အခန်း (၁၀၅-၁၀၆)
Vol. 6 Ch. 105-106
အပိုင်း (၁၀၅) ကျောက်ခိုင်၏ အစွမ်းနှင့် ဈေးနှုန်းနှစ်ဆ
လင်းယွမ်က ဖြစ်နိုင်ခြေပေါင်းများစွာကို ခန့်မှန်းတွေးဆနေမိသည်။
မူလက ကျောက်ခိုင်ရရှိမည့် အစွမ်းသည် စိတ်စွမ်းအင်ပိုင်းဆိုင်ရာဖြစ်ပြီး ရွှီလီဟွာနှင့် ဆင်တူလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော် ကျောက်ခိုင်က ရေခဲအစွမ်းကို နိုးထလာလိမ့်မည်ဟု သူ လုံးဝ ထင်မထားမိခဲ့ပါ။
ဤအရာက သူ၏ မျှော်လင့်ထားခြင်းကို ကျော်လွန်သွားခဲ့သည်။
"တကယ်ပဲ လူတစ်ယောက်နဲ့တစ်ယောက် မျိုးရိုးဗီဇမတူကြတော့... အစွမ်းနိုးထတဲ့ လမ်းကြောင်းတွေကလည်း မတူကြဘူးပဲ"
"ဒါက သန္ဓေပြောင်းအသီးနဲ့တော့ မဆိုင်လောက်ဘူး"
လင်းယွမ်က စိတ်ထဲတွင် သုံးသပ်မိသည်။ အပင်မှ သီးလာသော သန္ဓေပြောင်းအသီးကို စားသုံးလိုက်ခြင်းသည် စိတ်ကစဉ့်ကလျားဖြစ်ကာ ရူးသွပ်သွားနိုင်သည့် အန္တရာယ်ကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပြီး လူသားတို့၏ ခန္ဓာကိုယ်ကို အစွမ်းနိုးထလာစေရန် လှုံ့ဆော်ပေးနိုင်သည်။
ထိုသို့ အစွမ်းနိုးထလာမှုသည် စားသုံးလိုက်သည့် အသီးအမျိုးအစားနှင့် မဆိုင်ဘဲ လူ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံနှင့်သာ သက်ဆိုင်နေပုံရသည်။
သန္ဓေပြောင်းသတ္တဝါအသားကို စားသုံးသောသူများမှာမူ အစွမ်းနိုးထရန်အတွက် စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုများ လိုအပ်လေ့ရှိသည်။ ထိုဖြစ်စဉ်တွင် စိတ်ဝိဉာဉ် ကမောက်ကမဖြစ်ပြီး ရူးသွပ်သွားနိုင်သည့် အန္တရာယ်များရှိနေသည်။
ကြည့်ရသည်မှာ သန္ဓေပြောင်းသတ္တဝါအသားကို စားသုံးသူများသည် အစွမ်းကို တိုက်ရိုက်မရရှိနိုင်ဘဲ ပြင်ပမှ လှုံ့ဆော်မှုတစ်ခုခု လိုအပ်နေပုံရသည်။
သန္ဓေပြောင်းအသီးကလည်း ပြင်ပလှုံ့ဆော်မှု တစ်မျိုးဟု ဆိုနိုင်သည်။
လင်းယွမ်က စဉ်းစားခန်းဖွင့်နေရင်း သန္ဓေပြောင်းအသီး၏ တန်ဖိုးရှိပုံကို ချက်ချင်း နားလည်သွားသည်။ ဤအရာသည် လူသားများကို ဘေးကင်းစွာဖြင့် အစွမ်းနိုးထလာစေနိုင်သည့် နည်းလမ်းတစ်ခု ဖြစ်ပေသည်။
ကျောက်ခိုင်၏ အစွမ်းနိုးထလာမှုမှတစ်ဆင့် သန္ဓေပြောင်းအသီးတွင် ထိုကဲ့သို့သော အာနိသင်ရှိကြောင်း သူ အတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။
"နောက်ထပ် သန္ဓေပြောင်းအသီး ရနိုင်မယ့် အခွင့်အရေးရှိရင်... အမမေတို့ကို အစွမ်းနိုးအောင် ကူညီပေးလို့ရပြီ"
"ငါဆိုရင်လည်း... သန္ဓေပြောင်းအသီးကို သုံးပြီး အစွမ်းထပ်ယူလို့ ရနိုင်တယ်"
လင်းယွမ်၏ မျက်ဝန်းတို့၌ အရောင်အဝါများ လက်သွားသည်။ သူ၏ ကံစမ်းမဲဘီးစနစ်ထဲတွင် သန္ဓေပြောင်းအသီးကို သီးသန့်ရွေးချယ်ပြီး မဲနှိုက်နိုင်သည့် စနစ်ပါရှိသည်။
"အမှတ်တွေ များများရရင် စမ်းကြည့်ရမယ်"
သူက စိတ်ထဲတွင် ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် ကျောက်ခိုင်၏ ခန္ဓာကိုယ် အခြေအနေကို ထပ်မံစစ်ဆေးကြည့်လိုက်သည်။
ကျောက်ခိုင်၏ ညာဘက်လက်မောင်း ကျိုးနေသည့်ဒဏ်ရာမှာ စောစောက အစွမ်းနိုးထစဉ် ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများ၏ လှုံ့ဆော်မှုကြောင့် ပြန်လည်ကောင်းမွန်သွားပုံရသည်။
သို့သော် သူ၏ ရေခဲပြာရောင် ဆံပင်များကတော့ မူလအတိုင်း ပြန်မပြောင်းသွားပေ။ ထူးခြားသည်မှာ သူ၏ နဖူးပေါ်မှ မီးလောင်ရာ အမာရွတ်ကြီးမှာမူ လုံးဝ ပျောက်ကွယ်သွားလေသည်။
"ကြည့်ရတာ အစွမ်းနိုးထတဲ့ ဖြစ်စဉ်အတွင်းမှာ... အဲ့ဒီစွမ်းအင်တွေက ခန္ဓာကိုယ်က ဒဏ်ရာတွေကို ပြန်ပြုပြင်ပေးနိုင်ပုံပဲ"
"ခြေပြတ်လက်ပြတ်လိုမျိုး ပြင်းထန်တဲ့ ဒဏ်ရာတွေကိုတော့ ကုစားပေးနိုင်မလား မသိဘူး"
ကျောက်ခိုင်ကို ဆိုဖာပေါ်တွင် နေရာချပေးပြီးနောက် လင်းယွမ်က မီးဖိုချောင်ဘက်သို့ ပြန်လာခဲ့သည်။
ရန်မေက ဧည့်ခန်းထဲရှိ ကျောက်ခိုင်ကို လှမ်းကြည့်လိုက်ပြီးနောက် လင်းယွမ်ကို ကြည့်ကာ မေးလိုက်သည်။
"သူ အဆင်ပြေရဲ့လား"
လင်းယွမ်နှင့် ကျောက်ခိုင်တို့ စကားပြောနေကြစဉ် သူမက အလိုက်တသိဖြင့် သွားမရှုပ်ဘဲ မီးဖိုချောင်ထဲတွင်သာ ပန်းကန်ခွက်ယောက်များ ဆေးကြောသိမ်းဆည်းနေခဲ့ခြင်း ဖြစ်သည်။ လင်းယွမ် ပြန်ရောက်လာမှသာ သူမက မေးမြန်းလိုက်ခြင်းဖြစ်သည်။
လင်းယွမ်က ပြုံးလိုက်ရင်း ဖြေသည်။
"အဆင်ပြေပါတယ်... သူ အစွမ်းနိုးသွားပြီ"
"ဟယ်... ကျောက်ခိုင်လည်း အစွမ်းရသွားပြီလား"
ရန်မေက အံ့သြသွားပြီး မျက်နှာတွင် အားကျသည့် အရိပ်အယောင်များ ပေါ်လာသည်။
"သူ ဘယ်လိုလုပ်ပြီး နိုးသွားတာလဲ... ဘာအစွမ်းတဲ့လဲ"
"ကျွန်တော် သူ့ကို သန္ဓေပြောင်းအသီး တစ်လုံး ပေးလိုက်တာ... သူ အဲ့ဒါကို စားပြီးတော့ ရေခဲအစွမ်း နိုးထလာတာ"
ရန်မေက ထပ်မံ အံ့သြသွားရသည်။
"သန္ဓေပြောင်းအသီး... အဲ့လောက် တန်ဖိုးကြီးတဲ့အရာကို နင်... နင် ကိုယ့်ဘာသာမသုံးဘဲ သူ့ကို ပေးလိုက်တာလား"
လင်းယွမ်က ပြုံးလိုက်သည်။
"အမ ကျွန်တော့်ကို အပြစ်မတင်ဘူးလား... အဲ့ဒီအသီး အမကို မကျွေးဘဲ သူ့ကို ကျွေးလိုက်လို့လေ"
ရန်မေက ခေါင်းခါလိုက်သည်။
"နင့်မှာ အကြောင်းပြချက် ရှိမှာပါ... အစ်မက နင့်ကို ယုံတယ်"
လင်းယွမ်က သူမ၏ ပါးပြင်နုနုလေးကို မနေနိုင်ဘဲ လှမ်းဆွဲလိုက်မိသည်။
"သန္ဓေပြောင်းအသီးက အန္တရာယ်ရှိမရှိ ကျွန်တော် သေချာမသိသေးလို့... အမ်ကို ဒီတိုင်း ပေးမစားရဲသေးတာပါ"
"ကျောက်ခိုင်က လက်မောင်းကျိုးနေတော့... အခုလို အခြေအနေမျိုးမှာ သူ့ကိုယ်သူ ဝန်ထုပ်ဝန်ပိုးတစ်ခုလို ခံစားနေရတာလေ... ဒါကြောင့် သူက အန္တရာယ်ရှိမယ်ဆိုရင်တောင် စွန့်စားပြီး စားမယ်ဆိုလို့ ပေးလိုက်တာ"
"အခု သူ အသီးစားပြီး အစွမ်းနိုးထလာတော့... သန္ဓေပြောင်းအသီးတွေက လူတွေကို အန္တရာယ်မရှိဘဲ အစွမ်းနိုးထစေနိုင်တယ်ဆိုတာ ကျွန်တော် အတည်ပြုနိုင်သွားပြီ"
"နောက်တစ်ခါ အသီးထပ်ရရင် အမကိုပေးမယ်... အမကိုပါ အစွမ်းနိုးအောင် ကူညီပေးမယ်နော်"
ရန်မေက ချက်ချင်းပင် ပြုံးရွှင်သွားပြီး လင်းယွမ်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ဖက်ထားလိုက်သည်။
"ကျေးဇူးပါပဲ မောင်လေးရယ်... နင် ငါ့အတွက် တွေးပေးနေမယ်ဆိုတာ ငါ သိပြီးသားပါ"
လင်းယွမ်က ပြုံးလိုက်ရင်း ပြန်ပြောလိုက်သည်။
"အမက ကျွန်တော့်ရဲ့ အိပ်ရာထက်က အဖော်မွန်ပဲလေ... ကျွန်တော် အမကို မတွေးပေးရင် ဘယ်သူ့ကို တွေးပေးရမလဲ"
"ဒါပေမဲ့ သန္ဓေပြောင်းအသီးက အစွမ်းနိုးထလာအောင်ပဲ လှုံ့ဆော်ပေးတာ... ဘာအစွမ်းရမယ်ဆိုတာကတော့ လူတစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံအပေါ် မူတည်တယ်... အဲ့ဒါကိုတော့ အမ စိတ်ထဲကနေ ပြင်ဆင်ထားရမယ်"
ရန်မေက မျက်လုံးလေး မှေးစင်းသွားသည်အထိ ပြုံးလိုက်ရင်း ဆိုသည်။
