အခန်း (၁၀၇-၁၀၈)
Vol. 6 Ch. 107-108
အပိုင်း (၁၀၇) လျှိုဖိန်ဖိန်၏ စိတ်ကမ္ဘာ
တိုက်ခိုက်ရေးအပိုင်းကို ပြောရမည်ဆိုလျှင် သစ်ပင်များကို ထိန်းချုပ်သည့် ဤစွမ်းရည်က သိပ်တော့ အရာမဝင်လှဟု ထင်ရပေသည်။
သစ်ပင်ထိန်းချုပ်သည့် အစွမ်းက အားနည်းသည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ လက်ရှိ ပတ်ဝန်းကျင်အခြေအနေကြီးက ထိုအစွမ်းနှင့် တိုက်ပွဲဝင်ရန် မသင့်တော်ခြင်း ဖြစ်သည်။
အပြင်ဘက် နေရာတကာတွင် ရေလွှမ်းမိုးနေရာ ထိန်းချုပ်ရန် သစ်ပင်ကို ဘယ်နေရာသွား၍ ရှာမည်နည်း။
"တောင်ပေါ်ဒေသဘက်သာ ရောက်သွားမယ်ဆိုရင်တော့ ဆုန့်ဝမ်ရဲ့ ဒီအစွမ်းက တော်တော်လေး အသုံးဝင်မှာ"
လင်းယွမ်က စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်မိသည်။ ဤအစွမ်းနှင့် သင့်တော်သည့် တိုက်ပွဲမြေပြင်မှာ တောအုပ်များ သို့မဟုတ် တောင်ပေါ်သစ်တောများကဲ့သို့သော နေရာမျိုး ဖြစ်သင့်၏။
ထိုနေရာမျိုးတွင် သစ်ပင်ပန်းမန်များ ပေါများသဖြင့် ထိန်းချုပ်ရသည်မှာ ပို၍ အဆင်ပြေပေလိမ့်မည်။
"မင်းရဲ့ ကုသနိုင်တဲ့ အစွမ်းက တခြားလူတွေအပေါ်ရော အာနိသင်သက်ရောက်မှု ရှိလား"
လင်းယွမ်က ရုတ်တရက် မေးလိုက်သည်။ ဤအချက်က အလွန်အရေးကြီး၏။
အကယ်၍ ဆုန့်ဝမ်၏ ကုသနိုင်စွမ်းက အခြားသူများအပေါ်တွင်လည်း သက်ရောက်မှုရှိလျှင် သူမသည် ထိန်းချုပ်ရေးနှင့် ကုသရေး နှစ်မျိုးစလုံး ပိုင်ဆိုင်ထားသူ ဖြစ်မလာပေဘူးလော။
လက်ရှိ ပတ်ဝန်းကျင် အခြေအနေအရ သူမအနေဖြင့် သစ်ပင်များကို မထိန်းချုပ်နိုင်သည့်တိုင် လူများကို ကုသပေးနိုင်မည်ဆိုပါက အလွန်ရှားပါးသည့် အစွမ်းတစ်ခု ဖြစ်ပေသည်။
ဆုန့်ဝမ်က ခေါင်းကို ကုတ်လိုက်ရင်း ဖြေသည်။
"စမ်းကြည့်ပြီးပြီ... ကိုယ့်ကိုယ်ကိုယ် ကုသရင်တော့ အရမ်းထိရောက်တယ်... ဒါပေမဲ့ တခြားသူကို ကုပေးရင်တော့ သိပ်မထူးခြားဘူး"
"ဖိန်ဖိန်ရဲ့ ခေါင်းက ဖူးရောင်နေတဲ့ ဒဏ်ရာကို ကျွန်မ အကြိမ်ကြိမ် စမ်းသပ်ကုသပေးမှ အယောင် ကျသွားတာ... အထဲမှာ ထိခိုက်ဒဏ်ရာ ရသွားလား ဆိုတာတော့ မသိဘူး... ကျွန်မက အတွင်းဒဏ်ရာတွေကို ကုသပေးနိုင်ပုံ မရဘူး"
လင်းယွမ်က ချက်ချင်း ပြုံးလိုက်ရင်း ဆိုသည်။
"ဒီလောက်ဆိုရင်ပဲ တော်တော်လေး အစွမ်းထက်နေပါပြီ"
"ဖိန်ဖိန်က အခု စိတ်ကယောက်ကယက် ဖြစ်နေပြီး နှိုးထမှုရဲ့ ရိုက်ခတ်ဒဏ်ကို ခံစားနေရတာ... သူ့ကို ကူညီချင်ရင် သူ့ရဲ့ စိတ်ကမ္ဘာထဲကို ဝင်ဖို့ လိုတယ်"
"ရှင်... ဘာပြောလိုက်တာလဲ"
စိတ်ကမ္ဘာ... ဒါက သိပ်ပြီး နက်နဲလွန်းလှသည်။
ဤဝေါဟာရများက ဒြပ်မဲ့ဆန်လွန်းလှသဖြင့် ဆုန့်ဝမ်တစ်ယောက် နားမလည်နိုင် ဖြစ်နေရှာသည်။
လင်းယွမ်က ရှင်းပြမနေတော့ပေ။ အမှန်တကယ်တွင်လည်း စိတ်စွမ်းအင်ဆိုင်ရာ အစွမ်းများ နှိုးထလာခြင်း မရှိသူများအဖို့ စိတ်စွမ်းအင်ဆိုသည်မှာ မည်သို့သော တည်ရှိမှုမျိုးလဲဆိုတာ နားလည်ရန် ခက်ခဲလှ၏။
လင်းယွမ်ကိုယ်တိုင်လည်း သူ၏ စိတ်စွမ်းအင်များ ခန္ဓာကိုယ်အပြင်ဘက်သို့ ထွက်ပေါ်မလာခင်က စိတ်စွမ်းအင်ဆိုသည့် ဒြပ်မဲ့အရာကို ခံစားမိခဲ့ခြင်း မရှိပေ။
သို့သော် သူ၏ စိတ်စွမ်းအင် ၇.၇ မှတ်သို့ ရောက်ရှိပြီး လက်တွေ့ကမ္ဘာမှ ရုပ်ဝတ္ထုပစ္စည်းများကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အဆင့်သို့ ရောက်လာသောအခါမှသာ စိတ်စွမ်းအင်၏ တည်ရှိမှုကို ကိုယ်တွေ့ ခံစားလာရခြင်း ဖြစ်သည်။
"ငါ သူ့ရဲ့ စိတ်ကမ္ဘာနဲ့ ချိတ်ဆက်ပြီး စိတ်ကယောက်ကယက် ဖြစ်နေတာကို ကူညီတားဆီးပေးမယ်... ပြီးရင် သူ့ကို နှိုးဖို့ ကြိုးစားကြည့်မယ်"
"မင်းက ဘေးကနေ ကြည့်ပေးထား... သူသာ မနှိုးထနိုင်ဘဲ ရုန်းကန်လာမယ်ဆိုရင် ချက်ချင်း သူ့ကို ချုပ်နှောင်ထားဖို့ နည်းလမ်းရှာပါ"
"မချုပ်နှောင်နိုင်တော့ဘူး ဆိုရင်တော့ ချက်ချင်း ထွက်ပြေးပေတော့"
ဆုန့်ဝမ်က စိုးရိမ်တကြီး ဖြစ်သွားသည်။ ဤတာဝန်က လေးလံလွန်းသည်ဟု ထင်ရ၏။ သူမက မနေနိုင်ဘဲ မေးလိုက်သည်။
"ဒါဆို... ဒါဆို အစ်ကိုကရော"
လင်းယွမ်က ပြုံးလိုက်သည်။
"ဒါက အဆိုးရွားဆုံး အခြေအနေတစ်ခုကို ဥပမာပေးတာပါ... ပုံမှန်ဆိုရင်တော့ ပြဿနာ မရှိနိုင်ပါဘူး"
သူ့တွင် ထိုမျှ ယုံကြည်မှု ရှိပေသည်။
အဘယ်ကြောင့်ဆိုသော် သူ၏ အရည်အသွေးမှတ် အသီးသီးက သာမန်လူများထက် ငါးဆနီးပါး တိုးတက်နေပြီ ဖြစ်သောကြောင့်ပင်။
လျှိုဖိန်ဖိန် မည်မျှပင် အစွမ်းထက်သည် ဆိုဦးတော့ ဝမ်ကျဲ နှင့် ရွှီလိဟွာ တို့လောက် အန္တရာယ်များသည့် အဆင့်သို့ ချက်ချင်း ရောက်လာနိုင်မည် မဟုတ်ပေ။
သို့သော် မတော်တဆ အခြေအနေများကို ကာကွယ်ရန်အတွက် သူက ကြိုးတစ်ခွေကို ရှာယူပြီး လျှိုဖိန်ဖိန်အား တုပ်နှောင်လိုက်သည်။
ထိုသို့ ပြုလုပ်ပြီးမှ လင်းယွမ်က ဘေးတစ်ဖက်တွင် ဝင်ထိုင်လိုက်ပြီး ပြောသည်။
"ငါ စတော့မယ်... ငါ့ကို လာမနှောင့်ယှက်နဲ့နော်"
"အမ်... ဟုတ်... ဟုတ်ကဲ့ပါ"
ဆုန့်ဝမ်က ခေါင်းကို ဆက်တိုက်ငြိမ့်ပြရင်း အလွန်အမင်း စိတ်လှုပ်ရှားနေပုံ ရသည်။
လင်းယွမ်က ဆုန့်ဝမ်၏ စိတ်ခံစားမှုကို ဂရုမစိုက်တော့ဘဲ မျက်လုံးများကို မှိတ်ကာ စိတ်စွမ်းအင်များကို ဖြည်းညှင်းစွာ ထုတ်လွှတ်လိုက်သည်။
စိတ်စွမ်းအင်များ ခန္ဓာကိုယ်အပြင်ဘက်သို့ စူးစမ်းထွက်ခွာသွားသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်မှ မူမမှန်သည့် အခြေအနေတစ်ခုကို လင်းယွမ် ခံစားလိုက်ရသည်။
အနီးအနားတဝိုက်တွင် အခြား စိတ်စွမ်းအင် တစ်ခု လည်ပတ်နေသည်ကို သူ အာရုံခံမိလိုက်၏။
"ဒါက"
သူက ထိုစိတ်စွမ်းအင်ကို ချက်ချင်း ဖမ်းယူလိုက်ပြီး ယင်း၏ မူလဇစ်မြစ်ရှိရာသို့ လျင်မြန်စွာ ခြေရာခံ လိုက်သွားတော့သည်။
စိတ်စွမ်းအင်ချင်း ထိတွေ့သွားသည့် ခဏ၌ လင်းယွမ်၏ မျက်စိရှေ့တွင် ရိပ်ခနဲ ဖြစ်သွားပြီး အခြားကမ္ဘာတစ်ခုသို့ ချက်ချင်း ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ယခု ရောက်ရှိနေသည့် နေရာမှာ အိပ်ခန်းသုံးခန်း၊ ဧည့်ခန်းတစ်ခန်း ပါဝင်သည့် တိုက်ခန်းတစ်ခန်းဖြစ်ပြီး မိသားစု သုံးယောက် နေထိုင်ပုံရသည်။
ဧည့်ခန်းထဲတွင် ကလေးမလေးတစ်ဦး တီဗီထိုင်ကြည့်နေသည်ကို လင်းယွမ် ချက်ချင်း သတိထားမိလိုက်သည်။
အိပ်ခန်းဘက်ဆီမှ တိုးတိုးတိတ်တိတ် ရန်ဖြစ်သံများ ထွက်ပေါ်နေ၏။
လင်းယွမ်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။
"စိတ်ကမ္ဘာ ဖန်တီးထားတဲ့ ပုံရိပ်ယောင်လား"
သူက အသံမထွက်စေဘဲ ဘေးတစ်ဖက်တွင် ရပ်ကာ ပတ်ဝန်းကျင်ကို တိတ်တဆိတ် အကဲခတ်နေလိုက်သည်။
ပြတင်းပေါက်မှ တဆင့် အပြင်သို့ လှမ်းကြည့်လိုက်ရာ မျက်နှာချင်းဆိုင်တွင် ရင်းနှီးနေသော လူနေတိုက်ခန်းများကို တွေ့ရသည်။
