← Chapters

အခန်း (၈၁-၈၃)

Vol. 6 Ch. 81-83

အခန်း (၈၁-၈၃)

Vol. 6 Ch. 81-83

အခန်း (၈၁)

- အပိုင်း ၁၆ - ပဉ္စမမြောက် ဇာတ်ဝင်ခန်း (၅)

သွေးအိုင်ထဲတွင် လဲလျောင်းနေသော ယူဂျွန်ဟော့ အနားမှ ကျနော် ခွာလိုက်ပြီး ဘီဟွန်း ကို လှမ်းပြောလိုက်သည်။

'ဒါ မင်းလက်ချက်လား'

ယူဂျွန်ဟော့ က အနီးအနားမှာ ရှိနေခဲ့ရင်တောင် ယခုလို အချိန်ကိုက်ကြီး ရှာတွေ့ဖို့ဆိုတာ မဖြစ်နိုင်ပေ။ ဘီဟွန်းက ယူဂျွန်ဟော့ ကို ဒီနေရာကို ရောက်လာအောင် ဇာတ်ဝင်ခန်းခွဲတစ်ခု ဖန်တီးလိုက်တာ သိသာနေလေ၏။

[မင်း ငါ့ကို သံသယဝင်နေတာလား။ သက်သေရှိလို့လား]

သက်သေတော့ မရှိပေ။ သို့သော် ကျနော့်ရင်ထဲမှာတော့ သိနေ၏။

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်က သင်၏ ဆုံးဖြတ်ချက်အပေါ် စိုးရိမ်နေပါသည်။]

[ဒင်္ဂါး ၅၀၀ ကို ထောက်ပံ့မှုအဖြစ် ရရှိပါသည်။]

ကျနော် ပိုပြီးတော့ ခိုင်ခိုင်မာမာ ယုံကြည်သွားသည်။

ကျနော်က ယူဂျွန်ဟော့ ကို ကြောင်တောင်တောင် မျက်နှာပေးနဲ့ ငုံ့ကြည့်နေတုန်း ဟန်ဆိုယောင်းက ကျနော့်နားကို တိုးတိုးလေး လာမေး၏။

"...သူ့ကို ရှာတွေ့ပြီပဲ။ နင် ဘာလုပ်မှာလဲ"

"ဘာလုပ်ရမှာလဲ"

"သူ့ကို ကယ်သင့်တယ် မဟုတ်လား။ ဒီကောင်က အဓိကဇာတ်ကောင်လေ"

သေချာတာပေါ့၊ ကျနော် သူ့ကို ကယ်ရမည်ပင်။ သို့ပေသိ ဒီကောင်စုတ်ကို ကယ်လိုက်လျှင် ကျနော် သေမှာ သေချာသည်။ ဟန်ဆိုယောင်းကတော့ ယူဂျွန်ဟော့ ချက်ချင်း နိုးလာမှာကို ကြောက်နေပုံရ၏။

"သူ့ကို တားဆီးထားနိုင်မယ့် အရာတစ်ခုခု နင့်မှာ ရှိလား"

"ယူဂျွန်ဟော့ က သည်းခံမှာ မဟုတ်ဘူး"

"သူ့ကို ပိတ်လှောင်ထားလိုက်ရင်ကော..."

"ဒါဆို သူ ကိုယ့်ကိုယ်ကိုယ် သတ်သေလိမ့်မယ်"

"ဒါပေမဲ့ သူသာ ပြန်သွားရင်... ချီးပဲ…. သူသာ နောက်ပြန်ဆုတ် သွားရင် ဘာတွေဆက်ဖြစ်မလဲ"

ဟန်ဆိုယောင်းကတော့ ဒီအချက်ကို နောက်ကျမှ သတိရသွားပုံရသည်။

ယူဂျွန်ဟော့ သာ နောက်ကြောင်းပြန်သွားခဲ့ရင် ဒီကမ္ဘာကြီး ဘာဖြစ်သွားမည်နည်း။ အဲဒါက ဒီကမ္ဘာမှာ ရှင်သန်နေရတဲ့ ကျနော့်အတွက် အကြီးမားဆုံး စိန်ခေါ်မှုတွေထဲက တစ်ခုပင်။

"ငါတို့ အဲဒါကို တားရမယ်။ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ"

ဘာမှန်းမသိရတဲ့ အခြေအနေမျိုးမှာ အဆိုးဆုံးကိုပဲ တွက်ထားတာက မှန်ကန်၏။ ကျနော်သာ တစ်ခုခု မှားယွင်းသွားပြီး ဒီကမ္ဘာကြီးသာ အစကနေ ပြန်စ သွားခဲ့ရင် ကျနော့်ရဲ့ တည်ရှိမှုက ပျောက်ကွယ်သွားပေလိမ့်မည်။

ဒါနဲ့... ဒီကောင်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ဖြစ်သွားရတာလဲ။

ကျနော် သူ့ကို သေသေချာချာ ကြည့်လိုက်သည်။ ဝမ်းဗိုက်နားမှာ ဒဏ်ရာတစ်ခု ရှိနေ၏။

အတွင်းကလီစာတွေနဲ့ နံရိုးတွေ အကုန် ကျိုးကြေနေတာပဲ။ အစွမ်းအလွန်ထက်တဲ့ တစ်စုံတစ်ယောက်က ယူဂျွန်ဟော့ ကို တစ်ချက်တည်းနဲ့ ပြင်းပြင်းထန်ထန် ထိုးလိုက်သလိုပဲ...

ထိုအချိန်မှာပဲ ကျနော့်လက်သီးကို ကျနော်ငေးကြည့်နေမိသည်။

ဖြစ်နိုင်လို့လား။

"နင့်မျက်နှာက ဘာဖြစ်နေတာလဲ။ ဘာလို့ ရုတ်တရက်ကြီး မှိုင်သွားတာလဲ"

"...ဘာမှ မဟုတ်ပါဘူး"

ရုတ်တရက်ဆိုသလို ကျနော် ယုံကြည်သွားသည်။

သူက ခွန်အား ၁၀၀ ပါတဲ့ လက်သီးနဲ့ အရိုက်ခံလိုက်ရတာပဲ...

ဒါဆို သူက ဒီဒဏ်ရာတွေနဲ့ ဒီမှာ လဲနေတာ နှစ်ရက်ရှိပြီပေါ့။

ယခုတော့ ကျနော် သူ့ကို အားနာမိသွားသည်။

ဒါနဲ့ဆိုရင်တော့ ယူဂျွန်ဟော့ နဲ့ ငါ့ကြားက ဆက်ဆံရေးကို ပြန်ပြင်ဖို့ မဖြစ်နိုင်တော့ဘူး ထင်တယ်။

သူ့ဝမ်းဗိုက်ကနေ မျက်နှာဆီကို ဖြည်းဖြည်းချင်း ကျနော် ကြည့်လိုက်တုန်းမှာပဲ ကြက်သီးတွေ ထသွားတာကြောင့် နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။

"...ချီးပဲ"

ယူဂျွန်ဟော့ က သွေးတွေ၊ မျက်ရည်တွေနဲ့ ကျနော့်ကို စိုက်ကြည့်နေသည်။ သူ့နှုတ်ခမ်းတွေက လှုပ်ရှားနေပြီး 'သေပြီသာမှတ်၊ ကင်ဒေါ့ဂျာ' လို့ ပြောနေတာ သိသာလှ၏။

ကျနော့်ဘေးမှာ ဟန်ဆိုယောင်းရှိနေမည်ဟု ထင်ထား သော်လည်း ဟန်ဆိုယောင်းကတော့ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ပြေးသွားခဲ့လေပြီ။ အဝေးကနေ ယူဂျွန်ဟော့ ကို ကျနော် လှမ်းအော်ပြောလိုက်သည်။

"ဟေ့… ဒေါသကို နည်းနည်းလောက် လျှော့လို့ မရဘူးလား"

"..."

"ဒါက မျှမျှတတ တိုက်ခဲ့ကြတာပဲ မဟုတ်လား။ မင်းလည်း ငါ့ကို သတ်ဖို့ ကြိုးစားခဲ့တာပဲလေ"

ယူဂျွန်ဟော့ ၏ အကြည့်တွေက ပြောင်းလဲမသွားပေ။

ဒုက္ခပါပဲ...

ကျနော့်မှာ ရွေးချယ်စရာ မရှိတော့ချေ။ သူ ကျနော့်ကို သတ်ချင်ရင်တောင် ယူဂျွန်ဟော့ က ဒီမှာ ရှင်သန်နေဖို့ လိုအပ်ပေသည်။ ယူဂျွန်ဟော့ မပါဘဲ မေးခွန်းများ၏ ကပ်ဘေးကို ကျနော် တားဆီးနိုင်ကောင်း နိုင်မည်ဖြစ်သော်လည်း တခြားကပ်ဘေးတွေကိုတော့ တားဆီးနိုင်မှာ မဟုတ်ဘဲ ကမ္ဘာကြီး ပျက်စီးသွားလိမ့်မည်ဖြစ်၏။

Ways of Survival ရဲ့ အဓိကဇာတ်ကောင်က ဘာလို့ ဒီလိုလူမျိုး ဖြစ်နေရတာလဲ။ လီဟန်းဆောင် (ကျုပ်) ဒါမှမဟုတ် ယောင်ဟီဝန် သာ ဖြစ်မယ်ဆိုရင် ဇာတ်လမ်းက ပိုလွယ်မှာပဲ။

…အခုက ငြီးတွားနေရမယ့် အချိန်မဟုတ်ဘူး။

ကျနော် စွမ်းရည်တစ်ခု သုံးဖို့ ဆုံးဖြတ်လိုက်သည်။ သူ ဘာတွေ တွေးနေသလဲဆိုတာ သိသာနေသော်လည်း ကျနော် စစ်ဆေးကြည့်ဖို့ လိုအပ်လေသည်။

[သီးသန့်စွမ်းရည် ‘အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့် အဆင့် ၂’ ကို အသက်သွင်းလိုက်ပါသည်။]

ထိုအချိန်မှာပဲ အံ့ဩစရာကောင်းသော အရာတစ်ခု ဖြစ်ပျက်သွားသည်။

「 ကင်ဒေါ့ဂျာ... 」

ကျနော်သည် ယူဂျွန်ဟော့ ကို ကြည့်ရင်း မျက်လုံးများ ပြူးသွားရသည်။

...သူ ခုနက ငါ့ကို လှမ်းခေါ်လိုက်တာလား။

「 မင်း ငါ့စကားတွေကို ကြားနိုင်တယ်မလား။ အခုထိ မင်းလုပ်ခဲ့တာတွေကို ပြန်ကြည့်ရင်... 」

...ဘာလဲဟ။

「 ငါ့စကားကို ကြားနိုင်တယ်လို့ ပြောစမ်း။ မင်းသာ အခု ချက်ချင်း မလှုတ်ရှားရင် ကမ္ဘာကြီးက... 」

ကျနော်သည် အနည်းငယ် ဇဝေဇဝါဖြစ်နေသော အခြေအနေဖြင့် သူ့ကို ကြည့်လိုက်သည်။

「 ...ငါ့အမှားပဲ။ ချီးပဲလေ။ 」

ယူဂျွန်ဟော့ ၏ မျက်လုံးများ ဖြည်းဖြည်းချင်း မှိတ်ကျသွားသည်။ ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ ယူဂျွန်ဟော့ အနားသို့ ကျနော်ချဉ်းကပ်သွားလိုက်သည်။ ယူဂျွန်ဟော့ သည် ဤအခြေအနေတွင် ကျနော့်ကို ပြန်တိုက်ခိုက်နိုင်စွမ်း ရှိပုံမရပေ။ ထို့အပြင်... ကျနော့်အပေါ် ရန်ငြိုးထားသည့် အရိပ်အယောင်လည်း မတွေ့ရချေ။

"ယူဂျွန်ဟော့။ ငါ့စကား ကြားရလား"

ယူဂျွန်ဟော့သည် မျက်လုံးများကို အားယူပြီးဖွင့်ရန် ကြိုးစားသော်လည်း ပြန်မှိတ်ကျသွားပြန်သည်။

ဒါက ထူးဆန်းနေတယ်။

သူ မည်မျှပင် ဒဏ်ရာပြင်းထန်ပါစေ၊ ထိခိုက်မှုခံရတာနဲ့ ပြန်လည်ကောင်းမွန်ခြင်း စွမ်းရည်က အလိုအလျောက် ပွင့်လာရမှာ ဖြစ်သည်။

ဒါဆို သူက ဘာလို့ ဒီအခြေအနေမှာပဲ ရှိနေသေးတာလဲ။

[သီးသန့်စွမ်းရည် ‘ဇာတ်ကောင်စာရင်း’ ကို အသက်သွင်းလိုက်ပါသည်။]

[ဤသူနှင့်ပတ်သက်သော အချက်အလက်များ အလွန်များပြားနေပါသည်။ ‘ဇာတ်ကောင်စာရင်း’ ကို ‘ဇာတ်ကောင်အကျဉ်းချုပ်’ အဖြစ် ပြောင်းလဲလိုက်ပါသည်။]

[ဇာတ်ကောင်အကျဉ်းချုပ်]

အမည် : ယူဂျွန်ဟော့

ဝိသေသလက္ခဏာများ : နောက်ပြန်ဆုတ်သူ (တတိယအကြိမ်)

(ဒဏ္ဏာရီလာ)၊ ပရိုဂိမ်မား (ရှားပါး)၊

အမြင့်မြတ်ဆုံးဘုရင် (သူရဲကောင်း)

သီးသန့်စွမ်းရည်များ : သူတော်စင်၏မျက်လုံး အဆင့် ၈၊

လက်ဗလာတိုက်ခိုက်ရေး အဆင့် ၉၊

အဆင့်မြင့်လက်နက်လေ့ကျင့်ရေး

အဆင့် ၈၊ စိတ်အကာအရံ အဆင့် ၆၊

နတ်လက်သီးအကွက်ရာချီ အဆင့် ၆၊

ဖီးနစ်နီအလျှင် အဆင့် ၆...

(ချန်လှပ်ထားပါသည်)...

