← Chapters

အခန်း (၁၁၉-၁၂၀)

Vol. 6 Ch. 119-120

အခန်း (၁၁၉-၁၂၀)

Vol. 6 Ch. 119-120

အပိုင်း (၁၁၉) ဝင်ရောက်တိုက်ခိုက်ခြင်းနှင့် ပြောင်သလင်းခါအောင် သိမ်းယူခြင်း

တာအိုဆရာလင်း လက်ထဲတွင် စွမ်းအင်ကျောက်တုံး စုစုပေါင်း သုံးတုံးသာ ရှိတော့သည်။ ထိုသုံးတုံးအတွက် ငါးအကောင်ရေ ၉၀ ဖြင့် တွက်ချက်ပေးလိုက်ရသည်။

တစ်တုံးလျှင် ငါးအကောင်ရေ ၃၀ နှုန်းဖြင့် တွက်ချက်ထားခြင်းဖြစ်ရာ တာအိုဆရာလင်းခမျာ ဈေးနှုန်းအပေါ် သိပ်ဘဝင်မကျလှပေ။

သို့သော်လည်း မတတ်နိုင်... လောလောဆယ် သူက အကူအညီ လိုအပ်နေသူ ဖြစ်နေသဖြင့် မကျေနပ်သော်လည်း အံကြိတ်ကာ ရောင်းထုတ်လိုက်ရရှာသည်။

အကယ်၍ လင်းယွမ်သာ သူ့ကိုကူညီပြီး တိန့်ဟူကို ရှင်းမပေးလျှင် စွမ်းအင်ကျောက်တုံးမဆိုထားနှင့် ငါးဖမ်းသည့်နေရာကိုပါ တိန့်ဟူက လက်ဝါးကြီးအုပ်သွားတော့မည် ဖြစ်သည်။

လင်းယွမ်က စကားမစပ်သလိုဖြင့် မေးလိုက်သည်။

"ဒီကျောက်တုံးတွေက ထွက်နှုန်းကောင်းလား... နေရာအတည်တကျမှာပဲ တွေ့ရတတ်တာလား"

တာအိုဆရာလင်းက ခေါင်းခါလိုက်သည်။

"နေရာအတည်တကျတော့ မရှိဘူး... အများအားဖြင့် ရေမျက်နှာပြင်နဲ့ နီးတဲ့ ထောင့်ချိုးနေရာတွေမှာ တွေ့ရတတ်တယ်"

"တွေ့ရင်လည်း တစ်တုံး၊ နှစ်တုံးလောက်ပဲ... တော်တော်များများကတော့ ခရုခွံကြီးတစ်မျိုးနဲ့ တွဲပြီး တွေ့ရတတ်တယ်"

"အတိအကျပြောရရင် အဲ့ဒီ ခရုခွံကြီးတွေရဲ့ မျက်နှာပြင်မှာ ကပ်နေကြတာ"

"ကျွန်တော် ရှာတွေ့ထားတာ သိပ်မများဘူး... အများစုကို တိန့်ဟူရဲ့လူတွေက ဦးအောင် ဆယ်သွားကြတာ"

"သူတို့ဘက်က ဆယ်ယူရေးစခန်း ၄ ခု ဖွင့်ထားပြီး ၂၄ နာရီလုံး အလှည့်ကျ စောင့်ကြည့်နေကြတာ... စွမ်းအင်ကျောက်တုံး ပေါ်လာတာနဲ့ သူတို့လူတွေက ချက်ချင်း လုယူသွားကြရော"

လင်းယွမ် စိတ်ဝင်စားသွားသည်။ ၇၅ ဆောင်မှာ စွမ်းအင်ကျောက်တုံးတွေ ရှိနေရင် ၇၆ ဆောင်မှာ မရှိစရာအကြောင်း မမြင်ပေ။

ငါ ပုံမှန် သတိမထားမိလို့များလား။

ဤကိစ္စပြီးသည်နှင့် ၇၆ ဆောင်သို့ ပြန်ရောက်လျှင် သေချာလိုက်ရှာဦးမည်ဟု လင်းယွမ် ဆုံးဖြတ်ချက်ချလိုက်သည်။

တာအိုဆရာလင်းဘက်မှ အရောင်းအဝယ်ကိစ္စ ပြီးသည်နှင့် လင်းယွမ်အတွက် ငါးများကို ကိုင်တွယ်ဖြေရှင်းပေးမည့်သူများကို ရှာဖွေစီစဉ်ပေးသည်။

တစ်ချိန်တည်းမှာပင် သူကိုယ်တိုင်လည်း ရေခဲသိုလှောင်ခန်း လုပ်ရန်အတွက် အခန်းလိုက်လံကြည့်ရှုနေတော့သည်။

လင်းယွမ်နှင့် ကျောက်ခိုင်တို့သည် ခေါင်မိုးပေါ်သို့ ပြန်တက်လာပြီး ကြိုးတန်းကို ပြန်လည် တပ်ဆင်လိုက်ကြသည်။

ဟိုဘက်တွင် တင်းယန်နှင့် အဖွဲ့သားများက အသင့်စောင့်ဆိုင်းနေကြသဖြင့် ကြိုးတန်းသွယ်တန်းခြင်းက အလွယ်တကူပင် ပြီးမြောက်သွားသည်။

တစ်နာရီခန့်အကြာတွင် ရန်ဆန်းမင် အမောတကောဖြင့် ပြန်ရောက်လာသည်။

"ဆရာလင်း... ဆရာကျောက်... ကျွန်တော်တို့ တိန့်ဟူရဲ့ သတင်းအချက်အလက်တွေကို စုံစမ်းလို့ ရပြီ"

"ဒီ တိန့်ဟူက တိုက်တွဲ ၄၊ ၅ နဲ့ ၆ တွေမှာ အခန်းယူထားတယ်... ဒါပေမဲ့ သူက တိုက်တွဲ ၆၊ အခန်း ၃၂၁၂ မှာ အဓိက နေတယ်"

"အဲ့ဒီနေရာကို ကျွန်တော် လူလွှတ်ပြီး စုံစမ်းခိုင်းထားပြီးပြီ... သူရယ်... သူ အနိုင်ကျင့်လုယူထားတဲ့ မိန်းမ ၃ ယောက်ရယ် အဲ့ဒီမှာ ရှိတယ်"

"ပြီးတော့ သူတို့လက်ထဲမှာ ပစ္စည်းတွေ အများကြီး ရှိသေးတယ်... တိုက်ခိုက်သိမ်းပိုက်နိုင်ရင်တော့ အမြတ်အများကြီး ထွက်မှာ သေချာတယ်ဗျ"

လင်းယွမ်က မေးလိုက်သည်။

"ပစ္စည်းတွေကရော ၃၂၁၂ မှာပဲလား"

"၃၂၁၂ မှာ ပစ္စည်းရှိတာတော့ သေချာတယ်... ဒါပေမဲ့ ပစ္စည်းအားလုံး ဟုတ်မဟုတ်တော့ မသေချာဘူး"

"တိန့်ဟူက သိပ်ကောက်ကျစ်တာ... တခြားနေရာတွေမှာ ဝှက်ထားတာမျိုး ရှိနိုင်တယ်"

ရန်ဆန်းမင်က ခန့်မှန်းပြောဆိုလိုက်သည်။

လင်းယွမ်က ခေါင်းညိတ်လိုက်သည်။

"သူ ပစ္စည်းဝှက်ထားနိုင်မယ့် နေရာမှန်သမျှ အကုန်ပြောပြ"

ရန်ဆန်းမင်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

"ကျွန်တော်တို့က ၃၂၁၂ ကို တန်းသွားပြီး တိန့်ဟူကို ရှင်းပစ်ရမှာ မဟုတ်ဘူးလား"

လင်းယွမ်က သူ့ကို တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီး ပြောသည်။

"တိန့်ဟူဆီ တန်းသွားပြီး သူ့ကို သတ်လိုက်ရင်... သူ့လက်အောက်ငယ်သားတွေက လန့်ပြီး ထွက်ပြေးကြရင်း ပစ္စည်းတွေကို ခွဲဝေယူငင်သွားကြရင် ဘယ်လိုလုပ်မလဲ"

ရန်ဆန်းမင်မှာ 'အမ်' ခနဲ ဖြစ်သွားပြီး ဘာပြောရမှန်း မသိတော့ပေ။

လင်းယွမ်က ထိုသူ ဘာတွေးနေသည်ကို သိနေသည်။ လင်းယွမ်တို့က တိန့်ဟူကို သတ်ပေးလိုက်လျှင် ကျန်ရစ်သော ပစ္စည်းများကို သူတို့ ရနိုင်သည်ဟု မျှော်လင့်နေခြင်း ဖြစ်လိမ့်မည်။

လင်းယွမ်ကတော့ ထိုပစ္စည်းများကို သူတို့လက်ထဲ အပါမခံနိုင်ပါ။

လာနောက်နေတာလား... အစွမ်းပိုင်ရှင် တစ်ယောက်ရဲ့ အသက်က ငါးအကောင် ၁၀၀၀ ပဲ တန်သလား။

တိန့်ဟူပိုင်ဆိုင်သော ပစ္စည်းများကို လိုချင်၍သာ သူက ဈေးလျှော့ပြီး လက်ခံလိုက်ခြင်း ဖြစ်သည်။

ရန်ဆန်းမင်မှာ အနည်းငယ် အကျပ်ရိုက်သွားသော်လည်း လင်းယွမ်တို့မှာ လူနှစ်ယောက်တည်းသာ ရှိသဖြင့် ပစ္စည်းလိုချင်လျှင်တောင် ဘယ်လောက်များများ သယ်သွားနိုင်မှာမို့လဲဟု တွေးလိုက်မိသည်။

အဓိကအချက်မှာ လင်းယွမ်တို့သာ မကူညီလျှင် တိန့်ဟူ၏ ပစ္စည်းမပြောနှင့်... သူတို့ပိုင်သော ပစ္စည်းများကိုပါ တိန့်ဟူက လာလုသွားပေလိမ့်မည်။

ထို့ကြောင့် သူက သဘောတူလိုက်ပြီး တိန့်ဟူ နေထိုင်သော တိုက်ခန်းတွဲ ၄၊ ၅ နှင့် ၆ မှ အခန်းများကို တစ်ခုမကျန် ပြောပြလိုက်သည်။

လင်းယွမ်က စကားပိုမပြောတော့ဘဲ ကျောက်ခိုင်ကို ခေါ်ကာ မတ်တပ်ရပ်လိုက်သည်။

"သွားမယ်... အခန်း ၃၂၀၈ ကို အရင်သွားမယ်"

ကျောက်ခိုင်က ချက်ချင်း ထရပ်လိုက်သည်။ ရန်ဆန်းမင်က အလျင်အမြန် ပြောလိုက်သည်။

"ကျွန်တော် တာအိုဆရာလင်းကို သွားခေါ်လိုက်ဦးမယ်... အားလုံးဝိုင်းကူဖို့လေ"

လင်းယွမ်က သူ့ကို တားလိုက်သည်။

"မခေါ်နဲ့တော့... အစွမ်းပိုင်ရှင်တွေ တိုက်ခိုက်မယ့်နေရာကို သာမန်လူတွေ လိုက်လာရင် အလကား အသေလာခံသလို ဖြစ်နေမယ်... ခင်ဗျားတို့ ဒီမှာပဲ ငြိမ်ငြိမ်လေး နေခဲ့ကြ"

ရန်ဆန်းမင်က အားနာသလို ပြောသည်။

"အဲ့လိုကျတော့လည်း ဘယ်ကောင်းမလဲဗျာ... ခင်ဗျားတို့ကိုပဲ တိုက်ခိုင်းပြီး ကျွန်တော်တို့က လက်ပိုက်ကြည့်နေရမှာလား"

လင်းယွမ်က ပြုံးလိုက်သည်။

"တကယ်တမ်း တိုက်ပွဲဖြစ်လာရင်... ခင်ဗျားတို့ကို ကျွန်တော် ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး"

ရန်ဆန်းမင် ပါးစပ်ပိတ်သွားသည်။ သူက ခြောက်ကပ်ကပ် ရယ်လိုက်ရင်း ပြောသည်။

"ဒါဆိုရင်တော့... ခင်ဗျားတို့နှစ်ယောက်ရဲ့ သတင်းကောင်းကိုပဲ စောင့်နေပါ့မယ်"

လင်းယွမ်သည် ကျောက်ခိုင်ကို ခေါ်ဆောင်လျက် ထွက်ခွာလာခဲ့သည်။

တိုက်ခန်းတွဲ ၁ နှင့် ၂ ကို ဖြတ်သန်းရာတွင် ရန်ဆန်းမင်နှင့် ရှီဟိုင်ကျူးတို့ လိုက်ပါပို့ဆောင်ပေးသဖြင့် လမ်းတွင် မည်သူမျှ တားဆီးခြင်း မရှိပေ။

သို့သော် တိုက်ခန်းတွဲ ၂ နှင့် ၃ ကြားရှိ စင်္ကြံလမ်းသို့ ရောက်သောအခါ ဟိုဘက် ၃ ဆောင်မှ စကားထိုင်ပြောနေသော လူမိုက်အချို့က သူတို့ကို မြင်သွားပြီး အမူအရာများ တည်သွားကြသည်။