အောက်ထပ်တွင် ပန်းခြံငယ်လေးရှိပြီး လူကြီးများနှင့် ကလေးအတော်များများ လမ်းလျှောက်နေကြ၏။
လင်းယွမ်၏ စိတ်ထဲတွင် လှုပ်ရှားသွားသည်။
"ဒါက... ရေမလွှမ်းခင်တုန်းက မိန်တုဥယျာဉ် ဖြစ်လောက်တယ်"
"ဒီနေရာက လျှိုဖိန်ဖိန်ရဲ့ အိမ်လား"
လင်းယွမ်က စိတ်ထဲမှ ခန့်မှန်းလိုက်ပြီး တီဗီကြည့်နေသည့် ကလေးမလေးကို ကြည့်လိုက်သည်။
ကလေးမလေး၏ အကြည့်များက တီဗီတွင် ရှိနေသော်လည်း စိတ်မပါသည်က သိသာလှ၏။ သူမ၏ မျက်လုံးများက အိပ်ခန်းဘက်ဆီသို့ မကြာခဏ ရောက်သွားတတ်သည်။
လင်းယွမ်ကလည်း အိပ်ခန်းဘက်သို့ လှမ်းကြည့်လိုက်ရာ ရန်ဖြစ်သံများက မရပ်တန့်သေးပေ။
သူက ကလေးမလေး၏ ဘေးနားသို့ သွားလိုက်ပြီး မေးလိုက်သည်။
"ဟေး... ညီမလေး... နာမည်ဘယ်လိုခေါ်လဲ"
ကလေးမလေးက လင်းယွမ်ကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွားသော်လည်း အသိစိတ် လှုံ့ဆော်မှုအရ ပြန်ဖြေလိုက်သည်။
"သမီးနာမည် လျှိုဖိန်ဖိန် ပါ... အစ်ကိုကြီးက ဘယ်သူလဲဟင်... ဘာလို့ သမီးတို့ အိမ်ထဲ ရောက်နေတာလဲ"
လင်းယွမ်၏ မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားသည်။ ဒါက လျှိုဖိန်ဖိန်တဲ့လား။ ငယ်ဘဝက လျှိုဖိန်ဖိန် ပေါ့။
သူ၏ မျက်ဝန်းများ အရောင်လက်သွားသည်။
"အစ်ကို့နာမည်က လင်းယွမ် ပါ... ညီမလေးရဲ့ အိမ်နီးချင်းလေ... မှတ်မိသေးလား"
လျှိုဖိန်ဖိန်က မျက်မှောင်လေး ကြုတ်လိုက်ပြီး ထိုနာမည်ကို ကြားဖူးနားဝ ရှိသည်ဟု ခံစားလိုက်ရသည်။
သူမ၏ စိတ်ကမ္ဘာကြီးက သိသိသာသာ တုန်ခါ လှုပ်ရှားသွား၏။
"အရမ်း ရင်းနှီးနေတဲ့ နာမည်ပဲ"
လင်းယွမ် ဝမ်းသာသွားသည်။ ဒီနေရာမှာရှိနေတဲ့ လျှိုဖိန်ဖိန်ကို နှိုးလိုက်နိုင်ရင် အပြင်က သူမပါ နိုးလာနိုင်မလား။
ထို့ကြောင့် သူက ဆက်ပြောလိုက်သည်။
"သေချာ စဉ်းစားကြည့်ပါဦး... အစ်ကိုက ၃၂ ထပ်မှာ နေတာလေ"
သူ့စကား မဆုံးသေးခင်မှာပင် သူ့နောက်ကျောဘက်ဆီမှ အသံတစ်သံ ထွက်ပေါ်လာသည်။
"ရှင်က ဘယ်သူလဲ... ကျွန်မတို့ အိမ်ကို ဘာလာလုပ်တာလဲ"
လင်းယွမ် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ သူ့နောက်တွင် လူတစ်ယောက် ရောက်နေသည်ကို လုံးဝ သတိမထားမိခဲ့ပေ။
သူက ချက်ချင်း လှည့်ကြည့်လိုက်သည်။
မြင်လိုက်ရသည့် မြင်ကွင်းကြောင့် တစ်ဖန် ကြောင်အသွားရပြန်သည်။
အဘယ်ကြောင့်ဆိုသော် သူ့အနောက်တွင် ရပ်နေသည့် အမျိုးသမီးမှာ အရွယ်ရောက်ပြီးသား လျှိုဖိန်ဖိန် ဖြစ်နေသောကြောင့်ပင်။
လင်းယွမ် ကြောင်အနနေစဉ်မှာပင် ကလေးမလေး လျှိုဖိန်ဖိန်က လှမ်းအော်ပြောသည်။
"မေမေ... ဒီအစ်ကိုကြီးက သမီးတို့ အိမ်နီးချင်းတဲ့... သမီး ဒီအစ်ကိုကြီးနဲ့ အပြင်သွားဆော့လို့ ရမလားဟင်"
"ဘာသွားဆော့မှာလဲ... အိမ်စာတွေ ပြီးပြီလား"
အရွယ်ရောက်ပြီး လျှိုဖိန်ဖိန်က ဒေါသတကြီး အော်ဟစ်ဆူပူလိုက်သည်။
"နေ့တိုင်း ဆော့ဖို့ပဲ သိတယ်... နင့်ကို စာတတ်စေချင်လို့ ငါ့ပိုက်ဆံတွေ ဘယ်လောက်ကုန်ခံပြီး ကျူရှင်ထားပေးရတယ်ဆိုတာ နင်သိရဲ့လား"
"နင့်ကြောင့်သာ မဟုတ်ရင် ငါတို့အိမ်မှာ အခုလို အကြွေးတွေ တင်နေပါ့မလား"
"နင့်ကြောင့် ငါ အနှိပ်ခန်းသွားဖို့လည်း မတတ်နိုင်... စကတ်တစ်ထည် ဝယ်ဖို့တောင် သုံးနှစ်လောက် စဉ်းစားနေရတာ... အဲ့တာ နင့်ကြောင့်ဆိုတာ သိရဲ့လား"
"အဖေကလည်း အသုံးမကျ... သမီးကလည်း အသုံးမကျနဲ့"
"ဝါး" ကလေးမလေး လျှိုဖိန်ဖိန်က အသံကုန်ဟစ်၍ ငိုကြွေးလေတော့သည်။
ထိုစဉ် အိပ်ခန်းထဲမှ ဒေါသတကြီး အော်သံ ထွက်ပေါ်လာသည်။
"တော်တော့... ငါ့ကိုပြောရင် ပြော... ကလေးကို ဘာလို့ ထည့်ပြောနေတာလဲ"
အရပ်မြင့်မြင့် လူတစ်ယောက် အခန်းထဲမှ ပြေးထွက်လာသည်။ ကြည့်ရသည်မှာ လျှိုတနန်နှင့် တော်တော်လေး ဆင်တူလှ၏။
လင်းယွမ် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
ဒါက... လျှိုဖိန်ဖိန်ရဲ့ မိသားစုလား။
သူ စူးစမ်းချင်စိတ် ဖြစ်ပေါ်လာသည်။ လျှိုဖိန်ဖိန်က ဘာကြောင့် ဒီလို စိတ်ကမ္ဘာထဲမှာ ပိတ်မိနေရတာလဲ။ သူမရဲ့ မိသားစု အခြေအနေက ဒီလောက်တောင် စိတ်ဖိစီးစရာ ကောင်းနေတာလား။
လင်းယွမ်က ကလေးမလေး လျှိုဖိန်ဖိန်ကို ကြည့်ရင်း မေးလိုက်သည်။
"ညီမလေး အပြင်ထွက်ချင်လား"
ကလေးမလေး လျှိုဖိန်ဖိန်က ရှိုက်ကြီးတငင် ငိုကြွေးနေရာမှ လင်းယွမ်ကို တစ်ချက်ကြည့်ပြီး အရွယ်ရောက်ပြီး လျှိုဖိန်ဖိန်ကို အလောတကြီး လှမ်းကြည့်လိုက်သည်။
အရွယ်ရောက်ပြီး လျှိုဖိန်ဖိန်က ဒေါသအပြည့်နှင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသောအခါ သူမက ကြောက်လန့်တကြား ခေါင်းခါပြရှာသည်။
"ဖိန်ဖိန် အပြင်မထွက်တော့ပါဘူး... ဖိန်ဖိန် စာသွားလုပ်တော့မယ်"
သူမက ရှိုက်ငိုရင်း တီဗီကို ပြေးပိတ်ကာ သူမ၏ အခန်းငယ်လေးထဲသို့ ပြေးဝင်သွားလေသည်။
ကျန်ရစ်ခဲ့သော အရွယ်ရောက်ပြီး လျှိုဖိန်ဖိန်က လင်းယွမ်ကို ဒေါသတကြီး စိုက်ကြည့်ရင်း အော်ဟစ်လေသည်။
"ရှင်မှတ်လား... ရှင်မှတ်လား... ကျွန်မ သမီးကို လာပြီး လိမ်ညာလှည့်ဖြားနေတာ ရှင်မှတ်လား"
"လျှိုတနန်... ရှင်က တကယ့် အသုံးမကျတဲ့ကောင်ပဲ... ကိုယ့်အိမ်ထဲ သူစိမ်းတစ်ယောက် ဝင်နေတာတောင် မောင်းမထုတ်ရဲဘူးလား"
"အသုံးမကျတဲ့ကောင်... အသုံးမကျတဲ့ အမှိုက်"
သူမ၏ အော်ဟစ်သံများ ကျယ်လောင်လာသည်နှင့်အမျှ လျှိုတနန်နှင့်တူသော အမျိုးသားမှာလည်း ဒေါသပိုထွက်လာပြီး သူ၏ ခန္ဓာကိုယ် အရွယ်အစားကပါ ပို၍ ကြီးမားလာသည်။
ရုတ်တရက် သူက လင်းယွမ်ဘက်သို့ လှည့်လာပြီး ရက်ရက်စက်စက် ခုန်အုပ်လိုက်သည်။
"ငါက အသုံးမကျတဲ့ကောင် မဟုတ်ဘူး... ငါက အသုံးမကျတဲ့ကောင် မဟုတ်ဘူး... မင်းက ဘယ်သူလဲ... ငါ့မိန်းမကို လာမြှူဆွယ်နေတာလား"
"သေစမ်းကွာ... မင်းကို သတ်ပစ်မယ်"
လျှိုတနန်နှင့်တူသော အမျိုးသားက ဒေါသတကြီး ဝင်ရောက်တိုက်ခိုက်လာရာ သူ၏ လက်ထဲတွင် မည်သည့်အချိန်က ရောက်နေမှန်းမသိသော မီးဖိုချောင်သုံး ဓားမကြီးတစ်ချောင်း ပါလာသည်။
"ဝှစ်"
ဓားမကြီး ဝဲပျံလာမှုကြောင့် လေတိုးသံပင် ထွက်ပေါ်လာ၏။
လင်းယွမ် မျက်ခုံးပင့်သွားပြီး နောက်သို့ အမြန် ခုန်ဆုတ်ကာ ရှောင်တိမ်းလိုက်ရသည်။
"ဗြိ"
ထိုဓားမကြီးက ဆိုဖာကို ဖြတ်သန်းသွားရာ ဆိုဖာတစ်ခုလုံး နှစ်ပိုင်းပြတ်သွားလေသည်။
စားပွဲခုံကိုပါ ထက်ပိုင်း ပြတ်သွားစေသည်အထိ ပြင်းထန်လှ၏။
လင်းယွမ် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။
"ဒီစိတ်ကမ္ဘာထဲမှာ လျှိုဖိန်ဖိန် စိတ်ကူးနဲ့ ပုံဖော်ထားတဲ့ လူတွေက တိုက်ခိုက်နိုင်စွမ်း မြင့်မားတာပဲ"