"ကိစ္စမရှိပါဘူး... အမဘေးမှာ နင် ရှိနေတာပဲ... သာမန်အစွမ်းလောက်ပဲ ရမယ်ဆိုရင်တောင် အမ မကြောက်ပါဘူး"
ထို့နောက် သူမက မျက်ဝန်းရွဲကြီးများဖြင့် လင်းယွမ်ကို မော့ကြည့်ကာ ပြောလိုက်သည်။
"ခန္ဓာကိုယ်သန်မာတဲ့ အစွမ်းမျိုး ရရင်တော့ အကောင်းဆုံးပဲ... ဒါမှ ညဘက်ကျရင် နင် နှိပ်စက်တာကို ခံနိုင်ရည်ရှိမှာ"
လင်းယွမ်မှာ ရယ်ရခက်ငိုရခက်ဖြစ်သွားပြီး သူမ၏ တင်ပါးအိအိလေးကို ဖွဖွလေး ဆုပ်နယ်လိုက်မိသည်။ မိန်းမလှလေးမှာမူ တခစ်ခစ်ဖြင့် သဘောကျနေလေတော့သည်။
"ကဲ... အမ အရင် သိမ်းဆည်းထားလိုက်ဦး... ကျွန်တော် ရေခဲသေတ္တာထဲက ပစ္စည်းတွေအကုန်လုံးကို ပစ္စည်းသိုလှောင်ခန်းထဲ ထည့်လိုက်တော့မယ်... နောက်ဆို ရေခဲသေတ္တာ မသုံးတော့ဘူး... မီးအားကုန်တယ်"
ရန်မေက ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံလိုက်သည်။
"ကောင်းတာပေါ့... အဲ့ဒါ အကောင်းဆုံးပဲ... အိမ်မှာက လျှပ်စစ်မီးဖိုပြီးရင် ဒီရေခဲသေတ္တာက မီးအစွဲဆုံးပဲ"
"ဒါနဲ့... ငါးတွေ ကင်ဦးမလား... လျှပ်စစ်မီးဖိုကလည်း မီးတော်တော်စားတယ်"
လင်းယွမ်က ခေတ္တစဉ်းစားပြီးနောက် ပြောလိုက်သည်။
"ကင်မယ်... အကုန်လုံးကို ချက်ပြုတ်ပြီးမှ ပစ္စည်းသိုလှောင်ခန်းထဲ ထည့်မယ်... ဒါမှ စားချင်တဲ့အချိန် ထုတ်စားရုံပဲ... အစိမ်းတွေဆိုရင် ပြန်ချက်နေရဦးမယ်"
"ပြီးတော့ ဆန်တွေကိုလည်း ကြိုချက်ထားလို့ရတယ်... ထမင်းချက်ပြီးရင် ကျွန်တော့်ကိုပေး... ကျွန်တော် သိမ်းထားလိုက်မယ်"
"ဂျုံမှုန့်တွေကိုလည်း ခေါက်ဆွဲလုပ်တာဖြစ်ဖြစ်... ပေါက်စီလုပ်တာဖြစ်ဖြစ်... အသင့်စားလို့ရအောင် လုပ်ထား... ပြီးရင် ကျွန်တော် သိမ်းပေးမယ်"
သူ့တွင် ပစ္စည်းသိုလှောင်ခန်းရှိကြောင်း အသိပေးပြီးဖြစ်သည့်အတွက် လင်းယွမ်က ပွင့်ပွင့်လင်းလင်းပင် စီစဉ်လိုက်သည်။
ရန်မေကို အစားအစာများ ကြိုတင်ချက်ပြုတ်ခိုင်းပြီး သိမ်းဆည်းခြင်းက နေ့စဉ် ထမင်းချက်ရသည့် ဒုက္ခကို သက်သာစေသည်။ ဟင်းသီးဟင်းရွက်များကိုလည်း ချက်ပြုတ်ပြီးမှ သိမ်းဆည်းမည်ဖြစ်သည်။
ပစ္စည်းသိုလှောင်ခန်းထဲ ထည့်လိုက်သည်နှင့် အချိန်ရပ်တန့်သွားသကဲ့သို့ ဖြစ်နေသဖြင့် ပြန်ထုတ်စားသည့်အခါ ပူပူနွေးနွေးအတိုင်း ရှိနေမည်ဖြစ်သည်။
ရန်မေက ချက်ချင်းပင် သဘောတူလိုက်သည်။ နောက်ရက်များတွင် သူမ၏ အဓိကတာဝန်မှာ ဤကိစ္စများ ဖြစ်လာတော့မည်ဖြစ်သည်။
လင်းယွမ်က ရေခဲသေတ္တာနှင့်တကွ အတွင်းမှ အေးခဲထားသော အသားငါးများကိုပါ ပစ္စည်းသိုလှောင်ခန်းထဲသို့ ထည့်လိုက်သည်။
ရေခဲသေတ္တာကိုယ်တိုင်ကလည်း ပစ္စည်းကောင်းတစ်ခုဖြစ်သည်။ သူ့တွင် သိုလှောင်ခန်းရှိ၍ မလိုအပ်သော်လည်း အခြားသူများ လိုအပ်လာနိုင်သည် မဟုတ်ပါလား။ ဥပမာ - ထိုက်ယန်တောင် သို့မဟုတ် မိန်တောင်ပေါ်သို့ ရွှေ့ပြောင်းရသည့်အခါမျိုးတွင် ဖြစ်သည်။
စက်မှုဇုန်များ ပြန်လည်မလည်ပတ်နိုင်သရွေ့ ဤပစ္စည်းများအားလုံးသည် အစားထိုးမရနိုင်သော အဖိုးတန်အရင်းအမြစ်များ ဖြစ်သည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက် ဆိုဖာပေါ်မှ ကျောက်ခိုင်က ရုတ်တရက် နိုးလာပြီး ထထိုင်လိုက်သည်။
လင်းယွမ်က ရေတစ်ခွက်ကို ကိုင်ရင်း သူ့ရှေ့တွင် ထိုင်နေသည်။
"နိုးပြီလား"
"အစ်အစ်ကိုလင်း"
ကျောက်ခိုင်က ကြောင်တောင်တောင် ဖြစ်သွားပြီးနောက် တစ်စုံတစ်ခုကို ခံစားမိသွားကာ သူ၏ ဆံပင်များကို စမ်းသပ်ကြည့်လိုက်သည်။
ရှုပ်ပွနေသော သူ၏ ဆံပင်များမှာ ယခုအခါ ရေခဲပြာရောင်အဖြစ် ပြောင်းလဲနေပြီဖြစ်သည်။ သူ၏ အရေပြားများမှာလည်း ရေခဲတမျှ အေးစက်နေသည်။ သူ အနည်းငယ် မှင်သက်သွားသည်။
"ဂုဏ်ယူပါတယ်... မင်း အစွမ်းနိုးသွားပြီ... မင်းရဲ့လက်ရော ပြန်ကောင်းသွားပြီလား"
လင်းယွမ်၏ စကားကြောင့် သူ သတိပြန်ဝင်လာသည်။ ကျောက်ခိုင်က သူ၏ ညာဘက်လက်ကို အလျင်အမြန် ကြည့်လိုက်သည်။
သူ၏ ညာလက်တွင် အဒေါ်ကြီးလီ ပေးထားသော သစ်သားပြားဖြင့် ကျောက်ပတ်တီးစည်းထားဆဲ ဖြစ်သည်။
ရုတ်တရက် သူက ညာလက်သီးကို ဆုပ်လိုက်ရာ "ခွပ်" ခနဲ အသံနှင့်အတူ သစ်သားပြားများနှင့် ပတ်တီးစများ ပေါက်ကွဲထွက်သွားသည်။
သူ၏ လက်မောင်းတစ်လျှောက်တွင် ရေခဲမြူမှုန်များ ဝဲပျံတက်လာပြီး ထက်မြက်သော ဓားသွားများသဖွယ် ချည်နှောင်ထားသည်များကို ဖြတ်တောက်ပစ်လိုက်ခြင်း ဖြစ်သည်။
"ဒါ... ဒါက"
ကျောက်ခိုင်၏ မျက်နှာတွင် ထိတ်လန့်အံ့သြမှုများ ပေါ်လာသည်။ သူက ဘယ်ဘက်လက်ကိုမြှောက်ပြီး လက်သီးဆုပ်ကြည့်လိုက်သည်။
ထိုနည်းတူစွာပင် ရေခဲမြူခိုးများ ထွက်ပေါ်လာပြီး သူ၏ လက်သီးဆုပ်ကို လွှမ်းခြုံသွားလေသည်။
လင်းယွမ်က ပြုံးလိုက်ရင်း ပြောသည်။
"ဒါ ရေခဲအစွမ်းပဲ"
"လက်သီးနဲ့ တစ်ချက်လောက် ထိုးကြည့်လိုက်"
"ဟုတ်"
ကျောက်ခိုင်က ဝမ်းသာအားရဖြင့် မတ်တပ်ရပ်လိုက်ပြီး ဝရန်တာ ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ လက်သီးဖြင့် ပြင်းထန်စွာ ထိုးလိုက်သည်။
"ဝုန်းးးးးးးးးးးးးး"
လက်သီးထိုးလိုက်သည်နှင့် သူ၏ ညာလက်သီးဆုပ်ပေါ်မှ ရေခဲမြူများက လေပွေသဖွယ် လည်ပတ်ကာ အပြင်သို့ ပန်းထွက်သွားသည်။
လေထဲတွင် ရေခဲမြူများ ပျံ့နှံ့သွားပြီး ရွာသွန်းနေသော မိုးရေစက်များသည် ချက်ချင်းပင် ရေခဲသီးများအဖြစ် ပြောင်းလဲကာ တဖွဲဖွဲဖြင့် ရေပြင်ပေါ်သို့ ကျရောက်သွားကြသည်။ နောက်ဆုံးတွင် ရေအောက်သို့ နစ်မြုပ်ပျော်ဝင်သွားကြသည်။
လင်းယွမ်သည် ထိုမြင်ကွင်းကို ကြည့်ရင်း အထင်ကြီးသွားသည်။
ဒီရေခဲလက်သီးရဲ့ စွမ်းအားက မသေးပါလား။
သူက ပြတင်းပေါက်ကို ကြည့်လိုက်ရာ မှန်သားပြင်ပေါ်တွင် ရေခဲလွှာပါးပါးလေးများ ကပ်ငြိနေသည်ကို တွေ့လိုက်ရသည်။
"ရေခဲမြူ ပျံ့နှံ့မယ့် အကွာအဝေးကို မင်း ထိန်းချုပ်နိုင်လား"
ကျောက်ခိုင်က ကြောင်သွားပြီး ပြန်ဖြေသည်။
"အဲ့ဒါတော့... ကျွန်တော်လည်း မသိဘူး"
"ခေါင်မိုးထပ်ကို သွားပြီး စမ်းကြည့်ရအောင်"
လင်းယွမ်က ကျောက်ခိုင်ကို ခေါ်ပြီး ခေါင်မိုးထပ်သို့ အမြန်တက်သွားကြသည်။
သည်းထန်စွာ ရွာသွန်းနေသော မိုးကြောင့် ခေါင်မိုးထပ်တွင် လူရှင်းနေပြီး တစ်ယောက်မျှ မရှိပေ။
လင်းယွမ်က ရေတင်နေသော ကြမ်းပြင်ကို ညွှန်ပြရင်း ပြောလိုက်သည်။
"စမ်းကြည့်စမ်း... မင်းရဲ့ ရေခဲလက်သီးက ဘယ်လောက်အကွာအဝေးထိ အေးခဲသွားစေနိုင်လဲလို့"
"ဟုတ်"
ကျောက်ခိုင်က စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းရှူကာ လက်ဝါးနှစ်ဖက်ကို ရေထဲသို့ နှစ်လိုက်သည်။
ရေခဲအစွမ်းကို ထုတ်လွှတ်လိုက်သည်နှင့် သူ့ကို ဗဟိုပြု၍ ရေမျက်နှာပြင်သည် လျင်မြန်စွာ ခဲသွားပြီး ဘေးပတ်လည်သို့ ပျံ့နှံ့သွားသည်။
၃ ပေ... ၆ ပေ... ၁၀ ပေ... ၁၃ ပေ...
