အခန်း (၁၁၇-၁၁၈)
Vol. 6 Ch. 117-118
အပိုင်း (၁၁၇) တိုက် ၇၅ ၏ အခြေအနေ
"ဘုန်း"
လင်းယွမ်သည် ကျောက်ခိုင်ကို ဆွဲလျက် တိုက် ၇၅၊ တိုက်တွဲ ၁ ၏ ၁၄ လွှာ စင်္ကြံလမ်းပေါ်သို့ ပြိုင်တူ ခုန်ချလိုက်သည်။
တိုက် ၇၅ ၏ အောက်ခြေဖောင်ဒေးရှင်းသည် တိုက် ၇၆ ထက် အနည်းငယ် နိမ့်ပုံရသည်။ ယခုအချိန်တွင် ရေကြီးမှုသည် တိုက် ၇၅ ၏ ၁၄ လွှာအထိ ရောက်ရှိနေပြီ ဖြစ်သည်။
"ဟောဟဲ... အစ်ကိုလင်း... အဆင်ပြေရဲ့လား"
ကျောက်ခိုင်မှာ အမောတကြီး အသက်ရှူရင်း လင်းယွမ်ကို အလျင်အမြန် မေးလိုက်သည်။
စောစောက သူသည် အစွမ်းကို အလျင်အမြန် ထုတ်သုံးခဲ့ရသည်။ ဆယ်ကြိမ်ကျော်လောက်သာ ထုတ်သုံးခဲ့ရသော်လည်း ပထမဆုံးအကြိမ် သန္ဓေပြောင်းသတ္တဝါနှင့် ရင်ဆိုင်ရခြင်း ဖြစ်သလို၊ ရေပြင်ပေါ်တွင် ရေခဲအစွမ်း သုံးရခြင်းက တိုက်ခေါင်မိုးပေါ်တွင် လေ့ကျင့်သည်နှင့် လုံးဝ မတူညီပေ။
ထို့ကြောင့် ပြာပြာသလဲလဲ ဖြစ်နေချိန်တွင် အကြိမ်တော်တော်များများ လမ်းကြောင်းလွဲမှားကာ ရေခဲလမ်းကြောင်းက ဖြောင့်တန်းမနေခဲ့ပေ။
ကြည့်ရသည်မှာ သူ ရေခဲအစွမ်းကို ဆယ်ကြိမ်ကျော် သုံးခဲ့သော်လည်း တကယ်တမ်း တွက်ကြည့်လျှင် ရေပြင်ကို ခဲအောင်လုပ်နိုင်ခဲ့သည့် အကွာအဝေးမှာ ပေ (၆၀) ခန့်သာ ရှိသည်။
နောက်ပိုင်းတွင် လင်းယွမ်က ပြတ်သားစွာ ဆုံးဖြတ်ပြီး သစ်သားပျဉ်ပြားများကို ပစ်ပေးကာ ခုန်ကူးစရာ ခြေကုပ်နေရာ ဖန်တီးပေးခဲ့၍သာ သူတို့ ရေထဲမကျဘဲ လွတ်မြောက်လာခြင်း ဖြစ်သည်။
ယခုအချိန်တွင် ကျောက်ခိုင်သည် လင်းယွမ်ကို တကယ် လေးစားသွားမိသည်။
အဘယ်ကြောင့်ဆိုသော် အစ်ကိုလင်းသည်လည်း သူ့လိုပင် ပထမဆုံးအကြိမ် အပြင်ထွက်ခြင်းဖြစ်သလို၊ ထိုသန္ဓေပြောင်းသတ္တဝါနှင့် ပထမဆုံးအကြိမ် ရင်ဆိုင်ခြင်း ဖြစ်မှန်း သူသိသောကြောင့်ပင်။
သို့သော် သတ္တိရှိမှု၊ တည်ငြိမ်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေးပိုင်းတွင်မူ လင်းယွမ်က သူ့ထက် အဆများစွာ သာလွန်နေသည်။
စောစောက လင်းယွမ်သာ သူ့ကို ဆွဲမထားလျှင် သူအလောင်းကောင် ဖြစ်နေလောက်ပြီ။
လင်းယွမ်လည်း အသက်အနည်းငယ် လုရှူနေရသည်။ စောစောက တိုက်ပွဲသည် အားအင်အများကြီး ကုန်ခမ်းပုံ မရသော်လည်း သေမင်းနှင့် စစ်ခင်းရသော ထိုဖိစီးမှု၊ သေဘေးအန္တရာယ် အငွေ့အသက်များက သူ့ကို သွေးများဆူပွက်စေကာ နှလုံးခုန် မြန်စေခဲ့သည်။
ထို့ကြောင့် မောပန်းနွမ်းနယ်သည်မှာ အမှန်ပင်။
နှစ်ယောက်သား စင်္ကြံလမ်းကို ကျောမှီကာ အနားယူနေကြသည်။
ရုတ်တရက် "ဝူး" ဟူသော လေခွင်းသံတစ်ခု အလျင်အမြန် ပျံ့လွင့်လာသည်။
ထို့နောက် စင်္ကြံလမ်းရှိ မှန်ချပ်များ "ဘုန်း" ခနဲ ကွဲကြေသွားသံကို ကြားလိုက်ရသည်။
လင်းယွမ် အလျင်အမြန်ပင် ကြမ်းပြင်ပေါ် လှိမ့်ချလိုက်သည်။
တစ်ခဏအတွင်း မှန်ကွဲစများစွာ လွင့်စဉ်လာပြီး အချို့မှာ လင်းယွမ်ကိုယ်ပေါ် ကျရောက်သော်လည်း သူ့၏ သန်မာသော အရေပြားက ကာကွယ်ထားနိုင်ခဲ့သည်။
ကျောက်ခိုင်လည်း တုံ့ပြန်မှု မြန်ဆန်စွာဖြင့် လက်နှစ်ဖက်ကို ရေထဲသို့ ရိုက်ချလိုက်ရာ "ဝုန်း" ခနဲ အသံနှင့်အတူ ရေများက ရေခဲနံရံအဖြစ် ပြောင်းလဲသွားပြီး မှန်ကွဲစများကို ကာကွယ်လိုက်သည်။
ထို့နောက် သူလည်း စင်္ကြံလမ်း၏ အခြားတစ်ဖက်သို့ အလျင်အမြန် ဝင်ရောက် ပုန်းခိုလိုက်သည်။
နှစ်ယောက်သား တိုက်တွဲ ၁ ၏ လှေကားလမ်းအတွင်းသို့ ဝင်ရောက် ပုန်းခိုလိုက်ပြီးမှ အပြင်ဘက်သို့ ချောင်းကြည့်လိုက်ကြသည်။
ရေလှိုင်းများကြားတွင် ထိုဖားလူသား သန္ဓေပြောင်းသတ္တဝါ လူးလွန့်နေသည်ကို တွေ့လိုက်ရသည်။ ပန်းရောင် ကြာပွတ်ရှည်ကြီးနှင့်တူသော လျှာက ထိုအရုပ်ဆိုးသော ပါးစပ်ပေါက်ကြီးထဲသို့ ပြန်လည် ဝင်ရောက်သွားသည်။
ထိုအကောင်က နောက်ကနေ လိုက်လာခြင်းဖြစ်သည်။ ထို့အပြင် လျှာနှင့် စင်္ကြံလမ်းကို ပစ်ခတ်လိုက်တာကြောင့် မှန်တွေ ကွဲထွက်သွားခြင်း ဖြစ်သည်။
လင်းယွမ် မနေနိုင်ဘဲ ပြောလိုက်သည်။ "ဒီသန္ဓေပြောင်းသတ္တဝါက ရန်ငြိုးထားတတ်တာလား"
သူ့စိတ်ထဲတွင် သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။ ဤဖားလူသားက ညသန်းခေါင်ကျရင် ရေမြုပ်နေသည့် အောက်ထပ်တွေကနေ တက်လာမလား။
တကယ်လို့ ညသန်းခေါင်ကျမှ တက်လာပြီး ခိုးတိုက်ရင် အန္တရာယ် များလွန်းသည်။
"အစ်ကိုလင်း... ဒီတိရစ္ဆာန်က ကျွန်တော်တို့ကို မှတ်ထားလိုက်ပြီ"
မျက်နှာချင်းဆိုင် လှေကားထစ်တွင် ရှိနေသော ကျောက်ခိုင်က အော်ပြောလိုက်သည်။
သူ့မျက်လုံးထဲတွင်လည်း ဒေါသမီးများ တောက်လောင်နေသည်။
ဒီဖားလူသားက သူတို့ကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သည်။ သူ့အသက်ကို နှုတ်ယူရန် ကြိုးစားခဲ့သည်မှာ နည်းနည်းနောနော မဟုတ်၊ တကယ်ကို မုန်းစရာ ကောင်းလှသည်။
သို့သော် ရေထဲတွင်က ဖားလူသား၏ နယ်မြေဖြစ်သဖြင့် သူနှင့် လင်းယွမ်တို့ ပြန်လည် တိုက်ခိုက်ရန် အင်အားမရှိပေ။
လင်းယွမ်က လေးနက်သော အသံဖြင့် ပြောသည်။ "သူ့မှာ ဉာဏ်ရည်အတိုင်းအတာ တစ်ခုအထိ ရှိတယ်... အရေပြားပေါ်မှာလည်း အဆီလို အလွှာတစ်လွှာ ရှိနေတော့ ကျည်ဆန်တောင် မဖောက်နိုင်ဘူး"
"ရေထဲမှာ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး... တခြားနည်းလမ်း စဉ်းစားမှ ရမယ်"
သူတို့နှစ်ယောက် စကားပြောနေစဉ် အပေါ်ထပ်မှ လူအများအပြား ပြေးဆင်းလာကြသည်။
"မင်းတို့ ဘာလုပ်နေတာလဲ"
"မင်းတို့က ဘယ်သူတွေလဲ... တိုက်တွဲ ၁ ကို ဘယ်သူက လာခိုင်းလို့လဲ"
"သေချာပေါက် တိန့်ဟူရဲ့ လူတွေပဲ ဖြစ်မယ်"
"သတ်ပစ်ကြ"
အဝတ်အစား စုတ်ပြတ်သတ်ကာ မုတ်ဆိတ်တွေ ဗရပွနှင့် မျက်နှာများ ဝါဖျော့နေသော်လည်း ရက်စက်သော အမူအရာများ ရှိနေသည့် လူအုပ်ကြီး ဖြစ်သည်။
လင်းယွမ်နှင့် ကျောက်ခိုင်တို့ ရှင်းပြရန် ပြင်လိုက်သော်လည်း ထိုလူအုပ်ကြီးက ဝုန်းခနဲ ပြေးဝင်လာကြသည်။
ထိုအခြေအနေကို မြင်သောအခါ ကျောက်ခိုင်က "ရပ်လိုက်စမ်း" ဟု အော်ဟစ်လိုက်သည်။
သူ့လက်နှစ်ဖက်ကို ရိုက်ခတ်လိုက်သည်နှင့် ရေခဲမြူများ မှုတ်ထုတ်လိုက်ရာ ကြမ်းပြင်ပေါ်ရှိ ရေကွက်များ ချက်ချင်း ရေခဲအဖြစ် ပြောင်းလဲသွားသည်။
ရှေ့ဆုံးမှ ပြေးလာသော သူများမှာ အရှိန်မသတ်နိုင်ဘဲ ရေခဲပြင်ပေါ် နင်းမိကာ ချော်လဲကုန်ကြသည်။
လင်းယွမ်ကတော့ ပို၍ ရိုးရှင်းသည်။ သူက မည်သည့်အချိန်က ထုတ်ယူလိုက်မှန်း မသိသော အလေးပြားဝိုင်းကြီးဖြင့် နံရံကို ဝုန်းခနဲ ပစ်ပေါက်လိုက်သည်။
"ဝုန်း"
