အရှက်ရသွားသော တုန်းမီ...
Vol. 11 Ch. 131
'ဘာပဲဖြစ်ဖြစ် ဆရာရွေးချယ်ခဲ့တဲ့ လမ်းကြောင်းတွေက ဘယ်တော့မှ မမှားခဲ့ဖူးလေ....'
သူမအရင်က သူမဆရာရဲ့ဆုံးဖြတ်ချက်များကို အကြိမ်အနည်းငယ် သံသယဝင်ခဲ့ဖူးသော်လည်း ရလဒ်များသည် အမြဲတမ်း သူထိန်းချုပ်မှုအောက်တွင် အမြဲရှိနေခဲ့သည်။
"စိတ်မပူပါနဲ့! ငါ လင်းယွင်ဂိုဏ်းကို ဒီလိုအောက်ဆုံးအဆင့်ကနေ ဆွဲတင်လာခဲ့ပြီးပြီပဲ... ဒါ့အပြင် ဒီတစ်ခေါက် ဖုန်းဟော်လေလံပွဲမှာ ငါ လှုပ်ရှားစရာတောင် လိုမှာ မဟုတ်ဘူး..."
ကျန်းယီမင်ပြုံးလိုက်ပြီး သူ့စကားများတွင် သက်သောင့်သက်သာရှိမှု ကျေနပ်မှုများနဲ့ ပြည့်နှက်နေသည်။
"ဆရာ၊ တကယ်ပဲ ဒီအတိုင်းသွားမှာ သေချာလား..."
ဟွမ်းချောင်ယုအတွေးများက အလွန်ရိုးရှင်းသည်။ ဖုန်းဟော်လေလံပွဲသည် ကြီးကျယ်ခမ်းနားတဲ့ပွဲတစ်ခုဖြစ်သည်။ နယ်မြေကြီးလေးခုမှ လူများသာမက ပိုကြီးမားသောနယ်မြေများမှ ဂိုဏ်းကြီးများ၊ မိသားစုကြီးများလည်း လာရောက်ကြလိမ့်မည်။ လောလောဆယ်တွင် ရုပ်ရည်သွင်ပြင်အရဖြစ်စေ၊ အဝတ်အစားအရဖြစ်စေ သူမဆရာသည် အနည်းငယ် စုတ်ပြတ်သတ်နေသလိုဖြစ်နေသည်။ အကယ်၍ သူသာ ဖုန်းဟော်လေလံပွဲကို ဒီအတိုင်း သွားခဲ့လျှင် လူတွေက သူ့ကိုအထင်သေးကြလိမ့်မည်။
"စိတ်မပူပါနဲ့ ရှောင်ယုရ...၊ ငါက အဲ့ဒါတွေကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ပါဘူး။ မြန်မြန်ပြင်ဆင်လိုက်၊ မင်းရဲ့စီနီယာအစ်ကိုကြီးနဲ့ ဂျူနီယာမောင်လေးက ကန်းလန်နယ်မြေမှာ တည်းခိုဖို့ဧည့်ရိပ်သာ ရှာတွေ့ထားပြီးပြီ။ မြန်မြန်သွားကြစို့... သူတို့ကို အကြာကြီး မစောင့်ခိုင်းနဲ့..."
ကျန်းယီမင်အမိန့်ပေးပြီးနောက် ဟွမ်းချောင်ယုဘာမှ ထပ်မမေးတော့ပေ။ သူမ လှည့်ထွက်သွားပြီး ပစ္စည်းများကို ထုပ်ပိုးလိုက်သည်။ ကျန်းယီမင်က ထိုနေရာတွင်ပင် ဆက်နေပြီး အဘိုးအိုလင်းကို ညွှန်ကြားချက်တချို့ ပေးလိုက်သည်။ အဘိုးအိုလင်းသည် လင်းယွင်ဂိုဏ်းတွင် အချိန်အတန်ကြာနေထိုင်ခဲ့ပြီးဖြစ်၍ သာမန်ကျင့်ကြံခြင်းဘဝကို အသားကျနေပြီဖြစ်သည်။
ထို့ကြောင့် သူ့သခင်က တစ်ခုခုလုပ်ခိုင်းသည့်အခါ သူသဘာဝကျစွာပင် ငြင်းဆန်မည်မဟုတ်ပေ။ အရာအားလုံးစီစဉ်ပြီးနောက် ကျန်းယီမင်သည် ဟွမ်းချောင်ယုကို ခေါ်ဆောင်ပြီး ကန်းလန်နယ်မြေသို့ ထွက်လာကြသည်။
....
