← Chapters

အခန်း (၁၁၅-၁၁၆)

Vol. 6 Ch. 115-116

အခန်း (၁၁၅-၁၁၆)

Vol. 6 Ch. 115-116

အပိုင်း (၁၁၅) ဆုန့်ဝမ် အင်္ကျီပြန်ပေးခြင်းနှင့် တိုက်ပေါ်မှ ပျံဝဲလာသော ကျောက်တုံး

မိုးသည်းထန်စွာ ရွာသွန်းနေပြီး ဆုန့်ဝမ်၏ အဝတ်အစားများမှာ စိုရွှဲနေသည်။

သူမသည် လင်းယွမ်၏ တီရှပ်အင်္ကျီကို ကိုင်ထားသော်လည်း အနည်းငယ် အနေရခက်နေသည်။

လက်ရှိအဝတ်အစားပေါ်မှ ထပ်ဝတ်လိုက်လျှင် ဒီအင်္ကျီပါ စိုသွားမည်ကို စိုးရိမ်ရသည်။

သို့သော် စိုရွှဲနေသော အဝတ်အစားများကို ချွတ်လိုက်လျှင် အတွင်းခံသာ ကျန်တော့မည်။

အဓိကအချက်က ဒီနေရာတွင် လင်းယွမ် ရှိနေခြင်းပင်။

လင်းယွမ်ကလည်း သူမ၏ အခက်အခဲကို နားလည်သဖြင့် ချက်ချင်း ပြောလိုက်သည်။ "နင် အဝတ်အရင်လဲလိုက်... ငါ တိုက်တွဲ ၆ ဘက် သွားကြည့်လိုက်ဦးမယ်"

သူက အပေါ်ပိုင်း ဗလာကျင်းထားသော်လည်း မိုးရေစိုမည်ကို မကြောက်ပေ။

သူ့တွင် လေနှင့်မိုးကို ကာကွယ်ပေးနိုင်သော စိတ်စွမ်းအင် အကာအကွယ် ရှိနေသည် မဟုတ်ပါလား။

လင်းယွမ်က ခေါင်မိုးပေါ်ရှိ တံတိုင်းပုလေးကို ကျော်ခွကာ မိုးရေများကြားထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။

ထိုအခါမှ ဆုန့်ဝမ် သက်ပြင်းချနိုင်တော့သည်။ ဘယ်ညာ ကြည့်လိုက်ပြီး လူမရှိသည်ကို သေချာမှ ထောင့်ချိုးတစ်ခုသို့ ဝင်ကာ လင်းယွမ်၏ အင်္ကျီကို အမြန်လဲလိုက်သည်။

လင်းယွမ်၏ အင်္ကျီက ပွယောင်းနေသဖြင့် သူမ ဝတ်လိုက်သောအခါ တင်ပါးအောက်ထိ ဖုံးအုပ်သွားသည်။

စောစောက လင်းယွမ် အပေါ်ပိုင်းဗလာဖြင့် ကြွက်သားအဖုအထစ်များ ပေါ်လွင်နေသည့် ပုံစံကို ပြန်တွေးမိပြီး သူမမျက်နှာ ရဲခနဲ ဖြစ်သွားသည်။

"တော်စမ်း... ဆုန့်ဝမ်... ဆုန့်ဝမ်... နင် ဘာတွေ စိတ်ကူးယဉ်နေတာလဲ... အစ်ကိုလင်းမှာ အမရန်မေ ရှိပြီးသားလေ"

သူမ ကိုယ့်ကိုယ်ကိုယ် ပြန်ဆူပူလိုက်ပြီး ထီးကိုယူကာ အောက်ထပ်သို့ အမြန်ဆင်းလာခဲ့သည်။

အခန်း ၃၂၀၁ ရှေ့ ရောက်သောအခါ ရန်မေက အပြင်မှ အခန်းပိုင်ရှင်များ လာရောက်လဲလှယ်သည့် ငါးစာရင်းများကို မှတ်တမ်းတင်ပေးနေသည်။

သူမက တစ်ချက်လှမ်းကြည့်လိုက်ရာ လူအုပ်ကြားထဲမှ ဆုန့်ဝမ်ကို မြင်လိုက်ရသည်။

အလေ့အကျင့်အရ နှုတ်ဆက်ရန် ပါးစပ်ဟလိုက်သော်လည်း ဆုန့်ဝမ် ဝတ်ထားသည့် အင်္ကျီကို သတိထားမိလိုက်သည်။

နှုတ်ခမ်းဖျား ရောက်နေသော စကားလုံးများက လည်ချောင်းထဲ ပြန်ဝင်သွားသည်။

"ဒါ... မနက်က မောင်လေး ဝတ်သွားတဲ့ အင်္ကျီ မဟုတ်လား"

"ဘယ်လိုလုပ် ဆုန့်ဝမ် ကိုယ်ပေါ် ရောက်နေတာလဲ"

ရန်မေ စိတ်ထဲတွင် ရှုပ်ထွေးသွားပြီး ဆက်မတွေးရဲတော့ပေ။

"ရန်မေ... ရန်မေ"

ဘေးမှ ဝူချင်းက နှစ်ခါလောက် လှမ်းခေါ်လိုက်မှ ရန်မေ သတိဝင်လာသည်။ "ဟင်... ဘာဖြစ်လို့လဲ"

"ဘာတွေ တွေးနေတာလဲ... ငေးနေလိုက်တာ... ဒီအစ်ကိုကြီးက ငါး ၈ ကောင်၊ ခရု ၄ ကောင်တဲ့... ငါး ၁၀ ကောင်နဲ့ ညီမျှတယ်လို့ သတ်မှတ်လို့ ရမလား" ဝူချင်းက ပြုံးပြီး မေးလိုက်သည်။

ရန်မေ အမြန် ခေါင်းညိတ်လိုက်သည်။ "ရပါတယ်"

သူမက ရှုပ်ထွေးနေသော အတွေးများကို ဘေးဖယ်ကာ ခေါင်းငုံ့ပြီး ပြန်လည် အလုပ်ရှုပ်သွားသည်။

သို့သော် ဘောပင်ကို ကိုင်ထားသော သူမ၏ လက်ချောင်းများမှာ အားပြုထားလွန်းသဖြင့် ဖြူဖျော့နေသည်ကို မည်သူမှ သတိမထားမိကြပေ။

............................................................................................................

လင်းယွမ် တိုက်တွဲ ၆ ခေါင်မိုးပေါ် ရောက်သောအခါ မာကောချိုင်နှင့် ချိုင်ကြည်တို့က လှေဖောင်၏ အဓိက အစိတ်အပိုင်းများကို စတင် တပ်ဆင်နေကြပြီ ဖြစ်သည်။

လှေဖောင်၏ အောက်ခြေက ပြီးသလောက် ရှိနေပြီ။

အောက်ဘက်တွင် ပလပ်စတစ်များကို အထပ်လိုက်စီကာ ပင်လယ်မျှော့ကော်ဖြင့် ကပ်ထားပြီး "ခရင်းဂွ" ပုံသဏ္ဌာန် အောက်ခြေတစ်ခု ပြုလုပ်ထားသည်။

အပေါ်တွင် သံပိုက်လုံး ၃ ချောင်းဖြင့် အဓိက ကိုယ်ထည်ကို တည်ဆောက်ထားသည်။

ထို့နောက် သံပိုက်လုံးများပေါ်တွင် သစ်သားပျဉ်ပြားများ ခင်းကာ ပင်လယ်မျှော့ကော်ဖြင့်ပင် ကပ်ထားသည်။

အလယ်တည့်တည့်တွင် ရွက်လွှင့်ရန်အတွက် သံတိုင်တစ်တိုင် စိုက်ထူထားသည်။

သံတိုင်ဘေးပတ်လည်တွင် မိုးလုံလေလုံ အမိုးအကာ အသေးစားတစ်ခု ဆောက်လုပ်ထားသည်။

ဤလှေဖောင်သည် လက်စမ်းသပ်ရန်သာ ဖြစ်သဖြင့် အရွယ်အစား သိပ်မကြီးပေ။ ၁၅ပေ ပတ်လည် ခန့်သာ ရှိသည်။

အမိုးအကာအောက်တွင် လူ ၂ ယောက် ၃ ယောက်လောက် ထိုင်လိုက်ပါက ပြဿနာမရှိ။

အမိုးအကာ အပြင်ဘက်တွင်လည်း လှုပ်ရှားသွားလာရန် နေရာအလုံအလောက် ရှိသည်။

လင်းယွမ်တွင် ပစ္စည်းသိုလှောင်နိုင်သော နေရာလွတ်ပါသဖြင့် ဤလှေဖောင်တွင် ပစ္စည်းထားရန် နေရာကို လျှော့ချထားပြီး ပေါ့ပါးအောင် ဖန်တီးထားခြင်း ဖြစ်သည်။

လင်းယွမ် ရောက်လာသည်ကို မြင်သောအခါ ဦးလေးမာနှင့် ချိုင်ကြည်တို့ အလုပ်ရပ်လိုက်ကြသည်။

"မောင်လင်း ရောက်လာပြီပဲ... လာကြည့်ပါဦး... ငါတို့ လှေဖောင် ဘယ်လိုလဲ" ဦးလေးမာက ရယ်မောကာ ပြောလိုက်သည်။

သူ ဖန်တီးထားသော လှေဖောင်ကို သူကိုယ်တိုင် အတော်ကျေနပ်နေပုံရသည်။

လင်းယွမ်က တစ်ပတ်လျှောက်ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ ပြုံးလိုက်သည်။ "ပြီးခါနီးပြီလား"

ဦးလေးမာက ပြုံး၍ ပြောသည်။ "ပြီးခါနီးပါပြီ... အဓိကက အရင် ဝမ်ကျဲလူစု လုပ်ထားတာ တော်တော်များများ ပြီးနေလို့လေ"

"ပြီးတော့ ဒီလှေဖောင်အသေးက လိုအပ်ချက် သိပ်မများဘူး... လူ ၃-၄ ယောက်လောက် တင်နိုင်ရင် ရပြီဆိုတော့ မြန်မြန်ပြီးတာပေါ့"

"ဒါပေမဲ့ ငါ့ဒီဇိုင်းအရဆိုရင် နောက်ပိုင်း ထပ်ချဲ့ချင်ရင်ဖြစ်ဖြစ်... တိုက်တွဲ ၁ က လှေဖောင်နဲ့ တွဲချင်ရင်ဖြစ်ဖြစ် လုပ်လို့ရတယ်"

"အဲဒီကျရင် ဆက်လိုက်ရုံပဲ... အောက်ခြေဧရိယာ ကျယ်လာရင် လှေဖောင်အရွယ်အစားလည်း ကြီးလာမှာ"

"ပုံမှန် မောင်းနှင်ဖို့က ပြဿနာ မရှိဘူး... ဒါပေမဲ့ မုန်တိုင်းထန်ပြီး လှိုင်းကြီးရင်တော့ ပြောရခက်တယ်" ဦးလေးမာက လက်တွေ့ကျကျ ပြောသည်။

ချိုင်ကြည်က ဝင်ပြောသည်။ "အဲဒီလောက် မဖြစ်လောက်ပါဘူး... မိုးသည်းတာ မှန်ပေမယ့် မြို့ထဲမှာဆိုတော့ ကုန်းမြေအမြင့်အနိမ့်ကွာခြားချက် သိပ်မရှိဘူးလေ... ရေစီးဆင်းနှုန်းက အရှိန်အဟုန် မရှိသလောက်ပဲ... လှိုင်းလည်း သိပ်ရှိမှာ မဟုတ်ဘူး"

"ထိုက်ယန်တောင်ဘက် သွားဖို့လောက်ကတော့ ပြဿနာ မရှိလောက်ဘူး"

လင်းယွမ် ခေါင်းညိတ်လိုက်သည်။ သူတို့နှစ်ယောက် သုံးသပ်ချက်က ဖြစ်နိုင်ခြေ ရှိသည်။

"ဟုတ်ပြီ... ဒီနှစ်ရက်အတွင်း ပြီးအောင်လုပ်ပြီး ရေချလိုက်ကြတာပေါ့"

