← Chapters

လေလံပွဲနေရာ

Vol. 11 Ch. 126

လေလံပွဲနေရာ

Vol. 11 Ch. 126

သူက ချမ်းသာတဲ့မိသားစုတွင် ကြီးပြင်းလာခဲ့ရသော်လည်း ခုနကသူတို့ပြောခဲ့သော စိတ်ဝိညာဥ်ကျောက်တုံးပမာဏသည် သူ့ကိုအချိန်အတော်ကြာ တုန်လှုပ်စေရန် လုံလောက်နေသေးသည်။ တုန်းမီနှင့် ရှန့်ကွမ်းနှစ်ဦးစလုံးသည် သူတို့ဆရာရဲ့ လမ်းညွှန်ချက်အောက်တွင် အရင်ကမဖြစ်နိုင်ဘူးလို့ ထင်ရသောအရာများကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြသည်။ ငရဲပြည်မှပြန်လာခြင်းဖြစ်စေ၊ ရှန့်ကွမ်းမိသားစုကို ဖြိုလှဲခြင်းဖြစ်စေ၊ ထိုအရာတွေက သူတို့ အရင်က တွေးရဲခြင်းတောင်မရှိခဲ့သော အရာများဖြစ်သည်။ ဒီတစ်ခါလည်း သူတို့ဆရာမှာ အစီအစဉ် ရှိလိမ့်မည်။

ကျန်းယီမင်က သူ့စနစ်သိုလှောင်အိတ်ကို ဖွင့်လိုက်သည်။ ပင်မခန်းမ၊ သင်ကြားရေးစင်မြင့်၊ ဆေးခန်းမနှင့် တခြားအဆောက်အအုံများလည်း တည်ဆောက်ခြင်းသည် အဆင့်မြင့်နှင့် အလယ်အလတ်အဆင့် စိတ်ဝိညာဥ်ကျောက်တုံး သိန်းဂဏန်းအနည်းငယ်ကိုသာ ကုန်ကျခဲ့သည်။ သူ့ စိတ်ဝိညာဥ်ပုံဆောင်ခဲများကို သူဘယ်တုန်းကမှ မသုံးခဲ့ဖူးသလောက်ပင်ဖြစ်သည်။ စနစ်တွင်ဖော်ပြထားတဲ့ သူ့စိတ်ဝိညာဥ်ပုံဆောင်ခဲအရေအတွက်ကို ကြည့်ပြီး သူအနည်းငယ်ဇဝေဇဝါ ဖြစ်သွားသည်။ ဖုန်းဟော်လေလံပွဲအကြောင်းကို သိပြီးနောက် သူပိုက်ဆံသုံးဖို့ နေရာရှာတွေ့သွားခဲ့သည်။

ဖုန်းဟော်လေလံပွဲသည် အဆင့်မြင့်အင်အားစုများသာ ပါဝင်နိုင်တဲ့ပွဲတစ်ခုဖြစ်သည်။ သူတို့ထက် အဆင့်ပိုမြင့်သော အဆင့် ၃ အင်အားစုများပင် ပါဝင်နိုင်ရန် လုံလောက်တဲ့အင်အားရှိရမည်။ အဆင့် ၄ သို့မဟုတ် အဆင့် ၅ အင်အားစုများအတွက်မူ ပွဲအကြောင်း သိခွင့်ပင်မရှိကြပေ။ ကမ္ဘာကူးပြောင်းပြီးနောက် သူအမွေရရှိခဲ့တဲ့ ဒီခန္ဓာကိုယ်ရဲ့မှတ်ဉာဏ်များထဲတွင်လည်း ထိုကဲ့သို့သောအချက်အလက်များ မရှိပေ။

ဂူလင်းဖေး၊ ရှန့်ကွမ်းချင်းယန်နှင့် တုန်းမီတို့ ပင်မခန်းမမှ ထူးဆန်းတဲ့မျက်နှာထားများဖြင့် ထွက်လာတာကို မြင်လိုက်သောအခါ ဟွမ်းချောင်ယုနှင့် တခြားသူများလည်း အနည်းငယ် စူးစမ်းချင်စိတ် ဖြစ်လာကြသည်။

"စီနီယာအစ်ကိုကြီး... ဆရာက အကိုတို့ကို ဘာပြောလိုက်တာလဲ... ဘာလို့အကိုတို့ပုံစံတွေက နည်းနည်း ထူးဆန်းနေကြတာလဲ..."