နောက်တစ်နေ့တွင်....
"မင်းတို့၊ ဒါက..."
တပည့်နှစ်ယောက် ပေးပို့ထားသောသတင်းအချက်အလက်အတိုင်း ကျန်းယီမင်သည် သူတို့နှစ်ယောက် ရှိနေတဲ့ဧည့်ရိပ်သာကို ရှာတွေ့ခဲ့သည်။
"ဟန်ဟိုင်ပထမတန်းစားဧည့်ရိပ်သာ" ဟူသော နာမည်သည် အလွန်ခမ်းနားထည်ဝါပုံပေါက်သော်လည်း ကျန်းယီမင်နှင့် ဟွမ်းချောင်ယု အဆောက်အအုံရှေ့သို့ ရောက်သောအခါ အနည်းငယ်မဆွံ့အဘဲ မနေနိုင်ကြတော့ပေ။
'ဒါကို ဘယ်လိုလုပ် ဧည့်ရိပ်သာလို့ ခေါ်နိုင်မှာလဲ... ဒါက အိုမင်းဟောင်းနွမ်းနေတဲ့ နှစ်ထပွအဆောက်အအုံငယ်လေး တစ်ခုပဲလေ... ပြိုကျလုနီးပါးလည်း ဖြစ်နေပုံရတယ်... ဒီထဲမှာနေရတာရော စိတ်ချရရဲ့လား...'
"အော်၊ ဆရာ...၊ ရောက်လာပြီပဲ"
တုန်းမီက သူ့ဆရာကို အရင်သတိထားမိပြီး ကြိုဆိုရန်အမြန်ထွက်လာသည်။ အစက သူသည် ကောင်းမွန်တဲ့တည်းခိုစရာနေရာ ရှာဖွေရန်အတွက် သူ့ပစ္စည်းများကို ပေါင်နှံဖို့စီစဉ်ထားခဲ့သည်။ သို့သော် သူ့စီနီယာအစ်ကိုကြီးဂူလင်းဖေးက သူ့ကို ဘယ်လိုမှ ခွင့်မပြုခဲ့ပေ။ ဂူလင်းဖေးက မလိုအပ်ဘူး၊ ဒီလိုဇိမ်ခံပစ္စည်းတွေ လုံးဝမလိုအပ်ဘူးဟု အတင်းအကျပ် ပြောဆိုခဲ့သည်။
ဂူလင်းဖေးအတွက်တော့ သူကရိုးရှင်းတဲ့လူမို့လို့ ကောင်းမွန်တဲ့ဧည့်ရိပ်သာမှာ နေစရာသိပ်မလိုပေ။ စည်းစိမ်ဆိုတာ သူ့အတွက်ဘယ်တုန်းကမှ စဉ်းစားစရာ မဟုတ်ခဲ့ပေ။ အကယ်၍ တုန်းမီသာ အတင်းအကျပ်မပြောခဲ့ရင် သူတို့နှစ်ယောက် တောထဲမှာတောင် အိပ်မိလောက်သည်။ တုန်းမီက ချမ်းသာတဲ့မိသားစုကနေ ဆင်းသက်လာခဲ့သည်။ သူ ဒီလိုထူးဆန်းတဲ့ဧည့်ရိပ်သာမှာ သူဘယ်လိုမှ အိပ်လို့မပျော်နိုင်ပေ။
"ဂျူနီယာညီလေး... ဘာလို့ ဒီလောက်နွမ်းနယ်နေရတာလဲ... မနေ့ညက ကောင်းကောင်းမအိပ်ရဘူးလား..."