နံရံအင်္ဂတေများ ကွဲထွက်သွားပြီး အက်ကွဲကြောင်းများ ပေါ်လာကာ နံရံတွင် ချိုင့်ခွက်ကြီး ဖြစ်သွားသည်။
သူက အလေးပြားကို ကိုင်လျက် အေးစက်စွာ ပြောလိုက်သည်။ "သေချင်တဲ့ကောင် တက်ခဲ့... မင်းတို့ ခေါင်းက ဒီနံရံထက် ပိုမာမယ်တော့ မထင်ဘူး"
လူအုပ်ကြီးမှာ ခြေလှမ်းတန့်သွားပြီး မျက်နှာများတွင် ကြောက်ရွံ့မှုများ ပေါ်လာကြသည်။
"အထူးအစွမ်းပိုင်ရှင်တွေဟေ့"
"ဒုက္ခပဲ... တိန့်ဟူရဲ့ လက်အောက်မှာ အစွမ်းပိုင်ရှင် အသစ်တွေ ထပ်ရောက်လာပြန်ပြီ"
"မြန်မြန်... တာအိုဆရာလင်းကို သွားပင့်ကြ"
"ပြေးကြ... အစွမ်းပိုင်ရှင်တွေကို ငါတို့ ယှဉ်နိုင်မှာ မဟုတ်ဘူး"
လူအုပ်ကြီးမှာ ကြောက်လန့်တကြား အော်ဟစ်ရင်း နောက်လှည့် ထွက်ပြေးကြတော့သည်။
ဒီမြင်ကွင်းကို ကြည့်ပြီး လင်းယွမ်သည် ဝမ်မုံကို ရှင်းပစ်စဉ်က အနောက်မှ လိုက်လာကြသော အိမ်ရှင်များကို သတိရလိုက်မိသည်။
အရေးသာချိန်တွင် သူတို့က အုံနှင့်ကျင်းနှင့် တက်လာတတ်ကြပြီး ကြောက်စရာ ကောင်းသယောင် ရှိသော်လည်း အခက်အခဲနှင့် တွေ့သည်နှင့် ထိုလူအုပ်ကြီးက ချက်ချင်း ကွဲပြိုသွားတတ်သည်။
ဒါကြောင့်လည်း သူက လူအားလုံးကို စီမံအုပ်ချုပ်ဖို့ မစဉ်းစားဘဲ ကိုယ့်အဖွဲ့ငယ်လေးကိုပဲ သေချာ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ယခု ထွက်ပြေးနေကြသော လူများကို ကြည့်ပြီး တာအိုဆရာလင်း သည် သူ့လိုမျိုး လူအင်အား လျှော့ချသည့် ပေါ်လစီကို မကျင့်သုံးထားမှန်း ခန့်မှန်းမိလိုက်သည်။
လင်းယွမ်က ကိုယ်ကို လှုပ်ရှားလိုက်ပြီး ပြေးတာနှေးသည့် အမျိုးသားတစ်ယောက်ကို ဖမ်းဆွဲလိုက်ကာ "တာအိုဆရာလင်း ဘယ်မှာနေလဲ" ဟု မေးလိုက်သည်။
ထိုအမျိုးသားက အော်ဟစ် ငိုယိုတော့သည်။ "ကျွန်တော့်ကို မသတ်ပါနဲ့... မသတ်ပါနဲ့ဗျာ... တာအိုဆရာလင်းက ၃၂ လွှာမှာပါ... တစ်ယောက်ယောက်က ပစ္စည်းသယ်တဲ့ ကေဘယ်ကြိုးကို ဖျက်ဆီးလိုက်လို့ သူတို့ အပေါ်ထပ်မှာ စစ်ဆေးနေကြတာပါ"
"ကျွန်တော် ဘာမှ မသိပါဘူးဗျာ... ဒီမှာ ငါးလာမျှားတာပါ... ဆရာကြီး... တောင်းပန်ပါတယ် ကျွန်တော့်ကို လွှတ်ပေးပါ"
ထိုလူက သတ္တိမရှိပေ။ လင်းယွမ် ခြိမ်းခြောက်စရာ မလိုဘဲ အကုန်ပြောပြလာသည်။
လင်းယွမ် သူ့ကို လွှတ်ပေးလိုက်ပြီး "သွားတော့" ဟု ပြောလိုက်သည်။
ထိုလူမှာ ဝမ်းသာအားရဖြင့် လှေကားအတိုင်း အပေါ်သို့ လေးဖက်လေးထိုး ပြေးတက်သွားတော့သည်။
လင်းယွမ်က တစ်ဖက်ရှိ ကျောက်ခိုင်ကို ကြည့်လိုက်ရာ ကျောက်ခိုင်လည်း လူများကို မောင်းထုတ်ပြီးဖြစ်ကြောင်း တွေ့ရသည်။ ထို့နောက် ရေပြင်ကို ပြန်ကြည့်လိုက်ကြသည်။
ရေပြင်ပေါ်တွင် ဖားလူသား ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ထွက်သွားတာလား၊ ရေအောက်မှာ ပုန်းနေတာလား လင်းယွမ် မသိပေ။ သူ စိတ်လေးလံသွားပြီး ဤကိစ္စကို မှတ်သားထားလိုက်သည်။ ထို့နောက် ကျောက်ခိုင်ကို လှမ်းခေါ်လိုက်သည်။
"ဒီစင်္ကြံလမ်းကနေ မသွားတော့ဘူး... အပေါ်ထပ်မှာ ပြန်ဆုံမယ်"
"ဟုတ်ကဲ့... အစ်ကိုလင်း"
နှစ်ယောက်သား အပေါ်ထပ်သို့ တက်သွားပြီး တိုက်တွဲ ၁ လှေကားတွင် ဆုံတွေ့ကြသည်။
အမြင့်တစ်နေရာမှ ရေပြင်ကို ပြန်ကြည့်ကြသည်။
ရေပြင်ပေါ်တွင် မျောပါနေသော အမှိုက်သရိုက်များ ရှိသော်လည်း ဖားလူသားကို မတွေ့ရပေ။
ကျောက်ခိုင်က "အစ်ကိုလင်း... အဲဒီတိရစ္ဆာန် ဘယ်ရောက်သွားပြီလဲ မသိဘူး"
လင်းယွမ်က "အဲဒီကောင်က ဉာဏ်ရည်ရှိတယ်... ရန်ငြိုးလည်း ထားတတ်ပုံရတယ်... အနီးအနား ရေအောက်မှာ ပုန်းနေမလား မသိဘူး"
ကျောက်ခိုင် လန့်သွားပြီး ဒေါသတကြီး ပြောသည်။ "ဘာ... ဒီကောင်က ရန်ငြိုးထားတတ်တယ် ဟုတ်လား... ကျွန်တော်တို့က သူ့ကို ဘာမှ လုပ်တာမဟုတ်ဘူး... သူက အရင် လာတိုက်ခိုက်တာ... အခုကျတော့ ရန်ငြိုးထားတယ် ဟုတ်လား... ဒါ ဘာသဘောလဲဗျာ"
လင်းယွမ်က ခပ်တည်တည်ဖြင့ "မင်းက တိရစ္ဆာန်နဲ့ သွားပြီး အကြောင်းအကျိုး ဆွေးနွေးမလို့လား"
သူဆက်ပြောသည်။ "ဒီကောင်က ရေထဲမှာ အရမ်းကြမ်းတယ်... ငါတို့နှစ်ယောက် ရေထဲမှာ တိုက်ခိုက်ရင် သေလမ်းပဲ ရှိတယ်"
"ပြီးတော့ သူ့အရေပြားပေါ်က အဆီပြင်က ထူလည်းထူ၊ ချောလည်းချောတော့ ကျည်ဆန်တောင် မပေါက်ဘူး... နည်းနည်း ပြဿနာရှိတယ်... နောက်တစ်ခါ တွေ့ရင် တခြားနည်းဗျူဟာ သုံးမှ ရမယ်"
ကျောက်ခိုင် စဉ်းစားလိုက်ပြီး "ကျွန်တော် သူ့ကို ခဲသွားအောင် လုပ်ပြီး ချုပ်ထားရင်ရော"
လင်းယွမ် ခေါင်းညိတ်သည်။ "အဲဒါ နည်းလမ်းကောင်းပဲ... ဒီကောင်က ရေခဲဒဏ် ခံနိုင်မလား မသိဘူး... တန်းပြီး ခဲသေသွားရင်တော့ အကောင်းဆုံးပေါ့"
သူ့စိတ်ထဲတွင်လည်း အတွေးတစ်ခု ရှိနေသည်။ သူ့စိတ်စွမ်းအင်ကို သုံးပြီး တစ်ဖက်သား၏ သိစိတ်ကို တိုက်ခိုက်လျှင် ရကောင်းရနိုင်သည်။
သို့သော် ဖားလူသား၏ စိတ်စွမ်းအား ပမာဏကို မသိရသေး။ စောစောက တိုက်ခိုက်စဉ်က ဒီနည်းကို မသုံးခဲ့ခြင်းမှာ စိတ်စွမ်းအင် တိုက်ခိုက်မှု မအောင်မြင်ဘဲ ကိုယ့်ဆီသို့ ပြန်ကန်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ကုန်းပေါ်ရောက်ပြီး စိတ်စွမ်းအင်ဖြင့် တိုက်ခိုက်ရန် ပြင်သောအခါတွင်လည်း ဖားလူသားက လိုက်မလာတော့ပေ။
နှစ်ဖက် အကွာအဝေး ဝေးကွာလွန်းသဖြင့် သူ့စိတ်စွမ်းအင်က လှမ်းမမီတော့။
"နောက်တစ်ခါ တွေ့ရင် ကျောက်ခိုင်ကို အရင်ဆုံး ရေခဲနဲ့ ချုပ်ခိုင်းပြီး ငါက စိတ်စွမ်းအင်နဲ့ တိုက်ခိုက်မယ်... ဒါဆိုရင် ဒီကောင် စိတ်စွမ်းအားက မြင့်နေပြီး ငါ့ဆီ ပြန်ကန်လာရင်တောင် ရှောင်တိမ်းဖို့ အချိန်ရနိုင်တယ်"
"ကံစမ်းမဲ နှိုက်ရင် စိတ်စွမ်းအင် တိုးတာကိုပဲ ရွေးမှ ဖြစ်မယ်"
ဂလော့ဒ် သေနတ် မရှိတော့သဖြင့် သူ့တွင် အဝေးပစ် လက်နက် မရှိတော့ပေ။ စိတ်စွမ်းအင်ကသာ သူ့အတွက် တစ်ခုတည်းသော အဝေးပစ် လက်နက် ဖြစ်နေသည်။
"ကဲ... ထားလိုက်တော့... သွားစို့... ခေါင်မိုးထပ်ကို သွားမယ်"
"ခေါင်မိုးထပ်"
"တာအိုဆရာလင်းတို့ အဲဒီမှာ ရှိတယ်"
ကျောက်ခိုင် ခေါင်းညိတ်ပြီး လင်းယွမ်နောက်မှ လိုက်ကာ အပေါ်သို့ အမြန်တက်သွားကြသည်။
လမ်းတစ်လျှောက် စင်္ကြံလမ်းများတွင် လူအများအပြား နေထိုင်ကြသည်ကို တွေ့ရသည်။ လှေကားထောင့်များတွင်လည်း အိုးခွက်ပန်းကန်များနှင့် လူသုံးကုန် ပစ္စည်းများ ပြည့်နှက်နေသည်။
သို့သော် တော်သေးသည်က လူသတ်ပွဲများ၊ ရာဇဝတ်မှုများကို မတွေ့ရခြင်းပင်။
ကျောက်ခိုင်က "ကြည့်ရတာ တာအိုဆရာလင်းတို့ ဒီမှာ စည်းကမ်း ထိန်းသိမ်းထားပုံ ရတယ်"
