အခန်း (၈၄-၈၆)
Vol. 6 Ch. 84-86
အခန်း (၈၄)
- အပိုင်း (၁၇) - အဆင့် SSS ပါရမီ၊ အပိုင်း (၃)
နိမိတ်မကောင်းသော ဥက္ကာခဲကြီးတစ်ခုကို အသက်သွင်းရန် နည်းလမ်းသုံးသွယ်ရှိပေသည်။
ပထမနည်းလမ်းမှာ ဇာတ်ဝင်ခန်းဇယားနှင့်အညီ ဥက္ကာခဲကို အလိုအလျောက် ပေါက်ဖွားစေခြင်းဖြစ်ပြီး ဒုတိယနည်းလမ်းမှာ ကပ်ဘေးဥက္ကာခဲ၏ စွမ်းအားကို ကြိုတင်ထုတ်ယူ သုံးစွဲခြင်းဖြစ်သည်။ တတိယမြောက်နှင့် အမြန်ဆန်ဆုံး နည်းလမ်းမှာမူ ကပ်ဘေးဥက္ကာခဲအတွင်းသို့ မှော်စွမ်းအင်များ တိုက်ရိုက်ပို့လွှတ်ပေးခြင်းပင်။
လီဆောဟွာ ၏ အဖွဲ့ဝင် ဒါဇင်ပေါင်းများစွာသည် ဆုတောင်းမေတ္တာ ပို့သနေကြကုန်၏။
၎င်းတို့၏ ခန္ဓာကိုယ်များအတွင်းမှ အားနည်းသော မှော်စွမ်းအင်များသည် ကပ်ဘေးဥက္ကာခဲကြီးအတွင်းသို့ စီးဝင်သွားကြသည်။
ယခုက ပေါက်ဖွားခြင်းဆိုင်ရာ အခမ်းအနားပင် ဖြစ်ချေသည်။ ၎င်းတို့သည် တတိယမြောက်နည်းလမ်းကို ရွေးချယ်ခဲ့ကြခြင်းပင်။ ဥက္ကာခဲကြီး၏ ပြင်းထန်သော တုန်ခါမှုအရဆိုလျှင် နောက်ထပ် မိနစ် ၃၀ အတွင်း၌ ကပ်ဘေးကြီးသည် ပေါက်ဖွားလာတော့မည် ဖြစ်၏။
လီဆောဟွာ ကို ကြည့်ကာ ကျနော်လိုက်၏။
"ရပ်လိုက်။ အတူတူ သေချင်လို့လား"
"..."
"နင်ဘာတွေတွေးနေတာလဲ"
ဒါက ထူးဆန်းနေပေသည်။
မူရင်းဝတ္ထု၏ တတိယမြောက် နောက်ပြန်ဆုတ်ခြင်း အပိုင်းတွင် ကပ်ဘေး၏ စွမ်းအားကို ချေးယူသုံးစွဲသူများ ရှိသော်လည်း မည်သူမျှ ကပ်ဘေးကြီးကို အသက်သွင်းရန်အထိ မိုက်မဲခြင်း မရှိကြချေ။
ယူဂျွန်ဟော့ သည် ထိုအကြောင်းကို သိရှိထားသောကြောင့် လီဆောဟွာ ထံသို့ ကြိုတင်သွားရောက်ခဲ့ခြင်း ဖြစ်ရပေမည်။
"ကပ်ဘေးဥက္ကာခဲ အသက်သွင်းတာကို ရပ်လိုက်ပါ။ ဒါဆိုရင် နင့်ကို ငါ အသက်ချမ်းသာပေးမယ်"
လီဆောဟွာ သည် ကျနော့်ကို တည်ငြိမ်စွာ စိုက်ကြည့်လျက် ပြန်မေး၏။
"ငါက မရပ်ချင်ဘူးဆိုရင်ကော"
"နင် ဒီနေရာမှာတင် သေရလိမ့်မယ်"
‘အဆိပ်ခတ်သူ’ လီဆောဟွာ ၏ မျက်နှာတွင် လှောင်ပြောင်သော အမူအရာများ ထင်ဟပ်လာပေသည်။ ထိုအမျိုးသမီး ၏ လက်များ လှုပ်ရှားလိုက်သည်နှင့် ကပ်ဘေးဥက္ကာခဲကြီးဆီသို့ ဆုတောင်းနေကြသော လူသားများသည် ကျနော့် ဘက်သို့ တစ်ပြိုင်နက်တည်း လှည့်လာကြကုန်၏။
[အဌမအဆင့် မျိုးစိတ်ပြင်ပသတ္တဝါ 'အဆင့်နိမ့်လူသား နမ်မင်းယော့' သည် သင့်အပေါ် ရန်လိုမှု ပြသလာပါသည်။]
[အဌမအဆင့် မျိုးစိတ်ပြင်ပသတ္တဝါ 'အဆင့်နိမ့်လူသား ဂျောင်မင်ဂျီ' သည် သင့်အပေါ် ရန်လိုမှု ပြသလာပါသည်။]
[အဌမအဆင့် မျိုးစိတ်ပြင်ပသတ္တဝါ 'အဆင့်နိမ့်လူသား ကင်ဂါပီ' သည် သင့်အပေါ် ရန်လိုမှု ပြသလာပါသည်။]
၎င်းတို့၏ ဦးခေါင်းများပေါ်တွင် အာရုံခံအင်တင်နာများ ပေါက်လာကြပြီး လက်များသည်လည်း ထွန်ခြစ်များကဲ့သို့ ထက်မြက်လာကြသည်။ ထို လေလွင့်သူများ သည် ဝံပုလွေများထက် အသွင်ပြောင်းလူသားများအဖြစ်သို့ ပိုမိုပြောင်းလဲသွားကြပုံ ရချေသည်။ စိုးရိမ်စရာအချက်တစ်ခု ရှိနေပေသည်။
"...ဒါက ထူးဆန်းတယ်။ လူသားတွေကို အသွင်ပြောင်းပစ်တာက ကပ်ဘေးဥက္ကာခဲရဲ့ စွမ်းအားမဟုတ်ဘူးလား"
ထိုသို့ ကျနော် ရေရွတ်လိုက်သော အချိန်မှာပင် လီဆောဟွာ က အော်ဟစ်လိုက်သည်။
"သေလိုက်တော့"
သစ္စာခံနောက်လိုက်များသည် လေထဲသို့ ခုန်တက်လာကြပြီး အတောင်ပံများကို ဖြန့်လိုက်ကြ၏။ ဓားလက်ကိုင်ကို ၎င်းတို့ထံသို့ ကျနော် ချိန်ရွယ်လိုက်လေသည်။
[ယုံကြည်မှုဓားကို အသက်သွင်းလိုက်ပါပြီ။]
[မကျိုးပဲ့နိုင်သောယုံကြည်မှုဓါး၏ အထူးစွမ်းရည်ကို အသက်သွင်းလိုက်ပါပြီ။]
[အီသာ ဂုဏ်သတ္တိကို 'မီး' အဖြစ် ပြောင်းလဲလိုက်ပါသည်။]
အဖြူရောင် မီးလျှံများသည် လေထုကို ခွင်းလျက် ထွက်ပေါ်လာသည်။ ပိုးကောင် ဂုဏ်သတ္တိရှိသော မျိုးစိတ်အားလုံးသည် 'မီး'နှင့်ယှဉ်လျှင် အားနည်းကြသည် မဟုတ်ပေလော။ မကျိုးပဲ့နိုင်သောယုံကြည်မှုဓါး မှ အီသာ မီးလျှံများသည် အဆင့်နိမ့်လူသားများ၏ အရေပြားပေါ်သို့ ပျံ့နှံ့သွားသည်။
တစ်ယောက်ပြီး တစ်ယောက်၊ နှစ်ယောက်ပြီးတော့ သုံးယောက်။
"အ…"
မီးလျှံများသည် အဆင့်နိမ့်လူသားများ၏ အရေပြားကို လောင်ကျွမ်းစေလေသည်။ ထိုလူသားများ၏ ခြေထောက်များနှင့် အတောင်ပံများကို ကျနော်ပိုင်းဖြတ်ပစ်လိုက်၏။
"ရွှပ်"
မှော်စွမ်းအင်များ ပန်းထွက်လာပြီး အဆင့်နိမ့်လူသားများကို ချက်ချင်း လောင်ကျွမ်းသွားစေသည်။ သမန်းဝံပုလွေများ၏ အခြေအနေတုန်းကလည်း ထပ်တူပင်ဖြစ်၏။ ၎င်းတို့သည် လူသားလမ်းစဉ်မှ သွေဖည်သွားကြသူများဖြစ်ရာ ၎င်းတို့ကို သတ်ဖြတ်ခြင်းကြောင့် ကျနော့် မည်သည့်အပြစ်ဒဏ်ကိုမျှ ရရှိလိမ့်မည် မဟုတ်ချေ။ မီးလျှံများကြားမှ တိုးထွက်ကာ လီဆောဟွာ ထံသို့ ကျနော်ပြေးဝင်သွားလိုက်သည်။
ပထမဆုံးအကြိမ်အဖြစ် မကျိုးပဲ့နိုင်သောယုံကြည်မှုဓါး သည် တားဆီးခြင်း ခံလိုက်ရ၏။ လီဆောဟွာ ၏ လက်သည်းများနှင့် လက်မောင်းများသည် အမည်းရောင်အလင်းတန်းများ သန်းနေပေသည်။
ကပ်ဘေး၏ စွမ်းအားသည် အထူးစွမ်းရည်များ၏ အဆင့်ကို မြင့်တက်စေသည်။ ကပ်ဘေး၏ စွမ်းအားကို ချေးယူထားသောကြောင့် ထိုအမျိုးသမီး ၏ 'အဆိပ်လက်သည်းများ' သည် ယုံကြည်မှုဓားသွား ကို တားဆီးနိုင်ခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း ၎င်းသည် ထိခိုက်မှုအားလုံးကို တားဆီးနိုင်သည်ဟု မဆိုလိုပေ။
"အု"
မီးပွင့်များ လွင့်စင်သွားပြီး လီဆောဟွာ ၏ ခန္ဓာကိုယ်သည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရသည်။ ဤသို့မဖြစ်ခဲ့လျှင်သာ ထူးဆန်းပေလိမ့်မည်။
ကျနော့်၏ လက်ရှိ စွမ်းရည်အလုံးစုံ သည် ယူဂျွန်ဟော့ မှလွဲလျှင် အခြားသော ကိုယ်စားလှယ် အားလုံးထက် အမြင့်မားဆုံး ဖြစ်နေပြီ ဖြစ်၏။ ကျနော့်တွင် ပါရမီ မရှိသော်လည်း ကိုယ်စားလှယ်များကြားတွင် အားနည်းသူတစ်ယောက်တော့ မဟုတ်ချေ။
"လက်လျှော့လိုက်ပါ။ အခု ကပ်ဘေးကြီး ပေါက်ဖွားလာရင် နင့်အတွက် ကောင်းမှာ မဟုတ်ဘူး။ ဒီနောက်ဆက်တွဲ ဇာတ်ဝင်ခန်းက ကျရှုံးခဲ့ရင်တောင် အပြစ်ဒဏ်မှ မရှိတာ"
လီဆောဟွာ သည် ကပ်ဘေးဥက္ကာခဲကြီးကို စိုးရိမ်တကြီး ကြည့်လိုက်ပေသည်။ ပတ်ဝန်းကျင်၏ အခြေအနေမှာလည်း ပြောင်းလဲလာချေပြီ။
ထိုအမျိုးသမီးသည် ကပ်ဘေးဥက္ကာခဲထံမှ စွမ်းအားကို ရယူရန်ထက် ‘ကပ်ဘေး’ ကိုယ်တိုင်ကိုသာ ဦးတည်နေသကဲ့သို့ ခံစားရပေသည်။
ဒါက ထူးဆန်းနေပေသည်။ မူရင်းဝတ္ထုကို မဖတ်ဖူးသောသူပင်လျှင် ကပ်ဘေးကြီး ပေါက်ဖွားလာပါက ဆိုးလ်မြို့ ပျက်စီးသွားလိမ့်မည်ဟု ခန့်မှန်းနိုင်၏။ သို့ဆိုလျှင် ထိုအမျိုးသမီးသည် အဘယ်ကြောင့် ကပ်ဘေးကို နိုးထစေချင်ရပါသနည်း။
[သီးသန့်စွမ်းရည် ‘ဇာတ်ကောင်စာရင်း’ အသက်ဝင်လာပါပြီ။]
[ဇာတ်ကောင်အကျဉ်းချုပ်]
အမည် - လီဆောဟွာ
အသက် - ၂၆ နှစ်
ထောက်ပံ့သူ - ဂူအမ် နတ်ဆေးဆရာ
ဝိသေသလက္ခဏာများ - အရည်အချင်းရှိသော ဆရာဝန် (ရှားပါး)၊
အဆိပ်သခင် (ရှားပါး)
သီးသန့်စွမ်းရည်များ - လက်နက်လေ့ကျင့်မှု အဆင့် ၇၊
ကာမမှုမိစ္ဆာ အဆင့် ၄၊
ပြင်းထန်သောအဆိပ် ထုတ်လွှတ်ခြင်း
အဆင့် ၅၊ အဆိပ်သစ် ဖော်စပ်ခြင်း
အဆင့် ၄၊ အဆိပ်ဖြေခြင်း အဆင့် ၅...
