော စွမ်းရည်များက သာမန်လူတစ်ယောက်ထက် များစွာ သာလွန်နေခဲ့သည်။
သို့သော် သန္ဓေပြောင်း အစွမ်းနှင့် ပတ်သက်နေသဖြင့် သူမအနေဖြင့် အများကြီး မမေးမြန်းရဲခဲ့ပေ။
ယခု လင်းယွမ်က စတင် ဖွင့်ဟလာသည့်အခါ သူမလည်း စိတ်ဝင်စားသွားမိသည်။
ရန်မေကလည်း လင်းယွမ်ကို ကြည့်ကာ ဝမ်းသာအားရ ပြောလိုက်သည်။
"မောင်လေး... နင်လည်း အစွမ်းနိုးလာပြီပေါ့"
လင်းယွမ် ပိုစွမ်းအားကြီးလေ သူမအတွက် ပိုလုံခြုံလေ ဖြစ်သဖြင့် ရန်မေ ဝမ်းသာမိသည်မှာ အမှန်ပင်။
အားလုံး၏ မျှော်လင့်တကြီး ကြည့်နေသော အကြည့်များအောက်တွင် လင်းယွမ်က ခေါင်းညိတ်ပြလိုက်ပြီး ပြုံးကာ ပြောလေ၏။
"ဟုတ်တယ်... ကျွန်တော် အစွမ်းနိုးလာပြီ"
"ဒါပေမဲ့ ကျွန်တော့်ရဲ့ အစွမ်းက တင်းယန်တို့ ဝမ်ကျဲတို့နဲ့ မတူဘူး"
ပြောရင်းဆိုရင်း လင်းယွမ်က ပန်းကန်ပြား တစ်ချပ်ကို ကောက်ကိုင်လိုက်ရာ လူတိုင်း၏ မျက်စိရှေ့မှာပင် ပန်းကန်ပြားက 'ဝှစ်' ခနဲ ပျောက်ကွယ်သွားလေတော့သည်။
အားလုံး မျက်လုံးပြူးသွားကြ၏။
"ဒါ... ဒါ ဘာဖြစ်သွားတာလဲ"
"ပန်းကန်ပြားရော"
"မျက်လှည့်လား... လင်းယွမ်... ဒါက"
အားလုံး၏ အံ့သြမှင်သက်နေသော အကြည့်များအောက်တွင် လင်းယွမ်က လက်ကို ဝှေ့ယမ်းလိုက်ရာ ပန်းကန်ပြားသည် စားပွဲပေါ်၌ ပြန်လည် ထွက်ပေါ်လာပြန်သည်။
သူက ပြုံး၍ ပြောလိုက်သည်။
"ဒါ ကျွန်တော့်ရဲ့ သန္ဓေပြောင်း အစွမ်းပဲ"
အားလုံး အံ့သြသွားကြပြီး တင်းယန်က လေတစ်ချက် ရှူသွင်းလိုက်ကာ ပြောလိုက်၏။
"ရှင့်ရဲ့ အစွမ်းက... ဟင်းလင်းပြင် အစွမ်းလား"
သူမက လျှို့ဝှက်ချက်ကို တန်းခနဲ ပြောလိုက်သဖြင့် အားလုံး အံ့သြလွန်း၍ မျက်လုံးများ ပြူးကျယ်သွားကြသည်။
လင်းယွမ် ခေါင်းညိတ်ပြလိုက်သည်။ စနစ် အကြောင်းကို လုံးဝ ထုတ်ပြော၍ မဖြစ်ကြောင်း သူ ကောင်းစွာ တွေးတောထားပြီးသား ဖြစ်သည်။
သို့သော် ဤလူများသည် သူ့ဘေးတွင် ရေရှည် ရှိနေကြမည့်သူများ ဖြစ်သဖြင့် သူ့ထံတွင် ထူးခြားမှုများ ရှိနေကြောင်း နောက်ပိုင်းတွင် သတိထားမိလာကြမည်မှာ မလွဲဧကန်ပင်။
အစားအသောက်များ အဆက်မပြတ် ထွက်ပေါ်လာခြင်းနှင့် အခြား ပစ္စည်းပစ္စယများကို မည်သို့ ရှင်းပြမည်နည်း။
ထိုပစ္စည်းများ မည်သည့်နေရာမှ ရောက်လာပြီး မည်သည့်နေရာ၌ သိုလှောင်ထားသည်ကို မည်သို့ ရှင်းပြမည်နည်း။
ယခု သူ့တွင် အစွမ်းတစ်ခု ရှိနေသည်ဟု ဆိုလိုက်လျှင် ထိုအစွမ်းကို ခုတုံးလုပ်၍ စနစ် ရှိနေသည့် အမှန်တရားကို ဖုံးကွယ်ထားလိုက်ရုံသာ ရှိတော့သည်။
သူက ရယ်မောကာ ပြောလိုက်သည်။
"ကျွန်တော့် အစွမ်းက ဟင်းလင်းပြင် အစွမ်းပဲ"
"ကျွန်တော်က ဟင်းလင်းပြင် အိတ်ကပ်လိုမျိုး သီးသန့် ဟင်းလင်းပြင်တစ်ခုကို ဖွင့်နိုင်ပြီး အဲဒီထဲကို ပစ္စည်းတွေ အကုန် ထည့်သိမ်းထားလို့ရတယ်"