ချိုင်ကြည် ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် သံသယဖြင့် မေးလိုက်သည်။ "မင်း ဘာလို့ အင်္ကျီ ဝတ်မထားတာလဲ... လေ့ကျင့်ခန်း လုပ်ထားတာလား"

လင်းယွမ်က "အင်း" ဟုသာ ဖြေပြီး ရောချလိုက်သည်။

ထို့နောက် "ပင်လယ်မျှော့ကော်က သုံးလို့ ကောင်းရဲ့လား" ဟု မေးလိုက်သည်။

ဒီအကြောင်း ပြောလိုက်သည်နှင့် နှစ်ယောက်သား မျက်လုံး အရောင်လက်လာကြသည်။

"အရမ်းကောင်းတယ်... ငါ တစ်ခါမှ ဒီလိုကော်မျိုး မတွေ့ဖူးဘူး" ဦးလေးမာက စိတ်လှုပ်ရှားစွာ ပြောသည်။

ချိုင်ကြည်ကလည်း ရယ်မော၍ ပြောသည်။ "ဒီပစ္စည်းက တကယ် မိုက်တယ်... ပလပ်စတစ်တင် မကဘူး... သံပိုက်လုံးတွေ... သစ်သားတွေ အကုန် ကပ်လို့ရတယ်"

"ပြီးတော့ တစ်ခါကပ်ပြီးရင် ပြန်ခွာဖို့ ခက်တယ်... လွှနဲ့တိုက် ပုဆိန်နဲ့ခုတ်မှ ရတာ"

လင်းယွမ် ပြုံးလိုက်သည်။ "ကောင်းရင် ပြီးတာပဲ... မနေ့က ပင်လယ်မျှော့တွေ ထပ်ရထားတယ်... လက်ရှိတော့ ကော်အလုံအလောက် ပေးနိုင်မှာပါ"

"နောက်မှ တိုက်တွဲ ၁ က လှေဖောင်အတွက် ကော်လိုရင် ကျွန်တော့်ဆီ လာယူလိုက်"

နှစ်ယောက်သား ဝမ်းသာအားရ ခေါင်းညိတ်ကြသည်။

ပင်လယ်မျှော့များသည် ရှားပါးအသုံးဝင်ပစ္စည်းများ ဖြစ်လာသဖြင့် လင်းယွမ် တစ်ကောင်မှ မသတ်ရက်ဘဲ ကော်ထုတ်ရန်သာ မွေးထားလိုက်သည်။

နေ့တိုင်း အားသည်နှင့် ပင်လယ်မျှော့များကို ညှစ်ပြီး တစ်စက်မှ မကျန်အောင် ကော်ထုတ်ယူရသည်။

သူ့တွင် ပစ္စည်းသိုလှောင်ခန်းရှိသဖြင့် ညှစ်ထုတ်လိုက်သော ကော်များ ခြောက်သွားမည်ကို စိုးရိမ်စရာ မလို။

ပစ္စည်းသိုလှောင်ခန်းထဲ ထည့်လိုက်လျှင် ထည့်တုန်းက အရည်ပုံစံအတိုင်း ပြန်ထုတ်ယူနိုင်သည်။

သူတို့နှင့် လှေဖောင် မွမ်းမံမည့်အကြောင်း ဆက်ပြောနေစဉ် တိုက်တွဲ ၆ လှေကားဘက်မှ ဆုန့်ဝမ်၏ အသံကို ကြားလိုက်ရသည်။

"အစ်ကိုလင်း"

လင်းယွမ်တို့ သုံးယောက် လှည့်ကြည့်လိုက်ရာ ဆုန့်ဝမ်က တံခါးပေါက်တွင် ရပ်နေပြီး လက်ထဲ၌ အနက်ရောင် တီရှပ်တစ်ထည် ကိုင်ထားသည်ကို တွေ့လိုက်ရသည်။

သူမ၏ အဝတ်အစားများ လဲပြီးသား ဖြစ်သည်။ လက်ထဲမှ အနက်ရောင် တီရှပ်သည်လည်း လင်းယွမ်၏ အင်္ကျီ မဟုတ်ပေ။ ဘယ်က ရလာမှန်း မသိ။

ချိုင်ကြည်နှင့် ဦးလေးမာတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး သဘောပေါက်စွာ ပြုံးလိုက်ကြသည်။ လှေဖောင်အကြောင်း ဆွေးနွေးသယောင် ဟန်ဆောင်ကာ တစ်ဖက်သို့ လှည့်ထွက်သွားကြသည်။

လင်းယွမ်က လူလည်နှစ်ယောက်ကို ကြည့်ပြီး ခေါင်းခါလိုက်သည်။ ရှင်းပြမနေတော့ဘဲ ဆုန့်ဝမ် ဆီသို့ လျှောက်သွားလိုက်သည်။ "ငါ့အတွက်လား"

ဆုန့်ဝမ် မျက်နှာလေး ရဲနေသည်။ "ဟို... စောစောက အစ်ကို့အင်္ကျီကို ကျွန်မ စိုအောင် လုပ်မိလို့လေ... အသစ်တစ်ထည် ပြန်ပေးတာပါ... ဟိုအင်္ကျီကိုတော့ လျှော်ပြီးရင် ပြန်ပေးပါ့မယ်"

သူမက လက်ထဲမှ အင်္ကျီကို ကမ်းပေးလိုက်သည်။

လင်းယွမ် ယူကြည့်လိုက်ရာ အင်္ကျီပေါ်တွင် ဝမ်ပေါင် ဟူသော စာလုံး ဒီဇိုင်းကို တွေ့လိုက်ရသဖြင့် ကြောင်သွားသည်။

ဆုန့်ဝမ် မျက်နှာ ပိုရဲလာပြီး အလျင်အမြန် ရှင်းပြသည်။ "ကျွန်မ အရင်တုန်းက တိုက်ရိုက်ထုတ်လွှတ်တဲ့အလုပ် လုပ်ခဲ့ဖူးတယ်လေ... ဒါက ပရိသတ်အဖွဲ့ဝင်တွေအတွက် လုပ်ထားတဲ့ လက်ဆောင်အင်္ကျီပါ... အစ်ကို အထင်မလွဲနဲ့နော်"

"တကယ်တော့ ကျွန်မအိမ်မှာ တခြား ယောကျ်ားလေး အဝတ်အစား မရှိလို့ပါ"

လင်းယွမ် ပြုံးလိုက်သည်။ "အဝတ်အစားပဲဟာ... ဘာ အထင်လွဲစရာ ရှိလို့လဲ"

သူ ဝတ်ကြည့်လိုက်ရာ ကွက်တိ ဖြစ်နေသည်။

ဆုန့်ဝမ်က သူမ၏ နာမည်ပြောင် ရေးထိုးထားသော စာလုံးများ လင်းယွမ် ရင်ဘတ်ပေါ်တွင် ရောက်နေသည်ကို ကြည့်ပြီး မျက်နှာ ပိုနီရဲလာသည်။ တိုးတိုးလေး ပြောလိုက်သည်။ "ဒါဆို ကျွန်မ ပြန်တော့မယ်"

လင်းယွမ် ခေါင်းညိတ်လိုက်သည်။ "အင်း... တိုက်တွဲ ၃ ကို နင် တာဝန်ယူလိုက်တော့"

"ဟုတ်ကဲ့"

လင်းယွမ်က ဦးလေးမာနှင့် ချိုင်ကြည်တို့ဆီ ပြန်ရောက်သောအခါ သူတို့နှစ်ယောက်က လင်းယွမ် ဝတ်ထားသော တီရှပ်ကို ကြည့်ပြီး ထူးဆန်းသော အပြုံးများ ပြုံးနေကြသည်။

သို့သော် ဤကိစ္စက မေးရခက်သဖြင့် လိမ္မာပါးနပ်စွာပင် စကားလမ်းကြောင်းလွှဲပြီး လှေဖောင်အကြောင်း ဆက်ဆွေးနွေးကြသည်။

မကြာမီ လှေကားဘက်မှ အလျင်စလို ခြေသံများ ကြားလိုက်ရပြန်သည်။

လင်းယွမ်၏ အကြားအာရုံက ကောင်းမွန်သဖြင့် ထိုဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။

တင်းယန်က လေးနက်သော မျက်နှာထားဖြင့် အလျင်စလို ရောက်လာသည်ကို တွေ့လိုက်ရ၏။

အရေးကြီးကိစ္စ တစ်ခုခု ဖြစ်ပြီမှန်း လင်းယွမ် ရိပ်မိလိုက်သည်။ လက်ရှိအလုပ်ကို ရပ်ကာ လျှောက်သွားလိုက်သည်။

"ပြဿနာတက်ပြီ" တင်းယန်က လိုရင်းကို တိုတိုတုတ်တုတ် ပြောလိုက်သည်။ "တိုက်တွဲ ၁ ဘက်က ကြိုးတံတား အဖြတ်ခံလိုက်ရပြီ"

"တစ်ဖက် တိုက် ၇၅ က ဘာမှ အကြောင်းမပြန်ဘူး... တာအိုဆရာလင်းတို့ ဒုက္ခရောက်နေပြီ ထင်တယ်"

လင်းယွမ် မျက်မှောင်ကြုတ်သွားပြီး မိုးရေထဲတွင် မတ်မတ်ရပ်တည်နေသော တစ်ဖက်မှ တိုက် ၇၅ ကို လှမ်းကြည့်လိုက်သည်။

"ဘာဖြစ်တာလဲ"

တိုက် ၇၅ သည်လည်း သူ အမှတ်ရှာဖွေနေသော လမ်းကြောင်းများထဲမှ တစ်ခုဖြစ်သည်။

နေ့စဉ် ထိုဘက်မှ ငါး အကောင် ၆၀၊ ၇၀ လောက် ပို့ပေးနေကျ ဖြစ်ပြီး အမှတ်မနည်းပေ။

ကြိုးတံတား အဖြတ်ခံရခြင်းက သူ့အတွက် အမှတ်ဝင်ငွေ လျော့နည်းသွားစေသဖြင့် လျစ်လျူရှုထား၍ မရပေ။

"သွားကြည့်ရအောင်"

သူတို့နှစ်ယောက် အောက်မဆင်းတော့ဘဲ ခေါင်မိုးပေါ်မှ တံတိုင်းပုကို ကျော်ကာ တိုက်တွဲ ၁ ဘက်သို့ ကူးလာခဲ့ကြသည်။

ထင်သည့်အတိုင်းပင်... တိုက်တွဲ ၁ နှင့် တစ်ဖက် တိုက် ၇၅ ကြား ဆက်သွယ်ထားသော ကြိုးတံတားသည် ပြတ်တောက်နေပြီ ဖြစ်သည်။

ကြိုးစများသာ လေထဲတွင် ယိမ်းနွဲ့ကျန်ရစ်ခဲ့သည်။

လင်းယွမ်က တစ်ဖက်တိုက်တွဲကို စူးစိုက်ကြည့်လိုက်သည်။ သူ၏ မျက်စိစွမ်းအားဖြင့် ကြည့်ရာ မိုးရေများကြားရှိ တစ်ဖက်တိုက်တွဲပေါ်တွင် လူရိပ်တစ်ခု လှုပ်ရှားနေသည်ကို တွေ့လိုက်ရသည်။

"အဲဒီလူ လုပ်တာလား"

လင်းယွမ် ခန့်မှန်းကြည့်လိုက်သည်။ တစ်ဖက်လူက ဘယ်သူလဲ။

တာအိုဆရာလင်းရဲ့ ရန်သူလား။

ဤလုပ်ရပ်က တာအိုဆရာလင်းကို ရည်ရွယ်ပုံရသည်။

"တိုက် ၇၅ လည်း မငြိမ်းချမ်းတော့ဘူးပဲ... တာအိုဆရာလင်း အခြေအနေ မကောင်းလောက်ဘူး"

တင်းယန်က လက်ပိုက်လျက် တိုက် ၇၅ ကို ကြည့်ကာ ပြောလိုက်သည်။

လင်းယွမ်က ပြောသည်။ "ငါတို့ဆီမှာတောင် ဒီလောက် အစွမ်းပိုင်ရှင်တွေ ပေါ်လာတာပဲ... တစ်ဖက်တိုက်မှာ အစွမ်းပိုင်ရှင် တစ်ယောက်နှစ်ယောက် ပေါ်လာတာ မဆန်းပါဘူး"

