ဖုန်းဟော်လေလံပွဲကြီး နောက်ဆုံးတော့စတင်ပြီ....
Vol. 11 Ch. 132
ဒုတိယနေ့တွင် အပြည့်အဝအနားယူပြီးဖြစ်သော ဆရာနှင့်တပည့်များသည် စောစောထကာ ဖူကျင်းကုန်သည်ကြီးများအသင်းသို့ ဦးတည်ထွက်လာခဲ့ကြသည်။ ကုန်သည်ကြီးများအသင်းရင်ပြင်တွင် လေလံပစ္စည်းတချို့ကို ခင်းကျင်းပြသထားကြသည်။ သို့သော် ၎င်းတို့သည် လူများကိုစိတ်ဝင်စားအောင် ဆွဲဆောင်ထားသည့် ပစ္စည်းအသေးအမွှားလေးများသာဖြစ်သည်။ တကယ့်ပစ္စည်းကောင်းများကိုမူ နောက်ဆုံးမှ မက်လုံးတစ်ခုအနေဖြင့် ထုတ်ဖော်ပြသလိမ့်မည်။
"ဆရာ... ဒါကိုကြည့်ပါဦး၊ ဖီးနစ်ထောင်ချီ ကောင်းကင်ဖုံးလွှမ်းခြင်းကျင့်စဉ်တဲ့။ ဒါက ပျက်စီးသွားတဲ့အဆင့်နှစ်ဂိုဏ်းတစ်ခုရဲ့ အခြေခံကျင့်စဉ်လို့ ပြောတယ်... ဒီဟာလေးက တော်တော်ကောင်းမယ်လို့ ကျွန်တော်ထင်တယ်..."
ဂူလင်းဖေးသည် ပုံဆောင်ခဲသေတ္တာထဲတွင် ချိတ်ပိတ်ထားသောကျင့်စဉ်တစ်ခုကို စိတ်လှုပ်ရှားစွာ ညွှန်ပြရင်း ပြောလိုက်သည်။ ကျန်းယီမင်သည် သူ့မှတ်ဉာဏ်များကို ပြန်လည်ရှာဖွေကြည့်ရာ ထိုကျင့်စဉ်သည် အမှန်တကယ်ကောင်းမွန်ကြောင်း တွေ့လိုက်ရသည်။ သို့သော် သူ့ပထမဆုံးတပည့်ကြီး ဂူလင်းဖေးသည် ဗဟုသုတနည်းပါးလွန်းနေသည်။ စိမ်းမြကြာဖန်ဆင်းခြင်းကျင့်စဉ်က ဒီအရာထက် များစွာပိုပြီးစွမ်းအားကြီးသည်။
"စီနီယာအစ်ကို... ကျွန်တော် အစ်ကို့ကိုဝေဖန်တာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ အစ်ကိုက နည်းနည်း ဗဟုသုတနည်းလွန်းမနေဘူးလား..." တုန်းမီက ပြုံးရင်း ပြောလိုက်သည်။
စိမ်းမြကြာဖန်ဆင်းခြင်းကျင့်စဉ်သည် သာမန်အရာမဟုတ်ကြောင်း သူတောင်ပြောပြနိုင်သည်။ အကယ်၍သာ ထိုကျင့်စဥ်သည် ဒီလေလံပွဲတွင် ပါဝင်သည့်ပစ္စည်းတစ်ခု ဖြစ်ခဲ့မည်ဆိုပါက သေချာပေါက် လူတိုင်းအလုအယက် လုယူကြမည့် ရတနာတစ်ပါး ဖြစ်ပေလိမ့်မည်။
"ဟဲဟဲ...၊ ငါ သိပါတယ်ကွ...၊ သိပါတယ်"
ဂူလင်းဖေးက ခေါင်းကုတ်လိုက်သည်။ အရင်ကဆိုလျှင် အခုလိုအဆင့်ရှိသောလေလံပွဲမျိုးသည် သူတို့ စိတ်ကူးပင်မယဉ်နိုင်ခဲ့သော အရာမျိုးဖြစ်သည်။ ပစ္စည်းများကို မျက်စိရှေ့တွင်အမှန်တကယ် မြင်တွေ့လိုက်ရသောအခါ လူတိုင်းက အနည်းငယ်စူးစမ်းလိုမိကြသည်မှာ သဘာဝပင်ဖြစ်သည်။
"ရပါတယ်...၊ ရပါတယ်...။ မင်းရဲ့စကားတွေက ငါ့ကို စိတ်ကူးရစေတယ်။ ဒီလိုပစ္စည်းတွေ များများရှိတာက ပိုကောင်းတာပေါ့၊ ဒါကြောင့် အခွင့်အရေးရှိရင် ငါဝယ်လိုက်မယ်..."