ဂူလင်းဖေးနှင့် တခြားသူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ မပြောချင်လို့ မဟုတ်ဘဲ ဘယ်လိုပြောရမလဲဆိုတာ မသိလို့သာ ဖြစ်သည်။

"ဒါက... ဘယ်လိုပြောရမလဲ... ဆရာပြောပြမယ့်အချိန်ကိုပဲ စောင့်လိုက်ပါ။ ငါလည်း... ငါလည်း ဘယ်လို စကားလုံးကို သုံးရမလဲမသိဘူး..." ဂူလင်းဖေး ခေါင်းကုတ်ရင်း ဝေးဝေးဝါးဝါးပြောလိုက်သည်။

"ကောင်းပါပြီ... နားလည်ပါပြီ... ဘယ်သူက နားမလည်ဘဲနေမှာလဲ? ငါတို့ဆရာက အမြဲတမ်းဒီလိုပဲ မဟုတ်ဘူးလား..."

ဟွမ်းချောင်ယုက ပြုံးလိုက်သည်။ သူမသည် သူမ ဆရာပုံစံကို ကျင့်သားရနေသည်။

"ဒီအကြောင်းကို ဆက်မပြောကြစို့။ ဂျူနီယာညီလေးတုန်းမီ၊ မင်းက လေလံပွဲအကြောင်းသိတယ်ဆိုတော့ ငါနဲ့ လိုက်ခဲ့ပါလား..." ဂူလင်းဖေး ပြောလိုက်သည်။

"ကောင်းပြီလေ...အကို" တုန်းမီက ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူက သူ့စီနီယာအစ်ကိုကြီးနောက်သို့ လိုက်ကာ ဂိုဏ်းတံခါးမှထွက်သွားလိုက်ကြသည်။ ခေတ္တမျှလောက် သွားပြီးတဲ့နောက် သူတို့ကအနည်းခေါင်းရှုပ်နေသလို ခံစားလိုက်ရသည်။

"ဟူး... ကောင်းပြီ၊ ငါ့အကြံပေးချက်ကို နားထောင်မလား... ဒီမှာပဲ ခေါင်းရှုပ်ခံနေမယ့်အစား သေရည်ဆိုင်သွားပြီး အရင်ထိုင်ကြရအောင်... အဲ့ဒီမှာငါတို့ အတွေးတွေကို ရှင်းလင်းလို့ရတယ်..."

"ဟုတ်... အဆင်ပြေတယ်..." တုန်းမီက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ဂူလင်းဖေးနှင့်အတူ သေရည်ဆိုင်ထဲသို့ သွားလိုက်သည်။

"ဟေး... ဒါလင်းယွင်ဂိုဏ်းက တပည့်တွေ မဟုတ်ဘူးလား..."

စိတ်ထဲတွင် အတွေးတွေရှုပ်နေသဖြင့် ဂူလင်းဖေး သည် သေရည်ဆိုင်ပိုင်ရှင်ရဲ့ဧည့်ဝတ်ပြုမှုကို သိပ်အာရုံမစိုက်နိုင်ပေ။ ဝိုင်အရင်ချပေးရန်သာ လက်ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက် သူ့အိတ်ကပ်ကို စမ်းလိုက်သည်။ ခဏကြာတော့ ဂူလင်းဖေးက မျက်နှာပျက်သွားသည်။

"ကျွတ်...၊ ဂျူနီယာညီလေး၊ ငါ ဒီရက်ပိုင်းငွေပြတ်နေတာ၊ မင်း..."