"အဲဒီ သီးသန့် ဟင်းလင်းပြင်ထဲမှာ အချိန်စီးဆင်းမှု မရှိဘူး... ဒါကြောင့် ခင်ဗျားတို့ မြင်နေရတဲ့ ဟင်းသီးဟင်းရွက်တွေပဲ ဖြစ်ဖြစ်... ကျွန်တော် အစားအသောက်နဲ့ လဲလှယ်ထားတဲ့ သန္ဓေပြောင်း ငါးတွေပဲ ဖြစ်ဖြစ် အကုန်လုံးကို အဲဒီထဲမှာ သိမ်းထားတာ"
သူ၏ စကားများသည် မိုးကြိုးပစ်ချလိုက်သကဲ့သို့ လူတိုင်းကို မှင်သက်သွားစေခဲ့သည်။
ရန်မေက ဦးဆုံး သတိဝင်လာပြီး ဝမ်းသာအားရဖြင့် လင်းယွမ်ကို ဖက်လိုက်လေသည်။
"မောင်လေး... နင်... နင် တော်လိုက်တာဟာ... ဒီလို အစွမ်းမျိုးတောင် ရှိတယ်ပေါ့"
"ဒါဆိုရင် ငါတို့ လုပ်ထားတဲ့ ငါးခြောက်တွေ၊ လတ်ဆတ်တဲ့ သန္ဓေပြောင်း ငါးတွေ ပုပ်သိုးမှာ ပူစရာမလိုတော့ဘူးပေါ့"
"နောက်ဆို ရေခဲသေတ္တာ မီးမလာလို့ စိတ်ညစ်စရာ မလိုတော့ဘူးပေါ့"
သူမ ပျော်လွန်း၍ ရူးမတတ်ပင် ဖြစ်သွားရှာသည်။ သူမသည် ငါးများကို ကိုင်တွယ် ချက်ပြုတ်ရသူ ဖြစ်သဖြင့် ငါးများစွာကို ရေခဲရိုက် သိမ်းဆည်းရန် မည်မျှ ခက်ခဲကြောင်း အသိဆုံး ဖြစ်လေ၏။
လင်းယွမ်၏ ဟင်းလင်းပြင် အစွမ်းက သူမကို အတိုင်းအဆမရှိ ဝမ်းသာသွားစေသည်။
တင်းယန်လည်း သတိဝင်လာပြီး ဝမ်းသာသည့် မျက်နှာထားဖြင့် ပြောလိုက်သည်။
"ဒါကြောင့်ကိုး... ရှင့်အိမ်မှာ ဘာမှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေပေမဲ့ အစားအသောက်တွေ အများကြီး ထုတ်ထုတ်ပေးနိုင်နေတာ"
အားလုံးက အရူးများ မဟုတ်ကြပေ။ လူအများကြီး အစားအသောက် လာလဲလှယ်တိုင်း လင်းယွမ်က အိပ်ခန်းထဲ တစ်ခေါက်ဝင်လိုက်ရုံဖြင့် အစားအသောက်များစွာ သယ်ထုတ်လာနိုင်သည်ကို သူတို့ မြင်တွေ့ခဲ့ရသည်။
သံသယ ဝင်မိကြသော်လည်း မည်သူမျှ ထုတ်မပြောခဲ့ကြခြင်းသာ ဖြစ်၏။
ယခု လင်းယွမ်က သူ့တွင် ဟင်းလင်းပြင် အစွမ်းရှိကြောင်း၊ ပစ္စည်းများ သိုလှောင်နိုင်ကြောင်း ဝန်ခံလိုက်သည့်အခါ အားလုံး သဘောပေါက် နားလည်သွားကြလေသည်။
ချိုင်ကြည်၊ ဦးလေးမာ နှင့် ကျောက်ခိုင်တို့လည်း ဝမ်းသာသွားကြသည်။
"လင်းယွမ်... မင်းမှာ ဒီလိုအစွမ်းရှိမှတော့ သွားလေရာ သယ်သွားနိုင်တဲ့ ရိက္ခာဂိုထောင်ကြီး ဖြစ်နေပြီပေါ့... ငါတို့ အစားအသောက် သိမ်းဆည်းဖို့ ဘယ်တော့မှ ပူစရာ မလိုတော့ဘူး"
"ဟုတ်တယ် အစ်ကိုလင်း... ခင်ဗျားရဲ့ အစွမ်းက တကယ့်ကို ကောင်းလွန်းတယ်ဗျာ"
"ဟားဟား... ဒီလိုဆိုရင် ငါတို့ သစ်ဖောင်စီးပြီး သွားရင်တောင် အစားအသောက် အများကြီး သယ်သွားစရာ မလိုတော့ဘူးပေါ့... အစ်ကိုလင်းကို သေချာ ကာကွယ်ပေးထားရင် ပြီးပြီပဲ"
ကျောက်ခိုင်က ရယ်မော၍ ပြောလိုက်သည်။