၁၆ ပေ ခန့်အရောက်တွင် ရေခဲပျံ့နှံ့မှု ရပ်တန့်သွားသည်။
"အစ်အစ်ကိုလင်း... ရေခဲအချင်းဝက်က ၁၆ ပေလောက် ရှိတယ်"
ကျောက်ခိုင်က စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
လင်းယွမ်က ခန့်မှန်းကြည့်လိုက်ပြီး ပြောသည်။
"အချင်းဝက် ၁၆ ပေလောက်ရှိတဲ့ စက်ဝိုင်းပုံစံ ဖြစ်ပေါ်လာတာပဲ"
"မင်းရဲ့ ရေခဲအစွမ်းက ဘာနဲ့ သက်ဆိုင်လဲ... ခန္ဓာကိုယ်ထဲက စွမ်းအင်လား... ဒါမှမဟုတ် စိတ်စွမ်းအင်လား"
ကျောက်ခိုင်က ခေတ္တစဉ်းစားပြီးနောက် ပြန်ဖြေသည်။
"စွမ်းအင်နဲ့ ဆိုင်မယ်ထင်တယ်... ကျွန်တော့် ခန္ဓာကိုယ်ထဲမှာ စွမ်းအင်စီးကြောင်းတစ်ခု ရှိနေသလို ခံစားရတယ်... အဲ့ဒီစွမ်းအင်ကနေတစ်ဆင့် ဒီလို ရေခဲအစွမ်းတွေကို ထုတ်ပေးနေတာ"
"ဒါပေမဲ့ အဲ့ဒီစွမ်းအင် ကုန်သွားရင်တော့ ကိုယ်ရော စိတ်ပါ နွမ်းနယ်သွားသလို ခံစားရတယ်"
"နောက်ပြီး အဲ့ဒီစွမ်းအင်က တဖြည်းဖြည်းချင်း ပြန်ပြည့်လာပုံရတယ်"
သူက လက်ရှိ ခံစားနေရသည်များကို ပြောပြလိုက်သည်။
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး တွေးတွေးဆဆဖြင့် ပြောသည်။
"ကြည့်ရတာ ဒီအစွမ်းက ခန္ဓာကိုယ်စွမ်းအားကိုရော... စိတ်စွမ်းအင်ကိုပါ တပြိုင်တည်း ကုန်ဆုံးစေတဲ့ပုံပဲ"
"မင်းရဲ့ အစွမ်းကို မြှင့်တင်ချင်ရင် ခန္ဓာကိုယ်ကြံ့ခိုင်မှုရော စိတ်စွမ်းအင်ကိုပါ မြှင့်တင်ဖို့ လိုလိမ့်မယ်"
ကျောက်ခိုင်က မနေနိုင်ဘဲ မေးလိုက်သည်။
"ဘယ်လိုလုပ်ပြီး မြှင့်တင်ရမလဲ"
လင်းယွမ်က ပြုံးလိုက်သည်။
"လွယ်ပါတယ်... အစားစားဖို့ပဲ"
"ဗျာ... စားရမယ်"
"ဟုတ်တယ်... သန္ဓေပြောင်း သတ္တဝါတွေကို စားပေးရုံပဲ"
လင်းယွမ်က ရှင်းပြလိုက်သည်။
"အစွမ်းဆိုတာက မင်းရဲ့ သန္ဓေပြောင်းလဲနှုန်းနဲ့ ဆိုင်တယ်"
"သန္ဓေပြောင်းလဲနှုန်း မြင့်လေ... မင်းရဲ့ အစွမ်းက ပိုအားကောင်းလေပဲ"
"သန္ဓေပြောင်း သတ္တဝါတွေကို စားတာက အစွမ်းမြှင့်တင်ဖို့အတွက် အထိရောက်ဆုံး နည်းလမ်းပဲ"
"ဒါပေမဲ့ အစွမ်းကို ဘယ်လိုအသုံးချမလဲ ဆိုတာကတော့ မင်း ကိုယ့်ဘာသာ ဉာဏ်ကွန့်မြူးရမှာ... ဒီအစွမ်းကို မကြာခဏ ထုတ်သုံးပေးဖို့ လိုတယ်"
"နောက်ဆို သန္ဓေပြောင်းငါးတွေကို များများစားပေး... ဒါဆို မင်းရဲ့အစွမ်းက တဖြည်းဖြည်း တိုးတက်လာလိမ့်မယ်"
သူက ပြောရင်းဆိုရင်း ခဲနေသော ရေခဲပြင်ကို ခြေထောက်ဖြင့် နင်းကြည့်လိုက်သည်။
အသာအယာ နင်းလိုက်သည်နှင့် ရေခဲပြင်က အက်ကွဲသွားသည်။
လင်းယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး မေးသည်။
"ရေခဲအထူကိုရော မင်း ထိန်းချုပ်နိုင်လား"
"အဲ့ဒါ... ကျွန်တော် စမ်းကြည့်လိုက်မယ်"
ကျောက်ခိုင်က ချက်ချင်းပင် လေ့လာစမ်းသပ်လေတော့သည်။ ဒီတစ်ကြိမ်တွင် သူက ရေခဲမြူများကို အပြင်သို့ မပျံ့စေဘဲ သူ့ပတ်ဝန်းကျင် ၆ ပေ အကွာအဝေးလောက်တွင်သာ စုစည်းထားလိုက်သည်။
ထင်ထားသည့်အတိုင်းပင်... ၆ ပေ ပတ်လည်ရှိ ရေခဲလွှာမှာ နှစ်ဆကျော် ပိုထူလာသည်။
လင်းယွမ်က ရေခဲပြင်ပေါ်သို့ ထပ်မံ တက်နင်းကြည့်ရာ ရေခဲအထူမှာ ၄ လက်မ ခန့် ရှိနေပြီဖြစ်သည်။
လင်းယွမ်၏ ကိုယ်အလေးချိန်ကို ကောင်းစွာ ခံနိုင်ရည်ရှိသည်။
သူက ပြုံးလိုက်ရင်း ပြောသည်။
"မင်းရဲ့ ရေခဲအစွမ်းက တော်တော်လေး အသုံးဝင်မယ့်ပုံပဲ"
"လောလောဆယ် အခြေအနေအရဆိုရင်... ရေခဲပျံ့နှံ့မှု ကျယ်လေလေ ရေခဲလွှာက ပါးလေလေပဲ"
"အကွာအဝေးကို ကျဉ်းလိုက်ရင်တော့ ရေခဲလွှာက ပိုထူလာတယ်"
လင်းယွမ်က စဉ်းစားလိုက်ပြီး ထပ်မေးသည်။
"ဒါနဲ့... ရေခဲမြူကို လက်ဝါးကနေပဲ ထုတ်လို့ရတာလား... ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေကနေရော ထုတ်လို့မရဘူးလား"
"ကျွန်တော် စမ်းကြည့်ပါဦးမယ်"
ကျောက်ခိုင်က မျက်လုံးမှိတ်ကာ မိနစ်အနည်းငယ်မျှ အနားယူလိုက်ပြီး စွမ်းအင်ပြန်ပြည့်အောင် စောင့်လိုက်သည်။
ထို့နောက် ရုတ်တရက် ခြေထောက်တစ်ဖက်ကို ဆောင့်နင်းလိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ့ခြေထောက်အောက်မှ ရေခဲမြူများ ထွက်ပေါ်လာသည်။
ရေခဲများ လျင်မြန်စွာ ပျံ့နှံ့သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ခြေထောက်ဝန်းကျင်၌ ထူထဲသော ရေခဲပြင်တစ်ခု ဖြစ်ပေါ်လာသည်။
အကျယ်အဝန်းက ၃ ပေခန့်သာ ရှိသော်လည်း ထုထည်မှာမူ သူ့ကို ရေခဲပေါ်တွင် ရပ်နိုင်စေရန် လုံလောက်သော အထူရှိသည်။
လင်းယွမ်၏ မျက်လုံးများ အရောင်လက်သွားသည်။
"ဟုတ်ပြီ... မင်းရဲ့ ဒီအစွမ်းနဲ့ဆို ရေပြင်ပေါ်မှာ လမ်းလျှောက်လို့ ရပြီပဲ"
"ရေခဲမြူ ထုတ်လွှတ်တာကို ကျွမ်းကျင်အောင်လုပ်ပြီး ထုတ်လွှတ်နှုန်း မြန်လာရင်... ရေပြင်ပေါ်မှာ ပြေးလို့တောင် ရနိုင်တယ်"
ကျောက်ခိုင်လည်း ဝမ်းသာအားရ ပြုံးလိုက်သည်။
"ဒါဆို... ကျွန်တော့်အစွမ်းက တကယ် အသုံးဝင်တာပေါ့"
လင်းယွမ်က ဟားတိုက်ရယ်မောလိုက်သည်။
"အရမ်း အသုံးဝင်တာပေါ့ကွ... တာတို ဝင်ရောက်စီးနင်းတာမျိုးတွေမှာ... ရေပြင်ခြားနေရင်တောင် မင်းရဲ့ ရေကို ရေခဲဖြစ်အောင်လုပ်တဲ့ စွမ်းရည်နဲ့ ဖြတ်ကျော်သွားလို့ ရပြီလေ"
"ဒါပေမဲ့ မင်းက အခု သိပ်မကျွမ်းကျင်သေးဘူး... ထုတ်လွှတ်နှုန်း မြန်အောင် လေ့ကျင့်ဖို့ လိုသေးတယ်... ပြေးနေရင်းနဲ့ကို ရေခဲမြူထုတ်ပြီး ရေပြင်ကို ခဲသွားအောင် လုပ်နိုင်ရမယ်"
သူက ပတ်ဝန်းကျင်ရှိ လူနေတိုက်ခန်းများကို လှမ်းကြည့်လိုက်ပြီး ပြောသည်။
"ဟို တိုက်တွေကို ကြည့်လိုက်... အဲ့ဒီမှာ ပစ္စည်းတွေ အများကြီး ရှိဦးမှာ... တစ်ချိန်ကျရင် ငါနဲ့မင်း ရေကြီးနေတာကို ဂရုစိုက်စရာမလိုဘဲ အဲ့ဒီတိုက်တွေထဲဝင်ပြီး ပစ္စည်းရှာလို့ရပြီ"
လင်းယွမ် ပြောလိုက်သည်နှင့် ကျောက်ခိုင်၏ မျက်လုံးများ တောက်ပလာသည်။
"ဟုတ်သားပဲ... ကျွန်တော် ဘာလို့ အဲ့ဒါကို မတွေးမိပါလိမ့်"
"အစ်အစ်ကိုလင်းမှာက ပစ္စည်းသိုလှောင်ခန်း ရှိတာပဲ... ကျွန်တော်က အစ်ကို့ကို ခေါ်သွားပေးရုံနဲ့ ရွှေ့လျားဂိုဒေါင်ကြီးတစ်ခု ပါသွားသလိုပဲပေါ့... လိုချင်တာ အကုန်သယ်လို့ရပြီ"
လင်းယွမ်က ရယ်မောလိုက်သည်။
"ဟားဟား... ဒါပေမဲ့ မင်းရဲ့ ရေခဲပျံ့နှံ့မှုက သိပ်မကျယ်သေးဘူး... ပြီးတော့ ရေခဲအစွမ်းကို မင်း ဘယ်လောက်ကြာကြာ ဆက်တိုက်သုံးနိုင်လဲ"
"အမ်... ဆက်တိုက်သုံးမယ်ဆိုရင် ၃ မိနစ်... ၅ မိနစ် လောက်ဆိုရင် ခန္ဓာကိုယ် အားကုန်သွားမယ် ထင်တယ်"
လင်းယွမ်က သက်ပြင်းချလိုက်သည်။
"မင်းသာ ဆက်တိုက်သုံးနိုင်မယ်ဆိုရင် ငါတို့ ခရီးဝေးထွက်ပြီး ရှာဖွေရေးလုပ်လို့ရပြီ"
"အခုလောလောဆယ်တော့ အနီးအနားက တိုက်တွေကိုပဲ အရင်သွားကြတာပေါ့"
"ဒီနားက တိုက်တွေက တစ်တိုက်နဲ့တစ်တိုက် သိပ်မဝေးဘူး... ကိုက် ၁၀၀ ဝန်းကျင်လောက်ပဲ ရှိတာ... မင်း တောင့်ခံနိုင်လောက်ပါတယ်"
"အဲ့ဒီတော့ အနီးအနားက တိုက်တွေကနေ ပစ္စည်းအရင် စုကြမယ်"
"သစ်ဖောင်လုပ်တဲ့အလုပ်ကိုလည်း မြန်မြန်ပြီးအောင် လုပ်ရမယ်... နှစ်ဘက်မျှလုပ်ကြတာပေါ့"
ကျောက်ခိုင်က ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေပြီး မျက်နှာတွင် စိတ်အားထက်သန်မှုများ အထင်းသား ပေါ်လွင်နေသည်။
သူက ဤကဲ့သို့ အစွမ်းမျိုး ရရှိလာသည့်အတွက် အဖွဲ့ထဲတွင် သူ့တန်ဖိုးက ချက်ချင်း မြင့်တက်လာသည်။
နောက်ဆုံးတော့ ဝန်ထုပ်ဝန်ပိုး မဟုတ်တော့ပေ။
သူလည်း အားလုံးအတွက် တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်ပြီ။
"အစ်အစ်ကိုလင်း... ကျေးဇူးတင်ပါတယ်ဗျာ... အစ်ကိုသာ အဲ့ဒီအသီး မပေးခဲ့ရင်... ကျွန်တော်"