အထူးစွမ်းရည် - ပြင်းထန်သောအဆိပ် အဆင့် ၄၊
ဝိညာဉ်တစ်ထောင်အဆိပ် အဆင့် ၄၊
သေခြင်းနှင့်ရှင်ခြင်းလမ်းဆုံ အဆင့် ၃
စွမ်းရည်အလုံးစုံ - ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၄၄ (+၁၀)၊
ခွန်အား အဆင့် ၄၂ (+၁၀)၊
လျှင်မြန်မှု အဆင့် ၄၄ (+၁၀)၊
မှော်စွမ်းအင် အဆင့် ၃၅ (+၁၀)
ခြုံငုံအကဲဖြတ်ချက် - လက်ရှိအချိန်တွင် ခြုံငုံအကဲဖြတ်ခြင်းကို
လုပ်ဆောင်နေဆဲ ဖြစ်ပါသည်။
• ဤဇာတ်ကောင်သည် လက်ရှိတွင် ‘ကပ်ပါးကောင်’ တစ်ကောင်၏ ကူးစက်ခြင်းကို ခံထားရပါသည်။
• ထိုကပ်ပါးကောင်သည် ဇာတ်ကောင်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားခြင်း ဖြစ်သည်။
• ကပ်ပါးကောင် အန်တီနပ်စ် ၏ စွမ်းရည်အချို့သည် ဇာတ်ကောင်ထံသို့ ကူးပြောင်းရောက်ရှိသွားမည် ဖြစ်သည်။
...ချီး။
ထိုအမျိုးသမီး၏ အခြေအနေက ဤသို့ ဖြစ်နေလိမ့်မည်ဟု ကျနော် မထင်ထားခဲ့ပေ။
[သင်၏ သီးသန့်ဝိသေသလက္ခဏာ အကျိုးသက်ရောက်မှုကြောင့် အချို့သော အခန်းများ၏ မှတ်ဉာဏ်များမှာ ပိုမိုအားကောင်းလာပါသည်။]
ကျနော့်ဦးနှောက်အတွင်း၌ စာမျက်နှာများ တဖျတ်ဖျတ် လန်သွားပြီး အချို့သော စာကြောင်းများသည် ကျနော့်မျက်စိရှေ့တွင် စီးဆင်းလာပေသည်။
「 ခရိုနော့စ် ကမ္ဘာတွင် လွှမ်းမိုးထားသော မျိုးစိတ်ငါးမျိုး ရှိပေသည်။ အရှေ့ဘက်တွင် ဗဲလ်ကီးယား၊ အနောက်ဘက်တွင် ကပ်ပါးကောင်များ၊ တောင်ဘက်တွင် အီမြွန်တာ နှင့် မြောက်ဘက်တွင် မိစတီလန် တို့ ဖြစ်၏။ ဗဟိုချက်တွင်တော့ အင်ဘာ တို့ ရှိပေသည်။ 」
အဆိပ်တိုက်ကွက်ကို ကျနော်ရှောင်တိမ်းလိုက်ပြီး လီဆောဟွာ ကို အနောက်သို့ ကန်ထုတ်လိုက်ရာ လီဆောဟွာမှာ ဟန်ချက်ပျက်သွားပေသည်။ လီဆောဟွာ သည် မြေပြင်ပေါ်တွင် လူးလိမ့်လျက် ညည်းတွားနေချေသည်။ လီဆောဟွာ ကို ကြည့်ကာ ကျနော်စကားပြောလိုက်၏။
"ပဉ္စမမြောက် ဇာတ်ဝင်ခန်းဆိုတာ ‘ခရိုနော့စ်၏ ကပ်ဘေးများ’ ကို အခြေခံပြီး ဖန်တီးထားတာပဲ"
‘ခရိုနော့စ်၏ ကပ်ဘေးများ’ ဟူသော စကားကို ကြားလိုက်ရချိန်တွင် လီဆောဟွာ ၏ မျက်ဝန်းများ တုန်လှုပ်သွားတော့သည်။
"ခရိုနော့စ် ကမ္ဘာကြီး ပျက်စီးသွားတဲ့နေ့မှာ ခရိုနော့စ်ရဲ့ လွှမ်းမိုးမျိုးစိတ် ငါးမျိုးက မျိုးစိတ်တစ်ခုစီကနေ သူရဲကောင်းတစ်ယောက်စီ ရွေးချယ်ခဲ့ကြတယ်။ ရွေးချယ်ခံရတဲ့ သူရဲကောင်းငါးယောက်ဟာ ပျက်စီးခြင်းကနေ အရှက်တကွဲ ရှင်သန်ကျန်ရစ်ခဲ့ပြီး ခရိုနော့စ်ရဲ့ လမ်းစဉ်ကို ဆက်လက်သယ်ဆောင်လာခဲ့ကြတယ်"
"..."
"သူတို့ဟာ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ တခြားကမ္ဘာတစ်ခုဆီကို ပို့ဆောင်ခြင်း ခံခဲ့ရတယ်။ သူတို့ဟာ အဲ့ဒီတခြားကမ္ဘာကို ရောက်လာတဲ့အခါ အခြားမျိုးစိတ်တွေနဲ့ ဆုံတွေ့ခဲ့ပြီး အဲ့ဒီနေရာမှာ ကပ်ဘေးကို တားဆီးပေးဖို့အတွက် သူတို့ရဲ့ အသက်နဲ့လဲပြီး ကတိပေးခဲ့ကြတယ်"
ထိုစကားကြောင့် လီဆောဟွာ ၏ ပါးစပ်မှ လူသားနှင့်မတူသော အော်ဟစ်သံ ထွက်ပေါ်လာပေသည်။
"သူတို့ကို လမ်းပြသူတွေလို့ ခေါ်ကြတယ်"
"...ကျွတ်။ ကမ္ဘာမြေက လူသားတစ်ယောက်က ဒါတွေကို ဘယ်လိုလုပ် သိနေတာလဲ"
ကျနော် မည်သို့သိသနည်း။ စာအုပ်ထဲတွင် တွေ့ခဲ့သောကြောင့် သိခြင်းဖြစ်ပေသည်။
"မင်းက လီဆောဟွာ မဟုတ်ဘူး"
ကပ်ဘေးများသည် မူရင်းဝတ္ထုထက် ပိုမိုမြန်ဆန်စွာ ပေါက်ဖွားနေပေသည်။ ဤသို့သော အမှုကို ပြုလုပ်မည့် ‘လူသား’ ဟူ၍ မရှိချေ။
"ကပ်ပါးဘုရင်မ အန်တီနပ်စ်။ လမ်းပြသူတစ်ယောက်က ဘာဖြစ်လို့ ကပ်ဘေးကို နိုးထအောင် လုပ်နေရတာလဲ"
‘ဖောက်ပြန်သွားတဲ့ လမ်းပြသူ’ တစ်ယောက်သာလျှင် ဤသို့သော အရာမျိုးကို အိမ်မက်မက်လိမ့်မည် ဖြစ်ချေသည်။
[အဆင့် ၅ ကပ်ပါးကောင် အန်တီနပ်စ် က သင့်ကို စိုက်ကြည့်နေပါသည်။]
ကပ်ပါးကောင်များသည် အခြားမျိုးစိတ်များကို မှီခိုနေထိုင်ကြသော မျိုးစိတ်များ ဖြစ်ပေသည်။ ယခုမူ လီဆောဟွာ သည် လမ်းပြသူတစ်ယောက်၏ ထိန်းချုပ်မှုကို ခံထားရခြင်း ဖြစ်၏။
သေဆုံးနေသော အဆင့်နိမ့်လူသားများ၏ အလောင်းများကို ကျနော် ကြည့်လိုက်သည်။
လိုင်ခါယွန် ၏ ဥက္ကာခဲကဲ့သို့ပင် လူသားများကို အသွင်ပြောင်းစေရန် တွန်းအားပေးနေသည်မှာ ကပ်ဘေး၏ စွမ်းအားမဟုတ်ဘဲ ခရိုနော့စ်၏ လမ်းပြသူ စွမ်းအားပင် ဖြစ်ရပေမည်။
"ဘာဖြစ်လို့ ဒီက လူသားတွေကို ကူးစက်စေတာလဲ။ ဘာဖြစ်လို့ ဒါမျိုး လုပ်နေရတာလဲ"
ကျိ
"ကပ်ဘေးကို အချိန်မတိုင်ခင် နိုးထအောင်လုပ်လို့ မင်း ဘာရမှာလဲ။ လမ်းပြသူတွေရဲ့ ရည်ရွယ်ချက်က ဒီကမ္ဘာက လူသားတွေနဲ့အတူ ကပ်ဘေးကို တားဆီးပြီး ကမ္ဘာသစ်ကို တည်ဆောက်ဖို့ မဟုတ်ဘူးလား။ ဘာလို့ ကမ္ဘာမြေသွင်ပြင် ပြောင်းလဲမှု လုပ်ထားတဲ့ ကမ္ဘာကြီးကို ဖျက်ဆီးဖို့ ကြိုးစားနေရတာလဲ"
ကျိ... ကျိ... ကျိ...
"ဒါက မင်းရဲ့ တာဝန်ကို ဖောက်ဖျက်တဲ့ လုပ်ရပ်ပဲ။ အခုထိ မနောက်ကျသေးဘူး။ ဒီအမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲကနေ ချက်ချင်း ထွက်သွားစမ်း။ မှန်ကန်တာကိုပဲ လုပ်စမ်းပါ၊ လမ်းပြသူ အန်တီနပ်စ်"
ဖြစ်နိုင်လျှင် လီဆောဟွာ ကို ကျနော်မသတ်ချင်ပေ။ ယူဂျွန်ဟော့ လည်း ထိုအတိုင်းပင် ဖြစ်ရပေမည်။
‘အဆိပ်ခတ်သူ’ သည် ကပ်ပါးကောင်၏ ကူးစက်ခြင်းကို ခံရပြီးနောက်မှသာ မိစ္ဆာဆယ်ပါးဝင် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ကူးစက်မှုကို ဖယ်ရှားနိုင်လျှင် လီဆောဟွာ သည် မိစ္ဆာဆယ်ပါးဝင် မဟုတ်တော့ပေ။
ဤသည်မှာ ယူဂျွန်ဟော့ ၏ စကားပြောဆိုမှု အဘယ်ကြောင့် အရာမထင်ခဲ့ရသနည်းဟူသော အကြောင်းရင်းပင် ဖြစ်ချေသည်။ သူသည် သူ၏ ချစ်သူဟောင်းကို ကပ်ပါးဘုရင်မထံမှ ကာကွယ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်၏။
လေထုထဲတွင် ‘နေ့လယ်ပိုင်း ချိန်းဆိုမှု’ မှ မက်ဆေ့ဂျ်များသည် တဖျတ်ဖျတ် လင်းလက်နေချေသည်။
– သတ်ပစ်လိုက်။
ယူဂျွန်ဟော့ဆီမှ ဖြစ်၏။
– အရေးကြီးတာက ဒီမိန်းမရဲ့ အသက်မဟုတ်ဘဲ ဒီကမ္ဘာကြီး ရှင်သန်ဖို့ပဲ။ ပညာရှိစွာ ဆုံးဖြတ်စမ်းပါ။ ကင်ဒေါ့ဂျာ။
အကွာအဝေး ဝေးကွာလွန်းလှသောကြောင့် ယူဂျွန်ဟော့ မည်သို့သော မျက်နှာပေးမျိုး ရှိနေမည်ကို ကျနော် မမြင်ရချေ။
သူသည် တစ်ချိန်က သူ၏ သံယောဇဉ်ကို ပေးအပ်ခဲ့ဖူးသော အမျိုးသမီးထက် ဤကမ္ဘာကြီးအတွက် ပို၍ စိုးရိမ်ပူပန်နေရပေသည်။ ဤသည်မှာ သူရဲကောင်းတစ်ယောက်၏ သဘာဝပင် ဖြစ်နိုင်၏။
ကျနော်က ပြန်ပြောလိုက်၏။
– ဒါဆိုရင် မင်း စိတ်မချမ်းသာ ဖြစ်ရလိမ့်မယ်။
– အဲဒါက အရေးမကြီးဘူး။
ယူဂျွန်ဟော့ ၏ အသံမှာ တည်ငြိမ်၍ ခိုင်မာနေပေသည်။ သို့သော်လည်း ကျနော် သိပေသည်။ အကယ်၍ လီဆောဟွာ သာ ဤနေရာတွင် သေဆုံးသွားခဲ့လျှင် ယူဂျွန်ဟော့ သည် တစ်နေ့တွင် ပြိုလဲသွားပေလိမ့်မည်။
ကျိ
သူ၏ ရင်းနှီးကျွမ်းဝင်သူများ၏ သေဆုံးမှုများသည် တဖြည်းဖြည်း စုပုံလာကာ ယူဂျွန်ဟော့ ၏ မှတ်ဉာဏ်များကို တိုက်စားပြီး သူ၏ စိတ်ဓာတ်ကို ပင်ပန်းနွမ်းနယ်စေပေလိမ့်မည်။
"ကျိ… နင်က လူသားတစ်ယောက် သက်သက်ပဲ"
ကပ်ပါးဘုရင်မသည် လီဆောဟွာ ၏ နှုတ်မှတစ်ဆင့် စကားပြောလာ၏။ လူသားများအပေါ် ထားရှိသော မုန်းတီးမှုများသည် ထိုအမျိုးသမီး၏ လေသံတွင် စွဲထင်နေပေသည်။
အမှန်တကယ်တော့ ထိုအမျိုးသမီးသည် လူသားများကို အဘယ်ကြောင့် ဤမျှအထိ မုန်းတီးရသနည်းဟူသော အကြောင်းရင်းကို ကျနော် သိရှိပေသည်။ သို့သော်လည်း လက်ရှိအခြေအနေက ထိုအမျိုးသမီး၏ ခံစားချက်များကို စဉ်းစားပေးနေရလောက်အောင် အေးဆေးမနေပေ။
"ကျိ။ သေလိုက်တော့"
လီဆောဟွာ ၏ ခန္ဓာကိုယ်အတွင်းမှ အမည်းရောင် အရည်များ စီးထွက်လာတော့သည်။ ဝိညာဉ်တစ်ထောင်အဆိပ် ပင် ဖြစ်၏။ ဤသည်မှာ လီဆောဟွာ ၏ ပါရမီများ စတင်ပြသလာသည့် အချိန်ပင်။ အမည်းရောင် အရည်များသည် ထိုအမျိုးသမီး၏ လက်သည်းများမှတစ်ဆင့် ကျနော့်ထံသို့ ပန်းထွက်လာသည်။
ဝိညာဉ်တစ်ထောင်အဆိပ် ကြောင့် မြေပြင်များ အရည်ပျော်သွားချိန်တွင် နောက်သို့ ခြေလှမ်းအနည်းငယ် ကျနော်ဆုတ်လိုက်သည်။ အကယ်၍ ယူဂျွန်ဟော့ သာ သာမန် ကိုယ်စားလှယ် တစ်ယောက်ဖြစ်ခဲ့လျှင် ယခုအချိန်၌ ထိုမြေပြင်ကဲ့သို့ ဖြစ်သွားလောက်ပေလိမ့်မည်။ ယူဂျွန်ဟော့ က မေးလိုက်၏။
– မင်းမှာ ဝိညာဉ်တစ်ထောင်အဆိပ် ကို တုံ့ပြန်ဖို့ နည်းလမ်းရှိလို့လား။
– ရှိပါတယ်။