လင်းယွမ် ပြုံးလိုက်သည်။ ဟင်းလင်းပြင် အစွမ်းသည် ထောက်ပို့ပိုင်းအတွက် နတ်ဘုရားလို စွမ်းရည်ဟု ပြောနိုင်လေသည်။
လက်ရှိ ကမ္ဘာကြီးတွင် အဖွဲ့တစ်ဖွဲ့၌ မှော်ဆရာ (Mage) မရှိလျှင် ဖြစ်ကောင်း ဖြစ်နိုင်သည်။ စစ်သည်တော် (fighter) မရှိလျှင် ဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့သော် ထောက်ပို့ (support) မရှိလျှင်တော့ ရေရှည် ရပ်တည်နိုင်မည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် လောလောဆယ် အလိုအပ်ဆုံးအရာမှာ ရိက္ခာနှင့် ပစ္စည်းများ ဖြစ်သောကြောင့်ပင်။
ပစ္စည်းများ ရှာဖွေရရှိလျှင်တောင် ထားစရာနေရာ မရှိပါက မှိုတက် ပုပ်သိုးသွားသည်ကို ထိုင်ကြည့်နေရုံသာ ရှိတော့မည်။
ထို့ကြောင့် လင်းယွမ်က သူ့တွင် ပစ္စည်းသိုလှောင်နိုင်သော ဟင်းလင်းပြင် အစွမ်းရှိသည်ဟု ပြောလိုက်ခြင်းသည် အဖွဲ့တစ်ခုလုံးအတွက် အစားထိုးမရနိုင်သော အဓိကလူ ဖြစ်လာစေတော့သည်။
လူတိုင်း ဝမ်းသာနေကြပြီး လင်းယွမ်ကို ဝိုင်းဝန်း ဂုဏ်ပြုကြသလို သူတို့၏ ရွေးချယ်မှု မှန်ကန်ခဲ့သည့်အတွက်လည်း ကံကောင်းသည်ဟု ခံစားနေကြရသည်။
"မောင်လင်းရေ... ငါတို့ မင်းနဲ့ တွေ့တာ တကယ့်ကို ကံကောင်းတာပဲကွာ"
ဦးလေးမာက ခံစားချက်အပြည့်ဖြင့် ပြောလိုက်၏။
ချိုင်ကြည်ကလည်း ဝင်ပြောသည်။
"မောင်လင်း... မင်းရဲ့ အဲ့ဒီအစွမ်းကို ဘယ်သူ့ကိုမှ မပြောနဲ့နော်... မဟုတ်ရင် အစွမ်းထက်တဲ့ သူတွေက မင်းကို ပြန်ပေးဆွဲပြီး ဖမ်းခေါ်သွားကြလိမ့်မယ်"
"မင်းက အခု လူသား ဂိုဒေါင်ကြီး ဖြစ်နေပြီ"
တင်းယန်ကလည်း မျက်ဝန်းများ အရောင်လက်လျက် လင်းယွမ်ကို ကြည့်ကာ ပြောလေသည်။
"ဟင်းလင်းပြင် အစွမ်းက ကျွန်မရဲ့ စွမ်းအားမြှင့်ပေးတဲ့ အစွမ်းထက် ပိုမိုက်တယ်နော်"
"ဒါနဲ့... ရှင့်ရဲ့ ဟင်းလင်းပြင် အစွမ်းက ပစ္စည်းတွေ သိမ်းဖို့ သီးသန့် ဟင်းလင်းပြင် ဖွင့်တာ တစ်ခုပဲ ရတာလား"
သူမက လင်းယွမ်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှု ပြောင်းလဲလာသည်ကို တွေးမိပြီး သံသယဖြစ်ကာ မေးလိုက်သည်။
လင်းယွမ်က ပြုံးလိုက်သည်။
"ဒါပေါ့... ဒါတစ်ခုတည်းတော့ ဘယ်ဟုတ်မလဲ... အစွမ်းနိုးထလာတာနဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကလည်း အများကြီး တိုးလာတယ်"
"နောက်ပြီး ဟင်းလင်းပြင် တံခါးဖွင့်ဖို့အတွက် စိတ်စွမ်းအင် အများကြီး လိုအပ်တယ်"
"အဲဒီအချက်ကြောင့်ပဲ ဝမ်ကျဲရဲ့ စိတ်ကို လှည့်စားတဲ့ အစွမ်းက ကျွန်တော့်အပေါ် မသက်ရောက်နိုင်ခဲ့တာ နေမှာ"
သူက အကြောင်းပြချက် တစ်ခု ဖန်တီး၍ ပြောလိုက်သည်။ ဤနေရာတွင် ဟင်းလင်းပြင် အစွမ်း နိုးထသူ မရှိသဖြင့် သူ့အစွမ်း မည်သို့ အလုပ်လုပ်ကြောင်း အတိအကျ သိသူ မရှိပေ။