အထူးစွမ်းရည် : နောက်ပြန်ဆုတ်ခြင်း အဆင့် ၃၊

အစွမ်းလွှဲပြောင်းခြင်း အဆင့် ၃ အလုံးစုံစွမ်းရည်များ : ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၆၀၊

ခွန်အား အဆင့် ၆၀၊

လျှင်မြန်မှု အဆင့် ၆၀၊

မှော်စွမ်းအင် အဆင့် ၆၀။

• လက်ရှိတွင် ပုံမှန်မဟုတ်သော အခြေအနေ ဖြစ်နေပါသည်။

• လက်ရှိတွင် ဤသူသည် 'ဝိညာဉ်တစ်ထောင်အဆိပ်' (Thousand Spirits Poison) မိနေပါသည်။

သူ၏စွမ်းရည်တွေမှာတော့ ဘာပြဿနာမှ မရှိပေ။ ယူဂျွန်ဟော့ က ဆိုးလ်မြို့မှာ အင်အားအကောင်းဆုံး ကိုယ်စားလှယ် တွေထဲက တစ်ယောက် ဖြစ်နေဆဲပင်၊ ကျနော် နောက်ဆုံးတွေ့ခဲ့တဲ့ အချိန်ထက်တောင် သူ၏စွမ်းရည်တွေက ပိုတိုးတက်လာသေးသည်။

ပြဿနာက သူ့ရဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေပဲ။

ယူဂျွန်ဟော့ မှာ အဆိပ်တစ်ထောင်ဒဏ်ခံနိုင်စွမ်း ဒါမှမဟုတ် အဆိပ်တစ်သောင်းကင်းစင်ခြင်း စွမ်းရည်တွေ ယခုထိ မရှိသေးချေ။ ထို့ကြောင့် အဆိပ်က ယူဂျွန်ဟော့၏အားနည်းချက်အနည်းငယ်ထဲက တစ်ခု ဖြစ်နေလေသည်။

သူ အခုလို ဖြစ်နေတာက အဆိပ်မိနေလို့ပဲ။

ကျနော် အနီးကပ် ကြည့်လိုက်တော့ သူ့တစ်ကိုယ်လုံးမှာ ပြာနှမ်းနေသော သွေးကြောတွေ ပေါ်နေတာကို တွေ့ရသည်။

အဆိပ်မိတာ မကြာသေးဘူး ထင်တယ်။ ကံကောင်းတာက သူ အသက်ရှင်နေသေးတာပဲ။

ဒါပေမဲ့ ဒါက ထူးဆန်းတယ်။ အခုအချိန်မှာ ယူဂျွန်ဟော့ ကို 'ဝိညာဉ်တစ်ထောင်အဆိပ်' ခတ်နိုင်တဲ့သူက တစ်ယောက်ပဲ ရှိတာလေ….

အဝေးကနေ ကျနော့်ကို စောင့်ကြည့်နေတဲ့ အမျိုးသမီးတစ်ယောက်က လှမ်းမေးလိုက်သည်။

"ရှင်... ရှင်က ကင်ဒေါ့ဂျာ လား"

ကျနော် ခေါင်းညိတ်ပြလိုက်သည်။ ယူဂျွန်ဟော့ ကို ဤနေရာဆီ ခေါ်လာပေးတဲ့ အမျိုးသမီးကို ကြည့်လိုက်သည်။

"သူက တစ်လမ်းလုံး ဒီလိုပဲ ဖြစ်နေတာ။ ကင်ဒေါ့ဂျာ ဆီကို ခေါ်သွားပေးဖို့ပဲ သူ ခဏခဏ ပြောနေတာ..."

ယူဂျွန်ဟော့ က ငါ့ဆီကို ခေါ်သွားခိုင်းတယ်တဲ့လား။

ယခင်ကထက် ပိုပြာနှမ်းလာတဲ့ ယူဂျွန်ဟော့ ၏မျက်နှာကို ငုံ့ကြည့်ရင်း အတွေးတွေ အများကြီး ဝင်လာမိသည်။ ထွက်ပြေးသွားတဲ့ ဟန်ဆိုယောင်း ကလည်း ကြောက်ကြောက်လန့်လန့်နဲ့ ပြန်ရောက်လာသည်။

"ဟေ့၊ ဘာတွေ ဖြစ်နေတာလဲ"

ဟန်ဆိုယောင်း က ကျနော့်ပုခုံးကို ပုတ်ပြီး မေးသော်လည်း ကျနော် ပြန်မဖြေဖြစ်ပေ။

ခေတ္တမျှ စဉ်းစားပြီးမှ ဘီဟွန်း ကို လှမ်းပြောလိုက်သည်။

'ဘီဟွန်း၊ ဒိုကဲဘီအိတ် ကို ဖွင့်ပေး'

[အခုတော့ မင်း နားလည်ပြီလား။ ဒါ ငါလုပ်တာ မဟုတ်ပါဘူးဆို]

'အိတ်ကိုပဲ ဖွင့်စမ်းပါ'

ကျန်ရှိနေသော ဒင်္ဂါး တွေကို စစ်ဆေးပြီးနောက် ယူဂျွန်ဟော့ ကို ကုသပေးနိုင်မယ့် ဒင်္ဂါးပစ္စည်း တစ်ခုကို ရှာတွေ့လိုက်သည်။

သူက 'ဝိညာဉ်တစ်ထောင်အဆိပ်' မိနေတာဆိုတော့ အဲလိန်းတောအုပ်၏ဇီဝစွမ်းအား ကို စားရုံဖြင့် မပျောက်နိုင်ချေ။ ကျနော် မူရင်းဝတ္ထုစာသားကို အမြန်ဖွင့်ပြီး ပါဝင်ပစ္စည်းအချို့ကို စစ်ဆေးကာ ဒိုကဲဘီအိတ် ထဲကနေ လိုအပ်တာတွေ ဝယ်လိုက်သည်။

[‘နေ့လယ်ပိုင်း ချိန်းဆိုမှု’ တစ်ခုကို ဝယ်ယူလိုက်ပါသည်။]

[‘ဘာဘရာ သစ်ကိုင်းအို’ တစ်ခုကို ဝယ်ယူလိုက်ပါသည်။]

[‘ပုတ္တနာ ဒါတွန် ဦးချို’ နှစ်ခုကို ဝယ်ယူလိုက်ပါသည်။]

[‘အဆိပ်ဖြေ အာလူး’တစ်ခုကို ဝယ်ယူလိုက်ပါသည်။]

[‘အိုင်တင်း ကျောင်းတော်၏ သန့်စင်ရေ’ နှစ်ခုကို ဝယ်ယူလိုက်ပါသည်။]

[‘အဲလိန်းတောအုပ်၏ဇီဝစွမ်းအား’ တစ်ခုကို ဝယ်ယူလိုက်ပါသည်။]

[စုစုပေါင်း ဒင်္ဂါး ၇,၃၇၀ ကုန်ကျပါသည်။]

ဒါကတော့ မျှော်လင့်မထားတဲ့ အပိုကုန်ကျစရိတ်ပင်။ ဘေးမှာရှိသော ရှင်သန်ကျန်ရစ်သူတွေဆီကနေ ပုံးအသေးတစ်လုံးကို ကျနော် တောင်းလိုက်ပြီး၊ မှော်စွမ်းအင်သုံး မီးဖိုကို ထွန်းကာ ပါဝင်ပစ္စည်းတွေကို ထည့်လိုက်သည်။ ဟန်ဆိုယောင်း က မေးလာသည်။

"နင် ဘာလုပ်မလို့လဲ"

"အဆိပ်ဖြေဆေးဖော်မလို့လေ"

"နင် သူ့ကို ကယ်ဖို့ ဆုံးဖြတ်လိုက်ပြီပေါ့"

ကျနော် ခေါင်းညိတ်ပြလိုက်ပြီး ပြန်ဖြေသည်။

"ဒီမအေဘေးက ငါ့ဆီကို တမင်သက်သက် ရောက်လာတာ"

"တမင်သက်သက်ဟုတ်လား။ ဘာလို့လဲ"

"ငါလည်း မသိဘူး"

"သူ နင့်ဆီ အကူအညီလာတောင်းတာလား။ ယူဂျွန်ဟော့ က နင့်ကို သတ်ဖို့ ဒီလောက်အဝေးကြီးအထိ လာလိမ့်မယ်လို့တော့ ငါမထင်ဘူး"

"အဲဒါက ယူဂျွန်ဟော့ အတွက်တော့ မဖြစ်နိုင်တဲ့ ကိစ္စပဲ"

"နင်က ဘယ်လိုလုပ် သိတာလဲ"

"သိတာပေါ့။ သူက အဲဒီလိုကောင်မျိုးပဲ"

မီးဖို၏ မီးတောက်ကို ကျနော်ညှိလိုက်သည်။

မီးတောက်များ တဟုန်းဟုန်း တောက်လာပြီး ပုံးထဲရှိ ပါဝင်ပစ္စည်းများ စတင်ပွက်ပွက်ဆူလာသည်။ အရောင်အသွေးနှင့် ပုံသဏ္ဌာန်အရ ကြည့်လျှင် သေမင်းတောင်ကြားရှိ ဂေါ့ဘလင် (မှင်စာ) များ၏ အစားအစာနှင့် ဆင်တူနေသည်။ ကြည့်ရတာ ကြောက်စရာကောင်းသော်လည်း ဤစွပ်ပြုတ်သည် အလွန်ကောင်းမွန်သော အဆိပ်ဖြေဆေး ဖြစ်၏။

ဟန်ဆိုယောင်းက ဒူးပေါ် လက်တင်ကာ ကြောက်စရာကောင်းသော အစားအစာကို စိုက်ကြည့်ရင်း ပြောလာသည်။

"ဒါနဲ့ Ways of Survival ထဲမှာ ယူဂျွန်ဟော့ က အရမ်းကိုဆိုးတဲ့ လူဆိုးကြီး ဖြစ်ခဲ့လို့လား"

"...ဘာ"

"ငါ စဉ်းစားမိတာ တစ်ခုရှိတယ်။ ယူဂျွန်ဟော့ က လူတွေအများကြီးကို ကယ်ခဲ့ပြီး ကောင်းတာတွေ လုပ်ခဲ့တယ် မဟုတ်လား။ မှန်ပါတယ်၊ သူက စိတ်မနှံ့တဲ့သူ တစ်ယောက်လိုပါပဲ၊ ဒါပေမဲ့ သူက လူတွေအတွက် လှုပ်ရှားနေတာ မဟုတ်ဘူးလား။ ကမ္ဘာကြီးကို ကယ်တင်ဖို့ သူက တိုက်ပွဲဝင်နေတာပဲ။ ငါက လူဆိုးမလေးမို့ ဒါကို ဝန်မခံချင်ပေမဲ့ သူဟာ ကယ်တင်ရှင်ဆိုတာကို ဝန်ခံရလိမ့်မယ်"

စဉ်းစားကြည့်မည်ဆိုလျှင် ဟန်ဆိုယောင်း ပြောတာကလည်း လုံးဝကြီး မမှားပေ။ ကျနော် ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"နင်က ငါ့လောက်အထိ ဇာတ်လမ်းကို အဆုံးထိ မဖတ်ဖူးသေးလို့ ယူဂျွန်ဟော့ ဘက်ကနေ တက်တက်ကြွကြွ ကာကွယ်ပေးနေတာပါ"

"ဒါက သက်သက်၊ ဟိုဟာက သက်သက်လေ။ လူတစ်ယောက်ကို တစ်ဖက်တည်းကြည့်ပြီး ဆုံးဖြတ်လို့ မရဘူး"

မျှော်လင့်မထားတဲ့ စကားဝိုင်းမျိုး ဖြစ်နေတာကြောင့် ဟန်ဆိုယောင်းကို ခေတ္တမျှ ကျနော်မော့ကြည့်နေမိသည်။

ဟန်ဆိုယောင်းကတော့ အေးစက်စက် ပြုံးနေသည်။

"ငါ့ရဲ့ လက်ရာက ခိုးချထားတာလို့ နင် ဘယ်လောက်ပဲ ပြောပြော၊ တကယ်တမ်းတော့ ငါ့စာက Ways of Survival ရဲ့ လွှမ်းမိုးမှုကို တစ်ခါမှ မခံခဲ့ရပါဘူးဟာ"

"...နင် အဲဒီစကားသာ မပြောခဲ့ရင် ငါ နင့်ကို ယုံကြည်သွားတော့မလို့ပဲ။ တကယ် နှမြောစရာပဲ"

ကျနော် ဒီလိုပြောလိုက်သော်လည်း ကျနော့်စိတ်ထဲမှာတော့ နည်းနည်း ရှုပ်ထွေးသွားသည်။

ယူဂျွန်ဟော့ က ဘယ်လိုလူမျိုးလဲ။ ကျနော်က ယူဂျွန်ဟော့ ရဲ့ တည်ရှိမှုကို တကယ်ပဲ ကောင်းကောင်း သိကျွမ်းတယ်လို့ ပြောနိုင်ပါ့မလား။

သိပ်မကြာသေးခင်အထိတော့ ကျနော် ယုံကြည်ချက်ရှိရှိ ဖြေနိုင်ခဲ့သည်။ ကျနော်က Ways of Survival တစ်အုပ်လုံးကို အဆုံးထိ ဖတ်ဖူးတဲ့ တစ်ဦးတည်းသော စာဖတ်သူပင်။

သို့ပေသိ ကျနော့်ရဲ့ အဖြေအချို့ကတော့ ဒီစွပ်ပြုတ်ထဲမှာ အရည်ပျော်သွားသလိုမျိုး ခံစားလိုက်ရသည်။ ကျနော် ယူဂျွန်ဟော့ ကို တကယ်ပဲ သိတာ ဟုတ်ရဲ့လား။

မကြာခင်မှာပဲ စွပ်ပြုတ်က ပွက်ပွက်ဆူလာသည်။

[ ‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ် က သင်၏ကောင်းမွန်သော လုပ်ရပ်အပေါ် စိတ်လှုပ်ရှားနေပါသည်။]

[အကြွင်းမဲ့ ကောင်းမြတ်သော စနစ်မှ နက္ခတ်များက သင်၏ကောင်းမှုအပေါ် ထောက်ခံအားပေးနေကြပါသည်။]

[ဒင်္ဂါး ၃,၀၀၀ ကို ထောက်ပံ့မှုအဖြစ် ရရှိပါသည်။]

ထောက်ပံ့မှုတွေကြောင့် လူတစ်ယောက် စိတ်အနှောင့်အယှက် ဖြစ်ရတာကတော့ ရှားပါးတဲ့ ကိစ္စပဲ။ ချီး။

စွပ်ပြုတ်ကို ယူပြီး ယူဂျွန်ဟော့ အနားသို့ ကျနော် ချဉ်းကပ်သွားလိုက်သည်။ ဟန်ဆိုယောင်းက အနားရှိ ဆိုင်တစ်ဆိုင်မှ ဇွန်းတစ်ချောင်း ယူလာပေးသည်။ စွပ်ပြုတ်ကို ဇွန်းဖြင့် ခပ်ယူကာ ယူဂျွန်ဟော့ ၏ ပါးစပ်ထဲသို့ ကျနော်ထည့်ပေးလိုက်သည်။ ကျနော် စွပ်ပြုတ်ကို မှုတ်ပေးနေသည်ကို ဟန်ဆိုယောင်းက ကြည့်နေလေသည်။