သူတို့အားလုံးက ထိုနေရာတစ်ဝိုက် လျှောက်ကြည့်လိုက်ကြသည်။ ကျန်းယီမင်အတွက်မူ ဒီနေရာရှိ ပစ္စည်းများသည် ရှားပါးတယ်လို့ မယူဆနိုင်ပေ။ ဘာပဲပြောပြော ထိုပစ္စည်းအားလုံးကို သူ့မှတ်ဉာဏ်ထဲတွင် ရှာတွေ့နိုင်သောကြောင့်ဖြစ်သည်။ ရတနာဟု ခေါ်သော တချို့အရာများသည် သာမန်မျှသာ ဖြစ်သည်။
အင်အားကြီးဂိုဏ်းအများအပြား ပါဝင်ဆင်နွှဲကြသည့် ဆယ်နှစ်မှတစ်ကြိမ် ကျင်းပသောပွဲကြီးဖြစ်သည့်အတွက် ဖုန်းဟော်လေလံပွဲသည် မည်သည့်ဂိုဏ်းနှင့်မျှ မပတ်သက်သော ကျင့်ကြံရှင်များကိုလည်း ပါဝင်ခွင့်ပြုထားပြီး အဖွဲ့အစည်းအသီးသီးရဲ့ အင်အားကို မြင်တွေ့ခွင့်ရစေသည်။ ဤသည်မှာလည်း ကျန်းယီမင်အနေဖြင့် ဒီနေရာတွင် နာမည်ရရန် ဆုံးဖြတ်ချက်ချရခြင်းရဲ့ အကြောင်းရင်းဖြစ်ပြီး ထိုသို့လုပ်ဆောင်ခြင်းဖြင့် ပြင်ပကမ္ဘာကလင်းယွင်ဂိုဏ်းအင်အားကို ပိုမိုအသိအမှတ်ပြုလာစေမည် ဖြစ်သည်။
"ဒီတစ်ကြိမ် ဖုန်းဟော်လေလံပွဲရဲ့ နောက်ဆုံးပိတ်ပစ္စည်းက ဘာဖြစ်မယ်လို့ အကိုတို့ထင်လဲ..."
ဟွမ်းချောင်ယုက အနည်းငယ် စပ်စုချင်မိသည်။ ဖုန်းဟော်လေလံပွဲရဲ့ နောက်ဆုံးပစ္စည်းသည် များသောအားဖြင့် တိုက်ကြီးတစ်ခုလုံးတွင်ပင် ရှားပါးသောအဖိုးတန်ရတနာတစ်ပါး ဖြစ်လေ့ရှိသည်။ ဤတိုက်ကြီးပေါ်တွင် ထူးဆန်းပြီး တန်ဖိုးကြီးသောအရာအမျိုးမျိုး ရှိကြသည်။ အခြေခံအကျဆုံးနှင့် အတွေ့ရအများဆုံးအရာများမှာ ကျင့်စဉ်များနှင့် သိုင်းစွမ်းရည်များဖြစ်ကြသည်။ ပိုရှားပါးသောရတနာများနှင့် ထူးခြားဆန်းကြယ်တဲ့ဆေးဝါးမျိုးစုံသည်သာ လူတိုင်း အုတ်အော်သောင်းတင်းလိုချင်ကြသော ပစ်မှတ်များ ဖြစ်လာတတ်သည်။
"ကျွတ်...၊ စီနီယာအစ်ကိုနဲ့ငါ မနေ့ကအကြမ်းဖျင်း လိုက်ကြည့်ခဲ့သလောက်ဆိုရင် နောက်ဆုံးရတနာက ဆေးဖက်ဝင်ပစ္စည်းတစ်မျိုးဖြစ်ပုံရတယ်..."