တင်းယန် နားထောင်ပြီးနောက် သဘောပေါက်သွားကာ ပြောလိုက်သည်။
"တကယ်ပါပဲ... လူချင်း ယှဉ်မိရင် ရင်နာရတယ်ဆိုတာ ဒါမျိုးပဲ"
"ရှင့်အစွမ်းက တိုက်ခိုက်ရေးမှာ သိပ်အရာမရောက်ပေမဲ့ တကယ်ကို အသုံးဝင်တာပဲ"
လင်းယွမ် စိတ်ထဲမှ ကြိတ်ရယ်လိုက်မိသည်။
တိုက်ခိုက်ရေး စွမ်းရည်ပိုင်း ပြောရလျှင် ယခုအချိန်၌ တင်းယန်သည် သူ့ပြိုင်ဘက် မဟုတ်တော့ပေ။
သို့သော် သူ ပြန်မပြောဘဲ ပြုံး၍သာ နေလိုက်သည်။
"ဘယ်လို အစွမ်းမျိုး နိုးထလာမလဲ ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူးလေ... ငါလည်း ကံကောင်းသွားတာပါ"
"ကဲ... ဒီကိစ္စ ထားလိုက်ပါတော့... ဒီလျှို့ဝှက်ချက်ကို ခင်ဗျားတို့ကိုပဲ ပြောပြထားတာ... အပြင်လူကို လုံးဝ မပြောကြနဲ့"
အားလုံးက ရင်ဘတ်ကို ပုတ်၍ ကတိပေးကြလေသည်။
တစ်ချိန်တည်းမှာပင် အားလုံး စိတ်ထဲ၌ အလွန် ကျေနပ် ဝမ်းမြောက်နေကြ၏။
ဤသည်မှာ လင်းယွမ်က သူတို့ကို အမှန်တကယ် ယုံကြည်ရသော အဓိက အဖွဲ့ဝင်များအဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း ပြသနေခြင်းပင်။
နောင်တွင် ဤအဖွဲ့သည် လင်းယွမ်ကို ဗဟိုပြု၍ ပိုမို ခိုင်မာလာတော့မည် ဖြစ်သည်။
ထမင်းစားသောက်ပြီးစီး၍ အရက်အနည်းငယ် သောက်ကြပြီးနောက် လင်းယွမ်က တင်းယန်တို့ကို ပစ္စည်း အနည်းငယ် ထုတ်ပေးလိုက်သည်။
သူတို့က ငြင်းဆန်ကြသော်လည်း လင်းယွမ်က ဝမ်ကျဲကို သတ်ဖြတ်ပြီးနောက် သူ ရှာဖွေ သိမ်းဆည်းလာခဲ့သည်များ ဖြစ်ကြောင်း ပြောလိုက်၏။
မည်မျှ သိမ်းဆည်းရမိသည်ကိုမူ သူ ထုတ်မပြောပေ။
ကျန်သူများကလည်း မမေးမြန်းကြတော့ဘဲ ကျေးဇူးတင်စကား ဆိုကာ လင်းယွမ် ပေးသည်များကို လက်ခံလိုက်ကြသည်။
ထိုအထဲတွင် တင်းယန်ကို အများဆုံး ပေးလိုက်ခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် တင်းယန်သည် ရှေ့တန်းမှ တိုက်ခိုက်နေရသူ ဖြစ်ပြီး ပေးဆပ်ရမှုလည်း အများဆုံး ဖြစ်သောကြောင့်ပင်။
ထိုသို့ လုပ်အားအပေါ် မူတည်၍ ခွဲဝေခြင်းသည် တရားမျှတမှု ရှိသဖြင့် မည်သူမျှ ကန့်ကွက်စရာ မရှိကြပေ။
အခြားသူများကို ပြန်ပို့ပြီးနောက် လင်းယွမ်က ကျောက်ခိုင်ကို လှမ်းခေါ်လိုက်သည်။
"ကျောက်ခိုင်... ခဏနေဦး"
ကျောက်ခိုင်က နားမလည်စွာဖြင့် လင်းယွမ်ကို ကြည့်လိုက်သည်။
"အစ်ကိုလင်း... ဘာဖြစ်လို့လဲ"
လင်းယွမ်က ပြောလိုက်သည်။
"ငါ့နောက် လိုက်ခဲ့... မင်းကို ပြောစရာ ရှိတယ်"
ကျောက်ခိုင်၏ မျက်နှာက ပျက်သွားပြီး ပြတ်သွားသော သူ့လက်ကို ငုံ့ကြည့်ကာ လင်းယွမ်ဘေးမှ တိတ်တဆိတ် လိုက်ပါသွားလေ၏။
နှစ်ယောက်သား လသာဆောင်သို့ ရောက်သောအခါ လင်းယွမ် မေးလိုက်သည်။
"မင်း ဆေးလိပ် သောက်သေးလား"