ထိုအထဲမှ တစ်ယောက်က လှမ်းအော်လိုက်သည်။

"ဟေ့ကောင် ဒေါက်တာရန်... ငါတို့ခေါင်းဆောင်က မင်းကို ဆရာဝန်မို့လို့ ဖမ်းမိတိုင်း ဘာမှမလုပ်ဘဲ လွှတ်ပေးထားတာနော်... မင်းက လူခေါ်ပြီး လာရစ်ရဲသေးတယ်လား"

"ရန်ဆန်းမင်... မင်း တကယ် သေချင်နေတာလား" နောက်တစ်ယောက်က လှောင်ရယ် ရယ်လိုက်သည်။

ရန်ဆန်းမင် မျက်နှာတစ်ခုလုံး နီရဲသွားသည်။ သူ့ကို ဟိုဘက်လူများက အကြိမ်ကြိမ် ဖမ်းမိခဲ့ဖူးသော်လည်း ဆေးကုတတ်သည့် ပညာကြောင့် တိန့်ဟူက သူ့ကို မသတ်ဘဲ အကျဉ်းချထားလေ့ရှိသည်။

တာအိုဆရာလင်းက တိန့်ဟူ၏ လူယုံများကို ဖမ်းမိမှသာ သူ့ကို ပြန်လဲလှယ်ယူခဲ့ရသည်။

ထိုအဖြစ်အပျက်များကြောင့် ရန်ဆန်းမင်သည် မိမိဘက်သားများအကြားတွင် သိက္ခာကျဆင်းခဲ့ရသည်။

တော်သေးသည်မှာ သူ၏ သိက္ခာသည် တိုက်ခိုက်ရေးစွမ်းရည်ကြောင့် မဟုတ်ဘဲ လူနာများကို ကုသပေးနိုင်သည့် ဆေးပညာကြောင့် ရရှိထားခြင်းဖြစ်၍သာ လူအများ၏ ကဲ့ရဲ့ခြင်းကို သိပ်မခံရခြင်းဖြစ်သည်။

သို့သော် ယခုလို ရန်သူများက ထုတ်ဖော်ပြောဆိုလာသည့်အခါ မျက်နှာပျက်ရသည်မှာ အမှန်ပင်။

ရှီဟိုင်ကျူးက ထိုစကားကို ကြားသောအခါ ဒေါသတကြီး အော်ပြောလိုက်သည်။

"ခွေးကောင်တွေ... မင်းတို့က ဘာတွေများ ဂုဏ်ယူနေတာလဲ... ဒီတစ်ခါ ဆရာလင်း ကိုယ်တိုင် ပါလာပြီကွ... တိန့်ဟူကို လည်စင်းထားဖို့သာ ပြောလိုက်"

ဟိုဘက်မှ လူများက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဟားတိုက်ရယ်မောလိုက်ကြသည်။

"ဘာဆရာလင်းလဲ... ဘာကောင်လဲဟ... ငါဖြင့် တစ်ခါမှ မကြားဖူးပါဘူး"

"ဟားဟားဟား... ရှီဟိုင်ကျူး... မင်း ဘယ်က ပထွေးကို သွားတော်လာတာလဲ... လေကြီးလိုက်တာကွာ"

"လာလေ... မင်းတို့ပြောတဲ့ ဆရာလင်းကို ထွက်ခဲ့ခိုင်းစမ်းပါ... ငါ လက်တစ်ဖက်တည်းနဲ့ ကစားပြမယ်... သူ လာရဲမလာရဲ ကြည့်ရသေးတာပေါ့"

"အစ်ကိုဖေး... ကြက်သတ်တာများ ဓားမ သုံးစရာ လိုလို့လား... ကျွန်တော်ပဲ ရှင်းလိုက်ပါ့မယ်"

လူအုပ်စုက ရယ်မောဟားတိုက်နေကြသည်။ ဆရာလင်း ဆိုသူကို တစ်ခါမှ မမြင်ဖူး၊ မကြားဖူး ကြသဖြင့် အရေးမလုပ်ဘဲ လှောင်ပြောင်သရော်နေကြသည်။

လင်းယွမ်က သူတို့ရှေ့တည့်တည့်တွင် ရပ်နေသော်လည်း ထိုလူများက မသိကြပေ။

ထိုလှောင်ပြောင်မှုများကို လင်းယွမ်က ဒေါသမထွက်ပါ။

သာမန်လူတစ်စုနှင့် ဖက်ပြီး ဒေါသထွက်နေစရာ အကြောင်းမရှိပေ။

သူက စင်္ကြံလမ်းပေါ်သို့ ခြေလှမ်းကျဲကြီးများဖြင့် တက်လှမ်းလိုက်ပြီး ထိုလူအုပ်စုဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

ဟိုဘက်မှ ခေါင်းဆောင်လုပ်သူက ရယ်မောနေသည်ကို ရပ်လိုက်ပြီး အော်ဟစ်ဆဲဆိုလိုက်သည်။

"ခွေးကောင်... ရပ်လိုက်စမ်း... မင်းအမေ... ဘယ်သူက မင်းကို လာခိုင်းလို့လဲ"

လင်းယွမ်က ဂရုမစိုက်ပေ။ သူ့လက်ထဲတွင် မည်သည့်အချိန်က ရောက်နေမှန်းမသိသော သံချောင်းတစ်ချောင်း ပါလာသည်။

ယခင်က တင်းယန် သွေးပေးထားသော သံချောင်းက ဖားလူသားများကို ပစ်ခတ်ရင်း ရေထဲ ပါသွားခဲ့ပြီဖြစ်သည်။

ယခုကိုင်ထားသည်မှာ အသစ်ဖြစ်ပြီး ထိပ်ချွန်မထားသော သံတုတ်သက်သက်သာ ဖြစ်သည်။

ဟိုဘက်လူက လင်းယွမ်၏ အမူအရာကို မြင်သောအခါ မျက်နှာထား တင်းမာသွားပြီး အော်ပြောလိုက်သည်။

"ရန်ဆန်းမင်... ရှီဟိုင်ကျူး... မင်းတို့ကောင်တွေ မျက်နှာပေးလေ ကမ်းတက်လေ လုပ်နေတယ်ပေါ့လေ... တကယ် တိုက်ပွဲဖြစ်ချင်တာလား"

"ဟေ့ကောင်... မင်းက သေချင်နေတာလား... ကောင်းပြီလေ... ငါ ဖြည့်ဆည်းပေးရတာပေါ့... တက်စမ်းကွာ"

သူ့အမိန့်သံအဆုံးတွင် ဘေးပတ်လည်ရှိ လူမိုက်များက ပြုံးစိစိဖြင့် အနောက်မှ သံပိုက်လုံးများ၊ ဓားမများ၊ ပုဆိန်များကို ထုတ်ယူလိုက်ကြသည်။

လင်းယွမ်က လက်ပါတော့မည့်ဆဲဆဲတွင် အနောက်မှ ကျောက်ခိုင်က ရုတ်တရက် ပြေးထွက်လာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"အစ်ကိုလင်း... ကျွန်တော်ရှင်းလိုက်မယ်"

လင်းယွမ်က ကျောက်ခိုင်ကို ကြည့်လိုက်ရာ ကျောက်ခိုင်၏ မျက်လုံးထဲတွင် တိုက်ခိုက်လိုစိတ်များ တောက်လောင်နေသည်ကို တွေ့လိုက်ရသည်။

"ကျွန်တော် အစွမ်းသုံးပြီး ရန်မဖြစ်ဖူးသေးဘူး"

လင်းယွမ်က သူ့ကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ သို့သော် လေးနက်သော အသံဖြင့် ပြင်ဆင်ပေးလိုက်သည်။

"ရတယ်... ဒါပေမဲ့ တစ်ခုတော့ မှတ်ထား... ဒါ ရန်ဖြစ်တာ မဟုတ်ဘူး... လက်ပါမယ်ဆိုမှတော့ သတ်ဖို့ကိုပဲ ရည်ရွယ်ထား"

ကျောက်ခိုင် ကြောင်သွားသည်။ ဘယ်အချိန်က စလိုက်မှန်း မသိပေမဲ့ မူလက အမုန်းတရားများဖြင့် ပြည့်နှက်နေသော ကျောက်ခိုင်သည် အဖွဲ့သားများ၏ ဂရုစိုက်မှုအောက်တွင် အေးခဲနေသော နှလုံးသားများ တဖြည်းဖြည်း အရည်ပျော်လာခဲ့သည်။

ယခင်က စကားတစ်ခွန်းအဆင်မပြေသည်နှင့် အသက်ချင်းလဲမတတ် ဖြစ်ခဲ့သောသူသည် ယခုအခါ ထိုမျှလောက် အစွန်းမရောက်တော့ပေ။

မှတ်မိသေးသည်... မော်ရှောက်ချန်ကို သတ်တုန်းကဆိုလျှင် သူနှင့် လင်းယွမ်တို့ ဧည့်ခန်းထဲတွင် အသည်းအသန် လိုက်လံတိုက်ခိုက်ခဲ့ကြသည်။ မော်ရှောက်ချန် ထွက်မပြေးနိုင်အောင် သူ့ကိုယ်သူ ဒုံးပျံသဖွယ် ပစ်ဝင်ပြီး တစ်ဖက်လူ၏ တင်ပါးကို ဓားဖြင့်ထိုးကာ တားဆီးခဲ့ဖူးသည်။

လျှိုအားလုံကို သတ်တုန်းကဆိုလျှင်လည်း အသက်ကို ပဓာနမထားဘဲ လှေကားပေါ်မှ တိုက်ရိုက်ခုန်ချပြီး လျှိုအားလုံကို ဖိကာ ဓားဖြင့် အသေထိုးစိုက်ခဲ့ဖူးသည်။

အချိန်သည် ဝမ်းနည်းမှုများကို ကုစားပေးနိုင်သော ဆေးတစ်လက် ဖြစ်ပုံရသည်။

ဘယ်အချိန်ကစမှန်း မသိသော်လည်း သူ သိပ်ပြီး အစွန်းမရောက်တော့။

ညဉ့်နက်သန်းခေါင်ယံ အချိန်ရောက်မှသာ ရှောင်မန်ကို သတိရပြီး ဝမ်းနည်းပူဆွေးကာ စိတ်ဓာတ်ကျတတ်သည်။

ကျောက်ခိုင် တစ်ယောက် မှောင်မိုက်သော အရိပ်များအောက်မှ လွတ်မြောက်လာသည်ကို လင်းယွမ် ဝမ်းသာပါသည်။

သို့သော် ရန်သူနှင့် ရင်ဆိုင်ရချိန်တွင် လိုအပ်သော ရက်စက်ပြတ်သားမှုကို ကျောက်ခိုင် မေ့ပျောက်သွားမည်ကိုတော့ သူ မလိုလားပေ။

ဤကမ္ဘာပျက်ကပ်ဘေးတွင် လူစိတ်များ ယုတ်ညံ့လာပြီး ကောက်ကျစ်စဉ်းလဲလာကြသည်ကို သူ ကောင်းကောင်း သိသည်။

သူ့မူဝါဒကတော့ မြက်ကိုရှင်းလျှင် အမြစ်ပါ မကျန်စေရဟူ၍ ဖြစ်သည်။

ရန်သူဖြစ်မှတော့ သတ်ပစ်ဖို့အထိ ရည်ရွယ်ချက်ထားရမည်။

ကလေးကလား ရန်ဖြစ်တာမျိုး မဟုတ်ပေ။

ကျောက်ခိုင်သည် လင်းယွမ်၏ စကားထဲမှ အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်သွားသည်။

သူ့မျက်နှာထား တည်သွားပြီး အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။

"အစ်ကိုလင်း... ကျွန်တော် သဘောပေါက်ပါပြီ"

"သွားတော့... ပေါ့ပေါ့ဆဆ တွေးမိလို့ မြောင်းထဲရောက်တာမျိုးတော့ ငါ မမြင်ချင်ဘူး"

ကျောက်ခိုင်က စကားဆက်မပြောတော့ဘဲ ရှေ့မှ လူအုပ်စုကို လှမ်းကြည့်လိုက်သည်။

"ဟေ့ကောင်တွေ... နောက်ထပ် ငတုံးတစ်ကောင် ထပ်ထွက်လာပြန်ပြီဟ"

"အားလုံးကို ပူးသတ်လိုက်ကွာ"

"တက်"

ဟိုဘက်လူများက အော်ဟစ်ကြိမ်းဝါးပြီး ပြေးဝင်လာကြသည်။

ကျောက်ခိုင်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ခြေတစ်လှမ်း ရှေ့တိုးကာ ရေပြင်ကို ဆောင့်နင်းလိုက်သည်။

"ဝုန်း"

ရေလှိုင်းများ မြင့်တက်လာပြီး ပြန်မကျခင်မှာပင် ကျောက်ခိုင်က လက်သီးနှစ်ဖက်ဖြင့် ပစ်ထိုးလိုက်သည်။

"ဝူး"

သူ့လက်ဝါးနှစ်ဖက်မှ ရေခဲမြူများ ချက်ချင်း ပန်းထွက်သွားသည်။

"ခွပ်" "ခွပ်" "ခွပ်"

ရေလှိုင်းများသည် ချက်ချင်းပင် ရေခဲချောင်းများအဖြစ် ပြောင်းလဲသွားသည်။

ထိုရေခဲချောင်းများသည် ရေခဲမြူများ၏ တွန်းကန်မှုကြောင့် မရေမတွက်နိုင်သော ရေခဲချွန်များအဖြစ် ပြောင်းလဲကာ ရှေ့သို့ ဒုံးပျံများသဖွယ် ပစ်လွှတ်လိုက်ခြင်း ခံလိုက်ရသည်!