ဂူလင်းဖေးစကားကို ကြားသောအခါ သေရည်ဆိုင်ပိုင်ရှင်သည် လက်ကိုအလျင်အမြန် ဝှေ့ယမ်းပြလိုက်သည်။

"အို... မလိုပါဘူး...၊ မလိုပါဘူး... ခင်ဗျားတို့ဂိုဏ်းချုပ်က ကျွန်တော်တို့ကို ကိစ္စတွေအများကြီး ဖြေရှင်းပေးခဲ့တာ၊ ဒါပေမဲ့ ကာကွယ်ခတောင် မတောင်းခဲ့ဘူး... ဝိုင်နည်းနည်းလောက် အလကားသောက်တာ ဘာဖြစ်လဲ... ဒါကသဘာဝကျပါတယ်... သဘာဝကျပါတယ်..."

ထိုစကားကို ကြားလိုက်သောအခါ ဂူလင်းဖေးမျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ ပေါ်လာသည်။

"ခင်ဗျား ဘာစကားပြောတာလဲ... ငါကအမြဲတမ်း ကိုယ့်သိက္ခာကို တန်ဖိုးထားတဲ့လူတစ်ယောက်ပဲကွ... ပိုက်ဆံမပေးဘဲ သောက်တာမျိုးငါမလုပ်နိုင်ဘူး..."

"စီနီယာအစ်ကိုကြီး... စီနီယာအစ်ကိုကြီး... စိတ်မဆိုးပါနဲ့... စိတ်မဆိုးပါနဲ့... ဆိုင်ရှင်က သဘောရိုးနဲ့ ပြောလိုက်တာပါ..."

တုန်းမီက အိတ်ကပ်ထဲမှစိတ်ဝိညာဥ်ကျောက်တုံးကို အလျင်အမြန်ထုတ်ယူပြီး စားပွဲပေါ်ကိုတင်လိုက်သည်။ သူသည် ကျန်းယီမင်ကဲ့သို့ စိတ်ဝိညာဥ်ကျောက်တုံးသောင်းချီကို မဆင်မခြင်သုံးစွဲနိုင်သူ မဟုတ်သော်လည်း အစကတည်းက ချမ်းသာတဲ့မိသားစုမှ ဆင်းသက်လာသူဖြစ်သည်။ ထို့အပြင် သူ့နောက်ကွယ်ရှိ လျှို့ဝှက်ဆန်းကြယ်တဲ့တုန်းမိသားစုလည်း ပေါ်လာပြီဖြစ်သည်။ ထို့ကြောင့် သူ့မှာရှိတဲ့ ပိုက်ဆံတွေ အကုန်သုံးပစ်ဖို့ဆိုတာ မလွယ်ကူပေ။

"စီနီယာအစ်ကိုကြီး၊ စိတ်မဆိုးပါနဲ့...."

"ငါ စိတ်မဆိုးပါဘူး။ ဆိုင်ရှင်က ငါ့ကို ဟိုလိုအမှိုက်သရိုက် လူချမ်းသာသားတစ်ယောက်လို့ ထင်နေမှာစိုးလို့ပါ..."

ဂူလင်းဖေးက ခွက်ကိုမြှောက်ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်ကာ နောက်ထပ်ဝိုင်တစ်ခွက် ထပ်ထည့်လိုက်သည်။

"ဒီလိုကိစ္စမျိုးပျံ့နှံ့သွားရင် ငါတို့ဂိုဏ်းရဲ့ဂုဏ်သိက္ခာကို မထိခိုက်စေဘူးလား..."

