အခန်း (၉၀-၉၂)
Vol. 6 Ch. 90-92
အခန်း ၉၀
- အပိုင်း ၁၈ - စာဖတ်သူ၏ တိုက်ပွဲ (၃)
မြုံအီဆန် သေဆုံးပြီးနောက် ပေါ်လာသည့် စနစ်မက်ဆေ့ချ်များကို ကျနော် ကြည့်နေမိသည်။ သူသည် စာသားအနည်းငယ်မျှပေါ်လာပြီး ဤကမ္ဘာကြီးမှ ထွက်ခွာသွားချေပြီ။
[ ‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်သည် ကျေနပ်နေပါသည်။]
[ ‘လျှို့ဝှက်ကြံစည်သူ’ နက္ခတ် က အနည်းငယ် မကျေမနပ်ဖြစ်လျက် ခေါင်းညိတ်ပါသည်။]
[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ် က သင်၏ ဇာတ်လမ်းကို အလွန်အမင်း သဘောကျနေပါသည်။]
[တစ်စုံတစ်ဦးက သင်၏ ဇာတ်ဝင်ခန်းကို ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု ထံသို့ အကြံပြုထားပါသည်။]
[ဒင်္ဂါး ၂၅,၀၀၀ ထောက်ပံ့မှု ရရှိပါသည်။]
ကျနော် ထိုင်ရာမှထ၍ ပတ်ဝန်းကျင်ကို ဖြည်းဖြည်းချင်း ကြည့်လိုက်သည်။
ဂန်ဒေါင်းဂူ မှာ ပျက်စီးနေပြီ ဖြစ်သည်။ ကပ်ဘေးသည် ခဏမျှသာ ဖြတ်သန်းသွားခဲ့ခြင်း ဖြစ်သော်လည်း မြေပြင်မှာ ပျက်စီးနေပြီး မြင့်မားသော အဆောက်အအုံများမှာလည်း ပြိုကျနေ၏။
နေဝင်ရီတရော အလင်းရောင် အောက်ရှိ လမ်းမပေါ်တွင် မဟူရာ ဖုန်မှုန့်များ ပေကျံနေသော လူများ တွားသွား၍ ထွက်လာကြသည်။ သူတို့တွေသည် ပစ္စည်းများ ရရှိရန် ဤနေရာသို့ ပြေးလာကြသူများ ဖြစ်သည်။ အဓိကဇာတ်ကောင် ဖြစ်ချင်ခဲ့ကြသော်လည်း ‘ဇာတ်ကောင်များ’ အဖြစ်သာ ကျန်ရစ်ခဲ့ရသူများ ဖြစ်ပေသည်။
အချို့က ဒဏ်ရာများကို ဖိထားကြပြီး အချို့မှာမူ မျက်ရည်များကို သုတ်နေကြသည်။ ကျနော့်ကို ဦးညွှတ်နေကြသော လူများကိုလည်း မြင်နေရ၏။ သို့ပေသိ လူအများစုမှာတော့ အေးစက်သော အလောင်းများအဖြစ် မြေပြင်ပေါ်တွင် လဲလျောင်းနေကြသည်။
ကျနော်သည် Ways of Survival တစ်ခုလုံးကို ဖတ်ဖူးခဲ့သည်။ ကမ္ဘာ့တည်ဆောက်ပုံများ၊ ရှင်းလင်းချက်များ၏ အဓိပ္ပာယ်များကို နားလည်ထားပြီး စာရေးသူ၏ ရည်ရွယ်ချက်များကိုပါ နောက်ဆုံးတွင် သိရှိသွားပြီဟု ထင်ခဲ့သည်။ သို့သော်လည်း Ways of Survival ထဲတွင် ဤကဲ့သို့သော သေဆုံးမှုများကို ဖော်ပြထားသည့် စာကြောင်းများ မရှိခဲ့ချေ။
ကျနော် လှည့်ကြည့်လိုက်သောအခါ ယူဂျွန်ဟော့ က ကျနော့်ကဲ့သို့ပင် ထိုမြင်ကွင်းကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ယူဂျွန်ဟော့ သည် ဤမြင်ကွင်းကို တစ်ယောက်တည်း အကြိမ်ကြိမ် မြင်တွေ့ခဲ့ရဖူးခြင်း ဖြစ်ပေလိမ့်မည်။
"ယူဂျွန်ဟော့"
သူက ကျနော့်ကို လှည့်ကြည့်လာသည်။ ကျနော်သည် ပြောမည့်စကားလုံးများကို ခဏမျှ စဉ်းစားနေပြီးမှ ပါးစပ်ကို ပြန်ပိတ်လိုက်သည်။
"… ဘာမှ မဟုတ်တော့ပါဘူး"
နောင်တွင် ဇာတ်ဝင်ခန်းများ ဆက်လက် ရှိနေဦးမည်ဖြစ်ပြီး ဤကဲ့သို့သော အခိုက်အတန့်များကို ကျနော် အကြိမ်ကြိမ် မြင်တွေ့ရပေဦးမည်။ စာသားများထဲတွင် ဖော်ပြမထားသော မြင်ကွင်းများကိုလည်း အကြိမ်ပေါင်းများစွာ ရင်ဆိုင်ရပေလိမ့်မည်။
ထိုစဉ် ကျနော့်ရှေ့တွင် လင်းထိန်နေသော ဇယားတစ်ခု ပေါ်လာပြီး မမျှော်လင့်ထားသော မက်ဆေ့ချ်တစ်ခုကို ကြားလိုက်ရသည်။
[ဒိုကဲဘီ ‘ဒိုဂက်’ က သင့်ကို သူ၏ ချန်နယ်သို့ ဖိတ်ခေါ်နေပါသည်။]
…ဘယ်သူက ငါ့ကို ချန်နယ်တစ်ခုဆီ ဖိတ်ခေါ်နေတာလဲ။
ကျနော် ခဏမျှ ဇဝေဇဝါ ဖြစ်သွားသော်လည်း လျစ်လျူရှုထားရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် မက်ဆေ့ချ်မှာ ထပ်မံ ပေါ်လာပြန်သည်။
[ဒိုကဲဘီ ‘ဒိုဂက်’ က သင့်ကို သူ၏ ချန်နယ်သို့ ဖိတ်ခေါ်နေပါသည်။]
ကျနော် လေထုထဲသို့ မော့ကြည့်လိုက်သောအခါ ဒိုကဲဘီ တစ်ကောင်က ဤဘက်သို့ ငုံ့ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ မနှစ်မြို့ဖွယ် အပြုံးရှိသော ခြေတစ်ဖက်တည်းရှိသော ဒိုကဲဘီ ဖြစ်သည်။
ဘီဟွန်း မှာ သူ၏နောက်တွင် စိတ်ပျက်ဖွယ်ကောင်းသော မျက်နှာပေးဖြင့် ရှိနေပြီး ကျနော်တို့ နှစ်ယောက်ကြားကို ကြည့်နေ၏။ အဆင့်တူ ဒိုကဲဘီ အချင်းချင်းကြားမှာတောင် ကွာဟချက် ရှိနေပေသည်။
…ဟုတ်ပြီ။
ဤအခြေအနေကို ကျနော် အကြမ်းဖျင်း နားလည်သွားသည်။ ကျနော် အသက်ပြင်းပြင်းရှူလိုက်ပြီး တမင်တကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"ဘာလဲ။ မင်းက ငါ့ကို ဆုလာဘ်တွေ မပေးတော့ဘူးလား"
ကျနော့်စကားကြောင့် ဒိုဂက် ၏ မျက်ခုံးများမှာ တွန့်သွားသည်။ သို့သော်လည်း သူ၏ ပါးစပ်မှာတော့ အပြုံးမပျက်သေးချေ။
[အို၊ သေချာတာပေါ့။ တောင်းပန်ပါတယ်။ ငါ မှားသွားလို့ပါ]
ဒိုဂက် မှာ ကြောက်စရာကောင်းသော ဒိုကဲဘီ ဖြစ်သည်။ သူက ဘီဟွန်း ကဲ့သို့ မိုက်မဲသူ မဟုတ်ဘဲ အလယ်အလတ်အဆင့် ဒိုကဲဘီများနှင့် မတူသော ပင်ကိုယ်အရည်အချင်း ရှိသူဖြစ်သည်။ ချန်နယ်ကြီးတစ်ခု၏ Streamer ဆိုသည်မှာ ဘယ်သူမဆို ဖြစ်နိုင်သည် မဟုတ်ပေ။
[ဇာတ်ဝင်ခန်းအသေး – SSS-အဆင့် အမဲလိုက်ခြင်း ပြီးဆုံးပါပြီ။]
[လျော်ကြေးရှင်းတမ်း စတင်ပါမည်။]
[ဆုကြေးအဖြစ် ဒင်္ဂါး ၅၀,၀၀၀ ရရှိပါသည်။]
ဒင်္ဂါးအမြောက်အမြားကို လက်ခံရရှိလိုက်သောအခါ ကျနော့်စိတ်ထဲ နေသာထိုင်သာ ရှိသွားသည်။ ဤဇာတ်ဝင်ခန်းက ကျနော့်ကို တစ်ကြိမ်တည်းနှင့် ဒင်္ဂါး ၅၀,၀၀၀ ပေးခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ ကောင်းမွန်သော ဇာတ်ဝင်ခန်းတစ်ခုပင်။
ဇာတ်ဝင်ခန်းအသေးများမှာ ဒိုကဲဘီ ၏ ဆုံးဖြတ်ချက်ဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်သောကြောင့် ဤဒင်္ဂါးအများစုမှာ ဒိုဂက် ၏ အိတ်ကပ်ထဲမှ ထွက်လာခြင်း ဖြစ်ပေလိမ့်မည်။ သူ၏ ဗိုက်ထဲမှ အောင့်နေလိမ့်မည်ဟု ကျနော် ထင်ခဲ့သော်လည်း ဒိုဂက် ကတော့ နူးညံ့စွာ ပြုံးနေဆဲပင်။
[စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတွေကို မြင်တွေ့ရတာ အင်မတန်မှ ဝမ်းသာစရာပါပဲ။ ငါက ဘာလို့ မပျော်ရွှင်ဘဲ နေနိုင်ပါ့မလဲ]
သူက ကျနော့်စိတ်ကို ဖတ်နိုင်သည့်အလား ရေရွတ်လိုက်သည်။
ကောင်းပြီလေ၊ သူက Tokyo Dome မှာ ချန်နယ်ကြီးတစ်ခု ပိုင်ထားတာဆိုတော့ ဒီလောက် ဒင်္ဂါးပမာဏ ကုန်သွားတာက သူ့အတွက်တော့ ဘာမှ မဟုတ်လောက်ပါဘူး။
သူက ဂျပန်ကနေ ဘာလို့ အခု ထွက်လာခဲ့ရတာလဲ။ အိုဒါနိုဘူနာဂါ ဒါမှမဟုတ် မီယာမိုတိုမူဆာရှီ လိုမျိုး ကစားသမားကောင်းတွေက အခုထိ လှုပ်ရှားနေလောက်ဦးမှာလေ။
ဟုတ်သားပဲ… သူ့အိမ်မှာ ရှိနေတဲ့ ကိုယ်စားလှယ်တွေက အရမ်း အလုပ်ရှုပ်နေကြလို့ သူက အားယားနေတာထင်တယ်။
"ဒါဆို အပိုဆုလာဘ်ကိုလည်း မြန်မြန် ပေးတော့လေ။ ဒါပဲလား"
[အာ၊ သေချာတာပေါ့။ မင်းကို သဘာဝကျကျ ပေးသင့်တာပေါ့။ မင်းက ဒီဇာတ်ဝင်ခန်းကို စိတ်ဝင်စားစရာကောင်းအောင် လုပ်ခဲ့တဲ့သူပဲလေ]
သူ၏ ခနဲ့တဲ့တဲ့ လေသံကြောင့် ကျနော် အနည်းငယ် ဒေါသထွက်သွားသည်။ အကယ်၍ ဒီအမှိုက်ကောင်သာ မရှိလျှင် မေးခွန်းများ၏ ကပ်ဘေး က ဒီထက် ပိုလွယ်ကူခဲ့မှာ အမှန်ပင်။
ဘီဟွန်း က နောက်မှနေ၍ ကျနော့်ကို တစ်ချက်ကြည့်လိုက်ပြီး အသံလှိုင်းပို့လွှတ်ခြင်း ဖြင့် ဆက်သွယ်လာသည်
– ဟေး… မင်း သိလား။
သို့သော်လည်း ဘီဟွန်း ၏ စကားများ မရောက်လာခင်မှာပင် ဒိုဂက်က ကြားဖြတ် ပြောလိုက်သည်။
[ဘီဟွန်း၊ လျော်ကြေးကို ပြင်ဆင်လိုက်စမ်း]
ဘီဟွန်း က အံ့အားသင့်ကာ ဒေါသတကြီး အသံထွက်လာ၏။