သူက ဧည့်ခန်းထဲတွင် လှုပ်ရှားရှောင်တိမ်းနေရသည်။ လျှိုတနန်က နေရာအနှံ့ လိုက်လံခုတ်ထစ်နေသဖြင့် ဧည့်ခန်းတစ်ခုလုံး ဗရပွ ဖြစ်နေလေပြီ။
အရွယ်ရောက်ပြီးသား လျှိုဖိန်ဖိန်က ဟားတိုက်ရယ်မောကာ လက်ခုပ်လက်ဝါးတီး၍ အားပေးနေသည်။
လင်းယွမ် စိတ်ထဲတွင် အဖြေတစ်ခုကို ခန့်မှန်းမိလိုက်သည်။
"ဒီလူနှစ်ယောက်ကို သတ်ပစ်လိုက်မှ လျှိုဖိန်ဖိန်ကို စိတ်ကမ္ဘာထဲကနေ နှိုးနိုင်မှာလား"
"မဟုတ်သေးဘူး... ဒီလူနှစ်ယောက်ကို သတ်လိုက်ရင် လျှိုဖိန်ဖိန်ရဲ့ စိတ်ကို ထိခိုက်သွားစေနိုင်မလား"
သူက အလျင်အမြန် စဉ်းစားလိုက်ပြီးနောက် အကြံတစ်ခု ရသွားသည်။
"မသတ်ဘဲနဲ့ အရင်ဆုံး ဖမ်းချုပ်ထားလိုက်မယ်"
သူက ခြေလှမ်းကို ရပ်တန့်လိုက်ပြီး ဆက်လက်မရှောင်တိမ်းတော့ပေ။
လျှိုတနန်နှင့်တူသော လူက အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာပြီး ဓားမကြီးဖြင့် ခုတ်ချလိုက်သည်။
လင်းယွမ်က ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေရင်း ရုတ်တရက် လက်ကိုမြှောက်ကာ ရိုက်ချလိုက်သည်။
"ဘုန်း"
လေထုထဲတွင် မမြင်ရသော နံရံတစ်ခု ပေါ်လာသကဲ့သို့ ဖြစ်သွားပြီး လျှိုတနန်နှင့်တူသော လူမှာ ထိုအရာနှင့် ခေါင်းချင်းဆောင့်မိကာ အော်ဟစ်ညည်းညူလိုက်ရသည်။
လင်းယွမ်က အေးစက်စွာ ပြုံးလိုက်သည်။
"ငါ့ရဲ့ စိတ်စွမ်းအင် ၇.၇ မှတ်ကို မင်းက ဟာသလို့ ထင်နေလား"
သူက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး လျှိုတနန်ကို လက်တစ်ဖက်ဖြင့် ဖမ်းဆွဲကာ ထိုသူ၏ ခါးပတ်ကို ဖြုတ်ယူလျက် ချက်ချင်း တုပ်နှောင်လိုက်တော့သည်။
လျှိုတနန်မှာ မည်မျှပင် ရုန်းကန်နေပါစေ လင်းယွမ်၏ ချုပ်နှောင်မှုကို လုံးဝ မလွတ်မြောက်နိုင်ပေ။
ဆိုဖာနားရှိ အရွယ်ရောက်ပြီး လျှိုဖိန်ဖိန်က စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး လင်းယွမ်ဆီသို့ ပြေးဝင်လာကာ လက်သည်းနီ ဆိုးထားသော လက်ချောင်းများဖြင့် ကုတ်ဖဲ့ရန် ကြိုးစားလေသည်။
လင်းယွမ်က နောက်သို့လှည့်ကာ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
စိတ်စွမ်းအင်များက ကြီးမားသော လက်ဝါးကြီးသဏ္ဍာန် ပြောင်းလဲသွားပြီး ဘုန်းခနဲ မြည်သံနှင့်အတူ အရွယ်ရောက်ပြီး လျှိုဖိန်ဖိန်ကို ရိုက်ထုတ်လိုက်လေသည်။
သို့သော် ထိုရိုက်ချက်က အားလွန်သွားသဖြင့် တစ်ဖက်လူမှာ ပွဲချင်းပြီး သေဆုံးသွားသည်။
အရွယ်ရောက်ပြီး လျှိုဖိန်ဖိန်၏ ခေါင်းမှာ နံရံနှင့် ဆောင့်မိပြီး သွေးများ ပေါက်ထွက်လာ၏။
ထိုခဏ၌ ပုံရိပ်ယောင်ကမ္ဘာ တစ်ခုလုံး ပြိုကွဲသွားသည်။
လင်းယွမ် ဘာမှ မတုံ့ပြန်နိုင်ခင်မှာပင် မျက်စိရှေ့မှ မြင်ကွင်းများ ဝေဝါးသွားပြန်သည်။
ပတ်ဝန်းကျင်မှ လေဟာနယ်များ တွန့်လိမ်ရှုံ့တွသွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် သူသည် အိပ်ခန်းတစ်ခုထဲသို့ ရောက်ရှိနေလေပြီ။
အရွယ်ရောက်ပြီး လျှိုဖိန်ဖိန်က အိပ်ခန်းထဲတွင် ရပ်နေပြီး သူ့ကို လက်ညှိုးထိုးကာ ဆဲဆိုနေသည်။
"နင့်ကို ပြောနေတာ... နင်က တကယ့် အသုံးမကျတဲ့ကောင်... အမှိုက်ကောင်"
"တစ်လနေမှ ပိုက်ဆံ နည်းနည်းလေး ရှာနိုင်တဲ့ကောင်... မိသားစုကို နင်က ရှာကျွေးနေတာလား ငါက ရှာကျွေးနေတာလား"
"ဟိုဘက်ခန်းက အစ်ကိုမာ့ကို ကြည့်စမ်း... သူ့မိန်းမ ဝတ်ထားတာတွေ ကြည့်ဦး... ငါ့ကိုရော ကြည့်ဦး... ငါက ဘာဝတ်ထားရလဲ"
"အရည်အချင်းကမရှိဘဲ ငါ့ကိုများ လာပြီး ရန်လုပ်နေသေးတယ်"
"ငါ ဖောက်ပြန်မယ်ဟာ... ကဲ... ငါ ဖောက်ပြန်လိုက်ပြီ... နင်က ဘာလုပ်နိုင်မှာလဲ"
"နင် ငါ့ကို မထားနိုင်ရင် ထားနိုင်တဲ့လူတွေ အများကြီးရှိတယ်"
လင်းယွမ်၏ ရင်ထဲတွင် ဒေါသများ ဟုန်းခနဲ ထွက်ပေါ်လာပြီး မျက်စိရှေ့မှ မိန်းမ၏ ပါးစပ်ကို ဆွဲဖြဲပစ်ချင်စိတ် ပေါက်သွားသည်။
သို့သော် နောက်တစ်ခဏတွင် သူ သတိဝင်လာပြီး ထိုထူးဆန်းသော စိတ်ခံစားမှုကို ဖိနှိပ်လိုက်သည်။
"ငါ လျှိုဖိန်ဖိန်ရဲ့ စိတ်ကမ္ဘာထဲမှာပဲ ရှိနေသေးတာလား"
"ဒီယောက်ျားနဲ့ မိန်းမကို သတ်လိုက်ရုံနဲ့ သူမရဲ့ စိတ်ကမ္ဘာထဲက ထွက်လို့မရဘူး ပေါ့"
လင်းယွမ် စိတ်ဝင်စားသွားသည်။ လျှိုဖိန်ဖိန်၏ စိတ်ကမ္ဘာက အလွန် ထူးဆန်းနေသည်။
ဒီကမ္ဘာထဲက လူတွေက အားနည်းပေမဲ့ ဒီစိတ်ကမ္ဘာကြီးကတော့ တော်တော်လေး ခိုင်မာနေသည်။
ထွက်ခွာမည့် နည်းလမ်းမှန်ကို မရှာတွေ့သရွေ့ ဒီနေရာမှာပဲ ထာဝရ ပိတ်မိနေမည့်ပုံ ပေါက်နေ၏။
လင်းယွမ်က ယခုတစ်ကြိမ်တွင် ထိုအမျိုးသမီးကို ဂရုမစိုက်တော့ဘဲ အိပ်ခန်းထဲမှ လှည့်ထွက်လာခဲ့သည်။
အိပ်ခန်းထဲမှ ထွက်လိုက်သည်နှင့် တပြိုင်နက် ဆိုဖာနားရှိ မြင်ကွင်းကြောင့် တုန်လှုပ်သွားရသည်။
ဆိုဖာပေါ်တွင် အခြား "သူ" တစ်ယောက် ရှိနေပြီး ကလေးမလေး လျှိုဖိန်ဖိန်နှင့် စကားပြောနေသည် မဟုတ်ပါလော။
"ဒါက"
လင်းယွမ် အခြေအနေ မဟန်တော့မှန်း သိလိုက်သည်။
လျှိုဖိန်ဖိန်၏ အိပ်မက်ကမ္ဘာက ထူးဆန်းလွန်းလှသည်။
ဆိုဖာပေါ်ရှိ "သူ" က ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။ ထိုအချိန်တွင် သူ့ကို ရန်လုပ်နေသော အရွယ်ရောက်ပြီး လျှိုဖိန်ဖိန်သည် မည်သို့မည်ပုံ ရောက်လာမှန်းမသိ ဆိုဖာနားသို့ ရောက်ရှိနေလေပြီ။
ဆိုဖာပေါ်မှ "သူ" က နောက်သို့ လှည့်လိုက်ရာ နှစ်ယောက်သား ရန်ဖြစ်ကြလေတော့သည်။
ဒီမြင်ကွင်းက စောစောက ဖြစ်ပျက်ခဲ့သည်များနှင့် ထပ်တူပင် ဖြစ်သည်။
ရုတ်တရက် အရွယ်ရောက်ပြီး လျှိုဖိန်ဖိန်က လင်းယွမ်ကို လှမ်းဆဲလိုက်ပြန်သည်။
ဒီတစ်ခါတွင် လင်းယွမ်သည် သူ့ဒေါသကို မထိန်းချုပ်နိုင်တော့သည့်အလား ဆိုဖာနားရှိ "သူ" ထံသို့ ပြေးဝင်သွားသည်။
သူ့လက်ထဲတွင်လည်း မီးဖိုချောင်သုံး ဓားမကြီးတစ်ချောင်း ရောက်ရှိနေလေပြီ။
ဓားမကြီးကို ဝှေ့ယမ်းလိုက်ရာ ဆိုဖာကြီး နှစ်ပိုင်းကွဲသွားသည်။
ဆိုဖာပေါ်မှ "သူ" က လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။ လှုပ်ရှားမှုများက ယခင်က သူနှင့် တစ်ပုံစံတည်း ဖြစ်နေ၏။
ထို့နောက် ကြောက်မက်ဖွယ် ကိစ္စတစ်ခု ဖြစ်ပျက်လာသည်။ တစ်ဖက်မှ "သူ" က လက်ကို ဆန့်ထုတ်လိုက်ရာ ကြီးမားသော အားတစ်ခုက လင်းယွမ်ကို လာရောက်ချုပ်နှောင်လေတော့သည်။
သူ လှုပ်၍မရတော့ပေ။
တစ်ဖက်မှ "သူ" က လင်းယွမ်၏ ခါးပတ်ကို ဆွဲထုတ်ပြီး သူ့ကို တုပ်နှောင်လိုက်သည်။
ထို့နောက် လျှိုဖိန်ဖိန်ကို သတ်ခဲ့သော လုပ်ရပ်အတိုင်း ထပ်မံ လုပ်ဆောင်တော့မည့်ပုံ ပေါ်နေသည်။
"ဘုန်း"
အရွယ်ရောက်ပြီး လျှိုဖိန်ဖိန် သေဆုံးသွားပြန်သည်။
ကမ္ဘာကြီးက ထပ်မံ ပြိုကွဲပြီး ပြန်လည် တည်ဆောက်သွားပြန်၏။