ကျောက်ခိုင် ခေါင်းခါလိုက်သည်။
"မသောက်တော့ဘူး"
သူက လင်းယွမ်ကို မော့ကြည့်ပြီး သတ္တိမွေးကာ ပြောလိုက်သည်။
"အစ်ကိုလင်း... ပြောစရာရှိတာ ပြောပါ... ကျွန်တော့်လက် ပြတ်သွားလို့ အသုံးမဝင်တော့ဘူး ဆိုပြီး... ခင်ဗျား... ခင်ဗျားက"
သူ့မျက်ဝန်းအိမ်တွင် မျက်ရည်များ ဝဲတက်လာပြီး မျက်လုံးများ နီရဲလာလေ၏။
လင်းယွမ် အံ့သြသွားပြီး ရယ်ရခက် ငိုရခက် ဖြစ်သွားကာ ပြောလိုက်သည်။
"မင်း ဘာတွေ လျှောက်တွေးနေတာလဲ... မင်းစိတ်ထဲမှာ ငါက အဲဒီလို လူမျိုးလား"
ကျောက်ခိုင် ကြောင်အသွားပြီး ချက်ချင်း ဝမ်းသာသွားသည်။
"ကျွန်တော့်ကို အဖွဲ့ထဲက ထုတ်မလို့ မဟုတ်ဘူးလား"
လင်းယွမ်က သူ့ခေါင်းကို ခပ်ဖွဖွ ရိုက်လိုက်ပြီး ရယ်မောကာ ဆူလိုက်သည်။
"ဘာတွေ လျှောက်ပြောနေတာလဲ... မင်းက ငါတို့ဆီ အစောဆုံး ရောက်လာတဲ့သူပဲ... ငါက မင်းကို ဘယ်လိုလုပ် ထုတ်ပစ်ရမှာလဲ"
"နောက်တစ်ခါ အဲဒီလို စကားမျိုး ထပ်ပြောရင်တော့ ငါ တကယ် ကန်ထုတ်ပစ်မှာ"
ကျောက်ခိုင်မှာ ဝမ်းသာလွန်း၍ ရူးမတတ် ဖြစ်သွားပြီး မျက်လုံးကို ပွတ်သပ်လိုက်သော်လည်း မျက်ရည်များက အဆက်မပြတ် စီးကျလာကာ တဟားဟား ရယ်မောနေမိတော့သည်။
သူ ဤအဖွဲ့ကို တကယ် ချစ်မြတ်နိုးသည်။ အားလုံး၏ လုပ်ပုံကိုင်ပုံကို သဘောကျသည်။
ဤနေရာတွင် အားကိုးရသော အစ်ကိုလင်း ရှိသည်။ စိတ်ထားကောင်းမွန်သော အမမေ ရှိသည်။ သဘောကောင်းသော အဒေါ်ကြီးလီနှင့် ဦးလေးမာ ရှိသည်။ သူ့ကို ဂရုစိုက်ပေးသော အစ်ကိုချိုင်နှင့် အမဝူတို့ ရှိသည်။
ဤကဲ့သို့ ဂရုစိုက်မှုမျိုး၊ နွေးထွေးမှုမျိုး မရရှိခဲ့သည်မှာ ကြာပြီ ဖြစ်လေ၏။
အမတင်း ဆိုလျှင် ပုံမှန်အားဖြင့် အေးစက်စက် နေတတ်သော်လည်း အပြင်ထွက် တိုက်ခိုက်တိုင်း သူမက သူ့ကို သွယ်ဝိုက်သော နည်းလမ်းဖြင့် ကာကွယ်ပေးလေ့ ရှိသည်။
ဒါတွေကို သူတို့ ထုတ်မပြောကြသော်လည်း ကျောက်ခိုင် ကိုယ်တိုင် ခံစားမိပါသည်။
ထို့ကြောင့် သူ ဤနေရာမှ မခွဲခွာချင်ပေ။
ယခု လင်းယွမ်၏ စကားကို ကြားလိုက်ရသည့်အခါ သူ တကယ်ကို ပျော်ရွှင်ပြီး စိတ်လှုပ်ရှားသွားမိသည်။
"ကျွန်... ကျွန်တော့် လက်ပြတ်သွားတော့ အားလုံးကို မကူညီနိုင်တော့ဘူး... အားလုံးက ငြိုငြင်ကြတော့မယ်လို့ ထင်နေတာ"
ကျောက်ခိုင်က မျက်လုံးနီနီဖြင့် ပြောလိုက်သည်။
လင်းယွမ်က သူ့ခေါင်းကို ပုတ်ပေးလိုက်သည်။
"မင်းလက်က လျှိုအားလုံကို သတ်တုန်းက ငါတို့အဖွဲ့အတွက် ပေးဆပ်လိုက်ရတာပဲ... ငါတို့က ဘယ်လိုလုပ် ဒီလိုကိစ္စကြောင့် မင်းကို စွန့်ပစ်ရမှာလဲ"
"ဒါဆို အစ်ကိုလင်းက ကျွန်တော့်ကို သီးသန့် ခေါ်တာ ဘာကိစ္စလဲ"