"သာမန်ထက်ထူးတဲ့ အစွမ်းတွေ ရလာပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်တဲ့လူ ရှားတယ်... စိတ်ကူးပေါက်သလို လျှောက်လုပ်ကြတော့တာပဲ"

"ဒါကြောင့် ဟိုဘက်မှာ လျှိုအားလုံတို့ ဝမ်ကျဲတို့လို လူတွေ ထပ်ပေါ်လာလည်း ငါ မအံ့သြဘူး"

တင်းယန်က မေးသည်။ "ဒါဆို အခု ဘယ်လိုလုပ်မလဲ"

လင်းယွမ် ခေါင်းခါလိုက်သည်။ "မလောနဲ့... စောင့်ကြည့်ရအောင်... တာအိုဆရာလင်း မသေသေးရင် ငါတို့နဲ့ အဆက်အသွယ် လုပ်လာလိမ့်မယ်... ဟိုဘက် အခြေအနေကို ၂၄ နာရီ စောင့်ကြည့်ဖို့ လူစီစဉ်ထားလိုက်"

တင်းယန် ခေါင်းညိတ်သည်။ "သိပြီ... ကျွန်မတာဝန်ထား"

"နင့်ကိုပဲဒုက္ခပေးရမှာပဲ"

"ရပါတယ်... ကျွန်မလည်း အားနေတာပဲ... ဒါနဲ့... ဒီနေ့ စွန်းတ ဆိုတဲ့ လူတစ်ယောက် ကျွန်မဆီ ရောက်လာတယ်... ရှင် လွှတ်လိုက်တာဆို"

လင်းယွမ် ခေါင်းညိတ်ပြီး မနေ့က ကျန်းလန်ကျွမ်း ကိစ္စကို ပြန်ပြောပြလိုက်သည်။

တင်းယန်က ချက်ချင်း နှာခေါင်းရှုံ့လိုက်သည်။ "အမဝူက လူပါးဝတာပဲ... ရှင့် ပစ္စည်းကို သုံးပြီး သူက မျက်နှာလုပ်တယ်ပေါ့လေ... ဟွန်း"

လင်းယွမ် ပြုံးလိုက်သည်။ "ထားလိုက်ပါ... ချိုင်ကြည်က ဒီမနက် ငါ့ကို တောင်းပန်ပြီးပါပြီ... ကိုယ့်လူတွေပဲဟာ... ကိစ္စမရှိပါဘူး"

တင်းယန် မျက်နှာ အနည်းငယ် ကြည်လင်သွားပြီး ပြောသည်။ "အင်းပါ... အဲဒီ စွန်းတ ဆိုတဲ့လူကို ကျွန်မ ကင်းလှည့်ခိုင်းထားတယ်... ကြည့်ရတာတော့ ရိုးရိုးအေးအေးပါပဲ"

လင်းယွမ် ခေါင်းညိတ်သည်။ "သာမန်လူ တစ်ယောက်အနေနဲ့ စောင့်ကြည့်လိုက်ပေါ့"

တင်းယန် "အင်း" ဟု ပြောပြီး ထိုကိစ္စကို ဆက်မပြောတော့။ ထို့နောက် "ရှင် ဆုန့်ဝမ်နဲ့ လျှိုဖိန်ဖိန်ကို တော်တော် အထင်ကြီးပုံရတယ်" ဟု မေးလိုက်သည်။

"ဘာလို့ အဲဒီလို ပြောတာလဲ"

"သူတို့နှစ်ယောက်က လူသတ်ဖူးတာ မဟုတ်ဘူး... ရှင်က သူတို့ကို ကင်းလှည့်ခေါင်းဆောင် ပေးလိုက်တော့ ဟို လူမိုက်တချို့ကို ထိန်းနိုင်ပါ့မလားလို့"

လင်းယွမ် ပြုံးလိုက်သည်။ "ဒီတိုက်ပေါ်မှာ သန္ဓေပြောင်းအစွမ်း နိုးထတဲ့လူက ဒီလောက်ပဲ ရှိတာ... သူတို့နှစ်ယောက်က သွေးမစွန်းဖူးပေမယ့် အစွမ်းရှိနေတာနဲ့တင် လူအများကြီးထက် သာနေပြီ"

"ငါတို့က နောက်ပိုင်း ဒီတိုက်ကနေ ထွက်သွားရမှာ... အမြင်ကို ဒီတိုက်တစ်ခုတည်းမှာပဲ ကျဉ်းမြောင်းမထားဘဲ အပြင်က လူတွေကိုပါ ကြည့်ရမယ်"

"သန္ဓေပြောင်းသတ္တဝါတွေအပြင် အဓိက သတိထားရမှာက ငါတို့နဲ့ မျိုးတူ လူလူချင်းတွေပဲ"

"သူတို့က ငါတို့တိုက်က အခန်းပိုင်ရှင်တွေ... ငါတို့ရဲ့ အိမ်နီးချင်းတွေ... နောင်တစ်ချိန် အပြင်ထွက်ရင် အပြင်က ရန်သူတွေကို ရင်ဆိုင်တဲ့အခါ သူတို့က ငါတို့ရဲ့ မဟာမိတ်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာမှာ"

"အခုအချိန်မှာ သူတို့ကို မစည်းရုံးရင် ဘယ်အချိန် စည်းရုံးမှာလဲ"

တင်းယန်က စဉ်းစားခန်း ဝင်သွားသည်။ "ထိုက်ယန်တောင် ပေါ်မှာ အဖွဲ့တစ်ခုခုက နေရာယူထားမှာကို စိုးရိမ်နေတာလား"

လင်းယွမ်က အဝေးရှိ ထိုက်ယန်တောင်ဘက်ကို လှမ်းမျှော်ကြည့်ရင်း ပြောလိုက်သည်။ "ကမ္ဘာပျက်ကပ် ရောက်လာတော့ လူမျိုးစုံ ပေါ်လာမှာပဲ... ထိုက်ယန်တောင်က မြင့်တော့ ရေဘေးရှောင်ဖို့ အကောင်းဆုံးပဲ... ငါတစ်ယောက်တည်း တွေးမိတာ မဖြစ်နိုင်ဘူး"

"အဲဒီမှာ လူရှိနေဖို့ သေချာသလောက်ပဲ... ထိုက်ယန်တောင်ပေါ် တက်ချင်ရင် ပေးဆပ်မှု တစ်ခုခု မရှိဘဲ မဖြစ်နိုင်ဘူး"

သူက တင်းယန်ဘက် ပြန်လှည့်လိုက်သည်။ "ဒါကြောင့် အသုံးဝင်တဲ့လူတွေကို တတ်နိုင်သမျှ စည်းရုံးရမယ်... အထူးသဖြင့် ဆုန့်ဝမ်နဲ့ လျှိုဖိန်ဖိန် လို လူမျိုးတွေ... သူတို့က သွေးမစွန်းဖူးဘူး... လူမသတ်ဖူးဘူး ဆိုပေမယ့်"

"အဲ့လိုကိစ္စကြောင့်ပဲ သူတို့ရဲ့ ကိုယ်ကျင့်တရားက ဟို လုယက်သတ်ဖြတ်နေတဲ့ ကောင်တွေထက် အများကြီး သာတယ်"

"ဒီလိုလူမျိုးတွေမှ ငါတို့ရဲ့ မိတ်ဖက် ဖြစ်လာနိုင်မှာ... မဟုတ်ရင် ဘယ်သူက ကိုယ့်နောက်ကျောကို စိတ်ချလက်ချ ပေးရဲမှာလဲ... ဟုတ်တယ်မလား"

တင်းယန် ကြောင်သွားပြီး လင်းယွမ် ဘာကြောင့် ဒီမိန်းကလေးနှစ်ယောက်ကို အလေးထားသလဲ ဆိုသည်ကို နားလည်သွားသည်။

"ရှင် အဲဒီလို ပြောမှပဲ ရှင်းသွားတော့တယ်... ကျွန်မက ထင်နေတာ"

သူမ စကားကို ရပ်လိုက်သည်။

လင်းယွမ်က ပြုံးစိစိဖြင့် ကြည့်လိုက်သည်။ "ဘာလဲ... နင်က ဘာထင်လို့လဲ"

"ဟွန်း... ရှင် သူတို့ကို ကြိုက်နေတယ် ထင်လို့လေ"

လင်းယွမ် မျက်ခုံးပင့်လိုက်ပြီး ဟားတိုက်ရယ်မောလိုက်သည်။ "ငါ့ကို အဲဒီလိုလူလို့ ထင်နေတာလား"

"မဟုတ်လို့လား... ရန်မေက တစ်ယောက်သောသူရဲ့ အိမ်နီးချင်း ဆို... အခု အတူတူ နေနေကြပြီလေ"

လင်းယွမ် အပြုံး ပျက်သွားသည်။ ဒါက သူ့ရဲ့ မှောင်မိုက်သော သမိုင်းကြောင်းပါလား။

သို့သော် သူက ချက်ချင်း ပြန်ပြုံးလိုက်သည်။ "ငါက သူများကို အတင်းအကျပ် မလုပ်ပါဘူး... ဒါပေမဲ့ သူများက ငါ့ကို လာကြိုက်တာတော့ ငါ တားလို့ မရဘူးလေ"

"အော်... ဒါဆို ရန်မေက စကြိုက်တာပေါ့လေ" တင်းယန်က မျက်ခုံးပင့်ပြီး ချက်ချင်း မေးလိုက်သည်။

လင်းယွမ် ပြုံးလိုက်ပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။ "နင်က သိပ်စိတ်ဝင်စားနေပါလား"

"ဟမ့်... ကျွန်မက ဒီလောက် ကောင်းနေတဲ့ အခြေအနေကြီး မိန်းမကိစ္စကြောင့် ပျက်စီးသွားမှာ စိုးလို့" တင်းယန်က နှာခေါင်းရှုံ့လိုက်သည်။

လင်းယွမ်က ခေါင်းခါ ရယ်မောလိုက်သည်။ "ငါသာ မိန်းမ မက်တဲ့ကောင်ဆိုရင် လှေကားခွင်မှာ ဖန်းမေချင်းနဲ့ နင့်ကို စတွေ့တုန်းကတည်းက အိမ်ခေါ်သွားပြီးလောက်ပြီ"

တင်းယန် ငြိမ်ကျသွားသည်။ ထိုနေ့က လင်းယွမ်၏ ပုံစံကို သူမ ဘယ်တော့မှ မေ့မည်မဟုတ်။

ထိုစဉ်က သူသည် ဆိုင်ကယ်စီးဦးထုပ် ဆောင်းထားပြီး လက်ထဲတွင် လှံတစ်ချောင်း ကိုင်ထားသည်။

ဖန်းမေချင်း ဆိုသည့် ကောင်မက သူ့ကို မြှူဆွယ်ဖို့ ကြိုးစားတုန်းက သူက လှံသွားနဲ့ လည်ပင်းကို ထောက်ထားခဲ့သည်။

အဲဒီအချိန်ကတည်းက ဒီယောက်ျားဟာ အလုပ်ကြီးအကိုင်ကြီး လုပ်နိုင်မယ့်လူလို့ သူမ စိတ်ထဲ မှတ်ယူခဲ့သည်။

အဲဒီ အသိစိတ်ကြောင့်ပဲ နောက်ပိုင်း ဦးလေးမာနဲ့ ချိုင်ကြည်တို့ လင်းယွမ်နဲ့ မဟာမိတ် ဖွဲ့မယ်ဆိုတုန်းက သူတို့နဲ့ ပူးပေါင်းဖို့ တွန့်ဆုတ်မနေခဲ့ခြင်း ဖြစ်သည်။

အဲဒီတုန်းက သူမ ဦးလေးမာနဲ့ ချိုင်ကြည်တို့ကို ယုံကြည်တာ မဟုတ်ဘဲ လင်းယွမ်ကို ယုံကြည်ခဲ့ခြင်းပင်။

အလှအပ မြှူဆွယ်မှုကို တွန်းလှန်နိုင်တဲ့ လူမျိုးကိုမှ သူမ ယုံယုံကြည်ကြည် အားကိုးရဲသည်။

