← Chapters

ချောကလက်အိမ်ကလေး (၅)

Vol. 4 Ch. 215

ချောကလက်အိမ်ကလေး (၅)

Vol. 4 Ch. 215

ဒီလိုနဲ့ပဲ ချစ်သူများနေ့ ရောက်လာခဲ့တယ်။

မနက်စောစောစီးစီး တည်းခိုနေတဲ့အိပ်ခန်းထဲမှာ ပြင်ဆင်ပြီးတော့ ဒါလင့်အတွက်လုပ်ထားတဲ့ ကွတ်ကီးလေး​ကို လက်ဆောင်ဘူးထဲ သေချာထည့်ဖြစ်လိုက်တယ်။ ဒါကို အချိန်သင့်ပြီထင်တော့မှ ကျွန်မဒါလင့်ကိုပေးမှာ။

မိတ်ကပ်အဆင်ပြေမပြေ မှန်ထဲကို ကြည့်ပြီးတဲ့နောက်တော့ အခန်းထဲကထွက်၊ လှေကားလက်ရန်းကို သေချာကိုင်ပြီးဆင်းခဲ့တယ်။

ထမင်းစားခန်းတဲ့ရောက်တော့ ဆယ်ဗီနဲ့ဒါလင်က အရင်ရောက်နှင့် နေကြပြီ။ ကျွန်မအဝတ်လဲတာ နည်းနည်းကြာသွားတယ်နဲ့တူတယ်။ ကျွန်မဟင်းပွဲတွေကို တစ်ချက်ကြည့်လိုက်တော့ ဘာလင်ဌာနခွဲက သေသေချာချာခမ်းခမ်းနားနား ပြင်ဆင်ထားတဲ့ပုံပါပဲ။ ဒါပေမဲ့ ကျွန်မက ဟိုအရူးမလိုမျိုး အစားသရဲမဟုတ်တာကြောင့် အဲဒါတွေအပေါ်အာရုံမရှိဘူး။

“ ပျော်ရွှင်စရာ စိန့်ဘလက်တိုင်းနေ့ဖြစ်အောင် ဖန်တီးပေးရမလား၊ ဒါလင်...”

ထုံးစံအတိုင်းပဲ ကျွန်မဒါလင်ရဲ့ခါးကိုဖက်လိုက်ပြီး ပခုံးပေါ် ခေါင်းမှီလိုက်တာပေါ့။ ဒါလင့်ရဲ့ကိုယ်သင်းနံလေးက ကျွန်မကို လန်းဆန်းသွားစေသလိုပဲ။

“မိုနီကာ၊ အစားကို သေချာစားသင့်တယ်လို့ မထင်ဘူးလား။”

ကျွန်မက စားစရာတွေကို တစ်စက်မှမထိတာတွေ့တော့ ဒါလင်က ကျွန်မကိုဆူလိုက်တယ်။ နောက်တော့ သူကိုယ်တိုင်ပဲ ကျွန်မဖို့ ပန်းသီးပန်ကိတ်အပွကို ခရင်းနဲ့ထိုးမွှေပြီး ခွံကျွေးတယ်။

“အာ....”

ဒါလင်က အေးစက်ပုံရပေမဲ့ ကျွန်မကို တကယ်ဂရုစိုက်တာပဲ။ ပန်းသီးပန်ကိတ်ရဲ့ချိုမြိန်တဲ့အရသာတောင်မှ ပိုကဲလာသလိုပဲ။ အလိုလိုနေရင်းကနေ အကြည့်တစ်စုံရောက်လာသလိုမျိုး ခံစားရလို့လှည့်ကြည့်လိုက်တော့ ကြက်ဥကြော် တွေနဲ့ဝက်အူချောင်း အပုံလိုက်ကြီးကို ထိုးဖွပြီးစားနေတဲ့ မျက်နှာမှာဆီအကွင်းလိုက်ကြီးနဲ့ ဆယ်ဗီနဲ့မျက်နှာချင်း ဆုံမိသွားရော။ သူကလည်း ဒါလင့်အနားကိုကပ်လာပြီး