ကျောက်ခိုင်၏ မျက်ဝန်းအိမ်တို့ နီရဲလာပြီး အသံများ တိမ်ဝင်သွားသည်။
လင်းယွမ်က သူ့ပခုံးကို ပုတ်လိုက်ပြီး ပြောသည်။
"ကိုယ့်လူအချင်းချင်းတွေပဲ... ဘာလို့ ကျေးဇူးတင်နေတာလဲ"
"မင်း ဒီအစွမ်းကို ကောင်းကောင်း လေ့ကျင့်ထား... ဘယ်လိုပုံစံမျိုးစုံနဲ့ သုံးလို့ရမလဲဆိုတာ စဉ်းစားပြီး နည်းလမ်းအသစ်တွေ ထပ်ရှာ"
"နောက်ဆို ငါတို့အဖွဲ့မှာ တင်းယန်က အနီးကပ်တိုက်ခိုက်သူနဲ့... မင်းက အကွာအဝေးတစ်ခုကနေ တိုက်ခိုက်တဲ့သူ ဆိုပြီး ရှိလာတော့မယ်... ငါတို့အဖွဲ့က ပိုပြီး တောင့်တင်းခိုင်မာလာပြီ"
ကျောက်ခိုင်က အားရပါးရ ခေါင်းညိတ်လိုက်သည်။
"စိတ်ချပါ အစ်အစ်ကိုလင်း... ကျွန်တော် သေချာပေါက် ကြိုးစားပါ့မယ်"
လင်းယွမ်က ပြုံးလိုက်သည်။
"ကဲ... ဒါဆို မင်း ပြန်သွားတော့... တခြားလူတွေ မေးလာရင် အမှန်အတိုင်းသာ ပြောလိုက်... ဒီအစွမ်းက ဖုံးကွယ်ထားလို့ရတဲ့ အရာမဟုတ်ဘူး"
ကျောက်ခိုင်က ခေါင်းကုတ်လိုက်သည်။
"ကျွန်တော်လည်း ဖုံးထားဖို့ စိတ်ကူးမရှိပါဘူး... ဒီရက်ပိုင်း လူတိုင်းက ကျွန်တော့်ကို စိတ်ပူနေကြတာ... အခု ကျွန်တော့်လက်လည်း ပြန်ကောင်းပြီ... အစွမ်းလည်း ရလာပြီဆိုတော့... အားလုံး စိတ်အေးသွားမှာပါ"
လင်းယွမ်က ရယ်လိုက်သည်။
"အခန်း ၃၂၀၂ က လူတွေကိုပဲ ပြောပြလိုက်... တခြားလူတွေကိုတော့ လျှောက်မပြောနဲ့"
"ဟုတ်... ကျွန်တော် နားလည်ပါပြီ"
နှစ်ယောက်သား ခေါင်မိုးပေါ်တွင် ခေတ္တမျှ ဆက်နေပြီးနောက် လင်းယွမ်က အရင်ဆင်းသွားခဲ့သည်။ ကျောက်ခိုင်မှာမူ စိတ်လှုပ်ရှားစွာဖြင့် ခေါင်မိုးပေါ်၌ ကျန်ရစ်ခဲ့ပြီး သူ၏ အစွမ်းကို ဆက်လက်စမ်းသပ်နေလေသည်။
အိမ်ပြန်ရောက်သောအခါ အိမ်ရှေ့တွင် လူအုပ်စုဝေးနေသည်ကို လင်းယွမ် တွေ့လိုက်ရသည်။
ထိုလူများသည် တီးတိုးတီးတိုး ပြောဆိုနေကြသော်လည်း မည်သူမျှ တံခါးကို မခေါက်ရဲကြပေ။
လင်းယွမ်က တစ်ချက်ဝေ့ကြည့်လိုက်ရာ ထိုလူများ၏ လက်ထဲတွင် ရေဇလုံများ၊ ရေပုံးများ ကိုင်ဆောင်ထားသည်ကို တွေ့လိုက်ရသည်။
ထိုအထဲတွင် သန္ဓေပြောင်းငါးများ ထည့်လာကြသည်။
သိသာပါသည်... ဤလူအုပ်သည် အစားအသောက် လာလဲကြခြင်းဖြစ်သည်။
လင်းယွမ် လျှောက်လာသည်ကို မြင်သောအခါ အိမ်ရှေ့နှင့် စင်္ကြံလမ်းပေါ်ရှိ လူအများမှာ ပြောလက်စ စကားများ ရပ်သွားပြီး လင်းယွမ်ကို ဝိုင်းကြည့်လာကြသည်။
တချို့မျက်နှာများတွင် အားနာစိတ်၊ တချို့မျက်နှာများတွင် မျက်နှာလိုမျက်နှာရလုပ်ချင်စိတ်နှင့် တချို့မှာ ကြောက်ရွံ့မှုကြောင့် အကြည့်လွှဲနေကြသည်။
လင်းယွမ်က ထိုလူများကို အေးစက်စက် ဝေ့ကြည့်လိုက်ပြီး မေးလိုက်သည်။
"ကျုပ်အိမ်ရှေ့မှာ စုရုံးနေပြီး ဘာလုပ်ကြတာလဲ... စားစရာ လာလုကြတာလား"
အားလုံး၏ မျက်နှာပျက်သွားကြသည်။ လူအုပ်ထဲမှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အလျင်အမြန် အော်ပြောလိုက်သည်။
"အာ... အစ်အစ်ကိုလင်းကလည်းဗျာ... ပြောထွက်လိုက်တာ... ကျွန်တော်တို့မှာ သတ္တိ ဆယ်ဆလောက်ရှိရင်တောင် အဲ့လို မလုပ်ရဲပါဘူးဗျာ"
"ဟုတ်ပါတယ်... ဟုတ်ပါတယ် အစ်ကိုလင်းရယ်... ခင်ဗျားက နောက်ပြောင်တတ်လိုက်တာ... ကျွန်တော်တို့က ဘယ်လိုလုပ် အဲ့လိုကိစ္စမျိုး လုပ်ရဲမှာလဲ"
"အစ်ကိုလင်း... ကျွန်တော်တို့က စားစရာ လာလဲကြတာပါ... ကြည့်ပါဦး... ဒါ ဒီနေ့မှ ဖမ်းမိတဲ့ ငါးတွေ... အရှင်လတ်လတ်တွေနော်"
အားလုံးက တစ်ယောက်တစ်ပေါက်ဖြင့် မျက်နှာချိုသွေးကာ ပြောဆိုလာကြသည်။
လင်းယွမ်က မထီမဲ့မြင် ပြုံးလိုက်သည်။
"ဟုတ်လား... ခုနက ခေါင်မိုးပေါ်မှာ လျှိုချန်ဖာ ဆိုတဲ့ကောင် ပြောတုန်းကတော့ ဒီလို မဟုတ်ပါဘူး"
"ခင်ဗျားတို့ ကျွန်တော့်ကို မမုန်းကြဘူးလား... ကျွန်တော့်ဆီက ပစ္စည်းတွေက လျှိုအားလုံတို့ ဝမ်ကျဲတို့ဆီကနေ လုယူလာခဲ့တာလေ... အဲ့ဒါတွေက အစက ခင်ဗျားတို့ ပစ္စည်းတွေပဲ မဟုတ်လား"
လူအများ၏ မျက်နှာထားများ ပြောင်းလဲသွားပြန်သည်။
တစ်ယောက်က အလျင်အမြန် ပြောလိုက်သည်။
"အစ်ကိုလင်းကလည်းဗျာ... ခင်ဗျားမရှိရင် အဲ့ဒီပစ္စည်းတွေက ဝမ်ကျဲတို့ လျှိုအားလုံတို့ လက်ထဲမှာ အဖျက်ဆီးခံရမှာပဲလေ"
"ဟုတ်တယ်... အခု ခင်ဗျားက သဘောထားကြီးပြီး လူတိုင်းကို ငါးနဲ့ ဆန်လဲခွင့် ပေးထားသေးတယ်... ခင်ဗျားက ဝမ်ကျဲတို့ လျှိုအားလုံတို့နဲ့ မတူဘူး... ခင်ဗျားက လူကောင်းပါ"
"လျှိုချန်ဖာက ဘယ်သူလဲဗျ... ကျွန်တော်တို့ မသိဘူး"
"ဟုတ်တယ် အစ်ကိုလင်း... အဲ့ဒါ လျှိုချန်ဖာ ပြောတာလေ... ကျွန်တော်တို့နဲ့မှ မဆိုင်တာ"
"အစ်ကိုလင်း... လျှိုချန်ဖာက မိုက်မဲပြီး အသိစိတ်မဲ့သွားတာပါ... သူက အရင်တုန်းက အစိုးရဝန်ထမ်းဆိုတော့ လူတကာရဲ့အထက်မှာ နေခဲ့ဖူးသူလေ... ကျွန်တော်တို့ကမှ အဲ့လိုမဟုတ်တာ"
..............................................................................................................................
လူတိုင်းက ဝိုင်းဝန်းရှင်းပြကြပြီး တချို့ဆိုလျှင် လျှိုချန်ဖာကိုပင် ဆဲဆိုနေကြပြီဖြစ်သည်။
လင်းယွမ်က ထိုလူများကို အေးစက်စွာ ကြည့်နေလိုက်သည်။ ဤလူများသည် မလုပ်ချင်၍ မဟုတ်ဘဲ မလုပ်ရဲ၍သာ ငြိမ်နေကြခြင်းဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။
သူတို့သာ စွမ်းရည်ရှိလာလျှင် မိမိကို ရူးသွပ်သော ခွေးရူးများပမာ ဝိုင်းကိုက်ကြမည်သာ ဖြစ်သည်။
ဟို လျှိုချန်ဖာဆိုသည့်လူက တစ်ဦးတည်းသော ခြွင်းချက် မဟုတ်ပေ။
လေယာဉ်တစ်စင်း မြင်လိုက်သည်နှင့် လျှိုချန်ဖာက အငြိမ်မနေနိုင်တော့ဘဲ သူ့ကို လက်တုံ့ပြန်ရန် ကြံစည်တော့သည်။
ဤလူတွေထဲမှာရော လူကောင်း ဘယ်နှယောက် ပါနိုင်မည်နည်း။
လင်းယွမ်က လှောင်ပြုံးပြုံးလိုက်သည်။
"ခင်ဗျားတို့ ဘာတွေးနေလဲဆိုတာ အားလုံး အသိပဲ... ကျွန်တော် ခင်ဗျားတို့နဲ့ စကားအများကြီး မပြောချင်ဘူး... စားစရာ လိုချင်ရင် အပြင်မှာ ကိုယ့်ဘာသာ သွားရှာကြ"
သူ၏ စကားတစ်ခွန်းကြောင့် အားလုံး မျက်နှာပျက်သွားကြသည်။
ချက်ချင်းပင် တောင်းပန်တိုးလျှိုးသံများ ထွက်ပေါ်လာသည်။
"အစ်ကိုလင်း... မလုပ်ပါနဲ့ဗျာ... ကျွန်တော်တို့ တကယ်ပဲ ဟို လျှိုချန်ဖာနဲ့ မသိပါဘူးဗျာ"
"ဟုတ်ပါတယ် အစ်ကိုလင်းရယ်... ကျွန်တော်ဆို ခေါင်မိုးပေါ်တောင် မတက်ခဲ့ဘူး... အဲ့ဒီကိစ္စကို ဘာမှတောင် မသိရပါဘူး"
"အစ်ကိုလင်း... ကျေးဇူးပြုပြီး သဘောထားကြီးပေးပါ... ကျွန်တော်တို့ကို အငြိုးမထားပါနဲ့ဗျာ"
"အစ်ကိုလင်း... ကျွန်တော့်သမီးလေး အမျှင်ဓာတ်ပါတဲ့ ဟာတွေမစားရတာ ရက်တော်တော်ကြာနေပြီ... အခုဆို ဆံပင်တွေ အုံလိုက်ကျွတ်ပြီး သွားတွေပါ ကျွတ်နေပြီဗျာ... သွေးအားနည်းရောဂါ ဖြစ်တော့မယ် ထင်တယ်... တောင်းပန်ပါတယ်ဗျာ... ဆန်ဖြစ်ဖြစ် ဂျုံဖြစ်ဖြစ် နည်းနည်းလောက် ပေးပါဗျာ"
......................................................................................................
တချို့က သနားစရာကောင်းအောင် ပြောသည်၊ တချို့က တောင်းပန်သည်၊ တချို့က အသနားခံသည်။
လေယာဉ် ပျက်ကျသွားပြီးနောက် ဤလူအုပ်ကြီးသည် လိပ်ခေါင်းတိုသလို ပြန်လည်ကျုံ့ဝင်သွားကြပြန်သည်။
လင်းယွမ်က အေးစက်စက်ဖြင့် ပြောလိုက်သည်။
"ဆန်တွေ ဂျုံတွေ လိုချင်တာလား... ကောင်းပြီ... ကျွန်တော်က သွေးအေးတဲ့လူ မဟုတ်ပါဘူး"
"ခင်ဗျားတို့နဲ့ ဆက်ပြီး အရောင်းအဝယ် လုပ်ပေးနိုင်တယ်... ဒါပေမဲ့ လဲတဲ့နှုန်းထားကတော့ အရင်ဈေးရဲ့ နှစ်ဆပဲ"
"ငါး ၁၀ ကောင် ပေးမှ ဆန်တစ်ဗူး ရမယ်... လဲချင်လဲ မလဲချင်နေ"
ဆက်ရန်...