လင်းယွမ်သည် အိပ်ခန်းထဲသို့ ပြန်ရောက်လာသည်။
ဒီတစ်ကြိမ်တွင်မူ သူသည် အရွယ်ရောက်ပြီး လျှိုဖိန်ဖိန် ဖြစ်နေလေပြီ။
လင်းယွမ်၏ စိတ်ထဲတွင် အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရသည်။
"ဒီတစ်ခါ ငါက လျှိုဖိန်ဖိန် ဖြစ်နေပြီ... တကယ်လို့ သေသွားရင် ငါ့ရဲ့ စိတ်စွမ်းအင် ထိခိုက်သွားလိမ့်မယ်"
သူ့စိတ်ထဲတွင် ထိုအသိ ဝင်လာသည်။
အိပ်ခန်းတစ်ခုလုံးကို ဝေ့ကြည့်လိုက်ရာ လျှိုတနန်နှင့်တူသော လူက သူ့ရှေ့တွင် ရောက်နေပြီ ဖြစ်သည်။
ထိုလူ၏ မျက်နှာက ပြာနှမ်းနေပြီး ဒေါသများကို မျိုသိပ်ထားပုံ ရသည်။
လင်းယွမ်က အသက်ကို ဝဝရှူသွင်းလိုက်သည်။ သူ့ရင်ထဲတွင်လည်း ပေါက်ကွဲထွက်ချင်နေသော ဒေါသများ ပြည့်နှက်နေ၏။
ဒါက လျှိုဖိန်ဖိန်၏ စိတ်စွမ်းအင်က သူ့ကို လွှမ်းမိုးနေပြီး မူလဇာတ်ကြောင်းအတိုင်း သွားစေရန် တွန်းအားပေးနေခြင်း ဖြစ်မှန်း သူ သိလိုက်သည်။
"စိတ်ကမ္ဘာ ပတ်ဝန်းကျင်ကို တည်ဆောက်တဲ့ စွမ်းရည်ကတော့ တကယ်ကို ထူးဆန်းတာပဲ... ဒါပေမဲ့... စိတ်စွမ်းအင်ကတော့ အားနည်းလွန်းနေသေးတယ်"
လင်းယွမ်က ရေရွတ်လိုက်ပြီး သူ့၏ မြင့်မားသော စိတ်စွမ်းအင် အရည်အသွေးမှတ်ကို အသုံးပြုကာ လျှိုဖိန်ဖိန်၏ စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးမှုကို အတင်းအကျပ် ဖိနှိပ်လိုက်သည်။ ထွက်ပေါ်လာသော ဒေါသများကိုပါ ချုပ်တည်းလိုက်၏။
သူက ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ လျှိုတနန်ဆီသို့ လျှောက်သွားလိုက်သည်။
"ခဏနေမှ ပြောမယ်" လင်းယွမ်က ဦးစွာ စကားစလိုက်သည်။
လျှိုတနန်က အံ့အားသင့်သွားပြီး ရှေ့ဆက် ဘာလုပ်ရမှန်းမသိဘဲ ကြောင်တောင်တောင် ဖြစ်သွားသည်။
လင်းယွမ်က အိပ်ခန်းထဲမှ ထွက်လာပြီး ဧည့်ခန်းဘက်သို့ ကြည့်လိုက်သည်။
ဧည့်ခန်းထဲတွင် အခြား "သူ" တစ်ယောက် ထိုင်နေပြီး ကလေးမလေး လျှိုဖိန်ဖိန်နှင့် စကားပြောနေသည်။
သူက တန်းတန်းမတ်မတ် လျှောက်သွားပြီး ပြောလိုက်သည်။
"ဖိန်ဖိန်... အိမ်စာ ပြီးပြီလား"
ကလေးမလေး လျှိုဖိန်ဖိန်က လန့်ဖျပ်သွားပြီး တီဗီကို အမြန်ပိတ်ကာ တိုးတိုးလေး ဖြေရှာသည်။
"သမီး အခု သွားလုပ်တော့မလို့ပါ"
သို့သော် လင်းယွမ်က ပြုံးလိုက်ပြီး ပြောသည်။
"အိမ်စာက ဘယ်အချိန်ပဲ ဖြစ်ဖြစ် လုပ်လို့ရပါတယ်... ဘဝဆိုတာ ဖြည်းဖြည်းချင်း ဖြတ်သန်းရတာပါ... မေမေနဲ့ အပြင်ထွက်ပြီး လမ်းလျှောက်ရအောင်... လိုက်မယ်မလား"
"ရှင်"
ကလေးမလေး လျှိုဖိန်ဖိန်မှာ ဘာပြန်ပြောရမှန်းမသိ ကြောင်သွားလေသည်။
သူမ မျက်လုံးထဲတွင် အံ့သြဝမ်းသာမှုနှင့် သံသယများ ရောထွေးနေ၏။
ဒါက သူမ မှတ်မိနေတဲ့ မေမေ ဟုတ်ရဲ့လား။
လင်းယွမ်က အခြား "သူ" ကို ဂရုမစိုက်တော့ဘဲ ကလေးမလေး လျှိုဖိန်ဖိန်၏ လက်ကိုဆွဲကာ တံခါးပေါက်ဆီသို့ ဦးတည်သွားလိုက်သည်။
ကလေးမလေး လျှိုဖိန်ဖိန်က ကြောင်တောင်တောင် မျက်နှာလေးနှင့် ပါလာသည်။
အရွယ်ရောက်ပြီး လျှိုဖိန်ဖိန်၏ မျက်နှာဖြင့် လင်းယွမ်မှာ ထိုအချိန်တွင် ရုပ်သွင်များ တွန့်လိမ်ပြောင်းလဲနေသည်။
တစ်ခါတစ်ရံ လင်းယွမ်၏ မူလရုပ်သွင် ပေါ်လာလိုက်၊ တစ်ခါတစ်ရံ ဒေါသထွက်နေသော လျှိုဖိန်ဖိန်၏ မျက်နှာ ပေါ်လာလိုက် ဖြစ်နေသည်။
သို့သော် လင်းယွမ်၏ အားကောင်းသော စိတ်စွမ်းအင်က လျှိုဖိန်ဖိန်၏ ကစဉ့်ကလျား စိတ်အခြေအနေကို အသေအချာ ဖိနှိပ်ထားလိုက်သည်။
တံခါးပေါက်နားသို့ ရောက်လာသည်နှင့်အမျှ သူ့ခန္ဓာကိုယ်က လျှိုဖိန်ဖိန်၏ ပုံစံမှ သူ၏ မူလပုံစံသို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။
"ကျွီ"
တံခါးမကြီး ပွင့်သွားသည့်အချိန်၌ လင်းယွမ်သည် သူ၏ မူလပုံစံသို့ အပြည့်အဝ ပြန်ရောက်သွားပြီ ဖြစ်သည်။
သူက အခန်းထဲသို့ လှည့်ကြည့်လိုက်ရာ ဆိုဖာပေါ်မှ "သူ" သည် လျှိုဖိန်ဖိန်၏ အမေပုံစံသို့ ဖြည်းညှင်းစွာ ပြောင်းလဲသွားသည်။
လျှိုတနန်က အိပ်ခန်းဝတွင် ရပ်နေပြီး မျက်နှာတွင် အားငယ်မှုနှင့် အပြစ်ရှိစိတ်များ အထင်းသား ပေါ်နေသည်။
လင်းယွမ်က ခေါင်းငုံ့ကာ သူလက်ဆွဲထားသော ကလေးမလေး လျှိုဖိန်ဖိန်ကို ကြည့်ရင်း ပြုံးလိုက်သည်။
"မှတ်မိသွားပြီလား"
ကလေးမလေး လျှိုဖိန်ဖိန်၏ မျက်နှာတွင် ဇဝေဇဝါ ဖြစ်နေမှုများ ရှိနေသေးသော်လည်း သူမက တံခါးအပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
ထိုနေရာမှ အလင်းတန်းတစ်ခု ဖြာကျလာပြီး မှောင်မိုက်နေသော အခန်းကို လင်းထိန်သွားစေသည်။
သူမ၏ မျက်နှာသည်လည်း ဇဝေဇဝါ ဖြစ်နေရာမှ တဖြည်းဖြည်း ကြည်လင်လာသည်။
"လင်း... လင်းယွမ်"
ကလေးမလေး လျှိုဖိန်ဖိန်က အံ့သြတကြီးဖြင့် လင်းယွမ်၏ နာမည်ကို ခေါ်လိုက်သည်။
လင်းယွမ်က သူမ၏ ခေါင်းလေးကို ပုတ်ပေးလိုက်ပြီး အခန်းထဲမှ လူနှစ်ယောက်ကို လှမ်းကြည့်ကာ တိုးညှင်းစွာ ပြောလိုက်သည်။
"ဒီလို ကလေးဘဝမျိုးက အရမ်း ပင်ပန်းဆင်းရဲခဲ့မှာပဲနော်"
"ကံမကောင်းခဲ့တဲ့ ကလေးဘဝဆိုတာ ကုစားဖို့ တစ်သက်လုံး အချိန်ယူရတတ်တယ်"
"ဒါပေမဲ့ ဘဝဆိုတာ အခက်အခဲ အမျိုးမျိုးနဲ့ ကြုံတွေ့ရစမြဲပါပဲ"
"ပြီးခဲ့တာတွေက ပြီးသွားပါပြီ... ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒီနေရာမှာ အမြဲတမ်း ပိတ်လှောင်ထားတော့မှာလဲ"
"နင့်အဖေက နင်ထင်သလို သူရဲဘောကြောင်တာ မဟုတ်ပါဘူး..."
"ကမ္ဘာပျက်ကပ်ကြီး ရောက်လာတဲ့အချိန်မှာ သူ နင့်ကို ကောင်းကောင်း ကာကွယ်ပေးခဲ့တယ်လေ... မဟုတ်ဘူးလား"
"တခြားလူတွေ စားစရာသောက်စရာ မရှိတဲ့အချိန် နင့်မှာ အနည်းဆုံးတော့ စားစရာ သောက်စရာ ရှိနေသေးတာပဲ"
"သူက နင့်အမေအပေါ်မှာ တာဝန်မကျေခဲ့တာ ရှိကောင်းရှိနိုင်ပေမဲ့ နင့်အတွက်တော့ သူက အရာအားလုံးကို ပုံအောပြီး ပေးဆပ်ခဲ့တာပါ"
"သတိရလိုက်တော့... သူ နင့်ကို အရမ်း စိတ်ပူနေတယ်"
လင်းယွမ်၏ စကားများက နူးညံ့သော ဓားတစ်ချောင်းအလား မျက်စိရှေ့မှ စိတ်ကမ္ဘာကို ဆွဲဖြဲပစ်လိုက်သည်။
ကလေးမလေး လျှိုဖိန်ဖိန်၏ မျက်ဝန်းအိမ်တွင် မျက်ရည်များ ပြည့်လာသည်။
သူမက ကလေးဘဝ မှတ်ဉာဏ်ထဲမှ မှောင်မိုက်နေသော အခန်းကို ပြန်ကြည့်လိုက်ပြီး အပြင်ဘက်မှ လင်းလက်နေသော ကမ္ဘာကို တဖန် ကြည့်လိုက်သည်။
နောက်ဆုံးတွင် သူမက မျက်ရည်များကြားမှ အိပ်ခန်းထဲရှိ အမျိုးသားနှင့် အမျိုးသမီးကို ဦးညွှတ် နှုတ်ဆက်လိုက်သည်။
"သွားတော့မယ်နော် မေမေ... သမီးရဲ့ အိမ်စာတွေက တကယ်တော့ အဆုံးသတ်သွားပါပြီ"
..........................................................................................................................................