ဒါပေမဲ့ အခုကျတော့ လင်းယွမ်က မိန်းမကိစ္စမှာ အရမ်း ခံနိုင်ရည်ရှိလွန်းနေသလိုပင်။

သူမကိုယ်တိုင် ရင်းနှီးဖို့ ကြိုးစားတာတောင် သူက မသိမသာ ရှောင်ဖယ်နေသည်။

ဒါက သူမရဲ့ ဆွဲဆောင်မှုအပေါ် သံသယဝင်စရာ ဖြစ်လာစေသည်။

"ဝုန်း"

နှစ်ယောက်သား စကားပြောနေစဉ် လေခွင်းသံ ပြင်းပြင်းတစ်ချက် ကြားလိုက်ရသည်။

တစ်ဆက်တည်းမှာပင် တစ်ဖက်တိုက်ပေါ်မှ မည်းမည်းအရာဝတ္ထုတစ်ခု အရှိန်ပြင်းပြင်းဖြင့် ပျံဝဲလာသည်ကို တွေ့လိုက်ရသည်။

လင်းယွမ်က တင်းယန်ကို ဆွဲယူလိုက်ပြီး ညာဘက်သို့ အမြန် ခုန်ရှောင်လိုက်သည်။

"ဘုန်း"

ကွန်ကရစ်တုံးကြီး တစ်တုံးသည် လင်းယွမ်တို့နှင့် မီတာအနည်းငယ်အကွာ ခေါင်မိုးပေါ်သို့ ဝုန်းခနဲ ကျရောက်လာသည်။

ခေါင်မိုး ကြမ်းပြင် တုန်ခါသွားပြီး ရေစိုခံဆေးသားများ ကွဲအက်ကာ ရေများ လွင့်စဉ်ကုန်သည်။

လင်းယွမ် မျက်နှာ မည်းမှောင်သွားပြီး တိုက် ၇၅ ဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။

မိုးရေများကြားတွင် ထိုတိုက်ပေါ်မှ လူရိပ်သည် သူတို့ဘက်ကို စိုက်ကြည့်နေဆဲ ဖြစ်သည်။

တင်းယန်က ထိတ်လန့်သွားရာမှ လင်းယွမ်ကို တွန်းဖယ်လိုက်ပြီး ဒေါသတကြီး အော်လိုက်သည်။ "ခွေးကောင်"

သူမက ကွန်ကရစ်တုံးကြီးနား ပြေးသွားပြီး လက်နှစ်ဖက်ဖြင့် မကာ စွမ်းအင်များ စီးဝင်စေလိုက်သည်။ ထို့နောက် သံလုံးပစ် အားကစားသမားကဲ့သို့ လက်ကို လွှဲလိုက်သည်။

"ဝှီးးးးး"

တစ်ပတ်လည်ပြီးနောက် အရှိန်ရသည်နှင့် လွှတ်ချလိုက်သည်။

ကွန်ကရစ်တုံးကြီးသည် လေခွင်းသံ မြည်လျက် တစ်ဖက်တိုက်ဆီသို့ ဝုန်းခနဲ ပြန်လည် ပျံသန်းသွားသည်။

ပေ ၃၀၀ အကွာအဝေးကို မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားသည်။

ကွန်ကရစ်တုံးကြီးသည် တစ်ဖက်တိုက်ပေါ်သို့ ဝုန်းခနဲ ကျရောက်သွားသည်။

သို့သော် ချိန်သား မကိုက်သဖြင့် ထိုလူမည်းမည်းနှင့် ၁၈ပေခန့် လွဲချော်သွားသည်။

သို့သော်လည်း ထိုလူ လန့်ဖျပ်သွားပြီး ရှောင်တိမ်းလိုက်သည်ကို မြင်လိုက်ရသည်။

"လာစမ်းပါ... ခွေးကောင်... နောက်တစ်လုံး ပစ်ကြည့်စမ်း"

တင်းယန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူမ၏ အသံသည် မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်သွားသည်။

လင်းယွမ် အံ့သြသွားပြီး မတ်တတ်ရပ်ကာ မေးလိုက်သည်။ "နင့်အသံက ဘာလို့ ဒီလောက် ကျယ်ရတာလဲ"

တင်းယန်က ဒေါသမျက်နှာဖြင့် လင်းယွမ်ဘက် လှည့်လာသည်။ "ကျွန်မရဲ့ အသံကြိုးကို စွမ်းအင်ဖြည့်လိုက်တာ... အသံစွမ်းအားကို အများကြီး တိုးစေတယ်"

လင်းယွမ် အံ့သြသွားသည်။ "စွမ်းအင်ဖြည့်တာက ဒီလိုလည်း သုံးလို့ ရတာလား"

"ကျွန်မလည်း သိပ်မကြာခင်ကမှ စဉ်းစားမိတာ" တင်းယန်က ရှင်းပြသည်။

လင်းယွမ်က ချီးကျူးလိုက်သည်။ "မိုက်တယ်... လူတိုင်းရဲ့ သန္ဓေပြောင်းအစွမ်းက မတူကြပေမယ့် အစွမ်းတစ်ခုစီမှာ ထူးခြားချက်တွေ ရှိတယ်... သေချာ တူးဆွနိုင်ရင် မထင်မှတ်ထားတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်တာပဲ"

"နင်က ငါတို့အုပ်စုထဲမှာ တိုက်ခိုက်တာနဲ့ပါတ်သတ်ပြီး ပါရမီ အမြင့်ဆုံးပဲ"

လင်းယွမ်၏ ချီးကျူးစကားကြောင့် တင်းယန် ပြုံးမိသွားသည်။

"ဟိုလူက ဘာလို့ ကျွန်မတို့ကို တိုက်ခိုက်တာလဲ" သူမက ဝင့်ကြွားမနေဘဲ တစ်ဖက်လူ၏ လုပ်ရပ်ကို မေးခွန်းထုတ်လိုက်သည်။

လင်းယွမ်လည်း တစ်ဖက်တိုက်ကို မော့ကြည့်ရင်း စဉ်းစားလိုက်သည်။ "စောစောက ကွန်ကရစ်တုံးက သတိပေးတာ ဖြစ်လောက်တယ်"

"တစ်ဖက်လူက သူ့အင်အားကို တမင် ထုတ်ပြတာ... သူက သာမန်လူ မဟုတ်ဘူး... သန္ဓေပြောင်း အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်တယ် ဆိုတာကို... ပြီးတော့ တိုက်ချင်း ခြားနေပေမယ့် ကျောက်တုံးပစ်ပြီး ငါတို့ကို သတ်နိုင်တယ် ဆိုတာ ပြချင်တာ"

"ဒီခွေးကောင်... အခု ဘယ်လိုလုပ်မလဲ... သူ့ကို ပညာနည်းနည်း ပေးလိုက်ရမလား" တင်းယန် ဒေါသထွက်နေဆဲ။

လင်းယွမ်က စိတ်မဆိုးဘဲ ဆန်းစစ်လိုက်သည်။ "ကြည့်ရတာ ဒီလူက ခွန်အားအခြေပြု အစွမ်းပိုင်ရှင် ဖြစ်လောက်တယ်... စောစောက ကွန်ကရစ်တုံးက ၁၀ ကီလိုလောက် ရှိမယ်"

တင်းယန်က ခေါင်းညိတ်သည်။ "မကဘူး... ၁၃ ကီလိုလောက် ရှိမယ်"

"ဒီလောက်လေးတဲ့ ကွန်ကရစ်တုံးကို သာမန်လူက ပေ ၃၀၀ ရောက်အောင် ပစ်ဖို့ မပြောနဲ့... နင်တောင်မှ သံလုံးပစ်သလို အရှိန်ယူပြီး ပစ်မှ ရတာ"

"ဒါပေမဲ့ ဟိုလူက စောစောက အရှိန်ယူတဲ့ပုံစံ မရှိဘူး"

လင်းယွမ်က ထိုလူ ကျောက်တုံးပစ်လိုက်သည့် ပုံစံကို ပြန်မြင်ယောင်ကြည့်သည်။ လက်မောင်းကို မြှောက်ပြီး ဒီအတိုင်း ပစ်လိုက်ခြင်း ဖြစ်သည်။

"ကြည့်ရတာ... ခွန်အားသက်သက် ယှဉ်ရင် သူက နင့်ထက် သာလိမ့်မယ်"

တင်းယန် မျက်နှာ လေးနက်သွားသည်။

သူမက ခွန်အားအခြေပြု အစွမ်းပိုင်ရှင် မဟုတ်။ အရာဝတ္ထုများကို စွမ်းအင်ဖြည့်ပြီး ပေါက်ကွဲအားကို ယာယီ မြှင့်တင်ခြင်းသာ ဖြစ်သည်။

ဒီလို ပေါက်ကွဲအား ထုတ်ဖို့အတွက် စွမ်းအင် ကုန်ဆုံးရသည်။

တစ်ဖက်လူက စစ်မှန်သော ခွန်အားအခြေပြု အစွမ်းပိုင်ရှင်ဆိုလျှင် ရေရှည်တိုက်ပွဲ၌ သူမ ယှဉ်နိုင်မည် မဟုတ်။

သူမ၏ စွမ်းအင်ဖြည့် ပေါက်ကွဲအားက တစ်ဖက်လူကို လုံးဝ အပြတ်အသတ် သာလွန်နေမှသာ ရလိမ့်မည်။

ထိုအချက်ကို တွေးမိပြီး လင်းယွမ်ကို ကြည့်လိုက်သည်။ "ဒါဆို ဘယ်လိုလုပ်မလဲ"

လင်းယွမ် စဉ်းစားပြီး ပြောလိုက်သည်။ "နင် ကျောက်ခိုင်ကို သွားခေါ်"

သူ့မျက်လုံးထဲတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်သန်းသွားသည်။

"အစကတော့ တာအိုဆရာလင်း အကူအညီ လာတောင်းမယ့်အချိန်ကို စောင့်မလို့ပဲ... အခုတော့ ဒီအစွမ်းပိုင်ရှင်က သိပ်ဘဝင်မြင့်လွန်းနေပြီ... သူ့ကို မှတ်လောက်သားလောက်အောင် ပညာမပေးရင် ငါတို့ကို ငပျော့တွေ ထင်ပြီး ခေါင်းပေါ် တက်နင်းလိမ့်မယ်"

ဆက်ရန်...