စည်းကမ်းထိန်းသိမ်းမည့်သူ မရှိလျှင် ဒီလိုပုံစံ ဖြစ်နေမည် မဟုတ်ကြောင်း သူကောင်းကောင်း သိသည်။
လျှိုအားလုံတို့ အုပ်ချုပ်ခဲ့စဉ်က သူတို့တိုက်တွဲ ၁ မှ လူများ ဘယ်လို နေခဲ့ရသည်ကို ပြန်စဉ်းစားကြည့်လျှင် သိသာသည်။
အမျိုးသမီးများ အစားအသောက်အတွက် ကိုယ်ခန္ဓာ ရောင်းစားရခြင်း၊ လူဆိုးများ နေ့ခင်းကြောင်တောင် မုဒိမ်းကျင့် လုယက်ခြင်းများ နေရာတိုင်းတွင် ရှိခဲ့သည်။
လင်းယွမ် ခေါင်းညိတ်လိုက်သည်။ တာအိုဆရာလင်း အပေါ် အမြင်အနည်းငယ် ကြည်သွားသည်။ အနည်းဆုံးတော့ ဒီလူက လျှိုအားလုံလို မိုက်ရိုင်းသည့် လူစားမျိုး မဟုတ်ပေ။
ဒီလိုလူမျိုးနှင့် လက်တွဲ၍ ရနိုင်သည်။
၃၂ လွှာသို့ ရောက်သောအခါ ခေါင်မိုးထပ်သို့ ဆက်တက်ရန် ပြင်လိုက်စဉ် လူကောင်ကြီး အချို့က တားဆီးလိုက်သည်။
ခေါင်းဆောင်ဖြစ်သူ အဝလွန် လူကောင်ကြီးက မျက်မှောင်ကြုတ်ကာ အော်ဟစ်လိုက်သည်။ "ရပ်လိုက်"
သူမတ်တပ်ရပ်လိုက်ရာ အရပ်အမောင်းက ၆ ပေ ၂ လက်မ ကျော်ခန့် ရှိပြီး လင်းယွမ်ထက်ပင် ခေါင်းတစ်ဝက်ခန့် ပိုမြင့်နေသည်။
"မင်းတို့ ဘယ်အလွှာကလဲ... စည်းကမ်း နားမလည်ဘူးလား... တာအိုဆရာလင်း ပြောထားတာ ဘယ်နှစ်ခါ ရှိပြီလဲ... ခေါင်မိုးထပ်ကို မတက်ရဘူးဆိုတာ"
လင်းယွမ်က "ငါ တာအိုဆရာလင်းကို လာရှာတာ... ဟိုဘက်တိုက်က လင်းယွမ် လို့ သွားပြောလိုက်... သူသိတယ်"
ထိုလူကောင်ကြီး ကြောင်သွားပြီး လင်းယွမ်ကို မယုံနိုင်သလို အကဲခတ်လိုက်သည်။
"ခင်... ခင်ဗျားက ဆရာလင်းလား"
သူက အံ့သြနေပုံရပြီး ခေါင်းခါလိုက်ကာ "မဖြစ်နိုင်ဘူး... ဒါ မဖြစ်နိုင်ဘူး... ခင်ဗျား ဘယ်လိုလုပ် ဒီဘက်ကို ရောက်လာမှာလဲ"
လင်းယွမ် မျက်ခုံးပင့်လိုက်သည်။ "မင်းက ငါ့ကို သိတယ်လား"
လူကောင်ကြီးက "ကျုပ်က နေ့တိုင်း 'အသံဖုန်း' ဘေးမှာ စောင့်နေတာလေ... ဆရာလင်းကို ဘယ်လိုလုပ် မသိဘဲ နေမလဲ... ဒါပေမဲ့ ခင်ဗျားက ဆရာလင်းဆိုတာ ဘယ်လို သက်သေပြမလဲ"
လင်းယွမ် ပြုံးလိုက်သည်။ "သြော်... ရှီဟိုင်ကျူး ဆိုတာ မင်းကိုး"
ရှီဟိုင်ကျူးက နှာခေါင်းရှုံ့လိုက်သည်။ သူ့နာမည်ကို သိရုံနှင့် အထင်မကြီးပေ။ သူ့နာမည်ကို သိသူ များသည်။
ဒီတိုက်မှာ ရှီဟိုင်ကျူး ဆိုလျှင် ဘယ်သူ မသိဘဲ နေမလဲ။
လင်းယွမ်က မာကောချိုင် ဆီမှ ရှီဟိုင်ကျူး အကြောင်း ကြားဖူးခြင်း ဖြစ်သည်။ မာကောချိုင်နှင့် ဆက်သွယ်သူမှာ ဒီလူဖြစ်သည်။
နောက်ပိုင်း မာကောချိုင်ကို သစ်ဖောင်လုပ်ခိုင်းလိုက်ပြီး တခြားလူကို 'အသံဖုန်း' စောင့်ခိုင်းလိုက်သဖြင့် ဒီဘက်အခြေအနေကို မကြားရတာ ကြာပြီဖြစ်သည်။
လင်းယွမ်က "တာအိုဆရာလင်းကို ခေါ်လိုက်... ငါ သူနဲ့ မျက်နှာချင်းဆိုင် ပြောလိုက်ရင် ပြီးတာပဲ မဟုတ်လား"
"ခင်ဗျား တွေ့ချင်တိုင်း တွေ့လို့ရမလား... တာအိုဆရာလင်းက အလုပ်ရှုပ်နေတယ်... ခင်ဗျားတို့က တိန့်ဟူရဲ့ လူတွေ မဟုတ်လား... ကြည့်ရတာ စိမ်းနေသလိုပဲ"
ရှီဟိုင်ကျူး၏ နောက်မှ တစ်ယောက်က အော်ပြောလိုက်သည်။
လင်းယွမ် မျက်မှောင်ကြုတ်လိုက်သည်။ စကားအများကြီး မပြောချင်တော့သဖြင့် ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ "ဒါဆို မင်းတို့ တားကြည့်လိုက်လေ"
ရှီဟိုင်ကျူးက ချက်ချင်းပင် လင်းယွမ့် ပခုံးကို လက်နှစ်ဖက်ဖြင့် တွန်းကာ "မင်းက ပြဿနာတတ်ချင်တာလား"
သူက လူကောင်ကြီးမားသလို တာအိုဆရာလင်း၏ အဖွဲ့တွင်လည်း ခွန်အားအကြီးဆုံးဟု သတ်မှတ်ခံထားရသူ ဖြစ်သည်။
သို့သော် သူတွန်းလိုက်ချိန်တွင် လင်းယွမ်က ရွေ့မသွားသည့်အပြင် သူကိုယ်တိုင်သာ ကိုယ့်အားကိုယ် ပြန်ကန်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရသည်။
သူ့မျက်နှာ အရောင်ပြောင်းသွားပြီး သံသယများ ဝင်လာသည်။
တစ်ဖက်က လင်းယွမ်က သူ့ထက် သေးသော်လည်း အောက်ပိုင်းက ဘာလို့ ဒီလောက် ခိုင်မာနေရတာလဲ။
လင်းယွမ် ခြေလှမ်းမရပ်ဘဲ ရှေ့ဆက်တိုးသည်။
ရှီဟိုင်ကျူးက မကျေနပ်သဖြင့် လင်းယွမ်ဆီသို့ အရှိန်ဖြင့် ပြေးဝင်တိုက်ခိုက်ကာ "ရပ်စမ်း" ဟု အော်လိုက်သည်။
သို့သော် လင်းယွမ်က လက်တစ်ဖက် ဆန့်ထုတ်လိုက်ပြီး "ဘုန်း" ခနဲ ဝင်တိုက်လာသော ပခုံးကို ဖမ်းချုပ်လိုက်သည်။
ထို့နောက် လူအများရှေ့တွင်ပင် လက်တစ်ဖက်တည်းဖြင့် သူ့ကို မ,တင်လိုက်တော့သည်။
တစ်ခဏအတွင်း ပေါင် ၂၀၀ ကျော် လေးသော ရှီဟိုင်ကျူးကြီးမှာ လင်းယွမ်၏ လက်တစ်ဖက်တည်းဖြင့် မြှောက်တင်ခြင်းကို ခံလိုက်ရသည်။
သူ့ခန္ဓာကိုယ် လေပေါ်ရောက်သွားပြီး ခြေလက်များ ယက်ကန်ယက်ကန်ဖြင့် ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ "လွှတ်... ငါ့ကို လွှတ်"
ဘေးမှ ကျောက်ခိုင်က ဟားတိုက် ရယ်မောလိုက်သည်။ "မင်းတို့ကများ အစ်ကိုလင်းကို လက်ပါရဲတယ်ပေါ့... ကိုယ့်အခြေအနေကိုယ် နားမလည်ကြဘူးပဲ"
လင်းယွမ်က ပေါ့ပေါ့ပါးပါးပင် ပစ်လိုက်ရာ ပေါင် ၂၀၀ ကျော် ရှီဟိုင်ကျူးမှာ အသားလုံးကြီး တစ်လုံးပမာ တစ်ဖက်လူအုပ်ကြီးဆီသို့ လွင့်သွားသည်။
လူအုပ်ကြီးမှာ လဲပြိုကျသွားပြီး အော်ဟစ်သံများ ထွက်ပေါ်လာသည်။
ရှီဟိုင်ကျူးကတော့ သိပ်မနာသော်လည်း အပိခံရသော သူ့တပည့်များကတော့ အတော်နာသွားကြသည်။
သူက မျက်လုံးပြူးကာ မယုံနိုင်စွာ ပြောသည်။ "မင်း... မင်းက အစွမ်းပိုင်ရှင်လား... ခွန်အားအမျိုးအစား အစွမ်းပိုင်ရှင်လား"
သူက တိန့်ဟူ၏ ကြောက်မက်ဖွယ် ခွန်အားကို မြင်ဖူးသဖြင့် ခွန်အားအမျိုးအစား အစွမ်းပိုင်ရှင်သာလျှင် သူ့ကို လက်တစ်ဖက်တည်းနှင့် မနိုင်ကြောင်း ကောင်းကောင်း သိသည်။
အရင်တုန်းကဆို သူကသာ သူများကို ဒီလို မခဲ့ဖူးသည်။
လင်းယွမ်က သူတို့ကို ကျော်ခွသွားပြီး "အစွမ်းပိုင်ရှင်တွေ ရှိတယ်ဆိုတာ သိရင် နောက်တစ်ခါ ဒီလို ဘူမသိ ကိုးမသိပုံစံနဲ့ လာမပိတ်နဲ့... အနည်းဆုံးတော့ မင်းတို့ ခေါင်းဆောင်ကို သွားအကြောင်းကြားသင့်တယ်... တာအိုဆရာလင်းက နတ်မင်းကြီးလား... တွေ့ဖို့တောင် ဒီလောက် ခက်ခဲနေရအောင်"
သူက အေးစက်စွာ ပြောဆိုရင်း ခေါင်မိုးထပ်သို့ ဝင်ရောက်သွားသည်။
ကောင်းကင်တွင် မိုးများ သည်းထန်စွာ ရွာသွန်းနေသော်လည်း လင်းယွမ်၏ ခေါင်းပေါ်သို့ ရောက်သောအခါ မမြင်ရသော စိတ်စွမ်းအင် အကာအကွယ်တစ်ခုက မိုးရေများကို တားဆီးထားသည်။
ရေစီးကြောင်းများက အကာအကွယ်အတိုင်း ဘေးသို့ စီးကျသွားပြီး ရေကန့်လန့်ကာသဖွယ် ဖြစ်ပေါ်နေသည်။
လင်းယွမ်က ရေကန့်လန့်ကာကြားတွင် ရပ်နေသဖြင့် ကြည်လင်ပြီး မမြင်ရသော စိတ်စွမ်းအင် အကာအကွယ်သည် စက်ဝိုင်းပုံ ရေလုံးကြီးသဖွယ် ထင်ရှားနေသည်။