"ဆေးဖက်ဝင်ပစ္စည်း..." ဟွမ်းချောင်ယုက အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
"ဟုတ်တယ်၊ ဒီမှာတင်ရောင်းနိုင်တဲ့ ပစ္စည်းတွေက ထူးဆန်းတယ်လို့ ပြောလို့ရပေမဲ့ ဒါကဖုန်းဟောလေလံပွဲ အစဉ်အလာတစ်ခု ဖြစ်တဲ့အကြောင်းရင်းတွေထဲက တစ်ခုဖြစ်လောက်တယ်..."
အားလုံးက လေလံပစ္စည်းများအကြောင်း အကြမ်းဖျင်းနားလည်သွားကြပြီးနောက် တည်းခိုခန်းသို့ ပြန်လာခဲ့ကြသည်။ ထို့နောက် ကျန်းယီမင်သည် သူ့စနစ်မျက်နှာပြင်ကို နောက်တစ်ကြိမ်ဖွင့်ကြည့်လိုက်သည်။ စနစ်ထဲရှိ စိတ်ဝိညာဉ်ကျောက်တုံး အရေအတွက်ကိုကြည့်ပြီး သူ့အခန်းထဲတွင် မရယ်မောဘဲ မနေနိုင်အောင်ဖြစ်သွားရသည်။
......
ဆယ်နှစ်မှတစ်ကြိမ် ကျင်းပသောပွဲကြီးဖြစ်သည့် ဖုန်းဟော်လေလံပွဲသည် ဒီနေ့တွင် နောက်ဆုံးတော့ စတင်ခဲ့ပြီဖြစ်သည်။ လေလံပွဲကျင်းပရာနေရာကို ဖူကျင်းကုန်သည်ကြီးများအသင်းတွင် ပြင်ဆင်ထားသည်။ ထိုင်ခုံနေရာကို အမျိုးအစားသုံးမျိုး သတ်မှတ်ထားသည်။ ရှေ့ဆုံးတန်းရှိ နေရာများမှာ ထုံးစံအတိုင်း ကုန်သည်ကြီးများအသင်းက ဖိတ်ကြားထားတဲ့အင်အားကြီးအဖွဲ့အစည်းများအတွက်ဖြစ်သည်။
ထိုနေရာများရဲ့နောက်တွင်မူ ဝင်ခွင့်ကျောက်ပြားများကို ငွေပေးဝယ်ယူထားသောဂိုဏ်းများအတွက် နေရာများဖြစ်သည်။ နောက်ဆုံးနေရာများမှာ လာရောက်ကြည့်ရှုကြတဲ့ပရိသတ်များအတွက် ဖြစ်သည်။ တတ်နိုင်သမျှ ကာလပတ်လုံး လူတိုင်းက လေလံဆွဲခွင့်ရှိကြသည်။ ကျန်းယီမင်သည် သူ့တပည့်များကို ခေါ်ဆောင်လျက် သူတို့နေရာကို နောက်ဆုံးတွင် ရှာတွေ့သွားသည်။
ထင်ထားသည့်အတိုင်းပင် လင်းယွင်ဂိုဏ်းသည် သိပ်ပြီး ကြိုဆိုခြင်းမခံရပေ။ ဖူကျင်းကုန်သည်ကြီးများအသင်းမှ ဘယ်သူကမှ အခုလိုသေးငယ်ပြီး ထူးခြားမှုမရှိတဲ့ဂိုဏ်းကို ဂရုမစိုက်ကြပေ။ ဂိုဏ်းချုပ်ကိုယ်တိုင်မလာဘဲ တပည့်များကိုသာ ဝင်ခွင့်ကျောက်ပြားလာဝယ်ခိုင်းသည့် ဂိုဏ်းတစ်ခုသည် ဘယ်လိုလုပ် အခြေအနေကောင်းမှာလဲလို့ ထင်နေကြသည်။
"ဒီကုန်သည်ကြီးများအသင်းက လူတွေက နည်းနည်းအနိုင်ကျင့်လွန်းမနေဘူးလား..."
