အခန်း (၉၃-၉၅)
Vol. 6 Ch. 93-95
အခန်း ၉၃
- အပိုင်း ၁၉ - ထူးခြားမှု (၁)
ဒိုကဲဘီ တစ်ဦး၏ တရားဝင်ရုံးခန်းသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်း ဖြစ်သဖြင့် ဘီဟွန်း က နက္ခတ်များ ကို ကိုင်တွယ်နေစဉ်အတွင်း ကျနော်က စားပွဲပေါ်ရှိ စာရွက်စာတမ်းအချို့ကို ကြည့်ရှုနေလိုက်သည်။
[ထူးခြားမှု အလားအလာ အစီရင်ခံစာ]
…ထူးခြားမှုဟုတ်လား။
ကျနော်က စိတ်ဝင်တစားဖြင့် စာမျက်နှာအချို့ကို လှန်ကြည့်လိုက်သည့် ခဏမှာပင် ထိုစာရွက်စာတမ်းများမှာ ဖုန်မှုန့်များအဖြစ် ပျောက်ကွယ်သွားတော့သည်။ ၎င်းတို့မှာ တကယ့်စာရွက်စာတမ်းများ မဟုတ်ဘဲ ဒေတာဘေ့စ် စနစ်တစ်ခု ဖြစ်ဟန်တူသည်။
ဘီဟွန်း က ကျနော့်ဘက်သို့ လှည့်ကြည့်လာ၏။
– …မင်း ဘာလုပ်နေတာလဲ
– ဘာမှမလုပ်ပါဘူး
ဘီဟွန်း သည် စားပွဲပေါ်ရှိ ဖုန်မှုန့်များကို မြင်သောအခါ ကျနော့်ကို သံသယဖြင့် ကြည့်လေသည်။ ထို့နောက် သက်ပြင်းချကာ စကားပြော၏။
– ဟေ့၊ ငါတို့ တကယ်ပဲ အဆင်ပြေပါ့မလား
– ဘာဖြစ်လို့လဲ၊ မင်း အခုမှ နောင်တရနေတာလား
– အဲ့ဒါက... မင်းလည်း သိတဲ့အတိုင်းပဲလေ။ ဒီလိုနည်းလမ်းနဲ့ ရောက်လာတဲ့ နက္ခတ်များ က ခဏနေရင် ပြန်ထွက်သွားကြမှာ။
ရောက်လာသော နက္ခတ်များ သည် တိုကျိုဒေသ ချန်နယ်သို့ ပြန်သွားကြပေလိမ့်မည်။ ထိုအချိန်ကျလျှင် ဒိုဂက် ၏ ကောက်ကျစ်သော လက်စားချေမှု စတင်ပေတော့မည်။ သို့ပေသိ ထိုကိစ္စမှာ နောက်မှ ရှင်းရမည့်ကိစ္စပင်။
– ပြီးတော့ မင်း စောစောက လိမ်ပြောခဲ့တာလေ။ မင်း ဘာလုပ်ဖို့ စိတ်ကူးထားတာလဲ။ တကယ်လို့ စာရင်းသွင်းသူ ငါးထောင်ကနေ တစ်သောင်း တကယ်ပြည့်သွားရင် ဘယ်လိုလုပ်မလဲ
ကျနော် ဘာမှမပြောဘဲ ပခုံးတွန့်ပြလိုက်ရာ ဘီဟွန်း က ဆက်ပြောလာသည်။
– ငါနဲ့ စာချုပ်ချုပ်တုန်းက မင်း ထောက်ပံ့သူ မရွေးရဘူးဆိုတဲ့ အချက် မပါဘူးလား။ မင်း ဘယ်လိုဖြစ်ပြီး ဒီလိုစကားမျိုး ပြောထွက်ရတာလဲ
– တစ်နည်းနည်းနဲ့တော့ အဆင်ပြေသွားမှာပါ။ မင်းလည်း စာချုပ်ကို ဖျက်လို့ရတာပဲ
– ငါ အဲ့လို မလုပ်နိုင်ဘူး
– ဒီကောင်ကတော့ကွာ... ငါက မင်းအတွက် အသက်ကိုတောင် ရင်းပေးထားတာကို၊ မင်းက ဒါလေးတောင် မလုပ်ပေးနိုင်ဘူးလား
ဘီဟွန်း ၏ မျက်နှာ ညှိုးငယ်သွားတော့သည်။
– အဲ့ဒါက...
အမှန်ပင်၊ သူ့ဆီက တစ်ခုခု မျှော်လင့်မိတာ ကျနော်ကပဲ တုံးအလွန်းတာ ဖြစ်ပေလိမ့်မည်။ ကျနော်က သူ့ကို ပြောလိုက်သည်။
– စိတ်မပူပါနဲ့၊ ငါ့မှာ အကြံရှိပါတယ်
– …တကယ်လား
– အေး။ အဲ့ဒါကြောင့် ငါ့ ပစ္စည်းကို ပေးတော့။ ဒိုဂက် လည်း မရှိတော့ဘူးဆိုတော့ အခု ငါ့ကို ပစ္စည်းပေးသင့်ပြီ မဟုတ်ဘူးလား
– အာ… ဟုတ်သားပဲ
ဘီဟွန်း က စနစ်ကို ကိုင်တွယ်လိုက်သည်။ ထို့နောက် ခေတ္တအကြာတွင် ဝေဟင်မှနေ၍ အဖြူရောင် ဝတ်ရုံတစ်ထည် ဆင်းသက်လာ၏။ သေသပ်လှပသော ဒီဇိုင်းမှာ ဖက်ရှင်အတွက်သာမက တိုက်ခိုက်ရေး လုပ်ဆောင်ချက်အတွက်ပါ ဂရုတစိုက် ပြုလုပ်ထားပုံရသည်။ ကျနော်က ဝတ်ရုံကို ယူလိုက်ပြီး အရင်ဆုံး အိတ်ကပ်ကို စစ်ဆေးလိုက်သည်။
[အနန္တနယ်ပယ် အာကာသဝတ်ရုံ ၏ အထူး ‘အာကာသ’ လုပ်ဆောင်ချက် ပွင့်သွားပါသည်။]
ဤဝတ်ရုံ၏ အားသာချက်မှာ Inventory စွမ်းရည် မရှိဘဲ ပစ္စည်းအမျိုးမျိုးကို သိမ်းဆည်းနိုင်ခြင်း ဖြစ်သည်။ ဂန်ပြောင်းဝီ၊ ဒုန်ဂွီဘိုဂမ် နှင့် မှော်စွမ်းအင် မီးဖို ကဲ့သို့ သယ်ဆောင်ရ ခက်ခဲသော ပစ္စည်းများစွာ ရှိသည့် ကျနော့်အတွက်တော့ အလွန်ကောင်းမွန်သော ပစ္စည်းတစ်ခုပင်။
"…ဒါနဲ့ ပစ္စည်းစာရင်းထဲက ဓာတ်ပုံနဲ့ မတူဘဲ အဖြူရောင် ဖြစ်နေပါလား"
[တခြားအရောင်တွေက ပစ္စည်းပြတ်နေလို့ပါ]
ပစ္စည်းပြတ်နေတယ် ဟုတ်လား။ ဒီပစ္စည်းမျိုးက ဘယ်နှခုတောင် ရှိနေလို့လဲ။
[မင်း မသိဘူးလား။ ဒါက အများအပြားထုတ်လုပ်ထားတဲ့ ပစ္စည်းလေ]
ကျနော်က ပစ္စည်း၏ အချက်အလက်များကို စစ်ဆေးလိုက်သည်။
[ပစ္စည်း အချက်အလက်]
အမည် : အနန္တနယ်ပယ် အာကာသဝတ်ရုံ ver1.1
(ထုတ်လုပ်ရေး လုပ်ငန်းရှင် မှ ထုတ်လုပ်သည်)
အဆင့် : SSS
ဖော်ပြချက် : ပြန်လာသူများအတွက် အထူးပြုလုပ်ထားသော
ဝတ်ရုံ။ အများအပြား ထုတ်လုပ်ထားသော
ပစ္စည်းဖြစ်သော်လည်း ထူးထူးခြားခြား SSS
အဆင့် သတ်မှတ်ခံထားရသည်။ ဝိသေသ
လက္ခဏာ ဇယားကို မဖွင့်နိုင်သော
ပြန်လာသူများကို ထည့်တွက်သောအားဖြင့်
ဝတ်ရုံ၏ အတွင်းအိတ်ကပ်မှနေ၍
အပိုထပ်ဆောင်း ‘သီးခြားနယ်ပယ်’
လုပ်ဆောင်ချက်ကို အသုံးပြုနိုင်သည်။
အမှန်တကယ်တန်းတွင် အာကာသနယ်ပယ်မှာ
အလွန်မကျယ်ဝန်းသဖြင့် သတိထား၍
အသုံးပြုပါ။
ဝတ်ရုံကို ကျနော်ထပ်ကြည့်လိုက်သည်။
သီးခြားနယ်ပယ် တစ်ခုတည်းကိုပဲ သုံးလို့ရတာကို SSS အဆင့် ဟုတ်လား။ ရှေးဟောင်းနဂါး အစ်နိတက်စ် ၏ နှလုံးသားကတောင် SS အဆင့်ပဲ ရှိတာကို…
[…အမှန်အတိုင်း ပြောရရင် ဒါက ထုတ်လုပ်သူရဲ့ လွှမ်းမိုးမှုကြောင့်ပါ။ သူက အစွမ်းထက်တဲ့ နက္ခတ် တစ်ပါးလေ]
ဒီစကားကတော့ အဓိပ္ပာယ်ရှိပေသည်။ ထုတ်လုပ်ရေး လုပ်ငန်းရှင် သည် ပြန်လာသူများကြားတွင် ကျော်ကြားသော နက္ခတ် တစ်ပါးပင်။ အဆင့်သတ်မှတ်ချက်က နည်းနည်း လွဲနေလျှင်တောင် ဤပစ္စည်းသည် အစောပိုင်းတွင် ရနိုင်မည့် အကောင်းဆုံး ပစ္စည်းများထဲက တစ်ခုဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ ဝတ်ရုံကို ကျနော်လက်ခံလိုက်သည်။
[ဒါဆို ပြန်ကြရအောင်]
ဘီဟွန်း က လက်ချောင်းများကို တောက်လိုက်ရာ ပတ်ဝန်းကျင်မှာ စတင်ပြောင်းလဲလာတော့သည်။ မျက်စိတစ်ခတ် အချိန်ကြာပြီးနောက် မြေပြင်ပေါ်သို့ ကျနော်ပြန်ရောက်လာ၏။ ဟန်ဆိုယောင်း သည် ဟာလာဟင်းလင်း ဖြစ်နေသော လေထုထဲမှ ကျနော် ရုတ်တရက် ပေါ်လာသဖြင့် ထိတ်လန့်သွားကာ နောက်သို့ ဆုတ်သွားလေသည်။
"ဟေး! နင် ဘယ်အဝီစိကို ရောက်သွားတာလဲ"
"ခဏလောက် ကိစ္စလေးတစ်ခု ရှိလို့ပါ"
"…အဆင်ပြေပြေ ဖြေရှင်းနိုင်ခဲ့ရဲ့လား"
တစ်ခါတစ်ရံတွင် ဟန်ဆိုယောင်း မှာ ဘာဖြစ်ခဲ့မှန်း မသိဘဲ ဤကဲ့သို့ ပြောတတ်သည့် အလေ့အထ ရှိသည်။ စာရေးဆရာတစ်ယောက်၏ ဟန်ကိုယ်ဖို့တတ်သည့် အကျင့်ကြောင့်လား မပြောတတ်ပေ။ ကျနော်ကတော့ ခေါင်းပဲ ငြိမ့်ပြလိုက်သည်။
"အင်္ကျီအသစ်လား။ တောက်... အားကျလိုက်တာ"
ဟန်ဆိုယောင်းသည် ကျနော် ဝတ်ထားသော ဝတ်ရုံကို အားကျသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေပြီးနောက် သတိမေ့နေဆဲဖြစ်သော ယူဂျွန်ဟော့ ကို ကြည့်လိုက်ပြန်သည်။ ဟန်ဆိုယောင်း သည် ယူဂျွန်ဟော့ ၏ အနက်ရောင်ဝတ်ရုံနှင့် ကျနော့်၏ အဖြူရောင်ဝတ်ရုံကို တစ်လှည့်စီ ကြည့်ကာ စကားဆိုလာ၏။
"ဒါနဲ့ နင်တို့က စုံတွဲတွေလား"
"…ဒါက တိုက်ဆိုင်မှုသက်သက်ပါ။ ဒီဇိုင်းကလည်း အတွေ့ရများတဲ့ ပုံစံပဲလေ"
[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်က အမည်မဖော်နိုင်သော အကြောင်းပြချက်ဖြင့် ဝမ်းမြောက်နေပါသည်။]
[လိင်ပြောင်းလဲရသည်ကို နှစ်သက်သော နက္ခတ် တစ်ပါးက မျက်လုံးများ တောက်ပနေပါသည်။]
…စဉ်းစားကြည့်လျှင် ထူးဆန်းသော နက္ခတ်များစွာ ရှိပေသည်။
လိင်ပြောင်းလဲရသည်ကို နှစ်သက်သော နက္ခတ်က ဘယ်သူပါလိမ့်။ ဒီနက္ခတ်က Ways of Survival ထဲမှာ ပါခဲ့သလား။
ခဏနေလျှင် ဝတ္ထုကို ပြန်လည် ဖတ်ရှုရမည်ဟု ကျနော် တွေးလိုက်မိသည်။
[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်က လိင်ပြောင်းလဲရသည်ကို နှစ်သက်သော နက္ခတ်ကို ထိန်းချုပ်နေပါသည်။]
ကျနော် ယူဂျွန်ဟော့ ကို ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ ပြန်လည်ကောင်းမွန်လာမှုမှာ ချောမွေ့နေပုံရ၏။ သူ၏ အသက်ရှူနှုန်းမှာ တည်ငြိမ်နေပြီး ဒဏ်ရာများမှာလည်း ကျက်လာနေပြီ ဖြစ်သည်။
"မြန်မြန် သွားကြစို့။ ဒီကောင် နိုးမလာခင်သွားကြမယ်"
ယူဂျွန်ဟော့ သည် လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် သတိမေ့နေခြင်း ဖြစ်သည်။ ဤကောင် အရင်ဆုံး နိုးလာလျှင် ဘာတွေ ဖြစ်လာမည်ကို ခန့်မှန်းရသည်မှာ မခက်ခဲချေ။
……………………………………………………………………………………………
ဟန်ဆိုယောင်း နှင့်အတူ ဂန်ဒေါင်း-ဂူ မှ ကျနာ်ထွက်လာခဲ့သည်။ ယူဆန်းအာ ကိုတော့ ဟန်ဆိုယောင်း ၏ ကိုယ်ပွား က သယ်ဆောင်လာ၏။ ယူဆန်းအာ သည် ပင်ပန်းနွမ်းနယ်မှုကြောင့် သတိမေ့နေဆဲ ဖြစ်သည်။
ကျနော်တို့ အန်တီနပ်စ် နှင့် တိုက်ခိုက်ခဲ့သော စစ်မြေပြင်သို့ ပြန်သွားခဲ့သော်လည်း လိုင်ခါယွန် ကို ရှာမတွေ့ခဲ့ချေ။ အလောင်း မရှိသဖြင့် သူ အသက်ရှင်နေဦးမည်ဟု ထင်ရသည်။ သူ ဘာကြောင့် ကျနော့်ဆီ ရောက်မလာသလဲဆိုတာကိုတော့ ကျနော် မသိချေ။ သူသည် ပေါက်ဖွားလာသော ကပ်ဘေး၏ တိုက်ခိုက်မှုကို ခံခဲ့ရသဖြင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရနေပေလိမ့်မည်။
ဟန်ဆိုယောင်း က ကျနော့်ကို ပြန်ကြည့်ကာ မေးလာ၏။
"သူ့ကို ထားခဲ့တာ တကယ်ပဲ အဆင်ပြေရဲ့လား"
"အဆင်ပြေပါတယ်"
"ဒါပေမဲ့ အဲ့ဒါက အဆိပ်ခတ်သူ လေ။ နင် သူ့ကို ယုံလို့ရလို့လား"
သတိမေ့နေသော ယူဂျွန်ဟော့ ကို လီဆောဟွာ နှင့်အတူ ထားခဲ့ခြင်း ဖြစ်သည်။
"အဆိပ်ခတ်သူ က မူလက လူဆိုး မဟုတ်ဘူး။ ကပ်ပါးကောင်ကြောင့်ပါ။"
လမ်းပြသူ၏ ကူးစက်ခြင်းကို မခံရသော အပိုင်းများစွာတွင် လီဆောဟွာ ကို ‘အဆိပ်ခတ်သူ’ ထက် ‘ဆရာဝန်’ ဟု ပို၍ ခေါ်ဝေါ်ကြသည်။ ဖြစ်နိုင်သည်မှာ ဤနောက်ပြန်ဆုတ်ခြင်းတွင်လည်း အဆိပ်ခတ်သူ ကို ဆရာဝန်ဟုသာ ခေါ်ဝေါ်ကြပေလိမ့်မည်။
– သူ့ကို ခေါ်သွားပြီး ဂယ်ဘွန်းဒုံ ဘက်ကို သွားလိုက်ပါ။ အမှတ် ၅၆၀၃ စစ်ဆင်ရေးတပ်ဖွဲ့မှာ သနားစရာကောင်းတဲ့ စစ်သားတစ်ယောက် မင်းကို စောင့်နေလိမ့်မယ်။
အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့် ကို အသုံးပြုကာ လီဟန်းဆောင် ၏ တည်နေရာကို အတည်ပြုလိုက်ပြီး ယူဂျွန်ဟော့ ၏ အကြံပေးချက်ကို လက်ခံရန် ကျနော်ဆုံးဖြတ်လိုက်သည်။ ကျနော့်၏ အင်အားတစ်ခုတည်းနှင့် လုပ်ဖော်ကိုင်ဖက်များကို မြှင့်တင်ပေးနိုင်မည်ဟု ထင်ခဲ့မိသည်မှာ ကျနော် မာနကြီးခဲ့ခြင်းပင်။
အနှိုင်းမဲ့ စာဖတ်သူ တစ်ယောက် ဖြစ်နေလျှင်တောင် ကျနော့်မှာ အချိန်နှင့် သတင်းအချက်အလက် ကန့်သတ်ချက်များ ရှိနေပေသည်။ ထို့ကြောင့် လီဟန်းဆောင် အတွက် ယခုအချိန်တွင် အကောင်းဆုံး နည်းပြမှာ ကျနော် မဟုတ်ဘဲ ယူဂျွန်ဟော့ ပင် ဖြစ်၏။
"ဗိုက်ဆာလိုက်တာ။ ငါတို့ အဲ့ဒါကို စားကြမလား"
မြင့်မားသော အဆောက်အအုံတစ်ခု၏ ပတ်ပတ်လည်တွင် ပေါက်ရောက်နေသော အပင်တစ်ပင်ကို ကျနော်ညွှန်ပြလိုက်သည်။
[သတ္တမအဆင့် အပင်မျိုးစိတ် ‘ယာနာစပလက်တာ’ က သင့်ကို ကြည့်နေပါသည်။]
ဟန်ဆိုယောင်း သည် ဧရာမ နေကြာပန်းကြီး၏ မျက်လုံးများကို ကြည့်ကာ ထိတ်လန့်တကြား အော်ဟစ်လိုက်တော့သည်။
"…ငါတို့ အဲ့ဒါကို တကယ် စားလို့ရတာလား"
"တခြား စားစရာ ဘာမှ မရှိလို့ အဲ့ဒါကိုပဲ စားရမှာ။ Ways of Survival အရဆိုရင် အဲ့ဒါက တော်တော် အရသာရှိတယ်။ ပြီးတော့ အဲ့ဒါက အကောင်သေးလေးပဲ ရှိသေးလို့ အမဲလိုက်ရတာလည်း လွယ်တယ်"
"အာ..."