"နင်က ဇနီးသည်တစ်ယောက်လို ပြုမူနေတာပဲ"

"နင် တိုက်ပေးချင်လို့လား"

"မတိုက်ပေးချင်ပါဘူး"

အမှန်တကယ်တော့ စွပ်ပြုတ်တိုက်သည့်အလုပ်ကို ဟန်ဆိုယောင်းလက်ထဲ ကျနော် ပေးမည်မဟုတ်ချေ။ အကြောင်းမှာ ဇွန်းတစ်ခါ ခပ်လိုက်တိုင်း ကျနော် ကြားနေရသော စနစ်မက်ဆေ့ခ်ျကြောင့် ဖြစ်၏။

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ် က သင်၏ကောင်းမှုအပေါ် စိတ်လှုပ်ရှားနေပါသည်။]

[ဒင်္ဂါး ၅၀၀ ကို ထောက်ပံ့မှုအဖြစ် ရရှိပါသည်။]

သူ့ကို ဆေးတိုက်ကျွေးနေရုံနဲ့ တစ်ခါတိုက်တိုင်း ဒင်္ဂါးတွေ ရနေတာကတော့ အံ့ဩစရာပင်။

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ် က သင်၏ကောင်းမှုအပေါ် စိတ်လှုပ်ရှားနေပါသည်။]

[ဒင်္ဂါး ၃၀၀ ကို ထောက်ပံ့မှုအဖြစ် ရရှိပါသည်။]

အရင်ကတော့ ငါ့အတွက် အရှုံးပဲလို့ ထင်ခဲ့ပေမဲ့ တကယ်တော့ ဒါက ဒင်္ဂါးတွေ အလကားရနေတဲ့ ပွဲတော်ကြီး ဖြစ်နေတာပဲ။ တကယ်ပါပဲ၊ လူဆိုတာ ကောင်းကောင်းမွန်မွန် နေထိုင်သင့်တာ မှန်တယ်ဟ။

သို့ပေသိ ဆယ်ဇွန်းလောက် တိုက်ပြီးတဲ့နောက်မှာတော့ ကျနော် နည်းနည်း ထူးဆန်းသလို ခံစားလာရသည်။

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ် က သင်၏ကောင်းမှုအပေါ် စိတ်လှုပ်ရှားနေပါသည်။]

[ဒင်္ဂါး ၄၀၀ ကို ထောက်ပံ့မှုအဖြစ် ရရှိပါသည်။]

...ဒီနက္ခတ်က တကယ်ပဲ ငါ့ရဲ့ ကောင်းမှုကို သဘောကျနေတာ ဟုတ်ရဲ့လား။ စွပ်ပြုတ်ပန်းကန် ကုန်တဲ့အထိ ဒင်္ဂါးတွေ ပေးနေဦးမှာလား။

ယူဂျွန်ဟော့ သည် အသံအနည်းငယ် ထွက်လာရင်း မျက်လုံးများ စတင်ပွင့်လာသည်။ သူက အခြေအနေ ဆိုးနေသေးသော်လည်း အဆိပ်ကတော့ တဖြည်းဖြည်းချင်း ပျယ်သွားပြီ ဖြစ်သည်။ ဤအခွင့်အရေးကို လက်လွှတ်မခံဘဲ ပစ္စည်းတစ်ခုကို ကျနော် ထုတ်လိုက်သည်။

[‘နေလယ်ပိုင်း ချိန်းဆိုမှု’ ကို အသုံးပြုလိုက်ပါသည်။]

[ပစ်မှတ်ထံမှ သဘောတူညီချက်ကို တောင်းခံနေပါသည်။]

'နေလယ်ပိုင်း ချိန်းဆိုမှု' ဆိုသည်မှာ ရွေးချယ်ထားသော ပစ်မှတ်နှင့် သတ်မှတ်ထားသော အချိန်အတွင်း တစ်ဦးနှင့်တစ်ဦး သီးသန့်စကားပြောနိုင်သော ပစ္စည်းတစ်ခု ဖြစ်သည်။ ကျနော့်မှာ ဒင်္ဂါးတွေ နည်းနည်း ပိုရှိခဲ့လျှင် 'အသံလှိုင်းပို့လွှတ်ခြင်း' စွမ်းရည်ကို သင်ယူခဲ့မိမည်ဖြစ်သော်လည်း ယခုတော့ အပိုသုံးဖို့ ဒင်္ဂါး သိပ်မရှိတော့ချေ။ ထို့ကြောင့်ေနောက်ထပ် အကောင်းဆုံးအရာကိုသာ ကျနော် ရွေးချယ်လိုက်ခြင်း ဖြစ်၏။

[ပစ်မှတ်က သင်နှင့် ဆက်သွယ်ရန် သဘောတူလိုက်ပါသည်။]

[‘နေလယ်ပိုင်း ချိန်းဆိုမှု’ စတင်ပါပြီ။]

ယူဂျွန်ဟော့ ထံသို့ မက်ဆေ့ခ်ျတစ်ခု ကျနော်ပို့လိုက်သည်နှင့် ကျနော့်ရှေ့တွင် မက်ဆေ့ခ်ျ ဇယားအသေးလေးတစ်ခု ပေါ်လာသည်။

– ဟေ့၊ ငါ့စကား ကြားရလား။

ဆက်သွယ်မှု စတင်သွားပြီ ဖြစ်သည်။

ကျနော် ဤပစ္စည်းကို ဝယ်လိုက်ရခြင်းတွင် အကြောင်းရင်း သုံးချက်ရှိသည်။

ပထမအချက်မှာ ယူဂျွန်ဟော့ ၏ လျှာသည် 'ဝိညာဉ်တစ်ထောင်အဆိပ်' ၏ အာနိသင်ကြောင့် ထုံကျင်နေခြင်းကြောင့် ဖြစ်ပြီး၊ ဒုတိယအချက်မှာ ဟန်ဆိုယောင်း ထံသို့ အချက်အလက်များ မပေါက်ကြားစေရန် ဖြစ်သည်။ တတိယနှင့် အရေးအကြီးဆုံး အချက်မှာ သူ၏ အတွေးများကို ကျနော်ဖတ်နိုင်သည်ဟူသောအချက်ကို ယူဂျွန်ဟော့ အား အတည်မပြုလိုခြင်းကြောင့် ဖြစ်သည်။

ခေတ္တအကြာတွင် ယူဂျွန်ဟော့ ၏ မက်ဆေ့ခ်ျ တက်လာသည်။

– ကင်ဒေါ့ဂျာ၊ အခုချက်ချင်း အရှေ့ဘက်ကို သွားတော့။

အခန်း ၈၂

- အပိုင်း ၁၇ - SSS အဆင့် ပါရမီ၊ ၁

ယူဂျွန်ဟော့၏ စကားကြောင့် ကျနော် မျက်မှောင်ကြုတ်မိသွားသည်။

အခုချက်ချင်း အရှေ့ဘက်ကို သွားပါ ဟုတ်လား။ ငါက သူ့အသက်ကို ကယ်ပေးထားတာတောင် သူက ငါ့ကို အမိန့်ပေးနေတာလား။

ကျနော် နည်းနည်း စိတ်တိုသွားသော်လည်း ကျနော် တစ်ခုခု မပြောနိုင်ခင်မှာပဲ ယူဂျွန်ဟော့က အရင်စကားဆိုလာသည်။

– မေးခွန်းများ၏ ကပ်ဘေး က နိုးထလာနေပြီ။

...ဘာ။

သူပြောနေသည်ကို ကျနော် နားမလည်နိုင်သဖြင့် စိတ်ပျက်နေစဉ်မှာပင် ယူဂျွန်ဟော့က မျက်မှောင်ကြုတ်လိုက်ပြန်သည်။

– တစ်စုံတစ်ယောက်က ကပ်ဘေးကို နှိုးနေတာ။

…………………………………………………………………………………………

ခေတ္တအကြာတွင် ဟန်ဆိုယောင်းနှင့် ကျနော်သည် ဉာဏ်အလင်းပွင့်နေဆဲဖြစ်သော လိုင်ခါယွန်ကို ထားရစ်ခဲ့ကာ ဂန်ဒေါင်းဂူဆီသို့ ဦးတည်ထွက်ခွာလာခဲ့ကြသည်။

အလွန်လျှင်မြန်သော အရှိန်နှုန်းဖြင့် သွားနေကြခြင်း ဖြစ်၏။

"အဲဒီဝံပုလွေကို ဒီအတိုင်း ထားခဲ့လို့ ရပါ့မလား"

"အီမြွန်တာတွေက ရတနာချိပ်တံဆိပ်ရဲ့ သခင်ကို ခံစားသိရှိနိုင်တယ်။ သူ နိုးလာရင် ငါတို့ကို လိုက်ရှာလိမ့်မယ်။ အဲဒါထက်..."

ဘေးတွင် ပြေးနေသော ဟန်ဆိုယောင်းကို ကြည့်ပြီး ကျနော်ပြောလိုက်သည်။

"နင် သူ့ကို မချီပေးနိုင်ဘူးလား။ နင့်ရဲ့ ကိုယ်ပွားကို သုံးလို့ရတာပဲလေ"

"မလုပ်ချင်ပါဘူး"

ဟန်ဆိုယောင်းက ရွံရှာသော အမူအရာဖြင့် ကျနော့်ဆီမှ အမြန်ဝေးရာသို့ ခွာလိုက်သည်။

"ခုနကတော့ ယူဂျွန်ဟော့ က လူဆိုးမဟုတ်လောက်ဘူးလို့ နင် ပြောနေတာ မဟုတ်ဘူးလား"

"အဲဒါက သက်သက်၊ ဒါက သက်သက်လေ။ ငါ့ခေါင်းကို ဖြတ်ခဲ့တာ သူပဲ မဟုတ်လား"

ဟန်ဆိုယောင်း၏စကားကို ကျနော် ငြင်းဆန်ရန် စကားမရှိပေ။ ယူဂျွန်ဟော့က 'နေ့လယ်ပိုင်း ချိန်းဆိုမှု' မှတစ်ဆင့် ပြောလာသည်။

– ငါ့ကို ထားခဲ့လို့ရတယ်။ ငါ အကူအညီ မလိုဘူး။

– မာန သိပ်မကြီးစမ်းနဲ့။ ငါ တကယ်ကြီး ပစ်ထားခဲ့မှာနော်။

ယူဂျွန်ဟော့ကို ကျနော့်ကျောပေါ်တွင် ပိုးထားရသဖြင့် သူ၏မျက်နှာကို ကျနော် မမြင်ရပေ။

– မင်း ဘယ်တော့မှ ကိုယ်တိုင် လှုပ်ရှားနိုင်မှာလဲ။

– နောက် နှစ်ရက်နေရင်ပေါ့။

– မင်း ပြန်ကောင်းလာရင် ငါ့ကို သတ်မှာလား။

ကျနော်က နောက်ပြောင်သလိုမျိုး မေးလိုက်သော်လည်း မအေဘေးက အဖြေမပေးပေ။ ကျနော်သည် တမင်တကာ အရှိန်ကို လျှော့လိုက်သည်။

– ဒါဆိုရင်တော့ ငါ မကူညီနိုင်ဘူး။ ငါ့ကို သတ်မယ့်လူကို ဘယ်လိုယုံရမှာလဲ။ မင်းဘက်က 'တည်ရှိမှု ကတိသစ္စာ' ပြုမှ ငါ ကူညီမယ်။ အခုတစ်ခေါက်နောက်ပြန်ဆုတ်ခြင်း ပြီးဆုံးတဲ့အထိ ငါ့ကို မသတ်ဘူးလို့ ကတိပေး။

– အဲဒါတော့ မလုပ်နိုင်ဘူး။

ခွေးမသား။

– ဒါဆိုရင် အနည်းဆုံးတော့ ပဉ္စမမြောက် ဇာတ်ဝင်ခန်း မပြီးမချင်း ငါ့ကို နာကျင်အောင် မလုပ်ဘူးလို့ ကတိပေး။ အဲဒါမှ မဟုတ်ရင်တော့ ငါ တကယ် မကူညီတော့ဘူး။

ယူဂျွန်ဟော့သည် ခေတ္တမျှ စဉ်းစားပြီးမှ ပြန်ဖြေလာသည်။

– ကတိပေးတယ်။

အံ့ဩစရာကောင်းစွာပင် ယူဂျွန်ဟော့က ကတိပေးရန် သဘောတူလိုက်သည်။ 'တည်ရှိမှု ကတိသစ္စာ' ဆိုသည်မှာ ကျိန်ဆိုသူအပေါ် အတားအဆီးတစ်ခု ဖြစ်လာစေသည်။

အေးစက်သော မီးလျှံတစ်ခုသည် ယူဂျွန်ဟော့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး သူ၏နှလုံးသားထဲသို့ တိုးဝင်သွားသည်။ သူသာ ကတိဖျက်ခဲ့လျှင် ဤအပြာရောင် မီးလျှံများက သူ၏နှလုံးသားကို လောင်ကျွမ်းစေလိမ့်မည်။ ကျနော် နည်းနည်း စိတ်အေးသွားသော်လည်း ထိုအချိန်မှာပင် ယူဂျွန်ဟော့က ဆက်ပြောလာသည်။

– ငါ မင်းကို မသတ်ဘူး။ ဒါပေမဲ့...