တဖက်လူများမှာ ဘာမှပင် မတုံ့ပြန်နိုင်လိုက်... မျက်နှာချင်းဆိုင်မှ ပျံသန်းလာသော ရေခဲချွန်များ၏ ထိမှန်မှုကို ခံလိုက်ကြရသည်။

"ဖုန်း" "ဖုန်း" "ဖုန်း"

တဒုန်းဒုန်း ထိမှန်သံများနှင့်အတူ နာကျင်စွာ အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။

တချို့က မျက်နှာကို ရေခဲချွန် ဖောက်ဝင်သွားသဖြင့် သွေးအိုင်ထွန်းသွားသည်။

တချို့က ရင်ဘတ်ကို ဖောက်ထွင်းခံလိုက်ရသည်။

တချို့က ခြေထောက်နှစ်ဖက် စုတ်ပြတ်သတ်သွားသည်။

ရေစီးကြောင်းကို အေးခဲပြီး ဖန်တီးထားသော ထိုရေခဲချွန်များသည် ကြောက်မက်ဖွယ်ကောင်းသော ဓားသွားများသဖွယ် ဖြစ်နေသည်။

ကျောက်ခိုင်၏ ရေခဲမြူ အရှိန်ဖြင့် ပစ်လွှတ်လိုက်ရာ အရာရာကို ဖောက်ထွင်းဖျက်ဆီးပစ်လိုက်သည်။

သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ရေများ စင်တက်လာပြီး ရေခဲချွန်အသစ်များအဖြစ် ပြောင်းလဲကာ တရစပ် ပစ်ခတ်နေသည်။

စက္ကန့်ပိုင်းအတွင်းမှာပင် တစ်ဖက်ရှိ တိန့်ဟူ၏ လူမိုက်များသည် မည်သူမျှ မတ်တပ်မရပ်နိုင်တော့ပေ။

အားလုံးလိုလို ကြမ်းပြင်ပေါ်တွင် လဲကျနေကြပြီ။

အနည်းငယ်သောသူများသာ အော်ဟစ်ညည်းညူနိုင်ပြီး ကျန်လူများမှာမူ အသက်ပါ ပါသွားကြပြီဖြစ်သည်။

ကျောက်ခိုင်၏ မျက်နှာက အေးစက်နေသည်။ အော်ဟစ်နေသော လူအချို့ကို ကြည့်လိုက်ပြီး ဘာစကားမှမဆိုဘဲ လက်ကို ဝှေ့ယမ်းလိုက်ရာ ရေခဲချွန်အချို့ ထပ်မံ ပျံသန်းသွားသည်။

"ဖုန်း"

ရေခဲချွန်များက ထိုလူနှစ်ယောက်၏ လည်ပင်းကို တိကျစွာ ဖောက်ဝင်သွားရာ အော်သံများ တိခနဲ ရပ်တန့်သွားသည်။

လင်းယွမ်က ပြုံးလိုက်ပြီး ရှေ့တိုးလာကာ ကျောက်ခိုင်၏ ပခုံးကို ပုတ်လိုက်သည်။

"လုပ်တာ ကောင်းတယ်... ရန်သူကို ဘယ်တော့မှ သနားငဲ့ညှာတဲ့စိတ် မထားနဲ့... မဟုတ်ရင် ခံရမှာက ကိုယ်ကိုယ်တိုင်ပဲ"

ကျောက်ခိုင်က တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။

"ကျေးဇူးပါ အစ်ကိုလင်း"

လင်းယွမ်က သူ့အပေါ် စေတနာထားပြီး ရှင်သန်ရပ်တည်ရေး နည်းလမ်းများကို သင်ကြားပေးနေမှန်း သူ နားလည်သည်။

ဤကမ္ဘာပျက်ကပ်ဘေးကြီးထဲတွင် သူတော်ကောင်း နှလုံးသား ပိုင်ဆိုင်ထားသူများသည် အချိန်ကြာကြာ အသက်ရှင်နိုင်မည် မဟုတ်ပေ။

အနောက်မှ ရန်ဆန်းမင်၊ ရှီဟိုင်ကျူးနှင့် အခြားသူများမှာမူ နေရာမှာတင် ကျောက်ရုပ်များသဖွယ် ဖြစ်နေကြပြီး ပါးစပ်အဟောင်းသားနှင့် မယုံကြည်နိုင်စွာ ကြည့်နေကြသည်။

မျက်တောင်တစ်ခတ်စာ အချိန်လေးအတွင်းမှာပင် တိန့်ဟူ၏ လက်ပါးစေ ၇ ယောက်၊ ၈ ယောက်လောက်က ဒီအတိုင်း သေဆုံးသွားကြသည်။

ကျောက်ခိုင်၏ ရေခဲအစွမ်းက လူသတ်စက်ကြီးတစ်ခုလိုပင်။

"လခွမ်း"

ရှီဟိုင်ကျူးက မနေနိုင်ဘဲ ရေရွတ်လိုက်မိသည်။

ရန်ဆန်းမင်လည်း တံတွေးကို ဂလုခနဲ မြိုချလိုက်မိသည်။

အနောက်မှ လူအုပ်ကြီးမှာမူ တိုးတိုးတိုးတိုးဖြင့် ဝေဖန်ပြောဆိုလာကြသည်။

"အစွမ်းပိုင်ရှင်တွေ... သူတို့က အစွမ်းပိုင်ရှင်တွေပဲ"

"ရေခဲအစွမ်းတဲ့လား... ဒီလူက ရေကို ခဲသွားအောင် လုပ်နိုင်တာပဲ"

"ဟာကွာ... ကြမ်းလိုက်တာ... ရုပ်ရှင်ရိုက်နေသလိုပဲဟေ့"

"ဒါက ဆရာလင်း ဆိုတာလား... တာအိုဆရာလင်းနဲ့ တန်းတူ စကားပြောနိုင်သူဆိုတာ မမှားဘူးပဲ"

"မဟုတ်ဘူး... သူ့ဘေးကလူကမှ ဆရာလင်း... အခု အစွမ်းပြနေတာက ဆရာကျောက်... ကျောက်ခိုင်တဲ့"

"ရှူး... ဆရာကျောက်တောင် ဒီလောက်ကြမ်းတာ... ဆရာလင်းဆိုရင် ဘယ်လောက်တောင် ကြမ်းလိုက်မလဲ"

"တာအိုဆရာလင်းက ကျင့်ကြံသူမို့လို့သာပေါ့... မဟုတ်ရင် ဘယ်သူကများ ဆရာလင်းနဲ့ ယှဉ်ပြောရဲမှာလဲ"

"ဟားဟား... ဒီတစ်ခါတော့ တိန့်ဟူ သေပြီဆရာပဲ"

"အေးကွ... တိန့်ဟူ သေပြီ... ငါ့မိန်းမအတွက် ဒီတစ်ခါတော့ လက်စားချေလို့ ရပြီကွ"

"သမီးလေးရေ... စောင့်နေနော်... ဖေဖေ သမီးလေးအတွက် လက်စားချေပေးတော့မယ်"

............................................................................................................

ကျောက်ခိုင်သည် အနောက်မှ ပြောဆိုသံများကို နားထောင်ရင်း စိတ်ထဲတွင် ခံစားချက်များ ရောထွေးလာသည်။

လွန်ခဲ့သော အချိန်ကာလတစ်ခုက သူသည်လည်း အနောက်မှ သာမန်လူအုပ်ကြီးထဲတွင် တစ်ယောက်အပါအဝင် ဖြစ်ခဲ့ဖူးသည်။

ထိုစဉ်က လင်းယွမ်က ရှေ့ကနေ မားမားမတ်မတ်ရပ်ပြီး သူ့အတွက် လက်စားချေပေးခဲ့သည်။ လျှိုအားလုံတို့ လူစုကို သတ်ပေးခဲ့သည်။

အခုတော့... သူကိုယ်တိုင်က တခြားသူတွေရဲ့ လက်စားချေပေးမယ့် မျှော်လင့်ချက် ဖြစ်လာခဲ့ပြီ။

"ဒီခံစားချက်က... တကယ် ကောင်းတာပဲ"

ကျောက်ခိုင်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ မျက်လုံးထဲတွင် အေးစက်သော အရောင်များ လက်သွားပြီး လင်းယွမ်၏ နောက်သို့ လိုက်ပါသွားတော့သည်။

တိုက်ခန်းတွဲ ၃ တွင် တိန့်ဟူ၏ အခန်းမရှိသဖြင့် သူတို့နှစ်ယောက်က ရပ်မနေဘဲ တိုက်ခန်းတွဲ ၄ သို့ တန်းဝင်သွားကြသည်။

တားဆီးမည့် လူတစ်စု ရှိနေသော်လည်း လင်းယွမ်က ဝင်ပါစရာမလိုဘဲ ကျောက်ခိုင်တစ်ယောက်တည်း အကုန်ရှင်းပစ်လိုက်သည်။

လင်းယွမ်က တိုက်ခန်းတွဲ ၄ ရှိ တိန့်ဟူ၏ အခန်းတံခါးကို ဖွင့်လိုက်ပြီး ရန်ဆန်းမင်တို့ ဝင်မလာခင် တံခါးကို ဂျက်ထိုးပိတ်လိုက်သည်။

တစ်မိနစ်မပြည့်ခင်မှာပင် လင်းယွမ်က တံခါးပြန်ဖွင့်ပြီး ထွက်လာသည်။

ရန်ဆန်းမင်တို့ အပြေးရောက်လာပြီး မေးကြသည်။

"ဆရာလင်း... ဘယ်လိုလဲ... အထဲမှာ ပစ္စည်းတွေ ရှိလား"

လင်းယွမ်က သူ့ကို ကြည့်ပြီး ခေါင်းခါပြသည်။

"ဘာမှ မရှိဘူး... ခင်ဗျားတို့ သတင်းက မှားနေတာလား"

"ဗျာ... မဖြစ်နိုင်တာ"

ရန်ဆန်းမင်က သံသယဖြင့် မယုံနိုင် ဖြစ်နေသည်။

လင်းယွမ်က ပြတ်ပြတ်သားသား ပြောလိုက်သည်။

"မယုံရင် ဝင်ရှာကြည့်... ကျွန်တော်တို့ တိုက်ခန်းတွဲ ၅ ဘက် သွားနှင့်မယ်"

ပြောပြောဆိုဆိုနှင့် သူက အခန်းရှေ့မှ ထွက်ခွာပြီး ကျောက်ခိုင်ကို ခေါ်ကာ တိုက်ခန်းတွဲ ၅ ဘက်သို့ ဦးတည်သွားလေသည်။

ရန်ဆန်းမင်က အခန်းတံခါးကို အလောတကြီး တွန်းဖွင့်လိုက်ရာ မြင်လိုက်ရသော မြင်ကွင်းကြောင့် ကြက်သေသေသွားသည်။

အခန်းထဲတွင် တကယ်ကို ဘာဆိုဘာမှ မရှိပေ။

ပိုပြောခြင်း မဟုတ်... စာသားအတိုင်း တကယ့်ကို 'ဘာမှမရှိခြင်း' ဖြစ်သည်။

အခန်းတစ်ခန်းလုံးတွင် စားပွဲ၊ ကုလားထိုင်တို့ပင် မရှိပေ။

အိမ်သုံးပစ္စည်း၊ ပရိဘောဂ တစ်ခုမှ မရှိ။ ဧည့်ခန်းကြမ်းပြင်မှ ကြွေပြားများမှလွဲ၍ အိပ်ခန်းထဲမှ ပါကေးခင်းများပါမကျန် ပျောက်ချင်းမလှ ပျောက်နေသည်။

သူ ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။

ရထားတဲ့သတင်းက မှားတာတော့ မှားတာပဲ... ဒါပေမဲ့ ဒီလောက်ကြီး လွဲရသလား။

"တောက်... ပြန်ရောက်မှ ရန်ရှောင်လိန် ဆိုတဲ့ကောင်ကို ဆဲဦးမယ်... ဘာသတင်းတွေ စုံစမ်းလာတာလဲ မသိဘူး"

ရန်ဆန်းမင်က မနေနိုင်ဘဲ ကျိန်ဆဲလိုက်သည်။

ရှီဟိုင်ကျူးလည်း သတိပြန်ဝင်လာပြီး အံ့သြတကြီး ပြောလိုက်သည်။

"ဒါ အခုမှ အသစ်ပြင်ဆင်ထားတဲ့ အခန်းလွတ်ကြီးလား... ဟာလာဟင်းလင်းကြီးပါလား... တိန့်ဟူက ဒီမှာပဲ သူ့ရဲ့ ခွန်အားအစွမ်းကို လေ့ကျင့်တာလား... ရှိသမျှ ပစ္စည်းအကုန် သယ်ထုတ်ထားတာလား"

ရန်ဆန်းမင်က ခေါင်းခါလိုက်သည်။

"အမြန် လိုက်ကြစို့... ဒီမှာ ပစ္စည်းမရှိရင် တခြားနေရာတွေမှာ ရှိမှာသေချာတယ်... သတိထားကြည့်ကြ... ပစ္စည်းအားလုံးကို ဆရာလင်းတို့ ယူမသွားစေနဲ့"