ဟန်ဆိုယောင်း သည် မကျေမနပ် ဖြစ်နေသော အမူအရာကို ပြုလုပ်လိုက်ပြီး မကြာမီမှာပင် ကိုယ်ပွားများကို ဆင့်ခေါ်လိုက်သည်။ ကျနော်တို့သည် ထိုအပင်မျိုးစိတ်၏ ပင်စည်များနှင့် အာရုံခံလက်တံများကို ဖြတ်တောက်ပစ်လိုက်ကြသည်။ ယာနာစပလက်တာ သည် ခဏအတွင်းမှာပင် မြေအောက်မြစ်များနှင့် ပြတ်တောက်သွားကာ မျက်လုံးများ မှိတ်သွားတော့သည်။
နောက်တစ်ကြိမ် ကျနော် ပိုမို အစွမ်းထက်လာသည်ဟု ခံစားလိုက်ရပြန်သည်။ အပင်ပေါက်လေးပဲ ဖြစ်ဦးတော့၊ သတ္တမအဆင့် မျိုးစိတ် တစ်ခုကို အလွန် လွယ်ကူစွာ ကိုင်တွယ်နိုင်ခဲ့လေသည်။
"ဟန်ဆိုယောင်း။ နင် စားမှာလား"
"…မပြောတတ်သေးဘူး"
"ဒါဆို ငါ ချက်လိုက်မယ်"
Ways of Survival ထဲတွင် ဖတ်ခဲ့ရသည့်အတိုင်း ယာနာစပလက်တာကို ကျနော်စတင် ချက်ပြုတ်လိုက်သည်။ ပင်စည်၏ မာကျောသော အခွံများကို ကျနော်နွှာထုတ်လိုက်ပြီး အနီးအနားရှိ ကုန်စုံဆိုင်တစ်ခုမှ ရရှိထားသော ဟင်းခတ်ဆား အနည်းငယ်ကို ဖြူးလိုက်သည်။
အတွင်းပိုင်းတွင် ရာသီပေါ် ဂဏန်းသားနှင့် ဆင်တူသော ပန်းရောင်အသားများ ပါဝင်နေလေသည်။ ဟန်ဆိုယောင်း ၏ မျက်လုံးများမှာ တောက်ပလာ၏။
"ဒါက ဘာကြီးလဲ။ ဒါက အပင် မဟုတ်ဘူးလား"
"ဟုတ်တယ်"
"ငါတို့ အရွက်သုပ် စားနေကြတာလား"
"မဟုတ်တာ။ ကင်စားမှာ"
အနီးအနားရှိ သစ်ပင်မှ သစ်ကိုင်းတစ်ကိုင်းကို ကျနော် ဖြတ်ယူလိုက်ပြီး ယာနာစပလက်တာ ပင်စည်ကို အသားတုကင် အချောင်းများအဖြစ် ပြုလုပ်ကာ မှော်စွမ်းအင် မီးဖို ပေါ်သို့ တင်လိုက်သည်။ မီးဖိုကို အလယ်အလတ်မီး အနေအထားဖြင့် ကျနော်ထားလိုက်သော်လည်း အပင်မှာ သတ္တမအဆင့် မျိုးစိတ် ဖြစ်သောကြောင့် ကျက်ရန် အချိန်အတော်ကြာလေသည်။ အပင်ကို အကြိမ်အနည်းငယ် လှန်ပေးလိုက်ပြီးနောက် ဆားကို ထပ်၍ ကျနော်ဖြူးလိုက်သည်။ အချိန်အတန်ကြာသောအခါ အမဲသားကင်နံ့ကဲ့သို့ မွှေးပျံ့သောရနံ့မှာ ပတ်ဝန်းကျင် တစ်ခုလုံးတွင် ပြည့်နှက်သွားတော့သည်။
"ဟေ့… နင် အနံ့ရလား"
"နေဦး၊ အခုချက်ချင်း စားလို့မရသေးဘူး"
ဟန်ဆိုယောင်းကို မီးဖိုထဲ လက်မလှမ်းအောင် ကျနော်တားဆီးလိုက်ပြီး ဘေးနားတွင် နွှေးထားသော လက်ဖက်ရည်ခွက်ကို ကမ်းပေးလိုက်သည်။
"ဒါကို အရင်သောက်လိုက်ဦး"
"ဒါက ဘာလဲ"
"ပင်စည်ကို ပြုတ်ထားတဲ့ အရည်ပါ။ ယာနာစပလက်တာ ကို မစားခင် ဒါကို အရင်သောက်ရမယ်"
ဟန်ဆိုယောင်း သည် သံသယဖြစ်နေသည့် အမူအရာဖြင့် ခွက်ကို ယူလိုက်သည်။ သို့သော် ခဏအကြာတွင် ဟန်ဆိုယောင်း ၏ အမူအရာမှာ အံ့အားသင့်သွားသော ပုံစံဖြစ်သွား၏။ ဟန်ဆိုယောင်းသည် အရည်အားလုံးကို သောက်လိုက်ပြီး ပင်စည်ကို စတင်လှီးဖြတ်တော့သည်။
"ဖြည်းဖြည်းစား"
"နင်က နောက်ပြောင်နေတာ မဟုတ်ဘူးပဲ။ နင် တကယ် ချက်တတ်တာပဲနော်"
"ပျက်စီးသွားတဲ့ ဒီကမ္ဘာကြီးထဲမှာပဲ ချက်တတ်တာပါ"
အရသာရှိသော အစားအစာများကို ပါးစပ်ထဲ အတင်းထိုးထည့်နေသည့် ငါးနှစ်သား ကလေးလေးတစ်ယောက်နှင့် တူနေသဖြင့် ကျနော် ရယ်မောလိုက်မိသည်။
[ချက်ပြုတ်ခြင်းကို နှစ်သက်သော နက္ခတ်အချို့သည် သင်၏ ချက်ပြုတ်မှုအပေါ် စိတ်ဝင်စားနေကြပါသည်။]
[လျင်မြန်သော တိုးတက်မှုနှင့် အကြမ်းဖက်မှုကို နှစ်သက်သော နက္ခတ်အချို့မှာတော့ ငြိုငြင်နေကြပါသည်။]
[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်ကတော့ ဆက်ကြည့်ရန် ပြောနေပါသည်။]
ပဉ္စမမြောက် ဇာတ်ဝင်ခန်း စတင်ရန် တစ်ပတ်သာ လိုတော့ပေသည်။ လောင်ကျွမ်းနေသော ငရဲကပ်ဘေးနှင့် မေးခွန်းများ၏ ကပ်ဘေး တို့ကို ကျော်လွှားနိုင်ခဲ့သဖြင့် တိုးတက်မှုမှာ ချောမွေ့နေ၏။
ယူဂျွန်ဟော့ နိုးလာသည်နှင့် လီဟန်းဆောင် နှင့်အတူ အနောက်ဘက်ရှိ ကပ်ဘေးကို ဖြေရှင်းလိမ့်မည်ဖြစ်ပြီး လေလွင့်သူများ၏ ဘုရင်မ က မြောက်ဘက်ကို တာဝန်ယူလိမ့်မည် ဖြစ်သည်။ ယခုအချိန်တွင် သတိထားရမည့် တစ်ခုတည်းသော အရာမှာ ‘ဗဟိုကပ်ဘေး’ ဖြစ်သည်။
ယာနာစပလက်တာ အရည်ကို ကျနော်ယူလိုက်ပြီး သတိမေ့နေဆဲဖြစ်သော ယူဆန်းအာ ကို ကြည့်လိုက်သည်။
"ယူဆန်းအာ"
ငါမှားသွားတာလား။
သတိမေ့နေသော ယူဆန်းအာ မှာ သိသိသာသာ တုန်သွားသည်။
"ယူဆန်းအာ အခု ဘယ်လို ခံစားနေရလဲဆိုတာ ကျနော် သိပါတယ်။ လာပြီး ဒါလေး စားလိုက်ပါဦး"
"…"
"မစားဘူးဆိုရင် ကျနော်ပဲ အကုန်စားလိုက်တော့မှာနော်"
ယူဆန်းအာ သည် ထမလာချေ။ ထို့နောက် ယူဆန်းအာ၏ ဗိုက်ထဲမှ မြည်သံတစ်ခုကို ကျနော် ကြားလိုက်ရသည်။
"ယူဆန်းအာ အိပ်ပျော်နေတာပဲ ဖြစ်ရမယ်။ ဒါဆို ကျနော်တို့ပဲ စားလိုက်တော့မယ်။ အား... အရမ်း အရသာရှိတာပဲ"
"…ခ-ခဏလေး"
ယူဆန်းအာ သည် အော်ဟစ်လိုက်ပြီး နေရာမှ ထထိုင်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ယူဆန်းအာ သည် အစားအစာအနံ့ကို ရပြီးနောက် ငြိမ်မနေနိုင်တော့ချေ။ ယူဆန်းအာသည် စွမ်းအင်များစွာ အသုံးပြုထားရသဖြင့် ဗိုက်ဆာနေသည်မှာ သဘာဝပင် ဖြစ်၏။
စားနေဆဲဖြစ်သော ဟန်ဆိုယောင်း ကို ကျနော်လှမ်းကြည့်လိုက်သည်။
"ဟေ့… နင် အများကြီး စားပြီးပြီဆိုတော့ ထတော့"
"ဘာလို့လဲ"
"မေးနေဖို့ လိုသေးလို့လား"
"…ချီး။ နင်က လူကို နေရခက်အောင် လုပ်တာပဲ။ သိပါပြီ"
ဟန်ဆိုယောင်း သည် ယူဆန်းအာ နိုးနေပြီဆိုသည်ကို သိကောင်းသိပေလိမ့်မည်။ ဟန်ဆိုယောင်း ရှိနေခြင်းကြောင့် ယူဆန်းအာ လှုပ်ရှားရဲမည် မဟုတ်သည်ကိုလည်း ဟန်ဆိုယောင်း သိပေသည်။ ဤမိန်းကလေးမှာ တကယ်ကို ဆိုးသွမ်းလှ၏။
"ငါ ပတ်ဝန်းကျင်ကို တစ်ခေါက်လောက် လှည့်ကြည့်လိုက်ဦးမယ်။ အကုန်မစားနဲ့ဦး၊ ငါ့အတွက် ချန်ထားဦး။ သိလား"
ဟန်ဆိုယောင်း သည် အသားတုကင် တစ်ချောင်းကို ဆွဲယူကာ အမှောင်ထဲသို့ ပျောက်ကွယ်သွားတော့သည်။
ဟန်ဆိုယောင်း လုံးဝ ပျောက်ကွယ်သွားသည်နှင့် ယူဆန်းအာ သည် ဖြည်းဖြည်းချင်း အနားတိုးလာသည်။ မီးဖိုပေါ်ရှိ အသားတုကင်မှာ တချွတ်ချွတ်မြည်သံနှင့်အတူ အရသာရှိသော အသံကို ပေးစွမ်းနေ၏။ ဝေခွဲမရဖြစ်နေသော ယူဆန်းအာ ကို အသားတုကင်တစ်ချောင်း ကျနော် ပေးလိုက်သည်။ ယူဆန်းအာ သည် အသားတုကင်ကို လက်ခံကာ စတင်ကိုက်ဝါးတော့သည်။
ယူဆန်းအာ သည် တစ်ချောင်း စားပြီးနောက် တုန့်ဆိုင်းစွာ စကားပြောလာ၏။
"…အရသာရှိလိုက်တာ"
ယူဆန်းအာ၏ မျက်လုံးများတွင် မျက်ရည်များ ဝိုင်းနေသည်။ ယခုအချိန်တွင် ယူဆန်းအာကို မြင်ရသူတိုင်းသည် ယူဆန်းအာမှာ ဓားမြှောင်များကို ကျွမ်းကျင်စွာ ကိုင်တွယ်ခဲ့သည့် မိန်းကလေး ဖြစ်မည်ဟု ထင်ကြလိမ့်မည် မဟုတ်ချေ။
"ဖြည်းဖြည်းစားပါ"
ယူဆန်းအာ၏ ခါးရှိ ဓားမြှောင်နှစ်လက်ကတော့ နေ့ဘက်အချိန်တုန်းက ဖြစ်ပျက်ခဲ့သည့် ယူဆန်းအာ၏ ပုံစံမှာ အိပ်မက်မဟုတ်ကြောင်း သက်သေပြနေသည်။ ပျက်စီးခြင်း စတင်ခဲ့သည်မှာ တစ်လ ရှိပြီ ဖြစ်သည်။ လုပ်စရာတွေ အများကြီး ရှိသေးသည်ဟု ကျနော် ခံစားလိုက်ရ၏။
ယူဆန်းအာ သည် တိတ်ဆိတ်စွာ စားနေပြီး ကျနော်လည်း ယူဆန်းအာကို ကြည့်ရင်း အကင်ကို စားနေလေသည်။ အသားတုကင်မှာ တကယ်ကို အရသာရှိလှ၏။ ဤကမ္ဘာမှ မဟုတ်သော အရသာအတိုင်းပင်…
ယူဆန်းအာ သည် မီးဖိုမှ တောက်လောင်နေသော မီးလျှံများကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
"…ဒါတွေက အစစ်အမှန်တွေပေါ့"
"ဖြစ်နိုင်ပါတယ်"
"အခု ကျမတို့ နောက်ပြန်လှည့်လို့ မရတော့ဘူးလား"
"ဟုတ်ကဲ့၊ ဖြစ်နိုင်ပါတယ်"
ယူဆန်းအာ ၏ လက်များမှာ အနည်းငယ် တုန်ယင်နေသည်။ ယူဆန်းအာသည် ထိုလက်များဖြင့် လူသားများကို သတ်ခဲ့ရသည်။ ရှင်သန်နိုင်ရန်အတွက် ယူဆန်းအာ၏ လက်များမှာ အခြားသူများ၏ အသက်ကို နုတ်ယူခဲ့ရ၏။
တစ်စုံတစ်ယောက်၏ သွေးများ စွန်းထင်ခဲ့သော လက်ဖြင့် ယခုဆိုလျှင် ယူဆန်းအာသည် မျက်လုံးများကို အုပ်ထားလေသည်။ ယူဆန်းအာ၏ ပုခုံးများမှာ ရံဖန်ရံခါ တုန်ခါနေ၏။ ရှိုက်သံများ ထွက်မလာသည်မှာ ယူဆန်းအာ၏ တင်းခံထားသော မာန်မာနကြောင့် ဖြစ်ပေလိမ့်မည်။
"ဒါက ယူဆန်းအာ ရဲ့ အမှား မဟုတ်ပါဘူး"
ကျနော့် စကားလုံးများက ယူဆန်းအာကို နှစ်သိမ့်ပေးနိုင်မလား ကျနော် မသိချေ။ ယူဆန်းအာ ၏ နှလုံးသားကို ကျနော် မမြင်နိုင်ပေ။ ယူဆန်းအာ ငိုကြွေးလာတော့သည်။ မျက်ရည်များမှာ ယူဆန်းအာ၏ မျက်နှာပေါ်သို့ စီးကျလာပြီး ယူဆန်းအာ စားနေသော အသားတုကင်မှာလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ယူဆန်းအာ ဘယ်လောက်အထိ ထပ်ငိုဦးမည်နည်း။ တဖြည်းဖြည်းချင်း ယူဆန်းအာ၏ ရှိုက်သံများမှာ တိုးဝင်သွားသည်။ သတ္တမအဆင့် ယာနာစပလက်တာ ကို အရည်မသောက်ဘဲ စားပါက ပြင်းထန်သော အိပ်ပျော်စေသည့် အာနိသင်ကို ပြသတတ်သည်။
ယူဆန်းအာကို ခဏမျှ ကြည့်နေပြီးနောက် ကျနော်စကားစလိုက်သည်။