ကျောက်ခိုင် အလျင်အမြန် လိုက်ပါလာသော်လည်း သူ့တွင်တော့ ဒီလို လန်းသော အစွမ်း မရှိပေ။
သူက ကြမ်းပြင်ကို ဖိလိုက်ရာ ခေါင်မိုးထပ်ရှိ ရေပြင် ခဲသွားသည်။ ထို့နောက် လက်ဝါးဖြန့်ကာ ရေတစ်ဆုပ် ခံလိုက်ရာ ရေစီးကြောင်းက လက်ဝါးအတိုင်း စီးကျပြီး ရေတိုင်လုံး ဖြစ်လာသည်။
ရေခဲအစွမ်းကြောင့် ရေတိုင်လုံးက ရေခဲတိုင်လုံး ဖြစ်သွားပြီး ရေခဲပြင်နှင့် တစ်သားတည်း ဖြစ်သွားသည်။
သူ အသာအယာ ဆွဲလိုက်သောအခါ ရေခဲထီးတစ်ချောင်း ဖြစ်ပေါ်လာသည်။
ရေခဲထီးမှ အအေးငွေ့များ ထွက်နေပြီး မိုးရေများ ထီးပေါ်ကျသောအခါ ရေခဲကန့်လန့်ကာသဖွယ် ချက်ချင်း ခဲသွားသည်။
ဤနည်းဖြင့် သူလည်း မိုးဒဏ်ကို ကာကွယ်နိုင်လိုက်သည်။
နှစ်ယောက်သား၏ ထူးခြားသော ဝင်ရောက်လာပုံက ခေါင်မိုးထပ်တွင် အစည်းအဝေး လုပ်နေသော တာအိုဆရာလင်း၊ ရန်ဆန်းမင်နှင့် အခြားသူများကို အာရုံစိုက်သွားစေသည်။
ရေခဲထီးနှင့် ရေလုံးကြီးကို မြင်သောအခါ တာအိုဆရာလင်း မျက်နှာပျက်သွားသည်။
"အစွမ်းပိုင်ရှင်တွေ"
ရန်ဆန်းမင်လည်း မျက်နှာပျက်ကာ "ဒီနှစ်ယောက်က ဘယ်သူတွေလဲ... ငါတို့တိုက်မှာ ဘယ်တုန်းက အစွမ်းပိုင်ရှင် အသစ်တွေ ရောက်လာတာလဲ"
သူတို့ ပြောနေစဉ်မှာပင် လင်းယွမ်နှင့် ကျောက်ခိုင် လျှောက်လာကြသည်။
တာအိုဆရာလင်း၏ ကိုယ်မှ ရွှေရောင်အလင်းများ ချက်ချင်း ထွက်ပေါ်လာပြီး ထိုအလင်းများက ဓားပျံများအဖြစ် ပြောင်းလဲကာ သူ့ဘေးတွင် ဝဲပျံနေကြသည်။
ထိုအရှိန်အဝါကြောင့် လင်းယွမ်ပင် မျက်ခုံးလှုပ်သွားသည်။
"ဒီအဘိုးကြီးက တကယ်ပဲ သိုင်းလောကထဲ ရောက်နေတာလား... ဓားပျံတွေတောင် ထုတ်နိုင်တယ်ပေါ့"
ကျောက်ခိုင်လည်း အံ့သြသွားပြီး လင်းယွမ်ကို ကြည့်ကာ "အစ်ကိုလင်း... သူ... သူက ဘာအစွမ်းလဲ"
လင်းယွမ် ခေါင်းခါလိုက်ပြီး "ခင်ဗျားက တာအိုဆရာလင်း ဖြစ်မယ် ထင်တယ်... ကျုပ်နာမည်က လင်းယွမ်... အရင်က အသံဖုန်းကနေ စကားပြောဖူးတယ်"
သူက မိတ်ဆက်လိုက်သည်။ အစွမ်းပိုင်ရှင်ချင်းမို့ လင်းယွမ်ကလည်း လေးစားမှု အနည်းငယ် ပေးလိုက်ခြင်း ဖြစ်သည်။
တာအိုဆရာလင်းက လင်းယွမ် စကားကြားတော့ ကြောင်သွားပြီး အံ့သြစွာ ကြည့်လိုက်သည်။ "ခင်ဗျားက ဟိုဘက်တိုက်က ဆရာလင်းလား... ဘယ်လို လုပ်ပြီး ဒီဘက် ရောက်လာတာလဲ"
လင်းယွမ် ပြုံးလိုက်သည်။ "တာအိုဆရာလင်း... အစွမ်းတွေတောင် ပေါ်လာပြီပဲ... ပေ ၃၀၀ လောက် ဖြတ်ကူးရတာ မခက်ပါဘူးဗျာ"
တာအိုဆရာလင်းက "ခက်တာပေါ့ဗျ... ရေထဲမှာ သန္ဓေပြောင်း ကောင်တွေ အများကြီး ရှိတာ... အရမ်း ရက်စက်ကြတယ်... တိန့်ဟူတောင် ရေထဲ မဆင်းရဲဘူး... ခင်ဗျား ဘယ်လို လာတာလဲ"
လင်းယွမ် မျက်ခုံးပင့်လိုက်သည်။ တာအိုဆရာလင်းတို့လည်း ရေကြီးမှုကို လေ့လာထားပြီး ရေအောက်အခြေအနေကို သိထားကြပုံရသည်။
သူက ကျောက်ခိုင်ကို ညွှန်ပြပြီး "မိတ်ဆက်ပေးရဦးမယ်... ဒါက ကျုပ်သူငယ်ချင်း ကျောက်ခိုင်... သူ့အစွမ်းကို ခင်ဗျား ကြည့်ရင် သိမှာပဲ"
တာအိုဆရာလင်းက ကျောက်ခိုင်ကို ကြည့်လိုက်သည်။ သူဘာမှ မပြောရသေးခင် ရန်ဆန်းမင်က အာမေဋိတ် သံဖြင့ "ရေခဲအစွမ်းလား... ခင်ဗျားတို့ ရေကို ခဲပြီး လာခဲ့ကြတာလား"
သူ့စကားကြောင့် ဘေးနားရှိ လူများ စိတ်လှုပ်ရှားသွားကြသည်။
"ရေကြီးတာကို ခဲအောင် လုပ်လို့ ရတယ်ပေါ့... ဒါဆို တိုက်ထဲကနေ ထွက်လို့ ရပြီပေါ့"
"ငါတို့ တိန့်ဟူကို ကြောက်စရာ မလိုတော့ဘူးပေါ့"
"တိုက်ထဲက ထွက်လို့ရရင် အစိုးရ ကယ်ဆယ်ရေးအဖွဲ့ကို သွားရှာလို့ ရပြီ"
တာအိုဆရာလင်းလည်း စိတ်လှုပ်ရှားစွာဖြင့ "ဆရာလင်း... ဒီ... ဒီမိတ်ဆွေက ရေကို ခဲအောင် လုပ်နိုင်တာလား... ခင်ဗျားတို့ ရေကို ခဲပြီး လမ်းလျှောက်လာကြတာလား"
လင်းယွမ် ပြုံးလိုက်ပြီး "ဒီကိစ္စကို ခဏနေမှ ဆွေးနွေးကြတာပေါ့... ကျုပ် ဒီကို လာတာက တာအိုဆရာလင်းကို မေးစရာ ရှိလို့ပါ... ပစ္စည်းသယ်တဲ့ ကေဘယ်ကြိုးက ဘယ်လိုဖြစ်တာလဲ"
"စောစောက ကျုပ် တိုက် ၇၆ ခေါင်မိုးပေါ်ကနေ လူရိပ်တစ်ခု တွေ့လိုက်တယ်... ဒီလောက်ဝေးတဲ့ နေရာကနေ ကျောက်တုံးနဲ့ လှမ်းပစ်ပြီး ကျုပ်လူတွေကို ခြိမ်းခြောက်တယ်"
"ဒီမှာ ဘာတွေ ဖြစ်နေတာလဲ"
လင်းယွမ်က သူ့ရည်ရွယ်ချက်ကို ပြောလိုက်ရာ တာအိုဆရာလင်းနှင့် ရန်ဆန်းမင်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး မျက်လုံးထဲတွင် ဝမ်းသာရိပ်များ ပေါ်လာကြသည်။
လင်းယွမ်ဆိုတာ အားကိုးရမယ့် ပြင်ပအကူအညီပဲ မဟုတ်လား။
တကယ်လို့ ဒီနှစ်ယောက်သာ ကူညီမယ်ဆိုရင် တိန့်ဟူကို ဘာကြောက်စရာ ရှိတော့မှာလဲ။
တာအိုဆရာလင်းက သတိထားနေမှုကို လျှော့ချလိုက်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။ "ဆရာလင်း... ဒီကိစ္စက ကျုပ်တို့ ညံ့ဖျင်းလို့ပါဗျာ"
"ကျုပ်တို့ ပစ္စည်းသယ်တဲ့ ကြိုးကို မကာကွယ်နိုင်ခဲ့ဘူး... ကျုပ်တို့ရဲ့ အရောင်းအဝယ် ပျက်စီးသွားတယ်... ဒါပေမဲ့... ကျုပ်တို့မှာလည်း တကယ် မတတ်နိုင်တဲ့ အကြောင်းရင်း ရှိတယ်"
လင်းယွမ် ဘာမှ မပြောပေ။ ဒီလို ပုံစံဖမ်းနေတာ ကြည့်ရသည်မှာ သူတို့ဘက်က တစ်ခုခု အကူအညီ တောင်းတော့မည် ဆိုတာ သိသာသည်။
ကျောက်ခိုင်က ဝင်မေးလိုက်သည်။ "တာအိုဆရာလင်း... ဘာတွေဖြစ်ခဲ့လို့လဲ... ဘယ်သူက ကြိုးကို ဖျက်ဆီးတာလဲ... အဲ့လူကို ဖမ်းလိုက်ရင် ပြီးတာပဲ မဟုတ်လား"
တာအိုဆရာလင်းက ကျောက်ခိုင် စကားထောက်ပေးသည်ကို တွေ့သောအခါ သူ့အခက်အခဲများကို စတင် ရင်ဖွင့်လေတော့သည်။ "ဆရာ ကျောက်... ခင်ဗျားတို့ မသိပါဘူးဗျာ... ကျုပ်တို့ တိုက် ၇၅ မှာ လူမိုက်တစ်ယောက် ပေါ်လာတယ်"
"ဒီလူ့ နာမည်က တိန့်ဟူ... တိုက်တွဲ ၆ က လူပါ... သူက ခွန်အားအမျိုးအစား အစွမ်း နိုးထထားတာ... သူ့ခွန်အားက လက်ဗလာနဲ့ နံရံကိုတောင် ဖြိုနိုင်တယ်"
"သူက အဲဒီအစွမ်းကို အားကိုးပြီး တိုက် ၇၅ မှာ ဗိုလ်ကျနေတာ... အစားအသောက် လုယက်တာတင် မကဘူး... လူတွေကို စိတ်ထင်သလို သတ်တယ်... သူများ သားမယားတွေကို သိမ်းပိုက်တယ်... တကယ့် တိရစ္ဆာန်ပဲ"
"အခု ကျုပ်တို့လည်း သူ့ဒဏ်ကို မခံနိုင်လို့ တိုက်တွဲ ၁ နဲ့ ၂ မှာ ပုန်းနေရတာ... အစက ငါးဖမ်းပြီး ဆရာလင်းတို့ဆီက အစားအသောက်လေး လဲစားမလို့ပဲ"
"ဒီ တိန့်ဟူက ဘယ်က သတင်းရလဲ မသိဘူး... ကျုပ်တို့ အောက်ထပ်က ငါးဖမ်းတဲ့နေရာကို လူလွှတ်ပြီး တိုက်ခိုက်တယ်... ကျုပ်အဲဒီကို သွားစစ်ဆေးတုန်း ခေါင်မိုးပေါ်က ကေဘယ်ကြိုးကိုပါ ထပ်ဖျက်ဆီးတယ်"
"သူက ကျုပ်တို့ကို တမင် ချောင်ပိတ်အောင် လုပ်နေတာ"
ဆက်ရန်...