ကျောက်ခိုင်က နားမလည်စွာဖြင့် လင်းယွမ်ကို ကြည့်လိုက်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး လက်ဖဝါးကို ဖြန့်လိုက်ရာ နဂါးမောက်သီး အသေးစားလေး တစ်လုံး ထွက်ပေါ်လာသည်။
"ဒါက"
ကျောက်ခိုင်က ထိုအသီးကို မြင်လိုက်သောအခါ ကြောင်သွားပြီး လင်းယွမ်ကို တွေးဆဆ ကြည့်လိုက်မိ၏။
လင်းယွမ် ဖုံးကွယ်မထားတော့ဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။
"ဝမ်ကျဲကို သတ်ပြီးတော့ မိုးမျှော်တိုက်ခေါင်မိုးပေါ်မှာ သန္ဓေပြောင်း အပင်တစ်ပင် တွေ့ခဲ့တယ်... ဒါ အဲဒီအပင်က သီးတဲ့ အသီးပဲ"
လင်းယွမ်က ကျောက်ခိုင်ကို ကြည့်လိုက်သည်။
"ရွှီလိဟွာ အကြောင်း မင်း သိတယ်မလား"
ကျောက်ခိုင် ချက်ချင်း သဘောပေါက်သွားပြီး တစ်ကိုယ်လုံး တုန်တက်သွားကာ မယုံကြည်နိုင် ဖြစ်သွားသလို စိတ်လှုပ်ရှားမှုကိုလည်း မထိန်းချုပ်နိုင်တော့ပေ။
သူ သိတာပေါ့။ ရွှီလိဟွာနှင့် တိုက်ပွဲအကြောင်း တင်းယန် ပြန်ရောက်လာပြီးနောက် အားလုံးကို ပြောပြခဲ့သည်။
အထူးသဖြင့် ရွှီလိဟွာသည် သန္ဓေပြောင်း အစွမ်း နိုးထလာရာတွင် စိတ်ဖောက်ပြန်မှုဒဏ်ကို မခံစားခဲ့ရဘဲ အန္တရာယ်ကင်းကင်းဖြင့် အစွမ်းနိုးထလာခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ဖြစ်ရခြင်း အကြောင်းရင်းမှာ ရွှီလိဟွာသည် သန္ဓေပြောင်း အပင်မှ အသီးကို စားသုံးခဲ့သောကြောင့်ပင်။
ထိုစဉ်က တင်းယန်သည် သန္ဓေပြောင်း အသီးများ တွေ့ရှိပါက လက်ရဖမ်းယူရန် မှာကြားခဲ့ဖူးသည်။
ဒါက အန္တရာယ်ကင်းကင်းဖြင့် အစွမ်းနိုးထလာနိုင်မည့် သော့ချက် ဖြစ်ကောင်း ဖြစ်နိုင်လေသည်။
ယခု လင်းယွမ်က ဤသန္ဓေပြောင်း အသီးကို ထုတ်ပြပြီး သူ့အတွက် သီးသန့် ချန်ထားခဲ့ခြင်း၏ ရည်ရွယ်ချက်မှာ ပြောစရာပင် မလိုတော့ပေ။
"အစ်ကို... အစ်ကိုလင်း... ခင်ဗျား... ခင်ဗျား"
လင်းယွမ်က သန္ဓေပြောင်း အသီးကို သူ့ထံ ကမ်းပေးလိုက်သည်။
"ရွှီလိဟွာက သန္ဓေပြောင်း အသီးကို စားပြီး ဘာအန္တရာယ်မှ မရှိဘဲ အစွမ်းနိုးထလာခဲ့တယ်"
"ဒါပေမဲ့ ဒါက ငါတို့ရဲ့ ထင်ကြေးပဲ ရှိသေးတယ်... သူ အန္တရာယ်ကင်းကင်းနဲ့ အစွမ်းနိုးလာတာဟာ သန္ဓေပြောင်း အသီးက သန္ဓေပြောင်း ငါးတွေနဲ့ မတူလို့လား ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး"
"အခု ငါ မင်းကို ပေးမယ်... မင်းဘာသာ ရွေးချယ်... ဒါပေမဲ့ အန္တရာယ်ရှိလာရင်တော့ မင်းကိုယ်တိုင်ပဲ ရင်ဆိုင်ရမှာ"
"စားလိုက်ပြီး အစွမ်းနိုးထမလား"
"ဒါမှမဟုတ် နောက်ထပ် အခွင့်အရေးကို ဆက်စောင့်မလား... စဉ်းစားလိုက်ဦး"
စကားပင် မဆုံးသေး၊ ကျောက်ခိုင်က တွေဝေခြင်းမရှိဘဲ ပါးစပ်ဟကာ ထိုသန္ဓေပြောင်း အသီးကို ပါးစပ်ထဲသို့ အတင်း ပစ်ထည့်လိုက်တော့သည်!