ကျနော်သည်လည်း သာမန်လူတစ်ယောက် မဟုတ်ပေ။ အတိအကျ ပြောရလျှင် ကျနော်သည် ကိုယ်စားလှယ် တစ်ယောက် မဟုတ်ချေ။ လီဆောဟွာ ၏ အဆိပ်များသည် လေထုအတွင်းမှတစ်ဆင့် ကျနော့်ထံသို့ ပျံ့နှံ့လာသည်။
အဆိပ်များသည် လေထဲတွင် လွတ်လပ်စွာ လှုပ်ရှားလျက် ကျနော့်၏ အားနည်းချက်ကို ရှာဖွေနေသည်မှာ ကိုယ်ပိုင်အသိဉာဏ် ရှိနေသကဲ့သို့ပင် ဖြစ်၏။ အဆိပ်အနည်းငယ်သည် ကျနော့် ပေါင်နှင့် လက်မောင်းများပေါ်သို့ စင်ဟပ်သွားသည်။ ဝိညာဉ်တစ်ထောင်အဆိပ် ထိမှန်သွားသော ဝတ်စုံ၏ အစိတ်အပိုင်းမှာ စတင်အရည်ပျော်လာချေသည်။
လီဆောဟွာ ၏ မျက်နှာတွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာ၏။ သို့သော်လည်း ဤသည်မှာ စောစီးစွာ ဆုံးဖြတ်ချက်ချခြင်းသာ ဖြစ်ပေသည်။
အဆိပ်များကြားမှ ဖြတ်ပြေးကာ ထိုအမျိုးသမီး၏ ဝမ်းဗိုက်ကို ပြင်းထန်စွာ ကျနော် ထိုးနှက်လိုက်ပြီး အနောက်သို့ လွင့်စင်သွားစေလိုက်၏။
"ကျွိးးးးး"
ထိုအမျိုးသမီးသည် ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံနှင့်အတူ လေထဲသို့ လွင့်စင်သွားသည်။
ဝိညာဉ်တစ်ထောင်အဆိပ် ထိမှန်ထားသော ကျနော့် အရေပြားမှာ အရောင်အနည်းငယ် ပြောင်းလဲသွားသော်လည်း မကြာမီမှာပင် မူလအရောင်သို့ ပြန်လည်ရောက်ရှိသွားပေသည်။ လီဆောဟွာ သည် စိတ်အနှောင့်အယှက် ဖြစ်သွားပုံရချေသည်။
"...ကျိ၊ အဆိပ်တစ်ထောင်ဒဏ်ခံနိုင်စွမ်း လား"
ထိုအမျိုးသမီး၏ မျက်ဝန်းများတွင် ထိတ်လန့်မှုများ ပြည့်နှက်နေပေသည်။ အဆိပ်တစ်ထောင်ဒဏ်ခံနိုင်စွမ်း ဆိုသည်မှာ အဆိပ်ကို အသုံးပြုသော သတ္တဝါအားလုံးအတွက် ကြောက်မက်ဖွယ်ရာ ဖြစ်၏။ သို့သော်လည်း ကျနော့်ထံတွင် အဆိပ်တစ်ထောင်ဒဏ်ခံနိုင်စွမ်း သို့မဟုတ် အဆိပ်တစ်သောင်းကင်းစင်ခြင်း မရှိပေ။
"အန်တီနပ်စ်၊ မင်းဝင်ပူးထားတဲ့သူရဲ့နောက်ကွယ်က ထောက်ပံ့သူအကြောင်းကို မင်း မသိဘူးလား"
အိတ်ကပ်ထဲသို့ ကျနော်လက်နှိုက်လိုက်၏။
"ဒါကြောင့် မင်း မသိတာပဲ။ မင်း မသိပေမဲ့ အဲ့ဒီခန္ဓာကိုယ်ထဲမှာ ရှိနေမှာ သေချာပါတယ်။ ဟုတ်တယ်မလား"
ခဏအကြာတွင် ကျနော့်လက်ထဲ၌ စာအုပ်တစ်အုပ် ပေါ်လာသည်။
[အရှေ့တိုင်း ဆေးပညာ နိမ့်ကျလာမှုကို စိုးရိမ်နေသော နက္ခတ်တစ်ခုသည် သူ၏ ဘွဲ့နာမကို ထုတ်ဖော်ပြသလိုက်ပါသည်။]
[‘ဂူအမ် နတ်ဆေးဆရာ’ နက္ခတ် သည် သင့်ကို အံ့အားသင့်စွာ ကြည့်နေပါသည်။]
"ကျိ..."
[ဒုန်ဂွီဘိုဂမ် - မပြည့်စုံသော စာအုပ်]
၎င်းစာအုပ်မှာ အရှေ့တိုင်း၏ အကြီးကျယ်ဆုံးသော ဆေးပညာ မှတ်တမ်းများထဲမှ တစ်ခုဖြစ်ပေသည်။ ဒုန်ဂွီဘိုဂမ် သည် ဘုရင့်အရည်အချင်း စစ်ဆေးမှုအတွင်း ငါးယောက်တွဲ ဂူသင်္ချိုင်း၌ ပေါ်ထွက်လာခဲ့သော ပစ္စည်းတစ်ခု ဖြစ်၏။
"ဒါကို စုဆောင်းဖို့ ငါ တော်တော် ကြိုးစားခဲ့ရတာ"
ဘုရင့်အရည်အချင်း စစ်ဆေးမှု ဇာတ်ဝင်ခန်းအတွင်း၌ ဘုရင်အားလုံးသည် ‘ယင် လေးပါး မိစ္ဆာခေါင်းဖြတ်ဓား’ ကို ရရှိရန်အတွက် ရူးသွပ်စွာ ကြိုးစားနေခဲ့ကြသည်။ ဘုရင်များက ထိုဓားကို မက်မောနေကြစဉ်အတွင်း ကျနော်ကမူ အခြားသော ပစ္စည်းများကို ကောက်ယူခဲ့ခြင်း ဖြစ်၏။ လူအများစုမှာ တန်ဖိုးကို မသိကြသောကြောင့် ပစ္စည်းများစွာကို စွန့်ပစ်ခဲ့ကြသည်။ ထိုအထဲတွင် ဒုန်ဂွီဘိုဂမ် ကို ကျနော်စိတ်ဝင်စားခဲ့လေသည်။
အတွင်းဆေးပညာ – အပိုင်း ၄
ပြင်ပဆေးပညာ – အပိုင်း ၄
အထွေထွေရောဂါများ – အပိုင်း ၁၁
ဆေးနည်းများ – အပိုင်း ၃
အပ်စိုက်ကုထုံး – အပိုင်း ၁
မာတိကာ – အပိုင်း ၂
၎င်းသည် အပိုင်း ၂၅ ပိုင်းလုံး စုဆောင်းပြီးမှသာ ပြည့်စုံမည့် ကြယ်အမွေအနှစ် တစ်ခု ဖြစ်၏။
ကံမကောင်းစွာဖြင့် ရှစ်ပိုင်းသာ ကျနော်စုဆောင်းနိုင်ခဲ့သော်လည်း ထိုမျှနှင့်ပင် အာနိသင်ပြရန် လုံလောက်ပေသည်။ ရှစ်ပိုင်းသာ ရှိသော်လည်း ဒုန်ဂွီဘိုဂမ် တွင် အဆင့် S ရှိသော အဆိပ်ဒဏ်ခံနိုင်သည့် ရတနာ၏ အာနိသင်မျိုး ရှိ၏။
[ဒုန်ဂွီဘိုဂမ် - မပြည့်စုံခြင်း ၏ အာနိသင်ကို အသက်သွင်းလိုက်ပါပြီ။]
[သင့်ခန္ဓာကိုယ်သည် ယာယီအားဖြင့် အဆိပ်ဒဏ်ခံနိုင်သော စွမ်းရည်ကို ရရှိသွားပါပြီ။]
တွေဝေသွားသော လီဆောဟွာ က အော်ဟစ်လိုက်၏။
"ဘယ်လိုလုပ်ပြီးလဲ။ ဝိညာဉ်တစ်ထောင်အဆိပ် က..."
"ငါ သိပါတယ်။ ဝိညာဉ်တစ်ထောင်အဆိပ် ဆိုတာ သာမန် အဆိပ်ဒဏ်ခံနိုင်ရည်နဲ့ တားဆီးလို့ မရတဲ့ အဆိပ်မျိုးပဲ။ ဒါပေမဲ့ ဒုန်ဂွီဘိုဂမ် အတွက်တော့ ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတာ မင်း သိလား"
[‘ဂူအမ် နတ်ဆေးဆရာ’ နက္ခတ် က ခပ်ပြုံးပြုံး လုပ်နေပါသည်။]
နက္ခတ်တစ်ခုသည် တုံ့ပြန်သည့်အနေဖြင့် မှေးမှိန်စွာ လင်းလက်လာသည်။
"ဘာလို့လဲဆိုတော့ ဝိညာဉ်တစ်ထောင်အဆိပ် ကို ဖန်တီးခဲ့တဲ့ နက္ခတ်က ဒုန်ဂွီဘိုဂမ် ကို ရေးသားခဲ့တဲ့သူ ဖြစ်လို့ပဲ"
အခန်း (၈၅)
- အပိုင်း (၁၇) - အဆင့် SSS ပါရမီ၊ အပိုင်း (၄)
「 အကြီးမြတ်ဆုံးသော သူတော်စင်သည်ပင် မည်သည့်အချိန်တွင်မဆို အဆိုးဝါးဆုံးသော လူသတ်သမားအဖြစ်သို့ ပြောင်းလဲသွားနိုင်ပေသည်။ 」
ဤသည်မှာ Ways of Survival ဝတ္ထုထဲရှိ ဂူအမ် နတ်ဆေးဆရာ အကြောင်းကို ဖော်ပြထားသော စာကြောင်းတစ်ကြောင်းပင် ဖြစ်သည်။
ဂူအမ် နတ်ဆေးဆရာ ဟီယိုဂျွန်။
Ways of Survival ထဲရှိ မှတ်တမ်းများအရ ဟီယိုဂျွန်သည် သူ၏ နောက်ဆုံးလက်ကျန် နှစ်များတွင် ဆေးပညာထက် အဆိပ်ပညာရပ်၌သာ ပိုမိုအာရုံစိုက်ခဲ့၏။ နောက်ပိုင်းတွင် နက္ခတ်များ ဖြစ်လာကြသည့် အခြားသော မဟာလူသားများကဲ့သို့ပင် ဟီယိုဂျွန်သည်လည်း အမှန်တကယ် သမိုင်းမှတ်တမ်းများထက် ကျော်လွန်သော အဆင့်တစ်ခုသို့ ရောက်ရှိခဲ့လေသည်။
「 "မည်သူ့ကိုမဆို သတ်နိုင်သော အဆိပ်ကို ငါဖော်စပ်နိုင်လျှင်၊ မည်သူ့ကိုမဆို ကယ်တင်နိုင်သော ဆေးလုံးကိုလည်း ငါဖော်စပ်နိုင်ပေလိမ့်မည်။" 」
ဟီယိုဂျွန်သည် ဆွန်းဂျို ဘုရင် နတ်ရွာစံပြီးနောက် ပြည်နှင်ဒဏ်ပေးခြင်း ခံခဲ့ရပြီး သူ၏ နောက်ဆုံး ခုနစ်နှစ်တာကာလကို ဤမေးခွန်းအတွက်သာ မြှုပ်နှံခဲ့သည်။
အဘယ်ကြောင့် အဆိပ်သည် အချို့သောသူများအတွက် ဆေးဖြစ်ပြီး၊ အချို့သောသူများအတွက်မူ အဆိပ်ဖြစ်နေရသနည်း။ သူသည် နောက်ဆုံးလက်ကျန်နှစ်များကိုကျော်ဖြတ်ရင်း တစ်နေ့တွင် သူသည် ဆန်းကြယ်သော အဖြေတစ်ခုကို နောက်ဆုံး၌ ရရှိခဲ့လေသည်။
「 "အဆိပ်၏ အာနိသင်ကို ဆုံးဖြတ်ပေးသည်မှာ ခန္ဓာကိုယ်မဟုတ်ဘဲ ဝိညာဉ်သာလျှင် ဖြစ်ပေသည်။" 」
ဝိညာဉ်ပေါင်း တစ်ထောင်ကို ခွဲခြမ်းစိတ်ဖြာပြီး ဖော်စပ်ထားသော အဆိပ်ပင် ဖြစ်လေသည်။ ထိုရလဒ်မှာ လီဆောဟွာ ၏ ခန္ဓာကိုယ်အတွင်းမှ စီးထွက်နေသော ကောင်းကင်ဘုံ၏ အဆိပ်ဖြစ်သည့် ဝိညာဉ်တစ်ထောင်အဆိပ် ပင် ဖြစ်၏။
ဒုန်ဂွီဘိုဂမ် သည် အမှန်စင်စစ်အားဖြင့် ဝိညာဉ်တစ်ထောင်အဆိပ် ဖော်စပ်ရန် ဟီယိုဂျွန်ကြိုးပမ်းရာတွင် မအောင်မြင်ခဲ့သော အချက်အလက်များကို ရေးသားထားခြင်း ဖြစ်လေသည်။
"ကျိ၊ ကျိ"
ဝိညာဉ်တစ်ထောင်အဆိပ် ကြားမှ ကျနော်ဖြတ်ကျော်ကာ လီဆောဟွာ ကို သနားညှာတာမှုမရှိဘဲ ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
လီဆောဟွာ သည် လေထဲသို့ လွင့်စင်သွား၏။ အကယ်၍ ထိုအမျိုးသမီး၏ အဆိပ်ကိုသာ အသုံးမပြုနိုင်အောင် လုပ်ဆောင်နိုင်ပါက လီဆောဟွာ ကို အနိုင်ယူရန်မှာ မခက်ခဲလှပေ။
ထိုအမျိုးသမီးကို မိစ္ဆာဆယ်ပါး ထဲမှ တစ်ဦးအဖြစ် ကျော်ကြားစေခဲ့သည်မှာ ဝိညာဉ်တစ်ထောင်အဆိပ် ပင် ဖြစ်ချေသည်။ အကယ်၍ ကျနော့်ထံတွင် ဒုန်ဂွီဘိုဂမ် သာ မရှိခဲ့လျှင် ကျနော်သည်လည်း ထိုအမျိုးသမီး၏ ကျော်ကြားမှုအတွက် စတေးမှုသက်သက်သာ ဖြစ်သွားပေလိမ့်မည်...။
ယခုတစ်ကြိမ်တွင်မူ ထိုအမျိုးသမီး၏ ကံတရားမှာ ဆိုးရွားလွန်းလှပေသည်။
[‘ဂူအမ် နတ်ဆေးဆရာ’ နက္ခတ် သည် သင့်ကို စိတ်မကောင်းဖြစ်နေသော အမူအရာဖြင့် ကြည့်နေပါသည်။]
[နက္ခတ် ‘ဂူအမ် နတ်ဆေးဆရာ’ သည် သင် ဤကိစ္စကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းမည်ကို မျှော်လင့်နေပါသည်။]
[ဒင်္ဂါး ၃၀၀ ထောက်ပံ့ပေးလိုက်ပါသည်။]
‘ကပ်ပါးကောင်’ ကူးစက်ခံထားရခြင်းမှာ ဂူအမ် နတ်ဆေးဆရာ ၏ အလိုဆန္ဒနှင့် မသက်ဆိုင်ပေ။ တစ်နည်းအားဖြင့် ဆိုရသော် လီဆောဟွာ ကျနော့်ကို တိုက်ခိုက်နေခြင်းမှာ လီဆောဟွာ ၏ ကိုယ်ပိုင်ဆန္ဒ မဟုတ်ဟုပြော၍ရသည်။
မည်သို့ပင်ဆိုစေကာမူ ဒင်္ဂါး ၃၀၀ ပဲ ထောက်ပံ့ပေးတာကတော့...