[ဟင်]
[လျော်ကြေးအတွက် ပြင်ဆင်လို့ ငါက နှစ်ခါပြောရမှာလား]
ဘီဟွန်း သည် တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။
[အခု ဒီဇာတ်ဝင်ခန်းအသေးကို တာဝန်ယူထားတာက ခင်ဗျားပဲလေ…]
[ဘီဟွန်း။ တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ။ မင်းက ကိုယ်စားလှယ်တွေရှေ့မှာ ဒီလိုမျိုး လုပ်ရဲတယ်ပေါ့လေ]
ပြင်းထန်လှသော ဖိအားတစ်ခုက ဘီဟွန်း ၏ ခန္ဓာကိုယ်ကို စတင် ဖိနှိပ်လိုက်သည်။ ဒိုကဲဘီ တို့၏ စွမ်းအားမှာ သူတို့ပိုင်ဆိုင်သည့် ချန်နယ်၏ အရွယ်အစားပေါ်တွင် မူတည်ပေသည်။
[မင်းရဲ့ ချန်နယ်က ခုတလောမှာ နည်းနည်း လူကြည့်များလာတယ်ဆိုတာ အမှန်ပဲ ထင်တယ်]
ဒိုဂက် က ဆက်တိုက် ပြောနေသဖြင့် ဘီဟွန်း မှာ နောက်သို့ ဆုတ်သွားရသည်။
[မ-မဟုတ်ပါဘူး။ ဒါက အထင်လွဲတာပါ]
[ဆဌမမြောက် ဇာတ်ဝင်ခန်းမှာ ကိုရီးယားနဲ့ ဂျပန်တို့ ပေါင်းစည်းရမယ်ဆိုတာ မင်း သိတယ် မဟုတ်လား။ မင်း အဲ့ဒါကို မေ့သွားပြီလား]
[ကျ-ကျနော် တကယ်ပဲ တောင်းပန်ပါတယ်။ အခုချက်ချင်း ပြင်ဆင်လိုက်ပါ့မယ်]
[ချက်ချင်း စတင်လိုက်တော့]
[ဟုတ်ကဲ့ပါ]
ကျနော့် ချန်နယ်ကို စီမံနေသူမှာ ဘီဟွန်း ဖြစ်သောကြောင့် ကျနော့်စိတ်ထဲ သိပ်တော့ နေသာထိုင်သာ မရှိလှချေ။ အမှန်အတိုင်း ပြောရလျှင် ဘီဟွန်း နှင့် ဒိုဂက် တို့၏ ဆက်ဆံရေးမှာ အထက်တန်းကျောင်းတုန်းက ဆောင်းမင်းဝူ ကျနော့်ကို နှိပ်စက်ခဲ့ပုံနှင့် ဆင်တူနေသည်။
[ထပ်ဆောင်းလျော်ကြေးရှင်းတမ်း စတင်ပါမည်။]
[အခြေခံဆုလာဘ်အဖြစ် ‘အီမြွန်တာကာကွယ်ရေးရတနာ’ ကို ရရှိပါသည်။]
[ထပ်ဆောင်း ရွေးချယ်နိုင်သော ဆုလာဘ် ရှိနေပါသည်။]
[သင်သည် ဤဇာတ်ဝင်ခန်းတွင် အများဆုံး ပါဝင်ကူညီသူ ဖြစ်ပါသည်။]
[သင်သည် ထပ်ဆောင်းလျော်ကြေးအတွက် ပထမဦးဆုံး ရွေးချယ်ခွင့် ရရှိပါသည်။]
ကျနော့်ရှေ့တွင် လင်းထိန်နေသော စာရင်းတစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသည်။ တစ်ဖန် ပြန်ပြောရလျှင် ကပ်ဘေးတစ်ခုကို အမဲလိုက်သတ်ဖြတ်ရခြင်းမှာ တော်တော်လေး အသုံးဝင်လှပေသည်။
[အနန္တနယ်ပယ် အာကာသဝတ်ရုံ]
– SSS-အဆင့်။
[မဟူရာမီးလျှံ လက်အိတ်တစ်ဝက်]
– SSS-အဆင့်။
[ဆစ်လ်ဖစ်ဒ်၏ ခုန်ပျံဖိနပ်]
– SSS-အဆင့်။
S- သုံးလုံးအဆင့်ရှိသော လျော်ကြေးပစ္စည်းများ ဖြစ်သည်။ ထိုပစ္စည်းများ၏ စွမ်းဆောင်ရည်များကို ကျနော်အမြန် ကြည့်ရှုလိုက်သည်။
အနန္တနယ်ပယ် အာကာသဝတ်ရုံ တွင် ပစ္စည်းအမြောက်အမြား ထည့်သွင်းနိုင်သည့် ‘အတွင်းအိတ်ကပ်ဟင်းလင်းပြင်’ ဆိုသော အထူးစွမ်းရည် ပါဝင်သည်။
မဟူရာမီးလျှံ လက်အိတ်တစ်ဝက် ကတော့ အမှောင်နှင့် မီး ဝိသေသ လက္ခဏာ ရှိသော စွမ်းရည်များကို အကြီးအကျယ် မြှင့်တင်ပေးသည်။
နောက်ဆုံးတစ်ခုဖြစ်သော ဆစ်လ်ဖစ်ဒ်၏ ခုန်ပျံဖိနပ် ကတော့ တစ်နေ့လျှင် သုံးကြိမ် ‘ခုန်ပျံခြင်း’ အကျိုးသက်ရောက်မှုကို အသုံးပြုခွင့် ပေးသည်။
၎င်းတို့မှာ ကြယ်အမွေအနှစ် များ မဟုတ်သော်လည်း ၁၀ ခုမြောက် ဇာတ်ဝင်ခန်းအထိ သွားရန် လုံလောက်လှပေသည်။ လူအချို့က ‘ဒါက SSS-အဆင့်ဖြစ်ပြီးတော့ ၁၀ ခုမြောက် ဇာတ်ဝင်ခန်းအထိပဲလား’ ဟု ပြောကောင်းပြောနိုင်၏။ သို့သော်လည်း Ways of Survival ၏ ကမ္ဘာမှာ မူလကတည်းက ဤသို့ပင် ဖြစ်သည်။
Ways of Survival ကမ္ဘာထဲတွင် ပစ္စည်းများ၏ အဆင့်အတန်း မြင့်တက်လာမှုမှာ အတော်လေး သိသာလှပေသည်။ အစောပိုင်းကာလနှင့် အလယ်ပိုင်းကာလများတွင် ရရှိသည့် ပစ္စည်းများမှာ အဆင့်တူနေလျှင်တောင် စွမ်းဆောင်ရည် ကွာခြားချက်မှာ အင်မတန် ကြီးမားလှသည်။
ယခုအခါ SSS-အဆင့် ပစ္စည်းများကို လွှင့်ပစ်ရန် သေချာပေါက် မလိုအပ်သော်လည်း လက်နက်ကိရိယာများကို အဆင့်ကျော်လွန်စေရန်အတွက် အထူးကုန်ကြမ်းများ လိုအပ်ပေလိမ့်မည်။
ထို့ကြောင့်လည်း ကြယ်အမွေအနှစ် များကို ပိုင်ဆိုင်ထားခြင်းက ပို၍ ကောင်းခြင်းဖြစ်သည်။ အခြားပစ္စည်းများနှင့် မတူဘဲ ကြယ်အမွေအနှစ် များမှာ အဆင့်ကျော်လွန်ရန် မလိုအပ်ပေ။ ဇာတ်ဝင်ခန်းများ ပွင့်လာသည်နှင့်အမျှ ကြယ်အမွေအနှစ် များသည် ဖြစ်နိုင်စွမ်း ၏ ကန့်သတ်ချက်များကို ကျော်လွန်ကာ ၎င်းတို့၏ ပင်ကိုယ်စွမ်းအားများကို ပြန်လည် ရရှိလာကြမည် ဖြစ်သည်။
[…ကျေးဇူးပြုပြီး ဆုလာဘ်တစ်ခုကို ရွေးချယ်ပေးပါ။]
ဘီဟွန်း က မကျေမနပ်ဖြစ်နေသော မျက်နှာပေးဖြင့် ကျနော့်ကို ပြောသည်။ သူသည် နှိပ်စက်ခံရမှုကြောင့် ပင်ပန်းနွမ်းနယ်နေပုံရ၏။
ထိုအခိုက်အတန့်တွင် ဒိုကဲဘီ ဆက်သွယ်ရေးမှတစ်ဆင့် ဘီဟွန်း ၏ အသံကို ကျနော် ကြားလိုက်ရသည်
– ငါရဲ့ ကိုယ်ပိုင်အမြင်အရဆိုရင်တော့ ‘အနန္တနယ်ပယ် အာကာသဝတ်ရုံ’ ကို အကြံပြုချင်တယ်။ အဲ့ဒီမှာ ဖုံးကွယ်ထားတဲ့ အထူးစွမ်းရည် တစ်ခု ရှိသေးတယ်။ နောက်ပိုင်းမှာ အဆင့်ကျော်လွန်ဖို့ ပိုလွယ်ကူလိမ့်မယ်။
သူသည် ကျနော့်၏ မန်နေဂျာအဖြစ် အလုပ်လုပ်ပေးနေခြင်း ဖြစ်သည်။ ပါးနပ်လှသော ဒိုဂက် က ဘီဟွန်း ကို စိုက်ကြည့်နေသည်။
[ဘီဟွန်း]
[…ဟုတ်ကဲ့ပါ]
[မင်း နက္ခတ်တွေကို ဒီပစ္စည်းတွေအကြောင်း ရှင်းပြရမယ်လေ။ မင်း မေ့သွားပြီလား]
[ကျ-ကျနော် နားလည်ပါပြီ]
ဘီဟွန်း သည် ဆိုးလ်ဒေသ ရှိ နက္ခတ်များအား ပစ္စည်းများအကြောင်းကို အမြန် ရှင်းပြတော့သည်။ ထိုအချိန်ကို အသုံးချ၍ ယူဂျွန်ဟော့ ကို ကျနော်စကားပြောလိုက်သည်။
"ယူဂျွန်ဟော့၊ မင်း ဘာကို ရွေးမလဲ"
ကျနော့်တွင် ပထမဦးဆုံး ရွေးချယ်ခွင့် ရှိသော်လည်း သူ၏ အကူအညီကို ရရှိခဲ့သောကြောင့် ယူဂျွန်ဟော့ ကို ဦးစားပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
… ယူဂျွန်ဟော့ က ကျနော့်ကို မြေပြင်ထဲ ထိုးမထည့်ဘူးဆိုရင်ပေါ့။
"ယူဂျွန်ဟော့"
သူ ပြန်မဖြေပေ။ ကျနော့်ကိုသာ စိုက်ကြည့်နေသည်။
"မင်း ထပ်ပြီး သတိလစ်သွားတာလား"
သူ၏ မျက်လုံးရှေ့တွင် လက်ကို အကြိမ်ကြိမ် ကျနော် ယမ်းပြသော်လည်း သူ၏ သူငယ်အိမ်မှာ ပြောင်းလဲခြင်း မရှိပေ။
[ဇာတ်ကောင် ‘ယူဂျွန်ဟော့’ သည် လက်ရှိတွင် ‘သေဆုံးမှုနှောင့်နှေးခြင်း အဆင့် ၃’ ကို အသုံးပြုနေပါသည်။]
…အမှန်တကယ်ပင်၊ ထိုခန္ဓာကိုယ်ကြီးနှင့် သူ လှုပ်ရှားနိုင်ခဲ့ခြင်းမှာ ပုံမှန်မဟုတ်ချေ။ သူ၏ ခန္ဓာကိုယ်မှာ ‘သေဆုံးမှုနှောင့်နှေးခြင်း’ကို အသုံးပြုနိုင်ရန်အတွက် တစ်ဝက်မက ပျက်စီးနေရပေလိမ့်မည်။ ကျနော် ကိုယ်တိုင်လည်း တစ်ခုတည်းကို ရွေးချယ်ရန် မဖြစ်နိုင်သောကြောင့် ‘နေ့လယ်ပိုင်း ချိန်းဆိုမှု’ဖြင့် မက်ဆေ့ချ်တစ်ခု ချန်ထားခဲ့လိုက်သည်။ ကျနော့်ဘေးတွင် ကြည့်နေသော ဟန်ဆိုယောင်း က ကြားဖြတ် ပြောလိုက်သည်။
"… ကျမကပဲ ရွေးပေးရမလား"
"နင် နောက်ပိုင်း ယူဂျွန်ဟော့ ရဲ့ အရိုက်ကို ခံချင်တယ်ဆိုရင်တော့ ရွေးလေ"
ဟန်ဆိုယောင်း မှာ ချက်ချင်းပင် ငြိမ်ကျသွားသည်။
ဘီဟွန်း ကို ကျနော်ပြောလိုက်၏။
" ‘အနန္တနယ်ပယ် အာကာသဝတ်ရုံ’ ကို ရွေးမယ်"
သို့သော်လည်း အဖြေမှာ ဘီဟွန်း ထံမှ ထွက်မလာပေ။ ဒိုဂက် က ခေါင်းညိတ်လိုက်ပြီး သူ၏ လက်ချောင်းများကို တစ်ချက် ခါလိုက်ရုံဖြင့် ပစ္စည်းစာရင်းကို ပိတ်လိုက်သည်။
[မင်းက ပစ္စည်းကောင်းတစ်ခုကို ရွေးခဲ့တာပဲ။ ဒါဆို ငွေပေးချေမှု ဧရိယာကို သွားကြရအောင်]