"ဂလု"
သူ နှစ်ချက်မျှသာ ဝါးလိုက်ပြီး ချက်ချင်း မျိုချလိုက်လေ၏။
ဖြစ်စဉ်တစ်ခုလုံး တွန့်ဆုတ်နေခြင်း အလျဉ်းမရှိပေ။
မျိုချပြီးမှ သူက လင်းယွမ်ကို ကြည့်ပြီး ရယ်မောလိုက်သည်။
"အရသာ မဆိုးဘူးပဲ"
လင်းယွမ်လည်း ခေတ္တမျှ ကြောင်သွားပြီးနောက် ပြောလိုက်သည်။
"မင်းက စဉ်းတောင် မစဉ်းစားတော့ဘူးလား"
ကျောက်ခိုင်က ပြုံးလိုက်သည်။
"ဘာကို စဉ်းစားရမှာလဲ"
"အစ်ကိုလင်း... ခင်ဗျား သိလား... ကျွန်တော့်လက် ပြတ်သွားကတည်းက နေ့တိုင်း သေလောက်အောင် ခံစားနေရတာ"
"အဒေါ်ကြီးလီက ကျွန်တော့်လက် မသန်လို့ဆိုပြီး မနက်တိုင်း ထမင်းဟင်း လာပို့ပေးတယ်"
"တံခါးစောင့်ဖို့ ထွက်လာရင် အမတင်းက ပါးစပ်က မပြောပေမဲ့ အိမ်ထဲမှာပဲ တိတ်တဆိတ် ထိုင်စောင့်ပေးနေတယ်... ပြဿနာရှာမယ့်သူ လာရင် လက်ပြတ်နေတဲ့ ကျွန်တော် ဖြေရှင်းနိုင်မှာ မဟုတ်ဘူးဆိုပြီး စိတ်ပူလို့လေ"
"ဦးလေးမာနဲ့ အစ်ကိုချိုင် ဆိုရင်လည်း သစ်သားပြား သယ်တဲ့အလုပ်တွေ... ပင်ပန်းတဲ့ အလုပ်တွေ ကျွန်တော့်ကို ဘယ်တော့မှ ပေးမလုပ်ဘူး"
"ကျွန်တော့်စိတ်ထဲမှာ အရမ်း အားနာပြီး ရှက်မိတယ်... တစ်ခါတလေ တွေးမိတယ်... အားလုံးက ဒီလောက် ကြိုးစားနေကြတာ... ရှင်သန်ရတာ ဒီလောက် ခက်ခဲနေတာကို ကျွန်တော်က သူတို့ရဲ့ ပြုစုစောင့်ရှောက်မှုကို ခံနေရတုန်းပဲ လို့လေ"
"ကျွန်တော် ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်တော့ဘူး... ဒီအဖွဲ့အတွက် တစ်ခုခု အကျိုးပြုချင်တယ်"
"အစ်ကိုလင်း... ကျေးဇူးတင်ပါတယ်... ကျွန်တော့်ကို ဒီအခွင့်အရေး ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
"ကျွန်တော်သာ အစွမ်းနိုးထမှု မအောင်မြင်ဘဲ စိတ်ဖောက်ပြန်တဲ့ သတ္တဝါကြီး ဖြစ်သွားခဲ့ရင်"
"လုံးဝ လက်မတွန့်ပါနဲ့... ကျွန်တော့်ကို သတ်ပစ်လိုက်ပါ... ကျွန်တော် ခင်ဗျားကို အပြစ်မတင်ဘဲ ရှောင်မန်ဆီကို ပြုံးပြုံးလေး သွားတွေ့ပါ့မယ်"
သူ ပြောနေရင်း ရုတ်တရက် တစ်ကိုယ်လုံး တုန်ခါလာလေသည်။
သူ၏ ဆံပင်များက ရေခဲပြာရောင်သို့ မျက်စိရှေ့မှာပင် ပြောင်းလဲသွား၏။
မျက်ခုံးမွှေးများပေါ်တွင်လည်း နှင်းခဲများ ဖုံးလွှမ်းသွားလေသည်။
လင်းယွမ် မြင်လိုက်ရသည့်အခါ ထိတ်လန့်သွားပြီး သူ့ကို လှမ်းဆွဲလိုက်မိသည်။
"ကျောက်ခိုင်"
သူ အော်ဟစ်လိုက်ပြီး ကျောက်ခိုင်၏ ခန္ဓာကိုယ်ကို ထိလိုက်သည်နှင့်...
