← Chapters

တပည့်နှစ်ယောက် သူတို့ဆရာကို သတင်းပို့ခြင်း...

Vol. 11 Ch. 130

တပည့်နှစ်ယောက် သူတို့ဆရာကို သတင်းပို့ခြင်း...

Vol. 11 Ch. 130

ထိုလူသည် တုန်းမီခဏတာ အနေခက်သွားတာကို မြင်တွေ့လိုက်ရသည်။ ထိုအရာက သဘာဝကျသည်။ ဘာပဲဖြစ်ဖြစ် လိုအပ်တဲ့ငွေပမာဏက ကြီးမားတာကိုး...။ အဆင့်လေး သို့မဟုတ် အဆင့်ငါးအင်အားစုတစ်ခုအတွက် ဒီလောက်များပြားတဲ့ စိတ်ဝိညာဥ်ကျောက်တုံးတွေ ပိုင်ဆိုင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပေ။

"ဟေး... လူငယ်လေး၊ မင်းရဲ့အဝတ်အစားတွေကို ကြည့်ရတာ ဒါကိုမင်းကြိုသိသင့်တယ်။ မင်းဆရာ ကဘာလို့ မင်းကိုဒီကိုလွှတ်လိုက်တာလဲ... သူဘာတွေတွေးနေလဲဆိုတာ ငါသိချင်တယ်..."

တုန်းမီနှင့် သူ့ဆရာကို လှောင်ပြောင်တဲ့မျက်လုံးများဖြင့်ကြည့်ရင်း ထိုလူကခေါင်းခါလျက် ပြောလိုက်သည်။

"ခင်ဗျားစကားတွေ သိပ်သေချာမနေပါနဲ့..." တုန်းမီ အေးစက်စွာ ပြောလိုက်သည်။

သူ့မှာ ပိုက်ဆံမရှိတာ မဟုတ်ပေ။ သူ့အင်္ကျီလက်ကို တစ်ချက်ခါလိုက်ရာ စိတ်ဝိညာဥ်ကျောက်တုံး အပုံကြီးတစ်ခု စားပွဲပေါ်တွင်ပေါ်လာသည်။

"လက်မှတ်ပေးပါ။ ပြီးတော့ ကျွန်တော့်ဆရာက ခင်ဗျားလက်ညှိုးထိုးပြီး ပြောလို့ရတဲ့သူမဟုတ်ဘူး..."

ကောင်တာမှလူ ကြောင်အမ်းအမ်းဖြစ်သွားသည်။ သူသည် စားပွဲပေါ်မှစိတ်ဝိညာဥ်ကျောက်တုံး အပုံကြီးကို ကြည့်လိုက်ပြီးနောက် တုန်းမီကိုကြည့်လိုက်သည်။ ဒီလိုသူဌေးသားတစ်ယောက်က ဘာလို့ အဆင့်သတ်မှတ်ချက်မရှိတဲ့ဂိုဏ်းတစ်ခုကို တပည့်အဖြစ် ဝင်ရောက်ဖို့ရွေးချယ်ခဲ့တာလဲဆိုတာ သူမတွေးတတ်တော့ပေ။ တုန်းမီက စိတ်ဝိညာဥ်ကျောက်တုံးတွေကို သူ့မျက်နှာပေါ် ပစ်ပေါက်လုနီးပါးပေးခဲ့တာဆိုတော့ ပေးငွေကိုငြင်းပယ်လို့ မရေပ။

ထိုလူမတ်တတ်ထရပ်လိုက်ပြီး စားပွဲပေါ်မှစိတ်ဝိညာဥ်ကျောက်တုံးများကို ယူလိုက်ကာ ကျောက်ပြားတစ်ချပ်ကို တုန်းမီထံပစ်ပေးလိုက်သည်။ ကျောက်ပြားကိုယူပြီးနောက် တုန်းမီက လှည့်ထွက်လာခဲ့သည်။ သူ့နောက်ကွယ်ကလူပြောနေတဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို သူထပ်ပြီးနားမထောင်ချင်တော့ပေ။ တုန်းမီလှည့်ထွက်သွားတာကို ကြည့်ရင်း ပြတင်းပေါက်မှလူများသည် တဖန်ပြန်လည် ဆွေးနွေးလာကြသည်။ တုန်းမီသည် ထိုမှတ်ချက်များအားလုံးကို လျစ်လျူရှုထားရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။