"ဒါက တကယ်ပဲ ယူဆန်းအာ ရဲ့ အမှား မဟုတ်ပါဘူး"
ဤစကားလုံးများမှာ ယူဆန်းအာ အတွက် ဖြစ်သည်။
"ဒါကြောင့်…"
တစ်ချိန်တည်းမှာပင် ယူဆန်းအာ ကို ရည်ရွယ်ခြင်း မဟုတ်သော စကားလုံးများကို ကျနော်ပြောလိုက်သည်။
"ခင်ဗျားက ဘယ်သူလဲဆိုတာ ကျနော် သိချင်နေမိတယ်၊ ဘယ်လိုလဲ"
ပျက်စီးနေသော မြို့ပျက်ကြီးထဲတွင် မိစ္ဆာကောင်များ၏ ကြောက်မက်ဖွယ် ဟိန်းဟောက်သံများကို ကြားနေရသည်။ ကျနော် တစ်ယောက်တည်း စကားပြောနေသလိုပင်။ ကျနော်သည် ယူဆန်းအာ ကို ကြည့်ရင်း မေးလိုက်သည်။
"ခင်ဗျား ဟန်ဆောင်နေဦးမှာလား"
"…"
"ခင်ဗျား ဘာလို့ ကျနော့်ကို စောင့်ကြည့်နေတာလဲ ကျနော် မသိပေမဲ့ ခင်ဗျား စောင့်ကြည့်နေတာ အတော်ကြာနေပြီ မဟုတ်လား"
မကျိုးပဲ့နိုင်သောယုံကြည်မှုဓါး ၏ အဖြူရောင်ဓားသွားမှာ အမှောင်ထဲတွင် တောက်ပနေသည်။
"ကျနော့်ရဲ့ ရည်မှန်းချက် အောင်မြင်ဖို့ဆိုရင် ဘာမဆို လုပ်ဖို့ ကျနော် ဝန်မလေးဘူး"
အဖြူရောင်ဓားသွားကို ယူဆန်းအာ ၏ လည်ပင်းသို့ ကျနော်တိုးကပ်လိုက်သည်။
"ခင်ဗျား ပါးစပ်ကို မြန်မြန် ဖွင့်ပြီး ပြောလိုက်တာ ပိုကောင်းလိမ့်မယ်။ ခင်ဗျားရဲ့ အဖိုးတန် ကိုယ်စားလှယ်ကို အသေမခံချင်ဘူးဆိုရင်ပေါ့လေ"
ယခုမှစ၍ အရှုံးမပေးစတမ်း ကစားပွဲတစ်ခု စတင်ချေပြီ။ ကျနော်သည် ဓားသွားကို ယူဆန်းအာ၏ လည်ပင်းဆီသို့ တဖြည်းဖြည်းချင်း တိုးကပ်ရင်း စောင့်ဆိုင်းနေလိုက်သည်။ ဓားသွားသည် ယူဆန်းအာ၏ လည်ပင်းနှင့် ၁ စင်တီမီတာခန့်သာ ဝေးတော့ပြီး သွေးများ စတင်စီးကျလာသည်။ ရုတ်တရက် ယူဆန်းအာ ၏ မျက်လုံးများမှာ တောက်ပလာ၏။
[သီးသန့်စွမ်းရည် ‘Fourth Wall’ က သင်၏ စိတ်ပိုင်းဆိုင်ရာ တုန်လှုပ်မှုကို ခုနှိမ်ပေးလိုက်ပါသည်။]
လေပြင်းတစ်ချက် တိုက်ခတ်လာပြီး ယူဆန်းအာ ၏ ခန္ဓာကိုယ်အနားမှ ကျနော်လွင့်ထွက်သွားတော့သည်။
ကျနော့် နှလုံးသားကို ထုံထိုင်းသွားစေသည့် ခြိမ်းခြောက်မှု အငွေ့အသက်တစ်ခု တည်ရှိနေသည်။ ယူဆန်းအာ ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် မှိန်ဖျော့သော အလင်းရောင်တစ်ခု ပေါ်ထွက်လာ၏။ ကျနော်သည် ယူဆန်းအာ ၏ ဝေဝါးနေသော မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ သူငယ်အိမ်ထဲတွင် လည်ပတ်နေသော ဝေးကွာလှသည့် နက္ခတ်တာရာများ၏ အရိပ်အယောင်ကို မြင်တွေ့လိုက်ရသည်။ ထို့နောက် မိုးကြိုးသံကဲ့သို့သော အသံတစ်ခု ကျနော့်ခေါင်းထဲတွင် ပေါက်ကွဲထွက်လာ၏။
[အရေးမပါတဲ့ လူသား]
ကျနော့် ပါးစပ်မှ စီးကျလာသော သွေးများကို သုတ်လိုက်ပြီး ပြုံးလိုက်သည်။
နောက်ဆုံးတော့ သူတို့ ပေါ်လာပြီပဲ။ အိုလံပတ်စ်က ချီးထုတ် နက္ခတ်တွေ။
အခန်း ၉၄
- အပိုင်း ၁၉ - ထူးခြားမှု (၂)
Ways of Survival ၏ ကမ္ဘာတွင် နက္ခတ်များကို အမျိုးအစား နှစ်မျိုး ခွဲခြားထားသည်။ ပထမအမျိုးအစားမှာ မည်သည့်နေရာတွင်မှ မပါဝင်သော လွတ်လပ်သည့် နက္ခတ်များ ဖြစ်ပြီး ဒုတိယအမျိုးအစားမှာ သီးခြား နက်ဗျူလာ (အာကာသဟင်းလင်းပြင်) တစ်ခုခုတွင် ပါဝင်သော နက္ခတ်များ ဖြစ်သည်။
[အရေးမပါတဲ့ လူသားတစ်ယောက်က မဟာကြယ်တာရာတွေကို ခြိမ်းခြောက်ရဲတယ်ပေါ့လေ]
ပြင်းထန်လှသော ဖိအားများရှေ့တွင် တံတွေးကို ကျနော်မျိုချလိုက်မိသည်။ ကမ္ဘာမြေ၏ ဒဏ္ဍာရီများကို အခြေခံထားသော ကျော်ကြားသည့် နက်ဗျူလာ အများအပြား ရှိကြ၏။
နော့ဒစ် ဒဏ္ဍာရီလာ အက်စ်ဂတ် နှင့် ကမ္ဘာပျက်ကပ် ဒဏ္ဍာရီအမျိုးအစားမှ အေဒင် တို့ ရှိပေသည်။ ထို့အပြင် ကျနော့်ရှေ့မှ အလားတူ ကျော်ကြားလှသော အိုလံပတ်စ် လည်း ရှိ၏။
သူတို့ကို ကျနော်ပြောလိုက်သည်။
"...ပုံသဏ္ဌာန်တစ်ခုခုကို ရွေးချယ်လိုက်ပါ။ ကျနော်က ကိုးကွယ်ယုံကြည်သူ တစ်ယောက် မဟုတ်ဘူး"
ယူဆန်းအာ ၏ အမူအရာမှာ ပြောင်းလဲသွားသည်။ ရုတ်တရက် ဆင်းသက်လာသော နက္ခတ်များမှာ အနည်းငယ် အနေရခက်သွားပုံရသော်လည်း ကျနော်က ဆက်ပြောလိုက်သည်။
"ကနဦး ဇာတ်ဝင်ခန်းတွေရဲ့ ဖြစ်နိုင်စွမ်းတွေက အိုလံပတ်စ်ရဲ့ နတ်ဘုရားတွေကို ဘယ်တော့မှ ဝင်ရောက်ခွင့်ပေးမှာ မဟုတ်ဘူး။ ဟုတ်တယ်မလား"
[နင်...]
အကယ်၍ ဖြစ်နိုင်စွမ်းဟူသော မျှခြေသာ မရှိပါက ဆိုးလ်ဧရိယာသည် အိုလံပတ်စ်၏ နတ်ဘုရား ၁၂ ပါး ဆင်းသက်လာမှုကြောင့် ပျက်စီးသွားသည်မှာ ကြာလှပြီဖြစ်၏။ မုန်တိုင်း၏ ဂယက်ရိုက်ခတ်မှုမှာလည်း ကြီးမားလိမ့်မည်ပင်။ အိုလံပတ်စ်မှ နတ်ဘုရားအများစုမှာ လူသားများကို အထင်သေးကောင်း အထင်သေးနိုင်သော်လည်း သူတို့မှာ မိုက်မဲသူများ မဟုတ်ကြချေ။ ယူဆန်းအာ ၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားသော မှော်စွမ်းအင် ကြိုးမျှင်များကို ကျနော် မြင်လိုက်ရသည်။
"အခုလောလောဆယ် ထွက်လာနိုင်တာ ခင်ဗျားတစ်ယောက်တည်းပဲ ရှိပုံရတယ်၊ ‘ဝင်္ကပါထဲက စွန့်ပစ်ခံရသူ’"
ကိုရီးယားတွင် မဟာနက္ခတ်များ ရှိသကဲ့သို့ အိုလံပတ်စ်တွင်လည်း မဟာနက္ခတ်များ ရှိသည်။ အမှန်စင်စစ် အိုလံပတ်စ်၏ အဖွဲ့ဝင်အများစုမှာ မဟာနက္ခတ်များသာ ဖြစ်ကြသည်။
‘ဝင်္ကပါထဲက စွန့်ပစ်ခံရသူ’။ ၎င်းမှာ သီးစီးယပ်စ် ၏ ချစ်သူ အရီယက်ဒ်နီ ကို ရည်ညွှန်းသော အမည်နာမ ဖြစ်သည်။
"ဖြစ်နိုင်စွမ်းအတွက် တန်ဖိုးသိပ်ပေးစရာမလိုတဲ့ ခင်ဗျားကို စေလွှတ်လိုက်တာကို ကြည့်ရင် အိုလံပတ်စ်က တော်တော်လေး ကပ်စေးနှဲတာပဲ ဖြစ်ရမယ်"
[ပါးစပ်ပိတ်စမ်း။ နင်က ဘယ်လိုတောင် ရိုင်းပျရဲတာလဲ]
အရီယက်ဒ်နီ ၏ ပတ်ပတ်လည်တွင် လှုပ်ခတ်နေသော မှော်ကြိုးမျှင်များကြောင့် မြေပြင်မှာ တုန်ခါသွားသည်။ ထိုအရှိန်အဝါကြောင့် မြေပြင်မှာ အက်ကွဲသွားရ၏။
အမှန်ပင် အရီယက်ဒ်နီ ကို လျစ်လျူရှု၍ မရနိုင်ချေ။ အရီယက်ဒ်နီ ၏ ဒဏ္ဍာရီ စွမ်းအားမှာ မည်မျှပင် အားနည်းစေကာမူ အရီယက်ဒ်နီ သည် နက္ခတ်မဟုတ်သူများထက် ပို၍ သန်မာနေဆဲပင်။ သို့သော် ကျနော့်ကို အရီယက်ဒ်နီ က တိုက်ခိုက်နိုင်မည် မဟုတ်သည်ကို ကျနော် သိသည်။
လေထုထဲတွင် မီးပွားများ လွင့်စင်လာသည်။ ဖြစ်နိုင်စွမ်း၏ ချိပ်ပိတ်မှုများမှာ စတင်လှုပ်ရှားလာပြီ ဖြစ်သည်။ အရီယက်ဒ်နီ မှာ အပြည့်အဝ ဆင်းသက်လာခြင်း မဟုတ်သော်လည်း ကိုယ်စားလှယ်၏ ဆန္ဒကို လွှမ်းမိုးကာ တစ်စိတ်တစ်ပိုင်း ဆင်းသက်ခြင်းကြောင့် ဖြစ်နိုင်စွမ်း ပမာဏ အမြောက်အမြားကို ကုန်ဆုံးစေခဲ့သည်။
ထို့ပြင် အရီယက်ဒ်နီ သည် ကြီးမားသော နက်ဗျူလာတစ်ခုတွင် ပါဝင်သော နက္ခတ်တစ်ပါး ဖြစ်သည်။ အရီယက်ဒ်နီ ၏ လှုပ်ရှားမှုများသည် အခြားသော အားကောင်းသည့် တည်ရှိမှုများ၏ စောင့်ကြည့်မှုကို မလွဲမသွေ ခံရမည်ပင်။ ဆိုးလ်မြို့၏ ကောင်းကင်ယံရှိ မဟာတွင်းနက်ကြီး မှာ ဟိန်းဟောက်နေသည်။ မကြုံစဖူးသော ကြောက်ရွံ့မှုတစ်ခုမှာ ကျနော့်အား လွှမ်းမိုးသွားပြီး တစ်ကိုယ်လုံး စိမ့်တက်သွား၏။
အတွင်းရှိ အရီယက်ဒ်နီ ကြောင့် ယူဆန်းအာ ၏ မျက်နှာမှာ ဖြူလျော့သွားသည်။
"ခင်ဗျားမှာ အချိန်အများကြီး ရှိမယ်လို့ ကျနော် မထင်ဘူး။ ကျနော် တိုက်ရိုက်ပဲ ပြောရမလား"
ဒါသည် နက္ခတ်များ၏ လက်တွေ့ဘဝပင် ဖြစ်သည်။ သူတို့သည် ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုတွင် အင်အားအကြီးဆုံး ဖြစ်သော်လည်း ‘ဖြစ်နိုင်စွမ်း’ ဟူသော လေးလံသည့် သံခြေကျင်းများကိုတော့ ချွတ်ပစ်နိုင်ခြင်း မရှိကြချေ။
"အခြားကမ္ဘာက နတ်ဘုရားတွေက ခင်ဗျားတို့ကို သတိထားမိသွားပုံရတယ်"
[…လူသားတစ်ယောက်က ဒါကို ဘယ်လို သိနိုင်တာလဲ]
"အဲဒါက အခု အရေးကြီးလို့လား။ ခင်ဗျား ကျနော့်ဆီ လာတာ အကြောင်းပြချက် တစ်ခုခုကြောင့် မဟုတ်လား။ မကြာခင် ဖြစ်ပေါ်လာတော့မယ့် ဖြစ်နိုင်စွမ်း မုန်တိုင်းကို နက္ခတ်တွေ တောင့်ခံနိုင်မယ်လို့ ကျနော် မထင်ဘူး"
မဟာတွင်းနက်ကြီး ပတ်ပတ်လည်တွင် မိုးကြိုးများ ပစ်ခတ်နေသည်။ မျှော်လင့်ထားသည့်အတိုင်းပင် မဟာနက္ခတ်များ ဆင်းသက်ရန်မှာ အချိန်စောလွန်းနေသေး၏။
ကျနော်က ဆက်ပြောလိုက်သည်။
"ကျနော် မေးခွန်း သုံးခု မေးမယ်။ ခင်ဗျား ကျနော့်မေးခွန်းတွေကို ဖြေရင် ကျနော်လည်း ခင်ဗျားရဲ့ မေးခွန်းတွေကို ဖြေမယ်"
[နင်က မေးခွန်း သုံးခု ဖလှယ်ခြင်းကို လုပ်ချင်တာလား]
"ဟုတ်တယ်"
မေးခွန်း သုံးခု ဖလှယ်ခြင်း။ မေးခွန်းသုံးခုဖလှယ်ခြင်းမှာ ဖြစ်နိုင်စွမ်း ကုန်ဆုံးမှုကို အနည်းဆုံး ဖြစ်စေရန် နက္ခတ်များ အသုံးပြုလေ့ရှိသော ကုန်သွယ်မှု ပုံစံတစ်ခု ဖြစ်သည်။
အရီယက်ဒ်နီ သည် ကျနော့်ကို မကျေမနပ် စိုက်ကြည့်နေသည်။
[လူသားတစ်ယောက်က နက္ခတ်တွေရဲ့ ကုန်သွယ်မှု နည်းလမ်းကို အသုံးပြုနေတာပဲ...]