အပိုင်း (၁၁၆) ရေအောက်တိုက်ခိုက်မှုနှင့် ပေသုံးရာ ရေပြင်ကို ဖြတ်ကူးခြင်း

"အစ်ကိုလင်း... ကျွန်တော့်ကို ရှာနေတာလား"

မကြာမီမှာပင် တင်းယန်က ကျောက်ခိုင်ကို ခေါ်ပြီး ပြေးတက်လာသည်။

လင်းယွမ်က မေးလိုက်သည်။ "မင်းရဲ့ အစွမ်းကို ဘယ်လောက် ပိုင်နိုင်နေပြီလဲ"

ကျောက်ခိုင်က ချက်ချင်းပြန်ဖြေသည်။ "မဆိုးပါဘူး... လက်ရှိ ထုတ်လွှတ်တဲ့နှုန်းက အများကြီး တိုးတက်လာပြီ"

"စမ်းသပ်ကြည့်ရအောင်... တကယ်လို့ ဟိုဘက်တိုက်ကို သွားမယ်ဆိုရင် အချိန်ဘယ်လောက်ကြာမလဲ ခန့်မှန်းကြည့်စမ်း"

လင်းယွမ်က မျက်နှာချင်းဆိုင်ရှိ တိုက် (၇၅) ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

ကျောက်ခိုင် လှည့်ကြည့်လိုက်သည်။ လင်းယွမ်က သူ့ကို အစကတည်းက ပြောထားဖူးသည်။ သူ့ရေခဲအစွမ်း အဆင့်တစ်ခု ရောက်လာရင် ဘေးပတ်ဝန်းကျင်က တိုက်တွေကို စူးစမ်းလေ့လာဖို့ ခေါ်သွားမည်ဟု ပြောထားခဲ့ဖူးသည်။

ဒါကြောင့်လည်း သူ ဒီရက်ပိုင်း အစွမ်းထုတ်လွှတ်မှုကို မနားတမ်း လေ့ကျင့်နေခဲ့ခြင်း ဖြစ်သည်။

သူ အကွာအဝေးကို ခန့်မှန်းကြည့်လိုက်ပြီး ပြောသည်။ "ကျွန်တော်တို့ နေရာနဲ့ ဟိုဘက်တိုက်က ပေ (၃၀၀) ဝန်းကျင်လောက် ရှိမယ်"

"ရေမျက်နှာပြင်ကို ခဲပြီး ရေခဲတုံးဖြစ်အောင် လုပ်မယ်ဆိုရင် ၉ပေလောက် အကွာအဝေးထိ ဖုံးလွှမ်းနိုင်တယ်... ဒါက ကျွန်တော်တို့နှစ်ယောက်ရဲ့ အလေးချိန်ကို ခံနိုင်ရည်ရှိမယ့် အကွာအဝေးပဲ... ဒီထက်ပိုဝေးရင် ရေခဲအလွှာက ပါးသွားပြီး ကွဲလွယ်သွားလိမ့်မယ်"

"၉ပေနှုန်းနဲ့ တွက်ရင် ပေ (၃၀၀)အကွာအဝေးအတွက် အစွမ်းကို (၃၄) ကြိမ်လောက် ထုတ်သုံးဖို့ လိုတယ်... လက်ရှိ ကျွန်တော် အစွမ်းကုန် ကြိုးစားမယ်ဆိုရင် အကြိမ် (၅၀) လောက် ထုတ်သုံးနိုင်တယ်... လုံလောက်ပါတယ်"

သူ အမြန်တွက်ချက်လိုက်ပြီးနောက် လင်းယွမ်ကို သူ့အခြေအနေအား ရှင်းပြလိုက်သည်။

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး ပြောသည်။ "ဟုတ်ပြီ... ဒါပေမဲ့ ဒီ ပေ (၃၀၀) လုံးကို မင်း ရေခဲအောင် လုပ်စရာမလိုဘူး... အရင်ဆုံး သစ်ဖောင်နဲ့ သွားကြမယ်... အရေးပေါ် အခြေအနေရောက်မှ မင်း လက်စွမ်းပြရမယ်"

ကျောက်ခိုင် ကြောင်သွားပြီး မေးလိုက်မိသည်။ "အရေးပေါ် အခြေအနေ ဟုတ်လား"

လင်းယွမ်က လှိုင်းထန်နေသော ရေပြင်ကြီးကို ကြည့်ရင်း လေးနက်စွာ ပြောလိုက်သည်။ "ရေထဲက သန္ဓေပြောင်း သတ္တဝါတွေကြောင့်လေ"

သူ့ခေါင်းထဲတွင် လွန်ခဲ့သော ရက်အနည်းငယ်က ချန်ဟုန်ကို သတ်စဉ် သွေးနံ့ရပြီး ရောက်လာသော ရေဘဝဲကြီးကို အမှတ်မထင် သတိရသွားသည်။

ထိုအဆင့်ရှိသည့် သန္ဓေပြောင်း သတ္တဝါမျိုးကို လက်ရှိသူ ယှဉ်နိုင်ဦးမည် မဟုတ်ပေ။

ထိုသတ္တဝါက လက်တံ တစ်ချက်ရမ်းလိုက်ရုံနှင့် စင်္ကြံလမ်းတစ်ခုလုံး ကျိုးပဲ့သွားသည်ကို ကြည့်လျှင် သန္ဓေပြောင်း အစွမ်းပိုင်ရှင် ဘယ်သူ့ကိုမဆို သတ်ပစ်နိုင်လောက်သည်။

"ကံဆိုးတာက ငါ့ရဲ့ စိတ်စွမ်းအင်က မြင့်ပေမယ့် တိုက်ခိုက်လို့ရတဲ့ စိတ်စွမ်းအင် သိုင်းပညာမျိုး မရှိသေးဘူး... အရာဝတ္ထုတွေကို စိတ်နဲ့ရွှေ့တာလောက်ပဲ သုံးလို့ရသေးတာ"

စိတ်စွမ်းအင်ဖြင့် အရာဝတ္ထုများကို ထိန်းချုပ်ခြင်းက အသုံးဝင်သော်လည်း ရုပ်ဝတ္ထုများကို ကိုင်တွယ်ရာတွင်သာ ပိုထိရောက်သည်။

သို့သော် ပြီးခဲ့တဲ့တစ်ခေါက် ငါးသတ်တုန်းကတော့ အသုံးပြုပုံ နည်းလမ်းသစ်တချို့ကို စမ်းသပ်တွေ့ရှိထားသည်။

အကယ်၍ ထိုရေဘဝဲကြီးကဲ့သို့သော သတ္တဝါမျိုးနှင့် ထပ်တွေ့ခဲ့လျှင် တစ်ဖက်ရန်သူ၏ စိတ်အာရုံကို တိုက်ခိုက်ဖို့ စမ်းသပ်ကြည့်ရမည်။

ခွန်အား သက်သက်နှင့် ယှဉ်မည်ဆိုလျှင်တော့ လက်ရှိ သူ့၏ခွန်အား ၆.၈ နဲ့ ယှဉ်နိုင်ဖို့ မလွယ်ကူလောက်သေးပေ။

"မှတ်ထားနော်... ရေထဲ လုံးဝ ပြုတ်မကျစေနဲ့... အဲ့ဒီ သန္ဓေပြောင်း ငါးတွေကို မင်း မြင်ဖူးတယ်မလား... ပြုတ်ကျတာနဲ့ မိနစ်ပိုင်းအတွင်း အရိုးတောင် မကျန်အောင် အကိုက်ခံရလိမ့်မယ်"

လင်းယွမ်က ကျောက်ခိုင်ကို ထပ်မံ သတိပေးလိုက်သည်။

ကျောက်ခိုင်ကို ခေါ်သွားရသည့် အကြောင်းရင်းမှာ ရေမျက်နှာပြင်ကို ခဲစေနိုင်သည့် သူ့အစွမ်းကြောင့် ဖြစ်သည်။

ဒါမှသာ သစ်ဖောင် ပျက်စီးသွားရင်တောင် ကျောက်ခိုင်က ရေကို အမြန်ခဲစေပြီး ခြေချစရာ နေရာ ဖန်တီးနိုင်မည် ဖြစ်သည်။

ရေအောက်ကတော့ သန္ဓေပြောင်းငါးတွေရဲ့ နယ်မြေပဲလေ။

ကျောက်ခိုင်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ "ကျွန်တော် နားလည်ပါပြီ"

တင်းယန်က မနေနိုင်ဘဲ ဝင်ပြောသည်။ "နေပါဦး... ကျွန်မကရော... ရှင်တို့ ကျွန်မကို မခေါ်သွားဘူးလား"

လင်းယွမ်က လှည့်ကြည့်ပြီး ပြောလိုက်သည်။ "ကျောက်ခိုင် ဖန်တီးမယ့် ရေခဲပြင်က လူနှစ်ယောက်ပဲ ရပ်လို့ရမှာ... နင်ပါလိုက်ရင် ရေခဲပြင် ဧရိယာက ပိုကျဉ်းသွားပြီး အရမ်း အန္တရာယ်များတယ်"

"ဒါ့အပြင် ငါနဲ့ ကျောက်ခိုင်က တိုက် (၇၆) ကနေ ထွက်သွားမှာဆိုတော့ ဒီဘက်မှာ နင် သေချာ စောင့်ကြည့်နေဖို့ လိုတယ်"

"ဦးလေးမာနဲ့ အစ်ကိုချိုင်က သာမန်လူတွေပဲ... ဆုန့်ဝမ်နဲ့ လျှိုဖိန်ဖိန်က အစွမ်းပိုင်ရှင်တွေ ဆိုပေမယ့် အရမ်း နုနယ်သေးတယ်... ငါ စိတ်မချဘူး"

လင်းယွမ်၏ စကားကြောင့် တင်းယန်မှာ ငြင်းမရ ဖြစ်သွားသည်။

လင်းယွမ် ပြောတာ မှန်နေမှန်း သူမ သိသည်။ တိုက် (၇၆) က သူတို့ရဲ့ အခြေစိုက်စခန်းမို့လို့ ဘာမှ ဖြစ်လို့မရပေ။

ဒါကြောင့် လက်ရှိ အစီအစဉ်က အကောင်းဆုံးပင်။

"ဟင်း... နင်မို့လို့ ပြောတာနော်... တခြားလူသာဆိုရင် ငါ ဂရုစိုက်နေမှာ မဟုတ်ဘူး"

သူမက ညည်းတွားလိုက်ပြီးမှ ထပ်ပြောသည်။ "ကျောက်တုံးပစ်တဲ့ကောင်ကို သတ်ပစ်ဖို့ မမေ့နဲ့နော်"

လင်းယွမ် ပြုံးလိုက်သည်။ "စိတ်ချ... သူ့ကို ရှာတွေ့တာနဲ့ ငါ သေချာပေါက် လက်မတွန့်ပါဘူး"

"ဒါဆိုရင်လည်း... ဂရုစိုက်ကြနော်"

လင်းယွမ် ခေါင်းညိတ်လိုက်ပြီး ကျောက်ခိုင်ကို ခေါ်ကာ (၁၃) လွှာသို့ အမြန်ဆင်းလာခဲ့သည်။

(၁၃) လွှာသို့ ရောက်သောအခါ ရေမျက်နှာပြင်က ထပ်မြင့်တက်လာပြန်ပြီ ဖြစ်ကြောင်း လင်းယွမ် သတိထားမိလိုက်သည်။

မူလက (၁၂) လွှာ တစ်ဝက်လောက်ထိပဲ မြုပ်နေပြီး၊ ယခု (၁၃) လွှာ အနားထိ ရောက်လာပြီ။

ကျောက်ခိုင်လည်း ဒါကို သတိထားမိပြီး မနေနိုင်ဘဲ ပြောလိုက်သည်။ "ရေတက်တာ မြန်လိုက်တာဗျာ"

လင်းယွမ်၏ မျက်နှာက တည်တင်းသွားသည်။ "မြေအောက်မြစ်ရေတွေပါ လျှံတက်ပြီး အကုန်မြုပ်ကုန်ပြီ ထင်တယ်... အခု မိုးကလည်း အဆက်မပြတ် ရွာနေတော့ ရေထွက်ပေါက် မရှိဘဲ ရေမျက်နှာပြင်က အမြန်တက်လာတာနေမှာ"

ကျောက်ခိုင်က ပြောသည်။ "ဒီရေတွေက ဘယ်က ရောက်လာတာလဲဗျာ... ကမ္ဘာမြေကြီးပေါ်မှာ ဒီလောက် ရေတွေ အများကြီး ရှိလို့လား"

လင်းယွမ် ခေါင်းခါလိုက်သည်။ "ဘယ်သူ သိနိုင်မှာလဲ"

(၁၃) လွှာတွင် ငါးမျှားသူ မရှိတော့။ ငါးဖမ်းသမားများအားလုံး (၁၄) လွှာသို့ ပြောင်းရွှေ့သွားကြပြီ ဖြစ်သည်။

(၁၃) လွှာ လှေကားထစ်နားတွင်တော့ လူတချို့က ငါးထောင်မြှုံးတွေ ချထားကြသည်။ ၁၃၀၁ နှင့် ၁၃၀၂ အခန်းများထဲတွင်လည်း ပြတင်းပေါက်မှ ပိုက်ကွန်ပစ်နေသူများ ရှိသည်။

ပိုက်ကွန်ဆိုရာတွင် ခြင်ထောင်စများဖြင့် ရိုးရိုးရှင်းရှင်း ပြုလုပ်ထားခြင်း ဖြစ်သည်။

ခိုင်ခံ့မှု မရှိလှသော်လည်း တော်ရုံတန်ရုံတော့ သုံးစား၍ ရပြီး ကံကောင်းလျှင် ငါးအနည်းငယ် ဖမ်းမိနိုင်သည်။

လင်းယွမ်တို့နှစ်ယောက် ၁၃၀၁ ဧည့်ခန်းထဲသို့ ဝင်သွားရာ ပိုက်ကွန်ပစ်နေသည့် အိမ်ပိုင်ရှင်များက လင်းယွမ်ကို မြင်သည်နှင့် ရိုသေစွာ နှုတ်ဆက်ကြသည်။