အပိုင်း (၁၀၆) ဝူယင်၏ သစ္စာခံယူမှုနှင့် ဆုန့်ဝမ်၏ အစွမ်း
"ဘာ ... ငါးဆယ်ကောင် ဟုတ်လား"
"လင်းယွမ် ... ခင်ဗျား ဒီလိုမလုပ်ပါနဲ့ ... အပေါ်ထပ်ကကိစ္စနဲ့ ကျုပ်တို့နဲ့မှ မဆိုင်တာ"
"ဟုတ်ပါတယ် လင်းယွမ်ရယ် ... လျှိုချန်ဖဆိုတဲ့ ခွေးကောင်က ခင်ဗျားကို ရန်စရဲလိမ့်မယ်လို့ ကျုပ်တို့ မထင်ထားမိပါဘူး"
"လင်းယွမ် ... ကျုပ်က အစအဆုံး အပေါ်ထပ်ကို ခြေတောင်မချခဲ့ပါဘူးဗျာ ... ဒီကိစ္စက ကျုပ်နဲ့ မဆိုင်ပါဘူး ... ကျုပ်ကို မူရင်းဈေးအတိုင်း ငါးရောင်းပေးလို့ မရဘူးလား"
"လင်းယွမ် ... ကျုပ် အပေါ်ထပ်မှာ ရှိနေခဲ့ပေမဲ့ ဘာမှဝင်မပြောခဲ့ပါဘူးဗျာ ... လျှိုမျိုးနွယ်ကောင်က ငတုံးပဲလို့ ကျုပ်တွေးနေခဲ့တာ ... ခင်ဗျားလိုလူကို သူက ဘယ်လိုလုပ် ဒီလိုစကားမျိုး ပြောရဲရတာလဲ"
......
လင်းယွမ်က ဈေးနှုန်းတိုးမြှင့်လိုက်ကြောင်း ကြားလိုက်ရသောအခါ ထိုလူများမှာ မျက်နှာပျက်သွားကြပြီး မိမိတို့၏ အခက်အခဲများကို ပြောပြကာ သနားစဖွယ် တောင်းပန်လာကြသည်။
လင်းယွမ်က အေးစက်စွာ ပြုံးလိုက်သည်။ ဤလူများထဲတွင် အပေါ်ထပ်သို့ တကယ်မတက်ခဲ့ဘဲ အလကားသက်သက် ဘေးသင့်ရသူများ ရှိကောင်းရှိနိုင်ပေသည်။
သို့သော် သူတို့စိတ်ထဲတွင် သူ့အား အာဃာတမထားဘဲ နေပါ့မလား။
သူ မယုံကြည်ပေ။
မည်သို့ပင်ဖြစ်စေ ဤနေရာကို တစ်ချိန်ချိန်တွင် စွန့်ခွာရမည်ဖြစ်ရာ ဤလူများနှင့် စကားအများကြီးပြောနေရန် မလိုတော့ပေ။
လင်းယွမ်က လေသံအေးအေးဖြင့် ပြောလိုက်သည်။
"လူဆိုတာ အမှားတစ်ခုလုပ်မိမှ အသိတစ်ခုတိုးတာ ... လူတိုင်း ကိုယ့်လုပ်ရပ်အတွက် ကိုယ်တာဝန်ယူရမယ်"
"လျှိုချန်ဖ သေတာက ... သူ့လမ်း သူရှာသွားတာ"
"ကျွန်တော်က စေတနာထားပြီး အစားအသောက်တွေကို ခင်ဗျားတို့နဲ့ မျှဝေစားသောက်ဖို့ ထုတ်ပေးခဲ့တယ် ... ဒါကို ခင်ဗျားတို့က ကျွန်တော် လျှိုအားလုံကို ခက်ခက်ခဲခဲ သတ်ပြီး လုယူလာရတဲ့ အစားအစာတွေက ခင်ဗျားတို့ပစ္စည်းတွေဖြစ်သင့်တယ်လို့ ထင်နေကြတယ်"
"ဒါ ဘယ်လို အတွေးအခေါ်လဲ"
လူတစ်ယောက်က မနေနိုင်တော့ဘဲ တောင်းပန်လာသည်။ "လင်းယွမ် ... လျှိုချန်ဖကိစ္စက ကျုပ်တို့နဲ့ တကယ် မဆိုင်တာပါဗျာ"
လင်းယွမ်က အေးစက်စွာ ရယ်မောလိုက်သည်။ "မဆိုင်ဘူး ဟုတ်လား ... လျှိုချန်ဖရဲ့ အတွေးက အရမ်းအန္တရာယ်များတယ် ... ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက အပေါ်ထပ်မှာ ခင်ဗျားတို့အများစု ရှိနေကြတာပဲ ... ဘယ်သူမှ ပါးစပ်ဟပြီး ဝင်မတားခဲ့ကြဘူး"
"ဒါက ဘာကိုပြနေလဲဆိုတော့ ... ခင်ဗျားတို့မှာလည်း အဲဒီလိုအတွေးမျိုး ရှိနေတယ်ဆိုတာပဲ"
"လျှိုချန်ဖက ခေါင်းခံပြီး ထွက်လုပ်လိုက်လို့သာ ခင်ဗျားတို့ရဲ့ ပြောချင်နေတဲ့ စကားလုံးတွေ သူ့ပါးစပ်ကနေ ထွက်သွားခဲ့တာ"
"တကယ်ဆို ကျွန်တော်က အရောင်းအဝယ်အားလုံးကို ရပ်တန့်ပစ်ပြီး ခင်ဗျားတို့ကို ငါးအန်ထွက်တဲ့အထိ ထိုင်စားခိုင်းထားလို့ ရတယ်"
"ဒါပေမဲ့ ကျွန်တော်တို့အားလုံးက အိမ်နီးချင်းတွေ ဖြစ်နေတာရယ် ... တချို့အိမ်နီးချင်းတွေက လျှိုချန်ဖလောက် မတုံးအတာရယ်ကြောင့် ကျွန်တော်က ဈေးနှုန်းကိုပဲ တိုးမြှင့်လိုက်တာ"
"ကျွန်တော် ထပ်ပြောမယ် ... ခင်ဗျားတို့ ဆန်တွေ ဂျုံတွေ စားချင်တယ် ... မုန့်တွေ လိုချင်တယ် ... တခြားအစားအစာတွေ လိုချင်တယ်ဆိုရင် ရတယ် ... ဒါပေမဲ့ ဈေးနှုန်းအားလုံး နှစ်ဆပေးရမယ်"
"ဒီတစ်ကြိမ်က ခင်ဗျားတို့ကို သင်ခန်းစာပေးတာပဲ ရှိသေးတယ် ... ခင်ဗျားတို့ထဲကနေ လျှိုချန်ဖလို လူမျိုး နောက်တစ်ခါ ထပ်ပေါ်လာရင် နောင်ဘယ်တော့မှ အရောင်းအဝယ် လုပ်မှာမဟုတ်တော့ဘူး"
"ကဲ ... အစားအသောက် လဲချင်တဲ့သူတွေ နေခဲ့ ... မလဲချင်တဲ့သူတွေ အခုချက်ချင်း ထွက်သွားကြ"
သူက အေးစက်စွာ အော်ငေါက်လိုက်ရာ ညှိနှိုင်းစရာ နေရာလပ်ပင် မရှိတော့ပေ။
လူအများ၏ တောင်းပန်သံများကို ဂရုမစိုက်တော့ဘဲ တံခါးကို တိုက်ရိုက်ပိတ်လိုက်ကာ အခန်းပြင်တွင် တောင်းပန်နေကြသူများကို ပစ်ထားလိုက်သည်။
အိမ်ထဲသို့ ပြန်ရောက်သည်နှင့် ရန်မေက ချက်ချင်း ဆီးကြိုလာသည်။
သူမသည် စောစောက တံခါးနောက်တွင် ပုန်းနေခဲ့ပြီး အပြင်ဘက်၌ လင်းယွမ်နှင့် ထိုလူများ ပြောဆိုနေသည်ကို အတိုင်းသား ကြားနေခဲ့ရသည်။
ထိုအချိန်ကျမှသာ အပေါ်ထပ်တွင် လျှိုချန်ဖနှင့် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို သူမ သိလိုက်ရသည်။
"မောင်လေး ... ဘာတွေဖြစ်ကုန်တာလဲ ... လျှိုချန်ဖက ဘယ်သူလဲ"
လင်းယွမ်က ဖြစ်ပျက်ခဲ့သည့် အကြောင်းစုံကို ရှင်းပြလိုက်သည်။
ရန်မေမှာ ဒေါသကြောင့် မျက်နှာလေး ရဲတက်သွားသည်။ "ဒီ လျှိုချန်ဖက ဘယ်လိုလုပ် ဒီလိုလုပ်ရက်တာလဲ ... ဒါ ကျေးဇူးကန်းတာ မဟုတ်ဘူးလား"
"အဲ့ဒီ အစားအသောက်တွေက လျှိုအားလုံအဖွဲ့ လုယက်ထားတာတွေပဲလေ ... အများစုက ကုန်စုံဆိုင်ဘက်ကနေ လုလာတာတွေ ... သူတို့ဆီက ရှာတွေ့တာ ဘယ်လောက်များ ရှိလို့လဲ"
"သူတို့က ဘယ်လိုမျက်နှာနဲ့များ သူတို့ပစ္စည်းတွေလို့ ပြောထွက်ရတာလဲ ... ဒီကောင်စုတ်တွေကို တစ်လုပ်မှတောင် မကျွေးသင့်ဘူး"
"မောင်လေးရယ် ... ဘာလို့ သူတို့နဲ့ ငါးတွေ လဲပေးနေသေးတာလဲ ... တို့ဆီမှာ ငါးတွေ အများကြီး လဲထားပြီးပြီပဲ ... ခဏလေးနဲ့ ကုန်အောင်စားနိုင်မှာလည်း မဟုတ်ဘူး"
ရန်မေသည် စိတ်ထားကောင်းမွန်သော်လည်း တုံးအသူ တစ်ယောက်တော့ မဟုတ်ပေ။
ယခုအခါ လင်းယွမ်နှင့် အတူပေါင်းသင်းနေပြီဖြစ်သဖြင့် သူမ၏ စိတ်နှလုံးက လင်းယွမ်အပေါ်တွင်သာ ရှိနေသည်။
ထို့ကြောင့် သူမ အလွန်ဒေါသထွက်နေခြင်း ဖြစ်သည်။
သူမ ဒေါသထွက်သည်မှာလည်း အပြစ်ဆိုဖွယ်မရှိ၊ ဆာလောင်မွတ်သိပ်ခြင်းကို ကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးသူဖြစ်ရာ ထိုခံစားချက်သည် သေတာထက်ပင် ဆိုးရွားကြောင်း သူမ သိသည်။
ထို့ကြောင့် လက်ရှိအချိန်၌ အစားအစာ တစ်လုပ်တိုင်းသည် မည်မျှ အရေးကြီးကြောင်း သူမ နားလည်သည်။
ထိုအစားအသောက်များနှင့် မုန့်များကို သူမ နှမြောနေမိသည်။
အိမ်တွင် ငါးများစွာ သိုလှောင်ထားပြီးဖြစ်ရာ သူမအမြင်တွင် အပြင်လူများနှင့် အစားအသောက် လဲလှယ်ရန် မလိုအပ်တော့ဟု ထင်မြင်မိသည်။
လင်းယွမ်က ပြုံးလိုက်ပြီး သူမကို ဖက်ကာ ပြောလိုက်သည်။ "စောစောက တစ်ယောက်ပြောသွားတယ် ... သူတို့အိမ်က လူတွေ သွေးအားနည်းတဲ့ ရောဂါ လက္ခဏာ ပြနေပြီတဲ့ ... အသားပဲ ရေရှည်စားပြီး ကျန်တာမစားရင် ... ဗီတာမင် ဖြည့်တင်းမှု မရှိရင် လူသေနိုင်တယ်"
"ဆန်နဲ့ ဂျုံ နည်းနည်းလောက်က ဗီတာမင်ဓာတ် နည်းနည်းတော့ ရနိုင်ကောင်းပါရဲ့"
ရန်မေက မော့ကြည့်လိုက်ပြီး မျက်ဝန်းရည်လည်ကာ ပြောလိုက်သည်။ "မောင်လေး ... နင်က သဘောကောင်းလွန်းတယ်"
ပြောရင်းဖြင့် သူမက လင်းယွမ်၏ ပါးပြင်ကို မနေနိုင်စွာ နမ်းလိုက်သည်။
ဤသည်မှာ သူမဘက်က စတင်ကာ ရဲရဲတင်းတင်း ပြုမူခြင်းမျိုး ရှားပါးလှသည်။
လင်းယွမ်မှာ ရင်ထဲ နွေးထွေးသွားပြီး ဤအမျိုးသမီးချောလေးကို ပွေ့ချီလိုက်သည်။
"ကျွန်တော်က ဒီလောက် သဘောကောင်းတာ ... အမက ဆုမချတော့ဘူးလား"
"အို ... မောင်လေး ... လွှတ်ပါဦး ... နေ့ခင်းကြောင်တောင်ကြီး"
"အပြင်မှာ ဒီလောက်မှောင်နေတာ ... နေ့နဲ့ ည ဘာကွာလို့လဲ ... လာပါ ... အမရဲ့ မက်မွန်သီးလေး သေးသွားလားဆိုတာ ကြည့်ရအောင်"
"အို"
..................................................................................................................