အပိုင်း (၁၁၈) သိုင်းပညာအသစ် ရရှိခြင်းနှင့် စွမ်းအင်ကျောက်တုံး
တာအိုဆရာလင်းက သနားစဖွယ် ညည်းတွားပြောဆိုနေရင်း လင်းယွမ်၏ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်နေသည်။
လင်းယွမ်၏ မျက်နှာထားက အေးစက်နေပြီး သနားသည့်ပုံ သို့မဟုတ် ဒေါသထွက်သည့်ပုံ လုံးဝ မပေါ်ပေ။
သူက တာအိုဆရာလင်း၏ ညည်းတွားသံများကို ဖြတ်ပြောလိုက်သည်။ "ခင်ဗျားတို့လက်ထဲမှာ ငါးအရှင် ဘယ်လောက်ရှိသေးလဲ"
"ဟေ"
တာအိုဆရာလင်း ကြောင်အသွားသည်။ လင်းယွမ် ပါးစပ်ဟဟချင်း မေးမည့်မေးခွန်းက တိန့်ဟူ အကြောင်း ဖြစ်မည်ဟု ထင်ထားသော်လည်း ငါးအကြောင်း မေးလာလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
သူ နည်းနည်း ကြောင်သွားပြီး ပြီးခဲ့တဲ့ အခေါက်ကတည်းက ငါးတွေအများကြီး ရောင်းထားတာကို စားလို့ မကုန်သေးဘူးလားဟု မေးချင်နေမိသည်။
သို့သော် စကားကို ပြောင်းလိုက်ပြီး "ငါးတွေတော့ မနည်းဘူး ရှိပါတယ်... မနက်တုန်းက ခင်ဗျားတို့နဲ့ အရောင်းအဝယ်လုပ်ဖို့ ပြင်ထားတာ... မထင်မှတ်ဘဲ ကြိုးတံတား အဖြတ်ခံလိုက်ရလို့"
"ဆရာလင်း... ကျွန်တော် စပ်စုတယ်လို့တော့ မထင်ပါနဲ့... ခင်ဗျားက ငါးတွေအများကြီးကို ယူပြီး ဘာလုပ်မလို့လဲ... ခင်ဗျားတို့ဘက်မှာ ငါးဖမ်းလို့ မရလို့လား"
လင်းယွမ် ငါးတွေအများကြီး လိုက်ဝယ်နေသည်မှာ စားဖို့သက်သက် မဟုတ်လောက်ဟု တာအိုဆရာလင်း သံသယ ဝင်နေမိသည်။
လင်းယွမ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "တာအိုဆရာလင်း... စပ်စုရာကျမှန်း သိရင် မမေးတာ အကောင်းဆုံးပဲလို့ ကျွန်တော် ထင်တယ်"
"ကျွန်တော့်ကို ငါးတွေရှိတဲ့နေရာ လိုက်ပြပါ... တိန့်ဟူ ကိစ္စက ပြီးမှ ပြောမယ်"
"အဲ... ဟုတ်ပါပြီ... ဒီဘက် လိုက်ခဲ့ကြပါ"
တာအိုဆရာလင်း မတတ်သာတော့ဘဲ ဒေါက်တာရန်နှင့် တစ်ချက်ကြည့်လိုက်ကာ သူတို့နှစ်ဦးကို ခေါ်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။
လင်းယွမ်အဖို့ တိန့်ဟူ ဆိုသည်မှာ အရေးမပါသော ဇာတ်ပို့ ကောင်လေးသာ ဖြစ်သည်။
သူ ပိုစိတ်ပူသည်မှာ အပြင်ဘက်မှ ဖားလူသား ဖြစ်သည်။
ထိုဖားလူသားကို မရှင်းလင်းဘဲ တိုက်အမှတ် ၇၆ သို့ ပြန်ရန် ခက်ခဲပေလိမ့်မည်။
လောလောဆယ် အကောင်းဆုံး နည်းလမ်းမှာ ငါးသတ်ပြီး အမှတ် များများရှာကာ မဲနှိုက်ပြီး အရည်အသွေးများ မြှင့်တင်ရန်သာ ရှိသည်။
သူတို့အဖွဲ့ အောက်ထပ်သို့ လျှင်မြန်စွာ ဆင်းလာကြရာ ရှီဟိုင်ကျူးနှင့် အခြားလူများက လမ်းဖယ်ပေးကြပြီး လင်းယွမ်တို့ကို ကြောက်ရွံ့လေးစားစွာ ကြည့်နေကြသည်။
တာအိုဆရာလင်း၏ အခန်းက တိုက်တွဲ (၁) ၏ အပေါ်ဆုံးထပ် အခန်းနံပါတ် ၃၂၀၁ ဖြစ်ပြီး လင်းယွမ်တို့ အခန်းနံပါတ်နှင့် အတူတူပင် ဖြစ်သည်။
သို့သော် ကြည့်ရသည်မှာ ဒါက တာအိုဆရာလင်း၏ မူလအိမ် မဟုတ်ဘဲ နောက်ပိုင်းမှ ပြောင်းရွှေ့လာပုံ ရသည်။
"ကြွပါ... ဒီရက်ပိုင်း တိန့်ဟူရဲ့ လူတွေက ငါးဖမ်းတဲ့နေရာကို နှောင့်ယှက်နေလို့ ကျွန်တော်တို့ ဖမ်းလို့ရတဲ့ ငါးက အကန့်အသတ် ရှိနေတယ်... ဒီရက်ပိုင်း စုထားတာ စုစုပေါင်း အကောင် ၅၀၀ ကျော်ပဲ ရှိတယ်"
တံခါးဖွင့်လိုက်သည်နှင့် ငါးညှီနံ့များ လှိုင်ခနဲ ထွက်လာသည်။
ဧည့်ခန်းထဲတွင် လေမှုတ်ရေကန်ကြီး တစ်ခု ရှိပြီး ထိုအထဲတွင် သန္ဓေပြောင်း ငါးများစွာ ကူးခတ်နေကြသည်။
လင်းယွမ် အကြမ်းဖျင်း ကြည့်လိုက်ရာ ငါးအကောင်ရေ ၅၀၀၊ ၆၀၀ ခန့် ရှိမည်ဟု ခန့်မှန်းမိသည်။
သူ စိတ်ထဲ ဝမ်းသာသွားသည်။ သန္ဓေပြောင်း ငါး ၅၀၀၊ ၆၀၀ လောက်ကို သတ်လိုက်လျှင် အနည်းဆုံး အမှတ် ၄၀၀၀၊ ၅၀၀၀ လောက် ရနိုင်သည် မဟုတ်ပါလော။
သူက ချက်ချင်းပင် "မဆိုးဘူး... ဒီငါးတွေကို ခဏနေ ကျွန်တော် ရှင်းပစ်လိုက်မယ်... စားနပ်ရိက္ခာကို ကျွန်တော် ထုတ်ပေးမယ်"
တာအိုဆရာလင်းက ယခုအချိန်တွင် အစားအသောက်ထက် တိန့်ဟူဆိုသော ပြဿနာကောင်ကို ပိုစိတ်ပူနေသည်။
ထို့ကြောင့် မနေနိုင်ဘဲ "ဆရာလင်း... ခင်ဗျား အလုပ်လုပ်ပုံကို ကျွန်တော် ယုံပါတယ်... ကျွန်တော်တို့ အရောင်းအဝယ် လုပ်လာတာလည်း အကြိမ်ကြိမ် ရှိပြီပဲ"
"အခုက အရောင်းအဝယ် ကိစ္စထက် ဟို တိန့်ဟူကောင်က တကယ့် ပြဿနာကောင် ဖြစ်နေတာပါ"
"ကြည့်ပါဦး... ဒီ ၂ ရက် ၃ ရက် အတွင်းမှာ ပုံမှန်ဆို ကျွန်တော်တို့ တစ်ရက်ကို ငါး ၅၀၀၊ ၆၀၀ လောက် မိနေကျ"
"အဲဒီ တိန့်ဟူက ခဏခဏ လာနှောင့်ယှက်နေလို့ အခုထိ ဒီငါးအနည်းငယ်လောက်ပဲ ဖမ်းနိုင်တော့တာ"
"တိန့်ဟူကို မရှင်းနိုင်သရွေ့ ကျွန်တော်တို့ ငါးဖမ်းလို့ရမှာ မဟုတ်ဘူး"
သူ့စကား၏ ဆိုလိုရင်းမှာ လင်းယွမ်ကို ဝင်ကူစေချင်ပြီး တိန့်ဟူကို ရှင်းပေးစေချင်ခြင်း ဖြစ်သည်။
လင်းယွမ်က သူ့သဘောကို နားမလည်ဘဲ နေမည်လော။
တိန့်ဟူက ကြိုးတံတားကို ဖျက်ဆီးပြီး သူ အမှတ် ရှာမည့်လမ်းကို ပိတ်ပင်ခဲ့သဖြင့် သေလမ်း ရှာလိုက်ခြင်းပင် ဖြစ်သည်။
သို့သော် ဒီစကားကို သူ့ဘက်က စမပြောသင့်ပေ။ သို့မှသာ အပေးအယူ လုပ်၍ ရမည် မဟုတ်ပါလော။
လင်းယွမ်က တာအိုဆရာလင်းကို ကြည့်ပြီး "ကျွန်တော့်ကို တိန့်ဟူကို သတ်စေချင်တာလား" ဟု မေးလိုက်သည်။
တာအိုဆရာလင်းက အလျင်အမြန်ပင် "ကျွန်တော့်ကို ကူညီတာတင် မဟုတ်ပါဘူး... ခင်ဗျားကိုယ်ခင်ဗျား ကူညီရာလည်း ရောက်ပါတယ်... တိန့်ဟူကို သတ်လိုက်မှ ဒီတိုက်က လူတွေ နောက်ဆံ မတင်းရတော့ဘဲ ငါးဖမ်းတာကို အာရုံစိုက်နိုင်မှာ မဟုတ်လား"
လင်းယွမ် ပြုံးလိုက်သည်။ "တာအိုဆရာလင်း... ခင်ဗျား တစ်ခု နားလည်မှုလွဲနေပြီ... တကယ်တော့ ကျွန်တော် အရောင်းအဝယ် လုပ်ဖို့ ရွေးချယ်စရာ နေရာတွေ အများကြီး ရှိတယ်... ကျွန်တော် တိုက် ၇၅ ကို လာနိုင်ရင် တိုက် ၇၄ ကိုလည်း သွားနိုင်တယ်... တိုက် ၇၇ ကိုလည်း သွားနိုင်တယ်"
"ကျွန်တော့် လက်ထဲမှာ စားစရာတွေ ရှိနေသရွေ့ ဝယ်မယ့်သူ မရှိမှာကို ပူစရာ မလိုဘူး ထင်တယ်"
တာအိုဆရာလင်း၏ မျက်နှာ ပျက်သွားသည်။
ဘေးမှ ဒေါက်တာရန်ဆန်းမင်က ကြားဝင်ပြောလိုက်သည်။ "ဆရာလင်း... တခြားတိုက်က လူတွေက ကျွန်တော်တို့လောက် ပူးပေါင်းဆောင်ရွက်ချင်စိတ် ရှိချင်မှ ရှိမှာ"
"ကျွန်တော်တို့ကျတော့ အရင်ကလည်း ပူးပေါင်းဖူးတဲ့ အခြေခံ ရှိတယ်... ပြီးခဲ့တဲ့ အရောင်းအဝယ်တွေမှာလည်း ခင်ဗျား မြင်တဲ့အတိုင်းပဲ... ကျွန်တော်တို့ အရည်အသွေးရော အရေအတွက်ပါ ပြည့်မီအောင် အရောင်းအဝယ် လုပ်ခဲ့ကြတာပါ"
"ခင်ဗျား တခြားတိုက်က လူတွေကို သွားရှာရင် သူတို့က ခင်ဗျားကို ယုံချင်မှ ယုံမှာ... ခင်ဗျားလက်ထဲက ပစ္စည်းတွေကိုပဲ လိုချင်မက်မောပြီး ပြဿနာ ရှာကောင်း ရှာလာနိုင်တယ်"
တာအိုဆရာလင်းကလည်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် "ဟုတ်တယ်... ဟုတ်တယ်... ဒေါက်တာရန် ပြောတာ မှန်တယ်... ဆရာလင်း... သံဃာကို မကြည့်ရင်တောင် ဘုရားမျက်နှာကို ထောက်ပြီး ကျွန်တော်တို့ကို ကူညီပါဗျာ"
( ဒီမှာပါတဲ့ တာအိုဆရာလင်းက ဗုဒ္ဓဘာသာရော တာအိုဘာသာရောကို လေ့လာလိုက်စားပြီး ပွပေါက်ကြံခဲ့ဖူးတဲ့ လူလိမ်တစ်ယောက်ပါ )