လက်တွေ့ကမ္ဘာတွင် လင်းယွမ် မျက်လုံးမှိတ်သွားပြီးနောက် မည်သည့် လှုပ်ရှားမှုမျှ မရှိတော့ပေ။
ဆုန့်ဝမ်က ဘေးတွင်ရပ်ရင်း လျှိုဖိန်ဖိန်ကို စိုးရိမ်တကြီး ကြည့်နေသည်။ သူမ အစွမ်းနှိုးထမှု မအောင်မြင်ဘဲ ရုတ်တရက် တိုက်ခိုက်လာမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
သို့သော် မထင်မှတ်ထားသည်မှာ ၃-၄ မိနစ်ခန့် ကြာပြီးနောက် လျှိုဖိန်ဖိန်၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲလာသည်။
နောက်ဆုံးတွင် မျက်လုံးမှိတ်ထားလျက်ပင် မျက်ရည်များ စီးကျလာလေသည်။
ဆုန့်ဝမ်မှာ ဘာလုပ်ရမှန်းမသိ ကြောင်သွားသည်။ ဒါက လက္ခဏာကောင်းလား ဆိုးလား ဆိုတာ မသိသလို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲ ဆိုတာလည်း မသိပေ။
သူမ ကြောင်အနေစဉ်မှာပင် နားထဲသို့ လင်းယွမ်၏ အသံ ရောက်လာသည်။
"သိပ်မဆိုးတဲ့ အစွမ်းပဲ"
ဆုန့်ဝမ်က အလျင်အမြန် လှည့်ကြည့်လိုက်ရာ လင်းယွမ်က မျက်လုံးဖွင့်လာပြီး လက်ပတ်နာရီကို ငုံ့ကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူမက ဝမ်းသာအားရ မေးလိုက်သည်။
"အစ်ကိုလင်းယွမ်... နိုးလာပြီလား"
လင်းယွမ်က ခေါင်းငြိမ့်ပြပြီး ကုတင်ပေါ်မှ လျှိုဖိန်ဖိန်ကို ကြည့်ကာ ပြောသည်။
"ငါတို့ အပြင်ထွက်ကြရအောင်"
"ရှင်... ဖိန်ဖိန် ဘာမှ မဖြစ်တော့ဘူးလား" ဆုန့်ဝမ်က အလောတကြီး မေးလိုက်သည်။
လင်းယွမ်က ခေါင်းငြိမ့်သည်။
"ဘာမှ မဖြစ်တော့ပါဘူး... စိတ်စွမ်းအင် အသုံးလွန်သွားတာ... ခဏလောက် အိပ်ခိုင်းထားလိုက်... အိပ်ရာနိုးရင် ကောင်းသွားလိမ့်မယ်"
ဆုန့်ဝမ်မှာ ဝမ်းသာအားရ ဖြစ်သွားသည်။
"ဒါ... ဒါ အရမ်းကောင်းတာပဲ... အစ်ကိုလင်းယွမ်က အရမ်းတော်တယ်"
လင်းယွမ်က ပြုံးလိုက်ပြီး ပြောသည်။
"သူ့ကို ပေးအိပ်ထားလိုက်ပါ... အပြင်ထွက်ပြီး ပြောကြတာပေါ့"
"ဟုတ်... ဟုတ်ကဲ့... ဦးလေးလျှိုကို သွားပြောလိုက်ပါဦးမယ်"
နှစ်ယောက်သား အခန်းထဲမှ ထွက်လာပြီး တံခါးကို ဖွဖွလေး ပြန်ပိတ်လိုက်ကြသည်။
အပြင်ရောက်သည်နှင့် ဆိုဖာပေါ်တွင် ထိုင်နေသော လျှိုတနန်နှင့် အဖွဲ့သားများက စိုးရိမ်တကြီး မတ်တတ်ထရပ်လာကြသည်။
"လင်းယွမ်"
လင်းယွမ်က ပြုံးပြလိုက်သည်။
"စိတ်မပူပါနဲ့တော့... ဘာမှ မဖြစ်တော့ပါဘူး... သူ အခု အိပ်ပျော်နေတယ်... နိုးလာရင် ကောင်းသွားပါလိမ့်မယ်... ကျွန်တော် ပြန်လိုက်ဦးမယ်... တကယ်လို့ ပြဿနာရှိရင် လာရှာလိုက်"
လျှိုတနန်နှင့် အခြားသူများမှာ ဝမ်းသာအားရ ဖြစ်သွားကြပြီး ကျေးဇူးတင်စကား ဆိုမဆုံး ဖြစ်နေကြတော့သည်။
လင်းယွမ်ကို တံခါးဝအထိ လိုက်ပို့ပြီးမှ အိမ်ထဲသို့ အမြန် ပြန်ဝင်လာကြသည်။
လျှိုတနန်က အိပ်ခန်းထဲတွင် အိပ်ပျော်နေသော လျှိုဖိန်ဖိန်ကို ခြေသံလုံလုံဖြင့် ဝင်ကြည့်ရင်း ငိုရမလို ရယ်ရမလို ဖြစ်နေရှာသည်။
"အစ်ကိုလျှိုရေ... အဆင်ပြေသွားပါပြီ... လင်းယွမ်က အဆင်ပြေတယ်လို့ ပြောသွားပြီပဲ"
ဟူဝေမင်က သူ့ပခုံးကို ပုတ်ရင်း ပြောသည်။
"ဒီည တစ်ခွက်လောက် သောက်ကြတာပေါ့"
လျှိုတနန်၏ ဆင်းရဲဒုက္ခ ဆန်လှသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"ကျွန်တော်... ကျွန်တော် ဝမ်းသာလွန်းလို့ပါ... ဝမ်းသာလွန်းလို့"
"အရင်တုန်းက ကလေးအမေက ကျွန်တော့်ကို အမြဲတမ်း အသုံးမကျတဲ့ကောင်လို့ ပြောခဲ့တာ... အိမ်ကို မရှာကျွေးနိုင်ဘူးတဲ့"
"ဒါပေမဲ့ ကျွန်တော် ဖိန်ဖိန်ကို အရွယ်ရောက်တဲ့အထိ ကျွေးမွေးစောင့်ရှောက်လာနိုင်ခဲ့ပါတယ်... ဒီအချိန်ကျမှ သမီးလေးကို အဆုံးရှုံး မခံနိုင်ဘူးဗျာ"
"တော်သေးတာပေါ့... အားလုံး အဆင်ပြေသွားလို့ တော်ပါသေးတယ်"
ပြောရင်းဆိုရင်း သူ မျက်ရည်ကျလာပြန်သည်။ လွန်ခဲ့သော နှစ်များဆီက နေ့လယ်ခင်း တစ်ခုကို ပြန်ပြောင်းသတိရမိသလိုလို။
ထိုနေ့က ထိုမိန်းမသည် သားအဖနှစ်ယောက်ကို ရက်စက်စွာ စွန့်ပစ်သွားခဲ့သည်။ သူက ဒေါသတကြီး အနောက်မှ လိုက်သွားခဲ့သော်လည်း ကလေးကို အခန်းထဲတွင် တစ်ယောက်တည်း သော့ခတ်ပိတ်လှောင်ထားခဲ့မိသည်။
သူ ပြန်ရောက်လာသည့်အချိန်တွင် ဖိန်ဖိန်သည် ကြောက်လန့်လွန်းသဖြင့် စိတ်ကယောက်ကယက် ဖြစ်နေရှာပြီ။
ထိုအချိန်ကစပြီး သူ သေချင်သေပါစေ သမီးဖြစ်သူကို ပြည့်စုံတဲ့ ဘဝတစ်ခု ပေးမည်ဟု ကျိန်ဆိုခဲ့ဖူးသည်။
ဆက်ရန်...
အပိုင်း (၁၀၈) ထပ်မံဆုံတွေ့စားသောက်ကြခြင်းနှင့် အစီအစဉ်ဆွဲခြင်း
"အစ်ကိုလင်း... လျှိုဖိန်ဖိန် ဘာမှမဖြစ်ဘူး မလား"
ကျောက်ခိုင်က ၃၂ ထပ်စင်္ကြံလမ်းရှိ တံခါးဝတွင်ရပ်လျက် တံခါးသော့ခတ်ရန် ပြင်နေရင်း လင်းယွမ်ကိုမြင်သည်နှင့် အခြေအနေကို လှမ်းမေးလိုက်သည်။
လင်းယွမ်က ခေါင်းခါပြလိုက်ပြီး "ဘာမှမဖြစ်တော့ပါဘူး... ဒါတင်မကဘူး သူလည်း သန္ဓေပြောင်းအစွမ်း နိုးထလာပြီ"
"ဗျာ"
ကျောက်ခိုင်မှာ အံ့အားသင့်သွားရသည်။ ခင်မင်ရင်းနှီးလွယ်သည့် ထိုကောင်မလေးကို ပြန်မြင်ယောင်မိပြီး မနေနိုင်ဘဲ အံ့သြသွားရလေ၏။
"သူလည်း နိုးလာတယ်"
လင်းယွမ်က ခေါင်းညိတ်ပြလျက် "တံခါးအရင်ပိတ်လိုက်... အိမ်ရောက်မှ ပြောကြတာပေါ့"
"သိပြီ"
ကျောက်ခိုင်က တံခါးကို အလျင်အမြန် သော့ခတ်လိုက်ပြီး လင်းယွမ်နောက်မှလိုက်ကာ ၃၂၀၁ သို့ ဝင်ခဲ့ကြသည်။
လင်းယွမ်၏အိမ်တွင် ၃၂၀၂ မှ လူများအားလုံး ရောက်ရှိနေကြသည်။ လင်းယွမ်က အမဝူကို ငါးကိုင်ရန်နှင့် အဒေါ်ကြီးလီကို ပန်းခြံလုပ်ငန်းများလုပ်ရန် ငှားရမ်းထားပြီး ထမင်းကျွေးမည်ဟု ပြောထားသောကြောင့်ဖြစ်သည်။ ထို့အပြင် ယနေ့တွင် ကိစ္စများစွာ ဖြစ်ပျက်ခဲ့သဖြင့် လူစုံတက်စုံ အတူတကွ ထမင်းစားရန် ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။
အိမ်နှစ်အိမ်လုံးမှ လူများ ၃၂၀၁ တွင် ရောက်နေကြ၏။ အဒေါ်ကြီးလီ၊ ဝူချင်းနှင့် ရန်မေတို့က မီးဖိုချောင်ထဲတွင် ညစာအတွက် အလုပ်ရှုပ်နေကြသည်။ ချိုင်ယောင်လေးကလည်း မီးဖိုချောင်ထဲတွင် ကူညီပေးနေသည်။
တင်းယန်မှလွဲ၍ ကျန်သည့်အမျိုးသမီးများအားလုံး မီးဖိုချောင်ထဲတွင် ရောက်နေကြသည်။ တင်းယန်မှာမူ လင်းယွမ်၏ စာကြည့်ခန်းထဲတွင် ဘာလုပ်နေမှန်းမသိ၊ အထဲမှ စက်သံတဝီဝီ ထွက်ပေါ်နေသည်။
ဦးလေးမာနှင့် ချိုင်ကြည်တို့က ဧည့်ခန်းထဲတွင် စကားပြောနေကြပြီး သစ်ဖောင်လုပ်မည့်ကိစ္စကို တိုင်ပင်နေကြပုံရသည်။ လင်းယွမ်နှင့် ကျောက်ခိုင် ဝင်လာသည်ကိုမြင်လျှင် သူတို့နှစ်ယောက်၏ အာရုံက ထိုဘက်သို့ ရောက်သွားကြသည်။
"ဟေ... ကျောက်ခိုင်... မင်းဆံပင်တွေက ဘယ်လိုဖြစ်တာလဲ"
"ဆိုးဆေး ဆိုးလာတာလား"
သူတို့နှစ်ယောက်က တစ်ယောက်တစ်ခွန်း ပြောရင်း မနေနိုင်ဘဲ ရယ်မောလိုက်ကြသည်။ ရေခဲပြာရောင်တောက်နေသော ကျောက်ခိုင်၏ ပုံစံဆန်းနေသည့် ဆံပင်စတိုင်က အကြည့်များကို ဖမ်းစားနေသည်မှာ အမှန်ပင်။
ကျောက်ခိုင်က သူ့ဆံပင်သူ ပြန်စမ်းရင်း ရှက်ကိုးရှက်ကန်းဖြင့် "ဒါက မတော်တဆ ဖြစ်သွားတာပါ" ဟု ဆိုသည်။
လင်းယွမ်က ပြုံးလျက် "မရယ်ကြပါနဲ့... ကျောက်ခိုင်က သန္ဓေပြောင်းအစွမ်း နိုးထလာလို့ပါ... သူ့ဆံပင်အရောင်က အစွမ်းကြောင့် ပြောင်းသွားတာ"