– ဘာဒါပေမဲ့လဲ

– ငါ မင်းကို တစ်ချက်တော့ ထိုးမယ်

– ဘာ

ကျနော် ခေတ္တမျှ မှင်တက်သွားသည်။

သူက ငါ့ကို ထိုးဦးမှာတဲ့လား။

– လွန်ခဲ့တဲ့ နှစ်ရက်က ကိစ္စကြောင့်လား

ယူဂျွန်ဟော့က အဖြေမပေးပြန်ပေ။ ယူဂျွန်ဟော့က ကတိကို အလွယ်တကူ သဘောတူလိုက်သည်မှာ ထူးဆန်းသည်ဟု ကျနော် တွေးမိသည်။

– ...တစ်ချက်ပဲနော်။ အသာလေးပဲ ထိုးရမယ်။ နားလည်လား။

ဟုတ်ပေသည်၊ တစ်ချက် အထိုးခံလိုက်ရရုံနှင့် ယူဂျွန်ဟော့နှင့် ကျနော့်ဆက်ဆံရေး ပြန်အဆင်ပြေသွားမည်ဆိုလျှင် မဆိုးလှပေ။ ကျနော့်ရဲ့ လက်ရှိအခြေအနေအရ ယူဂျွန်ဟော့ရဲ့ လက်သီးတစ်ချက်ကြောင့်နဲ့တော့ သေသွားမှာ မဟုတ်ချေ။

မကြာမီတွင် ကျနော်တို့သည် ချောင်ဒမ်တံတားကို ဖြတ်ကျော်ကာ ဂွမ်ဂျင်ဂူထဲသို့ ဝင်ရောက်ခဲ့ကြသည်။

ပတ်ဝန်းကျင်ရှိ ဂေဟစနစ်က တဖြည်းဖြည်း ပြောင်းလဲလာသည်ကို ကျနော် ခံစားမိ၏။ လမ်းမများပေါ်တွင် မြက်ပင်များ ပေါက်နေပြီး ပုပ်စပ်နေသော အလောင်းနံ့များအစား မိစ္ဆာကောင်များ၏ မစင်နံ့များက ပတ်ဝန်းကျင်တွင် ပြည့်နှက်နေသည်။

ဧရာမ အပင်ကြီးတစ်ပင်၏ ပင်စည်သည် မြေပြင်မှ ထိုးထွက်လာပြီး ပတ်ဝန်းကျင်ရှိ မိုးမျှော်တိုက်ကြီးများကို ရစ်ပတ်ထားသည်။

[သတ္တမအဆင့် အပင်မျိုးစိတ် ‘ယာနာစပလက်တာ’ က စောင့်ကြည့်နေပါသည်။]

လက်နက်ထုတ်နေသော ဟန်ဆိုယောင်းကို ကျနော် လှမ်းပြောလိုက်သည်။

"စိတ်လိုက်မာန်ပါမလုပ်နဲ့။ ငါတို့ အရင် မတိုက်ခိုက်သရွေ့ သူတို့က ဘာမှမလုပ်ဘူး"

"ဒီလို မိစ္ဆာမျိုးတွေက မထင်မှတ်ထားတဲ့အချိန်မှာ နှာမောင်းတွေနဲ့ တိုက်ခိုက်တတ်တာ မဟုတ်ဘူးလား"

"အဲဒါက ကာတွန်းတွေထဲမှာပဲ ရှိတာ။ သူတို့က အေးအေးဆေးဆေးပဲ။ အမြစ်တွေကို မနင်းမိအောင်ပဲ သတိထား"

အဆောက်အအုံ ထိပ်ဖျားမှာတော့ နေကြာပန်းနှင့်တူသော အပင်၏ ခေါင်းပိုင်းက ကျနော်တို့နောက်ကို မျက်လုံးများဖြင့် လိုက်ကြည့်နေသည်။ ကြောက်စရာကောင်းပုံရသော်လည်း အမှန်တကယ်တော့ ၎င်းမှာ ကောင်းမွန်သော မိစ္ဆာမျိုးဖြစ်သည်။ သို့သော် အခြေအနေက အကောင်းမြင်နိုင်စွမ်းရှိသည်ဟုတော့ မဆိုလိုပေ။

မူလက ထိုအပင်မျိုးစိတ်များသည် ‘မဟာတွင်းနက်ကြီး’ အပြည့်အဝ ပွင့်သွားပြီးမှသာ ရောက်လာရမည့်အရာများ ဖြစ်သည်။

"ကမ္ဘာမြေသွင်ပြင် ပြောင်းလဲမှုက စနေပြီပဲ"

ကမ္ဘာမြေသွင်ပြင် ပြောင်းလဲမှု။

ပဉ္စမမြောက် ဇာတ်ဝင်ခန်းသည် ကမ္ဘာတစ်ခုနှင့်တစ်ခု တိုက်ခိုက်ရခြင်းဖြစ်၏။ လူသားမျိုးနွယ်သည် ကျူးကျော်ဝင်ရောက်လာသော ကမ္ဘာများနှင့် တိုက်ခိုက်ရမည်ပင်။

ဆိုးလ်မြို့သည် ခရိုနော့စ်၏ တိုက်စားမှုကို ခံနေရသကဲ့သို့ တရုတ်နိုင်ငံသည် ‘တတိယမြောက် မူရင်လောက’ နှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ဂျပန်နိုင်ငံမှာမူ ‘နတ်ဆိုးဖြူနယ်မြေ’ နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ဟန်ဆိုယောင်းက ကိုယ်ပွားများဖြင့် ပတ်ဝန်းကျင်ကို ကင်းထောက်ကြည့်ပြီး ပြောလိုက်သည်။

"မိစ္ဆာအုပ်စုတွေပဲ။ ချီး"

"ကပ်ဘေးတွေသာ နိုးလာရင် ကမ္ဘာမြေသွင်ပြင် ပြောင်းလဲမှုက ပိုတောင် မြန်လာဦးမှာ"

"ဘယ်လိုလူမျိုးက ကပ်ဘေးကို နှိုးနေတာလဲ"

"နင်လိုလူမျိုးပေါ့။ နင်လည်း မီးနဂါးကို နှိုးခဲ့တာပဲလေ"

ဟန်ဆိုယောင်းက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။

"အဲဒါကို နင်ပဲ ရှင်းခဲ့တာ မဟုတ်ဘူးလား"

"အဲဒီတုန်းက အလယ်အလတ် ဒိုကဲဘီ က မီးနဂါးအပေါ် ပြစ်ဒဏ် သတ်မှတ်ထားလို့လေ။ တကယ်လို့ ငါသာ အဲဒါကို မသတ်ခဲ့ရင် ဘာဖြစ်မလဲ။ နင်ကပဲ ဖမ်းပေးမှာမလို့လား"

"ပြစ်ဒဏ် ရှိနေတာလား။ ဒါဆို အားနည်းနေတဲ့ ကပ်ဘေးကို ဖမ်းလိုက်ရတာ ငါတို့အတွက် အကျိုးရှိတာပေါ့"

"မေးခွန်းများ၏ ကပ်ဘေး ကတော့ ဘာပြစ်ဒဏ်မှ မရှိဘူး။ ဒိုကဲဘီ က ပြစ်ဒဏ်ပေးပါ့မလားဆိုတာတောင် သံသယဖြစ်စရာပဲ"

ကျနော်တို့သည် မိစ္ဆာအုပ်စုများကို ရှောင်ရှားရန် အမြန်ရွှေ့လျားခဲ့ကြသည်။ လမ်းမများပေါ်တွင် မြေကြွက်များနှင့် ဂရိုး များက အလောင်းများကို စားသောက်နေကြသည်။

ဖျက်ဆီးခံထားရသော မိစ္ဆာများ၏ ခြေရာလက်ရာများကို ကြည့်ခြင်းအားဖြင့် ယူဂျွန်ဟော့ သည် ဤလမ်းအတိုင်း လာခဲ့ပုံရသည်။ ယူဂျွန်ဟော့ သည် ဤခန္ဓာကိုယ် အခြေအနေနှင့် ဤမျှအထိ လာနိုင်သည်မှာ အံ့ဩစရာပင်။

ကျနော်က ယူဂျွန်ဟော့ ကို လှမ်းပြောလိုက်သည်။

– ငါ့မှာ မေးစရာတစ်ခုရှိတယ်။

– ...

– ဘာလို့ ငါ့ဆီ လာတာလဲ။ အမှန်အတိုင်းပြောရရင် မင်းက ကိုယ့်ကိုယ်ကိုယ် သတ်သေလိမ့်မယ်လို့ ထင်ထားတာ။

– သတ်သေမယ် ဟုတ်လား။ ရယ်စရာပဲ။

တကယ်လို့သာ သူသည် အဋ္ဌမမြောက် အလှည့်မှာ ရှိမည့် သူ၏အနာဂတ်ကို မြင်ခဲ့လျှင် ဤသို့ ပြောနိုင်မည်မဟုတ်ပေ။ သူ၏ နောက်ထပ်စကားများကြောင့် ကျနော် အနည်းငယ် ကြောင်သွားမိသည်။

– ဒီလောက်နဲ့ အရှုံးပေးမှာဆိုရင် ငါ ဒီခရီးကို စခဲ့မှာ မဟုတ်ဘူး။

ဤစကားကို ကြားရသည်မှာ 'Ways of Survival' ကို ပထမဆုံးအကြိမ် ဖတ်ရသလို ခံစားလိုက်ရသည်။ ဟန်ဆိုယောင်း ပြောတာ မှန်ကောင်းမှန်နိုင်သည်ဟု ကျနော် တွေးမိသွားသည်။ ကျနော် သိသည်ဟု ယုံကြည်ထားသော ယူဂျွန်ဟော့ မှာ အလွယ်တကူ အရှုံးပေးတတ်သူ၊ လူများကို အလွယ်တကူ သတ်ဖြတ်တတ်သူနှင့် ကြေကွဲစရာ ဖြစ်ရပ်များကို ထပ်ခါတလဲလဲ ဖန်တီးသူသာ ဖြစ်သည်။

သို့သော် တတိယအလှည့်မှ ယူဂျွန်ဟော့ မှာ ထိုကဲ့သို့ မဖြစ်သေးပေ။ ကျနော်သည် တတိယအလှည့်မှ ယူဂျွန်ဟော့ ကို မသိသေးခြင်းလည်း ဖြစ်နိုင်ပါသည်။

['ယူဂျွန်ဟော့' ဆိုသော ဇာတ်ကောင်အပေါ် သင်၏ နားလည်နိုင်စွမ်း တိုးမြင့်လာနေပါသည်။]

ထိုအချိန်တွင် ယူဂျွန်ဟော့ က ပြောလာသည်။

– မင်းကို ချက်ချင်း သတိရလိုက်တာ။ 'အကြွင်းမဲ့ဘုရင်' ရဲ့ ပလ္လင်ကို ဖျက်ဆီးခဲ့တဲ့သူဆိုတော့ အကူအညီ နည်းနည်းတော့ ရမှာပဲလို့ တွေးလိုက်မိတယ်လေ

– ငါက ပလ္လင်ကို ဖျက်ဆီးလိုက်တာနဲ့ ပတ်သက်ပြီး ဘာမှ မပြောတော့ဘူးလား

– ဖြစ်ပြီးသား ကိစ္စတွေကို ငါ ပြန်မပြောချင်ဘူး။ ပြီးတော့ ငါ အဲဒီအကြောင်းကို စဉ်းစားကြည့်ပြီးပြီ။ မင်း အဲဒီလိုလုပ်တာက 'အခြားကမ္ဘာက နတ်ဘုရား' တွေကို ဖယ်ထုတ်ဖို့ မဟုတ်လား။

– ...မင်း သိနေတာလား။

ယူဂျွန်ဟော့ နှင့် တစ်ခါမှ သေသေချာချာ စကားမပြောဖူးသေးသဖြင့် ကျနော် အမှန်တကယ်ပင် လန့်သွားမိသည်။

သူ၏ တည်ငြိမ်အေးဆေးမှုတွေကို ဖယ်ထားရင်တောင် ဒီကောင်က ဒီလောက်အထိ ဉာဏ်ကောင်းနေမည်ဟု မထင်ခဲ့မိချေ။

ယူဂျွန်ဟော့ က ဆက်ပြောသည်။

– အမှန်အတိုင်းပြောရရင် အဲဒါက မဆိုးတဲ့ နည်းလမ်းပဲ။ ပြဿနာက နောက်ပိုင်း ဖြစ်လာမယ့် ကိစ္စတွေကွ။ မင်းက ပလ္လင်ကို ဖျက်ဆီးပြီးတဲ့နောက် လမ်းပြတွေက လူစုကွဲသွားကြပြီး ဥက္ကာခဲတွေကို စုဆောင်းတဲ့နေရာမှာ နှောင့်နှေးမှုတွေ ရှိသွားတယ်။ အဲဒါကြောင့် ဂွမ်ဂျင်ဂူ နဲ့ ဂန်ဒေါင်းဂူ ရဲ့ ကမ္ဘာမြေသွင်ပြင် ပြောင်းလဲမှုက အရမ်း မြန်နေတာ။ လေလွင့်သူများ က ဥက္ကာခဲတွေရဲ့ စွမ်းအားကို သုံးနေကြတယ်လေ

– ဘာကို ဆိုလိုတာလဲ။ ဥက္ကာခဲတွေကို သုံးရုံနဲ့ ကမ္ဘာမြေသွင်ပြင် ပြောင်းလဲမှုက ဒီလောက် မြန်လာစရာ အကြောင်းမရှိဘူးလေ

– မိစ္ဆာဆယ်ပါး ထဲက တစ်ယောက်က ‘ကပ်ဘေးဥက္ကာခဲ’ ကို သိမ်းပိုက်ထားတယ်။

မိစ္ဆာဆယ်ပါး။ ကျနော့်နှလုံးသားမှာ ချက်ချင်း တုန်လှုပ်သွားသည်။ ကျနော် မျှော်လင့်ထားသော်လည်း အမှန်တကယ် ကြားလိုက်ရသည့်အခါမှာတော့ ခံစားချက်က ကွဲပြားနေသည်။

– အဲဒါ ‘အဆိပ်ခတ်သူ’ လား။

– ...မင်း သိနေတာပဲ။

– ဝိညာဉ်တစ်ထောင်အဆိပ် ကို သုံးတာဆိုလို့ သူတစ်ယောက်ပဲ ရှိတာလေ။

သို့ပေသိ ကျနော် နားမလည်နိုင်သေးတဲ့ အချက်တစ်ခု ကျန်နေပါသေးသည်။

– ဒါဆို မင်းက ဘာလို့ အဆိပ်မိနေတာလဲ။ ပြိုင်ဘက်က ‘အဆိပ်ခတ်သူ’ မှန်း သိရက်နဲ့ မင်းအနေနဲ့ ရှေ့တည့်တည့်ကနေ ရင်ဆိုင်တာမျိုးကို ရှောင်သင့်တာ မဟုတ်ဘူးလား။

– ငါ သူ့ကို စည်းရုံးဖို့ ကြိုးစားခဲ့တာ။

– စည်းရုံးမယ် ဟုတ်လား။ မင်းကလား။

ထိုအချိန်တွင် မြင်ကွင်းတစ်ခုက နောက်ကျပြီးမှ ပေါ်လာသည်။ ယူဂျွန်ဟော့ က ပြောသည်။

– ငါ သူ့ကို အဖော်တစ်ယောက် ဖြစ်လာအောင် လုပ်ချင်ခဲ့တာ။

အဖော်... ဪ။ ဟုတ်သားပဲ။

ကျနော် အခုမှ မှတ်မိသွားသည်။

‘အဆိပ်ခတ်သူ’ လီဆောဟွာ သည် ဒုတိယအလှည့်တွင် ယူဂျွန်ဟော့ ၏ အဖော်ဖြစ်ခဲ့သည်။

‘မိစ္ဆာဆယ်ပါး’ သည် အမြဲတမ်း ရန်သူများ မဟုတ်ခဲ့ပေ။

ယခုအလှည့်တွင် ‘လက်နက်ခံတပ်သခင်’ ဂုံဖီဒူ ပြောင်းလဲသွားသကဲ့သို့ပင် ပထမဆုံး နောက်ပြန်ဆုတ်ခြင်း အပါအဝင် အလှည့်အချို့တွင် လီဆောဟွာ သည် အဖော်အဖြစ် ပြောင်းလဲသွားခဲ့ဖူးသည်။ အခြားသော နောက်ပြန်ဆုတ်ခြင်းများစွာတွင်လည်း ‘အဆိပ်ခတ်သူ’ လီဆောဟွာ သည် ယူဂျွန်ဟော့ အားကိုးနိုင်သည့် အဖော်အနည်းငယ်ထဲမှ တစ်ဦး ဖြစ်ခဲ့သည်။

– မင်းနဲ့ မလိုက်ဖက်တဲ့ အလုပ်မျိုးကို လုပ်ခဲ့တာပဲ။

– ငါ ဝန်ခံပါတယ်။ ငါ သိပ်ပြီး စိတ်ပျက်ဖို့ကောင်းတယ်။

– ...