ငွေပေးချေမှု ဧရိယာဟုတ်လား။
[ထပ်ဆောင်းလျော်ကြေးကို ဒီနေရာမှာ ပေးလို့ မရဘူး]
ကြည့်စမ်း။
"မင်း ငါ့ကို ဘယ်ခေါ်သွားမလို့လဲ"
[ငါ့ရဲ့ ‘ဒိုကဲဘီ ရုံးခန်း’ ဆီကို ခေါ်သွားမှာပါ]
‘ဒိုကဲဘီ ရုံးခန်း’။
ပုံပြင်တွေထဲမှာတော့ ထိုရုံးခန်းသည် အဝတ်ဗီရို အမျိုးအစားတစ်ခု ဖြစ်သော်လည်း ဤနေရာတွင်တော့ ကွဲပြားပေသည်။ ထိုရုံးခန်းသည် ဒိုကဲဘီ အားလုံးတွင် ရှိကြသော ‘အခန်း’ တစ်မျိုး ဖြစ်သည်။ သူတို့၏ ပင်ကိုယ်အရောင်ကို ဖုံးကွယ်ထားသော အခန်းပင် ဖြစ်၏။
"ဒါက ပြဿနာပဲ။ ဒီမှာပဲ ငါ့ကို ပေးလိုက်ပါ"
ထိုရုံးခန်းမှာ သူတို့၏ သီးသန့် ဟင်းလင်းပြင် ဖြစ်သည်။ ဘာကို မျှော်လင့်ရမှန်း ကျနော် မသိချေ။ ကျနော် သိသလောက်တော့ ထပ်ဆောင်းလျော်ကြေး လက်ခံရရှိရန်အတွက် ဒိုကဲဘီ၏ ရုံးခန်းသို့ သွားရမည်ဆိုသော လုပ်ထုံးလုပ်နည်းမျိုး မရှိခဲ့ဖူးပေ။
သူ၏ ရုံးခန်းသို့ သွားရန်မှာ ဤကောင်၏ အကြံအစည် ဖြစ်နေသည်မှာ သိသာလှသည်။ ကျနော့်ဘေးမှ ဘီဟွန်း မှာလည်း စိုးရိမ်တကြီး ကြည့်နေ၏။ ကျနော်သည် ဒိုဂက် ကို မျက်လုံးမှေး၍ စိုက်ကြည့်လိုက်သည်။
[ဟင်း… မင်း ထပ်ဆောင်းလျော်ကြေးကို ပယ်ဖျက်လိုက်စေချင်တာလား]
"စမ်းကြည့်လိုက်လေ"
ဇာတ်ဝင်ခန်း၏ လျော်ကြေးဆိုသည်မှာ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု၏ ပုံသေစည်းမျဉ်းတစ်ခု ဖြစ်သည်။ ဒိုကဲဘီ တစ်ကောင်၏ ဆုံးဖြတ်ချက်ဖြင့် ပြုလုပ်ထားသော ဇာတ်ဝင်ခန်းအသေး ဖြစ်နေလျှင်တောင် ဇာတ်ဝင်ခန်း ပြီးဆုံးသွားပြီးနောက် ပေးအပ်ထားသော ပစ္စည်းတစ်ခုကို ပြန်လည် ရုပ်သိမ်း၍ မရနိုင်ချေ။
ဒိုဂက် ၏ မျက်နှာတွင် အပြုံးတစ်ခု လျှပ်ခနဲ ပေါ်လာသည်။
[တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ]
– ဒါက ကောင်းတဲ့ အကြံတော့ မဟုတ်ဘူးနော်။
ဒိုကဲဘီ ဆက်သွယ်ရေး ပွင့်လာသည်။
ဒိုဂက် က ပါးစပ်ကို ဟလိုက်သောအခါ သူ၏ စကားနှစ်မျိုးကို ကျနော်ကြားလိုက်ရသည်။
[ကင်ဒေါ့ဂျာ။ မင်းရဲ့ ဇာတ်လမ်းကို ငါ ကြားဖူးတယ်။ မင်းက ဘယ်လောက်တောင် နာမည်ကြီးသလဲဆိုရင် ဒီကျွန်းဆွယ်ရဲ့ အပြင်ဘက်က နက္ခတ်တွေတောင် မင်းအကြောင်း သိနေကြတယ်ကွ]
– မင်းနဲ့ ဒိုကဲဘီ ဘီဟွန်း တို့ရဲ့ စာချုပ်အကြောင်းကို ငါ သိတယ်။ ဒါပေမဲ့ ဒိုကဲဘီတွေကြားမှာ ‘ကိုယ်စားလှယ် လွှဲပြောင်းယူခြင်း’ ဆိုတာ ရှိနိုင်ပါတယ်။
[မင်းက ဒိုကဲဘီတွေရှေ့မှာ ဂုဏ်ယူဝင့်ကြွားစွာ ပြုမူတတ်တယ်လို့ ငါ ကြားဖူးတယ်၊ ဒီနေ့တော့ အဲ့ဒီ ကောလဟာလက မမှားဘူးဆိုတာ ငါ သိလိုက်ရပြီေြ
– ငါ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ ငါ့ချန်နယ်ကို လာခဲ့ပါ။ ငါ့ချန်နယ်ကို ကိုရီးယားကျွန်းဆွယ်အထိ တိုးချဲ့တော့မှာလေ။ မင်း လိုချင်တဲ့ ပစ္စည်းတွေနဲ့ အခြေအနေတွေကို ငါ စိတ်တိုင်းကျ ဖြည့်ဆည်းပေးမယ်။
စိတ်ဝင်စားစရာပဲ။
သူက ကျနော့်ကို ဒီနည်းလမ်းနဲ့ လာရောက် ကမ်းလှမ်းနေခြင်းဖြစ်သည်။ ဒိုဂက် ၏ အကြံပြုချက်မှာ အာရှလိဂ် အသင်းတစ်ခုမှ လာလီဂါ၏ ထိပ်သီးအသင်းတစ်ခုဆီသို့ ပြောင်းရွှေ့ရန် ကမ်းလှမ်းခြင်းကဲ့သို့ပင်။
၎င်းမှာ ဆွဲဆောင်မှုရှိသော ကမ်းလှမ်းချက်တစ်ခု ဖြစ်သည်။ ပြဿနာက… လွှဲပြောင်းရေးပင်။ ‘ဒိုဂက်’ ဟု ခေါ်သော ဤကောင်အကြောင်းကို ကျနော်သိထားသည်။
"ငါက ဒီလိုပုံစံ ဖြစ်နေပေမဲ့ တကယ်တော့ ငါ တော်တော် ကြောက်နေတာ။ မင်းနဲ့ အခုလို စကားပြောနေရတာတောင် ငါ တုန်နေတယ်။ ဒါကြောင့် ပစ္စည်းကို မြန်မြန် ပေးလိုက်ပါတော့"
ကျနော့်စကားကြောင့် ဒိုဂက် ၏ မျက်နှာမှာ တင်းမာသွားသည်။
[တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ။ မင်းက နှိမ့်ချတတ်သားပဲနော်]
– မင်းက အရမ်း မာနကြီးတာပဲ။ တစ်နေ့ကျရင် မင်းရဲ့ မာနတွေ ကျိုးကြေသွားလိမ့်မယ်။
"… အဲ့ဒါက ဘာကို ဆိုလိုတာလဲ"
– ဘီဟွန်း ရဲ့ ချန်နယ်က မကြာခင်မှာ ပျောက်ကွယ်သွားလိမ့်မယ်။
ဒိုဂက် ၏ ပါးစပ်မှ ရယ်သံတစ်ခု ထွက်ပေါ်လာသည်။
[ဒါဆိုရင်တော့ မတတ်နိုင်တော့ဘူးပေါ့။ ငါက ဒါကို ‘လျော်ကြေး’ ပေးပြီးမှ ကြေညာမလို့ စိတ်ကူးထားတာ၊ စိတ်မကောင်းပါဘူး]
…ကြေညာချက်ဟုတ်လား။ ဘာကြေညာချက်လဲ။
ဒိုဂက် သည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။ သူသည် အလင်းရောင် ထွက်ပေါ်နေသော နက္ခတ်များကို ကြည့်ရင်း ဖြည်းဖြည်းချင်း ပါးစပ်ဟလိုက်သည်။ သူ၏ အသံမှာ ဆိုးလ် တစ်မြို့လုံးသို့ ပဲ့တင်ထပ်သွားပုံရ၏။
[အခုအချိန်အထိ ဇာတ်ဝင်ခန်းကို စိတ်ဝင်တစား ကြည့်ရှုနေကြတဲ့ နက္ခတ်တွေအတွက် စိတ်မကောင်းစရာ သတင်းတစ်ခု ရှိပါတယ်]
အဆင့်နိမ့် ဒိုကဲဘီ များမှာ ဘီဟွန်း ၏ အနီးအနားမှ လျင်မြန်စွာ ဆုတ်ခွာသွားကြသည်။ ဘီဟွန်း မှာ ဇဝေဇဝါ ဖြစ်နေသော မျက်နှာပေး ဖြစ်သွား၏။ ဒိုကဲဘီတွေ ဒီလိုမျိုး ပြုမူတိုင်း ဘယ်တုန်းကမှ မကောင်းခဲ့ချေ။
[ကံမကောင်းစွာနဲ့ပဲ ဆိုးလ်ဒေသ မှာ လုပ်ဆောင်နေတဲ့ ချန်နယ်တွေထဲမှာ ဇာတ်ဝင်ခန်းတွေကို တရားမဝင် လှည့်ဖြား ဖန်တီးနေတဲ့ ချန်နယ်တစ်ခု ရှိနေပါတယ်]
[နက္ခတ် အများအပြားသည် ‘ဒိုဂက်’ ၏ စကားကို အာရုံစိုက်နေကြပါသည်။]
[အဲ့ဒါကတော့ ဒိုကဲဘီ ဘီဟွန်း ရဲ့ #BI-7623 ချန်နယ်ပါ။ လေ့လာစမ်းစစ်ချက်တွေအရ ဆိုးလ်ဒေသရှိ အဆင့်နိမ့် ဒိုကဲဘီတွေဟာ လွန်ကဲသော ချန်နယ် ဇာတ်ဝင်ခန်း လှည့်ဖြားမှုတွေကြောင့် ‘ဖြစ်နိုင်စွမ်း’ကို ချိုးဖောက်နေတယ်လို့ ကောက်ချက်ချလိုက်ကြပါတယ်]
…နေဦး၊ ဘာလဲဟ။
[ဆိုးလ်ဒေသရှိ အဆင့်နိမ့် ဒိုကဲဘီတွေကိုယ်စား ကျနော်ဟာ စီမံခန့်ခွဲရေးဌာနကို ဒီချန်နယ်ရဲ့ ‘ဖြစ်နိုင်စွမ်း ကိုက်ညီမှု’ ကို ဆုံးဖြတ်ပေးဖို့ တရားဝင် တောင်းဆိုပါရစေ]
အခန်း (၉၁)
- အပိုင်း ၁၈ - စာဖတ်သူ၏ တိုက်ပွဲ (၄)
ဟန်ဆိုယောင်း က အံ့အားသင့်သော မျက်နှာပေးဖြင့် မေးလိုက်သည်။
"ဘာလဲဟ။ ဒါက ဘာကို ဆိုလိုတာလဲ။ သူက ဘာလို့ ရုတ်တရက်ကြီး ဖြစ်နိုင်စွမ်း အကြောင်းကို ပြောလာရတာလဲ"
"သူက အလကားနေရင်း ပြဿနာရှာနေတာပဲ"
"ပြဿနာရှာတယ်ဟုတ်လား။ ဘာလို့လဲ"
ဘာလို့လဲတဲ့လား။
ကျနော် သူ၏ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်သောကြောင့်လော။
ဒိုဂက် သည် ကောင်းကင်ယံတွင် ပျံဝဲနေပြီး စီမံခန့်ခွဲရေးဌာန ထံသို့ အစီရင်ခံလိုက်သည်။
ဖြစ်နိုင်စွမ်း ဆုံးဖြတ်ချက်…။
၎င်းကို ဤနည်းလမ်းဖြင့် အသုံးပြုလိမ့်မည်ဟု ကျနော် မထင်ခဲ့မိချေ။ အခြား ချန်နယ်ကြီးများမှ ဒိုကဲဘီ များက ရန်စလာလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။
ဘီဟွန်း ၏ မျက်နှာမှာ နီမြန်းနေပြီး ကျနော်နှင့် ဒိုဂက် ကြားကို ကြည့်ရင်း မျက်ရည်ဝဲနေ၏။ တစ်စုံတစ်ယောက်ကသာ သူ့ကို ထိလိုက်လျှင် မျက်ရည်များ ပေါက်ခနဲ ကျလာတော့မည့် ပုံစံမျိုး ဖြစ်နေသည်။
– ဘ-ဘာတွေလဲကွာ။ ငါ အခု ဘာလုပ်ရမလဲ။
ကျနော် ပြန်ပြောလိုက်သည်
– ငါ့ကို အမှန်အတိုင်း ပြောစမ်း။ ငါတို့ရဲ့ စာချုပ်အကြောင်းကို သူ သိသွားတာလား။
ဘီဟွန်း က ခေါင်းခါပြသည်
– မင်း ‘ဒိုကဲဘီ အိတ်’ ကို ဖွင့်လိုက်တာကို သူ သတိထားမိသွားတာလား။
– အဲ့-အဲ့ဒါတော့ မဖြစ်နိုင်ပါဘူး။
– တကယ်လား။
– ဖြစ်-ဖြစ်နိုင်ပါတယ်…။