"ဘာ"
"ဟေ... သန္ဓေပြောင်းအစွမ်း နိုးထလာတာ"
လင်းယွမ်၏ စကားတစ်ခွန်းကြောင့် ချိုင်ကြည်နှင့် ဦးလေးမာတို့ အံ့အားသင့်ကာ ထိုင်ရာမှ ဝုန်းခနဲ ထရပ်လိုက်ကြသည်။ သူတို့နှစ်ဦးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး မေးခွန်းထုတ်ကြတော့သည်။
"ဘယ်လိုဖြစ်တာလဲ... ကျောက်ခိုင်... မင်း ဘယ်လိုလုပ်ပြီး အစွမ်းနိုးထလာတာလဲ... ဒဏ်ရာရသွားသေးလား" ချိုင်ကြည်က မေးလိုက်သည်။
ဦးလေးမာကလည်း "အစွမ်းနိုးထဖို့ဆိုတာ အန္တရာယ်များတယ် မဟုတ်လား... ပြင်ပက လှုံ့ဆော်မှု လိုတယ်ဆို... ကျောက်ခိုင်... မင်း ဘာလှုံ့ဆော်မှု ခံလိုက်ရလို့လဲ" ဟု ဝင်ပြောသည်။
ကျောက်ခိုင်က လက်ကာပြလိုက်ပြီး "မဟုတ်ဘူး... ကျွန်တော် ဘာမှမဖြစ်ပါဘူး... အစ်ကိုလင်းကြောင့်ပါ... အစ်ကိုလင်း ကူညီပေးလို့"
သူက လင်းယွမ်ကို လှမ်းကြည့်လိုက်ရာ ဦးလေးမာနှင့် ချိုင်ကြည်တို့လည်း လင်းယွမ်ဘက်သို့ လှည့်ကြည့်လာကြသည်။ ဧည့်ခန်းထဲမှ အာမေဋိတ်သံများကြောင့် မီးဖိုချောင်ထဲမှ အမျိုးသမီးများလည်း ထွက်ကြည့်ကြသလို လက်နက်သုတေသန လုပ်နေသော တင်းယန်ပင် စာကြည့်ခန်းထဲမှ ထွက်လာသည်။
လူအများက သူ့ကို ဝိုင်းကြည့်နေကြသဖြင့် လင်းယွမ်က ပြုံးလိုက်ပြီး "ကံကောင်းလို့ပါ... သန္ဓေပြောင်း အသီးတစ်လုံး တွေ့ခဲ့တာလေ"
သူက ဆက်လက်ရှင်းပြသည်။ "ကျောက်ခိုင်က ကျွန်တော်နဲ့အတူ လျှိုအားလုံကို သတ်တုန်းက သူ့လက်ကို လျှိုအားလုံ ချိုးတာ ခံလိုက်ရတယ်... အခုလိုအခြေအနေမျိုးမှာ ဆရာဝန်ရှာဖို့ကလည်း မဖြစ်နိုင်တော့ဘူး... တစ်ခုတည်းသော မျှော်လင့်ချက်က သန္ဓေပြောင်းအစွမ်း နိုးထလာရင် သူ့လက် ပြန်ကောင်းသွားနိုင်တယ် ဆိုတာပဲ... ဒါကြောင့် အဲဒီ သန္ဓေပြောင်းအသီးကို ကျွန်တော့်သဘောနဲ့သူ့ကို ပေးလိုက်မိတယ်... အားလုံးနဲ့ မတိုင်ပင်မိတာ အားနာပါတယ်ဗျာ"
ဦးလေးမာတို့အားလုံး သဘောပေါက်သွားကြသည်။ ထို့နောက် တစ်ယောက်တစ်ပေါက် ဝင်ပြောကြတော့၏။
ဦးလေးမာက "လင်းယွမ်ရာ... မင်းပြောမှပဲ စကားရိုင်းတော့မယ်... ဒါ ဘာများ အားနာစရာ ရှိလို့လဲ... သန္ဓေပြောင်းအသီးက မင်းရှာတွေ့တာပဲ... မင်းပေးချင်တဲ့သူ ပေးလို့ရတာပေါ့" ဟု ဆိုသည်။
ချိုင်ကြည်ကလည်း ခေါင်းညိတ်ထောက်ခံသည်။ "ဟုတ်တာပေါ့... ဦးလေးမာ ပြောတာ မှန်တယ်... မင်းက ဘာကိစ္စ ငါတို့ကို တောင်းပန်နေရတာလဲ... ပြီးတော့ ကျောက်ခိုင်လက်က လျှိုအားလုံကို သတ်ရင်း ကျိုးသွားတာလေ... ဒီအသီးက သူ့လက်ကို ကုပေးနိုင်မှတော့ သူအရင်စားသင့်တာပေါ့"
ကျန်လူများကလည်း ခေါင်းညိတ်ထောက်ခံကြပြီး ကျောက်ခိုင်ကို ဂုဏ်ပြုစကား ဆိုကြသည်။ ကျောက်ခိုင်၏ ရင်ထဲတွင် ကြည်နူးမှုများ လှိုက်တက်လာသည်။ ဤမိသားစုကြီးက တကယ်ကို ကောင်းမွန်လွန်းလှသည်ဟု ခံစားမိ၏။
ရေကြီးပြီးနောက်ပိုင်း ဤကဲ့သို့သော ခံစားချက်မျိုး သူပထမဆုံး ရရှိဖူးခြင်းဖြစ်သည်။ လင်းယွမ်တို့အဖွဲ့နှင့် မပူးပေါင်းခင်က လူတိုင်းကို သတိထားခဲ့ရသည်။ အစာတစ်လုပ်အတွက်နှင့် လူသတ်မည့်သူတွေချည်း ဖြစ်နေသောကြောင့်ပင်။ ထိုအချိန်က အမှောင်မိုက်ဆုံး အချိန်များဟု သူခံစားခဲ့ရသည်။
ယခုတော့ ထိုသို့မဟုတ်။ အစ်ကိုလင်းက တိုက်ကို ထိန်းချုပ်လိုက်ပြီးနောက် အခန်းပိုင်ရှင်များလည်း အပြင်ထွက်ရဲလာကြပြီ။ လုယက်သတ်ဖြတ်မည့်သူ မရှိတော့သလို ငါးဖမ်းထွက်ရဲနေကြပြီ။ ဤအရာအားလုံးသည် အစ်ကိုလင်းကြောင့် ဖြစ်သည်ကို တခြားသူများ သတိမထားမိကြသော်လည်း ကျောက်ခိုင်ကမူ ကောင်းစွာသိသည်။ ဤငြိမ်းချမ်းမှုနှင့် စည်းစနစ်ကျနမှု အားလုံးသည် လင်းယွမ်နှင့် သူတို့အားလုံး အသက်စွန့်ကြိုးပမ်းခဲ့ရသော ရလဒ်များဖြစ်သည်။
သူ ဤအဖွဲ့ဝင်တစ်ယောက် ဖြစ်ခွင့်ရသည်ကို အလွန်ဝမ်းသာမိသည်။ ရှောင်မန်သာ ရှိနေသေးလျှင် ဘယ်လောက်ကောင်းလိုက်မလဲ... ကျောက်ခိုင်၏ အပြုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မျက်ဝန်းထဲတွင် အထီးကျန်ဆန်မှု အရိပ်အယောင်များ ယှက်သန်းလာသည်။
ထိုအချိန်တွင် တင်းယန်က "ကျောက်ခိုင်... နင့်အစွမ်းက ဘာလဲ" ဟု မေးလိုက်သည်။
ချိုင်ကြည်နှင့် ဦးလေးမာတို့လည်း စိတ်ဝင်စားသွားကြပြီး ဝိုင်းမေးကြတော့သည်။
"ဟုတ်သားပဲ ကျောက်ခိုင်... မင်းအစွမ်းက မင်းဆံပင်နဲ့ ဆိုင်လား"
"ရုပ်ရှင်တွေထဲကလို ဆံပင်သရဲတော့ မဟုတ်လောက်ပါဘူးနော်"
"ဘာ ဆံပင်သရဲလဲ"
"ဆံပင်တွေ ရှည်ထွက်လာပြီး လူတွေကို ရစ်ပတ်သတ်တဲ့ သရဲမလေ"
လူအုပ်ကြီးမှာ ဟားတိုက် ရယ်မောလိုက်ကြသည်။
ကျောက်ခိုင်လည်း ရယ်ရခက် ငိုရခက်ဖြစ်သွားပြီး "မဟုတ်ပါဘူးဗျာ... မဟုတ်ပါဘူး... ကျွန်တော့်အစွမ်းက ရေခဲပါ"
ပြောပြောဆိုဆိုနှင့် သူက နေရာတွင်ပင် သရုပ်ပြလိုက်သည်။ စားပွဲပေါ်ရှိ ဦးလေးမာ၏ ရေနွေးခွက်ကို လှမ်းကိုင်လိုက်ရာ ရေခဲမြူများ ထွက်ပေါ်လာပြီး ခဏအတွင်းမှာပင် ထိုရေနွေးခွက်မှာ ရေခဲတုံးအဖြစ် ခဲသွားလေတော့သည်။
ဤလက်စွမ်းကို မြင်လိုက်ရသောအခါ လူတိုင်း အာမေဋိတ် ရေရွတ်လိုက်မိကြသည်။
"ဟိုက်ရှားဘား... ဒီအစွမ်းက မိုက်လှချည်လား... ဒီလိုပူတဲ့ရာသီမှာ ရေခဲရေသောက်ချင်ရင် သိပ်အဆင်ပြေမှာပဲ"
"ဟေ... မောင်ကျောက်... မင်းအစွမ်းကို သေချာသုံးရင် ငါတို့ ရေခဲသေတ္တာတောင် မလိုတော့ဘူးပေါ့"
"ဟုတ်တာပေါ့ မောင်လေးကျောက်... နင် ရေခဲလုပ်ပြီး အပြင်ကလူတွေကို ရောင်းလို့ရတာပေါ့... သူတို့ အစာနဲ့လာလဲလဲ... ငါးဖမ်းမိထားရင်ပဲဖြစ်ဖြစ် ရေခဲရိုက်ထားလို့ ရပြီလေ"
"အမယ်... ရန်မေ... ညည်းအကြံ ကောင်းသားပဲ... မောင်ကျောက်ရေ... မင်းတော့ ဈေးဦးပေါက်ပြီ"
လင်းယွမ်မှာ ဘေးမှနားထောင်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေရသည်။ လူတို့ဉာဏ်ရည်ကသာ အကန့်အသတ်မဲ့ပါလား။ ကျောက်ခိုင်၏ ရေခဲအစွမ်းက စီးပွားရေးတန်ဖိုး ရှိလိမ့်မည်ဟု သူလုံးဝ မတွေးမိခဲ့ပေ။
ကျောက်ခိုင်လည်း လူတိုင်း၏ ဝိုင်းဝန်းမြှောက်ပင့်မှုကြောင့် ပျော်ရွှင်ပြီး ပြုံးဖြီးနေတော့သည်။ လူအုပ်ထဲတွင် တင်းယန်တစ်ယောက်သာ အစွမ်း၏ တိုက်ခိုက်နိုင်စွမ်းကို စိတ်ဝင်စားသူဖြစ်သည်။
"ကျောက်ခိုင်... နင့်အစွမ်းက တိုက်ခိုက်အား ဘယ်လိုနေလဲ... လူကို ပစ်လိုက်ရင် ခဲသွားအောင် လုပ်နိုင်လား"
ကျောက်ခိုင်က "အမတင်း... လူကိုတော့ ကျွန်တော် မစမ်းကြည့်ရသေးဘူး... ဒါပေမဲ့ ရေခဲမြူတွေကို လက်မှာစုစည်းပြီး ထိုးလိုက်ရင်တော့ ကျွန်တော့်ခံစစ်အား ပိုကောင်းလာတာ တွေ့ရတယ်... နောက်ပြီး ရေခဲချွန်တွေဖန်တီးပြီး လက်နက်လိုလို... လက်နက်ပုန်းလိုလို သုံးလို့ရတယ်... ဓားမြှောင်လို ထိုးမလား... ပစ်ပြီးပဲ တိုက်ခိုက်မလား... ရတယ်"
ဤအရာများကို အပေါ်ထပ်တွင် သူစဉ်းစားထားခဲ့ခြင်း ဖြစ်သည်။ လင်းယွမ် သင်ပေးထားသည်များနှင့်တော့ မတူပေ။ လင်းယွမ် ပြုံးလိုက်မိသည်။ ကျောက်ခိုင်က တိုက်ခိုက်ရေးပါရမီ ရှိပုံရသည်။ တိုတောင်းလှသော အချိန်အတွင်း ရေခဲအစွမ်း၏ အသုံးပြုပုံများကို စမ်းသပ်ရှာဖွေထားနိုင်သည်ပဲ။