တုန်းမီပုံစံကို မြင်သောအခါ ဂူလင်းဖေးက စူးစမ်းချင်စိတ်ဖြင့် မေးလိုက်သည်။
"စီနီယာအစ်ကိုကြီး၊ ကျွန်တော် အစ်ကို့ကို ဖုံးကွယ်မထားပါဘူး။ ကောင်းကောင်းမအိပ်ရတာ မဟုတ်ဘူး၊ လုံးဝကို မအိပ်ရတာပါ..."
တုန်းမီငိုချင်သော်လည်း မျက်ရည်မထွက်ပေ။ ဝင်ခွင့်လက်မှတ်ဖြစ်သော ကျောက်ပြားကို ဝယ်ယူရန် သူ့ပိုက်ဆံအားလုံးကို သုံးလိုက်ရသည်။
"ဂျူနီယာညီလေး... ကိစ္စမရှိပါဘူး... ဒီဧည့်ရိပ်သာလေးထဲမှာ ငါနဲ့အတူပျော်စရာကောင်းတဲ့ ညတစ်ည ကုန်ဆုံးခွင့်ရတာက ဘဝရဲ့ကြီးမားတဲ့ ပျော်ရွှင်မှုတစ်ခုလို့ သတ်မှတ်သင့်တယ်..."
ဂူလင်းဖေးပြုံးလိုက်ပြီး တုန်းမီပခုံးကို ပုတ်လိုက်ရာ ကျန်းယီမင်နှင့် ဟွမ်းချောင်ယုတို့ အော်ဟစ်ရယ်မောမိကြသည်။
"ငါ မင်းတို့ကိုသွားတုန်းက စိတ်ဝိညာဥ်ကျောက်တုံး တွေ ပိုယူလာဖို့မပြောခဲ့ဘူးလား... တွေ့လား... သင်ခန်းစာရသွားပြီ မဟုတ်လား..."
ကျန်းယီမင်က စိတ်ဝိညာဥ်ကျောက်တုံးအပုံကြီးကို ထုတ်ယူပြီး တပည့်နှစ်ယောက်လက်ထဲ ထည့်ပေးလိုက်သည်။ စိတ်ဝိညာဥ်ကျောက်တုံး ဘယ်လောက်ပေးလိုက်လဲဆိုတာ သူမသိပေမယ့် ဘာပဲဖြစ်ဖြစ် သူ့အတွက်တော့ ဒါတွေက ဘာမှ မဟုတ်ပေ။
"မင်းတို့နှစ်ယောက် ဘာရပ်လုပ်နေကြတာလဲ... ပစ္စည်းတွေမြန်မြန်သွားယူ... တခြားနေရာပြောင်းကြစို့..."
"ဟုတ်ကဲ့..."
ဂူလင်းဖေးနှင့် တုန်းမီတို့က ခေါင်းညိတ်လိုက်ကြသည်။ သူတို့ပစ္စည်းများကို အမြန်ယူပြီး သူတို့ ဆရာနောက်သို့ လိုက်ပါသွားကြသည်။ ကျန်းယီမင်သည် သူ့တပည့်များကို ဦးဆောင်ပြီး ကန်းလန်နယ်မြေရှိ အကြီးဆုံးဧည့်ရိပ်သာကို လျင်မြန်စွာရှာဖွေတွေ့ရှိခဲ့သည်။ သူတို့ဆရာက ကောင်တာတွင် စိတ်ဝိညာဥ်ကျောက်တုံးများကို ရက်ရက်ရောရော သုံးစွဲနေတာကို မြင်သောအခါ တပည့်များက မစဥ်းစားဘဲ မနေနိုင်ကြတော့ပေ။
'သူတို့ ဆရာဘာတွေများ လုပ်ခဲ့လို့လဲ... ဒီလောက်များတဲ့ စိတ်ဝိညာဥ်ကျောက်တုံးတွေကို ဘယ်ကရခဲ့တာလဲ... သူ ဖုန်းဟော်လေလံပွဲမှာ လိုချင်တာကို မရရအောင်ယူဖို့ ဆုံးဖြတ်ထားပုံရတယ်...'