– ကောင်းပြီ၊ အခုလောလောဆယ် ထိတ်လန့်မနေနဲ့ဦး။ အဲ့ဒီလို ဖြစ်ခဲ့ရင်တောင် ဒါက ‘ဖြစ်နိုင်စွမ်း ကိုက်ညီမှု တောင်းဆိုချက်’ လုပ်ရလောက်တဲ့အထိ တန်ဖိုးရှိတဲ့ အရာမဟုတ်ဘူး။ ပထမဦးဆုံးအနေနဲ့ ဒါက စည်းမျဉ်းတွေကို ချိုးဖောက်တာ မဟုတ်ဘူး။
၎င်းမှာ အမှန်ပင်။ ကိုယ်စားလှယ် တစ်ဦးက ‘ထုတ်လွှင့်မှု စာချုပ်’ ချုပ်ဆိုခြင်း သို့မဟုတ် ‘ဒိုကဲဘီ အိတ်’ ကို အသုံးပြုနိုင်ခြင်းမှာ ယခင်က စံနမူနာ မရှိခဲ့သဖြင့် ၎င်းမှာ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု၏ စည်းမျဉ်းများကို တိုက်ရိုက် ချိုးဖောက်ခြင်း မဟုတ်ဟု ပြော၍ ရသည်။
ဘီဟွန်း က ထိုအခါမှပင် စိတ်သက်သာရာရစွာဖြင့် ခေါင်းညိတ်လိုက်သည်။
– အ-အေးပါ။ ငါ နားလည်ပြီ။
ကလေးတစ်ယောက်ကဲ့သို့ ဖြစ်နေသော ဘီဟွန်း ကို ကြည့်ရင်း ဘယ်သူက ဒိုကဲဘီ ဖြစ်ပြီး ဘယ်သူက လူသားလဲဆိုသည်ကို ကျနော် မခွဲခြားနိုင်တော့ချေ။ ကျနော်သည် ဒိုဂက် နှင့် အဆင့်နိမ့် ဒိုကဲဘီ များကို ထပ်မံ ကြည့်လိုက်သည်။
[#BI-7623 ချန်နယ်၏ လှည့်ဖြားမှုကို အစီရင်ခံထားပါသည်။]
[စီမံခန့်ခွဲရေးဌာန သည် လက်ရှိတွင် ဤကိစ္စကို ဆွေးနွေးနေပါသည်။]
ကျနော် ထင်သည်မှာ မှန်ကန်ပါက ဖြစ်နိုင်စွမ်း တောင်းဆိုချက်မှာ နောက်ဆုံးတွင် ပယ်ဖျက်ခံရပေလိမ့်မည်။ သို့သော်လည်း ဒိုဂက် ထံတွင် ဤကိစ္စအတွက် ‘သက်သေ’ ရှိနေပါက ဇာတ်လမ်းက ပြောင်းလဲသွားနိုင်သည်…။
သူသည် အချက်အလက်များကို ဖုံးကွယ်ထားပြီး ၎င်းမှာ ဘာလဲဆိုသည်ကို ကျနော် သိရှိနိုင်မည့် နည်းလမ်း မရှိချေ။ နည်းလမ်းတစ်ခုသာ ကျန်တော့သည်။
"ဟေ့၊ အချိန်ဆွဲမနေဘဲ ငါ့ဆုလာဘ်ကို မြန်မြန် ပေးလို့ မရဘူးလား။ နက္ခတ်တွေ ပျင်းလာတာကို မင်း မမြင်ဘူးလား"
[အဲ့ဒါက ပြဿနာပဲ။ ဒါက လျော်ကြေးပေးတာထက် ပိုပြီး အရေးကြီးတယ်လေ]
– မင်း စိတ်ပြောင်းသွားပြီလား။ အကယ်၍ မင်းသာ ငါ့ရဲ့ ကမ်းလှမ်းမှုကို သဘောတူမယ်ဆိုရင် ဒါတွေအားလုံးကို ငါ ရှင်းပေးမယ်။
ကျနော် ဒိုဂက် ကို မော့ကြည့်လိုက်သည်။
ဟုတ်ပြီလေ။ ထိပ်တိုက် ရင်ဆိုင်ကြည့်ကြတာပေါ့။
"မင်း ဘာတွေကို စိုးရိမ်နေတာလဲ။ ငါ့ကို ကြည့်ခွင့်ပေးစမ်း။ ငါ ပါဝင်နေတဲ့ ချန်နယ်က ဇာတ်ဝင်ခန်းကို ဘယ်လိုမျိုး တရားမဝင် လှည့်ဖြားနေတာလဲ။ သက်သေရှိလို့လား"
သူ့မှာ သက်သေရှိပါက ၎င်းမှာ ဘာလဲဆိုသည်ကို ကျနော် သိရှိရပေလိမ့်မည်။ အကယ်၍ သူက လှည့်စားနေခြင်းသာ ဖြစ်ပါက ဤအခြေအနေမှာ ချက်ချင်း ပြီးဆုံးသွားပေလိမ့်မည်။
ဒိုဂက် က သူ စောင့်မျှော်နေသည့်အတိုင်း ပြုံးလိုက်သည်။
[မင်း တကယ်ပဲ ကြားချင်တာလား။ မင်း နောင်တရလိမ့်မယ်နော်]
"ပြောစမ်းပါ"
[ဒီပြဿနာက မင်းနဲ့ ပတ်သက်နေတာ။ ကင်ဒေါ့ဂျာ]
"…ငါနဲ့ဟုတ်လား"
ထိုခဏ၌ ကျနော့်ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
၎င်းမှာ ကျနော်သည် ဝတ္ထုထဲမှ အနာဂတ် အချက်အလက်များကို အသုံးပြုခဲ့သောကြောင့်လား။ သို့သော်လည်း စစ်ထုတ်မှုကြောင့် ဤအချက်အလက်များမှာ နက္ခတ်များ သို့မဟုတ် ဒိုကဲဘီ များထံသို့ ပျံ့နှံ့မသွားသင့်ချေ။ သို့မဟုတ်ပါက ကျနော်သည် ဖြစ်နိုင်စွမ်း မုန်တိုင်း တစ်ခု၏ ဖမ်းဆီးခြင်းကို ခံထားရပြီး ဖြစ်ပေလိမ့်မည်…။
[မင်း စခရင်ကို မြင်လား]
လေထုထဲတွင် ကြီးမားသော စခရင်တစ်ခု ပေါ်လာသည်။ စခရင်ပေါ်တွင် ကျနော့်၏ မကြာသေးမီက တိုက်ပွဲ ဗီဒီယိုများကို ပြသနေ၏။ ပထမဆုံး စခရင်မှာ အဆိပ်ခတ်သူ လီဆောဟွာ နှင့် ကျနော့်၏ ပဋိပက္ခကို ပြသနေသည်။
[ဒါက သက်သေပဲ]
"…ဘာက သက်သေလဲ"
စခရင်ပေါ်တွင် ကျနော်သည် လီဆောဟွာ ကို မသတ်ခဲ့ကြောင်းသာ ပြသနေသည်။ ဒိုဂက် က စခရင်ကို ပြောင်းလိုက်သည်။
[ဒါကလည်း သက်သေပဲ]
ဒုတိယ စခရင်တွင် ကျနော်သည် လိုင်ခါယွန် နှင့် အန်တီနပ်စ် တို့၏ တိုက်ပွဲကို ကြည့်နေသည်ကို ပြသနေသည်။
ဒါက ဘာတွေလဲဟ…။
[ဒါက တတိယမြောက် သက်သေပဲ]
တတိယမြောက် စခရင်တွင် ကျနော်သည် မေးခွန်းများ၏ ကပ်ဘေး ‘မြုံအီဆန်’ ကို တိုက်ခိုက်နေသည်။ ပြသနေသည်မှာ မြုံအီဆန် က သူ၏ ချိပ်တံဆိပ် များကို ဆက်တိုက် ဖွင့်နေသည့် မြင်ကွင်း ဖြစ်သည်။ ရုတ်တရက် ကျနော့်ရင်ထဲမှာ မကောင်းသော အာရုံတစ်ခု ခံစားလိုက်ရ၏။
[ဒီစခရင်တွေမှာ တူညီတဲ့အချက်က ဘာဖြစ်မလဲ]
ထိုအခိုက်အတန့်တွင် ကျနော် သတိပြုမိလိုက်သည်။ ဤကောင်သည် ကျနော့်ကို စကားပြောနေခြင်း မဟုတ်ပေ။
[စခရင်ကို ကြည့်နေကြတဲ့ နက္ခတ်များ၊ တစ်ခုခု သိကြလား]
ထိုနေရာရှိ လူအားလုံးမှာ ငြိမ်ကျသွားကြသည်။
[အဆိပ်ခတ်သူနဲ့ တိုက်ပွဲ၊ အန်တီနပ်စ်နဲ့ တိုက်ပွဲ၊ ပြီးတော့ မေးခွန်းများ၏ ကပ်ဘေးနဲ့ တိုက်ပွဲ။ ဒီတိုက်ပွဲ သုံးခုမှာ တူညီတဲ့အချက် တစ်ခု ရှိတယ်]
ထို့နောက် စခရင်မှာ ဆက်တိုက် ပြောင်းလဲနေသည်။
[တကယ်တော့ သူဟာ အဆိပ်ခတ်သူကို သတ်ပြီး ကပ်ဘေးကို တားဆီးဖို့ အခွင့်အရေး ရခဲ့တယ်]
သူ၏ လက်ညှိုးမှာ အဆိပ်ခတ်သူ ဆီသို့ ညွှန်ပြနေသည်။
[အန်တီနပ်စ်ကို သတ်ပြီးတော့လည်း ကပ်ဘေးကို သူ တားဆီးနိုင်ခဲ့တယ်]
ထို့နောက် သူက အန်တီနပ်စ် ဆီသို့ ညွှန်ပြပြန်သည်။
[သူဟာ မေးခွန်းများ၏ ကပ်ဘေးရဲ့ ချိပ်တံဆိပ်တွေ မပွင့်ခင်မှာတင် တားဆီးနိုင်ခဲ့တယ်]
သူက မြုံအီဆန် ကို ညွှန်ပြပြီးနောက် ကျနော့်ဘက်သို့ လှည့်၍ ညွှန်ပြလိုက်သည်။
[ဒါပေမဲ့ သူက ‘တမင်တကာ’ မလုပ်ခဲ့တာပဲ]
"နေဦး။ မင်း အခု…"
ဒိုဂတ် ဘာလုပ်ဖို့ ကြိုးစားနေသည်ကို ကျနော် အခုမှ သတိထားမိလိုက်သည်။ တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းများ ထသွား၏။
ကြည့်စမ်း။ ဒါက ဒိုကဲဘီ စီစဉ်နေတဲ့ အကွက်ပဲ။
[နက္ခတ်များခင်ဗျာ။ ကိုယ်စားလှယ် ကင်ဒေါ့ဂျာဟာ ဒီချန်နယ်ရဲ့ ထုတ်လွှင့်သူ ‘ဘီဟွန်း’ နဲ့ ပူးပေါင်းခဲ့ပါတယ်။ သူဟာ သူ့ရဲ့ အစွမ်းတွေကို တမင်တကာ ဖုံးကွယ်ခဲ့ပြီး ဇာတ်ဝင်ခန်း ဖြစ်ပေါ်တိုးတက်မှုကို လှည့်စားခဲ့ပါတယ်။ မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ ဇာတ်ဝင်ခန်းတွေကို ပိုပြီး ခက်ခဲအောင် သူ လုပ်ခဲ့တာပါ]
ထို့နောက် နောက်ဆုံးစခရင် ပေါ်လာသည်။ ၎င်းမှာ ကျနော်က ‘လေ၏လမ်းစဉ်’ ကို အသုံးပြု၍ မြုံအီဆန် ကို တားဆီးနေပုံ ဖြစ်သည်။
[သူဟာ နောက်ဆုံး အောင်မြင်မှု အထွတ်အထိပ်ကို ‘ဇာတ်ညွှန်းခင်း’ ဖို့အတွက် ဒါကို လုပ်ခဲ့တာပါ]
မအေဘေးကတော့ကွာ။ သူက အစကတည်းက ‘ဖြစ်နိုင်စွမ်း ကိုက်ညီမှု ဆုံးဖြတ်ချက်’ ကို တောင်းဆိုဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ဘူးပဲ။
ဒိုဂတ်…။
ဒါက သူ့ရဲ့ တကယ့် ရည်ရွယ်ချက်ပဲ။
[ဒါက ခင်ဗျားတို့ဆီက ဒင်္ဂါးတွေကို လိမ်ယူဖို့ သက်သက်ပါပဲ]
သူ၏ရည်ရွယ်ချက်မှာ ဘီဟွန်း ၏ ချန်နယ် အဆုံးသတ်စေခြင်းပင် ဖြစ်ပေသည်။
[နက္ခတ် အချို့မှာ တိတ်ဆိတ်နေကြပါသည်။]
ဒိုဂတ် ထုတ်ဖော်လိုက်သော သက်သေများမှာ ‘ဖြစ်နိုင်စွမ်း ကိုက်ညီမှု ဆုံးဖြတ်ချက်’ ၏ စည်းကမ်းချက်များကို ချိုးဖောက်ခြင်း မရှိပေ။ ဒိုကဲဘီ များက ဇာတ်ဝင်ခန်းကို စိတ်ဝင်စားစရာ ကောင်းစေရန် ကိုယ်စားလှယ် များကို ထိန်းချုပ်ခြင်းမှာ အဆန်းမဟုတ်ချေ။
ပြဿနာမှာ ထိုသို့ပြုလုပ်ခြင်းကို မုန်းတီးသော နက္ခတ်များ ဖြစ်ပေသည်။ ကျနော်က ဇာတ်ဝင်ခန်းအပေါ် အလေးအနက် မထားဟု သူတို့ ထင်သွားသည့် အခိုက်အတန့်တွင် နက္ခတ်များမှာ စိတ်ဝင်စားမှု လျော့နည်းသွားပေလိမ့်မည်။
