ဖူကျင်းကုန်သည်ကြီးများအသင်း...
Vol. 11 Ch. 129
“ဒါပေမဲ့ ငါဘယ်လိုကြည့်ကြည့် ဒီနေရာကတော်ဝင်မီးတောက်ဖီးနစ်အင်ပါယာနယ်မြေက ဂိုဏ်းကြီးတွေ၊ မိသားစုကြီးတွေနဲ့ယှဉ်ရင် ပိုခမ်းနားထည်ဝါနေသလိုပဲ...”
တုန်းမီကတော့ ဘာမှသိပ်မခံစားရပေ။ ဘာပဲဖြစ်ဖြစ် သူက ချမ်းသာတဲ့မိသားစုကနေ ဆင်းသက်လာတာဖြစ်သည်။ ဒီလိုမျိုးအရာတွေကို သူအတော်များများ မြင်ဖူးခဲ့သည်။ ဒါပေမဲ့ ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ ကုန်သည်ကြီးများအသင်းကို သူပထမဆုံးအကြိမ် မြင်ဖူးတာတော့ အမှန်ပင်ဖြစ်သည်။
“စီနီယာအစ်ကိုကြီး၊ ဝင်ပြီးမေးကြည့်ရအောင်”
“ကောင်းပြီ...”
ဂူလင်းဖေးက ကုန်သည်ကြီးများအသင်းခြံဝင်းထဲသို့ ဝင်လာသောအခါ တံခါးစောင့်အကြည့်က အနည်းငယ်ထူးဆန်းနေကြောင်း သူခံစားမိလိုက်သည်။ ကုန်သည်ကြီးများအသင်းထဲသို့ ဝင်ရောက်ပြီးနောက် အလုပ်ရှုပ်နေတဲ့လူအုပ်ကြီးက သူတို့နှစ်ယောက်ကို မူးနှောက်သွားစေခဲ့သည်။
“တွေ့ပြီ...”
ရှေ့ကအဆောက်အအုံပေါ်မှာ ‘ဖုန်းဟော် လေလံပွဲ’ ဆိုတဲ့စာလုံးတွေကို သူတို့နှစ်ယောက် တွေ့လိုက်ရသည်။
“စီနီယာအစ်ကိုကြီး... တွေ့ပြီ... သွားမေးကြည့်ရအောင်”
သူတို့နှစ်ယောက်က စကားပြောရင်း ခန်းမဆောင်ဆီသို့ အမြန်လျှောက်သွားလိုက်သည်။ သူတို့သည် ကုန်သည်ကြီးများအသင်းရင်ပြင်ကို ဖြတ်သန်းပြီး ခန်းမဆောင်များထဲမှတစ်ခုထဲသို့ ဝင်သွားရာ အပေါ်တွင် ချိတ်ဆွဲထားသောစာလုံးကြီးများကို တွေ့လိုက်ရသည်။ “ဖုန်းဟော် လေလံပွဲ”ဟူသော စာလုံးကြီးနှစ်လုံးကို သေသပ်လှပစွာရေးသားထားသည်။
“ရှင်တို့နှစ်ယောက်က ဘယ်ဂိုဏ်း၊ ဘယ်မိသားစုက တပည့်တွေလဲ မသိဘူး...”
ပင်မခန်းမထဲသို့ ဝင်လိုက်သည်နှင့် ပြုံးရွှင်တဲ့မျက်နှာထားဖြင့် အမျိုးသမီးတစ်ဦးက သူတို့ကို နှုတ်ဆက်လိုက်သည်။ သူမရှေ့မှ လူနှစ်ဦးအနက် တစ်ဦးမှာ ကျေးတောသားအဝတ်အစားများကို ဝတ်ဆင်ထားပြီး အခြားတစ်ဦးမှာ ရွှေငွေရတနာများ ဝတ်ဆင်ထားကာ ချမ်းသာတဲ့မိသားစုမှ သားတစ်ယောက်နှင့် တူသည်။ သို့သော် သူတို့တွင် ထူးခြားသော အရှိန်အဝါရှိနေတယ်လို့ သတ်မှတ်နိုင်သည်။ ဒါကြောင့် သူတို့ကမိသားစုကြီးတစ်ခုခုက လာတဲ့ သပ်သပ်ရပ်ရပ်မနေတတ်တဲ့ တပည့်နောက်ထပ်တစ်တွဲ ဖြစ်လောက်တယ်လို့ ထင်လိုက်သည်။
“လင်းယွင်ဂိုဏ်း...” ဂူလင်းဖေးက ကျယ်လောင်စွာ ပြန်ဖြေလိုက်သည်။
အမျိုးသမီးက ချက်ချင်းကြောင်အမ်းအမ်း ဖြစ်သွားပြီး ဘေးပတ်ဝန်းကျင်မှ လူများလည်း လှည့်ကြည့်လာကြသည်။
“ဘာဖြစ်လို့လဲ...”