“အာ....” ပါးစပ်ကြီးလာဟပြနေတာပဲ။ ဒီရုပ်ကြီးနဲ့ ဒါလင်ခွံကျွေးတာ ခံချင်လို့ရမလား။ ရွံစရာကြီး။

“သခင်မလေးဆယ်ဗီ၊ သခင့်အနားကို တအားကပ်သွားရင် သခင့်အဝတ်အစားတွေ ပေကျံကုန်လိမ့်မယ်။”

ကံကောင်းစွာနဲ့ ကျွန်မကိုယ်တိုင် ဘက်တော်သားအဖြစ် ရွေးချယ်ထားတဲ့ ဒေါ်ရသီကရောက်လာပြီး ဆယ်ဗီကို ထိုင်ခုံနဲ့ကျောနဲ့ကပ်အောင် လက်နဲ့ပခုံးကိုဆုပ်ကိုင်လိုက်ရော။

‘ကောင်းတယ်၊ ဒေါ်ရသီ။ ငါဝယ်ပေးထားတာတွေ အလကားမဖြစ်ဘူးပဲ။' ကျွန်မလည်း လျှို့ဝှက်ပြီးတော့ လက်မထောင်ပြလိုက်မိတာပေါ့။

“နက်ဆန်၊ ရှင်တော်တော်ဘက်လိုက်တတ်နေပါလား။” ဆယ်ဗီက ငိုသံကြီးနဲ့ပြောလိုက်တော့ ဒါလင်က...

“မိုနီကာက နေမကောင်းဘူးလေ၊ ဆယ်ဗီ။ မင်းကတော့ အားရှိလွန်းလို့ ဝက်အူချောင်းနှစ်ဆယ်ကျော်တောင် စားထားတာမဟုတ်ဘူးလား။”

သခင်က ဆယ်ဗီကို နည်းနည်းပြုံးပြရင်း ပြောလိုက်ပါတယ်။ အခုနောက်ပိုင်း သခင်က ဆယ်ဗီကိုမြင်တိုင်း အတည်ပေါက်နဲ့ စနေတာ။ သခင်က ဆယ်ဗီကိုကျွန်မထက်ပိုပြီးချစ်ပေမဲ့ ဆယ်ဗီကို ပါစီဗယ်နဲ့အတူတွေ့ပြီးကတည်းက အနေဝေးသွားတော့တာရယ်။

“ညအရှင်နဲ့ သခင်မလေးတို့....”

ကျွန်မတို့တွေစားပြီးတော့ အခန်းထဲကို ဆီနိတ်တာဩတေဗီယန်က သားသားနားနားဝတ်ပြီး ဝင်ရောက်လာတယ်။ သိပ်ပြီး မပြောချင်ပေမဲ့ ဒီအဘိုးကြီးအုပ်စုက ကျွန်မတို့ဒါလင်ကိုဖားဖို့ နည်းမျိုးစုံနဲ့ကြိုးပမ်းနေသလိုပဲ။

“အခုက စိန့်ဘလက်တိုင်းနေ့ဆိုတော့ အရှင်တို့ကို ခင်မင်မှုလက်ဆောင်အနေနဲ့ ကျွန်တော်မျိုးမှာ ပေးစရာလေးတစ်ခုရှိပါတယ်။”

ခဏနေတော့ ထမင်းစားဆောင်ခန်းမတံခါးကြီးက အကျယ်ကြီး ပွင့်လာပြီးတော့ အမှောင်ကျောင်းတော်ရဲ့ငယ်သားတချို့က ကျွန်မတို့ရဲ့တစ်ကိုယ်လုံးပုံတူ ချောကလက်ရုပ်ထုကြီးသုံးခုကို ထမင်းစားခန်းထဲ ယူလာတော့တာပဲ။

“လက်ရှိနာမည်ကြီးနေတဲ့ အယ်ဘတ်တိုင်းဆိုင်ကနေပြီး သီးသန့်မှာထားတဲ့ လူအစစ်အရွယ် သခင်တို့ရဲ့ချောကလက် ရုပ်ထုကြီးတွေပါ။”

ကျွန်မကတော့ မဲ့လိုက်မိတာပေါ့။ ဖားနေတာအသိသာကြီးကို။ ဆယ်ဗီလည်းပဲ သိပ်အမြင်ကြည်ပုံမရဘူး။ ဒါလင်ကတော့ ခက်ရင်းကိုလက်ထဲက ချလိုက်ပြီး...

