လင်းယွင်ဂိုဏ်းက လေလံပွဲတွင် စတင်ပါပြီ...
Vol. 11 Ch. 133
ပစ္စည်းက အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံးများဖြင့် တန်ဖိုးသတ်မှတ်ထားခြင်းသာ ဖြစ်သည်။
ထည့်ပြောစရာပင် မလိုလောက်အောင်နည်းပါးလွန်းလှသည်။
"စိတ်မလှုပ်ရှားပါနဲ့...။ ဒါ စိတ်ဝိညာဉ်ကျောက်တုံး နည်းနည်းလေးပဲလေ.. ငါကတော့ဒီပစ္စည်းကို စိတ်ဝင်စားစရာကောင်းတယ်လို့ ထင်တယ်။ မင်း အဲဒါကို သဘောကျနေပြီပဲ...၊ ဝယ်လိုက်ပါ..."
ကျန်းယီမင်သည် လုံးဝစိတ်လှုပ်ရှားခြင်း မရှိပေ။ အခုလိုမျှ နည်းပါးသောငွေပမာဏသည် သူ့အတွက် ဘာမှမဟုတ်ပေ။ ဂူလင်းဖေးက လေလံဆွဲရန်စိတ်အားထက်သန်နေသည်ကို မြင်သောအခါ ကျန်းယီမင်က သူ့ကိုတားလိုက်သည်။ ဂူလင်းဖေး ကြောင်အမ်းသွားသည်။
'သူ့ဆရာက စကားပြန်ပြင်တော့မလို့လား... အဲဒါဆိုရင်တော့ ကောင်းတာပေါ့... ဘာပဲဖြစ်ဖြစ် လူတစ်ယောက်မှာ ပိုက်ဆံဘယ်လောက်များများရှိပါစေ၊ ဒီလိုမျိုးတော့ မဖြုန်းတီးသင့်ဘူးလေ...'
ဤကဲ့သို့သောလေလံပွဲတွင် အစပိုင်းတွင်ပြသသော ပစ္စည်းများသည် လေထုကိုသက်ဝင်လှုပ်ရှားစေရန်သာ ဖြစ်သည်။ ဥပမာပြောရမည်ဆိုလျှင် အစပိုင်းပစ္စည်းများသည် များသောအားဖြင့် လက်တွေ့တွင် အသုံးဝင်တာသိပ်မရှိဘဲ စိတ်ဝင်စားစရာသာ ကောင်းလေ့ရှိသည်။ ဒီလိုအချိန်မျိုးတွင် ငွေအလွန်ပေါများသော်လည်း သုံးမကုန်နိုင်အောင် ဖြစ်နေသောအဖွဲ့အစည်းများသည် လေလံစျေးကိုမြှင့်တင်ကာ အပျော်သဘောကစားတတ်ကြသည်။
လင်းယွင်ဂိုဏ်းသည်လည်း သုံးမကုန်နိုင်အောင် ငွေပေါများသောအဆင့်အတန်းထဲသို့ ဝင်ရောက်သွားခဲ့ပြီလား...။ ဂူလင်းဖေးသည် သူ့ဆရာဘာပြောမလဲကို သိလိုစိတ်ဖြင့် လှမ်းကြည့်လိုက်သည်။ သူ့ဆရာ စိတ်အမြန်ဆုံး ပြောင်းသွားဖို့ပဲ သူမျှော်လင့်မိသည်။ အခုချိန် နောင်တရမယ်ဆိုရင် နောက်မကျသေးပါဘူး...။
"သူတို့ လေလံဆွဲနေတဲ့စျေးနှုန်းတွေကို ကြည့်လိုက်ပါဦး။ အဲဒါတွေက ကိန်းဂဏန်းအသေးလေးတွေပဲလေ၊ ဘာလို့ ငါတို့က အခုချိန်ဝင်ပါရမှာလဲ..."