လင်းယွမ် မျက်ခုံးပင့်သွားသည်။ တာအိုဆရာ ပြောသည့် သံဃာ ဘာညာကို စိတ်မဝင်စားဘဲ ဘေးနားမှ မျက်မှန်နှင့် လူကို ခေါ်လိုက်သည့် အခေါ်အဝေါ်ကို သတိထားမိလိုက်သည်။
"ဒေါက်တာရန်... ခင်ဗျားက ဆရာဝန်လား"
လင်းယွမ်က မျက်မှန်နှင့် လူကြီးကို ကြည့်ပြီး မေးလိုက်သည်။
ရန်ဆန်းမင် ကြောင်သွားပြီး ခေါင်းညိတ်ပြသည်။ "ဟုတ်ကဲ့... ဆရာလင်း... ကျွန်တော့် နာမည် ရန်ဆန်းမင်ပါ... ဆရာဝန်ပါ"
"အနောက်တိုင်းဆေးလား... တိုင်းရင်းဆေးလား" လင်းယွမ်က ထပ်မေးလိုက်သည်။
"အဲ... တိုင်းရင်းဆေးပါ"
လင်းယွမ် ပြုံးလိုက်မိသည်။ သူ ဒီလူကို သတိရသွားပြီ။
အရင်တုန်းက အမမေ ပြောဖူးသည်။ အိမ်ရာပိုင်ရှင် ဂရုချက် ထဲတွင် တိုင်းရင်းဆေးဆရာဝန် တစ်ယောက် ရှိသည်ဟု ပြောဖူးရာ ဒီလူ ဖြစ်လောက်သည်။
ယခုလို အချိန်မျိုးတွင် ဆရာဝန် ဆိုသည်မှာ အလွန် ရှားပါးသော လူ့စွမ်းအားအရင်းအမြစ် ဖြစ်သည်။
သာမန် ဖျားနာကိုက်ခဲမှုများအပြင် ပြီးခဲ့တဲ့တခေါက် ကျောက်ခိုင် အရိုးကျိုးတုန်းကလို ဒဏ်ရာမျိုးဆိုလျှင် အနောက်တိုင်းဆေး ပညာအရ ကုသရန် ခက်ခဲသော်လည်း တိုင်းရင်းဆေး ပညာရှင်ဆိုလျှင် အရိုးဆက်ခြင်း၊ ကျောက်ပတ်တီးစည်းခြင်းတို့ဖြင့် ကုသပေးနိုင်သည်။
နောက်တစ်ချက်မှာ တိုင်းရင်းဆေး ပညာသည် အနောက်တိုင်းဆေး ပညာလောက် စက်ပစ္စည်း ကိရိယာများကို မှီခိုအားထားရခြင်း မရှိပေ။ ယခုလို လျှပ်စစ်မီးမရှိ စက်ပစ္စည်းမရှိသည့် ကာလတွင် တိုင်းရင်းဆေး ပညာရှင်များ အစွမ်းပြနိုင်မည့် အချိန် ဖြစ်သည်။
ထို့ကြောင့် ဤ ဒေါက်တာရန်ဆန်းမင် ဆိုသူသာ တကယ် တတ်ကျွမ်းသူ ဖြစ်ပါက အလွန် တန်ဖိုးရှိသော လူတစ်ယောက် ဖြစ်လာပေမည်။
လင်းယွမ် သူ့ကို လေးလေးနက်နက် ကြည့်လိုက်ပြီး စဉ်းစားကာ ပြောလိုက်သည်။ "ဒေါက်တာရန် ကိုယ်တိုင် ပြောလာမှတော့ ဒီမျက်နှာကို ကျွန်တော် ထောက်ပေးပါ့မယ်... ဒါပေမဲ့ တိန့်ဟူကို သတ်ပေးရမယ့် ကိစ္စအတွက် ကျွန်တော် အလကားတော့ အလုပ်မလုပ်ပေးနိုင်ဘူး"
တာအိုဆရာလင်းနှင့် ဒေါက်တာရန်တို့ ကြောင်သွားကြသည်။
တာအိုဆရာလင်းက "ငါလို အစွမ်းပိုင်ရှင် ပြောတုန်းကကျတော့ ဂရုမစိုက်ဘဲ သာမန်လူဖြစ်တဲ့ ရန်မျိုးရိုး ပြောမှပဲ မျက်နှာသာ ပေးရသလား" ဟု စိတ်ထဲ တွေးမိလိုက်သည်။
ဒေါက်တာရန်ကလည်း "ငါ့မျက်နှာက ဒီလောက်တောင် အရာဝင်သလား" ဟု သံသယ ဝင်မိသည်။
သို့သော် နှစ်ယောက်စလုံး လင်းယွမ်၏ စကားကို အာရုံစိုက်လိုက်ကြသည်။
တာအိုဆရာလင်းက "ဆရာလင်း... ဘာလိုအပ်ချက် ရှိပါသလဲ" ဟု မေးလိုက်သည်။
လင်းယွမ်က တဲ့တိုးပင် ပြောလိုက်သည်။ "ငါး... တိန့်ဟူကို သတ်ဖို့အတွက် ကျွန်တော့်ကို အနည်းဆုံး ငါး အကောင် ၁၀၀၀ ပေးရမယ်"
"အကောင် ၁၀၀၀" တာအိုဆရာလင်း လန့်သွားသည်။
ရန်ဆန်းမင်က "ဆရာလင်း... ကျွန်တော်တို့ ကံကောင်းမှ တစ်နေ့ ၅၀၀၊ ၆၀၀ လောက် ရတာ... အကောင် ၁၀၀၀ ဆိုတော့ အနည်းဆုံး ၂ ရက်လောက် ကြာလိမ့်မယ်"
တာအိုဆရာလင်းကလည်း "ဟုတ်တယ် ဆရာလင်း... တိန့်ဟူက ဘေးကနေ စောင့်ကြည့်နေတာ... ကျွန်တော်တို့ကို အလွယ်တကူ ငါးဖမ်းခွင့် ပေးမှာ မဟုတ်ဘူး... အကောင် ၁၀၀၀ ဆိုတာ နည်းနည်း များလွန်းနေမလား"
လင်းယွမ် ပြုံးလိုက်သည်။ "အခုချက်ချင်း ပေးရမယ်လို့ ကျွန်တော် မပြောပါဘူး... တိန့်ဟူကို သတ်ပြီးမှ ပေးချေလို့ ရပါတယ်"
"ဒါပေမဲ့ အာမခံချက်အနေနဲ့ ဒီအခန်းထဲက ငါး ၅၀၀ ကျော်ကို စရန်အဖြစ် ယူမယ်... တိန့်ဟူ သေပြီးမှ ကျန်တဲ့ ငါးတွေကို ပေး... ဘယ်လိုလဲ"
ဒီစကားကို ကြားတော့ တာအိုဆရာလင်းရော ရန်ဆန်းမင်ပါ သက်ပြင်းချနိုင်သွားသည်။
တိန့်ဟူကို သတ်ပြီးမှ ငါးပေးရမယ် ဆိုရင်တော့ ပြဿနာ မရှိ။
တိန့်ဟူ သေသွားသည်နှင့် သူတို့ စိတ်အေးလက်အေး ငါးဖမ်းနိုင်ပြီ ဖြစ်သည်။
ထိုအချိန်ကျလျှင် ငါးအကောင် ၁၀၀၀ ဆိုသည်မှာ ပြောပလောက်သည့် အရာ မဟုတ်တော့။
တာအိုဆရာလင်းက "ကောင်းပါပြီ... ဒီကိစ္စအတွက် ဆရာလင်းကိုပဲ အားကိုးရတော့မယ်... တိန့်ဟူကို သတ်ပေးနိုင်ရင် ငါးအကောင် ၁၀၀၀ ပေးပါ့မယ်"
လင်းယွမ် ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပြီ... အခု ခင်ဗျားတို့ သွားပြီး တိန့်ဟူရဲ့ သတင်းအချက်အလက်တွေ စုံစမ်းပေး... သူ ဘယ်မှာ နေသလဲ... သူ့ဘေးမှာ ဘယ်သူတွေ ရှိလဲ... တခြား သန္ဓေပြောင်း လူသားတွေ ရှိသေးလား ဆိုတာ စုံစမ်း"
"ကျွန်တော် ဒီငါးတွေကို ရှင်းလိုက်ဦးမယ်... ခင်ဗျားတို့ စုံစမ်းပြီးရင် လာပြော... ကျွန်တော် အစီအစဉ် ဆွဲရမယ်"
တာအိုဆရာလင်းက လေးစားသွားပြီး "ဆရာလင်းက တကယ် စေ့စပ်သေချာတာပဲ... ကျွန်တော် လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်ပါ့မယ်"
ရန်ဆန်းမင်လည်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် ဆရာလင်းက တကယ်ပဲ လုပ်ရည်ကိုင်ရည် ရှိသူပဲဟု တွေးမိလိုက်သည်။
ထို့နောက် သူတို့နှစ်ဦး လူခွဲလိုက်ကြသည်။ ရန်ဆန်းမင်က တိန့်ဟူ အကြောင်း စုံစမ်းရန် ထွက်သွားပြီး တာအိုဆရာလင်းက ငါးစာရင်း စစ်လေသည်။
ရေတွက်ကြည့်လိုက်ရာ စုစုပေါင်း ၅၉၇ ကောင် ရှိသည်။
တာအိုဆရာလင်းက မျက်နှာချိုသွေးကာ "ဆရာလင်း... ၅၉၇ ကောင် ဆိုတော့... အပြည့်ဖြစ်အောင် ၆၀၀ လို့ သတ်မှတ်လိုက်ရင် မကောင်းဘူးလား"
လင်းယွမ်က သူ့ကို စိုက်ကြည့်လိုက်သည်။ "ခင်ဗျားက ဒီလို ကိန်းဂဏန်း ဖြည့်တာလား... ဒါဆို ခဏနေ တိန့်ဟူကို သတ်တဲ့အခါ ခင်ဗျားတို့ အရင်ဝင်တိုက်လိုက်... သူ အသက်ငွေ့ငွေ့လေး ကျန်တော့မှ ကျွန်တော် ဝင်သတ်ပြီး အလုပ်ပြီးကြောင်း စာရင်းချုပ်လိုက်မယ်လေ"
ကျောက်ခိုင် လည်း မျက်လုံးလှန်ကြည့်ကာ "တာအိုဆရာလင်း... ဂဏန်းဖြတ်တာပဲ ကြားဖူးတယ်... ခင်ဗျားလို ဂဏန်းတိုးတာတော့ မကြားဖူးဘူးဗျာ"
တာအိုဆရာလင်းက တဟားဟား ရယ်လိုက်ပြီး "စတာပါဗျာ... စတာပါ... ငါး ၃ ကောင်လောက်များ... နောက်မှ ပြန်ဖြည့်ပေးပါ့မယ်... ဆရာလင်း ဘယ်လို လုပ်မလဲ... ငါးသတ်ဖို့ လူခေါ်ပေးရမလား"
လင်းယွမ်က လက်ကာပြလိုက်သည်။ "မလိုဘူး... ငါးသတ်တာ ကျွန်တော်လုပ်မယ်... ခင်ဗျားက သေပြီးသားငါးတွေကို သန့်ရှင်းရေးလုပ်ဖို့ လူစီစဉ်ထားလိုက်"
တာအိုဆရာလင်း နားမလည် ဖြစ်သွားသည်။ ငါး ၆၀၀ နီးပါးကို သူတစ်ယောက်တည်း ဘယ်တော့ သတ်လို့ ပြီးမှာလဲ။
သို့သော် နောက်တစ်ခဏတွင် လင်းယွမ်၏ လုပ်ရပ်ကြောင့် မျက်လုံးပြူး သွားရသည်။
လင်းယွမ်က ရေကန်ဘေးသို့ လျှောက်သွားပြီး မျက်လုံး အသာမှိတ်လိုက်သည်။ နောက်တစ်စက္ကန့်တွင် ထူးဆန်းသော တုန်ခါမှုလှိုင်းတစ်ခု သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
ထို့နောက် မျက်စိဖြင့် မမြင်နိုင်သော လှိုင်းများသည် ရေကန်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ရုတ်ခြည်းပင် ရေကန်ထဲမှ သန္ဓေပြောင်း ငါးများသည် အန္တရာယ်ကို အာရုံခံမိသကဲ့သို့ ပြင်းထန်စွာ ခုန်ပေါက်ကုန်ကြသည်။
"ဝုန်း... ဝုန်း... ဝုန်း..."