"မင်္ဂလာပါ ဆရာလင်း"

"ဆရာလင်း... ဘယ်လိုလုပ် ရောက်လာတာလဲ"

လင်းယွမ်က ခေါင်းညိတ်ပြပြီး ပြောသည်။ "ကျွန်တော်တို့ ကိစ္စလေး ရှိလို့... ခင်ဗျားတို့ အပြင်ခဏ ထွက်ပေးပါ"

ထိုလူနှစ်ယောက်က စကားများများ မပြောရဲပေ။ ပိုက်ကွန်များကို အမြန်သိမ်းပြီး အခန်းထဲမှ ထွက်ပေးကြသည်။

သို့သော် နှစ်ယောက်စလုံး စူးစမ်းချင်စိတ် ဖြစ်နေကြသည်။ လင်းယွမ်တို့ ဘာလုပ်မည်ကို မသိသဖြင့် အဝေးကြီး မသွားဘဲ တံခါးဝမှ ချောင်းကြည့်နေကြသည်။

လင်းယွမ်က သူတို့ကို ဂရုမစိုက်။ ရေပြင်ကို ကြည့်ရင်း လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဝုန်း"

လှေပုံသဏ္ဌာန် အဝါရောင် ပလတ်စတစ် လှော်ဘုတ်ပြားတစ်ချပ် လေထဲကနေ ရုတ်တရက် ပေါ်လာပြီး ရေပြင်ပေါ်သို့ ကျသွားသည်။

ဒါက ရေပြင်ပေါ်တွင် လှော်ခတ်စီးနင်းရသည့် ဘုတ်ပြား တစ်ခုဖြစ်ပြီး တိုက်တွဲ (၆) တွင် ပစ္စည်းရှာတုန်းက တွေ့ထားခြင်း ဖြစ်သည်။

နွေရာသီ ရေကစားရာတွင် လူကြီးများ အသုံးပြုလေ့ရှိသည့် ပစ္စည်းမျိုး ဖြစ်သည်။

ခရီးတို လှော်ခတ်ရန် အဆင်ပြေသော်လည်း ခရီးရှည်သွားရန်တော့ မဖြစ်နိုင်ပေ။

သူ့ရဲ့ တည်ငြိမ်မှု၊ လက်တွေ့အသုံးဝင်မှု အပိုင်းကို မပြောနဲ့ဦး၊ ရေအောက်က သန္ဓေပြောင်း သတ္တဝါတွေ တိုက်လိုက်ရင် ဒီလို ဘုတ်ပြားလှေမျိုးက အလွယ်တကူ မှောက်သွားနိုင်သည်။

ဒါပေမဲ့ အခုလို ပေ (၃၀၀) အကွာအဝေးလောက်ကို အမြန်ဖြတ်ကူးဖို့အတွက်တော့ အနေတော်ပင်။

လှော်ဘုတ်ပြားက ရေထဲတွင် နစ်လိုက်ပေါ်လိုက် ဖြစ်နေပြီး ရေလှိုင်းများစဉ်သွားသည်။

ကျောက်ခိုင်က လေထဲကနေ ပေါ်လာသော လှော်ဘုတ်ကို ကြည့်ပြီး ကြောင်သွားသော်လည်း အစ်ကိုလင်းတွင် ဟင်းလင်းပြင် အစွမ်း ရှိမှန်း သတိရသွားသည်။

သူက အားကျစွာ ပြောလိုက်သည်။ "အစ်ကိုလင်း... အစ်ကို့ရဲ့ ဒီဟင်းလင်းပြင်အစွမ်းက တကယ်အသုံးဝင်တာပဲနော်"

လင်းယွမ်က ပြုံးလိုက်ပြီး ပြောသည်။ "သွားစို့"

သူက ပလတ်စတစ် လှော်တက် နှစ်ချောင်းကို ထုတ်လိုက်ပြီး ကိုယ်ကို လှည့်ကာ လှော်ဘုတ်ပေါ်သို့ ခုန်ဆင်းလိုက်သည်။

လှော်ဘုတ်က အနည်းငယ် နစ်မြုပ်သွားပြီး ရေလှိုင်းများကြားတွင် လှုပ်ခါသွားသည်။

လင်းယွမ်က ခန္ဓာကိုယ် ဟန်ချက်ကို ထိန်းလိုက်ပြီးနောက် ကျောက်ခိုင်ကို ဆင်းလာရန် အချက်ပြလိုက်သည်။

ကျောက်ခိုင်ကတော့ လင်းယွမ်လောက် သတ္တိမရှိ။ လသာဆောင်ကနေ ဂရုတစိုက် တွဲလောင်းဆင်းပြီး ခြေထောက်က လှော်ဘုတ်ကို အသာထိကြည့်ကာ ငြိမ်သွားမှ လက်လွှတ်ပြီး ဆင်းလိုက်သည်။

လင်းယွမ်က သူ့ကို လှော်တက်တစ်ချောင်း ပေးလိုက်ပြီး ပြောသည်။ "ငါ ၁ ၂ ၃ ရေတွက်လိုက်မယ်... မင်းက ငါနဲ့ ဘယ်တစ်ချက် ညှာတစ်ချက် ညီအောင် လှော်ကြမယ်... ဟိုဘက် တိုက် (၇၅) ဆီ သွားမယ်"

"မှတ်ထားနော်... မြန်ဖို့ မလိုဘူး... ငြိမ်ဖို့ လိုတယ်"

"ရေအောက်က ငါးတွေကို မလန့်သွားစေနဲ့"

"တကယ်လို့ အကောင်ကြီးကြီး တစ်ကောင်ကောင်ကို သွားနှောင့်ယှက်မိရင်တော့ အကုန်အစွမ်းကုန် ဖွင့်ပြီး လှော်ပြေးရမယ်"

ကျောက်ခိုင်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ "သိပြီ အစ်ကိုလင်း"

နှစ်ယောက်သား လှော်တက်ကို ဖြည်းဖြည်းချင်း လှော်ခတ်လိုက်ရာ လှော်ဘုတ်လေးက ရေလှိုင်းများကို ခွဲပြီး ရေပြင်ပေါ်တွင် ရွေ့လျားလာတော့သည်။

၁၃၀၁ ဧည့်ခန်းအပြင်ဘက်မှ ပိုက်ကွန်ပစ်သူ နှစ်ယောက်မှာ ထိုမြင်ကွင်းကို ကြည့်ပြီး မျက်လုံးပြူးသွားကြသည်။

"ဟာ... အစ်ကိုလင်းတို့ ရေထဲ ဆင်းသွားပြီဟ"

"သူတို့ ဘယ်သွားကြမလို့လဲ... ကယ်ဆယ်ရေး သွားရှာကြတာတော့ မဟုတ်ပါဘူးနော်"

(၁၄) လွှာမှ ငါးမျှားသမားများလည်း ထိုမြင်ကွင်းကို မြင်လိုက်ရပြီး အားလုံး အံ့သြကုန်ကြသည်။

"ကြည့်စမ်း... ကြည့်စမ်း... လင်းယွမ်နဲ့ ကျောက်ခိုင် ရေထဲ ဆင်းသွားပြီ"

"ဘုရားရေ... သူတို့ သတ္တိကလည်း ကောင်းလိုက်တာ... ရေထဲက သန္ဓေပြောင်းကောင်တွေကို မကြောက်ကြဘူးလား"

"သူတို့ ဘယ်သွားမလို့လဲ... ကယ်ဆယ်ရေးအဖွဲ့ကို တွေ့ထားလို့လား"

"မဖြစ်နိုင်တာ... ကယ်ဆယ်ရေးအဖွဲ့ ရှိရင် ငါတို့ ဘယ်လိုလုပ် မမြင်ဘဲ နေမှာလဲ... ပစ္စည်းရှာထွက်တာ နေမှာပါ"

"ဖြစ်နိုင်တယ်... လင်းယွမ်က ငါးတွေကို ပစ္စည်းတွေနဲ့ နေ့တိုင်း လဲပေးနေတာဆိုတော့ သူ့မှာ ပစ္စည်း ပြတ်သွားလို့ ထွက်ရှာတာ နေမှာပေါ့"

"လင်းယွမ်တို့တောင် ထွက်နိုင်ရင် ငါတို့ရော ထွက်လို့ မရဘူးလား"

"ဟုတ်သားပဲ... ငါတို့နားက တစ်မိုင်လောက်မှာ ဟန်လုံလမ်း ရှိတယ်လေ... အဲ့ဒီမှာ သေချာပေါက် စားစရာတွေ ရှိမှာ"

"မင်း အိပ်မက်မက်နေတာလား... ဟန်လုံလမ်းက ဘယ်လောက်မြင့်လို့လဲ... ဒီရေကြီးတာက (၁၃) ထပ်တောင် ရောက်နေပြီ... ဟန်လုံလမ်းက ရေမြုပ်နေတာ ကြာလှပြီ"

"ဒါဆို ရှန်ဟဲ တိုက်ကရော... အဲ့ဒီတိုက်က ငါတို့တိုက်ထက် မနိမ့်ဘူးလေ... အဲ့ဒီမှာ ဆိုင်တွေ အများကြီး ရှိတယ်"

"ရှန်ဟဲ တိုက်က ဒီကနေ ၆မိုင်လောက် ဝေးတာ... လင်းယွမ်တို့ လှော်ဘုတ်က အဲ့လောက်ဝေးဝေး ရောက်ပါ့မလား"

................................................................................................

လူအုပ်ကြီးက စပ်စုလိုက်၊ စိတ်လှုပ်ရှားလိုက်ဖြင့် အမျိုးမျိုး ဝေဖန်နေကြသည်။

ရေကြီးပြီးကတည်းက အပြင်ထွက်သွားတဲ့လူ မရှိတာတော့ မဟုတ် ရှိသည်။ ဒါပေမဲ့ ထွက်သွားတဲ့လူ ဘယ်သူမှ ပြန်မလာကြ။

အစတုန်းကတော့ လူတိုင်းက သူတို့ ကောင်းမွန်တဲ့ နေရာတစ်ခု ရှာတွေ့သွားတယ်လို့ ထင်ခဲ့ကြသည်။

သို့သော် ရေက ပိုကြီးလာပြီး ရေထဲမှာ သန္ဓေပြောင်း ငါးမျိုးစုံ ပေါ်လာတဲ့အခါမှာတော့ အားလုံး နားလည်သွားကြသည်။ ထွက်သွားတဲ့သူတွေ နေရာကောင်း ရသွားတာ မဟုတ်ဘဲ ငါးစာ ဖြစ်သွားကြသည်ကိုး။

ထို့ကြောင့် ဟိုးအရင်ကတည်းက တိုက်ထဲကနေ ဘယ်သူမှ ရေထဲဆင်းပြီး မထွက်ရဲကြတော့ပေ။

ယခု လင်းယွမ်က ကျောက်ခိုင်ကို ခေါ်ပြီး လူတွေရှေ့မှာတင် ရေထဲ ဆင်းသွားသည်ဆိုတော့ အားလုံး စိတ်ဝင်စားကြသည်မှာ အဆန်းမဟုတ်။

ဒီလူတွေထဲမှာ လင်းယွမ်တို့ လှေမှောက်ပြီး ငါးစာဖြစ်သွားပါစေလို့ ဆုတောင်းနေသူ ရှိသလို၊ ကယ်ဆယ်ရေးအဖွဲ့ ရှာတွေ့ပြီး ပြန်လာကယ်ပါစေလို့ မျှော်လင့်နေသူတွေလည်း ရှိသည်။

အများစုကတော့ လင်းယွမ် စားစရာတွေ ပြန်သယ်လာနိုင်ပါစေဟု ဆုတောင်းနေကြသည်။

အကြောင်းမှာ လင်းယွမ်ဆီမှာသာ စားစရာ မရှိတော့ရင် သူတို့အားလုံး နောက်ပိုင်း ငါးချည်းပဲ ထိုင်စားရတော့မည် မဟုတ်ပါလား။