လူတိုင်းရဲ့အကြည့်များကို ခံစားလိုက်ရသောအခါ ဂူလင်းဖေးက နားမလည်နိုင်ဖြစ်သွားသည်။
“လင်းယွင်ဂိုဏ်း...”
“မင်း ဒီဂိုဏ်းအကြောင်း ကြားဖူးလား...”
“ငါ အကြိမ်နည်းနည်းလောက် ကြားဖူးသလိုပဲ။ မကြာသေးခင်က ရှန့်ကွမ်းမိသားစုမှာ ပြဿနာဖြစ်ခဲ့တဲ့ဂိုဏ်း မဟုတ်ဘူးလား...”
“ဟုတ်တယ်၊ လင်းယွင်ဂိုဏ်းလို့ ခေါ်တယ်ထင်တယ်...”
ဘေးပတ်ဝန်းကျင်ရှိလူများသည် စတင်ဆွေးနွေးနေကြသည်။
“ဒါပေမဲ့ လင်းယွင်ဂိုဏ်းက ဖုန်းဟော်လေလံပွဲအတွက် အဆင့်မြင့်လက်မှတ်ရချင်နေတာလား...”
“မဖြစ်နိုင်ပါဘူး။ ဂိုဏ်းချုပ်တစ်ယောက်တည်းပဲ ခွန်အားရှိတာဆိုရင် ဖုန်းဟော်လေလံပွဲဝင်ဖို့ မဖြစ်နိုင်ဘူး...”
“ဂိုဏ်းသေးသေးလေးတစ်ခုက ဖုန်းဟော်လေလံပွဲမှာ ဘယ်လိုလုပ်ပါဝင်နိုင်မှာလဲ... တကယ်လို့ ပါဝင်ခွင့်ရရင် ငါတို့ကိုအရှက်ခွဲရာ မရောက်ဘူးလား...”
သူတို့ရောက်ရှိနေတဲ့ ပင်မခန်းမသည် အဆင့်မြင့်ဂိုဏ်းများကိုကြည့်ရှုရန် ဖိတ်ခေါ်သောနေရာဖြစ်ကြောင်း သူတို့နှစ်ယောက် နောက်ဆုံးတွင် နားလည်သွားကြသည်။ သူတို့ကို ကြိုဆိုနေတဲ့ အမျိုးသမီးအတွက်မူ သူမမျက်နှာအမူအရာလည်း သိပ်မကောင်းလှပေ။
“အော်... လင်းယွင်ဂိုဏ်း... ဟားဟားဟား...၊ ရှင်တို့ဂိုဏ်းက ဖုန်းဟော်လေလံပွဲမှာ အရင်ကပါဝင်ဖူးလား မသိဘူး...”
လင်းယွင်ဂိုဏ်းနှင့် ပတ်သက်သောကိစ္စရပ်များသည် မကြာသေးမီက ရေပန်းစားတဲ့ခေါင်းစဉ်တစ်ခု ဖြစ်လာသဖြင့် သူတို့ပင်ကြားဖူးကြသည်။
“မပါဝင်ဖူးပါဘူး၊ ဒါပထမဆုံးအကြိမ်ပါ...။ ဘာလို့လဲ... ကျွန်တော်တို့မပါဝင်နိုင်လို့လား...”