– သူက ငါ့မှတ်ဉာဏ်ထဲက လူမျိုး မဟုတ်တော့ဘူး။ ငါ သိပါတယ်။ ဒါပေမဲ့ ငါ့မှတ်ဉာဏ်ထဲက မိန်းမက အသက်ရှင်နေသေးတယ်လို့ ခဏလောက် ဖြစ်ဖြစ် ယုံကြည်ချင်ခဲ့တာ။ သူနဲ့ နောက်တစ်ခါ အတူတူ ရှိချင်ခဲ့မိတယ်။

သူ၏ နက်ရှိုင်းသော အထီးကျန်မှုများကြောင့် ကျနော် အံ့ဩမိသွားသည်။

သူ၏ ဒုတိယမြောက် ဘဝတွင် လီဆောဟွာ သည် ကြာရှည် မခံခဲ့သော်လည်း ယူဂျွန်ဟော့ ၏ ချစ်သူ ဖြစ်ခဲ့ဖူးသည်။

– ငါ နားလည်ပါတယ်။

ယူဂျွန်ဟော့ ခေတ္တမျှ တိတ်ဆိတ်သွားသည်။

– မင်း စကားပြောပုံက အရင်က နောက်ပြန်ဆုတ်ဖူးတဲ့ လူတစ်ယောက်လိုပဲ။

– နားလည်ဖို့အတွက် နောက်ပြန်ဆုတ်နေစရာ မလိုပါဘူး။

နားလည်သည်ဟု မပြောသင့်မှန်း ကျနော် သိသော်လည်း ပြောချင်မိသည်။ အနာဂတ်တွင် သူသည် မည်သူ့ထံကမျှ နားလည်မှု ရရှိမည်မဟုတ်သောကြောင့် ကျနော် ဤသို့ ပြောနိုင်မည်ဟု ထင်လိုက်မိသည်။

[‘ယူဂျွန်ဟော့’ ဇာတ်ကောင် သည် အလွန်အမင်း တုန်လှုပ်သွားပါသည်။]

[‘ယူဂျွန်ဟော့’ ဇာတ်ကောင် သည် သေးငယ်သော နှစ်သိမ့်မှုကို ရရှိခဲ့ပါသည်။]

– ထူးဆန်းလိုက်တာ။ မင်းက နောက်ပြန်ဆုတ်သူ မဟုတ်တာ သေချာပေမယ့်... ဒီလို ခံစားချက်တွေကို တကယ် နားလည်နေသလိုပဲ။ ဒါကလည်း ပရောဟိတ် ရဲ့ စွမ်းအားပဲလား။

ကျနော် ပြန်မဖြေဘဲ နေလိုက်သဖြင့် ယူဂျွန်ဟော့ က ဆက်ပြောသည်။

– ဒါပေမဲ့ မင်းက လူကောင်းတစ်ယောက်တော့ မဟုတ်ဘူး။ ငါ့ညီမလေးကို ပြန်ပေးဆွဲသွားတဲ့ အရှက်မရှိတဲ့လူပဲ။

– ငါ ဘယ်တုန်းက ပြန်ပေးဆွဲလို့လဲ။ ငါက သူ့ကို ကာကွယ်ပေးထားရုံပဲ။ ‘မုသားထောက်လှမ်းနိုင်စွမ်း’ နဲ့ဆို မင်း သိမှာပဲလေ...

"ကင်ဒေါ့ဂျာ"

ဟန်ဆိုယောင်း၏ တင်းမာသော အသံကြောင့် ကျနော်တို့ စကားဖြတ်လိုက်ကြသည်။ ချွန်ဟိုတံတားမှ ဂန်ဒေါင်းဆီသို့ သွားရာလမ်းကို မြင်နေရပြီ ဖြစ်သည်။ ‘မဟာတွင်းနက်ကြီး’ မှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး တစ်စုံတစ်ခုက ဂန်ဒေါင်းဂူ ဆီသို့ ကျဆင်းသွားသည်။

ချီး။ စနေပြီပဲ။

ကျနော်တို့ ဂန်ဒေါင်းဂူ ထဲကို အပြည့်အဝ ဝင်ရောက်လာချိန်မှာတော့ မြေပြင်ပေါ်မှာ ဖုံးလွှမ်းနေသော ထူးဆန်းသည့် မြက်ပင်တွေက ပိုပြီး ထူထပ်လာသည်။ အဆောက်အအုံတွေ ကြားထဲမှာ ညစ်ပတ်တဲ့ သစ်ပင်တွေ ပေါက်နေပြီး သစ်ပင်တွေပေါ်မှာ ပြေးလွှားနေတဲ့ သားရဲငယ်လေးတွေလည်း ရှိနေလေသည်။

ဂန်ဒေါင်းဂူ သည် အခြားကမ္ဘာတစ်ခု၏ တစ်ဝက်ခန့် ဖြစ်နေပြီ ဖြစ်၏။

ဟန်ဆိုယောင်းက နှုတ်ခမ်းကို ကိုက်ပြီး မေးလိုက်သည်။ "ငါတို့ နောက်ကျသွားပြီလား။ ကပ်ဘေးက နိုးသွားပြီလား မသိဘူး"

"မနိုးသေးဘူး။ နိုးသွားရင် ဇာတ်ဝင်ခန်းဇယား ရောက်လာမှာပေါ့"

ကျနော်တို့ ခြေလှမ်းအနည်းငယ် ထပ်လျှောက်လိုက်ချိန်တွင် မြေပြင်ပေါ်၌ အမှတ်အသား အချို့ကို တွေ့လိုက်ရသည်။ နံရံဆေးရေး ပန်းချီများကဲ့သို့ ထင်ရသော်လည်း အမှန်တကယ်မှာ နယ်မြေ သတ်မှတ်ထားခြင်း ဖြစ်သည်။

မည်သူမျှ မဝင်ရဟူသော သတိပေးချက်ပင် ဖြစ်သည်။

ဤနေရာမှ စတင်၍ ‘အဆိပ်ခတ်သူ’ ၏ နယ်မြေ ဖြစ်သည်။ အခြားသော လေလွင့်သူများ ကဲ့သို့ပင် အဆိပ်ခတ်သူသည် ဂန်ဒေါင်းဂူ တွင် အခြေချပြီး ကိုယ်ပိုင်အခြေစိုက်စခန်းကို စတင် ချဲ့ထွင်နေခြင်း ဖြစ်သည်။

တိုးတက်မှုနှုန်းက ကျနော် ထင်ထားတာထက် ပိုမြန်နေ၏။

ဟန်ဆိုယောင်းက ပြောသည်။

"ဒီအုပ်စုက သေချာ စောင့်ကြပ်ထားတာဆိုရင် တိုက်ခိုက်ဖို့ မလွယ်ဘူး... နင် တစ်ခုခု စဉ်းစားထားတာ ရှိလား"

မရှိဘူး။ ငါက အစကတည်းက အလုံးစုံ စစ်ပွဲ ဆင်နွှဲဖို့ ရည်ရွယ်ထားတာ မဟုတ်ဘူးလေ။

"ငါတို့က ဥက္ကာခဲပဲ လိုတာလေ။ အဲဒါကို ခိုးယူလိုက်ရုံပဲ။ ငါ အချိန်ဆွဲထားပေးမယ်၊ နင်က ဥက္ကာခဲကို ယူ"

ဒါပေမဲ့ ထင်သလောက်တော့ လွယ်မှာ မဟုတ်ဘူး။ တကယ်လို့ ကျနော့်မှာ ‘လေလွင့်သူများ၏ ဘုရင်မ’ လိုမျိုး လက်ထောက်တစ်ယောက် ရှိရင်တော့ တစ်မျိုးပေါ့။

ယူဂျွန်ဟော့ က ကြားဖြတ် ပြောလာသည်။

– အလျင်လိုနေစရာ မလိုပါဘူး။ ကပ်ဘေး စတင်ခဲ့ရင်တောင် ‘မေးခွန်းများ၏ ကပ်ဘေး’ က အစောပိုင်း အဆင့်မှာတင် နှိမ်နင်းနိုင်တဲ့ ကပ်ဘေးမျိုးပဲ။

အစောပိုင်းအဆင့်မှာ နှိမ်နင်းခြင်း။ အမှန်တကယ်ပင် ယူဂျွန်ဟော့ အတွက်တော့ ဖြစ်နိုင်ချေ ရှိသည်။

– အစောပိုင်းအဆင့်မှာ နှိမ်နင်းခြင်း ဟုတ်လား။ ဘယ်သူက လုပ်မှာလဲ။ မင်းက နတ်ဘုရားတစ်ပိုင်း ဖြစ်နေလို့လား။

– မင်းပဲ လုပ်ရမှာပေါ့။ မင်းလည်း အဲဒီလိုပဲ တွေးနေတာ မဟုတ်ဘူးလား။

– မင်းက ဘာလို့ အဲဒီလို ထင်တာလဲ။

– မင်းက လမ်းပြ ကို နှိုးပြီး ‘လေ၏လမ်းစဉ်’ ကိုလည်း ရထားပြီးပြီပဲလေ။

သူ၏ လေသံအရ သူ သင်ယူရမည့် ‘လေ၏လမ်းစဉ်’ ကို ကျနော် ယူသွားသည့်အတွက် အနည်းငယ် စိတ်ဆိုးနေပုံရသည်။ ကျနော်က ပြုံးပြီး ပြောလိုက်သည်။

– ငါ အဲဒါကို မသင်ယူခဲ့ဘူး။

– ...ဘာလို့လဲ။ အချိန် မလောက်လို့လား။

ကျနော်ကတော့ တကယ်ကို ဝမ်းသာမိသည်။

– မဟုတ်ဘူး၊ ငါ့မှာ ပါရမီမရှိလို့ပါ။

ယူဂျွန်ဟော့ ၏တိတ်ဆိတ်မှုထဲမှာ သူ ကျနော့်ကို ဘယ်လောက်တောင် အထင်သေးနေမလဲဆိုတာ ခံစားမိနေသည်။

– မင်းကတော့ အစကတည်းက...

"ဟိုမှာ လူတွေရှိတယ်"

ဟန်ဆိုယောင်း၏စကားကို ကြားလိုက်ရတဲ့ ခဏမှာပဲ ကျနော် ‘မကျိုးပဲ့နိုင်သောယုံကြည်မှု’ဓါး ကို မြှောက်ကိုင်လိုက်၏။ ဒါက ‘မိစ္ဆာဆယ်ပါး’ ထဲက တစ်ယောက်ရဲ့ နယ်မြေဖြစ်သည့်အတွက် ဤလူတွေဟာ ထိုအုပ်စုဝင်တွေပဲ ဖြစ်နေမှာ သေချာသလောက်ပင်။

ယူဂျွန်ဟော့ ကို ဟန်ဆိုယောင်း ရဲ့ ကိုယ်ပွားဆီ ကျနော် လှမ်းပေးလိုက်သည်။

"ငါ ခဏလောက် သွားဦးမယ်၊ သူ့ကို ခေါ်ထားလိုက်။ နားလည်တယ်မလား"

လူတွေက နီးကပ်လာနေပြီ။ သို့ပေသိ တစ်ခုခု ထူးဆန်းနေ၏။ ပုံမှန်ဆိုရင် အုပ်စုတစ်စုတည်း ရွေ့လျားတာက ဤမျှအထိ ဆူညံနေမှာ မဟုတ်ချေ။ ထိုအချိန်မှာပဲ ကျနော်တို့ ရှေ့ကနေ အမျိုးသမီးတစ်ယောက်ရဲ့ ကြည်လင်တဲ့ အသံကို ကြားလိုက်ရသည်။

"အားလုံးပဲ ချွန်ဟိုတံတားဆီကို ပြေးကြ"

ဒါက ‘အဆိပ်ခတ်သူ’ ရဲ့ အုပ်စု မဟုတ်ဘူး။

သူတို့ဟာ ‘လေလွင့်သူများ၏ ဘုရင်မ’ အုပ်စုလောက် အင်အားမကြီးသော်လည်း ‘အဆိပ်ခတ်သူ’ အုပ်စုရဲ့ လက်ထဲကနေ လွတ်အောင်ပြေးလာကြတဲ့ ဂန်ဒေါင်းဂူ က ရှင်သန်သူတွေပဲ ဖြစ်သည်။ လက်နက်မဲ့နေတဲ့ ရှင်သန်သူတွေဟာ ကျနော်တို့ကို တွေ့လိုက်ရသည့်အခါ အသက်ကို ခက်ခက်ခဲခဲ ရှူရင်း ပြောလိုက်ကြသည်။

"ဖ-ဖယ်ပေးကြပါဦး။ မြန်မြန်လေး"

ကြောက်စရာကောင်းတဲ့ မြားတွေက သူတို့ဆီကို ပျံဝဲလာသည်။ ကျနော့်ကို လှမ်းပြောတဲ့ အမျိုးသားဟာ မြားမှန်ပြီး လဲကျသွားသည်။ ထိုအမျိုးသားရဲ့ ကျောပြင်က ချက်ချင်းပဲ အရောင်ပြောင်းသွားပြီး မည်းနက်လာသည်။ အဲဒါက အဆိပ်ပဲ ဖြစ်လေသည်။