"ခင်ဗျား သဘောတူမှာလား၊ မတူဘူးလား"
[...ခဏစောင့်]
ယူဆန်းအာ ၏ မျက်လုံးများ မှိတ်သွားသည်။ အရီယက်ဒ်နီ သည် အိုလံပတ်စ်၏ အခြားသော နက္ခတ်များနှင့် သူတို့၏ ကွန်ရက်မှတစ်ဆင့် ဆက်သွယ်နေခြင်း ဖြစ်ပေလိမ့်မည်။
[ဖျော်ဖြေမှု ပျက်စီးသွားမှာကို မနှစ်သက်တဲ့ နက္ခတ်တစ်ပါးက သင်၏ အဆိုပြုချက်ကို စိတ်ဝင်စားနေပါသည်။]
မည်သို့ပင်ဆိုစေကာမူ အိုလံပတ်စ်မှ ပရိသတ်များမှာ ပေါ်လာပြီ ဖြစ်သည်။ အရီယက်ဒ်နီ သည် ဆက်သွယ်မှု ပြီးဆုံးသွားပြီးနောက် မျက်လုံးများကို ဖွင့်လိုက်သည်။
[မေးခွန်းတွေကို ငါ ခွင့်ပြုမယ်]
ထို့နောက်တွင်တော့ မက်ဆေ့ချ်တစ်ခု ထွက်ပေါ်လာသည်။
[နတ်ဘုရားတို့၏ မေးခွန်းနှင့် အဖြေ သုံးခု ဖလှယ်ခြင်း စတင်ပါပြီ။]
[နှစ်ဖက်စလုံးမှ မေးခွန်း သုံးခုနှင့် အဖြေ သုံးခုကို အပြန်အလှန် ဖလှယ်ရမည်။]
[မေးခွန်းအားလုံးကို အမှန်အတိုင်းသာ ဖြေဆိုရမည်။]
[နှစ်ဖက်စလုံးမှ မေးခွန်းတစ်ခုကို ဖြေဆိုရန် ငြင်းဆိုပိုင်ခွင့်ရှိသည်။]
[မေးခွန်းနှင့် အဖြေများ အားလုံး ဖလှယ်ပြီးသည်အထိ စကားပြောဆိုမှု ပြီးဆုံးမည်မဟုတ်ပါ။]
"ကျနော် အရင်မေးမယ်"
[ကောင်းပြီ]
[ပထမဆုံး မေးခွန်းလက်မှတ်ကို အသုံးပြုလိုက်ပါပြီ။]
"ပထမတစ်ခု၊ ခင်ဗျား ဘာလို့ ယူဆန်းအာ ရဲ့ ခန္ဓာကိုယ်ထဲ ရောက်နေတာလဲ"
[…]
"ခင်ဗျားရဲ့ အိမ်က တိုက်ကြီးရဲ့ တစ်ဖက်ခြမ်းမှာ ရှိတာ မဟုတ်လား။ ပြီးတော့ ခင်ဗျားတို့ရဲ့ ဇာတ်ဝင်ခန်းတွေအတွက် အလုပ်များနေရမှာ မဟုတ်ဘူးလား။ ဘာလို့ ဒီနေရာကို ရောက်နေတာလဲ"
[ဒီကမ္ဘာရဲ့ ထူးခြားမှု တွေကို စောင့်ကြည့်ဖို့ကြောင့်ပဲ]
[ပထမဆုံး အဖြေကို လက်ခံရရှိပါပြီ။]
"ထူးခြားမှုဟုတ်လား"
[အဲဒါ နင့်ရဲ့ ဒုတိယမြောက် မေးခွန်းလား]
ချီး။
အရီယက်ဒ်နီ က တော်တော်လေးကို ပါးနပ်ပေသည်။ တစ်ဖက်လူက မရေမရာ ဖြေလိုက်လျှင်ပင် 'မေးခွန်းလက်မှတ်' က ပျောက်ကွယ်သွား၏။
"မဟုတ်ဘူး။ အခု ခင်ဗျား မေးရမယ့်အလှည့်"
[‘ဝင်္ကပါထဲက စွန့်ပစ်ခံရသူ’ နက္ခတ်က ပထမဆုံး မေးခွန်းလက်မှတ်ကို အသုံးပြုလိုက်ပါပြီ။]
[နင်က ဘာလဲ]
"ကျနော်လား။ ကျနော်က ခင်ဗျားတို့ စောင့်ကြည့်နေတဲ့ ထူးခြားမှုတွေထဲက တစ်ခုပေါ့"
[‘ဝင်္ကပါထဲက စွန့်ပစ်ခံရသူ’ နက္ခတ်က ပထမဆုံး အဖြေကို လက်ခံရရှိပါပြီ။]
အကျပ်ရိုက်သွားသော အရီယက်ဒ်နီက ရေရွတ်လိုက်သည်။
[...နင် ဒါကို ဘယ်လိုသိတာလဲ]
"ကျနော်က ကျနော့်ကိုယ်ကျနော် ထူးခြားမှုတစ်ခု ဖြစ်လိမ့်မယ်လို့ ခန့်မှန်းလိုက်ရုံပါပဲ"
ကျနော်က စကားအဖြစ် ပြောလိုက်ခြင်း ဖြစ်သော်လည်း အမှန်ဖြစ်သွားခဲ့သည်။ အရီယက်ဒ်နီ၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။
[နင်...]
"စိတ်မဆိုးပါနဲ့။ ခင်ဗျားတို့လည်း ခဏခဏ ဒီလိုပဲ လုပ်နေကျ မဟုတ်လား"
[ပျော်ရွှင်မှုရှာခြင်းကို မနှစ်သက်သော နက္ခတ်တစ်ပါးက သင်၏ ပါးနပ်မှုကို သဘောကျနေပါသည်။]
အရီယက်ဒ်နီ၏ ဝန်းကျင်တွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်သွားသည်။ သို့သော်လည်း ‘မေးခွန်း သုံးခု ဖလှယ်ခြင်း’ ကို ဤနည်းလမ်းအတိုင်းသာ လုပ်ဆောင်သင့်ပေသည်။ တစ်ဖက်လူ၏ မေးခွန်းကို တိုက်ရိုက် ဖြေဆိုသူများသည် အရှုံးနှင့်သာ ရင်ဆိုင်ရပေလိမ့်မည်။ မိမိ၏ မေးခွန်းလက်မှတ်ကို အကျိုးရှိရှိ အသုံးချပြီး တစ်ဖက်လူ၏ မေးခွန်းလက်မှတ်ကို အလဟဿ ဖြစ်အောင် လုပ်ဆောင်ရမည်ဖြစ်၏။ ဤအရာသည် ‘မေးခွန်း သုံးခု ဖလှယ်ခြင်း’ ၏ ပြင်းထန်သော တိုက်ပွဲပင် ဖြစ်သည်။
ကျနော်က ဆက်ပြောလိုက်သည်။
[ဒုတိယမြောက် မေးခွန်းလက်မှတ်ကို အသုံးပြုလိုက်ပါပြီ။]
"ဒါဆို ဒါက ကျနော့်ရဲ့ ဒုတိယမြောက် မေးခွန်းပဲ။ ထူးခြားမှု ဆိုတာက ဘာကို ဆိုလိုတာလဲ"
[နင့်လို တည်ရှိမှုမျိုးတွေကို ဆိုလိုတာပေါ့]
ချီး။ ဒီဟာမက ဦးနှောက်ကို အသုံးချနေပြန်ပြီ။
သို့ပေသိ ဤတစ်ကြိမ်တွင်တော့ ကျနော်က ဤမျှနှင့် လက်မခံနိုင်ချေ။
"သေသေချာချာ ဖြေပါ။ ဒါမှမဟုတ် ခင်ဗျားက စကားတွေကို လှည့်ပတ်ပြောနေချင်သေးတာလား"
[…မူအားဖြင့်တော့ ‘နတ်ဘုရားတို့၏ ဗျာဒိတ်တော်’ ထဲမှာ ပေါ်လာတဲ့သူတွေကို ပြောတာပဲ]
"ထပ်ပြီး အသေးစိတ် ပြောပြနိုင်မလား။ ကျနော် အခုထိ သဘောမပေါက်သေးဘူး"
အရီယက်ဒ်နီက ခဏမျှ စဉ်းစားပြီးမှ ပြောလိုက်သည်။
[ငါတို့က မူလက နင့်ကို စောင့်ကြည့်ဖို့ ရည်ရွယ်ထားတာ မဟုတ်ဘူး။ နင့်ကို ရှာတွေ့သွားတာက တိုက်ဆိုင်မှုတစ်ခုပဲ]
…တိုက်ဆိုင်မှုတစ်ခုဟုတ်လား။
[ငါတို့က တခြားတစ်ယောက်ကို စောင့်ကြည့်ဖို့ ကြိုးစားနေတာ။ သူက ကြီးမားတဲ့ ကံကြမ္မာရဲ့ ဘီးလုံးကို ပခုံးပေါ်မှာ ထမ်းပိုးထားပြီး ဖြစ်နိုင်စွမ်း တွေကို ဖျက်ဆီးပစ်တဲ့သူ။ ထူးခြားမှု ဆိုတာက အဲဒီလို လူမျိုးကို ပြောတာပဲ]
ဒါကို ကြားလိုက်ရသည်နှင့် ‘ထူးခြားမှု’ ဆိုသည်မှာ ဘာလဲဆိုသည်ကို ကျနော် နားလည်သွားခဲ့သည်။
[ဒုတိယမြောက် အဖြေကို လက်ခံရရှိပါပြီ။]
အိုလံပတ်စ်မှ သူများသည် ဤ နောက်ပြန်ဆုတ်ခြင်းတွင် ယူဂျွန်ဟော့ကို ရှာတွေ့သွားပြီ ဖြစ်သည်။ အိုလံပတ်စ် အဆင့်ရှိသော နက်ဗျူလာ တစ်ခုအနေဖြင့် အများအပြား ထုတ်လုပ်ထားသော စစ်ထုတ်စနစ်များကို ရှာဖွေပြီး သတင်းအချက်အလက်များကို ခြေရာခံနိုင်ပေလိမ့်မည်။ ပထမဦးဆုံးအနေဖြင့် သူတို့တွင် ဟာမီးစ် ကဲ့သို့ ထူးချွန်သော သတင်းအချက်အလက် ခြေရာခံသူ ရှိသည်။ ထို့အပြင် မဟာနက္ခတ်များသည် ယူဂျွန်ဟော့ ကြောင့် ကမ္ဘာ၏ ဖြစ်နိုင်စွမ်းများ လွဲချော်နေခြင်းကို သတိပြုမိကြလိမ့်မည်...
သို့ပေသိ ထူးဆန်းသောအရာ တစ်ခုရှိနေသည်။ ‘နောက်ပြန်ဆုတ်သူ’ နှင့် ပတ်သက်သည့် သတင်းအချက်အလက်မှာ လက်ရှိ အရီယက်ဒ်နီ လက်လှမ်းမီနိုင်သော သတင်းအချက်အလက်မျိုး မဟုတ်ချေ။
[ငါ့အလှည့်ရောက်ပြီ]
[‘ဝင်္ကပါထဲက စွန့်ပစ်ခံရသူ’ နက္ခတ်က ဒုတိယမြောက် မေးခွန်းလက်မှတ်ကို အသုံးပြုလိုက်ပါပြီ။]
[နောက်ထပ် ထောက်ပံ့သူ ရွေးချယ်မှုမှာ နင် ဘယ်သူ့ကို ရွေးချယ်မှာလဲ]
၎င်းမှာ မျှော်လင့်မထားသော မေးခွန်းတစ်ခု ဖြစ်သည်။ အိုလံပတ်စ်က ကျနော့်ကို ပစ်မှတ်ထားနေလိမ့်မည်ဟု ကျနော် မထင်ထားခဲ့မိပေ။
[ပျော်ရွှင်မှုရှာခြင်းကို မနှစ်သက်သော နက္ခတ်တစ်ပါးက သင့်စကားကို နားထောင်နေပါသည်။]
[ကိုရီးယား ကျွန်းဆွယ်ကို ချစ်မြတ်နိုးကြသော နက္ခတ်အချို့မှာ စိုးရိမ်ပူပန်နေကြပါသည်။]
[‘ရွှေခေါင်းကွင်း၏ အကျဉ်းသား’ နက္ခတ်မှာ သူ၏ ကိုယ်ပိုင် အမည်နာမကို ရွတ်ဆိုနေပါသည်။]
ခက်ခဲသော်လည်း ကျနော့်မှာ ရွေးချယ်စရာ မရှိချေ။
"ကျနော် မဖြေဘူး။ ကျနော် ဘယ်သူ့ကို ရွေးမလဲဆိုတာ ပြောပြလိုက်ရင် ဘာရင်ခုန်စရာ ရှိတော့မှာလဲ"
[သင်သည် ‘ငြင်းဆိုခွင့်လက်မှတ်’ ကို အသုံးပြုလိုက်ပါပြီ။]
[ယခုအချိန်မှစ၍ သင်သည် မေးခွန်းကို ဖြေဆိုရန် ငြင်းဆိုပိုင်ခွင့်ကို အသုံးမပြုနိုင်တော့ပါ။]
အရီယက်ဒ်နီက ၎င်းကို မျှော်လင့်ထားပုံရပြီး နောက်ထပ် မေးခွန်းတစ်ခုကို ချက်ချင်း မေးလိုက်သည်။
[‘ဝင်္ကပါထဲက စွန့်ပစ်ခံရသူ’ နက္ခတ်က တတိယမြောက် မေးခွန်းလက်မှတ်ကို အသုံးပြုလိုက်ပါပြီ။]
[ဒါဆိုရင် ငါ နောက်ဆုံးမေးခွန်းကို မေးမယ်။ ငါတို့ နင့်ကို စောင့်ကြည့်နေတာကို နင်က ဘယ်လိုလုပ်ပြီး သိသွားတာလဲ။]
ချီးပဲ။ ဒီမေးခွန်းကမှ သူတကယ်မေးချင်တဲ့မေးခွန်းဟ။
ဤမေးခွန်းသည် အရီယက်ဒ်နီ သေသေချာချာ စဉ်းစားထားတဲ့ ရလဒ် ဖြစ်ပေလိမ့်မည်။ ကျနော့်‘မည်သူမည်ဝါဖြစ်ကြောင်း’ ကို မေးရုံနှင့် အဖြေမရနိုင်သဖြင့် အရီယက်ဒ်နီ က တိကျသော မေးခွန်းတစ်ခုကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။ ကျနော် ခဏမျှ စဉ်းစားပြီးမှ ပါးစပ်ကို ဖွင့်လိုက်သည်။
"ကျနော် စာအုပ်တစ်အုပ်ကို သေသေချာချာ ဖတ်ခဲ့လို့ပါ"
[ဘာ]
"စာအုပ်တွေ ဖတ်ပြီးတော့ သိခဲ့တာပါ"
ကျနော့်ရဲ့ အဖြေက ယုံကြည်ရခက်သော်လည်း Ways of Survival ရဲ့ ဇာတ်လမ်းကို ဤနေရာတွင် မထုတ်ဖော်နိုင်ချေ။ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့အားလုံးမှာ စနစ်၏ စစ်ထုတ်ခြင်းကို ခံရမည်ဖြစ်သဖြင့် အရီယက်ဒ်နီ နားလည်နိုင်မည် မဟုတ်ပေ။ ထို့အပြင် ကျနော်က ရှင်းပြလိုစိတ်လည်း မရှိချေ။
"မူလကတည်းက ကျနော်တို့ ကိုရီးယားလူမျိုးတွေက ဒဏ္ဍာရီတွေကို သိကြတယ်လေ"
[…အဲဒါ ဘာကို ဆိုလိုတာလဲ]