ကျန်းယီမင် ထိုသို့ပြောလိုက်သည့်အချိန်တွင် သူ့တပည့်များ မှင်သက်သွားကြသည်။ သူတို့ဆရာ ရူးသွားပြီလား...။
"ရှစ်သောင်း..."
"ကောင်းတယ်... ဖေးနောင်ဂိုဏ်းက ရှစ်သောင်း ပေးလိုက်ပြီ... တကယ်ရက်ရောတာပဲ..."
ရှေ့ဆုံးတန်းမှ လူငယ်တစ်ယောက်က မတ်တပ်ရပ်လိုက်ပြီး သူ့ပတ်ဝန်းကျင်ကိုလက်သီးဆုပ်ကာ အရိုအသေပြုလိုက်သည်။
"ဒီပစ္စည်းကြည့်ရတာ စိတ်ဝင်စားစရာ ကောင်းသားပဲ။ ဖူကျင်းကုန်သည်ကြီးများအသင်း ပြောထားသလို တကယ်ပဲအံ့သြစရာကောင်းရဲ့လားဆိုတာ သိရအောင် ငါ ဒါကိုဝယ်ပြီး စမ်းကြည့်ချင်တယ်..."
"သူ့ကို ကြည့်ဦး...၊ ဂိုဏ်းအကြီးကြီးတစ်ခုက လာတဲ့သူဆိုတာ ဒီလိုမျိုးကိုး... သူက စိတ်ဝိညာဉ်ကျောက်တုံးရှစ်သောင်းလောက်ကို မျက်တောင်မခတ်ဘဲ ပစ်ပေးလိုက်တယ်..."
"အဲဒီလူရဲ့ဂိုဏ်းက လူကြီးတွေ လှုပ်တောင်မလှုပ်ရှားသေးဘူး...။ ဒါက ဂျူနီယာတွေကစားဖို့ သက်သက်ပဲရှိသေးတယ်။ နောက်ပိုင်း တကယ်ကောင်းတဲ့ပစ္စည်းတွေ ပါလာတဲ့အခါ သူတို့လေလံဆွဲတာကို မင်းတို့ကြည့်လို့ရတယ်..."
ကျန်းယီမင်က ခေါင်းမော့လိုက်ပြီး သူ့တပည့်များကို ခေါင်းညိတ်ပြလိုက်သည်။
"ရှစ်သောင်းခွဲ..."
လူတိုင်း တပြိုင်နက်ခေါင်းမော့ကြည့်လိုက်ကြသည်။ ဘယ်သူကများ ဒီလောက် မသင့်မလျော်လုပ်ရဲသလဲဆိုတာ သူတို့သိချင်ကြသည်။
"ဒီလောက် ကပ်စေးနည်းပြနေတာ မင်းရဲ့ဆရာကို အရှက်ခွဲနေတာ မင်းမသိဘူးလား"
ကျန်းယီမင်သည် ဂူလင်းဖေးကို အထင်သေးသလို ကြည့်လိုက်သည်။
'ဟမ်... သူ ငါးထောင်တောင် တိုးပေးလိုက်တာလေ... ငါးထောင်ဆိုတာ နည်းတဲ့ပမာဏမှမဟုတ်တာ....'
"ငါတို့ ဒီကိုဘာလာလုပ်တာလဲ...။ လေလံပွဲပါဝင်ဆင်နွှဲဖို့ လာတာလေ... ဒါဆယ်နှစ်မှတစ်ကြိမ် ကျင်းပတဲ့ ပွဲပါလို့ မင်းကိုယ်တိုင်ပဲ ပြောခဲ့တာပဲ... ငါတို့ကိုယ့်ကိုယ်ကိုယ် ထုတ်ပြသဖို့ မလိုဘူးလား...."