သူ့စုဆောင်းငွေအားလုံးကို ဒီနေရာမှာကုန်ဆုံးရရင်တောင် ဒီလူတွေကိုပါးရိုက်သလို ဖြစ်သွားအောင် လုပ်ပြမယ်လို့ သူဆုံးဖြတ်လိုက်သည်။ တုန်းမီပုံရိပ်ကို မြင်သောအခါ ဂူလင်းဖေးသည် အခြေအနေကို မေးမြန်းရန် အမြန်ရှေ့တိုးသွားလိုက်သည်။

"ဂျူနီယာညီလေး... ဘယ်လိုလဲ..."

"ဟူး... ပစ္စည်းတော့ရပြီ၊ ဒါပေမဲ့ဟိုဝက်ကြီးက တကယ်ကို ရိုင်းရိုင်းစိုင်းစိုင်းပြောတယ်။ သူအရိုက်ခံရဖို့ ကောင်းတယ်..."

တုန်းမီ ခေါင်းခါလိုက်သည်။ ခုနက ပြတင်းပေါက်ထဲကဝဝလူကြီးကို တွေးမိလိုက်တိုင်း သူဒေါသမထွက်ဘဲ မနေနိုင်တော့ပေ။ ကံကောင်းထောက်မစွာ သူက သူ့စီနီယာအစ်ကိုကြီးကို အရင်ထွက်သွားခိုင်းခဲ့လိုက်သည်။ မဟုတ်ရင် သူ့စီနီယာအစ်ကိုကြီးရဲ့ စိတ်တိုတတ်တဲ့အကျင့်နဲ့ဆိုရင် ဂူလင်းဖေးက ဒီနေရာကို တကယ်ဖျက်ဆီးပစ်မိလောက်သည်။

"ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ဆရာကို ကျွန်တော်လုံးဝယုံကြည်တယ်..."

တုန်းမီမျက်လုံးများ ပြန်လည် တောက်ပလာသည်။

'သူတို့ ဆရာက ဘယ်သူလဲ... သူတို့ဆရာက သူ့ကို ငရဲပြည်ဆီအရင်ခေါ်သွားပြီး အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့တဲ့သူလေ...'

ထို့နောက် ကျန်းယီမင်သည် သူ့တပည့်များကို ကန်းလန်နယ်မြေသို့ ချက်ချင်း ခေါ်ဆောင်သွားပြီး ရှန့်ကွမ်းမိသားစုကို မွှေနှောက်ဖျက်ဆီးကာ ဘေးကင်းစွာ ပြန်ဆုတ်ခွာလာနိုင်ခဲ့သည်။ ဒါက သာမန်လူတစ်ယောက်ရဲ့ စွမ်းဆောင်ရည်ထက် အများကြီး ကျော်လွန်နေသည်။ ဂူလင်းဖေးလည်း ခေါင်းညိတ်လိုက်သည်။ တုန်းမီသည် နောက်မှဝင်ရောက်လာတဲ့ တပည့်တစ်ဦးဖြစ်သဖြင့် အတိတ်ကလင်းယွင်ဂိုဏ်းရဲ့ ဝမ်းနည်းစရာအခြေအနေများကို သိချင်မှသိပေလိမ့်မည်။