"ခင်ဗျားက ကျနော့်နိုင်ငံမှာ တော်တော်လေး နာမည်ကြီးတယ်။ ကလေးတွေအတွက် ကာတွန်းတွေတောင် ထုတ်လုပ်ရတဲ့အထိ လူကြိုက်များတာ။ ခင်ဗျားက ကျနော့်နိုင်ငံမှာ တော်တော်လေး နာမည်ကြီးနေတာကို မသိဘူးလား။ အိုလံပတ်စ် အကြောင်းကို မသိတဲ့သူ ရှိလို့လား"
အရီယက်ဒ်နီ၏ တုန်လှုပ်နေသော မျက်လုံးများမှတစ်ဆင့် ထွေပြားမှုကို ခံစားမိနေလေသည်။
[ဒါက မဖြစ်နိုင်တာ။ သေးငယ်တဲ့ နိုင်ငံလေးတစ်ခုက သိတယ်ပေါ့လေ…]
"ခလွီတန်ဝင်္ကပါ"
[…]
" မိစ္ဆာတစ်ဝက်သတ္တဝါ"
အရီယက်ဒ်နီ၏ မျက်လုံးများ ပိုမို ပြူးကျယ်လာသည်။
"ခင်ဗျားကို မေ့သွားတဲ့ ချစ်သူ။ နာ့ခ်ဆော့စ် ကျွန်း။ အဲဒီနောက်ပိုင်းက ကာမမှုတွေ… ကျနော် ဆက်ပြောရမလား"
[ရ-ရပ်တော့။ ငါ နားလည်ပြီမို့လို့ ရပ်လိုက်တော့]
[‘ဝင်္ကပါထဲက စွန့်ပစ်ခံရသူ’ နက္ခတ်က တတိယမြောက် အဖြေကို လက်ခံရရှိပါပြီ။]
အရီယက်ဒ်နီသည် အကြီးအကျယ် စိတ်ဒဏ်ရာ ရသွားသည့် မျက်နှာပေးဖြင့် ပါးစပ် ပိတ်သွားတော့သည်။
[အရေးမပါတဲ့ နိုင်ငံတစ်ခုက လူသားတွေက ဘယ်လိုလုပ်ပြီး သိနေရတာလဲ…]
ကျနော် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ဤအခြေအနေကို မည်သို့ပင်ဆိုစေကာမူ ကျော်လွှားနိုင်ခဲ့လေပြီ။ အရီယက်ဒ်နီသည် ဖြစ်နိုင်စွမ်း ကုန်ကျစရိတ် နည်းပါးသော နက္ခတ်တစ်ပါး ဖြစ်သည်။ အရီယက်ဒ်နီက အိုလံပတ်စ်၏ ကိုယ်စားလှယ်အဖြစ် ထွက်ပေါ်လာခြင်းမှာ ကံကောင်းခြင်းတစ်ရပ်ပင်။
မဟာတွင်းနက်ကြီး၏ လှုပ်ရှားမှုမှာ ပိုမို၍ မငြိမ်မသက် ဖြစ်လာသည်။
ကျနော်က ပါးစပ်ကို ဖွင့်ကာ ပြောလိုက်သည်။
"ဒါဆို ဒါက နောက်ဆုံးမေးခွန်းပဲ။ ခင်ဗျား အခုရရှိထားတဲ့ ‘နတ်ဘုရားတို့၏ ဗျာဒိတ်တော်’ ထဲမှာ ဘာတွေ ပါဝင်နေလဲ"
အရီယက်ဒ်နီသည် အချိန်အတော်ကြာအောင် ဝေခွဲမရဖြစ်နေပြီး မျက်လုံးများမှာ မမြင်ရသော ချိန်ခွင်လျှာတစ်ခုကို တိုင်းတာနေသည့်အလား ရှိနေသည်။
[ငါ နင့်ကို မပြောနိုင်ဘူး]
[‘ဝင်္ကပါထဲက စွန့်ပစ်ခံရသူ’ နက္ခတ်က ငြင်းဆိုခွင့်လက်မှတ်ကို အသုံးပြုလိုက်ပါပြီ။]
[မေးခွန်းနှင့် အဖြေများအားလုံး အပြန်အလှန် ဖလှယ်ပြီးပါပြီ။]
[မေးခွန်း သုံးခုနှင့် အဖြေ သုံးခု ဖလှယ်ခြင်း ပြီးဆုံးပါပြီ]
ကျနော် မျှော်လင့်ထားသော်လည်း စိတ်မကောင်း ဖြစ်မိသည်။ အမှန်တော့ နောက်ဆုံးမေးခွန်းက အရေးကြီးဆုံး ဖြစ်သည်။
[ပျော်ရွှင်မှုရှာခြင်းကို မနှစ်သက်သော နက္ခတ်တစ်ပါးက နောင်တရသလို ခံစားနေရပါသည်။]
အရီယက်ဒ်နီက ကောင်းကင်မှ ကျဆင်းလာသော လျှပ်စီးတန်းများကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
[ငါ့ခင်ပွန်းက နင့်ရဲ့ ဇာတ်လမ်းကို သိချင်နေလို့ ငါက သူ့ကို ဖျော်ဖြေမှု အနည်းငယ် ပေးခဲ့တာ။ ဒါပေမဲ့ ဒီမှာတင်ပဲ အဆုံးသတ်ရတော့မယ်]
အရီယက်ဒ်နီတွင် အချိန်မရှိတော့ကြောင်း သိရှိသွားသည့်အလား အရီယက်ဒ်နီ၏ အသံမှာ အရှိန်မြှင့်တင်ခြင်း ခံလာရသည်။
[ငါ ဒီကိုလာရတဲ့ အကြောင်းရင်းက တစ်ခုတည်းပဲ။ အိုလံပတ်စ်က နင့်ကို ပြင်းထန်တဲ့ သတိပေးချက်တစ်ခု ပေးလိမ့်မယ်။ ငါတို့ရဲ့ အလုပ်ကို မနှောင့်ယှက်နဲ့။ ငါတို့က ကမ္ဘာကြီး ပျက်စီးမှုကို ကာကွယ်ဖို့ လုပ်ဆောင်နေတာ။ ဒီအမျိုးသမီးက မဟာပျက်စီးခြင်းရဲ့ ကာကွယ်ရေးတံတိုင်းအဖြစ် ကြီးထွားတိုးတက်လာလိမ့်မယ်]
"ဘာလို့ ဒီအမျိုးသမီးကို ရွေးရတာလဲ"
[အကြောင်းရင်းကို ရှာနေတာက အဓိပ္ပာယ်မရှိဘူး။ ကံကြမ္မာရဲ့ ကြိုးမျှင်ကို ငင်နေတဲ့ ညီအစ်မ သုံးယောက်တောင်မှ ဘာကြောင့်လဲဆိုတာ မသိကြဘူး]
ချီးပဲ။
အိုလံပတ်စ်က ကံကြမ္မာ နတ်ဘုရားမတွေရဲ့ ဆင်ခြေကို အသုံးချသွားပြန်ပြီ။
[ဇာတ်ဝင်ခန်းထဲမှာ ပိတ်မိနေတဲ့ ကိုယ်စားလှယ်ကြီး။ ကံကြမ္မာရဲ့ ဦးတည်ချက်က လှည့်ပတ်နေပြီ။ ကြယ်တာရာတို့ရဲ့ ဇာတ်လမ်းတွေက တစ်နေရာတည်းမှာ စုဝေးနေပြီး နက္ခတ်တို့ရဲ့ ကံကြမ္မာက စတင်တော့မယ်]
"ဘာအကြောင်း ပြောနေတာလဲ။ ဂိုင်ဂန်တိုမာခီယာ ကို ပြောနေတာလား"
[…နင်က ဒီသတင်းအချက်အလက်ကိုတောင် သိနေတာပဲ။ နင်က တကယ်ကို အံ့သြဖို့ကောင်းပါတယ်။ ဒါပေမဲ့ နင်က ဒီသတင်းအချက်အလက်ကို သိနေတယ်ဆိုရင်တောင် အရာအားလုံးကို နားလည်နေတယ်လို့ မောက်မာစွာ မတွေးသင့်ဘူး]
ယူဆန်းအာ ၏ ခန္ဓာကိုယ်ဝန်းကျင်မှ မီးပွားများမှာ အကန့်အသတ်သို့ ရောက်ရှိနေပြီ။ ဤသည်မှာ ဖြစ်နိုင်စွမ်း မုန်တိုင်း၏ နိမိတ်လက္ခဏာပင်။
[ခဏတာ ရုပ်သေးရုပ်ဖြစ်တဲ့ နင်က ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး။ မှတ်ထားပါ။ အချိန်တန်လို့ နင်သာ မှန်ကန်တဲ့ဘက်မှာ ရပ်မနေဘူးဆိုရင်―]
ထိုခဏ၌ လျှပ်စီးတန်းတစ်ခုက ယူဆန်းအာ ၏ ခန္ဓာကိုယ်ကို ထိမှန်သွားပြီး အရီယက်ဒ်နီ၏ စွမ်းအားများ ယူဆန်းအာ ထံမှ ဆုတ်ခွာသွားသည်ကို ကျနော် ခံစားလိုက်ရသည်။ အာကာသနှင့် အချိန်ကို ဖြတ်သန်းစုတ်ဖြဲလိုက်သည့် အသံမှာ ပဲ့တင်ထပ်သွားပြီး ယူဆန်းအာ ၏ ခန္ဓာကိုယ်မှာ ကျိုးပဲ့နေသော အရုပ်မလေးတစ်ခုအလား လဲပြိုသွားသည်။
ယူဆန်းအာ ၏ ခန္ဓာကိုယ်ကို အလျင်အမြန် ကျနော် ဖမ်းကိုင်လိုက်သည်။ ထို့နောက်တွင်တော့ ကောင်းကင်ယံမှ တစ်စုံတစ်ဦး၏ အကြည့်ကို ကျနော် ခံစားလိုက်ရသည်။ အခုချိန်မှာ ခေါင်းမမော့သင့်ချေ။ မည်သူမျှ ကျနော့်ကို ပြောမပြသော်လည်း ကျနော် အလိုအလျောက် သိနေသည်။ အကယ်၍ ကျနော့်အပေါ်ကို ကျနော်ကြည့်လိုက်မည်ဆိုလျှင်...
[သီးသန့်စွမ်းရည် ‘Fourth Wall’ က သင်၏ စိတ်ပိုင်းဆိုင်ရာ တုန်လှုပ်မှုကို လျှော့ချပေးလိုက်ပါပြီ။]
ကျနော် ထွေပြားစွာဖြင့် အပေါ်ကို ကြည့်လိုက်သည်။ အဝေးက မဟာတွင်းနက်ကြီး ထဲတွင် တစ်ခုခု ရှိနေသည်။ ၎င်းသည် အရီယက်ဒ်နီ၏ စွမ်းအားကို ဖျက်ဆီးပစ်လိုက်သည့် တည်ရှိမှုမျိုး ဖြစ်သည်။ ၎င်းမှာ လျှာ သို့မဟုတ် လက်တံတစ်ခုနှင့် ဆင်တူသော်လည်း နောက်ဆုံးတွင်တော့ မည်သည့်အရာနှင့်မျှ မတူညီချေ။ ၎င်းမှာ ဘာသာစကားဖြင့် ဖော်ပြ၍မရသော၊ နားလည်နိုင်စွမ်း မရှိသော ကြောက်လန့်မှုမျိုး ဖြစ်သည်။
အခြားကမ္ဘာမှ နတ်ဘုရားတစ်ပါး။
အချိန်များမှာ နှေးကွေးသွားသကဲ့သို့ ရှိနေပြီး ကျနော့်ရဲ့ နဖူးနှင့် ကျောပြင်တွင် ချွေးများ စိုရွှဲသွားသည်။ အသက်ရှူရုံနှင့်ပင် နာကျင်ရသော အချိန်စီးဆင်းမှုမျိုး ဖြစ်၏။ ကျနော် မျက်တောင်တစ်ချက် ခတ်လိုက်ရုံနှင့် မဟာတွင်းနက်ကြီးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ ကျနော် ကြောက်လန့်တုန်ရီနေမိသည်။ ဤအရာသည် ကျနော် တိုက်ခိုက်ရမည့်အရာပင်။
အဝေးမှ ကျနော့်ထံသို့ ပြေးလာနေသော ဟန်ဆိုယောင်း ကို တွေ့လိုက်ရသည်။ မငြိမ်မသက်ဖြစ်နေသော မိစ္ဆာတို့၏ ဟိန်းဟောက်သံများမှာ လသာသောညတွင် ပြည့်နှက်နေပြီး လျှပ်စီးအချက်အချာ ထိမှန်ခြင်းခံရသော လူသားတို့၏ အော်ဟစ်သံများမှာလည်း ကြားဖြတ် ထွက်ပေါ်နေသည်။
‘အဆုံးသတ်’ နှင့် ပတ်သက်သော ဇာတ်ဝင်ခန်း အမြောက်အမြား ရှိပေသည်။ လွနာရော့ခ်။ ဂိုင်ဂန်တိုမာခီယာ။ အာမာဂတ်ဒွန်း... အရီယက်ဒ်နီ ဘာအကြောင်း ပြောနေသည်ကို ကျနော် မသိသော်လည်း ကျနော် သိထားသည့်အရာနှင့် တစ်ခုခု ကွဲပြားနေသည်မှာတော့ သေချာသည်။
ဒါက ကျနော် အလိုရှိတဲ့အရာပင်။ အကယ်၍ မူရင်းဇာတ်လမ်းအတိုင်းသာ စီးဆင်းသွားမည်ဆိုလျှင် ကျနော် အလိုရှိသော အဆုံးသတ်ကို ဘယ်တော့မှ ရောက်ရှိနိုင်မည် မဟုတ်ချေ။
လဲပြိုနေသော ယူဆန်းအာ ကို ကျနော် ဂရုတစိုက် ချထားပေးလိုက်သည်။ ကျနော် ထိလိုက်သည်နှင့် ယူဆန်းအာ ၏ အသားအရေမှာ ကွဲအက်သွားတော့မည့်အလား ခံစားရသည်။ ယူဆန်းအာ ၏ မျက်နှာမှာ ဖြူလျော်နေပြီး ယူဆန်းအာ ၏ ထောက်ပံ့သူကို အားမကိုးချင်သည့်အလား လက်သီးကို တင်းတင်းဆုပ်ထားသည်။
လူသားတွေက အားနည်းကြသည်။ သို့ပေသိ မဟာဖြစ်နိုင်စွမ်းကိုသာ ကြောက်လန့်နေကြသော ကြယ်တာရာများ လျစ်လျူရှုထားသည့် အချက်တစ်ချက် ရှိသည်။ ၎င်းမှာ ကမ္ဘာမြေပေါ်ရှိ ဒဏ္ဍာရီအားလုံးသည် သူတို့ လျစ်လျူရှုထားသော အားနည်းသည့် လူသားများထံမှ စတင်ခဲ့ခြင်း ဖြစ်သည်ဟူသောအချက်ပင်။
ကျနော့်ရဲ့ လက်သီးကို ယူဆန်းအာ ၏ လက်သီးနှင့် ညင်သာစွာ ထိတွေ့လိုက်သည်။
[သင်၏ ဝိညာဉ်အနက်ရှိုင်းဆုံးနေရာတွင် ‘ဇာတ်လမ်း’ ၏ စွမ်းအားမှာ လှုပ်ရှားနေပါသည်။]
[သင်၏ ပထမဆုံး အထူးစွမ်းရည်မှာ စတင် ပေါက်ဖွားရန် အသင့်ဖြစ်နေပါပြီ။]
မည်သည့် ဒဏ္ဍာရီမျိုးနှင့်မျှ မတူညီသော ‘ဇာတ်လမ်း’ တစ်ခုကို ကျနော် တည်ဆောက်ပေမည်။
………………………………………………………………………………………….