တိုက် (၇၆) က လူတွေ ဘာတွေးနေလဲ ဆိုတာကိုတော့ လင်းယွမ် ဂရုမစိုက်ပါ။

လောလောဆယ် သူနှင့် ကျောက်ခိုင်တို့ လှော်တက် တစ်ချောင်းစီ ကိုင်ကာ သတိကြီးကြီးထားပြီး ရှေ့သို့ လှော်ခတ်နေကြသည်။

ရေမျက်နှာပြင်က နောက်ကျိနေပြီး ရေအောက်ထဲတွင် သန္ဓေပြောင်းငါးများ ကူးခတ်သွားလာနေသည်ကို ရိပ်ခနဲ မြင်နေရသည်။

ရံဖန်ရံခါ ငါးတစ်ကောင်နှစ်ကောင်က ရေပေါ်ခုန်တက်ပြီး လေရှူကြသည်။

ဒီလောက်ပေါများတဲ့ ရေနေသတ္တဝါ အရင်းအမြစ်မျိုး အရင်က စဉ်းစားတောင် မစဉ်းစားဖူးပေ။

အမှန်အတိုင်း ပြောရရင် ဒီငါးတွေ ဘယ်က ရောက်လာလဲ ဆိုတာ လင်းယွမ် နားမလည်နိုင်အောင် ဖြစ်ရသည်။

ပင်လယ်ရေ ဝင်လာလို့ ဒီငါးတွေပါ ရေဆန်ပြီး ပါလာတာလား။

ဒါမှမဟုတ် သန္ဓေပြောင်းပြီးနောက်ပိုင်း မျိုးပွားနှုန်း မြင့်တက်လာပြီး အရေအတွက်က အဆမတန် များလာတာလား။

သူ့ခေါင်းထဲတွင် လျှောက်တွေးနေရင်း လှော်ဘုတ်က ပေ (၆၀) ကျော်လောက် ခရီးရောက်လာခဲ့ပြီ ဖြစ်သည်။

ရုတ်တရက် ကျောက်ခိုင်က လှမ်းပြောသည်။ "အစ်ကိုလင်း... ရေထဲကို ကြည့်လိုက်ဦး"

လင်းယွမ် လှည့်ကြည့်လိုက်သည်။ ကျောက်ခိုင် ညွှန်ပြတဲ့ နေရာကို ကြည့်လိုက်ရာ...

နောက်ကျိနေသော ရေအောက်ထဲတွင် အနီရောင် အလင်းတန်းတစ်ခု မှိန်ဖျဖျ လက်နေသည်ကို တွေ့လိုက်ရသည်။

လင်းယွမ် မျက်မှောင်ကြုတ်လိုက်သည်။ "ဘာကြီးလဲ"

ကျောက်ခိုင်က ပြောသည်။ "ပင်လယ်ထဲက အချက်ပြ မီးလုံး မျိုးနဲ့ မတူဘူးလား"

လင်းယွမ်၏ မျက်နှာက တည်တင်းသွားသည်။ "ဂရုမစိုက်နဲ့... အရင် သွားကြမယ်"

သူ ပြဿနာ မဖြစ်ချင်ပေ။ လောလောဆယ် သူတို့မှာ ရေအောက်တိုက်ခိုက်နိုင်စွမ်း မရှိသဖြင့် ဒါတွေကို ဂရုစိုက်နေဖို့ မလို။

စကားပြောနေစဉ်မှာပင် ထိုအနီရောင်အလင်းတန်း ရုတ်တရက် ပျောက်သွားပြီး သူတို့နှစ်ယောက်ကို သတိထားမိသွားပုံ ရသည်။

လင်းယွမ် မျက်နှာပျက်သွားသည်။ အခြေအနေ မဟန်တော့။

နောက်တစ်စက္ကန့်တွင် ရေအောက်မှ ပြင်းထန်သော ရေစီးကြောင်းတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။

လှော်ဘုတ်က ပြင်းထန်စွာ ယိမ်းခါသွား၏။

လင်းယွမ် ချက်ချင်း အော်ပြောလိုက်သည်။ "အမြန် လှော်"

ကျောက်ခိုင်လည်း ယိုင်နဲ့သွားသော်လည်း သူ့လက်မောင်းများကို အားကုန်သုံးကာ ရေကို အသည်းအသန် လှော်ခတ်တော့သည်။

နှစ်ယောက်သား အတူတူ အားစိုက်လိုက်ကြပြီး ဟန်ချက်ညီအောင် လှော်ကြသည်။

ရုတ်ခြည်းပင် လှော်ဘုတ်က မြှားတစ်စင်းအလား ရေလှိုင်းများကို ခွဲကာ တိုက် (၇၅) ဆီသို့ အရှိန်ဖြင့် ပြေးထွက်သွားတော့သည်။

"ဝုန်း"

လှော်ဘုတ် အရှိန်ဖြင့် ပြေးထွက်သွားသည့် တစ်ခဏမှာပင် ရေအောက်မှ ဧရာမ ရေလှိုင်းကြီးတစ်ခု ကြွတက်လာသည်။

ထို့နောက် ရေလှိုင်းများကြားတွင် အရိပ်မည်းတစ်ခုက ရေနှင့်အတူ လေပေါ်သို့ ခုန်တက်လာသည်။

သည်းထန်စွာ ရွာသွန်းနေသော မိုးရေထဲတွင် ထိုအရိပ်မည်း၏ ပုံသဏ္ဌာန်ကို လင်းယွမ် မျက်လုံးထောင့်မှ ရိပ်ခနဲ မြင်လိုက်ရသည်။

သူ့မျက်လုံးအိမ် ကျဉ်းမြောင်းသွားပြီး မယုံနိုင် ဖြစ်သွားသည်။

ကျောက်ခိုင်က လင်းယွမ် မျက်နှာပျက်သွားသည်ကို မြင်ပြီး နောက်လှည့်ကြည့်ရန် ပြင်လိုက်သည်။

လင်းယွမ်က အော်ဟစ်တားမြစ်လိုက်သည်။ "မကြည့်နဲ့... လှေကိုပဲ လှော်"

ကျောက်ခိုင်လည်း ခေါင်းငုံ့ပြီး အားကုန် လှော်တော့သည်။

သူတို့ အရှိန်က မြန်သော်လည်း နောက်မှ လိုက်လာသော ရေအောက်သတ္တဝါက သူတို့ထက် ပိုမြန်နေသည်။

စက္ကန့်ပိုင်းအတွင်း "ဝုန်း" ခနဲ အသံနှင့်အတူ ရေလှိုင်းကြီး လိမ့်ဝင်လာသည်။

ဟိုကောင် မှီလာပြီ။

လှော်ဘုတ်က ရေလှိုင်းပုတ်ခတ်မှုကြောင့် လေပေါ်မြောက်တက်ပြီး တိမ်းစောင်းသွားသည်။

လင်းယွမ်က စိတ်စွမ်းအင်ကို ရုတ်တရက် ထုတ်လွှတ်ပြီး မမြင်ရတဲ့ လက်ဝါးကြီးသဖွယ် လှော်ဘုတ်ကို ဖိချကာ ငြိမ်အောင် ထိန်းလိုက်သည်။

တပြိုင်နက်တည်းမှာပင် သူက ကိုယ်ကို လှည့်ပြီး လှော်တက်ဖြင့် ရေမျက်နှာပြင်ကို အားကုန် ရိုက်ချလိုက်သည်။

"ဖုန်း"

ရေအောက်ဗုံး ပေါက်ကွဲသွားသကဲ့သို့ ရေမျက်နှာပြင် ပွင့်ထွက်သွားပြီး ရေပန်းများ ပေပေါင်းများစွာ အမြင့်သို့ စဉ်တက်သွားသည်။

ရေအောက်ထဲမှ စူးရှသော အသံလှိုင်းတစ်ခု ထွက်ပေါ်လာသည်။

"ခွီးးးး..."

ထိုအသံက ညဘက်အော်သည့် ငှက်ဆိုးထိုးသံလို အလွန် ကြောက်မက်ဖွယ် ကောင်းသည်။ ထိုအော်သံနှင့်အတူ...

မြင်ရသော အသံလှိုင်းတစ်ခုက လေထုကို တုန်ခါစေပြီး ရေလှိုင်းများကို ရိုက်ခတ်ကာ လှော်ဘုတ်ဆီသို့ ဝင်ရောက်လာသည်။

ကျောက်ခိုင်လည်း လှေလှော်ဖို့ သတိမရတော့ဘဲ နောက်ကျောဘက် အခြေအနေကို လှည့်ကြည့်လိုက်မိသည်။

မြင်လိုက်ရသော မြင်ကွင်းကြောင့် မျက်လုံးပြူးသွားပြီး အာမေဋိတ် သံများ ထွက်လာသည်။ "ဟာ... ဘာကောင်ကြီးလဲ"

ရေလှိုင်းများကြားတွင် တွေ့လိုက်ရသည်မှာ ကိုယ်လုံးတွင် အစိမ်းနှင့်အဝါရောင် အစင်းကြားများ ရှိသော သတ္တဝါကြီး ဖြစ်သည်။ ပုံစံက လူနှင့်တူပြီး ခြေလက်လေးချောင်း ပါသည်။

ခေါင်းက ပြားပြီး ပါးစပ်က အလွန်ကြီးသည်။ မျက်လုံးနှစ်လုံးက ကြီးမားဝိုင်းစက်နေပြီး ဧရာမ မျက်ခွံကြီးများက မျက်လုံးအိမ်ပေါ်တွင် တွဲလောင်းကျနေကာ မျက်အိတ်ကြီးများသဖွယ် ဖြစ်နေသည်။

မျက်နှာပေါ်တွင် နှာခေါင်းမပါဘဲ နှာခေါင်းပေါက် နှစ်ပေါက်သာ ရှိသည်။ မျက်လုံးအိမ်ထဲတွင် ကျောက်နီကဲ့သို့ နီရဲတောက်နေသော အလင်းရောင်များ ထွက်နေသည်။

ကျောက်ခိုင် ကြောင်အသွားသည်။ ဒီလို သတ္တဝါမျိုးကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

အဓိက အချက်က ဒီသတ္တဝါကြီးသည် လူနှင့် အတော်လေး တူနေခြင်းပင်။ ခြေလက်လေးချောင်း ပါရုံသာမက နှာခေါင်း၊ နားရွက်၊ ဆံပင် မပါသည်ကလွဲရင် ကျန်တာက လူနှင့် သိပ်မကွာပေ။

အရွယ်အစားကလည်း လူတစ်ယောက်စာလောက် ရှိသည်။

ထိုသတ္တဝါက ရေစီးကြောင်းကို ထိန်းချုပ်ပြီး လှိုင်းထိပ်ဖျားမှ အရှိန်ဖြင့် ပြေးဝင်လာသည်။

ဟပြဲ ပွင့်နေသော ပါးစပ်ကြီးထဲမှ အသံလှိုင်းများက ဂယက်ထသကဲ့သို့ ထွက်ပေါ်လာပြီး လေထုကို တုန်ခါစေကာ ရေလှိုင်းများနှင့်အတူ ရိုက်ခတ်လာသည်။

"ခဲအောင် လုပ်လိုက်"

လင်းယွမ်က သူ့၏ စိတ်စွမ်းအင် အစွမ်းဖြင့် လှော်ဘုတ်ကို မမှောက်အောင် အသည်းအသန် ထိန်းထားရသည်။

ကျောက်ခိုင်လည်း အသိပြန်ဝင်လာပြီး လက်နှစ်ဖက်ကို ရှေ့သို့ တွန်းထုတ်လိုက်သည်။

"ဝုန်း"