ရှီဟိုင်ကျူးက ရယ်လိုက်သည်။

"ဒေါက်တာရန်ကလည်းဗျာ... တွေးပူလွန်းနေပါပြီ... သူတို့က နှစ်ယောက်တည်းလေ... အစွမ်းပိုင်ရှင်တွေ ဖြစ်နေရင်တောင် ပစ္စည်းဘယ်လောက်များများ သယ်နိုင်မှာမို့လဲ"

တစ်မိနစ်အကြာတွင် သူတို့နှစ်ယောက် တိုက်ခန်းတွဲ ၅ သို့ ရောက်လာကြသည်။ ရှီဟိုင်ကျူး မရယ်နိုင်တော့ပေ။

တိုက်ခန်းတွဲ ၅၊ အခန်း ၃၁၀၉ ၏ တံခါးမှာ ပွင့်ဟနေပြီး လင်းယွမ်နှင့် ကျောက်ခိုင်တို့ မရှိကြတော့ပေ။

တံခါးဝတွင် လူသေအလောင်းအချို့ လဲကျနေပြီး လမ်းတစ်လျှောက်လုံးတွင် ရေခဲစများ၊ သွေးရောင်လွှမ်းသော ရေများ ပြည့်နှက်နေသည်။

အခန်းထဲသို့ ဝင်ကြည့်လိုက်ရာ ဟာလာဟင်းလင်း ဖြစ်နေပြန်သည်။ တိုက်ခန်းတွဲ ၄ က အခန်းနှင့် တစ်ပုံစံတည်းပင်... ပါကေးပြား တစ်ချပ်တောင် မကျန်ပေ။

"လခွမ်း... ဘာဖြစ်ကုန်တာလဲ"

"ဒါလည်း အလွတ်ကြီးပဲလား"

"ဒီခွေးကောင် တိန့်ဟူက... အခန်းတိုင်းကို ဒီလိုပုံစံမျိုး ထားထားတာလား"

"သူ့ပစ္စည်းတွေကို ဘယ်နား သွားဝှက်ထားတာလဲ"

ရန်ဆန်းမင်သည် ဆရာဝန်တစ်ယောက်ဖြစ်ပြီး ဆဲဆိုလေ့သိပ်မရှိသော်လည်း ယခုအချိန်တွင်တော့ သည်းမခံနိုင်ဘဲ ဆဲမိတော့သည်။

ရှီဟိုင်ကျူးကတော့ ပိုဆိုးသည်။ ဒေါသတကြီး အော်ဟစ်ဆဲဆိုနေတော့သည်။

"ခွေးကောင် တိန့်ဟူ... ဒါတွေက သူ့ပစ္စည်းဝှက်ထားတဲ့ နေရာအတုတွေများလား"

ရန်ဆန်းမင် ရုတ်တရက် သဘောပေါက်သွားပြီး ပေါင်ကို ပုတ်လိုက်သည်။

"သေစမ်း... ဖြစ်နိုင်တယ်... တိန့်ဟူက ဦးနှောက်သိပ်ရှိတာ မဟုတ်ဘူး... ဒါ သေချာပေါက် သူ့မယားငယ် လျန်မင်ရှုရဲ့ အကြံပဲ ဖြစ်ရမယ်"

"ဒါဆို ပစ္စည်းတွေက ဘယ်ရောက်သွားတာလဲ"

"သေချာပေါက် ဒီပုန်းခိုတဲ့ နေရာတွေထဲက တစ်ခုခုမှာ ရှိမှာပဲ... ဆရာလင်းနဲ့ ဆရာကျောက်နောက်ကို အမြန်လိုက်ကြစို့"

လူအုပ်ကြီးက ပြာပြာသလဲဖြင့် တိုက်ခန်းတွဲ ၅ ဘက်သို့ ပြေးလိုက်လာကြသည်။

လမ်းတစ်လျှောက်လုံးတွင် ရေခဲရိုက်ထားသော သွေးများနှင့် အလောင်းများကို တွေ့ရသည်။

တိုက်တွဲ ၅ သို့ ရောက်သောအခါ အလောင်း သိပ်မများတော့သော်လည်း အပေါ်ဆုံးထပ်ရှိ အခန်းတံခါးမှာ ပွင့်နေသည်။

အထဲတွင် တိုက်ခန်းတွဲ ၄ နည်းတူ ဟာလာဟင်းလင်း ဖြစ်နေပြီး သစ်သားဖြင့်လုပ်ထားသော ကြွက်လျှောက်တန်းပင် မကျန်တော့ပေ။

ရန်ဆန်းမင် မျက်နှာပျက်သွားသည်။ နောက်ဆုံးကျန်သော တိုက်တွဲ ၆ ဘက်ကို လှမ်းကြည့်လိုက်သည်။

"အားလုံး တိုက်တွဲ ၆ မှာ ရှိမှာ သေချာတယ်"

တိုက်တွဲ ၆ ဘက်မှ ဒေါသတကြီး အော်ဟစ်သံများနှင့် တိုက်ခိုက်သံများ ထွက်ပေါ်လာသည်။

ကြည့်ရသည်မှာ ဆရာလင်းတို့က တိန့်ဟူနှင့် ထိပ်တိုက်တွေ့ပြီး ချနေကြပြီ ဖြစ်မည်။

ရန်ဆန်းမင်နှင့် ရှီဟိုင်ကျူးတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။ လင်းယွမ် မှာထားသည်ကို သတိရပြီး ဝင်မပါရဲကြပေ။

အစွမ်းပိုင်ရှင်များ၏ တိုက်ပွဲက ဖျက်ဆီးအား ပြင်းထန်လွန်းသည်။

သူတို့က သာမန်လူများသာ ဖြစ်သဖြင့် ဝင်ပါလိုက်လျှင် အလကားသက်သက် အသေခံလိုက်သလို ဖြစ်သွားမည်။

..................................................................................................................

လင်းယွမ်နှင့် ကျောက်ခိုင်တို့က ရှေ့မှ ကြိုထွက်လာပြီးနောက် တိုက်ခန်းတွဲ ၄ သို့ ဝင်ရောက်ရာတွင် တိန့်ဟူ၏ လက်ပါးစေများ ရောက်လာပြီး ရန်ရှာကြသည်။

လင်းယွမ်က ဝင်ပါစရာမလိုဘဲ ကျောက်ခိုင်က ထိုလူများကို ဝင်ရောက်ရှင်းလင်းလိုက်သည်။

လင်းယွမ်က ရန်ဆန်းမင် ပေးထားသော အခန်းထဲသို့ တန်းဝင်လိုက်သည်။

တံခါးဖွင့်လိုက်သည်နှင့် အထဲတွင် ပစ္စည်းများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။

လင်းယွမ်က စိတ်ထဲတွင် ကျေနပ်သွားပြီး ပစ္စည်းသိုလှောင်ခန်းကို ဖွင့်ကာ ရှိသမျှအကုန် သိမ်းကျုံးထည့်လိုက်တော့သည်။

ဆန်၊ ဂျုံ၊ ဆီ၊ ဆား၊ ပဲငံပြာရည်၊ ရှာလကာရည်၊ ပဲမျိုးစုံ... အကုန်သိမ်းသည်။

စားပွဲ၊ ကုလားထိုင်၊ သစ်သားပရိဘောဂ၊ မီးဖိုချောင်သုံး လျှပ်စစ်ပစ္စည်း၊ အဲယားကွန်း၊ အဝတ်လျှော်စက်... နောက်ဆုံး ပါကေးခင်းများပါမကျန် အကုန်သိမ်းသည်။

လင်းယွမ် တစ်ယောက်တည်းဆိုလျှင်တော့ ဒီပစ္စည်းတွေကို မလို။

သူ့တွင် ကံစမ်းမဲစနစ် ရှိနေသဖြင့် အပြင်ထွက်ပြီး ပစ္စည်းရှာစရာမလိုဘဲ အမှတ် ၁၀၀ သုံးလိုက်ရုံနှင့် ပစ္စည်း တန်ပေါင်းများစွာ မဲပေါက်နိုင်သောကြောင့် ဖြစ်သည်။

သို့သော် သူက တစ်ကိုယ်တော်သမား မဟုတ်။ အနာဂတ်တွင် အိမ်ရာပြန်လည်တည်ဆောက်ရန်နှင့် သူ့အတွက် အမှတ်များ ရှာဖွေပေးရန် လူအင်အား အမြောက်အမြား လိုအပ်သည်။

ပြီးတော့ ချွေတာနိုင်ရင် ချွေတာရမည်။ လောလောဆယ် သူ့အမှတ်များကို အရည်အသွေးမှတ်များနှင့် လဲလှယ်ရန် စုဆောင်းထားရသဖြင့် အမှတ် ၁၀၀ ကိုပင် အလဟဿ အဖြစ်မခံနိုင်ပေ။

နောက်ထပ် အရေးကြီးသောအချက်မှာ... ဒီပစ္စည်းတွေကို တာအိုဆရာလင်းတို့အဖွဲ့ လက်ထဲ ထည့်ပေးလိုက်လျှင်...

သူတို့ ဗိုက်ဝသွားကြပြီး ဘယ်သူက ငါးဖမ်းထွက်ချင်တော့မှာလဲ။

ငါးဖမ်းမိရင်တောင် ဘယ်သူက သူ့ဆီလာပြီး အစားအသောက် လာလဲကြတော့မှာလဲ။

ဒါကြောင့်... သူတို့ကို ဗိုက်မဝအောင် ထားတာက အကောင်းဆုံးပင်။

လင်းယွမ် အခန်းထဲက ပြန်ထွက်လာချိန်တွင် အပြင်ဘက်၌ တိုက်ပွဲပြီးဆုံးနေပြီ ဖြစ်သည်။

ကျောက်ခိုင်သည် လင်းယွမ်၏ ဆုံးမစကားကို ကောင်းကောင်းလိုက်နာသည်။ ရန်သူအပေါ် လုံးဝ ညှာတာခြင်း မရှိပေ။

ထွက်ပြေးလွတ်မြောက်သွားသူများမှလွဲ၍ ကျန်ခဲ့ပြီး ပြန်လည်ခုခံသူမှန်သမျှ မြေကြီးပေါ်တွင် အသက်မဲ့ လဲကျနေကြပြီဖြစ်သည်။

လင်းယွမ်က ပြောလိုက်သည်။

"တိုက်တွဲ ၅ ကို သွားမယ် "

တိုက်တွဲ ၅ သို့ ရောက်သောအခါ တိန့်ဟူ၏ လူများက သတင်းရထားပြီးဖြစ်သဖြင့် လူအုပ်စုလိုက်ကြီး စောင့်ကြိုနေကြသည်။

စင်္ကြံလမ်းနှင့် လှေကားခွင်များတွင် လူများ ပြည့်နှက်နေသည်။

ထိပ်ဆုံးတွင် အရပ်ရှည်ရှည် ဗလတောင့်တောင့်နှင့် အသားမည်းမည်း ဝက်ဝံကြီးတစ်ကောင်သဖွယ် လူတစ်ယောက် ရပ်နေသည်။ ရှီဟိုင်ကျူးထက်ပင် တစ်ဆခန့် ပိုကြီးမည့်ပုံပင်။

ထိုလူမည်းကြီး၏ ခန္ဓာကိုယ်ပေါ်တွင် တက်တူးများ ထိုးထားသည်။ ရေမကြီးခင်ကတည်းက လူမိုက်ဖြစ်ပုံရသည်။

ဒီခန္ဓာကိုယ်၊ ဒီတက်တူး အနေအထားနှင့်ဆိုလျှင် အနည်းဆုံး ခေါင်းဆောင်ငယ်အဆင့်လောက်တော့ ရှိပေလိမ့်မည်။

ယခုတော့ တိန့်ဟူ၏ လက်ပါးစေ ဖြစ်နေလေပြီ။

လူမည်းကြီးက လင်းယွမ်နှင့် ကျောက်ခိုင်ကို မြင်သောအခါ ကျောက်ခိုင်အပေါ် အာရုံစိုက်လိုက်သည်။

ထွက်ပြေးလာသူများ၏ ပြောပြချက်အရ ဒီကောင်လေးက အစွမ်းပိုင်ရှင်ဖြစ်ပြီး ရေခဲအစွမ်းကို သုံးနိုင်သည်ဟု သူ သိထားသည်။

ထို့ကြောင့် သူက လှမ်းပြောလိုက်သည်။

"ညီလေး... တာအိုဆရာလင်းတို့က မင်းကို ဘယ်လောက် ပေးထားလို့လဲ... ငါတို့ ကိုကြီးဟူက မင်းကို နှစ်ဆပေးမယ်... မဟုတ်ဘူး... သုံးဆပေးမယ်ကွာ"

"လောကကြီးမှာ ကိုယ်ကျိုးအတွက် ရှင်သန်နေကြတာလေ... အစားအသောက်ရဖို့ပဲ မဟုတ်ဘူးလား... ဘာလို့ တာအိုဆရာလင်းတို့အတွက် အသက်ပေးနေမှာလဲ"

"ကိုကြီးဟူနဲ့ လိုက်ခဲ့... စားစရာသောက်စရာ မပူရဘူး... ကစားစရာ မိန်းမတွေလည်း အများကြီးပဲ... ဒီဆောင်ထဲက မင်းကြိုက်တဲ့မိန်းမကို လက်ညှိုးထိုးလိုက်... မင်း စိတ်ကြိုက် ကစားလို့ရတယ်"

ထိုစကားကို ကြားလိုက်သည်နှင့် ကျောက်ခိုင်၏ မျက်လုံးများထဲမှ သတ်ဖြတ်လိုစိတ်များ အဆမတန် ပေါက်ကွဲထွက်လာသည်။