တစ်နာရီကျော် ကြာပြီးနောက် ရန်မေမှာ အိပ်ပျော်သွားပြီဖြစ်ရာ လင်းယွမ်က ထရပ်လိုက်ပြီး ဧည့်ခန်းထဲသို့ ပြန်လာကာ ရေတစ်ခွက် ငှဲ့သောက်လိုက်သည်။
ငါက သဘောကောင်းတယ် ဟုတ်လား။
သူ ခါးသက်စွာ ပြုံးလိုက်သည်။ သူသည် ကိုယ့်ကိုယ်ကိုယ် သဘောကောင်းသူဟု မသတ်မှတ်ပေ။
သူ တတ်နိုင်သည့် အတိုင်းအတာအတွင်း၌ သိတတ်နားလည်သော လူတချို့ကို ကူညီချင်စိတ် ရှိသည်။
သို့သော် သူ့ပစ္စည်းကို စားသောက်ပြီး သူ့ကို ပြန်လည် မုန်းတီးတတ်သော လူယုတ်မာမျိုးကိုမူ သူ မည်သို့မျှ သဘောကောင်းနိုင်မည် မဟုတ်ပေ။
အပြင်ဘက်မှ လူအုပ်စုထဲတွင် သူ့ကို မနာလိုဝန်တိုဖြစ်နေသူများ အများအပြား ရှိနေသည်။
လင်းယွမ်အနေဖြင့် အမှတ်များ စုဆောင်းရန်အတွက် ငါးဖမ်းလိုခြင်းကြောင့်သာ မဟုတ်လျှင် သူတို့နှင့် စကားပြောနေရန်ပင် ပျင်းရိမိသည်။
သူ ရှင်းရှင်းလင်းလင်း သိထားသည့် အချက်တစ်ခု ရှိသည်။ ဤလူများက မဟုတ်ကဟုတ်က အတွေးများ တွေးရဲနေသေးခြင်းမှာ နိုင်ငံတော်၏ ကယ်ဆယ်ရေးအဖွဲ့ကို မျှော်လင့်ချက် ထားနေကြသေးသောကြောင့် ဖြစ်သည်။
ထို့အပြင် ရေတိုအတွင်း ငါးစားပြီး အသက်ရှင်နိုင်ကြသေးသောကြောင့် ဖြစ်သည်။
နောက်ထပ် အချိန်အတိုင်းအတာတစ်ခု ကြာမြင့်သွားပြီး ငါးပင် စားစရာမရှိတော့သည့် အချိန်ကျမှသာ ဆာလောင်ခြင်း၏ ကြောက်မက်ဖွယ်ကောင်းပုံကို သူတို့ သိလာကြလိမ့်မည်။
ထိုအချိန်ရောက်လျှင် သူ ခိုင်းသမျှကို ထိုသူများ လုပ်ကြပေလိမ့်မည်။
ထိုအခါကျမှ ရှုပ်ထွေးပွေလီသည့် အတွေးများ တွေးရဲဦးမလား ကြည့်ရမည်။
သူ အေးစက်စွာ ပြုံးလိုက်ပြီး ရေတစ်ခွက် သောက်လိုက်သည်။
အခန်းတံခါး ဖွင့်လိုက်သောအခါ အပြင်ဘက်ရှိ လူများမှာ ပြန်သွားကြပြီဖြစ်ပြီး လူနှစ်ယောက်သာ တံခါးဝတွင် ထိုင်ကျန်ရစ်သည်ကို တွေ့လိုက်ရသည်။
လင်းယွမ်က ထိုနှစ်ယောက်ကို ကြည့်လိုက်ရာ တစ်ယောက်မှာ အိမ်တွင် သွေးရောဂါ ဖြစ်နေသူရှိသည့် အမျိုးသားဖြစ်ပြီး ကျန်တစ်ယောက်မှာ အရပ်ပုပု လူငယ်တစ်ယောက် ဖြစ်သည်။
တံခါးပွင့်လာသံကြားသည်နှင့် နှစ်ယောက်သား အလျင်အမြန် ထရပ်လိုက်ကြသည်။
အိမ်တွင် လူမမာရှိနေသည့် အမျိုးသားက အလျင်အမြန် ပြောလိုက်သည်။ "လင်းယွမ် ... ဆယ်ကောင်ဆို ဆယ်ကောင်ပေါ့ ... ငါ အစားအသောက် လဲချင်တယ် ... ဗီတာမင် ဖြည့်စွက်နိုင်တဲ့အရာဆို ပိုကောင်းတယ်"
လင်းယွမ်က ထိုအမျိုးသားကို ကြည့်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။ "ခင်ဗျားနာမည် ဘယ်လိုခေါ်လဲ"
"ဝမ်အန်း ... ငါ့နာမည် ဝမ်အန်းပါ လင်းယွမ်"
လင်းယွမ်က ခေါင်းတစ်ချက် ငြိမ့်လိုက်သည်။ "ဗီတာမင် ဖြည့်စွက်နိုင်တဲ့အရာဆိုလို့ ဗီတာမင်ဆေး သောက်တာကလွဲရင် ဟင်းသီးဟင်းရွက် များများစားဖို့ပဲ ရှိတယ် ... ဒါပေမဲ့ အခုချိန်မှာ ဟင်းသီးဟင်းရွက် ရှာလို့မရတာ ခင်ဗျားလည်း သိမှာပါ"
"ကျွန်တော့်ဆီမှာ ဗီတာမင်ဆေး ရှိတယ် ... ငါးဆယ်ကောင်နဲ့ တစ်လုံး လဲမလား"
ဝမ်အန်းမှာ ဝမ်းသာအားရ ဖြစ်သွားပြီး အလျင်အမြန် ပြန်ဖြေသည်။ "လဲမယ် ... လဲမယ် ... ဗီတာမင်ဆေးက ဟင်းသီးဟင်းရွက်ထက် ပိုကောင်းတာပေါ့ ... လင်းယွမ် ... ကျေးဇူးတင်ပါတယ်ဗျာ ... တကယ် ကျေးဇူးတင်ပါတယ်"
"ငါ့ကလေးက ငယ်ငယ်ကတည်းက အသီးအရွက် မစားဘူး ... အသားပဲ ကြိုက်တာ"
"ရေကြီးပြီးတဲ့နောက်ပိုင်း အသီးအရွက် စားချင်တာတောင် ရှာမရတော့ဘူး ... နေ့တိုင်း ငါးကြီးပဲ စားနေရတော့ သူတင်မကဘူး ငါတို့ပါ အန်ချင်နေပြီ"
သူက မျက်ရည်ဝဲလျက် ပြောရှာသည်။
လင်းယွမ်က ဘာမှပြန်မပြောဘဲ ဗီတာမင်ဆေးဘူးကို ထုတ်ယူလိုက်ပြီး မေးလိုက်သည်။ "ခင်ဗျားဆီမှာ ငါးဘယ်နှကောင် ရှိလဲ"
"၁၆ ကောင်ပါ" ဝမ်အန်းက အလျင်အမြန် ဖြေသည်။
လင်းယွမ်က ဆေးနှစ်လုံးကို ထုတ်ယူပြီး သူ့အား ပေးလိုက်သည်။ "ကျွန်တော့်ကို ငါး ၄ ကောင် ကြွေးကျန်ထားလိုက် ... မနက်ဖြန်ကျမှ လာဆပ်တော့"
ဝမ်အန်းမှာ ကျေးဇူးတင်လွန်းသဖြင့် ရှိခိုးမတတ် ဖြစ်နေသည်။ "ကျေးဇူးပါ ... ကျေးဇူးတင်ပါတယ် လင်းယွမ် ... ဒီည ငါ အိပ်တောင်မအိပ်ဘဲ ငါးပြည့်အောင် ဖမ်းပြီး ပြန်ဆပ်ပါ့မယ်"
လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။ "ဒီနေ့ လူတွေ အများကြီး သေထားတယ် ... အလောင်းတွေနဲ့ သွေးတွေ ရေထဲကျကုန်တော့ သန္ဓေပြောင်း ငါးတွေ အများကြီး ရောက်လာနိုင်တယ် ... ဒါ အခွင့်အရေးပဲ"
သူက သာမန်ကာလျှံကာ သတင်းပေးလိုက်သော်လည်း ဝမ်အန်းနှင့် အရပ်ပုပုလူငယ်တို့၏ မျက်လုံးများ အရောင်တောက်သွားကြသည်။
ဝမ်အန်းက ထပ်ခါတလဲလဲ ကျေးဇူးတင်စကားဆိုကာ ဆေးနှစ်လုံးကို ပိုက်လျက် အိမ်သို့ အမြန်ပြန်ပြေးလေသည်။
သူ ငါးဖမ်းပစ္စည်းများ ယူရန် အိမ်ပြန်ပြီး အချိန်လုရမည်ဖြစ်သည်။
လင်းယွမ်က ခေါင်းလှည့်ပြီး အရပ်ပုပုလူငယ်ကို ကြည့်လိုက်သည်။
ထိုလူငယ်က ရေပုံးကို ကမ်းပေးလိုက်ပြီး ပြောသည်။ "လင်းယွမ် ... ကျွန်တော် ငါး ၇ ကောင်နဲ့ ကဏန်း ၂ ကောင်ပဲ ဖမ်းမိတယ် ... အဲဒါ ငါး ၁၀ ကောင်နဲ့ ညီမျှတယ်လို့ သတ်မှတ်ပေးလို့ ရမလား"
လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။ "ရတယ် ... မင်း ဘာလဲချင်တာလဲ"
"တစေးမှုန့် ... ကျွန်တော် တစေးမှုန့် လဲချင်လို့ ... ခင်ဗျားဆီမှာ ရှိလား"
လင်းယွမ် အံ့သြသွားပြီး တစ်ဖက်လူကို ကြည့်ကာ မေးလိုက်သည်။ "မင်းဆီမှာ ဂျုံမှုန့် ရှိလို့လား"
ထိုလူငယ်က ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ ပြန်ဖြေသည်။ "ဆောရီးပါ လင်းယွမ် ... ခင်ဗျား ဝမ်ကျဲတို့ကို သတ်လိုက်ပြီးတဲ့နောက် ချန်ဟုန်က တိုက်တွဲ ၅ မှာ သူပိုင်တဲ့ အခန်းတစ်ခန်း ရှိသေးတယ်ဆိုတာ ကျွန်တော် သိလို့ ... ကျွန်တော် ကြိုပြီး သူ့အခန်းတံခါးကို သွားဖျက်လိုက်တာ"
လင်းယွမ်က မျက်ခုံးပင့်လိုက်သည်။ "ကြည့်ရတာ မင်း တော်တော်လေး ရလိုက်ပုံပဲ ... ဒါကို ငါ့ရှေ့မှာ ထုတ်ပြောရဲသေးတယ်ပေါ့"
ထိုလူငယ်က မော့ကြည့်ပြီး လင်းယွမ်ကို ပြောလိုက်သည်။ "လင်းယွမ် ... ကျွန်တော် ခင်ဗျားနဲ့ ပူးပေါင်းလို့ပါ ... အဲဒီပစ္စည်းတွေကို ကျွန်တော် တစ်ခုမှ မထိရသေးပါဘူး ... အကုန်လုံး ခင်ဗျားကို ပေးနိုင်ပါတယ် ... ကျွန်တော့်ကို အခွင့်အရေးတစ်ခု ပေးဖို့ပဲ တောင်းဆိုချင်တာပါ"
လင်းယွမ် အနည်းငယ် အံ့သြသွားသည်။ သူ့ဆီသို့ ကိုယ့်သဘောဆန္ဒအလျောက် လာရောက် သစ္စာခံသူကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။
ထို့အပြင် ဤမျှ ပြတ်သားပြီး စေတနာမှန်ကန်မှုကိုလည်း ပြသနေသည်။
တကယ်ဆိုလျှင် တစ်ဖက်လူသာ ထုတ်မပြောပါက ချန်ဟုန်တွင် တိုက်တွဲ ၅၌ အိမ်တစ်လုံး ရှိသေးကြောင်း သူ သိမည်မဟုတ်ပေ။
ထိုအိမ်ထဲတွင် ဝှက်ထားသော အစားအစာများသည် ဤလူငယ်တစ်ယောက်တည်း ပိုင်ဆိုင်သွားနိုင်သည့် အရာများဖြစ်သည်။
သို့သော် ယခုအခါ ဤလူငယ်က သူ့ကို သစ္စာခံရန်အတွက် ထိုအစားအသောက်များကို ပေးအပ်ရန် ဝန်မလေးပေ။