“ဆီနိတ်တာ ဩတေဗီယန်... ခင်ဗျားပြောတော့ အယ်ဘတ်တိုင်းဆိုင်က ရေကျောင်းတော်ရဲ့ဌာနခွဲဖြစ်ပြီး ကျုပ်တို့ကိုပြဿနာရှာနေတာဆို....”

“ဒါပေမဲ့ သူတို့ချောကလက်တွေက သိပ်နာမည်ကြီးတာခင်ဗျ။” ဩတေဗီယန်က သူ့နဖူးပြောင်ပြောင်ကြီးကို ပွတ်ပြီးပြောရော။

“ပြီးတော့ ကျုပ်တို့က နတ်ကိုးကွယ်သူတွေလေ။ ဘယ်တုန်းက စိန့်တစ်ယောက်အတွက်ပွဲတော်မှာ ဝင်ပါနေရတာတုန်း။”

အဖိုးကြီးဩတေဗီယန် ခေါင်းငုံသွားပေမဲ့ ကျွန်မကတော့ ဒါလင့်ကိုတင်းတင်းဆွဲဖက်လိုက်ရင်း...

“ဒါလင်... အခုခေတ်မှာက ဒီပွဲတော်ကို ဘာသာရေးပွဲတော်လို့ ဘယ်သူမှမြင်ကြတော့တာမဟုတ်ဘူးရယ်။ ချစ်သူတွေအတွက် သီးသန့်ဖန်တီးပေးထားတဲ့နေ့လိုဖြစ်နေပြီ။”

ဒီတော့မှ ဒါလင်လည်းသက်ပြင်းချပြီး ခေါင်းတခါခါနဲ့ ကျွန်မတို့ကို ထုံးစံအတိုင်း သမိုင်းသင်ခန်းစာတွေပေးတော့တာပါပဲ။

“သနားစရာ စိန့်ဗလက်တိုင်း... လူတွေက ခင်ဗျားရဲ့ရဲဝင့်မှုတွေ အားလုံးကိုမေ့ပြီး ဧကရာဇ်အမိန့်မနာခံဘဲ စုံတွဲတွေကို လက်ထပ်ပေးခဲ့တာကိုပဲ သတိရကြတော့တာကိုး။”

ခါတိုင်းလိုပဲ ပိန်းဥမဆယ်ဗီက ဒီအကြောင်းကိုကြားတော့ စိတ်ဝင်စားလာပြီး ထပ်ပြောပြပေးဖို့တောင်းဆိုပါလေရော။ “သူက ဒီအတိုင်းပဲ ဖူးစာရေးနတ်လုပ်လို့ ဧကရာဇ်သတ်တာခံရတာ မဟုတ်ဘူးလား။”

“အဲဒါလည်း တစ်စိတ်တစ်ပိုင်းပါတယ်ဆိုပေမဲ့ အဲဒီပုံပြင်တွေက ချောကလက်ကုမ္ပဏီတွေ ရောင်းကောင်းအောင်လို့ တမင်သက်သက် ဖြန့်ခဲ့ကြတာများတယ်။ စိန့်ဘလက်တိုင်းရဲ့ ရဲဝင့်မှုနဲ့ သမိုင်းလုပ်ဆောင်ချက်တွေက အဲဒီထက်ပိုနက်နဲတယ်။”