"စီနီယာအစ်ကိုကြီး ပြောတာမှန်ပါတယ်။ ကဲ... အလုပ်ကိစ္စ ပြောကြရအောင်..." တုန်းမီ ခေါင်းညိတ်လိုက်သည်။ သူတို့ ဒီတစ်ခေါက်ထွက်လာရတဲ့ အကြောင်းရင်းကို သူမမေ့သေးပေ။

"ကျွန်တော် ပြောနိုင်တာကတော့ ဖုန်းဟော်လေလံပွဲက တကယ်ရှိတယ်။ သိပ်ပြီး လျှို့ဝှက်ဆန်းကြယ်တာမျိုးတော့ မဟုတ်ပေမယ့် ကျင်းပတဲ့နေရာကတော့ အကြိမ်တိုင်းမှာမတူညီကြဘူး..."

"သေစမ်း... ပြောချင်တာက လေလံပွဲကျင်းပတဲ့နေရာက အချိန်တိုင်းပြောင်းလဲနေတာလား..."

"ဟုတ်တယ်။ နောက်ဆုံးအကြိမ်ကျင်းပတုန်းက လိပ်နက်နယ်မြေမှာ ကျင်းပခဲ့တာ ကျွန်တော်မှတ်မိတယ်။ ဒီတစ်ခေါက်တော့..." တုန်းမီ သေချာစဉ်းစားပြီးမှ ပြောလိုက်သည်။

" တစ်ယောက်ယောက်ပြောဖူးထားတာ ကျွန်တော် မှတ်မိတာမမှားဘူးဆိုရင် ဖုန်းဟော်လေလံပွဲကျင်းပမယ့် နေရာအစီအစဉ်အရ ဒီတစ်ခေါက်က ကန်းလန်နယ်မြေမှာ ဖြစ်ရမယ်..."

နေရာနာမည်ကို ကြားလိုက်ရတဲ့အခါ ဂူလင်းဖေးက ချက်ချင်းစိတ်ဝင်စားသွားသည်။

"ခဏနေပါဦး... ဘယ်မှာလဲ..."

"ကန်းလန်နယ်မြေလေ...။ စီနီယာအစ်ကိုကြီး ကြားတာမမှားပါဘူး။ ကျွန်တော်တို့ ဟိုတလောလေးတင်ပြန်လာခဲ့တဲ့နေရာပဲ..."

သူတို့ ကန်းလန်နယ်မြေနဲ့ အလွန်ရင်းနှီးကျွမ်းဝင်နေသည်။ တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာနယ်မြေက အဆင့် ၄ အင်အားစုတစ်ခုက ကန်းလန်နယ်မြေကို တည့်တည့်ဝင်သွားပြီး အဆင့် ၃ အင်အားစုတစ်ခုကို သေလုမျောပါးဖြစ်အောင် ရိုက်နှက်ခဲ့ကြသည်။ ထိုအရာက သူတို့အခုလေးတင် လုပ်ဆောင်ခဲ့တဲ့ ကြီးကျယ်ခမ်းနားတဲ့စွမ်းဆောင်ရည်တစ်ခုဖြစ်သည်။

"အကြမ်းဖျင်းပြောရရင် ဖုန်းဟော်လေလံပွဲကို လျှို့ဝှက်ကျင်းပလေ့ မရှိဘူး။ အရည်အချင်းပြည့်မီတယ်လို့ သတ်မှတ်ခံရတဲ့ အဆင့်မြင့်အင်အားစုတွေ အားလုံးက ဖိတ်စာကြိုတင်ရကြတယ်..."

ဂူလင်းဖေးက တုန်းမီရှင်းပြတာကို နားထောင်ရင်း မိသားစုကြီးတွေရဲ့သားသမီးတွေက တကယ် ဗဟုသုတကြွယ်ဝတာပဲလို့ တွေးမိလိုက်သည်။

"ဖိတ်ကြားခံရတဲ့သူတွေပဲ သွားလို့ရတာလား..."