၎င်းမှာ ပရိသတ်ကို ပြဇာတ်ထဲကနေ ခွဲထုတ်လိုက်သကဲ့သို့ပင်။ ပရိသတ်နှင့် ဇာတ်ကောင်ကြားက တံတိုင်း ပြိုလဲသွားသည့် အခိုက်အတန့်တွင် ပရိသတ်မှာ ချက်ချင်းပင် စိတ်အေးသွားပေလိမ့်မည်။
ဒါက ဒိုဂတ် ရည်မှန်းထားတဲ့ အချက်ပဲ။
[‘တရားမျှတမှု၏ ထိပ်ပြောင်စစ်သူကြီး’ နက္ခတ်မှာ ပါးစပ်အဟောင်းသား ဖြစ်နေပါသည်။]
[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်မှာ တခိခိ ရယ်မောနေပါသည်။]
[‘လျှို့ဝှက်ကြံစည်သူ’ နက္ခတ်မှာ ကိစ္စမရှိသလိုမျိုး ပခုံးတွန့်ပြနေပါသည်။]
နက္ခတ် အချို့မှာ အံ့အားသင့်နေကြပြီး အချို့မှာ ဘာဖြစ်မှန်း မသိကြသလို အချို့မှာတော့ တိတ်ဆိတ်နေကြသည်။
ပြဿနာမှာ အခြား နက္ခတ်များ ဖြစ်ပေသည်။
[နက္ခတ် အချို့သည် ချန်နယ်မှ ထွက်ခွာသွားပါပြီ။]
[ချန်နယ်၏ တရားမျှတမှုကို မေးခွန်းထုတ်သော နက္ခတ်များမှာ ချန်နယ်မှ ထွက်ခွာသွားပါပြီ။]
[နက္ခတ် အချို့သည် ချန်နယ်ထံမှ ဒင်္ဂါးများကို ပြန်အမ်းပေးရန် တောင်းဆိုနေကြပါသည်။]
နက္ခတ်များ ထွက်ခွာသွားကြသဖြင့် ဘီဟွန်း ၏ ချန်နယ်မှာ စတင် ကျုံ့ဝင်လာသည်။
[ချန်နယ်၏ အရွယ်အစား လျော့နည်းသွားပါသည်။]
မက်ဆေ့ချ်များမှာ ဆက်တိုက် ပေါ်လာသည်။ ဘီဟွန်း ၏ ဖြူဖျော့သော ခန္ဓာကိုယ်မှာ ပို၍ သေးငယ်လာ၏။ သူ၏ ဦးချိုများမှာလည်း ကျုံ့ဝင်နေသည်။
နောက်ဆုံးတွင် ကျနော် သက်ပြင်းချလိုက်သည်။
"ချန်နယ်ကတော့ သွားပြီ"
နည်းလမ်းတစ်ခုသာ ကျန်တော့သည်။ ကျနော်သည် လျော့နည်းသွားသော နက္ခတ်များ၏ အရေအတွက်ကို ကြည့်ရင်း ဒိုဂတ် ကို စကားပြောလိုက်သည်။
"ငါ နားလည်ပြီ။ ဒါကြောင့် မင်း စကားပြောလို့ ပြီးရင် ငါ့ကို လျော်ကြေးပေးတော့။ မင်းရဲ့ ကမ်းလှမ်းမှုကို ငါ လက်ခံမယ်"
ဒိုဂတ် ၏ နှုတ်ခမ်းများမှာ အပေါ်သို့ တွန့်တက်သွားသည်။
– မင်းက တော်သားပဲ။
ဘီဟွန်း ၏ မျက်လုံးများမှာ မယုံနိုင်စရာ ဖြစ်သွားပြီး ပြူးကျယ်လာသည်။
[မ-မင်း…]
"ငါ့ကို အဲ့ဒီလိုမျိုး မကြည့်ပါနဲ့။ ဒါက မတတ်နိုင်ဘူးလေ"
ကျနော်က အသံကျယ်ကျယ်ဖြင့် ပြောရင်း ပခုံးတွန့်ပြလိုက်သည်။
ဘီဟွန်း ၏ နှုတ်ခမ်းများမှာ သစ္စာဖောက်ခံရမှုကြောင့် တုန်ရင်နေသည်။ ဤကလေးမှာ ကြောက်လန့်နေရှာ၏။
– ဘီဟွန်း၊ မင်း ငါ့ကို ယုံလား။
– ဘာ…
– ဒီတစ်ကြိမ်တော့ ငါ့ကိုယုံစမ်းပါ။ မင်းက အခုပဲ ပျက်စီးသွားပြီ မဟုတ်ဘူးလား။
ကျနော် ဆက်သွယ်မှုကို အဆုံးသတ်လိုက်ပြီး ဒိုဂက် ကို စကားပြောလိုက်သည်။
"စတင်လိုက်တော့"
[ကောင်းပြီ။ ဒါဆိုရင် ချိုမြိန်တဲ့ ဆုလာဘ်ပေးချိန်ကို စလိုက်ကြရအောင်]
ဒိုဂက် က လက်ဖျောက်တစ်ချက် တီးလိုက်ရာ ပတ်ဝန်းကျင် ရှုခင်းများ ပျောက်ကွယ်သွားသည်။ ကျနော်တို့သည် ဇိမ်ခံဟိုတယ် အခန်းတစ်ခုနှင့် ဆင်တူသော နေရာတစ်ခုတွင် ပြန်လည်ပေါ်လာကြ၏။
…ဒါက သူ့ရဲ့ ‘တရားဝင်ရုံးခန်း’ လား။
ကျနော် အနည်းငယ် စိုးရိမ်တကြီးဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ဒိုကဲဘီ တစ်ဦးအတွက် သင့်တော်သော စားပွဲနိမ့်များနှင့် ကုလားထိုင်များကို ဇိမ်ခံကော်ဇောများပေါ်တွင် ချထားသည်။ တစ်ဖက်တွင်တော့ အရက်အမျိုးမျိုးကို စီထား၏။ နောက်မှပင် ၎င်းမှာ အရက်သောက်ရသည်ကို နှစ်သက်သော ဒိုကဲဘီ တစ်ဦးအတွက် သင့်တော်သော ပြင်ဆင်မှုဖြစ်ကြောင်း ကျနော် သတိထားမိလိုက်သည်။
ကျနော် ပတ်ဝန်းကျင်ကို ကြည့်ရှုပြီးနောက် ပြတင်းပေါက်နားသို့ ချဉ်းကပ်သွားလိုက်သည်။ အပြင်ဘက်က ရှုခင်းကတော့…။
မြတ်စွာဘုရား။
အဆုံးမရှိသော အမှောင်ထုက ကျနော့်မြင်ကွင်းထဲတွင် ပြည့်နှက်နေသည်။
တောက်ပနေသော ကြယ်တာရာများသည် ခမ်းနားသော စကြဝဠာကြီး၏ အမှောင်ထုထဲတွင် စီးဆင်းနေကြသည်။ ၎င်းမှာ အဆုံးမရှိသော ကျောက်မျက်ရတနာများကဲ့သို့ ခမ်းနားလှသော စကြဝဠာကြီး၏ မြင်ကွင်းတစ်ခုပင်။ နက္ခတ်များ သည် ၎င်းတို့၏ ပတ်လမ်းများနှင့် လည်ပတ်မှုများကို အကြိမ်ကြိမ် ပြုလုပ်နေကြပြီး တစ်ခုချင်းစီမှာ ကြီးမားသော ဂလက်ဆီ၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေကြသည်။
ဤအခိုက်အတန့်တွင် ကျနော် အမှန်တကယ်ပင် စိတ်လှုပ်ရှားသွားရသည်မှာ ရယ်စရာကောင်းလှ၏။
ဒါက ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုပဲ။
၎င်းမှာ ဇာတ်ဝင်ခန်း အားလုံးကို အုပ်ချုပ်သော ခမ်းနားသည့် ကြယ်တာရာတို့၏ စီးဆင်းမှုပင် ဖြစ်သည်။ ပုံပြင်တိုင်းသည် ဤနေရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။
"ခမ်းနားလိုက်တာ"
ကျနော် နောက်လှည့်ကြည့်လိုက်ရာ ဒိုဂက် ထိုနေရာတွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။
"တစ်ခါတလေ ငါလည်း ဒီရှုခင်းကို ငေးကြည့်နေတတ်တာ။ ဒီမြင်ကွင်းကို ငါ ဘယ်တော့မှ မရိုးနိုင်ဘူး"
"မင်း အခု…"
"အော်၊ မင်း အံ့သြသွားတာလား။ ဒါက ငါ့ရဲ့ ‘တကယ့်’ အသံပဲ"
ဒိုကဲဘီ ၏ အသံကို ကျနော် ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။ ယခင်က ထုတ်လွှင့်မှုမှတစ်ဆင့်သာ အမြဲကြားခဲ့ရခြင်းပင်။ တစ်နည်းအားဖြင့်ဆိုရသော် ကျနော့်ရှေ့က မြင်ကွင်းမှာ ဒိုဂက် ၏ တကယ့် ‘ကိုယ်ထည်’ ပင် ဖြစ်သည်။ ဒိုဂက် ၏ မျက်လုံးများမှာ တောက်ပနေ၏။
"မင်း ဘာတွေ စဉ်းစားနေတာလဲ"
ကျနော် မေးလိုက်သည်။
"မင်းကော ဘာထင်လဲ။ ဪ… ငါ မင်းကို သတ်လိမ့်မယ်လို့ ထင်နေတာလား"
သူက တဟားဟား ရယ်မောလိုက်သည်။
"သတ်ဖို့ဆိုတာက မဖြစ်နိုင်ဘူးဆိုတာ မင်းသိတာပဲလေ"
"ငါကလည်း ဒိုကဲဘီ တစ်ယောက်နဲ့ တိုက်ခိုက်ဖို့လောက်အထိ ရူးမနေပါဘူး"
"ငါ သဘောကျတယ်။ ဒါဆိုရင် စာချုပ်ကို စလိုက်ကြရအောင်"
ဒိုဂက် က လက်ဖျစ်တီးလိုက်ရာ စာချုပ်တစ်ခုကို ကိုင်ထားသော ဒိုကဲဘီ တစ်ဦး ကျနော့်ရှေ့တွင် ပေါ်လာသည်။ ၎င်းမှာ ဘီဟွန်း ပင် ဖြစ်၏။ သူသည် စနစ်၏ ချည်နှောင်ခြင်းကို ခံထားရပြီး ကျနော့်ကို အပြစ်တင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
"ငါက ဘီဟွန်း ကို သက်သေအဖြစ် ခေါ်လာတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက ငါနဲ့ စာချုပ်ချုပ်ဖို့အတွက် သူ့နဲ့ချုပ်ထားတဲ့ စာချုပ်ကို ဖျက်ရလိမ့်မယ်။ စာချုပ်ဖျက်သိမ်းခကိုတော့ ဘီဟွန်း ကပဲ တာဝန်ယူရလိမ့်မယ်"
ကျနော် အနည်းငယ် အံ့သြသွားသည်။
ဒီကောင်၊ သူက ငါနဲ့ ဘီဟွန်း တို့ ချုပ်ထားတဲ့ စာချုပ်အကြောင်း သိနေတာပဲ။
ကျနော်ဟာ ‘ကိုယ်စားလှယ် ရှာဖွေရေး’ အဖွဲ့ကို ဆွဲဆောင်ဖို့အတွက် အသုံးဝင်တဲ့သူဖြစ်မှန်း သူသည် အစကတည်းက သိနေခဲ့ခြင်းပင်။
ကျနော်က တည်တည်ငြိမ်ငြိမ်ပဲ ဟန်ဆောင်လိုက်သည်။
"မင်းသဘောအတိုင်း လုပ်ပါ။ ငါ ဂရုမစိုက်ဘူး"
"ဇာတ်လမ်းက မြန်မြန်ဆန်ဆန်ဖြစ်သွားတာ ကောင်းတာပေါ့။ စာချုပ်ကို စစ်ဆေးချင်လား။ ငါလည်း ဒီလိုစာချုပ်မျိုး ချုပ်ရတာ ဒါ ပထမဆုံးအကြိမ်ပဲ"
ကျနော် စာချုပ်ကို ဖတ်ကြည့်လိုက်သည်။ ပြောစရာပင် မလိုတော့ချေ၊ စာချုပ်မှာ ကျနော့်အတွက် ဆိုးရွားသော အခြေအနေများဖြင့်သာ ပြည့်နှက်နေသည်။ လှူဒါန်းမှုများကို ၅:၅ ခွဲဝေမည်ဟု ပါရှိသည်။ ကျနော့်၏ လွတ်လပ်မှုကို ကန့်သတ်ထားသော အခြေအနေအချို့လည်း ပါရှိ၏။ ယခုထိတော့ ကျနော်က ‘အနှိမ်ခံ’ အဆင့်မှာပဲ ရှိနေသေးသည်။