သတ္တိရှိသည့် လူတစ်ယောက်ပင်။
လင်းယွမ်က မေးလိုက်သည်။ "မင်းနာမည် ဘယ်လိုခေါ်လဲ"
ထိုလူငယ်က အလျင်အမြန် ဖြေသည်။ "ဝူယင် ... ကျွန်တော့်နာမည် ဝူယင်ပါ"
လင်းယွမ်က ခေါင်းငြိမ့်လိုက်ပြီး ပိန်လှီကာ သိမ်ငယ်နေပုံရသည့် ထိုလူငယ်ကို ကြည့်ရင်း သူ့စိတ်နေသဘောထားကို အကြမ်းဖျင်း နားလည်လိုက်သည်။
ရုပ်ရည်က ပိန်လှီပြီး ကြောက်တတ်ပုံ ပေါက်သော်လည်း တကယ်တမ်းတွင် သတ္တိရှိပြီး အလုပ်လုပ်နိုင်မည့်သူ ဖြစ်သည်။
ထို့ကြောင့် သူက ပြောလိုက်သည်။ "မနက်ဖြန်ကျရင် ပစ္စည်းတွေ လာပို့လိုက် ... နောက်ပိုင်းကျရင် တိုက်တွဲ ၅ ဘက်မှာ ကင်းလှည့်ဖို့အဖွဲ့ ဖွဲ့ပေးမယ် ... မင်း တာဝန်ယူရမယ်"
ဝူယင်၏ မျက်နှာပေါ်တွင် ဝမ်းသာရိပ်များ ပေါ်လာပြီး အလျင်အမြန် ကျေးဇူးတင်စကား ဆိုသည်။ "ကျေးဇူး ... ကျေးဇူးတင်ပါတယ် လင်းယွမ်"
"နောက်ဆို ကိုယ့်လူတွေ ဖြစ်သွားပြီပဲ ... ငါ့ကို အစ်ကိုလင်းလို့ ခေါ်ရင် ရပြီ"
"ဟုတ် ... ဟုတ်ကဲ့ ... အစ်ကိုလင်း" ဝူယင်က ဝမ်းသာအားရ ပြင်ခေါ်လိုက်သည်။
ထိုပစ္စည်းများကို မြင်ရလျှင် မက်မောစရာ ကောင်းသော်လည်း သူတစ်ယောက်တည်း အင်အားဖြင့် ထိုပစ္စည်းများကို ထိန်းသိမ်းထားနိုင်မည် မဟုတ်ကြောင်း သူ ကောင်းကောင်းသိသည်။
လင်းယွမ်ကို ပေးလိုက်ပြီး ကိုယ့်အနာဂတ်အတွက် ရင်းနှီးလိုက်သည်က ပိုကောင်းပေသည်။
ယခုအခါ တိုက်တစ်ခုလုံးတွင် သန္ဓေပြောင်း အစွမ်းပိုင်ရှင်များအကြောင်း မသိသူ မရှိတော့ပေ။
လင်းယွမ်သည် သန္ဓေပြောင်း အစွမ်းပိုင်ရှင်တစ်ယောက် ဖြစ်ကြောင်းနှင့် သူ့ဘေးနားမှ တင်းယန်သည်လည်း ထိုနည်းလည်းကောင်းဖြစ်ကြောင်း သူတို့ နားလည်နေကြပြီ ဖြစ်သည်။
လင်းယွမ်၏ လက်ထဲတွင် သေနတ်ပါ ရှိနေသေးရာ ဤတိုက်ထဲ၌ လင်းယွမ်၏ ပြိုင်ဘက် မရှိတော့ပေ။
လင်းယွမ်သည် တိုက်တစ်ခုလုံး၏ သေရေးရှင်ရေးကို ဖန်တီးနိုင်သူ ဖြစ်လာလိမ့်မည်။
ကယ်ဆယ်ရေးအဖွဲ့ မလာခင်အထိ လင်းယွမ်သည် ဤနေရာမှ ဘုရင်တစ်ဆူပင်။
ထို့ကြောင့် သူက လင်းယွမ်ကို ခိုလှုံလိုခြင်းဖြစ်ပြီး လင်းယွမ်တို့အဖွဲ့ထဲသို့ ဝင်ရောက်လိုခြင်း ဖြစ်သည်။
ဝူယင်သည် အခြားသူများထက် ပို၍ ရှင်းလင်းစွာ တွေးခေါ်တတ်သူဖြစ်သည်။ အစွမ်းပိုင်ရှင်များ ပေါ်ပေါက်လာပြီဆိုလျှင် နောက်ပိုင်း၌ ကယ်ဆယ်ရေးအဖွဲ့ ရောက်လာခဲ့ရင်တောင်မှ အစွမ်းပိုင်ရှင်များကို ဦးစားပေး ကယ်ဆယ်ပေလိမ့်မည်။
ခေတ်မီလက်နက်များ အသုံးမဝင်တော့သည့်အခါ ဤအစွမ်းပိုင်ရှင်များကသာ အကြီးမားဆုံး တိုက်ခိုက်ရေးအင်အားများ ဖြစ်လာမည်မဟုတ်ပါလော။
ပြီးတော့ လက်ရှိအခြေအနေအရ ကယ်ဆယ်ရေးအဖွဲ့ လာနိုင်မလား၊ မလာနိုင်ဘူးလား ဆိုသည်မှာ ပြောရန်ခက်ခဲနေသေးသည်။
ကယ်ဆယ်ရေးအဖွဲ့ မလာနိုင်လျှင် အစွမ်းပိုင်ရှင်တစ်ယောက်၏ ဘေးတွင် နေရခြင်းကသာ အလုံခြုံဆုံး ဖြစ်သည်။
ယခု လင်းယွမ်၏ ကတိကို ရလိုက်သဖြင့် သူ့စိတ်ထဲတွင် အလွန်ဝမ်းသာသွားသည်။
အဘယ်ကြောင့်ဆိုသော် လင်းယွမ်၏ ကင်းလှည့်အဖွဲ့သားများသည် နေ့စဉ် ထမင်းသုံးနပ်ကို လင်းယွမ်ဆီမှ ရယူနိုင်ကြောင်း သူ စုံစမ်းသိရှိထားသောကြောင့် ဖြစ်သည်။
ဆိုလိုသည်မှာ လင်းယွမ်၏ အဖွဲ့ထဲသို့ ဝင်နိုင်သည်နှင့် အစားအသောက်အတွက် ပူပန်စရာ မလိုတော့ပေ။
မိမိအတွက် အန္တရာယ်ဖြစ်စေနိုင်သည့် ပစ္စည်းများကို ဖက်တွယ်ထားမည့်အစား ထမင်းအိုးအတွက် မပူရတော့မည့် အခွင့်အရေးကို ရယူလိုက်ခြင်းက ပိုကောင်းသည်။
ဝူယင်က ဤသဘောတရားကို နားလည်သလို လင်းယွမ်ကလည်း သူ့အတွေးကို ရိပ်မိသည်။
သို့သော် ကိစ္စမရှိပေ။ သူလည်း အမာခံလူအချို့ မွေးထုတ်ရန် လိုအပ်နေသည်။
ဤလူက ကိုယ့်ကိုယ်ကိုယ် အပ်နှံလာပြီး ချီးကျူးဖွယ် လုပ်ဆောင်ချက်တချို့ကိုလည်း ပြသခဲ့ရာ အခွင့်အရေး ပေးသင့်သည်ဟု ယူဆသည်။
အခွင့်အရေး တစ်ခုပေးလိုက်ရုံဖြင့် ဘာမှနစ်နာသွားမည် မဟုတ်။
မည်သို့ပင်ဖြစ်စေ တိုက်တွဲ ၄၊ ၅၊ ၆ ကို ထိန်းချုပ်ပြီးလျှင် ကင်းလှည့်အဖွဲ့များ ဖွဲ့စည်းရဦးမည်သာ ဖြစ်သည်။
ဝူယင် ပြန်သွားပြီးနောက် လင်းယွမ် တံခါးပိတ်ရန် ပြင်လိုက်သည်။
ထိုအချိန်တွင် အောက်ထပ်မှ လှေကားအတိုင်း အလောတကြီး တက်လာသံကို ကြားလိုက်ရသည်။
သူ အနည်းငယ် ရပ်တန့်လိုက်ပြီး လှေကားထိပ်ဘက်သို့ လှမ်းကြည့်လိုက်သည်။
ဆုန့်ဝမ်က မျက်နှာတစ်ခုလုံး ချွေးများရွှဲလျက် တက်လာသည်ကို တွေ့လိုက်ရပြီး လင်းယွမ်ကို မြင်သည်နှင့် စိုးရိမ်တကြီး အော်ခေါ်လိုက်သည်။ "အစ်ကိုလင်း ... အစ်ကိုလင်း ... ကျွန်မကို ကူညီပါဦး ... ဖိန်ဖိန်ကို ကယ်ပါဦးရှင်"
လင်းယွမ် မျက်ခုံးပင့်လိုက်သည်။ "သူ သတိမရသေးဘူးလား"
ဆုန့်ဝမ်က ပြာပြာသလဲ ပြောသည်။ "မရသေးဘူး ... ကျွန်မတို့ ပြန်ရောက်ကတည်းက သူ မေ့မြောနေတာ ... ခုနကပဲ ရုတ်တရက်ကြီး ဖျားလာတယ် ... အဖျားက လုံးဝမကျဘူး ... ကျွန်မတို့လည်း ဘာလုပ်ရမှန်း မသိတော့ဘူး"
သူတို့နှစ်ဦး စကားပြောသံကြောင့် မျက်နှာချင်းဆိုင်ခန်းမှ ဝူချင်းနှင့် တင်းယန်တို့ပါ သတိထားမိသွားကြပြီး တံခါးဖွင့်ကာ အခြေအနေကို မေးမြန်းကြသည်။
လင်းယွမ်က ချက်ချင်း ပြောလိုက်သည်။ "ငါ အောက်ဆင်းကြည့်လိုက်ဦးမယ် ... တင်းယန် ... အပေါ်ထပ်ကို ကြည့်ထားပေး"
တင်းယန်က ခေါင်းငြိမ့်သည်။ "စိတ်ချ ... ကျွန်မတာဝန်ထား"
"လင်းယွမ် ... ဆေးသေတ္တာ ယူသွားဦးမလား" ဝူချင်းက လှမ်းမေးလိုက်သည်။
လင်းယွမ်က လက်ကာပြလိုက်သည်။ ဒီရက်ပိုင်း တိုက်တွဲတွေကို လိုက်ရှာဖွေရင်း အိမ်သုံးဆေးသေတ္တာ အများအပြား ရထားပြီးဖြစ်ရာ ၃၂၀၂ မှ ဆေးသေတ္တာကို ယူသွားရန် မလိုတော့ပေ။
ဆုန့်ဝမ်က လင်းယွမ်ကို ခေါ်ဆောင်ပြီး အောက်ထပ် ၃၁၀၂ သို့ ဆင်းလာခဲ့သည်။ ဤအခန်းသည် ဆုန့်ဝမ်၏ မျက်နှာချင်းဆိုင်အခန်း ဖြစ်သည်။
လျှိုတနန် သားအဖနှင့် ဟူဝေမင် မိသားစုတို့ ပြောင်းရွှေ့နေထိုင်နေကြခြင်း ဖြစ်သည်။
လင်းယွမ် တံခါးပေါက်ဝသို့ ရောက်သည်နှင့် လူအများက ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ ခရီးဦးကြို ပြုလာကြသည်။
လျှိုတနန်ဆိုလျှင် ဒူးထောက်ချလိုက်ပြီး မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုများနှင့် မျက်ရည်များ စီးကျလျက် ပြောရှာသည်။ "လင်းယွမ် ... တောင်းပန်ပါတယ်ဗျာ ... ကျုပ်သမီးလေးကို ကယ်ပါဦး ... ကျုပ်မှာ ဒီသမီးလေး တစ်ယောက်တည်း ရှိတာပါ ... တောင်းပန်ပါတယ်ဗျာ"
လင်းယွမ်က သူ့ကို အမြန်ဆွဲထူလိုက်ပြီး "အရမ်း စိတ်မလှုပ်ရှားပါနဲ့ဦး ... ကျွန်တော် အရင်ကြည့်ပါရစေ"
ဟူဝေမင်နှင့် လျှိုရှုချင်း ဇနီးမောင်နှံကလည်း လျှိုတနန်ကို ဝင်ရောက်ဆွဲထူပေးရင်း နှစ်သိမ့်ကြသည်။ "အစ်ကိုလျှိုရာ ... လင်းယွမ်က မကူညီဘူးလို့ မပြောပါဘူး ... အရင် ထပါဦး"
"ဟုတ်ပါတယ် အစ်ကိုလျှိုရယ် ... လင်းယွမ်ကို အရင် ကြည့်ခိုင်းလိုက်ပါဦး"
လျှိုတနန်က မျက်ရည်သုတ်ရင်း နေရာဖယ်ပေးလိုက်ရာ ကုတင်ပေါ်တွင် လဲလျောင်းနေသော လျှိုဖိန်ဖိန်ကို မြင်လိုက်ရသည်။