ဆက်တိုက် ဆိုသလိုပင် အသံများ ထွက်ပေါ်လာပြီး ထိုငါးများ၏ ခေါင်းများ တုန်ခါသွားကာ မျက်လုံးများမှ သွေးများ ယိုစီးကျလာသည်။ နောက်တစ်ခဏတွင် ငါးများအားလုံး တောင့်တင်းသွားပြီး ရေကန်ထဲသို့ ပြန်ပြုတ်ကျကုန်သည်။
"ဗွမ်း" "ဗွမ်း"
ရေစက်များ လွင့်စဉ်သွားပြီး ငါးအကောင် ၆၀၀ ခန့်သည် မျက်စိတစ်မှိတ် အတွင်းမှာပင် သေဆုံးသွားကြလေသည်။
ဤဖြစ်စဉ် တစ်ခုလုံးတွင် လင်းယွမ် မျက်လုံးပင် မဖွင့်ခဲ့ပေ။
"ဒါ... ဒါ"
တာအိုဆရာလင်း ထိတ်လန့်တကြားဖြင့် လင်းယွမ်ကို မယုံနိုင်သလို ကြည့်နေမိသည်။
လင်းယွမ်နှင့် ရင်းနှီးသော ကျောက်ခိုင်ပင် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
"အစ်ကိုလင်းရဲ့ အစွမ်းက ဘာလဲဟ... ဟင်းလင်းပြင်အစွမ်းက ဒီလောက် ကြမ်းတာလား"
သူက လင်းယွမ် အသုံးပြုလိုက်သည်မှာ ဟင်းလင်းပြင်အစွမ်းဟု ထင်မှတ်နေသည်။
လင်းယွမ် မျက်လုံးဖွင့်လိုက်ရာ မျက်ဝန်းထဲတွင် မောပန်းနွမ်းနယ်မှု အရိပ်အယောင် အနည်းငယ် ပေါ်နေသည်။
ခုနက တစ်ချက်တည်းနှင့် ငါးအုပ်လိုက်ကို သတ်လိုက်သဖြင့် စိတ်စွမ်းအင် အများအပြား ကုန်ဆုံးသွားခြင်း ဖြစ်သည်။
[ဒင်... သင်သည် စိတ်စွမ်းအင်ကို အသုံးပြု၍ သန္ဓေပြောင်း သတ္တဝါ ၅၉၇ ကောင်ကို တစ်ပြိုင်နက် သတ်ဖြတ်နိုင်ခဲ့သဖြင့် စိတ်စွမ်းအင်ဆိုင်ရာ (သိုင်း) ပညာရပ် တစ်ခုကို နားလည် သဘောပေါက်သွားပါသည်]
လင်းယွမ် အံ့ဩသွားပြီး အချက်အလက် ဇယားကွက်ကို အမြန် ဖွင့်ကြည့်လိုက်သည်။
သိုင်းပညာကဏ္ဍတွင် ကြွက်သားပေါက်ကွဲသိုင်း အပြင် နောက်ထပ် သိုင်းပညာတစ်ခု တိုးလာသည်ကို တွေ့လိုက်ရသည်။
စိတ်စွမ်းအင်ရိုက်ခတ်သိုင်း - စိတ်စွမ်းအင်ဖြင့်တိုက်ခိုက်ခြင်း
သိုင်းပညာအဆင့် - အဖြူရောင်
လိုအပ်ချက် - စိတ်စွမ်းအင် ၅ မှတ်၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု ၅ မှတ်
သိုင်းပညာအာနိသင် - စိတ်စွမ်းအင်ကို ပေါက်ကွဲထွက်စေပြီး ရန်သူ၏ စိတ်ပင်လယ်ကို အတင်းအဓမ္မ ဖျက်ဆီးခြင်း ဖြစ်သည်။ တိုက်ခိုက်မှု အတိုင်းအတာသည် စိတ်စွမ်းအင် အမှတ်ပေါ် မူတည်သည်။
သတိပြုရန် - အကယ်၍ ရန်သူ၏ စိတ်စွမ်းအင် အမှတ်သည် သင့်ထက် များနေပါက သင့်ထံသို့ စိတ်စွမ်းအင် ရိုက်ခတ်မှု ပြန်ကန်လာနိုင်သည်။
လင်းယွမ် မျက်လုံးများ အရောင်လက်သွားသည်။
"ငါးသတ်တာလည်း ကြာပြီ... အကောင် တစ်ထောင်လောက်တောင် ရှိနေပြီ... နောက်ဆုံးတော့ ငါးတွေကို အစုလိုက် အပြုံလိုက် သတ်နိုင်တဲ့ ပညာရပ်တစ်ခု ရလာပြီပဲ... အဲဒါကလည်း စိတ်စွမ်းအင်သိုင်းတဲ့"
လင်းယွမ် ဝမ်းသာသွားသည်။ ဒီပညာရပ်က မဲနှိုက်လို့ ရလာတာ မဟုတ်ဘဲ ငါးတွေ အဆက်မပြတ် သတ်ဖြတ်ရင်း ကိုယ်တိုင် သဘောပေါက် နားလည်လာသည့် စွမ်းရည် ဖြစ်သည်။
အရင်တုန်းက မဲနှိုက်တိုင်း စိတ်စွမ်းအင် အမှတ်တွေချည်း ဆက်တိုက် ရနေတာက ကံကြမ္မာက လမ်းပြနေခြင်း ဖြစ်သည်ဟု သူ ခံစားလိုက်ရသည်။
"ဒီပညာရပ် ရှိရင် ဟိုဖားလူသားကို ယှဉ်နိုင်လောက်ပြီ"
"ဒါပေမဲ့ အဲဒီ ဖားလူသားရဲ့ စိတ်စွမ်းအင် အမှတ်က ဘယ်လောက်ရှိလဲ မသိဘူး"
"မဖြစ်သေးဘူး... ငါ့ရဲ့ စိတ်စွမ်းအင်ကို အမြန်ဆုံး မြှင့်တင်ရမယ်... ၁၀ မှတ်ကျော်အောင် လုပ်နိုင်ရင် အကောင်းဆုံးပဲ"
လင်းယွမ် သူ့လက်ကျန် အမှတ် များကို ကြည့်လိုက်သည်။
လက်ရှိအမှတ် - ၅၁၆၂
လင်းယွမ် မျက်လုံးများ တောက်ပသွားသည်။ ဆိုလိုသည်မှာ သူ အနည်းဆုံး အမှတ် ၅ မှတ်လောက် မဲနှိုက်နိုင်ပြီ ဖြစ်သည်။
"ဆရာလင်း... ခင်ဗျား... ခင်ဗျား အစွမ်းက ဘာလဲ... တော်တော် ကြမ်းတာပဲ"
လင်းယွမ် တွေးနေစဉ်မှာပင် တာအိုဆရာလင်း အသိပြန်ဝင်လာပြီး မနေနိုင်ဘဲ ချီးကျူးလိုက်သည်။
လင်းယွမ် ပြုံးလိုက်ရုံသာ ပြုံးပြပြီး "တာအိုဆရာလင်း... ကျန်တဲ့ကိစ္စတွေ ခင်ဗျားကိုပဲ အပ်လိုက်မယ်... ဒီငါးတွေကို သန့်ရှင်းရေး လုပ်ပေးထားပါ... ပြီးရင် ကျွန်တော် ပြန်လာယူမယ်"
"အဲ... ဒါဆို ကြိုးတံတား ပြန်လုပ်ရဦးမယ်... မဟုတ်ရင် ဒီလောက်များတဲ့ ငါးတွေကို သယ်သွားဖို့ မလွယ်ဘူးလေ" တာအိုဆရာလင်းက ပြောလိုက်သည်။
ကျောက်ခိုင်က ပြုံးလိုက်သည်။ လင်းယွမ်ဆီမှာ ဟင်းလင်းပြင်အစွမ်း ရှိမှန်း သူ သိထားသဖြင့် ပစ္စည်းဘယ်လောက်များများ သယ်သွားလို့ ရသည်ကို သူ သိသည်။
သို့သော် ဝင်မပြောပေ။ ဟင်းလင်းပြင်အစွမ်း ဆိုသည်မှာ လင်းယွမ်က သူတို့ကို ယုံကြည်လို့ ပြောပြထားခြင်း ဖြစ်သည်။
ထို့ကြောင့် အပြင်လူကို ဒီလျှို့ဝှက်ချက် ထုတ်ပြောမည် မဟုတ်ပေ။
လင်းယွမ်က ပြုံး၍ "ကြိုးတံတားကတော့ ပြန်လုပ်ရမှာပေါ့... ဒါပေမဲ့ အဲဒီမတိုင်ခင် တိန့်ဟူကို အရင် ရှင်းရမယ်"
"ဟုတ်တယ်... ဟုတ်တယ်... တိန့်ဟူကို ရှင်းလိုက်ရင် ဘာပြဿနာမှ မရှိတော့ဘူး... အားလုံး ကောင်းကောင်း နေရတော့မယ်"
တာအိုဆရာလင်း ခေါင်းတငြိမ့်ငြိမ့် လုပ်လိုက်သည်။ ယခုအခါ သူ လင်းယွမ်ကို လုံးဝ မကြွားရဲတော့ပေ။
အရင်က လင်းယွမ်ကို တိန့်ဟူလို ခွန်အားအခြေပြု အစွမ်းပိုင်ရှင်ဟု ထင်ခဲ့သော်လည်း ယခုအခါ လုံးဝ မဟုတ်ကြောင်း သိသွားပြီ ဖြစ်သည်။
လင်းယွမ်၏ စွမ်းရည်က သိပ်ကို ဆန်းကြယ်လွန်းသည်။ မျက်လုံးမှိတ်လိုက်ရုံနှင့် သန္ဓေပြောင်း ငါးရာချီကို တစ်ခဏချင်း သတ်ပစ်နိုင်သည်။
လူကိုသာ ဒီလို လုပ်လိုက်လျှင် တွေးရဲစရာပင် မရှိတော့။
သူ လင်းယွမ်အပေါ် ကြောက်ရွံ့လေးစားစိတ်များ ဖြစ်ပေါ်လာပြီး တစ်ပြိုင်နက်တည်းမှာပင် စိတ်လှုပ်ရှားလာသည်။
ဒီလို မဟာမိတ်မျိုး ရှိနေမှတော့ တိန့်ဟူ ဆိုတာ ဘာကောင်မို့လို့လဲ။
ထိုစဉ် ကျောက်ခိုင် လျှောက်လာပြီး "အစ်ကိုလင်း... ကြာရင် ပုပ်ကုန်မှာ စိုးလို့ ငါးတွေကို ကျွန်တော် အရင် ခဲထားလိုက်မယ်နော်"
လင်းယွမ် ခေါင်းညိတ်လိုက်သည်။ "ကောင်းတယ်"
ကျောက်ခိုင်က ရေကန်ထဲသို့ လက်နှစ်ဖက် နှစ်လိုက်ပြီး ရေခဲစွမ်းအင်ကို ထုတ်လွှတ်လိုက်ရာ ရေကန်တစ်ခုလုံး မျက်စိရှေ့မှာပင် ရေခဲလွှာများ ဖုံးလွှမ်းသွားတော့သည်။
ဒါကိုမြင်တော့ တာအိုဆရာလင်း မျက်လုံး ထပ်ပြူးသွားပြန်သည်။ "ကျွတ်... ကျွတ်"
အခုမှ သူ သတိထားမိသည်။ ဒီကျောက်ခိုင် ဆိုတဲ့ လူငယ်ရဲ့ စွမ်းရည်က ရေခဲထီး လုပ်ပြီး ရှိုးပြရုံ သက်သက် မဟုတ်ဘူးပဲ။
ဒါက ရေခဲတုံးတွေ ထုတ်လုပ်ပြီး အစားအစာတွေကို အေးခဲထားနိုင်တဲ့ နတ်ဘုရား စွမ်းရည်မျိုးပါလား။
သူတို့ ငါးဖမ်းလျှင် ငါးသေပြီး ပုပ်သွားမှာ စိုး၍ အများကြီး မဖမ်းရဲကြ။
ဖမ်းမိရင်လည်း ထိန်းသိမ်းထားဖို့ နည်းလမ်းမရှိ။
အကယ်၍သာ ကျောက်ခိုင်လို အစွမ်းပိုင်ရှင် ရှိနေလျှင် ပိုနေတဲ့ ငါးတွေကို အေးခဲထားပြီး အကြာကြီး စားလို့ ရနိုင်သည် မဟုတ်ပါလော။