ငွေရောင်ဝံပုလွေတစ်ကောင်သည် အမှောင်ထုထဲတွင် ပြေးလွှားနေသည်။
‘ကျိ...ချီးထုတ်ဝံပုလွေ’
ကပ်ပါးဘုရင်မ အန်တီနပ်စ် သည် ကိုယ့် ခန္ဓာကိုယ်ကို ပြန်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ အန်တီနပ်စ် လိုအပ်သော ခန္ဓာကိုယ်အသစ်မှာ အီမြွန်တာ တစ်ဦး ဖြစ်၏။
အမှန်စင်စစ် အန်တီနပ်စ်သည် သီသီလေး လွတ်မြောက်လာခဲ့သည့် အခြေအနေနှင့်ကြုံခဲ့ရခြင်းပင်။ အန်တီနပ်စ် ၏ ခန္ဓာကိုယ်မှာ ဖြစ်နိုင်စွမ်း မုန်တိုင်းကြောင့် စုတ်ပြတ်နေပြီး အကယ်၍ လိုင်ခါယွန်သာ အနီးအနားတွင် သတိလစ် မလဲနေခဲ့ပါက အန်တီနပ်စ် တစ်ယောက် သေဆုံးသွားလိမ့်မည်မှာ သေချာပေသည်။ အန်တီနပ်စ် ၏ ရှင်သန်လိုသော ဗီဇက အန်တီနပ်စ် ကို ကယ်တင်ခဲ့ခြင်း ဖြစ်၏။ အန်တီနပ်စ် မှာ ကပ်ပါးမျိုးစိတ် ဖြစ်သောကြောင့်သာ ရှင်သန်နိုင်ခဲ့ခြင်း ဖြစ်သည်။
ကပ်ဘေး၏ အပိုင်းအစတစ်ခု ထိမှန်ခြင်းခံရသော လိုင်ခါယွန် ထံမှ သွေးမည်းများ စီးကျနေသည်။ လမ်းပြသူများသည် ကပ်ဘေးများကို မခုခံနိုင်သော ခန္ဓာကိုယ်မျိုး ရှိကြသည်။ ယခု အန်တီနပ်စ် တွင် အချိန်အများကြီး မကျန်တော့ချေ။
‘…ငါ လက်ခံကောင်အသစ် တစ်ယောက် လိုအပ်တယ်’။
မေးခွန်းများ၏ ကပ်ဘေး ကို သတ်လိုက်သော လူသားများကို စဉ်းစားရင်း အန်တီနပ်စ် တုန်လှုပ်သွားသည်။
ထိုလူသားများသည် အန်တီနပ်စ် ၏ ဂြိုဟ်ကို ဖျက်ဆီးပစ်ခဲ့သော ကပ်ဘေးကို ကာကွယ်နိုင်ခဲ့ကြသည်။ အန်တီနပ်စ်သည် မယုံကြည်နိုင်စရာ မြင်ကွင်းရှေ့တွင် စိတ်ပျက်အားငယ်သွားခဲ့ပြီး နောက်တစ်ကြိမ် ဆုံးဖြတ်ချက် ချလိုက်သည်။ မည်သည့်နည်းနှင့်မဆို ကလဲ့စားချေရပေမည်။ အန်တီနပ်စ် ၏ အိမ်ဖြစ်သော ခရိုနော့စ် ကို ဖျက်ဆီးပစ်ခဲ့သည့် လူသားများကို အန်တီနပ်စ် သုတ်သင်မည်။ ဤခဏ၌ အန်တီနပ်စ် ၏ အာရုံခံအင်တင်နာများက တုံ့ပြန်လာသည်။
‘ဒီ အငွေ့အသက်က…’
ရင်းနှီးသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရ၏။ ၎င်းမှာ ယခင်က ခရိုနော့စ် ပေါ်တွင် တွေ့ရှိခဲ့သော ပိုးကောင်ဘုရင်မျိုးစိတ်များထံမှ ခံစားခဲ့ရသည့် စွမ်းအားမျိုး ဖြစ်သည်။ အန်တီနပ်စ် က အရှိန်ကို မြှင့်တင်လိုက်သည်။ အကယ်၍ အန်တီနပ်စ်သာ ဤသို့သော အလားအလာရှိသူကို ကူးစက်နိုင်မည်ဆိုလျှင် ကလဲ့စားချေရန်မှာ မဖြစ်နိုင်သောအရာ မဟုတ်ချေ။
နောက်ဆုံးတွင်တော့ အန်တီနပ်စ် သည် ထိုနေရာကို ရောက်ရှိသွားပြီး မျှော်လင့်မထားသော တည်ရှိမှုတစ်ခုနှင့် ဆုံတွေ့လိုက်ရတော့သည်။ အန်တီနပ်စ် မယုံကြည်နိုင်ချေ။ ဤကဲ့သို့သော တည်ရှိမှုမျိုးက ကမ္ဘာမြေပေါ်တွင် ဘယ်လိုလုပ်ပြီး ရှိနေနိုင်တာလဲ။
"ကျိ-ကျိကျိကျိ"
အန်တီနပ်စ် သည် ဗီဇအရ အသံပြုလိုက်မိပြီး လရောင်အောက်တွင် ထိုကောင်လေး၏ မျက်လုံးများက တောက်ပသွားသည်။
"မင်းက ပထမဆုံး ပိုးကောင် ဖြစ်လာလိမ့်မယ်"
လီဂီယောင် က အန်တီနပ်စ် ကို ကြည့်ရင်း ရယ်မောလိုက်တော့သည်။
အခန်း ၉၅
- အပိုင်း ၁၉ - ထူးခြားမှု (၃)
ကျနော် မျက်လုံးပွင့်လာသည့်အခါတွင် မနက်ခင်းသို့ ရောက်ရှိနေလေပြီ။ ဟန်ဆိုယောင်းက ကျနော် နိုးလာသည်ကို မြင်သောအခါ ပြုံးပြသည်။ ဟန်ဆိုယောင်းသည် နောက်ဆုံး အလှည့်ကျ ကင်းစောင့်နေသူ ဖြစ်၏။
"အိမ်မက်ဆိုး မက်လို့လား"
"အနည်းငယ်ပါ"
တစ်ညလုံး လောင်ကျွမ်းနေသည့် ထင်းမီး၏ အကြွင်းအကျန်များမှာ ပြာမှုန်များအဖြစ် ပြောင်းလဲပြီး ဖြူဖွေးနေလေသည်။မီးကို ငြိမ်းသတ်လိုက်ပြီးနောက် အလွန်အမင်း ကိုက်ခဲနေသော နဖူးကို ကျနော် ထိကိုင်လိုက်သည်။ အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့် မှတစ်ဆင့် ကျနော် မြင်ခဲ့ရသော မြင်ကွင်း…။
ဂီယောင်၊ သူ အဆင်ပြေရဲ့လားဆိုတာ ကျနော် မသိချေ။
"ယူဆန်းအာ ဘယ်မှာလဲ"
"ကင်းထောက်ဖို့ ထွက်သွားတယ်"
ဟန်ဆိုယောင်းက စမတ်ဖုန်းကို ပွတ်နေရင်းမှ ဖြေလိုက်သည်။ ဟန်ဆိုယောင်းကို ကျနော်မေးလိုက်သည်။
"နင် ဘာကြည့်နေတာလဲ"
"ဝတ္ထုတစ်ပုဒ်ပါ"
"နင် ရေးတဲ့ ဝတ္ထုလား"
"ငါက ကိုယ့်ဝတ္ထု မဟုတ်ရင် တခြား ဘယ်ဝတ္ထုကို ကြည့်ရမှာလဲ"
အမှန်စင်စစ် ဤကဲ့သို့သော အခြေအနေမျိုးတွင် အခြားဝတ္ထုများကို ဖတ်နေသည်ဆိုပါက ထူးဆန်းနေပေလိမ့်မည်။
"ငါ အမြဲတမ်း သိချင်နေတာ၊ စာရေးဆရာတစ်ယောက်က သူကိုယ်တိုင် ရေးထားတာကို ပြန်ဖတ်ရတာ ပျော်စရာကောင်းလို့လား"
"သိပ်ပျော်စရာကောင်းတာပေါ့"
"အသေးစိတ် အချက်အလက် အကုန်လုံးကို သိနေတာတောင်မှလား"
ကျနော်က ဘာရယ်မဟုတ် မေးလိုက်ခြင်း ဖြစ်သော်လည်း ဟန်ဆိုယောင်းက မျှော်လင့်မထားသော အဖြေကို ပေးလာသည်။
"တူညီတဲ့အရာကို ဖတ်နေရတာတောင်မှ ဇာတ်လမ်းက ကွဲပြားနေတယ်လို့ ငါတစ်ခါတလေ ခံစားရတယ်"
"ဘာဖြစ်တယ်"
"စာရေးဆရာတစ်ယောက်က ဝတ္ထုတစ်ပုဒ်လုံးကို အကြွင်းမဲ့ ပိုင်နိုင်နေတာမျိုး မရှိဘူး။ ငါ ပြန်ကြည့်တိုင်း ဟာကွက်တွေ အများကြီး တွေ့နေရတာပဲ။ အဆုံးသတ်မှာတော့ စာဖတ်ခြင်းဆိုတာက မမှန်ကန်တဲ့ ဟာကွက်တွေကို နေရာတကျ ပြန်ဖြစ်အောင် ထိန်းသိမ်းရတဲ့ လုပ်ငန်းစဉ်လေ"
"နင် ဘာတွေ ပြောနေတာလဲဆိုတာ ငါ တကယ်ကို နားမလည်တော့ဘူး"
"ပြောချင်တာကဟာ…. အချိန်အနည်းငယ် ကြာပြီးသွားရင် ငါ့ဝတ္ထုကို တခြားတစ်ယောက်ရဲ့ အရေးအသားအဖြစ် ငါ မြင်နိုင်လာတာကို ပြောတာ။ နောက်ဆုံးမှာတော့ လူတိုင်းက သူတို့ကိုယ်ပိုင် စာရေးဆရာတွေပဲလေ"
ထိုစကားများမှာ မျှော်လင့်မထားသော စကားများ ဖြစ်သဖြင့် ကျနော် အံ့အားသင့်သွားမိသည်။ ဟန်ဆိုယောင်းက ဤကဲ့သို့ ခက်ခဲသော အရာမျိုးကို ပြောနိုင်လေ၏။
သူမကို ကျနော် ပြောလိုက်သည်။
"စဉ်းစားကြည့်ရင် နင်က အဲဒီလိုပဲလေ။ နင်က တခြားတစ်ယောက်ရဲ့ ဝတ္ထုကို တကယ်ပဲ ရေးခဲ့တာပဲ"
ဟန်ဆိုယောင်းက တစ်ခုခုကို ပြန်အော်ပြောသော်လည်း ကျနော်က ခဏမျှ နားကို ပိတ်ထားလိုက်သည်။ ဟန်ဆိုယောင်းကို ဘယ်သူက အစကတည်းက ခိုးချခိုင်းလို့လဲ။ ဟန်ဆိုယောင်းက စမတ်ဖုန်းကို ပိတ်လိုက်ပြီး ကျနော့်ကို မေးသည်။
"ဒါနဲ့ နင် ဘာဆက်လုပ်မှာလဲ"
"ငါ ဘာလုပ်မှာလဲ ဟုတ်လား။ နောက်ထပ် ဇာတ်ဝင်ခန်း စတင်တာကို စောင့်မှာပေါ့"
"ဘယ်သူက အဲဒါကို ယုံမှာလဲ။ နင့်မှာ အစီအစဉ်တစ်ခု ရှိနေမယ်ဆိုတာ ငါ သေချာပေါက် သိတယ်"
ဟန်ဆိုယောင်းတွင် ပြောစရာတစ်ခုခု ရှိပုံရသဖြင့် ဟန်ဆိုယောင်းကို ပြောခွင့်ပေးလိုက်သည်။ အမှန်တော့ ကျနော် မပြောခိုင်းလည်း ဟန်ဆိုယောင်းက ဆက်တိုက် ပြောနေမည်သာ ဖြစ်သည်။
"ယူဂျွန်ဟော့ က အနောက်ဘက်ကို တာဝန်ယူထားပြီး လေလွင့်သူများ ရဲ့ ဘုရင်မက မြောက်ဘက်ကို ကိုင်တွယ်နေတယ်။ ဗဟိုချက် နေရာကကော ဘယ်လိုလဲ"
"ငါတို့ အားလုံး စုပေါင်းပြီး တားဆီးကြမယ်"
"လွယ်ကူတဲ့ နည်းလမ်းတစ်ခု ရှိနေတာပဲ မဟုတ်လား။ နင် မေ့သွားပြီလား"
ကျနော် ခဏမျှ စကားဆက်မပြောဘဲ ဟန်ဆိုယောင်းကို စိုက်ကြည့်လိုက်သည်။
"နင် အဲဒါကိုလည်း ခိုးချထားတာလား"
"…ငါက ဘယ်တုန်းက အဲဒီလို လုပ်ခဲ့လို့လဲ။ ငါ့ဝတ္ထုထဲမှာ ငါ့ဘာသာ စဉ်းစားမိတာပါ"
ဟန်ဆိုယောင်းက နှုတ်ခမ်းဆူရင်း စကားလုံးများ ထစ်အသွားသည်။
"ဘာပဲဖြစ်ဖြစ် ငါ ပြောတာ မှန်တယ် မဟုတ်လား။ ငါ သိသလောက်တော့ ဗဟိုချက်နေရာမှာ ကပ်ဘေးကို တားဆီးဖို့ လွယ်ကူတဲ့ နည်းလမ်းတစ်ခု ရှိနေတာပဲလေ"
အမှန်စင်စစ် သူမ ပြောသည်မှာ မှန်ပေသည်။ အကယ်၍ ကျနော်တို့သာ ထိုသို့ လုပ်ဆောင်မည်ဆိုလျှင် ပဉ္စမမြောက် ဇာတ်ဝင်ခန်းကို အောင်မြင်နိုင်မည် ဖြစ်ပြီး ကပ်ဘေးအားလုံးကို ခက်ခဲမှုမရှိဘဲ တားဆီးနိုင်ပေလိမ့်မည်။ ဟန်ဆိုယောင်းက စူးရှသော မျက်လုံးများဖြင့် ကျနော့်ကို ကြည့်နေသည်။
"နင် အဲဒါကို လုပ်မှာလား"
"အဲဒါကတော့… လမ်းမှာပဲ စဉ်းစားကြတာပေါ့"
ကျနော် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ အဝေးမှ လက်ဝှေ့ယမ်းပြနေသော ယူဆန်းအာ ကို တွေ့လိုက်ရသည်။ ဟန်ဆိုယောင်းက ညည်းညူသည်
"ယူဆန်းအာကို မြင်လိုက်တာနဲ့ ဘာလို့ ဒီလောက် ပျော်နေရတာလဲ"
"ဘာလို့လဲဆိုတော့ ယူဆန်းအာက ယုံကြည်ရတဲ့သူမို့လို့ပါ"
"ချီး။ မယုံကြည်ရတဲ့သူတွေကပဲ အသက်ဆက်ရှင်ကြမှာဟ"
ကျနော်တို့ ပြန်လည် ထွက်ခွာခဲ့ကြသည်။ ဇာတ်ဝင်ခန်း စတင်ရန် ငါးရက်သာ လိုတော့သည်။ ကျနော်တို့ ဟန်မြစ် တစ်လျှောက် အနောက်ဘက်သို့ သွားခဲ့ကြသည်။
ဤသို့ လုပ်ဆောင်ရခြင်း၏ နောက်ကွယ်တွင် ရည်ရွယ်ချက် နှစ်ခု ရှိသည်။ တစ်ခုမှာ ဟန်မြစ် ဝန်းကျင်တွင် ပျောက်ဆုံးနေသော ဂုံဖီဒူ ကို ရှာဖွေရန် ဖြစ်ပြီး ဒုတိယတစ်ခုမှာ အနီးနားရှိ မိစ္ဆာများထံမှ ဒင်္ဂါး များကို စုဆောင်းရန် ဖြစ်သည်။ အရာအားလုံးထက် ပို၍ အရေးကြီးသည်မှာ ယခုအချိန်သည် ဒင်္ဂါးပွဲတော် ကာလ ဖြစ်သဖြင့် ကျနော် တတ်နိုင်သမျှ များများ ရယူထားရပေမည်။
"ယူဆန်းအာ…. ဘယ်ဘက်ကို။ ဟန်ဆိုယောင်း… ရှေ့က ဦးဆောင်"
ကျနော်တို့သည် မြင်သမျှ သတ္တမအဆင့် မိစ္ဆာအားလုံးကို အမဲလိုက်ခဲ့ကြသည်။ ယူဆန်းအာ နှင့် ပူးပေါင်းပြီးနောက်တွင်တော့ ကျနော်တို့သည် သတ္တမအဆင့် မျိုးစိတ်များ သာမက ဆဌမအဆင့် မျိုးစိတ်များကိုပင် အမဲလိုက်နိုင်ခဲ့ကြသည်။ ယူဆန်းအာ ကို ကြည့်နေရင်း ကျနော် အတွေးတစ်ခု ဝင်လာလေသည်။