ဒီတစ်ကြိမ် သူတို့ဒီကိုလာရတဲ့ ရည်ရွယ်ချက်က လူတိုင်းကို လင်းယွင်ဂိုဏ်းရဲ့အင်အားအကြောင်း သိစေဖို့ဖြစ်သည်။ လင်းယွင်ဂိုဏ်းက ဟန်ဆောင်ကောင်းရုံသက်သက်ပဲလို့ အထင်ခံလိုက်ရရင် ကောင်းမှာမဟုတ်ပေ။ ဖေးနောင်ဂိုဏ်းမှ တပည့်သည်လည်း ဘယ်သူကများ ဒီလိုလုပ်ရဲသလဲဆိုတာ သိချင်စိတ်ဖြင့် လှည့်ကြည့်လိုက်သည်။
"လင်းယွင်ဂိုဏ်း... အဲဒါဘာကြီးလဲ...။ တခြားသူတွေရဲ့အကူအညီနဲ့ အဆင့်သုံးမိသားစုတစ်ခုကို မနိုင်တနိုင် အနိုင်ယူခဲ့ရတဲ့ဂိုဏ်းတစ်ခုက ဘယ်လိုလုပ် လေလံပွဲမှာပါဝင်နိုင်မှာလဲ..."
ထိုတပည့်သည် သူ့မျက်လုံးများကို မှေးစင်းလိုက်သည်။
'ကောင်းပြီ... တစ်ဖက်လူက သူ့ကိုကစားချင်မှတော့ သူကလည်း ပြန်ကစားပေးရတာပေါ့... လင်းယွင်ဂိုဏ်းက ဘယ်လောက်သဘောထားကြီးနိုင်မလဲဆိုတာ သူကြည့်ချင်သေးတယ်...'
"ရှစ်သောင်းခွဲ... မင်း ငါ့ဂိုဏ်းကိုအထင်သေးနေတာလား။ မင်းက တမင်တကာဈေးတင်ချင်တာလား...၊ ဒါမှမဟုတ် တကယ်ပဲငါ့လက်ထဲကနေ လုယူချင်တာလား ငါသိချင်သား...."
ထိုလူသည် ပြန်လှည့်လိုက်ပြီး လင်းယွင်ဂိုဏ်းသားများကို ပြန်ပင်မကြည့်တော့ပေ။
"တစ်သိန်း..."
သူ့လေသံတွင် ရန်လိုမှုများနဲ့ ပြည့်နှက်နေသည်။ ကျန်းယီမင်သည် လက်ချောင်းတစ်ချောင်းထောင်ပြလိုက်ပြီး ဂူလင်းဖေးအနေဖြင့် လေလံစျေးတိုးချင်ပါက ၁၀,၀၀၀ယူနစ်ဖြင့် တိုးသင့်ကြောင်းညွှန်ပြလိုက်သည်။
'ဘာပဲဖြစ်ဖြစ် အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံးတွေပဲဟာ... ဘာစိတ်ပူစရာရှိလို့လဲ...။ သူတို့ စိတ်ကြိုက် ဈေးတင်လို့ရတာပဲ...'
"တစ်သိန်းတစ်သောင်း..."
ဖေးနောင်ဂိုဏ်းမှတပည့်သည် လင်းယွင်ဂိုဏ်းနှင့် လုံးဝသဘောထားကွဲလွဲနေပြီး တုံ့ဆိုင်းခြင်းမရှိဘဲ ဈေးနှုန်းကို ထပ်မြှင့်လိုက်သည်။
"လေလံစျေး ဆက်ခေါ်လိုက်...။ သူလိုတပည့်တစ်ယောက်က ဂိုဏ်းကြီးတစ်ခုရဲ့အစွမ်းထက်တဲ့ တပည့်တွေထဲက တစ်ယောက်လောက်ပဲဖြစ်မှာ။ သူ့နောက်ကွယ်ကဂိုဏ်းက သူ့ကိုဒီလိုလျှောက်ကစားခွင့် ပေးမှာမဟုတ်ဘူး...၊ ဒါကြောင့် မင်းဘာကြောက်နေတာလဲ။ ငါ ဒီမှာရှိတယ်... လေလံစျေးတင်ခိုင်းရင် တင်လိုက်..."