နေရာမကောင်းသည့် သူတို့ထိုင်ခုံများကိုကြည့်ပြီး ဂူလင်းဖေးက ဒေါသထွက်လာပြန်သည်။ ကျန်းယီမင်သည် ဒီအခြေအနေကို ကြိုတင်မျှော်လင့်ထားပြီးဖြစ်သဖြင့် သူ့မျက်နှာတွင် မည်သည့်ခံစားချက်မျှ မပေါ်လွင်ပေ။ တစ်ချိန်တည်းမှာပင် ရှေ့ဆုံးတန်းမှာနေရာလွတ်များ ရှိနေသေးတာကို သူသတိထားမိလိုက်သည်။ အင်အားကြီးအဖွဲ့အစည်းများရဲ့နေရာများတွင် သက်ဆိုင်ရာအဖွဲ့အစည်းတံဆိပ်များဖြင့် အမှတ်အသားပြုလုပ်ထားသော်လည်း ထိုကဲ့သို့ အမှတ်အသားမပါတဲ့ နေရာလွတ်တချို့က ရှေ့ဆုံးတန်းတွင်ရှိနေသည်။ ထို့ကြောင့် ထိုနေရာများသည် ငွေကြေးအမြောက်အမြားသုံးစွဲလိုသူများအတွက် သီးသန့်ဖယ်ထားခြင်းဖြစ်ကြောင်း ခန့်မှန်းရန် ကျန်းယီမင်အတွက် ခိုင်လုံသောအကြောင်းပြချက် ရှိနေသည်။
"ကဲ... မိတ်ဆွေအပေါင်းတို့... ဖူကျင်းကုန်သည်ကြီးများအသင်းအနေနဲ့ ဒီတစ်ကြိမ် ဖုန်းဟော်လေလံပွဲကို လက်ခံကျင်းပခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်... မိတ်ဆွေတို့ ကြွရောက်လာကြတဲ့အတွက် ကျွန်တော်တို့ရဲ့ သေးငယ်တဲ့ကုန်သည်ကြီးများအသင်းအနေနဲ့ ဂုဏ်ယူဝမ်းမြောက်ရပါတယ်..."
လူတစ်ယောက်သည် စင်ပေါ်တွင်ရပ်လျက် ပြုံးရွှင်စွာဖြင့် လူတိုင်းကို လက်သီးဆုပ်ဂါရဝပြုလိုက်သည်။ ခန်းမသည် မသေးငယ်သော်လည်း ထိုလူရဲ့အသံကို ထောင့်တိုင်းတွင်ကြားနေရသည်။ ကုန်သည်ကြီးများအသင်းကြီးတစ်ခုဖြစ်သည့်အတိုင်း သာမန်အစီအစဉ်မှူးတစ်ယောက်အတွက်ပင် အလွန်စေ့စပ်သေချာလှသည်။
"ဒါဆိုရင် လူတိုင်းရဲ့အချိန်ကို ဆက်ပြီးဖြုန်းမနေတော့ပါဘူး... ဒီတစ်ကြိမ်လေလံပွဲမှာ စုဆောင်းထားတဲ့ပစ္စည်းတွေက အရင်ကအကြိမ်တွေထက် ပိုစုံလင်မှာဖြစ်ပါတယ်... ပစ္စည်းအားလုံးကို တစ်ရက်တည်းနဲ့ရောင်းချနိုင်မယ်လို့ မထင်တဲ့အတွက် လေလံပွဲ ကာလကို တိုးမြှင့်ကျင်းပသွားမှာ ဖြစ်ပါတယ်..."