“ဒါက၊ မပါဝင်နိုင်ဘူးလို့တော့ မဟုတ်ပါဘူးရှင့်...။ တကယ်လို့ ရှင်တို့နှစ်ယောက်က ဂိုဏ်းကိုကိုယ်စားပြုပြီး ဖုန်းဟော်လေလံပွဲမှာ ပါဝင်ချင်တယ်ဆိုရင် ဝင်ခွင့်လက်မှတ်ဝယ်ဖို့ပဲ လိုပါတယ်...”
ထိုစကားကို ကြားလိုက်ရတဲ့အခါ သူတို့နှစ်ယောက်က ချက်ချင်းအံ့အားသင့်သွားကြသည်။
“တကယ်လို့ ရှင်တို့ကတစ်သီးပုဂ္ဂလအနေနဲ့ ပါဝင်မယ်ဆိုရင် ဒီအတိုင်းလာလို့ရပါတယ်။ ဒါပေမဲ့ ရှင်တို့နှစ်ယောက်က ဂိုဏ်းကိုယ်စားလှယ်အဖြစ်ပါဝင်ချင်တယ်ဆိုရင်တော့...”
ဂူလင်းဖေးက စိတ်မရှည်ဖြစ်လာသည်။
‘ဒီလူတွေက ဘာလို့ဒီလောက် အချိန်ဆွဲနေကြတာလဲ... ဒါက လေလံပွဲတစ်ခုပဲမဟုတ်ဘူးလား... ငါ့မှာ ပိုက်ဆံရှိရင် အဆင်ပြေတယ်မဟုတ်ဘူးလား...’ ဟု သူ တွေးလိုက်သည်။
“ကျွန်တော်တို့က လင်းယွင်ဂိုဏ်းကိုယ်စားလှယ်အဖြစ် ပါဝင်မှာပေါ့...”
“ဒါဆို ဟိုဘက်သွားပြီး ဝင်ခွင့်လက်မှတ်ဝယ်လိုက်ပါ...”
သူတို့နှစ်ယောက် နောက်ဆုံးတွင် နားလည်သွားကြသည်။ ပင်မခန်းမထဲတွင် မြင်တွေ့ရတဲ့တင့်တယ်စွာ ဝတ်ဆင်ထားသူများအားလုံးသည် အဆင့်မြင့်အဖွဲ့အစည်းများမှလာသူများ၊ သို့မဟုတ် တိုက်ရိုက် ဖိတ်ကြားခံရသူများ ဖြစ်ကြသည်။ လင်းယွင်ဂိုဏ်းသည် အာရုံစိုက်ခံရသော တက်သစ်စကြယ်ပွင့်တစ်ခု ဖြစ်သော်လည်း နောက်ဆုံးတွင် အဆင့်လေးအင်အားစုတစ်ခုသာ ဖြစ်သည်။
“ဟူး... ဒီလိုဂိုဏ်းသေးသေးလေးက ဘာလို့သူ့တပည့်တွေကို ဂိုဏ်းကိုယ်စားလှယ်အဖြစ် ဇွတ်အတင်း ပါဝင်ခိုင်းနေရတာလဲ မသိဘူး...”
“ဟုတ်တယ်၊ အပြင်ကနေ ပွဲကြည့်တာနဲ့တင် သူတို့အတွက်အဆင်ပြေနေလောက်ပြီ... သူတို့အိတ်ကပ်ထဲက မလောက်မငငွေစုလေးတွေနဲ့ ဒီကပစ္စည်းတွေကိုဝယ်နိုင်မယ်လို့ ထင်နေတာတော့မဟုတ်ပါဘူးနော်...”
လှောင်ပြောင်သံများ မရပ်မနားထွက်ပေါ်နေပြီး ဂူလင်းဖေးမျက်နှာအမူအရာသည် အလွန်ဆိုးရွားနေသည်။ တုန်းမီသည် ဂူလင်းဖေးကို ပင်မခန်းမအပြင်ဘက်သို့ အလျင်အမြန်ဆွဲခေါ်သွားလိုက်သည်။
“ဂျူနီယာညီလေး... ငါ့ကိုမတားနဲ့... ဒီနေ့ ငါသူတို့ကို အမောက်ထောင်ပြမှရမယ်...”