တင်းယန်က ချက်ချင်းပင် "လာ... ငါ နင်နဲ့ စမ်းသပ်ပေးမယ်" ဟု ဆိုလိုက်သည်။
ကျောက်ခိုင် ကြောင်အသွားသည်။ "ဗျာ... အမတင်း... ဒါက"
တင်းယန်က မျက်မှောင်ကြုတ်လိုက်ပြီး "ဘာတွေ တွန့်ဆုတ်နေတာလဲ... နင်က ငါ့ကို မနိုင်ဘူးလို့ ထင်နေတာလား"
"မ... မဟုတ်ပါဘူးဗျာ"
ကျောက်ခိုင်မှာ မတတ်သာတော့ဘဲ လင်းယွမ်ကိုကြည့်ကာ အကူအညီတောင်းရတော့သည်။
လင်းယွမ်က ရယ်မောလိုက်ပြီး "တင်းယန်ရေ... ခဏနေ ထမင်းစားတော့မှာ... လက်ရေစမ်းချင်ရင် မနက်ဖြန်မှ ခေါင်မိုးထပ်သွားလက်ရေစမ်း... ကျောက်ခိုင်ကို လျှော့မတွက်နဲ့နော်... အခုမှ အစွမ်းနိုးထလာတာ ဆိုပေမဲ့ ရေရှိတဲ့ပတ်ဝန်းကျင်မှာဆိုရင် ရေခဲအစွမ်းက ပုံစံမျိုးစုံသုံးလို့ရပြီး အတော်လေး အစွမ်းထက်တာ"
တင်းယန်က နှာခေါင်းရှုံ့လိုက်ပြီး "တကယ်ပဲ အစွမ်းထက်ပါစေတော်... မဟုတ်ရင် ရှင့်ရဲ့ သန္ဓေပြောင်းအသီး နှမြောစရာကြီး"
လင်းယွမ်က ဟားတိုက်ရယ်မောလိုက်ပြီး မျက်နှာပူနေသော ကျောက်ခိုင်ကို ပုခုံးပုတ်ကာ "သူ့အကြောင်း မင်းသိသားပဲ... စေတနာနဲ့ ပြောတာပါ... ကဲ... အားလုံး ထိုင်ကြ... ထမင်းစားဖို့ ပြင်ကြမယ်... ဒီည အရက်လေး နည်းနည်းသောက်ပြီး ကျောက်ခိုင် ဒဏ်ရာပျောက်သွားတာနဲ့ အစွမ်းနိုးလာတာကို ဂုဏ်ပြုကြတာပေါ့... ပြီးတော့ ၇၆ တိုက်က တိုက်တွဲခြောက်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး ဝမ်ကျဲအဖွဲ့ကို ရှင်းလင်းနိုင်ခဲ့တာကိုပါ ဂုဏ်ပြုကြမယ်"
အားလုံး ပျော်ရွှင်စွာ ရယ်မောလိုက်ကြသည်။ ရန်မေ၊ အဒေါ်ကြီးလီနှင့် အမဝူတို့က ဟင်းပွဲများကို စားပွဲပေါ်သို့ စတင်ချခင်းကြသည်။ ခဏအတွင်းမှာပင် ၃၂၀၁ ၏ လေထုမှာ သက်ဝင်လှုပ်ရှားလာပြီး လူတိုင်း၏ မျက်နှာပေါ်တွင် ရင်ထဲမှလာသော အပြုံးများ ပေါ်ထွန်းလာကြသည်။
ထမင်းစားပွဲပေါ်တွင် အဓိက ခေါင်းစဉ်မှာ ကျောက်ခိုင်ဖြစ်နေသော်လည်း ခဏအကြာတွင် အောက်ထပ်မှ လျှိုဖိန်ဖိန်အကြောင်း ရောက်သွားကြသည်။
"လင်းယွမ်... ဖိန်ဖိန်လေး ဘာမှမဖြစ်ဘူးမလား" အဒေါ်ကြီးလီက စိတ်ပူစွာ မေးသည်။
လင်းယွမ်က ပြုံးလျက် "ဘာမှမဖြစ်ရုံတင် မကဘူးဗျ... ကံကောင်းပြီး သန္ဓေပြောင်းအစွမ်းပါ နိုးလာတယ်"
ထိုစကားကြောင့် လူတိုင်း အံ့သြသွားကြပြန်သည်။ ဦးလေးမာက "နောက်တစ်ယောက် ထပ်နိုးလာပြန်ပြီလား" ဟု မေးလိုက်သလို ချိုင်ကြည်ကလည်း "အဲဒီ ကောင်မလေးလည်း နိုးလာပြီလား... ဘာအစွမ်းတဲ့လဲ" ဟု စပ်စုသည်။ တင်းယန်နှင့် ရန်မေတို့လည်း သိချင်စိတ်ဖြင့် လှမ်းကြည့်ကြသည်။
လင်းယွမ်က ဖုံးကွယ်မထားဘဲ ပြောပြလိုက်သည်။ "စိတ်စွမ်းအင်ပိုင်းဆိုင်ရာ အစွမ်းဖြစ်လောက်တယ်... စိတ်ဝင်္ကပါလိုမျိုးပေါ့... အသေးစိတ်ကိုတော့ ကာယကံရှင်ကိုယ်တိုင် ရှာဖွေရဦးမယ်"
"ဟာ... စိတ်စွမ်းအင်ပိုင်းဆိုင်ရာတဲ့လား"
တင်းယန်က ပထမဆုံး ရေရွတ်လိုက်သူ ဖြစ်သည်။ ဒီလူတွေထဲတွင် သူမနှင့် လင်းယွမ်ကသာ စိတ်စွမ်းအင် အစွမ်းရှင်များ၏ ကြောက်မက်ဖွယ်ကောင်းပုံကို သိကြသည်။ ကပ်ပါးကောင် အစွမ်းရှိသော ရွှီလီဟွာဖြစ်စေ၊ အာရုံမှားစေသော အစွမ်းရှိသည့် ဝမ်ကျဲဖြစ်စေ... တင်းယန်မှာ သူတို့လက်ချက်ဖြင့် အလူးအလဲ ခံခဲ့ရဖူးသည်။ ထို့ကြောင့် စိတ်စွမ်းအင်သမားများ မည်မျှ အန္တရာယ်များကြောင်း သူမကောင်းကောင်းကြီး သိသည်။
"သူရော သန္ဓေပြောင်းအသီး စားလိုက်တာလား" တင်းယန်က သံသယဖြင့် မေးသည်။
လင်းယွမ်က ခေါင်းခါလိုက်သည်။ "သူ့အခြေအနေက နင်နဲ့တူတယ်... ပြင်ပလှုံ့ဆော်မှုကြောင့် နိုးထလာတာ... ချန်ဟုန်တို့ ဝိုင်းဖမ်းတာခံရတုန်းက သေဘေးနဲ့ကြုံပြီး စိတ်လှုံ့ဆော်မှု ဖြစ်သွားပုံရတယ်... အဲဒါကြောင့် သူ့အလိုလို နိုးထလာတာ... အချိန်မီ မတွေ့လိုက်ရင် သူ့စိတ်ဝင်္ကပါထဲမှာပဲ ပိတ်မိနေပြီး ခန္ဓာကိုယ်ပါ သေသွားနိုင်တယ်"
တင်းယန် မျက်နှာပျက်သွားပြီး လျှိုဖိန်ဖိန် ဘာကြုံခဲ့ရသလဲဆိုတာ နားလည်သွားသည်။ ကျန်လူများလည်း သက်ပြင်းချလိုက်မိကြသည်။ ပြင်ပလှုံ့ဆော်မှုဖြင့် နိုးထခြင်းလမ်းစဉ်က တကယ်ကို အန္တရာယ်များလှသည်။ ကျောက်ခိုင်လည်း သန္ဓေပြောင်းအသီး၏ တန်ဖိုးရှိပုံကို ထပ်မံ သတိပြုမိသွားသည်။
"ဒါဆိုရင် ငါတို့ တိုက်တွဲ (၁) မှာတင် အစွမ်းနိုးထသူ လေးယောက် ရှိသွားပြီပေါ့" ချိုင်ကြည်က လက်ချိုးရေတွက်ရင်း အံ့သြစွာ ဆိုသည်။
လင်းယွမ်က ရယ်လိုက်သည်။ "လေးယောက် မဟုတ်ဘူး... ငါးယောက်"
"ငါးယောက်"
"နောက်ထပ် ရှိသေးတယ်"
"ဘယ်သူလဲဟ"
လူတိုင်း အံ့သြသွားကြပြီး ဝိုင်းမေးကြပြန်သည်။
လင်းယွမ်က "ဆုန့်ဝမ်လည်း နိုးလာပြီ" ဟု ဖြေသည်။
"ဘာ... ဆုန့်ဝမ်" ရန်မေက အံ့သြသွားသည်။
အဒေါ်ကြီးလီကလည်း "ဆုန့်ဝမ်လေးလား... သူ နိုးသွားပြီလား... ဒီနေ့တောင် သူ့ကို တွေ့လိုက်ပါသေးတယ်"
"သူက ဘယ်လိုလုပ် နိုးလာတာလဲ" တင်းယန်က မနေနိုင်ဘဲ မေးလိုက်သည်။
လင်းယွမ်က "အဲဒီအကြောင်း ကျွန်တော် ပြောမလို့ပဲ... ဆုန့်ဝမ် နိုးလာတဲ့ပုံစံက တခြားလူတွေနဲ့ မတူဘူး... သူက ခရုခွံထဲက ပုလဲကို စားပြီး နိုးထလာတာ... ပြီးတော့ အဲဒီနည်းလမ်းက ဘာအန္တရာယ်မှ မရှိဘူး... အနည်းဆုံးတော့ ဆုန့်ဝမ်အတွက် ဘာအန္တရာယ်မှ မရှိဘဲ ချက်ချင်း အစွမ်းနိုးလာတာ"
လင်းယွမ်၏ စကားကြောင့် လူတိုင်း တုန်လှုပ်သွားကြပြန်သည်။
"ခရုခွံထဲက ပုလဲ... အဲဒါကလည်း အစွမ်းနိုးထတဲ့ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်တယ်လား"
"ဘယ်လို ပုလဲမျိုးလဲ"
"ဟုတ်တယ်... ပုံစံက ဘယ်လိုလဲ"
လူတိုင်း ဝိုင်းမေးကြပြန်သည်။ ဒါက အစွမ်းနိုးထရာတွင် အန္တရာယ်ကင်းစေမည့် အဖိုးတန်ပစ္စည်း မဟုတ်ပါလော။
လင်းယွမ်က "ဆုန့်ဝမ် ပြောပြတာတော့ အစိမ်းရောင်ပုလဲတဲ့... ခရုခွံပုံစံက ဂုံးနဲ့တူပေမဲ့ အရွယ်အစားက အတော်ကြီးတယ်... ဒိုင်းကာလောက် ရှိတယ်တဲ့"
ရန်မေက "မောင်လေး... နင်အရင်က ခရုခွံတွေ လက်ခံထားတာ ရှိတယ်မလား... အဲဒီထဲမှာ ပုလဲ ပါတယ်လို့ အမမှတ်မိတယ်"
လင်းယွမ်က ခေါင်းညိတ်သည်။ "ဟုတ်တယ်... ကျွန်တော် အရင်က ခရုခွံတွေ လက်ခံထားဖူးတယ်... ဒါပေမဲ့ ပုလဲပါတာ တစ်ခုပဲ ရှိတယ်... ဒါပေမဲ့ အဲဒီခရုခွံက သေးတယ်... ပုလဲအရောင်ကလည်း မတူဘူး... ဆုန့်ဝမ် စားလိုက်တဲ့ ပုလဲနဲ့ အာနိသင် တူမတူတော့ ကျွန်တော် မသေချာဘူး"
ပြောရင်းဆိုရင်း လင်းယွမ်က လက်ကိုလှန်လိုက်ကာ အဖြူရောင် ပုလဲတစ်လုံးကို ထုတ်ပြလိုက်သည်။ လွန်ခဲ့သည့် ရက်ပိုင်းက ငါးဖမ်းသမားတစ်ယောက် လာလဲသွားသည့် ခရုခွံထဲမှ ရလိုက်ခြင်းဖြစ်သည်။ သို့သော် အဖြူရောင် ဖြစ်နေသည်။
အားလုံးက ထိုပုလဲကို မက်မက်မောမော ကြည့်နေကြသည်။
"ဒီပုလဲကို စားလိုက်ရင် ဘာဖြစ်မလဲ မသိဘူးနော်" ချိုင်ကြည်က မနေနိုင်ဘဲ ပြောလိုက်သည်။
ဦးလေးမာကလည်း "သန္ဓေပြောင်းအစွမ်း နိုးလာနိုင်တာပဲ" ဟု ဆိုသည်။ ရှိနေသူများထဲတွင် သူတို့နှစ်ယောက်သာ အစွမ်းမရှိသေးသည့် ယောက်ျားသားများ ဖြစ်သည်။ ကိုယ့်စွမ်းရည် တိုးတက်ဖို့အတွက်သာမက အဖွဲ့ထဲတွင် မျက်နှာမငယ်ရလေအောင် သူတို့လည်း အစွမ်းလိုချင်ကြသည်မှာ အမှန်ပင်။