"အဲဒီ အမှိုက်တွေကို ဖမ်းကြ"

ဒါက ‘အဆိပ်ခတ်သူ’ ရဲ့ အုပ်စုပဲ။

ဒါဇင်နဲ့ချီသော အမျိုးသား၊ အမျိုးသမီးတွေဟာ မြားတွေကို တစ်ပြိုင်နက် ပစ်ခတ်လိုက်ကြသည်။

အဆောက်အအုံတစ်ခုရဲ့ နောက်ကွယ်မှာ ပုန်းခိုဖို့ ကျနော်တို့ ကြိုးစားလိုက်သော ခဏမှာပဲ လေထဲမှာ ပိုးချည်မျှင်တွေ ပြန့်ကားထွက်လာသည်။ ထိုပိုးချည်မျှင်တွေသည် မြားတွေကို တားဆီးဖို့အတွက် အစီအရင်တစ်ခုလို ဖြစ်ပေါ်လာခြင်းပင်။

ပိုက်ကွန် ဒါဇင်ပေါင်းများစွာဟာ တစ်ပြိုင်နက်တည်း ဖြန့်ခင်းလိုက်သလို ဖြစ်သွားပြီး မြားတွေကို ချည်မျှင်တွေကြားထဲမှာ ငြိတွယ်သွားစေကာ ရှေ့ဆက်မတိုးနိုင်အောင် တားဆီးလိုက်သည်။ ဟန်ဆိုယောင်း ၏မျက်လုံးတွေ ပြူးကျယ်သွားသည်။

"ဒါ... ဒါက ဘယ်လို နည်းစနစ်မျိုးလဲ"

အမှန်တော့ ထိုပိုးချည်မျှင်များကို ‘အဆိပ်ခတ်သူ’ အုပ်စုရဲ့ နောက်ကွယ်ကနေ ပစ်လွှတ်လိုက်တာ ဖြစ်သည်။ ထိုချည်မျှင်တွေဟာ သံမဏိကြိုးတွေလိုပင်။ ချည်မျှင်တွေရဲ့ ထက်မြက်မှုကြောင့် လူတွေရဲ့ ခြေထောက်တွေ လေထဲမှာ လွင့်စင်သွားကြသည်။

"အားးးးး"

ချည်မျှင်အားလုံးက အမျိုးသမီးတစ်ယောက်ဆီမှာ ဆက်သွယ်ထားတာ ဖြစ်၏။ ကျပ်ထုတ်နေသည့် အနက်ရောင် တိုက်ပွဲဝင်ဝတ်စုံကို ဝတ်ထားတဲ့ ထိုအမျိုးသမီးသည် လေထဲမှာ ပျံဝဲနေသည်။ မှော်ချည်မျှင်ပေါ်မှာ ကျွမ်းကျင်စွာ စီးနင်းလိုက်ပါလာတဲ့ ထိုအမျိုးသမီး ရဲ့ လက်ချောင်းတွေကြားကနေ ဓားမြှောင်နှစ်စင်း ထွက်ပေါ်လာသည်။

ထိုအမျိုးသမီးသည် ချည်မျှင်ရဲ့ အရှည်ကို လိုသလို ထိန်းချုပ်ရင်း ‘အဆိပ်ခတ်သူ’ ရဲ့ အုပ်စုကို မျက်စိတစ်မှိတ်အတွင်းမှာပဲ ရှင်းလင်းလိုက်သည်။

သူ၏လက်လှုပ်ရှားမှုမှာ မည်သည့်တွန့်ဆုတ်မှုမှ မရှိချေ။ လှုပ်ရှားမှုတွေက လှပတာထက်ကို ပိုနေသည်။ စွမ်းရည်တွေနှင့် ကျွမ်းကျင်မှုတွေ၏ပေါင်းစပ်မှုအရ သူ့မှာ သာမန် ထောက်ပံ့သူ ရှိနေတာ မဟုတ်မှန်း သိသာလှသည်။

[ဤလူ၏ အချက်အလက်ကို ‘ဇာတ်ကောင်စာရင်း’ တွင် ဖတ်ရှု၍ မရနိုင်ပါ။]

[ဤလူကို ‘ဇာတ်ကောင်စာရင်း’ တွင် မှတ်ပုံတင်ထားခြင်း မရှိပါ။]

သူက ‘ဇာတ်ကောင်စာရင်း’ ထဲမှာတောင် မရှိဘူးပဲ။

ဟန်ဆိုယောင်း က ရေရွတ်လိုက်သည်။

"ဟေ့… ဟိုအမျိုးသမီးက..."

သူ မပြောခင်ကတည်းက ကျနော် သိနေပေပြီ။ အဘယ်ကြောင့်ဆိုတော့ ထိုအမျိုးသမီးသည် ကျနော် သိတဲ့လူ ဖြစ်နေလို့ပင်။

"...ယူဆန်းအာ"

ကျနော်နဲ့ မတွေ့ဖြစ်တာ နှစ်ရက်ပဲ ရှိသေးသော်လည်း ယူဆန်းအာသည် ကျနော် သိခဲ့တဲ့ မိန်းကလေးနဲ့ လုံးဝကို ကွဲပြားနေလေပြီ။

အခန်း (၈၃)

- အပိုင်း (၁၇) - အဆင့် SSS ပါရမီ၊ အပိုင်း (၂)

ယူဆန်းအာ ၏ ဓားမြှောင်တွေ လှုပ်ရှားလိုက်တိုင်း ရန်သူတွေရဲ့ ခန္ဓာကိုယ်တွေဟာ အပိုင်းပိုင်းပြတ်တောက်သွားရသည်။

တကယ်ကို အံ့ဩစရာပဲ။

...ဒါက ငါ သိခဲ့တဲ့ ယူဆန်းအာ လား။

လူစုလူဝေးကို ဒီလောက်အထိ အစွမ်းပြနိုင်တဲ့ စွမ်းရည်မျိုးက သိပ်မရှိလှပေ။ လက်ရှိအချိန်အတွင် ထိုသို့အစွမ်းပြနိုင်သော စွမ်းရည်မျိုးမှာ ‘လက်နက်ခံတပ်သခင်’ ဂုံဖီဒူ ၏‘လက်နက်ဇုန်’ နဲ့ ဟန်ဆိုယောင်း ၏‘ကိုယ်ပွား’ စွမ်းရည်လောက်သာ ရှိ၏။ သို့ပေသိ ယူဆန်းအာ ကတော့ ထိုကဲ့သို့ ထူးခြားတဲ့ စွမ်းရည်မျိုး မသုံးဘဲနှင့်တောင် ယခုလောက်အထိ အစွမ်းပြနေခြင်း ဖြစ်လေသည်။

သူ ဘယ်လိုများ ဒီလောက်အထိ သန်မာလာတာလဲ။ ဒါက ဘယ်လို ပါရမီမျိုးလဲ။

ယူဂျွန်ဟော့ က ကျနော့်အတွေးကို ဖတ်မိသလိုမျိုး ပြောလိုက်သည်။

– မင်း မရှိတဲ့အချိန်မှာ သူက ပိုပြီး မြန်မြန်ဆန်ဆန် ကြီးထွားလာတာပဲ။ မင်းမှာ အဖော်တွေကို လေ့ကျင့်ပေးဖို့ ပါရမီ မရှိဘူး ထင်တယ်။ လီဟန်းဆောင်လည်း အတူတူပဲ။

– ...သူတို့တွေကို အစပိုင်းမှာ ငါ တွန်းအားပေးခဲ့လို့ ဒီလောက်အထိ ဖြစ်လာတာပါ။

အမှန်တော့ ကျနော် ကိုယ်တိုင်လည်း သိပ်မယုံကြည်သော်လည်း အဲဒီလိုပဲ ပြန်ပြောလိုက်ချင်မိသည်။

ချီး။ ငါ မရှိတဲ့အချိန်မှ သူက ဘာလို့ ဒီလောက် သန်မာလာရတာလဲ။ ငါက သူတို့အတွက် သိပ်ပြီး အကူအညီ မဖြစ်ခဲ့လို့လား။

ကျနော် ယူဆန်းအာ ကို ကြည့်ပြီး အံ့ဩနေရုံနဲ့ မပြီးသေးချေ။ ဘာပဲဖြစ်ဖြစ် ရန်သူတွေက အများကြီးရှိနေပြီး ယူဆန်းအာ က တစ်ယောက်တည်း ဖြစ်နေလေသည်။

"ယူဆန်းအာ။ ဒီဘက်ကို လာခဲ့"

ကျနော့်စကားကို ကြားလိုက်ရတဲ့အခါ ယူဆန်းအာ က လှုပ်ရှားမှုကို ရပ်လိုက်သည်။ ဒီလိုနေရာမျိုးမှာ ကျနော့်ကို တွေ့ရလိမ့်မယ်လို့ သူ တကယ်ကို မမျှော်လင့်ထားပုံပင်။

"ဟန်ဆိုယောင်း၊ ကူညီပေးပါဦး"

ဟန်ဆိုယောင်း က စောင့်နေခဲ့သလိုမျိုး ‘ကိုယ်ပွား’ စွမ်းရည်ကို ထုတ်ဖော်လိုက်သည်။ ကိုယ်ပွား ဒါဇင်ပေါင်းများစွာဟာ ‘အဆိပ်ခတ်သူ’ အုပ်စုရဲ့ အမြင်အာရုံကို နှောင့်ယှက်လိုက်ပြီး ကျနော်လည်း ယူဆန်းအာ နဲ့ ဘေးကင်းကင်း ဆုံတွေ့နိုင်ခဲ့သည်။

"ဒေါ့ဂျာ။ ရှင် ဘယ်လိုလုပ်ပြီး..."

"အရင်ဆုံး နေရာရွှေ့ပြီးမှ စကားပြောကြရအောင်"

ရန်သူတွေက အဝေးကနေ လိုက်လာနေတုန်းပင်။ ကံကောင်းထောက်မစွာဖြင့် ရှင်သန်သူတွေကတော့ ‘ဂန်ဒေါင်းတံတား’ ကနေတစ်ဆင့် ဘေးကင်းကင်း လွတ်မြောက်သွားကြပုံရ၏။ ပြဿနာက ကျနော်တို့ဘက်မှာဖြစ်၏။

– အထပ်မြင့် အဆောက်အအုံတွေဆီကို ပြန်သွား။ အရေးကြီးဆုံးအဆင့်က အပေါ်ကိုတက်ပြီး နေရာ အသာစီးယူဖို့ပဲ။

မျှော်လင့်ထားသည့်အတိုင်း ယူဂျွန်ဟော့ ၏ ဆုံးဖြတ်ချက်က မှန်ကန်နေသည်။ ကျနော်က ‘Ways of Survival’ ကို အကုန်ဖတ်ထားခဲ့သော်လည်း စစ်မြေပြင်မှာတော့ ယူဂျွန်ဟော့ လိုမျိုး ဆုံးဖြတ်ချက် မချနိုင်သေးချေ။ ထို့နောက်မှာတော့ ယူဂျွန်ဟော့ က အဓိပ္ပာယ်ပါသော စကားတစ်ခွန်းကို ထပ်ပြောလိုက်သည်။

– ပြီးတော့ အဲဒီ အမျိုးသမီးကိုလည်း သတိထားဦး။

သတိထားရမယ်ဟုတ်လား။ ဘယ်သူ့ကိုလဲ။

ယူဂျွန်ဟော့ ကတော့ ဘာမှ ဆက်မပြောတော့ချေ။

အနီးအနားရှိ အထပ်မြင့် အဆောက်အအုံတစ်ခုထဲတွင် ကျနော်တို့ အမြန်ပုန်းလိုက်ကြသည်။ ဆူညံသံတွေကြောင့် ဘေးပတ်ဝန်းကျင်မှာ မိစ္ဆာတွေ ရုတ်တရက် ပြည့်နှက်သွားပြီး ကျနော်တို့နောက်ကို ကပ်လိုက်လာကြသော်လည်း ကံကောင်းစွာဖြင့် လွဲချော်သွားခဲ့သည်။ သူတို့တွေ မကြာခင်မှာပဲ လက်လျှော့လိုက်ကြပြီး ‘ဂန်ဒေါင်း’ အတွင်းပိုင်းဆီကို ပြန်သွားကြ၏။

ကျနော် ယူဆန်းအာ ကို ပြန်ကြည့်လိုက်သည်။

"ယူဆန်းအာ။ အဆင်ပြေရဲ့လား"

"ဟုတ်ကဲ့၊ ကျမ အဆင်ပြေပါတယ်။ ဒေါ့ဂျာကော"

"ဟုတ်ကဲ့။ ကျနော်လည်း အဆင်ပြေပါတယ်"

ရက်အနည်းငယ်လောက်ပဲ ရှိသေးသော်လည်း စကားပြောရတာ တစ်မျိုးကြီး ဖြစ်နေလေသည်။ ကျောင်းပြီးသွားတာ ၁၀ နှစ်လောက်ကြာမှ အထက်တန်းကျောင်းက သူငယ်ချင်းဟောင်းနဲ့ ပြန်ဆုံရသလို ခံစားချက်မျိုးပင်။ ကျပ်ထုတ်နေတဲ့ တိုက်ပွဲဝင်ဝတ်စုံကို ဝတ်ထားတဲ့ သူ့ဆီကနေ ကျနော် အကြည့်လွှဲလိုက်ပြီး စကားစလိုက်သည်။

"ဒါနဲ့ ဟိုလေ..."

ဘာကနေ စမေးရမလဲဆိုတာ ကျနော် စဉ်းစားမရဖြစ်နေ၏။

ကျနော် ဟန်ဆိုယောင်း ကို လှမ်းကြည့်လိုက်သည်။ ယူဆန်းအာ က ဟန်ဆိုယောင်း ၏ကိုယ်ပွား ကျောပေါ်မှာ ပါလာသော ယူဂျွန်ဟော့ ကို မြင်သွားပြီး ကျနော့်ကို အဓိပ္ပာယ်မသိနိုင်တဲ့ အပြုံးတစ်ခု ပြုံးပြလိုက်သည်။

"ဒေါ့ဂျာ ကတော့ ဒီအတောအတွင်းမှာ အလုပ်တွေ အများကြီး လုပ်ထားပုံပဲနော်"

ယခုကတော့ အကြောင်းအရင်းကို နားထောင်ရမည့် အချိန်ပင်။

…………………………………………………………………………………………..