“စီနီယာအစ်ကိုကြီး... အခုကစိတ်လိုက်မာန်ပါ လုပ်ရမယ့်အချိန် မဟုတ်ဘူး။ ဆရာကပါဝင်ဖို့ ဇွတ်အတင်းပြောနေမှတော့ ငါတို့စောင့်ကြည့်လိုက်ကြရအောင်... ဆရာဘာစဉ်းစားထားလဲဆိုတာ ကြည့်ကြတာပေါ့....”
ဂူလင်းဖေးသည် သူ့ရင်ထဲကဒေါသကို ထိန်းချုပ်ဖို့ ခက်ခဲနေတုန်းဖြစ်သည်။
“ကောင်းပြီ...၊ ကောင်းပြီ...၊ ရပြီ... အဲ့ဒီဝင်ခွင့်လက်မှတ်ကို အရင်သွားဝယ်ကြရအောင်...”
သူတို့နှစ်ယောက်က ဘေးခန်းမတစ်ခုသို့ လျှောက်သွားလိုက်သည်။
“တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာနယ်မြေက လင်းယွင်ဂိုဏ်းပါ။ ဖုန်းဟော်လေလံပွဲမှာ ပါဝင်ချင်လို့ပါ...”
ပြတင်းပေါက်မှ ဝဝဖိုင့်ဖိုင့်လူကြီးက ခေါင်းမော့မကြည့်ဘဲ “လင်းယွင်ဂိုဏ်း... ငါကြားဖူးသလိုပဲ။ လာခဲ့လိုက်လေ....” ဟု ပြောလိုက်သည်။
“ဒါပေမဲ့ ဖုန်းဟော်လေလံပွဲမှာ ပါဝင်ချင်ရင် ဒီမှာ တစ်ခုခုဝယ်ရမယ်လို့ ကျွန်တော်ကြားတယ်...”
တုန်းမီစကားကို ကြားလိုက်ရသောအခါ ထိုင်ခုံပေါ်တွင်တင်ပါးမဆံ့လုနီးပါး ဖြစ်နေတဲ့ဝဝဖိုင့်ဖိုင့်လူကြီးသည် နောက်ဆုံးတွင်ခေါင်းမော့လာသည်။
“မင်းတို့က ဂိုဏ်းအနေနဲ့ပါဝင်ချင်တာလား...”
“ဟုတ်ပါတယ်...”
“ဟားဟားဟားဟား... ဟားဟားဟားဟား... သူတို့... သူတို့... ဟားဟားဟားဟား...”
ပထမဆုံး ထိုဝဝလူကြီးက ရယ်မောလိုက်ပြီးနောက် သူ့ဘေးတွင်စာရင်းလုပ်နေတဲ့တ ခြားလူများလည်း လိုက်ရယ်ကြသည်။
“အမယ်လေး... ခွင့်ပြုပါ... လင်းယွင်ဂိုဏ်းက ဘယ်အဆင့်မှာ ရှိတာလဲ... အဆင့်လေးလား၊ အဆင့်ငါးလား... အဆင့်လေးဝင်တာ ဘယ်လောက်ကြာပြီလဲ...”
ဂူလင်းဖေးက စားပွဲကိုရိုက်ချလိုက်ပြီး တစ်ဖက်လူမျက်နှာကို လက်ညှိုးထိုးကာ ဒေါသတကြီးဆဲဆိုလိုက်သည်။
“မင်းတို့ ကိုယ့်ကိုယ်ကိုသိပ်အထင်မကြီးနဲ့... မင်းတို့က ဘယ်သူတွေမို့လို့ လင်းယွင်ဂိုဏ်းကို လှောင်ပြောင်ရဲတာလဲ...”
ဂူလင်းဖေး စားပွဲကိုရိုက်ချလိုက်တာကို မြင်သောအခါ ပြတင်းပေါက်မှ ခပ်ဝဝလူကြီးလည်း မတ်တတ်ရပ်လိုက်ပြီး ဒေါသတကြီးပြန်ပြောလိုက်သည်။
“မင်းကရော မင်းကိုယ်မင်းဘယ်သူလို့ ထင်နေလဲ... ငါအကြံပေးချင်တာကေတာ့ ထွက်သွားလိုက်တော့... ဒီပစ္စည်းအတွက် မင်းသုံးရမယ့်ပိုက်ဆံက မင်းတို့ဂိုဏ်း တခြားဂိုဏ်းကို တစ်နှစ်စာကာကွယ်ကြေးပေးဖို့ လုံလောက်တယ်...”