[ ‘စီအေအီအီပီ’ နက္ခတ် သည် သင် ဤကိစ္စကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းမည်ကို မျှော်လင့်နေပါသည်။]
[ ‘တရားမျှတမှု၏ ထိပ်ပြောင်စစ်သူကြီး’ နက္ခတ် က သင် အကောင်းဆုံး လုပ်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်နေပါသည်။]
[ဒင်္ဂါး ၃၀၀ ထောက်ပံ့ပေးလိုက်ပါသည်။]
ကျနော်သည် နက္ခတ်များ၏ တုံ့ပြန်မှုများကို လျစ်လျူရှုကာ လီဆောဟွာ ထံသို့ ချဉ်းကပ်သွားလိုက်သည်။ လီဆောဟွာ သည် ကြောက်လန့်တကြားနှင့် မြေပြင်ပေါ်တွင် တွားသွားနေချေသည်။
အဝေးမှ ယူဂျွန်ဟော့ ၏ အကြည့်ကို ကျနော် ခံစားမိနေ၏။ အကယ်၍ လီဆောဟွာ သာ ဤနေရာတွင် သေဆုံးသွားခဲ့ပါက ယူဂျွန်ဟော့ သည် အလွန်အမင်း စိတ်ထိခိုက်သွားပေလိမ့်မည်။
လဲကျနေသော လီဆောဟွာ ကို ကြည့်ကာ ကျနော်ပြောလိုက်၏။
"ဟေ့"
အတိအကျ ပြောရလျှင် ထိုအမျိုးသမီး၏ အတွင်းရှိ ကပ်ပါးကောင် အန်တီနပ်စ် ကို ပြောလိုက်ခြင်း ဖြစ်သည်။
"မင်း အပြင်ထွက်လာရင် ကောင်းလိမ့်မယ်"
"ကျိ"
"အခုထိ မနောက်ကျသေးဘူး။ လမ်းပြသူတစ်ယောက်အနေနဲ့ မင်းရဲ့ တာဝန်တွေကို ပြန်ပြီး လုပ်ဆောင်ပါ။ လူတွေကို စွမ်းရည်တွေ သင်ကြားပေးပြီး သူတို့နဲ့ သင့်တင့်အောင် နေထိုင်စမ်းပါ"
"..."
"မင်းသာ ကြိုးစားမယ်ဆိုရင် တစ်နေ့မှာ နက္ခတ်တစ်ခု ဖြစ်လာနိုင်တာပဲ မဟုတ်လား"
ကပ်ပါးဘုရင်မ အန်တီနပ်စ် သည် အားကောင်းသော သူရဲကောင်းတစ်ယောက် ဖြစ်သည်။
အန်တီနပ်စ် သည် ဖြစ်နိုင်စွမ်း များ၏ ကန့်သတ်ချက်များကြောင့် စွမ်းအားအားလုံးကို အသုံးမပြုနိုင်ခြင်း ဖြစ်သည်။ အကယ်၍ အန်တီနပ်စ်သာ ‘လမ်းပြသူ’ အဖြစ် ဆက်လက်တည်ရှိပြီး သမိုင်းကြောင်းများကို စုဆောင်းသွားမည်ဆိုပါက နက္ခတ်တစ်ခု ဖြစ်လာရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ချေ။
"နင်တို့ လူသားတွေကို... ငါ မုန်းတယ်..."
ပြဿနာမှာ အန်တီနပ်စ် သည် လူသားများကို ရန်သူအဖြစ် သတ်မှတ်ထားခြင်းပင် ဖြစ်၏။ ထိုစိတ်မှာ မဖြေဖျောက်နိုင်သော ရန်ငြိုးပင် ဖြစ်သည်။ မကြာခဏဆိုသလို တုန်ခါနေသော ကပ်ဘေးဥက္ကာခဲကို ကျနော်လှမ်းကြည့်လိုက်သည်။
"မင်းရဲ့ ကမ္ဘာကြီး ပျက်စီးသွားတဲ့အတွက် ငါ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ဒီကမ္ဘာကြီးကိုရော ဖျက်ဆီးဖို့ လိုအပ်လို့လား။ ဒီနေရာမှာလည်း ထပ်တူညီတဲ့ ကြေကွဲစရာ ဖြစ်ရပ်မျိုးကို ထပ်ပြီး ဖန်တီးတော့မလို့လား"
"...နင်တို့ အားလုံး သေရလိမ့်မယ်"
ပြုံးနေသော အန်တီနပ်စ် ကို ကြည့်ကာ ကျနော် သက်ပြင်းချလိုက်မိပေသည်။ အကယ်၍ အန်တီနပ်စ် ကိုယ်တိုင် အပြင်သို့ ထွက်မလာပါက အတင်းအကျပ် ကျနော် ထုတ်ပစ်ရပေလိမ့်မည်။
အမှန်စင်စစ် ဤနည်းလမ်းကို ကျနော်မသုံးချင်ပေ။ ထိုသို့မသုံးရခြင်းမှာ လီဆောဟွာ ခံစားရမည့် နာကျင်မှုကြောင့်သာမကဘဲ အန်တီနပ်စ် ခန္ဓာကိုယ်ထဲမှ ထွက်လာပြီးနောက် အန်တီနပ်စ် ကို ကိုင်တွယ်ဖြေရှင်းရမည့် ဝန်ထုပ်ဝန်ပိုးကို မလိုချင်သောကြောင့်လည်း ဖြစ်ပေသည်။
ကောင်းကင်ယံသို့ ကျနော်မော့ကြည့်လိုက်၏။ ကိုရီးယားကျွန်းဆွယ်၏ နက္ခတ်များ။ ယခင်တစ်ကြိမ်က ၎င်းတို့ကို အကြွေးတင်ခဲ့ဖူးသောကြောင့် ယခုတစ်ကြိမ်တွင်မူ ကျနော်က အလျှော့ပေးလိုက်ရပေမည်။
[ဒုန်ဂွီဘိုဂမ် – မပြည့်စုံခြင်း ၏ အထူးစွမ်းရည်ကို အသက်သွင်းလိုက်ပါပြီ။]
[ဒုန်ဂွီဘိုဂမ် – မပြည့်စုံခြင်း သည် အရှေ့တိုင်းဆေးပညာ၏ အနှစ်သာရကို သင့်ထံသို့ ပို့လွှတ်ပေးလိုက်ပါပြီ။]
ကျနော့်ထံတွင် ရှိသည်မှာ ဒုန်ဂွီဘိုဂမ် ၏ မပြည့်စုံသော ဗားရှင်းသာ ဖြစ်သောကြောင့် ပြင်းထန်သော အဆိပ်ကို ဖော်စပ်ခြင်း သို့မဟုတ် သေအံ့ဆဲဆဲလူကို ကယ်တင်ခြင်းကဲ့သို့သော အံ့ဖွယ်အမှုများကို မလုပ်ဆောင်နိုင်ပေ။ သို့သော်လည်း ရိုးရှင်းသော ကုသမှုများကိုမူ ပြုလုပ်နိုင်လေသည်။
ဥပမာအားဖြင့်ဆိုသော် ခန္ဓာကိုယ်အတွင်းမှ ကပ်ပါးကောင်ကို ထုတ်ပစ်ခြင်းမျိုးပင် ဖြစ်၏။
ကုသမှုကိုချောချောမွေ့မွေ့လုပ်နိုင်ဖို့အတွက် ထိုအမျိုးသမီး၏ ခန္ဓာကိုယ်ကို ချုပ်နှောင်ထားရန် လိုအပ်ပေရာ လီဆောဟွာ ၏ လက်မောင်းများကို အနောက်မှနေ၍ ကျနော်ချုပ်ကိုင်ပြီး မြေပြင်ပေါ်သို့ ဖိထားလိုက်သည်။ အထင်အမြင်လွဲမှားစေနိုင်သော အနေအထားမျိုး ဖြစ်သော်လည်း ထိုအမျိုးသမီး၏ သတိစိတ်မှာ ခန္ဓာကိုယ်အတွင်း၌ နက်ရှိုင်းစွာ မြုပ်နှံနေချေပြီ။
ကျနော်သာ အရူးတစ်ယောက်မဟုတ်လျှင် ယူဂျွန်ဟော့ ၏ ချစ်သူဟောင်းကို အကြောင်းမရှိဘဲ သွားရောက် ထိပါးမည်မဟုတ်ကြောင်းမှာ သေချာသည်။ အထူးသဖြင့် ယူဂျွန်ဟော့ ၏ မျက်စိရှေ့တွင်ပင် ဖြစ်၏။
[သီးသန့်စွမ်းရည် ‘အချက်အခြာနေရာကို ထိမှန်ခြင်း အဆင့် ၂’ ကို အသက်သွင်းလိုက်ပါပြီ။]
လီဆောဟွာ ၏ ခန္ဓာကိုယ်ပေါ်ရှိ မတူညီသော အချက်အခြာနေရာများကို ကျနော်စတင်ဖိနှိပ်လိုက်သည်။ မကြာမီမှာပင် ထိုအမျိုးသမီး၏ အရေပြားမှာ နီမြန်းလာပြီး တုံ့ပြန်မှုရှိသော သွေးကြောအတွင်းသို့ မှော်စွမ်းအင်ဖြင့် ပြုလုပ်ထားသော အပ်တစ်ချောင်းကို စိုက်သွင်းလိုက်၏။ ဤသည်မှာ ကျနော့်အတွက် ပထမဆုံးအကြိမ် လုပ်ဆောင်ခြင်းဖြစ်ရာ အောင်မြင်မလားဆိုသည်ကို မသိနိုင်ပေ။
"ကျိ။ နာတယ်။ နာလိုက်တာ။ အားးးး"
လီဆောဟွာ သည် ကျယ်လောင်စွာ ဟိန်းဟောက်နေချေသည်။ လီဆောဟွာကို လျစ်လျူရှုကာ အချက်အခြာနေရာများကိုသာ ကျနကျနော် ဆက်တိုက် ဖိနှိပ်နေလိုက်၏။
"ကျိ! ကျိ! အားးးး"
ထို့နောက် လီဆောဟွာ ၏ အော်ဟစ်သံမှာ တဖြည်းဖြည်း ပြောင်းလဲလာသည်။ ပိုးကောင်တစ်ကောင်၏ အသံမှ လူသားတစ်ယောက်၏ အသံသို့ ပြောင်းလဲသွားခြင်းပင် ဖြစ်၏။
အရှေ့တိုင်းဆေးပညာကို အသုံးပြု၍ ခန္ဓာကိုယ်အတွင်းမှ ကပ်ပါးကောင်ကို ဖယ်ရှားခြင်းမှာ အလွန်ပင် ဆန်းကြယ်လှသည်။ ယခုအချိန်ထိ အနောက်တိုင်းဆေးပညာကိုသာ အားကိုးလာခဲ့သော လူတစ်ယောက်က ယခုအခါ အရှေ့တိုင်းဆေးပညာကို ကျင့်သုံးနေရသဖြင့် ကျနော် အနည်းငယ် ရှက်ရွံ့မိလေသည်။
[အရှေ့တိုင်းဆေးပညာ၏ အနှစ်သာရမှာ ထိရောက်မှု ရှိနေပါပြီ။]
[‘ဂူအမ် နတ်ဆေးဆရာ’ နက္ခတ် သည် သင့်ကို နွေးထွေးသော အမူအရာဖြင့် ကြည့်နေပါသည်။]
လီဆောဟွာ အသက်ပြင်းပြင်း ရှူနေစဉ်အတွင်း ကျနော် မတ်တတ်ထရပ်လိုက်၏။
အဆိပ်များ ထွက်ရှိရာ ထိုအမျိုးသမီး၏ ခန္ဓာကိုယ်အတွင်းရှိ ပြန်ရည်ကြောများမှ အဝါရောင် အကျိအချွဲများ စီးထွက်လာသည်။ ထိုအကျိအချွဲများမှာ ကပ်ပါးကောင်၏ ပင်မခန္ဓာကိုယ်ပင် ဖြစ်ချေသည်။
"အ... အု..."