သို့သော် ဂူလင်းဖေးသည် အစကတည်းက လင်းယွင်ဂိုဏ်းနှင့်အတူ ရှိနေခဲ့ပြီး တစ်ဆင့်ချင်းစီ အတူတကွ ဖြတ်သန်းလာခဲ့သူဖြစ်သည်။ လက်ရှိ လင်းယွင်ဂိုဏ်းအင်အားကို အထင်သေးလို့ မရနိုင်သော်လည်း ယခင်က လင်းယွင်ဂိုဏ်းသည် တကယ်ဆင်းရဲခဲ့သည်။ အင်အားအရှိဆုံး ရှုထောင့်ကနေ ကြည့်ရင်တောင် အဲ့ဒီတုန်းကလင်းယွင်ဂိုဏ်းက ထည့်ပြောစရာတောင် မလိုလောက်အောင် နှုံချာလှသည်။

သို့သော် အခုတော့ ဂိုဏ်းတစ်ခုလုံးကို အပြည့်အဝ ပြုပြင်မွမ်းမံထားပြီးဖြစ်သည်၊ ပြီးတော့ တပည့်တွေရဲ့ ကျင့်ကြံခြင်းနဲ့ ခွန်အားတွေလည်း အများကြီး တိုးတက်လာခဲ့သည်။ ထို့ကြောင့် သူတို့ဆရာမှာ ငွေကြေးနဲ့ပတ်သက်ပြီး နည်းလမ်းရှိကောင်းရှိနိုင်သည်။

"ဟူး... ဒီမှာရပ်ပြီး စကားပြောနေလို့အလကားပဲ..."

ဂူလင်းဖေးသည် တုန်းမီပခုံးကို ပုတ်လိုက်ပြီး ဆက်ပြောလိုက်သည်။

"လောလောဆယ် ဆရာ့ဆီကိုဆက်သွယ်ပြီး သတင်းပို့လိုက်ရအောင်..."

တုန်းမီ ခေါင်းညိတ်လိုက်သည်။ သူ ကျောက်ပြားကို ကြည့်လိုက်သည်။ ဖုန်းဟော်လေလံပွဲ ကျင်းပမည့်နေ့မှာ နောက်ထပ်သုံးရက်အကြာတွင် ဖြစ်သည်။ အချိန်က အနည်းငယ်ကျပ်တည်းနေသည်။ အတန်ကြာဆွေးနွေးပြီးနောက် ကျန်းယီမင်သည် ချက်ချင်း ထွက်ခွာလာရန် ဆုံးဖြတ်လိုက်သည်။ ဂိုဏ်းကိစ္စတွေက တဖြည်းဖြည်းတည်ငြိမ်လာပြီဖြစ်လို့ သူဂိုဏ်းမှာ အချိန်ပြည့်နေစရာမလိုတော့ပေ။

ကျန်းယီမင်သည် သူ့တပည့်နှစ်ယောက်ကို ကန်းလန်နယ်မြေတွင် တည်းခိုရန်နေရာရှာခိုင်းလိုက်သည်။ ထို့နောက် သူသည်အကြောဆန့်ရင်း ဆေးခန်းမမှ ထွက်လာခဲ့ရင်း သူ့ရင်ထဲတွင် ပျော်ရွှင်မှုများနဲ့ ပြည့်နှက်နေသည်။

"ဆရာ... ဘာသတင်းကောင်းရှိလို့လဲ... မြန်မြန်ပြောပြပါဦး..."

ဆေးခန်းမတွင် ဆေးလုံးဖော်စပ်ရန် အာရုံစိုက်နေဆဲဖြစ်သော ဟွမ်းချောင်ယုသည် သူမဆရာပြုံးရွှင်သောမျက်နှာဖြင့် ထွက်သွားတာကို မြင်သောအခါ အမြန်ပြေးထွက်လာပြီး မေးလိုက်သည်။

"ငါ ကန်းလန်နယ်မြေကို နောက်တစ်ခေါက်သွားရဦးမယ်..."