လင်းယွမ်က "ကျွန်တော် အာမမခံရဲဘူး... ဒါပေမဲ့ ခင်ဗျားတို့ ဘယ်သူ့ကိုမှ မစားစေချင်ဘူး... လောလောဆယ် ကျွန်တော်တို့ အတည်ပြုနိုင်တာက သန္ဓေပြောင်းအသီးကသာ အန္တရာယ်ကင်းကင်းနဲ့ နိုးထစေနိုင်တာ... ပုလဲကျတော့ ဆုန့်ဝမ် တစ်ယောက်ပဲ ဥပမာရှိသေးတယ်... အားလုံးအတွက် မှန်ကန်တယ်လို့ ယူဆလို့မရသေးဘူး"
ဦးလေးမာနှင့် ချိုင်ကြည်တို့ ငြိမ်ကျသွားကြသည်။ ဤသဘောတရားကို သူတို့ နားလည်ပါသည်။ သို့သော် အစွမ်းရနိုင်မည့် အခွင့်အရေးကို ဘယ်သူက မလိုချင်ဘဲ နေမည်နည်း။ သို့သော် နှစ်ယောက်စလုံးက လူကြီးလူကောင်းများ ပီပီ ရင့်ကျက်စွာ တွေးခေါ်နိုင်ကြသည်။ ကိုယ့်မိသားစုဝင်များကို ကြည့်လိုက်ပြီးနောက် စိတ်လျှော့ကာ ပြုံးလိုက်ကြသည်။
"လင်းယွမ် ပြောတာ ဟုတ်ပါတယ်... ဒါက အန္တရာယ်ရှိနိုင်တယ်... လောလောဆယ် အဖွဲ့ထဲမှာ အစွမ်းရှိသူတွေ ရှိနေတော့ ငါတို့လည်း အသည်းအသန်ကြီး လိုအပ်နေတာမှ မဟုတ်တာ" ဦးလေးမာက ပြုံးလျက် ဆိုသည်။
ချိုင်ကြည်ကလည်း "လင်းယွမ်... ဒီလိုလုပ်ကွာ... ဒီပုလဲကို သိမ်းထားလိုက်... တစ်နေ့နေ့ ငါတို့ထဲက တစ်ယောက်ယောက် ဒဏ်ရာအပြင်းအထန်ရပြီး ကုမရတော့တဲ့ အခြေအနေရောက်မှ နောက်ဆုံး မျှော်လင့်ချက်အနေနဲ့ ထုတ်သုံးကြတာပေါ့"
သူ့စကားကို အားလုံးက ခေါင်းညိတ်ထောက်ခံကြသည်။ လောလောဆယ် အခြေအနေ ကောင်းနေသဖြင့် မလိုအပ်ဘဲ အန္တရာယ်မစွန့်စားသင့်ပေ။
လင်းယွမ်လည်း ပြုံးလိုက်ပြီး "ကောင်းပြီလေ... ဒီပုလဲကို ကျွန်တော်ပဲ ယာယီသိမ်းထားလိုက်မယ်"
ထိုစဉ် တင်းယန်က ဝင်မေးသည်။ "ရှင်တို့ ဘယ်လိုထင်လဲ... လူတစ်ယောက်က အစွမ်းတစ်မျိုးပဲ နိုးထနိုင်တာလား"
ထိုမေးခွန်းကြောင့် အားလုံး ကြောင်သွားကြသည်။ ဒါကို ဘယ်သူမှ မစဉ်းစားဖူးကြပေ။ လင်းယွမ်ကိုယ်တိုင်ပင် အစွမ်းတစ်ခုသာ ရှိရမည်ဟု အလိုအလျောက် တွေးထားမိသည်။
သူစဉ်းစားလိုက်ပြီး "လောလောဆယ်တော့ အစွမ်းနှစ်မျိုးရှိတဲ့လူ မတွေ့ဖူးသေးဘူး... ဒါပေမဲ့ မရှိဘူးလို့တော့ ပြောမရသေးဘူး... အခုမရှိပေမဲ့ နောက်ပိုင်း ရှိလာနိုင်တာပဲ... သန္ဓေပြောင်းလဲနှုန်း မမြင့်သေးလို့လည်း ဖြစ်နိုင်တယ်"
ပြောရင်းနှင့် သူက တင်းယန်ကို ကြည့်ကာ "အလိုကြီးရင် အရနည်းတတ်တယ်... ငါတို့ အစွမ်းတစ်မျိုး ရထားတာကတင် တခြားလူတွေအတွက် အိပ်မက်တစ်ခု ဖြစ်နေပြီ... လောလောဆယ် ရှိပြီးသားအစွမ်းကိုပဲ သေချာအသုံးချနိုင်အောင် လေ့ကျင့်သင့်တယ်"
သူက အဓိပ္ပာယ်ပါပါ ဆက်ပြောသည်။ "အစွမ်းတိုင်းမှာ ကိုယ်ပိုင် ထူးခြားချက်တွေ ရှိကြတယ်... နယ်ပယ်မတူရင် အသုံးဝင်ပုံလည်း မတူကြဘူး... တခြားအစွမ်းတွေနဲ့ လိုက်နှိုင်းနေဖို့ မလိုဘူး... နောက်ပိုင်း တိုက်ပွဲတွေမှာ တစ်ကိုယ်တော် တိုက်ခိုက်တာထက် အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တာက ပိုအရေးပါလာလိမ့်မယ်"
တင်းယန် ကြောင်အသွားပြီး လင်းယွမ်ကို တစ်ချက်ကြည့်ကာ ခေါင်းငုံ့ပြီး အရက်ခွက်ကို မော့သောက်လိုက်သည်။
ကျောက်ခိုင်လည်း ခေါင်းညိတ်ထောက်ခံသည်။ "အစ်ကိုလင်း ပြောတာ ဟုတ်တယ်... ကျွန်တော့်အစွမ်းက ကြည့်ရင် အားကောင်းသလို ထင်ရပေမဲ့ တကယ်တမ်း စိတ်စွမ်းအင်သမားတွေနဲ့ တွေ့ရင် ခံရဖို့ များတယ်"
ချိုင်ကြည်ကလည်း "မှန်တယ်... တစ်ယောက်အားနဲ့ အများအား ဘယ်ယှဉ်နိုင်မလဲ... ငါတို့ စည်းလုံးဖို့ လိုတယ်... စိတ်ချရတဲ့ အဖွဲ့ဝင်သစ်တွေ ရှာဖို့ လိုတယ်"
"ဒါနဲ့ နေပါဦး... ရှောင်ဆုန့်နဲ့ ရှောင်လျှို... အဲဒီ ကလေးမနှစ်ယောက်ကို ဘယ်လိုမြင်ကြလဲ"
ချိုင်ကြည်က မေးလိုက်သည်။ ဦးလေးမာက ချက်ချင်း ဝင်ပြောသည်။ "ငါ့သဘောကတော့ အဲဒီ ကလေးမနှစ်ယောက် မဆိုးပါဘူး... ရေကြီးပြီးနောက်ပိုင်း ဘာမကောင်းမှုမှ မလုပ်ဖူးကြဘူး... စိတ်ရင်းမဆိုးကြပါဘူး... ပြီးတော့ သူတို့နှစ်ယောက်က အစွမ်းနိုးထထားသူတွေဆိုတော့ ငါတို့အဖွဲ့ကို ချဲ့ထွင်မယ်ဆိုရင် ဒီလိုလူမျိုးတွေ လိုအပ်တယ်... ၇၆ တိုက်ကို စီမံခန့်ခွဲဖို့ပဲ ဖြစ်ဖြစ်... နောက်ပိုင်း အပြင်ထွက်ပြီး အန္တရာယ်တွေ ရင်ဆိုင်ဖို့ပဲ ဖြစ်ဖြစ်... အစွမ်းကြီးတဲ့သူတွေ အဖွဲ့ထဲ ဝင်လာဖို့ လိုအပ်တယ်"
ဦးလေးမာ ပြောပြီးသည်နှင့် အဒေါ်ကြီးလီကလည်း ဝင်ထောက်ခံသည်။ "ဟုတ်တယ်... ဒီကလေးမ နှစ်ယောက်လုံးက တိုက်တွဲ (၁) က အိမ်နီးချင်းတွေပဲ... ငါတို့လည်း ငယ်ငယ်ကတည်းက မြင်လာတာ... အပြင်လူတွေ ခေါ်တာထက် စာရင် သူတို့က ပိုစိတ်ချရတာပေါ့"
အားလုံးက ခေါင်းညိတ်ထောက်ခံကြသည်။ ထိုကောင်မလေးနှစ်ယောက်ကို အဖွဲ့ထဲ ဆွဲထည့်သင့်သည်ဟု ယူဆကြသည်။
လင်းယွမ်က "ဟုတ်ပြီ... အားလုံး သဘောတူတယ်ဆိုရင် ယာယီ ဆုံးဖြတ်လိုက်ကြတာပေါ့... ဒါပေမဲ့ ဒီကိစ္စက သိပ်တော့ မလောပါဘူး... အဒေါ်ကြီးလီ... အဒေါ်ကြီးက ရပ်ကွက်လူကြီးဟောင်းပဲ... စည်းရုံးရေးအပိုင်းမှာ အဒေါ်ကြီးပဲ တာဝန်ယူပြီး သူတို့နှစ်အိမ်နဲ့ ပိုရင်းနှီးအောင် လုပ်ပေးပါဦး"
အဒေါ်ကြီးလီက ရင်ဘတ်ကို ပုတ်လိုက်ပြီး "မောင်လင်းရေ... စိတ်သာချထားလိုက်... အဒေါ်ကြီး ဘာလုပ်ခဲ့တာလဲ... ရပ်ကွက်ရုံးမှာ စုံစမ်းကြည့်လိုက်... အဒေါ်ကြီးလီဆိုတာ ဘယ်လောက် သဘောကောင်းလဲ ဆိုတာ... ပြီးတော့ ငါက ဘာလဲ... ပါတီဝင်ဟေ့... စည်းရုံးရေးအလုပ်ကတော့ ငါ့တာဝန်သာ ထားလိုက်"
အားလုံး ဟားတိုက် ရယ်မောလိုက်ကြပြန်သည်။
"စကားပဲ ပြောမနေနဲ့ဦး... လာ... စားကြ စားကြ"
ရန်မေက ပြုံးရွှင်စွာဖြင့် ဧည့်ခံသည်။ သူမ တကယ် ပျော်ရွှင်နေခြင်း ဖြစ်သည်။ ရေကြီးနေစဉ်ကာလတစ်လျှောက်လုံး တစ်နေ့နေ့ အိမ်ဖောက်ခံရမလား၊ လီကျစ်ချန်က သူ့ကို လျှိုအားလုံထံ ရောင်းစားမလားဟု စိုးရိမ်ထိတ်လန့်နေခဲ့ရသည်။ ထိုစဉ်က ယနေ့ကဲ့သို့ နွေးထွေးသော အခြေအနေမျိုး ရောက်လာလိမ့်မည်ဟု အိမ်မက်ပင် မမက်ခဲ့ဖူးချေ။
ဤအရာအားလုံးကို သူမ၏မောင်လေးက ယူဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ သူမကို နွေးထွေးသော နားခိုရာတစ်ခု ဖန်တီးပေးခဲ့သည်။
ရန်မေ၏ မျက်ဝန်းထဲတွင် လင်းယွမ်ကို ကြည့်သော အကြည့်များက ချစ်ခင်ကြင်နာမှုများ ပြည့်နှက်နေသည်။ လင်းယွမ်ကလည်း သူ့ကို ပြန်ကြည့်ကာ ပြုံးပြလိုက်သည်။
ကျန်လူများလည်း ကိုယ်စီ အတွေးများဖြင့် ကြည်နူးနေကြသည်။ ဤကမ္ဘာပျက်ကပ်ဘေးကြီးသည် သိပ်ပြီး ကြောက်စရာ မကောင်းတော့သလိုပင်။ လူဟူသည် အုပ်စုဖွဲ့ နေထိုင်တတ်သော အမျိုးအစား ဖြစ်သည်။ တစ်ယောက်တည်းဆိုလျှင် ကြောက်ရွံ့ထိတ်လန့်နေရသော်လည်း အဖော်များနှင့် အတူရှိနေလျှင် စိတ်အားတက်စရာ ဖြစ်လာသည်။ အခက်အခဲမှန်သမျှ ကျော်လွှားနိုင်လာသည်။
ယခု သူတို့အဖွဲ့တစ်ခုလုံး ကောင်းမွန်သော ဦးတည်ချက်သို့ ရှေးရှုနေပြီ ဖြစ်သည်။ ဤမျှဆိုလျှင် လုံလောက်ပေပြီ။ အနည်းဆုံးတော့ လူတိုင်း၏ စိတ်ထဲတွင် မျှော်လင့်ချက် ကိုယ်စီ ရှိနေကြပြီ။ မနက်ဖြန် ဘာဖြစ်မည်မသိနိုင်သော ဤလောကကြီးထဲတွင် စားစရာ သောက်စရာ ပြည့်စုံပြီး တစ်ယောက်ကိုတစ်ယောက် သံသယဝင်စရာမလိုဘဲ ယုံကြည်နားလည်နိုင်ကြသည်။
ဤအရာထက် ပိုတန်ဖိုးရှိတာ ဘာရှိဦးမည်နည်း။
ဆက်ရန်...