"တိရစ္ဆာန်ကောင်တွေ... မိန်းမတွေကို မင်းတို့ ကစားစရာ အရုပ်တွေလို့ ထင်နေကြတာလား"

ကျောက်ခိုင် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့ခေါင်းထဲတွင် ရှောင်မန် မသေခင်က မျှော်လင့်ချက်မဲ့နေသော မျက်နှာလေးကို ပြန်မြင်ယောင်လာသည်။

ဒီလို တိရစ္ဆာန်ကောင်တွေ ရှိနေလို့သာ... သူ့ရဲ့ လမင်းလေး... သူ့ရဲ့ ရှောင်မန်လေး... အဲ့လို အဖြစ်ဆိုးမျိုးနဲ့ ကြုံခဲ့ရတာ။

ကမ္ဘာပျက်ကပ်ဘေး ရောက်လာပေမဲ့ ရှောင်မန်က ရေကြီးလို့ သေတာ မဟုတ်ဘူး... သန္ဓေပြောင်းသတ္တဝါ ကိုက်လို့ သေတာ မဟုတ်ဘူး။

လူအချင်းချင်း... အိမ်နီးချင်းဆိုတဲ့ ကောင်တွေရဲ့ လက်ချက်နဲ့ သေခဲ့ရတာ။

ကျောက်ခိုင်၏ ရင်ထဲမှ အမုန်းမီးတောက်များကို မည်သူမျှ တားဆီး၍ မရတော့ပေ။

"မင်းတို့ကောင်တွေ... အကုန် သေသင့်တယ်"

"ဝုန်း"

သူ့တစ်ကိုယ်လုံးမှ အေးစက်သော အငွေ့အသက်များ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ကြမ်းပြင်ပေါ်ရှိ ရေပြင်ကို ဆောင့်နင်းလိုက်သည်။

ရေခဲအငွေ့အသက်များ လွှမ်းခြုံသွားပြီးနောက် ရေခဲချွန်များအဖြစ် ပြောင်းလဲကာ ရှေ့သို့ ဒုံးပျံများသဖွယ် ပစ်လွှတ်လိုက်လေတော့သည်။

ဆက်ရန်...

အပိုင်း (၁၂၀) မင်းရဲ့ ခွန်အားက မလုံလောက်သေးဘူး

"ဝုန်း"

ရေခဲချွန်မြား များစွာသည် မိုးစက်မိုးပေါက်များပမာ ကောင်းကင်ယံမှ ပစ်ခတ်ကျဆင်းလာသည်။

သို့သော် တက်တူးနှင့်လူသန်ကြီးက ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။ တစ်ဖက်လူက စကားမပြောဘဲ ချက်ချင်း လက်ပါလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့သော်လည်း အတွေ့အကြုံရှိသူပီပီ သူ့ဘေးမှ နောက်လိုက်တစ်ယောက်ကို ဆွဲယူကာ သူ့ရှေ့တွင် လူသားဒိုင်းအဖြစ် ကာလိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် လူအုပ်ကြားထဲသို့ တိုးဝင်ကာ အနောက်ဘက်သို့ အလျင်အမြန် ပုန်းရှောင်လိုက်သည်။

ရေခဲချွန်များသည် နေရာအနှံ့ ကျဆင်းလာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ရှေ့တန်းမှ လူများကို ပစ်ခတ်သတ်ဖြတ်လိုက်သည်။

နာကျင်စွာ အော်ဟစ်ငြီးငူသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

နောက်တန်းမှ လူများသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကြောက်လန့်တကြားဖြင့် လှည့်ပြေးကြတော့သည်။

"အစွမ်းပိုင်ရှင်... အစွမ်းပိုင်ရှင်ဟေ့"

"အဲဒီလူက အစ်ကိုကြီးဟူလိုပဲ... အစွမ်းပိုင်ရှင်ကွ"

"ပြေးကြ... အသက်လုပြေးကြဟေ့"

..........................................................................................................................................

ဘယ်သူမှ မအကြပေ။ သာမန်လူများနှင့် ရင်ဆိုင်ရလျှင် သူတို့က မျက်တောင်မခတ်ဘဲ သတ်ဖြတ်ရဲသော မိစ္ဆာများ ဖြစ်ကြသည်။

သို့သော် အစွမ်းပိုင်ရှင်များနှင့် ရင်ဆိုင်ရလျှင်တော့ သူတို့သည် သားသတ်ရုံက ငါးများကဲ့သို့ အသတ်ခံရမည့် အပိုင်းသာ ရှိတော့သည်။

ထို့ကြောင့် ထွက်ပြေးခြင်းသည်သာ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်သည်။

တိန့်ဟူအတွက်နှင့် ဘယ်သူမှ အသက်အသေခံမည့် အရူးများ မဟုတ်ကြ။

ဒီလူတွေက စည်းစနစ်ဖြင့်နေသည့် သူတွေ မဟုတ်သည့်အတွက် သစ္စာစောင့်သိမှု ဆိုတာ မရှိသလို စည်းကမ်းနှင့် ယုံကြည်ချက်လည်း ရှိမည်မဟုတ်ပေ။

သူတို့က တိန့်ဟူနောက်လိုက်ပြီး မီးရှို့၊ လုယက်၊ သူတစ်ပါး သားမယားကို စော်ကားကာ စိတ်ထဲရှိသော မကောင်းမှုများနှင့် တပ်မက်မှုများကို ဖွင့်ထုတ်နေကြသူများ ဖြစ်သည်။

သေရမည့် အခြေအနေနှင့် တကယ်တမ်း ရင်ဆိုင်ရသောအခါ သူတို့သည် ဘယ်သူ့ထက်မဆို ပိုမြန်မြန် ပြေးကြပြီး ဘယ်သူ့ထက်မဆို သေမှာကို ပိုကြောက်ကြသည်။

လင်းယွမ် ခေါင်းဆောင်ခဲ့သည့် အခန်းပိုင်ရှင်များကဲ့သို့ပင် သူတို့အားလုံးသည် လေသင့်ရာ ယိမ်းမည့် မြက်ပင်များသာ ဖြစ်သည်။

အကျိုးအမြတ်ရှိလျှင် ဝိုင်းဝန်း ထောက်ခံကြမည် ဖြစ်ပြီး အသက်အန္တရာယ် ကြုံလာလျှင်တော့ ပထမဆုံး စွန့်ပစ်သွားမည့်သူများ ဖြစ်သည်။

ထို့ကြောင့် ကျောက်ခိုင်၏ လက်စွမ်းပြချိန် ရောက်လာခဲ့ပြီ။

သူတစ်ယောက်တည်းက တစ်ဖက်မှ လူ တော်တော်များများကို အနိုင်ယူလိုက်သည်။

လူအားလုံးကို သူတစ်ယောက်တည်း လိုက်လံတိုက်ခိုက်နေပြီး တစ်ယောက်ပြီးတစ်ယောက် ရေခဲချွန်ဖြင့် ပစ်သတ်နေသည်။

ကျောက်ခိုင်၏ မျက်နှာတွင် လူသတ်ချင်စိတ်များ ပြည့်နှက်နေသည်။ ဒီလူတွေက တိရစ္ဆာန်တွေဖြစ်သည့်အတွက် သူ သတ်ရမှာ လက်တွန့်မနေပေ။

ဒီလူတွေက လျှိုအားလုံတို့ လူစုနှင့် ဘာမှမကွာခြားပေ။

သူတို့က သေသင့်သည့် လူတွေဖြစ်ပြီး ဘယ်လိုသတ်သတ် မလွန်ပေ။

ရှောင်မန်ကဲ့သို့ အပြစ်မဲ့သော သူများအတွက် သူ ဒီလူတွေကို အကုန်သတ်ပစ်ရမည်။

ထိုယုံကြည်ချက်ဖြင့် ကျောက်ခိုင်သည် အသည်းအသန် လိုက်လံသတ်ဖြတ်ရာ နေရာအနှံ့ သွေးအိုင်များနှင့် အလောင်းများ ပြည့်နှက်သွားသည်။

တိုက်တွဲ (၆) နားအထိ ရောက်လာသောအခါ ရုတ်တရက် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

"ရပ်လိုက်စမ်း"

ထို့နောက် "ဝုန်း" ခနဲ ကျယ်လောင်သော အသံကြီးကို ကြားလိုက်ရသည်။

သံမဏိတံခါးကြီး တစ်ချပ်သည် လူအုပ်ကြီး၏ နောက်ဘက်မှ လေထဲသို့ ပျံဝဲလာပြီး ပစ်ပေါက်လိုက်ခြင်း ဖြစ်သည်။

ကျောက်ခိုင် ရှောင်တိမ်းချိန်မရလိုက်ဘဲ လက်ထဲမှ ရေခဲချွန်များဖြင့် သံတံခါးကို ပစ်ခတ်လိုက်သည်။

"ဒုန်း... ဒုန်း... ဒုန်း" အသံများ ဆက်တိုက် ထွက်ပေါ်လာပြီး ရေခဲချွန်များနှင့် သံတံခါး ရိုက်ခတ်မိကာ ရေခဲချွန်များ ကြေမွသွားသည်။

သို့သော် သံတံခါးကြီးက ပေါင်တစ်ထောင်ခန့် အရှိန်ဖြင့် ကျောက်ခိုင်ထံသို့ ဝင်ဆောင့်လာသည်။

ရေခဲချွန်များ ကုန်သွားသောအခါ ကျောက်ခိုင်သည် ရေပြင်ကို ခြေထောက်ဖြင့် ကန်ကာ နောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်သည်။

ရေလှိုင်းများ ထသွားပြီး သူ့လက်ဝါးနှစ်ဖက်မှ ရေခဲမှုန်များ အများအပြား ထွက်ပေါ်လာသည်။

ချက်ချင်းပင် ရေလှိုင်းများကို ရေခဲနံရံအဖြစ် ပြောင်းလဲလိုက်သည်။

"ဝုန်း"

သံတံခါးကြီးက ရေခဲနံရံကို ဝင်ဆောင့်လိုက်သည်။

ထိုခဏချင်းမှာပင် ရေခဲနံရံသည် တစ်စစီ ကွဲအက်သွားသည်။

ထိုအဆင့်ရောက်မှသာ သံတံခါးကြီး ရပ်တန့်သွားသည်။

ကျောက်ခိုင် မျက်နှာပျက်သွားပြီး သံတံခါးကို မော့ကြည့်လိုက်သည်။

သံတံခါး ဘေးသို့ ရွေ့သွားပြီးနောက် ကြံ့ခိုင်သန်မာသော ခန္ဓာကိုယ်တစ်ခု ပေါ်လာသည်။

ထိုလူက အရပ်သိပ်မရှည်သော်လည်း ကြွက်သားများက အလွန်ကျစ်လျစ်သည်။

အဝေးမှ လှမ်းကြည့်လျှင် ရုပ်တုတစ်ခုပမာ ဖြစ်နေပြီး မျက်လုံးများက ရက်စက်ကြမ်းကြုတ်ဟန် ရှိသည်။

တိန့်ဟူသည် ကျောက်ခိုင်ကို စူးစိုက်ကြည့်နေသည်။ သူ့ရှေ့မှ ရေခဲအစွမ်းပိုင်ရှင်ကို သူ တစ်ခါမှ မမြင်ဖူးပေ။

လင်းအဘိုးကြီးဘက်မှာ ဒီလို အစွမ်းပိုင်ရှင်မျိုး ဘယ်တုန်းက ပေါ်လာတာလဲ။

"ဟဲဟဲ... ကောင်းတယ်... သိပ်ကောင်းတယ်... ကောင်လေး... ငါ့လူတွေကို ဒီလောက် သတ်ပစ်တာ မင်းက တော်တော် ရက်စက်တာပဲ"

"အစွမ်းနိုးလာရုံနဲ့ မင်းကိုယ်မင်း ကမ္ဘာ့နံပါတ်တစ် ဖြစ်ပြီ ထင်နေလား"

"အစွမ်းဆိုတာ ငါ့မှာလည်း ရှိတယ်ကွ"

"ရေခဲမှုန်လေး မှုတ်ထုတ်တတ်ရုံနဲ့ မိုးပေါ်ရောက်ပြီ ထင်နေလား"

"ခွန်အားက အရာရာကို ဖြိုခွင်းနိုင်တယ်ဆိုတာ ဒီနေ့ မင်းကို ငါပြမယ်"

တိန့်ဟူက ဟိန်းဟောက်လိုက်ပြီး ရေပြင်ကို ဆောင့်ကန်ကာ သံတံခါးကို ဒိုင်းကာကြီးသဖွယ် ကိုင်ဆောင်လျက် ကျောက်ခိုင်ထံသို့ ပြေးဝင်လာသည်။

"ရွှီးးးးး"

သံတံခါးကြီးသည် သူ့လက်ထဲတွင် ပလတ်စတစ်ပြား တစ်ချပ်ကဲ့သို့ ပေါ့ပါးနေပြီး လေခွင်းသံများ မြည်ဟည်းနေသည်။

ကျောက်ခိုင် မျက်လုံးများ ပြာသွားပြီး အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။

သူ နောက်သို့ ဆက်တိုက်ဆုတ်ခွာရင်း လက်နှစ်ဖက်မှ ရေခဲမှုန်များ မှုတ်ထုတ်ကာ လျှောက်လမ်းပေါ်ရှိ ရေပြင်ကို အလျင်အမြန် ခဲစေလိုက်သည်။