ဒိုဂက် က ရယ်မောလိုက်သည်။
"ဘယ်လိုလဲ။ ဒါက လုပ်ငန်းခွင်ရဲ့ ပျမ်းမျှအဆင့်ပဲ၊ ဒါပေမဲ့ ငါ အနည်းငယ် ပြုပြင်ပေးလို့ရပါတယ်"
လုပ်ငန်းခွင်ရဲ့ ပျမ်းမျှအဆင့်ဟု သူက ဆိုသည်။ ဘီဟွန်း ကလည်း အစပိုင်းတွင် အလားတူ စာချုပ်မျိုးဖြင့် ကြိုးစားခဲ့ဖူးသည်။
ကျနော် ခေါင်းညိတ်လိုက်ပြီးပြောလိုက်သည်။
"ကောင်းပြီ၊ မဆိုးပါဘူး။ ဒါပေမဲ့ ငါ စာချုပ်မှာ လက်မှတ်မထိုးခင် ငါ့မှာ တောင်းဆိုချက် တစ်ခုတော့ ရှိတယ်"
"တောင်းဆိုချက်ဟုတ်လား။ ဘာများလဲ"
"ချန်နယ်ပြောင်းတာက ငါ တစ်ယောက်တည်းဆိုရင် နှမြောဖို့ မကောင်းဘူးလား။ မင်းလည်း ဒီလောက်လေးနဲ့တင် ကျေနပ်သွားမှာ မဟုတ်ဘူးမလား။ ငါ့ရဲ့ ချန်နယ်ထဲမှာ အစွမ်းထက်တဲ့ နက္ခတ်တချို့ ရှိတယ်"
"ဟိုး…. ဘယ်သူတွေလဲ"
"ရွှေခေါင်းကွင်း၏အကျဉ်သား၊ မဟူရာမီးလျှံ အသူတစ်ရာနဂါး၊ မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ…"
ဒိုဂက် သည် အမည်တစ်ခုချင်းစီကို ကြားတိုင်း အံ့သြသွားသည့်ပုံ ပေါ်သည်။
"ရွှေခေါင်းကွင်း၏အကျဉ်သားဟုတ်လား။ မင်းဆီမှာ ဒီလို နက္ခတ်တွေ ရှိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး… ဘီဟွန်း၊ မင်း တော်တော် စွမ်းတာပဲ"
ဘီဟွန်း သည် ပါးစပ်ပိတ်ခံထားရသည့်ကြားမှ ဟီးဟီးဟူးဟူးနှင့် အော်ဟစ်နေသည်။
ကျနော် ဆက်ပြောလိုက်သည်။ ဤအချက်မှာ အရေးအကြီးဆုံး ဖြစ်ပေသည်။
"အမှန်အတိုင်း ပြောရရင် ငါက ဒီ နက္ခတ်တွေကို ဒီချန်နယ်ထဲမှာ ချန်ထားခဲ့ဖို့ ဆန္ဒမရှိဘူး။ ဒါကြောင့် နက္ခတ်တွေက ငါနဲ့အတူ ချန်နယ်ပြောင်းနိုင်အောင် မင်းဘက်က လမ်းစတစ်ခု တည်ဆောက်ပေးစေချင်တယ်"
အခန်း ၉၂
- အပိုင်း ၁၈ - စာဖတ်သူ၏ တိုက်ပွဲ (၅)
[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် သင်၏ ရိုးသားမှုကို စစ်ဆေးပါမည်။]
[‘လျှို့ဝှက်ကြံစည်သူ’ နက္ခတ်သည် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေပါသည်။]
[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်သည် သိသိသာသာ စိတ်တိုနေပါသည်။]
[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်က သင်သည် တကယ်ပဲ ချန်နယ်ပြောင်းချင်တာလားဟု မေးမြန်းနေပါသည်။]
ဒိုဂက် က စိတ်ဝင်စားသွားသည့်ပုံစံဖြင့် ပြုံးလိုက်၏။
"လမ်းစ ဟုတ်လား"
"မင်းရဲ့ ချန်နယ်ကို ငါနဲ့ ချိတ်ဆက်ပေးပါ"
"ဒါဆိုရင် ချိတ်ဆက်မှုက နှစ်ခု ဖြစ်မသွားဘူးလား"
"အဲ့ဒါက အရေးမကြီးဘူးလေ။ မင်းက နက္ခတ်တွေ နဲ့ ခေါင်းစားစရာမလိုဘဲ ငါကတစ်ဆင့် ချန်နယ်တွေကို ပြောင်းလဲနိုင်မှာပေါ့"
"ဟင်း… အဲ့ဒါလည်း ဟုတ်တာပဲ။ တော်တော် စိတ်ဝင်စားဖို့ကောင်းတယ်"
"ပြီးတော့ ငါ သိချင်တာလည်း တစ်ခုရှိသေးတယ်"
"ဘာကို သိချင်တာလဲ"
"ငါ စာချုပ်ချုပ်မယ့် ချန်နယ်ထဲမှာ ဘယ်လို နက္ခတ်များ မျိုးတွေ ရှိမလဲဆိုတာပဲ။ ငါက အခုလို ချန်နယ်အသေးလေးထဲမှာပဲ နေခဲ့ရတာဆိုတော့ ချန်နယ်အကြီးကြီးက ဘယ်လိုပုံစံလဲဆိုတာ သိချင်ရုံပါ။ ကြိုတင်ပြီးတော့ ကြည့်လို့ရမလား"
ကျနော်က ဘီဟွန်း ဘက်ကို တမင်တကာ လှည့်ပြောလိုက်သည်။ ဘီဟွန်း ၏ မျက်နှာမှာ ချက်ချင်းပင် နာကျင်သွားသည့် အရိပ်အယောင်များ ပေါ်လာ၏။ ဒိုဂက် ၏ မျက်နှာတွင်တော့ ကျေနပ်အားရသော အပြုံးတစ်ခု ပေါ်လာသည်။
"ဘီဟွန်း၊ မင်း တကယ့်ကို ကောင်းမွန်တဲ့ ကိုယ်စားလှယ် တစ်ယောက်နဲ့ စာချုပ်ချုပ်ခဲ့တာပဲ။ ငါ အမှန်တကယ်ပဲ အဲ့ဒီလို ထင်မိတယ်"
ဒိုဂက် ၏ လက်များမှာ လေထဲတွင် လှုပ်ရှားသွားပြီး စနစ်ကို စတင်၍ ကိုင်တွယ်လိုက်တော့သည်။
"ကောင်းပြီလေ။ ဒါဆိုရင် မြို့ကြီးပြကြီးရဲ့ လေထုက ဘယ်လိုပုံစံလဲ မင်းကို ပြပေးတာပေါ့"
နောက်ထပ် အခိုက်အတန့်တွင် ကျနော့်ခန္ဓာကိုယ်ထဲသို့ ကြိုးအသစ်တစ်ခု စိုက်ဝင်လာသကဲ့သို့ ခံစားလိုက်ရသည်။ တစ်နေရာရာသို့ ဦးတည်နေသော ထင်ရှားသည့် ချိတ်ဆက်မှုတစ်ခု ရှိနေ၏။
ကျနော် မျက်တောင်ကို ဖြည်းဖြည်းချင်း ခတ်လိုက်ရာ ကျနော့်အပေါ်သို့ ကျရောက်နေသော မရေမတွက်နိုင်သည့် အကြည့်များကို ခံစားလိုက်ရသည်။
တစ်ခု၊ နှစ်ခု၊ သုံးခု…
ကျနော့်တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များ ထောင်ထသွား၏။ ၎င်းမှာ ဘီဟွန်း ၏ ချန်နယ်နှင့် အတော်လေး ကွဲပြားသည်။ သူတို့၏ အကြည့်များမှတစ်ဆင့်ပင် သူတို့၏ တည်ရှိမှုများကို ကျနော် ခံစားနိုင်နေသည်။
အံ့သြစရာပဲ။ ဒါက တိုကျိုဒေသ ကို လွှမ်းမိုးထားတဲ့ ဒိုကဲဘီ ရဲ့ ချန်နယ်လား။
"ဘယ်လိုလဲ။ မင်း ကစားရမယ့် လိဂ်အသစ်တစ်ခု ရှိနေပြီလေ"
ဂျပန် နက္ခတ်များ သာ ရှိနေခြင်း ဟုတ်ပုံမရပေ။ ဤကောင်က အခြားတိုက်ကြီးများ သို့မဟုတ် ကမ္ဘာများတွင်ပါ ပုံသေ စာရင်းသွင်းသူများ ရှိနေခြင်းလော။ အကယ်၍ ကျနော်သာ ထိုကဲ့သို့သော နေရာမျိုးတွင် အလုပ်လုပ်မည်ဆိုလျှင် တစ်ကြိမ်တည်းနှင့် ဒင်္ဂါး မည်မျှအထိ ရနိုင်မည်နည်း။ အမှန်အတိုင်း ပြောရလျှင် ကျနော် ခန့်မှန်း၍ပင် မရနိုင်ချေ။
ကျနော် တီးတိုး ရေရွတ်လိုက်သည်။
"ခမ်းနားလိုက်တာ။ ဒါ တကယ်ပဲ အကြီးကြီးပါလား"
"ဒါဆိုရင် စာချုပ်ကို…"
"အဲ့ဒါမတိုင်ခင် ငါ ခဏလောက် နှုတ်ဆက်စကားပြောချင်သေးတယ်။ ခွင့်ပြုပေးနိုင်မလား"
"…လုပ်ပါ"
ဒိုဂက် က မကျေမနပ် ဖြစ်သွားသော မျက်နှာထား ပြုလုပ်လိုက်သော်လည်း နောက်ဆုံးတွင်တော့ ခွင့်ပြုလိုက်၏။
ကျနော် မျက်လုံးများကို မှိတ်ထားပြီး စကားစပြောလိုက်သည်။
"တိုကျိုဒေသ ရဲ့ နက္ခတ်များ ခင်ဗျာ။ ကျနော်ပြောတာ ကြားရလား"
[ကိုရီးယားကျွန်းဆွယ်ကို မုန်းတီးသော နက္ခတ် အချို့က သင့်ကို ကြည့်နေကြပါသည်။]
"ခင်ဗျားတို့ထဲက အချို့တော့ ကျနော့်အကြောင်း ကြားဖူးကြမှာပါ။ ကျနော်ကတော့ အကြွင်းမဲ့ဘုရင် ပလ္လင်ကို ဖျက်ဆီးပြီး ဘုရင်မဲ့ကမ္ဘာရဲ့ ဘုရင်ဖြစ်လာခဲ့တဲ့ ကင်ဒေါ့ဂျာ ပါ။ ကျနော့်မှာ ထောက်ပံ့သူ မရှိဘူးဆိုတာကိုလည်း သတိပြုပေးစေချင်ပါတယ်… အင်း၊ ဟုတ်ပါတယ်။ နောင်မှာလည်း ခင်ဗျားတို့နဲ့ အဆင်ပြေပြေ ရှိသွားဖို့ မျှော်လင့်ပါတယ်"
[တိုကျိုဒေသ ၏ နက္ခတ်များ သည် သင့်စကားကို နားထောင်နေကြပါသည်။]
ကျနော် အကျဉ်းချုံးပြီး မိတ်ဆက်ရုံသာ ရှိသေးသော်လည်း နက္ခတ်များ အချို့မှာ ကျနော့်ထံသို့ သွယ်ဝိုက်သောနည်းဖြင့် ချဉ်းကပ်ရန် စတင်နေကြပြီ ဖြစ်သည်။
ကောင်းပြီလေ။ ကနဦးအစကတော့ မဆိုးဘူးပဲ။
"ဒါနဲ့။ ကျနော့်ရဲ့ ချန်နယ်သစ် အမှတ်တရအနေနဲ့ ကျနော်က ပွဲလေးတစ်ခု လုပ်ပေးပါမယ်။ ဆိုလိုတာက တောင်ကိုရီးယားနဲ့ ဂျပန်ကြားက ပူးပေါင်းပွဲလေးပါ… ခင်ဗျားတို့ သိချင်တယ်ဆိုရင် အခုချက်ချင်း #BI-7623 ကို ချိတ်ဆက်လိုက်ပါ။ အစောဆုံး ရောက်လာတဲ့ နက္ခတ်များ ကို လက်မှတ်တွေ မဲဖောက်ပေးပြီး ဒင်္ဂါး တွေ ပေး—"
ထို့နောက် ချန်နယ် ချိတ်ဆက်မှုမှာ ပြတ်တောက်သွားတော့သည်။ ကျနော် မျက်လုံးဖွင့်ကြည့်လိုက်ရာ ဒိုဂက် က ကျနော့်ကို စိုက်ကြည့်ရင်း မေးမြန်းနေသည်ကို တွေ့လိုက်ရ၏။
"မင်း အခု ဘာတွေ လုပ်နေတာလဲ"
"ဘာလဲ။ ပွဲတစ်ခုလုပ်မလို့လေ"
"မင်း ဘာတွေ စဉ်းစားနေတာလဲ။ မင်း သေချင်နေတာလား။ ငါ့ရဲ့ ချန်နယ်ထဲက နက္ခတ်တွေ က အဲ့ဒီလို အဆင့်မရှိတဲ့ ကစားပွဲတွေမှာ မကစားဘူး…"