ဒါလင်က အခုလိုလေးလေးနက်နက်ရှိတဲ့အချိန်ဆိုရင် သိပ်ပြီး ချစ်ဖို့ကောင်းတာပဲ။ ပြတင်းပေါက်က ဖြာကျနေတဲ့နေရောင်က သူ့အနက်ရောင်ဆံပင်တွေနဲ့အပြာရောင်မျက်လုံးတွေကို တောက်ပနေစေပြီး ကမ္ဘာပေါ်မှာတန်ဖိုးအရှိဆုံး ကျောက်မျက်ရတနာတွေလိုမျိုးထင်ရတယ်။

“စိန့်ဘလက်တိုင်းအကြောင်းရေးထားတဲ့ ချစ်သူများနေ့တွေမှာ ဖတ်ရသလောက် တချို့က သူ့ကိုရောမဧကရာဇ် ဩဂတ်စတပ် လက်ထက်မှာရှိခဲ့တာဆိုပြီး မှားယွင်းဖော်ပြကြတယ်။ ဩဂတ်စတပ် သေတော့တော့ အေဒီ ၁၄ရာစုပဲရှိသေးတာမလို့ ဒီဘာသာရေးက သိပ်မပြန့်သေးဘူး။

စိန့်ဘလက်တိုင်းရှိခဲ့တာက အေဒီသုံးရာစု ဧကရာဇ် ဒုတိယမြောက် ကလာဒီးယပ်ခေတ်မှာပါ။ ခရစ်ယာန်ဘာသာကို တားမြစ်ထားဆဲ ကာလပေါ့။ ဒုတိယမြောက်ကလားဒီးယပ်ကို ဂေါင့်မျိုးနွယ်တွေကိုအောင်နိုင်လို့ ဂေါလ်တီးကပ် ကလာဒီးယပ်လို့လည်း ခေါ်ကြတဲ့သူပေါ့။ အဲဒီခေတ်မှာ ရောမအင်ပါယာက ကျဆင်းနေပြီ။ လူရိုင်းတွေခဏခဏဝင်တိုက်တာခံရသလို ဗိုလ်ချုပ်တွေနဲ့ဧကရာဇ်တွေကြား အာဏာလုပွဲတွေလည်းရှိတယ်။ ကိုယ်တိုင်လည်း ယခင်ဧကရာဇ်ကို လုပ်ကြံနန်းတက်လာသူဖြစ်တယ်။

ရောမအင်ပါယာကြီးအားနည်းလာတာဟာ အမျိုးသားတွေ စစ်ရေးကိုစိတ်မဝင်စားတော့တာကြောင့်လို့ယူဆပြီးတော့ လက်ထပ်ခြင်းကို တားမြစ်တဲ့အမိန့်ထုတ်ပြန်ခဲ့တယ်။ စစ်သားတွေကို စုဆောင်းစေတယ်။ စိန့်ဘလက်တိုင်းကတော့ သူ့တားမြစ်မိန့်ကိုလစ်လျူရှုပြီး ခရစ်ယာန်ဘာသာ ကိုးကွယ်သူတွေအတွက် လက်ထပ်ပွဲတွေကျင်းပပေးတယ်။ တချို့က လူပျိုမဟုတ်တော့တာအကြောင်းပြပြီးတော့ ရောမတပ်ထဲမဝင်တော့ဘူး။ ရောမဥပဒေအရ စစ်သည်တော်တစ်ယောက်ဟာ တာဝန်ထမ်းဆောင်နေစဥ် လူပျိုလူလွတ်ဖြစ်ရမယ်လို့ ပြဌာန်းထားတာကိုး။

ပထမအကြိမ်ဖမ်းဆီးခံရတော့ စိန့်ဘလက်တိုင်းက တရားသူကြီးရဲ့မျက်လုံးကွယ်နေတဲ့သမီးလေးကို ကုသပေးပြီး တရားသူကြီးရဲ့တစ်မိသားစုလုံးကို ခရစ်ယာန်ဘာသာဝင် ဖြစ်လာအောင်ကြိုးစားနိုင်ခဲ့လို့ လွတ်မြောက်ခဲ့တယ်။