ဂူလင်းဖေးက အနည်းငယ်တုံ့ဆိုင်းနေတာကို မြင်သောအခါ ကျန်းယီမင် ကိုယ်တိုင်လေလံစျေး ခေါ်လိုက်သည်။
"တစ်သိန်းသုံးသောင်း..."
ထိုအရာကိုကြားတော့ လူတိုင်းက လေအေးတစ်ချက် ရှူသွင်းလိုက်မိကြသည်။ လက်ရှိ ယူနစ်မှာ ၁၀,၀၀၀ မဟုတ်တော့ပေ။ ၂၀,၀၀၀ အထိတက်သွားပြီ ဖြစ်သည်။
"တစ်သိန်းငါးသောင်း..."
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ အစီအစဉ်မှူးပင်လျှင် အနည်းငယ် ကြောင်အမ်းအမ်းဖြစ်သွားသည်။ ဒီနေရာရှိအင်အားကြီးဂိုဏ်းအသီးသီးသည် အနည်းနှင့်အများ ကျော်ကြားကြသည်ဖြစ်ရာ ဂိုဏ်းတစ်ခုခုက အခုလိုလက်တွေ့မကျသောပစ္စည်းတစ်ခုကို လိုချင်ပါက သူတို့လုယူကြမည် မဟုတ်ပေ။ ဒါပေမဲ့ အခုလင်းယွင်ဂိုဏ်းက အဆုံးထိတိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်တာလား...။
"တစ်သိန်းရှစ်သောင်း...."
ရိုးရိုးသားသားပြောရလျှင် ကျန်းယီမင်က ငွေကိုဂရုမစိုက်ခြင်း မဟုတ်ပါ။ သူ့အရင်ဘဝမှတ်ညာဏ်များအရ နောက်ပိုင်းအဆင့်များတွင် ငွေသည်လုံးဝ အသုံးမဝင်တော့ကြောင်း မှတ်မိသောကြောင့်သာ ဖြစ်သည်။ ထို့အပြင် စနစ်တစ်ခုလုံးရှိနေမှတော့ တခြားအရာတွေ ထားလိုက်ဦး၊ ရတနာရှာဖွေရေးပန်းကန်ပြားနဲ့တင် ရှေးဟောင်းပစ္စည်းတချို့ကို အလွယ်တကူရှာဖွေနိုင်ပြီး ငွေအမြောက်အမြား ရှာနိုင်သေးသည်။
'စကားမစပ်၊ ငါ အဲဒီပစ္စည်းကို အခုထိ တစ်ခါမှမသုံးဖူးသေးဘူးပဲ...'
ဖေးနောင်ဂိုဏ်းမှတပည့်သည် တစ်ဖက်လူက ဤမျှ မောက်မာလိမ့်မည်ဟု မျှော်လင့်မထားခဲ့သည်မှာ ထင်ရှားသည်။ သူသည် လက်တွေ့မဆန်တဲ့ ဈေးနှုန်းဖြစ်သည့် ၁၈၀,၀၀၀အထိ ဈေးမြှင့်ထားပြီးဖြစ်သည်။ ပုံမှန်လူတစ်ယောက်ဆိုလျှင် ဒီလိုပစ္စည်းတစ်ခုကိုဝယ်ယူရန် ထိုမျှလောက်ဈေးပေးဝယ်မည် မဟုတ်ပေ။
"ကောင်းပြီ... နှစ်သိန်းတစ်သောင်း..."
"မင်း... မင်း ငါ့ကို ္စမ်းသပ်နေတာလား...."