ရုတ်ခြည်းပင် ရေပြင်က ရေခဲပြင် ဖြစ်သွားသဖြင့် မတ်တပ်ရပ်ရန် ခက်ခဲသွားသည်။

တိန့်ဟူလည်း ယိုင်နဲ့သွားပြီး ချော်လဲလုနီးပါး ဖြစ်သွားသည်။

သို့သော် သူက သံတံခါးဖြင့် ရေခဲပြင်ကို ထောက်လိုက်ရာ ရေခဲများ ကွဲအက်သွားပြီး သူ့ကိုယ်သူ ပြန်ထိန်းလိုက်နိုင်သည်။

ထို့နောက် သူ့မျက်လုံးများ အရောင်လက်သွားပြီး ကျယ်လောင်စွာ အော်ဟစ်ကာ ရှေ့သို့ တိုးလာသည်။

ဒီတစ်ကြိမ်တွင် သူက ခြေထောက်ကို တမင်အားစိုက်ပြီး နင်းသည်။

လျှောက်လမ်းတစ်ခုလုံး တုန်ခါသွားပြီး ခြေလှမ်းတစ်လှမ်းတိုင်းတွင် ရေခဲပြင်များ ကွဲအက်ကုန်သည်။

ထိုသို့ဖြင့် မှန်ကဲ့သို့ ချောမွတ်နေသော ရေခဲပြင်သည် ရေခဲစများ ဖြစ်ကုန်ပြီး တိန့်ဟူကို ဟန့်တားနိုင်ခြင်း မရှိတော့ပေ။

ကျောက်ခိုင် မျက်မှောင်ကြုတ်လိုက်သည်။ သူ့နည်းဗျူဟာကို တစ်ဖက်လူက ခွန်အားသက်သက်ဖြင့် ဖျက်ဆီးပစ်လိုက်မည်ဟု မထင်ထားခဲ့ပေ။

သူ အရင်နည်းအတိုင်း ရေခဲချွန်များဖြင့် ပစ်ခတ်ပြန်သည်။

သို့သော် တိန့်ဟူ၏ သံတံခါးက သံမဏိဒိုင်းကာကဲ့သို့ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လုံခြုံစွာ ကာကွယ်ထားသည်။

ရေခဲချွန်များက ဓားကဲ့သို့ ထက်မြက်သော်လည်း သံတံခါးကို မဖောက်နိုင်ပေ။

တိန့်ဟူက ရက်စက်စွာ ပြုံးရင်း အော်ပြောသည်။ "သေပေတော့"

နှစ်ယောက်ကြား အကွာအဝေး နီးကပ်လာပြီး တိန့်ဟူက ဟိန်းဟောက်ကာ သံတံခါးဖြင့် ရိုက်ချလိုက်သည်။

ကြမ်းတမ်းသော ခွန်အားများကြောင့် သံတံခါးသည် လေပြင်းများကို သယ်ဆောင်လာပြီး ဖိချလိုက်သကဲ့သို့ ဖြစ်သွားသည်။

ကျောက်ခိုင် မျက်နှာပျက်သွားပြီး ရေခဲမှုန်များ ထုတ်လွှတ်ကာ တစ်ဖက်လူ၏ ခြေထောက်အောက်မှ ရေများကို ခဲစေရန် ကြိုးစားသည်။

သို့သော် ရေပြင်က တိမ်လွန်းသဖြင့် တိန့်ဟူ၏ ခြေထောက်ကို ခဲလိုက်နိုင်သော်လည်း တိန့်ဟူက မြေကြီးကို ဆောင့်ကန်လိုက်သည်နှင့် ရေခဲများ ကွဲအက်သွားကာ သူ့ကို နှောင့်နှေးအောင် မလုပ်နိုင်ပေ။

"ဝုန်း"

သံတံခါးကြီး ဝင်ဆောင့်လာရာ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။

အရေးကြီးသော အချိန်တွင် ကျောက်ခိုင်သည် ရေခဲနံရံတစ်ခုကို အနိုင်နိုင် ဖန်တီးကာ ရှေ့မှ ကာလိုက်ပြီး လက်နှစ်ဖက်ဖြင့် ရေခဲနံရံကို တွန်းကန်ထားလိုက်သည်။

သို့သော် ခွန်အားအခြေပြု အစွမ်းပိုင်ရှင်နှင့် ရေခဲအစွမ်းပိုင်ရှင်တို့ အားပြိုင်ကြရာ ရလဒ်က ပြောစရာပင် မလိုပေ။

ကျောက်ခိုင်သည် သံတံခါးဖြင့် ပြင်းထန်စွာ ရိုက်ခတ်ခြင်း ခံလိုက်ရသည်။

"ဂျွတ်" ခနဲ အသံမြည်ကာ ရေခဲနံရံ ကြေမွသွားပြီး သူတစ်ကိုယ်လုံး လွင့်ထွက်သွားသည်။

လျှောက်လမ်းအပြင်ဘက်သို့ လွင့်စင်ကာ အောက်သို့ ပြုတ်ကျတော့မည့်ဆဲဆဲ ဖြစ်သွားသည်။

သို့သော် ရုတ်တရက် မမြင်ရသော အစွမ်းတစ်ခုက ကျောက်ခိုင်ကို လှမ်းဆွဲထားလိုက်သည်။

ကျောက်ခိုင် မော့ကြည့်လိုက်ရာ ပစ္စည်းများ ရှာဖွေပြီးစီးသွားသော လင်းယွမ် လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။

လင်းယွမ်၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းရောင်များ တောက်ပနေပြီး စိတ်စွမ်းအင်ကို အသုံးပြုနေခြင်း ဖြစ်သည်။

ကျောက်ခိုင်လည်း အခွင့်ကောင်းယူကာ လှိမ့်ဝင်လိုက်ပြီး လျှောက်လမ်းပေါ်သို့ ပြန်ရောက်လာသည်။

တိန့်ဟူလည်း သတိဝင်လာပြီး လင်းယွမ်ကို သတိထားကြည့်ကာ အော်မေးသည်။ "ခွေးကောင်... မင်းမှာ အကူပါသေးတာလား"

ပြောပြီးသည်နှင့် သူ ပြေးဝင်လာကာ လက်ထဲမှ သံတံခါးကြီးကို ယပ်တောင်အကြီးကြီး တစ်ချပ်ကဲ့သို့ ဝှေ့ယမ်းပြီး လင်းယွမ်ကို ရိုက်ချလိုက်သည်။

လင်းယွမ်က မျက်လုံးကို အနည်းငယ် ပင့်ကြည့်လိုက်ပြီး သူ့မျက်နှာတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။

"အားချင်းယှဉ်ချင်တာလား"

သူ အသက်ကို ဝဝရှူလိုက်ပြီး ခြေလှမ်းကို အနောက်သို့ အနည်းငယ် ဆုတ်ကာ ကြမ်းပြင်ကို ကန်ထားလိုက်သည်။ ပခုံးကို နှိမ့်၊ ခါးကို လှည့်ကာ နောက်တစ်စက္ကန့်တွင် ညာဘက်လက်သီးဖြင့် ပြင်းထန်စွာ ထိုးချလိုက်သည်။

"ဝှီးးးးးးးးးးးးး"

ကြောက်မက်ဖွယ်ကောင်းသော လေခွင်းသံနှင့်အတူ ပြင်းထန်သော အရှိန်အဟုန် ထွက်ပေါ်လာသည်။

လက်သီးနှင့် သံတံခါး ထိပ်တိုက် တွေ့သွားသည်မှာ ဘုရားကျောင်းမှ ခေါင်းလောင်းကြီးကို သစ်တုံးကြီးဖြင့် ထိုးလိုက်သကဲ့သို့ပင်။

"ဒုန်း"

ပြင်းထန်သော တုန်ခါမှုကြီး ဖြစ်ပေါ်လာပြီး တိုက်တွဲ (၆) တစ်ခုလုံး သိမ့်သိမ့်တုန်သွားသည်။

သံမဏိတံခါးကြီးသည် "ကျွီ" ခနဲ အသံမြည်ကာ ချက်ချင်း တွန့်လိမ်သွားပြီး အနောက်သို့ လန်ထွက်သွားသည်။

တိန့်ဟူ ကိုယ်တိုင်လည်း မထိန်းနိုင်တော့ဘဲ နောက်သို့ တရွတ်တိုက် ပါသွားသည်။

"ဒုန်း... ဒုန်း... ဒုန်း"

လျှောက်လမ်းပေါ်ရှိ ကြွေပြားများနှင့် ရေခဲများ ကွဲအက်သွားပြီး သူ့ခြေထောက်အောက်တွင် အက်ရာများ ပေါ်လာသည်။

ကြွေပြားခင်းထားသော ကြမ်းပြင်တွင် ခြေရာများပင် ထင်ကျန်ရစ်သည်။

တိန့်ဟူ၏ လက်မောင်းတစ်ခုလုံး ထုံကျင်သွားသော်လည်း လက်မောင်းထုံကျင်သည်ထက် သူ့ဦးနှောက်က ပိုထုံကျင်နေသည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"ငါ... ငါ သူ့ကို မျက်နှာချင်းဆိုင် တိုက်တာတောင် နောက်ဆုတ်သွားရတယ်"

"ငါ့ခွန်အားက သူ့လောက် မကြီးဘူးလား"

တိန့်ဟူ ထိတ်လန့်တုန်လှုပ်သွားသည်။

သူက ခွန်အားအခြေခံ အစွမ်းပိုင်ရှင်လေ။

သူ အဂုဏ်ယူရဆုံးသော ခွန်အားအပိုင်းမှာ ဒီလူငယ်လေးကို ရှုံးနိမ့်သွားရသည်လား။

သူ့လက်နှစ်ဖက်ကို ငုံ့ကြည့်လိုက်ရာ လက်ချောင်းများကြားတွင် ကွဲအက်ပြီး သွေးများ စီးကျနေသည်ကို တွေ့လိုက်ရသည်။

လက်ချောင်းဆယ်ချောင်း တုန်ရီနေပြီး လက်မောင်းများ အားမရှိတော့ပေ။ ဒါက အားကုန်ခန်းလုနီးပါး ဖြစ်နေသည့် လက္ခဏာပင်။

တိန့်ဟူက ဒါ သူ့လက်တွေမှ ဟုတ်ရဲ့လားဟု မယုံနိုင်အောင် ဖြစ်နေသည်။ သူ ဘယ်တုန်းကမှ ဒီလောက်ထိ အားကုန်ခန်းခြင်း မကြုံဖူးတော့ပေ။

ခွန်အားအစွမ်း နိုးထလာပြီးနောက်ပိုင်း သူက မိန်းမသုံးယောက်ကို ပွေ့ချီပြီး အလုပ်ကိစ္စ လုပ်နိုင်ခဲ့သူ ဖြစ်သည်။

တစ်နာရီလောက် လုပ်ရင်တောင် မမောသည့်ကောင် ဖြစ်သည်။

အခုကျတော့ရော။

ဘယ်ကမှန်းမသိ ထွက်လာသည့် ခွေးကောင်လေးက သူ့ထက် အားပိုကြီးနေသည်။

"မင်း... မင်းကလည်း ခွန်အားအစွမ်းပိုင်ရှင်လား"

တိန့်ဟူ မော့ကြည့်လိုက်ပြီး လက်မောင်းကို ခါရမ်းနေသော လင်းယွမ်ကို ထိတ်လန့်တကြား မေးလိုက်သည်။

လင်းယွမ်က သက်ပြင်းချလိုက်သည်။ "ခွန်အားအစွမ်းပိုင်ရှင်တွေက တကယ် အားသန်တာပဲ"

တိန့်ဟူ၏ ခွန်အား ပမာဏကို သူ ခန့်မှန်းကြည့်နိုင်သည်။ ၅ မှတ် ဝန်းကျင်လောက် ရှိမည်။ ဆိုလိုသည်မှာ သာမန်လူထက် ၅ ဆခန့် ရှိသည်။

လင်းယွမ်၏ ကိုယ်ပိုင် ခွန်အားမှတ်က ၅.၉ ရှိသောကြောင့် တစ်ဖက်လူထက် တစ်မှတ်နီးပါး ပိုများနေသဖြင့်သာ ဖိနှိပ်ထားနိုင်ခြင်း ဖြစ်သည်။

သို့သော် ဖိနှိပ်ထားနိုင်ရုံသာ ရှိပြီး လုံးဝ အသာစီးရသည့် အနေအထားမျိုး မဟုတ်ပေ။

စောစောက လက်သီးချင်း ယှဉ်ထိုးလိုက်ရာ သူ့လက်မောင်းလည်း ထုံကျင်သွားသည်ကို ခံစားလိုက်ရသည်။

ကိုယ့်ဘာသာ သန္ဓေပြောင်းပြီး အစွမ်းနိုးထလာသည့် သူများကို လျှော့တွက်လို့မရမှန်း သူ သဘောပေါက်သွားသည်။

သူကတော့ အသေအလဲ ပင်ပန်းခံ၊ ငါးတွေ အများကြီးသတ်မှ အမှတ်တွေစုမိပြီး မဲနှိုက်ကာ ခွန်အား ၅.၉ ရအောင် လုပ်ခဲ့ရသည်။

ဒီကောင်တွေကျတော့ ငါးစားရုံနဲ့ ၅ မှတ်အထိ ရောက်လာကြသည်။

တကယ်ပါပဲ... ငါ ကြိုးစားတာ မလုံလောက်သေးဘူး... ငါးတွေ ထပ်ဖမ်းပြီး ထပ်သတ်မှ ဖြစ်တော့မယ်။