ဒါပေမဲ့ဒုတိယအကြိမ်ကျတော့ ကွပ်မျက်ခံရမယ့်ခရစ်ယာန် ဘာသာဝင်တွေကိုကူညီလို့ အဖမ်းခံရပြီး ကလားဒီးရပ်ရှေ့မှောက်ထိ အခေါ်ခံရပြီးတရားစီရင်ခံရတာ။ စိန့်ကလက်တိုင်းက ပညာရှင်သူတစ်ယောက်မလို့ ဧကရာဇ်က နှစ်သက်ပြီး မကွပ်မျက်ဘဲထားဖို့ကြိုးစားခဲ့ပေမဲ့ သူက ရဲရဲဝင့်ဝင့်နဲ့ ဧကရာဇ်ကိုပါ ခရစ်ယာန်ဘာသာထဲဝင်ဖို့ စည်းရုံးခဲ့တာ။”

ဒါလင်က သူပြောနေတာကို ခဏရပ်လိုက်တယ်။ ဆယ်ဗီလို ပိန်းဥလည်း ဒါလင့်နားမှာနေတာကြာပြီဖြစ်လို့ ဗဟုသုတနည်းနည်း တိုးပွားလာပြီဖြစ်တာမလို့ ပြန်မေးလိုက်တယ်။

“သေလမ်းရှာသလို ဖြစ်မနေဘူးလား။”

“အင်းလေ၊ အဲဒီကိစ္စပြီးတော့ ဧကရာဇ်က ဒေါသူပုန်ထတာပေါ့။ ခရစ်ယာန်ဘာသာကိုစွန့်မလား တင်းပုတ်တွေနဲ့ဝိုင်းရိုက်ပြီးမှ ခေါင်းဖြတ်ခံမလားမေးတယ်။ သူကတော့ ဒုတိယတစ်ခုကို ရွေးလိုက်တယ်။”

သာမန်လူသားတွေကြားက ရဲဝင့်ပြီးမိုက်မဲတဲ့လူတစ်ယောက်ရဲ့ ပုံပြင်ပါပဲ။ ကျွန်မကတော့ စိတ်မဝင်စားပါဘူး။ ဒါပေမဲ့ ဒါပြင်ပြောပြတာမလို့ နားထောင်ဖြစ်ခဲ့တာပါ။

“ဒါလင်၊ ကျွန်မတို့တွေ ဒီနေ့အပြင်ထွက်ကြမလား။ ကျွန်မ လည်စရာနေရာတစ်ခု တွေ့ထားတယ်။”

ဒါလင်ရဲ့ဇာတ်လမ်းပြီးသွားပြီဖြစ်တာမလို့ ကျွန်မဟန်နာဆီက ရလာတဲ့ ပြိုင်ပွဲပို့စတာကို ဒါလင့်ကိုပြလိုက်တယ်။ သိပ်ပြီး ထူးထူးခြားခြားမဟုတ်ပေမဲ့ စုံတွဲတွေအနေနဲ့ ချောကလက်တွေအများကြီးရှိနေတဲ့နေရာကိုသွားကြည့်တာ အကြံကောင်းပဲမဟုတ်လား။

“မင်းလည်ချင်ရင် လိုက်ပို့ပေးမယ်လေ။”

“အင်း....”

ဒီလိုနဲ့ ကျွန်မတို့တွေ ပြိုင်ပွဲကိုသွားကြည့်ဖို့ပြင်ကြပါတယ်။ ကျွန်မနဲ့ သိပ်တူတဲ့ ချောကလက်ရုပ်ထုကြီးကိုကြည့်မိတော့ ဟန်နာ့အတွက်တစ်ခဏလောက် စိုးရိမ်မိသွားတယ်။ ကျွန်မနဲ့ ဘာမှမဆိုင်ဘူးဆိုပေမဲ့ ကွက်ကီးလုပ်နည်းသင်ပေးခဲ့တာမလို့ သူ့ကိုနိုင်စေချင်တာတော့အမှန်ပဲ။