အရာအားလုံးပြီးသွားသောအခါ ဆရာနှင့် တပည့်များသည် ဧည့်ရိပ်သာတွင် အနားယူလိုက်ကြသည်။
ကောင်းကင်ကြီးက တဖြည်းဖြည်းနဲ့ မှောင်မိုက်လာသည်။ ဖုန်းဟော်လေလံပွဲ စတင်တော့မည်ဖြစ်၍ ကန်းလန်နယ်မြေတစ်ခုလုံးက မီးရောင်များဖြင့် လင်းထိန်နေသည်။ မရေမတွက်နိုင်သော ဈေးသည်များသည် ငွေပမာဏကောင်းကောင်းရရှိရန် ဖုန်းဟော်လေလံပွဲကို မျှော်လင့်နေကြသည်။
ဆရာနှင့် တပည့်များက ဗိုက်နည်းနည်းဆာလာကြသဖြင့် စားသောက်ဆိုင်တစ်ဆိုင်တွင် အစားအစာနှင့်ဝိုင်တချို့ မှာယူလိုက်ကြသည်။ ထိုစားသောက်ဆိုင်သည် ကန်းလန်နယ်မြေတစ်ခုလုံးတွင် အကောင်းဆုံးစားသောက်ဆိုင်များထဲမှ တစ်ခုဖြစ်သည်။ ထိုစားသောက်ဆိုင်သို့ လာရောက်စားသောက်နိုင်သူများသည် သူဌေးများ သို့မဟုတ် အထက်တန်းစားများ ဖြစ်ကြသည်။
"ဟေး... လင်းယွင်ဂိုဏ်းအကြောင်း ကြားပြီးကြပြီလား..."
"ဟုတ်တယ်... အရင်တုန်းကလင်းယွင်ဂိုဏ်းချုပ်က အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်ကနေ မွေးဖွားခြင်းအဆင့်ကို တိုက်ရိုက်ခုန်တက်သွားတယ်လို့ ပြောကြတယ်... ပြီးတော့ သူကသူ့တပည့်တွေကို ဦးဆောင်ပြီး ရှန့်ကွမ်းမိသားစုကို မွှေနှောက်ဖျက်ဆီးခဲ့တယ်၊ ရှန့်ကွမ်းမိသားစုက မွေးဖွားခြင်းအဆင့်နှစ်ယောက်ကို ကိုယ့်ကိုယ်ကိုဖောက်ခွဲတဲ့အထိ ဖိအားပေးခဲ့တယ်... ဒါကို ဘယ်သူကမသိဘဲနေမှာလဲ..."
"လင်းယွင်ဂိုဏ်းကလည်း ဖုန်းဟော်လေလံပွဲမှာ ပါဝင်မှာတဲ့..."
ကောလာဟလက နေရာတိုင်း ပျံ့နှံ့နေသည်။
"ကျွတ်...၊ အင်အားပိုင်းမှာတော့ လင်းယွင်ဂိုဏ်းက အဆင်ပြေပါတယ်၊ ဒါပေမဲ့ အဲ့ဒီလောက်ကြီး အထင်ကြီးစရာတော့မဟုတ်သေးဘူး။ ဒါပေမဲ့ ဖုန်းဟော်လေလံပွဲက ငွေကြေးအင်အားအပေါ် မူတည်တယ်လေ... လင်းယွင်ဂိုဏ်းချုပ်က ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ၊ ပိုက်ဆံမရှိရင် စိတ်ဝိညာဥ်ကျောက်တုံးတွေကို လုယူလို့မှမရတာ... မဟုတ်ဘူးလား..."