သူ့လက်ဝါးထဲမှ ရေခဲမြူမှုန်များ အလုံးအရင်းနှင့် ထွက်ပေါ်လာသည်။

တမဟုတ်ချင်း လှော်ဘုတ် အနောက်ဘက်ရှိ ရေပန်းများ အားလုံး ခဲသွားကြသည်။

လိပ်တက်လာသော ရေလှိုင်းကြီးသည်လည်း ချက်ချင်း ရေခဲနံရံအဖြစ် ပြောင်းလဲသွားသည်။

လှိုင်းလုံးထဲမှ သတ္တဝါကြီး လန့်သွားပြီး ရေပန်းများကြားမှ ခုန်ထွက်လိုက်သည်။

"ဘုန်း" ခနဲ အသံနှင့်အတူ ရေခဲပြင်ပေါ်သို့ ပြန်ကျလာသည်။

သူက မတ်တတ်ရပ်နေခြင်း မဟုတ်ဘဲ ရေခဲပြင်ပေါ်တွင် ဝပ်လျက်သား ကျလာခြင်း ဖြစ်သည်။

တစ်ကိုယ်လုံးတွင် ကြွက်သားများ ထစ်နေအောင် ပေါ်နေပြီး ဝမ်းဗိုက် ကြွက်သားခြောက်ခုတောင် ပါလိုက်သေးသည်။

ကျောက်ခိုင် နဖူးတွင် ချွေးများ စီးကျလာသည်။ မော၍ မဟုတ်၊ ကြောက်လွန်း၍ဖြစ်သည်။

ဤသတ္တဝါကြီးက သိပ်ကို ထူးဆန်းလွန်းသည်။

လူအများ သိကြသည့်အတိုင်း သတ္တဝါတစ်ခုက လူနှင့် တူလေလေ လူတွေအတွက် ပိုကြောက်စရာ ကောင်းလေလေ ဖြစ်သည်။

သိပ္ပံနည်းကျ ပြောရရင် ထိတ်လန့်ဖွယ်ရာ လူတူ အကျိုးသက်ရောက်မှု ဟု ခေါ်သည်။

လင်းယွမ်က လှော်ဘုတ်ကို အရှိန်ဖြင့် လှော်ခတ်ပြီး တိုက် (၇၅) ဘက်သို့ ဦးတည်သွားနေသည်။

ကျောက်ခိုင်လည်း အမြန်လိုက်လှော်ရင်း မေးလိုက်သည်။ "အစ်ကိုလင်း... အဲ့ဒါ ဘာကောင်ကြီးလဲ... ဘာလို့ လူနဲ့ ဒီလောက်တူနေရတာလဲ"

လင်းယွမ် ပြန်ဖြေမလို့ လုပ်တုန်းမှာပင် နောက်ကျောဘက်မှ လေခွင်းသံတစ်ခု ကြားလိုက်ရသည်။

သူ လန့်သွားပြီး ကျောက်ခိုင်ကို ဆွဲကာ နှစ်ယောက်သား တပြိုင်နက် မှောက်ချလိုက်ကြသည်။

"ဘုန်း"

ပိတ်ရိုက်သံတစ်ခု ကြားလိုက်ရပြီးနောက် လှော်ဘုတ်ကြီး တစ်ခုလုံး တစ်စစီ ကွဲကြေသွားသည်။

နှစ်ယောက်သား အငိုက်မိသွားပြီး ရေထဲ ကျလုနီးပါး ဖြစ်သွားကြသည်။

လင်းယွမ်က အော်ပြောလိုက်သည်။ "ကျောက်ခိုင်"

ကျောက်ခိုင် သဘောပေါက်လိုက်ပြီး လက်နှစ်ဖက်ဖြင့် ရေပြင်ကို ဖိချလိုက်သည်။

"ခွမ်း" ခနဲ အသံနှင့်အတူ ရေပြင်အကျယ်ကြီး ခဲသွားပြီး ၆ ပေ ပတ်လည်၊ ၄ ပေ လောက် ထူသော ရေခဲပြင်တစ်ခု ချက်ချင်း ဖြစ်ပေါ်လာသည်။

နှစ်ယောက်သား ကိုယ်ကို လှိမ့်ပြီး ရေခဲပြင်ပေါ်သို့ ခုန်တက်လိုက်ကြသည်။

လင်းယွမ်က အော်ပြောသည်။ "ဆက်လုပ်... ငါ သူ့ကို တားထားမယ်"

သူက စိတ်စွမ်းအင်ကို ဖြန့်ကျက်ပြီး အကာအကွယ်နံရံတစ်ခု ဖန်တီးကာ အနောက်ဘက်တွင် ကာထားလိုက်သည်။

ထိုအချိန်ကျမှ လှော်ဘုတ်ကို ရိုက်ခွဲလိုက်သော အရာက ဘာလဲဆိုတာ သူ သတိထားမိလိုက်သည်။

ထိုသတ္တဝါကြီး ပါးစပ်ဟလိုက်ရာ ပန်းရောင် လျှာရှည်ကြီး တစ်ချောင်း ပါးစပ်ထဲကနေ ရစ်ပတ်သည့် ပေကြိုးလိုမျိုး အရှိန်နဲ့ ပြန်ဝင်သွားသည်။

ဤသည်ကို မြင်လိုက်ရသောအခါ လင်းယွမ် ရင်ထိတ်သွားပြီး ဤသတ္တဝါက ဘာကောင်လဲ ဆိုတာ ချက်ချင်း သဘောပေါက်လိုက်သည်။

"ဖားကြီးလား"

ကျောက်ခိုင် ခေါင်းနပန်းကြီးသွားသည်။ ရေပြင်ကို ခဲအောင် ဆက်တိုက်လုပ်နေရင်း အော်မေးလိုက်သည်။ "ဘာ... ဖား ဟုတ်လား... ဖားက ဘာလို့ ဒီလောက် အကောင်ကြီးနေတာလဲ... ပြီးတော့ ရွံစရာကြီးဗျာ"

လင်းယွမ် မျက်နှာ တင်းမာသွားပြီး စကားဆက်မပြောတော့ဘဲ ဂလော့ဒ် သေနတ်ကို ထုတ်လိုက်သည်။

ပြီးနောက် ထို ဖားလူသားကို ချိန်ရွယ်ပြီး ဆက်တိုက် ပစ်ခတ်လိုက်သည်။

"ဒိုင်း... ဒိုင်း... ဒိုင်း..."

သေနတ်သံ သုံးချက် ထွက်ပေါ်လာပြီး တစ်ချက်သာ ဖားလူသားကို ထိမှန်သည်။

သို့သော် ကျည်ဆန်က ဖားလူသား၏ ဝါစိမ်းရောင် အရေပြားကို မဖောက်နိုင်ဘဲ ရာဘာတာယာကို ပစ်လိုက်သလိုမျိုး ပြန်ကန်ထွက်သွားသည်။

လင်းယွမ် ခေါင်းကျိန်းသွားသည်။ ထပ်ပစ်ချင်သော်လည်း ကျည်ဆန် ကုန်သွားချေပြီ။

လင်းယွမ်က ကျောက်ခိုင်၏ အနောက်မှ ကပ်လိုက်ရင်း ရေခဲပြင်ကို နင်းကာ နောက်ဆုတ်နေသည်။ တချိန်တည်းမှာပင် သူ့ပစ္စည်းသိုလှောင်ခန်းထဲမှ အလေးတုံးပြား များကို ထုတ်လိုက်သည်။

ဤအလေးတုံးပြားတွေက ပစ္စည်းရှာတုန်းက ကာယဗလ ဝါသနာရှင် အိမ်တွေကနေ ရထားခြင်း ဖြစ်သည်။

အစတုန်းက ဘယ်နေရာသုံးရမှန်း မသိခဲ့။ နောက်ပိုင်း သစ်ဖောင်လုပ်တော့ ကျောက်ဆူးအဖြစ် တချို့ကို သုံးလိုက်သည်။

ကျန်တာတွေကတော့ သူ့ ပစ္စည်းသိုလှောင်ခန်းထဲမှာ အလကား ဖြစ်နေခဲ့သည်။

အခုတော့ လင်းယွမ်က အဲ့ဒါတွေကို ထုတ်ပြီး သံပြားပစ်ကစားသလိုမျိုး အားကုန် လွှဲပစ်လိုက်သည်။

"ဝုန်း"

၆.၉ ရှိသော ခွန်အား ပေါက်ကွဲထွက်သွားပြီး ၅ ကီလိုဂရမ်လေးသော အလေးတုံးပြားက လေထဲသို့ ပျံထွက်သွားသည်။

လေတိုးသံ တဝေါဝေါ မြည်ဟည်းသွားပြီး ဖားလူသားက ပါးစပ်ဟကာ သူ့လျှာရှည်ကြီးကို ပစ်ထုတ်လိုက်သည်။

"ဘုန်း"

နှစ်ခု ထိပ်တိုက် တွေ့သွားကြသည်။

ပြင်းထန်သော ရိုက်ခတ်အားကြောင့် ဖားလူသား၏ လျှာကြီး လမ်းကြောင်း လွဲသွားသည်။

လင်းယွမ်က အချိန်မဆွဲဘဲ ၁၀ ကီလိုဂရမ် အလေးတုံးပြားကို ထပ်ပစ်လိုက်သည်။

ဒီတစ်ခါတော့ သူ့လက်က ချိန်သားကိုက်သွားသည်။ အလေးတုံးပြားက အရှိန်ဖြင့် ပျံထွက်သွားပြီး ဖားလူသား၏ အရုပ်ဆိုးသော ပါးစပ်ကြီးထဲသို့ တန်းတန်းမတ်မတ် ဝင်သွားတော့သည်။

"ဗွမ်း"

ဖားလူသားမှာ အငိုက်မိသွားပြီး ပါးစပ်ထဲမှ အစွယ်များ ကျိုးကုန်သည်။ ခေါင်းလည်း လေးလံသွားပြီး အလေးတုံးပြား အရှိန်ကြောင့် ရေအောက်ထဲသို့ ပြုတ်ကျသွားတော့သည်။

ရေပန်းများ စဉ်တက်လာသည်။ လင်းယွမ် မတုံ့ဆိုင်းရဲတော့။ ချက်ချင်းပင် သစ်သားပျဉ်ပြား တစ်ချပ်ကို ထုတ်ပြီး မီတာအနည်းငယ် အကွာအဝေးသို့ လှမ်းပစ်လိုက်သည်။

ထို့နောက် ရေပြင်ကို ခဲအောင် လုပ်နေသော ကျောက်ခိုင်ကို ဆွဲကာ အော်ပြောလိုက်သည်။ "ပြေးမယ်"

သူ့ခြေထောက် ကြွက်သားများ ပေါက်ကွဲထွက်လာပြီး ကြွက်သားပေါက်ကွဲသိုင်းကို ထုတ်သုံးလိုက်သည်။

သူ့ခြေသလုံး ကြွက်သားများ ချက်ချင်း ဖောင်းကြွလာပြီး ပြင်းထန်သော ခွန်အားများ ထွက်ပေါ်လာသည်။

ဒူးကို အနည်းငယ် ကွေးလိုက်ပြီးနောက် ပေါင် ၁၅၀-၁၆၀ လောက် လေးသော ကျောက်ခိုင်ကို ဆွဲမကာ စပရိန်ကဲ့သို့ ခုန်တက်လိုက်သည်။ တစ်ချက်တည်းနှင့် မီတာအနည်းငယ်အကွာရှိ သစ်သားပျဉ်ပြားပေါ်သို့ ရောက်သွားသည်။

သူတို့နှစ်ယောက် လေပေါ်သို့ ခုန်တက်လိုက်သည်နှင့် သူတို့အောက်ရှိ ရေခဲပြင်ကြီးက "ဝုန်း" ခနဲ ကွဲကြေသွားသည်။

ပါးစပ်ထဲတွင် သွေးများဖြင့် ဖားလူသားကြီးက ရေထဲမှ နောက်တစ်ကြိမ် ခုန်ထွက်လာပြန်သည်။

လင်းယွမ်က တစ်စက္ကန့်မျှပင် မရပ်နားရဲ။ သစ်သားပျဉ်ပြားများကို ဆက်တိုက် ပစ်ထုတ်ပြီး ကျောက်ခိုင်ကို ဆွဲကာ ပျဉ်ပြားတစ်ခုပြီးတစ်ခု ခုန်ကူးနေသည်။

နောက်ဆုံး ပျဉ်ပြား (၅) (၆) ချပ်လောက် ပစ်ပြီးချိန်တွင် သူ အမြင့်သို့ ခုန်တက်လိုက်ပြီး တိုက် (၇၅) ၏ စင်္ကြံလမ်းပေါ်သို့ ခုန်တက်လိုက်နိုင်တော့သည်။

ဆက်ရန်...

All Chapters