“ငါဘယ်တုန်းက လူသားတွေအတွက် ကရုဏာထားတတ် သွားတာပါလိမ့်။” အသက်ရှုသံအောက်ကနေ ကျွန်မရေရွတ်မိတယ်။

“နက်ဆန်၊ မိုနီကာ... နင်တို့ဒီချောကလက်တွေ မစားတော့ဘူးလား။ အရည်ပျော်ကုန်ရင် နှမျောစရာကြီးနော်။”

ဆယ်ဗီကတော့ ဒါလင့်ရုပ်ထုက နှာခေါင်းကိုလက်နဲ့ဖြုတ်ပြီး စားသောက်နေပြီး ကျွန်မတို့နဲ့တန်းလိုက်ဖို့ သဘောမတူချင်တဲ့ ပုံပါပဲ။

“အဲဲဒီလောက် ချောကလက်တွေအများကြီးကို ငါတို့ဘယ်လိုလုပ် စားနိုင်မှာလဲဟဲ့။ နင့်ဘာသာနင်အကုန်စားချင်ရင် နေခဲ့။”

ကျွန်မက အဲဒီလိုအပြတ်ပြောပြီး ဒါလင့်လက်မောင်းကို အတင်းဆွဲရှေ့ကလျှောက်၊ ဆယ်ဗီလည်းနောက်ကနေပြီး မလိုက်ချင်လိုက်ချင်နဲ့ လိုက်လာပါလေရော။

အင်းလေ၊ သူက ကျွန်မတို့ကိုနှစ်ယောက်တည်း အတူရှိနေမှာစိုးရိမ်နေတာ။

ဌာနခွဲက ကျွန်မတို့အတွက်ပြင်ဆင်ပေးထားတဲ့ မားစီးဒီးကားနဲ့ နာရီဝက်လောက်စီးပြီးနောက်မှာတော့ ပြိုင်ပွဲကျင်းပရာကို ရောက်လာခဲ့ပါတယ်။

ပွဲကျင်းပတဲ့နေရာက ဘာလင်အာနီနာလို့ခေါ်ပြီးတော့ လူပေါင်း ၇၅၀၀ လောက်ကို လက်ခံထားနိုင်တဲ့ ခန်းမကျယ်ကြီးတစ်ခုပါ။ ၁၉၂၀ လောက်က ဆောက်ခဲ့တာမလို့ အုတ်ခဲနီနီတွေနဲ့ လေးထောင့် စလင်ဒါပုံအမိုးရှိတယ်။ ကားတွေအများကြီးရပ်ထားပြီး ကျွန်မတို့တွေ ကားပါကင်ရှာမရဘဲ နှင်းတောထဲဆင်းလျှောက် ရတဲ့အတွက်ကြောင့် ဒီပွဲက ဘယ်လောက်နာမည်ကြီးလဲဆိုတာ သိနိုင်ပါတယ်။

“အင်းလေ၊ ဘာလင်တစ်မြို့လုံးက ချောကလက်ဆိုင်တွေ လာကြတာကိုး။”

ကျွန်မလည်း ခန်းမထဲဝင်လိုက်ရင်း ပြောလိုက်မိပါတယ်။ လူတွေများလွန်းလို့ အပြင်ကအေးနေတာတောင် အတွင်းမှာ မရှိတော့သလို နွေးထွေးသွားတယ်။ ဆယ်ဗီကတော့ ရောက်တာနဲ့ အရူးမကြီးတစ်ယောက်လိုမျိုး ခုန်ပေါက်နေတော့တာပဲ။

“ဝူးဟူး... မိုက်တယ်ဟေ့။ မိုနီကာ၊ နင်ဒီနေရာအကြောင်းကို ဘယ်ကနေသိလာတာလဲ။”

သူက အနီးဆုံးမှာရှိနေတဲ့ ဆိုင်တစ်ခုရဲ့ပြခန်းဆီသွားပြီးတော့ ပြထားတဲ့ ချောကလက်ထုတ်ကုန်တွေကို တောက်ပနေတဲ့ မျက်လုံးတွေနဲ့ ​လိုက်ကြည့်တော့တာ။