သူ ချက်ချင်း စိတ်အားထက်သန်သွားပြီး "ညီလေးကျောက်ခိုင်... မင်းရဲ့ ရေခဲတုံးတွေကို ရောင်းလို့ ရမလား"
ကျောက်ခိုင် ကြောင်သွားသည်။ ရေခဲတုံး လာဝယ်မည့်သူနှင့် ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်သည်။
"ခင်ဗျားက ရေခဲ လိုချင်လို့လား"
"ဟုတ်တယ်လေ... မင်းလည်း မြင်တာပဲ... ရာသီဥတုက ပူတော့ အသားငါးတွေက အထားမခံဘူး"
"ရေခဲသာ ရှိရင် အကြာကြီး ထားလို့ ရပြီ"
ကျောက်ခိုင် မျက်မှောင်ကြုတ်လိုက်သည်။ "ဘယ်လို ဝယ်ချင်တာလဲ"
"ဒါ"
တာအိုဆရာလင်း ဘာပြောရမှန်း မသိ ဖြစ်သွားသည်။ သူလည်း ဘယ်လို ဝယ်ရမလဲ မစဉ်းစားရသေး။
ဘေးမှ လင်းယွမ်က ရယ်လိုက်ပြီး "တာအိုဆရာလင်း... ကျွန်တော့်မှာ အကြံတစ်ခု ရှိတယ်... နားထောင်ကြည့်မလား"
"ပြောပါဗျ"
"ကျွန်တော့်ညီလေးရဲ့ ရေခဲစွမ်းရည်က ရေခဲတွေ အများကြီး ထုတ်လုပ်ပေးနိုင်တာ မှန်တယ်"
"ဒါပေမဲ့ ရေခဲ တစ်တုံးနှစ်တုံးလောက်နဲ့ ခင်ဗျားတို့ ပစ္စည်းတွေကို ဘယ်လောက်များများ သိုလှောင်နိုင်မှာလဲ"
"ကျွန်တော့် ညီလေးက ခင်ဗျားတို့အတွက် "ရေခဲခန်း" တစ်ခု ဆောက်ပေးနိုင်တယ်... ဒါဆို ခင်ဗျားတို့ဆီမှာ သဘာဝ ရေခဲသေတ္တာကြီး တစ်လုံး ရှိသွားပြီပေါ့"
"လဝက်လောက် တစ်ခါ ကျွန်တော့်ညီလေးက လာပြီး ပြုပြင်ထိန်းသိမ်းပေးမယ်... ရေခဲတွေ ထပ်ဖြည့်ပေးမယ်... ဒါဆို အအေးဓာတ် မပျက်တော့ဘူးပေါ့"
"ကုန်ကျစရိတ်ကိုတော့ "ရေခဲခန်း" ဆောက်လုပ်ခ နဲ့ ပြုပြင်ထိန်းသိမ်းခ ဆိုပြီး ခွဲလိုက်မယ်"
တာအိုဆရာလင်း ကြားလိုက်သည်နှင့် သဘောကျသွားသည်။
"ရေခဲခန်း" တစ်ခု ရှိပြီဆိုလျှင် ပစ္စည်းတွေ အများကြီး ထားလို့ ရပြီ။
နောင်တစ်ချိန် ငါးမဖမ်းနိုင်လျှင်တောင် ငတ်စရာ အကြောင်း မရှိတော့။
သူ အလျင်အမြန်ပင် "ကောင်းတယ်ဗျာ... ဒါပေမဲ့ "ရေခဲခန်း" က... ဘယ်လို လုပ်မှာလဲ"
လင်းယွမ် ရယ်လိုက်သည်။ "ဒီတိုက်မှာ အခန်းတွေ အများကြီးပဲဟာ... ခင်ဗျားတို့ အခန်းလွတ်တစ်ခန်းကို ရွေးပြီး "ရေခဲခန်း" လုပ်လိုက်ရင် ပြီးရောမဟုတ်လား"
"ဒါပေမဲ့ အခန်းက အပူကာနိုင်ဖို့ လိုတယ်... မဟုတ်ရင် ရေခဲ အရည်ပျော်လွယ်တယ်... ခင်ဗျားတို့ စောင်တွေ၊ မွေ့ရာတွေ၊ ရေမြှုပ်တွေ ရှာပြီး အခန်းကို လုံအောင် ပိတ်ထားလိုက်"
"ဒါဆို အအေးဓာတ်ကို ထိန်းထားနိုင်ပြီး ရေခဲ အရည်ပျော်တာ နှေးသွားလိမ့်မယ်"
တာအိုဆရာလင်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် လင်းယွမ် ပြောသည်များက ကျွမ်းကျင်အဆင့် ဖြစ်ကြောင်း ခံစားလိုက်ရသည်။
တာအိုဆရာလင်းက "ဒါဆို ဆရာကျောက်ခိုင် အတွက် ကုန်ကျစရိတ်ကို ငါးနဲ့ပဲ ရှင်းရမှာလား" ဟု မေးလိုက်သည်။
ကျောက်ခိုင်က လင်းယွမ်ကို လှမ်းကြည့်လိုက်သည်။
အမှန်အတိုင်း ပြောရလျှင် သူက တစ်ကိုယ်ရည်သမား ဖြစ်သဖြင့် စားစရာ မပူရ။
သို့သော် လင်းယွမ်က ငါးတွေကို စုဆောင်းနေသဖြင့် သူ့ကို မေးလိုက်ခြင်း ဖြစ်သည်။
လင်းယွမ်က ပြုံးပြီး "ခင်ဗျားတို့ဆီမှာ ငါးကလွဲပြီး တခြားဟာ ရှိလို့လား"
တာအိုဆရာလင်း ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းခါလိုက်သည်။ "မရှိဘူး... အခုလောလောဆယ် စားလို့ရတာ ငါးပဲ ရှိတယ်"
"ဒါဆို ငါးနဲ့ပဲ ရှင်းကြမယ် ရေခဲခန်း ဆောက်လုပ်ခ ငါးအကောင် ၅၀၀၀... နောက်ပိုင်း ပြုပြင်ထိန်းသိမ်းခ တစ်ခါလာရင် အကောင် ၁၀၀၀... အဆင်ပြေလား"
လင်းယွမ်က မနည်းလွန်း မများလွန်းသော ပမာဏတစ်ခုကို ပြောလိုက်သည်။
အကောင် ၅၀၀၀ ဆိုသည်မှာ တိန့်ဟူ အဖွဲ့ကို ရှင်းပြီးလျှင် တာအိုဆရာလင်းတို့ အနေဖြင့် ငါးရက် ခြောက်ရက်လောက် ကြိုးစားရုံဖြင့် ရနိုင်သော ပမာဏ ဖြစ်သည်။
ဒီဈေးက တကယ် တန်သည်။
တာအိုဆရာလင်း တွန့်ဆုတ်မနေဘဲ ခေါင်းညိတ်လိုက်သည်။ "ရပါတယ်... ဒီကိစ္စကို ကျွန်တော် ဆုံးဖြတ်လိုက်ပြီ... ညီလေး ကျောက်ခိုင်ကိုပဲ အကူအညီ တောင်းရတော့မယ်"
ကျောက်ခိုင်က သွားဖြဲပြီး ရယ်လိုက်သည်။ "ကျွန်တော့် တာဝန်ထားလိုက်... ခင်ဗျားတို့ နေရာ ရွေးထားနှင့်"
တာအိုဆရာလင်း ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ "ဒါနဲ့... ကျွန်တော့်ဆီမှာ ပစ္စည်းတစ်ခု ရှိသေးတယ်... ခင်ဗျားတို့ ယူမလား... ငါးဖိုးထဲကနေ နှိမ်လို့ ရမလားလို့ပါ"
ပြောပြောဆိုဆို သူက တာအို ဝတ်ရုံထဲမှ အဖြူရောင် ကျောက်တုံးတစ်တုံးကို ထုတ်ပြလိုက်သည်။
လင်းယွမ် စိတ်ဝင်စားသွားပြီး "ဒါ အတုံးလေးလဲ" ဟု မေးလိုက်သည်။
"ကျွန်တော်လည်း မသိဘူး... အောက်ထပ်က နံရံတွေမှာ တွေ့တာ... ပင်လယ်ခရုတွေ ကပ်နေသလို နံရံမှာ ကပ်နေကြတာ"
"ကျွန်တော့်သဘောနဲ့ ကျွန်တော်တော့ 'စွမ်းအင်ကျောက်တုံး' လို့ နာမည်ပေးထားတယ်"
"ဒီကျောက်တုံးက ကျွန်တော်တို့ ကိုယ်ထဲက စွမ်းအင်တွေကို ပြန်ဖြည့်ပေးနိုင်တယ်"
တာအိုဆရာလင်းက ရှင်းပြလိုက်သည်။
လင်းယွမ် အံ့ဩသွားပြီး ကျောက်ဖြူတုံးကို လှမ်းယူလိုက်သည်။
ကျောက်တုံးကို ကိုင်ကြည့်သော်လည်း မည်သည့် စွမ်းအင်ကိုမျှ မခံစားရပေ။
ထိုအခါမှ သူ သတိရသွားသည်။ သူက အစွမ်းပိုင်ရှင် မဟုတ်သဖြင့် မခံစားရခြင်း ဖြစ်မည်။
ထို့ကြောင့် ကျောက်တုံးကို ကျောက်ခိုင်လက်ထဲ ထည့်ပေးလိုက်ပြီး စမ်းသပ်ခိုင်းလိုက်သည်။
"မင်း စမ်းကြည့်စမ်း"
ကျောက်ခိုင်က ကျောက်တုံးကို ယူပြီး သေချာ အာရုံခံကြည့်လိုက်ရာ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
"တကယ်ပဲဗျ... အထဲက အရာတွေကို စုပ်ယူလို့ ရနေတယ်... ကျွန်တော့် ခန္ဓာကိုယ်ထဲက စွမ်းအင်တွေ လှုပ်ရှားလာပြီး ဒီကျောက်တုံးကို စုပ်ယူချင်စိတ်တွေ ဖြစ်ပေါ်လာတယ်"
လင်းယွမ် စဉ်းစားသွားသည်။ "ခင်ဗျား စုပ်ယူဖူးလား" ဟု တာအိုဆရာလင်းကို မေးလိုက်သည်။
"စုပ်ဖူးတာပေါ့... ကျွန်တော်တင် မကဘူး... တိန့်ဟူက ပိုတောင် စုပ်ယူထားသေးတယ်"
"ဒီကျောက်တုံးတွေကို တွေ့ပြီးကတည်းက တိန့်ဟူက ကျောက်တုံးပေါတဲ့ နေရာတွေကို လက်ဝါးကြီး အုပ်ထားတာ... ကျွန်တော့်လက်ထဲမှာ အခု နည်းနည်းပဲ ကျန်တော့တယ်"
လင်းယွမ် မျက်လုံး အရောင်လက်သွားသည်။ ဒီပစ္စည်းက စွမ်းအားနဲ့ သေချာပေါက် ပတ်သက်နေသည်။
စွမ်းအားနှင့် ပတ်သက်လျှင် တန်ဖိုး ကြီးမားစမြဲပင်။
စနစ်ထဲရှိ ကံစမ်းမဲများတွင် သန္ဓေပြောင်း အသီးပဲ ဖြစ်ဖြစ်၊ အစွမ်းပိုင်ရှင်သုံး ပစ္စည်းပဲ ဖြစ်ဖြစ် အမှတ် အများကြီး ပေးမှ မဲနှိုက်ရနိုင်သည် မဟုတ်ပါလော။
သူက ချက်ချင်းပင် "ဒီကျောက်တုံးတွေကိုလည်း ကျွန်တော်တို့ ယူမယ်... ခင်ဗျားဆီမှာ ဘယ်လောက်ရှိလဲ... ရှိသလောက် အကုန်ယူမယ်"
ဆက်ရန်...