"အခုလောလောဆယ် လင်းယွင်ဂိုဏ်းက လူတိုင်း တိုက်ခိုက်လိုစိတ်တွေ ပြင်းထန်နေကြတယ်... သူတို့ စိတ်ဝိညာဥ်ကျောက်တုံးတွေကို ဗြောင်ကျကျလုယူနိုင်စွမ်း ရှိကောင်းရှိနိုင်တယ်..."
"ဟွန့်...၊ ငါကတော့ ပွဲကြည့်ဖို့စောင့်နေတာကွ..."
ကန်းလန်နယ်မြေက ဘယ်သူကမှ လင်းယွင်ဂိုဏ်းကို အထင်မကြီးကြပုံရသည်။ ရှန့်ကွမ်းမိသားစုကဲ့သို့သော အဆင့်သုံးအင်အားစုများသည် အင်အားပိုင်းဆိုင်ရာတွင်သာ လင်းယွင်ဂိုဏ်းတစ်ခုလုံးအပေါ် လေးစားတဲ့ သဘောထားရှိကြသည်။
"ဆရာ... ဘာလို့ ဒီလူတွေအကုန်လုံးက ဒီလိုဖြစ်နေကြတာလဲ... ကျွန်တော်သွားပြောလိုက်မယ်..."
"ဟေး... မလိုပါဘူးကွ... သူတို့က ဘေးလူအုပ်စုတစ်စု သက်သက်ပါပဲ...။ မင်းသွားပြီးတော့ ဘာလုပ်မှာလဲ..."
ကျန်းယီမင် ပြုံးလိုက်သည်။ အကယ်၍ သူတို့အခုပြဿနာသွားရှာလျှင် ကိုယ့်ကိုယ်ကို အခက်တွေ့စေရုံသာရှိမည်။
"အော် ဟုတ်သားပဲ... ဆရာ၊ ဖုန်းဟော်လေလံပွဲက သန်ဘက်ခါ စတော့မှာ။ လေလံတင်ပစ္စည်းတွေကို သွားကြည့်ကြမလား..." ဟွမ်းချောင်ယုက ခေါင်းမော့ပြီး ပြောလိုက်သည်။
"ကောင်းပြီလေ... ဒါဆို မနက်ဖြန်သွားကြည့်ကြတာပေါ့..."
ကျန်းယီမင်က ခေါင်းညိတ်လိုက်သည်။ အမှန်အတိုင်းပြောရရင် သူက ဖုန်းဟော်လေလံပွဲက လေလံတင်ပစ္စည်းတွေကို သိပ်စိတ်မဝင်စားပေ။ ဘာပဲဖြစ်ဖြစ် သူ့မှာစနစ်ရဲ့ အထောက်အပံ့ရှိနေသည်။ သာမန်ရတနာတွေက သူ့အာရုံစိုက်မှုကို မရနိုင်တော့ပေ။ သို့သော် ဖုန်းဟော်လေလံပွဲ အဆုံးပိုင်းတွင် တန်ဖိုးဖြတ်မရတဲ့ ရတနာတချို့ရှိလိမ့်မယ်လို့ ပြောကြသဖြင့် ပြန်ယူသွားပြီးအသုံးပြုရန် ဝယ်ယူဖို့သူ စဉ်းစားနေသည်။
ဆရာနှင့်တပည့်များက ဗိုက်ဝအောင်စားပြီးနောက် ဧည့်ရိပ်သာသို့ပြန်သွားပြီး အနားယူလိုက်ကြသည်။ ကျန်းယီမင်မှလွဲ၍ သူ့တပည့်သုံးယောက်စလုံးသည် မနက်ဖြန်လေလံတင်ပစ္စည်းများကို မြင်တွေ့ရမှာကို မျှော်လင့်စောင့်စားနေကြသည်။ တခြားအရာတွေကို ဘေးဖယ်ထားလိုက်ရင် ဆယ်နှစ်မှတစ်ကြိမ်ကျင်းပတဲ့ ကြီးကျယ်ခမ်းနားတဲ့ပွဲလမ်းသဘင်မှာ သူ့အားသာချက်တွေ ရှိနေတယ် မဟုတ်လား....။