ကျန်းယီမင်က ပျော်ရွှင်စွာပြုံးနေသည်။ ဘာပဲဖြစ်ဖြစ် ဒါက သူဒီလိုကိစ္စမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်သည်။။ သူ ဒီကမ္ဘာကိုရောက်လာပြီးနောက်ပိုင်း စနစ်က သူ့ကိုအခွင့်ထူးတွေ အများကြီး ပေးခဲ့သည်။ အရာအားလုံးလုံလောက်အောင် ကောင်းမွန်နေပေမယ့် ဒီကမ္ဘာမှာငွေကြေးအဖြစ် သုံးနေတဲ့ စိတ်ဝိညာဥ်ကျောက်တုံးတွေ အများကြီးရှိနေရက်နဲ့ သုံးခွင့်မရဘူးဆိုရင် ဘုရားသခင်ပေးတဲ့ လက်ဆောင်တွေကို အလဟဿ ဖြစ်စေရာ ရောက်နေသည်။

"ဟင်... ဆရာ... တပည့်တို့လည်း ဖုန်းဟော်လေလံပွဲမှာ ပါဝင်ကြမှာလား..."

သူမဆရာသည် ကန်းလန်နယ်မြေသို့ နောက်တစ်ကြိမ်သွားတော့မည်ဟု ကြားလိုက်ရသောအခါ ဟွမ်းချောင်ယုမျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွားသည်။

"ဘာဖြစ်လို့လဲ ရှောင်ယု... မင်းဆရာကို ဒီလောက်တောင် မယုံကြည်ဘူးလား..." ကျန်းယီမင်က မျက်လုံးကိုမော့ပြီး ပြောလိုက်သည်။

"အမယ်လေး... ဆရာ...၊ ဆရာ့ဘာသာပြန်ကြားရဲ့လား... ဆရာက တပည့်ရဲ့ဆရာပဲ... တပည့်ဘယ်လိုလုပ် မယုံကြည်ဘဲနေမှာလဲ... ဒါပေမဲ့ တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာကလူတွေက လေလံပွဲအကြောင်း ကျွန်မကိုပြောပြဖူးတယ်..."

ဟွမ်းချောင်ယုပြောလိုက်ရင်းနဲ့ သူမမျက်လုံးများတွင် အံ့အားသင့်မှုအရိပ်အယောင်များ ပေါ်လာသည်။

"ဖုန်းဟော်လေလံပွဲအတွက် လိုအပ်တဲ့စိတ်ဝိညာဥ်ကျောက်တုံး ပမာဏက..."

"ငါသိတယ်... စိတ်ဝိညာဥ်ကျောက်တုံးအများကြီး လိုအပ်တယ်ဆိုတာ..." ကျန်းယီမင် ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ဒါပေမဲ့မမေ့နဲ့! လင်းယွင်ဂိုဏ်းကို ကြည့်လိုက်ပါဦး...၊ ဒီအရာတွေကိုဆောက်ဖို့ စိတ်ဝိညာဥ်ကျောက်တုံး အများကြီးလိုအပ်တာလေ..."

ကျန်းယီမင်က လုံးဝစိုးရိမ်ပူပန်ခြင်းမရှိတာကို မြင်လိုက်သောအခါ ဟွမ်းချောင်ယုက အနည်းငယ် စိတ်သက်သာရာရသွားသည်။

"ဆရာ၊ တပည့်ကူညီပေးနိုင်တာ တစ်ခုခုရှိရင်ပြောပါ။ တပည့် တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာကို ပြန်မသွားချင်သေးပေမယ့် နန်းတွင်းအကြံပေးအမတ်က ဆရာ့ရဲ့ခွန်အားကို အပြည့်အဝ အသိအမှတ်ပြုထားပါတယ်...။ တပည့်လည်း..."