ရုတ်ချည်းပင် အေးစက်သော အငွေ့အသက်များက လွှမ်းခြုံသွားတော့သည်။
သူ၏ အရေပြားပေါ်တွင် ရေခဲလွှာပါး တစ်ထပ် ချက်ချင်း ဖုံးလွှမ်းသွား၏။
လင်းယွမ် လန့်ဖျပ်သွားပြီး လက်ကို အမြန်လွှတ်လိုက်ရသည်။ သူ့ခန္ဓာကိုယ်အတွင်း သွေးလေ လှည့်ပတ်လိုက်မှ ရေခဲလွှာများ လျင်မြန်စွာ အရည်ပျော်သွားလေ၏။
လင်းယွမ် စိတ်ပူသွားပြီး ဘာစကားမှ မဆိုတော့ဘဲ မီးဖိုချောင်သို့ ပြေးဝင်ကာ ဂက်စ်အိုးကို မထုတ်လာလိုက်သည်။
သူက လက်ကျန် သိပ်မရှိတော့သော ဂက်စ်အိုးကို ဖွင့်ပြီး မီးရှို့လိုက်ကာ အခန်းတွင်း အပူချိန်ကို အမြန် မြှင့်တင်ပေးလိုက်သည်။
ဤနည်းလမ်းသည် အန္တရာယ်များသော်လည်း လင်းယွမ် ဂရုမစိုက်နိုင်တော့ပေ။
မီးတောက်၏ အပူရှိန်အောက်တွင် ကျောက်ခိုင်၏ ခန္ဓာကိုယ်ပေါ်မှ ရေခဲလွှာများ အရည်ပျော်လိုက် ပြန်ခဲလိုက်ဖြင့် သံသရာလည်နေသည်။
သူ့တစ်ကိုယ်လုံး အေးခဲပြီး တုန်ရီနေသော်လည်း အံကြိတ်၍ တောင့်ခံနေရှာ၏။
မိနစ်အနည်းငယ် ကြာသောအခါ ထိုနှင်းခဲများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ကျောက်ခိုင်၏ ကိုယ်အပူချိန်လည်း တဖြည်းဖြည်း ပြန်တက်လာလေ၏။
နောက်ဆုံး ငါးမိနစ်ခန့် အကြာတွင် ကျောက်ခိုင် တစ်ကိုယ်လုံး ပျော့ခွေပြီး လဲကျသွားတော့သည်။
လင်းယွမ် ဂက်စ်မီးကို အမြန်ပိတ်ပြီး ကျောက်ခိုင်ကို သွားရောက် တွဲထူလိုက်သည်။
ကျောက်ခိုင်၏ ကိုယ်ခန္ဓာက အေးစက်နေပြီး အဝတ်အစားများလည်း ရွှဲရွှဲစိုနေလေ၏။
"ကျောက်ခိုင်... သတိထားဦး"
သူ အမြန် လှုပ်နှိုးလိုက်ပြီး နှာခေါင်းဝ၌ လက်တင်ကာ အသက်ရှူမရှူ စမ်းသပ်ကြည့်လိုက်သည်။
ကျောက်ခိုင်၏ အသက်ရှူနှုန်း ပုံမှန်ရှိသော်လည်း ရှူထုတ်လိုက်သော လေငွေ့များမှာ အလွန် အေးစက်နေသည်။
လင်းယွမ် အံ့သြသွားမိသည်။
မျက်နှာဖြူဖပ်ဖြူရော်ဖြင့် အိပ်ပျော်သွားသော ကျောက်ခိုင်ကို ကြည့်ရင်း သူ အတွေးနက်သွားလေ၏။
"ရေခဲ အစွမ်းများလား"
ဆက်ရန်...