ဤအခြေအနေမှာ နက္ခတ်များကို ကျေနပ်စေလိမ့်မည် ဖြစ်သည်။
[‘ဂူအမ် နတ်ဆေးဆရာ’ နက္ခတ် က သင်၏ ကောင်းမှုအတွက် ကျေးဇူးတင်ရှိနေပါသည်။]
[ဒင်္ဂါး ၅၀၀ ထောက်ပံ့ပေးလိုက်ပါသည်။]
လီဆောဟွာ ၏ မျက်ဝန်းများမှာ ဖြည်းဖြည်းချင်း ပွင့်လာလေသည်။ လီဆောဟွာ၏ မျက်ဝန်းများအတွင်းသို့ အသိစိတ် ပြန်လည်ရောက်ရှိလာသော်လည်း အာရုံစူးစိုက်မှုကတော့ မရှိသေးပေ။
ကုသမှုအောင်မြင်ခဲ့ခြင်းမှာ ကပ်ပါးကောင်၏ ကူးစက်ခြင်းကို ခံခဲ့ရသည်က မကြာသေးသောကြောင့် ဖြစ်သည်။ လီဆောဟွာ၏ အာရုံငါးပါးမှာ တစ်ဝက်တစ်ပျက် သေဆုံးနေသကဲ့သို့ ဖြစ်နေသောကြောင့် ယခုအချိန်တွင် ကျနော့်မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နိုင်လိမ့်မည် မဟုတ်ချေ။
"ရှင်... ရှင်က ဘယ်သူလဲ"
ဤမေးခွန်းကို ကျနော် ဖြေလိုက်ပါက ဖြစ်ပေါ်လာမည့် ဖြစ်ရပ်များကို ကျနော် ကောင်းစွာ သိရှိပေသည်။ အခြားသော အပိုင်းများတွင် ယူဂျွန်ဟော့ က လီဆောဟွာ ကို ကယ်တင်ခဲ့စဉ်ကလည်း အလားတူပင် ဖြစ်ခဲ့၏။ အရေးကြီးသည်က ကျနော် မည်သူမည်ဝါဖြစ်ကြောင်း မဟုတ်ပေ။
"ကျနော့်ကို ယူဂျွန်ဟော့ က လွှတ်လိုက်တာပါ"
– ကင်ဒေါ့ဂျာ။ မလိုအပ်တာတွေ မလုပ်နဲ့။
ယူဂျွန်ဟော့ ၏ ဒေါသထွက်နေသော အသံမှာ ကျနော့်နားထဲသို့ ထိုးဖောက်ဝင်ရောက်လာပေသည်။ လီဆောဟွာ ၏ အမူအရာမှာ ပြောင်းလဲသွား၏။
"...ယူဂျွန်ဟော့ဟုတ်လား။ အဲဒါ ဘယ်သူလဲ"
"မကြာခင် သိရပါလိမ့်မယ်"
‘အဆိပ်ခတ်သူ’ လီဆောဟွာ သည် ယူဂျွန်ဟော့ ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာရပေလိမ့်မည်။
ပရောဟိတ်များ ပေါ်လာပြီး ‘အကြွင်းမဲ့ပလ္လင်’ ပျက်စီးသွားပြီးနောက်တွင် ဤကမ္ဘာကြီး၏ အခြေအနေသည် ကျနော် သိထားသောအရာများမှ ဖြည်းဖြည်းချင်း ပြောင်းလဲလာပေသည်။
မူရင်းဝတ္ထု၏ အမှားများကို ပြုပြင်ရန် ခက်ခဲသကဲ့သို့ ကျနော် မသိရှိသော အနာဂတ်ကို မြင်တွေ့ရရန်မှာလည်း ခက်ခဲလှ၏။ ထို့ကြောင့် အရေးကြီးသော ဖြစ်ရပ်များကို တိုက်ရိုက် ကိုင်တွယ်ဖြေရှင်းပြီး ဟန်ချက်ညီအောင် ထိန်းညှိရန် လိုအပ်ပေသည်။ အချို့အရာများမှာ မူရင်းအတိုင်း စီးဆင်းနေသော်လည်း အချို့မှာမူ ကွဲပြားစွာ စီးဆင်းနေကြ၏။
အခြေအနေအတက်အကျများ ရှိခဲ့သော်လည်း ဤ ‘အပိုင်း’ သည် ကျနော် စဉ်းစားထားသော စံပြအနေအထားသို့ ချဉ်းကပ်လာနေပြီဟု ကျနော် ယူဆသည်။ ထို့ပြင် ‘အဆိပ်ခတ်သူ’... မဟုတ်သေးပေ၊ ‘မသေနိုင်သော ဆရာဝန်’ လီဆောဟွာ သည် ဤအနေအထား၏ အကြီးကျယ်ဆုံးသော အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်၏။
"ကင်ဒေါ့ဂျာ၊ ဒီဘက်မှာ ပြီးသွားပြီ"
ကျနော် နောက်သို့ လှည့်ကြည့်လိုက်သောအခါ ဟန်ဆိုယောင်း နှင့် ယူဆန်းအာ တို့ ဤဘက်သို့ လျှောက်လာသည်ကို မြင်လိုက်ရသည်။ အံ့ဩစရာပင်။ သူတို့နှစ်ယောက်က ထိုမျှလောက်များပြားသော လူအုပ်ကြီးကို အပြတ်ရှင်းခဲ့ကြသည်လော။
‘အဆိပ်ခတ်သူ’ မရှိတော့သော အခြေအနေမျိုး ဖြစ်နိုင်သော်လည်း ၎င်းတို့မှာ ‘အဆိပ်ခတ်သူ၏ အဖွဲ့’ ပင် မဟုတ်ပေလော...။
မူလအစီအစဉ်မှာ အဓိပ္ပာယ်မရှိတော့ပေ။ သူတို့နှစ်ယောက်၏ စွမ်းအားမှာ လီဂျီဟယ် ၏ ‘တစ္ဆေစစ်သင်္ဘောအုပ်စု’ နှင့် ဂုံဖီဒူ ၏ ‘လက်နက်ဇုန်’ တို့နှင့်ပင် နှိုင်းယှဉ်နိုင်လောက်ပေသည်။
"နေဦး၊ ဒီဘက်ကို မလာကြနဲ့"
ကျနော် သူတို့၏ လှုပ်ရှားမှုများကို တားဆီးလိုက်ရသည်။ အကယ်၍ သူတို့တွင် ကူးစက်မှုကို ခံနိုင်ရည်ရှိသော စွမ်းအား မရှိပါက အခြေအနေမှာ ခက်ခဲသွားနိုင်ပေသည်။ ဤတိုက်ပွဲမှာ မပြီးဆုံးသေးချေ။
ကျိ... လူသား...
လီဆောဟွာ ၏ ခန္ဓာကိုယ်ထဲမှ ထွက်လာသော အကျိအချွဲများသည် လေထုအတွင်းရှိ တစ်နေရာ၌ အလုံးလိုက် စုစည်းသွားကြသည်။
ကပ်ပါးဘုရင်မ အန်တီနပ်စ်သည် ဝင်ပူးခံခန္ဓာကိုယ်အတွင်း၌ ရှိနေချိန်တွင် ကြောက်မက်ဖွယ်ကောင်းသည်က မှန်သော်လည်း၊ ဝင်ပူးခံမည့်သူမရှိသော အခြေအနေတွင်မူ ပို၍ပင် ကြောက်စရာကောင်းလေသည်။
ထိုအကျိအချွဲများသည် ပိုးကောင်ငယ်လေးတစ်ကောင်ကဲ့သို့ လှုပ်ရှားလျက် ပုံသဏ္ဌာန်တစ်ခုအဖြစ်သို့ ပြောင်းလဲလာသည်။ ထိုပုံသဏ္ဍာန်မှာ နှစ်ပေါင်းများစွာ စုပ်ယူခဲ့သော အာဟာရဓာတ်များဖြင့် တည်ဆောက်ထားသည့် ခန္ဓာကိုယ်ပင် ဖြစ်ချေသည်။ လှပသော ခန္ဓာကိုယ်အကွေးအကောက်များနှင့် ခိုင်မာသော ကြွက်သားများရှိသည့် ခန္ဓာကိုယ်တစ်ခု ဖြစ်၏။
ထိုခန္ဓာကိုယ်ထံတွင် ဓါးခုတ်ကောင် ကဲ့သို့သော အတောင်ပံများနှင့် ကင်းမြီးကောက်နှင့်တူသော အမြီးတစ်ခု ရှိသည်။ မျက်နှာမှလွဲလျှင် ကျန်ခန္ဓာကိုယ်တစ်ခုလုံးကို ပိုးကောင်ခွံများဖြင့် ဖုံးအုပ်ထားသော်လည်း ပိုးကောင်တစ်ကောင်ထက်စာလျှင် ခြေနှစ်ချောင်းဖြင့် သွားလာနိုင်သော သတ္တဝါတစ်ကောင်နှင့် ပို၍တူပေသည်။
တိုက်ပွဲ အစစ်အမှန် မှာ ယခုမှ စတင်ခြင်းပင် ဖြစ်တော့သည်။
"ကူးစက်မခံရခင် အဝေးကို ပြေးကြတော့"
ထက်မြက်လှသော အမြီးသည် ကျနော့် ဝမ်းဗိုက်ဆီသို့ ဦးတည်လာတော့သည်။
[ဒုန်ဂွီဘိုဂမ် – မပြည့်စုံခြင်း ၏ အာနိသင်ကို အသက်သွင်းလိုက်ပါပြီ။]
[သင့်ခန္ဓာကိုယ်သည် ကပ်ပါးကောင် ကူးစက်ခြင်းမှ ကင်းဝေးသွားပါပြီ။]
ကျနော့်တွင် လျှင်မြန်မှု အဆင့် ၅၀ ကျော် ရှိသော်လည်း မရှောင်တိမ်းနိုင်လောက်အောင်ပင် ထိုတိုက်ကွက်မှာ မြန်ဆန်လွန်းလှသည်။ အမြီးသည် ကျနော့်ကို မထိုးဖောက်မီမှာပင် အမြီးကို ကျနော်အနိုင်နိုင် ဖမ်းဆီးလိုက်၏။ သို့ပေသိ အကယ်၍သာ ထိမှန်သွားခဲ့လျှင် ကျနော့်ဝမ်းဗိုက်တွင် အပေါက်ကြီးတစ်ခု ဖြစ်သွားမှာ သေချာလေသည်။
ကျိ။
အရီယက်ဒ်နီ သည် အမြီးကို ကျနော်ကိုင်ထားသည်အား အခွင့်ကောင်းယူကာ ကျနော့်ထံသို့ ပျံသန်းလာပြီး တိုက်ခိုက်လိုက်သည်။ မြေပြင်ပေါ်သို့ ကျနော်လွင့်စင်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်သော နာကျင်မှုများဖြင့် ပြည့်နှက်သွားရ၏။
အားကောင်းလှချေသည်။ အရီယက်ဒ်နီသည် ဝင်ပူးခံခန္ဓာကိုယ်ထဲတွင် မရှိသောအခါ ပို၍ပင် အစွမ်းထက်လာသည်။ အရီယက်ဒ်နီ ၏ ပင်မခန္ဓာကိုယ်မှာ ပဉ္စမအဆင့် ပိုးကောင်ဘုရင် မျိုးစိတ်တစ်ခုနှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။
အန်တီနပ်စ် သည် သူ၏ တိုက်ခိုက်ရေးစွမ်းအားကို ထုတ်ဖော်လိုက်သည်နှင့် ၎င်းစွမ်းအားမှာ ကျနော် ယခင်က သတ်ခဲ့ဖူးသော အင်အားချည့်နဲ့နေသည့် မီးနဂါးနှင့် အဆင့်အတူတူပင် ဖြစ်သွားတော့သည်။
အရီယက်ဒ်နီ၏ ကမ္ဘာကြီး ပျက်စီးသွားခဲ့သော်လည်း အရီယက်ဒ်နီ မှာ သူ့ကမ္ဘာ၏ သူရဲကောင်းတစ်ဦးပင် မဟုတ်ပေလော။ အရီယက်ဒ်နီ သည် အဝါရောင်ဥက္ကာခဲထဲမှ ထွက်ပေါ်လာသော လိုင်ခါယွန် ကဲ့သို့ပင် အစွမ်းထက်လှ၏။
သို့သော် ဤသည်မှာ ကျနော့်အတွက် အခွင့်အရေး လုံးဝမရှိဟု မဆိုလိုပေ။
ပဉ္စမမြောက် ဇာတ်ဝင်ခန်း မပြီးဆုံးမီ ‘လမ်းပြသူ’ တစ်ယောက်က ယခုကဲ့သို့ အုတ်အော်သောင်းနင်းဖြစ်အောင်လုပ်ဆောင်ခြင်း မှာ ဇာတ်ဝင်ခန်း စည်းမျဉ်းများကို သိသိသာသာ ချိုးဖောက်ခြင်းပင် ဖြစ်သည်။ အရီယက်ဒ်နီသည် လူအနည်းငယ်ကို သတ်ဖြတ်ခြင်းသာမက ကပ်ဘေးကြီးကိုပင် အသက်သွင်းရန် ကြိုးစားခဲ့ခြင်းဖြစ်ရာ အရီယက်ဒ်နီ ၏ ဖြစ်နိုင်စွမ်းကို စွန့်လွှတ်လိုက်ခြင်းပင် ဖြစ်တော့သည်။
ဖြစ်နိုင်စွမ်း မုန်တိုင်း၏ လက္ခဏာများသည် အန်တီနပ်စ် ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာနေပြီ ဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ ကျနော် တိုက်ခိုက်ခြင်း မပြုလျှင်ပင် အရီယက်ဒ်နီ ၏ ခန္ဓာကိုယ် ပြိုလဲမှုမှာ မြန်ဆန်လာပေလိမ့်မည်။ အကယ်၍ ကျနော်ကသာ အချိန်ဆွဲနိုင်မည်ဆိုလျှင် ဤသည်မှာ ကျနော် အနိုင်ရနိုင်သော တိုက်ပွဲပင် ဖြစ်ချေသည်။
ကျွိးးးးးး
ပြဿနာမှာ မပြီးဆုံးမီအထိ ကျနော် အချိန်မည်မျှ ဆွဲနိုင်မည်နည်း ဟူသော အချက်ပင် ဖြစ်၏။ ထိုအချိန်မှာပင် အီမြွန်တာကာကွယ်ရေးရတနာ သည် စတင်တုန်ခါလာပေသည်။
ဪ... ဟုတ်သားပဲ။ ဒါ ရှိသေးတာပဲ။
နာကျင်နေသော ခန္ဓာကိုယ်ကို ထိန်းကာ အရီယက်ဒ်နီ ကို ကျနော် စကားပြောလိုက်၏။
"မင်းကို အားနာပေမဲ့ မင်းရဲ့ ပြိုင်ဘက်က ငါ မဟုတ်ဘူး"
ကျနော် စကားပြောလိုက်သည်နှင့် ငွေရောင်အလင်းတန်းတစ်ခုသည် ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး အသံထက်မြက်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။ ခံ့ညားလှသော လည်ဆံမွေးများသည် လေထဲတွင် လွင့်စင်နေပြီး ပြင်းထန်သော ဟိန်းဟောက်သံနှင့်အတူ ကျနော့်ရှေ့သို့ တစ်စုံတစ်ခု ဆင်းသက်လာ၏။ ထိုသတ္တဝါမှာ အရပ်အမြင့် သုံးမီတာကျော် ရှိလေသည်။
အီမြွန်တာ မျိုးနွယ်၏ မင်းသား လိုင်ခါယွန် သည် မတ်တတ်ရပ်လိုက်၏။
"နှောင့်နှေးသွားတဲ့အတွက် တောင်းပန်ပါတယ်၊ ကာကွယ်စောင့်ရှောက်သူ"
အခန်း (၈၆)
- အပိုင်း (၁၇) - အဆင့် SSS ပါရမီ၊ အပိုင်း (၅)
အီမြွန်တာ မျိုးနွယ်၏ မင်းသား လိုင်ခါယွန် သည် ကျနော့်ကို အရိုအသေပေးပြီးနောက် အန်တီနပ်စ် ထံသို့ ချက်ချင်း လှည့်ကြည့်လိုက်၏။ အခြားကမ္ဘာမှ မျိုးစိတ်များသည် တစ်ဦးနှင့်တစ်ဦး မိတ်ဆွေများ ဖြစ်ကြသောကြောင့် ကျနော် လုံးဝ စိတ်မချရသေးချေ။
"အန်တီနပ်စ်"
"လိုင်ခါယွန်..."