ထိုသို့ တွေးလိုက်ပြီး သူက စနစ် မျက်နှာပြင်ကို ကြည့်လိုက်သည်။

အမှတ် ၅၁၆၂ မှတ် ရှိနေသည်ကို မြင်လိုက်ရမှ သူ့စိတ်ပူပန်မှု အနည်းငယ် လျော့ပါးသွားသည်။

ထို့နောက် တစ်ဖက်မှ တိန့်ဟူကို ကြည့်ပြီး ပြုံးလိုက်သည်။

"စိတ်မကောင်းစရာပဲ... မင်းရဲ့ ခွန်အားက မလုံလောက်သေးဘူးကွ"

"ဝှစ်"

နောက်တစ်စက္ကန့်တွင် လင်းယွမ်၏ ခန္ဓာကိုယ်သည် သရဲတစ္ဆေပမာ ချက်ချင်း ပြေးထွက်သွားသည်။

လူများ မျက်စိရှေ့တွင် ရိပ်ခနဲ ဖြစ်သွားပြီး လင်းယွမ်က တိန့်ဟူရှေ့သို့ ရောက်သွားပြီ ဖြစ်သည်။

တိန့်ဟူ သတိဝင်လာပြီး အလိုအလျောက် လက်ကို မြှောက်ကာ ကာကွယ်လိုက်သည်။

သို့သော် လင်းယွမ်၏ လက်ဝါးက ကျရောက်လာပြီ ဖြစ်သည်။

"ဘုန်း"

တိန့်ဟူက လက်ဖြင့် ကာကွယ်လိုက်သော်လည်း "ဂျွတ်" ခနဲ အရိုးကျိုးသံ ကြားလိုက်ရပြီး လက်မောင်းတွင် ပြင်းထန်စွာ နာကျင်သွားသည်။

ယှဉ်ပြိုင်၍ မရနိုင်သော ခွန်အားကြီးတစ်ခု ဝင်ရောက်လာသဖြင့် သူ အော်ဟစ်ငြီးငူလိုက်ရသည်။

"ဒုန်း"

ကြီးမားသော ဘိလပ်မြေတုံးကြီးတစ်ခု မြေကြီးပေါ် ပြုတ်ကျလာသည်။

တိန့်ဟူ တစ်ကိုယ်လုံး မှန်ဘောင်အကာအရံပေါ်သို့ လွင့်စင်ကာ ပြုတ်ကျသွားသည်။

မှန်သားများ ကွဲကြေသွားပြီး တိန့်ဟူက လင်းယွမ်ကို ကြောက်လန့်တကြား ကြည့်လိုက်သည်။

လင်းယွမ်က ခါးကိုငုံ့ကာ ခုနက သူ့ ပစ္စည်းသိုလှောင်ခန်း ထဲမှ ထုတ်ယူလိုက်သော ဘိလပ်မြေတုံးကို ပြန်ကောက်ရင်း မေးလိုက်သည်။ "ဒါကို မှတ်မိလား"

တိန့်ဟူ နာကျင်မှုကြောင့် နဖူးမှ ချွေးစေးများ ကျလာပြီး အလျင်အမြန် ပြောသည်။ "ဘာလဲ... ညီလေး... ငါတို့ကြားမှာ တစ်ခုခု အထင်လွဲနေတာ ရှိလို့လား"

"ဟိုအဘိုးကြီးက မင်းကို ဘယ်လောက်ပေးထားလို့လဲ... ငါ နှစ်ဆပေးမယ်... မဟုတ်ဘူး ဆယ်ဆပေးမယ်"

"ဒီတိုက်ထဲမှာ မင်းလိုချင်တာ ဘာမဆို အကုန်ယူ"

မနိုင်တော့မှန်း သိလိုက်သဖြင့် တိန့်ဟူ ငြိမ်းချမ်းရေး စကားဆိုရတော့သည်။

လောလောဆယ် အသက်ရှင်ဖို့က အရေးကြီးဆုံးပင်။ သူက အစွမ်းပိုင်ရှင် ဖြစ်တာကြောင့် မသေသေးသရွေ့ ထမင်းစားစရာ ရှိနေဦးမှာပဲ။

လင်းယွမ်က သူ့ကို ဂရုမစိုက်ဘဲ လူခေါင်းအရွယ်အစားရှိသော ဘိလပ်မြေတုံးကို မကာ ချိန်ဆကြည့်ရင်း ပြောသည်။ "ဒီကျောက်တုံးကို မှတ်မိလားလို့ ငါ မေးနေတယ်"

တိန့်ဟူ ကြောင်သွားပြီး ဘိလပ်မြေတုံးကို သေချာ ကြည့်လိုက်သည်။

အစကတော့ သတိမထားမိသော်လည်း သေချာကြည့်လိုက်မှ တကယ်ပင် ရင်းနှီးနေသလို ခံစားလိုက်ရသည်။

လင်းယွမ်က ဘိလပ်မြေတုံးကို လှည့်ပြလိုက်ပြီး လက်ရာအချို့ကို ထောက်ပြကာ ပြောသည်။ "သေချာကြည့်... ဒီလက်ရာတွေက မင်းလက်ရာတွေ မဟုတ်ဘူးလား"

ဒီတော့မှ တိန့်ဟူ ရုတ်တရက် သတိရသွားသည်။

သူ ခေါင်းမော့လိုက်ပြီး မယုံနိုင်စွာ ပြောသည်။ "ဒါ... ဒါက ဘယ်လိုလုပ် မင်းဆီ ရောက်နေတာလဲ"

သူ မှတ်မိသွားပြီ။ ဒီကျောက်တုံးက ဒီမနက် ခေါင်မိုးပေါ်မှာ လင်းအဘိုးကြီးနှင့် တိုက် (၇၆) တို့ ပစ္စည်းလဲလှယ်နေသည့် ကြိုးကို ဖြတ်တောက်စဉ်က တိုက် (၇၆) ဘက်သို့ ကောက်ပေါက်လိုက်သော ကျောက်တုံးပင် ဖြစ်သည်။

ထိုစဉ်က ပစ္စည်းသယ်သည့်ကြိုးကို ဖြတ်ပြီးနောက် တိုက် (၇၆) ခေါင်မိုးပေါ်တွင် လူရိပ်လူခြေ တွေ့လိုက်ရသည်။

တစ်ဖက်လူက လင်းအဘိုးကြီးနှင့် အရောင်းအဝယ်လုပ်နေသူမှန်း သူ ချက်ချင်း သိလိုက်သည်။

ထို့ကြောင့် တစ်ဖက်လူကို သတိပေးသည့်အနေဖြင့် လက်စွမ်းပြကာ ဘေးနားမှ ဘိလပ်မြေတုံးကို ကောက်ပေါက်လိုက်ခြင်း ဖြစ်သည်။

သူ့ခွန်အားနှင့်ဆိုလျှင် လူခေါင်းအရွယ် ဘိလပ်မြေတုံးကို ပေ ၃၀၀ အကွာအဝေးသို့ ပစ်ပေါက်လိုက်ခြင်းမှာ အားစိုက်စရာပင် မလိုပေ။

တကယ်တမ်းလည်း သူ လုပ်နိုင်ခဲ့ပြီး ထိုလုပ်ရပ်ကြောင့် တိုက် (၇၆) မှ လင်းယွမ်နှင့် တင်းယန်တို့ သတိထားမိသွားခြင်း ဖြစ်သည်။

အခုတော့ လင်းယွမ် ရောက်လာပြီ။

တိန့်ဟူနှင့် အလွန်ရင်းနှီးသော ဘိလပ်မြေတုံးကို ကိုင်လျက် သူ့ရှေ့တွင် ရောက်နေပြီ။

လင်းယွမ် ပြုံးလိုက်သည်။ "မှတ်မိသွားပြီလား"

"မှတ်မိရင် ပြီးတာပဲ... ငါက လူရိုးပါ... ကိုယ့်ကို တစ်ချက်လုပ်ရင် တစ်ချက် ပြန်လုပ်တတ်တယ်"

"အဲဒီတုန်းက ငါ ဟိုဘက်တိုက်ပေါ်မှာ ရှိနေတာ... မင်းက ဒီကျောက်တုံးနဲ့ ငါ့ကို ပစ်ပေါက်ခဲ့တယ်... ကံကောင်းလို့ မထိခဲ့တာ"

"ဒါပေမဲ့ ငါ ဂရုမစိုက်ဘူး... မင်း အရည်အချင်းညံ့လို့ မထိတာက မင်းကိစ္စ... မင်း ငါ့ကို ပစ်ပေါက်ခဲ့တာကတော့ အမှန်ပဲ... ဒါကြောင့် ဒီကိစ္စကို ငါတို့ ရှင်းရမယ်"

"ဒီလိုလုပ်... ငါ မင်းကို တစ်ချက် ပြန်ပေါက်မယ်... မင်း မသေရင် ငါ ခွင့်လွှတ်ပေးမယ်"

တိန့်ဟူ မျက်နှာတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားပြီး ပြောသည်။ "မဟုတ်ဘူး... မဖြစ်နိုင်ဘူး... မင်း ဘယ်လို လုပ်ဒီကို ရောက်လာတာလဲ... ရေထဲမှာ သန္ဓေပြောင်း ငါးတွေ အများကြီး ရှိတာ... မင်း လာလို့ မရဘူး"

လင်းယွမ်က ဟဲဟဲ ဟု ရယ်မောလိုက်သည်။ "အဆင်သင့် ဖြစ်ပြီလား... ငါ စတော့မယ်"

သူသည် ဘိလပ်မြေတုံးကို မြှောက်လိုက်ပြီး တိန့်ဟူ၏ မေးခွန်းကို ဂရုမစိုက်ဘဲ တိန့်ဟူ၏ ခေါင်းကို ထုချရန် ပြင်လိုက်သည်။

တိန့်ဟူ ရင်ဘတ်ထဲ ဒိန်းခနဲ ဖြစ်သွားပြီး နံရံကို ခြေထောက်ဖြင့် ကန်ကာ ထိုတွန်းကန်အားဖြင့် ကြမ်းပြင်ပေါ် လှိမ့်၍ အလျင်အမြန် ရှောင်တိမ်းလိုက်သည်။

သို့သော် လင်းယွမ်က ကြိုတင်တွက်ဆထားသကဲ့သို့ လက်ကို မြှောက်ရုံသာ မြှောက်လိုက်ပြီး ထုမချသေးပေ။

တစ်ဖက်လူ လှုပ်ရှားမှု မြန်ဆန်သည်ကို မြင်သောအခါ လင်းယွမ် ပြုံးလိုက်သည်။ "မင်း ငြိမ်ငြိမ်နေမှာ မဟုတ်မှန်း သိသားပဲ"

"ဝှီး"

သူ့ခန္ဓာကိုယ် ရုတ်တရက် လှုပ်ရှားလိုက်ရာ ၄.၈ ရှိသော အမြန်နှုန်းသည် တိန့်ဟူထက် အဆပေါင်းများစွာ သာလွန်နေသည်။

တိန့်ဟူ လွတ်ပြီဟု ထင်လိုက်ချိန်မှာပင် လင်းယွမ်က သူ့အနောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

"ဘုန်း"

လင်းယွမ်၏ ကြောက်မက်ဖွယ် ခွန်အားများ ပေါင်းစပ်ထားသော ဘိလပ်မြေတုံးကြီးသည် "ဘုန်း" ခနဲ ကျရောက်သွားသည်။

"ဂျွတ်"

တိန့်ဟူ ဘာမှမလုပ်နိုင်လိုက်ခင်မှာပင် သူ့ခေါင်း ပုံပျက်သွားသည်။

ဦးနှောက်များ ပွင့်ထွက်ကာ ဦးခေါင်းခွံ ကွဲအက်ပြီး သွေးများ နေရာအနှံ့ စင်ထွက်ကုန်သည်။

သူ မျက်လုံးကို ပြူးကျယ်စွာ ဖွင့်ထားပြီး လင်းယွမ်ကို ကြည့်ကာ တစ်စုံတစ်ခု ပြောချင်သယောင် ရှိသော်လည်း ဘာအသံမှ ထွက်မလာတော့ပေ။

လင်းယွမ် ခေါင်းခါလိုက်သည်။ "ခွန်အားကြီးရုံနဲ့ မလုံလောက်ဘူး"

ခွန်အားနှင့် အမြန်နှုန်း မမျှတပါက အားနည်းချက် ဖြစ်လာနိုင်သည်။

ဒီပြဿနာကို သူ့ခွန်အား ၂.၉ ရှိစဉ်က ဝမ်ယန်မေနှင့် တိုက်ခိုက်ရင်း သူ သဘောပေါက်ခဲ့သည်။

ထိုစဉ်က သူ့ခွန်အားသည် ဝမ်ယန်မေထက် များသော်လည်း အမြန်နှုန်းတွင် တစ်ဖက်လူကို မမီသဖြင့် ပစ်မှတ်အဖြစ် အလုပ်ခံခဲ့ရသည်။

ထို့ကြောင့် တိန့်ဟူ၏ အစွမ်းမှာ အလွန် အားကောင်းပုံရသော်လည်း အားနည်းချက်မရှိသော လင်းယွမ်ရှေ့တွင်မူ ဟာကွက်များ အပြည့်ဖြစ်နေသည်။