“စီနီယာအစ်ကိုကြီး...”
ဂူလင်းဖေး ဒေါသပေါက်ကွဲတော့မှာကို မြင်လိုက်သောအခါ တုန်းမီက သူ့အင်္ကျီလက်ကိုအမြန်ဆွဲလိုက်ပြီး ဒီနေရာက ဒေါသပေါက်ကွဲရမည့်နေရာ မဟုတ်ကြောင်း အချက်ပြလိုက်သည်။ ဂူလင်းဖေးလက်ထဲတွင် စိတ်ဝိညာဉ်စွမ်းအားများ စုစည်းနေပြီဖြစ်သော်လည်း သူတို့ဂိုဏ်းသည်ရိုင်းစိုင်းပြီး အခွင့်အရေးသမားများအဖြစ် တံဆိပ်ကပ်ခံထားရကြောင်းတွေးမိလိုက်သည်။ အကယ်၍ သူသာဒီမှာ ပြဿနာရှာလိုက်ရင် သူ့ဂိုဏ်းအတွက် ကောင်းကျိုးဖြစ်လာမှာ မဟုတ်ပေ။ သူတို့က လင်းယွင်ဂိုဏ်းရဲ့ အင်အားကို လူတိုင်းသိအောင်ပြသချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖုန်းဟော်လေလံပွဲမှာ ပါဝင်ချင်တာလေ...။
“ဂျူနီယာညီလေး... မင်းဒီမှာနေပြီး ဒီဝက်ကြီးနဲ့ စကားပြောလိုက်... ငါအပြင်ထွက်ပြီး လေကောင်းလေသန့် သွားရှူလိုက်ဦးမယ်...” ဂူလင်းဖေးက လှည့်ထွက်သွားသည်။
တုန်းမီ နောက်လှည့်ပြီး ဈေးနှုန်းမေးလိုက်သည်။
“အလယ်အလတ်အဆင့်စိတ်ဝိညာဥ်ကျောက်တုံး ၅၀,၀၀၀...”
တုန်းမီက တည်တည်ငြိမ်ငြိမ်နဲ့ ယဉ်ကျေးတာကို မြင်သောအခါ ထိုဝဝလူကြီးက စကားကို မထီမဲ့မြင် လေသံဖြင့်ပစ်ပြောလိုက်သည်။
‘အလယ်အလတ်အဆင့် စိတ်ဝိညာဥ်ကျောက်တုံး ၅၀,၀၀၀....’
တုန်းမီ အံ့အားသင့်သွားသည်။ ဒါက တကယ် မနည်းတဲ့ ပမာဏဖြစ်သည်။ သူ့ဆီမှာ ရှိတာက မလုံလောက်ပေ။
“ဟေး... လူငယ်လေး... မင်းကအကြောင်းအကျိုး သိတတ်တဲ့လူတစ်ယောက် ဖြစ်ပုံရတယ်၊ ဒါကြောင့် ငါအကြံပေးလိုက်မယ်။ ငါတို့တတ်နိုင်သလောက်ပဲ လုပ်သင့်တယ်...”
တုန်းမီ အနည်းငယ် နောင်တရမိသည်။ သူမထွက်ခွာမီ သူ့ ဆရာက စိတ်ဝိညာဥ်ကျောက်တုံးတချို့ ယူသွားဖို့ လိုမလိုမေးခဲ့သေးသည်။ တုန်းမီက သူ့အိတ်ထဲက စိတ်ဝိညာဥ်ကျောက်တုံးတွေ လုံလောက်တယ်လို့ ထင်ခဲ့မိလိုက်သည်။
“မင်းအိတ်ထဲက စိတ်ဝိညာဥ်ကျောက်တုံးတွေကို သေချာသိမ်းထားပြီး မင်းတို့ဂိုဏ်းဆီသာ ပြန်ယူသွားလိုက်ပါ...”