‘အကြွင်းမဲ့ပလ္လင်’ ပျက်စီးသွားပြီးတဲ့နောက် ယူဆန်းအာ ဟာ ‘ဂန်ဒေါင်းဂူ’ ဆီကို ရောက်သွားခဲ့သည်။ ကံကောင်းသည်က သူ့နဲ့အတူ ရောက်သွားခဲ့တဲ့ လူတစ်ယောက် ရှိနေလေသည်။

"ဂုံဖီဒူ က ခင်ဗျားနဲ့ အတူရှိနေခဲ့တာလား"

"ဟုတ်ပါတယ်။ ဦးလေးကြီးက ကျမကို အများကြီး ကူညီပေးခဲ့တာ"

သူက ဂုံဖီဒူ ကို ဦးလေးကြီးလို့ ခေါ်နေတာကြည့်လျှင် သူတို့နှစ်ယောက်ဟာ တော်တော်လေး ရင်းနှီးသွားကြပုံရလေသည်။

"ဂုံဖီဒူ က အခု ဘယ်မှာလဲ"

"လွန်ခဲ့တဲ့ နှစ်ရက်က ဂန်ဒေါင်းဂူ အုပ်စုနဲ့ တိုက်ပွဲဖြစ်ရင်း သူ ဒဏ်ရာရသွားတယ်။ ကျမကို ကယ်တင်ဖို့ ကြိုးစားရင်းနဲ့လေ"

ယနေ့တွင်တော့ အံ့ဩစရာတွေ တစ်ခုပြီးတစ်ခု ဖြစ်ပျက်နေခဲ့သည်။

‘မိစ္ဆာဆယ်ပါး’ ထဲက တစ်ယောက်ဖြစ်တဲ့ ဂုံဖီဒူ က တခြားလူတစ်ယောက်ကို ကယ်ဖို့အတွက် သူ့အသက်ကို ရင်းခဲ့တယ်တဲ့လား။

ယူဆန်းအာ က ခေါင်းငုံ့လိုက်ပြီး စကားကို တုန့်ဆိုင်းစွာ ပြောလိုက်သည်။

"နောက်ဆုံးတော့ ဦးလေးကြီးက သူတို့ကို ဟန်မြစ်ဆီကို မျှားခေါ်သွားခဲ့တယ်..."

ယူဆန်းအာ က နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး သူ့မျက်နှာပေါ်မှာ ပြင်းထန်သော အငြိုးအတေးတွေ ပြည့်နှက်နေသည်။ ယူဆန်းအာ က အဘယ်ကြောင့် ‘အဆိပ်ခတ်သူ’ ၏ အုပ်စုကို တွန့်ဆုတ်မှုမရှိဘဲ သတ်ဖြတ်ခဲ့သည်နည်းဆိုတာကို ကျနော် ရုတ်တရက် နားလည်သွားခဲ့သည်။

ကျနော်က သူ့ကို နှစ်သိမ့်တဲ့အနေနဲ့ ပြောလိုက်သည်။

"ဂုံဖီဒူ က အဆင်ပြေမှာပါ၊ မစိုးရိမ်ပါနဲ့"

ကျနော့်မှာ ‘ခံစစ် သခင်’ နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ရှိတဲ့အတွက် ဂုံဖီဒူ သေဆုံးသွားလျှင် ကျနော် ချက်ချင်း သိနိုင်မည်ပင်။ စာချုပ်ပါ စည်းကမ်းချက်တွေအရ ကျနော်လည်း အပြစ်ဒဏ် ခံရမှာ ဖြစ်၏။ မည်သည့်တုံ့ပြန်မှုမှ မရှိဘူးဆိုတာက ဂုံဖီဒူ တစ်နေရာရာမှာ အသက်ရှင်နေသေးသည်ဆိုသော အဓိပ္ပာယ်ဟု ပြော၍ရ၏။

‘အဆိပ်ခတ်သူ’ လိုပဲ ဂုံဖီဒူ ကလည်း ‘မိစ္ဆာဆယ်ပါး’ ဝင်တစ်ယောက် ဖြစ်၏။ သူက ဒီလောက်နှင့် အလွယ်တကူ သေမယ့်လူ မဟုတ်ချေ။

"ဒီဝတ်စုံနဲ့ ဓားမြှောင်ကို ဘယ်က ရတာလဲ"

"အာ၊ ဒါက..."

ဂုံဖီဒူ နဲ့ လမ်းခွဲပြီးတဲ့နောက် ယူဆန်းအာ ဟာ အစိမ်းရောင် ဥက္ကာခဲကို တွေ့ခဲ့တာ ဖြစ်သည်။ အစိမ်းရောင် ဥက္ကာခဲဆိုတာ ရှားပါးပစ္စည်းတွေ ပါဝင်တဲ့ ဥက္ကာခဲမျိုးပင်။ သူ ကိုင်ဆောင်ထားတဲ့ ပစ္စည်းတွေကို ကျနော် စစ်ဆေးကြည့်လိုက်သည်။ ချွန်ဟိုဒုံ ဝန်းကျင်မှာ ဒီပစ္စည်းတွေ ပါဝင်တဲ့ ဥက္ကာခဲတစ်ခု ရှိနေခဲ့တာကို ကျနော် မှတ်မိသွားသည်။

[ရှေးဟောင်း လုပ်ကြံသတ်ဖြတ်သူ၏ ဓားမြှောင်]

[ကြွယ်ဝသော ကြောင်သူတော်၏ သားရေဝတ်စုံ]

နှစ်ခုလုံးက အဆင့်မြင့် S-grade ပစ္စည်းတွေ ဖြစ်၏။

‘ရှေးဟောင်း လုပ်ကြံသတ်ဖြတ်သူ၏ ဓားမြှောင်’ မှာ အဝေးက ရန်သူတွေကို တိုက်ခိုက်လျှင် ထိခိုက်မှု ပိုပြင်းထန်စေတဲ့ အစွမ်းပါပြီး ‘ကြွယ်ဝသော ကြောင်သူတော်၏ သားရေဝတ်စုံ’ ကတော့ တိုက်ခိုက်မှု ကြာချိန် ရှည်ကြာလေလေ လှုပ်ရှားမှုနှုန်း ပိုမြန်လေလေ ဖြစ်စေသည်။

"ဒါတွေက တကယ့်ကို ကောင်းမွန်တဲ့ ပစ္စည်းတွေပဲ"

"ဟုတ်ကဲ့။ ဒီပစ္စည်းတွေကြောင့် ကျမ ကောင်းကောင်း တိုက်ခိုက်နိုင်တာပါ"

ယူဆန်းအာ ပြုံးလိုက်တဲ့အချိန်မှာပဲ ငြိမ်ပြီး နားထောင်နေတဲ့ ဟန်ဆိုယောင်း က ကြားဖြတ်ပြောလိုက်သည်။

"ဟ… သူအကုန်ပြောပြနေတာလို့ ရှင် တကယ်ထင်နေတာလား"

"ဟင်"

"ဒီပစ္စည်းတွေကို ‘မတော်တဆ’ ရခဲ့တယ်လို့ပဲ ထားပါဦး။ ဒါပေမဲ့ ဒီလောက် ပစ္စည်းအနည်းငယ်နဲ့ ဒီလို တိုက်ခိုက်ရေး ကျွမ်းကျင်မှုမျိုး ရှိနေတာက အဓိပ္ပာယ် မရှိဘူး။ နင့်ရဲ့ ထောက်ပံ့သူ က ဘယ်သူလဲ။ ‘လျှင်မြန်သော လှုပ်ရှားမှု’ ဒါမှမဟုတ် ‘ဓားမြှောင်ကျွမ်းကျင်မှု’ တွေကို ဘယ်လိုလုပ် ဒီလောက် မြန်မြန် မြှင့်တင်နိုင်တာလဲ။ ကြီးထွားတိုးတက်မှုအတွက် အထုပ် နဲ့တောင် ဒီလောက်အထိ မြန်မြန် ကြီးထွားဖို့ဆိုတာ မဖြစ်နိုင်ဘူး"

"...ရှင်က ဘယ်သူလဲ"

"ကျမလား။ ကျမက ပထမဆုံးသော တမန်တော်ပဲ"

ယူဆန်းအာ က ဘာမှပြန်မပြောဘဲ သူ့လက်နက်ကို မြှောက်လိုက်သည်။

"စိတ်အေးအေးထားပါ ယူဆန်းအာ။ သူက ရန်သူ မဟုတ်ပါဘူး"

ယူဆန်းအာ က ကျနော့်ကို မယုံကြည်နိုင်သလိုမျိုး ကြည့်လိုက်သည်။

"ရှင်တို့က အခု သူငယ်ချင်းတွေ ဖြစ်သွားကြပြီလား"

"သူငယ်ချင်းတော့ မဟုတ်ပါဘူး..."

"ချွန်မူရို အဖွဲ့ဝင်တွေက သူ့ကြောင့် သေခဲ့ရတာလေ။ ရှင် တကယ်ပဲ မေ့သွားပြီလား"

ကျနော် မရှိတဲ့အချိန်မှာ ယူဆန်းအာ ဟာ ချွန်မူရို ၏ လက်ထောက်ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရသူပါ။ ထို့ကြောင့် ချွန်မူရို အဖွဲ့ဝင်တွေအပေါ် ထားရှိသော သူ၏သံယောဇဉ်က ကျနော့်ထက် ပိုပြီး နက်ရှိုင်းမှာ သေချာသည်။

ဟန်ဆိုယောင်း က ပြောလိုက်သည်။

"ချွန်မူရိုဟုတ်လား။ အာ… ဟုတ်ပြီ။ နင်က အဲဒီ အမျိုးသမီးလား"

ထိုစကားကြောင့် ယူဆန်းအာ က မျက်မှောင်ကြုတ်လိုက်သည်။

ဟန်ဆိုယောင်း က ပြုံးလိုက်ပြီး ပြော၏။

"ဟေ့…. ကင်ဒေါ့ဂျာ။ ငါက လူဆိုးတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် လူကဲခတ်တော့ တော်ပါတယ်။ ဒီအမျိုးသမီး နောက်ကွယ်မှာ အင်အားကြီးတဲ့ ထောက်ပံ့သူ ရှိနေတယ်"

"နင်..."

"ငါ သူ့ကို ချွန်မူရို မှာ တွေ့တုန်းက သူက ဒီလောက် မသန်မာသေးဘူး။ ဒါက မထူးဆန်းဘူးလား။ ဒဏ္ဍာရီလာအဆင့် ထောက်ပံ့သူ ရှိရင်တောင် ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ ဒီလို ပေါက်ကွဲထွက်မတတ် အစွမ်းထက်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဆင့် SSS ရှိတဲ့ အရှိန်မြှင့် ကြီးထွားမှုစွမ်းရည်မျိုး ရှိရင်တော့ တစ်မျိုးပေါ့... နက္ခတ်အတော်များများက တောင်ကိုရီးယားကို ဒီလောက်အထိ ထောက်ပံ့ပေးနိုင်လို့လား"

ကျနော့်နှလုံးသားက ငြင်းပယ်ချင်နေသော်လည်း ကျိုးကြောင်းဆင်ခြင်ကြည့်လျှင်တော့ ဟန်ဆိုယောင်း ၏ စကားတွေက မှန်ကန်နေမှန်း ကျနော် သိနေသည်။ သိပ်မကြာသေးခင်က ဂျွန်ဟော့ ပြောခဲ့တဲ့ စကားတွေလည်း ရှိသေး၏။ ထို့အပြင် ယူဆန်းအာ ဟာ သူ့ရဲ့ ထောက်ပံ့သူ ကို ကျနော်မသိအောင် ဖုံးကွယ်နေပြန်သေးသည်။

ယူဆန်းအာ၏ စိတ်ရှုပ်ထွေးနေတဲ့ မျက်ဝန်းတွေက ကျနော့်မျက်ဝန်းတွေနဲ့ ဆုံသွားသည်။

ယခင်ကတော့ ယူဆန်းအာ ၏ ထောက်ပံ့သူ ဟာ ‘ဝင်္ကပါထဲက စွန့်ပစ်ခံရသူ’ ဖြစ်လိမ့်မည်ဟု ကျနော် ထင်ခဲ့ဖူးသည်။

ဒေးဒါလပ်စ်ရဲ့ ဝင်္ကပါထဲမှာ သီးစီးယပ်စ်ဆီကို ချည်မျှင်ပေးအပ်ခဲ့တဲ့ ‘အရီယက်ဒ်နီ’ သာလျှင် မှော်အတတ်တွေ ပြည့်နှက်နေတဲ့ အခန်းထဲကနေ လမ်းကြောင်းရှာဖွေနိုင်မယ့် တစ်ဦးတည်းသောသူ ဖြစ်လို့ပင်။

(ဘာသာပြန်သူ၏မှတ်ချက် ဂရိဒဏ္ဍာရီပုံပြင်ထဲက အကြောင်းအရာပါ)

သို့ပေသိ ဟန်ဆိုယောင်း ပြောသလိုပဲ အရီယက်ဒ်နီ ၏ ထောက်ပံ့မှုနဲ့တော့ ယခုလောက်အထိ အစွမ်းထက်လာဖို့ဆိုတာ မဖြစ်နိုင်ချေ။

ထို့အပြင် ယခင်တိုက်ပွဲတုန်းက သူ လေထဲမှာ လှုပ်ရှားသွားတဲ့ ပုံစံတွေဟာ ‘လေထုခြေလှမ်း’ ထက်စာရင် ‘ဟာမီးစ်၏ လမ်းလျှောက်နည်းစနစ်’ နှင့် ပိုပြီး နီးစပ်နေသည်။ အရီယက်ဒ်နီ ရဲ့ ကိုယ်စားလှယ် ကတော့ ဟာမီးစ် ၏အထူးစွမ်းရည် ကို သုံးနိုင်မှာ မဟုတ်ပါချေ။

ကျနော် စကားပြောဖို့ ပြင်လိုက်သောအချိန်မှာပဲ မထင်မှတ်ထားတာတစ်ခု ဖြစ်ပျက်လာသည်။

[ဟားဟား၊ အားလုံးပဲ။ ဘယ်လိုနေကြလဲ]

ချီး... အချိန်ကိုက်ပါပဲလား။

ပြတင်းပေါက်ကနေ အပြင်ကို ကျနော်ချက်ချင်း လှမ်းကြည့်လိုက်သည်။ ဒိုကဲဘီ အသစ်တစ်ကောင်က ကောင်းကင်မှာ ပျံဝဲနေ၏။