ကျနော်ကတော့ လူတွေ စိတ်ဝင်စားနေတဲ့ အချိန်မှာ သူက ဖြတ်ပစ်လိုက်တဲ့အတွက် သူ့ကို အံ့အားသင့်စရာ တစ်ခု ဝမ်းမြောက်ဝမ်းသာ ပေးလိုက်မည် ဖြစ်သည်။ ထို့နောက်တွင် ဒိုဂက်၏ ခန္ဓာကိုယ်မှာ ဖြည်းဖြည်းချင်း စတင် ပြောင်းလဲလာ၏။
"နေဦး၊ နက္ခတ်တွေ။ ခင်ဗျားတို့ ဘယ်ကို သွားနေကြတာလဲ"
စီးဆင်းမှုမှာ ပြောင်းလဲသွားပြီ ဖြစ်သည်။ နက္ခတ်တွေသည် ဘီဟွန်း ၏ ချန်နယ်ထဲသို့ တဖြည်းဖြည်းနှင့် အလုံးအရင်း ဝင်ရောက်လာကြတော့သည်။
[နက္ခတ်များစွာသည် ချန်နယ် #BI-7623 ထဲသို့ ဝင်ရောက်လာကြပြီဖြစ်သည်။]
[ချန်နယ်အဆင့် မြင့်တက်သွားပါသည်။]
ကျနော်က အားရပါးရ ပြုံးလိုက်၏။
"ခင်ဗျားတို့ အများကြီး ရောက်လာကြတာပဲ။ ကျေးဇူးတင်ပါတယ်။ ပွဲအတွက် ရောက်လာကြတာလား"
[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်သည် ထိုနက္ခတ်များ ပေါ်လာသည့်အတွက် စိတ်တိုနေပါသည်။]
[‘ပင်လယ်စစ်နတ်ဘုရား’ နက္ခတ်သည် ရန်လိုသော နက္ခတ်များ ပေါ်လာမှုကို မကျေမနပ် ဖြစ်နေပါသည်။]
"နေကြပါဦး၊ မတိုက်ကြပါနဲ့။ ကျနော်က ခင်ဗျားတို့ကို တိုက်ခိုက်ဖို့ ခေါ်လိုက်တာ မဟုတ်ပါဘူး"
[မူရာဆာမ ကို နှစ်သက်သော နက္ခတ်က ဒင်္ဂါး မဲဖောက်ပေးမည့် အစီအစဉ်ကို ဆက်လုပ်ရန် တိုက်တွန်းနေပါသည်။]
[နက္ခတ်အချို့က ဒင်္ဂါး ပွဲအကြောင်း မေးမြန်းနေကြပါသည်။]
"မလောကြပါနဲ့။ ကျနော် ခဏနေရင် လုပ်ပေးပါ့မယ်။ စဉ်းစားကြည့်ကြစမ်းပါ။ ဒင်္ဂါး တစ်ပြား နှစ်ပြား ရဖို့က အဲ့ဒီလောက် အရေးကြီးလို့လား။ ဒင်္ဂါး တွေ သုံးဖို့ ကိုယ်စားလှယ်သာ မရှိရင် ဘာအဓိပ္ပာယ် ရှိမှာလဲ။ ဖြည်းဖြည်းချင်း သွားကြတာပေါ့၊ ဖြည်းဖြည်းချင်းဆက်သွားကြမယ်နော်"
[နက္ခတ်အချို့က သင့်ကို မကျေမနပ်ဖြစ်သော မျက်လုံးများဖြင့် ကြည့်နေကြပါသည်။]
"ခင်ဗျားတို့ ဒါကို ကြားဖူးကောင်း ကြားဖူးကြပါလိမ့်မယ်။ ဒါပေမဲ့ ကျနော် ထပ်ပြောပါရစေ။ ကျနော်က ကင်ဒေါ့ဂျာ ပါ၊ ပြီးတော့ ကျနော့်မှာ ထောက်ပံ့သူ မရှိပါဘူး။ ကျနော်က ဘုရင်တွေကြားက စစ်ပွဲမှာ အနိုင်ရခဲ့သလို ကပ်ဘေးတစ်ခု မစတင်ခင်မှာလည်း တားဆီးနိုင်ခဲ့ပါတယ်။ ခင်ဗျားတို့ ကမ္ဘာအနှံ့ လိုက်ကြည့်မယ်ဆိုရင်တောင် ကျနော့်ထက် သန်မာတဲ့ ကိုယ်စားလှယ်မျိုး မရှိသလောက် ရှားပါလိမ့်မယ်။ ထောက်ပံ့သူ မရှိဘဲနဲ့တော့ တစ်ယောက်မှ ရှိမှာ မဟုတ်ဘူး။ ပြီးတော့… အဆုံးအထိ တောင့်ခံနိုင်ဖို့တော့ ခက်ပါလိမ့်မယ်"
ဒိုဂက် သည် ကျနော့်၏ ရည်ရွယ်ချက်ကို သတိထားမိသွားပြီး မျက်နှာ ပျက်လာတော့သည်။
"နေဦး။ မင်း..."
ကျနော်က ဒိုဂက် ကို လှောင်ရယ်လိုက်သည်။
ဖန်တီးမှု ဟုတ်လား။ ဟုတ်ပြီလေ။ တကယ့် ‘ဖန်တီးမှု’ ဆိုတာ ဘာလဲဆိုတာ ငါ သူ့ကို ပြလိုက်မယ်။
"ဆိုးလ်ဒေသက အခုဆိုရင် ပဉ္စမမြောက် ဇာတ်ဝင်ခန်း ကို ရောက်တော့မှာပါ။ ခင်ဗျားတို့က ဉာဏ်ကောင်းမယ်ဆိုရင် ဒါက ဘာကို ဆိုလိုတယ်ဆိုတာ သိမှာပါ။ ဟုတ်ပါတယ်၊ ခင်ဗျားတို့ သဘောကျမယ့် ပွဲတစ်ခု မကြာခင်မှာ ရှိလာတော့မှာပါ"
ယခုဆိုလျှင် ဇာတ်ဝင်ခန်း စတင်ဖို့ တစ်ပတ်တောင် မလိုတော့ချေ။ တစ်ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေး ဇာတ်ဝင်ခန်း မစတင်မီတွင် အထူးပွဲတစ်ခုကို ကျင်းပမည် ဖြစ်သည်။ ၎င်းမှာ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု ရှိ နက္ခတ်များ အားလုံးအတွက် ကျင်းပသော ဂုဏ်ပြုစားပွဲ ပင် ဖြစ်သည်။ မကြာမီတွင် ဒုတိယအကြိမ် ထောက်ပံ့သူ ရွေးချယ်မှု စတင်တော့မည်။
ကျနော် ဆက်ပြောလိုက်သည်။
"ဂုဏ်ပြုတဲ့အနေနဲ့ ကျနော်က အံ့အားသင့်စရာ ပွဲလေးတစ်ခု လုပ်ချင်ပါတယ်။ အကယ်၍ ထောက်ပံ့သူ ရွေးချယ်တဲ့နေ့မှာ ဒီချန်နယ်ရဲ့ စာရင်းသွင်းသူ အရေအတွက်က ၁၀,၀၀၀ ပြည့်ခဲ့မယ်ဆိုရင်..."
[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်သည် တံတွေးမြိုချနေပါသည်။]
"ဒီချန်နယ်ထဲက နက္ခတ်များ ထဲက တစ်ဦးကို ကျနော့်ရဲ့ အဖော် အဖြစ် ကျနော် ရွေးချယ်ပါ့မယ်"
[‘လျှို့ဝှက်ကြံစည်သူ’ နက္ခတ်သည် သင့်ကို စိတ်ဝင်တစား ကြည့်နေပါသည်။]
"ခင်ဗျားတို့က ဘယ်လိင်၊ ဘယ်မျိုးနွယ် ဒါမှမဟုတ် ဘယ်ကမ္ဘာက လာသလဲဆိုတာ အရေးမကြီးပါဘူး။ ခင်ဗျားတို့က အားသန်သလား အားနည်းသလား၊ ကျော်ကြားသလား မကျော်ကြားဘူးလား ဆိုတာလည်း အရေးမကြီးပါဘူး။ ဘာမဆို အဆင်ပြေပါတယ်။ ကျနော် ရှာနေတာက စိတ်အားထက်သန်မှုပါ။ ဒီအောက်တန်းကျတဲ့ ဇာတ်လမ်းရဲ့ အဆုံးသတ်ကို ကျနော်နဲ့အတူ ကြည့်ချင်တဲ့ စိတ်အားထက်သန်မှု ရှိဖို့ပဲ မျှော်လင့်ပါတယ်"
[‘တရားမျှတမှု၏ ထိပ်ပြောင်စစ်သူကြီး’ နက္ခတ်သည် သူ၏ ခေါင်းကို ပွတ်သပ်လိုက်ပါသည်။]
"ဘယ်သူပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ ခင်ဗျားတို့ကို ကျနော် စောင့်နေပါ့မယ်။ ကြည့်ရှုသူ ၁၀,၀၀၀ နော်။ မှတ်မိကြရဲ့လား။ တခြားသူတွေကိုလည်း သေချာလေး ပြန်ပြောပေးကြပါဦး"
"နေ-နေကြပါဦး။ နေဦး… ခဏလောက် စောင့်ကြပါဦး"
ဒိုဂက် က အော်ဟစ်နေသော်လည်း အချိန်နှောင်းသွားပြီ ဖြစ်သည်။ ဆိုးယုတ်သော အသံများနှင့် တားဆီးမရသော ချန်နယ် မက်ဆေ့ချ်များ ထွက်ပေါ်လာသည်။ နေရာအနှံ့မှ ရောက်လာသော သွယ်ဝိုက်သော မက်ဆေ့ချ်များကြောင့် ကျနော် ခေါင်းပင် မူးနောက်သွားရသည်။
အချိန်အနည်းငယ် ကုန်ဆုံးသွားသည်။
ဒိုဂက် ၏ မျက်နှာတွင် အေးစက်သော ဒေါသများ ဖုံးလွှမ်းလာသည်။ သူက ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီး ကျနော့်ထံသို့ လက်မြှောက်လိုက်၏။
"ကိုယ်စားလှယ် ကင်ဒေါ့ဂျာ။ မင်း ဒီနေရာမှာပဲ သေရလိမ့်မယ်"
ဟုတ်ပေသည်။ သူ ဤကဲ့သို့ တုံ့ပြန်လိမ့်မည်ဟု ကျနော် ထင်ထားပြီးသားပင်။ ကျနော်က တည်ငြိမ်နေချင်ယောင်ဆောင်ရင်း ရယ်လိုက်သည်။
"အခု ကြည့်နေတဲ့ နက္ခတ်တွေ အများကြီး ရှိတယ်။ မင်းက ဖြစ်နိုင်စွမ်းမုန်တိုင်းကို မကြောက်ဘူးလား"
"တိုကျိုဒေသ ရဲ့ သခင်ကို အထင်မသေးစမ်းနဲ့"
ဒိုဂက် ၏ ဒေါသထွက်နေသော မျက်နှာတွင် သည်းခံနိုင်စွမ်း ကုန်ဆုံးသွားလေပြီ။
ချီးပဲ။
"မင်းလို ပိုးကောင်တစ်ကောင်ကို သတ်လို့ ဖြစ်လာမယ့် ဖြစ်နိုင်စွမ်း တွေကို ငါ မဖြေရှင်းနိုင်ဘူးလို့ မင်း ထင်နေတာလား"
ဒိုဂက် ၏ လက်ချောင်းများ လှုပ်ရှားသွားသည်။ ၎င်းမှာ ပိုးကောင်တစ်ကောင်ကို တောက်ထုတ်လိုက်သည့် အမူအရာမျိုးပင်။ ကျနော့်ပတ်ဝန်းကျင်တွင် ပြင်းထန်သော လျှပ်စစ်မီးပွားများ ပေါ်လာသည်။ ၎င်းမှာ ဒိုဂက် ၏ အထူးစွမ်းရည်ဖြစ်သော ‘ပူဖောင်းပေါက်ကွဲခြင်း’ ပင် ဖြစ်သည်။ ထိုစွမ်းအင်လှိုင်းများက ကျနော့်ခန္ဓာကိုယ်ကို ပူဖောင်းတစ်ခုလို ပေါက်ကွဲသွားစေလိမ့်မည်။ ကျနော့်၏ ဖောင်းကားနေသော အူလမ်းကြောင်းများမှာ အစအနများအဖြစ် လွင့်စင်သွားပြီး ကျနော့်ခန္ဓာကိုယ်ကို ဖွဲ့စည်းထားသော အစိတ်အပိုင်းအားလုံးမှာ စကြဝဠာထဲတွင် ပြန့်ကျဲနေသော ဖုန်မှုန့်များ ဖြစ်သွားပေလိမ့်မည်။
အမှန်ဆိုလျှင်တော့ ဤသို့ ဖြစ်ပျက်သွားသင့်ပေသည်။
"…ဒါက ဘာလဲဟ"
သူက ထပ်မံ ကြိုးစားကြည့်ပြန်သည်။ ဒိုဂက် သည် သူ၏ လက်ချောင်းများကို နောက်ထပ် နှစ်ကြိမ်ခန့် တောက်လိုက်၏။ သို့ပေသိ မည်သည့် အပြောင်းအလဲမှ ရှိမလာပေ။ မကြာမီတွင် လျှပ်စစ်မီးပွားများပင် ပျောက်ကွယ်သွားတော့သည်။
"ဒါ-ဒါက..."