ဟွမ်းချောင်ယုစကားကို ကြားသောအခါ ကျန်းယီမင် အော်ဟစ်ရယ်မောလိုက်သည်။ တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာသည် အင်ပါယာတစ်ခု ဖြစ်သော်လည်း အများဆုံး အဆင့်သုံး သို့မဟုတ် အဆင့်လေးအင်အားစုသာဖြစ်ပြီး မွေးဖွားခြင်းအဆင့်ကျင့်ကြံသူ တစ်ဦးမှမရှိပေ။ အင်ပါယာတစ်ခုလုံးရဲ့ စည်းစိမ်ဥစ္စာတွေကို ဒီကိုရွှေ့ပြောင်းလာရင်တောင် သူ ကျန်းယီမင်ပိုင်ဆိုင်ထားတာရဲ့ ဆယ်ပုံတစ်ပုံတောင် ရှိချင်မှ ရှိလိမ့်မည်။

"ဟားဟားဟားဟား... ကောင်းတယ်... ကောင်းတယ်... ရှောင်ယု၊ မင်းရဲ့စေတနာကောင်းကို ငါသိပါတယ်... ဒါပေမဲ့ မင်းမိသားစုရဲ့အကူအညီကို ငါတကယ်မလိုအပ်ပါဘူး..."

ကျန်းယီမင် ခေါင်းခါလိုက်သည်။ တစ်နေ့ကျရင် သူ ဒီလိုကိစ္စမျိုး ကြုံတွေ့ရလိမ့်မယ်လို့ သူတကယ် မမျှော်လင့်ထားခဲ့ပေ။

"ဆရာ.... တပည့်လည်း ဖုန်းဟော်လေလံပွဲမှာ မပါဝင်ဖူးဘူး... တပည့်ကိုကော ခေါ်သွားလို့ရမလား..."

ဟွမ်းချောင်ယုမျက်နှာအမူအရာက ရုတ်တရက် မျှော်လင့်ချက်နဲ့ပြည့်လာပြီး သူမဆရာနှင့်အတူ လိုက်သွားခွင့် တောင်းလိုက်သည်။

"ရတာပေါ့..."

ကျန်းယီမင် မငြင်းဆန်ခဲ့ပေ။ ဘာပဲဖြစ်ဖြစ် ရှောင်ယုက သူ့နားမှာ အချိန်အကြာကြီးရှိနေခဲ့တဲ့ ပထမမျိုးဆက်တပည့်ဖြစ်သည်။ ဒီတစ်ခါ သူမတောင်းဆိုတာက ဖုန်းဟော်လေလံပွဲကို လိုက်ကြည့်ချင်ရုံ သက်သက်ပဲဆိုတော့ သိပ်များလွန်းတဲ့ တောင်းဆိုမှု မဟုတ်ပေ။

"ဟဲဟဲ... ဒါဆို ဆရာ၊ တကယ်လို့ ဆရာက ဖုန်းဟော်လေလံပွဲမှာ ပါဝင်ချင်တယ်ဆိုရင် ပိုကောင်းတဲ့ အဝတ်အစားတွေ ရွေးဝတ်စရာမလိုဘူးလား..."

ထိုစကားကို ကြားလိုက်ရတဲ့အခါ ကျန်းယီမင်က အနည်းငယ် ကြောင်အမ်းအမ်းဖြစ်သွားသည်။ တကယ်ပင် ဟုတ်နေသည်။ သူ့မှာ သုံးမကုန်နိုင်လောက်အောင်ပိုက်ဆံတွေ များလွန်းနေလို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆန္ဒမရှိတော့တာဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုသို့တွေးမိသောအခါ ကျန်းယီမင်က အော်ဟစ်မရယ်မောဘဲ မနေနိုင်တော့ပေ။

"ငါ အဲ့ဒါလုပ်စရာမလိုပါဘူး...။ မင်းသာ မင်းကိုယ်မင်း သေချာပြင်ဆင်ဝတ်စားဖို့လိုတာ..."

"ဟုတ်... ဆရာ"

ဟွမ်းချောင်ယုက ထူးဆန်းတယ်လို့ ထင်သော်လည်း သူမဆရာက ဆုံးဖြတ်လိုက်ပြီဖြစ်၍ သူမတွင် ကန့်ကွက်စရာမရှိပေ။

All Chapters