လျှိုဖိန်ဖိန်သည် မျက်လုံးများ မှိတ်ထားပြီး သူမ၏ ဖြူဥနေသော မျက်နှာလေးမှာ ပုံမှန်မဟုတ်သော အနီရောင် သန်းနေသည်။
နဖူးပေါ်တွင်လည်း ချွေးသီးချွေးပေါက်များ ကျနေသည်။
လင်းယွမ်က အခြေအနေကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
"ဒါ ဒဏ်ရာရတာနဲ့ မတူဘူး"
သူက ရုတ်တရက် မေးလိုက်သည်။ "သူ့ရဲ့ ရောင်ရမ်းနေတဲ့နေရာက ပြန်ချပ်သွားပြီလား"
အားလုံးက ကြည့်လိုက်ကြရာ ထူးခြားမှုကို သတိထားမိသွားကြသည်။
"ဟုတ်သားပဲ ... အရင်တုန်းက သူ့နဖူး တိုက်မိထားတဲ့နေရာက တော်တော်လေး ရောင်နေတာ"
"ဆုန့်ဝမ် ကုပေးလိုက်တုန်းက ပြန်ချပ်သွားတာ ထင်တယ်"
လျှိုတနန်က စိတ်ပူစွာ မေးလိုက်သည်။ "အဲဒါဆို ဘာလို့ သတိမရလာသေးတာလဲ"
လင်းယွမ်က လျှိုဖိန်ဖိန်၏ နဖူးကို စမ်းသပ်ကြည့်ရာ အဖျားမကျသေးသည်ကို တွေ့ရသည်။
ထိုမိန်းကလေးသည် မျက်ခုံးများ တွန့်ချိုးထားပြီး တစ်စုံတစ်ခုကို အားကုန်ရုန်းကန်နေရသကဲ့သို့ ဖြစ်နေသည်။
ထိုပုံစံက တင်းယန် အစွမ်းနိုးထလာစဉ်က အခြေအနေကို လင်းယွမ်အား ပြန်လည်အမှတ်ရစေသည်။
သူ့စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာသည်။ "ဒါ ... သူက ပြင်ပက အန္တရာယ်ရဲ့ လှုံ့ဆော်မှုကြောင့် ခန္ဓာကိုယ်က စပြီး သန္ဓေပြောင်းလဲနေတာလား"
ထိုသို့ တွေးမိသည်နှင့် သူ့မျက်နှာထားမှာ တည်ကြည်သွားပြီး ပြောလိုက်သည်။ "တခြားလူတွေ အကုန် အပြင်ထွက်ကြ ... ဆုန့်ဝမ်ကလွဲပြီး ကျန်တဲ့သူတွေ ထွက်ကြ"
"လင်းယွမ် ... ဘာ ... ဘာဖြစ်လို့လဲဟင်" လျှိုတနန်က ထိတ်လန့်တကြား မေးလိုက်သည်။
လင်းယွမ်က လျှိုတနန်ကို ကြည့်ပြီး လေးနက်စွာ ပြောလိုက်သည်။ "ဒီကိစ္စက ကောင်းလား ဆိုးလား ပြောဖို့ ခက်နေသေးတယ် ... ခင်ဗျားသမီးက သန္ဓေပြောင်းအစွမ်း နိုးထတဲ့အဆင့်ကို ဖြတ်သန်းနေတာ"
"ပြင်ပ အန္တရာယ်ရဲ့ လှုံ့ဆော်မှုကြောင့် အခုချိန်မှာ နိုးထဖို့ အရေးကြီးတဲ့အချိန် ရောက်နေပြီ"
"ဒီလို လှုံ့ဆော်မှု အန္တရာယ်ကိုသာ သူ ခံနိုင်ရည်ရှိသွားရင် သန္ဓေပြောင်းအစွမ်း နိုးထလာပြီး အစွမ်းပိုင်ရှင်တစ်ယောက် ဖြစ်လာလိမ့်မယ်"
"ဗျာ" လျှိုတနန်မှာ ကြောင်အသွားသည်။
"ဒါ ကောင်းတဲ့ကိစ္စပဲပေါ့" ဟူဝေမင်က မနေနိုင်စွာ ဝမ်းသာအားရ ပြောလိုက်သည်။
ဘေးနားမှ လျှိုရှုချင်းကလည်း ဝင်ပြောသည်။ "ဟုတ်သားပဲ ... ဒါ ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလား"
လျှိုတနန်က ရုတ်တရက် နားလည်သွားပြီး အလျင်အမြန် မေးလိုက်သည်။ "လင်းယွမ် ... တကယ်လို့ ... တကယ်လို့ သူ ခံနိုင်ရည်မရှိရင်ကော"
လင်းယွမ်က သူ့ကို ကြည့်ပြီး မေးလိုက်သည်။ "ဝမ်ယန်မေကို မှတ်မိလား"
"ဟို သရဲမလား"
လူတိုင်း မျက်နှာပျက်သွားကြပြီး လျှိုတနန်ဆိုလျှင် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ "ခင်ဗျား ဆိုလိုတာက ... ကျုပ်သမီးက ဝမ်ယန်မေလို အရူးမမျိုး ဖြစ်သွားမှာလား"
ထို့နောက် သူက ခေါင်းကို အတင်းခါယမ်းလိုက်သည်။ "မဖြစ်နိုင်ဘူး ... မဖြစ်ဘူး ... ကျုပ်သမီးက အဲဒီလို မဖြစ်ရဘူး"
လင်းယွမ်က လေးနက်စွာ ပြောသည်။ "ဒီလိုကိစ္စမျိုးက ဘယ်သူမှ တပ်အပ်မပြောနိုင်ဘူး"
"အဆိုးဆုံးအခြေအနေကို ကာကွယ်တဲ့အနေနဲ့ ခင်ဗျားတို့ အရင်ထွက်နေပေးကြပါ ... ကျွန်တော်နဲ့ ဆုန့်ဝမ် ကျန်ခဲ့ပြီး သူ ဒီအန္တရာယ်ကို ကျော်ဖြတ်နိုင်အောင် ... အစွမ်းပိုင်ရှင်တစ်ယောက် ဖြစ်လာအောင် အစွမ်းကုန် ကူညီပေးပါ့မယ်"
"ဟင့်အင်း ... ကျုပ် မထွက်ဘူး ... ကျုပ်သမီးနားမှာ နေမယ်" လျှိုတနန်က မျက်လုံးများရဲကာ ပြောသည်။
လင်းယွမ် မျက်မှောင်ကြုတ်လိုက်သည်။ "ဒါ နောက်နေတာ မဟုတ်ဘူး ... တကယ်လို့ သူသာ ဒီအန္တရာယ်ကို မကျော်လွှားနိုင်ခဲ့ရင် သူပေးနိုင်တဲ့ အန္တရာယ်က ဝမ်ယန်မေထက် နိမ့်မှာမဟုတ်ဘူး ... အဲဒီအချိန်ကျရင် ကျွန်တော်တောင် သူ့ကို တားနိုင်ချင်မှ တားနိုင်မှာ"
ဟူဝေမင်နှင့် လျှိုရှုချင်းတို့လည်း လန့်ဖျပ်သွားကြသည်။
ဟူဝေမင်က ဝင်ဖျောင်းဖျသည်။ "အစ်ကိုလျှို ... လင်းယွမ်က ဒီကိစ္စမှာ ကျွမ်းကျင်တယ် ... သူ့ကို ယုံလိုက်ပါ ... သူ့ကို လုပ်ခွင့်ပေးလိုက်ပါဗျာ"
လျှိုရှုချင်းကလည်း သားဖြစ်သူ ဟူတုတုကို ဆွဲရင်း ပြောလိုက်သည်။ "အစ်ကိုလျှို ... လင်းယွမ်က အရမ်းတော်တာ ... သေချာပေါက် လုပ်နိုင်မှာပါ ... ကျုပ်တို့တွေ ဒီမှာနေရင် အလုပ်ရှုပ်အောင် လုပ်သလိုပဲ ဖြစ်နေမှာ"
နှစ်ယောက်သား ဝိုင်းဝန်းဖျောင်းဖျမှုကြောင့် လျှိုတနန်ခမျာ နောက်ဆုံးတွင် လက်လျော့လိုက်ရပြီး အိပ်ခန်းထဲမှ အဆွဲထုတ်ခံလိုက်ရသည်။
အခန်းထဲတွင် လင်းယွမ်နှင့် ဆုန့်ဝမ်သာ ကျန်ရစ်ခဲ့သည်။
ဆုန့်ဝမ်က လင်းယွမ်ကို ကြောက်ရွံ့စွာ ကြည့်ရင်း မေးလိုက်သည်။ "အစ်ကိုလင်း ... ကျွန်မ ... ကျွန်မ ဘာလုပ်ရမလဲဟင်"
"မင်း နိုးထလာတဲ့ အစွမ်းက ဘာလဲဆိုတာ သေချာသိပြီလား"
"ဒီရက်ပိုင်းအတွင်း အကြမ်းဖျင်းတော့ နားလည်လာပါပြီ ... ကျွန်မက အပင်တွေကို ထိန်းချုပ်နိုင်တဲ့ အစွမ်းမျိုး ရထားသလိုပဲ"
"အဲဒီအစွမ်းက ကျွန်မခန္ဓာကိုယ်ထဲမှာ ရှိနေပြီး အပင်တွေကို ကြီးထွားအောင် လုပ်ပေးနိုင်တယ် ... အပင်တွေကို တိုက်ခိုက်ခိုင်းလို့ ရတယ်"
"ပြီးတော့ ကုသပေးတဲ့ အစွမ်းလည်း ပါပုံရတယ် ... အရင်တုန်းက လက်မှာ ဓားရှသွားတာ ... ခန္ဓာကိုယ်ထဲက အစွမ်းတွေ လွှမ်းခြုံလိုက်တော့ ချက်ချင်း ပြန်ကောင်းသွားတယ်"
ဆုန့်ဝမ်က သူမ ပြန်ရောက်လာပြီးနောက် လေ့လာတွေ့ရှိထားသည့် အစွမ်းများကို အလျင်အမြန် ပြောပြလိုက်သည်။
လင်းယွမ် အံ့သြသွားသည်။ ဤကဲ့သို့သော အစွမ်းမျိုးကို သူ မကြုံဖူးသေးပေ။
သူ မနေနိုင်ဘဲ မေးလိုက်သည်။ "မင်းစားလိုက်တဲ့ ပုလဲက ဘာပစ္စည်းမို့လို့ ဒီလိုအစွမ်းမျိုး ရလာတာလဲ"
"ကျွန်မလည်း မသိဘူး ... ဟို ခရုကြီးထဲက ပုလဲပဲ ... ဒါပေမဲ့ အရောင်က အစိမ်းရောင်" ဆုန့်ဝမ်က ခေါင်းခါရင်း ဖြေသည်။
ထိုအချိန်က သူမသည် တကယ်ပင် မတော်တဆ ထိုပုလဲကို စားမိလိုက်ခြင်း ဖြစ်သည်။
ကမ္ဘာကြီး ဆင့်ကဲပြောင်းလဲလာသည်နှင့်အမျှ ထူးဆန်းသော အရာဝတ္ထုများစွာ ပေါ်ပေါက်လာခဲ့ပြီဟု လင်းယွမ် စိတ်ထဲတွင် ရေရွတ်လိုက်သည်။
အပြင်လောကတွင် အစွမ်းပိုင်ရှင် မည်မျှ မွေးဖွားလာနေပြီလဲ ဆိုသည်ကို ခန့်မှန်းရန်ပင် ခက်ခဲလှသည်။
"ဒီအစွမ်းက တော်တော်ရှားတယ် ... နေရာမှန်မှန် သုံးတတ်ရင် တော်တော်လေး အစွမ်းထက်မယ့် အစွမ်းမျိုးပဲ"
လင်းယွမ်၏ ခေါင်းထဲသို့ ပထမဆုံး ဝင်လာသည့် အတွေးမှာ အဒေါ်ကြီးလီတို့ကို စိုက်ပျိုးခိုင်းထားသည့် အပင်များအကြောင်း ဖြစ်သည်။
ဆုန့်ဝမ်၏ အစွမ်းကို အပင်ပြုစုပျိုးထောင်ရာတွင် အသုံးပြုနိုင်မလား မသိပေ။
တကယ်လို့သာ ရခဲ့မယ်ဆိုရင် သူမရဲ့ အစွမ်းက စိုက်ပျိုးရေးအတွက် မွေးဖွားလာတဲ့ ပါရမီရှင် ဖြစ်မနေဘူးလား။
ဆက်ရန်...