"ဒါတွေက ဘာဖြစ်နေတာလဲ"
ကပ်ပါးကောင်များ၏ ဘုရင်မသည် ရယ်မောလိုက်ရုံ လုပ်နေလေ၏။
"မင်းရဲ့ တာဝန်ကို မေ့သွားပြီလား။ ဘာလို့ ဒီကမ္ဘာက လူသားတွေကို တိုက်ခိုက်နေရတာလဲ"
"ကျိကျိ၊ တာဝန် ဟုတ်လား။ အဲဒီလိုမျိုး ရှိခဲ့လို့လား"
အန်တီနပ်စ် ၏ လှောင်ပြောင်သော လေသံကြောင့် လိုင်ခါယွန် ၏ အမူအရာမှာ ခိုင်မာပြတ်သားလာ၏။
"ငါတို့က ‘လမ်းပြသူတွေ’ ပဲ။ ရောက်ရှိလာတော့မယ့် ကပ်ဘေးတွေကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတဲ့ မှန်ကန်တဲ့ နည်းလမ်းကို အခြားကမ္ဘာက လူတွေကို ပြောပြပေးရမယ့်သူတွေကွ"
"နင်ကတော့ ဒိုကဲဘီတွေရဲ့ ပြုစားတာကို ခံလိုက်ရပြီပဲ။ နိုးထစမ်းပါ လိုင်ခါယွန်"
"နိုးထရမှာက မင်းပဲ အန်တီနပ်စ်"
လိုင်ခါယွန် ၏ အသံမှာ ဒေါသများဖြင့် ပြည့်နှက်နေ၏။
"ခရိုနော့စ် စစ်သည်တော်တွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို မင်း မေ့သွားပြီလား။ အုပ်ချုပ်သူ မျိုးစိတ်ငါးမျိုး ပျက်စီးသွားခဲ့တဲ့ အချိန်ကို မင်း မေ့သွားပြီလား။ ငါတို့က ဒီနေရာမှာ ကပ်ဘေးတွေကို တားဆီးဖို့ ရောက်နေတာ။ ဒီကမ္ဘာက မျိုးစိတ်တွေနဲ့ ပူးပေါင်းပြီး ကမ္ဘာမြေသွင်ပြင် ပြောင်းလဲမှု လုပ်ထားတဲ့ ဂြိုဟ်ကို ကာကွယ်ရမယ်၊ ပြီးတော့ ခရိုနော့စ်ရဲ့ ယဉ်ကျေးမှုကို ဒီကမ္ဘာမှာ ပြန်လည် တည်ဆောက်ရမယ်။ ဒါက ငါတို့ရဲ့ မြင့်မြတ်တဲ့ တာဝန်ပဲ"
ခရိုနော့စ် ယဉ်ကျေးမှုကို ပြန်လည်တည်ဆောက်ခြင်း။ အန်တီနပ်စ်သည် ဆက်၍ မရယ်မောတော့ပေ။
"လိုင်ခါယွန်၊ အဲဒါက မဖြစ်နိုင်ဘူး။ ဒီဂြိုဟ်က ပျက်စီးသွားလိမ့်မယ်။ ဒါက ဇာတ်ဝင်ခန်းရဲ့ ကံကြမ္မာပဲ"
"မဟုတ်ဘူး၊ ဒီတစ်ကြိမ်မှာတော့ ကွဲပြားလိမ့်မယ်"
လိုင်ခါယွန် က ကျနော့်ကို လှမ်းကြည့်လိုက်၏။
"ကာကွယ်စောင့်ရှောက်သူက ကပ်ဘေးအားလုံး မနိုးထခင်မှာ ကပ်ဘေးတစ်ခုကို တားဆီးခဲ့ပြီးပြီ။ သက်သေအနေနဲ့ ငါ့လူမျိုးရဲ့ ချိပ်တံဆိပ်က သူ့ဆီမှာ ရှိတယ်။ ပျက်စီးခြင်းကို တားဆီးနိုင်မယ့် နည်းလမ်း ရှိကောင်းရှိနိုင်မှာပါ"
"အဲဒါက အားနည်းနေတဲ့ ကပ်ဘေးမို့လို့ပါ၊ ငါတို့ဆိုရင်လည်း အချိန်မရွေး တားဆီးနိုင်တာပဲ"
"ကမ္ဘာမြေက အခုမှ ပဉ္စမမြောက် ဇာတ်ဝင်ခန်းပဲ ရှိသေးတယ်။ ပဉ္စမမြောက် ဇာတ်ဝင်ခန်း မစခင်မှာ ကပ်ဘေးကို တားဆီးနိုင်ခဲ့တဲ့ ဂြိုဟ်ဆိုတာ မရှိဘူး။ စဉ်းစားစမ်းပါ အန်တီနပ်စ်။ ဒီဂြိုဟ်အတွက် မျှော်လင့်ချက် ရှိပါသေးတယ်"
အန်တီနပ်စ် ၏ မျက်လုံးများမှာ ဖြည်းဖြည်းချင်း မှိတ်တုတ်မှိတ်တုတ် ဖြစ်သွား၏။ အန်တီနပ်စ်၏ အတွင်း၌ ပိုးကောင်တစ်ကောင်၏ အော်ဟစ်သံမှာ ဆူပွက်နေချေသည်။ အန်တီနပ်စ် ၏ ဟစ်အော်သံမှာ ဒေါသများဖြင့် ပြည့်နှက်နေ၏။
"အရမ်း မာနမကြီးစမ်းနဲ့။ နင်က ကပ်ဘေးကို တားဆီးဖို့ ဒီကို ရောက်လာတာလား။ တကယ်လို့ သူတို့ကို ကူညီချင်တယ်ဆိုရင်၊ ကပ်ဘေးရဲ့ ပန်းတိုင်က ‘ကမ္ဘာမြေ’ လို့ သတ်မှတ်ခံရကတည်းက နင် ဘာလို့ မစခဲ့တာလဲ"
"အဲဒါက..."
ဟန်ဆိုယောင်းသည် သူတို့၏ စကားများကို နားထောင်နေရင်း ကျနော့်ထံသို့ တိတ်တိတ်လေး ချဉ်းကပ်လာ၏။
"ဒီကောင်တွေ အခု ဘာတွေ ပြောနေကြတာလဲ"
ဟန်ဆိုယောင်းသည် ဤဇာတ်ဝင်ခန်း၏ အသေးစိတ် အချက်အလက်များကို မသိရှိချေ။ လမ်းပြသူများသည် မူရင်းဝတ္ထု၏ တတိယနှင့် စတုတ္ထအကြိမ် နောက်ပြန်ဆုတ်ခြင်းများတွင် ယခုကဲ့သို့ နက်နက်ရှိုင်းရှိုင်း ပြောဆိုခြင်းမျိုး မရှိခဲ့ပေ။ ယခုမူ သူတို့သည် ဝေဝါးသောအရာများကို ပြောဆိုနေကြချေသည်။
အန်တီနပ်စ် က ဆက်၍ ပြော၏။
"လိုင်ခါယွန်။ နင်က ငါနဲ့ အတူတူပါပဲ။ ငါတို့က ဒီဂြိုဟ်ကို ကပ်ကမ္ဘာအတွက် လက်စားချေဖို့ ရောက်လာတာ။ ငါတို့ဆီ ကပ်ဘေးကြီး သယ်ဆောင်လာပေးခဲ့တဲ့သူတွေကို ဒီကပ်ဘေးအတိုင်း ငါတို့ ပြန်ပြီး ပေးဆပ်ရမယ်"
"မင်း အဲဒီလို လုပ်ရင် မင်း သေလိမ့်မယ်။ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု ရဲ့ ဖြစ်နိုင်စွမ်း က ဆန့်ကျင်တဲ့ ‘လမ်းပြသူ’ ကို ခွင့်လွှတ်မှာ မဟုတ်ဘူး"
အန်တီနပ်စ် က ရယ်မောလိုက်၏။
"လိုင်ခါယွန်၊ ငါက ငါ့လူမျိုးတွေနဲ့အတူ ခရိုနော့စ် မှာကတည်းက သေဆုံးခဲ့ပြီးသား"
"...အဓိပ္ပာယ်မရှိလိုက်တာ"
လိုင်ခါယွန် က သူ၏ အစွယ်များကို ထုတ်ပြလိုက်၏။
"အန်တီနပ်စ်။ စကားပြောတာ ဒီမှာတင် ရပ်ကြရအောင်"
"ကျိကျိကျိ။ လိုင်ခါယွန်။ သနားစရာကောင်းတဲ့ အီမြွန်တာ ဝံပုလွေလေး။ ခရိုနော့စ်ရဲ့ သမိုင်းကြောင်းကို နင် မေ့သွားပြီလား။ ဝံပုလွေက ပိုးကောင်တွေကို တစ်ခါမှ နိုင်ခဲ့ဖူးတာမဟုတ်ဘူး"
ဝံပုလွေမင်းသားနှင့် ကပ်ပါးဘုရင်မတို့အကြား တိုက်ပွဲ စတင်လေတော့သည်။
ဂွီးးးး
လိုင်ခါယွန် က ဟိန်းဟောက်လိုက်၏။ ပတ်ဝန်းကျင် လေထု၏ စီးဆင်းမှုမှာ ပြောင်းလဲသွားချေသည်။ လေအချို့မှာ မြန်ဆန်နေပြီး အချို့မှာမူ နှေးကွေးနေ၏။ တစ်ခါတစ်ရံတွင် လေငြိမ်သက်နေသော်လည်း တစ်ခါတစ်ရံတွင်မူ ပြင်းထန်သော လေပြင်းများ တိုက်ခတ်နေ၏။
"ငါက မင်းသိထားတဲ့ အီမြွန်တာ မဟုတ်တော့ဘူး"
ပတ်ဝန်းကျင်ရှိ လေပြင်းများက အန်တီနပ်စ် ကို ဖိနှိပ်လာချေသည်။ လိုင်ခါယွန် သည် နောက်တစ်ဆင့်သို့ တိုးတက်ပြောင်းလဲသွားသော သူ၏ ‘လေ၏လမ်းစဉ်’ ကို နောက်ဆုံးတွင် ထုတ်ဖော်ပြသလိုက်ချေပြီ။
"ကျိ... စိတ်ဝင်စားစရာပဲ။ နင့်ရဲ့ ‘လမ်းစဉ်’ က ဘယ်လောက်အထိ တိုးတက်လာသလဲဆိုတာ ငါ စစ်ဆေးကြည့်ရတာပေါ့"
အန်တီနပ်စ် က ပထမဦးဆုံး လှုပ်ရှားလိုက်၏။ ‘လေ၏လမ်းစဉ်’ ကြောင့် ဖြစ်ပေါ်လာသော လေထုအကာအအရံနှင့် အန်တီနပ်စ် ၏ အမြီးတို့မှာ အချင်းချင်း ရိုက်ခတ်မိသွားကြပေသည်။ လေထဲတွင် မီးပွားများ လွင့်စင်သွားပြီး သားရေများ စုတ်ပြဲသွားသည့် အသံမျိုးကို ကြားလိုက်ရ၏။
ဟန်ဆိုယောင်းနှင့် ကျနော်သည် ခေတ္တမျှ မှင်တက်လျက် ကောင်းကင်ယံသို့ မော့ကြည့်နေမိကြသည်။ ဤသည်မှာ ပဉ္စမ အဆင့် မျိုးစိတ်များအကြား တိုက်ပွဲပင် ဖြစ်ချေသည်။ လူသားများထက် သာလွန်သော ကိုယ်ခန္ဓာကြံ့ခိုင်မှု ကို ပြသနိုင်သူများ၏ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်၏။
အန်တီနပ်စ် သည် လေထုအတွင်းရှိ ဟာကွက်များကြားမှ လျင်မြန်စွာ ဖြတ်ကျော်ကာ လိုင်ခါယွန် ၏ ရှေ့သို့ ရောက်ရှိလာသည်။ အန်တီနပ်စ် ၏ အမြီးမှာ ပြင်ပအသွင်ပြောင်းလဲမှု တစ်ခုအဖြစ် ပြောင်းလဲသွားပြီး လိုင်ခါယွန် ထံသို့ တိုးဝင်သွားချေသည်။