ဇဝေဇဝါဖြစ်နေသော ဒိုဂက် သည် သူ၏ လက်ချောင်းများကို စိုက်ကြည့်နေသည်။ သို့သော်လည်း သူ နားမလည်နိုင်သေးပေ။ ပြဿနာမှာ သူ၏ လက်ချောင်းများ မဟုတ်ချေ။
အေးစိမ့်သော ခံစားချက်နှင့်အတူ ကျနော့်နောက်တွင် ကြီးမားသော အရိပ်တစ်ခု ပေါ်လာပြီး ကျနော့်မြင်ကွင်းကို မှောင်မည်းသွားစေသည်။
"ဟေ့။ ဒိုကဲဘီ"
အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ကျနော် အလိုအလျောက် သိလိုက်၏။ ဤအသံ၏ ပိုင်ရှင်မှာ ယခုအခါ ကျနော့်ကို ကာကွယ်ပေးနေခြင်း ဖြစ်သည်။ စဉ်းစားကြည့်လျှင် ဒါက သဘာဝကျလှပေသည်။ စနစ်ကို အသုံးပြုသော ဒိုကဲဘီ တစ်ဦးကို စနစ် အသုံးပြုခြင်းမှ တားဆီးနိုင်သည်မှာ နောက်ထပ် ဒိုကဲဘီ တစ်ဦးသာ ဖြစ်နိုင်သည်။
"မင်းရဲ့ စွမ်းအားတွေကို ကြွားရတာ ပျော်စရာကောင်းရဲ့လား"
ဘီဟွန်း ၏ တကယ့်အသံကို ကျနော် ပထမဆုံးအကြိမ် ကြားလိုက်ရခြင်းပင်။
အံ့သြတုန်လှုပ်သွားသော ဒိုဂက် က ထစ်ထစ်ငေါ့ငေါ့နှင့် မေးလိုက်သည်။
"ဟင်… မင်းက ဘယ်လိုလုပ်ပြီး ဇာတ်ကောင် ရွေးနှုတ်ခြင်းကို ရခဲ့တာလဲ..."
"ဪ… ဒါလား။ မင်းက မင်းရဲ့ စွမ်းအားတွေ သုံးပြီး ငါ့ကို အနိုင်ကျင့်နေခဲ့တာ မဟုတ်ဘူးလား"
ဒိုဂက် ၏ မျက်နှာမှာ နီမြန်းသွားပြီး ပေါက်ကွဲထွက်လာသော ဒေါသများက သူ၏ မျက်နှာပေါ်တွင် ပြည့်နှက်နေတော့သည်။
"မင်းက အလွန်ဆုံးရှိမှ အဆင့်နိမ့် ဒိုကဲဘီ တစ်ကောင်ပါ… ဘီဟွန်း။ မင်းရဲ့ ဒီလိုရိုင်းပျတဲ့ အပြုအမူက ဘာကို ဆိုလိုတာလဲ"
"အဆင့်နိမ့် ဟုတ်လား။ မင်းမှာ ကြည့်ရှုသူ အရေအတွက် ဘယ်လောက်ပဲ ရှိရှိ မင်းကလည်း အဆင့်နိမ့်ပါပဲ"
"ငါက ရာထူးတိုးဖို့ကို တမင်တကာ မလုပ်ခဲ့ဘူးကွ။ တိုကျိုဒေသ ရဲ့ သခင်ဖြစ်တဲ့ ငါ့ကို မင်းက ရန်စရဲတယ်ပေါ့လေ"
"တိုကျိုဒေသ ဟုတ်လား။ ကောင်းပြီလေ၊ တိုကျိုဒေသ ပေါ့။ အဲ့ဒီမှာ နက္ခတ် ကောင်းကောင်းတွေ အများကြီး ကျန်သေးရဲ့လား"
ဘီဟွန်း သည် ကျနော့်နောက်ကွယ်မှ ဒိုဂက် ထံသို့ လျှောက်သွားလိုက်သည်။
"ဒါနဲ့ မင်းက ဒီလောက်တောင် သေးငယ်နေတာလား"
သူတို့၏ ပုံပန်းသဏ္ဍာန်မှာ တူညီသော်လည်း ယခုအခါ ဘီဟွန်း သည် ဒိုဂက် ထက် အဆပေါင်းများစွာ ပိုမို ကြီးမားနေသည်။
ဘီဟွန်း ၏ ဧရာမအရိပ်ကြီးက ၎င်းကို သက်သေပြနေ၏။ နောက်တစ်ကြိမ် ထပ်ပြောရလျှင် ဒိုကဲဘီ တစ်ဦး၏ စွမ်းအားမှာ ကြည့်ရှုသူ အရေအတွက်နှင့်အတူ တိုးပွားလာခြင်းပင် ဖြစ်သည်။
ကြောက်လန့်တကြားဖြစ်သွားသော ဒိုဂက် သည် နောက်သို့ ခြေလှမ်းပျက်ကာ ဆုတ်သွားတော့သည်။
"ဘ-ဘယ်လိုလုပ်ပြီး..."
"စောစောကတော့ မင်း စကားတွေ တော်တော်ပြောနိုင်နေတာပဲ။ ဘာလဲ။ ငါက ဇာတ်ဝင်ခန်း ကို တရားမဝင် ကိုင်တွယ်နေတယ် ဟုတ်လား"
ဘီဟွန်း ၏ အရိပ်ထဲမှ မည်းနက်သော လက်မည်းကြီးတစ်ဖက် ထွက်ပေါ်လာပြီး ဒိုဂက် ၏ လည်ပင်းကို ဖမ်းဆုပ်ကာ လေထဲသို့ မြှောက်လိုက်သည်။
"တခြားသူတွေရဲ့ ကိုယ်စားလှယ်တွေကို ခိုးယူတဲ့ကောင်က... ဘယ်သူက မင်းကို စီးပွားရေးကျင့်ဝတ်တွေ သင်ပေးထားတာလဲ"
"အ-အင်း။ မင်း အခုလို လုပ်ရင် လုံးဝ ဘေးကင်းမှာ မဟုတ်ဘူးနော်..."
"ဘာဖြစ်လဲကွာ"
ဘီဟွန်း ၏ ညာဘက်လက်မောင်းမှာ အဆမတန် ကြီးမားလာတော့သည်။
"အန်ဒရိုမီဒါဆီကို သွားပြီး မင်းလုပ်သင့်တာကိုပဲ ရှာလိုက်စမ်း"
အရိပ်လက်သီးမှာ အမိုးပေါ်ရှိ အကာအကွယ်တံတိုင်းကို ဖောက်ထွက်သွားပြီး ဒိုဂက် ကို စကြဝဠာ၏ အဝေးတစ်နေရာသို့ လွှင့်ထုတ်ပစ်လိုက်သည်။
သူသည် ဒိုကဲဘီ တစ်ဦးဖြစ်သည့်အတွက် သေဆုံးလိမ့်မည် မဟုတ်သော်လည်း အချိန်အတော်ကြာအောင်တော့ ပြင်းပြင်းထန်ထန် ခံစားရပေလိမ့်မည်။ ဘီဟွန်း သည် စိတ်သက်သာရာရသွားသည့်ပုံစံဖြင့် သက်ပြင်းတစ်ချက် ချလိုက်၏။
ဒါနဲ့ ငါတော့ သေမလို ဖြစ်သွားခဲ့တာပဲ။
ကျနော်လည်း စိတ်အေးသွားကာ ဘီဟွန်း ထံသို့ ချဉ်းကပ်သွားလိုက်သည်။ ချန်နယ်က ခုလေးတင် ကြီးထွားလာခဲ့သော်လည်း ဘီဟွန်း ပုံစံမှာ ထူးဆန်းနေသည်။ ကျနော်တို့ အချင်းချင်း ကြည့်လိုက်ကြရာ ဘီဟွန်း ၏ ဇဝေဇဝါဖြစ်နေသော မျက်လုံးများနှင့် ဆုံလိုက်ရ၏။
သူ ရယ်နေတာလား ငိုနေတာလားဆိုတာ ကျနော် မပြောနိုင်ချေ။ ဖြစ်နိုင်သည်မှာ ဤအမူအရာမှာ ဒိုကဲဘီ များ အလွန်အမင်း ပျော်ရွှင်သောအခါ ပြုလုပ်သည့် အမူအရာမျိုး ဖြစ်နိုင်ပါသည်။
"ငါ အခု ဘာတွေ မြင်နေရလဲဆိုတာ မင်း သိလား"
ကျနော် အတိအကျ မသိသော်လည်း ရိပ်မိပါသည်။ ၎င်းမှာ ကျနော် မြင်တွေ့နေရသည့်အရာနှင့် သိပ်ပြီး ကွဲပြားမည် မဟုတ်ချေ။
[ချန်နယ်အဆင့် မြင့်တက်သွားပါသည်။]
[ချန်နယ်အဆင့် မြင့်တက်သွားပါသည်။]
[ချန်နယ်အဆင့် မြင့်တက်သွားပါသည်။]
. . .
[ကိုရီးယားကျွန်းဆွယ်ကို နှစ်သက်သော နက္ခတ် တစ်ပါးက သင်၏ ထောက်ပံ့သူ ဖြစ်လိုပါသည်။]
[သမိုင်းဝင် ရင်ကြားစေ့မှုကို လိုလားသော နက္ခတ် တစ်ပါးက သင်၏ ထောက်ပံ့သူ ဖြစ်လိုပါသည်။]
[လိင်ပြောင်းလဲရသည်ကို နှစ်သက်သော နက္ခတ် တစ်ပါးက သင်၏ စိတ်နှလုံးကို သိချင်နေပါသည်။]
[မတူညီသောယဉ်ကျေးမှုများကို နှစ်သက်သော နက္ခတ် တစ်ပါးက သင့်ကို စိတ်ဝင်စားနေပါသည်။]
အဆုံးမရှိသော မက်ဆေ့ချ်များက ကျနော့်နှင့် ဘီဟွန်း ၏ နားထဲတွင် ပြည့်နှက်လာတော့သည်။ ယခုအခါတွင်တော့ ဇာတ်ခုံမှာ ကမ္ဘာသို့ ချဲ့ထွင်လာခဲ့လေပြီ။