"အဲ့လိုတော့မဟုတ်ဘူး ထင်တယ်" တုန်းမီ ခေါင်းခါလိုက်သည်။

"အသေးစိတ်ကို ကျွန်တော်မသေချာပေမယ့် အင်အားစုတွေနဲ့ ဂိုဏ်းတွေအားလုံး ပါဝင်လို့ရနိုင်မယ်လို့ ထင်တယ်။ ဘာပဲဖြစ်ဖြစ်ပါတဲ့သူ အများစုက ပွဲကြည့်ဖို့သွားကြတာပဲလေ" သူက ပခုံးတွန့်ပြပြီး အဝေးကိုကြည့်လိုက်သည်။

"ဂျူနီယာညီလေး... ငါတို့ ဒီမှာအဓိပ္ပာယ်မရှိတာတွေ ပြောမနေသင့်တော့ဘူး ထင်တယ်... အခုပဲကန်းလန်နယ်မြေကို အမြန်သွားကြရအောင်..."

"ကျွန်တော်တို့ နှစ်ယောက်တည်းလား..." တုန်းမီ မျက်ခုံးပင့်လိုက်သည်။

အရင်က ရှန့်ကွမ်းမိသားစုသည် ထိခိုက်သေဆုံးမှု များပြားခဲ့တယ်လို့ ပြောနိုင်သည်။ သူတို့အထောက်အထားဖြင့် အခုကန်းလန်နယ်မြေထဲသို့ ဝင်ရောက်ပါက မလိုအပ်တဲ့ပြဿနာများကို ဆွဲဆောင်မိမှာကို တုန်းမီစိုးရိမ်နေသည်။

"ဂျူနီယာညီလေး... မင်းကြောက်နေတာတော့ မဟုတ်ပါဘူးနော်... ငါတို့ရိုက်နှက်ဆုံးမထားတဲ့ ရှန့်ကွမ်းမိသားစုရဲ့ အခြေအနေကို မင်းမသိတာမှ မဟုတ်တာ... သူတို့က အရင်လိုပြန်လုပ်ရဲမယ်လို့ မင်းစိုးရိမ်နေတာတော့ မဟုတ်ပါဘူးနော်..." ဂူလင်းဖေး စနောက်လိုက်သည်။

"အခုပဲ သွားကြစို့... ဘာပဲဖြစ်ဖြစ် ဒါကဆရာပေးထားတဲ့ တာဝန်ပဲ..."

သူတို့နှစ်ယောက် သဘောတူညီချက်ရပြီး ကန်းလန်နယ်မြေသို့ ထွက်သွားကြသည်။

.....

ထိုအချိန်တွင် လင်းယွင်ဂိုဏ်းထဲမှာ ကျန်းယီမင်သည် ကျင့်ကြံနေသော်လည်း စိတ်မငြိမ်မသက် ဖြစ်နေသည်။ သူ့အိတ်ကပ်ထဲက ပိုက်ဆံတွေကို သုံးနိုင်မယ့်နေ့ ရောက်လာခဲ့ပြီဖြစ်သည်။

'ဒါ့အပြင် သူက အေးအေးဆေးဆေးသုံးမှာပဲ... ဂုဏ်ယူဝင့်ကြွားစွာ ပိုက်ဆံသုံးနိုင်တယ်လို့ ပြောလို့ရတယ်ကွ... သူဝယ်နိုင် မဝယ်နိုင်တဲ့ပစ္စည်းတွေကို ထားလိုက်ဦး... ပိုက်ဆံသုံးလိုက်တာနဲ့ သူ့ဂိုဏ်းရဲ့ဂုဏ်သတင်း မြင့်တက်လာမယ်ဆိုတဲ့ အချက်တစ်ခုတည်းနဲ့တင် သူမျက်တောင်မခတ်ဘဲ ပိုက်ဆံသုံးပစ်လိုက်မယ်...'

စိမ်းမြကြာပန်းဖန်ဆင်းခြင်းကျင့်စဉ်သည် ကျင့်ကြံသူရဲ့ စိတ်အာရုံစိုက်မှုမရှိတာကို ခံစားမိသလို ခန္ဓာကိုယ်အတွင်းက စိတ်ဝိညာဉ်စွမ်းအားလည်ပတ် နေတာက အနည်းငယ်အားနည်းနေသည်။

All Chapters