ထိုသို့တိုးဝင်သွားခြင်းမှာ တစ်ချက်တည်းသော တိုက်ကွက် ဖြစ်သော်လည်း ရှုံးနိမ့်မှုနှင့် အောင်မြင်မှုအကြား ခြားနားချက်ကို ပြသနိုင်ပေသည်။ သို့သော်လည်း ထိုအချိန်မှာပင် အန်တီနပ်စ် ၏ လှုပ်ရှားမှုများ နှေးကွေးသွား၏။ အန်တီနပ်စ် ၏ အမြီးကို တွန်းကန်အားတစ်ခုက ပြန်လည် တွန်းထုတ်လိုက်သကဲ့သို့ ဖြစ်သွားသောကြောင့် ဖြစ်သည်။
ကျိ
အခြားတစ်ဖက်တွင်မူ လိုင်ခါယွန် ၏ လှုပ်ရှားမှုများသည် အနည်းငယ် ပို၍ မြန်ဆန်လာ၏။ သူ၏ တိုက်ကွက်များသည် ရုတ်တရက် အရှိန်မြင့်တက်လာသည်။ အန်တီနပ်စ် ၏ အမြီးမှာ လေဟာနယ်ကိုသာ ထိမှန်သွားချေသည်။
[ပဉ္စမ အဆင့် မျိုးစိတ် ကပ်ပါးဘုရင်မ အန်တီနပ်စ် သည် ‘အရှိန်မြှင့်တင်ခြင်း အတောင်ပံများ အဆင့် ၈’ ကို အသက်သွင်းလိုက်ပါပြီ။]
အန်တီနပ်စ် ၏ အတောင်ပံများမှာ ဖြန့်ကားထွက်လာပြီး တုန်ခါသွားပြီးနောက် အန်တီနပ်စ် သည် ပျောက်ကွယ်သွား၏။ ၎င်းမှာ အဆင့် S ရှိသော လှုပ်ရှားမှုစွမ်းရည် ဖြစ်သည့် ‘အရှိန်မြှင့်တင်ခြင်း အတောင်ပံများ’ ပင် ဖြစ်ချေသည်။
အန်တီနပ်စ် ၏ အတောင်ပံများသည် တစ်စက္ကန့်လျှင် အကြိမ်ပေါင်း ထောင်ချီ၍ ခတ်ခတ်နေပြီး လိုင်ခါယွန် ၏ ရှေ့တွင် အန်တီနပ်စ် က ရုတ်တရက် ပေါ်လာပေသည်။ ကိုယ်ရောင်ဖျောက်ပြီး ရောက်လာသကဲ့သို့ပင် ဖြစ်၏။ အန်တီနပ်စ် ၏ လက်မောင်းများသည် တံစဉ်များအသွင် ပြောင်းလဲသွားပြီး လိုင်ခါယွန် ၏ ကျောပြင်ဆီသို့ ဦးတည်သွားသည်။
[ပဉ္စမ အဆင့် မျိုးစိတ် ကပ်ပါးဘုရင်မ အန်တီနပ်စ် သည် ‘ဓါးခုတ်ကောင်၏ ထိုးဖောက်မှု အဆင့် ၈’ ကို အသက်သွင်းလိုက်ပါပြီ။]
အရှိန်မြှင့်ထားသော တံစဉ်များသည် လေထုအကာအရံကို ရိုက်ခတ်မိသွားပြီး ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။ ၎င်းမှာ အလွန်ပင် မြန်ဆန်လှသဖြင့် လိုင်ခါယွန် ပင်လျှင် ရှောင်တိမ်းနိုင်မည် မဟုတ်ဟု ထင်ရလေသည်။
သို့သော်လည်း လိုင်ခါယွန် ရှောင်တိမ်းနိုင်ခဲ့သည်။ အဆုံးအဖြတ်ပေးမည့် အချိန်၌ အန်တီနပ်စ် ၏ တိုက်ကွက်မှာ နှေးကွေးသွားခဲ့ပြီး လိုင်ခါယွန် ၏ လှုပ်ရှားမှုများမှာမူ ပို၍ မြန်ဆန်လာခဲ့သည်။ ၎င်းမှာ သေခြင်းနှင့် ရှင်ခြင်းကို ခွဲခြားပေးသည့် ခြားနားချက်ပင် ဖြစ်ချေသည်။ အန်တီနပ်စ် ၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွား၏။
ယူဆန်းအာ က အံ့ဩစွာဖြင့် မေးမြန်းလိုက်၏။
"အဲဒါ ဘယ်လို နည်းစနစ်မျိုးလဲ။ ရုတ်တရက် အရှိန်မြှင့်လိုက်တာလား"
"မဟုတ်ဘူး၊ ဒါက လေ၏လမ်းစဉ် ပဲ"
အီမြွန်တာ မျိုးနွယ်၏ လျှို့ဝှက်နည်းစနစ်ဖြစ်သော ‘လေ၏လမ်းစဉ်’ကို သုံးလိုက်ခြင်းပင် ဖြစ်ချေသည်။
အပေါ်ယံကြည့်လျှင် သူတို့နှစ်ယောက်လုံး အရှိန်ပြောင်းလဲသွားသည်ဟု ထင်ရသော်လည်း၊ အမှန်စင်စစ်တွင် ဤသည်မှာ လိုင်ခါယွန် ၏ စွမ်းရည်ပင် ဖြစ်၏။ ပတ်ဝန်းကျင်ရှိ လေထုမှာ လိုင်ခါယွန် ၏ အလိုဆန္ဒအတိုင်း စီးဆင်းနေခြင်း ဖြစ်ပေသည်။
"ဒီချီးထုတ်လေပြင်းကတော့ကွာ"
အန်တီနပ်စ် လည်း သတိပြုမိသွားသည်။ အန်တီနပ်စ် လှုပ်ရှားသည့် လမ်းကြောင်းပေါ်တွင် လေများ ရှိနေပေသည်။ အန်တီနပ်စ် သည် လေထဲတွင် ပိတ်မိနေပြီး လိုင်ခါယွန် ကမူ ထိုလေကို အသုံးချနေခြင်း ဖြစ်၏။
၎င်းမှာ အန်တီနပ်စ် ၏ ‘ဓါးခုတ်ကောင်၏ ထိုးဖောက်မှု’ ကို ရှောင်တိမ်းရင်း ‘အရှိန်မြှင့်တင်ခြင်း အတောင်ပံများ’ ၏ လှုပ်ရှားမှုများကို ထိန်းချုပ်နိုင်သည့် စွမ်းရည်ပင် ဖြစ်သည်။ လေဖြင့် ဖန်တီးထားသော လမ်းကြောင်းများကို ရှောင်တိမ်းရန် သို့မဟုတ် တိုက်ခိုက်ရန်အတွက် အသုံးပြုနိုင်ပေသည်။
ထို့ကြောင့်ပင် ကျနော်သည် ဤစွမ်းရည်ကို လိုအပ်နေခြင်း ဖြစ်၏။ အကယ်၍ ကျနော်သာ ‘လေ၏လမ်းစဉ်’ ကို သင်ယူနိုင်မည်ဆိုပါက လိုအပ်သော စွမ်းရည်များစွာကို ဤစွမ်းရည်တစ်ခုတည်းနှင့်ပင် အစားထိုးနိုင်ပေလိမ့်မည်။ လိုင်ခါယွန် က ဟိန်းဟောက်လိုက်၏။
"ပိုးကောင်တွေရဲ့ ဘုရင်မ။ လေရဲ့ရှေ့မှာ ဒူးထောက်စမ်း"
လေဝံပုလွေများ။ ထက်မြက်လှသော လေ၏ လက်သည်းများသည် အန်တီနပ်စ် ၏ အတောင်ပံများကို ဆွဲဖြဲလိုက်ပြီး လေပြင်းကဲ့သို့ ပြင်းထန်သော ကန်ချက်က အန်တီနပ်စ် ၏ ဝမ်းဗိုက်ကို ထိမှန်သွားပေသည်။ သူ၏ တစ်ချက်ထိုး ချက်မှာ လေ၏ အရှိန်အဟုန်ဖြင့် ပြည့်နှက်နေပြီး အန်တီနပ်စ် ၏ အပေါ်ဘက် အခွံကို ရိုက်ခတ်သွား၏။
"အားးးးး"
အန်တီနပ်စ် သည် အတောင်ပံတစ်ဝက်ခန့် ဆုံးရှုံးသွားပြီး အောက်သို့ ပြုတ်ကျသွားသည်။ ကျနော်သာ လိုင်ခါယွန်ကို ဉာဏ်အလင်းပွင့်မှု မပေးခဲ့လျှင် လိုင်ခါယွန် သည် ယခုအချိန်၌ အန်တီနပ်စ် ကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။
ကျနော်က အခြားသူများကိုသာ ကူညီပေးခဲ့သည်ဟု ထင်ခဲ့သော်လည်း အမှန်တကယ်တွင်မူ ၎င်းမှာ ကျနော့်အတွက်ပါ အထောက်အကူ ဖြစ်လာခဲ့ပေသည်။ အန်တီနပ်စ် ၏ ခန္ဓာကိုယ်ပေါ်ရှိ ဖြစ်နိုင်စွမ်း မုန်တိုင်း၏ လက္ခဏာမှာ ပို၍ အားကောင်းလာသည်။
"ကျိ။ ဒီလိုနဲ့တင် ပြီးသွားမှာ မဟုတ်ဘူး"
အန်တီနပ်စ် သည် ကျန်ရှိနေသော အတောင်ပံတစ်ဝက်ဖြင့် မြေပြင်ပေါ်သို့ ဆင်းသက်ရန် ကြိုးစားလိုက်၏။
– ကင်ဒေါ့ဂျာ။ မြန်မြန်သတ်လိုက်တော့။ မြန်မြန်
ယူဂျွန်ဟော့ ၏ အသံကို ကြားလိုက်ရချိန်တွင် အန်တီနပ်စ် ထံသို့ ကျနော်ပြေးသွားနေပြီ ဖြစ်သည်။
[မကျိုးပဲ့နိုင်သောယုံကြည်မှုဓါးကို အသက်သွင်းလိုက်ပါပြီ။]
အန်တီနပ်စ် ၏ ဖြစ်နိုင်စွမ်း မုန်တိုင်းအတွင်း ပိတ်မိသွားနိုင်သော်လည်း ယခုအချိန်တွင် ၎င်းမှာ အရေးမကြီးတော့ပေ။
"ငါ့ရဲ့ ကမ္ဘာ၊ ငါ့ရဲ့ လူမျိုး၊ ငါ့ရဲ့ ကလေးတွေ"
အန်တီနပ်စ် သည် ကပ်ဘေးဥက္ကာခဲ ရှိရာဘက်သို့ ဦးတည်သွားနေ၏။
"ငါ့ရဲ့ ကမ္ဘာကို ဖျက်ဆီးခဲ့တဲ့အတွက် နင်တို့ကို ငါ အသေအချာ ပြန်ပြီး ပေးဆပ်စေရမယ်"
အန်တီနပ်စ် သည် သူ၏ မှော်စွမ်းအင်အားလုံးကို ကပ်ဘေးဥက္ကာခဲဆီသို့ ပစ်လွှတ်လိုက်သည်။ လိုင်ခါယွန် က ထိုမှော်စွမ်းအင်ကို တားဆီးရန် ပြေးသွားစဉ် ကျနော်က မီးဓာတ်ပါသော မကျိုးပဲ့နိုင်သောယုံကြည်မှု ကို အန်တီနပ်စ် ၏ လည်ပင်းဆီသို့ လွှဲယမ်းလိုက်ပေသည်။
ပိုးကောင်မ၏ နှုတ်ခမ်းမှာ လှောင်ပြုံးတစ်ခုအဖြစ် ပြောင်းလဲသွား၏။
တားဆီးခံလိုက်ရတာလား။
ကျနော် ခေါင်းလှည့်ကြည့်လိုက်သောအခါ လိုင်ခါယွန် ၏ ဖြူလျော်နေသော မျက်နှာကို မြင်လိုက်ရပေသည်။
"ဂါး... ကာကွယ်စောင့်ရှောက်သူ။ တောင်းပန်ပါတယ်..."