ထိုစကားများသည် ကျန်းယီမင်စူးစမ်းလိုစိတ်ကို နိုးကြားစေခဲ့သည်။ အမှန်စင်စစ် ကန်းလန်နယ်မြေရဲ့ ပထဝီဝင်တည်နေရာအရ အရေးပါတဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ ဖြတ်သန်းသွားလာသူများသည် ဒီနေရာတွင် စီးပွားရေးလုပ်ကိုင်ကြသဖြင့် ကန်းလန်နယ်မြေရဲ့ ကြွယ်ဝချမ်းသာမှုသည် တခြားနယ်မြေများထက် အမှန်တကယ်သာလွန်သည်။ အခုတစ်ကြိမ် စုဆောင်းထားတာက အရင်လေလံပွဲများထက် ပိုများပြားသည်တဲ့လား....။
"ကဲ... အပိုစကားတွေ ပြောမနေတော့ဘဲ စတင်လိုက်ကြစို့..."
ထိုသို့ဖြင့် လေလံပွဲ စတင်လေသည်။ လင်းယွင်ဂိုဏ်းနေရာများသည် အလွန်ဝေးကွာလွန်းသဖြင့် သူတို့သည် မည်သည့်အရာရောင်းချနေသည်ကိုပင် ကောင်းစွာ မမြင်ရပေ။
"ပထမဆုံးပစ္စည်း... ကောင်းကင်နှင့်မြေကြီး သန့်စင်သောချီအကာအကွယ်..." အစီအစဉ်မှူးသည် ရတနာတစ်ခုကို ထုတ်ယူလာပြီး စင်မြင့်အလယ်တွင်ထားလိုက်သည်။
"ဒီရတနာက လူ ၁၀ ဦးနီးပါးကို ဖုံးလွှမ်းနိုင်တဲ့ အကာအကွယ်တစ်ခုကို ဆင့်ခေါ်နိုင်ပြီး အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ဦးရဲ့ တိုက်ခိုက်ချက်တွေကို အကြိမ်အနည်းငယ်ကို ခံနိုင်ရည်ရှိပါတယ်..."
သူ့တပည့်များက စူးစမ်းချင်စိတ်ဖြင့် ခေါင်းပြူကြည့်လိုက်ကြသော်လည်း ကျန်းယီမင်သည် လုံးဝ စိတ်ဝင်စားခြင်းမရှိပေ။ ထိုအစား သူသည် ဝတ်ရုံလက်ထဲမှ ရှေးဟောင်းစာအုပ်တစ်အုပ်ကို ထုတ်ယူကာ စတင်လှန်လှောဖတ်နေလိုက်သည်။
"ဆရာ... ဒီလိုအရာကအသုံးမဝင်ဘူး... ကျွန်တော်တို့ မလိုဘူးမလား..."
"ဒီပစ္စည်းရဲ့စဖွင့်စျေးကတော့ အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး သုံးသောင်းပါ... လေလံစျေး စတင်ခေါ်ယူနိုင်ပါပြီ..."
ထိုစကားကိုကြားသောအခါ ကျန်းယီမင်က ပြုံးလိုက်သည်။
"အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံးတွေပဲဟာကွာ။ မင်းတို့ကောင်တွေဝယ်ပြီး ကစားစရာအဖြစ်သုံးလိုက်ကြလေ..."
"ဒါပေမဲ့ ဆရာ... ဒါက..."
"ဝယ်လိုက်...၊ ဝယ်လိုက်...၊ ဝယ်လိုက်စမ်းပါ... ဘယ်လောက်မှ ကျတာမဟုတ်ပါဘူး..."
တချို့လူများသည် လေလံဈေးစတင်ခေါ်ယူနေကြပြီဖြစ်ရာ ဈေးနှုန်းသည် အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး ၅၀,၀၀၀အထိ မြင့်တက်သွားသည်။ သို့သော် ကျန်းယီမင်သိုလှောင်အိတ်ထဲတွင် အထွတ်အထိပ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးများပင်လျှင် သောင်းနှင့်ချီရှိနေလေသည်။