ဖေးနောင်ဂိုဏ်းမှတပည့်သည် ယခုအခါတစ်ဖက်လူကြောင့် လုံးဝဒေါသထွက်လုနီးပါးဖြစ်နေပြီး မတ်တပ်ရပ်ကာအော်ဟစ်လိုက်သည်။
"ဒါလေလံပွဲလေ...၊ ကိုယ့်ရဲ့စွမ်းရည်အလိုက် လေလံဆွဲရတာပေါ့... ။ တိုက်ဆိုင်စွာနဲ့ ငါလည်းဒီပစ္စည်းကို တော်တော်လေးစိတ်ဝင်စားနေတယ်...။ မင်း တကယ်လိုချင်ရင် ပိုမြင့်တဲ့ဈေးပေးနိုင်တယ်မလား..."
ကျန်းယီမင်သည် မျက်ခုံးပင့်ရင်း အေးဆေးစွာပင် ပြောလိုက်သည်။ သူ့မျက်နှာအမူအရာကို မြင်သောအခါ ရောက်နေသူအားလုံး သိချင်စိတ်ကို မထိန်းထားနိုင်ကြတော့ပေ။ ကျန်းယီမင်လို့ခေါ်သော ဒီလူနှင့် လင်းယွင်ဂိုဏ်းလို့ခေါ်သော ဒီဂိုဏ်းသည် ထိုဈေးနှုန်းကို အမှန်တကယ်တတ်နိုင်လို့များလား...။
သို့သော် အများစုကမူ လင်းယွင်ဂိုဏ်းသည် ပြဿနာရှာရန်နှင့် ဈေးတင်ရန်သာ ရောက်လာခြင်းဖြစ်သည်ဟု ထင်မြင်နေကြဆဲဖြစ်သည်။ အကယ်၍ ဖေးနောင်ဂိုဏ်းမှတပည့်သာ အမှန်တကယ်လက်လျှော့လိုက်ပါက လင်းယွင်ဂိုဏ်းအနေဖြင့် ကိစ္စရပ်များကိုမည်သို့ ဖြေရှင်းမလဲက်ု သူတို့သိချင်နေကြသည်။
"နှစ်သိန်းခွဲ..."
"သုံးသိန်း..."
'ရူးသွပ်မှု၊ ဒါက ရူးသွပ်မှုသက်သက်ပဲ...'
ပရိသတ်များစိတ်ထဲတွင် ထိုစကားလုံးများသာ ရှိနေသည်။
'သူတို့ တကယ် ရူးနေကြတာလား..'
"လေးသိန်း..."
"ငါးသိန်း..."
လေလံအကြိမ်ရေအနည်းငယ်အတွင်း ဈေးနှုန်းသည် ၅၀၀,၀၀၀အထိ မြင့်တက်သွားခဲ့သည်။ ကျန်းယီမင်တွင် ထိုမျှလောက်များသော အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံးများ မကျန်တော့သော်လည်း မတူညီသော အဆင့်ရှိစိတ်ဝိညာဉ်ကျောက်တုံးများရဲ့ လဲလှယ်နှုန်းမှာ ၁:၁၀၀ ဖြစ်ကြောင်း သတိရလိုက်သည်။ သူ့အနေဖြင့် အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးများကို အသုံးပြုရန်ပင်မလိုအပ်ပေ။ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးများကိုသာ လဲလှယ်အသုံးပြုမည်ဆိုလျှင်ပင် အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာနီးပါးရရှိမည်။
"ဆရာ... ဆရာ..."
လင်းယွင်ဂိုဏ်းမှတပည့်များသည် ကျန်းယီမင်ဘာတွေးနေသည်ကို နားမလည်နိုင်ကြပေ။ သူတို့ အကျပ်အတည်းကြုံနေရစဉ်က ဟောက်ယွင်ဂိုဏ်းကို နှစ်စဉ်ဆက်သရတဲ့ စိတ်ဝိညာဉ်ကျောက်တုံး အရေအတွက်မှာ အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး ၁,၀၀၀သာ ရှိခဲ့သည် မဟုတ်ပါလော...။ ၁,၀၀၀ တည်းပါ...။ အခု လေလံဆွဲနေတဲ့စျေးနှုန်းက ဘယ်လောက်တောင် ရှိနေပြီလဲ...။