ထို့နောက်တွင် အသံအားလုံး ပျောက်ကွယ်သွား၏။
ကပ်ဘေးဥက္ကာခဲအတွင်းမှ အလင်းတန်းများ ပွင့်ထွက်လာပြီး ပြင်းထန်သော ပေါက်ကွဲမှုကြီးက ကျနော့်ကို ထိမှန်သွားလေသည်။ ပေါက်ကွဲသွားသော ဥက္ကာခဲ၏ အပိုင်းအစတစ်ခုမှာ ကျနော့်ခေါင်းကို လာမှန်၏။ ကမ္ဘာကြီး တုန်ခါသွားတော့သည်။ လိုင်ခါယွန် သည် ပေါက်ကွဲမှုကြောင့် လွင့်စင်သွားချေသည်။
‘လမ်းပြသူ’ ပင်လျှင် ဤကပ်ဘေး၏ အရှိန်အဟုန်ကို မခံနိုင်ချေ။ ‘ရှုံးနိမ့်ခြင်း’ သမိုင်းကြောင်းကို ပြန်လည်ရေးသားရန်မှာ မဖြစ်နိုင်ပေ။
ကမ္ဘာကြီး၏ ဟန်ချက်ညီမှုမှာ ပြိုလဲနေချေပြီ။
[သင်သည် ဇာတ်ဝင်ခန်းကို အောင်မြင်အောင် မလုပ်ဆောင်နိုင်ခဲ့ပါ။]
[‘မေးခွန်းများ၏ ကပ်ဘေး’ သည် သင့်ကမ္ဘာသို့ ရောက်ရှိလာပါပြီ။]
ကျနော့် မြင်ကွင်းမှာ မှောင်အတိကျသွားပြီး ပြိုကျပျက်စီးနေသော အဆောက်အဦး အပိုင်းအစများအောက်တွင် ကျနော် မြုပ်နှံခံလိုက်ရသည်။ ကျနော် သတိပြန်ဝင်လာချိန်တွင် ယူဂျွန်ဟော့၏ အသံမှာ နားထဲတွင် ပဲ့တင်ထပ်နေ၏။
– ကင်ဒေါ့ဂျာ။ ထတော့။ မြန်မြန်ထ
– ...မင်းရဲ့ စိတ်ကို ပြန်ပြီး စုစည်းစမ်း။
– လှုပ်ရှားတော့။ အခုထိ ကပ်ဘေးကို တားဆီးဖို့ အခွင့်အရေး ရှိသေးတယ်
အမှန်အတိုင်း ပြောရလျှင် ကျနော် တော်တော်လေး စိတ်ကုန်သွားမိပေသည်။ ကျနော့်ထံတွင် ‘လေ၏လမ်းစဉ်’ မရှိသကဲ့သို့ ‘မေးခွန်းများ၏ ကပ်ဘေး’ မှာလည်း ပေါက်ဖွားလာခဲ့ချေပြီ။ ယခုအချိန်တွင် ကိုယ့်ကိုယ်ကိုယ် သတ်သေမည့် တိုက်ခိုက်မှုမျိုးကို လုပ်ဆောင်မည့်အစား အခြားသော နည်းလမ်းကို စဉ်းစားခြင်းက ပို၍ ကောင်းပေလိမ့်မည်။
ယူဂျွန်ဟော့သည် ကျနော့်စိတ်ကို ဖတ်နိုင်သကဲ့သို့ပင် စကားပြောလိုက်၏။
– မင်းက အဲဒီလောက်တောင် အားနည်းနေတာလား။
– ဘာပြောတယ်...။
– မင်း ငါ့ကို ပြောခဲ့တဲ့ စကားတွေအားလုံးက အလိမ်အညာတွေပဲလား။
ကျနော်သည် ခန္ဓာကိုယ်ကို အလိုလို ပြန်ထောင်လိုက်မိ၏။
ဒီမအေဘေးကတော့ကွာ…
– ဒီကမ္ဘာကြီးကို လက်မလျှော့ဖို့ ငါ့ကို ပြောခဲ့တဲ့သူက ဒီလောက် ကပ်ဘေးလေးတစ်ခုကို အရှုံးပေးတော့မှာလား။
ကျနော့်ထံမှ ရယ်သံတစ်ခု ထွက်ပေါ်လာသည်။ ဤစကားကို အခြားသူမဟုတ်ဘဲ ယူဂျွန်ဟော့ ထံမှ ကြားလိုက်ရသဖြင့် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်လျှင်ပင် ဤအရှက်ကို ဖုံးဖိနိုင်လိမ့်မည် မဟုတ်ချေ။
– ဘယ်ကသာ... ငါ ခဏလေး စဉ်းစားနေတာပါ။
မအေဘေး ယူဂျွန်ဟော့ ပြောတာ မှန်ပေသည်။ ‘မဖြစ်နိုင်ဘူး’ လို့ ပြောဖို့ ကျနော့်အတွက် စောလွန်းသေး၏။
ပြိုကျနေသော အဆောက်အဦး အပျက်အစီးများအောက်မှ ကျနော် ထွက်လာခဲ့သည်။ ရှစ်မီတာခန့် မြင့်သော ကပ်ဘေးဥက္ကာခဲမှာ နှစ်ခြမ်းကွဲနေချေပြီ။ တစ်စုံတစ်ခုမှာ ထိုဥက္ကာခဲအတွင်းမှ ပေါက်ဖွားလာခဲ့ပြီဆိုသည်မှာ ထင်ရှားလှပေသည်။
ပတ်ဝန်းကျင်ကို အမြန် ဝေ့ဝဲကြည့်လိုက်သော်လည်း ကပ်ဘေးကို ကျနော် မတွေ့ရချေ။
"ဟေ့... ဒါက..."
ဟန်ဆိုယောင်းသည် စိုးရိမ်သော အမူအရာဖြင့် ကျနော့်ထံသို့ ချဉ်းကပ်လာ၏။
ယူဆန်းအာ ကိုတော့ မတွေ့ရပေ။ ထိုစဉ် အသံတစ်ခုကို ကျနော် ကြားလိုက်ရ၏။
"ဒီနေရာက..."
ခြေလှမ်း တစ်ဆယ်ကျော်အကွာတွင် ကောင်လေးတစ်ယောက် ရှိနေလေသည်။ သူသည် အထက်တန်းကျောင်းသားတစ်ဦးနှင့် တူပြီး တစ်ကိုယ်လုံးတွင် အဝတ်တစ်စပင် မရှိချေ။ ထိုကောင်လေးက တိုးတိုးလေး ရေရွတ်လိုက်၏။
"ဒီနေရာက... မဟုတ်မှလွဲရော…"
ကောင်လေးသည် ကိုယ်လက်လှုပ်ရှားကာ မယုံနိုင်သကဲ့သို့ ပတ်ဝန်းကျင်ကို ကြည့်ရှုနေ၏။ သူ၏ ရေရွတ်သံများကို နားထောင်ရင်း ဤကောင်ကို ယခုပင် သတ်ပစ်ရမည်ဟု ကျနော် တွေးလိုက်မိသည်။
သို့သော် ကျနော့်ခန္ဓာကိုယ်မှာ လှုပ်မရချေ။
[စောစီးစွာ ပေါက်ဖွားလာမှုကြောင့် မေးခွန်းများ၏ ကပ်ဘေး သည် အားနည်းသွားပါသည်။]
[စောစီးစွာ ပေါက်ဖွားလာမှုဆိုင်ရာ ဒဏ်ခတ်ချက်ကြောင့် သင်သည် မေးခွန်းများ၏ ကပ်ဘေး ကို သုံးမိနစ်အတွင်း တိုက်ခိုက်နိုင်မည် မဟုတ်ပါ။]
ချီးပဲ...။
ငါတို့က ဒဏ်ခတ်ခံရတာလား။ အဲ့ဒီချီးထုတ်ဒိုကဲဘီက ဘာတွေ လုပ်နေတာလဲ။
ကောင်လေးသည် ထိုနေရာတစ်ဝိုက်တွင် လမ်းလျှောက်နေပြီး အနီးရှိ အမျိုးသမီးတစ်ဦး၏ ရှေ့သို့ ရောက်သွား၏။ ထိုအမျိုးသမီးမှာ အဆိပ်ခတ်သူ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ပေသည်။
ကောင်လေးသည် ကြည်လင်သော အသံဖြင့် ထိုအမျိုးသမီးကို လှမ်းအော်လိုက်၏။
"အမကြီး။ ဟေ့... အဆင်ပြေရဲ့လား"
"အာ... ရှင်က ဘယ်သူ..."
"အားနာပေမဲ့ တစ်ခုလောက် မေးလို့ရမလား"
မရဘူး။ အဲ့ဒီမိန်းမ ထိုမေးခွန်းကို မဖြေသင့်ဘူး။
ကျနော် အော်ပြောချင်သော်လည်း အသံက ထွက်မလာပေ။
"ဒီနေရာက ဘယ်နေရာလဲ။ အခုက ဘယ်နှစ်ခုနှစ်လဲ"
"ဘာ... ဘာလို့ ရုတ်တရက်ကြီး..."
"အခု မင်းက ငါ့ကို ပြန်ပြီး မေးခွန်းမေးနေတာလား"
ကောင်လေး၏ ထူးဆန်းသော လေသံမှာ ထိုအမျိုးသမီးကို ပြုစားလိုက်သကဲ့သို့ပင်။
"ဒါက ဆိုးလ်မြို့ပါ... ပြီးတော့ အခုနှစ်က..."
အမျိုးသမီးက ဖြေလိုက်သည်နှင့် စနစ်သတိပေးချက်တစ်ခုကို ကြားလိုက်ရပေသည်။
[ပထမဆုံး မေးခွန်းကို ဖြေရှင်းပြီးပါပြီ။]
[ပြန်လာသူ ‘မြုံအီဆန်’ ၏ ပထမဆုံး ချိပ်တံဆိပ်ကို ဖွင့်လိုက်ပါပြီ။]
"ဟား... ဟားဟား... ဟားဟားဟား"
"ဒါ... ဒါက ဘာလဲ..."
ကောင်လေးသည် ကြောက်လန့်နေသော အမျိုးသမီးကို ကြည့်ကာ ရူးသွပ်စွာ ရယ်မောပြီး မေးလိုက်၏။
"ငါ ဘယ်လောက်တောင် ဒုက္ခရောက်ခဲ့ရလဲဆိုတာ နင်သိလား။ သိလားလို့"
"ဟင်"
"နင် နှစ်ပေါင်း ၁၀၀ လောက် နေဖူးလား။ တစ်ကမ္ဘာလုံးမှာ ငါတစ်ယောက်တည်းပဲ လူသားအဖြစ် ရှိနေတဲ့ နေရာမျိုးမှာလေ... တခြား ဒိုင်မေးရှင်းတွေ ရှိတယ်ဆိုတာ နင်သိလား"
"တခြား... ဒိုင်မင်းရှင်းတွေ ဟုတ်လား"
"ရွံစရာကောင်းတဲ့ ပိုးကောင်တွေ၊ ဝံပုလွေတွေနဲ့ ငှက်လူသားတွေရှိတဲ့ ဒိုင်မင်းရှင်းလေ... ငါ့မှာ ပြဿနာတစ်ခု ရှိတယ်။ အဲဒါ ဘာလဲဆိုတာ နင်ခန့်မှန်းနိုင်မလား"
ရှုပ်ထွေးနေသော အမျိုးသမီးမှာ ပါးစပ်ကို ပိတ်ထားလိုက်၏။ ကောင်လေးက ထပ်မေးပြန်သည်။
"ပိုးကောင်တွေ၊ ဝံပုလွေတွေ၊ ငှက်တွေ။ အဲဒီ မျိုးနွယ်သုံးခုထဲမှာ ဘယ်အမျိုးအစားက အကောင်းဆုံးလဲ"
"ဘာက... အကောင်းဆုံးလဲ ဟုတ်လား"
အမျိုးသမီးက ပြန်မေးလိုက်သည်နှင့် ကောင်လေးသည် ပျော်လွန်း၍ သေတော့မည့်အတိုင်း ရယ်မောလေတော့သည်။ ၎င်းမှာ ကြက်သီးထဖွယ်ကောင်းသော ရယ်သံပင် ဖြစ်၏။
"ဒါဆိုရင်... အဲဒီသုံးမျိုးထဲမှာ ဘယ်သူ့အသားက စားအကောင်းဆုံးလဲ"
မေးခွန်းများ၏ ကပ်ဘေး ၏ စကားကို နားထောင်ရင်း ကျနော် တွေးလိုက်မိပေသည်။ ဟုတ်ပေသည်။ အန်တီနပ်စ် က ကမ္ဘာမြေကို ဖျက်ဆီးချင်နေသည်မှာ သဘာဝကျလှပေသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာမြေမှ ‘လူသား’ တစ်ယောက်က သူမ၏ ကမ္ဘာကို ဖျက်ဆီးခဲ့သောကြောင့်ပင်။
အမျိုးသမီးသည် ကောင်လေး၏ မေးခွန်းကို မဖြေနိုင်ခဲ့ချေ။
"ကျေး... ကျေးဇူးပြုပြီး ကျွန်မကို ချမ်းသာပေးပါ..."
အသံတစ်ခုနှင့်အတူ အမျိုးသမီး၏ ခေါင်းမှာ လွင့်ထွက်သွား၏။ ကောင်လေးသည် တစ်ချက်ရယ်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပေသည်။
"အခုတော့ ဒီလို အခြေအနေမျိုး ဖြစ်လာတာပေါ့။ ဘာလဲ... အဆင့် S ကိုယ်စားလှယ် လား။ ဒီအမှိုက်တွေက ဒီကလေးကို ဖိနှိပ်ထားကြတာပဲ။ ဒါကလည်း ခိုင်မာတဲ့ မဟာမိတ်အဖွဲ့ပဲ။ နေဦး... အဲဒါထက် အရင်ဆုံး..."
[စောစီးစွာ ပေါက်ဖွားလာမှုဆိုင်ရာ ဒဏ်ခတ်ချက် ပြီးဆုံးသွားပါပြီ။]
[သင့်လှုပ်ရှားမှုများကို ထိန်းချုပ်ထားသော စွမ်းအား ပျောက်ကွယ်သွားပါပြီ။]
ချီး...။ နောက်ကျသွားပြီ။
ကျနော် လှမ်းအော်ရန် ပြင်လိုက်သော်လည်း ကောင်လေးမှာ ပျောက်ကွယ်သွားပြီး အဝေးတစ်နေရာသို့ ရောက်ရှိသွားပေသည်။ ကံဆိုးစွာပင် ထိုနေရာမှာ အခြားသော အမျိုးသမီးတစ်ဦး ရပ်နေသည့် နေရာ ဖြစ်နေပေသည်။
"ဟားဟား။ အမကြီးက လှသားပဲ။ ဟုတ်တယ်မလား"
ကျနော် ကျိန်ဆဲလိုက်မိ၏။
– ယူဆန်းအာ။ သူ့ကို ရှောင်လိုက်
ယူဆန်းအာ သည် ဓားမြှောင်ကို မြှောက်ကာ သတိကြီးစွာဖြင့် မေးလိုက်၏။
"...ရှင်က ဘယ်သူလဲ"
ထိုမေးခွန်းကြောင့် ကောင်လေးက ပြုံးလိုက်၏။
"မင်း သိချင်လို့လား"
မမြင်နိုင်လောက်သော အရှိန်ဖြင့် ကောင်လေး၏ လက်မှာ ယူဆန်းအာ ၏ မေးစေ့ကို လာရောက်ဆုပ်ကိုင်လိုက်ပေသည်။
"ငါ ပြောပြရမလား"
ခရိုနော့စ် ကို ဖျက်ဆီးခဲ့သော ကပ်ဘေးငါးပါးထဲမှ တစ်ဦးဖြစ်သည့် မေးခွန်းများ၏ ကပ်ဘေး။ သူသည် ဤကမ္ဘာသို့ ပြန်လည်ရောက်ရှိလာသော ကမ္ဘာမြေမှ ‘ပြန်လာသူ’ တစ်ဦးပင် ဖြစ်ချေသည်။