“ဦးလေးကြီး၊ ကျွန်မကို အဲဒီချောကလက်ရေခဲခုန့်ပေး။ ရောင်စုံသကြားခဲများများဖြူးနော်။”

ကျွန်မလည်း မနေနိုင်ဘဲ သက်ပြင်းချလိုက်မိတော့တာပေါ့။ “ဒီကောင်မလေးဗိုက်က လူသာမန်ဗိုက်ရောဟုတ်ရဲ့လား တွေးမိတဲ့အထိပဲ။ ဒါလင်၊ သူခုနကမှ ဝက်အူချောင်းတွေ ဒါဇင်နဲ့ချီပြီး စားထားတာမဟုတ်ဘူးလား။ ကျွန်မတို့တွေ သူဗိုက်ပေါက်မထွက်ခင် တားသင့်တယ်လို့မထင်ဘူးလား။”

ဒါလင်ကတော့ ဆယ်ဗီကိုကြည့်နေရင်းကနေ ဝမ်းနည်းနေသလို ပါပဲ။ သူက ကျွန်မကိုအခုလိုပြောပြတယ်။

“ဆယ်ဗီရဲ့လက်ရှိစားချင်စိတ်က ပုံမှန်မဟုတ်ဘူးလို့ ကိုယ်ထင်တယ်။ သူ့အတွင်းထဲကနတ်ဘုရားက နိုးထလာလို့ သူ့ခန္ဓာကိုယ်က ပိုသန်မာလာပြီး အာဟာရဓာတ်အများကြီး စုပ်ယူဖို့လိုနေတာဖြစ်နိုင်တယ်။ တစ်ခါသေသွားတိုင်းမှာ သူ့ရဲ့စားချင်စိတ်က ပိုများလာတယ်။”

ဒါလင်ရဲ့ခံစားချက်တွေကို ကျွန်မသိတာပေါ့။ ဒါလင်က အကောင်းဆုံးကြိုးစားနေပေမဲ့ ကျွန်မတို့ကိုကာကွယ်ပေးနိုင်မယ့် နည်းလမ်းကိုရှာမတွေ့သေးဘူး။

“ကျွန်မယုံကြည်တယ်... မကြာခင်မှာ ဒါလင်က ကျွန်မကိုရော ဆယ်ဗီကိုပါ ကယ်နိုင်လိမ့်မယ်။ အဲဒီအချိန်ကို ကျွန်မစောင့်နေမယ်။”

ဒါလင်က ကျွန်မကိုပြန်မဖြေဘဲ ခေါင်းကိုသာငိုက်စိုက် ချထားခဲ့တယ်။ ဒါလင်အစိုးရိမ်လွန်နေပြန်ပြီ။ တကယ်တော့ သူစကားနည်းရတဲ့အကြောင်းအရင်းက ကျွန်မတို့အတွက် တွေးပူရလွန်းလို့ တခြားဘာကိုမှမစဥ်းစားတတ်တော့တဲ့ အတွက်ကြောင့်ပါ။ ဒါကြောင့်လည်း ကျွန်မသူ့ကိုချစ်တာ။

“ဒါလင်... ကျွန်မတို့တွေ နေရာအနှံလိုက်ပတ်ကြည့်ရအောင်...” ကျွန်မဒါလင့်လက်ကို ဆွဲလိုက်တယ်။ ဟန်နာ ပြိုင်ပွဲအတွက် ဘာတွေပြင်ဆင်ထားလဲမသိဘူး။ အခုပြိုင်ပွဲက ကျွန်မတို့လို ပွဲလာတဲ့သူတွေအားလုံးရဲ့မဲပေးရွေးချယ်မှုနဲ့ အကောင်းဆုံး လူတစ်ယောက်ကိုရွေးမှာမလို့ သူဖန်တီးထားတဲ့အရာက ကောင်းမွန်ဖို့လိုတယ်လေ။

All Chapters