[ဒီဇာတ်ဝင်ခန်းထဲက ပါဝင်သူတွေက တော်တော်လေး စိတ်စောနေကြတာပဲ။ ဇာတ်ဝင်ခန်း စဖို့ တစ်ပတ်တောင် လိုသေးတယ်။ လူတွေက ကပ်ဘေးတစ်ခုကို နှိုးဆွနေကြပြီ။ နောက်ထပ် ဇာတ်ဝင်ခန်းကို သိချင်နေကြပြီလား]

ဘီဟွန်း ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေလောက်တော့ မဆိုးဘူး။ ဒါပေမဲ့ အပိုတွေ ပြောနေတုန်းပဲ။ တာဝန်ခံ ဒိုကဲဘီ မရှိတော့တဲ့အတွက် ဒီအဆင့်နိမ့် ဒိုကဲဘီ က ဝင်ပြီး နေရာယူလိုက်တာနေမယ်။

[ဒိုကဲဘီတွေက သူတို့ရဲ့ နေရာတွေကို စွန့်ခွာသွားကြပြီဆိုတော့ ဒီအတောအတွင်းမှာ ကျုပ်ကပဲ ဒီမှာ ရှိနေမှာပါ... ဟားဟား။ ကဲ၊ အားလုံးပဲ ဗိုက်ဝအောင် စားထားကြပြီလား။ ဒီပွဲစဉ်ကို ကျော်သွားလို့ မရဘူးဆိုတာ သိထားကြတယ်မလား]

ဒါက မကောင်းဘူး။ တကယ်ကို ဆိုးရွားတဲ့ အခြေအနေပဲ။

[ကျုပ်လည်း အဲဒီလိုပဲ လုပ်ချင်ပါတယ်၊ ဒါပေမဲ့ ဇာတ်ဝင်ခန်းတွေ မပေးရင် ကျုပ်လည်း ဒိုကဲဘီ မဟုတ်တော့ဘူးလေ]

ယခု ဇာတ်ဝင်ခန်းတစ်ခု ပေါ်လာပြီဆိုသည့် အချက်က ကျနော့်ကို အရာတစ်ခု သိစေသည်။

[နောက်ဆက်တွဲ ဇာတ်ဝင်ခန်း – ကပ်ဘေးကာကွယ်ရေး ရောက်ရှိလာပါပြီ။]

ယခုလိုပေါ်လာခြင်းက ကပ်ဘေးတစ်ခု ကျရောက်တော့မည့် အချိန်ဟာ အလွန်နီးကပ်နေပြီလို့ ဆိုလိုခြင်းပင်။

[နောက်ဆက်တွဲ ဇာတ်ဝင်ခန်း – ကပ်ဘေးကာကွယ်ရေး]

အမျိုးအစား - နောက်ဆက်တွဲ

ခက်ခဲမှု - S

ပြီးမြောက်ရန်လိုအပ်ချက် - ဂန်ဒေါင်းဂူ ထဲက အမည်မသိ

အင်အားစုတွေဟာ ကပ်ဘေး

တစ်ခုကို အသက်သွင်းဖို့

ကြိုးစားနေကြသည်။ သူတို့ကို

နှိမ်နင်းပြီး ရောက်ရှိလာမယ့်

‘ကပ်ဘေး’ ကို တားဆီးပါ။

အချိန်ကန့်သတ်ချက် - ၂ နာရီ

ဆုလာဘ် - ၂၂,၀၀၀ ဒင်္ဂါး

ကျရှုံးမှု - ‘မေးခွန်းများ၏ ကပ်ဘေး’သည်

အချိန်မတိုင်မီ ပေါ်ထွက်လာမည်။

‘ကပ်ဘေးကာကွယ်ရေး’ ဇာတ်ဝင်ခန်းကို ကျနော်တို့ရရှိတယ်ဆိုလျှင် ‘အဆိပ်ခတ်သူ’ ၏အုပ်စုက ‘ကပ်ဘေးကို ကာကွယ်စောင့်ရှောက်ရေး’ ဇာတ်ဝင်ခန်းကို ရရှိထားမှာ သေချာသည်။

ချီးထုတ်ဒိုကဲဘီတွေကတော့ ယခုလို မမျှော်လင့်ထားတဲ့ အခြေအနေတွေမှာတောင် ပါဝင်ပတ်သက်ဖို့ ကြိုးစားနေတုန်းပင်။ ကျနော်က အဖွဲ့သားတွေကို ကြည့်ပြီး ပြောလိုက်သည်။

"အခုက ကျနော်တို့ အချင်းချင်း တိုက်ခိုက်နေရမယ့် အချိန်မဟုတ်ဘူး။ ဒီအခြေအနေကို အရင် ကိုင်တွယ်ရမယ်"

ဟန်ဆိုယောင်း နဲ့ ယူဆန်းအာ တို့က တစ်ပြိုင်နက်တည်း ခေါင်းငြိမ့်လိုက်ကြသည်။

………………………………………………………………………………………….

‘အဆိပ်ခတ်သူ’ အုပ်စုက ဂန်ဒေါင်းဂူ ရဲ့ ချွန်ဟိုဒုံ မှာ အခြေစိုက်ထားတာ ဖြစ်၏။ အတိအကျ ပြောရလျှင်တော့ ဘုရားကျောင်းတွေနှင့် ကက်သလစ် ဘုရားရှိခိုးကျောင်းတွေ အများကြီးရှိတဲ့ နေရာပင်။

သူတို့၏ ရည်ရွယ်ချက်က ကပ်ဘေးကို အချိန်မတိုင်မီ နိုးထလာစေဖို့ဆိုလျှင် ဘာသာရေး နယ်မြေတစ်ခုကို ရွေးချယ်တာက မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်၏။ နေစရာ ပျောက်ဆုံးသွားသောသူတွေ၏ ဆုတောင်းသံတွေက ‘ကပ်ဘေး’ အသက်ဝင်လာဖို့အတွက် သင့်တော်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးပေလိမ့်မည်။

ဟန်ဆိုယောင်း က အခြေအနေကို လေ့လာပြီးနောက် စကားစလိုက်သည်။

"ကမ္ဘာမြေသွင်ပြင် ပြောင်းလဲမှု အနည်းဆုံး လမ်းကြောင်းကတော့ အရှေ့မြောက်ဘက်မှာ ရှိပြီး အခြေစိုက်စခန်းကို ဗဟိုပြုထားတာပဲ။ အဲဒါက ချွန်ဂျောင်းလို ၁၆ လမ်းပဲ။ ဒီလမ်းကနေ သွားရင် အခြေစိုက်စခန်းကို အမြန်ဆုံး ရောက်နိုင်မယ်။ ဒါပေမဲ့ ခံစစ်ကတော့ တော်တော်လေး အားကောင်းလိမ့်မယ်"

ကျနော် ခေါင်းငြိမ့်လိုက်သည်။ ကျနော်တို့မှာ အချိန်မရှိသည့်အတွက် အမြန်ဆုံးလမ်းကနေပဲ သွားရမည်ပင်။

"ရပါတယ်။ အဲဒီ အဆောက်အအုံဆီကို အမြန်ဆုံး ရောက်အောင် သွားရမယ်။ ဟန်ဆိုယောင်း နဲ့ ယူဆန်းအာတို့က ရှေ့ကနေ သွားပေးပါ။ အချင်းချင်းတော့ မတိုက်ခိုက်ကြနဲ့ဦး"

"...နားလည်ပါပြီ"

ယူဂျွန်ဟော့ ကတော့ ယခုလောလောဆယ် ဘာမှ မကူညီနိုင်သေးသည့်အတွက် သူ့ကို အထပ်မြင့် အဆောက်အအုံ၏ ခေါင်မိုးပေါ်မှာ ဟန်ဆိုယောင်း ၏ ကိုယ်ပွားနှင့်အတူ ထားခဲ့ဖို့ ကျနော် ဆုံးဖြတ်လိုက်သည်။ သူ၏ တာဝန်က စစ်မြေပြင်ကို စောင့်ကြည့်ပေးဖို့ပင်။ ယူဂျွန်ဟော့ ကတော့ အကြံတစ်ခုပဲ ပေးခဲ့သည်။

– ဖြစ်နိုင်ရင် ကပ်ဘေး မပေါ်လာခင် သူတို့ကို အရင် ရှင်းထုတ်ပစ်။ ‘လေ၏လမ်းစဉ်’ မရှိဘဲနဲ့တော့ ‘မေးခွန်းများ၏ ကပ်ဘေး’ ကို အစောပိုင်းမှာတင် နှိမ်နင်းဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။

အင်းပါ။ ငါလည်း ဖြစ်နိုင်ရင် အဲဒီအတိုင်းပဲ လုပ်ချင်တာပါ။

"သွားကြစို့"

ကျနော် အချက်ပေးလိုက်သည်နှင့် အဆောက်အအုံပေါ်ကနေ ကျနော်တို့ ခုန်ဆင်းလိုက်ကြသည်။

ဟန်ဆိုယောင်း က ‘ကိုယ်ပွား’ စွမ်းရည်ကို သုံးပြီး ရှေ့ကနေ ဦးဆောင်သွားသည်။ ကိုယ်ပွား ဒါဇင်ပေါင်းများစွာဟာ လမ်းမပေါ်ကို ခုန်ဆင်းသွားကြပြီး ‘အဆိပ်ခတ်သူ’ အုပ်စုရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်ကြသည်။

"ဘာလဲဟ။ သတ်ပစ်ကြစို့"

ဇဝေဇဝါဖြစ်နေသော အုပ်စုဝင်တွေက ကိုယ်ပွားတွေနောက်ကို လိုက်သွားကြတဲ့အချိန်မှာပဲ ပါးလွှာပြီး ကြည်လင်နေတဲ့ ချည်မျှင်တွေဟာ လေထဲမှာ ပြည့်နှက်သွားသည်။

"အားးးးး"

ကိုယ်ပွားတွေနောက်ကို လိုက်နေတဲ့ လူတွေဟာ ထက်မြက်သည့် ချည်မျှင်တွေနဲ့ ငြိတွယ်ကုန်ပြီး သူတို့၏ ခြေထောက်တွေ ပြတ်တောက်သွားရသည်။ ဒါတင်မကသေးပေ။ လူတွေ လဲကျသွားတဲ့ နေရာမှာ နောက်ထပ် အားကောင်းသော ချည်မျှင်တစ်ခုက ရှိနေပြန်သည်။

သူတို့၏ ခေါင်းတွေဟာ ပြတ်တောက်သွားပြီး လေထဲမှာ လွင့်စင်သွားကြ၏။

ဒါဟာ လူတွေလဲကျမယ့် ထောင့်ချိုးကိုပါ တွက်ချက်ပြီး ဖန်တီးထားတဲ့ ကြောက်စရာကောင်းတဲ့ နှစ်ထပ်ထောင်ချောက်ပင်။ ဟန်ဆိုယောင်း က ပြောလိုက်သည်။

"ဒီမိန်းမက တကယ့်ကို ရက်စက်တာပဲ"

"နင်ကပဲ ပြောရတယ်ရှိသေးတယ်"

သူတို့နှစ်ယောက် အချင်းချင်းအပေါ် ထားရှိသော ခံစားချက်တွေကို ဖယ်ထားမယ်ဆိုလျှင် ဒီနှစ်ယောက်ရဲ့ ပေါင်းစပ်မှုက တကယ့်ကို ကြည့်ကောင်းလှသည်။ မဟုတ်သေးပေ။ တကယ်ကို အသုံးဝင်လှသည်ဟု ပြောရမည်သာ။

သူတို့၏အကူအညီကြောင့် ရန်သူတွေရဲ့ စောင့်ကြည့်မှုကို ရှောင်ကွင်းပြီး အခြေစိုက်စခန်းရဲ့ အလယ်ဗဟိုထဲအထိ ကျနော် ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။

ကပ်ဘေးဥက္ကာခဲကို ရှာရတာကတော့ မခက်လှချေ။ ဥက္ကာခဲသည် အမြင့် ၈ မီတာကျော်ရှိတဲ့ ဧရာမ ဥက္ကာခဲကြီး ဖြစ်သည်။ ထိုဥက္ကာခဲကနေ နိမိတ်မကောင်းသော အငွေ့အသက်တွေ ထွက်ပေါ်နေပြီး ‘ငါက ကပ်ဘေးပဲ’ လို့ ပြောနေသလိုပင်။

ဥက္ကာခဲကြီးက မီးနဂါးနှင့်တောင် နှိုင်းယှဉ်လို့ မရနိုင်ဘူးဆိုတာ ခံစားနေရသည်။ အကယ်၍ ကျနော်သာ ဒီကပ်ဘေးကို မတားဆီးနိုင်လျှင် ဆိုးလ်မြို့ဟာ ကျိန်းသေပေါက် ပျက်စီးသွားပေလိမ့်မည်။

ထိုအချိန်မှာပဲ ဥက္ကာခဲ ဘေးနားမှာ အမျိုးသမီးတစ်ယောက် ပေါ်လာသည်။ ထိုအမျိုးသမီးတွင် ဆီးနှင်းလို ဖြူဖွေးတဲ့ ဆံပင်တွေ ရှိ၏။ နှင်းတောင်ပေါ်က ရဲရဲနီတဲ့ ပန်းလေးတွေလို နှုတ်ခမ်းတွေကို မြင်လိုက်ရတဲ့အခါ ယူဂျွန်ဟော့၏အကြိုက်ကို ကျနော် ခန့်မှန်းလို့ ရသွားသည်။

အေးစက်ပြီး ဖန်သားပြင်လို ကြည်လင်နေတဲ့ မျက်ဝန်းတွေက ကျနော့်ကို စိုက်ကြည့်လာပြီး ထိုအမျိုးသမီး ရဲ့ ခန္ဓာကိုယ်ထဲကနေ ကြောက်စရာကောင်းသော စွမ်းအင်တွေ ထွက်ပေါ်လာတာကို ကျနော် ခံစားလိုက်ရသည်။

ကျနော့်အသားတွေပင် တုန်ယင်သွားသည်။ ဂုံဖီဒူ နှင့် နှိုင်းယှဉ်လျှင်တောင် အပြတ်အသတ်ကို သာလွန်တဲ့ ခံစားချက်မျိုးပင်။

ဪ... နားလည်ပြီ။ ဒီမိန်းမ ကလည်း ကပ်ဘေးဥက္ကာခဲရဲ့ စွမ်းအားကို လက်ခံရရှိထားတာလား။

"...ရှင်က ဘယ်သူလဲ"

‘မိစ္ဆာဆယ်ပါး’ ထဲက တစ်ယောက်ဖြစ်တဲ့ ‘အဆိပ်ခတ်သူ’ လီဆောဟွာဇာတ်ကောင် က မေးလိုက်လေတော့သည်။

All Chapters