ထိုအတွေးမှာ ယူဆန်းအာ သည် အိုလံပတ်စ် မှ နက္ခတ်များအကြောင်းကို မသိရှိလောက်သေးဟူသော အတွေးပင်။ ကျနော်က သူတို့၏ ရည်ရွယ်ချက်ကို သိနိုင်ရန်အတွက် သူတို့ကို ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ သူတို့သည် သတ်မှတ်ထားသော ဖြစ်နိုင်စွမ်း များကို အသုံးပြုပြီးသွားပြီ ဖြစ်သဖြင့် လောလောဆယ်တွင် ယူဆန်းအာ ကို ဝင်ရောက်စွက်ဖက်နိုင်မည် မဟုတ်ချေ။ တိုက်ပွဲ ပြီးဆုံးသွားသည့်အခါ ကျနော်က ယူဆန်းအာ ထံသို့ ချဉ်းကပ်သွားလိုက်သည်။
"ယူဆန်းအာ။ နောက်ဆိုရင် အထူးစွမ်းရည် ကို တစ်ကြိမ်မှာ တစ်ခုပဲ သုံးသင့်တယ်"
"အာ… တောင်းပန်ပါတယ်၊ ကျမ ပြီးခဲ့တဲ့ အခေါက်က ပြဿနာ အကြီးအကျယ် ဖြစ်စေခဲ့လို့လား"
"မဟုတ်ပါဘူး၊ အဲဒါကြောင့် မဟုတ်ပါဘူး"
နက်ဗျူလာ တစ်ခု၏ အထောက်အပံ့ကို ရထားတဲ့သူတွေက ထူးခြားသည်။ ဟုတ်ပေသည်၊ နက်ဗျူလာ တစ်ခု၏ထောက်ပံ့မှုကို ရထားခြင်းက ထို နက်ဗျူလာ ထဲမှာရှိတဲ့ နက္ခတ်များ အားလုံးက ထောက်ပံ့နေလိမ့်မယ်လို့ မဆိုလိုပေ။ သို့သော်လည်း ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု ၏ နိယာမများက နက္ခတ်များ နှင့် ကိုယ်စားလှယ်များ အပေါ် သက်ရောက်ပေသည်။
နိယာမများကို ဆန့်ကျင်ခြင်းအတွက် ပေးဆပ်ရမည့် တန်ဖိုးက နောက်ဆုံးမှာ နက္ခတ်များ နှင့် ကိုယ်စားလှယ်များ ဆီကိုပဲ ပြန်လည်ရောက်ရှိလာလိမ့်မည်။ နက္ခတ်များ မှာတော့ လွတ်မြောက်နိုင်တဲ့ နည်းလမ်းရှိကောင်း ရှိနိုင်သော်လည်း ကိုယ်စားလှယ်များ အတွက်ကတော့ ပြဿနာ ရှိသည်။
"အထူးစွမ်းရည် အများအပြားကို အသုံးပြုတာက ယူဆန်းအာရဲ့ ခန္ဓာကိုယ်အပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေလိမ့်မယ်"
အဲဒီ အိုလံပတ်စ် ကောင်တွေက ယူဆန်းအာကို ဒါမျိုး ပြောပြမှာ မဟုတ်ပေမဲ့ သက်ရှိတစ်ခု လက်ခံနိုင်တဲ့ပမာဏ(ဇတ်ကြောင်း)မှာ ကန့်သတ်ချက် ရှိသည်။
အထူးစွမ်းရည် တိုင်းမှာ နက္ခတ်များ ၏ သမိုင်းကြောင်းတွေ ပါဝင်နေပြီး ထိုသမိုင်းကြောင်းတွေက ရောထွေးသွားသည့်အခါ လူသား၏စိတ်ဝိညာဉ်ကို ထိခိုက်ပျက်စီးစေလိမ့်မည်။
အကယ်၍ ယူဆန်းအာ က နက္ခတ်များ အမြောက်အမြားဆီက အထူးစွမ်းရည် တွေကို ငှားသုံးမယ်ဆိုလျှင် ယူဆန်းအာ၏ ကျန်ရှိနေသော ဇီဝစွမ်းအားတွေက တစ်ခဏအတွင်းမှာ လျော့နည်းသွားလိမ့်မည်။ ထို့နောက်တွင်တော့ ဖြစ်နိုင်တာက တစ်နှစ်အတွင်းမှာ…။
ယူဆန်းအာ က ဖျော့တော့စွာ ပြုံးလိုက်သည်။
"ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်"
ကျနော် တစ်ခုခုကို သတိပြုမိသွားပြီး မေးလိုက်မိသည်။
"ယူဆန်းအာ ကြိုသိနေတာလား"
ယူဆန်းအာ၏မျက်လုံးတွေက အောက်ဘက်ကို ငုံ့သွားပြီး တိုးညှင်းစွာ ပြောသည်။
"ဒေါ့ဂျာ။ ရှင်က ကျမကို တော်တဲ့ ရုံးဝန်ထမ်းတစ်ယောက်လို့ပဲ ထင်နေတုန်းလား"
ယူဆန်းအာ က ဆက်ပြောသည်။
"ကျမက ဒေါ့ဂျာနဲ့ မတူဘူး။ ပြောင်းလဲသွားတဲ့ ဒီကမ္ဘာကြီးထဲမှာ ကျမ ဘာမှ မလုပ်နိုင်ဘူး။ ဒါက TOEIC တွေ၊ ဘွဲ့တွေနဲ့ ဝန်ဆောင်မှု အမှတ်တွေက အသုံးမဝင်တော့တဲ့ ကမ္ဘာကြီးလေ"
ကျနော်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ယူဆန်းအာ ပိုအစွမ်းထက်လာရင် အရာအားလုံးက ပြေလည်သွားမယ်လို့ ထင်လို့လား"
"နည်းနည်းပဲ ထင်ပါတယ်"
ယူဆန်းအာ ပြောတာ မှန်ပေသည်။ အမှန်စင်စစ် ခွန်အားက ကမ္ဘာကြီး၏ပြဿနာ အချို့ကိုပဲ ဖြေရှင်းပေးနိုင်တာ ဖြစ်သည်။
"ကျမက ဒီကမ္ဘာကြီးမှာ အသုံးဝင်မယ့် အရည်အချင်းတွေကို တည်ဆောက်ဖို့ ဆုံးဖြတ်ထားတယ်။ အဲဒါက ကျမ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာပဲ"
ယူဆန်းအာ၏ လက်ဖမိုးပေါ်မှာ ဒဏ်ရာတွေ အများကြီး ရှိနေသည်။ ထိုဒဏ်ရာတွေက ကျနော့်အတွက်တော့ အပေါက်ကြီး တစ်ခုလို ခံစားရသည်။ ဟန်ဆိုယောင်း ပြောခဲ့သလိုပေါ့ 'နောက်ဆုံးမှာတော့ စာဖတ်ခြင်းဆိုတာက မမှန်ကန်တဲ့ ဟာကွက်တွေကို နေရာတကျ ပြန်ဖြစ်အောင် ထိန်းသိမ်းရတဲ့ လုပ်ငန်းစဉ်ပဲ'ဆိုသည်ပင်။
စာဖတ်သူတစ်ယောက် လုပ်ရမယ့်အရာ ရှိတယ်ဆိုလျှင် ကျနော် အဲဒါကို သေချာဖတ်ဖို့ လိုအပ်သည်။ ကျနော့် လက်မောင်းတွေဆီက တုန်ခါမှုကို ခံစားလိုက်ရသည်။ ကျနော် စမတ်ဖုန်းကို ဖွင့်ကြည့်လိုက်တဲ့အခါ အကြောင်းကြားစာ ဇယားတစ်ခုကို တွေ့လိုက်ရသည်။
[ဟန်ဒုံဂွန် : အကိုကြီး။ အဆင်ပြေရဲ့လား]
အရိပ်တွေ၏ရသေ့ဘုရင်ကြီး ဟန်ဒုံဂွန်။ ကျနော် မက်ဆေ့ချ်ကို ဖတ်လိုက်ရတဲ့အခါ မှင်တက်သွားမိသည်။
[ဟန်ဒုံဂွန် : ကျနော် အခုတလော အင်တာနက် မချိတ်နိုင်လို့
မက်ဆေ့ချ်တွေ နောက်ကျနေတာ။ ကျနော့်ရဲ့
စွမ်းရည်နဲ့ ရုန်းကန်နေရလို့…]
သူက မက်ဆေ့ချ်တွေကို ပို့နေတာ ကြာပြီဖြစ်ပြီး အဲဒါတွေက ပုံနေခဲ့တာ ဖြစ်သည်။ အင်တာနက် ပြန်ချိတ်လိုက်သည်နှင့် ပုံနေသော မက်ဆေ့ချ်တွေက တစ်ပြိုင်နက်တည်း ရောက်လာပုံရသည်။
ယူဆန်းအာ ၏စိတ်အခြေအနေ ပြောင်းလဲသွားအောင် မက်ဆေ့ချ်တွေကို ကျနော် ပြလိုက်သည်။ ယူဆန်းအာ၏ အပြုံးကို ကြည့်ရင်း ကျနော် တွေးလိုက်မိ၏။
ငါက လုံးဝ အသုံးမကျတဲ့ စာဖတ်သူတစ်ယောက်တော့ မဟုတ်ပါဘူး။
…………………………………………………………………………………………….
ကျနော် မက်ဆေ့ချ်ကနေတစ်ဆင့် ဟန်ဒုံဂွန် နှင့် ချိတ်ဆက်လိုက်ပြီး ထိုမှတစ်ဆင့် အခြားသူတွေ၏သတင်းကိုလည်း ကြားခဲ့ရသည်။
[ဟန်ဒုံဂွန် : ကျနော် ယောင်ဆန်-ဂူ ဘက်မှာ ရှိနေတာ။
ဂီယောင် လည်း ရှိတယ်]
[ကင်ဒေါ့ဂျာ : ဂီယောင် က အဲဒီမှာလား]
[ဟန်ဒုံဂွန် : ဟုတ်ကဲ့]
ကျနော့်ရဲ့ အဓိက အဖွဲ့ဝင်တွေ၏ တည်နေရာကို အကြမ်းဖျင်း သိလိုက်ရပေပြီ။ လီဟန်းဆောင် နှင့် ယောင်ဟီဝန် တို့၏ တည်နေရာကိုလည်း အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့် ကနေတစ်ဆင့် အတည်ပြုနိုင်ခဲ့၏။
ဂျန်မင်ဆော့ နှင့် လီဆောင်းဂု တို့ ဘာဖြစ်သွားလဲဆိုတာကို ကျနော် နည်းနည်း သိချင်မိသော်လည်း သူတို့ကို ဂရုစိုက်ဖို့က ခက်ခဲလှ၏။ သူတို့မှာ ဗဟုသုတ အချို့ ရှိထားတာကြောင့် သူတို့ဘာသာ အဆင်ပြေအောင် လုပ်နိုင်မှာပါ။ လီဂျီဟယ် ကတော့…
အင်းပါလေ၊ ယူဂျွန်ဟော့ က ဂရုစိုက်ပေးမှာပါ။
[ကင်ဒေါ့ဂျာ : လောလောဆယ် ယောင်ဆန် ကနေ
ထွက်မသွားနဲ့ဦး။ ငါ မကြာခင် အဲဒီကို
အရောက်လာခဲ့မယ်။ ဖြစ်နိုင်ရင် တခြားလူတွေကို
ဆက်သွယ်ဖို့ ကြိုးစားကြည့်ဦး]
အကြောင်းပြန်စာ ပြန်မလာတော့ပေ။ အင်တာနက် ပြန်ပြတ်သွားတာ ဖြစ်ပေလိမ့်မည်။ အဖွဲ့သားတွေကို ပတ်ကြည့်လိုက်ပြီး ကျနော်ပြောလိုက်သည်။
"ငါတို့ မြစ်ကို ဖြတ်ကျော်ရမယ် ထင်တယ်"
လောလောဆယ် ကျနော်တို့က ဟန်မြစ် ၏တောင်ဘက်မှာ ရှိနေခြင်း ဖြစ်သည်။ ဟန်မြစ် ၏မြောက်ဘက်မှာရှိနေတာက ယောင်ဆန်-ဂူပင်။
"ကျမတို့ အဲဒါကို ဖြတ်ရမှာလား"
ဟန်ဆိုယောင်းက ကျနော့်ကို ကြောင်အအ အမူအရာနှင့် မေးသည်။
ဒါက မထူးဆန်းပေ။ ကျနော် ဟန်ဆိုယောင်းနှင့်အတူ ဟန်မြစ် ကို ကြည့်လိုက်သည်။ ဝဲကယက် ထနေတဲ့ ရေပြင်ထဲမှာ လှုပ်ခတ်နေတဲ့ အရိပ်တွေကို မြင်နေရ၏။ ဒေါင်းဟို တံတား အနီးမှာ သွားလာနေတဲ့ အီသီယိုဆော တွေက ဟန်မြစ် ထဲမှာ တစ်ဖန် ပြန်ပြည့်နှက်နေပြီပင်။ ကျနော်တို့ မြစ်တစ်လျှောက် သွားခဲ့သော်လည်း သူတို့တွေရှိနေခြင်းကြောင့် ဖြတ်ကူးဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူးချေ။
"နင် ချွန်ဟို တံတားကို မြင်လား။ အဲဒါ ကျိုးနေပြီလေ"
အီသီယိုဆော က သတ္တမအဆင့် မိစ္ဆာ မျိုးစိတ် ဖြစ်သည်။ အမဲလိုက်ဖို့က ပြဿနာ မဟုတ်သော်လည်း အရေအတွက်က အရမ်းများလွန်းလှသည်။ တစ်ကောင် နှစ်ကောင်တည်း မဟုတ်တာကြောင့် အားလုံးကို ရှင်းပစ်ဖို့ ရက်အနည်းငယ် ကြာလိမ့်မည်။ ဒီလို အခြေအနေမျိုးမှာ ကျနော်တို့က ဟန်မြစ် ကို ဖြတ်ကူးကြမည်တဲ့လား။ အဲဒါက မတွေးဝံ့စရာပင်။
"ငါတို့ မြစ်တစ်လျှောက် ဆက်သွားကြမယ်။ မကျိုးသေး၊ မပျက်ဆီးသေးတဲ့ နေရာတစ်ခုခု ရှိနိုင်ပါတယ်လေ"
ကျနော်တို့ မြစ်တစ်လျှောက် နာရီအတော်ကြာအောင် လျှောက်ခဲ့ကြသော်လည်း အကောင်းအတိုင်းရှိနေသော တံတားတစ်စင်းမှ ရှာမတွေ့ခဲ့ချေ။ ထို့အစား လေလွင့်သူများ အုပ်စုတစ်စုကိုသာ တွေ့ခဲ့ရသည်။
ဟန်ဆိုယောင်းက လက်နက်ကို မြှောက်ဖို့ ပြင်လိုက်သော်လည်း ယူဆန်းအာ က အရင်လှုပ်ရှားလိုက်သည်။ ယူဆန်းအာက ကျောပိုးအိတ်ထဲကနေ အသားတွေကို ထုတ်ယူလိုက်တာကြောင့် ဟန်ဆိုယောင်းက စိတ်တိုသွားသည်။
"နင် ဘာလုပ်နေတာလဲ"
"လူတွေ ဗိုက်ဆာနေကြတယ်လေ"
"အဲဒါ ဘာဖြစ်လဲ။ နင်က အဲဒါတွေကို ဝေမျှပေးမလို့လား။ နင် ရူးနေတာလား။ ကမ္ဘာပျက်ကပ်ထဲမှာ လူတွေက အန္တရာယ်အရှိဆုံး တည်ရှိမှုတွေဆိုတာ နင် မသိဘူးလား"
"ကျမ ဆန္ဒရှိရင် သူတို့အားလုံးကို သတ်ပစ်နိုင်ပါတယ်"
ယူဆန်းအာ၏ မျက်နှာပေါ်မှာ ခဏတာ ဖြတ်ပြေးသွားတဲ့ သတ်ဖြတ်လိုစိတ်ကို မြင်လိုက်ရတာကြောင့် ဟန်ဆိုယောင်းက ပါးစပ်ပိတ်သွားသည်။
"ပြီးတော့ ကျမ ဆန္ဒရှိရင် သူတို့အားလုံးကိုလည်း ကယ်တင်နိုင်တယ်"
ယူဆန်းအာ က မိစ္ဆာတွေဆီက ရခဲ့သော အသားတွေကို ယူပြီး လူတွေကို ဝေပေးလိုက်သည်။ အချို့လူတွေက အားနာသွားကြပြီး ယူဆန်းအာကို ဦးညွှတ်ကြသည်။
"အာ…ဒါက…"
"ဒါတွေက ပိုနေတာတွေပဲ။ ကိစ္စမရှိပါဘူး"
ကျနော်က ဟန်ဆိုယောင်းကို တစ်ယောက်တည်း ထားခဲ့ပြီး ကျနော့်အိတ်ထဲကနေ ယာနာစပလက်တာ အကိုင်းအခက် တစ်ခုကို ထုတ်လိုက်သည်။ ဒီကမ္ဘာကြီးတွင် လူတိုင်း 'မုဆိုး' ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်ပေ။ ယခုအချိန်လောက်ဆိုရင် တစ်ကမ္ဘာလုံးမှာရှိသော မိစ္ဆာမျိုးစိတ်တွေအကြောင်းကို အကြီးအကျယ် သုတေသနပြုနေကြလောက်ပေပြီ။ ကျနော့်ဆီက အပင်ကို လက်ခံရရှိတဲ့ အမျိုးသားက အသေအချာ ဦးညွှတ်သည်။