လင်းယွမ်က သူ့ခွန်အားကို ထိပ်တိုက်ရင်ဆိုင်နိုင်ရုံသာမက အမြန်နှုန်း တစ်ခုတည်းနှင့်ပင် တိန့်ဟူအနေဖြင့် လင်းယွမ်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။

ထို့အပြင် လင်းယွမ်၏ စိတ်စွမ်းအင်ပါ ပေါင်းစပ်လိုက်ပြီး စိတ်စွမ်းအင် ရိုက်ခတ်သိုင်းသာ သုံးလိုက်ပါက တိန့်ဟူအနေဖြင့် မျက်နှာချင်းဆိုင်လိုက်သည်နှင့် သေဆုံးသွားနိုင်သည်။

တိန့်ဟူက ကျောက်ခိုင်ကို ဖိအားပေး တိုက်ခိုက်နိုင်သည်ဟု မထင်လိုက်နှင့်။

အကြောင်းမှာ ကျောက်ခိုင်၏ ရေခဲအစွမ်း မလုံလောက်ခြင်းနှင့် အခြား အရည်အသွေးမှတ်များ နည်းပါးခြင်းကြောင့် တိန့်ဟူကို မယှဉ်နိုင်ဘဲ ထိုသို့ ဖြစ်နေရခြင်း ဖြစ်သည်။

အကယ်၍ ရေထဲတွင်သာ ဆိုပါက ကျောက်ခိုင်၏ ရေခဲအစွမ်းသည် တိန့်ဟူကို သေအောင် ကစားနိုင်လိမ့်မည်။

ထို့ကြောင့် အစွမ်းပိုင်ရှင်များသည် အမြဲတမ်း အနိုင်ရသူများ မဟုတ်ကြ။ တိုက်ခိုက်သောအခါ နေရာဒေသနှင့် အချိန်အခါကို ကြည့်ရသည်။

မိမိကဲ့သို့ ကဏ္ဍစုံ ဖွံ့ဖြိုးပြီး အားနည်းချက်မရှိသူမှသာ ပတ်ဝန်းကျင်အမျိုးမျိုးနှင့် လိုက်လျောညီထွေဖြစ်ကာ အစွမ်းပိုင်ရှင် အမျိုးမျိုးကို တိုက်ခိုက်နိုင်မည် ဖြစ်သည်။

လင်းယွမ် စိတ်ထဲတွင် သုံးသပ်လိုက်ပြီး မျက်နှာချင်းဆိုင်မှ ကြောင်အမ်းနေသော တိန့်ဟူ၏ အဖွဲ့သားများကို မော့ကြည့်လိုက်သည်။

သူ့အကြည့် ရောက်လာသည်နှင့် ထိုလူများ ထိတ်လန့်တကြား အော်ဟစ်ကာ ဘယ်သူစပြေးမှန်းမသိ လှည့်ပြေးကြတော့သည်။

လင်းယွမ် ထိုလူများကို ဂရုမစိုက်ပေ။ လင်းအဘိုးကြီးက ရှင်းလင်းလိမ့်မည် ဖြစ်သောကြောင့် သူ ဝင်ပါစရာ မလိုပေ။

ကျောက်ခိုင် လျှောက်လာပြီး ပြောသည်။ "အစ်ကိုလင်း... အစ်ကိုက... အစ်ကိုက ဟင်းလင်းပြင်အစွမ်းပိုင်ရှင် မဟုတ်ဘူးလား... ဘာလို့ ခွန်အားကလည်း ဒီလောက် ကြီးနေတာလဲ"

လင်းယွမ်က ပြန်ပြောသည်။ "ငါ ခွန်အားကြီးတယ်လို့ ဘယ်သူပြောလဲ... ငါက ဒီကျောက်တုံး ရှိနေတဲ့ ဟင်းလင်းပြင်ကို ဆွဲပြီး ပစ်ပေါက်လိုက်တယ်လို့ မတွေးမိဘူးလား"

"ဟာ... အဲလိုလည်း ရတာလား"

ကျောက်ခိုင် အံ့သြသွားသည်။ အစွမ်းကို ဒီလိုသုံးလို့ရမှန်း သူ မသိခဲ့ပေ။

လင်းယွမ်က ဆက်ပြောသည်။ "မင်းရဲ့ အစွမ်းကို သေချာ လေ့လာဦး... ရေခဲချွန်လက်နတ်တို့ ရေခဲနံရံ အကာအကွယ်တို့ ရေခဲနဲ့ ရန်သူကို ဟန့်တားတာတို့က မဆိုးပေမယ့် ပေါင်းစပ်အသုံးပြုတာတွေက သိပ်မသွက်သေးဘူး... ငါသာ မင်းနေရာမှာဆိုရင် သူ့ကိုယ်ပေါ်ကို ရေစိုအောင် အရင်လုပ်ပြီးမှ ရေခဲအစွမ်းကို သုံးလိုက်မယ်"

"ခွန်အားအခြေခံ အစွမ်းပိုင်ရှင်တွေမှာ အားနည်းချက် အများကြီး ရှိတယ်... မင်းနဲ့ ယှဉ်ရင် သူတို့ရဲ့ တိုက်ခိုက်ပုံက ရိုးရှင်းလွန်းတယ်"

ကျောက်ခိုင် စဉ်းစားခန်း ဝင်သွားသည်။ ဒီနေ့တိုက်ပွဲမှ ဗဟုသုတများစွာ ရလိုက်သလို ခံစားလိုက်ရသည်။

လင်းယွမ်က "ဒီမှာ စောင့်နေ... ငါ တိန့်ဟူအခန်းထဲ ပစ္စည်းသွားရှာလိုက်ဦးမယ်" ဟု ပြောပြီး တိုက်တွဲ (၆) မှ တိန့်ဟူအခန်းဘက်သို့ လျှောက်သွားလိုက်သည်။

တိန့်ဟူတွင် အခန်း ၃၂၁၁ နှင့် ၃၂၁၂ ဟူ၍ အခန်းနှစ်ခန်း ရှိသည်။

လင်းယွမ်က ၃၂၁၁ ကို အရင်ဖွင့်ကြည့်ရာ ပစ္စည်းများ အများအပြား စုပုံနေသည်ကို တွေ့ရသည်။

သူ ဘာမှ တွန့်ဆုတ်မနေဘဲ အခန်းထဲမှ ပစ္စည်းများကို သိမ်းကျုံးယူလိုက်သည်။

အားလုံး ရှင်းလင်းပြီးနောက် ၃၂၁၂ အခန်းထဲသို့ ဝင်လိုက်သည်။

တံခါးဖွင့်လိုက်သည်နှင့် သူ ကြောင်သွားသည်။

အခန်းထဲတွင် ခန္ဓာကိုယ်ဖော်သည့် အဝတ်အစားများ ဝတ်ဆင်ထားသော အမျိုးသမီးသုံးဦးသည် ဧည့်ခန်း ဆိုဖာဘေးတွင် လိမ္မာစွာ ဒူးထောက်နေကြသည်။

လင်းယွမ် တံခါးဖွင့်လိုက်သည်နှင့် အလယ်မှ အသက် ၃၀ ခန့်ရှိမည့် အမျိုးသမီးက ချက်ချင်း နှုတ်ဆက်သည်။ "မင်္ဂလာပါ သခင်ကြီး"

ကျန်သည့် ငယ်ရွယ်သော အမျိုးသမီးနှစ်ဦးကလည်း လိုက်၍ နှုတ်ဆက်ကြသည်။ "မင်္ဂလာပါ သခင်ကြီး"

လင်းယွမ် မျက်လုံးမှေးပြီး အခန်းထဲကို ကြည့်လိုက်ရာ သပ်ရပ်သန့်ရှင်းနေသည်ကို တွေ့ရသည်။

သူ အမျိုးသမီးသုံးဦးကို ဂရုမစိုက်ဘဲ မီးဖိုချောင်ထဲ ဝင်ကြည့်လိုက်သည်။ ဆန်၊ ဂျုံမှုန့် စသည့် သာမန် ပစ္စည်းအနည်းငယ်သာ ရှိပြီး သုံးယောက်အတွက် လဝက်စာလောက်သာ ရှိသည်။

ဒီနေရာက တိန့်ဟူ အနားယူသည့်နေရာ ဖြစ်ပြီး ပစ္စည်းဝှက်သည့်နေရာ မဟုတ်ပေ။

လင်းယွမ်က အမျိုးသမီးသုံးဦးကို ကြည့်ပြီး မေးလိုက်သည်။ "မင်းတို့က ဘယ်သူတွေလဲ"

အလယ်မှ အမျိုးသမီးက အလျင်အမြန် ဖြေသည်။ "သခင်ကြီး... ကျွန်မနာမည်က လျန်မင်ရှုပါ... ဒီနှစ်ယောက်က ကျူးလင်လင်နဲ့ ယွီရှောင်ယန်ပါ... ကျွန်မတို့ အားလုံးက တိန့်ဟူ အတင်းအဓမ္မ ဖမ်းခေါ်ထားတဲ့ အခန်းပိုင်ရှင်တွေပါ"

သူမက မျက်ရည်ဝဲလျက် ငိုပြီး ပြောသည်။ "ကျွန်မတို့မှာ ရွေးချယ်စရာ မရှိခဲ့ပါဘူး... အသက်ရှင်ဖို့အတွက် သူ့အလိုကျ နေပေးခဲ့ရတာပါ"

"ဒီမှာနေရင် သူ့ကို သခင်ကြီးလို့ပဲ ခေါ်ရမယ်လို့ သူက သတိပေးထားလို့ပါ"

"အခု သူက ရှင်သတ်လို့ သေသွားပြီဆိုတော့... ရှင်က ဒီနေရာရဲ့ သခင်ကြီး ဖြစ်သွားပါပြီ... ရှင့်နာမည်ကို မသိလို့ သခင်ကြီးလို့ပဲ ခေါ်လိုက်တာပါ"

ကွဲပြားသော အလှကိုယ်စီ ရှိကြသည့် လှပသော အမျိုးသမီးသုံးဦးသည် ဖော်ဖော်ရော်ရော် ဝတ်ဆင်ကာ ဒူးထောက်ပြီး သခင်ကြီးဟု ခေါ်နေကြသည်။

ဘယ်ယောကျာ်းမဆို ဒီမြင်ကွင်းကို မြင်လျှင် သတ်ဖြတ်ချင်စိတ် ရှိတော့မည် မဟုတ်ပေ။

လျန်မင်ရှု၏ ကိုယ့်ကိုယ်ကိုယ် ကယ်တင်နည်းသည် ယောကျာ်းအများစုအတွက် အလွန်ထိရောက်မှု ရှိသည်။

သူမသည် တံခါးချောင်းပေါက်မှနေ၍ တိန့်ဟူ သေသွားသည်ကို မြင်ကတည်းက ဒီအစီအစဉ်ကို ချက်ချင်း အကောင်အထည်ဖော်လိုက်ခြင်း ဖြစ်သည်။

ကျူးလင်လင်နှင့် ယွီရှောင်ယန်တို့လည်း အသက်ရှင်ဖို့အတွက် သူမလုပ်သလို လိုက်လုပ်ကြသည်။

ဒီမိန်းမနှစ်ယောက်က လျန်မင်ရှုကို ခေါင်းဆောင်အဖြစ် သတ်မှတ်ထားကြသည်မှာ ကြာပြီဖြစ်သည်။ သို့မဟုတ်ပါက အခုချိန်ထိ အသက်ရှင်နိုင်မည် မဟုတ်ပေ။

လျန်မင်ရှုသည် တိန့်ဟူရှေ့တွင် လိမ္မာရေးခြားရှိသော်လည်း အခြားမိန်းမများ အမြင်တွင်မူ ယုတ်မာကောက်ကျစ်သော မိန်းမဖြစ်သည်။

တိန့်ဟူ၏ မိန်းမများအားလုံးကို လျန်မင်ရှုက ထိန်းကျောင်းခဲ့ခြင်း ဖြစ်သည်။

လျန်မင်ရှုစကား နားမထောင်ပါက သေလမ်းသာ ရှိသည်။

သူမသည် အလွန်ပါးနပ်သော အမျိုးသမီး ဖြစ်သည်။ ယောက်ျားလေးများကို ကစားတတ်သော ကျန်းယွမ်ယွမ်လို မိန်းမမျိုးနှင့် မတူပေ။

သူမတွင် အရည်အချင်းရှိပြီး ရည်မှန်းချက်ကြီးသည်။ ထို့ကြောင့် တိန့်ဟူဘေးတွင် နေပြီး မြေခွေးက ကျားကို အားကိုးသလို နေနိုင်ခဲ့ခြင်း ဖြစ်သည်။

သူမက တိန့်ဟူကို ထိန်းချုပ်မည် မဟုတ်သော်လည်း တိန့်ဟူ၏ ဆုံးဖြတ်ချက်တိုင်းကို မသိမသာ လွှမ်းမိုးနိုင်သည်။

အခုတော့ သူမသည် တိန့်ဟူထက် ပိုသန်မာသော ယောကျာ်းတစ်ယောက်ကို သိမ်းသွင်းရမည်။

သူမရှေ့တွင် ရပ်နေသော ဒီယောကျာ်းကိုပင်။

လျန်မင်ရှုသည် လင်းယွမ်ကို သနားစဖွယ် မော့ကြည့်နေသော်လည်း သူမစိတ်ထဲတွင်တော့ တက်ကြွလှုပ်ရှားနေပြီ ဖြစ်သည်။

ဆက်ရန်...

All Chapters