"အာ… ကျေးဇူးတင်ပါတယ်…"
"ဘာမှမဟုတ်ပါဘူး။ အခက်အခဲဆိုတာ ဝေမျှခံစားရမှာပေါ့"
ဟုတ်ပေသည်၊ ကျနော်က အခြေခံအားဖြင့် ယူဆန်းအာ နှင့် ကွဲပြားသော လူတစ်ယောက် ဖြစ်သည်။ ကျနော့်ကောင်းမှုကုသိုလ် အားလုံးက စီစဉ်ထားတဲ့ လှုပ်ရှားမှုတွေသာ ဖြစ်သည်။
[လူအနည်းငယ်က သင့်အပေါ် အလွန်အမင်း နှစ်သက်သဘောကျသွားပါသည်။]
[ဇာတ်ကောင် 'ရှင်ယူအင်း' အပေါ် သင်၏ နားလည်နိုင်စွမ်း တိုးမြင့်လာပါသည်။]
[ဇာတ်ကောင် 'မာဂန်ချော' အပေါ် သင်၏ နားလည်နိုင်စွမ်း တိုးမြင့်လာပါသည်။]
[ဇာတ်ကောင်အသစ်များကို သင်၏စာမှတ်များထဲသို့ ထည့်သွင်းပြီးဖြစ်ပါသည်။]
ဟန်ဆိုယောင်းက ရွဲ့သလို ပြောလိုက်သည်။
"ရှင်ကတော့ အတုအယောင်ပဲ"
"…တစ်ခါတလေတော့ ငါလည်း ကောင်းတာတွေ လုပ်ပါတယ်"
[မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ နက္ခတ်က သင်၏ ကောင်းမှုကုသိုလ်အပေါ် အထူးပင် စိတ်လှုပ်ရှားသွားပါသည်။]
[ဒင်္ဂါး ၄၀၀ ကို ထောက်ပံ့လိုက်ပါသည်။]
ဟန်ဆိုယောင်းက ယူဆန်းအာ ကို ကြည့်ရင်း မြည်တွန်တောက်တီးနေသည်။
"ချီး။ သူက ဝတ္ထုထဲက အမျိုးသမီးတစ်ယောက်အတိုင်းပဲ"
ကျနော် ဟန်ဆိုယောင်း၏စကားကို သဘောတူသည်။ ယူဆန်းအာ က ကမ္ဘာကြီး မပျက်စီးခင်ကတည်းက ဝတ္ထုထဲက ဇာတ်လိုက်မင်းသမီးတစ်ယောက်လို ဖြစ်နေခဲ့ခြင်းသာ။ ယခု လက်တွေ့က ဝတ္ထုတစ်ခု ဖြစ်လာသည့်အခါမှာတော့…။
လူအုပ်ထဲကနေ ကလေးတစ်ယောက် ကျနော့်ဆီ ချဉ်းကပ်လာသည်။ ထိုကလေးသည် ဂီယောင် နဲ့ အသက်အရွယ် တူလောက်ပဲရှိမည့် မိန်းကလေးငယ်လေး ဖြစ်သည်။
"ဘာကိစ္စလဲ"
ဦးညွှတ်နှုတ်ဆက်လိုက်သော မိန်းကလေးက အနောက်တိုင်းသား ပုံစံမျိုး ရှိသည်။ ထိုမိန်းကလေး၏ မျက်လုံးတွေက တောက်ပနေပြီး မျက်နှာလေးကလည်း တမျိုးဆန်းသော ချစ်စရာကောင်းမှုတွေနဲ့ ပြည့်နှက်နေသည်။ ထိုကလေးက ကျနော့်ကို ၉၀ ဒီဂရီအထိ ဦးညွှတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ်"
ကလေးမလေးက အရမ်း ယဉ်ကျေးတဲ့ ကလေးလေးပဲ။
ကျနော် ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း ထိုကလေးမ၏ မိဘတွေလို့ ထင်ရသည့်သူ တစ်ယောက်မှ မတွေ့ရချေ။ ကလေးက ကျနော့်အကြည့်ကို သတိထားမိသွားပြီး ပြောသည်။
"သူတို့ ဒီမှာ မရှိတော့ဘူး"
"နှစ်ယောက်လုံးလား"
ကလေးမက ခေါင်းညိတ်ပြသည်။
ကျနော် နည်းနည်း ဇဝေဇဝါ ဖြစ်သွားသည်။ အုပ်ထိန်းသူမရှိသော ကလေးတစ်ယောက်က ပဉ္စမမြောက် ဇာတ်ဝင်ခန်း အထိ တစ်ယောက်တည်း ရှင်သန်နိုင်ခဲ့သည်တဲ့လား။ Ways of Survival ထဲမှာ ဒါက မဖြစ်နိုင်သလောက်ပင်။
…နေဦး
ဇာတ်ကောင်စာရင်းကို သုံးဖို့ ကျနော်ပြင်လိုက်သည့် ခဏတွင် ကလေးမက ထပ်ပြောသည်။
"ဒါဆို ကျမ သွားတော့မယ်"
ကလေးမက ကျေးဇူးလာတင်ရုံသက်သက်ပဲလော။ ကျနော် ကလေးကို ဖမ်းဆွဲဖို့ ကြိုးစားရင်း ဟန်ဆိုယောင်းကို အလိုအလျောက် လှည့်ကြည့်လိုက်မိသည်။ ဟန်ဆိုယောင်းက တခြားနေရာကို ကြည့်နေတာကိုသာ မြင်လိုက်ရသည်။
"…ဂရုစိုက်နော်"
မကြာခင် မှောင်တော့မည်။ ကျနော် ခဏလောက် တွေးပူနေမိပြီးမှ အဖွဲ့သားတွေကို စုရုံးလိုက်သည်။
"ငါတို့ ဒီနေ့ ဒီမှာပဲ နားကြမယ်"
ကျနော်တို့ အိပ်ဖို့နေရာ ရှာကြ၏။ မီးမွှေးထားသော်လည်း ဟန်မြစ် က အေးစိမ့်နေဆဲမလို့ တစ်ဝက်တစ်ပျက် ပျက်စီးနေသော အဆောက်အဦးတစ်ခုကို သုံးဖို့ ဆုံးဖြတ်လိုက်ကြသည်။ ဟန်ဆိုယောင်းက စိတ်ပိုင်းဖြတ်ထားသော ပုံစံမျိုးနှင့် ယူဆန်းအာ ကို သတိပေးသည်။
"ကြည့်နေလိုက်။ စောစောက လူတွေ ပြန်လာလိမ့်မယ်။ သူတို့က ငါတို့ရဲ့ လက်နက်တွေကို လိုချင်တပ်မက်နေတာ နင် မမြင်ဘူးလား။ သူတို့က ထမင်းကျွေးတဲ့ လက်ကို ပြန်ကိုက်မယ့်သူတွေပဲ"
ဟန်ဆိုယောင်းက လူသားအားလုံးက ယုတ်မာပြီး ကျေးဇူးကို ရန်တုံ့ပြန်မယ့် အမှိုက်တွေသာ ဖြစ်သည်ဟု ကြေညာလိုက်သည်။ ကျနော် ယူဆန်းအာ ကို ဂရုတစိုက် ကြည့်လိုက်သောအခါ ယူဆန်းအာက ပြောသည်။
"ကမ္ဘာပျက်ကပ်ထဲက လူတိုင်းက မဆိုးပါဘူး"
"မဟုတ်ဘူး၊ အားလုံးက ဆိုးတယ်။ အကုန်လုံးနီးပါးက ဆိုးကြတာ"
တစ်နာရီ ကြာသွားသည်။
"သူတို့ မကြာခင် လာလိမ့်မယ်။ အဲဒီကျရင် နင် ငိုရလိမ့်မယ်"
နှစ်နာရီ ကြာသွားသည်။
"အင်း၊ သူတို့က စိတ်ရှည်တဲ့ လူတွေပဲ"
သုံးနာရီ ကြာသွားသည်။
"…ဒါက ဖြစ်နိုင်လို့လား"
နောက်ဆုံး လေးနာရီအကြာမှာတော့ အပြင်ဘက်ကနေ အသံတွေ စကြားလာရသည်။ ယူဆန်းအာ၏ မျက်နှာ အမူအရာက မှောင်ကျသွားပြီး ဟန်ဆိုယောင်းကတော့ ကျေနပ်အားရစွာ ပြုံးလိုက်လေသည်။
"တွေ့လား။ ငါပြောခဲ့သားပဲ"
ဟန်ဆိုယောင်းက လက်နက်ကို ထုတ်ယူလိုက်ရုံရှိသေးချိန်တွင် အဆောက်အဦးအတွင်းသို့ တစ်စုံတစ်ယောက် ဝင်ရောက်လာသည်။
"ဟို... မင်္ဂလာပါ"
မတ်တပ်ထရန် ပြင်နေသော ဟန်ဆိုယောင်းသည် ရပ်တန့်သွားသည်။ ရောက်လာသူမှာ မိန်းကလေးငယ်လေး တစ်ဦး ဖြစ်သည်။ နေ့ခင်းဘက်က ကျနော့်ကို ယဉ်ကျေးပျူငှာစွာ ကျေးဇူးတင်ခဲ့သည့် ကလေးမပင် ဖြစ်သည်။ မျက်လုံးအိမ် ရဲရဲလေးနှင့် ထိုကလေးငယ်သည် တစ်စုံတစ်ခုကို ကမ်းပေးလာသည်။
"ဒါ... ဒါလေးက"
၎င်းမှာ စောင်တစ်ထည် ဖြစ်သည်။ ကျနော်တို့ အေးနေမည်ကို စိုးရိမ်သဖြင့် အနီးအနားမှ ရှာဖွေယူဆောင်လာပေးခြင်း ဖြစ်ရပေမည်။ ဟန်ဆိုယောင်းက အံ့အားသင့်သွားသည့် အမူအရာ ဖြစ်သွားပြီး ယူဆန်းအာ ကတော့ မှင်တက်ကာ ကြည့်နေလေသည်။ ကမ္ဘာပျက်ကပ်ထဲတွင် စေတနာကို အမြဲတမ်း ရန်တုံ့ပြန်တတ်သည်တော့ မဟုတ်ပေ။
[မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ နက္ခတ်က ချစ်စဖွယ် အပြုံးမျိုး ပြုံးပြနေပါသည်။]
[ဒင်္ဂါး ၂,၀၀၀ ကို ထောက်ပံ့လိုက်ပါသည်။]
ယူဆန်းအာက အဖွဲ့၏ ကိုယ်စား ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်။ ကောင်းကောင်း သုံးပါ့မယ်"
"ဟုတ်ကဲ့..."
"ဒါနဲ့ နင်က တစ်ယောက်တည်းလား။ ညဘက် လျှောက်သွားနေတာက အန္တရာယ်များတယ်နော်"
"ဘယ်နေရာမဆို အတူတူပါပဲ"
ထိုစကားကြောင့် ယူဆန်းအာ၏ မျက်နှာ အမူအရာ မှောင်ကျသွားသည်။
"ငါတို့နဲ့အတူ နေမလား"
"ရှင်"
"ငါတို့နဲ့အတူဆိုရင် အဆင်ပြေမှာပါ"
ယူဆန်းအာက ခွင့်ပြုချက်တောင်းသည့်ပုံစံဖြင့် ကျနော့်ကို လှမ်းကြည့်သည်။ သို့သော် ကလေးမ၏ အဖြေက ပိုမြန်နေခဲ့သည်။
"ကျမက ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်ပါဘူး"
ကလေးမ ထွက်ပြေးရန် ကြိုးစားနေစဉ်မှာပင် တစ်နေရာမှ အလံတစ်ခု လွင့်ပျံလာပြီး ကလေး၏ ခြေထောက်ရှေ့တွင် ကျရောက်သွားသည်။ ထိတ်လန့်သွားသော ကလေးမသည် လဲကျသွားပြီး ဟန်ဆိုယောင်း၏ ခနဲ့တဲ့တဲ့ အသံက နောက်မှ လိုက်ပါလာသည်။
"ခဏနေဦး။ နင် ထွက်သွားလို့ မရဘူး"
"နင် အခု ဘာလုပ်နေတာလဲ"
ယူဆန်းအာက ဟန်ဆိုယောင်းကို ကြည့်ကာ အေးစက်သော အသံဖြင့် ပြောလိုက်သည်။ သို့သော် ဟန်ဆိုယောင်းက ကျနော့်ကိုသာ ကြည့်နေခဲ့သည်။
"ကင်ဒေါ့ဂျာ။ ရှင် ဘာလုပ်ရမလဲဆိုတာ မသိဘူးလား။ အဲဒါကြောင့်ပဲ ရှင် ဒီမှာ အိပ်ချင်ခဲ့တာ မဟုတ်လား"
ကျနော် မျက်လုံးများကို ဖြည်းညှင်းစွာ ပိတ်လိုက်မိသည်။
ချီးပဲ... စောက်ကောင်မက ရိပ်မိသွားပြီ။
ဒါက ကျနော့် တွက်ချက်မှု မှားယွင်းမှုပင်။ ဤမိန်းမက ဝိသေသလက္ခဏာထောက်လှမ်းခြင်း ကို သုံးနိုင်မယ်မှန်း ကျနော် မသိခဲ့ခြင်းဖြစ်သည်။ ဟန်ဆိုယောင်းက မေးသည်။
"အာ... ရှင်က ကြောင်သူတော် လုပ်ဦးမလို့လား။ ဒါလေးက ကလေးဖြစ်နေလို့လား"
"..."
"ဒါလေးကို ကလေးလို့ သတ်မှတ်တာလား။ ဒါဆိုရင်တော့ လူဆိုးမကပဲ ဖြေရှင်းရတော့မှာပေါ့"
ဟန်ဆိုယောင်းက ချဉ်းကပ်လာချိန်တွင် ယူဆန်းအာက လမ်းမှ ပိတ်ရပ်လိုက်သည်။
"ရပ်လိုက်"
"ဖယ်စမ်း။ နင့်ကိုပါ သတ်ပစ်ရမလား"
"နင်က ဘာလို့ သာမန် ကလေးတစ်ယောက်ကို ရုတ်တရက် သတ်ချင်နေရတာလဲ"
"သာမန် ကလေးဟုတ်လား"
ဟန်ဆိုယောင်းက ရယ်မောလိုက်ပြီး ကလေးရှိရာဘက်သို့ လက်ညှိုးထိုးပြသည်။
"ငါ ရပ်လိုက်လို့ ပြောနေတယ်"
တစ်ချိန်တည်းမှာပင် ယူဆန်းအာ၏ ဓားမြှောင်က ဟန်ဆိုယောင်း၏ လည်ပင်းသို့ ချိန်ရွယ်လိုက်သည်။ ထိုအခါ ဟန်ဆိုယောင်းက ဒါဇင်နှင့်ချီသော ကိုယ်ပွား များကို ဆင့်ခေါ်လိုက်၏။ ဟန်ဆိုယောင်းက မြည်တွန်တောက်တီးလေသည်။
"ကင်ဒေါ့ဂျာ၊ မြန်မြန် ရှင်းပြလိုက်စမ်း။ ငါ နောက်လှည့်ပြီး အကုန်လုံးကို မသတ်မိခင်မှာ ရှင်းပြတော့"
အခြေအနေက ဤသို့ ဖြစ်သွားခဲ့ပြီ။ ကျနော် သက်ပြင်းချလိုက်ပြီး ပါးစပ်ကို ဖွင့်ကာ ပြောလိုက်သည်။
"ဒီကလေးမက..."
ကလေးမက အပြစ်ကင်းစင်သော မျက်လုံးများဖြင့် ကျနော့်ကို မော့ကြည့်နေပြီး အရေးကြီးသော ခံစားချက်ကို ကျနော်ခံစားလိုက်ရသည်။
"...နောက်ထပ် ငါးရက်ကြာရင် ဒီကလေးမက ဆိုးလ်ကို ဖျက်ဆီးလိမ့်မယ်"
ယူဆန်းအာ၏ မျက်လုံးများ တုန်လှုပ်သွားသည်။ အကယ်၍ ဟန်ဆိုယောင်းသာ ရှာမတွေ့ခဲ့ပါက ကျနော် ဒီအတိုင်း လွှတ်ပေးခဲ့မိကောင်း ပေးခဲ့မိလိမ့်မည်။ သို့သော် ယခုတော့ ဘာမှလုပ်၍ မရတော့ပေ။ ဒီသောက်ကျိုးနည်း ဇာတ်ဝင်ခန်းက ကျနော်တို့ အလိုရှိတဲ့ ပျော်ရွှင်စရာ ဇာတ်သိမ်းတွေကို ဘယ်တော့မှ မပေးခဲ့ချေ။
[မဟူရာမီးလျှံ အသူတစ်ရာနဂါး နက္ခတ်က ပြုံးနေပါသည်။]
[နက္ခတ်များစွာသည် ဤဇာတ်ဝင်ခန်း၏ တိုးတက်ပြောင်းလဲမှုအပေါ် စိတ်ဝင်စားနေကြပါသည်။]
နက္ခတ်များ၏ မက်ဆေ့ချ်များက မုန်းတီးစရာ ကောင်းသည်ဟု မခံစားခဲ့ရသည်မှာ ကြာပြီဖြစ်၏။
"ဒီကလေးမက ပဉ္စမမြောက် ဇာတ်ဝင်ခန်း ရဲ့ နောက်ဆုံး ကပ်ဘေးပဲ"